Translate

Showing posts with label ဘယ်ကျော်. Show all posts
Showing posts with label ဘယ်ကျော်. Show all posts

ဘယ်ကျော်

သန်လျင်အား လုပ်ကြံရာတွင် အဂ္ဂမဟာ သေနာပတိ သေနတ်ဝန် ဦးကောင်း ကျဆုံးခဲ့ရသဖြင့် အလောင်းမင်းတရားသည် မင်းထင်နော်ရထာဘွဲခံ လက်ျာဘီလူးကို ဗိုလ်မှူး အချုပ်ခန့်လျက် တပ်တော်များကို ဦးစီးစေသည်။ ထိုမှ အလောင်းမင်းတရားကိုယ်တော်တိုင်၏ အစီအမံနှင့် သန်လျင်ကို ခက်ခဲစွာ ရရှိခဲ့လျင် လက်ျာဘီလူးကိုပင် လူ ၃၀၀၀ ကျော်နှင့် မြို့စောင့်ခန့်ထား၏ ။

သန်လျင်မှ ရသော အင်္ဂလိပ်၊ ပေါ်တူဂီ၊ ဘရင်ဂျီနှင့် အမှုထမ်းကုလားများထဲမှ အမြောက်တပ်သား ၁၀၀၀ ကျော်ကိုလည်း အမြောက် ၂၀၀ နှင့်တကွ လက်ျာဘီလူးထံ အပ်ထား၏ ။ လူမျိုးခြားများသည် ဟံသာဝတီမင်းဘက်မှ အခကြေးငွေဖြင့် ဝင်တိုက်ပေးသည့် ကြေးစားများသာ ဖြစ်သော်လည်း စစ်ရှုံးသောကြောင့် ဖမ်းခံရသည့် သုံ့ပန်းများ ဖြစ်လေရာ မြန်မာတပ်များအပေါ် မကျေနပ်လှချေ။
ထို့ပြင် သူတို့အား အုပ်ချုပ်နေသော ဗိုလ်မှူး မင်းထင်နော်ရထာ ဆိုသည်မှာ ကလေးသာသာ လူငယ်လေးတစ်ဦးသာ ဖြစ်နေသည့်အပြင် မြန်မာမင်း၏ မင်းဆွေမင်းမျိုး မင်းသားလည်း မဟုတ်သောကြောင့် အလွန်ခံပြင်းကာ အရိုအသေတန်လျက် ရှိကြသည်။ အခြား ဗိုလ်မှူး တပ်မှူးတို့က သူ့ကို ဆက်ဆံကြသကဲ့သို့ တန်းတူဆက်ဆံလိုကြ၏ ။
သို့သော် လက်ျာဘီလူးက လက်မခံ၊ သူတို့အား ဖက်လှဲတကင်း မရှိသည်သာမက အရေးတယူ စကားပြန်လှန် ပြောဆိုခြင်းမျှ မပြု။ စစ်ဆေးခြင်း၊ စောင့်ကြပ်ခြင်း၊ အမိန့်ပေးခြင်း၊ အမိန့်ထုတ်ပြန်ခြင်းတို့ကိုသာ ပြုလုပ်လေ့ ရှိသည်ကို ခံစားကြရ၍ နာလိုခံခက် ဖြစ်နေကြသည်။
တစ်နေ့တွင် မြန်မာတပ်မှူးတစ်ဦးက အမြောက်တပ်မှ အကြပ်ကုလားတစ်ယောက်အား အမြောက်စမ်းရန် ယမ်းအိတ် ထုတ်လာခိုင်းသည်။ စစ်ဆေးကြည့်ရှုရန် ရောက်လာကြသော လက်ျာဘီလူးတို့လည်း ရှိနေ၏ ။ ထိုကုလားအကြပ်က မြန်မာတပ်မှူးခိုင်းသည်ကို မလုပ်ချင်၊ အမြောက်ဗိုလ် အင်္ဂလိပ်မျက်နှာကိုသာ ကြည့်နေသည်။ အမြောက်ဗိုလ်က မကြည်မသာနှင့် ခွင့်ပြုမှ ယမ်းတိုက်သို့သွား၍ ယမ်းတစ်အိတ် ထုတ်လာ၏ ။
