အင်းဝမြို့ရိုး အပြင်ဘက် ဇရပ်တစ်ဆောင်ပေါ်တွင် ဖြစ်သည်။ အသားညိုညို အရပ်ပျပ်ပျပ် တုတ်တုတ်ခိုင်ခိုင် တောသားကြီးတစ်ဦးသည် ဇရပ်တိုင်ကို မှီကာ စိတ်ပျက်လက်ပျက် ထိုင်နေသည်။ သူသည် ထိုနေရာသို့ နံနက်ကတည်းက ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။
ကြားရသည့် သတင်းတွေက မကောင်း။ အင်းဝမြို့ကို မွန်တွေ စစ်ချီလာတာ သူ သိခဲ့သည်။ သို့သော် သူ ခရီးထွက်လာစဉ်တွင် အင်းဝမြို့ လျင်မြန်စွာ ကျသွားတာ သူ မသိလိုက်။ အဝ ရောက်တော့မှ သူတို့ ဘဝရှင် မင်းတရားကြီးကို မွန်တွေက ဟံသာဝတီသို့ ခေါ်ဆောင်သွားကြပြီ ဆိုတာ သိရသည်။
ပူပြင်းသော နေအောက်မှ လူကြီးတစ်ဦး ဇရပ်ပေါ် တက်လာသည်။ ထိုလူကြီးမှာ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း နှုတ်ခမ်းမွေးကျင်စွယ် သျှောင်ချောကြီးနှင့် ဖြစ်ရာ ခန့်ခန့်ညားညား ရှိလေသည်။ ဇရပ်ပေါ်တွင် နားနေ အပန်းဖြေပြီးနောက် လူကြီးက စ၍ ပဋိသန္ဓာရစကား ဆိုသည်။
''အင်းဝကို ဘာလုပ်အောင် လာသလဲကွဲ့''
''လာတာကတော့ စစ်တိုက်ဖို့ ဆိုပါတော့။ ဒီရောက်တော့ စစ်ပွဲက ပြီးနှင့်နေပြီ။ ရှင်ဘုရင်လည်း သူ့လက်ပါသွားပြီ ကြားတယ်။ ဘာလုပ်ရမှန်း မသိတာနဲ့ ထိုင်နေတာပဲ။ ရွာပဲ ပြန်ရမှာပေါ့လေ''
''ပြန်ရမယ့် ခရီးက ဝေးသလား''
''ဝေးပါတယ်၊ ရက်သတ္တတစ်ပတ်လောက် လျှောက်ခဲ့ရတယ်''
''အတော်ဝေးပေတာပဲ။ ဒါဖြင့် ကျုပ်နဲ့ လိုက်ခဲ့မလား။ ကျုပ်လည်း လူသစ်စုဆောင်းနေတာပဲ။ ခုတော့ အဝမြို့တွင်း ဝင်စရာ ရှိသေးတယ်။ ဒီကအပြန် တစ်ခါတည်း လိုက်ခဲ့ပေါ့''
''ဘယ်ကို လိုက်ရမှာလဲဗျ။ လူသစ်စုဆောင်းတယ် ဆိုတာက…''
''ကျုပ်တို့ မုဆိုးဖိုရွာကို တပ်တည်ပြီး အနီးပတ်ဝန်းကျင်က ရွာတွေကို စုရုံးသိမ်းသွင်းထားတယ်။ အင်အား အတော်ရနေပြီ။ တိုင်းပြည် အခြေအနေက မကောင်းတော့ ကြိုတင်ပြင်ဆင်ထားရတာပ''
''မုဆိုးဖိုရွာက ဆိုတော့ ဖိုသုံးဖို တစ်ဖိုမင်းဖြစ်မယ် ဆိုတဲ့ တဘောင်ထဲက မုဆိုးဖိုလား''
''ဟုတ်ပ မောင်ရင်၊ မုဆိုးဖို ရွာသူကြီး ဦးအောင်ဇေယျ ဆိုတာ ကျုပ်ပဲ''
တောသားကြီးမှာ ရုတ်တရက် ထ ကာ ပေါင်ကို လက်နှင့် ဖြန်းခနဲ ပုတ်လိုက်ပြီး
''အခန့်သင့်လိုက်လေဗျာ။ လက်ရုံးက မီးတောက်တယ် ဆိုတဲ့သူနဲ့မှ တည့်တည့်လာတိုးတာကိုး။ ကျုပ်ကလည်း ဒီလိုလူမျိုးနဲ့မှ တွေ့ချင်တာ။ ရွာက ထွက်လာပြီးမှတော့ မပြန်တော့ဘူး လို့ နေတာ ခု ဘုန်းရှင် ကံရှင်နဲ့ တိုးတုန်း တစ်ခါတည်း လိုက်ခဲ့မယ်။ အောက်ပြည်သားတွေကို ရွှေမြို့တော်က နှင်ထုတ်ကြရအောင်ဗျ''
ထိုသူ စကားကို ကြားသောအခါ ဦးအောင်ဇေယျ ပြုံးသည်။ ရဲရဲတောက် အမျိုးချစ်သူတစ်ဦး ရပြီဟုလည်း ထင်မှတ်လိုက်သည်။ ထင်သည့်အတိုင်းလည်း ထိုသူမှာ နောင်အခါ မုဆိုးခြုံဗိုလ် မင်းလှမင်းခေါင်၊ ထို့နောက် မင်းခေါင်နော်ရထာ ဘွဲ့များဖြင့် အလောင်းဘုရား အားအထားရဆုံး လက်ရုံးကြီးတစ်ဆူ ဖြစ်လာမည့် ငတွန် ဖြစ်လေသည်။
