Translate

Showing posts with label ရာဇဝင် စစ်ပွဲကြီး. Show all posts
Showing posts with label ရာဇဝင် စစ်ပွဲကြီး. Show all posts

ရာဇဝင် စစ်ပွဲကြီး

မွန် - မြန်မာ နှစ် ၁၀၀ စစ်ပွဲကြီး၏ အထွဋ်အထိပ်ကာလ။ မွန်ဘက်သို့ သစ္စာခံ ခိုဝင်သွားသော တောင်ငူဘုရင်ခံဟောင်း နတ်သျှင်နောင် ရှိနေရာ တည်တောခံတပ်ကြီး အရှေ့သို့ မင်းတရားရွှေထီးနှင့် မြင်းရည်တက် ၅၀၀ ရောက်လာကြကြောင်း ရာဇာဓိရာဇ် ကြားရာ သူ၏မင်းတိုင်ပင် ပညာရှိသုခမိန် ရာဇမနု (မင်းကံစီ) အား ခေါ်၍
"တပင်ရွှေထီး နဲ့ သူရဲ ၅၀၀ ကိုတော့ သည်တစ်ကြိမ် နတ်သျှင်ငယ် ခံနိုင်မယ် မထင်ဘူး အစ်ကိုတော်၊ တဘောင်စနည်းများ နာပြီး ကိန်းခန်းချေလို့ ရရင် ချေပါဦး"
ဟု စိုးရိမ်တကြီး ဆိုသည်။ မင်းကံစီလည်း
"ယတြာကိန်းခန်းကိုတော့ အားကိုးလို့ မရနိုင်ပါ အရှင်မင်းမြတ်၊ သူ့ဘက်မှာလည်း အယူတော်မင်္ဂလာ ဆိုတဲ့ အမတ် ရှိနေတဲ့အပြင် ဘိုးမင်းသိုက်ရဲ့ အစီအရင်တွေကိုတောင် ချေဖျက်ပစ်နိုင်စွမ်းတဲ့ ဗားမဲ့ဆရာတော်လည်း နန်းတွင်းရောက်နေတယ် ကြားရပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ဗိုလ်မင်းဗြတ်ဇ တို့ အမတ်တိန်မဏိရွတ် တို့နဲ့ တိုင်ပင်လုပ်ကြံသင့်ကြောင်းပါ"
ရာဇာဓိရာဇ်လည်း ပုသိမ်ကို စောင့်သော အမတ်ကြီးအား မြင်းလျင်လွှတ် ခေါ်သည်။ သို့ရာတွင် အမတ်တိန်မှာ ပုသိမ်ကို မခွာနိုင်၊ တိုက်တိုင်းအောင်သည်ဟု နာမည်ကျော်သော စစ်သူကြီး ဘယဂါမဏိ ပုသိမ်ကြောင်းချီလာပြီ ကြားသောကြောင့် အထိန်းတော်ကြီး ဗညားလော၊ ဗညားကျန်း နှစ်ယောက်ကိုသာ စေလွှတ်လိုက်သည်။
သို့ရာတွင် ဗညားလော ဗညားကျန်းတို့မှာ တပင်ရွှေထီးအား ကြောက်ရင်းစွဲရှိသည်နှင့် မလာဝံ့ဘဲ "သည်တစ်ကြိမ်တော့ မလိုက်လိုပြီ" ဟု ဆိုလိုက်ကြသည်။ မင်းရဲကျော်စွာ စုန်လာပြီ ကြားသဖြင့် မြို့မကျမပေါက်အောင် မြောင်းမြမှ ခံနေပါရစေဟု အကြောင်းပြကြလေသည်။ ဒေးပသွယ်ကို စောင့်နေသော မြို့ခံရာတွင် အကောင်းဆုံး သမိန်အဝနိုင်လည်း တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ သမုတ်ကြသည့် ရှုံးနိမ့်မှုမရှိသေးသော ကနောင်မင်းသား၏ ထိုးစစ်ကို ခုခံရမည်ဖြစ်ရာ မကယ်မရောက်နိုင်ပြီ။