ဗိုလ်မှူး မင်းထင်နော်ရထာတို့က မည်သို့မျှ မပြော၊ ကြည့်၍သာ နေကြ၏ ။ ယင်းအကြပ် ယမ်းအိတ်ထမ်းလာ၍ သူတို့ရှေ့ ဘုတ်ခနဲ ပစ်ချလိုက်သည်နှင့် လက်ျာဘီလူးက ထိုသူ၏ ဇက်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ အကြပ်ကုလားမှာ ငိုက်စိုက်ကျကာ ဝမ်းလျားထိုး လဲသွားသည်။ အမြောက်ဗိုလ်က ရှေ့တိုးလျက် သူတို့ကြား ဝင်ရပ်ပြီးလျင် လက်ျာဘီလူးအား "ငါ့လူကို မင်းတို့ စိတ်ထင်တိုင်း မလုပ်နှင့်" ဟု ဆိုလာသည်။
လက်ျာဘီလူးက နားမလည်၊ စကားပြန်အား မေးမြန်းခြင်းလည်း မပြု။ ရှေ့မှ ကာနေသည့် ထိုအင်္ဂလိပ်အား ရင်ဝဆောင့်ဆွဲလျက် ယမ်းနှင့် ကျည်စေ့ သွတ်ပြီးသော အမြောက်ထဲ ခေါင်းထိုးထည့်လေသည်။ အမြောက်ဗိုလ် ရုန်းကန်သောကြောင့် ဘီလူးတပ်သားများ ဝိုင်းဝန်း ဖိနှိပ် ချုပ်ထားကြရသည်။ အမြောက်တပ်မှ ကုလားအများ သေနတ်စွဲလျက် ပြေးလာကြသည်ကို မြန်မာစစ်သည်တို့က သေနတ်၊ လှံတံ၊ တင်ကျည်း၊ ဓား စသည်တို့ဖြင့် ပြန်လည် ဝိုင်းရံထားလိုက်ကြ၏ ။
အခြေအနေမှာ အမြောက်တပ်နှင့် မြို့စောင့်တပ်အကြား အချင်းများတော့မည့်ဟန်။ အခြား ဗိုလ်မှူးများထံသို့လည်း သတင်းပို့သူ ပို့ကြသည်။ မြို့စောင့်ခန့်သော သတိုးကျော်သူနှင့် ကျော်ထင်သက်တော်ရှည်တို့လည်း လူသူအများနှင့် ရောက်လာကြသည်။
သို့သော် သူတို့လည်း ဗိုလ်ချုပ်ဖြစ်သော မင်းထင်နော်ရထာကို မနိုင်။ အမြောက်တပ်သား အင်္ဂလိပ်၊ ပေါ်တူဂီ၊ ဂေါ်ရခါး၊ ပန်ချာပီ၊ ကုလားများစွာတို့ ရှေ့၌ပင် အမြောက်ဗိုလ်သည် အမြောက်ထဲ ခေါင်းဝင်လျက်၊ လက်နှစ်ဖက်က ပြောင်းဝကို ဖက်ထားရလျက်၊ ဘီလူးတပ်သားများက သူ့လက်များကို ချုပ်ထားကြလျက် အမြောက်စမ်းခြင်း ခံလိုက်ရသည်။
အကြပ်ကုလားနှင့် သူ့ဘက်မှ သွေးသောက်အချို့ကို တမာကိုင်းများဖြင့် တံကျင်လျှုိ ကားစင်တင်လိုက်ကြသည်။ ဗိုလ်ဖြစ်သော အင်္ဂလိပ် ပေါ်တူဂီ သင်္ဘောကုလားအများ အချုပ်တွင် ကြပ်တည်းပင်ပန်းစွာ ထားခြင်း ခံရပြီး လက်အောက်ငယ်သား မခန့်လေးစား လုပ်သူများမှာမူ ပြင်းထန်လှသော ဒဏ်ပေးခြင်းများကို ခံစားလိုက်ကြရသည်။
