Translate

Showing posts with label သူရိယ ဒေဝ. Show all posts
Showing posts with label သူရိယ ဒေဝ. Show all posts

သူရိယ ဒေဝ (ဇာတ်သိမ်း)

"သူရိယ ဒေဝ"
လက်ျာဘီလူး မည်ကဲ့သို့ ကြံမည်နည်းဟု သိလို၍ သူက မစဘဲ ကြို၍သာ နေလိုက်သည်။ လက်ျာဘီလူးက မြင်းချင်းဖြတ်စဉ် မိုးခုတ်သည်။ သူက အလွယ်တကူ ကာပေးလိုက်၏ ။ ပြန်လှည့်လာပြီး တစ်ချက်ပိုင်း၍ တစ်ချက် တွက်လိုက်ပြန်သည်။ သူရိန် ပယ်ထုတ်ရင်း စဉ်းစားရပြီ။ တပ်မှူး အဘယ့်ကြောင့် ရိုးရှင်းစွာ တိုက်ခိုက်နေသနည်း။ အဘယ့်ကြောင့် ပရိယာယ်မပြု နည်းဥပါယ် မသုံးသနည်း။ သူ့အား ငဲ့ညှာနေခြင်းလော။
နောက်တစ်ကြိမ် ဝင်လာသည်ကိုလည်း သတိထား၍ ပက်ထုတ်ပစ်လိုက်၏ ။ ဤအတိုင်းဆိုလျင် တပ်မှူး သူ့ကို ထိရှရန်ပင် တတ်နိုင်မည်မဟုတ်။ အားပြင်းပြင်းနှင့် နောက်ကြိမ် စလွယ်ခုတ်သည်ကိုလည်း ငုံ့ရှောင်ပေးလိုက်သည်။ တပ်မှူး သူ့ကို အလျှော့ပေးနေသည်မှာ သေချာ...၊
သူ့အတွေးမဆုံးခင် မှားသွားကြောင်း သိရတော့သည်။ ရန်သူကို ဘယ်တော့မှ အထင်မသေးနှင့် ဟူသော တပ်မှူး၏ ဆုံးမစကားကို အထိတ်တလန့် သတိရ နောင်တ ဖြစ်မိချိန်၌ မြင်းချင်း အလွန်တွင် တပ်မှူးက တိမ်ပျံကို လည်ပင်းပုတ်လျက် 'သားကြီး.. ကန်' ဟု ဆိုလိုက်သောကြောင့် ဖြစ်သည်။ တိမ်ပျံ၏ နောက်ခြေအစုံ လှစ်ခနဲ ထွက်လာပြီး သူရိန်၏ မတ်ခါစ ကျောမှာ ပူထူသွား၏ ။ သူရိန် မြင်းပေါ်မှ လွင့်စင်ထွက်သွားသည်။ နောက်တစ်ချက်အကန်၌ သူ့မြင်း သတ္တရုရန်အောင်လည်း ဘုန်းဘုန်းလဲလေသည်။
လက်စသတ်တော့ တပ်မှူးက အကယ်ပင် မြင်းနှင့် တိုက်သွားတာပါလား။ ပြန်မထနိုင်သော သူရိန်ကို တပ်မှူးက စိုက်ကြည့်ပြီး စောင့်နေသေးသည်။ နောက်မှ ဓားသိမ်းလျက် ထွက်သွားသည်။ ငကံ နောက်က လိုက်သွား၏ ။ သူ့တပ်သားတစ်ဦး မပါသည်ကို ထောက်သော် သမိန်အဲနရဲ ရှင်းပစ်ခဲ့ပြီ ထင်သည်။
လက်ျာဘီလူးနှင့် ငကံသည် ရွာမပြန်တော့ဘဲ တိမ်ကြားမင်းခေါင် တပ်ချရပ်နေမည့် အရပ်ကိုသာ စုံစမ်း သွားကြသည်။ သူတို့နောက် မည်သူမှ လိုက်မလာရဲကြ။ သူရိန် တစ်ယောက်တော့ လိုက်ရဲပေလိမ့်မည်။ သူ့အားလည်း အပြစ်မဆိုသာ။ အမိန့်တော်အတိုင်း လုပ်ရသည် ဖြစ်မည်။ သူရိန် မိမိအား မည်မျှ သံယောဇဉ်ရှိကြောင်း လက်ျာဘီလူး သိနေသဖြင့် မသတ်ရက်။ သူ လုပ်ကြံနိုင်မူကား ရှိစေတော့။ မိမိအား မလိုသူ ပေါများလှကြောင်း သိပြီးဖြစ်သဖြင့် တစ်ချိန်ချိန်၌ ဤသို့ အသက်ဘေး ကြုံရမည်ကို မြော်တွေးထားပြီး ဖြစ်သည်။
သို့သော် သူတို့ ထင်မှတ်ထားသလို သူရိယဒေဝနှင့် သူ့တပ်သည် ခရီးစဉ်တစ်ခုလုံး၌ ပေါ်မလာခဲ့။ ရုတ်တရက် ပေါ်လာသည်က မော်တုံမော်ကယ်စားတပ်များနှင့် ပူးပေါင်း၍ ယူနန်မှ ချီလာသော တရုတ်ဘုရင်ခံတပ်ကြီး တစ်တပ် ဖြစ်နေသည်။ သူတို့နှစ်ဦး ချောင်းဘေး၌ ရေသောက်နေကြစဉ် ရေခပ်ရန်လာသည့် တရုတ် ၃ ဦးနှင့် တွေ့သဖြင့် မြန်မာစစ်သည်များဖြစ်ကြောင်း ရိပ်မိသွားရာ တရုတ်တို့က စူးစူးဝါးဝါး အော်ဟစ်ကြသည်။
သူတို့ကလည်း အမြန် ရှောင်သွားမည် ပြုသည်။ တရုတ် စစ်သားများ တဖွဲဖွဲ ရောက်ရှိလာပြီး ဝိုင်းလာ၍ မလွှဲမရှောင်သာ တိုက်ခိုက်ရတော့သည်။ နှစ်ဦးတည်း ဖြစ်၍ ငကံကို သူ စိတ်မချ။ သူကတော့ မြင်းနှင့်ဖြစ်ရာ တရုတ်တို့ကို မွှေနှောက် ထိုးခုတ်နေနိုင်သည်။ တရုတ်တို့ကလည်း ရုတ်ရုတ်သဲသဲ ပြေးလွှား ဝိုင်းရံရင်း လက်ရဖမ်းရန် အားထုတ်နေကြ၏ ။
သူတို့ ရွေ့လျားရင်း တရုတ်တို့ ထွက်ပေါ်လာကြသည့်ဘက်မှ ဝေးရာသို့ ဦးတည်လာခဲ့သည်။ သည်တစ်ကြိမ် လက်ျာဘီလူး တွက်ကိန်းမှားသွားခဲ့ပြီ။ တောတွင်းမှ ထွက်လာသူများမှာ တပ်တည်လုပ်ရန် သစ်ရှာ ဝါးရှာကြသူများ ဖြစ်နေပြီး သူတို့ ဦးတည်လာရာ အရပ်၌ အလွန်ကြီးမားသော သစ်တပ်ကြီးတစ်တပ်ကို ဘွားခနဲ တွေ့လိုက်ရတော့သည်။
လုပ်ရေးကြံရေးကား ခက်ချေပြီ။ ကိုယ်လွတ်ရုန်းပြေးက ရသော်လည်း ငကံ ကျန်ရစ်မည်။ ထို့ကြောင့် သူက ပူးတုံခွာတုံပြုလျက် ငကံကို ဝိုင်းရံနေသူများအား ရှင်းလင်းပေး၏ ။ သို့သော် တရုတ်တို့ ပို၍ ထူထပ်စွာ ရောက်ရှိ ပိတ်ဆို့လာသည်။ ကြာလျင် အရေးခက်တော့မည်။
တိမ်ပျံကလည်း စစ်မြင်းပီသစွာ ကိုက်ပါသည်။ ပေါက်ပါသည်။ ကန်ကျောက်နေပါသည်။ သို့ရာတွင် သူ့၌လည်း ဓားချက်များ မနည်းတော့။ လက်ျာဘီလူးလည်း လူအများအလယ်၌ ချာချာလည်နေပြီ။ ထိုးခုတ်၍ မနိုင်။ ငကံကား အရေးနိမ့်တော့မယောင် သွေးရူးသွေးတမ်း လှံကို လွှဲယမ်းနေသည်။ ထိုစဉ် မထင်မှတ်သော အရပ်မှ မြင်းတပ်တစ်တပ် အလုံးအရင်းနှင့် တိုက်ပွဲထဲ ပြေးဝင်လာ၏ ။ ဗိုလ်မင်းကား သူရိယဒေဝ၊ ငသူရိန်။
မြင်းများကို မြင်၍ တရုတ်တို့ အမ်းလျက်ရှိစဉ် လက်ျာဘီလူးတို့ ဖောက်ထွက်သွားသည်။ လွတ်ရာရောက်မှ အမောဖြေရင်း ကပ်လာသူတို့ကို ပြန်တိုက်ရ၏ ။ ငသူရိန်တို့ကား ထပ်မံဖြည့်တင်းလာသည့် မြင်းသည်အများဖြင့် တရုတ်တပ်ကြီး ပြင်ပဝယ် လူးလားခေါက်တုံ့ သွားလာ ထိုးခုတ်နေကြသည်။ အမောပြေသော် ငကံကို စောင့်နေစေ၍ လက်ျာဘီလူးက တိုက်ပွဲထဲ ဝင်သွားပြန်သည်။ ငကံကတော့ အဝေးမှသာ နေရင်း အဝိုင်းမခံတော့ဘဲ ရှောင်ရှားနေလေ၏ ။
သူရိန် မြင်းပေါ်မှ ဆင်းသွားသည်ကို မြင်၏ ။ ဓားနှစ်လက်ကို ဆွဲ၍ လွှဲကာ လွှဲကာ ခုတ်နေသည်မှာ သူ အယုဒ္ဓယ၌ တိုက်ခဲ့သည့်အတိုင်း ဖြစ်သည်။ အကာနှင့် အခုတ် တစ်ပြိုင်တည်း၊ အပယ်နှင့် အပင့် တစ်ချက်တည်း၊ အရှောင်နှင့် အတိုက် တစ်ဆက်တည်း ဖြစ်နေသည်။ အကြိမ်တစ်ထောင် ကျင့်ထားသော ဇာတ်ကို ကနေသည်နှင့်ပင် တူသေးသည်။ သူ့ကိုယ်သူ ပြန်မြင်နေရသလို ဖြစ်နေသည်။ လက်ျာဘီလူးလည်း မြင်းပေါ်မှ ဆင်းလျက် တိုက်ခိုက်လာရာ ပုံစံတူ လူနှစ်ဦး၏ တိုက်ခိုက်ပုံများကို မြင်သမျှ တရုတ်မြန်မာတို့ အံ့သြမင်သက်ကြကုန်၏ ။
သူတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြစဉ်တွင် တရုတ် သေနတ်တပ် တစ်တပ် ရောက်လာပြီး တန်းစီ နေရာယူ ထိုင်ချလိုက်သည်ကို မြင်သည်နှင့် လက်ျာဘီလူးက တိမ်ပျံကို ခေါ်၍ လျင်မြန်စွာ တက်သွားပြီး ကဆုန်ဆိုင်းလိုက်သဖြင့် ဝိုင်းဝန်း ပစ်ခတ်လိုက်သော ကျည်ဆံများမှ သီသီကလေး လွတ်သွားသည်။ ဗိုလ်ပုံအလယ် ဝံ့ကြွားစွာနှင့် ရန်သူကို မဲတိုက်နေသည့် သူရိယ ဒေဝကတော့ ကျည်စေ့အများ သင့်လျက် ပုံကျသွား၏ ။
သူရိန်က ချက်ချင်း လူးလဲထပြီး သူရှိရာ မော်ကြည့်သည်။ ဝေဒနာကို သိဟန်မတူ။ မတ်မတ် ရပ်လိုက်သည်။ ဓားနှစ်လက်ကို မြှောက်၍ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး..
"ဟေး... ငါ့နာမည် သူရိယ ဒေဝ။ နေနတ်မျိုးနွယ်ကွ။
မြန်မာပြည်သားကွ"
မိုးခြိမ်းသံနှင့်တူစွာ ကြုံးဝါး သံယံ၍ သေနတ်သားများရှိရာ ပြေးသွားတော့သည်။ ဓားတစ်ချက် ပြက်လိုက်တိုင်း သုံးလေးယောက် လဲကျကုန်၏ ။ ဓားနှစ်လက်ကို သိမ်းပင့်လိုက်လျင် တထွေးကြီး မြောက်တက်သွားကြသည်။ အသက်ကျန်၍ တိုက်နေသည် မဟုတ်၊ စိတ်ဓာတ်ခွန်အားဖြင့် လှုပ်ရှားနေသည့် သူရဲကောင်းတစ်ဦးအား လက်ျာဘီလူး ငေးကြည့်နေမိသည်။
သူ့တပ်ကလည်း ဗိုလ်မင်း ထိသွားသည်နှင့် စိတ်ဓာတ်ပျက်ပြား၍ ပြေးရမည့်အစား သူ့အားကြည့်ကာ ပိုမိုတက်ကြွလာသည် ထင်၏ ။ သူတို့ ဗိုလ်မင်းနှင့်တကွ တရုတ်တပ်ကြီးအတွင်းသို့ ညာသံပေးလျက် အားလုံး ကြွေးကြော်ဝင်သွားကြတော့သည်။
လက်ျာဘီလူးနှင့် ငကံက ပြင်တပ်များကိုသာ တိုက်ခိုက်ပြီး တရုတ်တို့ မထွက်ဝံ့သည်၌ တိမ်ကြားမင်းခေါင်တပ်သို့ ဆက်လက်ထွက်ခွာသွားကြသည်။ သူရိန်တို့ မည်သို့မျှ ရှင်ကျန်နိုင်မည် မဟုတ်မှန်း သူတို့ နားလည်နေကြ၏ ။ ယခုအချိန် သူတို့ပါ မိုက်ရူးရဲ လိုက်ဝင်မိပါက အချည်းနှီးသာ ဖြစ်မည်။ တရုတ်တပ်ကြီးသည် အင်အားများလွန်း၏ ။ ပြောင်းသေနတ် လူသူ စေ့စေ့ညပ်ညပ်ရှိသည်။ သူရိန်နှင့် သူ့လူများကား သေမည်မုချ သိလျက်နှင့် ရဲစွမ်းပြသွားကြပြီ။
ဗိုလ်မင်း သူရိယဒေဝ၏ အားထုတ်မှုမှာ အချည်းနှီး မဖြစ်ပါ။ တရုတ်တို့သည် မြန်မာတို့၏ လက်စွမ်းနှင့် ထက်သန်ပြင်းပြသည့် စိတ်ထားအား သိရှိသွားကြပြီ။ မြန်မာတစ်ယောက်ကို လူဆယ်ယောက် မနိုင်ဟု သဘောပေါက်သွားကြသည်။ သူရိန်၏ ကျဆုံးမှုမှ ရရှိလာသော ထိုအထောက်အပံ့ကို အားပြု၍ နောင်အခါ တရုတ်စစ်ကို ကောင်းစွာ ရင်ဆိုင်နိုင်မည်ဖြစ်ကြောင်း လက်ျာဘီလူး ဝမ်းနည်းဂုဏ်ယူလျက် မှတ်သားထားလိုက်လေတော့သည်။

*ပြီးပါပြီ*

Written by သင်္ခရာဇာ

End date: October 11, 2021

သူရိယ ဒေဝ (၁၃)

