တကောင်းမြို့ မြစ်ကမ်းပါးတွင် လူရွယ်တစ်ဦးသည် အထုပ်တစ်ထုပ်နှင့် မြစ်ပြင်ဆီသို့ မျှော်ကြည့်လျက် ထိုင်နေ၏ ။ နေချိုချိန် ရောက်သော် ဆိပ်ကမ်းမှ ပေါင်းမိုးတပ် သစ်လုံးထွင်း ပိန်းကောတစ်စင်း ထွက်ခွာရန် ပြင်နေသည်ကို တွေ့ရသဖြင့် လူရွယ်က လှေဆီသို့ လျှောက်သွားသည်။
''ဗျို့… ဦးရီး… ဘယ်ကို သွားမှာလဲခင်ဗျာ… အောက်ကို စုန်မယ်ဆိုရင် လှေကြုံလိုက်ချင်လို့ပါ''
''ဘကြီးက စစ်ကိုင်း အင်းဝထိ သွားရမှာကွဲ့။ မောင် လိုက်ချင်သပဆို လမ်းကြုံတဲ့ထိ လိုက်လို့ ရပါတယ်။ ဘကြီး တစ်ဦးတည်းပဲ။ လှေဝိုင်းထိုးပေါ့''
''ဟုတ်ကဲ့… ကျေးဇူးပါ''
သို့ဖြင့် ခရီးသွားနှစ်ဦးတို့ ဧရာဝတီ၏ ကျောပေါ်မှာ စုန်ဆင်းခဲ့ကြလေသည်။
နေအေးအေး လေအေးအေး၊ မြစ်ပြင်က သာယာလျက်။ လူသားနှစ်ဦးက ငြိမ်သက်စွာ လှော်ခတ် ပဲ့ထိန်းလာရာမှ အဘိုးအိုက မေးမြန်းစုံစမ်းလာသည်။
''မောင်က ဘယ်အထိ သွားရမှာလဲ''
''အင်းဝနေပြည်တော် အထိ ဆိုပါတော့ ဘကြီးရယ်''
''အင်း… အင်း… ကောင်းပါလေ့။ ကျုပ်လည်း တစ်ယောက်တည်းဆိုတော့ ခရီးလမ်းဆုံးထိ အဖော်ရတာပေါ့လေ''
''ဘကြီးက သားသမီး မြေးမြစ်များ မရှိလို့လား''
''မရှိပါဘူးကွယ်… တစ်ကိုယ်တည်းသမားပါပဲ''
ထို့နောက် ငြိမ်သက်နေကြပြန်သည်။ ညခင်း ကြယ်ရောင်စုံတော့မှ စကားဆက်ဖြစ်ကြပြန်သည်။
''တိုင်းပြည် ခေတ်ကာလ က မကောင်းပြန်တော့ ကျုပ်တို့လူတွေမယ် ဘယ်တော့ ဘာဖြစ်လေမလဲလို့ စိုးတထိတ်ထိတ်နဲ့ နေကြရတယ် မောင်ရဲ့''
''ဟုတ်ပါ့ ဘကြီးရယ်… အောက်ပြည်မှာ ထားဝယ်ကို ယိုးဒယားက နှောင့်ယှက်ထိပါးလာသလို အရှေ့ရှမ်းပြည်တလွှားကိုလည်း တရုတ်က စစ်ပြင်နေပြီ ကြားတယ် ဘကြီး''
''ဒါပေမယ့် ငါရို့ ဘုရင် ဆင်ဖြူရှင်မင်းတရားကို သင်းတို့ ဘာထင်နေသလဲ။ ခမည်းတော်လက်ထက်က အောင်ပွဲအလီလီကို ကြည့်စမ်း။ ယိုးဒယားမကလို့ တရုတ် ကုလား လာလာ မှုစရာကို မဟုတ်တာပါကွ''
လူငယ်က သက်ပြင်းချလိုက်သည်။ အတန်ကြာအထိ ဘာမှ ပြန်မပြော။ လူကြီးက အကဲခတ်နေသဖြင့် ရိပ်စားမိသွားသည်။
''မောင့်ကို ကြည့်ရတာ စစ်အတွက် မင်းမှုထမ်းဖို့ ထွက်လာပုံရတယ်။ ဟုတ်ကဲ့လား''
