Translate

Showing posts with label သူရဲကောင်းတို့၏ စိတ်ထား. Show all posts
Showing posts with label သူရဲကောင်းတို့၏ စိတ်ထား. Show all posts

သူရဲကောင်းတို့၏ စိတ်ထား

တစ်ခါသော် တပ်မှူး လက်ျာဘီလူး အင်းဝ နေပြည်တော်သို့ ပြန်ရောက်ခိုက်နှင့် ကြုံကြိုက်သဖြင့် မင်းတရားကြီး အမိန့်တော် ရှိသည်။
''သည် လက်ျာဘီလူးသည် ငါ့ခမည်းတော် ရှိစဉ်ကပင် ငယ်ရွယ်သန်စွမ်းမောက်မာ၍ မြင်းရည်တက်သူရဲများနှင့်အတူ ဘွဲ့အမည်ရသည်။ မုဆိုးချုံဗိုလ် ငတွန်၏ လူရင်းဖြစ်ပြီး မြန်မာချင်းပင် ရွံ့ကြောက်ရသော ဟု ငါကြားမိသည်။ ယခု ဤသူငယ်၏ လက်စွမ်းကို ငါ မြင်လို၏ ။ အမှန်စွမ်းသည်ဆိုလျင် အဘယ်ကြောင့် ရွှေဖဝါးတော်အောက် မပေါက်မရောက်ရသနည်း''
မင်းပါးစေ အမှူးအမတ်များလည်း မနေဝံ့၍ တိမ်ကြားမင်းခေါင်တပ်မှ လက်ျာဘီလူးကို ဆင့်ခေါ်စေကာ မင်းတရားကြီး၏ လက်ဝဲရွှေဓားဗိုလ်ဖြစ်သော ရဲစက်တံခွန်နှင့် ဖက်ပြိုင်စေရသည်။ လက်ျာဘီလူးသည် အလုံးအထည် ကျစ်လျစ်သေးသွယ်၍ လူပင် ငယ်သော်လည်း အကောင်ထွားသော ရဲစက်တံခွန်နှင့် နပမ်းသတ်ခြင်း၊ ကျင်ကိုင်ခြင်း၊ လက်မောင်းလှဲခြင်း၊ လက်ရုံးချင်း၊ တုတ် - တုတ်ချင်း၊ ဓား - ဓားချင်း တို့တွင် လက်ရည်တူ ယှဉ်သတ်နိုင်သည်။ မင်းတရားကြီး သဘောတော်ကျ၍ မြင်းစီး စက်ထိုးစေသောအခါတွင်လည်း ကျွမ်းကျင်ကောင်းမွန်စွာ အရေးတော်ရအောင် စွမ်းဆောင်နိုင်သည် ဖြစ်၏ ။
သို့သော် ဆင်ဖြူရှင်က လက်ရည်အမှန် သိလိုသေးသည် ဆိုကာ ရဲစက်တံခွန်နှင့် အသေအကြေ သတ်ပုတ်စေလေသည်။ ထိုအခါ လက်ျာဘီလူးသည် အားပျော့သဖြင့် အကြိမ်ကြိမ် လဲလေသည်။ ရဲစက်တံခွန်ကို အလွန် ရှုံး၏ ။ မင်းတရားကြီး မကျေနပ်၍ ကြိုက်ရာလက်နက်နှင့် သေအောင်သတ်တော့ ဟု ဆိုလေသည်။
လက်ျာဘီလူးသည် တင်ကျည်းတုတ်ကို ကိုင်၍ ရဲစက်တံခွန်က ရွှေဓားနှစ်လက်ကို ဆွဲသည်။ မြင်းခင်းသဘင်ရင်ပြင်တွင် ပြင်းထန်စွာ ထိုးခုတ်ကြလေသည်။ မင်းတရားကြီး၏ လက်ဝဲတော်ပါးလူကိုပင် တင်ကျည်းနှင့်ရိုက်၍ အသာအယာ အနိုင်ယူလိုက်နိုင်သဖြင့် ရဲစက်တံခွန်မှာ အသက်ကြွင်းလေသည်။
