သန်လျှင်ကင်း ရေတပ်။ ရေတပ် ဆိုသော်ငြား စင်စစ် ကုန်းရော ရေပါ တပ်ကြီးတပ်ခိုင် တည်စိုက်ထားသော မွန်တပ်ကြီး ဖြစ်သည်။ မြစ်ကမ်းနှစ်ဘက်ကိုမြောင်းတူး၍ ကတုတ်လုပ်ကာ အင်အားကြီးမားစွာ ချထားသည့်အပြင် အမြောက်ကြီးမြတံပူ အမြောက်အမြား တင်ထားသည့် လှေတက်များလည်း မြစ်လုံးပြည့်မျှ ရှိနေသည်။
ထိုမျှကသေး၊ လှေများရှေ့တွင် တိုင်တိုတိုင်ရှည် တစူးခလုတ်လည်း အပြည့်စီစိုက်ထားပြန်၏ ။ စောင့်ကြပ်နေသော အကြီးအကဲများကား အညတြမဟုတ်သည့် ဟံသာဝတီပြည့်ရှင်၏ သမက်တော် စောဗြ၊ စစ်သူကြီး တလပန်း နှင့် စစ်ဘုရင် ဒေါစွယ်ယစက်တို့ ဗိုလ်မှူးသုံးဦးဖြစ်၏ ။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ဟံသာဝတီသားတို့ ဝါကြွားကြကုန်သည်။ ရွှေဘိုသားတို့ ဤအရပ်ကို မလွန်ပြီ ဆိုကြသည်။ ကြည်းတပ်ကလည်း တိုးလို့မျှ မပေါက်နိုင်၊ ရေတပ်ဆိုလျင် အနားပင် မသီဝံ့အောင် ပြောင်းအမြောက် ထူထပ်လှကြောင်း ဂုဏ်ယူပြောဆိုနေကြ၏ ။
တစ်ဖက်မှ စုန်ဆင်းလာကြသော ရေတပ်သားများကို မြင်ကြသောအခါ ရယ်သွမ်းသွေးကြလေသည်။ မြန်မာမင်း အင်အားသည် ငါတို့တပ်ရှေ့ မရောက်မီ ချည့်နဲ့ ကုန်ခမ်းသွားလိမ့်မည်ဟု ထင်ကြေးပေးနေကုန်၏ ။ သို့ရာတွင် အိမ်ရှေ့မင်းစီး လှေကြီးနှင့် အတူပါလာသူများကို မြင်ကြရသော အခါ၌မူ ပျော်ရွှင်မှုများ ပျောက်ဆုံးသွားပြီး ငေးငိုင်ငြိမ်သက်သူ များပြားလာလေပြီ။
ယခုမှ အားသစ်လောင်း လိုက်ပါလာသူများမှာ အဘယ့်ကြောင့် သူတို့ လူဟောင်းကြီးများ တိတ်ဆိတ်သွားကြသည်ကို မသိရှိကြသေး။
"အဲဒါ အိမ်ရှေ့မင်းတိုက်လှေကြီးတဲ့လား၊ သည်တစ်ကြိမ်တော့ သူတို့ အိမ်ရှေ့မင်းကို ရအောင် ယူကြစို့"
တပ်သားသစ်တစ်ဦးက ဝမ်းသာအားရ ပြောလိုက်သော်လည်း သွေးသောက်ကြီးတစ်ဦးကမူ ခေါင်းကို ဖြည်းလေးစွာ ခါယမ်းနေ၏ ။
"အိမ်ရှေ့မင်း လှေပေါ်က အနက်ရောင်တွေကို မြင်သလား"
"လှေပေါ်တင်မက ဘေးပတ်လည် လှေတွေမှာပါ အနက်ဝတ်တွေချည်း မဟုတ်လား"
"ဟုတ်တယ်၊ မင်းတို့ မင်းဖြူအကြောင်း ကြားဖူးတယ် မဟုတ်လား"
"အင်းဝမင်းသား လား၊ နိုင်လိုကြက်လို လုပ်လို့ စစ်ရှုံးပြီး နိဂုံးချုပ်သွားရတဲ့ မင်းရဲကျော်စွာ ဆိုတာ"
