တရုတ်တို့၏ ရိက္ခာထောက်တပ်များကို အနောက်မှ ပတ်၍ ပြောက်ကျားနည်းဖြင့် အကြိမ်ကြိမ် တိုက်ခိုက် အောင်မြင်ခဲ့သော အရှေ့ဝင်းမှူး စစ်သူကြီး တိမ်ကြားမင်းခေါင်၏ ဂုဏ်သတင်းသည် မြန်မာတပ်များ အတွင်း၌သာမက တရုတ်တို့ထံသို့ပင် ပေါက်ရောက်လျက် ရှိသည်။ တရုတ်စစ်သူကြီးများသည် တိမ်ကြားမင်းခေါင် ချီလာပြီ ဟု အသံကြားလျင် ကောင်းကင်သို့ ယောင်ယမ်း မော့ကြည့်မိကြသည် ဟူ၍ ပြောစမှတ်တွင်နေ၏ ။
"သတင်းတွေ ကြားနေရတာတော့ တရုတ်တွေက မင့်ကို ကြောက်လှတယ် ဆိုပါ့ကော မောင်ရဲ့။ အင်မတန် များပြားတဲ့ ရိက္ခာတွေလည်း မကြာခဏ သိမ်းပိုက်ရမိနေတော့ တို့လူများမှာ ဝလင် ဆူဖြိုးနေကြရပြီ။ မင့်ကျေးဇူးတွေပါပဲ"
"ကျွန်တော်မျိုးက ဝန်ကြီး ခိုင်းတဲ့အတိုင်း လုပ်ရတာပါ"
"အေး၊ ငါက စစ်တို့သဘောမှာ ရိက္ခာသာ အရင်းအမြစ်ဖြစ်တယ်လို့ ဆိုပြီး မင်းကို ခိုင်းစေရုံပဲ။ အလုပ်အကိုင် အကြံအစည်မှာတော့ မင်းရဲ့ အစွမ်းအစအကြောင့်သာ ဒီလို ပေါက်ရောက်အောင်မြင်ရတာပ"
တိမ်ကြားမင်းခေါင်က တစ်စုံတစ်ခုကို တွေးမိသွား၏ ။
"ဒီလိုဆိုရင် ခုလို အောင်မြင်မှု ရစေတဲ့အတွက်ကျေးဇူးတင်ထိုက်သူတစ်ဦး ရှိပါသေးတယ်။ မည်သူမည်ဝါမှန်း မသိ၊ သတင်းကြားဖူးရုံ ကြားဖူးတဲ့ လူတစ်ယောက်ကြောင့် ကျွန်တော်မျိုး စွမ်းဆောင်နိုင်ခဲ့တယ် ဆိုရမယ်"
"အဆန်းပါလားကွဲ့၊ သူက ဘယ်လို အကျိုးပြုခဲ့လို့လဲ"
"မှန်ပါ၊ ဘဝရှင် မင်းတရားနောင်တော် တပယင်းမင်းလက်ထက်တော်အခါ၊ ကျွန်တော်မျိုး မြေဒူးမင်းသားရဲ့ ကိုယ်ရံတော်ဘဝမှာ ဗိုလ်ရန်နောင် ဆိုသူ ဗိုလ်တစ်ဦးနဲ့ စကားပြောခဲ့ဖူးပါတယ်။ သူ ပြောပြခဲ့လို့ ကြားဖူးတာက..."