ဤသောအခါ ဆင်ဖြူရှင်က ''သင် ငါ့ခမည်းတော်၏ လူကျော်ပင်။ သို့သော် သင်သည် နှလုံးမမှန် စိတ်ဝမ်းမကောင်းလှ။ ငါအကြိုက်မတွေ့။ ထို့ကြောင့် နောက်တစ်ချီ အနိုင်အရှုံးပေါ်အောင် သတ်စေ'' ဟု ဆိုပြန်သည်။ လက်ျာဘီလူးနှင့် ရဲစက်တံခွန်လည်း တတိယအကြိမ် ဖက်ပြိုင်ရပြန်သည်။
လက်ျာဘီလူးသည် ရဲစက်တံခွန်ကို အတန်ကြာ ကြည့်သည်။ ရဲစက်တံခွန်ကလည်း လက်ျာဘီလူးကို အကဲကြည့်လျက် နေသည်။ မည်သူမျှ မလှုပ်သဖြင့် ပွဲခင်းတွင်းမှ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ သို့သော် ဆင်ဖြူရှင်မင်းတရားကြီးကအစ မလှုပ်မယှက် ရှိသဖြင့် မူးကြီးမတ်ရာများ မပြောသာ။ စောင့်ကြည့်လျက်သာ နေကြလေသည်။
ဤအကြိမ်တွင် စိတ်ဝင်စားဖွယ်မကောင်းလှဘဲ ယှဉ်ဘက်နှစ်ဦးမှာ လေးလံထိုင်းမှိုင်းလျက် နောက်ဆုံးတွင် ရဲစက်တံခွန်ကသာ အနိုင်ရရှိလေသည်။ မင်းတရားကြီးက အမျက်နှင့် အမေးတော်ရှိသည်။
''ဟယ်… ငါကိုယ်တော် ရှုစားလျက် ရှိသည်ကို မလေးမခန့် နင်တို့ ပြုကြသလော။ ငရေး တင်လျှောက်စေ။ အဘယ်ကြောင့် ဤသို့ ပြုရသနည်း''
လက်ဝဲရွှေဓားဗိုလ် ရဲစက်တံခွန် ရွှေဖဝါးတော်အောက် ပျဝပ်ခစားလျက် ကြောက်ကြောက်နှင့် လျှောက်လေသည်။
''မှန်ပါ… သတ်လျင်လည်း သေရပါမည် ဘုရား။ ဘုရားကျွန်တော်မျိုးမှာ လက်ျာဘီလူး၏ အဖက် မဟုတ်ပါ။ လက်ျာဘီလူးကိုလည်း အရှင့်ခမည်းတော် အလောင်းမင်းကြီး လက်ထက်တော်ကပင် ကြည်ညိုရင်းစွဲ ရှိခဲ့ပါသည်။
အရှင်မင်းကြီး အဝတွင် တပ်စွဲ၍ မွန်တပ်များကို တိုက်ထုတ်စဉ်အခါက ကျွန်တော်မျိုးတို့ ရေတပ်တော်တွင် လက်ျာဘီလူးကို ရှေ့ထွက်ကင်းအဖြစ်နှင့် ကြုံဖူးပါသည်။ မွန်လှေကြီး ငါးရာကျော် မြစ်လုံးပြည့် ဆီးဆို့လျက် ရှိသည်ကို ရှေ့ကင်းမျှသာ ဖြစ်လျက် ရဲလှေ သုံးဆယ်သားဖြင့်ပင် မွန်ရေတပ်ပျက်အောင် အတင်းဝင်ကာ ထိုးခုတ်တက်ဝံ့၍ အသက်မပါသည်သို့ ပြုတတ်သော လက်ျာဘီလူးအား ကြောက်လှပါသည်။
ယခု ဆုံရသောအခါတွင်လည်း အမျက် ဒေါသ သေစေလိုခြင်း အလျင်းမရှိသော ပြိုင်ဘက်ဖြစ်သူအား အသေအကြေသတ်၍ မိမိအသက် မွေးရမည်ကို အလိုမရှိပါ။ ဘုရား ကျွန်တော်မျိုးက လျှော့ခြင်းလည်း မဟုတ်ပါ။ လက်ျာဘီလူး အလျှော့ပေးသည် ထင်ပါသည်ဘုရား''
