Translate

Showing posts with label စွယ်စုံရှင်. Show all posts
Showing posts with label စွယ်စုံရှင်. Show all posts

စွယ်စုံရှင်

စစ်သူကြီး တိမ်ကြားမင်းခေါင် အချုပ်ပြု၍ နေပြည်တော်မှ ချီလာခဲ့သော တပ်သား ၂၈၁၀ ပါ တရုတ် ရိက္ခာဖြတ်တပ်သည် ဧရာဝတီမြစ်ရိုးတစ်လျောက် ပူးတုံခွာတုံဖြင့် အထက်သို့ ဆန်တက်လာခဲ့ကြရာ ကသာအနီးတွင် လူ ၂၀၀၊ မြင်း ၈၀ ကို တပ်မှူး လက်ျာဘီလူးနှင့် မြောက်ဘက်သို့ စေလွှတ်လိုက်ပြီး ကျန်တပ်များကမူ မြစ်တစ်ဖက်ကမ်းသို့ ကူးကာ အရှေ့စူးစူးသို့ ဆက်လက် ချီတက်သွားကြသည်။
သူတို့ တပ်စု တာဝန်မှာ တရုတ်တပ်များ မြောက်ဘက်မှ ချီလာလျင် နေပြည်တော်ဆီ မရောက်မပေါက်နိုင်အောင် ဟန့်တားနှောင့်ယှက်ထားနိုင်ရန် ဖြစ်၏ ။ လမ်းခရီးမှ ရွာများက တရုတ်တို့သည် အင်အား အလုံးအရင်းနှင့် မြောက်စူးစူးသို့တိုင် ပေါက်ရောက်လျက်ရှိပြီ ဟု ဆိုနေကြသည်။ တစ်စိတ်ကို တစ်အိတ်လုပ် ပြောတတ်သော မြန်မာတို့၏ အကျင့်ကြောင့် မြောက်ဘက်ရောက်နေပြီ ဟူသော ကောလာဟလများ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး တကယ်တမ်းတွင်မူ တရုတ်တို့သည် ကောင်းတုံခံတပ်အား ကျော်လွန်နိုင်ခြင်း မရှိသေးချေ။
လက်ျာဘီလူး နှင့် လူ ၂၈၀ တို့သည် နေ့ည ချီရင်း ခရီးအတန်ပေါက်သည့်တိုင် ရန်သူ့အရိပ်အယောင်မျှ မမြင်ရ၊ ဖြူနီစပ်ကြား အသားအရောင် ရှိသူ မပြောနှင့်၊ လူသူရပ်သားများပင် မတွေ့ကြရပေ။ တောက ခေါင်လာသည်။ နက်သထက် နက်လာသည်။ တချိန်ချိန်တွင် ရန်သူ တွေ့ရနိုးနှင့် တဖြည်းဖြည်း ချီလာခဲ့ရာ ရက်သတ္တပတ်ကျော်သည်အထိ ရွာကိုပင် မတွေ့ရသဖြင့် သံသယဝင်လာခဲ့သည်။
တောတွင်း တစ်နေရာ အရောက် လူသူဆင်မြင်း အများအပြား သွားထားဟန်ရှိသော လမ်းကြောင်းကျယ်ကြီးတစ်ခုကို တွေ့သဖြင့် လိုက်ကြည့်ကြသည်။ မကြာမီ ကချင် ကဒူး ရှမ်းလူမျိုး ၁၀ ဦးခန့် စခန်းချနေသည်ကို တွေ့ရသဖြင့် မေးမြန်းစုံစမ်းရာ ဆင်ရိုင်းအုပ်နောက် လိုက်လာကြသော မုဆိုးအဖွဲ့ ဖြစ်နေသည်ကို တွေ့ကြရသည်။