ဗိုလ်မင်းဗြတ်ဇသာ ပါလာပြီး 'တပင်ရွှေထီးကို ခံမည်ဆိုလျင် အခြားသူ မလွှတ်နှင့်၊ လက်ရုံးလွန်သော လက်ျာပျံချီ ငချစ်ညိုကိုသာ ခေါ်တော်မူပါ' ဟု လျှောက်၏ ။ ဆိုသည့်အတိုင်း စလင်္ဂသူမင်းရွာ၌ ရပ်နေသည့် ငချစ်ညိုကို အခေါ်လွှတ်သည်။ သို့ရာတွင် ငချစ်ညို လာသည့်လမ်းတွင် ပိတ်ဆို့စောင့်နေသူကား အသူနည်း၊ အခြား နာမည်ကျော် လက်ျာပျံချီတစ်ဦး မဟုတ်တုံလော။
"လာလော့၊ နင်လည်း လက်ျာပျံချီ.. ငါလည်း လက်ျာပျံချီ။ နင် ယောက်ျားကောင်းဟု ကျော်သည်။စီးချင်းလှလှ ထိုးရတော့မည်လော"
ဟု ပြည်စား လက်ျာပျံချီ စိန်ခေါ်၏ ။ မထင်မှတ်သူကို တွေ့လိုက်ရသဖြင့် ငချစ်ညို ကြောင်အမ်းနေပြီးမှ မြင်း စင်ရော်ဖြူကို လေးဘက်ကျ စီးထွက်လာလျက်
"အပြီးအစီး လုံ၍ တိုက်ခိုက်ရေးသာမက မြို့ခံပါ ကောင်းလှသည်ဆိုသော လက်ျာပျံချီကြီးပါကလား။ ကြိုက်ပြီ၊ ယခုမှ ဘက်တူသူကို တွေ့ရတော့မည်။ နင်လည်း နင့်အစွမ်းကို ထုတ်ပါလော့"
ဆိုကာ လှံစကြာ ဝှေ့ရမ်းလာ၏ ။ ငချစ်ညို မြင်းပေါ်ခြေစုံရပ်လျက် ဒုန်းနှင်လာသည်ကို မြင်လျင် ပြည်စားပျံချီ ပြုံးသွားပြီး ထိုင်လျက်မှပင် နောက်ကျွမ်းတစ်ပတ် ပစ်ပြလိုက်သေးသည်။ နောက်ပါတို့၏ ဝေါခနဲ အာမေဋိတ်သံကြားမှ လှံတိုတစ်စင်း ပြေးထွက်သွားရာ ခင်ဦးစား လက်ျာပျံချီ ခတ်ထုတ်လိုက်ပြီး 'ခံနိုင်အောင် ခံပေရော့' ဟု သူ့လှံကြီးဖြင့် ပစ်ထိုးလိုက်တော့၏ ။ ပြည်စားပျံချီမူကား အပြုံးပင် မပျက်ချေ။
ထိုအချိန်တွင် နောင်ရိုး၌ တပ်ချရပ်နေသော ဘုရင့်နောင်ကျော်ထင်နော်ရထာသည် ပရိယာယ် အကြံအစည်တွင် ထက်မြက်လှသော ဝါရီရူမင်း၏ မုတ္တမတပ်များအား ရင်ဆိုင်ရန် ညီတော် သားသမက်အများနှင့် အစီအစဉ်များ ဆွဲနေသည်။ မဂဒူး၏ အမတ်ကြီး ဗညားဒလ စစ်ရေးဗျူဟာ ကောင်းလှသည်ဟု ကျော်နေသဖြင့် ဘုရင့်နောင်လည်း သက်တော်ရှည်ဝန်မင်းကြီးပေါ်ဦးအား ခေါ်ကာ တိုင်ပင်ရလေသည်။
