Translate

Showing posts with label နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး. Show all posts
Showing posts with label နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး. Show all posts

နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (ဇာတ်သိမ်း)

  လူသုံးဦး တစ်ပြိုင်နက် ဝိုင်းခုတ်သည်ကို ဗိုလ်တွန်က ပက်ထုတ်လိုက်သည်။ တစ်ချက်တည်းနှင့် ဓားသုံးချောင်းလုံး ကျိုးပြတ် လွင့်စင်သွားသောအခါ ဗညားအရိန္ဒမ မျက်နှာကြီး ဝင်းသွား၏ ။ ဓားကျိုးများနှင့် လူသုံးယောက်လည်း နောက်ဆုတ်ကာ လက်နက်ယူရန် ပြေးသွားကြလေသည်။
ဗိုလ်တွန်က လူအုပ်ထဲသို့ တစ်လှမ်းချင်း လျှောက်လာရာ လူအုပ်က စက်ဝိုင်းခြမ်းပုံ ဟပေးလိုက်ကြ၏ ။ ဗိုလ်တွန်ဝင်ရန် နေရာပေးခြင်းတည်း။ ဗိုလ်တွန်ကလည်း ထိုကွက်လပ်အတိုင်း ဝင်သွားသည်။ သူ၏ ရွေ့လျားမှုနှင့်အတူ စက်ဝိုင်းခြမ်းသည်လည်း လူစက်ဝိုင်းတစ်ခု ဖြစ်လာ၏ ။
ထိုအခါ ဗိုလ်တွန်ကို မမြင်ကြရတော့။ လူများအလယ် ရောက်နေပြီ ဖြစ်သောကြောင့် အိမ်ပေါ်မှ ကြည့်လျင်သာ မြင်ရပေတော့မည်။ လှေကားထိပ်တွင် ရှိသေးသော မဟာဥပရာဇာနှင့် လူများ၊ အိမ်ပေါ်မှ မဆင်းရသေးသော လက်ျာဘီလူးတို့ကတော့ မြင်နေရသည်။
ဗိုလ်တွန်က ရပ်နေရာမှ ရုတ်ခနဲ ပြေး၍ ခုတ်လိုက်ရာ လှုပ်လှုပ်ရွရွ ရှိနေကြသော လူများ ဆီးကာကြရသည်။ အချို့ ကာနိုင်၍ အချို့ ထိကြကုန်၏ ။ တဖြောင်းဖြောင်း တချွမ်းချွမ်း အသံများ ဆူညံစွာ ထွက်လာသဖြင့် ဗညားအရိန္ဒမ လှေကားပေါ် ပြန်ပြေးတက်လာပြီး ကြည့်သည်။ သို့သော် ရှုပ်ထွေးနေသော လူအုပ်ကြီး ကြားထဲ၌ ဗိုလ်တွန် ပျောက်နေပြီ။
မဟာဥပရာဇာနှင့် သူ့လူများက လက်ျာဘီလူး အိမ်ပေါ်တွင် အေးအေးဆေးဆေး ရှိနေ၍ မင်းလှမင်းခေါင်ကို မကူသေးဟု ထင်နေကြစဉ် လက်ျာဘီလူးက လက်ရန်းကို ကျော်ကာ ခုန်ချသွားသည်။ အရိပ်အခြည် ကြည့်နေသော မိစောမွန်လည်း ချက်ချင်း ပါသွား၏ ။ အောက်ရောက်သည်နှင့် လက်ျာဘီလူးက မိစောမွန်အား
"ဘေးဘက်ကိုပြေးပြီး စည်းရိုးကို ခုန်ကျော်"
ဟု ပြောသည်။ မိစောမွန် ဓားနှစ်လက်ထုတ်ကာ ပြေးသည်နှင့် လူအများက ဖမ်းရန် အုံလာကြတော့၏ ။ ထိုအခါမှ လက်ျာဘီလူးက အနောက်မှ ပြေးတက်လာပြီး ထိုသူများဆီ ခုန်ဝင်သွားသည်။ သူကလည်း မင်းလှမင်းခေါင်နှင့် မထူး၊ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာသဖြင့် မိစောမွန်အနီးသို့ တစ်ကြိမ်လျင် နှစ်ယောက်သုံးယောက်သာ ရောက်တော့သည်။
မိစောမွန်က ထိုသူတို့၏ အထိုးအခုတ်ကို မတုံ့ပြန်ဘဲ ယိမ်းနွဲ့ရှောင်ကွင်း၍ လွတ်ရာနေရာတို့ကို တစွပ်စွပ် ထိုးခဲ့ရာ ခြေထောက်၊ ပေါင်၊ ခါး၊ လက်ဖျံနှင့် ကျော စသည်တို့တွင် အပေါက်များစွာ ဖြစ်ကျန်ခဲ့၏ ။ လက်မြန်လှသော မိစောမွန်ကိုကား မမိ၊ အထိုးခံရသူတို့မှာ ဆက်လက်တိုက်ခိုက်ရန် မတတ်နိုင်တော့သည့်အပြင် လှုပ်ပင် မလှုပ်နိုင်ဘဲ နာကျင်စွာ ကျန်ခဲ့ကြသည်။
လူတစ်ယောက်လျင် လေးငါးချက် ထိုးကာ လျင်လျင်မြန်မြန် ဝေးကွာသွားသော မိစောမွန်ကို ကြည့်၍ အရိန္ဒမ ပြင်းစွာ တောက်ခေါက်၏ ။ ဥပရာဇာ၏ အမှုထမ်းများကိုလည်း မလွတ်စေနဲ့ဟု အော်ဟစ်အမိန့်ပေးလေသည်။ သူ့အသံကြားသော် လက်ျာဘီလူးက
"ဦးတွန်.. ရော့"
ဟု ကျယ်လောင်စွာ ဟစ်လိုက်ရာ လူအုပ်ကြားမှ ဗိုလ်တွန် ခုန်ထွက်လာပြီး ကြည့်စဉ် သူ့ဓား ပစ်ပေါက်ပေးလိုက်၏ ။ ဗိုလ်တွန်က ဓားယမ်းရင်း နောက်တစ်ချက်ခုန်လျက် ဖမ်းထားသည်။
"အစော.. ဓားတွေ ပေးခဲ့"
လက်နက်မဲ့သွားသော လက်ျာဘီလူးကို မိစောမွန်က ဓားနှစ်လက်လုံး ပစ်ပေးမည်ပြင်ရာ လက်ျာဘီလူးက သူအလိုရှိရာဘက်သို့ လက်ဆန့်တန်း၍ ယမ်းပြနေရင်း လူအုပ်ဘက် လှမ်းပြောပြန်၏ ။
"ဦးတွန်ဓား အစောကို ပေးလိုက်"
"ဟေ"
တစ်ခါတည်းနှင့် မကြားသောကြောင့် နှစ်ကြိမ် ဆက်အော်မှ ယိမ်းနွဲ့ပါးဓားကို အိမ်နှင့်တကွ လှမ်းပစ်ပေးလာ၏ ။ ကြားမှ သူများက ဖြတ်ဖမ်းရန် ကြိုးစားကြသည်။ အချို့က လေထဲမှ ဓားကို မိမိလက်နက်ဖြင့် ရိုက်ချရန် ကြိုးစား၏ ။ ဓားကို အာရုံရောက်နေကြသော လူများမှာ အောက်မှ ဖြတ်ဝင်လာသော လက်ျာဘီလူး၏ ဓားချက် မိသွားကြသည်။
လက်ျာဘီလူးက ဗိုလ်တွန်နှင့် မိစောမွန်ရှိရာဘက်သို့ ဓားတိုများ ပေးစေပြီး ပြေးဝင် ဖမ်းယူကာ မိစောမွန် ထိုးသည့်အတိုင်း အောက်မှ ဝင်ထိုးသွားခြင်းတည်း။ ချက်ချင်း မိစောမွန်အနား ရောက်လာသည်။ မိစောမွန်က သူ့ကို အကာအကွယ်ယူ၍ ပြေးသည်။ သူက မည်သူ့ကိုမှ ဆီးမခံဘဲ ဓားတိုနှစ်လက် အဆက်မပြတ် လှည့်ပတ်ကာ မိစောမွန်နောက် လိုက်လေသည်။
လူတစ်ရပ်ကျော် လက်တစ်ဖောင်ခန့်နီးပါးရှိသော စည်းရိုးနား ရောက်သော် မိစောမွန် နှေးသွားသည်။ လက်ျာဘီလူးက သူ့ကို ကျော်တက်ပြီး စည်းရိုးနှင့် ခြေနှစ်လှမ်းအကွာ၌ လှည့်လာကာ ဓားနှစ်လက်ကို ရင်ဘတ်ရှေ့ ကန့်လန့်ဖြတ် ယှက်လိုက်ပြီး ဒူးကွေးလျက် ကျားကန်ထားသည်။
'မရဘူး' ဟု ပြောတော့မည့်ဆဲဆဲ မိစောမွန်လည်း သဘောပေါက်လိုက်ပြီး 'ကန်တော့နော်' ဟု ပြောင်းပြောလိုက်ရ၏ ။ ယှက်ထားသော ဓားပေါ် ခုန်နင်း အားယူလိုက်ချိန် လက်ျာဘီလူးကလည်း လူရော လက်ပါ ဆန့်ထုတ် လှန်တင်လိုက်လေသည်။ မိစောမွန် လှလှပပ အပြင်ရောက်သွားချေပြီ။
အိမ်တော်ပေါ်မှ ဝေါခနဲ အသံနှင့်အတူ ဥပရာဇာက လေသာလက်ရန်းကို ပုတ်လိုက်သောအခါ လက်ျာဘီလူးက လက်လှမ်းထောင်ပြ၏ ။ ထို့နောက် ဓားတိုနှစ်လက်ကို ခါးကြားထိုး၍ လှံကိုင်တစ်ဦးထံမှ လှံကို ဝင်လုလေတော့သည်။ သူ့လက်ထဲ လှံရသွားချိန် ဗိုလ်တွန်ထံမှလည်း "ငစံရေ" ဟု ခေါ်သံ ကြားလိုက်ရ၏ ။
"ကျွန်တော် ဒီမှာ၊ လာပြီ"
ကျယ်ဝန်းလှသော အိမ်တော်ဝင်းတွင်း ဆင်ရော မြင်းပါ ထွက်လာ၍ ဗိုလ်တွန် အသံပြုခြင်း ဖြစ်သည်။ ဗိုလ်တွန် လက်ထဲ၌လည်း သူ့ဓားကို မတွေ့ရဘဲ လှံရှည်တစ်စင်း ကိုင်ထားလေ၏ ။
"ဦးတွန်၊ ကျွန်တော့်ဓားရော"
"ဟိုကောင့်ဆီမှာ"
"ဗျာ"
ခပ်လှမ်းလှမ်းမှ ရဲမက်တစ်ဦးက သူ့ဓားကိုင်ကာ အူကြောင်ကြောင်နှင့် ပတ်ချောင်းနေ၏ ။ လှံကိုင်စစ်သည် ဖြစ်ပုံရသည်။
"ဟိတ်.. ငါ့ဓားရော"
"အပြင်ရောက်သွားပြီ"
"ဟေ"
"ဦးတွန်လှံပေး၊ ရော့.. ဒီလှံကြီးယူ"
"လုပ်ပြန်ပြီ၊ ဘာတွေ ကြံနေတာလဲ ငစံရ"
လှံတစ်စင်းပြီးတစ်စင်း သူတို့နား ကျလာသဖြင့် ရှောင်ရှားလိုက်ကြရ၏ ။ ဗညားအရိန္ဒမကိုယ်တိုင် ဆင်ကပ်မှ တက်ကာ ဆင်နှင့်ထွက်လာခြင်းပင်။ မင်းလှမင်းခေါင်က သူ့လှံကြီးဖြင့် ပြန်ထိုးသည်။ အရိန္ဒမ ရိုက်ဖယ်လိုက်သော်လည်း မနိုင်ဘဲ လူပါ ငုံ့ရှောင်လိုက်ရ၏ ။
လက်ျာဘီလူးကတော့ မြင်းနှင့် ဝင်တိုး ခုတ်လာသည့် စစ်သည်ကို ဆွဲလျက် လိုက်သွားလေပြီ။ မြင်းပေါ်တွင် နှစ်ဦးသား လုံးထွေးနေကြသည်။ ဗိုလ်တွန်ကလည်း အားကျမခံ မြင်းသည်တစ်ဦးကို ခုန်ကန်လိုက်၏ ။ ရပ်သွားသည့် မြင်းပေါ် အေးအေးလူလူ တက်လိုက်ပြီး ထိုးလာသည့် လှံကို ဆောင့်ဆွဲယူသွားသည်။
"သူ့ကို လှံတွေ သွားပေးမနေနဲ့ကွ"
ဗညားအရိန္ဒမ ဒေါသနှင့် အော်ရာ အိမ်တော်ထက်မှ မဟာဥပရာဇာ ရယ်လေ၏ ။ လက်ျာဘီလူးကတော့ သူတို့နှင့် အတော်ဝေးသွားပြီ။ ဗိုလ်တွန်က ဆင်များကြား ဝင်ကာ ပတ်ပြေးရှောင်တိမ်းနေပြန်သည်။ ဗညားအရိန္ဒမလည်း သူ့နောက် ဆင်လှည့်ကာ လှည့်ကာဖြင့် လိုက်နေ၏ ။
တစ်ကြိမ်တွင် ဆင်လှည့်နေခိုက် လက်ျာဘီလူး လှမ်းပစ်လိုက်သော လှံတိုတစ်စင်းက ဆင်နောက်ထိုင်ကို ထိ၍ ကျသွားသည်။ အရိန္ဒမ လှည့်ကြည့်စဉ် မင်းလှမင်းခေါင် မြင်းကပ်လာပြီး ကုန်းနှီးပေါ် ရပ်စီးရင်း ဆင်ပေါ်ခုန်တက်လိုက်၏ ။ ဦးစီးကို လက်သီးဖြင့် ထိုးချလျက် အရိန္ဒမနှင့် မျက်နှာချင်းဆိုင်ကာ ဦးကင်းပေါ် ကုန်းကုန်းကွကွ ရှိသည်။
