ငကောင်းသည် ဦးအောင်ဇေယျ၏ အိမ်တော်ပါ ငယ်ကျွန်ရင်း ဖြစ်သည်။ ဦးအောင်ဇေယျ သူကြီးဘဝမှာပင် ငကောင်းကို အားကိုးအားထားပြုကာ တိုင်ပင် စေလွှတ်လေ့ ရှိသလို အလောင်းမင်းတရားကြီးဟု ဘွဲ့တော်ခံ၍ နန်းတက်လာသော အခါ၌လည်း ငကောင်းသည် မဟာသေနာပတိ သေနတ်ဝန် ဖြစ်လာပြီး သားတော်များထက်ပင် အားထားရသည့် လက်ရုံးကြီးတစ်ဆူ ဖြစ်လာခဲ့သည်။
ခရစ် သက္ကရာဇ် ၁၇၅၅၊ မေ ၃၀ တွင် ကုန်းဘောင် ရွှေတပ်တော်များ ဒဂုံသို့ ဆိုက်ရောက်ကြသောအခါ ဒဂုံကို သိမ်းပိုက်၍ ရန်ကုန်ဟု သမုတ်ပြီး မြို့ပြတည်ထောင်လျက် ဟံသာဝတီ နေပြည်တော်ကို ဆက်လက်လုပ်ကြံရန် ပြင်ဆင်ကြ၏ ။ အလောင်းမင်းတရားက မင်းလှစည်သူ၊ မင်းလှမင်းခေါင်၊ မင်းကျော်စည်သူတို့ ဗိုလ်မှူးသုံးဦးအား ခေါ်၍ ပဲခူးတိုင်အောင် မြစ်စဉ်တစ်လျှောက် အိမ်ရာတို့ကို မီးတိုက်ရမည်ဟု စေလွှတ်လေသည်။
ထိုဗိုလ်မှူး သုံးဦးအား သန်လျင်မြို့စောင့် မွန်တပ်ကြီးမှ နှောင့်ယှက်မည် စိုးသဖြင့် မင်းကျော်ရဲလှကို တိုက်လှေကြီး ၂၀ ကျော်နှင့် ဆီးကြိုရန် စေလွှတ်လိုက်သည်။ မင်းကျော်ရဲလှသည် နာမည်ရာထူး ဂုဏ်ရှိန်ကို မက်မောလှသည်နှင့် မြစ်ကြောင်းအတိုင်း စုန်လာသော ဗိုလ်မှူးသုံးဦးတို့ကို မြင်လျင် မဆီးကြိုဘဲ သန်လျင်ကို ဝင်တိုက်လေသည်။
ဗိုလ်သုံးဦးလည်း မြင်လျက် မကူလျင် ရာဇဝတ် သင့်မည်စိုးသောကြောင့် လှေက တက်၍ ကြည့်ရလေသည်။ ထိုအခါ မွန်တို့ မြင်းသေနတ်အများနှင့် ဝိုင်းလာရာ မြန်မာတပ်များ ထ လိုက်ကြလျင် မွန်တို့ တပ်ပျက်လျက် ပြေးကြလေသည်။ ဗိုလ် ၃ ဦးလည်း ၃ စုခွဲ၍ လိုက်ကြရာ လူနည်းလှသဖြင့် မွန်တို့က ပြန်ဝိုင်းခြင်းကို ခံလိုက်ရသည်။
သန်လျင်ကို ဝင်တိုက်သော မင်းကျော်ရဲလှမှာ လှေထက်မှာပင် ပြောင်းအမြောက်သင့်၍ ဆုံးချေသည်။ မင်းလှစည်သူလည်း မွန်တို့ ဝိုင်းဖမ်းသည်ကို မခံသဖြင့် အသေပစ်ဖမ်းကြရ၏ ။ မင်းလှမင်းခေါင် ငတွန်ကား ဝိုင်းဖမ်းသော လူထောင်စုကို ဓားတစ်စင်းနှင့်သာ ထိုးဖောက်ထွက်၍ မင်းကျော်စည်သူတပ်သို့ ပြေးဝင်ရ၏ ။ မွန်တို့ ညဉ့် ၂ ချက်တီးအထိ ဝိုင်းထားသဖြင့် အရံဖြုတ်သွားမှ ပြန်လာနိုင်ကြသည်။