             သူရှိနေရာ သိသွားကြသော ရန်သူများသည် ရောက်ရာနေရာမှ သူ့ထံသို့ ဦးတည် လာနေကြသည်ကို သူတို့သုံးဦး နားစွင့်နေကြသည်။ လက်ျာဘီလူးက တောတိုးသံများကို ခန့်မှန်းပြီးနောက်
"ငကံ.. အခု ငါပြတဲ့အတိုင်း တည့်တည့်ပြေး၊ အဲဒီလမ်းကြောင်းမှာ လူမရှိဘူး။ ချောင်းဆီရောက်အောင်ပြေးပြီး ချောင်းကို ကူးပြီးမှ မင်းကို ငါ ညက လုပ်ခိုင်းခဲ့တဲ့ ထောင်ချောက်တွေဘက်ကို မျှားခေါ်သွား။ မင်းဘက်ကို လူခွဲလိုက်လာလိမ့်မယ်။ တောအကြောင်း မသိတဲ့ ရဲမက်တွေပဲ များလိမ့်မယ်။ ထောင်ချောက်တွေ အသုံးချပြီး အနိုင်တိုက်လာခဲ့"
သူညွှန်ပြရာဘက်သို့ ငကံ ထပြေးသွားသည်။ တစ်ဖက်တစ်ချက်မှ တောတိုးသံအချို့ ငကံနောက် ပါသွားကြလျင် လက်ျာဘီလူးက ရပ်နေရာမှ ကိုယ်ကို ချုံ့ပြီး မုဆိုးဒူးထောက် ဝပ်ထိုင်နေလိုက်သည်။ ကချင်များနှင့် အဲနရဲတပ်က သူ့ကို မြင်နေသော်လည်း ရမ်းမပစ်ရဲ။ တစ်လှမ်းချင်း တိုးကပ်လာနေကြသည်ကို သစ်ပင်ပေါ်မှ အဘမျှင် တွေ့နေရ၏ ။
အဘမျှင်က ပစ်မှတ် ရွေးချယ်လိုက်ပြီး တစ်ယောက်ချင်း လာသည့် ကချင်များကို အပေါ်စီးမှ ပစ်ချသည်။ ညည်းတွားသံ၊ လဲပြိုသံများ ကြားသော် အနည်းငယ် တန့်သွားကြပြီး အချို့ ဝပ်နေကြ၏ ။ အချို့ ရှာကြ၏ ။ အဘမျှင်က ပစ်ပြီးသည်နှင့် ပြန်ပုန်းနေသဖြင့် ရုတ်တရက် ရန်သူတို့ မရိပ်မိသေး။ ဤသို့ဖြင့် ၃ ၄ ဦးခန့်အား အမှည့်ခြွေ ခြွေလိုက်နိုင်သည်။
ထို့နောက် ပစ်ကွင်းရှင်းသော ရဲမက်တစ်စုမှ နောက်ဆုံးသူကို ချိန်၍ ပစ်လိုက်စဉ် ပါးနပ်သော သမိန်အဲနရဲ ရိပ်မိသွားသည်။ သစ်ပင်ပေါ်မှ ပစ်နေခြင်း ဖြစ်ကြောင်း သဘောပေါက်ပြီး သတိထားကာ ရှာဖွေနေခိုက် တပ်သားတစ်ဦး ထပ်မံလဲကျသွားသည်နှင့် မြားလာရာ လမ်းကြောင်းအား တွက်ဆပြီး နေရာရွှေ့လျက် ကြည့်ရာ သစ်ပင်ကြီးပေါ် ပုန်းနေသော ဦးမျှင်ကို တွေ့သွား၏ ။
သမိန်အဲနရဲက ကချင်တစ်ဦးကို စုတ်သပ်ခေါ်၍ သစ်ပင်ပေါ် လက်ညှိုးထိုးပြသည်။ ကချင်မုဆိုးက ခေတ္တမျှ ရှာပြီးနောက် ဦးမျှင်ကို မြင်သွားသည်။ ဒူးလေးနှင့် ချိန်၍ လွှတ်လိုက်သည်။ အဘမျှင်ရှေ့မှ ပင်စည်ကို ထိုးဖောက်ပြီး သစ်ခေါက်များ ဖွာထွက်သွားသည်နှင့် အဘမျှင်ကလည်း ဆက်နေရန် မဖြစ်တော့ကြောင်း သိကာ အမြန်ဆင်းလာ၏ ။
သို့သော် နောက်တစ်ဦးကပါ ဝိုင်းပစ်သည်နှင့် အဘမျှင်ပေါင်ကို မြားတံစူးပြီး ပြုတ်ကျလာသည်။ သိပ်မမြင့်တော့၍သာ တော်တော့၏ ။ ကချင်နှစ်ဦးနှင့် သမိန်အဲနရဲ နောက်ကလိုက်သော် အဘမျှင် ထော့နင်း ထော့နင်းနှင်း ပြေးလေပြီ။ အဘမျှင် ဘုန်းခနဲ ပြုတ်ကျသံ ကြားသည်နှင့် ဝပ်နေသော လက်ျာဘီလူးက ရှေ့တည့်တည့်မှ ရန်သူများထံ ပြေးသွားပြီး ဝင်တိုက်သည်။ သူ့ဆီသို့လည်း ကချင်များ၊ ရဲမက်များ ဝိုင်းလာကြ၏ ။
ု ငကံသည် ပြေးနေရင်း သူ့နောက်မှ လိုက်လာသည့် ခြေသံများကို ရေတွက်ကြည့်သည်။ ၅ ယောက်ကျော် ရှိမည်။ သူသည် ချောင်းကို ဖြတ်ကူးပြီးသောအခါ အတော်လှမ်းလှမ်း ပြေးပြီးမှ နောက်သို့ လှည့်ကြည့်ရာ ချောင်းကူးလာသူ လူ ၇ ဦးကို တွေ့ရ၏ ။ ကချင် နှစ်ယောက် ပါသည်။ ကိစ္စမရှိ။ ညက သူ လုပ်ခဲ့သည့် ဝါးချွန်များ၊ သုတ်ကိုင်းများ၊ ညှပ်များက ဆယ်ခုကျော် ရှိသည်။ ထိုနေရာသို့ ဦးဆောင် ခေါ်သွားလိုက်သည်။
အဘမျှင် ပြေးရင်း ပြေးရင်း ဆက်မပြေးနိုင်တော့။ ပေါင်မှ မြားဆိပ်က တက်လာပြီ ဖြစ်သည်။ ထိုစဉ် သူရောက်နေရာ ဝန်းကျင်၌ ကျားသံညှပ်တစ်ခု ထောင်ထားခဲ့ကြောင်း သတိရလိုက်သည်။ သူက ထိုနေရာသို့ ကြိုးစား သွားနေသည်။ သံညှပ်ကို လွန်၍ ၁၀ တောင်ခန့်ရှိလျင် ဆက်မပြေးတော့ဘဲ လေးကို တင်ပြီး သစ်ပင်ကို ကွယ်လျက် မှီနေလိုက်၏ ။
နောက်မှ ချည်းကပ်လာသော လူ ၃ ဦးအနက် အလယ်မှ လူကို အဲနရဲဖြစ်မည်ဟု ယူဆကာ ကျားညှပ်နား ရောက်သည်နှင့် ထွက်ပစ်လိုက်သည်။ အလယ်လူမှာ ကချင်ဖြစ်သည်။ သူကလည်း ပြန်ပစ်လိုက်သေး၏ ။ သ်ို့သော် အဘမျှင်က လက်ဦးသဖြင့် ကချင် လဲကျသွားသည်။ ဒူးလေးမြားတံကမူ လွဲသွား၏ ။ ကျန် ၂ ယောက်က ဘေးသို့ အလျင်အမြန် ပုန်းကွယ်လိုက်ကြသည်။
အဘမျှင် မှီနေသည့် သစ်ပင်နောက်မှာ ဆင်းထားသော ခြေထောက်များကို သမိန်အဲနရဲတို့ မြင်နေရ၏ ။ အဲနရဲက ကချင်ကို တစ်ဖက်မှ ပန်းတက်ရန် လက်ပြလိုက်ပြီး သူကလည်း ကျန်တစ်ဖက်မှ တရွေ့ရွေ့ တိုးကပ်သွားသည်။ ကချင်မုဆိုးသည် အဘမျှင်ကို ကြည့်ရင်း တိုးကပ်သွားရာ သတိလွတ်ပြီး ကျားသံညှပ်ကို နင်းမိ၏ ။ အော်သံနက်ကြီး ထွက်လာပြီး ခြေထောက်ပြတ်လုဆဲဆဲ ဖြစ်နေသော ကချင်မုဆိုး လဲကျ လူးလှိမ့်နေသည်ကို အဘမျှင်က အော်ရယ်လိုက်သည်။
အဲနရဲက ခုန်ဝင်ပြီး အဘမျှင်ကို ခုတ်၏ ။ အဘမျှင်က ဓားမနှင့် ပြန်ပက်၏ ။ သို့သော် မထနိုင်တော့သော အဘမျှင်ကို သမိန်အဲနရဲက အလွယ်တကူ အနိုင်ယူလိုက်သည်။ အဘမျှင်သည် သူ့ဇာတိ ဒေသဝယ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော တောအတွင်း၌ပင် ခေါင်းကျသွားရလေပြီတကား။
လက်ျာဘီလူး ရန်သူများကို သုတ်သင်ပြီးသော် အဘမျှင်ကို လိုက်ရှာသည်။ မတွေ့။ အော်ခေါ်ကြည့်သည်။ ထူးသံမကြားရ။ အဘမျှင် တက်ခဲ့ရာ သစ်ပင်အနီး၌လည်း အခြေအနေများ ရှုပ်ထွေးနေသဖြင့် ဘယ်ဘက်ပြေးသည် မသိရ။ သွေးစက်များ တွေ့လိုတွေ့ငြား သေချာကြည့်သေးသည်။ ခြေရာနှင့် သွေးများက ရှုပ်ထွေးနေ၏ ။ ထိုစဉ် မြင်းခွာသံ ကြားရသည်။ မည်သည့် နေရာမှ အဘယ်သို့ ဦးတည်နေသည်ကို နားစွင့်နေခိုက်ဝယ် တစ်ဖက်မှလည်း ငကံ ပြန်ပြေးလာသည်ကို တွေ့ရ၏ ။
အတော်ဝေးဝေးမှ မြင်းတစ်စီး ပေါ်လာပြီး မြင်းပေါ်၌ သမိန်အဲနရဲက သူတို့ကို တစ်စုံတစ်ခု မြှောက်ပြသည်။ အဘမျှင်၏ ခေါင်း ဖြစ်မည်။ တဘက်ပုဝါ မရှိတော့သဖြင့် ဆံစများ ဖွာလန်ကြဲနေပြီး သွေးများနှင့် ကပ်နေဟန် ရှိသည်။ ဆံထုံးမှ ကိုင်လျက် ယမ်းပြပြီးနောက် မြင်းကို လှည့်၍ ပြေးသွားသည်။
အတန်ကြာသည်အထိ လက်ျာဘီလူး အေးစက် တောင့်တင်းစွာ ရပ်နေသည်။ ငကံ ပြေးလိုက်ချင်လှသော်လည်း တပ်မှူး မလိုက်၍ နေရသည်။ နောက်မှ လက်ျာဘီလူးက တည်ငြိမ်သံဖြင့်
"ငကံ.. ရွာကို သွား"
ဆက်မပြောနိုင်ဘဲ နားနေသေးသည်။
"တိမ်ပျံကို ယူပြီး ရွာတောင်ဘက်ကို လိုက်ခဲ့။ ရွာကို မီးတိုက်တဲ့သူ ရှိရင် တစ်ခါတည်း သတ်ပစ်။ ဘယ်သူဖြစ်ဖြစ် ဘယ်နှယောက်ဖြစ်ဖြစ် ကုန်အောင်သတ်ပြီးမှ တိမ်ပျံကို စီးလာ.. ကြားလား"
ငကံ မျက်ရည်များနှင့် ပြေးထွက်သွားသည်။ လက်ျာဘီလူးကတော့ သမိန်အဲနရဲ ပြေးရာဘက် လိုက်သွား၏ ။ သူရိယဒေဝသည် အဲနရဲလက်ထဲမှ အရာကို မြင်လျင် မျက်နှာပျက်ယွင်းလျက် အကြည့်လွှဲသွားသည်။ အံကိုလည်း တင်းတင်း ကြိတ်ထား၏ ။ ဓားထုတ်၍ သမိန်အဲနရဲအား ခုတ်ချင်စိတ်ကို မနည်းကြိတ်မှိတ်နေရသည်။ အဲနရဲ၏ ခနဲ့သံ ကြားရ၏ ။
"ကဲ.. ဗိုလ်မင်း၊ ကျုပ်အလှည့်တော့ ပြီးပြီ။ ဗိုလ်မင်းအစွမ်းအစကို သည်တစ်ခါတော့ တကယ် မြင်ရတော့မှာပေါ့ဗျာ"
သူ မြင်းကို ကြိုးဖြည်လျက် တက်ပြီး ကွင်းစပ်သို့ ထွက်ရပ်နေလိုက်သည်။ အတန်ကြာလျင် တောစပ်မှ လက်ျာဘီလူး ထွက်လာသည်ကို မြင်သည်။ လက်ျာဘီလူးက သူ့ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်ရာ ရင်ထဲမကောင်း ဖြစ်သွားမိသည်။ သူက ဓားရိုးကို ကိုင်မည်ပြုစဉ် လက်ျာဘီလူးက သူ့ထံတည့်တည့်လာသည် မဟုတ်ဘဲ ခပ်စောင်းစောင်း ပြေးဝင်လာသည်ကို တွေ့ရ၏ ။
သမိန်အဲနရဲ သွေးပျက်သွားသည်။ ဆံပင်ဖားလျားနှင့် ကြောက်စရာအမူအရာရှိသော ဒဏ္ဍာရီဆန်ဆန် ဘီလူးကြီး သူ့ထံ အငြိုးကြီးစွာ ပြေးလာသည်ကို မြင်၍ ငမျှင်၏ ခေါင်းကို လွှင့်ပစ်လိုက်ပြီး ဓားဆွဲထုတ်ကာ ပါးစပ်မှလည်း ကြောက်လန့်တကြား အော်ဟစ်လိုက်၏ ။
"ဗိုလ်မင်း.. လုပ်ပါဦး၊ သူရိယဒေဝ ကူပါဦး။ ဟိုမှာ ပြေးလာနေပြီ၊ တိုက်ပါတော့လား။ ဟေ့.. တပ်သားတွေ တက်ကြစမ်း.. ဗိုလ်မင်း.. ဟေ့ကောင် ငသူရိန်"
မြင်းတစ်စီးနှင့် သူ ချာချာလည်နေစဉ်ပင် လက်ျာဘီလူးက ခုန်ပျံပြီး ဝင်ခုတ်တော့သည်။ သမိန် အဲနရဲ ဆီးခုတ်သော်လည်း သူ့ဓားကို လက်ျာဘီလူးက ဘယ်လက်နှင့် ပယ်ခတ်လိုက်ပြီး လက်ယာလက်က တစ်ဆက်တည်း ပါသွားရာ အဲနရဲခေါင်း မြောက်တက်သွားတော့သည်။
တပ်သားများ မည်သူမျှ မကူဝံ့ကြ၊ တောအုပ်တွင်းမှပင် ထွက်မလာရဲကြ။ သူရိယဒေဝကလည်း လက်ျာဘီလူး တိုက်ခိုက်ပုံကို မြင်လိုက်ရပြီး ဖြစ်သည့်အတွက် မြင်းကို ခြေနှင့် ခတ်ရင်း ကွင်းပြင်အလယ် ထွက်သွားသည်။ ကွင်းလယ်ရောက်မှ မြင်းပေါ်က ဆင်း၍ ကြိုနေသည်။ လက်ျာဘီလူး သူ့ထံ လှည့်လာပြီ။
"တပ်မှူး.. ကျွန်တော့်ကို ခွင့်လွှတ်ပါ"
အရှိန်နှင့် ပြေးဝင်၍ တစ်ချက်တည်း ခုတ်လိုက်မည်ဟု ထင်မှတ်ထားသဖြင့် မည်သို့ ကြိုရမည်ကို ပြင်တွက်ထားသော်လည်း လက်ျာဘီလူးက ကွင်းစပ်မှသာ ရပ်ကြည့်နေသည်။ မရွေ့သေး၊ သူရိန်လည်း ဘာလုပ်ရမည်မသိ။ သူလာမှ တိုက်လို့ရမည်။ သူက ရပ်နေသဖြင့် သူ့ဆီ ပြန်သွားရမလို ဖြစ်နေ၏ ။ ကွင်းပြင်၌ မဟုတ်လျင် ပရိယာယ်များသော တပ်မှူးက တစ်ပန်းသာပေလိမ့်မည်။

သို့သော် တပ်မှူးက ပရိယာယ်ပြုရန် စောင့်နေခြင်း မဟုတ်။ ငကံကို စောင့်နေခြင်းသာ ဖြစ်ကြောင်း တိမ်ပျံ ဒုန်းစိုင်းလာသည်ကို မြင်မှ သဘောပေါက်သွားသည်။ ငကံက ပြေးဆင်းလျင် ဆင်းချင်း လက်ျာဘီလူးက တစ်ဖက်မှ မြင်းပေါ်ရောက်သွားပြီး သူ့ဆီ ဒုန်းစီးလာသည်။ ထို့ကြောင့် သူရိန်လည်း မြင်းပေါ် ပြန်တက်လိုက်ရပြီး အတည့်စောင့်နေလိုက်သည်။ လက်ရည်ချင်းတွင် မယှဉ်နိုင်သော တပ်မှူးက သူ့ကို မြင်းချင်း တိုက်လိုသည် ဖြစ်မည်။

(ဆက်ရန်...)  သူရိယ ဒေဝ (ဇာတ်သိမ်း)

Written by သင်္ခရာဇာ

End date: October 11, 2021

သူရိယ ဒေဝ (၁၂)

နောက် နှစ်ရက်ကြာသော် ကချင်တပ်တစ်တပ် အနီးအနားရှိ ရွာသို့ ရောက်လာကြကြောင်း သတင်းကြားကြရသည်။ ငသူရိန်ကတော့ ဝန်ကြီး ဇေယျကျော်သူ၏ အကြံဉာဏ် ဖြစ်လိမ့်မည်ဟု ထင်လိုက်သည်။ သမိန် အဲနရဲလည်း မလုံမလဲ ဖြစ်နေ၏ ။ သည်ရွာဘက် ဆက်တက်လာမည့် အလားအလာ များနေပြီ။
လက်ျာဘီလူးက ဘကြီးမျှင်နှင့် တောလည် လိုက်သွားသည်။ ငကံလည်း ပါသွား၏ ။ သူ၏ တပ်သားတစ်ဦးသာ ချက်ပြုတ်လုပ်ကိုင်ရန် ကျန်ခဲ့သည်။ ကချင်တပ်များမှာ တောကျွမ်း၏ ။ အတိုက်အခိုက် ကျင်လည်ကြ၏ ။ တောမုဆိုးများလည်း ဖြစ်တတ်သည်။ မုဆိုးချင်း တွေ့ကြတော့မှာလားဟု ငသူရိန် ရင်ထိတ်ရပြီ။
ညနေစောင်း ဦးမျှင်တို့ ပြန်လာတော့မှ သူ စိတ်အေးသွားသည်။ သမိန်အဲနရဲကိုမူ မတွေ့။ ထန်းတော ရောက်နေသည်လည်း ဖြစ်နိုင်သည်။ ဦးမျှင်က သူ့ကို ဝံသား စားဖူးသလား မေးသည်။ ဝံတစ်ကောင် ရောက်နေသဖြင့် လမ်းကြောင်းကြည့်ကာ ထောင်ခဲ့ကြကြောင်းလည်း ပြောနေ၏ ။ လက်ျာဘီလူးကတော့ ဝံထက် ကချင်တပ်ကို ပို၍ စိတ်ဝင်စားပုံ ရလေသည်။
ထိုညက ငကံကို မတွေ့၊ ဘယ်ရောက်နေသည် မသိ။ တပ်မှူးနှင့် ဦးမျှင်ကိုသာ တောအကြောင်း တောင်အကြောင်း၊ သားကောင်အကြောင်း၊ ထောင်ချောက်များအကြောင်း စကားတပြောပြော ရှိသည်ကို တွေ့ရသည်။ သမိန်အဲနရဲကိုလည်း မတွေ့မိ။ သူ့တပ်သာ ရွာထဲ၌ စခန်းချနေကြသည်။ သူက နောက်တစ်နေ့တွင် ခရီးဆက်တော့မည်ဖြစ်ကြောင်း ပြောတော့ တပ်မှူးတို့က တစ်ရက်လောက် နေပါဦးဟု တားနေသည်။
မိုးသောက်သည်နှင့် ဗိုလ်မင်းသူရိယဒေဝက တပ်များကို ပြင်ရန် အမိန့်ပေးလိုက်သည်။ လက်ျာဘီလူး နိုးလာပြီး မသွားပါနှင့်ဦး ဟု ဆိုသဖြင့် မည်သို့ ပြန်ပြောရမည်မသိ ဖြစ်နေမိသည်။ ထိုစဉ် ငကံရောက်လာသည်။ သူ့ပုံစံက တစ်မျိုးတစ်မည် ဖြစ်နေ၏ ။ ငသူရိန်ရှေ့ ပြောချင်ပုံမရ။ တပ်မှူးက သူ့ကို နေဦး ဟုသာ ဆိုလျက် ငကံနှင့် ထွက်သွားကြသည်။ အကြောင်းရှိသည် ဖြစ်မည်ဟု စောင့်ရန် ဆုံးဖြတ်လိုက်ရသည်။
ကချင်တပ်များအကြောင်း စုံစမ်းခိုင်းလိုက်သည့် မြင်းလျင်လည်း ပြန်လာ၏ ။ ကချင်များမှာ လူခွဲလျက် ထွက်သွားကြပြီဖြစ်ကြောင်း၊ မည်သည့်အရပ်သို့ သွားကြမည်ကို မသိရှိရကြောင်း၊ လမ်းအသီးသီးသို့ အစုခွဲ သွားကြသည်ဟုသာ ကြားသိလာရကြောင်း လျှောက်တင်၏ ။ ထိုပုံစံသည် စစ်ချီ လူစုသည့် ပုံစံမဟုတ်။ ဝန်ကြီး လုပ်နေကျ ပုံစံသာ ဖြစ်သည်ကို သူရိယဒေဝ ချက်ချင်း သိလိုက်သည်။
သူတို့ တပ်မှူးကို လုပ်ကြံကြတော့မည်။ သူကရော၊ သူ့ဆန်စားမှတော့ ရဲရတော့မည် မဟုတ်လား။ အရှင်ဟောင်းနှင့် အရှင်သစ်တွင် အရှင်သစ်ထံသာ သစ္စာအပ်ခဲ့ရသည်ဖြစ်သဖြင့် တပ်မှူးကို ချစ်သော်လည်း မလွှဲမရှောင်သာ တိုက်ခိုက်ရပေတော့မည်။ သူ့ကို တပ်မှူး မည်သို့မျှ မနိုင်နိုင်မှန်း သိထား၍လည်း လက်ျာဘီလူးအတွက် စိတ်မကောင်း ဖြစ်မိ၏ ။
တောစပ်မှ လက်ျာဘီလူးတို့ ပြန်လာပြီ။ ပကတိအတိုင်းသာ ရှိသည်။ "ဝံသား စားသွားပါဦး၊ မင်းကို ငါကိုယ်တိုင် တစ်နပ် ပြုစုပါရစေ" ဟု ဆိုလေသည်။ သူရိန်က
"ကျွန်တော်ပါ လိုက်ရမလား"
ဟု ပြောလိုက်ရာ လက်ျာဘီလူးက
"မလိုက်ပါနဲ့၊ တပ်ကိုသာ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေပါ။ ငါတို့ တောလည်ပြီးရင် ဝံ မမိတောင် တစ်ကောင်ကောင်တော့ ရလာမှာပဲ" ဆိုလျက် သူရိန့် ပခုံးကို လက်တင်လိုက်ပြီးမှ သတိရသွားဟန်ဖြင့်
"သြော်.. သူရိန်၊ မင်းကိုငါ ပြောမလို့"
"ဘာများပါလိမ့် တပ်မှူး"
လက်ျာဘီလူးက သူ့ကို တစ်ချက် ဝေ့ကြည့်ပြီး
"ဘာလုပ်လုပ် အကောင်းဆုံးကို လုပ်ကွ.. ငသူရိန်၊ အရေး မမှားစေနဲ့"
ထိုမျှသာ ပြောပြီး အိမ်ထဲ ဝင်သွားသည်။ ငကံကို ကြည့်တော့လည်း ခပ်တည်တည် ပြန်ကြည့်နေသည်။ ဦးမျှင် ရောက်လာသည်၌ သူ့အမူအရာကလည်း ထူးခြားနေသည်။ နိုးကြားတက်ကြွနေသကဲ့သို့ ရှိ၏ ။
သူတို့ တောသွားရန် ပြင်ဆင်နေကြသည်ကို သူရိယဒေဝ ရပ်ကြည့်နေမိသည်။ ဦးမျှင်က တောလိုက်ဓားကို လွယ်လျက်၊ လှံတံနှင့် ကြိုးခွေများကို ကိုင်လျက် ထွက်လာသည်။ တပ်မှူးကတော့ ဆောင်ဓားကိုသာ ဆွဲထားပြီး ငကံ၌ ဓားမြှောင်နှင့် လေးမြားအချို့ ပါသွားသည်ကို သတိပြုမိလိုက်သည်။
သူရိန်မှာ ယခုထိ ချီတုံချတုံ ဖြစ်နေသေးသည်။ တပ်မှူးကို လုပ်ကြံရန် တာဝန်ကြီး ရှိနေသေးသော်လည်း သူ့စိတ်က ငြင်းဆန်နေဆဲ။ မလုပ်ကြံ၍ မဖြစ်မှန်း သိလေ၊ ရင်ထဲ လေးလံလာလေ ဖြစ်၏ ။ သူ တွေဝေနေဆဲပင် အနောက်မှ ခြေသံများ ကြားရသဖြင့် လှည့်ကြည့်လိုက်သည်။
သမိန်အဲနရဲနှင့် ရဲမက် ၃ ဦး၊ ခေါင်းပေါင်း ပေါင်းပုံ မတူသည့် တိုင်းရင်းသားတစ်ဦး၊ ဆံပင်တိုတိုနှင့် ကြံ့ခိုင်ပုံရသူတစ်ဦးကို တွေ့ရသည်။ ကချင်များ ဖြစ်ပေလိမ့်မည်။ တစ်ဦးက ဒူးလေးနှင့်၊ တစ်ဦးက လှံတံကိုင်ထား၏ ။ သည်နေ့သည် အခါကျရောက်ခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
"သွားစို့ ဗိုလ်မင်း"
သူ ဘာမှ ပြန်မပြောချင်တော့။ အဲနရဲနောက်မှ လိုက်သွားပြီး ချပ်ဝတ်တန်ဆာများ ပြင်ဆင်လိုက်သည်။ သူ၏ မြင်း သတ္တရုရန်အောင် ကို စစ်သည်တစ်ဦးက ရွှေက တင်လျက် ဆွဲလာ၏ ။ ခါးတောင်းကျိုက်လျက် မြင်းပေါ်တက်လိုက်သောအခါ နတ်သိကြားကဲ့သို့ ခန့်ညားလှသော ဗိုလ်မင်းကြီး သူရိယဒေဝသည် နာမည်ကျော်တပ်မှူး လက်ျာဘီလူးအား လုပ်ကြံရန် အသင့်ဖြစ်နေပြီ။
လမ်းတွင် စီစဉ်ထားပုံများကို သမိန်အဲနရဲမှ ရှင်းပြသည်။ သူတို့သည် ကျားရဲတွင်းမှ ကျားများကို ခြောက်ထုတ်၍ သတ်ကွင်းဆီ မြှားခေါ်သကဲ့သို့ လက်ျာဘီလူးတို့ကိုလည်း လူခွဲထုတ်ပြီး ကွင်းပြင်ထဲအရောက် သွေးဆောင်လာခဲ့ကြမည် ဖြစ်သည်။ ကွင်းပြင်မှ စောင့်နေသော သူရိယဒေဝက လက်ျာဘီလူးကို တာဝန်ယူ ကွပ်မျက်ရန်၊ သမိန်အဲနရဲကမူ မုဆိုးငမျှင်နှင့် နောက်လိုက်များကို ရှင်းလင်းမည် ဖြစ်၏ ။
ချုံနွယ် တောတန်းကလေး အလယ်၌ မြင်းရေးကစားရန် သင့်လျော်သော အကျယ်ရှိသည့် ကွင်းပြင်တစ်ခုသည် ညီညာပြန့်ပြူးနေ၏ ။ သူရိယဒေဝက ကွင်းပြင်ကို မြင်လျင် အဲနရဲကို ခွဲလွှတ်လိုက်ပြီး တောစပ်၌ မြင်းကိုချည်ရင်း စောင့်နေခဲ့၏ ။ အဲနရဲနှင့် သူ့လူများ တောအုပ်ဘက် ထွက်သွားကြပြီး သူရိယဒေဝ တပ်သားများမှာမူ တောတန်းလေးအတွင်း တပ်ဖြန့်ထားလိုက်သည်။
လက်ျာဘီလူးတို့ ထောင်ချောက်များ ဆင်ထားရာသို့ ရောက်သောအခါ ဝံကို မတွေ့ရ၊ လူစိမ်း တိုင်းရင်းသားမုဆိုးတစ်ဦး ရှေ့မှ ဖြတ်သွားသည်ကိုမူ မြင်လိုက်ကြရသည်။ အသက် ၆၀ ခန့် ရှိပြီ ဖြစ်သော်လည်း သွက်လက် ထက်မြက်သေးသော အဘမျှင်က ထိုသူကို မြင်သည်နှင့်
"ငကံ၊ ပေး.. မင်း လေးနဲ့ မြားကျည်တောက်။ ရော့.. သည်လှံကိုယူ၊ တပ်မှူးကို အသက်နဲ့လဲ ကာကွယ်ပေတော့။ ငါ ဟိုမွန်ဗိုလ်ကို မသင်္ကာနေတာ ကြာပြီ။ သည်ကချင်တွေလည်း သူနဲ့ ဟိုဒင်းပဲ ဖြစ်မယ်။ တပ်မှူးမှာ အန္တရာယ် ရှိနေပြီ"
ထိုစကား ကြားသည်နှင့် ငကံ တင်းမာသွားသည်။ အံကိုကြိတ်ကာ လှံကို ဆုပ်ကိုင်လိုက်၏ ။ လက်ျာဘီလူးကတော့ နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးလိုက်ပြီး ထောင်ချောက်ကြိုးဆီသို့သာ သစ်ရွက်ခြောက်များ ကျော်နင်းလျက် တစ်လှမ်းချင်း သွားနေ၏ ။ အဘမျှင်သည် လေးနှင့် မြားကျည်တောက်ကို လွယ်၍ ပတ်ဝန်းကျင်ကို လှည့်ပတ် အကဲခတ်လိုက်ပြီး သူအကြိုက်တွေ့သည့် သစ်ပင်ကြီးတစ်ပင်သို့ လျင်မြန်စွာ တက်သွားတော့သည်။
လက်ျာဘီလူးက နောက်လှည့်မကြည့်ဘဲ ငကံကို ဝပ်နေရန် အချက်ပြသဖြင့် ငကံ ဝပ်ပြီး ချုံတစ်ခုဆီ တွားသွားလိုက်သည်။ ချုံထဲရောက်မှ ထထိုင်ကာ သူတို့ လာခဲ့သည့်လမ်းဘက် လှည့်၍ လှံကိုချပြီး စောင့်နေ၏ ။ လက်ျာဘီလူးက ဆောင်ဓားကို ဓားအိမ်မှ ဖြည်းလေးစွာ ချွတ်လိုက်ပြီး ထုတ်လိုက်တိုင်း သွေးသောက်ရမှ ကျေနပ်သော ဓားမည်းကြီးကို သေချာကြည့်နေသေးသည်။