"သေနတ်သားတွေ.. ပစ် ပစ်"
အရိန္ဒမက အော်ရင်း ကုန်းလယ်ပုခက်ထဲ ဝပ်လိုက်ရာ မင်းလှမင်းခေါင်လည်း ခုန်အုပ်လိုက်သည်။ ပုခက်ထဲ၌ ကုန်းလယ်စီးနှင့် သုံးဦးသား သတ်ပုတ်နေရာ ဆင်တော်က အိမ်တော်တံခါးကို တိုးတိုက် ထွက်သွားလေသည်။ လက်ျာဘီလူးလည်း သူတို့နောက် လိုက်ကြသည့် ဆင်အုပ်ကြားမှ ကပ်ပါသွား၏ ။
"ဆင်တော် မရူကို အသင့်ပြင်"
ဥပရာဇာ ခြေမြန်သောဆင် ပြင်စေ၍ ဆင်ကပ်မှ စောင့်နေသည်။ ဆင်ရောက်လျင် ကုန်းလယ်စီးလက်ကို ခုန်ဆွဲ တက်သွား၏ ။ အိမ်တော်ပြင်ပတွင်တော့ ဖုန်တထောင်းထောင်းနှင့် စစ်မြေပြင်သဖွယ် ဖြစ်နေပြီ။ ဝန်းကျင်မှ လူများစွာ ထိတ်လန့် ပြေးလွှားနေကြပြီး အချို့က ဝေးဝေးမှ ရပ်ကြည့်နေကြလေသည်။
"ဟေ့.. ဟေ့၊ တော်ကြတော့။ အရိန္ဒမ.. တော်ပြီ"
ပြောနေစဉ် လက်ျာဘီလူး ပစ်လိုက်သော လှံက အိမ်တော် တံခါးထိပ် ချိတ်ဆွဲထားသော စည်ကြီးကို ဒုန်းခနဲ စိုက်သွားသည်။ ဥပရာဇာ လှံကို လှည့်ကြည့်ပြီး
"တော်ပြီ ပြောမှ ရောင့်တက်သလား မောင်မင်း"
လက်ျာဘီလူးက လက်နှစ်ဖက် ဖြန့်ပြပြီး
"အမိန့်တော်အရ လက်နက်ကို စွန့်လိုက်ကြောင်း သိသာအောင် ပြတာပါ"
အိမ်ရှေ့မင်း ဘာပြောရမည်မသိ ဖြစ်သွား၏ ။ မင်းလှမင်းခေါင်နှင့် နှစ်ယောက် တစ်ယောက် သတ်ပုတ်ရင်း တစ်ဦးကိုတစ်ဦး ဖမ်းချုပ်ကိုင်ထားကြသော အရိန္ဒမက
"သည်ကောင် ကျုပ်တာဝန်ထား၊ ကိုယ်တော်ကြီးက ဓားကိုပဲ ရအောင် ယူပါဘုရား"
"အံမာ၊ ထပ်ထိုးလိုက်ရ"
ဗိုလ်တွန်က လွတ်နေသော လက်ကို နောက်ပစ်ထားပြီး လက်သီး တရွယ်ရွယ်၊ အရိန္ဒမကလည်း လွတ်သောလက် တကာကာဖြင့်
ရှိနေစဉ် ဥပရာဇာက ခေါင်းခါယမ်းလိုက်ပြီး
"တန်ပြီ မောင်တို့၊ တော်လောက်ပြီ"
ထိုအခါမှ တစ်ယောက်ကို တစ်ယောက် လွှတ်ပေးလိုက်ကြပြီး ဗိုလ်တွန်က ကုန်းလယ်စီး၏ တံခေါက်ခွက်ကို နင်းထားသည့်ခြေ ကြွပေးလိုက်ရာ ကုန်းလယ်စီး လူးလဲ ထလာ၏ ။
"ကြည့်စမ်း၊ ဧည့်သည်ဆီက ဓားကို လူအင်အားနဲ့ ဝိုင်းလုနေကြောင်း မြို့သူ မြို့သားတွေ မြင်သွားရင် ကျုပ်ကို ဘာပြောကြမလဲ။ ငါတို့ အိမ်ရှေ့မင်းက သည်လိုပါလားလို့ ယုံကြည်သွားကြရင် ကျုပ်တစ်သက် အရှက်ရစရာ ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် ခိုက်ရန်မပွားကြဘဲ အမုန်းမထားကြဘဲ သည်မှာတင်ရပ်၊ စစ်ပွဲကို စစ်ထဲမှာပဲ ဖြေရှင်းကြပါစို့"
မင်းလှမင်းခေါင်က ဆင်ပေါ်မှ ခုန်ချလာသလို လက်ျာဘီလူးလည်း မိစောမွန်ကို မြင်းနှင့် တင်ခေါ်လာပြီး ဆင်းလိုက်ကြသည်။ မဟာဥပရာဇာက
"သင်တို့ ကျွမ်းကျင်မှုနဲ့ အစွမ်းတွေကို မြင်ရတာ အလွန်မတန် ပညာရပါတယ်။ သိုင်းပညာထက် တိုက်ရည်ခိုက်ရည် အတွေ့အကြုံ အထူးကောင်းမွန်ကြကြောင်း တွေ့ရတယ်။ မင်းကြီးမင်းလှမင်းခေါင်ကတော့ ပြည်ဝင်ပြည်ထွက် အောင်ခဲ့မှာပေါ့"
ဗိုလ်တွန်က မျက်ခုံးပေါ်မှ သွေးကို သုတ်ရင်း ပြုံးပြလိုက်၏ ။
"သူရဲကောင်း လက်ျာဘီလူးကတော့ ကျော်သည်နှင့်အညီ အမှန်ပင် တော်လှတယ်။ သို့ပေမယ့် ဘာ့ကြောင့် ဓားတွေ လဲတိုက်ခဲ့သလဲ ဆိုတာ ကျုပ် စဉ်းစားမရဘူး မောင်မင်း"
လက်ျာဘီလူးက သူ့ဓားနက်ကို သတိရသွားပြီး ကိုင်ထားသည့် ရဲမက်ထံမှ သွားယူလိုက်၏ ။ ထိုရဲမက်ကို ဝင်းတံခါးထိပ်မှ လှံဆီ ညွှန်ပြလိုက်သေးသည်။ ပြီးမှ လက်အုပ်ချီလျက်
"အရှင် အိမ်ရှေ့ကိုယ်တော်ဘုရားတို့က ဓားတစ်လက်ကို လိုချင်ဇောနဲ့ ဤမျှ တိုက်ခိုက် ကြိုးစားနေကြတာ မြင်လို့ အခါခပ်သိမ်းမှာ ဓားက အခရာမဟုတ်၊ ကိုယ်စွမ်းကိုယ်စသည်သာ အားကိုးရာဖြစ်ကြောင်း လက်တွေ့ သိမြင်စေချင်လို့ပါ"
"အေ"
အရိန္ဒမ မျက်လုံးပြူးကြီးနှင့် ကြည့်နေပြန်ပြီ။ လက်ျာဘီလူးက သူ့ကို လှည့်မကြည့်ဘဲ
"ထိုက်တန်သူ မဟုတ်လျင် ယိမ်းနွဲ့ပါးဓား လက်ဝယ်ရှိနေသော်လည်း အသုံးမချနိုင်။ ကျွန်ုပ်၏ ဓားကို ကိုင်ဆောင်ခဲ့သော သည်ရဲမက်ငယ် ဘယ်နှချက်ခုတ်ရ၍ ဘယ်နှယောက် ကျသလဲ မေးကြည့်ပါ"
ဗညားဥပရာဇာ သဘောကျသွားသည်။
"ကျွန်ုပ်ကတော့ သူ့လှံကိုင်လျက် လူ ၂၅ ဦး ထိုးခဲ့ပါတယ်။ ဝိုင်းတိုက်ကြသူတွေရဲ့ ဆယ်ပုံတစ်ပုံခန့်ဟာ ဟိုက စည်ကြီးထက်ကနေ အိမ်တော်ဝင်းကို သူတို့သွေးနဲ့ စောင့်ကြပါလိမ့်မယ်။ မဟာဥပရာဇာအတွက် ကျွန်ုပ် ပေးနိုင်တဲ့ လက်ဆောင်ပါ"
ဥပရာဇာက လက်ခုပ်တီးလိုက်ပြီး
"ဒါတွေ မင်း ကြိုတင်ကြံစည်ထားတာပေါ့လေ"
"ကြံစည်ပြီး လုပ်လို့ ရနိုင်တဲ့ လက်ဆောင်မျိုး မဟုတ်ပါဘူးခင်ဗျာ။ ခဲခဲကပ်ကပ် ကြိုးစားပြီး လုပ်ပေးလိုက်ရတာပါ"
ဥပရာဇာ၏ ကုန်းလယ်စီး စောခံခက်ကလည်း အနားတိုးလျက်
"အဲဒါ သူ့အစွမ်းပါပဲဘုရား၊ ကြုံလာတာကို ဖြစ်သလို လုပ်ရင်း ဉာဏ်ထုတ်တဲ့ နေရာမှာ သူ့ကို မီသူမရှိလို့ ကျွန်တော်မျိုး လျှောက်တင်ခဲ့သလိုပါပဲ"
ဟု တီးတိုး ပြောလေသည်။
"ကျုပ် သဘောကျတယ် လက်ျာဘီလူး။ မင့်ကိုလည်း မထင်မှတ်တဲ့ လက်ဆောင်မျိုး ပြန်ပေးလိုက်ပါမယ်။ အခုတော့ မဟုတ်သေး၊ ယခု မင်းလှမင်းခေါင်ကိုပဲ ဆင်ပေါက်တစ်စီး လက်ဆောင်တော် ထည့်လိုက်မယ်။ မင့်ကိုတော့ ယခင်က မြင်းနှစ်စီးယူသွားတဲ့ အကြွေး မကျေသေးလို့ မပေးနိုင်သေးဘူး"
လက်ျာဘီလူးလည်း ရယ်လိုက်၏ ။
"ဟုတ်ပါရဲ့၊ ကျွန်ုပ် ဒဂုံရောက်ရင် မြင်းကောင်းနှစ်စီး ပြန်ပို့လိုက်ပါမယ်"
"အိမ်း.. ကောင်းပြီ၊ ယခု မြင်းစီစဉ်ပေးလိုက်မယ်။ ဟိုရောက်တဲ့အခါ ကျုပ်ကို မထင်မှတ်တဲ့ လက်ဆောင် ပြန်လိုက်ဖို့ မမေ့ပါနဲ့"
"ကောင်းပါပြီ အရှင်"
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
*
ရန်ကုန်ရောက်သည်နှင့် မင်းထင်နော်ရထာ ချက်ချင်း ပြန်ခဲ့ရမည် ဟူသည့်အမိန့်တော် နေပြည်တော်မှ ရောက်နေလေပြီ။ ထို့ကြောင့် ဗိုလ်ချုပ် မင်းလှမင်းခေါင်နှင့် စစ်ကဲ ကျော်ထင်သက်တော်ရှည်တို့ကို တာဝန်အပ်ခဲ့ပြီး သူက မိစောမွန်နှင့် နောက်လိုက်လူ ၅၅ ယောက် ခေါ်ကာ ပြန်ခဲ့ရ၏ ။
ထမင်းချက် ကျော်ရှိန်မှာ ရန်ကုန်ရှိ အလောင်းမင်းတရား စံသွားခဲ့သော အိမ်တော်တွင် မင်းထင်နော်ရထာ၏ ကျန်ခဲ့သော တပ်သားများကို ချက်ပြုတ်ကျွေးမွေးရန် နေခဲ့ရပြီး မိစောမွန်သည် ရတနာသိင်္ဃ ပြည်တော်ပြန်သူများ၏ ထမင်းချက်အသစ် ဖြစ်လာသည်။ သူတို့သည် ကုန်းကြောင်းမှ တက်ခဲ့ကြရာ ဟင်္သာတ ရောက်သည်တွင် လူအချို့က ဆီးကြိုနေ၏ ။
"ဗိုလ်မှူး မင်းထင်နော်ရထာ မဟုတ်လားခင်ဗျား"
"မဟုတ်ပါဘူး၊ ကျွန်တော် လက်ျာဘီလူးပါ"
ထိုသူများ ကြောင်တောင်တောင် ဖြစ်နေကြသည်။ နောက်မှ တစ်ဦးက
"အရှင့်အတွက် ဟောဟိုက လှေကြီးကို ဟံသာဝတီ အိမ်ရှေ့စံ မဟာဥပရာဇာ ကိုယ်တော်ဘုရားက လက်ဆောင်တော်ပါး သနားလိုက်ပါတယ်။ ကျေးဇူးပြု၍ လက်ခံပေးပါ"
မြစ်ဆိပ်ဝယ် ခန့်ညား ကြီးမားလှသည့် လှေကြီးတစ်စီး။ 'သားများမိ' ဟု ခြူးပန်းကနုတ်များဖြင့် ရေးထိုးထား၏ ။
"မင်းရဲကျော်စွာ စီးခဲ့တဲ့ လှေတော်အမည်ပါလား"
"ဟုတ်ပါတယ်၊ အိမ်ရှေ့မင်းစီး လှေတော်ပါ။ အရှင့်အတွက် အထူး ပြုပြင်ထားတာပါ"
"မင်းတို့ အိမ်ရှေ့ကိုယ်တော်အတွက်လည်း ဒီဓားနှစ်လက်ကို ဆက်လိုက်ပါ။ ကျွန်ုပ်တို့ နှစ်ဦးရဲ့ အသက်အတွက်လို့ လျှောက်တင်ပေးပါ။ သူ နားလည်ပါလိမ့်မယ်"
မိစောမွန်၏ ဓားတစ်လက်နှင့် သူ၏ ကျောက်စီဓားကို ဦးဆောင်သူထံ ပေးအပ်ခဲ့ပြီးနောက် လက်ျာဘီလူးသည် မြင်းကို ဆွဲလျက် သူ့လှေ 'သားများမိ' ပေါ်သို့ တက်သွားလေသည်။
*
*ပြီးပါပြီ*