"ဟုတ်တယ်၊ မင်းရဲကျော်စွာ လာရင် ဘာဖြစ်သလဲ သိလား"
"အဲဒါတော့ မကြားဖူးဘူး"
"မင်းရဲကျော်စွာ ဆိုတဲ့ အသံ ကြားတာနဲ့ တို့မွန်တွေ ခြောက်ခြားကြသတဲ့။ သူပါလာရင် အလျင်ပြေးထားမှ အသက်လွတ်တယ်လို့ ပြောခဲ့ကြတယ်။ အဲဒီလို ကြားတုန်းက ငါတို့ နှလုံးနာလိုက်တာ။ သူရဲဘောကြောင်ခဲ့ကြတယ်ဆိုပြီး ရှက်ခဲ့ရတာ"
"ဟုတ်တာပဲ၊ သူက ဘာမို့လို့လဲ"
"အတိုက်အခိုက် ရမ်းကားလွန်း ကြမ်းတမ်းလွန်းလို့တဲ့။ အခု ငါတို့ ကြုံရမယ့် သူတွေကလည်း မင်းရဲကျော်စွာထက် ဆိုးတဲ့ သူတွေ ရှေ့မှာ မြင်နေရတာပဲ"
"ဘယ်သူတွေလဲ၊ အဲဒီ တပ်တွေလား။ အိမ်ရှေ့မင်းက မင်းရဲကျော်စွာလို မောက်မာလို့လား"
"အိမ်ရှေ့မင်း မဟုတ်ဘူး၊ မင်း မြင်ရပါလိမ့်မယ်။ မင်းကတော့ သေမယ့်ပွဲမှ ရှေ့တန်းရောက်သလို ဖြစ်တော့မှာပဲ"
"ကျုပ်တို့ အင်အားကို သူတို့ မတိုးနိုင်ပါဘူး"
သွေးသောက်ကြီးက တပ်သားငယ်အား ဘာမှ ပြန်မပြောတော့၊ ဓားကိုသာ ထုတ်ထားလိုက်သည်။ သူ့မျက်လုံးများက ရီဝေဝေ။ အကြည့်က အိမ်ရှေ့မင်းလှေမှ မခွာ။ အတန်ကြာမှ တစ်ဦးတည်း ညည်းသလို အသံထွက်လာသည်။
"အေးလေ၊ တို့စစ်သူကြီးတွေ ဦးကျိုးရင် လှေလှည့်ပြန်ကြမှာပါ"
"ဗျာ"
အမြောက်သံများ တအုန်းအုန်းနှင့် အသံမစဲ ထွက်ပေါ်လာ၏ ။ ရေလယ်ရှိ တိုက်လှေကြီးများမှ အားရစဖွယ် မီးခိုးတလူလူ အဆက်မပြတ် ပစ်ခတ်နေကြပြီ။ ပစ်အားကြောင့် မြန်မာလှေများ တန့်နေကြပြီး ရှေ့သို့ မတိုးနိုင် မကပ်နိုင်။ ကမ်းနဖူးကတုတ်မှ တပ်သားသစ်ကလေးက ထိုမြင်ကွင်းကို အားရကျေနပ်စွာ ကြည့်နေသည်။
မြစ်လယ်မှ သူရဲသုံးရာစီး အိမ်ရှေ့လှေတော်ကြီးကတော့ မရပ်မနား အပြင်းခတ်လာရာ နီးလာလေ ပိုမြန်လာလေ ထင်ရသည်။ လှေပေါ်မှ ထီးနီနှင့် ရွှေထီးများကိုပင် မှုန်သဲ့သဲ့ မြင်နေရပြီ။ ပုရွက်မည်းများကဲ့သို့ တပ်သားများကလည်း ကျုံးလှော်နေကြ၏ ။ ထိုအခါ လှေကြီးဘေးပတ်လည်နှင့် ရှေ့မှ လှေရံများ မနေဝံ့တော့၊ အမြောက်ဆံ တဝုန်းဝုန်း ကျနေသည့် ကြားမှ လှေတော်ကြီးရှေ့ ဝင်ကာ တိုင်တိုရှည်ခလုတ်စူးများကို နုတ်ပစ်ကြကုန်ပြီ။