လက်ျာဘီလူးသည် ရန်သူကို မတွေ့ဘဲ ဆင်အုပ်နှင့် တွေ့ရမည်ကဲ့သို့ ရှိနေရာမှ အကြံတစ်ခု တွေးမိသဖြင့် မုဆိုးများကို အကူအညီတောင်း၏ ။ မုဆိုးအဖွဲ့ကလည်း အကြံတူနေ၍ ဆင်မပစ်တော့ဘဲ ဆင်ရိုင်းများကို ကျုံးသွင်းရန် ပြင်ဆင်ကြလေတော့သည်။
မုဆိုး ၅ ယောက်နှင့် မြင်း ၅၀ လူ ၅၀ တို့သည် ဆင်ရိုင်းအုပ်နောက် လိုက်ကြ၍ လေညာမှ ကျော်တက်ပြီး ဆင်အုပ်ကို အရှေ့ဘက်သို့ ခြောက်လှန့် မောင်းသွင်းလာရန် ဖြစ်ပြီး ကျန် လူ ၁၅၀ မြင်း ၃၀ တို့သည် မုဆိုးများ ပြသော မြေပြန့်လွင်ပြင်တစ်ခုကို ခုတ်ထွင်ရှင်းလင်းပြီး ဆင်ကျုံးတည်ထားနှင့်ကြသည်။
ဆင်ကျုံးမှာ သစ်ပင်များကို ခုတ်လှဲကာ လမ်းကြောင်းကြီးတစ်ခု ဖြစ်စေ၍ သစ်လုံးများဖြင့် အဝင်လမ်း ပြုလုပ်ထားပြီး တစ်ဆစ်ချိုးအကွေ့တွင် ဆင်များကို ပိတ်ဖမ်းရန် ကျယ်ဝန်းသော လေးထောင့်စပ်စပ် သစ်လုံးတပ်ကြီး တည်ထားခြင်း ဖြစ်သည်။ သူတို့သည် တပ်တည်တပ်လုပ်နေကျဖြစ်၍ ကျွမ်းကျင် လျင်မြန်စွာ ကျုံးဆောက်ပြီးသလို မုဆိုးများကလည်း ဆင်ဖမ်းနေကျဖြစ်သဖြင့် မည်သို့ တည်ရမည်ကို ကောင်းကောင်း ညွှန်ကြားနိုင်ပေသည်။
၈ ရက်ခန့် အကြာတွင် အဝေးဆီမှ ဆင်သံများ ကြားရရာ သူတို့က တောအုပ်ထဲမှ စောင့်ကြိုနေကြရ၏ ။ ဆင်အုပ်သည် နောက်တစ်ရက်တွင် ရောက်ရှိလာပြီး အကောင် ၆၀၊ ၇၀ ခန့် ရှိမည် ထင်ရသည်။ ခေါင်းဆောင် စွယ်စုံဆင်ကြီးများရော၊ ဟိုင်းဆင် တည်ဆင်များအပြင် ဆင်မများ၊ ဆင်ပေါက်ကလေးများလည်း အများအပြား။ အစွယ် ၂ ချောင်းပါ စွယ်စုံကြီးများမှာ ကြီးမားလှပြီး ဆင်အုပ်ခေါင်းဆောင်မှာလည်း စွယ်စုံကြီးပင် ဖြစ်ရာ လက်ျာဘီလူး အလွန် သဘောကျနေလေသည်။
အစွယ်မပါသော၊ ပါသော်လည်း ငုတ်တိုလေးသာ ဖြစ်သော ဆင်အုပ်ထိန်း ဟိုင်းဆင်ကြီး ၂ ကောင်မှာလည်း အရွယ်လွန်ဖြစ်သည်။ အစွယ်တစ်ချောင်းသာ ပါသော တည်ဆင် ၃၊ ၄ ကောင်ခန့် တွေ့ရ၏ ။ ဆင်မက များသည်၊ သို့သော် သူတို့ ကျေနပ်နေကြသည်။ ဆင်များကို ရလျင် ဆင်ကြီး ဆင်ကောင်းများကို မြန်မာတပ်သားများက ယူကြမည်ဖြစ်ပြီး ဆင်မအချို့နှင့် ဆင်ပေါက်များကို မုဆိုးများက ယူကြရန် သဘောတူထားကြ၏ ။