လက်ဝဲရွှေဓားဗိုလ် ဤသို့လျှောက်သောအခါ ဆင်ဖြူရှင်က …
''ကဲ… သို့ဆိုလျင် အဘယ်ပြုဘိသနည်းကို လက်ျာဘီလူး လျှောက်စေ''
လက်ျာဘီလူး ရှေ့ထွက်ခစား၍ လျှောက်တင်သည်။
''မှန်လှပါ ဘဝရှင် မင်းတရားကြီးဘုရား။ ကျွန်တော်မျိုး အရှင့်ခမည်းတော်၏ လူ၊ ယခု အရှင့်တပ်တော်သား၊ တိုင်းပြည် ထိပါးနှောင့်ယှက်သူတို့ကို နှိမ်နင်းရသသူ ဖြစ်ပါသည်။ အရှင့်လူကောင်းကို သတ်၍ နေရာယူရမည့်သူ မဟုတ်ပါ။ အရည်အသွားကို အရှင့်အမှုတော် ထမ်းခြင်းဖြင့်သာ ပြလိုပါသည်။ လက်ျာဘီလူး အမည်ကို ခံလျက် ခြေဖဝါးတော်အောက် မည်သူမျှ မကြံဝံ့သော အရှင့်နောက်တော်ပါးတွင် နေရမည့်သူ မဟုတ်ပါဘုရား။ အရှင်မင်းကြီး၏ အစွမ်းတော်ကိုလည်း ဘုရားကျွန်တော်မျိုးတို့သာမက အတိုင်းတိုင်းအပြည်ပြည်မှပင် သိပြီး ဖြစ်ပါသည်။ ကျွန်တော်မျိုး၏ အစောင့်အရှောက်ကို ခံယူရန် အကြောင်းမရှိ ထင်ပါသည်ဘုရား''
ထိုအခါ အလွန်တည်ကြည်သော ဆင်ဖြူရှင် ပြုံးတော်မူသည်။ အမတ် ဝန်ကြီးများလည်း လက်ျာဘီလူး၏ နှလုံးရည်နှင့် စကားအရာ လိမ္မာပုံတို့ကို တီးတိုး ချီးမွမ်းကြသည်။ သို့သော် ဘုရင်ကို ကြောက်လှ၍ မည်သူမှ ဝင်မလျှောက်တင်ဝံ့။ ဘုရင့်အမိန့်တော်ကိုသာ စောင့်စားနေကြရသည်။
''လက်ျာဘီလူး အစွမ်းအစကို မလှစ်ပြဘဲ ချိုးချိုးနှိမ်နှိမ် ကျင့်သည်ကို ငါ ပွဲစကပင် သိပြီး ဖြစ်သည်။ သင့်ကို ကြောက်လှ၍ ထင်သည်။ ယခုသော် အဘယ်ကြောင့် ခြေဖဝါးတော်အောက် မရောက်ရသည်ကို သိပြီ။ သင်ကဲ့သို့ လက်ရုံးရည် နှလုံးရည် ပြည့်ဝသူသည် စစ်သူကြီး စစ်ကဲပင် ဖြစ်သင့်သော်လည်း ရှိစေတော့။ ဤတစ်ကြိမ် သင့်အသက်ကို လွှတ်ပြီ။ တပ်မှူးအတိုင်းသာ ရှိစေ။ နောင် ငါ့ကို ကလန်ကဆန် မပြုနှင့်'' ဟုသာ မိန့်လေသည်။
ဆင်ဖြူရှင် မင်းတရားသည် အလွန်ထက်၏ ။ အလောင်းမင်းတရား၏ သားတော်ကြီး မဟာသတိုး ဓမ္မရာဇာကဲ့သို့ လူအေးလူညံ့မဟုတ်။ မင်းသားငယ်ဘဝကပင် အင်းဝရှိ မွန်တို့ကို တိုက်၍ မြို့တွင်းက ခံလျက်ရှိစဉ် မွန်တို့က အင်အား သိန်းကျော်သော ရံတပ်ကြီး ဝန်းရံလာသည်ကို မြို့ မကျမပေါက်အောင် ကွပ်ကဲနိုင်သည်သာမက မွန်တို့ ရံတပ်များကိုပင် ''နက်ဖြန်ထွက်တိုက်မည်၊ ခံနိုင်အောင် ခံတော့'' ဟုဆိုကာ လူ ၂၅၀၀ တည်းဖြင့် မြို့ပြင်ထွက်၍ ပတ်တိုက်သည်။ မွန်တို့ ရံတပ်အားလုံး ဆုတ်ခွာသွားရလေသည်။