အင်းဝမှ ကိစ္စပြီးသောအခါ ဦးအောင်ဇေယျနှင့် ငတွန်တို့သည် မုဆိုးဖိုရွာကို ပြန်၍ လူသူလက်နက် စုဆောင်းကာ နေကြ၏။ ဦးအောင်ဇေယျ၏ လက်ရုံးရည် နှလုံးရည် ပြည့်ဝသည့် သတင်းနှင့် မင်းလောင်းဟု ငယ်စဉ်ကတည်းက ကျော်စောခဲ့သည်များကြောင့် များမကြာမီ အနီးဝန်းကျင်မှ ရွာများအားလုံးကို စုစည်းနိုင်ခဲ့လေသည်။
တစ်နေ့တွင် အထက်အရပ်သို့ စနည်းနာထွက်သော ငတွန်သည် တကောင်း မလည်အရပ်တွင် လူငယ်တစ်ယောက်သည် မွန်တို့ အထူးအားထားရသော နတ်ဆရာ ဝိဇ္ဇာကြီး ဦးမင်းသိုက်ကို အနိုင်ယူလိုက်သည် ဟူသော သတင်းကို ကြားရလေ၏။
ဦးမင်းသိုက် ဆိုသူမှာ နှယ်နှယ်ရရ မဟုတ်၊ လောကီ ဂမ္ဘီရ အစီအရင်များတွင် အထူးပေါက်မြောက်၍ နတ်များကို လိုသလို စေခိုင်းနိုင်သည် ဟု နာမည်ကြီးနေသူ ဖြစ်သည်။ အင်းဝကို မွန်တို့ ဝင်တိုက်စဉ်က မွန်စစ်သူကြီး ဒလပန်းသည် ဦးမင်းသိုက်၏ အစီအရင်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ခဲ့ပြီး အင်းဝကို သိမ်းခဲ့သည် ဟု သတင်းကြားခဲ့ရဖူးသည်။
ဝိဇ္ဇာဓိုရ်တစ်ဦးဟု ဆိုကြသူ ဦးမင်းသိုက် ကို လူငယ်တစ်ယောက်က အနိုင်ယူ ချေမှုန်းလိုက်သည် ဆိုသည်မှာ စိတ်ဝင်စားစရာ သတင်း ဖြစ်နေသည်။ မည်သို့မည်ပုံ အနိုင်ယူလိုက်သည်ကို လူများ ပါးစပ်ဖျားတွင် ဒဏ္ဍာရီသဖွယ် ပြောဆိုနေကြသည်။ ဦးမင်းသိုက် မရှိတော့သည့်နောက် မွန်တပ်များက ထိုလူငယ်ကို အပူတပြင်း လိုက်လံရှာဖွေ ဖမ်းဆီးနေသဖြင့် ထွက်ပြေးပုန်းရှောင်နေကြောင်းလည်း ကြားရသည်။
ထိုသတင်းကို ငတွန်က ဦးအောင်ဇေယျသို့ ပြန်ကြားသည်။ ဦးအောင်ဇေယျလည်း လူသူလက်နက် စုရုံးရန် ရှိသည်နှင့် တကောင်းသို့ တစ်ခါတည်း သွားရောက်စုံစမ်းရန် သဘောတူလေသည်။ သို့နှင့် နှစ်ဦးသား မြင်းကိုယ်စီနှင့် ထွက်ခဲ့ကြသည်။
တကောင်းမရောက်ခင် ရွာတစ်ရွာအနီးတွင် ခေတ္တ ရပ်နား စနည်းနာကြရာ ရွာသူရွာသားများက ထိုသူငယ်ကို သူရဲကောင်းတစ်ယောက်သဖွယ် အမွှမ်းတင် ပြောဆိုလျက် ရှိသည်ကို ကြားကြရလေ၏။ သူတို့အပြောတွင် ယင်းသူငယ်မှာ ဘီလူးဝင်စားသူဖြစ်ပြီး နတ်ဘီလူးများကို စစ်ကူခေါ်နိုင်ကြောင်း၊ အင်းဝခေတ်က သူခိုးကြီး ငတက်ပြားလို စွမ်းသူတစ်ယောက်ဖြစ်ကြောင်း ဆိုကြလေသည်။
မြင်းများကို ယင်းရွာ၌ အပ်ခဲ့၍ လှေဖြင့် တကောင်းသို့ ဆက်ထွက်ခဲ့ရာ လမ်းတွင် ဦးအောင်ဇေယျက ငတွန်ကို စစ်နှင့်ဆိုင်သော ဗဟုသုတများ ပြောပြလေသည်။
''ဒီလို ငတွန်ရဲ့၊ ကျုပ်တို့ မွန်တွေနဲ့များ တိုက်ရရင် ရေတပ်ကောင်းကောင်း ရှိဖို့လည်း လိုအပ်လိမ့်မယ်ကွဲ့။ မွန်ရေတပ်နဲ့ တိုက်လှေကြီးတွေဟာ အင်းဝ အနှစ်လေးဆယ်ကျော်စစ်ပွဲကတည်းက နာမည်ကြီးတယ်။ သူတို့ကို ရေမှာ နိုင်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပဲ။ တော်တော်စွမ်းတဲ့သူတွေမှလည်း ရေတပ်သား ဖြစ်နိုင်တယ်''