အေးဆေးစွာ လျှောက်လှမ်းလာကြသော ဆင်အုပ်သည် ကျုံးအနီး ရောက်သည်နှင့် ဘေးဘီဝဲယာ ခပ်ဝေးဝေးမှ ပုန်းအောင်းနေကြသည့် လူနံ့ ရသွားသည်ဖြစ်ရာ မငြိမ်မသက် ဆူပူလှုပ်ရှားစ ပြုလာသည်။ ထို့ကြောင့် မုဆိုးများနှင့် လက်ျာဘီလူးတို့က အချက်ပေး၍ ဘေးနှစ်ဖက်မှ တပြိုင်တည်း ဆူညံစွာ အော်ဟစ် ခြောက်လှန့်ရင်း ပြေးတက်ကြ၏ ။ ဆင်များသည် အလွန်များပြားသော လူသံသူသံ ဝါးပေါက်ကွဲသံများကြောင့် ထိတ်လန့်ပြီး ခြေဦးတည့်ရာ ပြေးကြတော့သည်။
သို့သော် အနောက်ဘက်မှ လိုက်လာသော မြင်း ၅၀ နှင့် တပ်သားများက နောက်ကြောင်းပြန်ပြေးလာသော ဆင်များကို ဆီးကြို ခြောက်လှန့် ပစ်ခတ်ကြသည်။ ခေါင်ဆင်ကြီးများကမူ မပြေးဘဲ မြင်းများကို လိုက်လံထိုးနေသဖြင့် ဝရုန်သုန်းကား။ တည်ဆင်ကြီများ၏ နှာမောင်းဒဏ်ကြောင့် လူအချို့ လွင့်စင် မြောက်တက်သွားသည်။ ကချင် ဆင်ပစ် သံလှံတံရှည်ကြီးများ စိုက်ဝင် လဲကျသွားသော ဆင်တချို့လည်း အတုံးအရုံး။
ဆင်မများနှင့် ဆင်ငယ်ဆင်လတ်များကမူ လမ်းကြောင်းအတိုင်း ပြေးရင်း ကျုံးထဲ ကွေ့ဝင်သွားကြသည်။ ကျုံးပေါ်၌ တံခါးပိတ်ရန် ပုန်းအောင်း စောင့်ဆိုင်းနေသော တပ်သားများက ဝင်လာသော ဆင်များကို ရေတွက်ရင်း ပျော်မြူးနေ၏ ။ တပ်သားများ၊ မြင်းသည်များ၊ မုဆိုးများနှင့် ဆင်ကြီးများမှာမူ အရောရော အထွေးထွေး။ သို့သော် မကြာမီ တပ်သားများ စုစည်းမိပြီး လူအင်အား ကောင်းလာသဖြင့် လှံများဖြင့် ဝိုင်းထိုးကြရာ ဆင်ကြီးများ မခံနိုင်တော့ဘဲ တစ်ကောင်ပြီးတစ်ကောင် ကျုံးဆီ ပြေးကြတော့သည်။
စွယ်စုံ ခေါင်ဆင်ကြီးနှင့် တည်ဆင်ကြီးတစ်ကောင်သာ လူမည်မျှ များများ၊ မည်မျှ ခြောက်ခြောက် မရဘဲ ပြန်လည် တိုက်ခိုက်နေသည်။ တိုက်ဆင် ဆိုသည်မှာလည်း ဤသို့ မကြောက်တတ်မှ တိုက်ဆင်ကောင်း ဖြစ်နိုင်သည်။ အခြားဆင်များသည် မုန်ဆင်နှင့် တွေ့လျင်သော်လည်းကောင်း၊ ဟင်္သာပြဒါး သုတ်ထား၍ မျက်နှာနီသော တိုက်ဆင်နှင့် တိုက်ရလျင်သော်လည်းကောင်း ပြန်လှည့် ပြေးတတ်ကြရာ ကိုယ့်တပ်ကိုယ် ပြန်နင်းမိခြင်းများ ကြုံရတတ်၏ ။