အလောင်းမင်းတရားသည် အရည်အချင်းပြည့် ဗိုလ်မှူးကြီး မင်းလှစည်သူ ဆုံးပါးရသဖြင့် အလွန်နှမြောတော်မူ၏ ။ ထိုအချိန်တွင် တကောင်းအရပ်မှ ငစံဆိုသူ သူငယ်တစ်ဦးသည် လက်ရုံးရည် ပြလျက် နာမည်ထွက်လှသောကြောင့် အလောင်းမင်းတရားက အထူးယုံကြည်တော်မူသဖြင့် မင်းထင်နော်ရထာ ဟူသော ဘွဲ့နှင့် အရှေ့ဝင်းမှူး ခန့်ထားခြင်း ခံရချိန် ဖြစ်သည်။
သို့သော် ငစံငယ်သည် ငယ်ရွယ်သူ ဖြစ်သည့်အလျောက် စိတ်လိုက်မာန်ပါ ပြုတတ်သည်။ အမိန့်နာခံ သေဝပ်ခြင်းမရှိ။ ရိုင်းပျ၏ ။ ကျော်လွန်၍ လုပ်တတ်၏ ။ သို့သော် အရေးတော် မပျက်သောကြောင့် အပြစ်တော် မကျရောက်သေး။ ငကောင်း အပါအဝင် ဝန်ကြီး မှူးမတ်အများကတော့ မကြာမီ ရာဇဝတ်သင့်၍ ဆုံးပါးချေတော့မည်ဟု မြင်လျက်ရှိသည်။
ယခုလည်း မင်းလှစည်သူ၏ အလောင်း စစ်မြေပြင်၌ ကစီကရင် ရှိလေတော့မည်ဟု သွားယူရန် စေလွှတ်ရာတွင် မင်းကျော်စည်သူနှင့်အတူ မင်းကျော်တန်ဆောင်နှင့် ငစံငယ်ကို ဗိုလ်ပြု၍ ထည့်လိုက်ပြန်သည်။ ရန်သူတို့အလယ်မှ အလောင်းကို ယူရမည့် ခက်ခဲသော တာဝန်ကြီးကို ထမ်းဆောင်ရန် ငယ်ရွယ်၍ ထိန်းချုပ်နိုင်စွမ်း မရှိသူများ မထည့်သင့်ကြောင်း မဟာသေနာပတိ ငကောင်းက လျှောက်သော်လည်း ယူတော်မမူ။ လက်ျာဘီလူး ပါလျင် ပိုမိုလွယ်ကူစိမ့်မည် ဟု မင်းတရားက ဆိုလိုက်သည်။
သန်လျင်မှ မွန်တို့ အာရုံပြောင်းရန်အတွက် မင်းလှမင်းခေါင် ငတွန်ကို အနောက်ဘက်မှ မြို့ကို တက်ရန် စေလွှတ်လိုက်သည်။ သို့သော် သန်လျင်မှာ အနောက်တိုင်းသား ပေါ်တူဂီ၊ အင်္ဂလိပ်တို့၏ ပြောင်းသေနတ် ထူထပ်များပြားလှသည်ဖြစ်၍ မတက်နိုင်ဘဲ ခွာခဲ့ရသည်။