ထိုမှစ၍ မင်းထင်နော်ရထာဟေ့ ဆိုလျင်ပင် ကုလားများ တုန်နေအောင် ကြောက်ကြသည်။ မည်သူမျှ မထိဝံ့သော၊ အလာင်းမင်းတရားကပင် ကောင်းမွန်စွာ ဆက်ဆံခြင်း ခံရသော အမြောက်ဗိုလ်ကြီးများသည် လက်ျာဘီလူးရှေ့၌ အမြောက်ပေါ် ခြေတစ်ဖက် တင်မိရုံဖြင့် ခြေဖြတ်ခံရသည်။ သူ့ရှေ့ တံတွေးထွေးလျင် အာကို ဟက်၏ ။ ပုန်ကန်လိုသူ၊ ခြားနားလိုသူ၊ မကျေနပ်သူများကား မသေမချင်း အသားမျှင်းကာ ဆားပက် နေလှန်းခြင်း ခံကြရသဖြင့် သူ့အား ရွံကြောက်ကြီး ဖြစ်နေကြလေပြီ။
ခေတ်အဆက်ဆက် ဒုက္ခပေးလှသော သံလျင်မြို့ကား သူ့လက်ထဲတွင် ခေါင်းမျှ မမော်ဝံ့အောင် ငြိမ်ကျသွားလေသည်။ သူ အမြောက်တပ်သို့ ဝင်လာပါက ဆိုင်၍ ကြည့်ဝံ့သူမျှ မရှိပြီ။ မည်သည့် နေထွက်ဘုရင်ကိုမှ ခစားခဲ့ဖူးခြင်းမရှိဟု ဂုဏ်လုပ်ပြောတတ်ကြသည့် သူတို့ မျက်နှာဖြူဗိုလ်ကြီးများသည်ပင် ခါးကိုကုန်းလျက်၊ ဦးညွတ်လျက်၊ ပြားပြားမှောက်ကာ ဝပ်နေကြရသည် မဟုတ်ပါလား။ သူလာချိန် ခါးကလေးမှ မကုန်းမိလျင် မည်သူက မည်သည့်အချိန် အနောက်က ရောက်လာမှန်း မသိလိုက်ရဘဲ ဆံကို ဆွဲဆုပ်၍ နဖူးပွန်းအောင် မြေကြီးနှင့် ဦးတိုက်ခြင်းကို ခံကြရပြီးပြီ မဟုတ်လော။
သန်လျင်ကို ရလျင် မွန်မင်းသူရဲကောင်း စစ်ဘုရင် ဒေါစွယ်ယစက် အလောင်းဘုရားလက်အောက်သို့ ခိုဝင်လာသည်။ မွန်မင်းက သမက်တော် စောဗြကို မတ္တရာဗိုလ် ဘယ်ကျော်နှင့်တကွ ကမာပိအရပ်တွင် တပ်တည်၍ ခံစေပြန်သည်။ အလောင်းမင်းတရားကလည်း မင်းထင်နော်ရထာကို ဗိုလ်ချုပ်ခန့်၍ စောဗြတပ်ကို တိုက်ဖျက်ရန် လွှတ်လိုက်သည်။
စောဗြက ကမာပိတွင် တပ်ကြီးတည်လျက် ဘယ်ကျော်ကို ရှေ့တပ်တည် နေစေရာ နှစ်ဖက် ဆိုင်မိကြလျင် ကြည်းရော ရေပါ ပြင်းထန်စွာ တိုက်ကြသည်။ ငါးနာရီခန့်တိုက်ကြလျင် မွန်ရေတပ်နစ်လေ၍ ကြည်းသို့ချည်း ပေါင်းကြကုန်၏ ။ ထိုအခါ ကြည်းတပ်မှ လက်ျာဘီလူးနှင့် လှံထိုးကောင်းလှသည်ဟု ကျော်သော ဘယ်ကျော်တို့ ရင်ဆိုင်မိကြသည်။
လက်ျာဘီလူးက ဆို၏ ။