မုဆိုးများထဲမှ ခေါင်းဆောင်ဖြစ်သူ မဂမ် က နှာမောင်းအား ကောင်းလှသော ဟိုင်းဆင်ကြီးကို ခက်ခက်ခဲခဲနှင့် ကျင်လည်စွာ ရအောင်တက်စီးသဖြင့် လက်ျာဘီလူးကလည်း ဟိုင်းဆင်လောက် မခက်သော စွယ်စုံဆင်ကြီးကို မြင်းနှင့်ကပ်၍ ခုန်တက်သည်။ ချွန်းနိုင်နိုင်ပေါက်၊ ခါချသမျှ ခြေမြဲအောင် ကုပ်ပြီး ဝင်ဆောင့်လိုက်တိုင်းလည်း လွတ်အောင် ရှောင်တိမ်းနေရရာ တပ်သားများမှာ သူတို့ ၂ ဦးကို ကြည့်ကာ ရင်တဖိုဖို။
နားရွက်နှင့် ဦးကင်း၌ ရစရာမရှိအောင် စုတ်ပြဲနေသော အခါတွင်မှ ဆင်ရိုင်းကြီးများသည် မာန်လျှော့၍ ကျုံးသို့ ဝင်၏ ။ ကျုံးအဝင် တပ်သားများ ချပေးသည့် ကြိုးများကို ဆွဲ၍ သူတို့ ၂ ဦး ကျုံးပေါ် တက်သွားကြသည်။ တံခါးပိတ်၍ ရေတွက်ရာ ဆင် အကောင် ၅၀ နီးပါး ရ၏ ။ သူတို့ကို ဆင်ကြီးဆင်လတ် ၃၀ ပေးပြီး မုဆိုးများကမူ ဆင်မနှင့် ဆင်ငယ် ၁၈ ကောင်ခန့်သာ ယူသည်။
မြန်မာတပ်သား ၅ ယောက်ခန့် ဆင်နင်းခံရကာ မုဆိုးတစ်ဦး သေ၏ ။ သို့ရာတွင် သူတို့ ဝမ်းသာလှပြီ။ မုဆိုးများကလည်း ဆင်ပစ်စရာ မလိုတော့ဘဲ ဆင်ဦးစီး ဆင်ပိုင်ကြီးများ ဖြစ်ကြရတော့မည့်အပြင် ဆင်ကျုံးကြီး တစ်ခုပါ ရမည် ဖြစ်သောကြောင့် ကျေနပ်နေကြ၏ ။ မြန်မာတပ်များကမူ ဆင်များကို လေ့ကျင့်ရန်နှင့် မြစ်အရှေ့ဘက်ကမ်းသို့ ကူးရန် စီစဉ်ကြရပေဦးမည်။
လက်ျာဘီလူးသည် မြင်း ၈၀ နှင့် လူ ၁၀၀ ကို အရှေ့ဘက်သို့ လမ်းပြမုဆိုးတစ်ဦးနှင့်အတူ လွှတ်လိုက်ပြီး မြစ်အကျဉ်းဆုံးနေရာ၌ ဆင်ကူးရန် ဖောင်များ ပြုလုပ်ထားစေသည်။ သူနှင့် ကျန်လူများကမူ ဆင်များကို ခွဲထုတ်ရန်၊ ကျုံးသွင်းလေ့ကျင့်ရန် နေခဲ့၏ ။ မုဆိုးများတွင် ၃ ဦးက ကျွမ်းကျင်သည့် ဆင်ဦးစီးများ ဖြစ်သလို သူ့တပ်တွင်လည်း ဆင်ဦးစီး လုပ်ဖူးသူ ၂ ဦး ပါလာသဖြင့် တော်သေးသည်။
ဆင်ဦးစီး ၅ ယောက်တို့သည် တစ်နေ့လျင် ၆ ကြိမ်ဖြင့် ဆင်ထီး ဆင်မ ၃၀ ကို အပြင်းအထန် လေ့ကျင့်ကြသည်။ လေ့ကျင့်နေစဉ် သူ့တပ်မှ ဆင်ဦးစီးတစ်ဦး သေဆုံးသွားသောကြောင့် နောက်ရက်များတွင် တပ်မှူး လက်ျာဘီလူးကိုယ်တိုင် ဆင်မတစ်စီးကို ကျင့်ပေးရ၏ ။ မကြာမီ သူလည်း ကျွမ်းကျင်လာပြီး စွယ်စုံဆင်ကြီးကိုပင် စီးနိုင်စွမ်း ရှိလာလေသည်။