ထိုစဉ်က တိမ်ကြားမင်းခေါင်သည် ယခု ဆင်ဖြူရှင် မင်းတရား ဖြစ်လာမည့် သတိုးမင်းစော၏ သက်တော်စောင့်တစ်ဦးအဖြစ် အမှုထမ်းနေချိန် ဖြစ်၏ ။ တစ်နေ့၌ ပွဲလမ်းသဘင်မှ လူတစ်ဦးနှင့် ခင်မင်မိကြရာ ထိုသူမှာ ဗိုလ်ရန်နောင်ဟု ခေါ်၍ အလောင်းမင်းတရားကြီး လက်ထက်ကသွေးသောက်ကြီးတစ်ဦးဖြစ်ကြောင်း သိရသည်။
ဗိုလ်ရန်နောင် ပြောပြသည့် လူတစ်ယောက်မှာ တိမ်ကြားမင်းခေါင်အဖို့ စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ထိုသူက ဗိုလ်ရန်နောင်တို့အား သူသိမှတ် လေ့လာထားသမျှ ဗဟုသုတအစုံစုံကို မကြာခဏ ပြောပြလေ့ ရှိခဲ့သည် ဆိုရာ တစ်ခါတစ်ရံ စစ်ပွဲများအကြောင်း၊ ရှေးက စစ်တိုက်ပုံ ဗျူဟာများ၊ ရာဇဝင်ထဲမှ အဖြစ်အပျက်များ၊ ဖြစ်ရပ်ဆန်းများ၊ တောတောင်ရေမြေတို့ အကြောင်းများအပြင် တစ်ခါတစ်ရံ နိုင်ငံ ရပ်ခြားမှ စိတ်ဝင်စားဖွယ်ရာများပင် ပါလိုက်သေး၏ ။
သူပြောဖူးသော အကြောင်းအရာတစ်ခုမှာ အခြားဒေသမှ ဓားများအကြောင်း ဖြစ်ရာ မြန်မာဓား အများစုသည် မာကျော၍ ပေါ့ပါးသွက်လက်စေရန် ရည်ရွယ်ကာ ငှက်တောင်သဏ္ဍာန် ပြုလုပ်ကြသော်လည်း ခေါမ၊ ရောမ၊ ဂရိ ဒေသများမှ ဓားကြီးများမှာမူ သန်လျက်ကဲ့သို့ နှစ်ဘက်သွား ထိပ်ချွန်နှင့် အလွန်ကြီးမား လေးလံသည် ဟူ၏ ။ သံမဏိလည်း အလွန်ကောင်းမွန်ပြီး ထူထဲလှသည် ဟူသတတ်။
သူတို့၏ ဓားများ လေးလံသည်နှင့်အမျှ သူတို့၏ ကိုယ်ကာယသည် မျက်နှာဖြူ သင်္ဘောကုလားများကဲ့သို့ အရပ်အမောင်း မြင့်မား၍ လူ့ဘီလူးကြီးများသဖွယ် ထွားကျိုင်းသန်မာကြပေသည်။ မြန်မာတို့တွင် အချိန်တစ်ဆယ်စီး အဲမောင်းသံလှံကြီးကို ဝှေ့ရမ်းတိုက်ခိုက်နိုင်သူ ရှားလှသော်လည်း သူတို့ လူမျိုးများမှာမူ သုံးပိဿာခန့် ရှိမည် ထင်ရသော ဓားကြီးများနှင့် ငါးပိဿာကျော် လေးမည့် ဒိုင်းများကို အမြဲကိုင်ဆောင် တိုက်ခိုက်တတ်ကြသည် ဆို၏ ။
ထိုအခါ ဗိုလ်ရန်နောင်တို့က ထိုသူအား ပြန်မေးကြ၏ ။ အကယ်၍ မိမိတို့သာ ထိုလူမျိုးများနှင့် စစ်ဖြစ်ပါက နိုင်မည်မဟုတ်။ ဓားဓားချင်း၊ လှံလှံချင်းတွင် မိမိတို့ ဓားလွတ် ဓားပါးကလေးများသည် ယှဉ်ခုတ်မိလျင် ကျိုးပျက်ကုန်မည် ဖြစ်ရာ မည်သို့ တိုက်ခိုက်သင့်သနည်းဟု ဆိုကြ၏ ။ ထိုသူက