"ဘယ်ကျော်.. ယခင်တစ်ကြိမ်က ဦးတွန် လက်ချက်ဖြင့် မသေရသည်မှာ ငါ့လက်နှင့်မှ သေရမည့်အဟန် ရှိသည်" ဆိုလျင် ဘယ်ကျော်ကလည်း "နင်လည်း မင်းလှမင်းခေါင်မဟုတ်၊ ငါလည်း တလပန်းမဟုတ်။ ငါ့ကို ရအောင် ကြိုးလေ" ဟု ပြန်ဟစ်၏ ။ လက်ျာဘီလူးလည်း "မင်းနှင့်ငါ အကြီးအကဲ အချုပ်ချင်းသာ တိုက်မည်၊ အခြားသူများအား စနောင့်စနင်း မဖြစ်စေနှင့်။ အခြားသူများကိုလည်း မကူစေနှင့်" ဆို၏ ။ ဘယ်ကျော်လက်ခံ၍ လှံချင်း ဓားချင်း မြင်းချင်း တိုက်ကြသည်။
လှံချင်းတွင် ဘယ်ကျော်က သာ၍ ဓားချင်း၌ လက်ျာဘီလူးက သာသည်။ သို့သော် မည်သူ့ကိုမှ လက်ရ မယူနိုင်။ မြင်းချင်းတွင် လက်ျာဘီလူး စီးသည့် တိမ်ပျံကို ဘယ်ကျော်မြင်း နတ်စက်ရောင် မည်သို့မျှ မယှဉ်နိုင်သဖြင့် အတန်ကြာ တိုက်မိလျင် ဘယ်ကျော် ခွာရချေသည်။ စောဗြလည်း မတိုက်ဝံ့၊ မင်းထင်နော်ရထာနှင့် ကျော်ထင်သက်တော်ရှည်တို့ ကြည်းတပ် ဖိလာသည်နှင့် ဘယ်ကျော်ကို ခေါ်လျက် တစ်စုတည်း ပြေးသွားသည်။
ကမာပိတပ်ကြီးကို ရလျင် သိမ်းလျက် ဝင်နေကြသည်။ မွန်မင်းက ကြည်းရေ နှစ်ဖက် ညှပ်တိုက်လာပြန်သည်ကို မင်းထင်နော်ရထာပင် ဗိုလ်ချုပ်ခန့်လျက် လိုက်တိုက်စေရာ မွန်တို့ မခံနိုင်၊ ဟံသာဝတီထိ ပြန်ပြေးရ၏ ။ ထိုအခါ သနပ်ပင်တွင် မြစ်အရှေ့အနောက် ညှပ်လျက် ဘယ်ကျော် ဗိုလ်ပြု၍ တပ်ကြီး ၈ တပ် ပြင်လာပြန်၏ ။ ဘယ်ကျော်တို့ အကွပ်အညှပ်ကောင်းလှ၍ မဖျက်မဆီးနိုင်။
ထိုအခါ အလောင်းဘုရားက ဘီးတပ်လင့်စင်ကြီး ၇ စင်းကို ရထားအသွင် ပြုလုပ်လျက် အမြောက်သုံးလက်စီ တင်ကာ မင်းထင်နော်ရထာနှင့် ဗိုလ်မှူးများ စီးစေ၏ ။ ရထားများ၌ တပ်ကို ဖျက်ဆီးရန် ပေါက်ဆိန်၊ ဝါးချွန်၊ မီးရှူးကိုင်သူများ တင်လျက် သေနတ်များ၊ မြင်းများ ရံ၍ နောက်မှ လူများ တွန်းကာ တပ်ကိုကပ်စေရာတွင်မှ မွန်တပ်ကြီး ၅ တပ် ပျက်လေသည်။ ဘယ်ကျော်ကား မပျက်။ ဘယ်ကျော်တပ်သို့ ကပ်သည့် ဗိုလ်မှူး ရန်ကျော်ရာဇာပင် သေနတ်မှန်၍ ဆုံးရသေးသည်။
