လမ်းမတစ်ခုပေါ်၌ သူငယ်ကလေးနှစ်ယောက်သည် ထွေခင်း ကစားလျက် ရှိကြစဉ် ရွာ၏ မြောက်ဘက်ပိုင်းမှ အခြားကလေးနှစ်ဦး လျှောက်လာကြသည်။ ထွေပစ်နေရာမှ ဦးစွာမြင်သည့် မဲလုံးဟူသည့် ကလေးက အော်လိုက်၏ ။
"ဟိုမှာ မင်းကျောင်းသားနှစ်ကောင် လာပြီကွ"
ဖေသရာ ဟု အမည်ရသည့် ကလေးက လှည့်ကြည့်ပြီး ဝမ်းသာအားရဖြင့်
"သိန်းဆောင်တို့ပဲ.. ဒီကောင်တွေပါ ခေါ်လိုက်မယ်"
မင်းကျောင်းသား နှစ်ယောက် အနားရောက်လာကြလျင် တစ်ဦးက
"ငမဲတို့ကောင်တွေ ထွေပစ်နေကြတာလား၊ ငါတို့ ဆွမ်းအုပ်သွားယူမလို့ လိုက်ခဲ့ပါလား"
"ဟာ.. မင်းတို့ ဆွမ်းအုပ်က ဒီချိန် ဘယ်ရဦးမလဲကွ၊ ဆယ်ပွဲလောက် ကစားချိန် ရသေးတယ်"
"ဟေ့အေးကွာ၊ ဖေသရာက အလွန်ညစ်တယ်။ မင်းတို့နဲ့ မကစားချင်ဘူး"
နောက်မှ ရောက်လာသည့် ကလေးတစ်ဦးက ပြောရာ မဲလုံးက
"ဒါဆို ဖေသရာကို မင်းဘက်ထားလေ၊ ငါနဲ့ သိန်းဆောင် တစ်ဘက် နေမယ်"
"ပိုဆိုးတာပေါ့ကွ၊ ငါပါ ငညစ်ဖြစ်သွားမှာပေါ့။ နာမည်ကိုက ဖေသရာတဲ့"
"ဟေ့ကောင် ငစံ၊ မဆိုင်တာ မပြောနဲ့ကွ။ ငါ့ဘာသာ ညစ်ချင်ညစ်မယ် အဲဒီ နာမည်ကြီး ထည့်ထည့် မပြောနဲ့"
"ထည့်မပြောချင်ပါဘူး၊ ဒါပေမယ့် မင့်အမိက အဲလို မှည့်ထားတာကိုး"
"ငါလည်း အဲဒါ ပြန်ပြောလို့ ရိုက်ခံရတာ များနေပြီ။ မင်းတို့ မကစားချင်နေ။ နာမည်အစုတ်ပလုပ်ကြီးတော့ မခေါ်နဲ့။ ခေါ်ရင် ငါ မကစားတော့ဘူး"
"ဟာ.. ဖေသရာ၊ တကယ်လား ဟေ့ကောင် ဖေသရာ။ မင်းနာမည်ခေါ်ရင် မကစားဘူးဆိုတာ တကယ်လား မောင်ဖေသရာရဲ့"
"သိန်းဆောင် သောင်းစိန်.. မင်း မညစ်စုတ်နဲ့နော်"
မဲလုံးက ဝင်ခွဲပေးရ၏ ။
"သူမကြိုက်တာကို မခေါ်ကြပါနဲ့ကွာ.. မင်းတို့ကလည်း"
"သူ ညစ်တာလည်း ငါတို့ မကြိုက်ဘူးလေ"
"အေးပါကွာ၊ ထားလိုက်ပါတော့။ မင်းတို့ ဆွမ်းအုပ်သွားယူတာပဲ လိုက်ခဲ့တော့မယ်။ ဘယ်နှအိမ်လဲကွ"
"နှစ်အိမ်တည်းမို့ နှစ်ယောက်လာတာပေါ့ကွ"