တောတိုးသံအချို့ ကြားလာရ၏ ။ လေးဘက် လေးတန်မှ ဖြစ်သည်။ လူရိပ်တစ်ခုကို အတော်ဝေးဝေး၌ တွေ့လိုက်ရသည်နှင့် လက်ျာဘီလူးက ထောင်ချောက်ကြိုးကို လှီးဖြတ်လိုက်သည်။ အပင်ကို ဆွဲကွေး၍ ပြုလုပ်ထားသော သုတ်ကိုင်းကြီးက ဗြန်းခနဲ ပြေးထွက်သွားပြီး ကြိုးကွင်းတစ်ခု လေထဲ ဝှေ့ရမ်းသွားသည်။ လက်ျာဘီလူးသည် သူ၏ တည်နေရာကို ပြ၍ သူ့ကိုယ်ကို တည်ကြက်ထားကာ ရန်သူအား စိန်ခေါ်လိုက်ခြင်းပင်တည်း။

(ဆက်ရန်...)  သူရိယ ဒေဝ (၁၃)

Written by သင်္ခရာဇာ

End date: October 11, 2021

သူရိယ ဒေဝ (၁၁)

လက်ျာဘီလူး စိတ်ဖောက်လာပြီ ထင်ကြသော်လည်း မဟုတ်ပြန်။ သူသည် ထိုတစ်ခဏ ၌သာ ကြမ်းတမ်းရက်စက်သွားခြင်း ဖြစ်ပြီး ချက်ချင်း လူကောင်းပကတိ ပြန်ဖြစ်သွားသည်။ သူလုပ်လိုက်သော လူထွားကြီးကို စိတ်မကောင်းဟန် သွားကြည့်နေသေး၏ ။ သူ့အခန်း ပြတင်းပေါက်မှ ငေးမောနေသော အပြစ်ကင်းသည့် ဟန်ပန်ကို ကြည့်ပြီး ရက်ရက်စက်စက် လုပ်ရက်ခဲ့သည်မှာ ဤလူရွယ်ဟု ပြောပါက မမြင်လိုက်ရသူများ ယုံနိုင်ဖွယ်မရှိ။ သူ့ပုံစံက သနားစဖွယ် ဖြစ်နေသည်။
ငသူရိန် ပို၍ စိတ်ရှုပ်ထွေးလာရသည်။ လုပ်ကြံရန် အလွန်တက်ကြွနေခဲ့သူ သမိန်အဲနရဲပင် ယခုအခါ တပ်မှူးအား အကြောက်ကြီး ကြောက်နေပြီ။ မျက်လုံးချင်းမှ ဆိုင်မကြည့်ရဲ။ သူ့အနားကပ်ရန် ဝေးစွ၊ လုပ်ရေးကြံရေးမျှ မဟတော့ဘဲ သူ့ကိုယ်မှာ အကယ်ပင် ဘီလူးဝင်နေသည်ဟု ဆိုလာတော့သည်။ 'သူ့ကို သတ်မည်လာသည် မသတ်ရ၊ သူ့အသတ် ခံရရန် နည်းနည်းသာ လိုသည်' ဟု ညည်းညူလေသည်။
ဦးမျှင်ကလည်း ဖြစ်ခဲ့သည်များကို သဘောမကျ။ ဝိုင်းဝင် ဝိုင်းထွက်ဟု ဆိုလျက် အတင်းဝင် သိုင်းချုပ် ဖမ်းဆီးခြင်းမှာ လုပ်ထုံးမဟုတ်မှန်း သိသည်။ အဘယ့်ကြောင့် သွေးသောက်ကြီး ထိုသို့ပြုသနည်း။ သမိန်အဲနရဲက စုံစမ်းလို၍ စေခိုင်းခြင်းလော။ အဘယ့်ကြောင့် လက်ျာဘီလူးကို အတင်းခေါ်၍ စုံစမ်းရသနည်း။ ငသူရိန်များ ရိပ်မိမလား ဟု မေးကြည့်သည်။ ငသူရိန်က 'မဟုတ်ပါ၊ ထိုသို့ ဖမ်းဆီးခွင့် ရှိပါသည်။ ဖမ်းမိပါက ဝိုင်းထွက်မည့်သူ အရှုံး' ဟု ဆို၏ ။
လက်ျာဘီလူး တပ်၌ နေခဲ့ရစဉ်က ထိုအလေ့များ မကျင့်ကြသဖြင့် မသိခြင်း ဖြစ်ပေလိမ့်မည်။ တပ်မှူးကရော အကယ် စိတ်ဖောက်ခြင်းလော။ အကြံအစည် တစ်စုံတစ်ရာ ရှိသလော။ သူ့စိတ်ကိုမူ မည်သူမျှ မခန့်မှန်းနိုင်။ အလွန် ဉာဏ်များလှသူဖြစ်ရာ ယခု စိတ်မှန်/ မမှန်ပင် ဝေခွဲမရတော့။
ငကံကတော့ သူ့တပ်မှူး စိတ်ဖောက်ပြန်ခြင်းမရှိ ဟုဆို၏ ။ အယုဒ္ဓယ၌ သူချစ်လှစွာသော သူတစ်ဦး ကျဆုံးခဲ့၍ မြို့တော်ကြီးအား သွေးချောင်းစီး မီးတိုက်ခဲ့ပြီး တဒင်္ဂ အသိစိတ် လွတ်ခြင်းမျိုးသာ ဖြစ်သည်ဟု အခိုင်အမာ ဆိုနေသည်။ သို့သော် ထိုနောက်ပိုင်း၌ ပို၍ သန်စွမ်း ရက်စက်လာသည်ကိုမူ ဝန်ခံသည်။ တစ်ခါတစ်ရံ လူဆယ်ယောက်အားထက်ပင် ကြီးသေးသည် ဟူ၏ ။
အယုဒ္ဓယ၌ အသိစိတ် လွတ်ခဲ့သည့် တစ်ခဏ လူပေါင်းမည်မျှ သတ်ခဲ့သည်ကိုမူ မရေမတွက်နိုင်ဟု သိရသည်။ နန်းတွင်း နန်းပြင်၊ မြို့တွင်း မြို့ရိုးပေါ် မြင်မြင်ရာ ခုတ်ထစ်ပစ်ခဲ့သည်မှာ ယောက်ျားမိန်းမ၊ အမှုထမ်း၊ မင်းညီမင်းသားမကျန် လူ ၂၀၀၀ ကျော် ၃၀၀၀ ရှိမည် ဆိုသောအခါ ဦးမျှင် လန့်သွားသည်။ ငကံ အပြောမှားသည် ထင်၍ လူ ၂၀ - ၃၀ လားဟု ပြန်မေး၏ ။ ငကံက ၂၀၀ - ၃၀၀ အနည်းငယ်မျှ မဟုတ်၊ ၂၀၀၀ - ၃၀၀၀ အနည်းဆုံး ရှိမည်ဟု ထပ်ပြော၏ ။
ဦးမျှင်က ငသူရိန်ကို ကြည့်သည်။ ငသူရိန်လည်း မယုံနိုင်သကဲ့သို့ ဖြစ်နေသဖြင့် ငကံက ရှင်းပြ၏ ။ တပ်မှူးအနား မည်သူမှ မကပ်ရဲကြောင်း၊ သူသာ ခပ်ဝေးဝေးမှ လိုက်နေခဲ့ကြောင်း၊ ဆုံတွေ့သမျှ တပ်များထဲ ခုန်ဝင်ထိုးခုတ်ပုံမျိုး ယခင်က မမြင်ဖူးခဲ့ကြောင်း၊ စစ်ဦးဘီလူးပါ တိုက်သည်မဟုတ်တော့ဘဲ ကိုယ်၌ အသက်မပါသကဲ့သို့ ဝင်သွားပြီး သူတစ်ဦးတည်းသာ ပြန်ထွက်လာကြောင်း၊ ငကံလည်း မတားမြစ်နိုင်၊ မကပ်ရဲဘဲ အော်ဟစ်သမျှလည်း နားမလည်သည်သို့ ရှိနေခဲ့သည် ဆို၏ ။
ထို့ကြောင့် တပ်မှူး၏ စိတ်အခြေအနေကို သူတို့ မခန့်မှန်းနိုင်။ လူထွားကြီးကို ကြောင်တစ်ကောင်လို ကိုင်ရိုက်ခဲ့သည်မှာတော့ မျက်မြင်ဖြစ်သည်။ သူတို့ ရှိစဉ်ကပင် မဖြစ်နိုင်သည်များကို အကြိမ်ကြိမ် လုပ်ပြခဲ့သည့် တပ်မှူးမှာ ယခုအခါ ဘီလူးဆေးစွမ်းနှင့် စိတ်ခွန်အား ပေါင်း၍ အလွန်တရာ သန်မာခက်ထန်လာဟန် တူ၏ ။ လက်ျာဘီလူးကိုယ်၌ ဘီလူးအစောင့်ရှိသည် ဟူသော စကားကို ငသူရိန် လက်ခံရမလို ဖြစ်လာသည်။
သူတို့ ၃ ဦး ဆွေးနွေးနေသည့် လယ်ကွင်းစပ် ကန်သင်းရိုးပေါ်သို့ တပ်မှူး ရောက်လာသည်။ သူ့ပုံစံက အေးအေးဆေးဆေး။ လေတဖျတ်ဖျတ်လူးနေသော အဝတ်စများနှင့် ဆံပင်ရှည်များက လွင့်မျောကခုန်နေသည်သို့။ သူ့အကြောင်း ပြောနေသည်ကို မသိဘဲ ဝင်ထိုင်ပြီး
"မအေးချမ်းဘူးလားကွာ"
ဟု ဆိုလာသည်။ ဦးမျှင်က ခေါင်းညိတ်ပြီး ငသူရိန်က ပြန်ဖြေလိုက်သည်။
"အေးချမ်းတာပေါ့"
"တို့တိုင်းပြည်လည်း စစ်မက်တွေ မရှိဘဲ ဒီဒေသလို အမြဲ အေးချမ်းနေရင် ဘယ်လောက် ကောင်းလိုက်မလဲ"
"အဲသည်အတွက်ပဲ ကျွန်တော်တို့ တိုက်နေရတာ မဟုတ်လား"
ငကံက ဝင်ပြောသည်ကို စောင်းငဲ့ကြည့်ပြီး
"မဆိုင်ပါဘူးကွာ"
ဟု ဆိုသည်။ ခဏမျှ တိတ်ဆိတ်သွားသည်။ ဦးမျှင်က ချောင်းဟန့်၍
"တပ်မှူးအကြောင်း ပြောနေကြတာ၊ အယုဒ္ဓယကို ဘယ်လို သိမ်းခဲ့လဲ ဆိုတာ ငကံက ပြန်ပြောနေတာလေ"
သူရိန်က သွေးတိုးစမ်း မေးကြည့်သည်။
"တပ်မှူး အစွမ်းကတော့ ကြောက်စရာပဲ။ လူ ဘယ်လောက် သတ်ခဲ့လဲ ဆိုတာ မှတ်မိသေးရဲ့လား တပ်မှူး"
"မှတ်မိတာပေါ့။ အဲဒါကြောင့် ငါ့စိတ်တွေ မငြိမ်းမချမ်း ဖြစ်နေရတာပေါ့"
သူတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လျက်
"ငကံကတော့ လူ ၃၀၀၀ လောက် ရှိမယ် ပြောနေတယ်"
လက်ျာဘီလူး ခေါင်းကိုသာ ညင်သာစွာ ညိတ်နေသည်။ ပြန်မဖြေ။ ဦးမျှင်ကလည်း မေးစမ်းလာသည်။
"အဲသည်တုန်းက အဖြစ်ကို နောင်တရနေတာလား တပ်မှူးရ"
"မရပါဘူး၊ လုပ်ချင်လို့ လုပ်ခဲ့တာပဲ၊ မရဘူး"
"တပ်မှူး သိတယ်ပေါ့"
လက်ျာဘီလူး ဦးမျှင်ကို လှည့်ကြည့်သည်။
"ဘာဖြစ်လို့လဲ"
"သြော်.. ငကံက တပ်မှူး အသိလွတ်သွားတယ် ပြောလို့ပါ။ ဘာမှ မသိတော့ဘဲ စွတ်ခုတ်နေတယ် ဆိုလားလို့"
လက်ျာဘီလူးက ဟက်ခနဲ တစ်ချက်ရယ်၏ ။
"ဘာမှ မသိမှတော့ သူ ဒီစကား ပြန်ပြောနိုင်ပါဦးမလား ကိုကြီးမျှင်ရဲ့"
"အဲ.."
သူ့အဖြေကို ဦးမျှင် သဘောကျသွားသလို ငကံကလည်း ရှက်ရယ် ရယ်လိုက်သည်။ ဟုတ်၏ ။ တစ်ချိန်လုံး သူ့နောက် မလှမ်းမကမ်းမှ လိုက်နေခဲ့သည်ကို သူသာ ရူးသွပ်ခဲ့ပါက ငကံ အသက်မကြွင်း ရှိချေမည်ဟု မစဉ်းစားမိခဲ့။ သူပြောတာ သဘာဝ ကျနေသဖြင့် ပြန်မပြောနိုင် ရှိနေကြစဉ် သူရိန်က ထုံးစံအတိုင်း သူသိချင်သည်ကိုသာ အားမနာတမ်း မေးတော့၏ ။
"သာဆို လူထောင်ကျော်ကို အထိအခိုက် မရှိဘဲ ဘယ်လို လုပ်ခဲ့သလဲဗျ"
တပ်မှူးက စဉ်းစား ချင့်ချိန်နေသည်။ အတန်ကြာမှ
"လက်နှစ်ဖက် ခြေနှစ်ဖက် ပါတာပဲကွာ။ သူက ခုတ်လို့ ကန့်လန့်ခံရင်သာ ပြတ်ရှတာ မဟုတ်လား၊ သူနဲ့ အလိုက်အထိုက် တစ်လမ်းကြောင်းတည်း ဖြတ်ကာရင် ဘယ်ထိပါးမလဲ"
"အဲ"
သည်တစ်ကြိမ် အဲ လိုက်ရသည်က ငသူရိန် ဖြစ်၏ ။ သူ့ပြောပုံအရ မိုးခုတ်လာသော ဓားကို အောက်မှ မခံဘဲ ဝိုက်ကာ တွန်းဖယ်ခြင်းမျိုး ဖြစ်ပေလိမ့်မည်။ ထိုးလာသော ဓားလှံများကို အနီးရောက်မှ ဆွဲယူဖယ်ရှားတာများလား။ အလွန် မလွယ်ကူ၍ ချိန်သားကိုက် တစ်ထပ်တည်း ကျနေမှသာ လုပ်နိုင်မည့် အရေးဖြစ်သည်။ ဒါကို သူက လူထောင်ချီ၊ အကြိမ်ပေါင်း ထောင်ချီ၍ လုပ်ပြခဲ့သတဲ့လား။
ယခင်ကလည်း ပစ်သော မြား၊ ထိုးသော လှံများကို ဖမ်းယူ၍ ပြန်ပစ်ခဲ့ကြောင်း မြင်ဖူးခဲ့ပါသည်။ မတ္တရာဗိုလ် ဘယ်ကျော်ကို သူ့လှံနှင့်သူ ပြန်ထိုးခဲ့ကြောင်း အမှတ်ရမိသည်။ တပ်မှူးအား အခြေနေပေါ် မူတည်၍ အကောင်းဆုံး တွက်ချက် အဖြေထုတ်တတ်သူ၊ အကြံအစည် လျင်မြန်လှသူဟုသာ ထင်ထားခဲ့သည်။ အခြေနေကို အလွယ်ကူဆုံး အသုံးချ ဖြေရှင်းတတ်ကြောင်းကိုမူ မသိခဲ့။
ထို့ထက်ပို၍ တပ်မှူး၏ လက်ရုံးရည် ဤမျှ ထက်မြက်လာလိမ့်မည်ဟုလည်း မမျှော်လင့်မိခဲ့။ တစ်ချက် ရှိသည်က လူထွားကြီးနှင့် ယှဉ်ပြိုင်စဉ်က မနိုင်ကြောင်း တွေ့ခဲ့ရသလို လက်ဝဲရွှေဓားဗိုလ်ကိုလည်း ရှုံးခဲ့ကြောင်း မျက်မြင် ဖြစ်သည်။ သည်လိုဆိုတော့ အရေးကြုံမှ သက်လုံကောင်းသည့် သဘောလား။ သူ၏ အစွမ်းများကို တစ်နည်းနည်းနှင့် ညံ့သွားအောင် စီရင်နိုင်ခဲ့လျင်...
ငကံက တစ်ခုခု မေးလိုက်သည်ကို တပ်မှူးက ပြန်ဖြေသည်။
"ခုတ်ချင်လို့ကို ခုတ်ခဲ့တာပဲ ငကံရ..၊ အားရကျေနပ်လို့ ရပ်သွားတာလည်း မဟုတ်ဘူး။ သူ့ရှေ့ရောက်လို့ ရပ်သွားတာလည်း မဟုတ်ဘူး။ ခုတ်စရာက ကုန်သွားတာ။ အဲဒီတော့မှ သူ့ရှေ့ ပြန်ရောက်နေမှန်း သိတာ"
"တိုက်ဆိုင်လိုက်လေခြင်းဗျာ"
ဦးမျှင်ကလည်း
"အင်း.. အမဲလိုက်တာနဲ့ စစ်တိုက်တာဟာ သိပ်မကွာလှပါဘူး။ အကုသိုလ် အတော်ကြီးတဲ့ အလုပ်တွေပဲ"
"ဟုတ်ပ ကိုကြီးမျှင်၊ ကျုပ်လည်း အစကတည်းက စစ်ကို မတိုက်ချင်တာ။ အိပ်မက်ထဲမှာ အမြဲတမ်း ဘုန်းကြီးကျောင်းသား ဖြစ်နေတာချည်းပဲ"
"ခုရော.. ဘုန်းကြီးကျောင်းသားလေး ငစံ ဖြစ်နေတုန်းလား"
ဘကြီးမျှင်က ချစ်ခင်စွာ ဆိုလိုက်သော်လည်း သူက