"သူတို့နဲ့ ကာယဗလချင်း၊ ဓားချင်း ယှဉ်လို့ မနိုင်ရင် မယှဉ်ကြနဲ့ပေါ့။ သူတို့ဓားကို ယှဉ်မခုတ်နိုင်ရင် အဝေးကနေ လှံနဲ့ထိုး။ လေးမြား သေနတ်နဲ့ပစ်။ လူကောင်ကြီးရင် ပစ်ကွင်းကျယ်တယ်။ သူတို့ ဒိုင်းတွေ ချပ်ဝတ်တွေက သိပ်လေးရင်လည်း သူတို့ လူတွေ မြင်းတွေ သွားနှုန်းမှာ နှေးသွားမှာပဲ။ အဲဒါကို အခွင့်ကောင်းယူပြီး တိုက်ရမှာပေါ့၊ သူတို့ကို နိုင်မယ့် လက်နက် နည်းလမ်း ရှာကြံပြီးမှ တိုက်ရင် ဘာလို့မနိုင်ရမှာလဲ"
ဟူ၏ ။ ထိုသူ၏ အဖြေကို တိမ်ကြားမင်းခေါင် သဘောကျသွား၏ ။ သို့သော် ထိုသူများ၏ စွမ်းရည်၊ အားသာချက် အားနည်းချက်များကို မသိရသေးခင် အကြိမ်များတွင်မူ မိမိတို့ဘက်မှ စစ်သည်များ စတေးရနိုင်သည် မဟုတ်လော ဟု ဗိုလ်ရန်နောင်အား ပြန်မေးလိုက်သည်။ ဗိုလ်ရန်နောင်က
"ရောင်းရင်းနှယ်၊ ကျုပ်တို့လည်း ငတုံးငအတွေမှ မဟုတ်ဘဲ၊ ဒီလိုပဲ မေးတာပေါ့။ ဒီတော့သူက ဘာပြောလဲ သိလား၊ ဒါ့ကြောင့် စစ်မတိုက်ခင် သတင်းသိရဖို့က အလွန်အရေးကြီးတယ်လို့ ငါ မကြာခဏ ပြောနေတာပေါ့ တဲ့။ ရန်သူ့သတင်း၊ ရန်သူ့အင်အားကို အတိအကျ မသိရရင်တောင် ခန့်မှန်းနိုင်ဖို့ အမြဲ ကြိုတင် စစ်ထောက် စစ်ရမ်းနေရတာ ဒါကြောင့်ပဲလေ တဲ့။ ဘာမှ မသိဘဲ ဝင်တိုက်တာက မျက်ကန်း နွားကျောင်းသလို ရှိတာတွေပါ ဆုံးရှုံးသွားနိုင်သတဲ့။ နွားတွေ အစာရ.. မရ၊ ဝ.. မဝလည်း မသေချာဘဲ ပြန်လာရင်လည်း အစုံအစေ့ ပါချင်မှ ပါတော့မတဲ့။ ဘယ်စားကျက်၊ ဘယ်ကွင်းမှာ ကျောင်းရင် ကောင်းမလဲ သိတဲ့သူနဲ့ မကွာလား တဲ့"
တိမ်ကြားမင်းခေါင် ဘဝင်ကျသွားသည်။
"အဲဒီတော့ မင်းလူက သတင်းသိရအောင် ဘာလုပ်သလဲ"
"ရန်သူ့တပ်ခြေနား သွားပြီး မှန်းဆတယ်၊ သစ်ပင် တောင်ထိပ်က တက်ကြည့်ပြီး စစ်ရမ်းတယ်၊ တပ်တည်ပုံ ချရပ်ပုံအရ အင်အားကို ချိန်ဆတယ်၊ မှန်းလို့ မရအောင် ရှိနေရင်လည်း သုံ့လူဖမ်းခိုင်းပြီး မေးတာ၊ ကိုယ်တိုင် ရန်သူ့တပ်ထဲ ဝင်တာမျိုး လုပ်တတ်တယ်"