"အပျိုကြီး မယ်မိကောင်းတို့အိမ်လား"
"အေး.. ပါတယ်"
"ဒါဆို ကြာဦးမှာ သေချာတယ်၊ တို့ကောင်တွေ တစ်ခုခု လုပ်ရအောင်"
"ဘာလုပ်မှာလဲ၊ အသီးသွားဆွတ်ဦးမလို့လား"
"လောက်လေးခွတွေ ပြန်ယူပြီး ငှက်လိုက်ပစ်မလား"
ဖေသရာက မေးလိုက်လျင် မဲလုံးက
"မလုပ်နဲ့ကွ၊ ဒီချိန် ဝါတွင်းဆို ငှက်တွေ နေရပ်ပြန်ပြီး ဥပုသ်စောင့်ကြသတဲ့"
"ဘာရယ်"
ငစံက မကြားဖူး၍ ပြန်မေးသည်။ သိန်းဆောင်ကလည်း
"ငှက်တိုင်း
မဟုတ်ပါဘူးဟ၊ စွန်တွေ သိမ်းတွေပဲ ဥပုသ်စောင့်တာလို့ ငါ့အမေ
ဥပုသ်သည်ဇရပ်မှာ ပြောတာ ကြားဖူးတယ်။ တခြားငှက်တွေက အသားမှ မစားတာ..
စားတဲ့ငှက်ပဲ စောင့်စရာလိုမှာပေါ့"
"စွန်တွေက ဥပုသ်စောင့်တာ ဟုတ်လို့လား"
"လူကြီးတွေ ပြောတာပဲ၊ ဟုတ်လို့ ပြောတာပေါ့ကွ"
"မင်းတို့ စွန်ရဲအင်း ရောက်ဖူးလား"
"မရောက်ဖူးဘူး"
"ငါ တစ်ခါ ရောက်ဖူးတယ်၊ ငါ့အဖေနဲ့"
ဖေသရာက ရောက်ဖူးတယ် ဆိုသဖြင့် ငစံ ဖေသရာဘက် လှည့်သွားသည်။
"ဘာတွေ တွေ့လဲ"
"ရေတွေ၊ ငါးတွေ၊ နောက်ပြီးတော့ ကိုင်းပင်တွေ"
"နောက်ရော"
"အပင်တွေ၊ သစ်ရွက်တွေရယ်၊ မြေကြီးတွေရယ်"
"မင်း အဲဒါကြောင့် ဖေသရာ ဖြစ်နေတာ"
"မင်းနော်"
"စွန်တွေ မတွေ့ခဲ့ဘူးလား"
"မတွေ့ဘူး၊ ငါ့အဖေက မြှုံးသွားထောင်တာဟ"
"ဘယ်အဖေလဲကွ.. ဖေတရာ.. ဟီးဟီး"
"ခွေးကောင် သိန်းဆောင် နှမပေး"
ဆို၍ အုန်းခနဲ ထုလိုက်၏ ။ သိန်းဆောင် ရယ်နေသည်။ မဲလုံးက ဝင်နောက်ပြန်၏ ။
"လက်ရှိ အဖေပေါ့ကွ"
"တော်တော့ကွာ၊ ငါ မလိုက်တော့ဘူး"
"စိတ်ကောက်သွားပြီဟေ့၊ လာပါ.. ငါတို့က စတာကို"
"အဲဒီ အမေကလည်း ပေးစရာရှားလို့ကွာ"
"ဒါနဲ့.. ဟေ့ကောင်၊ မင်းအဖေ တောသွားတော့ သုတ်ကိုင်းထောင်တဲ့ ကြိုးတွေ အပိုရှိလား"
"ရှိတာပေါ့၊ အမြဲ ကျစ်နေတာကို။ ဘာလုပ်ဖို့လဲ"
"မနှစ်က ခုလိုဝါတွင်း ကပ္ပိယကြီးနဲ့ လိုက်သွားတော့ စွန်ရဲအင်းမှာ စွန်တွေ တွေ့တယ်ကွ။ မင်း ကိုင်းထောင်တတ်လား"