"ဟာ.. ဟာ..၊ ဒီလောက် ပစ်နေတဲ့ကြားက ဇွတ်ဝင်လာကြတာပါ့ရော"
"အမယ်၊ သားတော်နှစ်ပါးနဲ့ လက်ဝဲလက်ယာ ဘီလူးတွေ ပါလာတာကိုး"
သွေးသောက်ကြီးက သဘောကျစွာ ဆိုလိုက်၏ ။ တပ်သားငယ်က မသိ၍
"အဲဒီလှေပေါ်က ရွှေထီးဆောင်းလာတာ ဘုရင့် သူရဲကောင်းတွေ၊ သားတော်နှစ်ပါးရဲ့ သူရဲတွေပဲ။ မင်းရဲကျော်စွာလို အစားတွေပေါ့ကွာ"
"အို.. နိုင်လိုကြက်တွေ ဝင်စမ်းပါစေ။ ကျုပ်တို့ သုံးဘက်ညှပ်ပစ်တာနဲ့ စုံးစုံးမြုပ်သွားမယ်"
သွေးသောက်ကြီး လှည့်ကြည့် ပြုံးလိုက်သည်။ ကုန်းဘောင်တပ်များကတော့ မြစ်လယ်မှ စောဗြ၊ တလပန်း၊ ဒေါစွယ်ယစက်တို့ ကွပ်ကဲနေသည့် လှေကြီးများကို ရွယ်ကာ အပြင်းစီးနင်းကြလေတော့သည်။ ကမ်းနှစ်ဘက်မှ ပစ်ခတ်ကြသည်တို့ကို အရေးမလုပ်၊ ကျည်စေ့မြားတံ မိုးသို့မှန်သော်လည်း တိုင်လွတ်ရာမှ ဝေါခနဲ ဝေါခနဲ အတင်းဝင်လာနေ၏ ။
"တက်.. တက်၊ တလပန်းနဲ့ စောဗြလှေတွေ မခွာစေနဲ့။ ချိတ်ဆွဲထားပြီး တက်"
အိမ်ရှေ့လှေကြီးပေါ်မှ ဝတ်စုံနက်ဗိုလ်တစ်ဦး၏ အသံကိုပင် ကြားနေရသည်။
"လာလာချည်သေးကွာ.. ဟဟဟ"
မှတ်ချက်ပြုသော တပ်သားငယ်ကို သွေးသောက်ကြီးက ပြုံးကြည့်သည်။ ယခင်က သူတို့လည်း ဤသို့ပင် ထင်မြင် ပြောဆိုခဲ့ဖူးကြသည် မဟုတ်ပါလား။
"ဟိုလူ.. အမိန့်ပေးနေတဲ့လူ၊ ရဲလှေပေါ် ခုန်ချသွားပါပကော"
"ဟုတ်တယ်၊ ကြည့်ရတာ သမက်တော်ကို အမိဖမ်းတော့မယ့် သဘောပဲ"
"ဘယ်လို.. သူက.."
ဆက်မမေးနိုင်ဘဲ မြစ်ပြင်ပေါ်မှ မြင်ကွင်းကို ငေးကြည့်နေမိကြသည်။ အရှိန်နှင့် ကျုံးလှော်နေသော ရဲလှေသည် စောဗြ၏ ဖောင်တော်ကြီးသို့ မရောက်မီ ကန့်လန့်ဝင်ခံလာသော တိုက်လှေကြီးတစ်စင်းကို ထိုးမိပြီး လှေဦးမှ သံချွန်ကြောင့် တိုက်လှေကြီး ဝမ်းပေါက်သွားသည်ကို မြင်ရ၏ ။ ရဲလှေသားများလည်း တိုက်လှေပေါ် ခုန်ကူး ဆွဲတက်နေကြလေသည်။
"ဒီလောက် ထိုးခုတ် ပစ်ခတ်နေတာကို မကြောက်မရွံ တစ်ချက်တောင် မတွန့်ဘဲ မိုက်ရူးရဲ တက်နေလိုက်ကြတာ"
ပြောရင်း ကြက်သီးထလာဟန် တူသည်၊ တပ်သားငယ်သည် လှံရှည်ကို ယောင်ယမ်း ဆုပ်ကိုင်ထားလိုက်၏ ။ သူတို့ မွန်လှေကြီးများသည် တစ်စင်းပြီးတစ်စင်း မြန်မာတို့လက်သို့ ကျနေလေသည်။ မြောက်မြားလှစွာသော မွန်လှေတို့ပေါ်သို့ ကုန်းဘောင်တပ်များ တရွရွ တက်နေကြပုံမှာ အသည်းယားစဖွယ်။