မင်းကျော်စည်သူတို့မှာမူ ကုန်းသို့တက်၍ ရန်သူအထပ်ထပ်ကို ဖောက်ထွင်းပြီး မင်းလှစည်သူအလောင်းကို ယူလျက် အရထွက်လာနိုင်ခဲ့ကြသည်။ ဖော့ချောင်း၌ တန့်နေသော မင်းလှမင်းခေါင်တပ်နှင့် တွေ့လျင် ပေါင်းမိကြ၏ ။ မွန်တို့က မင်းလှမင်းခေါင်တို့ တပ်များ ဖော့ချောင်းမှ မထွက်သာအောင် သင်္ဘော ၂ စင်း၊ တိုက်လှေကြီး ၄၀၀ ကျော် ပိတ်ဆို့၍ အသံမစဲ အမြောက်နှင့် ပစ်နေသဖြင့် စစ်ကူလာသော နေမျိုးရွှေတောင်တို့ပင် အနားမသီနိုင်ဘဲ အပြင်မှ ရပ်နေကြရသည်။
ဗိုလ်မှူး မင်းထင်နော်ရထာ သင်္ဘော ၂ စင်းနှင့် လှေ ၄၀၀ မျှကို ငါတို့လူနှင့်ဆိုလျင် ရအောင် ထွက်နိုင်သည်ဟု ဆိုကာ ရှေ့ဆုံးမှ အပြင်းချည်းကပ် ထိုးဖောက်ထွက်လေသည်။ မင်းကျော်စည်သူက မလိုက်လို၊ အလွန် အကျအရှုံး များမည်ဖြစ်၍ ရာဇဒဏ် သင့်လိမ့်မည်ဟု ဆိုသည်။ မင်းလှမင်းခေါင်ကမူ လက်ျာဘီလူးသည် ရဲလှေ ၃၀ နှင့်ပင် တိုက်လှေ ၅၀၀ ကို အနိုင်တိုက်နိုင်သူ ဖြစ်သည်။ ငါတို့ လိုက်မှ သင့်မည်ဟု ဆိုကာ နောက်မှ လိုက်လာသည်။
သို့သော် ၃ စုကွဲ၍ မညီညွတ်ကြသဖြင့် အတွင်းမှ မင်းကျော်စည်သူ၊ မင်းလှမင်းခေါင်၊ မင်းထင်နော်ရထာ၊ မင်းကျော်တန်ဆောင် ဗိုလ်မှူးလေးယောက် တစ်စုတစ်စည်းတည်း မလိုက်ဘဲ တစ်ဖွဲ့ချင်း အမြောက်ဒဏ် သွားခံနေသည်သို့ ရှိ၏ ။ အပြင်မှ ဝန်ကြီး နေမျိုးရွှေတောင်တို့ ဝိုင်းဝန်းတိုက်ခိုက်သဖြင့် အတွင်းအပြင် လှေ ၁၅၀ ကျော်အနက် ၂၀ ခန့်သာ ထွက်နိုင်ချေသည်။ လှေကိုထား၍ ကုန်းသို့ချည်း တက်ပြေးကြရသဖြင့် မှိုင်းသဲသဲ လှေတော်ကြီး ဆုံးခဲ့ရသည်။
အလောင်းမင်းတရားလည်း လူသူလှေတက်အများ ဆုံးပါးရသည်မှာ အကြီအကဲက စ၍ ညံ့ဖျင်းလှသည် ဟု ဝန်ကြီး နေမျိုးရွှေတောင် အပါအဝင် ဗိုလ်မှူး စစ်ကဲတို့ကို တုံးဖိပြစ်ဒဏ်ထားလေ၏ ။ မင်းကျော်စည်သူတို့ကမူ မင်းထင်နော်ရထာ မဆင်မခြင် လုပ်သဖြင့် ဤမျှ ဆုံးပါးရခြင်း ဖြစ်သည်ဟု လျှောက်ကြသည်။ အားလုံးက ငစံငယ် ဤတစ်ကြိမ် အသက်မကြွင်းပြီ ဟု ထင်ကြလေသည်။