''ရေတပ်သားက ခြေလျင်တပ်သားထက် စွမ်းရမယ်လား''
''ဒါပေါ့။ ရှေးက တပ်မတော်သားတွေအတွက် သတ်မှတ်ချက် ရှိတယ်။ ခြေလျင်တပ်သား ပွဲ ဆယ်ပွဲ ရမှ မြင်းတပ်မှာ အမှုထမ်းနိုင်တယ်။ မြင်းတပ်သား ဆယ်ပွဲရသူမှ ဆင်တပ်ကို ရောက်တယ်။ ဆင်တပ်သား ဆယ်ပွဲရသူဖြစ်မှ လှေတော်သား ဖြစ်သတဲ့။ တကယ်တမ်းတော့ အဲသည်လောက် တိုက်ပွဲတွေဖြစ်ဖို့ ဘယ်လွယ်မလဲကွာ။ ဒါပေမယ့် သတ်မှတ်ချက်ပေါ့။ လှေတပ်သားဟာ အခြားရဲမက်တွေထက် ဆယ်ဆလောက် သာနေရမယ် လို့ ဆိုလိုတာပေါ့''
''ဒီအတိုင်းသာဆို ကြားရတဲ့သတင်းတွေ မှန်ရင် ဟိုကောင်လေးကို လှေတပ်သား ခန့်ရမယ် ထင်ပါရဲ့''
''အရပ်စကား ဆိုတာကလည်း ချဲ့ကားပြောတတ်တော့ ယုံဖို့ခက်တယ် ငတွန်။ ဒါပေမယ့် ဒီသူငယ်က နတ်ချစ်ဦးမင်းသိုက်ကို လှေပေါ်မှာ တိုက်ပြီး အနိုင်ရခဲ့တာတော့ အမှန် ဖြစ်မယ်။ လူတိုင်းက ဒီလိုပဲ ပြောနေကြတယ်''
''ဒါပေမယ့် ဦးမင်းသိုက်ရဲ့ နတ်တွေနဲ့ ကောင်လေးရဲ့ ဘီလူးတွေ မြစ်ပြင်ပေါ်မှာ တိုက်ကြတယ် ဆိုတာကြီးကတော့ မဖြစ်နိုင်ပါဘူးဗျာ။ မဟုတ်ဘူးလား''
ငတွန့်စကားကို ဦးအောင်ဇေယျ ပြုံးရုံသာ ပြုံးပြလိုက်ရသည်။ စကားမပြန်ခင် တံငါလှေတစ်စင်း ချောင်းရိုးတစ်ခုထဲ ဝင်သွားတာ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ လှေဟန်က ထူးခြားသည်။ တံငါတို့ကဲ့သို့ ပျင်းရိပျင်းရော် မဟုတ်ဘဲ လှော်သွားတာ ကသုတ်ကရက်နိုင်သည်။ လှော်လာသူကလည်း တံငါသည်နှင့် မတူ၊ ငယ်ရွယ်ဖျတ်လတ်၍ ကျစ်လျစ်သန်မာသည့် တိုက်ပွဲဝင်ရဲမက်တစ်ဦး ရုပ်ဖျက်ထားသည်နှင့် တူနေသည်။
ထို့ကြောင့် ဦးအောင်ဇေယျနှင့် ငတွန်တို့ တစ်ဦးကိုတစ်ဦး ကြည့်မိကြသည်။ ထိုလှေနောက်လိုက်ရန် တိုင်ပင်ထားသကဲ့သို့ ငတွန်က လှေကို ကြုံး၍ လှော်ကာ ဦးအောင်ဇေယျကလည်း တက်ကို ကွေ့၍ ချောင်းရိုးထဲ အလိုလို လိုက်ဝင်မိသွားသည်။
အတန်ကြာ လိုက်ဝင်မိသောအခါ တံငါလှေသမားက နောက်ကို လှည့်ကြည့်သည်။ လှေတစ်စီးတည်း လိုက်လာသည်ကို မြင်သောအခါ လှေကို တန့်၍ ဘေးတိုက် ကန့်လန့်ခံ စောင့်နေလေသည်။ သူတို့လှေ အနီးရောက်သောအခါ တံငါလှေသမားက ဆီး၍ မေးလိုက်သည်။
''ဦးရီးတို့ ဘာကိစ္စ ကျုပ်နောက် လိုက်လာကြသလဲ''
ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်း မေးခြင်း ခံလိုက်ရသောအခါ ငတွန် ဘာပြန်ဖြေရမည်မသိ ဖြစ်သွားသည်။ ''ဘယ်မှာလိုက်လို့လဲ'' ဟု ဖြေတော့မည့်အခိုက်
''တံငါလှေက တံငါလှေနဲ့ မတူလို့ လိုက်ကြည့်မိပါတယ် မောင်ရင်''
ဦးအောင်ဇေယျက ကြားဖြတ် ဖြေလိုက်သည်။ ကိုတံငါက
''ဦးရီးတို့ ကြည့်ရတာ မြန်မာတွေပါပဲ။ မွန်သစ္စာကို ခံထားတဲ့ မွန်ကျွန်တွေများလား''
''ဘာ!…"
မွန်ကျွန် ဟု စော်ကားခံလိုက်ရ၍ ငတွန် ဒေါသထွက်သွားသည်။ လှေပေါ်မှ ထရပ်မိမလို ဖြစ်သွားသည်။ တံငါလှေသမားကလည်း လှော်တက်ကို အသင့်အနေအထား ဆုပ်ကိုင်ထားသည်။ ကြည့်ရသည်မှာ မွန်ကို မလိုလားသော မြန်မာမျိုးချစ်တစ်ဦး ဖြစ်နိုင်သည်။ ဦးအောင်ဇေယျက လူနှစ်ဦး အချင်းများမည့်ဟန် မြင်သဖြင့် စမ်းသပ်ကြည့်ရန် စိတ်ကူးမိသည်။