"စွန်တော့ မထောင်ဖူးဘူးလေ၊ မြေပေါ် ပြေးတဲ့ အကောင်တွေ ထောင်တာတော့ မြင်ဖူးတယ်"
"ဟေ့ သိန်းဆောင်၊ မင်းတို့ပြောတဲ့ ဥပုသ်သည်စွန်ကြီး ဖမ်းပြီး မင်းအမိကို သွားပြရင်ရော"
"အရိုက်ခံရမှာပေါ့ကွ"
"မင်းဖမ်းတာ
မဟုတ်ဘူးလို့ ပြောပေါ့။ ဒါဆို စွန်တွေ ဥပုသ်သွားစောင့်တာ မဟုတ်ဘူး၊
မိုးတွင်းမှာ သူတို့သားကောင်တွေ မထွက်ကြလို့ အင်းထဲမှာ
ငါးသွားဖမ်းစားနေတာလို့ သိလာမယ် မဟုတ်လား"
"အဲလိုလား၊ ဒါဆို ဖမ်းကြမယ်လေ"
သူတို့လေးယောက်သည် ဆွမ်းယူရမည့် အိမ်များအား ဦးစွာ
သွားမေးကြပြီးနောက် မရသေးဟု ကြားလျင် ဖေသရာအိမ်သို့ သွားကြလေ၏ ။ သူ့အဖေကား
တောလည်သွားချေပြီ၊ အိမ်တွင် မိခင်သာ ရှိရာ
"ဟဲ့ဖေသရာ.. ဘယ်တွေ သွားနေတာလဲ၊ လာဦး"
ဖေသရာက ပေကပ်ကပ် လုပ်နေသည်။
"ဟဲ့.. ခေါ်နေတာ မကြားဘူးလား"
"အဲဒီနာမည်ကြီး ခေါ်ရင် မလာဘူးဗျာ"
"အောင်မယ်.."
လက်မြန်ခြေမြန်ရှိသော သူ၏ မိခင်က စွေ့ခနဲ အနားရောက်လာလျက် ကျောပြင်ကို ဗြန်းခနဲ တီးလိုက်၏ ။
"ဖေသရာမို့ ဖေသရာခေါ်တာ နင်က ဘာရှက်တာလဲ"
"ဘာကြီးမှန်းမှ မသိတာကို"
"ငါပေးချင်တာ ပေးမှာပေါ့ဟဲ့ ဖေသရာကမြင်းကောင်ရဲ့"
"ဗြန်း.. ဗြန်း"
ဖေသရာက ခြေပစ်လက်ပစ် ထိုင်ချလိုက်၏ ။ သူ့ပုံမှာ ရိုက်ချင်သလောက်ရိုက် ထတော့မည်မဟုတ်။
"တော်ပြီ၊ နင့်မခိုင်းတော့ဘူး။ ငါ့ဘာသာပဲ သွားမယ်။ ထမင်းလည်း ပြန်လာမစားနဲ့၊ နင့်ဟာနင် နေချင်သလိုနေတော့"
မိခင် ထမီတိုတို ပြင်ဝတ်၍ ထွက်သွားလျင် ရပ်ကြည့်နေကြသော အဖော် ၃ ဦးအား
"ငါ့အမေက ဒီလိုပဲ၊ ငါ့ဆို မြင်တာနဲ့ ရိုက်ပြီးသား"
"သိသားပဲ၊ ကဲ.. ကဲ မင့်ကိုင်းထောင်နည်း ပြ"
ဖေသရာက သရုပ်ပြသည်။ သူတို့က ကြည့်ရှု မှတ်သားကာ
အစမ်းလုပ်ကြည့်ကြ၏ ။ ထို့နောက် ဆွမ်းအုပ်များ သွားယူကာ ကျောင်းသို့