''ဟုတ်ပါတယ် ဘကြီး''
''အရင်ကရော မင်းမှုထမ်းဖူးလားကွဲ့''
''ထမ်းဖူးတယ် ဆိုပါတော့။ သိပ် အကြာကြီးတော့ မဟုတ်ပါဘူး''
''စစ်ရော တိုက်ဖူးလား လူလေး''
''ဟုတ်ကဲ့… တိုက်ဖူးပါတယ်''
''အလို…''
အဘိုးအို အနည်းငယ် အံ့အားသင့်သွားသည်။ သည်လူရွယ်၏ အသက်အရွယ်နှင့် ယခု ဖြစ်နေသော အခြေနေ အချိန်အခါအရ ဆိုလျင် အလောင်းမင်းတရားကြီး လက်ထက်တော် အခါကလား၊ နောင်တော်ကြီးမင်း လက်ထက် သူပုန် မင်းခေါင်နော်ရထာ ဘက်ကများလား ဟု တွေးမိသွားသည်။
''ဘယ်တုန်းကလဲကွဲ့''
''ကြာပါပြီ… ဦးရီး''
''ကြာပြီ ဆိုတော့ အလောင်းဘုရား လက်ထက်တော်ကပေါ့။ ဘယ်သူ့လက်အောက်များ အမှုထမ်းဖူးလဲ သူငယ်''
''မုဆိုးဖိုတပ်တွေနဲ့အတူ ပါခဲ့တာပါပဲ။ မင်းလှမင်းခေါင်တို့ လက်အောက်ကပါ''
သည် သူငယ်က သူပုန် မင်းခေါင်နော်ရထာနဲ့ လက်တွဲဖူးတဲ့ စစ်သည်ငယ်ပါလား။ မင်းခေါင်နော်ရထာက နောင်တော်ကြီး တပယင်းမင်း လက်ထက်မှာ သူပုန် ဆိုပေမယ့် အလောင်းဘုရားရဲ့ ဘယ်လက်ရုံး အားအထားရဆုံး စစ်သူကြီးပဲ။ သူ့လက်အောက်က စစ်သည်တော် တစ်ယောက်အနေနဲ့ တိုက်ရည်ခိုက်ရည် ပြည့်ဝမှာတော့ အမှန်။ မုဆိုးဖိုတပ် ဆိုတာ အင်းဝနေပြည်တော်ကိုတောင် ပြန်သိမ်းပိုက်ပြီး အယုဒ္ဓယအထိ ပေါက်တဲ့ တိုက်တိုင်းအောင်တပ်တွေ မဟုတ်ပါလား။
''ဦးကြီးကတော့ ဒီနယ်တစ်ဝိုက်ကပဲ ဆိုတော့ ဒီနယ်မှာ တိုက်ခဲ့တဲ့ စစ်ပွဲတွေလောက်ပဲ ကြားဖူးနားဝ ရှိပါတယ် မောင်။ မုဆိုးဖိုတပ်တွေ ဆိုတာ တယ်ရဲရင့်ကြပြီး အသက်ကို ဖက်ရွက်လောက်တောင် မမှတ်ဘူးဆို… ဟုတ်လား''
လူရွယ် ပြုံးသည်။ အဝေးကို ငေးကြည့်နေရင်း
''ဟုတ်ပါတယ်။ သူတို့ တကယ်ပဲ ရဲရင့်ကြပါတယ်''
''အင်းကွယ်… ဘကြီးတို့တော့ မွန်တွေကို ပြန်တိုက်တဲ့ သတင်းတွေ ကြားရတိုင်း အလွန်အားရတာပဲ။ ထန်းလုံးတပ် တည်တယ် ကြားကတည်းက မျှော်လင့်နေခဲ့တာ။ ဟော… ချကုန်ပြီ လည်း ကြားရော စစ်ထဲ ပြေးဝင်ချင်လိုက်တာမှ လက်ကို ယားလို့။ အသက်က မလိုက်နိုင်တော့လို့ပေါ့ မောင်ရင်''
''ဘကြီးအရွယ်တွေလည်း စစ်ထဲ ပါကြပါတယ်''