တစ်ဖက်တွင် မ တစ်လုံးကြေဆရာတော် ခင်ကြီးဖျော်၏ အမေးပုစ္ဆာများကို ဓမ္မစေတီမင်းက ဒိုင်ခံဖြေကြားနေရ၏ ။ ထို့ကြောင့် မွန် မြန်မာစစ်ပွဲကြီးကို မကူနိုင်၊ မဟာမိတ်ဖြစ်သူ သထုံပြည့်ရှင် မနူဟာကို စစ်ကူတောင်းရာတွင်လည်း ပုဂံမင်း အနော်ရထာက ဆီးကြိုတိုက်၍ သထုံတပ်များ ပျက်ကြသည် ကြား၏ ။
သထုံသား ဗျတ်ဝိဗျတ္တညီနောင်၊ ဝက်ဝံကို အနိုင်တိုက်ခဲ့သော အင်းသား အိုက်စံ၊ အရပ် ၇ တောင်ရှိ သင်္ဘောကုလားကြီးအား စီးချင်းထိုးခဲ့သူ ကွမ်အပ်သားမင်းသားတို့ ဦးစီးလာသည့် တပ်ကြီးမှာ ပုဂံသား မင်းကျန်စစ်၊ ငထွေ၊ ငလုံး၊ ငဖီးတို့၏ ပြောက်ကျားတပ်များကြောင့် ပဲခူးမရောက်မီပင် တန့်သွားရသည်။
ဒါတောင် သူတို့ဘိုးတော် ပျူစောထီး ဆင်းမလာသေး။ ကျန်စစ်သားဘက်မှသာ ပျူစောထီးရော မြေးတော် အလောင်းစည်သူပါ ပါလာလျင် ခက်ရချည့်။ ပန်ထွာဧကရီမှာလည်း ဒွတ္တပေါင်မင်း ရန်ကြောင့် ရန်ပယ်ချောင်းဝမှ မခွာနိုင်ကြောင်း သတင်းရောက်လာသည်။
ထိုသို့သော အကြောင်းများကြောင့် နတ်သျှင်နောင်သည် တည်တောတပ်ကို ခွာကာ မြောက်ပိုင်းသို့ ရှောင်သွားသည်။ လူ ၅၀၀၀ သာရှိသည့် ကောင်းတုံခံတပ်ကို တိုက်၍ ဝင်နေမည် ကြံသော်လည်း ဗလမင်းထင် တပ်ခံကောင်းလှရာ အနီးသို့ မကပ်နိုင်ဘဲ ရံနေကြ၏ ။ ယိုးဒယားမှ ပြန်လာသော နေမျိုးသီဟပတေ့၊ မဟာနော်ရထာတပ်များ ရှမ်းပြည်ဝင်လာပြီ ကြား၍ ခွာရပြန်သည်။
ယခင်က စစ်ချီရတုများ ရေးခဲ့ရသလောက် ယခုမူ စစ်ဆုတ်ရတုများသာ သီကုံးနေရပေပြီ။ သည်ကြားထဲ မြဝတီမင်းကြီး ဦးစက အောင်စေရတု ရေးသားကာ ဘိုးတော်ဘုရားကို ဆက်သွင်းသည်ဟု ကြားရသည်မှာ နာလိုခံခက်စရာ။