(စာကြွင်း။ ။ ယိမ်းနွဲ့ပါးဓားသည် မင်းခေါင်နော်ရထာ (ငတွန်) ထံမှ မြေဒူးမင်းသား သိမ်းယူသွားခြင်း ခံရပြီးနောက် ကုန်းဘောင်မင်းဆက် နောက်ဆုံးအချိန်အထိ နန်းတွင်း၌ ရှိနေခဲ့ပြီး မန္တလေးနန်းတော်ကို သိမ်းရန် ဝင်လာသည့် အင်္ဂလိပ်တို့အား သီပေါမင်းက ယင်းဓားကိုင်စွဲလျက် အတွေ့ခံခဲ့သေးသည် ဆို၏ ။ ထို့နောက်တွင်ကား မည်သူမျှ မတွေ့ကြရတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါသည်။)

Written by သင်္ခရာဇာ
End date: September 22, 2021

နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၉)

ဗိုလ်တွန်၏ ကြိမ်းဝါးမှုကြောင့် လှေပေါ်မှ ဆင်း၍ ခရီးဆက်ကြရသော အချိန်၌ပင် မင်းလှမင်းခေါင် ဟံသာဝတီသို့ လာနေသည် ဟူသည့် သတင်းစကား မဟာဥပရာဇာနှင့် ဗညားအရိန္ဒမတို့ နားသို့ ပေါက်ကြားခဲ့လေပြီ။
ဓားကိုလိုသူမှာ ဥပရာဇာ ဖြစ်၍ အကြံပြုသူက အရိန္ဒမ ဖြစ်နေသောကြောင့် သူတို့နှစ်ဦးသား အိမ်ရှေ့အိမ်တော်တွင် ဆုံကြလေသည်။ မင်းလှမင်းခေါင်နှင့်အတူ နောက်လိုက်နှစ်ဦးသာ ပါ​လာကြောင်း ကြားသိရ၍ သူတို့ ကြိုတင် ပြင်ဆင်ထားကြ၏ ။
ပဲခူးသို့ သွားကြမည့် လှည်း ၅ စီးတန်းနှင့် ကြုံသဖြင့် လက်ျာဘီလူးနှင့် မိစောမွန်က တစ်စီး၊ ဗိုလ်တွန်က တစ်စီး လှည်းမှူးအား ပြော၍ လိုက်ခဲ့ကြရာ လမ်းတွင် လက်ျာဘီလူးက သူ့အထုပ်ထဲမှ ဓားတိုတစ်လက်ကို ထုတ်၍
"ဒါ အစောဓားလား၊ ရော့"
"ဟုတ်ပါရဲ့။ မောင်ကြီးဆီ ဘယ်လို ရောက်နေတာလဲ"
"အစောပဲ အခန်းထဲ လာထားသွားတာ မဟုတ်ဘူးလား"
မိစောမွန်က သူလာချောင်းခဲ့သည့် အကြောင်းနှင့် လူထွားကြီးကြောင့် ပြေးခဲ့ရစဥ် ဓားကျနေခဲ့ကြောင်း ပြောပြလိုက်၏ ။
"ဒါဆို ကျွန်တော့်ကို လုပ်ကြံချင်နေတာက နှစ်ဖွဲ့များလား"
"အမယ်.. အစောက လုပ်ကြံမလို့ မဟုတ်ပါဘူးနော်"
"ဒါဖြင့် ဘာလာလုပ်တာလဲ"
မဖြေတော့ဘဲ မျက်စောင်းထိုးသွား၏ ။ သူ့ဓားသူ သိမ်းပြီးမှ
"အစောဓားမှန်း ဘယ်လိုသိလဲ"
"မိန်းကလေးကိုင် ပုံစံမျိုး လက်ကိုင်ကို ပတ်ထားပြီး အနံ့သင်းသင်းလေးလည်း ရနေသေးတယ်လေ"
"အယ်"
"အစောပုံစံက အားချင်းယှဥ် တိုက်ခိုက်မယ့် လက္ခဏာလည်း မပေါ်ပါဘူး။ ချောင်း​လုပ်မှာ၊ သူ့အားနဲ့သူ ဒါမှမဟုတ် သူ့အားကို ရှောင်ပြီး တိုက်မှာ မဟုတ်လား"
"စမ်းကြည့်မလား"
"မစမ်းပါရစေနဲ့"
"ကြောက်လို့လား"
"အေး"
"မဟုတ်ဘဲနဲ့၊ မောင်ကြီးလိုလူက ဘာကို ကြောက်တတ်ဦးမှာလဲ။ မောင်ကြီးသတ်လို့ သေခဲ့တဲ့သူတွေ လိုက်ခြောက်မှပဲ ကြောက်ချင်ကြောက်မယ်"
"ဒါလည်း ကြောက်စရာပဲ၊ ဟုတ်ပ.. မေ့နေတယ်။ ငါ့နှမ ပြောမှပဲ ကြောက်စရာတစ်ခု တိုးပြန်ပြီ"
"ကြည့်ပါလား.. အကောင်းပြောနေတာကို"
မိစောမွန်က ကပ်လျက် လက်သီး လက်ဝါးများဖြင့် တဖတ်ဖတ် တိုက်ခိုက်သည်ကို တစ်ကြိမ် နှစ်ကြိမ်သာ ကာ၍ ငြိမ်ခံနေလိုက်ရာ အရိုက်ရပ်သွားပြီး
"အဲဒီဓားတွေက တကယ်တော့ လိုရမယ်ရ ယူလာတာပါ၊ အစောက ဓားသမား မဟုတ်ဘူး"
လက်ျာဘီလူး စကားမပြန်တော့၊ တစ်စုံတစ်ခုကို တွေးရင်း ငြိမ်သွား၏ ။ သူတို့ ခရီးသုံးဆင့် လာခဲ့ကြပြီး မြို့တော် အနောက်တံခါးမှ ဟံသာဝတီ မြို့တွင်းသို့ အတားအဆီး အစစ်အဆေးမခံရဘဲ အလွယ်တကူ ဝင်ခဲ့ကြ၏ ။
မိစောမွန်သည် ရန်သူအား အဖြစ်မှန် ဖွင့်ပြောခဲ့ပြီး ပြန်လာပါက အသတ်ခံရလိမ့်မည်ဟု တွေးထင် ရင်ထိတ်နေခဲ့ရသော်လည်း တကယ်တမ်း ပြန်ရောက်လာသောအခါ တုန်လှုပ်ခြင်း မရှိ တည်ငြိမ်စွာ လှမ်းနေလေသည်။ သူက စစ်သူကြီး ဗညားအရိန္ဒမအိမ်သို့ သွားလိုသည်။ ဗိုလ်တွန်ကမူ ကြံစည်သူများထဲတွင် မဟာဥပရာဇာသာ အကြီးအမှူး ဖြစ်သည်၊ အိမ်ရှေ့မင်းအိမ်တော်သို့ ဝင်မည် ဆို၏ ။
မိစောမွန်က အိမ်ရှေ့မင်းအိမ်ကို မသိဟု ဆိုရာ လက်ျာဘီလူးက သူသိသည်ဟု ဝင်ပြောလေသည်။ ဘယ်လို သိသလဲ မေးမြန်းကြသဖြင့် မဟာဥပရာဇာအိမ်တွင် နေဖူးကြောင်း ဖြေ၏ ။ မြန်မာဗိုလ်မှူးတစ်ဦး မွန်အိမ်ရှေ့စံထံ၌ နေခဲ့ဖူးသည် ဆိုခြင်းမှာ မည်မျှ အံ့သြစရာ​ကောင်းသနည်း။ မိစောမွန် သူ့ကို နားမလည်နိုင်တော့ချေ။
သူကတော့ ခပ်တည်တည်ဖြင့် စျေးတစ်ခုကို ဖြတ်သွားသည်။ စျေးအကျော်တွင် လမ်းဘေးဝဲယာ ဝေ့ကြည့်လိုက်ပြီး မိစောမွန်ကို တီးတိုးခေါ်၏ ။ အနောက်ဆုံးမှ မိစောမွန် ဗိုလ်တွန်ကို ကျော်လျက် သူ့အနားရောက်သော်
"အစောအထုပ် ခဏပေးစမ်း၊ ရော့.. ဒါတွေ ကိုင်ထား"
သူ့အထုပ်နှင့် ဓားကို အပ်ကာ မိစောမွန်၏ အထုပ်ကို လွယ်သွားသည်။
"မင်းကြီးတို့ ဒီလမ်းအတိုင်း ရှေ့က သွားနှင့်၊ နောက်လှည့်မကြည့်ကြနဲ့နော်"
လက်ျာဘီလူးက လမ်းခွဲတစ်ခုသို့ ဝင်သွားပြီး ဗိုလ်တွန်တို့ နှစ်ဦး သူပြသည့် လမ်းအတိုင်း လျှောက်ဝင်သွားကြရာ အနောက်မှ လူတစ်ဦး လိုက်ပါလာသည်ကို မိစောမွန် သတိထားမိသည်။ စောင်းငဲ့ကြည့်မိတော့ ဒိုတီအဖြူပတ်လျက် ရင်ဘတ်မွေး ဗရပျစ်နှင့် ခေါင်းပေါင်း ပေါင်းထားသူ လူဝကြီးတစ်ယောက်။
အရပ်လည်း မိစောမွန်ထက် ခေါင်းတစ်လုံးမက မြင့်လိမ့်မည်။ သူ့ကိုယ်ကြီးနှင့်သော် လူ့ဘီလူးကြီးတစ်ဦး အသွင်တည်း။ 'လာပြန်ပြီ လူထွားကြီးတစ်ယောက်' ဟု မိစောမွန် တွေးနေရင်း နောက်ထပ် လှည့်မကြည့်မိအောင် နေ၏ ။ ဗိုလ်တွန်နှင့်လည်း ရင်ဘောင်တန်း လျှောက်မိသည်။
ရုတ်တရက် ခြေသံဖျတ်ဖျတ်က နီးကပ်လာသည့်အတွက် လက်ျာဘီလူး လုပ်ခဲ့ဖူးသည့် ပုံစံအတိုင်း မိစောမွန် ရှေ့သို့ ခုန်ထွက်လိုက်သည်။ လက်ျာဘီလူး၏ ဓားကိုတော့ အိမ်မှ မထုတ်သေးဘဲ အသင့် ကိုင်ထား၏ ။ သူ ရိပ်ခနဲ ခုန်လိုက်သည်နှင့် ဗိုလ်တွန်ကလည်း ဓားကို ဆွဲကာ လှည့်ပိုင်းရန် ပြင်သည်။
"ဟိတ်"
"အား"
လူထွားကြီး၏ ကျောနောက်မှ လက်ျာဘီလူး ပေါ်လာပြီး လည်တိုင်ဘေး ပခုံးနှစ်ဘက်ကြားသို့ မိစောမွန်၏ ဓားတိုနှစ်လက် ထိုးစိုက်လိုက်သည်ကို တွေ့ရသည်။ လူဝကြီးက နာကျင်စွာဖြင့် ခါတွက်လိုက်ရာ လက်ျာဘီလူး လမ်းဘေးသို့ လွင့်သွားလေသည်။ တစ်ချိန်တည်း၌ ယိမ်းနွဲ့ပါး ဓားသည်လည်း လျှပ်ရောင်လင်းသွား၏ ။
ထိပ်ဦး အဖျားနှင့်သာ ထိသော်လည်း လည်မှ သွေးများ ပန်းထွက်လာပြီး လဲကျသွားသည့် လူဝကြီးမှာ ဂေါ်ရခါးလူမျိုး ကြေးစားဖြစ်ပုံရသည်။ မိစောမွန်က ပခုံးထက်မှ ဓားနှစ်လက်ကို နုတ်ယူစဥ် ဗိုလ်တွန်က လက်ျာဘီလူးကို တွဲထူနေ၏ ။
"ဘယ်တုန်းက သူ့ကို သတိထားမိတာလဲ"
"စျေးက အထွက်မှာ ဓားကောက်ကြီး ဘေးချပြီး ကြည့်နေကတည်းက မသင်္ကာတာဗျ"
"နည်းတဲ့ အကောင်ကြီး မဟုတ်ပါလား၊ သူတစ်ကောင်တည်းလား"
"မဟုတ်ဘူး၊ ကုလားပိန်လေးတွေ ပါသေးတယ်။ ကျွန်တော့်နောက် လိုက်လာလို့ ရှင်းပစ်လိုက်ပြီ"
"အဲဒီဓားတိုလေးတွေနဲ့ပေါ့"
"ဟုတ်ကဲ့၊ ပေါ့ပေမယ့် သွက်ပါတယ်။ ဟိုကောင်တွေ ဓားလေးနေတော့ အံကိုက်ဖြစ်သွားတယ်"
မိစောမွန် လျှောက်လာပြီး
"ဘယ်လိုလဲ ဆရာကြီး၊ ဓားတွေ ကြိုက်ရဲ့လား"
"မဆိုးပါဘူး၊ သိသွားပါပြီ"
အခြား လိုက်လာသူများ ရှိဦးမည်ဖြစ်သော်လည်း သူတို့၏ တမလွန်နောင်တော်များကို မြင်သောအခါ ဆက်မလိုက်ဝံ့ကြဟန် တူသည်။ မဟာ ဥပရာဇာအိမ် ရောက်သည်အထိ အနှောင့်အယှက် မကြုံရတော့။ ဝင်းတံခါးစောင့်များကို ဗိုလ်တွန်က
"မင်းတို့ အိမ်ရှေ့မင်းကို မင်းလှမင်းခေါင် အတွေ့ရောက်ကြောင်း လျှောက်ကြချေ"
ဟု စေခိုင်းလိုက်သည်။ ချက်ချင်း ဝင်းထဲတွင် လက်နက်ကိုင်လူများ ပြည့်သွားလေသည်။ အတန်ကြာလျင် ဥပရာဇာ အိမ်တော်ထက်မှ ဆင်းလာပြီး
"ဝင်စေ၊ မောင်မင်းတို့ ဧည့်သည်ကို မရိုင်းပျကြပါနှင့်"
ဟု မွန်လို ပြောလိုက်၏ ။ လူအများ ဘေးသို့ ရှဲသွားကြပြီး သူတို့အလယ်မှ ဗိုလ်တွန် ဦးဆောင်၍ ဝင်လာခဲ့ရာ လက်ျာဘီလူးကို မြင်လျင် ဥပရာဇာက
"မင်းကိုး၊ ဘယ်သူ ပါလာသလဲ မှတ်တယ်။ တကယ့် သူရဲတွေ လာကြတာပဲ။ ကောင်းတယ်၊ ကျုပ်လည်း တွေ့ချင်နေတာနဲ့ အတော်ပေါ့"
လက်ျာဘီလူးက လက်အုပ်ချီ အရိုအသေ ပေးလိုက်ပြီး
"အရှင့်ရဲ့ ကျေးဇူးကို ကျွန်တော်မျိုး မမေ့ပါဘူး"