''ဒါပေမယ့် သားကျွေးမှု မယားကျွေးမှု ဆိုတာ ရှိသေးတယ် မဟုတ်လား။ လယ်ယာကိုင်းကျွန်းက ဘကြီးတစ်ဦးတည်း ဦးဆောင်နေရတယ်''
လူရွယ် ဘာမှ ပြန်မပြော။ လှေကို လှော်နေတာ ခဏရပ်ပြီး လှေကြမ်းခင်းမှာ လှဲလိုက်သည်။ အဘိုးအိုက ဆက်ပြောသည်။
''မွန်တွေကို နိုင်လိုက်ပြီ။ ကွေ့တပ်ကို ပြန်တိုက်တယ် ကြားလည်း ဝမ်းသာရတာပဲ။ အင်းဝကို ပြန်ဝိုင်းကြတယ် ကြားတော့လည်း ဘယ်လို အားရမှန်း မသိလောက်အောင်ပဲ။ အဝကို ရပြီး မွန်တွေ ပြေးသွားတယ်၊ ပြန်တက်လာတယ်၊ တိုက်ကြတယ် ဆိုတုန်းကလည်း အမြဲပဲ နားစွင့်နေရတာပဲကိုး''
''အဲဒီတုန်းက ကျွန်တော်လည်း စစ်ထဲ ရောက်ခါစပေါ့''
လူရွယ်က ဆိုတော့ အဘိုးအိုက မျက်မှောင်ကြုံ့လိုက်သည်။
''ဒါဆို ဘယ်သူတွေကို မီလိုက်သလဲ၊ အင်းဝက ထွက်တိုက်တဲ့အထဲ ပါလိုက်ရသေးလား''
''ပါပါတယ် ဘကြီး၊ ရေတပ်သားအနေနဲ့ တိုက်ခဲ့ရပါတယ်''
''အလို! ဆင်ဖြူရှင်မင်းသားရဲ့ ရေတပ်တော်သားပေါ့။ လက်ဖျားခါပါတယ် မောင်ရင်။ တကယ့် စွမ်းရည်ပြည့် သူရဲကောင်းတွေပဲ''
''အဲလောက်လည်း မဟုတ်ပါဘူး ဦးရီးရယ်။ တိုက်ဆိုလို့ တိုက်ကြရတာပါပဲ။ မတိုက်လည်း သေ တိုက်လည်းသေ ဆိုတော့ တိုက်ရင်း သေကာမှ သေရော မီးကုန်ယမ်းကုန် နွှဲကြရတာကိုး ဘကြီးရဲ့''
''အေးလကွာ… မွန် သောင်းသိန်းကို လူ ၂ ထောင်ကျော်နဲ့ လှည့်ပတ်တိုက်ပြီး အောင်ပွဲခံနိုင်ဖို့ ဆိုတာ တော်ရုံ့လူတွေလား။ နားရှိလို့သာ ကြားရတယ်။ ကျုပ်တို့ရွာမှာတော့ ပုံပြင်လို မှတ်တာပဲ မောင်ရ။ အလွန့်အလွန် ချဲ့ကားပြောတယ် ထင်ကြတာပဲ။ သို့ပေမယ့် အဲသည်အချိန်က အလောင်းဘုရား ကိုယ်တော်ရဲ့ တပ်တွေကလည်း ရွှေဘိုကနေ စုန်လာခါစ ဆိုတော့ ဟုတ်နိုးနိုးပေါ့''
လူရွယ်က ကောင်းကင်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။ လူရွယ်၏ အပြုံးကို အဘိုးအိုကလည်း မြင်သည်။ သည်လိုနှင့် သူသိလိုသည့် စစ်အကြောင်းများကို မေးရင်း လူရွယ်ကလည်း တစ်ခွန်းစ နှစ်ခွန်းစ ပြန်ဖြေရင်း ညက နက်လာသည်။
မလည်အရပ်ရောက်တော့ ခရီးတစ်ထောက် နားကြသည်။ နောက်တစ်နေ့ ဆက်ထွက်တော့ သပိတ်ကျင်း ကျောက်မြောင်းအကြားမှာ မြစ်ပြင်ကျဉ်းပြီး အကွေ့အကောက်တွေပါ ပါလာသည်မို့ လှေကို သတိထား လှော်ခတ် ထိန်းကျောင်းနေရသဖြင့် စကားသိပ်မပြောဖြစ်ကြ။ စုန်ရင်း စုန်ရင်း စဉ့်ကူးနားရောက်မှ မြစ်က ပြန်ကျယ်လာသည်။