"ခုတော့... ခုတော့လား၊ အင်း.. အယုဒ္ဓယကို ပဲ ရောက်ရောက်နေတယ်ဗျာ"

(ဆက်ရန်...)  သူရိယ ဒေဝ (၁၂)

Written by သင်္ခရာဇာ

End date: October 11, 2021

သူရိယ ဒေဝ (၁၀)

ထိုည၌လည်း သူရိန် အိပ်မပျော်။ ဟိုစဉ်က ပျော်ရွှင်စရာအကောင်းဆုံး အချိန်များကို သတိရနေမိသည်။ တပ်မှူးကလည်း သူတို့နှင့် ရှိစဉ်က အဖြစ်အပျက်များကို အသေးစိတ် မှတ်မိနေသည်။ သူပင် တပ်မှူးပြောမှ ထမင်းချက် ကျော်ရှိန်၏ အမည်နှင့် သူတို့ စတင် ဆုံကြရပုံများကို ပြန်လည် မှတ်မိသည်။
ကျော်ရှိန်၏ အဝတ်ရိုက်တုတ်ကြောင့် သူ့ဒူးခေါင်း ညိုမည်းနေသည်ကို တပ်သား မြတ်ထင်က ဆေးလူးပေးသည့်အကြောင်း၊ ညစဉ် သူ့အား ကလေးငယ်တစ်ဦးကို ပုံပြင်ပြောပြသလို ပြောခဲ့သည့် ပုံရိပ်များ၊ စစ်ချီစဉ် ထမင်းငတ်ခဲ့၍ တစ်နေ့မှ တစ်နပ်သာ မသေရုံ စားသောက်ခဲ့ကြရသည်များ၊ တပ်မှူးမှာမူ ၃ ရက်မှ တစ်နပ် နှစ်နပ်ခန့်သာ စား၍ သူတို့ကို ကျွေးခဲ့သည့် အကြောင်း၊ ငတ်မွတ်လွန်း၍ ရန်သူ့နယ်မြေ၌ပင် ကြိမ်ပိုက် ခြင်းများ ရက်ကာ ပျော်ရွှင်စွာ ငါးဆင်းဖမ်းကြသဖြင့် မွန်တို့က သေနတ်ဖြင့် လှမ်းပစ်ကြသည်ကို တပ်မှူး ရေထဲဆင်းလျက် ရပ်ကြည့်သောအခါမှ အပစ်ရပ်သွားသည့် ပုံရိပ်များ...၊
အားပြတ်၍ ချောင်းရေထဲ လိမ့်ပါသွားသော တပ်မှူး၊ သူ စိုးရိမ်တကြီး ရေကူးလိုက်ပြီး စခန်းအရောက် ထမ်းပြေးခဲ့ပုံ၊ ခုတ်ရင်း အားလွန်၍ ရန်သူ့တပ်ထိပ်မှ ကျသည်ကို သူရိန် လှံကမ်းပေးသဖြင့်သာ ပြန်တက်လာနိုင်ခဲ့သည့် တပ်မှူး၊ သူတို့အား ရက်ရက်စက်စက် နေလှန်း အပြစ်ပေးခဲ့သဖြင့် ဝမ်းနည်း စိတ်နာခဲ့ရခြင်းများ၊ တစ်ရွာတည်းသား သက်နှင်း အရေးမှားသဖြင့် ကွပ်မျက်မည်ဟု ဒေါသတကြီး ကြိမ်းဝါးပြီး ဓားနှင့် ရွယ်သောကြောင့် သူတို့ မခံချင် ဖြစ်ခဲ့ရပုံများကို မနေ့ကလို တရိပ်ရိပ် မြင်ယောင်နေမိသည်။
လက်ရုံးချင်းတွင် သူရိန်သည် စစ်မှုထမ်းစကပင် လက်ျာဘီလူးထက် သာ၏ ။ အလုပ်အကြံ စစ်ရေးစစ်ရာ၌ မသိနားမလည်သမျှကို တပ်မှူးက သေသေချာချာ ရှင်းလင်း သင်ပြခဲ့ခြင်းကြောင့် တိုက်တိုင်းအောင်သူ ဗိုလ်ကြီးတစ်ဦးလည်း ဖြစ်လာခဲ့ရ၏ ။ ယခု ထိုတပ်မှူးနှင့် လက်ရုံးချင်း နှလုံးချင်း ယှဉ်ရပေတော့မည်။ မိမိ အသက်စည်းစိမ်နှင့် အမိန့်ကြောင့်သာ မဟုတ်ပါက သူသည် လက်ျာဘီလူးအား အသေခံ၍ ကာကွယ်မိပေလိမ့်မည်။ ယခုတော့...
တစ်ခန်းတည်းသော အိပ်ခန်းအတွင်းမှ ခွေခွေလေး အိပ်ပျော်နေသော တပ်မှူးကို လှမ်းကြည့်လိုက်သည်။ လက်ျာဘီလူးသည် သူနှင့် မတိမ်းမယိမ်း၊ နှစ်နှစ်ကျော်သာ ကြီးမည်။ မိမိအား သွေးသားရင်းတစ်ဦးကဲ့သို့ ဆက်ဆံပြီး ညီထွေးလို ချစ်ခင်ခဲ့သည်။ သူ့ထက် ပိုမိုမြင့်မား ကြီးကျယ်သော ရာထူးအဆင့်သို့ရောက်ရန် အမြဲ မျှော်မှန်းခဲ့သူ ဖြစ်၏ ။ သူရိန် သိသလိုသမျှကို မညည်းမညူ မခြွင်းမချန် သင်ကြား ဖြေကြားပေးခဲ့ရှာသည်။
ထို့ကြောင့် သူသင်ပေးသော ပရိယာယ်ဗျူဟာ ပညာများကို အသုံးချ၍ သူ့အား ပြန်လုပ်ကြံခြင်း မပြုရန် သူရိန် ဆုံးဖြတ်လိုက်သည်။ သူ့နည်းနှင့်သူ လုပ်ကြံရပါက လက်ျာဘီလူး မည်သို့မျှ ခံနိုင်လိမ့်မည်မဟုတ်။ သို့သော် သူရိန်က သူ ကျွမ်းကျင်သည့် လက်စွမ်းဖြင့်သာ ရင်ဆိုင်တိုက်ခိုက်ရန် ရွေးထားသည်။ သမိန်အဲနရဲကတော့ မည်သို့ ကြံစည်နေသည် မသိ။ ဝန်ကြီးကလည်း အစီအစဉ်ကို သူ့အား ကြိုမပြောစေရန် နှုတ်ထည့်ထားသည် ဖြစ်မည်။
ငမျှင်သည် တစ်စုံတစ်ခုကို ဘဝင်မကျ ဖြစ်နေသည်။ ဘာကို အလိုမကျမှန်းတော့ မသိ။ ငသူရိန်တို့ ရောက်လာသည်ကို ဝမ်းမြောက်သော်လည်း တပ်မှူးတုိ့ လာစဉ်ကလို အပြည့်အဝ ပျော်ရွှင်ခြင်း မဖြစ်မိသည်ကို မတင်မကျ ဖြစ်နေရသည်။ သူရိန်၏ ဟန်ပန်မူရာမှာ ဟိုစဉ်ကနှင့်မတူ၊ သွေးကြီးမွေးကြီး နိုင်နေခြင်းကြောင့် ဖြစ်မည်။ ယခုအခါ သူက တပ်မှူးထက် ရာထူးများစွာကြီးသော ပခုံးနှစ်ထပ်နှင့် တပ်ပေါင်းဗိုလ်ကြီး မဟုတ်လား။
ငသူရိန် တပ်မှူးကို ရိုရိုသေသေ ဆက်ဆံဖော် ရပါသည်။ ချစ်ခင်လေးစားဟန်လည်း ရှိပါသေးသည်။ သို့သော် မာန်မာန ရှိနေသည် ထင်၏ ။ တပ်မှူးကလည်း သူ့ပုံစံအတိုင်း တပ်ပေါင်းဗိုလ်မက အလောင်းမင်းကြီး ထလာလျင်တောင် မိတ်ဆွေရင်းချာကဲ့သို့သာ ခေါ်ပြောလိမ့်မည် ဖြစ်သည်။ သို့သော် ငမျှင် တစ်စုံတစ်ရာကို မကျေမနပ် ဖြစ်နေရ၏ ။
သမိန်အဲနရဲကလည်း သူ့တပ်များနှင့် အလစ်ကို မသိမသာ ချောင်းနေသည်။ ရွာထဲ၌ နေရာချပေးထားသော်လည်း ဦးမျှင်အိမ်သို့ ရောက်ရောက်လာတတ်သည်။ သူရိန်က အခွင့်မပေး၊ တပ်သား တစ်ဦးဦးအား ရွာလူကြီး၊ ကာလသားခေါင်း၊ ဆယ်အိမ်ခေါင်းမင်း စသူတို့ကို တစ်ဦးမဟုတ် တစ်ဦး သွားခေါ်ခိုင်းပြီး အလုပ်ပေး စေခိုင်းနေသည်။ တစ်ခါတစ်ရံ သမိန်အဲနရဲက သူ့ကို မျက်ထောင့်နီကြီးနှင့် ကြည့်နေသည်ကို မသိကျိုးကျွံပြုကာ တပ်မှူးကို အလစ်မပေးချေ။
ငသူရိန် မပါလျင်လည်း လက်ျာဘီလူးကို သူတို့ အရေးရရန် မလွယ်ကူသဖြင့် သမိန်အဲနရဲ အောင့်အီးသည်းခံနေရသည်။ ဝန်ကြီးထံသို့မူ ခိုစာဆက်စေသည်။ ဝန်ကြီးက သူစီမံပေးမည်ဖြစ်ကြောင်း၊ ငသူရိန် သစ္စာဖောက်ပါက နှစ်ယောက်စလုံးကို သတ် ဟု စာပြန်လိုက်သည်။ ငသူရိန်ကတော့ သူ သစ္စာမယွင်းစေရ၊ အချိန်ကောင်းကို စောင့်၍ လုပ်ကြံပေးမည်ဖြစ်ကြောင်း ဆိုသည်။
သို့နှင့် ငသူရိန် စမည်ကို စောင့်နေကြရသည်။ လက်ျာဘီလူးကလည်း စိတ်မငြိမ်သည်နှင့်မတူ၊ ပို၍ပင် တည်ငြိမ်နေသယောင် ရှိ၏ ။ အိပ်လျင်ပင် ဓားမချ၊ နွားကျောင်းသား သူငယ်တို့ ပစ်သည့်ဟန်ဖြင့် လောက်လေးနှင့် ချောင်းပစ်သည်ကို ဓားထုတ် လှည့်ပိုင်းကာ မထိမခိုက် ရှိလေသေးသည်။ သင်းအား လုပ်ကြံရေးမှာ ထင်ထားသည်ထက် များစွာ ခက်နေ၏ ။
ရွာသားများနှင့် ဦးမျှင်တို့ကလည်း လက်ျာဘီလူးကို အလွန်ဂရုစိုက်ကြရာ အပြည့်အဝ ကာကွယ်ပေးထားကြသလို ဖြစ်နေသည်။ လက်ျာဘီလူးကို သတ်ချင်ပါက ဦးမျှင်တို့ကို အရင်ရှင်းရပေလိမ့်မည်။ မဟုတ်ပါက ကျားမနိုင်ရသည့်အထဲ ကြွက်ကတစ်မှောင့် ဖြစ်နေဦးတော့မည်။ သမိန်အဲနရဲ အစွမ်းကုန် အကြံထုတ်နေရ၏ ။
ထိုစဉ် ငကံ ပြန်ရောက်လာသည်။ တပ်သား တစ်ဦးလည်း ပါလာသည်။ သမိန်အဲနရဲ စိတ်ဆိုးသွားသည်။ ဝန်ကြီးထံ လျှောက်တင်၏ ။ ငသူရိန်ကို တိုင်၏ ။ ဝန်ကြီးက ပူစရာမလို၊ စောင့်ပါ ဟုသာ ပြန်လိုက်သည်။ ငကံက ပိုဆိုးသည်။ သူ့တပ်မှူးကို မျက်စိအောက်က အပျောက်မခံ။ မလှမ်းမကမ်းမှာ အမြဲ ရှိနေတတ်သည်။ သည်တပ်မှူးနှင့် သူ့လူများကို မိုက်မိုက်ကန်းကန်း ဓားနှင့်သာ ဝင်ပိုင်းလိုက်ချင်တော့သည်။ ထိုသို့ပြုလျင်လည်း သူသာ သေလူဖြစ်မည် သိသောကြောင့် ငြိမ်နေရ၏ ။
လက်ျာဘီလူးကတော့ အမြန်ဆုံး စိတ်တည်ငြိမ်မှု ရစေရန် မလှုပ်မယှက် တစ်နေကုန် ထိုင်နေတတ်သည်။ နာရီနှင့်ချီ၍ ကျောက်တောင်ကဲ့သို့ ရပ်နေနိုင်သည်။ ထိုင်ရင်းငုတ်တုတ် သေသွားသလို ငေးစိုက်ကြည့်နေတတ်သည်မှာလည်း ပျင်းရိငြီးငွေ့ဖွယ်ရာ။ သမိန်အဲနရဲ စိတ်မရှည်၍ ထွက်သွားပြီး ထန်းရည်သောက် ပြန်လာချိန်သော်မှ အရာမယွင်းသေး ရှိသောအခါ ထိုအရူးနှင့် သူ့တပ်သားများကို အံ့သြခေါင်းခါမိပြန်၏ ။
တစ်ရက်တွင်တော့ သမိန်အဲနရဲက ပရိယာယ်ပြု၍ ရွာထိပ်တွင် နပမ်းသတ်ပွဲ ပြုလုပ်ပေးသည်။ လက်ျာဘီလူးကို မပါ ပါအောင် ခေါ်လာစေ၏ ။ လက်ျာဘီလူးက မလိုက်ချင်သော်လည်း အတင်းအကြပ် ခေါ်ဖန်များ၍ ပါလာသည်။ ငသူရိန် အစွမ်းပြသောအခါ လက်ခုပ်တီး အားပေး၏ ။ သမိန်အဲနရဲက သူ့လူတစ်ဦးနှင့် အပျော်နပမ်းသတ်၍ ပညာသင်ကြားပေးပါရန် တောင်းဆိုရာ လက်ျာဘီလူး ပြန်မည်ပြုသည်။
ရွာသူရွာသားများကလည်း အပြန်မခံဘဲ တားဆီးကာထားလျက် မြင်လိုကြောင်း ပူဆာကြသောကြောင့် စည်းဝိုင်းထဲ ရောက်သွားသည်။ သမိန်အဲနရဲ သွင်းသည်က သူ့တပ်တွင် အသန်မာဆုံးနှင့် အသတ်အပုတ်ကောင်းသော လူညိုထွားကြီး ဖြစ်သည်။ လူထွားကြီးကို လက်ျာဘီလူး မနိုင်၊ အားမတန်၍ အကြိမ်ကြိမ် လဲလေသည်။
အားလုံး ရယ်မော ပျော်ရွှင်နေကြသော်လည်း အဲနရဲက ဘဝင်မကျသေးသဖြင့် သူနှင့် သတ်ရအောင်ဟု ခေါ်ပြန်သည်။ လက်ျာဘီလူးက ဝင်ခဲ့တော့ဟု ဆို၏ ။ သတ်ကြည့်မှ အားမနည်းလှကြောင်း၊ သန်မာကျစ်လျစ် တိကျကြောင်း သိလာရသည်။ အဲနရဲကိုမူ သူ နိုင်သည်။
ဝိုင်းဝင် ဝိုင်းထွက် ပြပါဟု တောင်းဆိုကြပြန်သည်။ လက်ျာဘီလူးက ဒါ နောက်ဆုံး ဟု ဆိုကာ လူ ၄ ယောက် ဝိုင်းထားစေသည်။ အဲနရဲက ရှေ့မှ၊ လူထွားကြီးက နောက်က၊ ခပ်စောင်းစောင်း၌ သွေးသောက်နှစ်ဦး အသင့်ပြင်ထားသည်။
အဲနရဲကို သူ အလျင်တိုက်၏ ။ မြန်ဆန်ဖျတ်လတ်သည်၊ လက်ရေး ကျင်လည်သည်ကို တွေ့ကြရသည်။ ထိုစဉ် တိုင်ပင်ထားသည့်အတိုင်း အနောက်တွင် နေရမည့် လူထွားကြီးက ဖျတ်ခနဲ ဝင်ကာ သူ့ကို ဖမ်းချုပ်လိုက်သည်။ ပုံမှန်ဆိုလျင် သေးငယ်ကျစ်လျစ်သော လက်ျာဘီလူး မည်သို့မျှ လွတ်စရာ မရှိ။ သို့သော် ရုတ်တရက် လက်ျာဘီလူး ပုံစံပြောင်းသွားပြီး လက်မောင်းနှစ်ဖက်ကို ကားထုတ်လျက် လူကို တစ်ပတ်လှည့်ပြီး လူထွားကြီးအား ဆွဲမြှောက် ရိုက်ချလိုက်သည်။
ကျွဲကြီးတစ်ကောင်ကို ခြေမှကိုင်၍ ရိုက်လိုက်သလို လူထွားကြီး မြောက်ပါသွားပြီး မြေပြောင်ပြောင်နှင့် ရိုက်ချိုးခြင်း ခံလိုက်ရသည်။ အရိုးများ ကျိုးသံ တဖြောင်းဖြောင်း ကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် ဝိုင်းအုံကြည့်နေကြသူများ ရှဲသွားပြီး အချို့ ထွက်ပြေးကုန်၏ ။ ဘေးမှ ဝင်ရမည့် သွေးသောက်နှစ်ဦးသားလည်း မဝင်ရဲ။ ငကံ မြန်သောကြောင့်သာ သမိန်အဲနရဲ သက်သာသွားခြင်း ဖြစ်သည်။
အဲနရဲ ခြေကန်ထားသော်လည်း သူ ဆောင့်ဆွဲရာ ရုတ်ခနဲ ပါသွားပြီး နောက်သို့ အားယူ၍ ထိုးချလိုက်တော့မည့် လက်သီးနှင့် မိတ်ဆက်တော့မယောင် ဖြစ်သွားသည်။ သူ၏ ဆွဲမြှောက်ထားသော လက်သီးကို နောက်မှ ခုန်ဖမ်းသော ငကံပင် သူရုန်းသဖြင့် လဲပြိုနေသေး၏ ။ သူရိန်ကပါ လျင်မြန်စွာ ဝင်ဆွဲ၍ ဖျောင်းဖျမှ လက်ျာဘီလူး ငြိမ်သွားသည်။ ထိုလက်သီးသာ ထိပါက သူ့မျက်နှာကြီး ခွက်ဝင်သွားနိုင်ကြောင်း အဲနရဲ သဘောပေါက်လိုက်မိသည်။

လူထွားကြီးကိုတော့ ထမ်းစင်နှင့် ပို့လိုက်ရသည်။ နံရိုးမည်မျှ ကျိုးသွားသည်မသိ၊ လက်တစ်ဖက်ကတော့ လက်မောင်းရင်းမှ ပြုတ်ကျသွားခဲ့ပြီ။ သမိန်အဲနရဲသည် အနီးကပ် မြင်လိုက်ရသည့် လက်ျာဘီလူး၏ သွေးဆာနေသော အကြည့်ကို မြင်ယောင်ရင်း သူတို့ လုပ်ကြံရမည့်သူမှာ လူသားတစ်ဦး မဟုတ်နိုင်ကြောင်း ထင်မြင်လာမိသည်။ အိပ်မက်ထဲ၌ပင် သူ့အား အသေသတ်တော့မည့် မျက်လုံးများက ခြောက်လှန့်နေလေပြီ။

(ဆက်ရန်...)  သူရိယ ဒေဝ (၁၁)

Written by သင်္ခရာဇာ

End date: October 10, 2021

သူရိယ ဒေဝ (၉)