"မင်းကြီး မင်းလှမင်းခေါင်ကိုလည်း ကျုပ် ကြားဖူးနေတာ ကြာပါပြီ။ မြန်မာဘက်မှာ အနှိုင်းမရှိတဲ့ သူရဲကောင်းလို့ ကျော်တာနဲ့အညီ ရန်သူ့နယ်ထဲကိုတောင် အကြောက်အလန့်မရှိ ဝင်လာရဲတာ အံ့ဖွယ်သရဲ ထူးကဲလှတဲ့ အဖြစ်ပါပဲ။ ကျုပ်တော့ မင်းကြီးရဲ့ နှလုံးဝမ်းကြီးပုံကို လေးစားမိပါပြီ"
"ကျုပ်လည်းပဲ မဟာဥပရာဇာရဲ့ မြင့်မြတ်သိမ်မွေ့ကြောင်းနဲ့ သဘောထားကြီးမားတဲ့ ဂုဏ်သတင်းကို ကြားဖူးခဲ့လို့ ခုလို လာဝံ့ခဲ့တာပေါ့"
"ကောင်းလှပါတယ်လေ၊ ကြွကြပါ"
အိမ်တော်ထက်သို့ ဦးဆောင် ခေါ်သွားသဖြင့် အစောင့်အကြပ်များလှသည့်ကြားမှ လိုက်ပါသွားကြရသည်။ လက်ဖက်အုပ်၊ ကွမ်းအစ်၊ ဆေး တို့ဖြင့် ဧည့်ခံပြီးနောက်
"ခုလို ဗိုလ်မင်းကြီးကိုယ်တိုင် ရောက်လာရတဲ့ အကြောင်းရင်းက ဘာများပါလိမ့်ဗျာ"
"အို.. ကျုပ်အကြောင်းကိစ္စ မဟုတ်ပါဘူး၊ ဟောဒီက ငစံငယ်နဲ့ အိမ်ရှေ့မင်းတို့ အကြောင်းပါ။ ကျုပ်က လုပ်ကြံခံရမယ့်သူ သက်သက် ဒီဇာတ်ထဲ ပါလာတာ"
ဘွင်းဘွင်းရှင်းရှင်း ပြောချလိုက်သည်မို့ မဟာဥပရာဇာ အားတုံ့အားနာနှင့် ရယ်မိရသည်။
"အဲသလိုတော့လည်း မဟုတ်ပါဘူးဗျာ၊ စစ်ပွဲမှာ ရန်သူပေမယ့် အိမ်ထဲရောက်ရင်တော့ ညီအစ်ကိုတွေပါပဲ။ ကဲ.. ဗိုလ်မင်းကြီးက သူ့ကိစ္စမဟုတ်ဘူးလို့ ငြင်းနေပြီ။ ကျုပ်ရဲ့ သူရဲကောင်းကြီးကရော ဘာပြောလာလိမ့်မလဲလို့ မျှော်လင့်မိပါရဲ့"
"ကျွန်တော်မျိုးလည်း ထွေထွေထူးထူး အကြောင်းကြီးငယ်ရှိလို့ မဟုတ်၊ ဟောသည်က နှမငယ် မိစောမွန်ကို မင်းကြီးအိမ်မှာ သူလျှိုထည့်ထားတဲ့ အမှု စစ်ဆေးပေါ်ပေါက်တဲ့အတွက် ဆက်ထားဖို့ မဖြစ်လို့ ပြန်လာအပ်တာပါ။ သူ့အပြစ်မဟုတ်တဲ့အတွက် အသက်ကို လွှတ်ဖို့တော့ တောင်းဆိုပါရစေခင်ဗျာ"
"မောင်မင်း စကားပြော ချေငံသားပဲ။ စစ်တွင်း ငါ့လူကို ပြောတော့ သည်လိုမဟုတ်ဘူးဆို"
အနောက်မှ စောခံခက်အား ညွှန်ပြလျက် ပြောသဖြင့်
"ဒါကတော့ အရှင်ပြောသလို စစ်တွင်းရန်သူ မှတ်ယူသတိပြုနေရချိန်မို့ပါ"
"အိမ်း.. အိမ်း၊ မှန်ပါတယ်။ ဗညားအရိန္ဒမ ကျွန်ဖြစ်လို့ မိန်းကလေးအသက်ကို ငါ အာမ မခံနိုင်ပေမယ့် ငါ့ဆီ ခေတ္တခေါ်ထားပြီး သူလာတဲ့အခါ ပြောဆိုကြည့်ပေးပါ့မယ်။ မင့်ကို မေးလိုတာက အကယ်၍ စစ်အတွင်းမှာ အရှင်ရမိခဲ့ရင်၊ မင်းတို့ ရှင်ဘုရင်ကလည်း တို့ပဲခူးကို မရနိုင်လို့ ပြန်သွားခဲ့ရင် ကျုပ်ထံမှာ အမှုထမ်းနိုင်ပါ့မလား"
လက်ျာဘီလူးက ပြုံး၍ ခေါင်းယမ်းသည်။
"မင်းကြီး မင်းလှမင်းခေါင်အကြောင်းတော့ ကျုပ်တို့အားလုံး အသိ၊ အရှင်မိမယ့်သူ မဟုတ်လို့ မေးဖို့ မလိုပေဘူး။ ဒီလို ကိစ္စလေးအတွက်နဲ့ ရန်သူ့နယ်ထဲ ဝင်လာရဲတဲ့ သတ္တိတွေကို ချီးကျူးမိပါရဲ့.. ဟော"
အပြင်မှ ဆူညံသံများ ကြားရပြီး မကြာမီ လူကြီးတစ်ဦး တက်လာ၏ ။
"သူကတော့ အင်းဝကို သိမ်းခဲ့တဲ့ ဗိုလ်ချုပ် ဗညား အရိန္ဒမ ဖြစ်တယ်။ မင်းလှမင်းခေါင် ရောက်​တယ် ဆိုလို့ ဝင်လာတာ"
ဗညားအရိန္ဒမက မဟော်ဂနီသား ကုလားထိုင်ကြီးပေါ် ခန့်ခန့်ထည်ထည် ဝင်ထိုင်လိုက်ပြီး
"ကျုပ်ကတော့ ပွင့်ပွင့်လင်းလင်းပဲ။ ငတွန်ကို အရေးစိုက်လို့ လာတာမဟုတ်၊ ယိမ်းနွဲ့ပါးဓားအတွက် လာခြင်းပါ"
ဗိုလ်တွန်က ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်လိုက်သဖြင့် အားလုံး သူ့ကို ဝိုင်းကြည့်လိုက်ကြ၏ ။
"အဟား.. ဟား ဟား၊ အရိန္ဒမ သွေးကြီးကြောင်း ကြားပေမယ့် သည်လောက် အလျင်လိုမယ် မထင်မိ၊ ယခုမှ မိတ်ပျက်ဖွယ် လောဘရှိသူမှန်း သိရတယ်။ အင်းဝမှာတုန်းက တောင်ငူရာဇာ ဘွဲ့ခံ မင်းရဲကျော်ခေါင်တို့ ညံ့လွန်းလို့သာ တိုက်တိုင်းရှုံးပြီး ရွှေနန်းရှင် ဟံသာဝတီ ပါခဲ့ရတာ။ ကျုပ်က တောင်ငူရာဇာမဟုတ်၊ ကျုပ်သခင်လည်း မဟာဓမ္မရာဇာဓိပတိမဟုတ်။ ယိမ်းနွဲ့ပါးကို အဝလို အလွယ်ရမည် မမှတ်နှင့်"
"ငတွန်၊ နင် အတောင်ပေါက်သော်လည်း ငါတို့ပဲခူးက မလွတ်ပြီ။ အောက်မှာ နင့်ကို ဝိုင်းထားပြီးပြီ။ ဓားကို ထားခဲ့၊ လမ်းဖွင့်ပေးမယ်"
ဗိုလ်တွန် ပို၍ ကျယ်လောင်စွာ ရယ်၏ ။
"အရိန္ဒမ၊ နင့်လူ ဘယ်လောက်ပါလဲ"
"ဝင်းထဲမှာ တစ်ရာ၊ အပြင်မှာ တစ်ရာ့ငါးဆယ်"
လက်ျာဘီလူးက ခွီးခနဲ ရေနွေးသီးဟန် ထလုပ်လေသည်။ သူ့ကို အာရုံစိုက်ကြမှ လက်ကာ၍
"တောင်းပန်ပါတယ်။ ဘာမှမဟုတ်ဘူး၊ ဆက်ပြောကြပါ။ ဗိုလ်တွန်ကို လူ နှစ်ရာကျော်လောက်နဲ့ ဝိုင်းဖမ်းမယ်ဆိုလို့ မအောင့်နိုင်ဘဲ ရယ်မိပါတယ်.. ဖရူး ဖရူး"
ဗညားအရိန္ဒမ စိတ်ဆိုးရအခက် ရယ်ရအခက် ဖြစ်သွားသည်။
"ဘာလဲ၊ မင့်လူကို အထင်သိပ်ကြီးနေသလား ကောင်လေး"
"မဟုတ်ပါဘူးခင်ဗျာ၊ မင်းကြီး မင်းလှစည်သူတို့နဲ့တုန်းက တပ်ကျွံသွားလို့ ပါသမျှ အကုန်သေပြီး လူထောင်ကျော် ဝိုင်းခံရတာတောင် ဓားတစ်စင်းနဲ့ ထွက်လာတဲ့သူကို ခု ၂၅၀ ဆိုတာ ဖြစ်နိုင်ပါ့မလား လို့ပါ"
"ဟ.. ဒီမယ် သူငယ်၊ ငါ့လူက ၂၅၀။ ဥပရာဇာ ကိုယ်တော်ကြီး အိမ်တော်က ငါ့ထက်နည်းမယ် ထင်လို့လား။ ငတွန် မင်းရဲကျော်ခေါင် မဟုတ်သလို ငါလည်း တလပန်းမဟုတ်။ လူစွမ်းလူစ သည်မှာ ပြကြရစတမ်းပ"
"ကောင်းလှပါတယ်ဗျာ။ ကြည့်ပါရစေ"
"ဟေ့ ဟေ့၊ နေကြပါဦး။ သူတို့က ကျုပ်အိမ်တော်ကို ဧည့်လာတာ ကျုပ်က ဆီးဖမ်းလို့ တော်ပါ့မလား။ ဓားလုထားလို့ သင့်ပါ့မလားဗျာတို့။ သည်အရေးမှာ ကျုပ်မပါဘူး။ အရိန္ဒမနဲ့ မင်းလှမင်းခေါင် ယှဥ်ကြ ရှင်းကြ။ မင်း ဝင်ပါရင်တော့ ကျုပ်လူတွေနဲ့ ထိန်းရလိမ့်မယ် မင်းထင်နော်ရထာ"
အမည်ကို ကြားရသောအခါမှ ဗညားအရိန္ဒမက အံ့သြသွားပြီး
"သူက မင်းထင်နော်ရထာ တဲ့လား"
"ဟုတ်တယ်၊ ကျုပ်ပြောဖူးတဲ့ လက်ျာဘီလူး ဆိုတာ"
"ဟာ.. သူငယ်ကလေးပဲ။ ဘယ်လိုလုပ် ရွှေဘိုမင်း သူရဲကျော် ဖြစ်နေတာလဲ"
"သူရဲကျော် မဟုတ်တော့ဘူး ကိုရင်၊ အရှေ့ဝင်းမှူး.. ဗိုလ်ချုပ်.. စစ်ကဲ.. စစ်ဘုရင်ဖြစ်နေပြီ သူက"
"အေ"
ဗညားအရိန္ဒမ မျက်လုံးပြူးကြီးနှင့် ကြည့်နေပြီးမှ
"အို.. ဘယ်သူဖြစ်ဖြစ်ပါလေ။ ဒီမှာ ဟေ့ သူငယ်၊ မင့်လူကို ကူချင်ကူ၊ မကူချင်လို့ ကိုယ်လွတ်ရုန်းပြေးလည်း ငါတို့ အပြစ်မယူဘူး။ အစွမ်းရှိရင် ပြေးပေါ့မောင်။ ကျုပ်ကတော့ လွှတ်ပေးမှာမဟုတ်ဘူး"
"ကောင်းပါပြီဗျာ၊၊ ကဲ.. ဦးတွန်၊ သူကတော့ စိတ်အားထက်သန်နေပြီ။ ဦးတွန်ဆင်းနှင့် ကျွန်တော် နောက်က လိုက်လာမယ်"
တစ်ဆက်တည်းမှာပင် မိစောမွန်ကို လက်ဆွဲကာ ထောင့်တစ်ခုသို့ ခေါ်လျက် လေသံဖြင့်
"အခြေအနေကတော့ အစော သည်မှာ ဆက်နေလည်း အကွပ်ခံရဖို့ မြင်တယ်။ အစော စဥ်းစားပါ၊ မောင်ကြီးတို့နဲ့ အသေခံ ထွက်မလား.. ဒီလူကြီး စီရင်မှာကို စောင့်နေရစ်မလား"
မိစောမွန် နှုတ်ခမ်းကိုက်နေသည်။ သို့ရာတွင် ဆုံးဖြတ်ချက်ကို ချက်ချင်းချလိုက်ပြီး
"အစော သူ့ကို မနိုင်ဘူးနော်"
"ပူစရာ မလိုပါဘူး။ အစော ဓားနှစ်လက်ကိုတော့ မောင်ကြီးတို့နဲ့ လဲသုံးရလိမ့်မယ်။ မောင်ကြီး ပြောရင် ယိမ်းနွဲ့ပါးဓားကို ယူပြီး လွတ်အောင် ထွက်ပေတော့။ ဓားရတာနဲ့ ဘာမှ လုပ်စရာမလိုဘူး ကာပေးမယ်"
"ဘယ်လို လုပ်မှာလဲ"
"နောက်ကလိုက်ခဲ့၊ အခြေအနေကြည့်၊ မောင်ကြီး လုပ်သလို လုပ်။ သိပ်မကွာစေနဲ့"
"ဟုတ်"
သူတို့ တီးတိုး ပြောနေသည်ကိုဗညားအရိန္ဒမက အလိုမကျဟန်နှင့် ကြည့်နေသည်။ ဗိုလ်တွန် အောက်ဆင်းသွားပြီ ဖြစ်သောကြောင့် ဆက်မကြည့်နိုင်ဘဲ လိုက်သွားရသော်လည်း ဥပရာဇာကို အဓိပ္ပါယ်ပါပါ တစ်ချက် ကြည့်ခဲ့၏ ။ မဟာဥပရာဇာက ခေါင်းညိတ်ပြလိုက်သည်။
လှေကားရင်း ရောက်သည်နှင့် ဗိုလ်တွန်က ခါးတောင်းကျိုက်လိုက်ပြီး ဝင်းထဲမှ လက်မရွံ့သူရဲများကို ဝေ့ကြည့်၏ ။ ဓားလှံလေးမြားအပြင် သေနတ်သားများစွာလည်း မြင်၍ နောက်မှ လိုက်ဆင်းလာကြသည့် သူများကို ကျော်ကာ လှေကားထိပ်ဝယ် ပေါ်လာသော လက်ျာဘီလူးအား
"ငါ့လှံနဲ့ မင့်တင်ကျည်း တစ်ခုခုသာ ပါရင် ဘယ်လောက် လှလိုက်မလဲဟေ့"
ဟု အော်ပြောသည်။ လက်ျာဘီလူးက
"အခုလည်း အမြင်ဆန်းလို့ သဘောတော် ကျစေရပါမယ်။ ဦးတွန် ဘာနဲ့ဖြစ်ဖြစ် ခုတ်တတ်တယ်မဟုတ်လား"
ဟု ပြန်မေးရာ ဗိုလ်တွန် ဓားထုတ်ပြီးမှ လှည့်ကြည့်သည်။ လက်ျာဘီလူးက ဓားကို မသိမသာ လှုပ်ပြလျင် နားမလည်ဟန်ဖြင့် ပြန်လှည့်သွား၏ ။
"ကိုင်း.. သဘောက်မသားတွေ လာကြပေရော့"