သို့သော် မင်းထင်နော်ရထာ တစ်ဦးတည်းအား ကွက်၍ မကွပ်ဘဲ အကြီးအကဲဖြစ်သသူ အားလုံးကိုပင် ထိပ်တုံးနှင့် ထားတော်မူသည်။ ၅ ရက်ခန့်ရှိလျင် မွန်တို့ လူအများအပြားနှင့် စစ်သူကြီးကိုယ်တိုင် ချီလာသည်ဟု ကြား၍ တောင်ငူရာဇာ၏ ဗိုလ်မှူးဟောင်း ရဲခေါင်စံကျော်ကို မြင်းတစ်ထောင်နှင့် စေလွှတ်လိုက်သည်။ ရန်သူအင်အားနည်းလျင် တိုက်၊ များလျင် ပြန်ခဲ့ဟုလည်း မှာလိုက်၏ ။
ရဲခေါင်စံကျော် ချီသွား၍ မွန်တို့နှင့် နီးလျင် မြင်းဆယ်စီးလွှတ်၍ ကြည့်စေသည်။ မွန်တို့ကလည်း မြန်မာတပ်များ ချီလာသည်ကြား၍ မနေဝံ့သောကြောင့် တပ်ဆုတ်သွားကြသည်။ တပ်ဆုတ်သံ သောသောကြားလျင် ကင်းစမ်း လွှတ်သည့် မြင်းဆယ်စီးလည်း သေချာမကြည့်ဘဲ မွန်တို့ အင်အားသောင်းချီ တက်လာပြီ ဟု ပြန်ပြောကြသဖြင့် ရဲခေါင်စံကျော် မတိုက်ဝံ့ဘဲ ပြန်လှည့်လာခဲ့သည်။
မွန်တပ်နှင့်အတူ ပါလာသည့် မြန်မာများ ထွက်ပြေးပြီး ခိုဝင်လာသောကြောင့် မင်းတရားကြီးက စစ်မေးရာ မွန် ၃၀၀၀ ခန့်သာ ပါကြောင်း သိရသည်နှင့် "ရဲခေါင်စံကျော်သည် စစ်ရေး ကျွမ်းကျင်သော်လည်း ဆုတ်လွယ်သည်။ တောင်ငူရာဇာတွင် အမှုထမ်းစဉ် မွန်က အင်အားကြီးလျင် မွန်သို့ ပြေးဝင်သည်။ ငါ့ဘုန်းတော် တောက်ထွန်းသည် ကြားလျင် ငါ့ထံ ဝင်လာသည်။ သစ္စာမရှိ။ တပယင်းဗိုလ်လည်း ရဲခေါင်စံကျော်နှင့် လိုက်၍ အမှုတော်ကို ကုန်အောင်မထမ်းသူ ဖြစ်သည်။ ဤ လူသွမ်း နှစ်ဦးကို ကွပ်လေ" ဟု အမိန့်တော်မှတ်လေသည်။
ဗိုလ်မှူး ရဲခေါင်စံကျော်တို့လည်း အကွပ်ခံရလေ၏ ။ ညီလာခံစဲ၍ အိမ်တော်သို့ အပြန်တွင် ငကောင်းက အလောင်းမင်းတရားအား လျှောက်သည်။
"ရဲခေါင်စံကျော်မှာ အဝ ကောင်းစားစဉ်ကပင် တိုက်ရည်ခိုက်ရည် နှလုံးရည်နှင့် ပြည့်သည့် ဗိုလ်မှူး ဖြစ်ပါသည်။ ယခုလည်း လွန်၍ ကျင့်သည် မဟုတ်ပါ။ အမှာတော် ရှိသည်ဖြစ်၍ သူက အင်အားများသည် ထင်သောကြောင့်သာ ပြန်လည်ခဲ့ခြင်း ဖြစ်သည်။ ကွပ်ရလောက်အောင် အပြစ်ကြီးသည် မထင်ပါဘုရား"
ထိုသို့ လျှောက်လျင် အလောင်းမင်းကြီး ငဲ့စောင်း ကြည့်ရှု ပြုံးတော်မူသည်။ ငကောင်းကပင်..