မလွန်တွင် ဆင်ချင်း မြင်းချင်း ဓားချင်း လှံချင်း လက်ချင်း၌ မည်သူလာလာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းသော အာကာရွှေတောင် နှင့် ဥပါကောင်းတို့ တစ်ဦးကိုတစ်ဦး မလှန်နိုင်၊ မဖိနှိပ်နိုင်၊ လက်ရည်တူနေကြသည်။ လုံးတူဒေါက်တူ အစွမ်းတူဖြစ်နေ၍ အာကာရွှေတောင်ဘက်မှ ဗညားကျန်းတောကြီး၊ ဗရမ်းသမက်များရှင် ဘွဲ့ခံ ဥပါကောင်းဘက်မှ တလပန်းတို့ ကူတိုက်ပေးကြသော်လည်း အခြေအနေ မထူးခြား။
အညာမြစ်စဉ်တစ်လျှောက် မြို့ရွာတို့ကို တိုက်ခိုက်သိမ်းပိုက်မည်ဟု အာမခံသွားသော သူရဲကောင်း လဂွန်းအိမ်တို့လည်း အောင်လံအရောက်၌ မုဆိုးခြုံဗိုလ် မင်းခေါင်နော်ရထာတပ်များနှင့် ရင်ဆိုင်မိကာ တပ်ပျက်၍ ပြေးရလေသည်။ အနောက်တပ်မဖြစ်သော ဗိုလ်မင်းဗြတ်ဇ၏ တပ်သို့ရောက်မှ လူသူစုရုံးလျက် ရပ်ခံနေပြန်၏ ။
မင်းခေါင်နော်ရထာလည်း ဗြတ်ဇနှင့် လဂွန်းအိန်ခံသော သန်လျင်တပ်ကို မတိုးမဖောက်နိုင်။ သို့ရာတွင် ရခိုင်စစ်မျက်နှာမှ နေ့ညမနား အပြင်းချီလာသည့် မင်းကြီး သတိုးမဟာဗန္ဓုလ၏ တပ်များ ဆိုက်ရောက်လာကြပြီ ဆိုသောအခါတွင်မူ ဗိုလ်မင်းဗြတ်ဇမှာ ဆင်ပေါ်မှ မဆင်းတော့ဘဲ ကျင်ကြီးကျင်ငယ်ပင် အိုးနှင့်စွန့်ကာ တပ်ကို ကွပ်ရလေတော့သည်။
ပဉ္စလရာဇ်၌ သိုဟန်ဘွား၏ တပ်များကို အုန်းဘောင်စော်ဘွားက ရပ်ခံနေပြီး မိုးညှင်းစော်ဘွားမှာမူ ဆင်ဖြူရှင် မြေဒူးမင်း၏ တပ်အရောက် ချီသွား၏ ။ သို့ရာတွင် ထင်တိုင်းမပေါက်ဘဲ မြေဒူးမင်းတပ်မှ မုဆိုးငစဉ့်၊ ငတက်ပြားတို့ အစွမ်းပြနေ၍ လုပ်ရေးကြံရေး ခက်ခဲနေရပြန်သည်။
မတ္တရာကြောင်း ချီသည့် ဘယ်ကျော်တပ်မှာမူ ပြည်မှ ပြေးလာသည့် ရာဇသင်္ကြန် သားအဖနှင့် တွေ့ဆုံမိကြသည်။ ဘယ်ကျော် လှံမထိုးရသေးမီ ပေါက်လှ လှည့်ပစ်လိုက်သော လှံက ဘယ်ကျော်ရပ်နေသည့် နံဘေးမှ ကညင်ပင်ကြီးအား ထုတ်ချင်းခတ် ပေါက်ထွက်သွားရာ မွန်တို့မှာ အံ့သြခြင်းကြီးစွာနှင့် ကျန်ရစ်ခဲ့ကြရသည်။
ထိုပေါက်လှနှင့် ခွန်အားချင်းတူသူ ဟူ၍ သူတို့တွင် မင်းညီတုံး တစ်ယောက်သာ ရှိပေလိမ့်မည်။ (ဒုတိယမြောက်) သမိန်ဗရမ်းဘွဲ့ခံ မင်းညီတုံးသည် အောက်မြစ်စဉ်ဝန်ကြီး မင်းလက်ဝါးနှင့် စစ်နားစဉ် လက်ချည်းဗလာ ယှဉ်ပြိုင်ကစားကြရာမှ နှစ်ဦးစလုံး ဒဏ်ရာရသွားကြသောကြောင့် ပါမလာခဲ့။