ကစားရင်း ပြန်သွားကြလေသည်။ မဲလုံးနှင့် ဖေသရာကိုပါ ခေါ်သွားပြီး
ဆွမ်းကျန်များကို မျှကျွေးလိုက်ကြ၏ ။ နေ့လယ် ဘုန်းတော်ကြီး
ကျိန်းချိန်တွင်မှ လစ်ထွက်လာခဲ့ကြသည်။
သိန်းဆောင်အိမ်မှ ကြက်ပေါက် တစ်ကောင် ဝင်ယူခဲ့ကြပြီး
စွန်ရဲအင်းသို့ ဦးတည် သွားကြ၏ ။ ခရီး ၂ တိုင်ခန့် သွားမိလျင် စွန်ရဲအင်းကို
မြင်ရလေသည်။ ရေပြင်ဖွေးဖွေးတွင် ကိုင်းပင်များက လှုပ်ယိမ်းလျက်။
"ဟိုးမှာ.. ဟိုးမှာ၊ တွေ့လား။ ငါပြောသားပဲ"
အင်းအထက်တွင် စွန်တစ်ကောင် ဝဲနေသည်ကို မြင်သဖြင့် ငစံက ပြ၏ ။
"စွန်ကို သုတ်ကိုင်းနဲ့ ထောင်လို့ ရပါ့မလား"
"အဲဒါကြောင့် မြားတံ ယူလာတာပေါ့။ စွန်ကို မြားနဲ့ ပစ်ချထားတာ တွေ့ဖူးတယ်"
"ငါတို့မှာ လေးကိုင်းမှ မရှိတာ၊ ဘယ်လိုလုပ်မလဲ"
"မင်းပြကတည်းက ငါ စဉ်းစားပြီးသား။ မဲလုံး အုတ်နီခဲရှာပြီး ခဲနဲ့ထု၊ အမှုန့်ကို ရေနဲ့ဖျော်၊ ကြက်ကလေးကို သုတ်ထားလိုက်ကွာ"
မဲလုံးနှင့် သိန်းဆောင်က ကြက်ပေါက်ကိုယူလျက် အုတ်နီခဲ အရှာထွက်၏ ။
ငစံနှင့် ဖေသရာက စွန်ထောင်ရန် ပြင်ကြသည်။ ငစံ ခိုင်းသည့်အတိုင်း ဖေသရာက
ကြိုးကိုဆွဲ၊ ခလုတ်ပြင်၊ မောင်းတံလုပ်ရ၏ ။ မဲလုံးတို့ ပြန်လာလျင် ကြက်နီလေး
ပါလာသည်။
ကြက်ငယ်အား ကြိုးချည်လျက် အခြားတစ်ဘက်ကို ငုတ်တစ်ခု၌ ရစ်ပတ်လိုက်၏
။ ထိုငုတ်ကို မြေကြီးထဲ အဆုံးထိ ရိုက်သွင်းလိုက်ပြီး ကြက်ကိုယ်တွင်
နောက်ကြိုးတစ်ချောင်း ချည်လိုက်ပြန်သည်။ ထိုကြိုးမှာ ချုံထဲရှိ
မြားတံများနှင့် သွယ်ထားသည့် ကြိုးရှည်ဖြစ်ရာ ခပ်လျော့လျော့ ထားရသည်။
ကြက်မှာ ငုတ်ပတ်လည် ပြေးနေသော်လည်း ကြိုးရှည်အား မတင်းစေနိုင်။
စွန်ချီခံရမှသာ ကြိုးကို ဆောင့်ဆွဲသလို ဖြစ်ပေလိမ့်မည်။
အမှန်မှာ ဖေသရာ ပြသည့် မုဆိုးနည်း၊ ကျောင်းမှ သင်ခဲ့သည့်
ထောင်ချောက်ဆင်နည်းတို့ကို ပေါင်းစပ်၍ မြားတံတို့ကိုမူ သူ့စိတ်ကူးနှင့်သူ