           သူရိန် တစ်ယောက်တည်း စိတ်ညစ်နေသည်။ အလွန်အမင်း၊ အကြီးအကျယ်ကို စိတ်ညစ်ခြင်းမျိုး ဖြစ်၏ ။ သူ ဘာလုပ်ရမည်နည်း။ တစ်ဖက်က သူ့ကျေးဇူးရှင်၊ လက်ဦးဆရာ၊ ခင်ပွန်းကြီး ဆယ်ပါးဝင် မပြစ်မှားထိုက်သူတစ်ဦး ဖြစ်သလို တစ်ဖက်ကလည်း သူ့အရှင်သခင် ကျေးဇူးရှင်ပဲ ဖြစ်နေပြန်သည်။
ထို့ပြင် အမိန့်ဟူသမျှ တစ်ဆံခြည်မျှ မလွဲစေရ၊ အတိအကျ နာခံတတ်ခဲ့သော၊ ထိုသို့ အမိန့်နာခံတတ်သဖြင့်လည်း ဤအဆင့်အထိ ရောက်လာခဲ့သော သူသည် ပေးအပ်လာသော အမိန့်ကို ငြင်းဆန်နိုင်ခွင့် မရှိ၊ မိမိကိုယ်ကိုယ် အဆုံးစီရင်စေဟု အမိန့်ပေးလာလျင်ပင် မကြာချက်ချင်း သတ်သေရမည့်သူ ဖြစ်ရာ ယခု တပ်မှူးအား လုပ်ကြံရန် စေခိုင်းလာခြင်းသည်...
သူသည် စိတ်ရှုပ်ထွေး နောက်ကျိလျက် သေရည်ကိုသာ တစ်ခွက်ပြီးတစ်ခွက် သောက်နေမိ၏ ။ ယခင်က သောက်လေ့မရှိသဖြင့်လည်း ရင်ထဲ ဝင်သွားတိုင်း မီးစ ထိုးထည့်လိုက်သလို ပူလောင်သွားရ၏ ။ သို့သော် ဝမ်းထဲမှ အပူကို သေရည်က ယခုထက်ထိတော့ မနိုင်သေး။ သူက ခွက်ကို ဆောင့်ချပစ်လိုက်သည်။
သူရိန် အပြင်မထွက်၊ မည်သူနှင့်မျှ အတွေ့မခံဘဲ အိမ်တွင်းအောင်းနေသည်မှာ ၃ ရက် ရှိပြီ။ အတွေးများစွာဖြင့် အိပ်လည်းမပျော်၊ စားလည်း မသိ၊ ဆံမုတ်ဆိတ်လည်း မရိတ်ဘဲ ညှင်းသိုးသိုးပင် ဖြစ်လာသည်။ ၃ ရက်မြောက်နေ့၌ ဝန်ကြီးက သူ့ကို အခေါ်လွှတ်သဖြင့် သွားရောက်ရပြန်သည်။
"လာဟေ့.. မောင်သူရိန်၊ မောင်မင်း သည်တစ်ခါ ပြည်မှာနေတာ ကြာလှပါလား။ အလုပ်အကြံအတွက် စီမံပြီးလောက်ရောပေါ့"
ဝန်ကြီးက သူ့ကို အကဲခတ်ရင်း မေးလာ၏ ။
"မှန်ပါ.. ကျွန်တော်မျိုး မစီစဉ်ရသေးပါဘုရား"
"အင်း.. ငါသိသားကပဲ။ မောင်မင်း တပ်မှူးဟောင်းမို့ လုပ်ကြံဖို့ ခက်နေသာ မဟုတ်လား"
ဝန်ကြီးက ပွင့်လင်းစွာ မေးမြန်းလိုက်သောအခါ သူရိန် အလန့်တကြား ဝန်ကြီးမျက်လုံးများကို ကြည့်မိသည်။ ဇေယျကျော်သူက တစ်ချက်ပြုံးလိုက်ပြီး မျက်နှာလွှဲသွားသည်။
"မင်း လုပ်ရေးကြံရာ ခက်နေရင် ငါကပဲ စီစဉ်ပေးမယ်။ မောင်မင်း မပါလို့တော့ မဖြစ်ဘူး။ အဲသည်အကောင်က ဘီလူးသဘက်လိုပဲ ရိုင်းစိုင်းကြမ်းတမ်းတယ်လို့ ပြောကြတယ်။ သူ့ကို နိုင်မှာ မောင်မင်းတစ်ဦးသာ ငါမြင်လို့ ခိုင်းရခြင်းပဲကွဲ့။ သည်တော့ စိတ်နှစ်ခွ မရှိနဲ့၊ အရေးတော်ကိုသာ ကုန်အောင်ထမ်း၊ ကျန်တာ ငါ့တာ ရှိပစေ"
သူ ဝန်မင်းကိုသာ မော့ကြည့်နေမိသည်။
"မင်းနှင့်အတူ ဉာဏ်နီဉာဏ်နက် ပရိယာယ်ကြွယ်တဲ့ သမိန်အဲနရဲကို ထည့်လိုက်မယ်။ လိုအပ်သည်အကုန် ငါကပဲ ညွှန်ကြားလိုက်မယ်။ မင်းက တိုက်ခိုက်ချိန်မှသာ ဝင်ရုံပဲ။ မင်း ဝင်ရမယ့် အချိန်ကိုလည်း အဲနရဲက စီမံပေးလိမ့်မယ်။ မင်းက ငါသိလိုသမျှကိုတော့ ပြောပြပေးရမယ် မောင်မင်း"
သူ မည်သို့ ငြင်းဆန်နိုင်ပါမည်နည်း။ ညိတ်နေကျ ခေါင်းက လေးပင်စွာ ငိုက်စိုက်ကျသွားတော့ ဝန်ကြီးက အောင်မြင်သော ခြေလှမ်းများဖြင့် စားပွဲပေါ် ဖြန့်ခင်းထားသော မြေပုံကြီး တစ်ချပ်ဆီ ခေါ်ဆောင်သွားသည်။
"ဒါ ငါတို့ ပိုင်နက်တွေနဲ့ ရှမ်းစော်ဘွား၊ မော်တုံမော်ကယ်စားတို့ နယ်မြေတွေပဲ။ ငါသိချင်တာက မင်းနဲ့အတူ ဘီလူးတပ်မှာ အမှုထမ်းခဲ့ဖူးတဲ့ ငမျှင်ဆိုတဲ့ တပ်သား နေတဲ့ ရွာပဲ"
သူရိန်၏ ငုံ့နေသော ခေါင်းက မော့လာပြီး ဝန်ကြီးကို အံ့သြမင်သက်သည့် မျက်လုံးများဖြင့် ကြည့်နေသည်။ ဝန်ကြီးက သူ့ဘာသာ ဆက်ပြောနေ၏ ။
"ငါ သိရသလောက်တော့ ငမျှင်က ငါတို့နယ်နိမိတ် အစွန်က ရွာလေးတစ်ရွာမှာ နေတယ် တဲ့"
xxxxxxxxxxxxxxxxxxxxxxxxxxxxx
လက်ျာဘီလူးတို့ ရောက်လာကြမည် ဆို၍ ရွာသူကြီး၊ မုဆိုးကြီး ဦးမျှင်နှင့်တကွ တစ်ရွာလုံးက ထွက်ကြိုနေကြသည်။ ဦးမျှင်မှာ တည်ငြိမ်စွာ ထိုင်နေသော်လည်း စိတ်ကမူ ရွာခရိုးစပ် ခင်တန်းလေးဆီ ရောက်သွားလိုက်၊ ကဇာခြုံတန်းများတစ်လျှောက် ပြေးနေလိုက်၊ ရွာအဝင် ထနောင်းပင်ကြီးအောက်မှ မျှော်လိုက် ဖြစ်နေ၏ ။
လှည်းကတောင်သံ၊ နွားခြူသံ၊ နွားငေါက်သံ၊ လူသံ သူသံများ ကြားလာရချိန်တွင်မူ သူ မနေနိုင်တော့။ အပြေးတစ်ပိုင်းဖြင့် သုတ်သုတ်လျှောက်ရင်း ခင်တန်းစပ်ဆီ ရောက်သွားသည်။ လှည်းလမ်းကြောင်း ကဇာအုပ်အုပ်ထဲမှ ဖုန်လုံးများအကြား လှည်းများနှင့် မြင်းများကို မြင်သော် သူ့မျက်နှာမှ ဝမ်းသာဟန်မှာ ဖုံးဖိမရတော့။
ရှေ့ဆုံး ပေါင်းမိုးတပ် လှည်းယဉ်ကျော့၌ သူတို့တပ်မှူးကြီး လက်ျာဘီလူး လိုက်ပါလာပြီး သူ့ကို အဝေးမှ လက်လှမ်းပြနေသည်။ နောက်လှည်းတစ်စီးပေါ်မှာ ငကံ၊ ငကံကလည်း ဝမ်းသာအားရ ဗျိုး ဟစ်သည်။ သူက ပြန်ဟစ်၏ ။ ငကံ ကုန်းကုန်းကွကွ ဖြစ်နေသည်။ လှည်းများနောက်တွင်မူ မြင်းနီကျော် တိမ်ပျံနှင့် မြင်းအချို့ကို တွေ့ရသည်။
ဦးမျှင်က ရွာသူကြီး လူကြီးများထက် အလျင် ပြေးကြိုပြီး လှည်းမြီးဖျားကို ကိုင်လျက် လိုက်လာသည်။ သူ့တစ်သက်နှင့်တစ်ကိုယ် ပြန်မတွေ့ရတော့ဘူးဟု ထင်ထားခဲ့သော တပ်မှူးက သူတို့၏ ခေါင်လှသော ရွာကလေးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်မှာ သူတို့ရေစက် ကျန်သေးသောကြောင့် ဖြစ်ပေမည်။
မတွေ့ရသည့် နှစ်များအတွင်း တပ်မှူးသည် အသားညိုသွားပြီး ယောက်ျားကောင်းကြီးတစ်ဦးကဲ့သို့ ပီပီပြင်ပြင် ဖြစ်လာသည်။ ယခင်ကလို နုနယ် ငယ်ရွယ်သည့် တပ်မှူးကောင်လေး မဟုတ်တော့ဘဲ ရင့်ကျက် လေးနက်ဟန်များ မြင်လာရ၏ ။ အထူးသဖြင့် ပြုံးရယ်နေသော်လည်း ခက်ထန်အေးစက်ဟန်ကား ပေါ်လွင်လှသည်။ ကလေးများနှင့် မိန်းမသူများမှာ အနားသို့ မကပ်ရဲကြ။
ဦးမျှင် သတိထားမိသည်မှာ တပ်မှူးသည် ဆောင်ဓားကို ဆုပ်ကိုင်လိုက်၊ ချလိုက် လုပ်နေတတ်ခြင်း ဖြစ်သည်။ အခြား ရွာလူကြီးများလည်း သတိထားမိပေလိမ့်မည်။ ငကံကမူ မျက်ရိပ်မျက်ကဲ ပြ၏ ။ တပ်မှူး စိတ်မငြိမ်သေးဟန် တူသည်။ ထူးခြားသော အသံတစ်ခုခု ကြားသည်နှင့် လက်က ဓားဆီ ရောက်နှင့်ပြီး အရင်ဆုံး ကြည့်သည်မှာလည်း တိမ်ပျံကို ဖြစ်သည်။
တိမ်ပျံ ငြိမ်နေလျင် ဆတ်ခနဲ လှမ်းလိုက်သည့် လက်က ဓားထံ မရောက် တန့်သွားတတ်ပြီး တိမ်ပျံ နားရွက်ခတ်၊ နှာမှုတ်၊ ခွာရှပ်သည် မြင်ရလျင်မူ ဓားအိမ်ကို လှစ်ခနဲ ဆုပ်ထားတတ်သောကြောင့် ရွာလူကြီးများမှာ ခပ်လန့်လန့်။ စိတ်ဖောက်၍ ထ ခုတ်လျင် ခက်ရချည့်။
သို့သော် ကျန်သည့် အရာများ အားလုံးမှာ ပုံမှန်ပင် ဖြစ်သည်။ ငမျှင်ကို မှတ်မိသည်။ ငါးနှစ်ကျော် ကာလကြာ ဝေးနေခဲ့သော်လည်း အချို့ အဖြစ်အပျက်များကို အသေးစိတ် မှတ်မိနေဆဲ ဖြစ်၏ ။ ယခင်ကလိုတော့ သဘောမကောင်းတော့သယောင် ရှိသည်။ ယခင်ထက်လည်း နူးညံ့ သိမ်မွေ့လာသည် ထင်ရပြန်သည်။ ပိုမို နားလည်ရ ခက်လာသလို ပိုမိုပြည့်ဝလာဟန်လည်း ပေါ်နေ၏ ။ လက်ျာဘီလူးကတော့ လက်ျာဘီလူး ပီသပါပေသည်။
ငကံမှာမူ အလုပ်အကျွေးကောင်း ဖြစ်သည့်အတိုင်း တိမ်ပျံကို အထူးဂရုစိုက်သကဲ့သို့ တပ်မှူးကိုလည်း လိုလေသေးမရှိစေရ။ တပ်မှူး စိတ်တည်ကြည်ငြိမ်သက်စေရန် ဝန်ကြီး မဟာသီဟသူရမှ စစ်မက်ကင်း၍ အေးချမ်းသော ဤရွာသို့ စေလွှတ်လိုက်ကြောင်း ပြောပြ၏ ။ တပ်မှူးနှင့် အလုပ်အကျွေး လူအနည်းငယ်သာ ပါသော်လည်း တကယ်တမ်း မလိုအပ်သဖြင့် တပ်မှူးက ထိုသူတို့ကို ခွင့်ပေးလိုက်ရာ ပါသည့်သူများ နေရပ်ပြန်ကုန်ကြသည်။
ငကံကိုလည်း ပြန်ခိုင်းသည်။ ငမျှင်အိမ်၌ တစ်ဦးတည်း အေးဆေးစွာ နေမည်ဟု ဆို၏ ။ ငကံက မပြန်ချင်။ တပ်မှူးက အတင်းလွှတ်နေသောကြောင့် ခေတ္တပြန်မည်ဆိုကာ ထွက်သွားသည်။ လက်ျာဘီလူးက ဦးမျှင်နှင့် အေးချမ်းစွာ နေရစ်ခဲ့သည်။ ဦးမျှင်က သူကျွမ်းကျင်သည့် မုဆိုးပညာဖြင့် ရှာဖွေကျွေးမွေးသလို လက်ျာဘီလူးကလည်း ဗဟုသုတအဖြစ် လိုက်လံကြည့်ရှု မှတ်သားလေ့ ရှိသည်။ သူကိုယ်တိုင်မူကား မသတ် မဖျက်၊ သားကောင်ဖျက်သည်ကိုပင် မကြည့်။ ရွာမှ ပို့သော ဟင်းလျာများဖြင့်သာ စားတတ်သည်။
ဦးမျှင်မှာ အားမလိုအားမရ ဖြစ်ရသည်။ သူက သူ့အစွမ်းဖြင့် အစိုအစိမ်း လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ကျွေးမွေးမည်ဟု အားခဲထား၏ ။ လက်ျာဘီလူးက ဟင်းရွက်ကန်စွန်းဖြင့်သာ အများအားဖြင့် ပြီးလေ့ရှိသည်။ ရံဖန်ရံခါမှသာ အခြောက်အခြမ်း ကြပ်တင်ထားသည်များကို သုံးဆောင်လေရာ ဦးမျှင်မှာ ရွာမှ သူများကို လာမပို့နှင့်တော့ဟု တားယူရသည်အထိ။ သို့သော် တပ်မှူးကတော့ ခြံစည်းရိုးနွယ်များမှ အလေ့ကျပေါက်ပင် အညွန့်အရွက် သစ်သီးဝလံများကို ခူးဆွတ်နေပြန်သည်။
တစ်ပတ်ကျော်ကြာသောအခါ သူတို့ရွာသို့ မလာစဖူး မြင်းတပ်တစ်တပ် ရောက်ရှိလာ၏ ။ ဗိုလ်မှာ မထင်မှတ်ထားသော ငသူရိန် နှင့် တလိုင်းတစ်ဦး ဖြစ်နေသည်။ ငသူရိန်က သူတို့ကို တွေ့ရသဖြင့် ဝမ်းသာဟန် ပြသော်လည်း ဗိုလ်မင်းကြီးမို့ ထိန်းချုပ်နေရဟန် တူသည်။ လက်ျာဘီလူးကတော့ သူ့လူ ငသူရိန် ရာထူးရာခံကြီး ဖြစ်နေသဖြင့် ကျေနပ်အားရ ရှိလှ၏ ။
ထိုညက ရွာပြင်ရှိ ဦးမျှင်အိမ်၌ မီးပုံကြီး ဖိုလျက် သူတို့ သုံးဦးသား ရှေးဟောင်းနှောင်းဖြစ် အတွေ့အကြုံများကို ပြန်ပြောင်းပြောကြသည်။ ယခင်ကကဲ့သို့ ငသူရိန် မေး၍ တပ်မှူးက ဖြေရသည် မဟုတ်တော့ဘဲ တပ်မှူးမှာ စကားနည်းလျက် သူတို့ ပြောသမျှကိုသာ ပြုံးကြည့်နေတတ်သည်။ လက်ကမူ ဓားကို မချ။ သတိအမြဲ ကပ်နေသည်ကိုလည်း ငသူရိန် သတိထားမိသည်။
ငသူရိန်ကသာ သူ့အတွေ့အကြုံနှင့် ယခင် အတူရှိစဉ်က အဖြစ်အပျက်များကို အောက်မေ့တသ ပြောနေရသည် များ၏ ။ ဦးမျှင်မှာ မူလကပင် စကားမပြောတတ်သည်ဖြစ်ရာ နားထောင်သူသက်သက်။ သူပြောလို.. ထောက်လိုသမျှကိုမူ ဟိုသင်းခံလျက် အမြီးအမောက်မတည့် ဝင်ပြောလေ့ ရှိဆဲ။ လက်ျာဘီလူးကတော့ သူ့အကြောင်း ဘာမှ မပြောတော့ဘဲ အလောင်းမင်းတရား လက်ထက်တော်က အဖြစ်အချို့ကိုသာ သတိတရ ပြောဆိုနေသည်။
သူတို့ စကားဝိုင်းရှိရာ ဗိုလ်မင်း သမိန်အဲနရဲ ရောက်လာပြီး သေရည်သောက်ကြရန် ဆို၏ ။ ဦးမျှင်နှင့် အဖွဲ့ကျသွားသည်။ သူရိန် အနည်းငယ် သောက်သော်လည်း လက်ျာဘီလူးကတော့ မတို့မထိ၊ အလောင်းမင်းတရား ချမှတ်ခဲ့သည့် စည်းမျဉ်းများကို ယခုထိ အတိအကျ လိုက်နာနေတုန်းပင် ရှိသေးသည်။

(ဆက်ရန်...)  သူရိယ ဒေဝ (၁၀)

Written by သင်္ခရာဇာ

End date: October 10, 2021

သူရိယ ဒေဝ (၈)