ဘုရင်ဖြစ်သောအခါ အနီးအပါးတွင် မင်းလိုလိုက် မင်းကြိုက်ဆောင်သူသာ များ၏ ။ ဘုရင်ကို အလွန် ကြောက်လန့်ကြရ၏ ။ အပြစ်ရှိလျင် ရက်စက်စွာ ပြစ်ဒဏ်ခတ်၏ ။ မင်းညီမင်းသား ညီအစ်ကို ဆွေတော်မျိုးတော် အလွန်များသည်။ ဆင်ဖြူရှင်ကို လွန်၍ မည်သူမျှ မကျင့်ဝံ့။ အလောင်းဘုရား လှည့်ပြန်ခဲ့ရသော အယုဒ္ဓယကို ကိုယ်တော်တိုင်ပင် မလိုက်ပါဘဲ အနိုင်တိုက်ကာ ဖျက်ဆီးခိုင်းလိုက်သည်။ တရုတ် ကျူးကျော်စစ် အကြိမ်ကြိမ်ကိုလည်း အနိုင်ဖြင့်သာ အဆုံးသတ်နိုင်ခဲ့သူ ဖြစ်သည်။
ဤသို့သော မင်းလက်ထက်တွင် လက်ျာဘီလူး ကဲ့သို့ မင်းအကြိုက် မလိုက်ဘဲ လွန်ဆန်၍ ကျင့်ဝံ့သူ၊ တင်လျှောက်ဝံ့သောသူကား အလွန်ရှား၏ ။ ကွပ်မျက်ခံရသည်သာ များလေ၏ ။ လက်ျာဘီလူးကား ဘုရင့်အပါးတွင် အစွမ်းအစ မပြရဘဲ လက်နက်ထမ်း၍ အမှုတော်ထမ်းရမည်ထက် တိုင်းစွန်ပြည်ဖျား ကျေးလက်များတွင်သာ ထိပါးသူတို့ကို တိုက်လိုသည်။ မလိုအပ်ဘဲ အချင်းချင်းသတ်ရမည်ထက် သေရမည်ကိုသာ အလိုရှိသည်ဟု ပြသည်။ မိမိအသက်နှင့် ယှဉ်လာသောအခါ အနိုင်တိုက်သည်။ မလိုအပ်သောအခါ အရှုံးခံ၍ နာမည်ကို အမှုမထားဘဲ ဖြစ်သင့်သည်ကိုသာ ကြည့်လေသည်။

                  မှူးမတ်များကလည်း ထိုအချင်းအရာကို သဘောပေါက်သဖြင့် လက်ျာဘီလူးအတွက် စိုးရိမ်ကြသည်။ အသက်ကို လွှတ်သောအခါမှ စိတ်သက်သာရာ ရကြလေသည်။ မင်းတရားကြီးသည် လက်ျာဘီလူးကို မကွပ်မျက်သော်လည်း ဆုတော်လာဘ်တော် မပေးချေ။ လက်ဝဲရွှေဓာဗိုလ်အားလည်း မည်သို့မျှ မဆို။ အလိုတော် မကျသည် မှန်သော်လည်း အလောင်းမင်းတရား၏ သူရဲတော် ဖြစ်သည့်အပြင် မှန်ကန်တည်ကြည်သော စိတ်ထားကြောင့် အပြစ်မယူဘဲ အပါးတော်တွင်လည်း မခေါ်၊ နေမြဲအတိုင်း နေစေခဲ့လေသည်။

 Written by သင်္ခရာဇာ


End date: November 15, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...