"အင်းဝ အမှုထမ်းဟောင်း မင်းကြီး ရာဇာဓိရာဇ်ကိုပင် မင်းလှရာဇာဘွဲ့ သနားတော်မူ၍ မဟာဆွေတော်ကြီး ခေါ်တွင်စေလျက် စစ်တစ်ပွဲမျှ အကွပ်အညှပ် ညံ့ဖျင်းသည်နှင့် ကွပ်တော်မူလေပြီ။ ငစံငယ်ကား အမိန့်တော်ကို အကြိမ်ကြိမ် ဖောက်ဖျက်လျက် လွန်ကျူး ကျင့်သော်လည်း ယခုအထိ အသက်ခန္ဓာ မြဲလျက် ရှိသည်ကို ဝန်ကြီးအများလည်း အံ့အားသင့်နေကြပါသည်"
ဟု ထပ်တင်လေသည်။ ဆိုလိုသည်မှာ သာမန်အရပ်သား လူငယ်လေး ငစံအား ချီးမြှောက်ထားသလောက် ဆွေကြီးမျိုးကြီး ရာထူးကြီး မှူးကြီးမတ်ရာများကိုမူ တစ်ကြိမ်တစ်ခါ အရေးမှားရုံမျှနှင့် ကွပ်တော်မူပါက ဘက်လိုက်သည်ဟု ထင်မြင်စွပ်စွဲစရာ ရှိပါသည် ဟု သွယ်ဝိုက်လျှောက်တင်ခြင်း ဖြစ်လေသည်။
အလောင်းမင်းတရားကြီးက
"ငကောင်းငဲ့၊ အသက်စည်းစိမ်ကို ဝန်ကြီးများက ပိုင်သလား၊ ရေမြေ့ရှင်က ပိုင်သလားကွဲ့"
ဟု ဆိုလိုက်ရာ ငကောင်းမှာ ပျာပျာသလဲနှင့်
"ဤသဘောနှင့် ဆိုခြင်း မဟုတ်ပါ၊ အရှင့်အား ကဲ့ရဲ့စရာ ရောက်မည်စိုးပါ၍ တင်လျှောက်ဝံ့ခြင်းသာ ဖြစ်ပါသည် ဘုရား"
"သည်လို မောင်ကောင်းရဲ့၊ သေသင့်သူ နှင့် နေသင့်သူ မင်းက ခွဲခြား မသိဘူး။ ရာဇာဓိရာဇ်၊ ရဲခေါင်စံကျော်တို့မှာ သစ္စာမရှိ။ ငါ နိမ့်ပါးလျင် ငါ့ကို ပုန်ကန်ကြမည့်သူများ ဖြစ်သည်။ ငစံငယ်ကား မင်းတို့လူများကဲ့သို့ အရှင်သခင်ကို ချစ်ပါပေသည်။ ငစံငယ် လွန်၍ ကျင့်သည်ကို ကိုယ်တော် မသိမဟုတ်၊ သိ၏ ။
သို့သော် သူအမိန့်တော် ဖီဆန်သည်မှာ ပို၍ သင့်မည်ကို မြင်သဖြင့် လုပ်ခြင်းသာ ဖြစ်သည်။ ဖီဆန်လို၍ မဟုတ်။ အရေးမှားခြင်းလည်း မရှိ။ အကယ်၍ အရေးမှားသော်လည်း ခွင့်လွှတ်ထိုက်သည် ဖြစ်၏ ။ တစ်ကြိမ်တစ်ခါ မှားသည်ကို မြင်လျင် ပြင်နိုင်သည့် လူတော်ကလေး ဖြစ်ပေသည်။
ယင်းကို သိလျက်နှင့် အပြစ်ပြင်းစွာ ပေးလိုက်လျင် ကြောက်လန့်သွားနိုင်သည်။ တွန့်ဆုတ်သွားနိုင်သည် မဟုတ်လားကွဲ့"
"မှန်လှပါဘုရား"
"သင်း အဘယ်သို့ နာမည်ကျော်လာသနည်း"
"ရန်သူကို ထီမထင်၊ အသက်မပါသည်သို့ ပြုတတ်၏ ဟု ကျော်ပါသည် ဘုရား"