စီးချင်းထိုးရာတွင် လက်ရုံးရော နှလုံးပါ သုံးတတ်သဖြင့် နာမည်ကျော်ကြားလွန်းနေသော မွန်သူရဲကောင်း သမိန်ဗရမ်းမှာလည်း ရန်ကုန်ကို စောင့်နေသော မင်းထင်နော်ရထာအား နည်းလမ်းပေါင်းစုံသုံးလျက် ကြိုးကြိုးကုတ်ကုတ် တိုက်သည်။ သမိန်ဗရမ်း ဗကမတ်ဆင်တော်ဖြင့် တိုက်လျင် လက်ျာဘီလူးက တိမ်ပျံဖြင့် လှည့်ပတ်ထိုး၏ ။ ဖောင်တော်တင်လာသည့် ရန်ပုံခွင်းအမြောက်ကြီးကိုလည်း သားများမိ လှေတော်က နှစ်မြှုပ်ပစ်လိုက်နိုင်သဖြင့် ဒဂုံမှာ ယခုထိ မကျသေး။
သမိန်ဗရမ်း လက်ရုံးစွမ်းထက်သော်လည်း အကွပ်အညှပ် ပြင်းလှသည့်အပြင် ပရိယာယ်တွင် တစ်ကွက်သာနေလေ့ရှိသည့် လက်ျာဘီလူး၏ မဟာဗျူဟာ နည်းစနစ်များကြောင့် ထင်တိုင်းမပေါက်ဘဲ နိုင်အံ့ဆဲဆဲမှ သူက ထိန်းသိမ်းနိုင်ခဲ့သည်လည်း ရှိ၏ ၊ ရခါနီးမှ ရုတ်တရက် အလှည့်အပြောင်း ဖြစ်ကာ ပြန်လည်ဆုတ်ခွာလိုက်ရသည်လည်း ရှိလေသည်။
နောက်ဆုံးတွင် မွန်တို့သည် ကမ္ဘာဦးငှက်ကြီးတစ်ကောင်၏ နှလုံးကို အရှာထွက်လာသည် ဆိုသော လူသန်ကြီး အင်ဂွန်ဂျဝါအား တပ်ဦးတင်ကာ သူရဲတစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရန် စိန်ခေါ်လေတော့သည်။
လက်ျာဘီလူးက သူ့ထက် အဆရာထောင် အင်အားကြီးသော အင်ဂွန်ဂျဝါအား တိုက်ရန် သူရဲကောင်းတစ်ဦး စေလွှတ်ပေးပါဟု ရာဇာဓိရာဇ်နှင့် စစ်ပြိုင်နေသည့် သုရှင်အလောင်းမင်းတရားကြီးထံ အကြောင်းကြားလိုက်သည်။ အင်ဂွန်ဂျဝါ၏ ငှက်ပျောရွက်ဓားကြီးကို ရင်ဆိုင်မည့် သူရဲကောင်းတစ်ဦး ဓားမြှောင်တစ်ချောင်းကိုင်လျက် ရောက်လာသည်။
သူက ပြောနေသေးသည်။
"အင်ဂွန်ဂျဝါက လက်နက်နဲ့ ပြိုင်ချင်တာလား၊ လက်နက်မဲ့ ပြိုင်မှာတဲ့လား။ အကျွန် သည်ဓား ယူသွားသင့်သလား"
"နောင်တော့်သဘောပါ၊ ကျွန်တော်ကတော့ အနန္တသူရိယ ဆိုတာနဲ့ လူမကလို့ ဘီလူးကြီးပဲလာလာ လက်ချည်း ဖက်သတ်နိုင်လိမ့်မယ် လို့ စိတ်ချပြီးသားပဲ"