ဗိုလ်မှူးသုံးဦးနှင့် စစ်ကဲ အကြပ်ဗိုလ်များ အော်ဟစ် ကွပ်ကဲနေပါသော်လည်း ကြည့်နေရင်းပင် စောဗြ၏ ဖောင်ကြီးကိုပါ မြန်မာတို့ စီးနင်းမိသွားကြသည်။ ဗိုလ်မှူးများ အပူတပြင်း ဆုတ်ခွာသွားကြသည်ကို ကမ်းပေါ်မှ မြင်နေကြရ၏ ။
ရေတပ်ကြီးကို ရလျင် ကမ်းနှစ်ဘက်သို့ မြန်မာတို့ ဦးလှည့်လာကြပြန်သည်။ သေနတ်ဖျော်ဖျော် ပစ်ခတ်နေသည်ကို သေစေတတ်မှန်း မသိနားမလည်ကြပုံမျိုးနှင့် ဆက်တိုက် တက်လာရာ ကမ်းထိပ်ရောက်သည်နှင့် ကတုတ်ထဲ ခုန်ချကြတော့၏ ။ ဆီးကြို ထိုးခုတ်သော်လည်း မမှု၊ ဇွတ်ဝင်တိုးနေကြသည်။
ယခုမှ သွေးသောက်ကြီး ပြောသော မင်းရဲကျော်စွာထက် ဆိုးသည် ဟူသည့်စကားကို နားလည်ရတော့သည်။ အမှန်လည်း ထိတ်လန့်စရာ ဖြစ်သည်။ သူတို့သည် လူနှင့်ပင်မတူ၊ ဘီလူးသဘက်စီးနေသကဲ့သို့ အသားစားတော့မည့် လက္ခဏာနှင့် မိုက်မိုက်ကန်းကန်း တိုက်ခိုက်တတ်သူများ ဖြစ်၏ ။ 'ရွှေဘိုသား၊ ရွှေဘိုသား' ဟူသော ကြိမ်းဝါးသံယံသံများမှာ ပဲ့တင်ထပ်နေသည်။
မကြာမီ မွန်တပ်များအားလုံး ခွာရတော့သည်။ အမြောက်ကြီး ၅ လုံး၊ အမြောက်ငယ် အလက် ၃၀၀ ကျော်နှင့် လှေနှစ်ရာ၊ သေနတ်တစ်ရာကျော်အပြင် စောဗြစီးဖောင်ကြီး ထားခဲ့ရပြီး ဗိုလ်မှူးသုံးဦးနောက် ဆုတ်ခွာ လိုက်ကြရပြီ။ ဆုတ်ရင်း ပြေးရင်း တပ်သားငယ်က သွေးသောက်ကြီးကို မေးသည်။
"အဲဒီ သရဲမရဲ စီးနေတဲ့သူက ဘယ်သူလဲ"
"လက်ျာဘီလူး တဲ့၊ အလောင်းဘုရားလူလို့ ခေါ်ကြတယ်၊ မင်းဖြူများ ဝင်စားသလား မသိဘူး"
မြန်မာတို့သည် သန်လျှင်ကင်းကို ရလျင် ရန်ကင်းစံရာဟု အမည်မှည့်ခေါ်၍ ကင်းရွာစခန်းပြုလိုက်၏ ။ ထို့နောက် ဆက်လက် ချီတက်လာပြန်ရာ တွံတေးအနီး ပန်းလှိုင်တွင် တပ်ချနေသော စျေးငယ်ဗိုလ်နှင့် သင်္ဘောကုလား ကြေးစားအမြောက်ဗိုလ်တပ်များနှင့် ဆုံကြပြန်လေသည်။
"လက်ျာဘီလူးတပ်" ဟု ကြားသည်နှင့် စျေးငယ်ဗိုလ်တို့လည်း အတိုက်အလံ မခံတော့ဘဲ ကြည်းရော ရေပါ နုတ်၍ ဆုတ်သွားကြသဖြင့် ပန်းလှိုင်ကို ရပြန်၏ ။ ဒဂုံ၌ စောင့်နေသော ဗညားဥပရာဇာလည်း ဒဂုံ ဒလတို့ကို အစောင့်ထား၍ ပဲခူးသို့ တက်လေသည်။