 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 (ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (ဇာတ်သိမ်း)


Written by သင်္ခရာဇာ
End date: September 22, 2021

နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၈)

လက်ျာဘီလူး ပြန်မဖြေမီ ဗိုလ်တွန်က
"အို.. အေးအေးသာနေ၊ ငါတို့ ကြည့်ရှင်းမယ်"
"ဒါပေမယ့်.."
"ဘာဖြစ်တုန်း"
"ဗိုလ်မင်းကြီးတို့ အဝင်လွယ်ပြီး အထွက်ခက်မယ်နော်.. ကျွန်တော်မျိုးမ စိုးရိမ်လို့ ပြောတာပါ"
"ဟိတ်.. ကလေးမ၊ တခြားလူတွေ ကြားကုန်ပါ့မယ်။ အခေါ်အဝေါ်တွေ ဂရုစိုက်မှပေါ့ကွဲ့"
"ဟို.. ဟို၊ နှုတ်မရဲသေးလို့ပါ"
တိုးတိုး တိတ်တိတ် ပြောနေကြသည်ကို လက်ျာဘီလူးက သူနှင့် မဆိုင်သကဲ့သို့ ကျောမှီမိသည်နှင့် မျက်လုံးမှိတ်သွားကာ အိပ်နေတော့သည်။ မိစောမွန်က သူ့ပုံစံကို အံ့သြချင်သော်လည်း အကြောင်းသိနေပြီမို့ အထူးတလည် အံ့သြမနေတော့။
"သင်းကိုကျ မောင်ကြီးလို့ နှုတ်ရဲတယ်ပ"
မိစောမွန်မျက်နှာ ပန်းရောင်သန်းသွား၏ ။ ထိုအခိုက် လက်ျာဘီလူး လက်တစ်ဖက်က ဗိုလ်တွန် လက်ဖျံကို လာကိုင်သည်။ လှည့်ကြည့်တော့ မျက်လုံးမဖွင့်၊ မလှုပ်မယှက်၊ သို့သော် ကိုင်ထားဆဲ ဖြစ်သဖြင့် ငြိမ်သက်နေလိုက်ရာ စကားသံတစ်စကို သဲ့သဲ့ ကြားရ၏ ။
"သည်လုပ်ရပ်လမ်းတွေကို စိတ်ကုန်နေတာတော့ဖြင့် ကြာလှပါကော၊ ရှိသမျှစည်းစိမ်လည်းပြုတ်၊ ရွှေဖြစ်လည်း တန်းမဝင် ရောင်းမထွက်၊ သိဒ္ဓိပေါက်လည်း တစ်ခဏ၊ တစ်ကြိမ်နှစ်ကြိမ်မျှပဲ ဆိုတော့ ကျုပ် ဆက်မလုပ်တော့ဘူးလို့ လုံတွေအကုန် ရိုက်ခွဲခဲ့တာပ ကိုထွန်းရွှေရယ်"
"သြော်.. ကိုဘရှင်နှယ်၊ ခင်ဗျာ့ဟာ ကျုပ်လောက် မဆိုးသေးပါဘူး။ ကျုပ်မလည်း တစ်ဘဝလုံး သည်အရွယ်ကြီးထိ ပြဒါးရှင်ဆိုလည်း တစိုက်မတ်မတ် လိုက်လိုက်ရ၊ သံသေ တစ်ပြည်ဝ ဆိုလို့ သံရှင်တွေ ရှာခဲ့ လိုက်စားခဲ့တာလည်း နည်းမှ မနည်းဘဲကိုဗျ။ နောက်ဆုံး ဖိုပဲ ကျန်ပြီး မိသားစုတောင် ပစ်သွားခံခဲ့ရသမှုတ်လား"
ဦးတွန်က 'အဖိုးကြီးတွေလား' ဟု မေး၍ လက်ျာဘီလူးက မျက်ခွံမလှပ် လှည့်မကြည့်ဘဲ ခေါင်းညိတ်ပြ၏ ။ မိစောမွန်ကတော့ နားမလည်၊ သူတို့ကိုသာ လိုက်ကြည့်နေသည်။
"ဘာဖြစ်လို့လဲ၊ ထွက်ရပ်ပေါက်လမ်း ဝိဇ္ဇာလမ်း လိုက်ပြီး ဖိုထိုးတဲ့သူတွေ မဟုတ်လား"
""အဂ္ဂိရတ်သမားကြီးတွေဗျ၊ နားထောင်ကြည့်"
အဘိုးအိုနှစ်ဦးကတော့ သူတို့စကား သူတို့ဆက်ကာ လေပေးဖြောင့်လျက်။
"နို့.. ကိုထွန်း ထိုးတာက ပြဒါးရှင်လုံးလား"
"မဟုတ်ဘူးဗျ၊ သံရှင်ရယ်။ ပြဒါးသေ တစ်ဆွေဝ၊ သံသေ တစ်ပြည်ဝ ရအောင်လို့ သံရှင်တွေကို လိုသလို သတ်တတ်အောင် နှစ်ပေါင်း ၃၀ ကျော် ရှာပြီး လုံပေါင်း သောင်းသိန်း ထိုးခဲ့တာ။ သံမှာတော့ ကျမ်းပေါက်သလောက် နီးနီး တတ်နေပြီ ဆရာရဲ့"
"တယ်ဟုတ်ပါလား။ သို့ပေနဲ့ သံသေ တစ်ပြည်ဝ ဆိုတာက သံကို လိုသလို ပုံသွင်းတတ်ရင် အမြောက် ခဲယမ်း အသုံးအဆောင် ယာဉ်ရထားက စလို့ အပ်အဆုံး စက်ရုံကြီးတွေ လုပ်ငန်းစင်ကြီးတွေ ထောင်ပြီး လုပ်ကိုင်နိုင်တာမို့ တစ်ပြည်လုံး ကြွယ်ဝချမ်းသာနိုင်တယ်လို့ ဆိုလိုရင်းပါဗျ"
"ဒါလည်း ဟုတ်တာပေါ့၊ တချို့ကလည်း ကျမ်းဂန် ပိဋကနဲ့ ဆိုင်တဲ့ စကားလို့ အယူရှိတာပ။ ပုဂံခေတ်က သံသေလို့ ဘုရားတွေ ထောင်သောင်းချီ တည်နိုင်သွားတယ် ဆိုတဲ့ ဆိုရိုးလည်း ရှိတာပဲ ကိုဘရှင်။ ကျုပ်တစ်သက် ပညာဆုံးခန်းမတိုင်သေးလို့သာ ဓာတ်လုံးမအောင်သေးတာပါ။ နည်းနည်းလောက် သဘောပေါက်ပြီး ဉာဏ်ပွင့်ရင်ကို ထွက်ရပ်လမ်းဘက် ကူးတော့မှာ"
ရုတ်တရက် လက်ျာဘီလူးက ထသွားသဖြင့် ကျန်နှစ်ယောက် ကြောင်နေခဲ့ကြသည်။
"အဘိုးတို့ ဆရာသမားတွေနဲ့ ကြုံတုန်း ကျွန်တော် ဓားတစ်လက် ပြပါရစေခင်ဗျ"
အဘိုးကြီး နှစ်ယောက်ကလည်း သူ့ကို မင်သက်ကြဟန်နှင့်
"ဟဲ့ မောင်ရဲ့၊ တို့က ပန်းပဲဆရာတွေမှ မဟုတ်ဘဲ။ ဓားအကြောင်း ဘာနားလည်မလဲကွဲ့"
"ဓားကို ပြချင်တာ မဟုတ်ပါဘူး။ သတ္တုကို မေးမြန်းကြည့်ချင်လို့ပါ"
"သတ္တုနဲ့ ဆိုင်တာဆိုရင်တော့ ဟော့ဒီ ကိုထွန်းရွှေက ဆရာတစ်ဆူပဲဗျ။ သူမသိတာ ခပ်ရှားရှားရယ်"
"ပြစမ်းပါဦး မင့်ဓား"
လက်ျာဘီလူးက သူ့ဓားကို တရိုတသေ ဖြုတ်ပေးလိုက်၏ ။ ဦးထွန်းရွှေဆိုသူ အဂ္ဂိရတ်သမားကြီးက ပေါ့ပေါ့တန်တန် ယူလိုက်ပြီး ဆွဲထုတ်ကြည့်လိုက်သည်။
"ဟဲ့.. သံက.."
ဟူသော အာမေဋိတ်သံကြောင့် ဦးဘရှင်လည်း ကုန်းကြည့်ပြီး
"အလို.. သံသား ထူးခြားလှချေလား"
"ဘယ့်နှယ့်၊ သံမဟုတ်ဘူးဗျ။ ဒါ အဖိုးတန် သံရှင်တွေ တစ်ချောင်းလုံးအပြည့် ပါနေတာပ"
"ဟုတ်ပါ့မလား ကိုထွန်းရ၊ သံရှင်ဆို ဒီလောက်များများ မရှိနိုင်ပါဘူး"
"ဟုတ်တယ်.. မရှိနိုင်ဘူး။ သို့သော် ကျုပ်မြင်နေရတာ မမှားဘူး။ ဒါ သံရှင်ကို ဓာတ်ကုန်အောင်မသတ်ဘဲ လိုသလို ချန်ထားတဲ့ ပညာခန်း အစီအရင်တစ်ခုဗျို့။ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ သံရှင် မြင်ကို မမြင်ဖူးဘူး တကယ်"
"သံရှင်ကို ဓားလုပ်လို့ ဘယ်ဖြစ်မလဲ"
"သံရှင်သီးသန့်တော့ ဘယ်ဟုတ်မလဲ၊ နေဦး"
ဆိုကာ အဖိုးအိုက အိတ်ထဲမှ ကျောက်အဝိုင်း မည်းမည်းလေးတစ်ခု ထုတ်ကာ ဓားသွားပေါ် တင်ကြည့်၏ ။ လက်နှင့် ပွတ်သလို ထိုကျောက်ဝိုင်းလေးဖြင့်လည်း ပွတ်ကြည့် ခြစ်ကြည့်သည်။
"အလို.. သံလည်း မလိုက်၊ ထူးခြားမှုလည်း မပြ"
နောက်ထပ် ကျောက်ဝိုင်းတစ်ခု ထပ်ထုတ်ကာ အချင်းချင်း ပူးကြည့်ပြန်သည်။ ကပ်သည်။ နောက်ကျောက်ကို ဓားသွားနှင့် ပွတ်တိုက်၍ ပြန်ပူးရာ မကပ်တော့။
"ဆန်းတော့ အဆန်းပဲ။ သူ့ဘာသာ သံ ဂုဏ်သတ္တိကုန်နေတာ မဟုတ်ဘူး။ သူနဲ့ ပွတ်မိတဲ့ သံလိုက်တွေပါ သံဓာတ်ခမ်းကုန်တယ်။ ရေဇယံသံလည်း ထည့်လုပ်ထားတာတောင်"
ဦးထွန်းရှင် ဓားကို အလွန် စိတ်ဝင်စားနေလေပြီ။ ဗိုလ်တွန်တို့ ရောက်လာသည်ကိုပင် သတိမထားမိ။ အသွားကို ခေါက်ကြည့်လျက် သူ့လွယ်အိတ်ကြီးထဲမှ တံစဉ်းငယ် ထုတ်တိုက်ကြည့်ပြန်သည်။ လက်ျာဘီလူးကလည်း သိချင်နေ၍ ဓားပျက်စီးနိုင်ချေ မရှိမချင်း ခွင့်ပြုထားသည်။
"သံရှင်ကို ဓာတ်မကုန်စေဘဲ အမာတင် အကြောသတ်လိုက်တာပဲ။ ဒီလိုလုပ်တဲ့ဓား ကိုင်ထားရတာ အန္တရာယ်များတယ်၊ လူကိုပါ ကူးပြီး စိမ့်ဝင်ခံရမယ် ဆိုပေမယ့် ကောင်းတဲ့အကျိုးဘက် ရောက်အောင် ပြုပြင်ယူထားလိမ့်မယ်။ တကယ့်ကို အံ့မခန်း ပညာရပ်ပါပဲ။ ကျုပ်အထင် ပြောရရင် ဘယ်သူမှ ဒီလောက် မတတ်နိုင်ဘူး။ ဒါ ပညာရပ် တစ်ဘက်ကမ်းခတ်နေတဲ့ လူနှစ်ယောက် ပေါင်းလုပ်ထားတာပဲ"
"ကျုပ်ကတော့ သည်လို ယူဆတယ် ကိုထွန်းရဲ့။ ကိုထွန်းရွှေ အဆိုအရ ကြည့်ရတာ တစ်ဦးသည် သံရှင်ကို ကျုပ်တို့ ခင်ဗျားတို့ထက် နိုင်နင်းတဲ့ ပုဂ္ဂိုလ် ဧကန်ဖြစ်ရမဗျာ။ ဖြစ်လို့ရှိရင်လည်း ခုလောက်ဆို ထွက်ရပ်လမ်းကို မြန်းသွားပြီဗျာ။ ပြီးတော့ သည်အတတ်ဟာ ကျုပ်တို့ဆီမှာ မရှိတော့ဘူး၊ တိမ်မြုပ်ပျောက်ကွယ်သွားတာ ကြာပြီ။ ဆိုတော့.. သည်ဓားဟာ အတော်ရှေးကျတဲ့ ဓားစွမ်းတစ်လက် ဖြစ်ရမယ်"
"သင့်လျော်ပါတယ် ကိုဘရှင်။ ကျုပ် မြင်တာကတော့ နောက်တစ်ယောက်က ပန်းပဲလုပ်ငန်းကိုပါ အတော်ကြီး ထဲထဲဝင်ဝင် တတ်ကျွမ်းတဲ့သူမျိုး။ ရွှေ ငွေ ကြေး သံမဏိ သတ္တုတွေကို သံရှင်နဲ့ လိုသလို စပ်ပြီး ထိရောက်အောင် လုပ်နိုင်တာ တော်တော်တန်တန့် လူလား။ ဓားပုံစံကိုလည်း ကြည့်စမ်းပါဦး၊ အလေးချိန် တွက်လျှော့ထားတာ မပေါ်လွင်လားဗျာ.. ကိုင်း"
"ပေါ်လွင်ပါပေ့ဗျာ၊ မောင်ရင် သည်ဓားကို ဘယ်က ရသလဲ။ ကျုပ် ပြန်ရောင်းမလား"
လက်ျာဘီလူး ပြုံးလျက် ခေါင်းခါ၏ ။
"ရောင်းလို့ မရပါဘူးဗျာ၊ အမွေရတာ ဆိုပါတော့"
"ဓားထက် သံရှင်တွေနဲ့ လုပ်ထားတဲ့ ပညာခဏ်းတွေက တန်ဖိုးဖြတ်လို့ မရဘူး မောင်၊ ဘယ်သူ ဘယ်လောက်ပေး ဝယ်ဝယ် မရောင်းလေနဲ့။ သူတို့ပေးနိုင်တာ ဓားထိပ်ချွန်ဖိုးတောင် မရဘူးမှတ်။ ဟော ဟော.."
တံစဉ်းနှင့် ခြစ်ထားခဲ့သော အရာကလေး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မြင်လျင် အဘိုးကြီးနှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြသည်။ ဓားတွင် အမှန်ပင် အစင်း အရာ မရှိတော့ဘဲ ပကတိ ချောမွေ့သွားလေပြီ။
"မှန်း"
အဖိုးအိုက ဓားသွားကို အပြားလိုက် ဖိကွေးနေသဖြင့် လက်ျာဘီလူးက ယူကာ ကွေးညွှတ်ပြလိုက်သည်။
"တောက်.. တော်လိုက်တဲ့ လူတွေများ"
"ဟုတ်ပ.. မင့်ဓားက ဘယ်သူ့ကိုမဆို ပြတ်တယ်လို့သာ မှတ်ပေရော့။ စီရင်သွားတဲ့ ဝိဇ္ဇာကြီးကိုတောင် ပြန်ခုတ်လို့ ရတယ်"
"ဟုတ်ရဲ့လား၊ ဘယ်လို ဝိဇ္ဇာက စီရင်တာလဲဗျာ"
"သံရှင်ကို မာစေ ပျော့စေ၊ သေစေ ရှင်စေ၊ ပေါင်းစေ ခွာစေ လိုသလို ခိုင်းစေနိုင်တဲ့ စေတစ်လုံးပိုင်ရှင်အစစ် ဝိဇ္ဇာဇော်ဂျီမျိုးပေါ့။ သူ့ကို ကူတဲ့သူက.. အဲ၊ သည်ဓားမှာတော့ အဓိက ပြုလုပ်သူ ဆိုရမှာပ။ အဲသည်သူကလည်း တကယ့်ပညာသည် နှစ် ၆၀ အောက် မလျော့တဲ့ အတွေ့အလေ့နဲ့ နှစ်ဦးပေါင်း အစွမ်းပြသွားခဲ့တာ၊ သိသူဖော်စား မသိသူ ကျော်သွား ဆိုတာ သည်ဓားမှ သည်ဓား အစစ်"
"သည်လိုဓားမျိုး လက်ဝယ်ပိုင်တာ လူသာမန်တော့ မဟုတ်နိုင်ဘူး။ မောင်ရင်က ဘုန်းကြီးတဲ့သူ ဖြစ်ရမယ်"
လက်ျာဘီလူး၏ ဓားနက်ကို ချီးမွမ်းနေကြရာ ဗိုလ်တွန်က အားကျမခံ အဝတ်စများကို ဖြည်ပြီး
"ဒီမှာလည်း ဓားတစ်လက် ရှိပါသေးတယ် ဦးမင်းများ၊ သူ့ဓားလို လုပ်ရပ်ပစ္စည်း မဟုတ်ပေမယ့် ထူးခြားတဲ့ အမာစားမို့ လေ့လာကြည့်ကြပါဦး"
"ဟေ"
ဦးဘရှင်က လက်လှမ်းလိုက်သည်။ အိမ်ကို သေသေချာချာ ကြည့်နေသေး၏ ။
"ဟယ်..၊ ဒါလည်း ဓားကောင်းပဲ။ အလွန် ခန့်ညား လှပရုံ မကဘူး။ အစီအရင် သိပ်ကောင်းတယ်လို့ ဆိုနိုင်ရဲ့"
"ကဲ.. ကိုဘရှင်ရဲ့ ပညာကို ကြည့်ကြပါစို့ မောင်မင်းများ"
"မိုးကြိုးပစ်ရစီရဲ့ သည်လိုဓားဖြင့် သည်တစ်ခါ မြင်ဖူးတယ်။ သည်သံအသားမျိုး ရအောင် အကြိမ် ဘယ်နှထောင်များ ထိုးခဲ့ကြရမှာပါလိမ့်၊ အေးစိမ့်နေလိုက်တာ"
"ပြီးတော့လည်း ကိုဘရှင်၊ ဒါ သာမန်ပစ္စည်းမဟုတ်ဘူး။ နန်းတွင်းသုံး အပြင်အဆင် လက်ရာမျိုးပ။ သူတို့ ဒါတွေ ဘယ်က ရခဲ့ကြတယ် မသိဘူး"
အဘိုးကြီးများ သူတို့ဘက် လှည့်လာပြီး
"မောင်တို့က ဘယ်သူတွေများလဲ"
လက်ျာဘီလူးက
"အဲဒီ ဓားတွေနဲ့ ထိုက်တန်တဲ့ ပိုင်ရှင်တွေပါ"
"မင်းညီမင်းသားတွေလားကွယ်"
"မဟုတ်ပါဘူးဗျာ"
"အပြင်လူ လက်ထဲ သည်လောက်ကောင်းတဲ့ ဓားတွေ ရောက်နေတာ ကျုပ်ဖြင့် တွေးတောင် မကြည့်ဝံ့တော့ဘူး။ ကျုပ်တို့ကိုယ် ကျုပ်တို့ တော်လှ တတ်လှ မှတ်တာ၊ တကယ်တမ်း သူများတွေ လုပ်သွားတာ မြင်ရတော့ ကျုပ်တို့က ကလေးသူငယ် အဆင့်ပါလားဟရို့"
"ဦးကြီးတို့ ညံ့တာ မဟုတ်ပါဘူး။ သည်ဓားတွေကိုက အစီအရင်ကောင်းတာ ဖြစ်ပါလိမ့်မယ်"
"အေးဗျာ.. ကျုပ်လည်း တွေး မတွေးမိဘူး။ ပြဒါးဖမ်းမယ် ရွှေဖြစ်ရမယ် သံသေရမယ် ဓာတ်လုံးလုပ်မယ်ပဲ တစ်သက်လုံး တွေးလာတာ။ ကိုယ့်ပညာကို ဓားထဲ ထည့်ပြီး ဘယ်သူမှ မသိအောင် ထားခဲ့တာမျိုး တွေးဝံ့သူ လုပ်ရဲသူတွေ ရှိမယ်လို့ ထင်တောင် မထင်ဘူး"
"ကိုင်း၊ ဒါဖြင့် ကျုပ်ဓားကိုရော ဘယ်လို လုပ်ထားသလဲ ဆိုတာ ခန့်မှန်းပေးကြပါဦး ဦးမင်းတို့ရဲ့"
ဗိုလ်တွန်က တောင်းဆိုလာသဖြင့် ဦးဘရှင်က ချောမွေ့အေးစက်နေသည့် ဓားသွားကို ဖွဖွ ရွရွ ပွတ်သပ်ကြည့်ရင်း....
"ကျုပ်က သိပ်နားမလည်လှပေမယ့် သူထိုးခဲ့ပုံ မှန်းကြည့်ရတာတော့ ဓားတစ်လက်ရဲ့ အဓိက လိုအပ်ချက်တွေကို အဆုံးစွန်ဖြည့်ဆည်းထားတဲ့ သဘောပဲ။ ဥပမာ ဓားက မာရမယ်မို့လား၊ မာလွန်းလို့ ဆတ်မသွားရဘူးမို့လား။ ဓားချင်း ထိခတ်တဲ့ အချိန်မှာ သူက ပိုမာကျောရမယ်။ အရိုးအသား ခုတ်ဖို့အတွက် အမြဲ ပြတ်ရှနေရမယ်။ မပဲ့မလိပ် မကျိုးမတွန့် ခံနိုင်စွမ်း ပိုရမယ်။ ဒီလို အရေးပါတဲ့ အရာတွေမှာ အပြစ်စင်အောင် လုပ်ထားပုံမျိုး သတ္တုကျနေတာ"
"ကောင်းပါလေ့ဗျာ၊ မောင်တို့ ဓားအချင်းချင်းရော ခုတ်ကြည့်ဖူးလား"
လက်ျာဘီလူး ဖြေပေးလိုက်၏ ။
"ခုတ်ဖူးပါတယ်၊ ကျွန်တော့်ဓား အသွားပဲ့သွားတယ်"
"ဟေ.. ပဲ့တော့ အသားပြန်တင်လိုက်မိသေးလား"
"မတင်ရဘူး၊ သူ့ဘာသာ ပျောက်သွားတယ်"
"အိမ်း.. ဟုတ်သားပဲ။ ကျုပ် သတိမေ့တာ။ သံရှင်သတ္တိနဲ့ ပြည့်ရမပေါ့။ ဒီတော့ သံမှာဆို လူလေး သံရှင်ဓားထက် သူ့ သံမာဓားက သာသလို ဖြစ်နေတာပေါ့"
"ဟုတ်ပါတယ်၊ အဲဒါ ယိမ်းနွဲ့ပါးဓားပဲလေ"
"ဟေ"
သံပြိုင် အံ့သြလိုက်ကြပြီး
"အင်းဝနန်းစဉ်ဓားက ဘယ်လိုလုပ် အပြင်ရောက်နေတာလဲ မောင်တို့"
"အင်းဝတောင် ပျက်မှတော့ ရောက်ပြီလားခင်ဗျ"
"ဒါဆို သာမန်ဓားမှ မဟုတ်ဘဲ၊ ပညာရှင် သမားကျော်ကြီးတွေ ကိုးဆယ် တစ်ရာ စုပေါင်းစီရင်ခဲ့ကြတဲ့ ရာဇဝင်ကျော် ဓားတော်ပဲ။ ဒါ့ကြောင့် ကောင်းလှပါကလား မှတ်တာ"
အဘိုးကြီးနှစ်ဦး လေသံက ကျယ်လာသဖြင့် အခြားသူများ နားစွင့်နေကြသည်ကို သူတို့ သတိမထားမိ။ မိစောမွန် လက်ကုတ်မှ လက်ျာဘီလူး သတိဝင်၍ ဓားကို ပြန်ယူလိုက်သည်။ သို့သော် လူအများ မျက်စိက ယိမ်းနွဲ့ပါးဓားပေါ်မှာ..။
အကင်းမပါးလှသည့် ဗိုလ်တွန်ကတော့ သူ့ဓားကို ဂုဏ်ယူစွာ ဆက်မေးနေသေးသည်။
"ကျုပ်ဓားနဲ့ သူ့ဓား ဘယ်သင်းက သာသလဲဗျ၊ ရှင်းပြပေးပါဦး.."
"အို.. မောင့်ဓားက သာရမှာပ။ ယိမ်းနွဲ့ပါးနဲ့ ယှဉ်ရင်တော့ သံရှင်ဓားဖြစ်ဖြစ် ကိုးသင်္ချိုင်းဓားဖြစ်ဖြစ် သာမန်အဆင့်ပဲ ဖြစ်သွားပြီ။ တူမလား မောင်တို့၊ သည်ဓားက လူ ၉၀ ကျော် အဝင်အထွက် နက္ခတ်နဲ့ စီရင်ရတာ။ နန်းတော်တစ်ဆောင် ဆောက်ရသလောက် အင်အားသုံးရတယ် ဆိုပါရော"
"အဟဲ.. ဟဲ.. ဟဲ"
သဘောကျနေသည့် ဗိုလ်တွန်ကို လက်ျာဘီလူး မျက်ရိပ်ပြသည်၊ မမြင်။ မိစောမွန် မျက်နှာကြည့်နေသည်၊ မသိ။ ကံကောင်းထောက်မ၍ ထိုမျှနှင့် သူ့ဓားကို ပြန်ယူလိုက်ပြီး မျက်လုံးဝေ့ကြည့်၏ ။ လူအများ အာရုံစိုက်နေကြောင်း သိသော် ပြုံးသွားလိုက်သေးသည်။
မိစောမွန်က လေသံဖြင့် ဆိုသည်။
"သည်လှေပေါ်က လူတွေထဲမှာ ပဲခူးသားတွေ ပါလိမ့်မယ် ထင်ပါတယ် အရှင်"
ဗိုလ်တွန် မျက်မှောင်ခဲသွား၏ ။
"ပါတော့ရော ဘာပြုသတုန်း"
"ကျွန်တော်တို့ သူမသိအောင် ဝင်သွားတာ ပိုမကောင်းဘူးလား ဦးတွန်"
"ဟယ်.. သေမှာတောင် မကြောက်တဲ့သူက ဝိုင်းဖမ်းမှာကို စိုးရိမ်နေသလား"
ဗိုလ်တွန်ကြီး လက်ျာဘီလူးဘက် လှည့်သွားသည်။

"တပင်ရွှေထီး နားထွင်းတော့ ဘယ်မှာ ထွင်းသတဲ့လဲ၊ ရန်သူ့မြို့လယ် အထွတ်အချာ မော်ဓောစေတီပေါ် တက်ထွင်းသမို့လား။ အေး.. သူရဲကောင်းမှန်ရင် သူ့နယ်ကိုယ့်နယ် မခွဲနဲ့။ (မိစောမွန်အား တစ်ချက် ကြည့်၍) မင်းတို့ ပဲခူးမြို့ကို ပုန်းလျှိုးကွယ်လျှိုး မဝင်ဘူး။ အရိန္ဒမ ဘေးထား၊ ဗညားဥပရာဇာအိမ်လည်း တက်မယ်။ ငတွန်ကွ" 

(ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၉)


Written by သင်္ခရာဇာ
End date: September 22, 2021

နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၇)