''မွန်ကို သစ္စာခံတော့ရော ဘာဖြစ်လို့လဲ။ အခြေအနေ အချိန်အခါအရ မြန်မာမင်း မရှိတဲ့အခါ သူက သစ္စာပေးလာရင် မခံချင်လို့ မရဘူးလေ''
သူ့စကားကို ငတွန်ကတော့ ဘယ်လို သဘောပေါက်သည် မသိ။ တစ်ဖက်လှေပေါ်မှ လူက မွန်သစ္စာခံများဟု တစ်ထစ်ချ ထင်မှတ်သွားသည်မှာ သေချာသည်။ ကြည့်လေ… ရုတ်တရက် ထကာ ငတွန်ကို လှော်တက်နှင့် ရိုက်ချလိုက်၏။
ငတွန် ငုံ့အရှောင်မြန်သောကြောင့်သာ ဓားလွယ်ခုတ် ဖြတ်ရိုက်လိုက်သော လှော်တက်က ဦးခေါင်းဘေးမှ ဝီခနဲ ဖြတ်သွားခြင်း ဖြစ်သည်။ ကုန်းကုန်းကွကွ ဖြစ်သွားသဖြင့် ဟန်ချက်ပျက်ကာ ချက်ချင်း မတုံ့ပြန်နိုင်သော ငတွန်ကို ဆက်မတိုက်ခိုက်ဘဲ တံငါလှေသမားက ဦးအောင်ဇေယျကို လှော်တက်ဖြင့် ဆောင့်ထိုးလိုက်ပြန်သည်။ ကြိုတင် ပြင်ဆင်မထားသူ ဖြစ်ပါက ရင်ဝအထိုးခံရကာ လှေပေါ်မှ လန်ကျသွားနိုင်သည်။ သို့သော်…
''ဖြောင်း''
ဦးအောင်ဇေယျက လှော်တက်ချင်း ခတ်ထုတ်လိုက်နိုင်သည်။ ငတွန်ကလည်း ထကာ လှေသမားကို လှော်တက်နှင့် ရိုက်သည်။ ဆောင်းထားသော ခမောက်ကို ရိုက်မိသဖြင့် ဖောင်း ခနဲ မည်ကာ ခမောက်ကျွတ်ကျသွားသည်။ သျှောင်မထုံးထားသော ဆံပင်များ ဖွားခနဲ ပြန့်ကျဲသွားသည်။ ငယ်ရွယ်နုပျိုလှသေးသော လူငယ်လေးတစ်ဦး။ သို့သော် အရွယ်နှင့် မလိုက်အောင် သွက်လက် ဖျတ်လတ်ပုံမှာလည်း နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရသည်ကိုပင် လှော်တက်ကို အလယ်မှ ကိုင်ကာ ခတ်ထုတ် ဆီးကာ ရိုက်ပစ်လျက် ကျင်လည်စွာ ဆော့ကစားနေသည်သို့။
ဦးအောင်ဇေယျ လှော်တက်ကိုင်ပုံမှာ စကြာ လည်နေသလို လျင်မြန်လှသဖြင့် လူငယ်က အခြေနေ မဟန်မှန်း သိလာသည်။ ငတွန်ကလည်း သူ့ထက် ခွန်အားတွင် အလွန်သာနေသည်။ သူထင်သလို မဟုတ်သဖြင့် လူငယ်မှာ တိုက်ခိုက်ရင်း လွတ်လမ်းရှာတော့သည်။ ဦးအောင်ဇေယျတို့မှာလည်း ထင်မှတ်မထားသော တိုက်ခိုက်ခြင်း ဖြစ်သဖြင့် သတိထားနေရသည်။
လူငယ်က လှေဦးချင်း နီးကပ်နေသည်ကို လှော်တက်နှင့် ထိုးခွာလိုက်ပြီး ရေထဲ ခုန်ချသွားသည်။ သူ့ တံငါလှေပေါ်တွင် ပိုက်မရှိ၊ ငါးမျှားတံပင် မရှိချေ။ ရေအောက် ငုပ်လျှိုးသွားပြီး သူတို့လှေကိုပင် ရေအောက်မှ လာမှောက်ရန် ကြိုးစားလိုက်သေးသည်။ တက်တွေနှင့် ထိုးတော့မှ လှေနှင့် ပေနှစ်ဆယ်ခန့်တွင် ပေါ်လာပြီး ကမ်းကို ကူးသွားသည်။
သူတို့လည်း နောက်မှ အပူတပြင်း လိုက်ကြသည်။ လူငယ်မှာ ဝတ်ထားသော ဖျင်ကြမ်းအင်္ကျီကို ရေထဲတွင် ချွတ်ထားခဲ့ရာ ကုန်းပေါ်ရောက်သောအခါ သူ့ကိုယ်၌ ဘီလူးပုံ မင်ကြောင်ထိုးထားသည်ကို မြင်ကြရသည်။ ရင်ဘတ်ပေါ်ရှိ ဘီလူးကြီးမှာ ပါးစပ်ကို ဖြဲလျက် မာန်ပါလှ၏ ။ ထိုလူငယ်က သူ့နောက် လိုက်လာသော လှေကို ကမ်းပေါ်မှ အသင့်စောင့်နေပြန်သည်။