အစောင့်အနေခန့်သော ဒဂုံ ဒလသားတို့မှာ မြန်မာတပ်များ ရောက်လျင် မခံဝံ့ဘဲ မြို့ကိုစွန့်ကာ ပြေးကြကုန်၏ ။ 'ရှင်စောပုတည်သော ဒဂုံမြို့သည် ဟံသာဝတီတစ်ခြမ်း ပဲ့ပါသော ဟူ၍ ကြားဖူးရာ ခဲကပ်စွာ တိုက်ယူရမည် မှတ်သည်။ ယခုမူ အလွယ်သာ ရတော့သကိုး' ဟု ပြောစမှတ် တွင်သွား၏ ။
ဒဂုံကို မြန်မာတို့ သိမ်းမိသည် ကြားသော် သန်လျင်မြို့စောင့် ဗညားဒလလည်း မနေရဲသဖြင့် နောက်ပါအလုံးအရင်းနှင့် ဟံသာဝတီသို့ ဆန်လေသည်။ လူလွှတ်ကြည့်စေသော လက်ျာဘီလူးက သန်လျင်တွင် မြို့စောင့်စစ်သည် မရှိကြောင်း အလောင်းမင်းတရားအား လျှောက်တင်ရာ
"သန်လျင်သည် အချက်အချာ ဆိပ်ကမ်းမြို့ကြီး ဖြစ်သည်။ မြို့ရိုးခိုင်ခံ့ မာကျောသည်။ ဗမာအမြှောက် မွန်အကောက် ဟူသည့် စကားနှင့်အညီ မွန်တို့ ပရိယာယ်ပြုသည် ဖြစ်မည်။ ငါတို့ စစ်သည်များလည်း ပန်းလှပြီ။ ဒဂုံတွင် ချရပ်၍ အားမွေးပြီးမှ သန်လျင်ကို သိမ်းယူတော့မည်"
ဟု မိန့်တော်မူလေသည်။ လေးငါးရက် ရှိလျင် သန်လျင်မကျသေးကြောင်း ပဲခူးသားတို့ သိရှိ၍ ပြန်ဝင်နေကြရာ အလုပ်အကြံ ခက်ခဲ ကြီးမားရပြန်လေ၏ ။
ဒဂုံသို့ရောက်၍ နောက်တစ်ရက်တွင် မင်းမိဖုရားများ နေသည့် အိမ်ကြီးနှစ်ဆောင်ပေါ်ဝယ် အရှေ့ဝင်းမှူး ဗိုလ်မှူး မင်းထင်နော်ရထာကို ခေါ်ယူ မေးမြန်းတော်မူသည်။
"မောင်မင်း ဇော်ဂျီတစ်ဦးကို သတ်ရသည် ကြားသည်၊ မှန်သလား"
"မှန်ပါ၊ အရှင့်အမှုထမ်းများအား ထိပါးလာသောကြောင့် ကျွန်တော်မျိုး ဖမ်းဆီးရာ သွေးလွန်၍ ဆုံးပါးသွားပါသည်"
"အဖြစ်အလုံးစုံကို ယမန်နေ့က ငါ ကြားသိ စစ်မေးပြီးပြီ။ မောင်မင်း ရွတ်ခဲ့သည် ဆိုသော စက္ခုရူပေန သံဝါသာ၊ ရာဂပုတ္တံ ဝိဇာယတိ ဟူသည့် ဂါထာကိုလည်း ယနေ့ နန်းတွင်းသူများ ရေပန်းစား ရွတ်ဆိုနေကြသည်။ ယခု ငါသိလိုသည်မှာ ရခဲသော အဖိုးထိုက်သည့် အကောင်ကို ဘဇာကြောင့် မဆက်သနည်း"
"ဘုန်းကြီးသည့် အရှင်နှင့် မထိုက်သော အနိဋ္ဌာန်ရုံဖြစ်၍ ဖျောက်ဖျက်ပစ်လိုက်မိပါသည်ဘုရား"