ငကံ မည်သို့ နားလည်သွားသည်မသိ၊ တိမ်ပျံအပြင် အခြားမြင်းတစ်ကောင်ကိုပါ ဆွဲလာ၏ ။ လက်ျာဘီလူးက လက်ညှိုးတစ်ချောင်း ထောင်ပြသော်လည်း မမြင်ဟန် ဆောင်လျက် လာမြဲ လာနေသဖြင့် လက်ျာဘီလူး သဘောပေါက်သွားသည်။
ငကံ ဆွဲလာသည့် မြင်းက ဗွေဆိုးသည့်မြင်း၊ ငယ်စဉ်က ပိုင်ရှင်ဆိုးနှင့် ကြုံခဲ့ရကာ ပို၍ ဉာဉ်ဆိုး စွဲခဲ့သည့်မြင်း။ ရိုက်လည်း မဖြုံ၊ ချုပ်လည်း မကြောက်၊ လှဲချချင် လှဲချ၊ ရိုင်းချင်လည်း ထရိုင်းတတ်၏ ။ ပုံမှန်အားဖြင့်ကား စီး၍ ရလေသည်။
"နှမ မြင်းစီးတတ်သလား"
"မစီးတတ်ဘူး မောင်ကြီး"
"ဖြည်းဖြည်း စီးကြည့်ပေါ့၊ ယဉ်ပါတယ်"
မြင်းနှစ်စီး ယှဉ်ထားပြီး လက်ျာဘီလူးက ဦးစွာ တက်သွားသဖြင့် မိစောမွန် အခြားမြင်းပေါ် တက်လိုက်ရသည်။
"လမ်းလျှောက်လိုက်ခဲ့ အစော"
ပြော၍ သူ့မြင်းကို ဒုန်းစိုင်းသွားသည့် လက်ျာဘီလူးကို မိစောမွန် ပြုံးကြည့်သည်။ စစီးကတည်းက တောင့်တောင့်ကြီး မနေဘဲ အလိုက်သင့် ပါသွားသောကြောင့် ငကံကလည်း မြင်းကိုလွှတ်ပေး၍ နေရစ်ခဲ့၏ ။
လက်ျာဘီလူးက တစ်ပတ် ပတ်လာပြီး
"ကဲ.. ပြောတော့မလား"
မိစောမွန် ပြုံးစေ့စေ့နှင့် ခေါင်းရမ်းပြလိုက်ရာ ထပ်ပတ်သွားပြန်သည်။ မိစောမွန် မြင်းလည်း မြန်လာသည်။ ထိုစဉ် ငကံက တိုင်တစ်တိုင်ကို ဝါးလုံးနှင့် ရိုက်လိုက်၏ ။ အထိတ်တလန့် အသံကြားလျင် ခုန်ပေါက် ပြေးတတ်သည့် မြင်းပေါ်၌ မိစောမွန် ပါသွားသည်။
မိစောမွန်က စီးတတ်သလိုလို မစီးတတ်သလိုလို ဟန်ဖြင့် စွတ်ပြေးနေသည့် မြင်းကို ထိန်းနေရ၏ ။ ဇက်ကြိုးဆွဲလျင် တုံ့ခနဲရပ်၍ လူကို မြှောက်ချလိုက်သေးသည်။ လက်ျာဘီလူး မြင်းနှင့်ပြေးသွားပြီး ကပ်ထားလျက် အသင့်စောင့်နေရသည်။
နောက်တစ်ကြိမ် မြင်းအခါတွင်တော့ မိစောမွန်က လက်ျာဘီလူးမြင်းပေါ်သို့ အလျားထိုး ခုန်လိုက်၏ ။ လက်ျာဘီလူးက ဆွဲတင်လိုက်ချိန် လန့်နေသော မြင်းလည်း ကဆုန်ပေါက် ပြေးသွားပြီ။ နှစ်ဦးသား တိမ်ပျံပေါ် အခြေကျသွားသောအခါ
"အစောက ဘယ်ဆိုးလို့လဲ"
"မောင်ကြီးတို့လည်း ပါးနပ်ကြပါတယ်"
"ဟုတ်လား"
"ဒီလောက် ဗွေတွေ မြင်နေရတဲ့ မြင်းကို စီးခိုင်းနေကတည်းက အစောကို စမ်းသပ်တော့မှာ သိတယ်"
"အမယ်.. နားလည်တယ်ပေါ့"
"နည်းနည်းပါးပါးပါ"
"မြင်းအကြောင်း နားလည်ပြီး မြင်းစီးတတ်တဲ့ မိန်းကလေးက ဘယ်လိုမိန်းကလေး ဖြစ်မလဲ၊ မြင်းဇောင်းမှာ မွေးတယ်လို့တော့ မပြောလောက်ပါဘူးနော်"
"မပြောပါဘူးရှင်၊ မြင်းထိန်းသမီးလို့ ပြောမလို့ပါ"
မိစောမွန် အသောဖောက်လိုက်သည်။
"ဒီကောင်မလေးတော့.."
"ဘာလဲ၊ ခြေက ကိုင်ပြီး မွှေ့ယမ်းပစ်တော့မှာလား"
လက်ျာဘီလူး မျက်လုံးပြူးပြကာ
"အစောက နှယ်နှယ်ရရတော့ မဟုတ်ဘူးပဲ"
"ဒါပေါ့.. ဒါပေါ့"
"သာမန် မိန်းကလေး မဖြစ်နိုင်ဘူး"
"ဟုတ်ပ.. ဟုတ်ပ"
"ထူးတာတော့လည်း မဟုတ်ဘူး"
"မှန်ပ..၊ ဟင်.. ထူးတာမဟုတ်ရင် ဘာလဲ"
"တစ်ခုခု နေမှာပေါ့"
"ကြည့်စမ်း.. သူများကို ရူးတယ်ပြောတာပေါ့"
"ဒါပေါ့.. ဒါပေါ့"
မိစောမွန်က လှည့်၍ သူ့ရင်ဘတ်ကို ရိုက်လိုက်သဖြင့် လက်ကို ဖမ်းပြီး
"ကိုင်း.. ငါ့နှမ၊ အမှန်အတိုင်း ပြောဖို့ အသင့်ဖြစ်လောက်ပြီ ထင်ပါရဲ့"
ပြောပြောဆိုဆို မြင်းပေါ်မှ ဆင်းလျက် လက်ဆန့်တန်းပေးလိုက်လျင် မိစောမွန်က သူ့လက်ကို မှီ၍ ဆင်းလာသည်။
"အစောက မကောင်းတဲ့ မိန်းကလေး တစ်ယောက်ပါ မောင်ကြီး။ ခုလို သိလိုက်ရလို့ ကျေနပ်သွားပြီလား ဟင်"
"မကျေနပ်ပါဘူး၊ ဟုတ်မှ မဟုတ်ဘဲ"
"မောင်ကြီး လူလည် ဘယ်လိုမှ ကျေနပ်မှာလဲ"
"ဒီမယ်အစော၊ မောင်ကြီး လူကဲခတ်တတ်ပါတယ်။ အတော်ကြီး မဟုတ်ပေမယ့် မှန်မှန်ကန်ကန်လောက်တော့ သိတယ်။ ပြီးတော့ မောင်ကြီး သိချင်တာက ကောင်းတာ မကောင်းတာတွေ မဟုတ်ဘူး။ အဲဒါတွေလည်း ဂရုမစိုက်ပါဘူး။ မောင်ကြီး သိချင်တာ ၂ ခု ရှိတယ်။ တစ်ခုက အစောနဲ့ မောင်ကြီး ခင်မင်မှုက ရိုးသားဖြူစင်ရဲ့လား ဆိုတာပဲ"
"အို"
မိစောမွန် မျက်နှာမကောင်း ဖြစ်သွားသည်။
"မောင်ကြီးကို ဘယ်သူဘယ်ဝါမှန်း မသိဘဲ ခင်မင်မိခဲ့တာပါ။ ဘာအကြံအစည်မှ မပါခဲ့ဘူးဆိုတာ သစ္စာဆိုဝံ့ပါတယ်။ အစောလည်း မေးပါရစေ.. မောင်ကြီးက ဘယ်သူလဲ"
"ငစံ.. ပါ"
"ပြီးတော့ရော"
"လက်ျာဘီလူး"
မိစောမွန် မျက်နှာ တစ်မျိုးဖြစ်သွားသည်။
"သြော်.. ပြီးတော့ရော"
"မင်းထင်နော်ရထာ"
"သြော်.. ကျန်သေးလား"
"အရှေ့ဝင်းမှူး၊ မွန်တွေ အများကြီးကို သတ်ခဲ့တဲ့သူ၊ အလွန် ဆိုးရွား ရက်စက်ပါတယ် ဆိုတဲ့ စစ်သည်တစ်ဦး၊ နောက်လည်း အများကြီး ကျန်ဦးမယ်.. မသိတော့ဘူး"
ကိုယ့်ကိုယ်ကိုယ် မသိတော့ဘူးဟု ဆိုသူ လက်ျာဘီလူးအား မိစောမွန် ပြုံးမိ၏ ။
"အစောက လက်ျာဘီလူးကို မုန်းတယ်။ မွန်တွေက မင်းထင်နော်ရထာကို မုန်းမယ်။ တိုက်ဖော်တိုက်ဖက်တွေက အရူး ငစံကို မုန်းကြသလို ကျွန်တော့်ကြောင့် သေခဲ့ရသူတွေရဲ့ ဆွေမျိုး အသိုင်းအဝိုင်းတွေကလည်း ကျွန်တော့်ကို မုန်းနေကြမှာ အမှန်ပဲ။ ကျွန်တော်က လူမုန်းများတဲ့ သူတစ်ယောက်ပါ လို့ ပြောလိုက်ရင် အရှင်းဆုံးပဲ"
"အဟစ် ဟစ် ဟစ်"
ထရယ်လိုက်သဖြင့် လက်ျာဘီလူး ကြောင်သွား၏ ။ သူက ခံစားချက်အမှန်ဖြင့် ပြောသည့်စကားကို ရယ်သည်ကိုး။
"ခုလို အမှန်အတိုင်း သိခွင့်ရတာ ကျေးဇူးတင်ပါရဲ့ရှင် သူရဲကောင်းကြီး"
သရော် ထေ့ငေါ့သံ စွက်နေသလားဟု ဆန်းစစ်နေခိုက် မိစောမွန်က
"အစောနာမည် မိစောမွန်ပါ။ ဗိုလ်မှူး ဗညား အရိန္ဒမရဲ့ အိမ်တော်က အမှုထမ်းတစ်ဦးပါ"
"ဟုတ်လား"
"တိုက်ခိုက်ရေးပညာများ လေ့လာထားတဲ့ အိမ်အကူပေါ့"
"ဆန်းလှပါလား"
"တောရွာက သူဆင်းရဲမကလေးကို ဗိုလ်မင်းကြီးက မြှောက်စားထားတာမို့ သူ့ကျေးဇူးတွေ အစောအပေါ် မနည်းလှပါဘူး။ ဒါ့ကြောင့် သူ့ဆန်စားလို့ ရဲရပါတယ် မောင်ကြီး"
"ဒါဆို နောက်တစ်ချက် မေးတော့မယ်၊ အစောရဲ့ တာဝန်က.."
"ဒါတော့ မပြောပါရစေနဲ့။ အမှန်အတိုင်း ပြောပြီးပြီမို့ မောင်ကြီး ကြိုက်သလို စီရင်ပါတော့။ ယနေ့အထိ အစော ဘယ်သူ့ကိုမှ ဘာမှ မလုပ်ရသေးတာတော့ အမှန်ပါ"
"အင်း.. အစောက သူလျှိုအဖြစ် မင်းကြီးဆီ ဝင်နေတာ ဆိုတော့ ပြန်လွှတ်ပေးဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဘာမှ မလုပ်ရသေးတဲ့သူ၊ ဘာအမှုမှ မရှိသေးသူကိုလည်း ဖမ်းဆီးထားလို့ မရတော့ ခက်တာပဲ။ အစောကို ပဲခူးပဲ ပြန်လိုက်ပို့ပေးရလိမ့်မယ်"
"ဟင်"
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နံနက်ဝေလီဝေလင်း မြူမကွဲသေးချိန်တွင်လူသုံးဦးတို့သည် မြစ်ဆိပ်သို့ ဆင်းလာခဲ့လျက် ပဲခူးသို့ သွားမည့် ကူးတို့လှေကြီးတစ်စင်းပေါ် တက်ခဲ့ကြသည်။ ခေတ်အခါ မကောင်း၍ ခရီးသည်ကြဲကြဲသာ ပါသဖြင့် ချောင်ချောင်ချိချိ ထိုင်ခွင့်ရကြ၏ ။ သူတို့သည် လှေဦးပိုင်း အဘိုးအိုနှစ်ယောက်၏ အနား၌ နေရာယူလိုက်ကြသည်။
ယောက်ျားတစ်ဦးအသွင် ဝတ်ဆင်ထားသည့် မိစောမွန်က ယိမ်းနွဲ့ပါးဓားကို အဝတ်များဖြင့် ပတ်ကိုင်ထားသော ဦးတွန်ကို မဝံ့မရဲ တစ်ချက်ကြည့်ပြီးနောက် ခေါင်းကိုငုံ့၍
"ဖြစ်ပါ့မလား မောင်ကြီးရယ်"ဟု ပူပန်စွာ ဆိုမိသည်။

(ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၈)


Written by သင်္ခရာဇာ
End date: September 22, 2021

နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၆)