"သည်လို အရည်အချင်းက ငါ့လူများစွာ၌ပင် ရှိ၏ ။ သင်းလည်း အထင်ပေါ်ဆုံး ဖြစ်သည်။ ထို့အပြင် ငစံငယ်၏ အမြော်အမြင်နှင့် သဘောထားသည် ငါနှင့် အကြိုက်ညီသည် များ၏ ။ စစ်သတင်းကြားရလျင် အခြားသူများ နားမလည်သော်လည်း သင်းဘာလုပ်လိုက်သည်ကို ငါ အလိုလို သိတတ်လေ့ ရှိ၏ ။ မောင်ကောင်းရော သင်း မကြာခဏ အမိန့်မနာခံသည်ကို အဘယ့်ကြောင့်ဟု သိသလား"
"အမြဲတော့ မသိပါဘုရား"
"အိမ်း.. ငါ သိတော်မူသကွဲ့"
ငကောင်း ဘာပြောရမည် မသိ၊ အလောင်းဘုရားက ပြုံးနေ၏ ။
"မင်းတို့က နားမလည်၍ သင်း လွန်လှပြီ ထင်သည်။ ငါက မြင်၍ တစ်ချိန်တွင် မင်းကဲ့သို့ အားကိုးလောက်သည့်သူဟု ထင်သည် မင်းကြီး၊ မင်းတို့ ပြုစုအပ်သသူ တစ်ကျိပ်လေးယောက်ကို ဆိုပြစမ်း"
"မှန်ပါ၊ အရှင်မင်းအား စောင့်ရှောက်ပေးသူ၊ မင်း၏ စီးပွားမဲ့ကို မြင်တတ်သူ၊ အရှင်အား ချစ်သသူ၊ မင်း၌ အမှုရှိလျင် စွန့်စားဝံ့သူ၊ မင်းက စွန့်ခိုင်းလျင် စွန့်နိုင်သူ၊ ရန်ကို အောင်ဖန်များသူ၊ အမျိုးရှိသူ၊ မြို့ပြစည်ပင်အောင် ပြုနိုင်သူ၊ အရှင် သတိလွတ်လျင် အမှန်ကို ပြပေးနိုင်သူ၊ အရှင်၏ အမှုကို တည်ကြည်စွာ ဖြေရှင်းနိုင်သူ၊ ဟုတ်တိုင်းမှန်ရာ စီရင်တတ်သူ၊ မည်သူမျှ မသွားနိုင်သည့် ခရီးကို သွားဝံ့သူ၊ အမှုတော်ကို မငြင်းမရှောင် အားထုတ်သသူ၊ အမျိုးစဉ်ဆက် မဖောက်ပြန်သသူ ဤဆယ့်လေးဦးအား မင်းတို့ ပြုစုအပ်ပါကြောင်း"
"ဤတစ်ကျိပ်လေးမှာ ငစံငယ်က ဘယ်နှချက် လွတ်သလဲ မောင်မင်း"
"မှန်ပါ၊ အမျိုးရှိသူ တစ်ချက်သာ လွတ်ပါသည်"
"ဒါကလည်း မင်းမျိုး မူးမတ်မျိုးရိုး ရှိဖို့ မဟုတ်လား၊ ငါက သမီးတော်တစ်ပါးပါးနှင့် ပေးစားလိုက်လျင် သင်း အမျိုးရှိရော့ မဟုတ်လား"
ဦးကောင်း မိဖုရားခေါင်ကြီး၏ မျက်နှာကို လှစ်ခနဲ မြင်ယောင်မိသည်။ မယ်တော်ကြီး ရှင်ယွန်းစံမှာ သည်အကောင် ငစံငယ်ကို သား... သား နှင့် ပါးစပ်ဖျားက မချ။ သူရို့ အရှင်နှစ်ပါး သင်းအတွက် တိုင်ပင်ရည်ရွယ်ပြီး ဖြစ်ပေမည်။ မိမိက မလို၍ လျှောက်သလိုပင် ဖြစ်နေသည်။ အမှန်မှာ ငစံငယ်နှင့် အင်းဝအမှုထမ်းဟောင်း လူကျော်ကြီးများအား နှိုင်းယှဉ်ပြလိုရင်းသာ ဖြစ်သည်။ ထို့ကြောင့်..