ငတွန်က ကမ်းကပ်လျင် ကပ်ချင်း လူငယ်ကို လှော်တက်နှင့် ရိုက်လည်းရိုက်၊ ကမ်းပေါ်သို့လည်း ခုန်တက်လိုက်၏။ သို့သော် လှေပေါ်မှ ပြေးပြေးတက်တက် ရိုက်ရသောကြောင့် မပြင်းလှသော ရိုက်ချက်ကို လူငယ်က ကြိုတွက်ပြီးဟန်ဖြင့် မရှောင်ဘဲ လှော်တက်ကို ဖမ်းကာ ခုန်တက်လာသော ငတွန်ကို ဆီးကန်ချလိုက်သဖြင့် ငတွန် ရေထဲ ကျသွားသည်။ ဦးအောင်ဇေယျက ချက်ချင်းမတက်သေးဘဲ
''ဟေ့ ဟေ့ နေပါဦးကွ သူငယ်''
''မနေဘူး။ ကျုပ်က မွန်ကျွန်ဆို လောက်ထက် ရွံသေးတယ်''
ပြောလည်းပြော လှော်တက်နှင့်လည်း ပစ်လိုက်သေးသည်။ ဦးအောင်ဇေယျက ဝင်လာသော လှော်တက်ကို ရိုက်ဖယ်လိုက်တုန်း သူကပင် လှေပေါ် ခုန်တက်လာသေးသည်။ ဦးအောင်ဇေယျက လှော်တက်ဖြင့် ချိန်ထားရင်း
''ကျုပ်တို့ မွန်ကျွန်လို့ မပြောမိပါဘူး''
လူငယ် တစ်ချက် တွေသွားစဉ် ရေထဲမှ ငတွန်က ထရပ်လိုက်ပြီး သူ့ခြေထောက်ကို ဆွဲပြီး ဖြစ်နေသည်။ လူငယ် ရုန်းသော်လည်း မလွတ်။ အခြားခြေဖြင့် ခတ်သော်လည်း မဖြုံ။ ခြေထောက်ကို မလွတ်တမ်း ဆွဲထားသည်။ ဦးအောင်ဇေယျက လူငယ်ကို ခုန်အုပ်လိုက်ရာ လူငယ်က ဆီးဖမ်း၍ လွှဲပစ်လိုက်သဖြင့် ကမ်းပေါ် ရောက်သွားရသည်။ လူငယ်က ဦးအောင်ဇေယျ ကျန်ခဲ့သည့် လှော်တက်ကို ကောက်ကိုင်ပြီး ရိုက်မည်ပြင်သဖြင့် ငတွန်က လှေကို တွန်းမှောက်ပစ်လိုက်သည်။
နှစ်ဦးသား ရေထဲတွင် လုံးလား ထွေးလား ဖြစ်နေသည်ကို ဦးအောင်ဇေယျက ကမ်းပေါ်မှ ရပ်လျက် ကြည့်နေလေသည်။ ငတွန်က ခွန်အား သာသော်လည်း လူငယ်က ဥာဏ်ရည်သာသည်။ ငတွန်က အမိဖမ်းသမျှ လွတ်အောင် ရှောင်နိုင် ရုန်းထွက်နိုင်သည်ချည်း ဖြစ်သည်။ သူကပင် ငတွန်ကို ပြန်နှံလိုက်ချည်သေးသည်။ ငတွန်ကလည်း မိလျင် ဖိထောင်းသည်။ ကျားတစ်ပြန် ဘတစ်ပြန် ဖြစ်နေတုန်း
''တော်ကြတော့ဟေ့''
အသံသြဇာအပြည့်နှင့် အမိန့်ပေးသံမျိုးကြောင့် နှစ်ဦးသား သတ်ပုတ်နေရာမှ ကမ်းပေါ် ကြည့်လိုက်ကြသည်။ ဦးအောင်ဇေယျက ငတွန်ကို ခေါင်းညိတ်ပြလျက် ကုန်းပေါ် တက်သွားသည်။ ငတွန်က ဆက်လက်သတ်ပုတ်ခြင်း မပြုတော့ဘဲ ကမ်းပေါ် တက်လာသဖြင့် လူငယ်လည်း လိုက်တက်လာသည်။
ကမ်းပေါ်ရှိ မန်ကျည်းပင်ကြီး တစ်ပင်၏ အမြစ်တွင် ထိုင်လျက် ဦးအောင်ဇေယျက လူငယ်ကို မေးမြန်းစုံစမ်းရာ သူ့ကို ဖမ်းမည့်သူများ မဟုတ်မှန်း သိသည်နှင့် လူငယ်ကလည်း ကောင်းမွန်စွာ ပြန်ဖြေလေသည်။
''ငါ့တူ ဘာဖြစ်လို့ တံငါသည်လို ရုပ်ဖျက်ထားတာလဲ''
''မွန်ရဲမက်တွေ လိုက်ဖမ်းနေလို့ပါ''
''သူတို့က ဘာလို့ ငါ့တူကို လိုက်ဖမ်းနေကြတာလဲ''
လူငယ်က ဖြေချင်ပုံမရ။ ခပ်တည်တည်သာ ပြန်ကြည့်နေသည်။ ငတွန်နှင့် ဦးအောင်ဇေယျ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ
''ကျုပ်တို့က မုဆိုးဖိုရွာက လာပါတယ်။ အရည်အစွမ်းရှိတဲ့ မြန်မာတွေကို စုဆောင်းဖို့ ထွက်လာတာ''