ထိုအချိန်တွင် တရုတ် မြန်မာ ဒုတိယစစ်ပွဲမှာ အရှိန်အမြင့်ဆုံးအချိန် ဖြစ်နေလေပြီ။ တရုတ်တို့သည် အင်အား အလုံးအရင်းနှင့် ဗန်းမော်မြို့ကို သိမ်းထားသည်။ ကောင်းတုံခံတပ်ကိုလည်း လူသိန်းချီသော တပ်များနှင့် အကြိမ်ကြိမ် တိုက်ကြသည်ကို ဗိုလ်မှူး ဗလမင်းထင်က လူ ၅၀၀၀ နှင့် ပြင်သစ်အမြောက်တပ်ကို ပြင်ဆင်ကာ ရွပ်ရွပ်ချွံချွံ ခုခံနေရချိန်၊ နေပြည်တော်မှ ချီလာသော မဟာစည်သူနှင့် နေမျိုးစည်သူတို့ တပ်မကြီး ၂ ခုက ကောင်းတုံခံတပ်ကို ဝိုင်းဝန်း တိုက်ခိုက်နေသော တရုတ်တို့ကို ပြန်လည် ဝန်းရံ ပိတ်ဆို့ထားလိုက်ပြီ။
တရုတ်တို့၏ ရိက္ခာထောက်စခန်း ခံတပ်ဖြစ်သော ဗန်းမော်သို့ တောင်ဘက်မှ ပတ်လာသော ဝန်ကြီး မဟာသီဟသူရ တပ်များ ရောက်ရှိလာသလို တရုတ်တို့၏ ရေကြောင်းမှ လာသော ရိက္ခာတပ်များကို ဖြတ်တောက်ရန် ထွက်သွားသော တိမ်ကြားမင်းခေါင်တပ်များကလည်း ရိက္ခာထောက် ကတ္တူလှေ တစ်စီးမကျန် သိမ်းပိုက်ထားနိုင်သဖြင့် တရုတ်တို့ အင်အားနည်းလာချိန် ဖြစ်သည်။
ထိုအချိန်တွင် တရုတ်တို့၏ ဗန်းမော်ခံတပ်သို့ အနောက်မြောက်ဘက်မှ ဆင်တပ်ကြီးတစ်ခုက ဝင်ရောက်ထိုးဖောက် တိုက်ခိုက်လာသည်။ ဗန်းမော်ကို ဝန်းရံထားသော မဟာသီဟသူရ တပ်များနှင့် တိမ်ကြားမင်းခေါင်တပ်များက ဆင်ဖြူရှင် အမိန့်တော်အရ ကချင်ဒူဝါများထံမှ စစ်ကူလာသည် ဟု ထင်မှတ်နေကြ၏ ။ သို့သော် မဟုတ်၊ ကြည့်လိုက်ပါဦး။ ဆင်တပ်ကြီး နောက်မှာ ပါလာသည့် မြင်းသည်များက မြန်မာစစ်သည် အဝတ်အစားများနှင့်ပါလား။
ထို့နောက် ခြေလျင်စစ်သားများ၊ ဆင်ခြေဖုံး ရဲမက်များဖြင့် ပီဘိ ယိုးဒယား ဆင်တပ်မကြီးသဖွယ် ထင်ရသော မြန်မာတပ်ကြီး တစ်တပ်သည် ခံတပ်ရှိ သစ်လုံးကြီးများကို ဆင်များဖြင့် တွန်းဝှေ့ ဆွဲဖြိုကာ အတင်း ဝင်ရောက်ရန် ကြိုးပမ်းနေလေပြီ။ ခံတပ်ထိပ်မှ တထိန်ထိန် ပစ်ခတ်လျက်ရှိသည့် အမြောက်ဆံများကြား မကြောက်မရွံ့ ပြေးတက်၍ တပ်တိုင်များကို ကြိုးကွင်းစွပ် ဆွဲချနေသည့် တပ်သားများမှာ တပ်မှူး လက်ျာဘီလူး၏ လူကြမ်းများမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါဦးမည်နည်း။