"မှန်လှပါဘုရား၊ မသိတတ်၍ မိုက်မှားမိသည်ကို အပြစ်တော် မယူပါနှင့်ဘုရား"
"ဒါပေါ့ ငကောင်းရဲ့၊ မင်းတို့၊ ငတွန်တို့၊ ငသာတို့၊ ငစံတို့ကို ဘယ်တော့မှ မင်းပြစ်ဒဏ်ဖြင့် ကွပ်လိမ့်မည် မဟုတ်ဘူး။ မင်းတို့တတွေဟာ ငါ့အပေါ်မှာ အသက်ထက်ပင် သစ္စာရှိကြပါပေတယ်"
ငကောင်း မျက်ရည်များပင် လည်လာမိသည်။ သူတို့က အရှင်သခင်ကို ချစ်သကဲ့သို့ အရှင်ကလည်း သူတို့ကို ချစ်တော်မူသည် မဟုတ်လား။
ထိုစကားကို ကြား၍ ငကောင်း စိတ်ချသွားသည် ထင်ပါသည်။ မကြာမီ သန်လျင်တိုက်ပွဲတွင် ကွပ်ကဲရင်း ဆီးခြိုက်ကို ကျည်သင့်ရာ ယောက်ျားပီသလွန်းစွာ မိမိတပ်သားများကို မသိစေဘဲ အကွပ်အညှပ်မပျက် လှေတစ်စီးနှင့် ပြန်ထွက်လာခဲ့သည်။ အလောင်းတရား ကမ်းမှ ကြည့်၍ လှေကို မြင်လျင် မေးတော်မူသောအခါ မဟာသေနာပတိကို သေနတ်သင့်ကြောင်း သိလျင်
"ဟာ.. ဆုံးခဲ့ပြီ။ ဟာ.. ဆုံးခဲ့ပြီ" ဟု ရေရွတ်ရင်း လှေသို့ ပြေးဆင်း ကြိုလေသည်။ ငကောင်းသည် ပြင်းစွာသော ဒဏ်ရာနှင့် သွေးအိုင်ထဲ လဲလျောင်းလျက်မှ
"အရေးတော် မပြီးပြေမီ ကုန်စင်အောင် မထမ်းနိုင်တော့ဘဲ ထားခဲ့ရသည့်အတွက် ခွင့်လွှတ်တော်မူပါဘုရား" ဟု ဆိုကာ နှုတ်ဆက် ထွက်ခွာသွားလေတော့သည်။
အလောင်းမင်းတရားကြီးသည် အားအထားရဆုံး ရဲဘော်ရဲဘက် ဗိုလ်မှူးကြီး ဦးကောင်းကို ဆုံးရှုံးရသည့်အတွက် လွန်စွာ စိတ်ထိခိုက် ဝမ်းနည်းတော်မူသည်။ အဂ္ဂမဟာ သေနာပတိ ဘွဲ့နှင့် ထီးဖြူအုပ်၍ သင်္ဂြု ိဟ်သည်။ မဟာသေနာပတိ မရှိလျင် ဆိုခဲ့သည့်အတိုင်း မင်းထင်နော်ရထာ နှင့် စစ်ကဲ ကျော်ထင်ရွှေတောင်တို့အား တပ်များကို အုပ်ချုပ်စေ၏ ။
ရဲခေါင်စံကျော်သည် လူတစ်ထောင်နှင့် သွား၍ မွန် ၃၀၀၀ ကို သောင်းချီ ထင်မှတ်ကာ မတိုက်ဝံ့ဘဲ ပြန်လာသော်လည်း မင်းထင်နော်ရထာကိုမူ ဒလဘက်၌ မွန် သောင်းကျော် နေလာသည်ကို လူသုံးထောင်နှင့် စေလွှတ်ချေဖျက်စေရာ မွန်သောင်းကျော် မခံနိုင်၍ ခဏချင်း ပျက်ပြေးလေသည်။ ဤသည်ကိုမူ မဟာသေနာပတိ တွေ့မြင် သိရှိသွားခဲ့ရပေသည်။