ထိုစကားကို ကြားသော် လူငယ် စိတ်ဝင်စားဟန် ပြသည်နှင့် ငတွန်က
''ဒီအရပ်မှာ လူတစ်ယောက်က မွန်လူကြီးတစ်ဦးကို သတ်ပြီး ထွက်ပြေးနေတယ် ကြားတယ်''
လူငယ် မျက်နှာပျက်သွားသည်။ ဦးအောင်ဇေယျက ရိပ်မိသည်။
''ဦးကြီးက ဦးအောင်ဇေယျပါ။ အဲဒီသူငယ်ကို မွန်တွေ မဖမ်းမိခင် ရွာကို ခေါ်သွားနိုင်ရင် မွန်တွေလည်း ရှာတွေ့နိုင်စရာ မရှိတော့ဘူး။ ကျုပ်တို့အတွက်လည်း တစ်အား ဖြစ်မယ်''
''ဦးအောင်ဇေယျ ဆိုတာ ဟို မုဆိုးဖို ရွာသူကြီးလား''
''ဟုတ်တယ်''
''ဦးအောင်ဇေယျဖြစ်ကြောင်း ဘယ်လို သက်သေပြမလဲ''
''အလိုဗျာ''
ငတွန်က ရေရွတ်သည်။ ဦးအောင်ဇေယျက
''သက်သေပြစရာတော့ မရှိဘူး။ ဟိုရောက်တော့ တွေ့လိမ့်မယ်''
''ကျုပ်ကို ညာခေါ်ရင် ဘယ့်နှယ် လုပ်မလဲ။ နေဦး… (တစ်ချက် စဉ်းစား၍…) မုဆိုးဖို ရွာသူကြီး မှန်ရင် ဓားရေးလှံရေးထက် တုတ်ရေးသာရမယ်။ စမ်းကြည့်လို့ ဖြစ်မလား''
''စမ်းနိုင်ပါတယ် ငါ့တူ''
လူငယ်က ယူလာသော တက်ကို လှမ်းပေးလိုက်ရာ ဦးအောင်ဇေယျက တုတ်ရေးကစားပြသည်။ အလွန်ကျွမ်းကျင် တိကျပြီး ကြည့်လို့ကောင်းလှသဖြင့် ငတွန်ပင် ငေးကြည့်နေသည်။ လူငယ်က ဦးအောင်ဇေယျထံ ခဲနှင့် ပစ်သည်။ သဲကျုံး၍ ပေါက်ကြည့်သည်။ တုတ်ယမ်းသည့်အတွင်း ခဲမရောက်၊ သဲမရောက်၊ လက်ပင် မပေတော့မှ
''ဒါ့ကြောင့် လူတွေက ရေပက်မဝင် လို့ ဆိုကြတာကိုး။ ကျော်တဲ့အတိုင်း တော်ပါပေတယ်ဗျာ''
လူငယ်က ချီးကျူးသည်။ ဦးအောင်ဇေယျကလည်း
''ငါ့တူကလည်း ဆိုပါဦး။ ဘိုးမင်းသိုက်ကို ဘယ်လို ဆော်ခဲ့သတုန်း''
လူငယ်က ရယ်လေသည်။
''ကံကောင်းလို့ပါဗျာ။ အာဂ အဖိုးကြီး။ တော်တော် ကြောက်စရာကောင်းတယ်။ နတ်တွေကို တကယ် ခေါ်နိုင်တယ်။ မလည်ကမ်းပါးက နတ်စိမ်းသရဲတွေ ပေါ်လာပြီး မြင်းတွေနဲ့ ရေထဲ ခုန်ချလာကြတာ တွေးမိရင် ကြက်သီးတောင် ထတယ်။ ဆေးတွေလည်း ပေါက်ထားလိုက်တာ နေရာလွတ် မကျန်ဘူး။ ငယ်ထိပ်ကနေ ခြေချောင်းထိပ်တွေအထိ အင်းတွေ စမတွေ ဂါထာမန္တာန်တွေ စုတ်ထားပုံပဲ။ သူ့ကို သတ်လိုက်နိုင်တာ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်သေးဘူး''
''အင်း… ကြည့်ရတာ နတ်ချစ်ဂါထာတော်ကြီးကို ရထားပုံပဲ။ နတ်တွေကို အလိုရှိသလို ခေါ်ယူ စေခိုင်းနိုင်တယ်။ သူပြောတဲ့ ကမ်းပါးပေါ်က နတ်တွေဆိုတာ အဖမ်းမခံချင်လို့ မြင်းနဲ့တကွ ရေထဲ ခုန်ချ သတ်သေသွားကြတဲ့ ဟိုရွာသူကြီးနတ်နဲ့ နောက်လိုက်တွေ ဖြစ်မယ်''
''အဲဒီလူကြီး ရွာကို ရောက်လာတာဟာ တစ်ရွာလုံး ကပ်ဆိုက်တော့တာပဲ။ ကျုပ်တို့မိသားစုလည်း အကြီးအကျယ် ဒုက္ခရောက်သွားတယ်။ အဆိုးဆုံးက ရွာက ဘုန်းကြီးကျောင်း မီးတိုက်ခံလိုက်ရတာပဲ။ ကျုပ်နဲ့ မွန်တွေ အချင်းများကြပြီး မွန် နှစ်ယောက်ကို ရိုက်လိုက်မိတယ်။ အဲဒီမှာ အဖိုးကြီးက ကျုပ်တို့တစ်အိမ်လုံးကို ကျိန်စာတိုက်တော့တာပဲ။ ကျုပ်လည်း ထွက်ပြေးရတယ်။ မကြာဘူး အဖေဆုံးသွားတယ်။ ကျုပ်ညီလည်း ရူးပြီး သေသွားတယ်။ အဲဒါနဲ့ ကျုပ်လည်း သူ့နောက်လိုက်ပြီး လုပ်ကြံခဲ့တာပဲ''