"ဟာ.. အဲလောက်တောင်လား။ အလောင်းဘုရားက သာစည် ငအောင်ကလေးကို လူဖမ်းခိုင်းပြီး ရန်သူ့သတင်း မေးတယ် ဆိုတာမျိုးတော့ ကြားဖူးပါတယ်။ ရန်သူ့တပ်ထဲ ကိုယ်တိုင်ဝင်တယ် ဆိုတာက တကယ့်လူပဲ"
"အလွန့်လူ မဟုတ်ရင် ကျုပ် ပြောပြနေစရာ ဘယ်ရှိမလဲ။ ဝင်တာမှ အကြောင်းအမျိုးမျိုးနဲ့ ဝင်တာ။ သံစေလို့ သွားတာ၊ တွေ့ချင်လို့ ဝင်တာ၊ စကားစမြည် ပြောဖို့အကြောင်းပြတာတွေအပြင် အခြေအနေ တင်းမာနေရင်တောင် ရုပ်ဖျက်ပြီး ခိုးဝင်တဲ့သူ"
"အဲဒီတော့ အဖမ်းမခံရဘူးလား"
"မခံရတဲ့အပြင် သူက သောက်ရေတွေကို အဆိပ်ခတ်ခဲ့လို့ မွန်တွေ ဝမ်းလားပြီး ချည့်နဲ့ကုန်ပါရောလား၊ သူကိုယ်တိုင်လည်း သောက်လာခဲ့ရသတဲ့။ ပြီးတော့ သူက နောက်တန်းပြန်နားနေတယ်။ တစ်ဘက်က တပ်တွေတော့ ဖရိုဖရဲပေါ့။ မတိုက်ခင် ပျက်ချင်နေတာ မြင်နေရတယ်.. ဟားဟား"
တိမ်ကြားမင်းခေါင် ပြောပြသည်ကို နားထောင်၍ မဟာသီဟသူရ ပြုံးသည်။ ယခု တရုတ်တို့ တပ်တွင်းသို့ တရုတ်ဆံထုံး၊ တရုတ်နှုတ်ခမ်းမွေး ထားလျက် တိုက်ပွဲမှ ရသည့် တရုတ်စစ်သည် ဝတ်စုံဖြင့် ဝင်ထွက်သွားလာနေခြင်း အကြောင်းရင်းကို သိလိုက်ရသည့်အပြင် ဗိုလ်ရန်နောင် ပြောသည့် သူကိုပါ သိနေ၍ ဖြစ်လေသည်။
"အလောင်းမင်းတရား ကိုယ်တော်ကြီး ဟံသာဝတီကို တိုက်တော့ စစ်သည် သူရဲ ၈ ထောင်ကျော်ပဲ ရှိတယ်။ အဲသည်ထဲမှာမှ မင်းပြောသလို ခဲခဲကပ်ကပ်တွေကို ကြံကြံဖန်ဖန် ပေါက်ပေါက်ရှာရှာ လုပ်တတ်တာတော့ တစ်ဦးပဲ ရှိတယ်ကွဲ့၊ အဲသည်သူ အမည်က ငစံတဲ့ မဟုတ်လား"
"ငယ်မည်ကို မသိခဲ့ရ၊ တပ်မှူး လက်ျာဘီလူး ဟု ဆိုပါသည်ဘုရား"
"အိမ်း၊ အဲသည့် လက်ျာဘီလူးဆိုသဟာပဲ၊ မင်းလို အရှေ့ဝင်းတော်မှူး ဖြစ်ခဲ့တဲ့ မင်းထင်နော်ရထာ ပေါ့"
တိမ်ကြားမင်းခေါင် တသိမ့်သိမ့် ကျေနပ်သွား၏ ။ သူ အတုယူခဲ့ဖူးသူက သူနှင့် ရာထူးတူနေသည် မဟုတ်ပါလား။
"အဲဒီ တပ်မှူးက ကျဆုံးသွားပြီလား မင်းကြီး"
"မသိဘူးကွ၊ မကျသေးဘူး ထင်တာပဲ။ သူက ရာထူး အတက်အကျတော့ များတယ်။ နောက်ဆုံးတိုက်ပွဲအယုဒ္ဓယမှာ ကျနေခဲ့တယ် လို့လည်း ကြားရတယ်။ နောက်တော့ ဆင်ဖြူသခင် ရေမြေ့ရှင်လက်ထက်မှာ ပြန်ရောက်လာပြီး မဟာနော်ရထာတို့၊ နေမျိုးသီဟပတေ့တို့ထံ အမှုထမ်းနေသလိုလိုလည်း ပြောနေကြပြန်ရော။ အဲသည်သတင်းသာ မှန်ရင် အခု ယိုးဒယားကို ပါသွားတာပေါ့"