လူရွယ်က အင်းဝကို စစ်မှုထမ်းရန် လာခြင်း ဖြစ်သဖြင့် အဘိုးအိုကလည်း စစ်နှင့်ဆိုင်သည်များကိုသာ အဓိကထား မေးမြန်းပြောဆိုဖြစ်လေသည်။ လူရွယ်သည် စစ်အတွင်းက အကြောင်းတချို့ကို ပြောပြသော်လည်း သူ စစ်မှုထမ်းခဲ့ဖူးသည့် အကြောင်းများကိုမူ သိပ်ပြောချင်ပုံ မရချေ။ အဘိုးအိုကသာ စကားများများ ပြောရလေသည်။
''ဘကြီးတို့တော့ စစ်သတင်းများ ကြားရတာ ရင်တထိတ်ထိတ်ပဲ မောင်ရင်။ အဝကို မွန်တွေ ဝိုင်းမိပြီ ဆိုတုန်းကလည်း စိုးရိမ်လိုက်ရတာပဲ။ မွန်တိုက်လှေကြီး ၅၀၀ ကို ကင်းလှေလေး ၃၀ နဲ့ လက်ျာဘီလူးတို့ တက်တိုက်ကြတယ် ကြားတုန်းကလည်း ဒီလူတွေ လူမှဟုတ်ရဲ့လားလို့ မြင်ဖူးချင်လိုက်တာ ဆိုတာလေ''
လူရွယ်က ဖျတ်ခနဲ တစ်ချက် ကြည့်သည်။ အဘိုးအိုက ဆက်ပြောနေသည်။
''တာမွေမှာ မွန်စစ်သူကြီး ဒလပန်းနဲ့ မြင်းရည်တက်ဗိုလ် ဦးတွန် စီးချင်းထိုးကြတယ် ဆိုတော့လည်း အဲဒီသတင်းကို အရပ်ထဲမှာ အမျိုးမျိုး ပြောကြတာများ ကြားစေချင်တယ်။ ဒလပန်းကို မင်းခေါင်နော်ရထာက ဘယ်လို ဘယ်သို့ ထိုးလိုက်တာ။ ဒလပန်း ဘယ်လို ပြေးရတာတွေ ပြောပြောပြီး တယ်အားရကြသကို''
လူရွယ်က အဘိုးအိုကို ငေးကြည့်နေသည်။
''တပယင်းမင်းတို့ တပ်ပျက်ကြတယ် ကြားတော့ ကျုပ်တို့က ကြားက စိတ်မသက်မသာ ဖြစ်ကြရသေးတယ်။ သမိန်သံလိုက်တို့နဲ့ သန်လျင်တိုက်ပွဲမှာလည်း သေနတ်ဝန် ဦးကောင်း ဆုံးရှာပြီ ဆိုတော့ မဟာသေနာပတိ မရှိရင် ဟံသာဝတီကို ဘယ်လို ဆက်တိုက်နိုင်ပါ့မလဲ တွေးပူလိုက်ကြရတာ။ နောက် သန်လျင်ကိုရလို့ ဟံသာဝတီက အညံ့ခံလာပြီ ဆိုတော့မှ အလုံးကြီး ကျသွားတော့တယ်''
အဘိုးအို၏ စကားအဆုံးမှာ လူရွယ် ယောင်ယောင်လေး တစ်ချက်ပြုံးသည်။ သည်အဖိုးကြီး ဘယ်နည်းနဲ့မှ တောင်သူ မဖြစ်နိုင်။ စိတ်ထဲ တေးမှတ်ထားလိုက်သည်။
စစ်ကိုင်းရောက်တော့ အဖိုးအိုက ဆွေမျိုးများထံ ဝင်စရာရှိသေးသည်ဟု ဆိုသဖြင့် လူရွယ်က လမ်းခွဲကြရန် နှုတ်ဆက်သည်။ သူသည် အင်းဝသို့ အခြားလှေဖြင့် လမ်းကြုံ ထပ်လိုက်ရဦးမည် ဖြစ်သည်။ အဖိုးအို၏ ပိန်းကောလှေပေါ်မှ အဆင်းတွင် လူရွယ်က