ဘယ်ကျော်နှင့် သုံးတပ် မပျက်သဖြင့် လူသူအများနှင့် ရံတပ်များ ပတ်လည်တည်တော့မှ ဘယ်ကျော် မနေဝံ့၍ ပြေးလေသည်။ ကျန်သော ညောင်ပင်တပ်ကြီးကိုလည်း ခက်ခဲစွာ လုပ်ကြံခဲ့ရ၏ ။ ထို့နောက်တွင်ကား မွန်မင်းသည် ဟံသာဝတီမြို့တွင်းမှသာ ခံတော့သည်။ မွန်စစ်သူကြီး တလပန်းလည်း တိုက်မည့်ဟန်နှင့် မွန်မင်းထံမှ လူသူဆင်မြင်း အများအပြား တောင်း၍ စစ်တောင်းသို့ ပြေးလေသည်။
လက်ျာဘီလူးက ပဲခူးအနီး အခွန်ရွာရှေ့ မွန်တပ်ကြီးကို တိုက်လျက် ဝင်နေရာ မြို့တွင်းမှ အကြိမ်ကြိမ် ထွက်တိုက်၏ ။ တစ်ကြိမ်မျှ မနိုင်လေ။ သူတို့က ပစ်သော အမြောက်များသာ မြို့တွင်း ကျရောက်ပေါက်ကွဲလျက် များစွာ သေကြသည်။ ပဲခူးပြင်တပ်ကြီးသည် အခရာဖြစ်နေသဖြင့် ညဉ့်တက်လူ ၆၅၀ ဖြင့် အပစ်အခတ်ခံ၍ မြို့ရိုးကို တက်ကြရာတွင်မှ ပေါက်သည်။
ပြင်တပ်ကြီး ပေါက်လျင် ဟံသာဝတီမင်း အညံ့ခံလျက် သမီးကညာ ဆက်လာသည်။ အိမ်ရှေ့မင်း ဥပရာဇာလည်း လက်အောက်၌ နေလိုပါသည်ဟု ဝင်လာ၏ ။ သို့သော် မွန်မင်းညီ ဗညားဒလ၊ သမက်တော် စောဗြနှင့် ဗိုလ်မှူး ဘယ်ကျော်တို့က လက်နက်မချဘဲ ဘုရင်ကို နန်းချ၍ မြို့တွင်းမှ ပုန်ကန်ကြပြန်သည်။ ဘယ်ကျော်ညီ သမိန်လွတ် ထွက်တိုက်လာသည်ကို သေနတ်နှင့်ပစ်၍ ရလိုက်သည်။
အတွင်းမြို့ကြီးကား မကျ၊ ထိုအတောအတွင်း မြို့တွင်းသို့ လင်းတအများ ကျသည်။ မြစ်ရေ သွေးကဲ့သို့ နီသည်။ ကောင်းကင်မှ ဥပါပျံ မြေပြင်သို့ ကျသည်ကို ရွှေတပ်တော်သားများ မြင်လျင် အလောင်းမင်းတရားထံ လျှောက်တင်ကြသဖြင့် ဤတစ်ကြိမ် ဟံသာဝတီ အပြီးတိုင် ပျက်လေတော့မည်ဟု နိမိတ်ဖတ်တော်မူသည်။
နောက်ဆုံးအကြိမ်အဖြစ် လက်ျာဘီလူးနှင့် သူရဲကောင်းတစ်ရာကျော် ညလေးချက်တီးအချိန် လမထွက်မီ မြို့ကို တက်၍ မီးတိုက်ရာတွင်မှ မြို့တွင်းသားတို့ ထွက်ပြေးကြသဖြင့် မွန်ဗိုလ်မှူးများလည်း မခံနိုင်တော့ဘဲ ဗညားဒလ၊ စောဗြနှင့် ဘယ်ကျော်တို့ မြင်း ၃ ထောင်နှင့် ထွက်ပြေးကြသည်ကို မြို့တက်သော လက်ျာဘီလူး မြင်၍ မြင်းနှင့် လိုက်သည်။ ဗညားဒလက ဘယ်ကျော်အား
"ယခုလိုက်လာသူကို လှံနှင့် ထိုးပါဘိ"