ကချင်တပ်များ ထင်၍ အံ့သြနေသော မြန်မာတပ်မတော်သည် မြန်မာတို့၏ ဟစ်ကြွေးသံ၊ မြင်ဖူး သိဖူးသူများ၏ ပုံပန်းဟန်ပန်များကို မြင်ရသောအခါ အားတက်ပြီး ဗန်းမော်မြို့ကို ဝိုင်းတိုက်ကြတော့သည်။ ရိက္ခာပြတ် စစ်ပန်း၍ ဖျားနာနေသော တရုတ်တို့သည် ကြာရှည် မခံနိုင်ဘဲ မြောက်မျက်နှာ ပြင်မြို့ ပေါက်သည်နှင့် တပ်ပျက်ကာ ဖရိုဖရဲ ဆုတ်ခွာပြေးကြတော့သည်။
ကောင်းတုံ၌လည်း ဗိုလ်မှူး နေမျိုးစည်သူက တိုက်လာသဖြင့် ခံတပ်တွင်းမှ ဗလမင်းထင်တို့က စစ်နှစ်ဖက်ညှပ်ကာ ထွက်တိုက်ကြရာ ခံတပ်ကို ရံနေသော တရုတ်တို့ အရံဖြုတ်ပြီး ဆုတ်ခွာသွားသည်တွင် မြစ်ကြီးနားကြောင်းမှ မဟာစည်သူတပ်များနှင့် တွေ့ပြန်သည်။ တရုတ်တို့ ယူနန်အထိ အပြင်းဆုတ်ပြေးသည်ကိုပင် မဟာစည်သူတို့က နယ်ခြားအထိ လိုက်ထပ်ကြသေးသည်။
အလွန်ကဲသော ရဲသော၊ ကြမ်းသော ရမ်းသော လက်ျာဘီလူး နှင့် တိမ်ကြားမင်းခေါင်တို့ ဆင်တပ် မြင်းတပ်များကမူ ယူနန်ပြည်၏ မြို့ ၈ မြို့အထိ လိုက်လံတိုက်ခိုက်ပြီး သိမ်းယူလိုက်ကြချေသေးသည်။ နောက်မှ ဝန်ကြီး မဟာသီဟသူရက လိုက်လံ အခေါ်လွှတ်သဖြင့် ပြန်လည်ကြရ၏ ။
ထွားကြိုင်းသော စစ်ဆင်ကြီးများနှင့် အလွန်ကောင်းသည့် တိုက်ဆင်ကြီး ၂ စီးကိုပါ အချိန်တိုအတွင်း ရရှိလာခဲ့သည့် လက်ျာဘီလူး၏ တပ်များသည် စစ်ထွက်ရဲမက်များအလယ်တွင် မျက်နှာပွင့်လန်းနေတော့သည်။ စစ်သူကြီးများကလည်း လက်ျာဘီလူးကို အလွန် ချီးကျူးကြသည်။ အင်းဝနေပြည်တော်အပြန်တွင်လည်း ဆင်ဖြူရှင်မင်းတရားက လက်ျာဘီလူးအား သူ၏ဇာတိ တကောင်းအရပ်မှ စားကျေးရွာ ၅ ရွာကို ပေးလေ၏ ။
စွယ်စုံရှင် ငါးရွာစား လက်ျာဘီလူး၏ စားကျေးရွာများမှ ရသော အခွန်တော်ဖြင့် အဦးဆုံး ပြုသည့် အမှုသည်ကား ၎င်း၏ ရွာမှ ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းကို ခမ်းနားကြီးကျယ်စွာ ပြန်လည်ဆောက်လုပ် လှူဒါန်းခြင်းပင်တည်း။
Written by သင်္ခရာဇာ

End date: November 8, 2024

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...