လက်ျာဘီလူး၏ ယုံကြည်မှု လွန်ကဲနေသည့် စကားကြောင့် ရန်မန်ငထွေး ပြုံး၏ ။ တစ်ချိန်က သူသည်လည်း ဤသို့ပင် စိတ်ထားခဲ့ဖူးကြောင်း အမှတ်ရလိုက်မိသည်။ ယခုတော့ ပြိုင်ဘက်မှာ အင်ဂွန်ဂျဝါ ဖြစ်နေ၍ မိမိလက်ရုံးစွမ်းကို အမှန်တကယ် ထုတ်ပြရပေတော့မည်ဟု အားခဲထားလိုက်လေသည်။
သူတို့ လက်ရုံးချင်းတိုက်ရန် ပြင်ဆင်နေခိုက် အင်းဝမှ စစ်ကိုင်း ကူးသည့် လှေဆိပ်သို့ ဦးခေါင်းအနောက်နှင့် နားထင်တစ်ဝိုက်အထိ ပြောင်လျက် ဦးထိပ်တွင်သာ ဆံပင်စုစုရှိသော ခပ်တောင့်တောင့် လူတစ်ဦး နောက်လိုက် အနည်းငယ်ဖြင့် ဆင်းလာပြီး လှေငယ်နှစ်စင်း ရှိနေသည့်အနက် အရပ်ပုပု ကျောက်ပေါက်ခွက်များနှင့် လှေထိုးသားအား
"စစ်ကိုင်းဘက် ကူးချင်လို့ပါ"
ဟု ဆိုလာသည်။ အူကြောင်ကြောင်ပုံစံနှင့် လှေထိုးသားက
"ရပါတယ်၊ လူဘယ်နှယောက် လိုက်မှာလဲ"
"ကျုပ်တစ်ဦးတည်းပဲ၊ သူတို့က လိုက်ပို့တာ"
"တက်လေ"
ဆံပင်စုစုနှင့်လူ လှေပေါ်တက်လျင် အနောက်မှ တစ်ဦးက
"ဂရုစိုက်ပါ အဲမွန်ဒယာ"
ဟု ရုတ်တရက် မွန်လို ပြောလိုက်သည်။ အဲမွန်ဒယာ ဆိုသူက ပြောသည့်လူအား မျက်လုံးပြူး ကြည့်လိုက်စဉ် လှေထိုးသားကလည်း အခြားကူးတို့ပေါ်မှ ငါးမျှားနေသူအား
"ဟေ့ ငသူရိန်၊ မင်း စစ်ကိုင်း သွားစရာရှိလို့ဆို။ ခရီးသည် တစ်ဦးတည်း တဲ့၊ လိုက်ခဲ့ပါလား"
ခပ်လှမ်းလှမ်းရှိ ကူးတို့လှေပေါ် ငါးမျှားနေသူ လူရွယ်က ငါးမရသည့် မျှားတံကို ရုတ်လိုက်သည်။
"အေး.. လှေကူထိုးရင်း လိုက်ရတာပ"
ဆိုကာ ထလာသည်။ သူသည် လှေအနောက်ပိုင်းအထိ တက်သွားပြီး ပဲ့ထိန်းနေရာယူလိုက်ကာ
"ကြိုးဖြေလိုက်တော့လေ တိုက်မောင်း"

မကြာမီ ဧရာဝတီ မြစ်ပြင်ထဲဝယ် သူရိန်နှင့် တိုက်မောင်း ဟူသော လှေသမားနှစ်ယောက်တို့သည် အဲမွန်ဒယာ ဆိုသည့် ခရီးသည်အား တင်ဆောင်လျက် တရွေ့ရွေ့ လှော်ခတ်သွားကြလေတော့သည်။ 

Written by သင်္ခရာဇာ

End date: April 18, 2022

 

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...