ဆုံကြပါပြီ..၊ သူတွေ့ချင်လှသော တပ်မှူးနှင့်ကား မဟုတ်။ တပ်မှူးကို ဖိနှိပ်၍ ကျော်ကြားလာသသူ ဘယကျော်ခေါင်နှင့် ဖြစ်နေသည်။ ဗိုလ်မင်းကြီး သူရိယဒေဝသည် တာဝန်အရ မပျမဝပ် ရှိနေသော ရှမ်းပြည်တလွှားနှင့် ကချင်နယ် ဒေသအချို့သို့ လှည့်ပတ်သွားလာ ငြိမ်ဝပ်ပိပြားအောင် သိမ်းအုပ်ရင်း ကချင်နယ်စပ် တစ်နေရာတွင် ဘယကျော်ခေါင် ရှိရာ စစ်သူကြီး နေမျိုးသီဟပတေ့ တပ်သုိ့ ရောက်ရှိသွားခြင်း ဖြစ်၏ ။
မြန်မာတပ်များ ရှိသည်ဟု ကြားသဖြင့် ခရီးတစ်ထောက် နားခိုရန် ဝင်ခဲ့ရာ နောက်တစ်နေ့ နံနက်တွင် မထင်မှတ်ဘဲ ဘယကျော်ခေါင်တို့ စစ်ရေး လေ့ကျင့်နေသော ကွင်းဆီ ရောက်ရှိသွားခဲ့သည်။ သတ်ကွင်းအလယ်မှ သန်မာကျစ်လျစ်သော နှုတ်ခမ်းမွေးကျင်စွယ်နှင့် ဗမာကြီးမှာ ဘယကျော်ခေါင်မှန်း မသိသေး။ ဝင်လာသူများကို တစ်ယောက်ချင်းသာမက နှစ်ယောက် သုံးယောက်နှင့်လည်း အလွယ်တကူ ကိုင်ပေါက် ဖမ်းချုပ် သတ်ပုတ်နေရာ ကြည့်ကောင်းသဖြင့် ကြည့်နေမိခြင်းသာ ဖြစ်သည်။
သူ့အနောက်မှ ရဲမက်တစ်ဦးက
"သည်တပ်မှာတော့ ဘယကျော်ခေါင်ကို လက်ရုံးချင်း ယှဉ်နိုင်သူ မရှိသေးဘူး ဗိုလ်မင်း" ဟု ပြောလာသောအခါ သူ့သွေးတွေ ဆူဝေသွားသည်။ သင်းက ဘယကျော်ခေါင်လား၊ ငါကလည်း သူရိယ ဒေဝ ကပဲ၊ အစွမ်းချင်း ယှဉ်ရသေးတာပေါ့ ဟု စိတ်ထဲမှ ကြုံးဝါးကာ စည်းထဲ ဝင်သွားသည်ကို သူ့နောက်မှ တပ်သားများနှင့် ထိုတပ်မှ ရဲမက် ဗိုလ်ပါများ မတားလိုက်နိုင်။
ဘယကျော်ခေါင်ကလည်း ရုတ်တရက် ဝင်လာသော မျက်နှာစိမ်း ဗိုလ်တစ်ဦးကို ကြောင်ကြည့်နေပြီးမှ အရိုအသေ ပြုသည်။ သူကတော့ ဂရုမစိုက်ဘဲ စစ်ဝတ်တန်ဆာများကို ချွတ်နေရင်း
"ရောင်းရင်း လက်စွမ်းကောင်းတယ် ဆိုလို့ တစ်ပွဲတစ်လမ်း စမ်းကြည့်ချင်ရုံပါ"
ဟု ဆိုလိုက်သည်။ ဘယကျော်ခေါင်က သူ့တပ်မှ ဗိုလ်မှူးကို ကြည့်၏ ။ ဗိုလ်မှူး နန္ဒယော်ဓာလည်း မပြောသာ၊ ကြည့်နေရသည်။ မိမိထက် ကြီးသော ဗိုလ်မင်းတစ်ဦးနှင့် သတ်ပုတ်ရမည်ဖြစ်၍ ဘယကျော်ခေါင် အမ်းနေသော်လည်း သူရိယ ဒေဝကတော့ ခပ်တည်တည်ဖြင့် ကိုယ်ကို ဆီသုတ်လိမ်းပေးစေပြီး ကွင်းပြင်အလယ် လျှောက်လာသည်။
"ကျုပ်က ရာထူးကြီးတယ် ဆိုပေမယ့် ရောင်းရင်းထက် အများကြီး ငယ်ပါတယ်။ တန်းတူလိုပဲ သဘောထားပြီး အကောင်းဆုံး အစွမ်းကို ထုတ်ပါ"
စိန်ခေါ်၍ လက်ခမောင်း ခတ်လိုက်၏ ။ ဘယကျော်ခေါင်ကလည်း တဖြောင်ဖြောင် ပြန်ခတ်ပြီး သူ့နားရွက်ကို တံတွေးဆွတ်ရန် လက်ကမ်းလိုက်သည်။ ရုတ်တရက် သူရိယ ဒေဝ က တံတွေးဆွတ်မည့် လက်ကို ဖမ်းလိမ် ဆွဲယူ ပေါက်ချလိုက်ရာ ဘယကျော်ခေါင် စွေ့ခနဲ ပါလာပြီး မြေပြင်ပေါ် လိမ့်သွား၏ ။
ကျော၌ ယခုမှ သဲပေရသော ဘယကျော်ခေါင် အံ့သြသွားပြီး တစ်စုံတစ်ခုကိုလည်း အမှတ်ရလိုက်သလို ဖြစ်သွားသည်။ ထိုပုံစံ အမူအကျင့်သည် တပ်မှူး လက်ျာဘီလူး တစ်ဦးသာ လုပ်တတ်သော စရိုက် လက္ခဏာ မဟုတ်ပါလား။ ယခု လက်ျာဘီလူးကဲ့သို့ ဟန်ပန်မူရာရှိသူ တစ်ဦးနှင့် ထပ်မံ တွေ့ကြုံရပြန်ပြီ။
သူရိယ ဒေဝက မခန့်လေးစား တစ်ချက် ပြုံးလိုက်ပြီး လက်ကမ်းပေးလိုက်သည်။ မုဆိုးဒူးထောက် ထိုင်ရင်း ပေါင်ပေါ် လက်တင်ထားသော ဘယကျော်ခေါင်က ကျန်သည့်လက်ဖြင့် ဗိုလ်မင်း၏ လက်ကို ကိုင်မိသည်နှင့် ဗိုလ်မင်းက မညှာမတာ လျင်မြန်စွာ လက်လိမ်ချိုးလိုက်ပြန်သည်။ ဘယကျော်ခေါင် နာကျင်အောင့်မျက်သွားပြီး သည်ဗိုလ်မင်း မည်သည့်အငြိုးကြောင့် မိမိအား ရန်လိုနေပါသနည်းဟုပင် တွေးတောလိုက်မိသည်။
သူရိယ ဒေဝ ကတော့
"ရောင်းရင်းက လက်စွမ်းသာ ကောင်းတာ ရန်သူကို အယုံလွယ်လှချည်လား၊ သည်ပုံဖြင့် ဘယ်လို စစ်တိုက်နေသလဲ သိချင်ပ ရောင်းရင်း"
ဟော..၊ ပြောလာပြန်ပြီ။ လက်ျာဘီလူး ပြောတတ်သည့် စကားမျိုး သည်ဗိုလ်မင်း နှုတ်မှ ထွက်လာပြန်သည်။ ဘယကျော်ခေါင် ဝေခွဲမရစွာ နာနာကျင်ကျင် မော့ကြည့်တော့ သူ့အား ဖိနှိပ်ထားလျက် ပြုံးနေသော အေးစက်တည်ငြိမ်သည့် ကြောက်စရာ အပြုံးတစ်ခုကို တွေ့လိုက်ရပြန်၏ ။
"ခွင့်လွှတ်ပါ.. ဗိုလ်မင်း၊ ကျုပ် ဗိုလ်မင်းလောက် သတ္တိ ဗျတ္တိ နှလုံးဝမ်း မရှိပါဘူး"
ထိုအခါမှ သူရိယ ဒေဝက လွှတ်ပေးပြီး သူ့လက်မောင်းကို ပုတ်လျက်
"ဒါနှင့်များ ရောင်းရင်းက ကျုပ်တို့ တပ်မှူးကို အနိုင်ယူခဲ့တယ်ဆို"
"ဘယ်လိုခင်ဗျ"
"လက်ျာဘီလူး ဆိုတဲ့ တပ်မှူးတစ်ဦးကို စိန်ခေါ်ပြီး အလောင်းမင်းတရားရဲ့ သူရဲကောင်းကြီးကတောင် ကြောက်လို့ အရှုံးပေးသွားရတယ် ဆိုတော့ ရောင်းရင်းရဲ့ လက်စွမ်းကို အထင်ကြီးမိလို့ပါ.. ဟက်ဟက်"
ဘယကျော်ခေါင် ထိတ်လန့်သွားပြီး နဖူးနှင့် သဲပြင် ထိအပ်ရင်း
"အရှင် အထင်မှားနေတာပါ။ လက်ျာဘီလူးကို ကျွန်တော်မျိုး မနိုင်ခဲ့ပါဘူး။ ကျွန်တော်မျိုးလည်း အထင်လွဲပြီး ဝံ့ကြွားမိမှားခဲ့တယ်။ တကယ်တော့ လက်ျာဘီလူးက သူရဲတစ်ဦး အချည်းနှီး ဆုံးရှုံးရမှာကို သူ့ ဂုဏ်သိက္ခာနဲ့ လဲသွားခဲ့တဲ့ မြင့်မြတ်လှသူ တစ်ဦးပါ"
ငသူရိန် မျက်လုံးကျယ်သွားပြီး ဘယကျော်ခေါင်ကို ဆွဲထူလိုက်သည်။ အဖြစ်အပျက် အလုံးစုံကို မေးသည်။ တပ်မှူးအကြောင်း ကြားရသောအခါ တပ်မှူးကို အလွန် တွေ့ချင်လာပြန်သည်။ ထို့ကြောင့် ဘယကျော်ခေါင်အား ယခု လက်ျာဘီလူး အဘယ်မှာ ရှိသည်ကို သိသလား ဟု မေးရာ ဘယကျော်ခေါင်က
"ကျွန်တော်နဲ့ ကသည်းပြည်က ပြန်လာပြီး ယိုးဒယားစစ်မှာ မဟာနော်ရထာတပ်က ပါသွားကြောင်း သိရပါတယ်။ ယိုးဒယားမှာ ဗိုလ်မှူးချုပ် မဟာနော်ရထာ ဆုံးပါးသွားသလို ကျွန်တော်တို့ တပ်မှူးလည်း စိတ်ကစဉ့်ကလျားဖြစ်ပြီး ထိန်းချုပ်မနိုင် ဖြစ်သွားတယ်လို့ ကြားပါတယ်။ အခုတော့ သူ့ကို ဘယ်မှာထားလဲ မသိရပါဘူး"
သူရိန် တွေဝေ ငေးမောသွားသည်။ တပ်မှူး မည်သည့် အဖြစ်မျိုးကို ကြုံခဲ့ရပါသနည်း။ တည်ငြိမ် ရင့်ကျက်လှသော တပ်မှူးအား ယိုးဒယားတို့က မကောင်းသည့် အစီအရင်များဖြင့် စိတ်ဖောက်ပြန်စေခဲ့လေသလား။ ဘယကျော်ခေါင် ပြောနေသည်များကိုပင် မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေသည်။
"တကယ်တမ်းသာ တိုက်ကြရင် လက်ျာဘီလူးဟာ ကျွန်တော်မျိုးရဲ့ အဖက်မဟုတ်ပါ။ တစ်ခဏချင်း ရင်ကို ခွဲ၍ အသားကို စားမည့် သူရဲမျိုးသာ ဖြစ်ပါတယ်။ ကျွန်တော်က မသိနားမလည်၍ သိမ်ဖျင်းသောစကား ဆိုခဲ့မိတာပါ ဗိုလ်မင်း"
ဘယကျော်ခေါင်ကို မည်သို့ ပြန်ပြော၍ ထားခဲ့မိမှန်းမသိ။ တစ်စုံတစ်ခု ပြန်ပြော နှုတ်ဆက်ခဲ့မိသည်ကိုတော့ သိလိုက်သည်။ လူအုပ်အလယ်မှလည်း စိတ်မကပ်ဘဲ ထွက်လာခဲ့သည်။ သူ စဉ်းစားနေမိသည်မှာ တပ်မှူး ဘယ်ရောက်နေသလဲ၊ ဘယ်လို လုပ်ရင် အဖိုးတန်တပ်မှူးတစ်ဦးအဖြစ် ပြန်မြင်ရနိုင်သလဲ ဆိုတာတွေသာ ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင် နောက်တစ်ခေါက် နေပြည်တော် ပြန်ရောက်တော့ ဝန်ကြီး ဇေယျကျော်သူက သူ့ကို တိုက်ရိုက်ခေါ်တွေ့ မေးမြန်းလာသည်။
"မောင်မင်း လက်ျာဘီလူး ဟူသည့် တပ်မှူးတစ်ဦးကို သိသလား"
သူ နှလုံးခုန် မြန်သွား၏ ။ အဘယ့်ကြောင့် ဝန်ကြီးက တပ်မှူးအား မေးမြန်းသနည်း။ တပ်မှူး ပြန်ရောက်နေပြီလား။ အကြောင်း တစ်စုံတစ်ရာ ရှိပြီလား။ ဝန်ကြီးကိုယ်တိုင် မေးသည်ဆိုတော့ သူ့လက်အောက်တွင် ချီးမြှောက်လို၍လား။
"သိပါတယ် ဘုရား"
"အိမ်း၊ ကောင်းတယ်၊ ကောင်းတယ်။ ငါ့လူအချို့ကလည်း မောင်မင်း သူ့ကို သေသေချာချာ သိတယ် ဆိုကြတယ်"
ဝန်ကြီးက ခေတ္တ နားပြီးမှ...
"အဲသည် လက်ျာဘီလူးဟာ အင်မတန် မောက်မာတာ မောင်မင်းလည်း ကြားမှာပေါ့။ ငါတို့ ဘဝရှင်ကိုတောင် မခန့်လေးစားနဲ့ လုပ်ခဲ့သေးဟဲ့။ အခု ယိုးဒယားက ပြန်လာတယ် ကြားတယ် မောင်မင်း"
သူ့ရင် ထိတ်ခနဲ ဖြစ်သွားသည်။
"မှန်ပါ ဘုရား"
"အင်း၊ မောင်မင်းလည်း သတ္တိ ဗျတ္တိမှာ ပြောစရာ မလိုဘူး။ ငါ့ကို သစ္စာကြီးတာလည်း ကြာပြီ။ သည်တစ်ခါ အရေးပြီးလျင်တော့ ဗိုလ်မှူးကြီးအဆင့် ရအောင် ငါတို့သခင်ထံ လျှောက်တင်ပေးမယ် မှန်းထားသကွဲ့"
သူ အလွန်အမင်း ဝမ်းသာသွားသည်။
"မှန်.. မှန်ပါ့ ဘုရား၊ အမှုတော်ကို အသက်နှင့်လဲ၍ ထမ်းရွက်ပါ့မယ် ဘုရား"

"မောင်မင်း လုပ်ရမှာက မခဲယဉ်းပါဘူး။ အဲဒီ လက်ျာဘီလူးကို ငါ့စိတ်ထဲ ဆူးငြောင့်ခလုတ်လို ဖြစ်နေတယ်။ မောင်မင်းက သူ့ကို ရှာပြီး ရှင်းလင်းပေးရုံပဲ။ ပြီးတာနဲ့ ဗိုလ်မှူးကြီးဘွဲ့ကို ပြန်လာယူပေါ့ကွာ"

(ဆက်ရန်...)  သူရိယ ဒေဝ (၉)

Written by သင်္ခရာဇာ
End date: October 9, 2021

သူရိယ ဒေဝ (၇)

အချိန်ကာလများက တစ်နှစ်ပြီး တစ်နှစ်၊ ရာသီစက်ဝန်းက တစ်ပတ်ပြီး တစ်ပတ်။ ငသူရိန်ပင် နောင်တော်မင်းကြီးလက်ထက်က ဗိုလ်အဆင့် ရှိခဲ့ရာမှ ယခုအခါ ဆင်ဖြူရှင်မင်းတရားလက်ထက်တော်၌ တပ်ပေါင်းဗိုလ်အဆင့် ဖြစ်လာပြီး ဘွဲ့အမည်မှာလည်း အလောင်းမင်းတရား လက်ထက်တော်က တုရင်ဒေဝ၊ ထိုမှ သူရိန်စက္က၊ ယခုမူ ဗိုလ်မင်းကြီး သူရိယဒေဝ ဖြစ်လာခဲ့ပြီ။
သူနှင့် တွဲဘက် ဖြစ်ခဲ့သော သွေးသောက်ကြီး ငမျှင်မှာ အလောင်းမင်းတရား လက်ထက်တော်ကပင် အနားယူသွားခဲ့သည်။ သူ့တပ်မှူးဟောင်း လက်ျာဘီလူးသည် အယုဒ္ဓယ၌ ကျန်ရစ်ခဲ့ပြီး သွေးသောက် ငကံမှာမူ တပ်မှူးနှင့် စရိုက်တူသောကြောင့် ယခုအထိ ရာထူးမတိုးသည့်အပြင် အကြပ်အဆင့်သို့ပင် လျောကျသွားကြောင်း ကြားသိခဲ့ရသည်။ မည်သည့်တပ်၌ အမှုထမ်းနေသည်ကိုမူ မသိရှိရ။ နောင်တော်ကြီးမင်း တပ်များတွင် တစ်ကြိမ်သာ တွေ့လိုက်၍ နောင် တပ်မှူးကဲ့သို့ပင် ပျောက်ဆုံးနေခဲ့သည်။
ငသူရိန်ကတော့ အရည်အချင်းအလိုက် အဆင့်ဆင့် မြင့်တက်ခဲ့ရာ တပ်ပေါင်းဗိုလ်ကြီးအဖြစ် ဝန်ကြီးဇေယျကျော်သူ၏ လက်အောက်၌ အမှုတော်ကို ထမ်းရွက်နေရသည်။ ဝန်ကြီး အလွန် အားထားရသည့် ဗိုလ်တစ်ဦးလည်း ဖြစ်သည်။ သူ့အလားအလာမှာ အလွန်ကောင်းနေပြီး မကြာမီ အတွင်းတော်သို့ လျှောက်တင်ပေးနိုင်ခဲ့ပါက ဗိုလ်မှူးအဆင့်ထိ ရောက်မည့်သူဖြစ်ကြောင်း ပြောဆိုယူဆခြင်း ခံနေရ၏ ။
ငသူရိန် လိုချင်သည်မှာလည်း ဤအရာပင် ဖြစ်သည်။ သူသည် မြန်မာ့ရာဇဝင်တွင် ထင်ပေါ် ကျော်ကြားသော သူရဲကောင်းတစ်ဦး ဖြစ်ရမည်။ နာမည်ကျော် ဗိုလ်မှူးကြီးတစ်ဦးလည်း ဖြစ်ရမည်။ သူ့အကြောင်းနှင့် ထူးချွန် ထင်ပေါ်မှုများကို ရွှေပေထက်၌ မှတ်တမ်းတင်စေရမည်။ အမတ်ကြီး လက်ဝဲနော်ရထာ စီရင်သည့် အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်းတွင် မပါဝင်လိုက်ရသော်လည်း နောင် ရေးသားမည့် ကျမ်းများ၌မူ သူ့အမည် တွင်ကျန်နေစေရမည်ဟု အဓိဋ္ဌာန်ပြုကာ အမှုတော်ကို သက်စွန့်ဆံဖျား ရွပ်ရွပ်ချွံချွံ ထမ်းနေခဲ့သည်။
ထို့ကြောင့်လည်း လက်ရုံးချင်းတွင် ဗိုလ်ချင်း၌သာမက မင်းညီမင်းသားများတွင်ပါ သူ့ကို ဖက်ပြိုင်နိုင်သူ ရှားခဲ့ပြီ။ ဆင် မြင်း ဓား လှံ လက်နက်များကို တစ်ဖက်ကမ်းခတ် ကျင်လည်သည်သာမက သေနတ်ပစ်တွင်လည်း လက်ဖြောင့်လွန်းသည်ဟူ၍ နေပြည်တော်ဝယ် ကျော်လှသည်။ အထူးသဖြင့် မြင်းစီးရင်း ပစ်ခတ်ရသည့် ပွဲများတွင် သူသည်သာ အမြဲ အနိုင်ရလေ့ရှိ၏ ။
တစ်နေ့သ၌ ဗိုလ်မင်း သူရိယ ဒေဝသည် စစ်ကိုင်းဘက်သို့ သွားရင်း ထူးခြားသော သတင်းတစ်ခုကို ကြားရ၏ ။ အခွန်တော်ကောက် လာသော ရဲမက်တစ်စုနှင့် တပ်သားသစ် အကြပ်တစ်ဦး ခိုက်ရန်ဖြစ်ပွားကြသည် ဟူသော သတင်း ဖြစ်သည်။ ယခုတလော တောစွန်ဖျားနားနှင့် နေပြည်တော်မှ အလှမ်းဝေးသော အရပ်များတွင် အချို့ရဲမက်များ အနိုင်အထက် ပြုကျင့်တတ်ကြောင်း ကြားမြင်နေရရာ ထိုသတင်းမှာ ထူးခြားသည်ဟု သူ မထင်ခဲ့မိ။
ဆင်ဖြူရှင်မင်းတရားကလည်း နေပြည်တော်ကို ရတနာသိင်္ဃမှ အင်းဝ ရတနာပူရသို့ ပြန်လည်ပြောင်းရွှေ့စဖြစ်ရာ တည်ဆောက်ရေးလုပ်ငန်းများနှင့် မအားလပ်ကြသဖြင့် အချို့စစ်သည်များ စည်းကမ်းပျက်နေကြခြင်း ဖြစ်သည်။ သို့သော် ထူးခြားသည်မှာ ဤတစ်ကြိမ်တွင် ရဲမက်များက အရပ်သားများကို ဒဏ်ရာအနာတရ ပြုလိုက်ကြသည် မဟုတ်ဘဲ အရပ်သား တပ်သားသစ်တစ်ဦးက ရဲမက်အများကို ပြင်းစွာ ဒဏ်ရာရအောင် လုပ်သွားခြင်း ဖြစ်သည်။
ဒုတိယ ထူးခြားချက်မှာ ထိုသူ၏ ပုံပန်းသဏ္ဍာန်ကို ခံလိုက်ရသော ရဲမက်များက မပြောရဲကြခြင်း ဖြစ်ပြီး တတိယသတင်းမှာ ထိုသူသည် စစ်ကိုင်းတွင် အပ်နှံထားခဲ့သော မြင်းတစ်စီးအား လာရောက်ယူဆောင်ရင်းမှ ထိုသူ၏ မြင်းကို သဘောကျသည့် ရဲမက်များနှင့် အချင်းဖြစ်ပွားရသော ဟူ၏ ။
ထိုအထိ ဗိုလ်မင်း သူရိယဒေဝ စိတ်မဝင်စားမိသေး။ လူပြောများလာသဖြင့် ကြားရသော နောက်ထပ် သတင်းဖြစ်သည့် ခံလိုက်ရသူ ရဲမက်များမှာ တပ်စုတစ်စုစာ ရှိသည် ဟူရာ၌ ထိုသူ၏ လက်စွမ်းကို သူ သတိပြုမိလာသည်။ တပ်သားအသစ်တစ်ဦးသည် ထိုမျှ မစွမ်းနိုင်။ တပ်သားဟောင်း လူဟောင်းတစ်ယောက်ဖြစ်နိုင်သည်လည်း တစ်ကြောင်း၊ လက်ရုံးကောင်းသည် ဟူသော အချက်ကြောင့်လည်းကောင်း ငသူရိန် စိတ်ဝင်စားမိခြင်း ဖြစ်သည်။
သို့သော် သူ မေးမြန်းရာမှ ထိုသူ၏ မြင်းမှာ အလွန်လှပြီး အနီရောင်ရင့်ရင့်ရှိ၏ ဆိုသော နေရာတွင်မူ သူ တစ်စုံတစ်ခုကို မြင်ယောင်မိသည်။ ထို့ကြောင့် ထိုတပ်သား အဘယ်မှာ ရှိသနည်းဟု စုံစမ်းခိုင်းလိုက်သည်။ ရေရာသည့်သတင်း မကြားရ။ ထားဝယ်သို့ စေလွှတ်လိုက်သည့် တပ်များတွင် ပါသွားသလိုလိုသာ ပြောကြသည်။ မည်သူမှ သေချာစွာ မသိဘဲ အစန ပျောက်သွားပြန်၏ ။
သို့ဖြင့် အချိန်များစွာ ကြာသွားပြန်သည်။ သူလည်း မအားမလပ် အမြဲ အလုပ်များ ပင်ပန်းလျက် ရှိ၏ ။ တစ်ရက်တွင်မူ ပွဲလမ်းသဘင်တစ်ခု၌ သူ အလွန်အံ့အားသင့်ရသော အဖြစ်အပျက်တစ်ခု ဖြစ်လာသည်။ ရွှေနန်းရှင် ကိုယ်တော်တိုင် လက်ျာဘီလူး ဟူသည့် တပ်မှူးတစ်ဦးကို မြင်လိုသည်ဟု မိန့်ကြားလာသည့်အခါ သူသိဖူးသော လက်ျာဘီလူးများလားဟု မျှော်လင့်မိသွားသည်။
တကယ်လည်း သျှောင်ချောကြီးနှင့် သပ်ရပ်ခန့်ညားသည့် စစ်ဝတ်စုံ ဆင်ယင်ထားသည့် တပ်မှူးကို ပြန်မြင်လိုက်ရသည်။ ငသူရိန် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။ ဣနြေ္ဒကို မနည်းဆည်နေရ၏ ။ သူ၏ ဝမ်းသာမှုကို မဖော်ပြနိုင်၊ မည်သူမျှ မသိ။ သူကတော့ တပ်မှူးကို ပြန်မြင်လိုက်ရ၍ ကလေးငယ်တစ်ယောက်ကဲ့သို့ စိတ်နှလုံး ရွှင်မြူးသွားသည်။
တပ်မှူးသည် ပိုမိုကြံ့ခိုင်လာပုံရ၏ ။ ပို၍လည်း တည်ငြိမ် ရင့်ကျက်လာသည်။ ဝင်လာသည့် တစ်လျှောက်လုံး မည်သူ့ကိုမှ မကြည့်၊ မင်းတရားကိုလည်း မော်မဖူးဘဲ ခေါင်းငုံ့ မျက်နှာချလျက်သာ တည်တံ့စွာ နေ၏ ။ သူ့မျက်လုံးများသည် ဘေးဘီကို တစ်ချက်မရွေ့ဘဲ ကျောက်သားကဲ့သို့ တည်ငြိမ်လှသည်။ မင်းတရားက သူ့အား လက်ဝဲဓားမှူးနှင့် လက်ရည်စမ်းရန် အမိန့်တော် မှတ်၏ ။
ရွှေဓားဗိုလ်ဖြစ်သော ရဲစက်တံခွန်မှာ လက်ရေးကောင်း ဗျတ္တိပြည့် လူစွမ်းကောင်းတစ်ဦးဖြစ်ကြောင်း ငသူရိန် သိထား၏ ။ ထို ရဲစက်တံခွန်နှင့် သုံးကြိမ်ယှဉ်ရာ လက်ျာဘီလူးက တစ်ကြိမ်နိုင်၍ ရွှေဓားဗိုလ်က နှစ်ကြိမ်နိုင်၏ ။ သို့သော် တပ်မှူးမှာ တိုက်ချင်ဟန် မတူ၊ လက်ရည်မမှန်ပေ။ မနိုင်လျင် အကြာကြီး တိုက်နေသလောက် သူ စွမ်းပြီဆိုလျင် တစ်ချက်တည်းနှင့် ပွဲသိမ်းတတ်၏ ။ သူရိန်ပင် သူ့တပ်မှူးကို နားလည်သလိုလိုနှင့် တကယ်တမ်း နားမလည်လှသလိုလို ဖြစ်နေပြန်သည်။
တပ်မှူးသည် ဟိုတုန်းကအတိုင်းပင် အချိုးမပြောင်း၊ မင်းတရားက သဘောကျတော်မမူသော်လည်း ယခင်အတိုင်းပင် အရေးယူမခံရဘဲ ရှိပြန်သည်။ အဘယ့်ကြောင့် လက်ျာဘီလူး မင်းအစဉ်အဆက် အရေးယူခြင်း မခံရဘဲ အပြစ်လွတ်လျက် ရှိသည်ကိုလည်း သူရိန်တို့ သူ့တပ်သားဟောင်းများ အပါအဝင် မည်သူမျှ မသိကြပေ။ အထူးသဖြင့် ယခု အဝရွှေနန်းရှင်လို အလွန်စိတ်တော်ထက်၍ ရာဇမာန်ပြင်းလှသည့် မင်းလက်ထက်တွင်ပင် အကွပ်မခံရခြင်းက ထူးဆန်းလျက် ရှိသည်။ သူ၏ ကံဇာတာစန်းလဂ်ပင် ဖြစ်ပေမည်။