မကြာမီ သန်လျင်ကို တိုက်ခိုက် သိမ်းပိုက်နိုင်လျင် မင်းထင်နော်ရထာကိုပင် မြို့စောင့်ခန့်၏။ ထိုမှ မွန်တို့က တပ်ကြီးတည်လာသည်ကို မင်းထင်နော်ရထာ ဗိုလ်မှူးအချုပ်ခန့်လျက် တိုက်လံခိုင်းလျင် ၅ နာရီခန့် ပြင်းပြင်းထန်ထန် တိုက်ကြပြီးနောက် မွန်မင်းသမက် စောဗြ၊ လှံထိုးကောင်းလှသည် ဆိုသော ဗိုလ်မှူး ဘယ်ကျော်တို့ မခံနိုင်၍ ဆုတ်ခွာသွားရသည်။
ထိုမှ ဟံသာဝတီ နေပြည်တော်အထိ အစဉ်အတိုင်း မွန်မင်းက တပ်ကြီးတည်လာသည်ကို မင်းထင်နော်ရထာ အရေးတော်ပြီးပြေ အောင်နိုင်ခဲ့သည်ချည်း ဖြစ်၏ ။ အလောင်းမင်းတရားက မည်သို့ တိုက်ရမည်ဟု မဆို၊ မင်းထင်နော်ရထာ သွားရောက် တိုက်လံစေ ဟုသာ ဆိုလိုက်သည်။
ဟံသာဝတီကို သိမ်းရန် တိုက်ခဲ့ရသော တိုက်ပွဲ အလီလီ၌ မင်းလှမင်းခေါင် ငတွန်နှင့် မင်းထင်နော်ရထာ ငစံတို့ နှစ်ဦးသည် မြန်မာတပ်များကို တစ်ဝက်စီ အုပ်ချုပ်လျက်၊ တိုင်ပင်လျက်၊ ညီညွတ်ကြလျက်၊ မင်းထင်နော်ရထာ၏ အစီအမံများကို မင်းလှမင်းခေါင်က လက်ခံလျက် လက်တွဲညီညီ တိုက်ခိုက် အောင်မြင်ခဲ့ကြသည်ချည်း ဖြစ်သည်။
မင်းလှမင်းခေါင်က မွန် ၂ သောင်းကို လူ ၂ ထောင်နှင့် ဖြိုဖျက်ပြနိုင်သလို မင်းထင်နော်ရထာကလည်း သူ့လောက်နီးနီး စွမ်းဆောင်ပြနိုင်၏ ။ သူတို့ နှစ်ဦးတည်းဖြင့် မနိုင်၍ အလောင်းမင်းတရားကိုယ်တိုင် စီမံအုပ်ချုပ်ရသည်မှာ တစ်ကြိမ် နှစ်ကြိမ်ခန့်သာ ရှိသည်။ အမိန့်တော်ကို ဖောက်ဖျက်သသူ ဟူ၍ မကွပ်မျက် မသုတ်သင်ဘဲ အရည်အချင်းကို သိသဖြင့် ဟံသာဝတီကို သိမ်း၍ မြန်မာနိုင်ငံတော်ကြီး ထူထောင်နိုင်ခဲ့ခြင်း၌ အလောင်းမင်းတရားကြီးအား အရေးအပါဆုံးနေရာမှ ပါဝင်ကူညီနိုင်ခဲ့သူမှာ လက်ျာဘီလူးဟု လူသိများလှသည့် ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာပင်တည်း။
Written by သင်္ခရာဇာ
End date: October 20, 2021