နှစ်ဆင့် သုံးဆင့် ဖြစ်စေရန် ကြံစည်၍ ချိတ်ဆက်ထားခြင်း ဖြစ်သည်။ မြားတံတို့
လားရာကိုမူ အပေါ်ထောင်လျက် အင်းရေပြင်ဘက်သို့ မျက်နှာမူထား၏ ။
"ငါတို့ ဝေးဝေးက သွားစောင့်ကြစို့"
သူတို့က ပိညှက် ပိညှက် အော်နေခဲ့သည့် ကြက်ကလေးနှင့်
ထောင်ချောက်များကို ထားခဲ့ပြီး ယာခင်းများအလယ်ရှိ သရက်ပင်ကြီးအောက်
အခင်းစောင့်တဲလေးတွင် သွားရောက် ဆော့ကစားနေကြသည်။ မနည်းကြာလျင် တစ်ယောက်က
အခြေအနေ သွားကြည့်၍ ပြန်လာရ၏ ။ မဲလုံးသွားသည့် အလှည့်တွင် အော်၍ ပြေးလာသည်။
"ဟေ့ကောင်တွေ၊ မိနေပြီကွ"
သူတို့လည်း တဲပေါ်မှ ခုန်ဆင်း ပြေးသွားကြ၏ ။ စွန်ကြီးမှာ
မြားတန်းလန်းဖြင့် တောင်ပံ တဖုန်းဖုန်း ခတ်နေရာ ဖုန်များပင် ထ နေသည်။
သိန်းဆောင်က ဝမ်းသာအားရ ပြေးကောက်မည် ပြုရာ ဖေသရာက ဆွဲထားပြီး
"လက်ပြတ်ချင်လို့လားကွ၊ စွန်ကုတ်ရင် မင်းလက်ကြီးပါ ပြတ်ပါသွားမှာနော်၊ တအားသန်တာ"
သိန်းဆောင် လန့်သွားပြီး
"ဒါဆို ဘယ်လို လုပ်ကြမလဲ ငစံ"
"ခဲနဲ့ပစ်၊ တုတ်နဲ့ရိုက်ကြပေါ့"
ကျန် ၃ ဦးသား တုတ်ရှာ၍ တက်ညီလက်ညီ ရိုက်လိုက်ကြရာ စွန်မှာ
စင်းစင်းသေလေသည်။ ငစံက စွန်ကို ဖေသရာထံ ပေးရမည် ဆိုရာ သိန်းဆောင်က ခေတ္တ
ယူကာ သူ့အမေကို ပြပါရစေ ဆို၏ ။
သို့ရာတွင် သိန်းဆောင်၏ မိခင်မှာ အိမ်တွင်မရှိ။
ဥပုသ်စောင့်သွားသည် ဆို၏ ။ ငစံက သိန်းဆောင်အိမ် မလိုက်တော့ဘဲ ကျောင်းသို့
ပြန်နှင့်ပြီ။ မဲလုံးတို့ တားသော်လည်း အမေကို ပြချင်လွန်းနေသော သိန်းဆောင်က
ဇွတ်အတင်းပင် စွန်သေကို ဥပုသ်သည်ဇရပ်သို့ ယူသွားလေသည်။
"ဘယ်ကအကောင်ကြီးလဲ။ ကြည့်စမ်း.. မြားတန်းလန်းနဲ့၊ ငသိန်းဆောင် နင် ဘယ်က ရလာတာလဲ"
"အစ်မ ပြောသလို စွန်တွေ ဥပုသ်စောင့်နေတာ မဟုတ်ဘူး၊ စွန်ရဲအင်းမှာ ငါးဖမ်းစားနေတာ ဆိုတာ လာပြတာဗျ"