ထိုပွဲပြီးနောက် ငသူရိန် တပ်မှူးကို တွေ့ချင်လှသော်လည်း တွေ့ခွင့်မရပြန်။ သူလည်း မအားသလို လက်ျာဘီလူးသည်လည်း ကသည်းနယ် ထွက်ရပြန်သည်ဟု ကြား၏ ။ ဗိုလ်တစ်ဦးဖြစ်သူ ဘယကျော်ခေါင်နှင့် အချင်းများကြသည် ဟုလည်း ဆိုကြသည်။ သို့သော် တပ်မှူးက သူရဲဘောကြောင်စွာ ရှောင်ထွက်သွားသဖြင့် ဘယကျော်ခေါင် သတင်းကြီးနေသည်ဟု ဆိုကြပြန်ရာ ငသူရိန်မှာ မခံချင်ဖြစ်လျက် ဘယကျော်ခေါင် အမည်ကို မှတ်ထားလိုက်သည်။

(ဆက်ရန်...)  သူရိယ ဒေဝ (၈)

Written by သင်္ခရာဇာ
End date: October 8, 2021

သူရိယ ဒေဝ (၆)

ငမျှင် နောက်လှည့်ကြည့်တော့ သူရိန်ကို မတွေ့။ မွန်တပ်သားအချို့ သေနတ်ကိုင်လျက် ပြေးဆင်းလာကြသည်ကိုသာ တွေ့သည်။ သေနတ်သံများ ကြားရသဖြင့် ရေငုပ်လိုက် ကူးလိုက်နှင့် ပြည်ဘက် ကပ်ခဲ့ရ၏ ။ သူရိန်လည်း သူ့လိုပင် လုပ်လာပုံ ရသည်။
သူတို့အဖြစ်ကို မြင်သော ပြည်မြို့တွင်းက တံခါးဖွင့်ထားသည်။ သူတို့ နှစ်ဦးသား ဗ်ိုလ်မင်းများ ရှိရာ ပြေးသွားသည်။ မြို့တွင်းမှာလည်း နေ့ညဉ့်မစဲ အမြောက်ဆံများ ကျရောက်လျက်ရှိရာ အချို့ မြေကျင်းတူး၍ပင် ဝင်နေကြရသည်။ ထင်းခွေရေခပ်မျှ မထွက်ရအောင် မွန်တို့ ပိတ်ဆို့ထားသည်ဖြစ်၍ ငတ်မွတ်ပင်ပန်းကြသူလည်း အများ။ စစ်တွင်းမို့ မြင်မြင်သမျှ ရုတ်ရုတ်သဲသဲ အနိဋ္ဌာန်ရုံများချည်း ဖြစ်နေသည်။
စလေဝန်နှင့် တွေ့၍ ဗိုလ်မှူး အာကာရွှေတောင်ကို မေးမြန်းရာ မရှိကြောင်း သိရ၏ ။ နေ့လယ်က မွန်တို့ ညဉ့်ကို အရှေ့မျက်နှာမှ တိုက်လာမည် ဟစ်သဖြင့် မြင်းနှင့် ထွက်သွားကြောင်း သိရသည်။ ငမျှင်က မွန်တို့ ပရိယာယ်ပြုသည် အမှန်ဖြစ်မည်ဟု ဆို၍ လိုက်ခေါ်ရန် အရှေ့တံခါးသို့ သွားကြသည်။
အရှေ့တံခါး ရောက်လျင် တံခါးမှူးက အာကာရွှေတောင် မြင်းတစ်စီးတည်းနှင့် တံခါးက ထွက်သွားကြောင်း၊ မွန်တို့ တပ်မှ ထွက်လာသည်ကို မတွေ့၍ တောင်ဘက်သို့ သွားကြောင်းကို စလေဝန်အား လျှောက်တင်လေရာ သူတို့ တောင်မျက်နှာသို့ လိုက်ကြပြန်သည်။
တွေ့ပါပြီ၊ မြို့ရိုးပေါ်မှ တက်ကြည့်သော် တောင်မျက်နှာမှ အာကာရွှေတောင် ပြန်လာသည်ကို တွေ့ကြရသည်။ သူတို့က အမြန်ပြန်ဝင်လာရန် ဟစ်ရ၏ ။ အာကာရွှေတောင် ကြားသော်လည်း မွန်တို့ပစ်သည့် အမြောက်သံများကြောင့် နားမရှင်း၍ တပ်ထောင့်၌ မြင်းကို ရပ်ကာ နားစွင့်နေသည်ကို တွေ့ရသည်။
ထိုစဉ် အနောက်ဘက် မြစ်ကျဉ်းရာသို့ တိတ်တဆိတ် ပြောင်းရွှေ့ထားကြဟန် တူသော မွန်အမြောက်တပ်က အာကာရွှေတောင်ရှိရာ တပ်ထောင့်သို့ ရွယ်၍ စိန်ပြောင်းအများနှင့် တပြိုင်တည်း ပစ်ကြသည်။ အာကာရွှေတောင်အား စိန်ပြောင်းကျည်စေ့ မှန်၍ မြင်းပေါ်မှ လွင့်စင်ကျသွားသည်ကို မြင်ကြရသည်။ သူတို့၏ အားအထားရဆုံး ဗိုလ်မှူးကြီး ဆုံးချေပြီတကား။
ငမျှင်သည် တပ်တိုင်များကို လက်ဝါးဖြင့် အကြိမ်ကြိမ် ရိုက်၍ "မီပါလျက်နှင့်ကွာ" ဟု လည်းကောင်း၊ "ငါနောက်ကျလို့ ဖြစ်တာ" ဟူ၍လည်းကောင်း အမျိုးမျိုး ပြောရင်း ဒေါသကြီးလိုက်၊ ဝမ်းနည်းလိုက် ဖြစ်နေသည်။ သူရိန်ကတော့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေ၏ ။ စလေဝန်က အကြီးအမှူး ပီသပါပေသည်။ တပ်ကို အမြန် ထိန်းချုပ်၍ အာကာရွှေတောင် မရှိက မွန်တို့ တပ်ကို တက်လိမ့်မည်မချွတ် ဆိုကာ စစ်ပြင်ထားနှင့်ရသည်။
ထင်သည့်အတိုင်း ညဉ့်ကိုပင် မွန်အများ ပြေးထွက်လာ၍ မြို့ကို ကပ်ကြသည်။ အော်ဟစ် ကြေညာ ကြွေးကြော်လျက် တပ်ကို ဝါးလုံးလှေကားများ ထောင်တက်လာသည်၌ မြို့တွင်းသားတို့ကလည်း
"အာကာကျော်ထင် မရှိလည်း ကျောက်ခဲကျော်ထင် ကျန်သေးသကွ" ဟု အော်ဟစ်ကြလျက် ကျောက်ခဲ အုတ် တုတ် သေနတ်များဖြင့် ဝိုင်းဝန်းပစ်ချကြရာ မွန်တို့ အထိအပါး များလှလျင် တပ်ဆုတ်သွားကြပြန်သည်။
အလောင်းမင်းတရား တပ်တော်များလည်း ကျောက်မြောင်းအရပ်၌ စောင့်ဆိုင်းနေစဉ် အာကာရွှေတောင် ကျဆုံးကြောင်း၊ မွန်တို့ အလုပ်အကြံများကြောင်း၊ စလေဝန် ရွှေတောင်အာကာ ပြည်မြို့ကို အုပ်ချုပ်လျက် ခံ့ခံ့စားစား ခံနေသဖြင့် မွန်တို့ ပြည်ကို မရသေးကြောင်းများ ကြားသိရလျင် မှူးမတ်ဒေါဗညားအပေါင်းနှင့် တိုင်ပင်တော်မူသည်။ နနွင်းကိုင်းတပ်သို့ အခေါ်လွှတ်သော မင်းလှစည်သူနှင့် သေနတ်ဝန် မင်းလှမင်းခေါင်ကျော် ပါလာသဖြင့် မင်းလှစည်သူအား မှိုင်းသဲသဲလှေတော်ကြီးနှင့် တိုက်လှေ ၃၅ စင်း စစ်ဦးချီသွားနှင့်စေသည်။
သေနတ်ဝန် ဦးကောင်းကိုမူ ရှမ်းပြည် ကျိုင်းတောင်းသို့ လွှတ်လိုက်သည်။ ဗိုလ်မှူး မင်းလှစည်သူတို့ ပြည်ကြောင်း ချီသွားလျင် မွန်စစ်သူကြီး တလပန်းက တိုက်လှေ ၁၀၀ ကို စစ်မြှူခန့်၍ လှေကြီး ၃၀၀ ကျော်နှင့် မြစ်ပြင်ပြည့် စောင့်နေကြ၏ ။ အနောက်မှလည်း လှေ ၂၀ ကို အမြောက်သေနတ် တင်လျက် ရွှေဘုံသာ ရေလက်ကြားတွင်း ပုန်းကွယ်နေစေသည်။
ဗိုလ်မှူး မင်းလှစည်သူတို့ လှေ ၃၆ စင်း ရောက်လာ၍ မွန်လှေ ၁၀၀ နှင့် တိုက်ကြသည်။ မွန်တို့ ပြေးလျင် မရပ်မနား လိုက်လံတိုက်ခိုက်ကြရာ တိုက်လှေကြီး ၃၀၀ ကျော်က ရှေ့မှ၊ လှေ ၂၀ အနောက်မှ နှစ်ဖက်ညှပ်၍ အမြောက် သေနတ် ထူထပ်စွာ ဝိုင်းပစ်ကြသော်လည်း အနောက်လှေတပ်ကို လှည့်မတိုက်ကြဘဲ တလပန်းတို့ လှေကြီး ၃၀၀ ကျော်သို့သာ အပြင်းတိုးဝင် တိုက်ကြရာ တလပန်း ရေတပ်သာမက ဒေါစွယ်ယစက် လှေတပ်ကြီးပါ ပျက်ပြေးကြရသည်။ အနောက်မှ လှေတပ်လည်း ရေလက်ကြားသို့ ဝင်ပြေးသဖြင့် လွတ်လေ၏ ။
ထိုသို့ အပြင်းအထန် တိုက်ခိုက်နေကြသည်ကို စလေဝန်၊ ငမျှင်နှင့် ငသူရိန်တို့ မြို့ရိုးထက်မှ မြင်နေကြရသည်။ သို့သော် အလှမ်းဝေးသည့် မြစ်ကြောင်း၌ လှေအနည်းငယ်နှင့် လှေကြီးအများ တိုက်ခိုက်နေကြသည်မှာ မွန်တို့ ရှေးကအတိုင်း ပရိယာယ်တစ်မျိုးမျိုး ကြံသည်ဖြစ်မည် ဟုသာ ထင်မှတ်လျက် ကြည့်နေကြသည်။
မင်းလှစည်သူစီး မှိုင်းသဲသဲ လှေတော်ကြီးကား မွန်ရေတပ်တွင်း တစ်စင်းတည်း ဝင်သွားသဖြင့် မွန်တို့က ဝိုင်းဝန်းပစ်ခတ် ကပ်လာကြသောကြောင့် ရဲမက် ၁၀၀ ကျော် လှေထက်မှ ခုန်ချ ကူးပြေးကြရသည်။ ကျန်ရှိသည့် လက်မရွံ့သူရဲ ၁၀၀ ကျော်နှင့်သာ ကပ်လာသမျှ မွန်တို့ကို ထိုးခုတ် ပစ်ခတ်လျက် ဦးမှ ပဲ့တိုင် ပြေးလွှားကာကွယ်နေကြရ၏ ။ အတန်ကြာမှ လှေလေးစင်း အတင်းဝင်လာ၍ မွန်တို့ကို တိုက်ခိုက်ရင်း လှေတော်ကြီးကို ဆွဲငင်ယူကြသောကြောင့် ထွက်လာနိုင်လေသည်။
မွန်ရေတပ်တွင်း ရုတ်ရုတ်သဲသဲ ရှိနေသည်ကို မသင်္ကာ၍ တုရင်ဒေဝ ငသူရိန်နှင့် သူရဲ ၂၀ မြို့က ထွက်ကာ ကျောင်းကြီးမော် သောင်စွန်း၌ ကျောက်ချထားသည့် လှေကြီးအနား သွားရောက်မေးမြန်းကြရာတွင် မြန်မာတို့က ဦးဆံဖြေပြသဖြင့် သျှောင်ကို တွေ့ကြသောအခါမှ ယုံကြည်ကာ ဝမ်းသာအားရ ဖြစ်ကြရသည်။ မင်းလှစည်သူတို့ လှေ ၃၆ စင်းလည်း ထိုအခါမှ မြို့တွင်းသို့ ဝင်ရ၏ ။
ရတနာသိင်္ဃ တပ်တော်များ တောင်ငူကြောင်းနှင့် ပြည်ကြောင်း စစ်နှစ်ကြောင်း ခွဲလျက် ရေအား ကြည်းအား အလုံးအရင်းနှင့် လိုက်ချီလာပြီး ပြည်မြို့မြောက်ဘက်၌ တပ်ချလာသည်။ မွန်တို့ ထွက်မတိုက်ဝံ့။ ရံတပ်များကိုသာ လုံခြုံအောင် ဆူးငြောင့်ခလုတ် ထပ်စိုက် ပြင်ဆင်နေကြသည်။ မြန်မာတပ်များ တိုက်ကြသော်လည်း မရဘဲ အသေအပျောက် များသဖြင့် တန့်နေကြသည်။
မွန်တို့အား မနိုင်သဖြင့် အလောင်းမင်းတရားကိုယ်တော်တိုင် ပြထက် တက်၍ ကြည့်တော်မူမည်၊ ရွပ်ရွပ်ချွံချွံ လုပ်ကြံကြ ဟူသော အမိန့်ကို တပ်တိုင်း လိုက်ပြန်သည်၌ ငသူရိန် စောင့်နေသော အခွင့်အရေးသည် ပေါ်ပေါက်လာခဲ့ပြီ။ အလောင်းမင်းတရားအနီး၌ သူတို့ တပ်မှူး မင်းထင်နော်ရထာကိုလည်း တွေ့ရ၏ ။ ထိုပွဲတွင် ငသူရိန် မြင်းစီး ကစားလျက် အစွမ်းပြသည်ကို မင်းတရား မြင်တော်မူသည်။
သို့သော် မွန်တို့ကိုမူ မရခဲ့။ ပြောင်းသေနတ်အမြောက် ထူထပ်လှသောကြောင့် မကပ်နိုင်ရှိလျင် ရဲမက်တော်တို့ နာရှခြင်း နည်းစေရန် ကြံစည်တော်မူသင့်ကြောင်း မင်းထင်နော်ရထာ လျှောက်သည်၌ ခြင်းကြားကြီးများ ရက်စေ၍ ကောက်ရိုးအပြည့်ထည့် လှိမ့်ကာ နောက်မှ ကွယ်လိုက်ကြရာတွင်မှ အထိအပါးနည်း၍ တပ်ကို ကပ်နိုင်သဖြင့် မွန်တို့ ပျက်ကြရသည်။ ငသူရိန်လည်း ပွဲရ၏ ။
ထို့နောက် ပြည်ကို ရံသော တပ်ကြီးကို လုပ်ကြံကြသည်။ ခဲခက်စွာ တိုက်ခိုက်ပြီးမှ အောင်မြင်၏ ။ ပြည်ကို ရလျင် ကူထွတ်လွန်ဆေး မြို့ကို ချီ၍ မြန်အောင်ဟု သမုတ်တော်မူသည်။ ငသူရိန်လည်း တုရင်ဒေဝ အမည်မှ သူရိန်စက္က ဟူ၍ ဖြစ်လာခဲ့သည်။ လက်ျာဘီလူးက သူ့တပ်သားကျော် ဘွဲ့မည်ရသည်ကို အလွန်အားရ ကျေနပ်စွာ ပခုံးကို ဆုပ်ကိုင်ဖျစ်ညှစ်လျက် ချီးကျူးနေလေသည်။

ညီငယ်ရင်းချာကဲ့သို့၊ ရောင်းရင်းဖက်တစ်ဦးကဲ့သို့ စိုက်ကြည့်ဝမ်းသာ အားပေးနေသည်ကို ငသူရိန်ကလည်း လေးစားချစ်ခင်စွာ ပြန်ကြည့်ရင်း ပြုံးရယ်နေမိသည်။ ငကံတို့ ငမျှင်တို့ အကြပ် တပ်သားများ အားလုံးလည်း မြူးထူးပျော်ရွှင်နေကြကုန်၏ ။

(ဆက်ရန်...)  သူရိယ ဒေဝ (၇)

Written by သင်္ခရာဇာ
End date: October 8, 2021

သူရိယ ဒေဝ (၅)