"သြော်.. ဒါနဲ့ ယိုးဒယားချီ တပ်တွေတောင် အရေးအောင်လို့ ပြန်လာကြပြီဆို၊ ပြောသံကြားလို့"
"ဟုတ်တယ် မောင်ရင်၊ ပြန်လာနေပြီတဲ့။ မဟာနော်ရထာတော့ ဆုံးပါးသွားပြီ ကြားတယ်"
"သူတို့ ပြန်လာတာ ကျွန်တော်မျိုးတို့အတွက်တော့ တစ်အားဖြစ်တာပဲ။ မန်ချူးတွေက အရှုံးကို ရှက်ပြီး အကြိမ်ကြိမ် လာတိုက်နေတာ၊ ကျွန်တော်တို့မှာ အရေးအရာကို မြင်ပေမယ့် အင်အားမပါလို့ ထင်တိုင်းမပေါက်၊ ကြံတိုင်းလည်း မဖြစ်မြောက်ခဲ့ဘူး။ စစ်ကူတွေ ရောက်လာရင် သည်တရုတ်တွေ ပြေးရမှာ သေချာနေပြီ ဝန်မင်း"
"ယိုးဒယားပြန် တပ်တွေလည်း စစ်ပန်းလာမှာပဲ။ သို့ပေမယ့် နိုင်ပွဲကလည်း အင်မတန်ကြီးတော့ စိတ်ဓာတ် တက်ကြွနေကြမှာ အမှန်၊ တို့နှစ်ဘက်လုံး ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြတဲ့ အချိန် သူတို့တွေ ရောက်လာရင် လူရောဓားပါ ကြမ်းကြမ်းဝင်ခဲ့ရင် မန်ချူးစစ်သူကြီးလည်း ခံနိုင်မယ် မထင်ပါဘူး။ မင်းပြောသလို ပြေးရမှာပါပဲ"
"မင်းကြီးရဲ့ အမြော်အမြင်ကတော့ ထောင့်စေ့သည်နှင့်အမျှ မှန်ကန် ပြတ်သားလှပါပေရဲ့။ ကျွန်တော်မျိုး အတုယူရသူထဲမှာ မင်းကြီးလည်း ပါပါတယ်ခင်ဗျား"
မဟာသီဟသူရက ပြုံး၍
"ဟော.. နေမျိုးသီဟပတေ့တို့ ရောက်ရင်လည်း သူတို့ အလုပ်အဆောင်တွေကို မောင်မင်း လေ့ကျက်စေ့ငှရလိမ့်ဦးမယ်။ သူလည်း သိပ်ထက်မြက်တဲ့သူပဲကွဲ့၊ မောင်လည်း လူတော်ပါ။ တော်လို့သာ ကိုယ့်အတွက် ပါအောင် ယူတတ်ပြီး အကွက်ဝင်လာတော့ ဂွက်ခနဲ နေတော့တာပေါ့၊ ကောင်းတယ် ကောင်းတယ်"
သို့ဖြင့် ဆယ့်ငါးရက်ခန့် အကြာ၌ အယုဒ္ဓယမှ ပြန်ခဲ့သော တပ်များ ရှမ်းနယ်ထဲသို့ ဝင်လာပြီဖြစ်ကြောင်း သတင်းရောက်လာ၏ ။ တိမ်ကြားမင်းခေါင်က ထိုအထဲတွင် လက်ျာဘီလူး နှင့် အလောင်းမင်းတရား၏ လက်ရွေးစင် သွေးသောက်ကြီးများ ပြန်ပါလာသလောဟု စုံစမ်းရန် စေလွှတ်လိုက်သည်။ မြင်းလျင်မှာ ၄ ရက်နှင့် ပြန်ရောက်လာပြီး လက်ျာဘီလူးတို့ ပါလာကြကြောင်း၊ ရက်များမကြာမီ ရောက်ကြတော့မည်ဖြစ်ကြောင်း လျှောက်တင်လာ၏ ။