ငတွန်က ဝင်မေးသည်။
''ဦးမင်းသိုက်ကို သူ့တိုက်လှေကြီးပေါ် တက်ပြီး သတ်ခဲ့တာဆို''
''ဟုတ်ပါတယ်။ တကောင်းကနေ အင်းဝအပြန် မလည်နားက မြစ်ကွေ့မှာ လှေလျင်နဲ့ လိုက်ပြီး ချောင်းသတ်မလို့ သူက သိနေတာနဲ့ မထူးဘူးဆိုပြီး ဖြစ်ချင်ရာဖြစ် မွန်လှေပေါ် တက်ခုတ်တာ။ အတော်ကောက်ကျစ်တဲ့ လူကြီးဗျာ။ သူ့လူတွေ သတ်ရတာ လွယ်သလောက် သူ့ကို သတ်ရတာ ကျားကို တုတ်နဲ့ သွားရိုက်ရသလိုပဲ။ သူသေကိုယ်သေ ယှဉ်ပြီး အသက်လုခဲ့ရတယ်။ ကျုပ်ဘက်မှာ ဘုရားတရား ရှိလို့ သာသနာကို ဖျက်ဆီးသူ မိစ္ဆာတွေကို နိုင်ပါစေ လို့ မတိုက်ခင်က သစ္စာဆိုခဲ့တယ်''
''ငါ့တူက နတ်ဘီလူးတွေကို ဆင့်ခေါ်နိုင်တယ် ဆိုတာ အဟုတ်လား''
''ဟာ… ဘယ်ကလာဗျာ။ ကောလာဟလ တွေပါ။ ဘီလူးဝင်စားတယ် လို့တော့ ပြောကြတယ်။ ကျုပ် ဒေါသထွက်ရင် ဘီလူးလို ဖြစ်သွားတတ်လို့''
''အိမ်း… အိမ်း… ကောင်းပါလေရဲ့။ ဒါနဲ့ ငါ့တူရဲ့ တိုက်ရည်ခိုက်ရည် ကိုလည်း မြင်ရပြီ။ ဦးတို့ လက်စဉ်းကိုလည်း ငါ့တူသိပြီ။ ဘယ့်နှယ့်လဲ… ကျုပ်တို့နဲ့ ပူးပေါင်းမလား''
''အင်း… စဉ်းစားရဦးမယ်''
ငတွန်က ထ၍…
''ဘာစဉ်းစားစရာရှိလဲ။ မင်းဖြစ်မယ့်သူလို့ တဘောင်ထွက်တဲ့ မင်းလောင်းကိုယ်တိုင်က လာပြီး အမှုထမ်းဖို့ ခေါ်တဲ့ဟာ စဉ်းစားနေစရာ လိုသေးလား''
ဦးအောင်ဇေယျ ရယ်သည်။ လူငယ်က မရယ်ဘဲ
''အဲဒါကြောင့် စဉ်းစားရတာပေါ့။ မင်းမှုထမ်းဆိုတာ အသက်ကို သူ့လက် အပ်ထားရတာ။ တိုက်ပွဲအတွင်းမှာလည်း သူက အနောက်ကဓား ဖြစ်တယ်။ တိုက်ပွဲမရှိချိန်မှာ ဘုရင်ဆိုတာ ဇက်ပေါ် ဓားမိုးထားတဲ့ သူပဲ''
သူ့စကားကို ဦးအောင်ဇေယျ သဘောကျသွားသည်။ ဟက်ဟက်ပက်ပက် ရယ်ပြီး
''မောင့်စကား ဟုတ်ပေတယ်။ လူပင် ငယ်သော်လည်း နှလုံးကြီးတယ်။ အရွယ်နဲ့ပင် မလိုက်။ ကဲ… မင့်အသက်ကို ငါ အာမခံတယ်။ ငါ့အပေါ် သစ္စာသာ ရှိပစေ… ငါ့အမိန့် ငါ့လက်နဲ့ မင်းကို ဘယ်တော့မှ မကွပ်စေရဘူး။ ဟောဒီက ငတွန် သက်သေရှိစေ။ ဘယ့်နှယ့်လဲ''
''ဒီ့ပြင်တစ်ချက် ရှိသေးတယ်''
ငတွန်က နားမလည်ဟန် ကြည့်သည်။ ဘာတွေများ တောင်းဆိုစရာ ရှိသေးလို့လဲ ဟု။
''ဆိုပါဦး''
''တိုက်စရာ မလိုအပ်တော့တဲ့အခါ၊ တိုင်းပြည် အေးချမ်းတဲ့ အချိန်မှာ စစ်မှုထမ်းဘဝက ကင်းလွတ်ခွင့်ပြုပြီး နေရပ်ပြန်ချင် ပြန်နိုင်တယ် ဆိုတဲ့ ကတိ''
''အင်း… ဒါတော့ မပြောတတ်ဘူး။ သို့သော် ရပါတယ်။ ငါ့မှာ မင်းတစ်ဦးတည်း ရှိတာ မဟုတ်ပါဘူး''
''ဟုတ်ပြီ… ကျွန်တော့်ဘက်က သစ္စာရှိပြီး အမှုတော်ကို သက်စွန့်ဆံဖျား ရွပ်ရွပ်ချွံချွံ ထမ်းပါမယ် လို့ ကတိပေးနိုင်တယ်။ ကျွန်တော့်ကို စောင့်ရှောက်ပါ။ ကျွန်တော်ကလည်း ကျူးကျော်လာတဲ့ မွန်တွေကို ပြန်တိုက်ချင်နေတာ''