"ဇော်ဂျီဖိုဝင်သားများဟာ ကာယသိဒ္ဓိ အစီအရင် အလုံအခြုံ ကောင်းမွန်ပြီးစီးသတဲ့။ ပုဂံခေတ်က သထုံတွင် ရဖူးကြောင်း မင်း မသိသလော"
"ကျွန်တော်မျိုး သိပါသည်။ သို့သော် ဘုရားကျွန်တော်မျိုးတို့မှာ ဖိိုဝင်သားစားမှ စွမ်းရမည့်သူများ မဟုတ်ပါ။ ပြကတေ့အားဖြင့် ချို့ယွင်းချက် ရှာမရသည်ကို ဖိုဝင်သား သိဒ္ဓိရှင်ဖြစ်လျင် မည်သို့ လုပ်ကြံရမည်ဟု အလွယ်နှင့် သိနိုင်ပါလိမ့်မည်"
"အင်း.. ဒါလည်း မှန်ပေသည်"
"တစ်ကြောင်းလည်း ရဲမက်တော်တို့မှာ မည်သူ့ကိုမှ အားကိုးအားထားပြု တိုက်ခိုက်နေကြသည်မဟုတ်၊ ရဲစွမ်းသတ္တိ နှလုံးဝမ်းကို ရှေ့တန်းတင်ကာ တိုက်နေကြရာမှ သိဒ္ဓိရှင် ကူခဲ့လျင် မတော်ချွတ်ချော်၍ ထိုသူအစွမ်းကောင်း ဆုံးခဲ့ချေသော် အားငယ်စိတ်ပျက် ရှိကြပါလိမ့်မည်"
"မောင်မင်း မြော်မြင်တတ်ပေသည်"
"ထို့ကြောင့် မတော်အားကိုး မပြုစေလို၍ အကောင်ကို ရန်သူ့မြေမှာ တိတ်တဆိတ် မြှပ်နှံရန် စေခိုင်းလိုက်ပါသည်ဘုရား"
"ဟဲ့.. ငစံရဲ့၊ သည်သတင်းကို မွန်တို့ရ၍ တူးဖော်ယူခဲ့သော် မခက်လော"
မင်းကြီးအနီး၌ ခစားနေသော အမတ်ကြီး လက်ဝဲသုန္ဒရက မေးရာ လက်ျာဘီလူးက
"ဇော်ဂျီကိုယ်တိုင်ကိုမျှ စီရင်ခဲ့ကြသူများသည် သူ့အသားစား၍ စွမ်းရသူကို ကြောက်တွက်ရှိသလော"
ဟု ချက်ချင်းချေပလိုက်သဖြင့် အမတ်ကြီး ပြုံးလေသည်။ အလောင်းမင်းတရားကလည်း
"မောင်မင်း ကာယသိဒ္ဓိအစွမ်းကို မမက်မောဘူးပေါ့"
"မှန်ပါ၊ မိမိကိုယ်ကိုယ် အားမကိုးတတ်သူများမှာ အစွမ်းရှိသော်လည်း ပျက်စီးရန် မခဲယဥ်းနိုင်ပါ။ အပြီးအစီး ဆိုသည်မှာလည်း ဝါးပျံတစ်ချောင်းကိုမှ မနိုင်၍ မလိုချင်ပါဘုရား"
"အင်း.. မောင်မင်းသည် သတ်ရခဲသော ဇော်ဂျီကိုသာ သတ်နိုင်သည်မဟုတ်။ သတ်နိုင်ခဲသော အလိုလောဘ ရမက်ဆန္ဒများကိုလည်း ပယ်သတ်နိုင်သည့် လူတစ်ထူး ဖြစ်ပေသည်။ မင်းတို့၊ ငကောင်းတို့၊ ငတွန်တို့ ရှိလျင် ဇော်ဂျီအသားသည် အပိုမျှသာ။ မင့်ကို ငါကိုယ်တိုင် လှည့်လည်ရှာဖွေခဲ့ရသည်မှာ အဖိုးတန်လေစွ"
ဟု အလောင်းမင်းကြီး ဥဒါန်းကျူးရင့်လိုက်လေ၏ ။
Written by သင်္ခရာဇာ
End date: February 26, 2022