ဟု ဆို၍ ဆက်ပြေးသွားသည်။ ဘယ်ကျော် လှံတစ်စင်းယူလျက် ပြန်လှည့်ပြီး လက်ျာဘီလူးအား ပစ်သည်။ ဘယ်ကျော်လှံထိုးလျင် မလွဲဟု သိသော လက်ျာဘီလူးက ဒိုင်းတစ်လက်ကို ကျောပိုးလာခဲ့သဖြင့် ဘယ်ကျော် မြင်းလှည့်လျင် လှည့်ချင်း ကိုယ်ကို ဝပ်စီးလျက် ဒိုင်းနှင့် ကာထားသောကြောင့် ဒိုင်းကိုသာ လှံစွဲမိ၏ ။
ဘယ်ကျော်က နောက်တစ်ကြိမ် ထပ်ထိုးမည် ပြုစဉ် လက်ျာဘီလူးတပ်မှ ငကံတို့ မြင်းများ ရောက်လာသောကြောင့် မထိုးသာဘဲ လှည့်ပြေးရ၏ ။ လက်ျာဘီလူးက မြင်းပေါ်မှ ဆင်း၍ ဘယ်ကျော့်လှံဖြင့်ပင် ချိန်ရွယ်ပစ်လိုက်သည်။ ဘယ်ကျော် ပခုံးတွင် တန်းလန်းစိုက်ပါသွားလေသည်။ လှံချက်စူးလှ၍ နက်သောကြောင့် မနှုတ်သာ။ စောဗြ၊ ဗညားဒလတို့ကိုလည်း မမီတော့။ သူ့တပ်နှင့်သာ သီးခြား ကိုယ်လွတ်ခွာရသည်။
ငကံတို့က မွန်မင်းညီ၊ သမက်နှင့် ဘယ်ကျော်တို့အား မမိလိုက်၍ တောက်တခေါက်ခေါက်။ ရသလောက် လိုက်ကြသေးသည်။ မွန်တို့ လူခွဲ၍ ပြေးကြရာတွင် လိုက်သည့် အင်အားနည်းသောကြောင့် ပြန်လည်ခဲ့ရ၏ ။ အထူးသဖြင့် ဒဏ်ရာကြီးနှင့် ဘယ်ကျော်ကို မိသင့်ပါလျက် မမိလိုက်ဘဲ လွတ်သွားသဖြင့် အားမလိုအားမရ ဖြစ်နေကြသည်။
လက်ျာဘီလူးကမူ "မင်းတို့ ဘယ်ကျော် သေလူ" ဟု ဆိုလျက် ပြန်လှည့်သွားသည်။ သို့ရာတွင် ဘယ်ကျော်မှာ အလွန်သန်မာသူ ဖြစ်သည်။ အကြိမ်ကြိမ် ထိခိုက်ဖူးပါလျက် မသေခဲ့။ ယခုလည်း လှံချက်တန်းလန်းနှင့် ဟန်မပျက် ပြေးသွားနိုင်သေးသည်။ မတ္တရာသားတို့မှာလည်း ရဲရင့်သန်စွမ်းသူချည်း ဖြစ်၍ ဗညားဒလ၊ စောဗြတို့ထက် အဖမ်းခက်လိမ့်မည်ဟုသာ ယူဆရသည်။ ဟံသာဝတီကား ပျက်ခဲ့ပြီ၊ မည်သည့်အခါမျှ ပြန်လှန် ပုန်ကန်နိုင်တော့မည်မဟုတ်။
မကြာမီ တောင်ငူကြောင်းချီ တပ်များက စောဗြကို ဖမ်းမိ၍ ကွပ်ရသည်။ ကော့ကွန်းသို့ ပြေးသည့် ဗညားဒလကိုလည်း တလပန်းက ဖမ်း၍ သတ်လိုက်၏ ။ ဘယ်ကျော်နှင့် နောက်လိုက်အချို့သာ တကွဲတပြား ပြေးကြသဖြင့် ဖမ်းမမိ။ ဘယ်ကျော်မှာ ရင်ဝသို့တိုင် အချွန်ထွက်နေသော လှံအား မနှုတ်နိုင်ဘဲ အရင်းမှ ခုတ်ဖြတ်ခဲ့ရသည်။ ထိုဒဏ်ရာဖြင့် ကရင်တောသို့ ရောက်လျင် များမကြာမီ သေလေသည်။

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...