''ဟ ဟ… အမှုတော် တွေ ဘာတွေ မလိုသေးပါဘူး။ ကျုပ်လည်း မင်းမဖြစ်သေးဘူး။ ဒါတွေက နောက်မှ။ အခု လိုက်မယ် ဆိုရင် မောင်ရင့်နာမည်အရင်းကို ဒီနေရာမှာ ထားခဲ့မှ ဖြစ်မယ်။ ကျုပ်က နာမည်တစ်ခုပေးမယ်။ ဒီကစပြီး အဲဒီနာမည်နဲ့ လှုပ်ရှားပေတော့''
''ဟုတ်ကဲ့''
''ဘီလူး ဝင်စားတဲ့သူ… တိုက်ရည်ခိုက်ရည်တင်မက သတ္တိ ဗျတ္တိလည်း ကောင်းလှတယ်။ နောင်တစ်ချိန် အားထားရမယ့်သူ… ဆိုတော့ ခုကတည်းက လက်ျာဘီလူး လို့ ပေးလိုက်မယ်။ သူ့နာမည်က ငတွန်။ ဒါပေမယ့် ကျုပ်ပေးတဲ့ ဘွဲ့က မင်းလှရွှေတောင် တဲ့''
''ကောင်းသားပဲ… လက်ျာဘီလူး… လက်ျာဘီလူး… အင်း…၊ မင်းလှရွှေတောင်တို့အောက် အမှုထမ်းရမယ် မှတ်တယ်''
''သိပ်ဟုတ်တာပေါ့ကွာ၊ ရေတပ်ဖွဲ့ပြီးရင် လှေတပ်သားတွေကို ဦးဆောင်ဖို့အတွက် မြင်ထားတယ်။ စစ်ဦး ဘီလူးပါ ဆိုတဲ့ စကားအတိုင်း မွန်လှေကြီးတွေကို ဟိုတစ်ခါ တက်တိုက်ခဲ့သလို ဘီလူးစီးတိုက်နိုင်ရင် အရေးသာမှာပဲ''
အလောင်းဘုရား မြော်မြင်ခဲ့သလိုပင် နောင်အခါတွင် လက်ျာဘီလူး ဦးစီးသော ရေတပ်မှာ အင်းဝမြို့ကို ဝိုင်းထားသော မွန်ရံတပ်များကို စွမ်းစွမ်းတမံ အနိုင်ယူနိုင်ခဲ့သည်သာမက မြစ်ပြင်ပြည့် ပိတ်ဆို့ထားသော ရာချီသည့် မွန်တိုက်လှေကြီးများကို ကင်းလှေအနည်းငယ်ဖြင့် ဖြိုဖျက်ပစ်ခဲ့သည်။
သန်လျင်မြို့တက် ညတိုက်ပွဲတွင် လက်ရွေးစင် လူတစ်ရာကို ဦးစီး၍ မြို့ရိုးပေါက်အောင် တိုက်နိုင်ခဲ့သလို ပုသိမ်တွင် အင်္ဂလိပ်တို့ကို ရှောင်တခင် ဝင်တိုက်ရာ၌လည်း ပြောင်းသေနတ်ထူထပ်စွာ ပစ်နေသည့်ကြားမှ အတင်းဝင်တိုက်ခဲ့သဖြင့် လျင်မြန်စွာ အောင်ပွဲရခဲ့လေသည်။
တပယင်းစား သားတော်ကြီး မောင်လောက်နှင့် မင်းလှရွှေတောင် ငတွန်တို့ တပ်ပျက်လာရသော ကွေ့တို့သည် သားတော်လတ် မြေဒူးစားနှင့် လက်ျာဘီလူးတို့တပ်များ ချီလာပြီ ကြားသည်နှင့် တပ်ဆုတ်ကာ ရှောင်သွားကြသလို တိုက်ရည်ခိုက်ရည် ကောင်းသော နာမည်ကျော် ကသည်းမြင်းတပ်ကိုလည်း ငတွန်နှင့် လက်ျာဘီလူးတို့ တပ်ပင် မြင်းစီးချင်းထိုးကာ အနိုင်ယူခဲ့သည်။
ငတွန်သည် လူတစ်ထောင်ကို တစ်ယောက်တည်း ဖောက်နိုင်သည်ဟု ကျော်ကြားသလို လက်ျာဘီလူးကိုလည်း ''စစ်ဦး ဘီလူးပါလျင် နိုင်သည်'' ဟု ပြောစမှတ် ပြုကြလေသည်။ မုဆိုးဖိုတပ်သို့ လက်ျာဘီလူး ရောက်သွားသောအချိန်တွင် မွန်တို့ကို ပြန်တိုက်တော့မည်ဖြစ်ရာ မြင်းရည်တက် ၆ ကျိပ် ၈ ယောက် ဖွဲ့စည်းချိန် ဖြစ်၏ ။
ထို့ကြောင့် မျက်စိအဝတ်စည်း၍ လှံဖျားပြေးဝင်ရသော သူရဲကောင်းစာရင်းတွင် နောင် ဗလမင်းထင် ဖြစ်လာမည့် ငလွင်တို့နှင့်အတူ လက်ျာဘီလူးလည်း ပါခဲ့လေသည်။ လက်ျာဘီလူးအမည်တော့ တရားဝင် မရသေး။ ညိုသူပြိုင်ကောင်း ဟု စာဖွဲ့ခြင်း ခံရသည်။ ထိုခေတ်က အလောင်းဘုရားလူ ဟု ဆိုလိုက်သည်နှင့် အရင်ဆုံး မင်းခေါင်နော်ရထာ (ငတွန်) နှင့် လက်ျာဘီလူးကို ပြေးမြင်ခဲ့ကြရသည်အထိ အလောင်းမင်းတရားက သူတို့နှစ်ဦးအပေါ် အားထားခဲ့လေသည်။