''ဘကြီး နောင် စနည်းနာထွက်တဲ့အခါ စစ်သတင်း တိုင်းပြည်သတင်းတွေ ပေးနိုင်တဲ့ သူကြီး ကလန်တွေနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ သို့ပေမယ့် ခု လောလောဆယ်တော့ လိုက်ပို့နိုင်တော့မှာ မဟုတ်ဘူး။ ကံကြုံရင် လမ်းကြုံစီးခွင့်ပေးတဲ့ ကျေးဇူးကို ပြန်ဆပ်ပါ့မယ်နော် ဘကြီး''
ဟု ဆိုတော့ အဘိုးအို မျက်ခုံးပင့်သွားသည်။ ထို့နောက် လူရွယ်ကို လက်ညှိုးတထိုးထိုးနှင့် တဟားဟား အော်ရယ်နေတော့သည်။ လူရွယ်ကလည်း ပြုံး၍ စစ်ကိုင်းဆိပ်သို့ တက်သွား၏ ။
များမကြာမီ ယိုးဒယားအကူအညီဖြင့် ထားဝယ်စား ပုန်ကန်ရာ စစ်သူကြီး မဟာနော်ရထာနှင့် နေမျိုးသီဟပတေ့ ဦးဆောင်၍ စစ်သည် ၅ သောင်းခန့်နှင့် မြန်မာတပ်များ ယိုးဒယားသို့ ချီသွားကြသည်။ ဆင်ကောင်း မြင်းကောင်း စစ်သည် ၆ သောင်းကျော်နှင့် အမြောက်စိန်ပြောင်းချည်း ၁ သောင်းကျော်ရှိသော အယုဒ္ဓယကို နှစ်နှစ်ကျော်မျှ ခက်ခဲစွာ တိုက်ယူပြီးနောက် မြန်မာတပ်များက သိမ်းပိုက် ဖျက်ဆီးခဲ့ကြသည်။
ထိုအချိန်တွင် တရုတ်တပ်များက ကျိုင်းတုံကို ဝင်တိုက်ပြီး အင်းဝနေပြည်တော်အနီးအထိ ရောက်ရှိလာကြလေပြီ။ စစ်သူကြီး တိမ်ကြားမင်းခေါင် ဦးဆောင်သော ပြောက်ကျားတပ်များသည် တရုတ်ရိက္ခာထောက် တပ်များကို နောက်မှ အလစ်ဝင်စီးပြီး သိမ်းပိုက်ထားနိုင်သောကြောင့် တရုတ်တို့ ရိက္ခာပြတ်ကာ ရှေ့မဆက်နိုင်ဘဲ တပ်လည်သွားကြရ၏ ။ ယိုးဒယားက ပြန်လာသော မြန်မာတပ်များနှင့် တိမ်ကြားမင်းခေါင်တပ်များ ပေါင်းမိသဖြင့် သမိုင်းတွင် တတိယ အင်အားအကြီးဆုံး မြန်မာ့တပ်မတော်ကြီးကို ဖွဲ့စည်းမိသွားကြသည်။
ရုပ်ပြောင်းရုပ်လွှဲ နှင့် ရန်သူ့တပ်ကို ဝင်လိုဝင် ထွက်လိုထွက် ပြုနိုင်သော တိမ်ကြားမင်းခေါင်ကို တရုတ်တို့ အလွန်ကြောက်ကြပြီး တိမ်ကြားမင်းခေါင် ချီလာပြီ ဟု အသံကြားသည်နှင့် တရုတ်တပ်မင်းများ ကောင်းကင်ကို ယောင်ရမ်းမော့ကြည့်မိကြသည်အထိ။ ထို တိမ်ကြားမင်းခေါင် နှင့် ယိုးဒယားကို ရွပ်ရွပ်ချွံချွံ တိုက်ကာ နွေရောမိုးပါ သိမ်းထားနိုင်သည့် မြန်မာတပ်များ ပြန်ပေါင်းမိသောအခါ…