ပြည်မြို့ကို ရလျင် အာကာကျော်ထင် မြို့စောင့်နေ၍ ငသူရိန်နှင့် ငမျှင်တို့လည်း ပြည်၌ပင် အားဖြည့်နေကြသည်။ လက်ျာဘီလူး တွက်သည့်အတိုင်း မွန်တို့က တပ်ပေါင်းများစွာနှင့် သူရဲ ၅၀၀၀၀ ကျော်ကို မွန်မင်းညီကိုယ်တိုင် အချုပ်ပြုလျက် ချီလာသည်။ ထို့ကြောင့် ပြည်၊ မြန်အောင်တို့မှ တိုက်လှေနှစ်စင်း အလောင်းမင်းတရားထံ လှေလျင်စေလိုက်သည်။ လက်ျာဘီလူးလည်း လမ်းကြောင်းတစ်နံတစ်လျား လှေမြင်း စီစဉ်ခန့်ရံပြီးလျင် ရွှေစက်တော်အောက် အမြန် ပြန်ခဲ့၏ ။
အလောင်းမင်းတရားက ဟံသာဝတီကို ချီမည်ဟူ၍ ဦးရီးတော်သမက် စည်သာမင်းကြီးဟောင်း မင်းလှစည်သူအား မှိုင်းသဲသဲ လှေတော်ကြီးနှင့် တိုက်လှေ ၃၅ စင်း အပ်လျက် လှေတက်အများ အလျင်အမြန် လုပ်ဆောင်ရန် ကျောက်မြောင်းသို့ လွှတ်လိုက်သည်။ မင်းလှကျော်ထင်ကို လှေလုပ်ရန် သစ်ပျဉ်နှင့် လှေစပ်တတ်သူ လက်သမားများ ရှာဖွေဆောင်ယူစေ၏ ။
ဗိုလ်မှူး မင်းလှစည်သူနှင့် မင်းလှကျော်ထင် ရှေးဦး ချီသွား၍ ကျောက်မြောင်းရောက်လျင် မြို့ရွာများမှ စုစည်းမိထားသော လှေတက်များ၊ သစ်ဝါးများကို မြင်သော် အလွန်အံ့သြကြသည်။ မရောက်မီက လုပ်နှင့်နေကြသော လှေလုပ်လက်စတို့မှာ နတ်သိကြား ကူမသည်ဖြစ်မည်ဟု ထင်ကြကုန်၏ ။ မင်းလှကျော်ထင်ကား ပို၍ အံ့အားသင့်ရ၏ ။ မြစ်ကြောင်းတစ်လျား မြို့ရွာများ အားလုံးက သစ်ဝါးခုတ်လျက် လှေလုပ်ပြီး စောင့်ကြိုနေကြသောကြောင့် ဖြစ်လေသည်။
ကျောက်မြောင်းသို့ မင်းလှစည်သူရောက်မှ လုပ်ဆောင်ရသည် ဟူ၍ အိမ်ရှေ့မင်းနှင့် မြေဒူးမင်းသားစီး လှေတော်ကြီး ၂ စင်းနှင့် ဗိုလ်မှူးများစီးရန်လှေအချို့၊ ဖောင်တော်ကြီးတစ်ခုသာ ရှိသည်။ လုပ်နှင့်ပြီးသော လှေဖောင်အများကို မည်သူက စီရင်ခိုင်းသနည်း မေးသောအခါတွင်လည်း မည်သူမှ မလျှောက်တင်တတ်။ ဆံပင်ဖားလျားနှင့် မင်းလုလင်တစ်ဦးက ဟံသာဝတီ စစ်ချီရန် စုဆောင်းလုပ်ဆောင်ခိုင်းခဲ့ကြောင်းသာ ပြောနိုင်ကြသည်။
လက်ျာဘီလူး နေပြည်တော်ရောက်လျင် အလောင်းမင်းတရားက လှေတက်များ စုဆောင်းလုပ်ဆောင်ချိန် ဆိုင်းငံ့နေသည်ကို လက်ျာဘီလူးက အလျင်ချီပါမှ အရေးတော် လှမည့်အကြောင်း မကြာခဏ လျှောက်တင်၏ ။ ဘုန်းတော်ကြောင့် လိုအပ်သည့် လှေလှော်ကား အလုံးစုံ အချိန်မီ ပြီးစီးနိုင်လိမ့်မည်ဟု ဆိုနေသည်ကို အလောင်းဘုရား ယုံရအခက် ဖြစ်နေသည်။ အခြားမှူးမတ်များကလည်း အဆောတလျင် မချီသင့်ကြောင်း တင်လျှောက်နေကြ၏ ။
ပြည်သို့ ပြန်တက်လာသော မွန်တပ်များမှာ တပ်ကြီးပင် ဖြစ်မည်၊ အရှည်တွင် မြို့တွင်းသားတို့ ခက်ခဲခေါင်းပါး၍ အလွယ်တကူ ပြီးရမည့် အရေးအား အပန်းတကြီး လုပ်ကြံရပါက ရဲမက်တော်များ အင်အားယုတ်လျော့နိုင်ကြာင်း မိဖုရားခေါင်ကြီးမှတဆင့် အကြိမ်ကြိမ် လျှောက်တင်နေသည့်အတွက် ကြာသော် အလောင်းမင်းတရား လိုက်လျော၍ သတ်မှတ်သည့် အချိန်ထက် စောကာ စစ်ပြင်စေရသည်။ လက်ျာဘီလူးကိုလည်း သည်အကောင် အလွန်နားငြီးသည် ဟု မိန့်တော်မူ၏ ။
အလောင်းမင်းတရား ကျောက်မြောင်းဆိပ် ရောက်သောအခါ သားတော်နှစ်ပါးအတွက် လှော်ကားတော် နှစ်စင်း မပြီးသေးသည်ကိုသာ စောင့်တော်မူရသည်။ ပြင်ဆင်ပြီးစီးသည့် တိုက်လှေ ရဲလှေ ဝန်တင်လှေကြီးတို့ကို ကြည့်၍ မင်းလှစည်သူတို့ ဗိုလ်မှူးနှစ်ဦးအား ချီးကျူးလေ၏ ။ သို့စဉ်တွင် ပြည်သို့ မွန်တပ်များ ဆိုက်ရောက်လာ၍ ဝန်းရံပိတ်ဆို့ကြကြောင်း၊ မြို့တွင်းသားတို့ ထွက်တိုက်လျင် မကပ်နိုင်၍ ရံနေကြကြောင်းများ ကြားသိရသည်။
ရေမြေ့ရှင်က မြင်းလျင်လွှတ်ကာ စုံစမ်းစေသလို လက်ျာဘီလူးကလည်း မွေးမြူထားသော သိမ်းငှက်ကို စာဆွဲ၍ ပြည်သို့ စေလွှတ်လိုက်သည်။ ရှေ့ဝင်းတော်မှူး မင်းထင်နော်ရထာထံမှ စေသော သိမ်းငှက် ရောက်လာသည်ဟု ကြား၍ ငသူရိန်တို့ ဗိုလ်မှူးများထံ သွားကြသည်။ ဗိုလ်မှူးတို့ ပြသောစာမှာ ဤသို့ဖြစ်၏ ။
"ငမျှင် ငသူရိန်၊ ပြင်ကရံသည့် မွန်တပ်၌ ရှမ်း မြန်မာ အရောရော ရှိလမည်။ မွန်တပ်သားအဟန်နှင့် ပြင်တပ်သို့ ဝင်ကြ။ စုံစမ်းမိသမျှ ဗိုလ်မှူးအားပြန်ကြား၊ ငါ့ထံလည်း စေလေ"
အမိန့်အရ ငမျှင်နှင့် ငသူရိန် ညဉ့်ကို မြို့မှထွက်၊ ရေကူးလျက် ရံတပ်ကို ကပ်ကာ မွန်တပ်သား အစောင့်ဖမ်းကြသည်။ ၂ ယောက်ရလျင် အဝတ်လဲလှယ်ပြီး ကင်းစောင့်နေသည်။ မိုးမသောက်မီ အစောင့်လဲချိန် တပ်တွင်း ဝင်ခဲ့ကြသည်။ လက်ျာဘီလူး ဆိုသည့်အတိုင်း မွန်တပ်တွင်း၌ ရှမ်း မြန်မာ ကဒူး ကနန်း ကွေ့လဝ အထွေးထွေး ရှိကြရာ သူတို့လည်း စစ်သည်များကြား ဝင်လျက် မျက်နှာကို မောက်တိုအုပ်ကာ လှဲနေကြ၏ ။
နံနက်လင်းလျင် စစ်သည်များ ထမင်းချက်ရာ၊ ပြင်ဆင်ရာ နေရာများသို့ လူခွဲ၍၊ မွန်ဗိုလ် တပ်မှူးများကို ရှောင်ကွင်း၍ စုံစမ်းမေးမြန်းကြ၏ ။ ငသူရိန်မှာ လူငယ်ဖြစ်၍ အပြောမှားမည် စိုးသောကြောင့် တပ်တည်သည့် နေရာတွင်သာ ချွေးတလုံးလုံးနှင့် ကူလုပ်နေသည်။ ငမျှင်ကမူ ထမင်းချက်သည့်တဲနား ရောက်သွားပြီး ခပ်တည်တည်နှင့် စကားဝင်ပြောနေလေပြီ။
ထမင်းချက် ရှမ်းတစ်ဦးက လာပို့ကြသည့် အရွက်များ ဆေးကြောနေသော မွန်ကြီးတစ်ဦးကို မေးမြန်းနေ၏ ။
"ပြည်မြို့တွင်းသားတွေကိုတောင် မနိုင်ဘဲ ထပ်လာတိုက်တော့ရော နိုင်မတဲ့လား ဦးကြီးရာ"
မွန်ကြီးက လှည့်မကြည့်အား။ ဇလားကြီးထဲ လှုပ်ဆေးနေသော ဟင်းရွက်များကို ဆယ်ယူ ရေခါရင်း
"သည်တစ်ခါတော့ နိုင်မှာပါဟ။ တို့လူတွေ နည်းတာမှ မဟုတ်ဘဲ"
"မနည်းလည်း ဟိုက အာကာရွှေတောင် ထွက်လာတာနဲ့ ပြန်ပြေးလာကြတာပဲ မဟုတ်လား"
"ဒါကတော့ သူနဲ့အဖက် မတွေ့သေးလို့ပါ။ သူ့ကို လုပ်ကြံနိုင်တာနဲ့ ပြည်မြို့သားတွေ ဘယ်ခံနိုင်တော့မလဲ"
"မြန်မြန်လည်း လုပ်ကြံပြီး သိမ်းမှပါဗျာ၊ မတော် ရွှေဘိုက တပ်တွေ ဆင်းလာရင် အလုပ်အကြံ များကုန်လိမ့်မယ်။ ခုတောင် လာနေကြသလိုလို အသံတွေ ကြားနေရတယ်"
"တော်တော်နဲ့တော့ ရောက်မှာ မဟုတ်သေးပါဘူး။ သည်အတောအတွင်း တစ်နည်းနည်းနဲ့ အမြန် ရပါစေ ဆုတောင်းရမှာပေါ့။ မြန်မာတပ်တွေ ရောက်လာရင် မလွယ်တာတော့ အမှန်ပဲ။ ကြားရတဲ့ နိမိတ် တဘောင်တွေကလည်း မကောင်းဘူး"
ထိုမွန်ကြီး ဆေးကြောပြီးသည့် အရွက်များကို ပိတောက်သား စဉ်းတီတုံးပြားကြီးပေါ် တင်၍ ဓားနှင့် စဉ်းလျက် နားစွင့်နေသော ငမျှင်က အရွက်များ ထပ်သွားယူရင်း
"ဘယ်လို နိမိတ် မကောင်းတာတုန်း ရောင်းရင်းရဲ့"
"ဟာ.. မင်းမကြားဘူးလား၊ ငါးကြီးတစ်ကောင် ပုပ်လို့ ခေါင်းလောက်တဖွားဖွား နဲ့ ပေါ်လာပြီးမှ အမြီးက ခတ်နေတယ် ဆိုတဲ့ နိမိတ်ကို။ အင်းဝရွှေနန်းရှင်ကို ရေချတော့လည်း မြစ်ရေ လှိုင်းလုံးကြီး တက်တာ၊ မိုးမကျဘဲ လေကြီးကျတာတွေ"
"မကြားမိဘူးဗျ။ ကျုပ်က ဒီအရပ်က မဟုတ်ဘူး"
ရှမ်းထမင်းချက်ကလည်း ဝင်ပြော၏ ။
"ဟုတ်တယ်၊ ကျွန်တော်လည်း စည်းကြပ်ခံရလို့ ပါလာတာပဲ။ အဲဒါတွေ ဘာမှ မသိဘူး"
မွန်ကြီးက သူတို့ ၂ ဦးကို ဝေ့ကြည့်လျက်
"အေးပေါ့၊ မင်းတို့က ခုမှ စစ်ထဲရောက်တော့ ဘယ်သိမလဲ။ မြန်မာတပ်တွေမှာလည်း ထောင့်လေးထောင့်က ဘီလူးတွေ ပါသတဲ့။ ခုတ်လို့မပြတ်၊ သတ်လို့မသေ အတော်ဒုက္ခပေး ဆိုပဲ။ ငါတောင် တစ်ခါ မြင်လိုက်မိသေးတယ်"
"ဟုတ်ရဲ့လား ဦးကြီး၊ ဘယ်လိုမျိုးတွေလဲ"
"ဟိုးတုန်းကပေါ့ကွာ၊ ငါတို့ သစ်တပ်ကြီးကို သူတို့ မြင်းတပ်တစ်တပ်က ဝင်တိုက်တော့ ငါက တပ်ထိပ် ရင်တားမှာ ပြေးလွှားနေတာ။ ဘီလူးတွေ ဘီလူးတွေ လို့ အော်သံကြားလို့ ငါလည်း သူရဲခိုပေါက်က ချောင်းကြည့်တော့ ဟုတ်သကွ၊ ထောင့်စွန်းမှာ မြင်းဖြူကြီးနဲ့ ဘီလူးတစ်ကောင်ကွာ၊ ရိပ်ခနဲပဲ မြင်လိုက်တာတောင် ရုပ်ဆိုးလွန်းလို့ ကြက်သီးဖြန်းဖြန်း ထမိပါရောလား။ တပ်တိုင်တွေ နင်းပြီး ဘီလူးတွေပါ ဝင်လာတော့ ဘယ်ပြောကောင်းမလဲ၊ ပြေးလိုက်ရတာ ပုဆိုးတောင် ဘယ်ကျွတ်ကျန်ခဲ့မှန်း မသိဘူး"
ငမျှင်က ကြိတ်ပြုံးလိုက်သည်။ ထိုမွန်ကြီး ကိုယ်တွေ့ ကြုံခဲ့ရသည် ဟုတ်ချင်မှ ဟုတ်မည်။ ထိုကဲ့သို့ မဟုတ်သည်ကို အဟုတ်လုပ်ကာ ကိုယ်တိုင် မြင်ခဲ့ရသလိုလို ပြောတတ်သူများ ကြုံဖူးပေါင်း များလှလေပြီ။
"သူတို့ဘက်က အဲလို ဘီလူးတွေ ပါနေရင် ဘာလို့ တိုက်နေကြသေးလဲဗျာ။ တိုက်တိုင်း ရှုံးနေတော့မှာပေါ့"
သူက မွန်ကြီးကို မခံချင်အောင် စ လိုက်သည်။
"သူတို့ တပ်တိုင်းမှာတော့ ပါတာမဟုတ်ဘူးဟ။ တစ်ခါတလေမှ ပေါ်ပေါ်လာတာ။ မုဆိုးဖိုကို သွားတိုက်တုန်းကလည်း နောက်ကနေ ဘီလူးလေးကောင် မြင်းဖြူလေးစီးနဲ့ စစ်ကိုင်းထိအောင် လိုက်လာတာ မင်း မကြားဘူးလား။ လူတိုင်း သိတယ်"
"အဟုတ်ပဲလားဗျ"
"ဘာလဲ၊ မင်းက မယုံဘူးလား။ ငါတို့က လူချင်း ဆိုရင်တော့ ဘာအရေးလဲ။ တို့ဆီမှာလည်း ဗိုလ်မှူးကြီး တလပန်းတို့ ဒေါစွယ်ယစက်တို့ သမိန်လွတ်တို့ ဘယ်ကျော်တို့ ရှိတာပဲ။ သူတို့ မြန်မာတပ်မှာကို ဘီလူးတပ် ဆိုတာ သပ်သပ်ရှိသတဲ့။ ငါနဲ့ ကြုံလိုက်ရတာ အဲသည် ဘီလူးတပ် ဆိုသဟာပေါ့"
ထိုသူ လုပ်ကြံပြောနေမှန်း ငမျှင် ပိုသေချာသွားသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့တပ်၌ မြင်းဖြူ တစ်စီးမှ မရှိသောကြောင့် ဖြစ်သည်။ ငမျှင်သည် ရယ်ချင်နေသော်လည်း မျက်နှာ၌ မပေါ်စေဘဲ
"ဒါဆို ခု အဲဒီ ဘီလူးတပ် ပါလာရင်ရော ကျုပ်တို့ စစ်ရှုံးနိုင်သလားဗျ"
"သည်အကြိမ်တော့ မရှုံးလောက်ပါဘူးကွ။ တို့မှာ လူ ၅၀၀၀၀ နဲ့ မြို့ခံကောင်းတဲ့ ဘယ်ကျော်တို့၊ ဗညားရံခိုက် ဗညားတာနောတို့ ပါတာပဲ။ သည် ဘီလူးတွေကို နိုင်တဲ့နည်း တွေ့မှာပါ"
ရှမ်းက ဝင်ပြောပြန်သည်။
"ခုတော့ ဘီလူးတွေ ထားလို့ အာကာရွှေတောင်ကို လူချင်း ဖက်မနိုင်ဘူး မဟုတ်လား ဦးကြီးရ"
"မင်းက မသိလို့ ပြောတာပါကွာ။ သည်မှာ၊ မင်းသိအောင် ပြောလိုက်မယ်။ ငါတို့ ဗိုလ်မှူး တလပန်းဆိုတာ အင်မတန် ပရိယာယ်များတာ။ ဒီနေ့ပဲ အာကာရွှေတောင် သုတ်သင်ရေး ဆွေးနွေးကြလိမ့်မယ်။ မင့် အာကာရွှေတောင် နောက်၂ ရက် နေထွက်မမြင်တော့ပါဘူးကွာ"
ငမျှင် သူတို့ ပြောစကားများကို မှတ်သားလာခဲ့သည်။ ပြည်မြို့၌လည်း မွန်တို့ ကြောက်ရသူ ဟူ၍ အာကာရွှေတောင် တစ်ဦးသာ ရှိသည်။ လက်ျာပျံချီ ငချစ်ညိုကဲ့သို့ပင် သူထွက်လျင် မြင်သည်နှင့် လူတိုင်း ပြေးကြသည်။ မွှေသည်နှင့် တပ်တိုင်း ပျက်ကြသည်။ ယခုမူ အာကာရွှေတောင်တွင် ဘေးမကင်းပြီ။
တပ်တည်နေရာ၌ ငသူရိန် ခေတ္တနားနေသည်ကို တွေ့ရ၏ ။ သူက ထမ်းလာသည့် ထမင်းတောင်းကို ချရင်း သူရိန်ကို မျက်ရိပ်ပြလိုက်သည်။ သူ့နောက် ခပ်လှမ်းလှမ်းမှ သူရိန် ပါလာသည်။ သူက ထမင်းရုံထဲ တောင်းပို့ခဲ့၍ မြစ်ဘက် ဆင်းခဲ့သည်။ သူရိန်နှင့် ငမျှင် ခြေလက်သုတ်သင်ရင်း လေသံဖြင့်
"ငါတို့ သည်ညကို အလျင်ပြန်မှ ဖြစ်မယ်။ ပြည်မှာ အရေး ရှိနေပြီ။ တပ်မှူးကို ပြန်စရာ သတင်းတော့ မရသေးဘူး။ သူ့့အင်အားတော့ သိလာတယ်။ နည်းနည်း ထပ်စုံစမ်းချေဦးမယ်။ မင်းလည်း နားစွင့်ထားပေါ့။ ဘာမှတော့ သိပ်မပြောမိစေနဲ့။ မေးလာသူ ရှိရင် သူတို့လေသံကိုသာ တုပြော၊ ကြားလား"
သူရိန် ခေါင်းဆတ်ပြသည်။ သူက လက်စွမ်းကောင်းသော်လည်း ငမျှင်ကဲ့သို့ မုဆိုးနားမျက်စိ မရှိ၊ လူကြီးနှုတ်စကား မတတ်။ ပရိယာယ်တွင်လည်း ဦးကြီးက သူ့ထက် များစွာ သာ၏ ။ ဤနေရာတွင် သူသည် အသုံးမဝင်သကဲ့သို့ ဖြစ်နေသည်ကို အားမရ။
ငမျှင် တစ်နေကုန် ပျောက်နေသည်။ လှည့်ပတ်သွားလာ စနည်းနာနေပုံ ရ၏ ။ သူရိန်ကတော့ မဝံ့သဖြင့် တပ်တည်ရာ အစု၌သာ နေရင်း မြန်မာချင်း မေးမြန်းစုံစမ်းကြည့်ရသည်။ သူ သိရသည်မှာ မွန်တို့ အာကာရွှေတောင်ကို ကြောက်လှကြောင်း၊ အာကာရွှေတောင် ထွက်လျင် မည်သူမှ မတက်ဝံ့ကြောင်း၊ ထိုလူကြီး မရှိပါမှ ပြည်ကို ရလိမ့်မည် ဖြစ်ကြောင်း ပြောဆိုနေကြသည်ကို ကြားခဲ့ရ၏ ။
ညဦးတွင် နားနေရာ တဲ၌ ငမျှင်နှင့် ပြန်တွေ့ရချိန် သူ သိရသမျှကို ငမျှင်အား အကျဉ်းပြန်ပြောရာ ငမျှုင်ကလည်း ထို့ကြောင့်ပင် အလျင်ပြန်ရမည်ဖြစ်ကြောင်း ဆိုသည်။ သူတို့ နှစ်ဦးသည် မွန်တို့ အလစ်အဟင်းကို ကြည့်၍ လာလမ်းအတိုင်း ပြန်သည်၌ ရေဆိပ်သို့အဆင်း သောင်မှ တက်လာသော မွန် နှစ်ဦးနှင့် တိုးတော့သည်။ မွန်စစ်သည်တို့က မသင်္ကာ၍ ဟစ်လျင် သူရိန်က တဟုန်တိုး ပြေးသွားပြီး မွန် ၂ ယောက်ကို တိုက်ခိုက်လေ၏ ။

ငမျှင်က ရေထဲ ခုန်ချကာ ရေကူးပြေး၏ ။ နောက်လှည့်ကြည့်သော် အစောင့်စစ်သားများနှင့် သူရိန် တိုက်ခိုက်နေကြသည်ကို မြင်သည်။ သို့သော် သူပြန်ကူပါက တစ်ဖက်ကမ်းအရောက် ကူးနိုင်တော့မည် မဟုတ်သလို တစ်ဦးဦး လွတ်မှလည်း သတင်းပို့နိုင်မည်ဖြစ်၍ ဆက်ကူးလာခဲ့သည်။ ရေလယ်ရောက်လျင် နောက်မှ မြစ်ထဲခုန်ချသံ ကြားသည်။ သူရိန် ရေကူး လိုက်လာပြီ။

(ဆက်ရန်...)  သူရိယ ဒေဝ (၆)

Written by သင်္ခရာဇာ
End date: October 8, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...