"ဟင်.. အကုသိုလ်ကောင်၊ နင်ပစ်လာတာပေါ့လေ"
"မဟုတ်ပါဘူး။ သူများ ပစ်တာကို ယူလာပြတာ"
"ဘာ
မဟုတ်ရမှာလဲ။ ဟဲ့ကောင်.. လာခဲ့၊ ငါကတော့ နင့်ကို လိမ္မာရေးခြားရှိအောင်
ကျောင်းအိပ်ကျောင်းစား ထားတာ၊ နင်က အတတ်ကောင်းတွေ တတ်နေတာပေါ့.. ဟုတ်လား"
သူ့အမေက ပြောပြောဆိုဆို သိန်းဆောင်အား လက်မောင်းမှ ဆွဲလျက်
ကျောင်းပေါ် တက်သွားသည်။ ဆူဆူညံညံ အသံများကြောင့် ဆရာတော် ကျိန်းနေရာမှ
ထလာပြီး
"ဘာဖြစ်လာကြတာလဲ၊ လက်ထဲမှာလည်း သိမ်းတစ်ကောင်ပါလား"
"ဟုတ်ပါတယ်ဘုရား၊ သင်းက စာကောင်းကောင်း မအံဘဲ ငရဲအလုပ်တွေ လုပ်နေလို့ ဆုံးမဖို့ လာအပ်တာပါဘုရား"
"ဟေ"
ဆရာတော်က ဖြစ်ကြောင်းကုန်စင် မေးသည်။ သိန်းဆောင်က အဖော်များ၏
အမည်ကို ချန်လှပ်၍ လျှောက်တင်ရာ ဆရာတော်သည် စွန်ကို သေချာ စစ်ဆေး
ကြည့်ရှုလျက်
"မြားက
နှစ်ချက်တောင်၊ တစ်ချက်က အတောင်ကို ဖောက်သွားတယ်၊ နောက်တစ်ချက်က ကိုယ်ကို
ကန့်လန့်ဖြတ်သွားလို့ သေတာဟဲ့။ မလွတ်ရအောင် စီစဉ်ထားတာပဲ။ လေးကိုင်း
ဘယ်ကရသလဲ မောင်သိန်းဆောင်"
"လေးမရှိပါဘူးဘုရား၊ ကြိုးတွေကို သစ်ကိုင်းတွေမှာ ပတ်ပြီး ထောင်တာပါ"
"ဒါ ဒီကောင့် လက်ချက် မဖြစ်နိုင်ဘူး၊ ဒီလို ကြံကြံဖန်ဖန် လုပ်တတ်တာ ကျောင်းမှာ တစ်ကောင်တော့ ရှိတယ်"
ဆိုကာ ထသွားပြီး ကျောင်းပေါက်ဝမှ
"ငစံ၊ ငစံ.. လာစမ်း"
"ခင်ဗျာ"
ကျောင်းအောက်မှ နားစွင့်နေသည့် ငစံကလေး တက်လာသည်။ စွန်ကို ပြ၍ မေး၏ ။
"နင် ဘာလုပ်ခဲ့သလဲ ပြောစမ်း"
"ဥပုသ်သည်ကြီး ဟင်းခိုးစားလို့ မိအောင် ဖမ်းပေးတာပါဘုရား"
"တယ်လေ.. မဟုတ်တဲ့နေရာမှာ ဉာဏ်ထွက်တဲ့အကောင်၊ သူတော်.. ကြိမ်လုံးသွားယူစမ်း၊ နောက် ဘယ်သူတွေ ပါသေးလဲ ပြောစမ်း"
"ရွာထဲက
နှစ်ယောက် ပါပါတယ်ဘုရား။ သူတို့က ဘာမှ မသိပါဘူး။ တပည့်တော်က ထောင်တာပါ။
သူ့အမေ ပြချင်လို့ သိမ်းကို ဆောင်ယူသွားတာက သိန်းဆောင်ပါ ဘုရား"