အထူးသဖြင့် အယုဒ္ဓယပြန် တပ်များတွင် အလောင်းဘုရား၏ နာမည်ကျော် တပ်မှူးများဖြစ်ကြသော စံလှကြီး နှင့် လက်ျာဘီလူး တို့လို မုဆိုးချုံတပ်သားများ ပါလာသည်ဟု ကြားသောအခါ ပြည်တွင်းမှ တိမ်ကြားမင်းခေါင် ဦးဆောင်သော တပ်များက စိတ်လှုပ်ရှားစွာ ကြိုနေကြသည်။ ဝန်ကြီး မဟာသီဟသူရ၊ စစ်သူကြီး နေမျိုးသီဟပတေ့၊ စစ်သူကြီး မဟာနော်ရထာတို့ တွေ့ဆုံကြချိန်တွင် သူတို့နောက်မှ လူကြီးတစ်ဦးနှင့် လူရွယ်တစ်ဦးတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အံ့သြမင်သက်လျက် ရှိကြသည်။
''မင်း… မင်းက… လှေကြုံစီးခဲ့တဲ့ သူငယ် မဟုတ်လား''
''အလို… ဦးရီးက စစ်ဝတ်စုံနဲ့ ဆိုတော့ တယ်ခန့်ညားနုပျိုနေပါလား။ တကောင်းတုန်းက အိုစာအောင် ရုပ်ဖျက်ထားပုံရတယ်''
သူတို့ကို ကြည့်ပြီး ဝန်ကြီးက
''တိမ်ကြားမင်းခေါင်နဲ့ လက်ျာဘီလူးက သိဟောင်းကျွမ်းဟောင်းတွေ ထင်ပ''
''မောင်မင်းက လက်ျာဘီလူး လား''
''ဟာ… ဦးရီးက တိမ်ကြားမင်းခေါင်လား''
''ဟေ''
သူတို့နှစ်ဦးသား ပြုံးပြုံးကြီး ကြည့်နေကြရာမှ တစ်ဦးကိုတစ်ဦး ပွေ့ဖက်နှုတ်ဆက်လိုက်ကြရာ အနီးရှိသူများ ပွဲကျသွားကြသည်။ နာမည်ကျော် တိမ်ကြားမင်းခေါင်ကိုတောင် မသိဘူးလား… လက်ျာဘီလူး ဆိုတာ အင်မတန် ရက်စက်တာ၊ မင်းတို့ တိမ်ကြားမင်းခေါင်ထက် သာဆိုးတာပေါ့… တရုတ်တောင် ကြောက်ရတဲ့ တိမ်ကြားမင်းခေါင်တဲ့နော်… အလောင်းဘုရားရဲ့လူ လက်ျာဘီလူး ဆိုတာ သူပဲ စသည့် အသံများ နှစ်ဖက်စစ်သည်များထံမှ ထွက်လာသည်။
ထိုအချိန်မှ စ၍ စစ်သူကြီး တိမ်ကြားမင်းခေါင်သည် တပ်မှူး လက်ျာဘီလူးကို အလွန်အားထားလေ၏ ။ ဆင်ဖြူရှင်မင်းတရားက လက်ျာဘီလူးကို ရာဇဂုမ္ဘာန်ဘွဲ့ နှင်းအပ်လိုက်သောအခါ လက်ျာဘီလူးထက် သူကပို၍ ဝမ်းသာနေသည်။ တရုတ်မြန်မာ တတိယအကြိမ် စစ်ပွဲတွင် တပ်မှူး ရာဇဂုမ္ဘာန် ကျဆုံးသွားကြောင်း သတင်းရသောအခါ စစ်ကဲအဖိုးအိုသည် နှစ်ရက်ခန့် စကားမပြောနိုင်ဘဲ ငူငူငိုင်ငိုင်ကြီး ဖြစ်သွားခဲ့လေသည်။