နေမျိုးသီဟပတေ့တို့ စစ်ကြောင်းများ ဝင်လာကြသောအခါ မင်းတဲမှနေ၍ သေနာပတိဝန်ကြီး မဟာသီဟသူရ၊ တိမ်ကြားမင်းခေါင်၊ မဟာစည်သူ စသော စစ်သူကြီး စစ်ကဲ ခေါင်းဆောင်များက စောင့်ကြိုနေကြသည်။ ဗိုလ်မှူး နေမျိုးသီဟပတေ့ နောက်မှ ဓားကို ထမ်းလျက် လိုက်လာသူတစ်ဦးကို မြင်လျင် တိမ်ကြားမင်းခေါင် အံ့အားသင့်သွားသည်။
"မင်း.. မင်းက လှေကြုံစီးခဲ့တဲ့ သူငယ် မဟုတ်လား"
ဟုတ်၏ ။ ထိုစဉ်က ပုံစံအတိုင်းပင် သျှောင်မထုံးထားသော အသွင်ကြောင့် ချက်ချင်း မှတ်မိသွားရသည်။ ဟိုတုန်းက တိမ်ကြားမင်းခေါင် အဖိုးအိုဟန်ဖြင့် ရုပ်ဖျက် စနည်းနာ ထွက်စဉ်က လှေကြုံလိုက်ခဲ့ဖူးသူ ဖြစ်နေရာ သူကလည်း တိမ်ကြားမင်းခေါင်ကို မှတ်မိသွားသည်။
"အလို၊ ဦးရီးက စစ်ဝတ်စုံနဲ့ ဆိုတော့ တယ်ခန့်ညား နုပျိုနေပါလား။ တကောင်းတုန်းက အိုစာအောင် ရုပ်ဖျက်ထားပုံ ရတယ်"
ဝန်ကြီး မဟာသီဟသူရက သူတို့ကို ကြည့်ပြီး
"တိမ်ကြားမင်းခေါင်နဲ့ လက်ျာဘီလူးက သိဟောင်းကျွမ်းဟောင်းတွေ ထင်ပ။ ငါက မင်းတို့ မမြင်ဖူးကြသေးဘူး ထင်လို့ မိတ်ဆက်ပေးမလို့၊ မလိုတော့ဘူးပေါ့လေ"
ဟု ရယ်၍ ပြောလိုက်ရာ တိမ်ကြားမင်းခေါင် ဇဝေဇဝါ ဖြစ်သွားရ၏ ။
"မောင်မင်းက လက်ျာဘီလူးလား"
"ဟာ.. ဦးရီးက တိမ်ကြားမင်းခေါင်လား"
ကြားခဲ့ဖူးသော လူတစ်ယောက်ကို တစ်ချိန်က ကိုယ်တိုင် မြင်တွေ့ခဲ့သော်လည်း လျှို့ဝှက်လွန်းသည့်အတွက် မည်သူမှန်း မသိခဲ့ကြရသော အဖြစ်ချင်း တူနေသည့် လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း ပြုံးလာကြသည်။
"သြော.. ဦးရီးက ဒီလိုကိုး"
"အေး.. မင်းလိုပေါ့ကွာ"
"ဟေ.. မင်းတို့ဟာက ဘယ့်နှာလဲကွ"
စစ်သူကြီး နေမျိုးသီဟပတေ့က အမေးရှိသဖြင့် တိမ်ကြားမင်းခေါင်ကပင် ဖြေရှင်းပြရ၏ ။ ရုပ်ဖျက်ခြင်းနှင့် လျှို့ဝှက်ခြင်းကို ဝါသနာပါသည့် လူနှစ်ဦး၏ အကြောင်းစုံကို သိရှိသွားကြသောအခါ ဗိုလ်မှူးများနှင့်တကွ စစ်သည်ဗိုလ်ပါများသည်လည်း ပွဲကျသွားခဲ့ကြလေသတည်း။
Written by သင်္ခရာဇာ
End date: October 15, 2021