"သူ့ဘာသာ စွန်တွေ ဥပုသ်စောင့်စောင့်၊ ငါးဖမ်းစားစား နင်နဲ့ ဘာဆိုင်လဲ။ လာခဲ့၊ ကျောင်းအောက်ဆင်း။ နောက်လုပ်ဦးမလား ပြော"
"မလုပ်တော့ပါဘူးဘုရား၊ သူ့အမိ သိသွားရင် ကျေနပ်ပါပြီ"
"ဟေ"
ဥပုသ်သည်များလည်း ဝိုင်းကြည့်နေကြ၏ ။ ငစံ၏ အမေသည် အသံကြား၍
ချောင်တစ်ချောင်မှ ပုတီးနှင့် ထွက်လာပြီး သားအဖြစ်ကို မြင်လေသည်။
"ရွှမ်း"
"ဘာအပြစ်လုပ်လို့ ရိုက်သလဲ"
"ဥပုသ်သည်ကြီး ဖမ်းလို့ပါဘုရား"
"ရွှမ်း"
"သူ့ဘာသာ နေတာ ဘာလို့ ဖမ်းသလဲ"
"ဥပုသ်သည်တွေ သိအောင်လို့ပါဘုရား"
"ဥပုသ်သည်တွေ သိတော့ နင့်အရေးလား"
"ရွှမ်း"
"အမှန်ကို မြင်လို့ အမှားကို ပြင်နိုင်ရင် မင်္ဂလာ လို့ ဆုံးမထားလို့ပါ ဘုရား"
"မဟုတ်က
ဟုတ်က တတ်တဲ့ကောင်၊ သွား.. နောက်လုပ်ရင် ဒီ့ထက်နာမယ်။ ဟိုက
ဥပုသ်သည်တွေလည်း မှတ်ထားကြ၊ ညနေ ထမင်းခိုးစားလို့ ငစံမြင်ရင်
သက်သာမှာမဟုတ်ဘူး။ ဟိုကောင် သိန်းဆောင် လာ"
"တပည့်တော် အကြံ မဟုတ်ပါဘူးဘုရား"
"နင်လည်း အလိုတူ အလိုပါပဲ၊ ၂ ချက်တော့ ရိုက်ရမယ်"
"ခွင့်လွှတ်တော်မူပါဘုရား"
သိန်းဆောင်မှာ ကြောက်ဒူးတုန်နေသည်။ ငစံကတော့ ဖင်ကို ပွတ်လျက်
ကော့ကော့ ကော့ကော့နှင့် ထွက်သွားပြီ ဖြစ်၏ ။ သိန်းဆောင် ပို၍ ကြောက်စေရန်
အနားရောက်မှ ရှီး.. အား အော်သွားသေးသည်။ သိန်းဆောင် မိခင်က သူ့သားအား
တွန်းပို့သည်။ ဆုတ်ကန်ကန်ဖြင့် ဆရာတော်ရှေ့ ရောက်သော်
"နောက်မဟုတ်တာ လုပ်ဦးမလား"
"မလုပ်တော့ပါဘူးဘုရား၊ ကြောက်ပါပြီ"
"ရွှမ်း"
"အီးဟီးဟီး.. အမေ ရေ"
"မခေါ်နဲ့.. နင်တို့ သွားတုန်းက ခေါ်သလား"
"ရွှမ်း"
"အီး.."
သိန်းဆောင် ရိုက်ခံနေရသည်ကို ကျောင်းပြင်မှ ချောင်းနေကြသော
မဲလုံးနှင့် ဖေသရာမှာ စွန်ကို ယူရန် စိတ်မကူးတော့ဘဲ အချင်းချင်း လက်တို့ကာ
အားကုန်သွန်လျက် ပြေးကြလေသတည်း။