နံနက်တွင် လက်ျာဘီလူးသည် အပြင်သို့ မထွက်တော့ဘဲ မင်းကြီး မင်းလှမင်းခေါင်၏ အိမ်တော်ဝန်ကိုသာ သူ့အိမ်သို့ ခေါ်လိုက်သည်။
"လာဗျာ.. ဦးမင်းကို မေးစရာလေး ရှိလို့ပါ"
"ဟုတ်ကဲ့ ဗိုလ်မှူး.. မေးပါ"
"မီးဖိုဆောင်အကူ အစော ဆိုတဲ့ မိန်းကလေးက ကျွန်တော်တို့ ဒဂုံကို မသိမ်းမီကတည်းက ရှိတာလား၊ နောက်မှ ရောက်လာတာလား သိချင်လို့ပါ"
"အစော.. ဟုတ်လား၊ မိစောမွန် များလား"
"ပိန်ပိန်ပါးပါး ကျွန်တော်နဲ့ ရွယ်တူဒေါက်တူဗျာ"
"ဟုတ်လိမ့်မယ်၊ ဗိုလ်မှူးနဲ့ အရွယ်ရော အရပ်ပါ ညီတာ သူပဲ ဖြစ်မှာပဲ။ သူက ရောက်တာ မကြာလှသေးပါဘူး။ သူ့အတွက် အလုပ်လည်း သိပ်မရှိလို့ မီးဖိုဆောင်မှာပဲ လတ်တလော ကူခိုင်းထားတာပါ"
လက်ျာဘီလူးက မိစောမွန် မည်သည့်နေ့ရက်က ရောက်သည်ကို မေးမြန်း ရေးမှတ်ထားလိုက်၏ ။
"သူ ဘာတွေ လုပ်ရသလဲ။ ငဖြူနဲ့ ဘယ်လို ပတ်သက်မှု ရှိသလဲ ဆိုတာရော သိသလား"
"စားဖိုဆောင်မှူး ဒေါ်မေကြင်ကို ကူရုံ၊ စျေးဝယ်လိုက်၊ ပန်းအိုးလဲ၊ ရေခပ် စတဲ့ အလုပ်လေးတွေလောက်ပါပဲ။ အဲ.. အပေါ် ထပ်ခိုးက ဘုရားစင်ကို သူ့ဘာသာ သန့်ရှင်းရေးလုပ်ပြီး အဲဒီမှာ နေ့တိုင်း လှည်းကျင်း ဝတ်ဖြည့်တယ်။ တစ်မနက်လုံးလိုလို နေတတ်တာပဲ။ ငဖြူနဲ့တော့ ထူးထူးခြားခြား မတွေ့ရပါဘူး။ တချို့က သူတို့နှစ်ယောက်ကို နောက်ပြောင်နေတာတော့ ရှိပါတယ် အရှင်"
တစ်မနက်လုံး နေတတ်သည် ဆိုသည့် စကားရပ်ကို သတိပြုမိသော လက်ျာဘီလူးက ယင်း ၃ထပ်ကို လှမ်းမျှော်ကြည့်သည်။ ပြတင်း၌ လူရိပ်လိုလို မြင်ရ၏ ။
"အခန်းလေးက ကျဉ်းကျဉ်းလေးပဲ၊ တစ်မနက်လုံး ဘာလုပ်နေသလဲ"
"သန့်ရှင်းလေးလုပ်ပြီး ဘုရားဝတ်ပြုတယ်ထင်ပါ့"
မဟုတ်နိုင်ဘူးဟု သူ့ဘာသာ တွေးမိသည်။ နေ့တိုင်း လှည်းကျင်းရလျင်လည်း ခေတ္တသာ ကြာမည်၊ တစ်မနက်လုံး ကုန်အောင်လည်း ဝတ်ဖြည့်နေမည့်သူမဟုတ်ဟု စိတ်ထဲမှ ထင်နေ၏ ။
"ကောင်းပြီ၊ သူ့ကို မသိမသာ သတိထား စောင့်ကြည့်နေဗျာ။ နောက် သိချင်တာရှိရင် ခေါ်မေးပါဦးမယ်။ အခု သူ့ကို ကျော်ထင် သက်တော်ရှည်အိမ်တော်က ငစံ တွေ့လိုကြောင်း ပြောပြီး လွှတ်လိုက်ပါ။ မင်းထင်နော်ရထာ၊ လက်ျာဘီလူး နာမည်တွေ မပြောစေချင်ဘူး"
"ဟုတ်ကဲ့။ သဘောပေါက်ပါပြီ ဗိုလ်မှူး"
အိမ်တော်ဝန် ထွက်သွားလျင် အပြင်မှ စောင့်စားနေသူတစ်ဦး ဝင်လာ၏ ။
"ငဖြူကို လိုက်လံစောင့်ကြည့်သူက ဘယ်သူနဲ့မှ အဆက်အသွယ်လုပ်တာ မတွေ့ရဘူးလို့ ဆိုပါတယ်။ မနေ့က စျေးထဲမှာ စျေးဝယ်တယ်။ သူ့အသိအကျွမ်းအိမ် သွားပြီး ချက်ပြုတ်စားသောက် နေတယ်။ သူ့ဆီ လာနေကျ မိန်းကလေးတွေ လာတာလည်း မတွေ့ရဘဲ အိမ်ထဲမှာပဲ နေနေပါတယ် တဲ့"
"အင်း.. သူ့ကို ဒီနေ့နဲ့ မနက်ဖြန်မနက်အထိ သေချာစောင့်ခိုင်းထား။ တစ်ယောက်ယောက် အဆက်အသွယ်လုပ်ရင် နောက်ကလိုက်ကြည့်ပြီး ချက်ချင်းလာပြောလို့။ လည်ဝယ်ပါးနပ်ပြီး စိုက်ပျိုးတတ်သူ တစ်ဦးကိုလည်း အခု ငါ့ဆီ မြန်မြန် လွှတ်လိုက်ကွာ"
ထိုသူ ထွက်သွားပြီး ခဏအကြာ တပ်သားတစ်ဦး ခပ်သုတ်သုတ် ဝင်လာသည်။
"မင်းက ဒီနေ့ တိဂုံဆံတော်ရှင်အနီးက သွေးဆေးဥယျာဉ်နဲ့ ကန်တော်မှာ အလုပ်သမားအဖြစ် ဝင်နေရမယ်။ အဲဒီက လူတိုင်းကိုလည်း မင်းဘယ်သူဆိုတာ မသိပါစေနဲ့။ မနက်ဖြန် မနက် ငဖြူကို အဲဒီပို့လိုက်မယ်။ သူနဲ့ မနီးမဝေးကနေ အလုပ်လုပ်ရင်း သူ့ကို စောင့်ကြည့်ဖို့ တာဝန်ယူပါ။ ထူးခြားမှုရှိရင် ချက်ချင်း အကြောင်းကြားပါ။ မင်း အဲဒီမှာ နှစ်ပတ်လောက် နေရလိမ့်မယ်"
ထိုသို့ မှာနေစဉ် မိစောမွန် ဝင်လာသည်ကို တွေ့သဖြင့်
"ကဲ.. နောက်ပေါက်က ထွက်ပြီး သွားတော့၊ ဒီနေ့ ကြိုသွားပြီး စောင့်နေရမှာနော်"
"စိတ်ချပါ တပ်မှူး"
သွေးဆေးကန်၌ စောင့်နေရမည့် တပ်သား လှစ်ခနဲ ပျောက်သွားသည်။ လက်ျာဘီလူးလည်း အခန်းထဲမှ ထွက်၍ အိမ်ရှေ့ ဆင်းလာခဲ့၏ ။
"ဟော.. မောင်ကြီး၊ အစောကို တွေ့လိုတယ်ဆို"
"အင်းလေ.. မနေ့တုန်းက မေးစရာရှိတယ်ဆို"
"ဟယ်.. အခု ဒီနေရာကြီးမှာလား"
"အခု အေးအေးဆေးဆေး ပြောလို့ရတယ်လေ။ လာ.. လမ်းလျှောက်ရအောင်"
အိမ်တော်၏ ဘေးဘက် ကျယ်ဝန်းလှသော မြက်ခင်းပြင်ကွက်လပ်ကြီးဆီ ဆင်းခဲ့ရာ မိစောမွန်သည် လူထွားကြီးအား မြင်ခဲ့ရရာ အိမ်အနောက် သစ်ပင်အုပ်သို့ အကြည့်ရောက်သွား၏ ။
"မောင်ကြီးတို့ အိမ်တော်မှာ အလွန် သန်မာထွားကျိုင်းတဲ့ ရဲမက်ကြီးတွေ ရှိသလား"
"မရှိပါဘူး၊ သာမန် သူလိုကိုယ်လိုတွေပါပဲ"
"ဟုတ်လား၊ တစ်ယောက်မှ မရှိဘူးပေါ့"
"ဟော ဟိုက တစ်ယောက်က အထွားကျိုင်းဆုံးပဲ"
ပေါက်ပြားကို မြှောက်ကာ မြှောက်ကာ မြောင်းဖောက်နေသူတစ်ဦးကို ပြရာ မိစောမွန်က
"အဲဒါထက် နှစ်ဆလောက် ကြီးတာ မရှိဘူးပေါ့"
"သူ့ထက် ကြီးရရင်လည်း လူဘယ်ဟုတ်တော့မလဲ အစောရဲ့"
"အင်းနော်"
"ဘယ်တုန်းက သူ့ထက်ကြီးတဲ့သူ မြင်ဖူးလို့လဲ၊ ဒီခြံဝန်းထဲမှာလား"
"သြော်.. ဟိုတစ်ခါ ဒီထဲကနေ လူအကြီးကြီးတစ်ယောက် ထွက်လာတာ မြင်မိသလားလို့ပါ။ မျက်နှာဖြူလူမျိုးတွေ ဖြစ်မှာ"
လက်ျာဘီလူး လှည့်မကြည့်သော်လည်း မိစောမွန် လိမ်လိုက်သည်ကို သိလိုက်၏ ။ သူ၏ အိမ်ခြံဝန်းအတွင်း မည်သည့် လူမျိုးခြားမှ မဝင်ဝံ့ကြောင်း သူအသိဆုံး။ သူ့လူများကလည်း ဝင်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
"အစောက မောင်ကြီးအကြောင်း သိလိုတယ်.. ဟုတ်စ"
"ဟုတ်"
သူတို့နှစ်ယောက် ယှဉ်လျှောက်လာရာ အိမ်တော်ဝန်းတစ်ခုလုံးမှ လူများ အထူးအဆန်းသဖွယ် လိုက်ကြည့်နေကြသည်။ အချို့ တပ်သားများကမူ ပြုံးစေ့စေ့။
"တစ်ယောက်ကို အမှန်အတိုင်း ပြောစေလိုရင် တစ်ယောက်က အရင် ရိုးသားဖြောင့်မတ်သင့်တယ် မဟုတ်လား"
"ရှင်"
"အစော ဒီကို ဘယ်လို ရောက်လာသလဲ"
"ကျွန်မ..."
ဆက်မပြောနိုင်၊ ဆက်လည်း မလိုက်တော့ဘဲ ရပ်နေသဖြင့် လက်ျာဘီလူးလည်း ရပ်စောင့်လိုက်ရသည်။
"မောင်ကြီးကတော့ ဘာမှ လျှို့ဝှက်ထားစရာ မရှိပါဘူး။ မကောင်းသတင်းတွေနဲ့ ကျော်စောနေသူ တစ်ယောက်မို့ ကိုယ့်အကြောင်းကိုယ် မပြောချင်တာပဲ ရှိတာ။ ငါ့နှမ သိလိုရင် ပွင့်ပွင့်လင်းလင်း ပြောပြမှာပါ"
မိစောမွန် သက်ပြင်း ချလိုက်သည်။
"မောင်ကြီး အစောအကြောင်း တကယ် သိလိုသလား"
လက်ျာဘီလူး ငေးကြည့်နေ၏ ။
"အမှန်အတိုင်း ပြောပြလိုက်ရင် မောင်ကြီး ရွံရှာမုန်းတီးသွားမှာ၊ အစောကို မခင်တော့မှာ စိုးရိမ်မိပါတယ်လေ"
"ဘယ်လောက်တောင် ဆိုးလို့လဲ"
"အစောက မကောင်းတဲ့ မိန်းကလေး၊ မသန့်စင်တဲ့သူ၊ ဆိုးရွားတဲ့ ဘဝက လာတဲ့သူ ဆိုရင်ရော"
"အင်း"
"မောင်ကြီး တကယ် နားထောင်ဝံ့ရဲ့လား"
လက်ျာဘီလူး ပြုံးပြီး ဆက်လျှောက်သွားရာ ခြံအစွန်းနားထိ ရောက်လာသည်။ မိစောမွန် အနောက်မှ ကပ်လိုက်သွား၏ ။
"နားထောင်မလို့ ခေါ်တာပဲလေ။ ဒါနဲ့ အစောက မွန် ဆိုတော့ မွန်တွေရဲ့ ရန်သူတွေထဲမှာ ဘယ်သူ့ကို အမုန်းဆုံးလဲ"
မိစောမွန် ပြုံးရပြီ။
"မောင်ကြီး ဘာကြောင့် သည်လိုမေးရလဲ"
"အစောရဲ့ အိမ်ရှင် မင်းကြီး မင်းလှမင်းခေါင်ကို မုန်းသလားလို့ပါ၊ မွန်တွေ အတော်များများ သူ့ကို မုန်းကြတယ်လေ"
"ဟင့်အင်း၊ သူက ကြောက်စရာ ကောင်းပေမယ့် တကယ့် လူစွမ်းကောင်း သူရဲကောင်းကြီးတစ်ဦးပါ။ အစော မုန်းတာက တစ်ယောက်ရှင့်"
"ဟုတ်လား"
"ဟုတ်တယ်၊ အစော သည်ကို မရောက်ခင်က ကြားဖူးတယ်။ မြန်မာတပ်တွေမှာ ဘီလူးသဘက်စီး တိုက်တတ်တဲ့ အရူးတပ်မှူးတစ်ဦး ရှိသတဲ့"
ထိုသို့ ပြောလိုက်သော မိစောမွန် အသံလေးက ကြည်လင် ရွှင်ပျနေ၏ ။ ရင်တွင်း သိုဝှက်ထားသည့် ခံစားချက်တို့ကို ဖွင့်ဟ ထုတ်ဖော်လိုက်ရသကဲ့သို့ပင်။ လက်ျာဘီလူးကလည်း ရယ်သည်။
"ဟက်ဟက်.. ဘယ်သူတဲ့တုန်း"
"လက်ျာ.. ဘယ်သူ ဆိုလဲပဲ"
မိစောမွန်က ရယ်ဟဟ ပြောရာ လက်ျာဘီလူးက
"လက်ျာဗိုလ် ဆိုတာလား"
"ဘာမှ မဟုတ်ဘူး၊ လက်ျာဗိုလ်က အစောတို့ မွန်ဗိုလ်မှူးပဲ။ ခန့်ချောကြီးရှင့်၊ မောင်ကြီးတို့ သူရဲလိုလည်း အရူးကြီးမဟုတ်ဘူး သိရဲ့လား"
"သူ့ဘာသာ ရူးနေတာကို ဘာလို့မုန်းတာလဲ"
လက်ျာဘီလူး မျက်နှာ တည်စပြုနေပြီ။
"အို.. သူ့အကြောင်းတွေချည်း ကြားနေရလို့ပေါ့။ လူကြီးတွေ စုံရင် ဟိုဘက်က လက်ျာဘီလူး.. အဲ၊ ဟုတ်တယ်။ လက်ျာဘီလူးတဲ့.. သူ့နာမည်က။ အဲဒီ လက်ျာဘီလူး ဆိုတဲ့ သူရဲက ဘယ်လို၊ ဘယ်ပုံနဲ့ ပြောကြလို့ အမြင်ကတ်နေတာ။ တကတည်း.. သူတစ်ယောက်ပဲ လူစွမ်းရှိတာ ကျလို့"
"သူကဖြင့် သိပ်မစွမ်းလှပါဘူး။ မြန်မာ တပ်တွေမှာ သူ့ထက်စွမ်းတဲ့ သူတွေချည်းပဲ"
မိစောမွန် ရယ်ချင်သွားသော်လည်း ချုပ်တီးလျက်
"ဟုတ်ပါ့ နော်.. မောင်ကြီးလောက် ဘယ်စွမ်းပါ့မလဲ"
လက်ျာဘီလူး ဘာပြောရမည်မသိ ဖြစ်သွားပုံရ၏ ။ မိစောမွန်က တစ်ဘက်လှည့် ရယ်လိုက်ပြီးမှ
"မောင်ကြီး မြင်းစီးပြပါလား၊ အစော အနီးကပ် ကြည့်ချင်လို့ပါ"
"ဟွန်း.. ဟွန်း၊ ဘာလို့ စီးပြရမှာလဲ"
"ဘာဖြစ်လို့လဲ၊ ကြည့်ချင်လို့ပါဆို"
လက်ျာဘီလူးက အသံမထွက်ဘဲ နှုတ်ခမ်းတလှုပ်လှုပ် လုပ်နေသည်။ မှန်းဆတတ်သော မိစောမွန်က သူ့နှုတ်မထွက်စကားလုံးများကို သိဖြစ်အောင် သိသွားသည်။ 'အမြင်ကတ်နေတဲ့သူကို မြင်းစီးပြရဦးမတဲ့လား' ဟု ရေရွတ်လိုက်ခြင်း ဖြစ်သည်။
"ဆဲရေးနေတာလား ဟင်"
"မဟုတ်ပါဘူး၊ ဘုရားစာ ရွတ်မလို့ ပြင်နေတာ"
ဟု ရွဲ့ပြောသဖြင့် ရယ်ရသေး၏ ။
"မောင်ကြီးကတော့လေ၊ တကယ်ပါပဲ။ ကဲပါ.. မောင်ကြီး မြင်းတစ်ပတ် စီးပြပြီးရင် အစောအကြောင်း ပြောပြပါ့မယ်ရှင့်"
မျက်နှာက မြင်းဇောင်းဘက်သို့ လှည့်သွားသော်လည်း ပါးစပ်က ပွစိပွစိ လုပ်နေဆဲ။ မိစောမွန်ကလည်း နားလည်မိပြန်သည်။ သူ အသံမထွက် ပြောလိုက်သည်မှာ
'အေး.. ပေါက်ကရတွေ လျှောက်ပြောလို့ကတော့ ခြေက ကိုင်ပြီး ယမ်းပစ်မယ်"

ဟူသတည်း။ လက်ျာဘီလူးက ငကံကို မြင်းထုတ်ခဲ့ရန် လှမ်းမှာနေချိန် မိစောမွန်ကတော့ မျက်ရည်လည်မတတ် ကြိတ်ရယ်နေမိလေသည်။ 

 (ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၇)


Written by သင်္ခရာဇာ
End date: September 20, 2021

နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၅)

ရန်ကုန်မြို့စောင့် ဗိုလ်မှူး စစ်ကဲများနှင့် မြို့ဝန် အကြီးအမှူးများ ခေါင်းချင်းဆိုင် ဆွေးနွေးကြရလေပြီ။ ဆိပ်ကမ်းမြို့အဖြစ် သတ်မှတ်ထားသော်လည်း ကုန်သွယ်ရေးရုံးများနှင့် ကုန်သင်္ဘောများ ဝင်စီးခံရပြီး လုံခြုံရေး ပျက်ပြားနေသောကြောင့် ဖြစ်သည်။ ပြင်သစ်ရုံးဖြစ်စဉ်တွင် အရာရှိတစ်ဦး အပါအဝင် လူ ၁ ကျိပ်ကျော်ကို ကွပ်မျက်ပစ်လိုက်သည်က အဆိုးဆုံး ဖြစ်နေ၏ ။

ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့သူမှာလည်း အခြားသူမဟုတ်ဘဲ မင်းတရားကြီး အရေးကုန် လွှဲအပ်ခဲ့သည့် ဗိုလ်များထဲမှ တစ်ဦးဖြစ်နေသည်။ သူ့ကို အားကိုး၍ ထားခဲ့ပါမှ သူက ဖောက်နေသဖြင့် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းသာယာရေးများတွင် ထိခိုက်နေရလေပြီ။
တစ်ဘက်တွင် မွန်တို့နှင့် ရန်စက မငြိမ်းသေးဘဲ တစ်ဘက်၌ စစ်မျက်နှာများစွာ ဖွင့်လိုက်သကဲ့သို့ ဖြစ်သည်။ ကောင်စစ်ဝန်ရုံးများကို စစ်ဆေးပြီး လိုအပ်သည်ထက် ပိုလျှံနေသော၊ စာရင်းတင်မထားသော လက်နက်များကိုပါ သိမ်းယူသွားသည့်အတွက် နိုင်ငံခြားသားများနှင့် မျက်နှာပျက်စရာ ဖြစ်နေသည်ဟု ရန်ကုန်ဝန်တို့က တင်ပြလာကြ၏ ။
သို့ရာတွင် ဓားဖြူ ဓားနက် နှစ်လက်ကို ကြောက်ရ၍ မင်းလှမင်းခေါင်နှင့် မင်းထင်နော်ရထာတို့ ရှေ့မှောက်တွင်မူ မပြောရဲ။ စစ်ကဲ ကျော်ထင်သက်ရှည်နှင့် ဗိုလ်မှူးများကို ဖိတ်ပြီး တိုင်ကြား ဆွေးနွေးနေကြခြင်း ဖြစ်သည်။ လက်ျာဘီလူးကလည်း စိတ်ထင်တိုင်း ပြုကျင့်လျက် လွန်ကျူးနေခြင်းမှာ အမှန်။ သူ့ကို ဝိုင်းဝန်း ထိန်းကျောင်းရန်နှင့် ရွှေဖဝါးတော်အောက် သံတော်ဦးတင်ရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုအချိန်၌ လက်ျာဘီလူးကတော့ မြင်းစီးရင်း သေနတ်ပစ် ကျင့်နေ၏ ။ စက္ကူလေတံခွန် ပြုလုပ်၍ လူ၊ မြင်းတို့နှင့် ဆွဲပြေးစေပြီး သူကလည်း သတ်မှတ်နေရာသို့ မြင်းဖြင့် ပြေးလာပြီးမှ ရပ်၍ ပစ်ခြင်း၊ ပြေးနေရင်း ပစ်ခြင်း၊ မုဆိုးဒူးထောက် ထိုင်လျက် ပစ်ခြင်း စသည်တို့ကို အာရုံစိုက် လေ့ကျင့်နေရာ မိစောမွန်က ဘုရားခန်း အမြင့်မှ ကြည့်ရင်း ဘာလုပ်နေပြန်ပါလိမ့်ဟု စူးစမ်းနေသည်။
ထိုနေ့လည်း သံအမတ်ကြီး ဝီလျံဟော့ဘတ် ရောက်ရှိလာပြီး ယိမ်းနွဲ့ပါးဓားကို ကြည့်လို၍ လာကြောင်း မင်းကြီးကို လျှောက်စေ၏ ။ မကြာမီ မင်းလှမင်းခေါင် ထွက်လာပြီး အတွေ့ခံရာ မိစောမွန်လည်း ထပ်ခိုးမှ ဆင်းခဲ့လျက် ဧည့်ခန်းတွင် ဝင်ကူနေလိုက်သည်။
"ယိမ်းနွဲ့ပါး ဓားတော်ရဲ့ အစွမ်းတွေကို သံအမတ်ကြီးက စမ်းသပ်ကြည့်လိုပါကြောင်း လျှောက်ထားအပ်ပါတယ်ဘုရား။ သူသိထားတဲ့ ဓားရဲ့ အစွမ်းတွေက စုံလင် များပြားပါသတဲ့"
"ဘာတွေတဲ့လဲကွယ့်"
"သံအမတ်ကြီး ပြောတာတော့ သက်တံ့ကို ဖြတ်လို့ရနိုင်ပါတယ် တဲ့။ မီးငြိမ်းစေနိုင်ပါသတဲ့။ သံစားကျောက်တို့၊ အက်ဆစ်ခေါ်တဲ့ ပါစကအရည်တို့ကို မကြောက်ဘူးတဲ့"
"သက်တံ့ ဖြတ်ရ မရတော့ ငါမသိဘူး။ ယခု မိုးလည်း ရွာမနေ၍ စမ်းသပ်မရပေဘူး။ မီးငြိမ်းတာတော့ ငါသိတယ်။ ငါကိုယ်တိုင် ပြမယ်"
ဆိုကာ ဗိုလ်တွန်က အခန်းပြတင်းများအား ခန်းဆီးပြည့် ကာစေသည်။ ထို့နောက် ကညင်ဆီမီးတိုင်များ ပတ်လည် ထွန်းထားစေပြီး သူက ဓားကို ကိုင်လျက် အခန်းလယ်တွင် ရပ်လိုက်သည်။ ဝီလျံဟော့ဘတ် အပါအဝင် ဘေးပတ်ပတ်လည်ရှိ လူသူအားလုံး ငြိမ်သက်နေခိုက်
"ဟိတ်"
ဗိုလ်တွန်က မာန်သွင်း၍ ဓားဝှေ့ယမ်းလိုက်ရာ ဝါးလုံးတစ်ထောက်စာနီးပါး အကွာအဝေး၌ ရှိနေကြသော ဆီမီးတိုင်အားလုံး ဟုတ်ခနဲ ငြိမ်းလျက် အခန်းမှာ မှောင်ကျသွားလေသည်။ လက်ခုပ်သံ တဖြောင်းဖြောင်း သံအမတ်ကြီးက စတီးလိုက်သဖြင့် အခြားသူများကလည်း သြဘာပေးကြလေ၏ ။
"ယိမ်းနွဲ့ပါး ဓားကြီးက စွမ်းလိုက်တာနော်"
မိစောမွန် နားနားသို့ အိမ်အကူ မနော်က ကပ်ပြောလာသည်။ အံ့သြနေလျက်မှ ခေါင်းညိတ်ပြလိုက်၏ ။ ဆီမီးများ ပြန်လည် ထွန်းညှိပြီးသောအခါ သံအမတ်ကြီးက သူလည်း ကိုင်တွယ် စမ်းသပ်ကြည့်ပါရစေဟု ခွင့်တောင်းလာ၍ မိစောမွန် ရင်ထိတ်သွားရသည်။
ဗိုလ်တွန်ကမူ ပြုံးလျက် အလွယ်တကူ ခွင့်ပြုလိုက်လေသည်။ သံအမတ်ကြီး အခန်းလယ်၌ ရပ်လိုက်သောအခါ မိစောမွန်က မျက်လုံးကို မှေးစင်းထားကာ တစ်ခန်းလုံးကို သတိအပြည့်နှင့် ကြည့်နေ၏ ။ အမှောင်ကျသွားချိန် ဓားချင်းလဲသွားနိုင်သည်ဟု သံသယဝင်မိ၍ ဖြစ်လေသည်။
"ဟိတ်"
"ဝှစ်"
"ယိ"
"ဝှစ်" "ဝှစ်"
ဝီလျံဟော့ဘတ်ခမျာ အားထည့်၍ ဓားယမ်းနေသော်လည်း မည်သည့်မီးမျှ မငြိမ်းချေ။ မီးညွန့်များ လှုပ်ရုံသာ လှုပ်သည်။ သူက ရယ်လိုက်ပြီး
"ခွန်အားကြီးတဲ့ သူတွေမှ ကိုင်နိုင်တယ် ဆိုတာ တကယ်ပါပဲဗျာ၊ ဓားရော လူရော ချီးကျူးစရာပါ"
ဟု ပြောရင်း ဓားပြန်ပေး၏ ။ လက်ခုပ်သံများ ထွက်လာကြပြန်သည်။ သူတို့သည် အတန်ကြာ စကားစမြည် ပြောနေကြရာ မိစောမွန်လည်း ဧည့်ခန်းနှင့် မီးဖိုဆောင်သို့ ဝင်လိုက် ထွက်လိုက် လုပ်နေရ၏ ။ တစ်ကြိမ်တွင် မိစောမွန် အနောက်ဝင်သွားခိုက် ရဲမက်တစ်ဦး ရောက်လာသဖြင့် မင်းလှမင်းခေါင်က ကညစ်ယူကာ ပေရွက်ပေါ် စာရေးနေချိန်၊
သံအမတ်ကြီးသည် ယိမ်းနွဲ့ပါးဓားအား ကိုင်ကြည့်နေရာမှ ကုတ်အင်္ကျီ အတွင်းဘက်ရှိ ပုလင်းငယ်တစ်လုံး ထုတ်ယူလိုက်သည်ကို မိစောမွန် ကန့်လန့်ကာကြားက ဖျတ်ခနဲ မြင်မိသည်။ ဝီလျံက ဓားသွားပေါ်သို့ ပုလင်းထဲမှ အရည် အနည်းငယ် လောင်းချရန် အဖုံးဖွင့်ကာ စောင်းလိုက်ချိန်တွင် မိစောမွန် ပြေးလာပြီး ပုလင်းကို ပုတ်ချလိုက်မိလေသည်။
အရည်များသည် အခင်းပေါ်သို့ ကျသွားပြီး အခင်း ပေါက်သွား၏ ။ အချို့ အစက်ကျရာ နေရာတို့၌ ဖြူ၍ ကွက်ကာ ပွက်နေသည်ကိုလည်း တွေ့ရရာ မင်းလှမင်းခေါင် ထလာလေသည်။
"ဘာဖြစ်တာလဲ"
"ကျွန်ုပ် သံသားကို စမ်းသပ်ကြည့်ချင်ဇော များသွားလို့ပါ။ တောင်းပန်ပါတယ်၊ သိပ်ကောင်းလှတာ မြင်နေရတော့ စိတ်မထိန်းနိုင်ဘဲ.."
"တော်.. ခင်ဗျားတို့ အခု သွားကြတော့"
ဗိုလ်မင်းကြီး ဒေါသထွက်သွားသောကြောင့် ဝီလျံတို့လူစုမှာ တောင်းပန်ရင်း တဝုန်းဝုန်း ဆင်းပြေးကြရသည်။ မိစောမွန်လည်း ကိုယ့်ကိုယ်ကိုယ် မသိလိုက်ဘဲ လုပ်မိပြီးမှ ကြောက်လန့်လျက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေ၏ ။
"အစောင့်တွေ မြင်လျက်နှင့် မိန်းမသားတစ်ဦးလောက်မှ မလှုပ်ရဲကြဘူးလားကွ ဟေ"
သံအမတ်ကြီးကို တားလျင် အပြစ်ဖြစ်မည် စိုးရိမ်နေခဲ့ကြသော ရဲမက်တော်များမှာ ယခုအခါ တုန်လှုပ်နေကြသည်။ ရပ်နေသော မိစောမွန် သတိဝင်လာပြီး ဒူးထောက်ကာ ထိုင်လိုက်ရသည်။ ဗိုလ်မင်းကြီး သူ့ဘက် လှည့်လာချေပြီ။
"သူငယ်မ၊ မင်းကရော ဘာကြောင့် ဧည့်သည်ရဲ့ လက်ကို ပြေးပုတ်ရတာလဲ"
မိစောမွန် ထိုင်ရာမှ ကိုယ်ကို ဝပ်ချလိုက်ပြီး
"ကျွန်တော်မ.. ဟို၊ ဓား ပျက်စီးသွားမှာ စိုးရိမ်လို့ သတိလက်လွတ် လုပ်လိုက်မိပါတယ်"
"ငါ့အိမ်တော်က အမှုထမ်းတွေက သတ္တိကောင်းတွေချည်းပါလားဟေ့။ သြော်.. ဒါနဲ့ ပေါက်ပြားရှင် ကပြားကောင်လေးရော"
ဗိုလ်တွန်က လှည့်မေးရာ အိမ်တော်ထိန်း ဖြေရသည်။
"မနေ့က မင်းကြီး မင်းထင်နော်ရထာ ရောက်လာပြီး လွှတ်ပေးခိုင်းလို့ လွှတ်ပေးလိုက်ရပါပြီ အရှင်"
"ဟေ"
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
*
"မတွေ့တာ ကြာပြီနော် မောင်ကြီး"
စေတီတော်ကို ငေးနေသည့် လက်ျာဘီလူး လှည့်ကြည့်သည်။ ဖြူဖြူရှည်ရှည် မိန်းမငယ်ကို မြင်မှ ခေါင်းညိတ်ပြပြီး
"ဟုတ်တယ်၊ ခုတလော ချောင်းနားလည်း မရောက်ဖြစ်ဘူး"
"သြော်၊ အစောဖြင့် နေ့တိုင်းရောက်တယ်။ တွေ့မလားလို့ ကြည့်မိတာလည်း အမော"
ပွင့်လင်းစွာ ပြောရင်း သူ့နံဘေး ဝင်ထိုင်လျက် ဘုရားကန်တော့သည်ကို လက်ျာဘီလူး မသိမသာ အကဲခတ်နေသည်။ ကောင်မလေးနှင့် အတူလာသည့် ထမင်းချက် အဒေါ်ကြီးကတော့ သူ့နေ့နံ ဂြိုဟ်ခွင်တွင် ထိုင်ချလိုက်သည်ကို တွေ့ရပြီး တစ်ဘက်မှ ငကံ လာနေသည်ကိုလည်း မြင်နေရ၏ ။
ငကံက သူတို့ကို ဖြတ်လျှောက်သွားရင်း ဦးချနေသည့် မိစောမွန်အား ကြည့်လျက် ခေါင်းညိတ်ပြသွားသည်။ လက်ျာဘီလူး ပြန်မော့နေလိုက်သည်။ မကြာမီ စကားသံ ကြားရ၏ ။
"အခုရက်ပိုင်း အရေးတွေလည်း ရှုပ်နေတယ်နော်"
"အင်း"
"နိုင်ငံရပ်ခြားသားတွေနဲ့ ပဋိပက္ခတွေ ဖြစ်နေကြသတဲ့"
"ဟုတ်တယ်"
"မင်းကြီး မင်းလှမင်းခေါင်တောင် လုပ်ကြံခံရသေးတယ်"
"သိပါတယ်၊ ကြားလိုက်တယ်"
"သူ့ကို လုပ်ကြံတဲ့ သူကို မောင်ကြီးတို့ အိမ်တော်က ဗိုလ်မှူး မင်းထင်နော်ရထာကပဲ လွှတ်ပေးလိုက်သတဲ့.. အံ့ရော"
ထိုသို့ အပြောတွင် သူ့ကို အကဲခတ် ကြည့်လိုက်ကြောင်း လက်ျာဘီလူး သတိပြုမိလိုက်၏ ။
"လုပ်ကြံတဲ့ သူနဲ့ နှမနဲ့ သိလို့လား"
မသိကျိုးကျွံ ပြုလျက် မေးရာ
"သိပါတယ်၊ သိတာတော့ သိပ်မကြာသေးဘူး။ ငဖြူတဲ့။ ပြင်သစ် ကပြားတစ်ယောက်ပဲ"
"သိပ်မကြာသေးဘူး ဟုတ်လား"
"ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ"
လက်ျာဘီလူး မျက်နှာ လှည့်လာပြီး မိစောမွန်ကို ထူးဆန်းသလို ကြည့်သည်။
"သိပ်မကြာသေးဘဲနဲ့.. အင်း၊ ဘယ်လို ပြောရမလဲ။ ရင်းနှီးတာတော့ မြန်တယ်ပေါ့"
"အရင်းနှီးကြီး မဟုတ်ပါဘူး။ မေးထူးခေါ်ပြောလောက်ပါပဲ။ ဘာဖြစ်လို့ မောင်ကြီးက အဲသည်လို ပြောရတာလဲ"
"မရင်းနှီးလှဘဲ ရာဇဝတ်သားကို ခဲဖွယ်ပို့သလား"
"ဟင်.. မောင်ကြီးကို ဘယ်သူ ပြောသလဲ"
"အဲဒီက အစောင့်တွေ ပြောနေတာ ကြားတာ"
"မဟုတ်ပါဘူး၊ သူ့ကို သနားလို့ ကိုယ်ချင်းစားမိလို့ တစ်ခုခု စားဖို့ ပို့ပေးချင်လာတာပါ"
"မသိပါဘူး၊ ကျွန်တော်က ငယ်ကျွမ်းဆွေတွေလို့ ထင်မိတာ"
မိစောမွန် တစ်ခုခု ပြောရန် ပြင်ပြီးမှ မပြောတော့ဘဲ ရှေ့ကို လှည့်သွားသည်။ နှုတ်ခမ်းက စူနေပြီ။
"သမီးရည်းစားမို့ ပို့တာလားလို့"
"ဟွန့်"
တစ်ဘက်သို့ လှည့်သွားသည်။
"မဟုတ်ဘူး၊ ဘာမှ မတော်ဘူး"
အသံက အနည်းငယ် တုန်နေကြောင်း မိစောမွန် သူ့ဘာသာ သတိထားမိသွားပြီး အံ့သြနေ၏ ။
"တောင်းပန်ပါတယ်ဗျာ"
ဟု ဆိုသော်လည်း ဘာမြှပန်မပြောတော့၍
"အဲဒီမှာ ရောက်နေတာ ကြာပြီလား"
မဖြေ။ ပြန်လည်း လှည့်မလာ။
"စိတ်ဆိုးသွားသလား။ ကောင်းပါပြီ၊ မမေးတော့ပါဘူး"
သူက ထသွားရန် ပြင်သည်။ ဓားကို ကောက်ကိုင်လိုက်ရာ ချပ်ခနဲ မြည်သွားသဖြင့် လှည့်ကြည့်သည်။
"ကျွန်တော် သွားလိုက်ပါဦးမယ်"
သူ့ကို မမြင်ဖူးသလို မော့ကြည့်နေ၍ ပြုံးပြလိုက်စဉ်
"မောင်ကြီး"
"ဟုတ်ကဲ့"
"မောင်ကြီးအမည် ဘယ်လိုခေါ်လဲ"
"ငစံ.. ပါ နှမ"
"သြော်"
ဘာဆက်ပြောမလဲ စောင့်သော်လည်း ခေတ္တ နှုတ်ဆိတ်နေ၍ သွားမည်ပြုရာ
"မောင်ကြီး"
"ခင်ဗျာ"
"မောင်ကြီးက ဘယ်သူလဲ"
သူ့ကို စိန်းစိန်းကြည့်လျက် မေးလာပြန်သည်။ မည်ကဲ့သို့ ဖြေရမည်ကို စဉ်းစားရင်း
"မောင်ကြီးကလား..၊ ရတနာပူရမှာ သာကီဝင် သတိုးမင်းဆက် ပြတ်သွားတော့ လှေနဲ့ကမ်း အဆက်ပြတ်သလို မဖြစ်ရအောင် တံတားကုန်းဘောင်သဖွယ် ဆက်ပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂဗ္ဘဓောတ်ယူပြီး တည်ထောင်လိုက်တဲ့ 'ကုန်းဘောင်' ရွှေပြည်တော်က စစ်သည်တစ်ဦးပါ"
"သြော်.. ရွှေဘိုသားမို့ စကားတတ်တယ်ထင်ပါရဲ့"
"မတတ်ရပါဘူးဗျာ၊ ဘယ်လို ဖြေရမယ် မသိလို့ စိတ်ထဲပေါ်ရာ ပြောမိတာ"
မိစောမွန် မျက်နှာပြန်ကြည်လာပြီ။
"ကဲ.. စစ်သည်လူစွမ်းကြီးရဲ့ စကားဆန်းတွေ တော်ပါ၊ အစော မေးတာကို မှန်မှန် ဖြေမလားရှင့်"
"မသိဘူး၊ ဘာမေးမှာလဲ"
"အမှန်အတိုင်း ပြောမယ် ဆိုမှ မေးမယ်"
"အဲဒါဆို မမေးပါနဲ့တော့"
"ဟင်.. ဘာလို့"
"မပြောတတ်ဘူးလေ၊ ဖြေလို့မရတာဆိုရင် အမှန်အတိုင်း ပြောလို့ ဘယ်ဖြစ်ပါ့မလဲ"
"ဟယ်"
"ဘာတုန်း"
"အဲလိုကြီးလား"
"အင်း"
"တစ်မျိုးပဲနော်"
"ဒါပေါ့"
"ဒီမယ်"
"ဟုတ်"
"အစောက မောင်ကြီးကို မြင်တော့ ခင်မိလို့ ဣနြ္ဒေ သိက္ခာ မငဲ့ဘဲ စကားလာပြောနေတာ"
"သိပါတယ်"
"ဖြစ်နိုင်ရင် မောင်ကြီးနဲ့ အေးအေးဆေးဆေး စကားပြောချင်ပါသေးတယ်"
"နောက် ကြုံဦးမှာပါ"
"မဟုတ်ဘူး၊ အဲလို မဟုတ်ဘူး။ သီးသန့် အကြာကြီး ပြောမှာ"
"ဟင်"
"မောင်ကြီး ဒီည ထွက်လို့ရမလား"
"ဘယ်ရမလဲ"
"လာလုပ်မနေနဲ့၊ မောင်ကြီး ထွက်ချင်ရင် မရဘူး ဆိုတာ မရှိဘူး။ ဘယ်သူမှ မတားနိုင်ဘူး။ အစော သိပြီးသား"
"ဘာကိုလဲ"
"မောင်ကြီးကို မနက်တိုင်း မြင်းစီးစီးနေတာ တွေ့သားပဲ၊ ဟိုတစ်နေ့ကဆို ခြံကျော်သွားတာတောင် မြင်လိုက်သေးသရှင့်"
"အဲ"
လက်ျာဘီလူး အံ့အားသင့်သွားရ၏ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 (ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၆)


Written by သင်္ခရာဇာ
End date: September 20, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...