မြစ်ကမ်းနံဘေး ရွာကလေးတစ်ရွာ၏ လှေဆိပ်အနီးတွင် အညာဆန်လှေကြီးတစ်စီး ဆိုက်ကပ်ထား၏ ။ လှေကြီးနှင့် တည့်တည့် သောင် ထိပ်ဝယ် လက်ပံပင်ကြီး ပေါက်ရောက်နေရာ ထိုအပင်ကြီးအောက်၌ လှေပေါ်မှ ဆင်းလာကြသော လှေထိုးသားအချို့က လက်ပံပွင့်များ ကောက်နေကြလေသည်။
အချို့ လှေသားများမှာမူ ကမ်းပေါ်တက်လျက် ဟင်းသီးဟင်းရွက် အရှာထွက်ကြ၏ ။ ကိုင်းများ၏ အစပ်တွင် ပေါက်နေသော ဘူးညွန့် ဖရုံညွန့် ချဉ်ပေါင်ရွက် ကန်စွန်းရွက် စသည်တို့မှာ ခွင့်တောင်းစရာ မလိုဘဲ လိုသလောက် ခူးယူနိုင်သော အသီးအရွက်များ ဖြစ်ကြသည်။
ရွာကလေးမှ ယာသူကြီး ကိုင်းသမားများကလည်း လှေတော်သားများ စားရန်အလို့ငှာ ခရမ်းချဉ်၊ ပဲ၊ ရုံးပတီ စသော ဟင်းသီးများ၊ နွယ်မှပေါက်သည့် ဘူးသီး ဖရဲသီး သခွားသီး စသော ဝလံများကို စေတနာအပြည့်ဖြင့် ခူးဆွတ်ပေးလိုက်ကြသေးသည်။
သူတို့သည် လှေကြီးပေါ်သို့ ပြန်ရောက်ကြသောအခါ စားပွဲတစ်ခု၌ ဝိုင်းထိုင်၍ ဟင်းချက်ရန် လှီးဖြတ် ရွေးသင်နေကြသူများလက်သို့ ပါလာသမျှသီးနှံတို့ကို အပ်လိုက်၏ ။ ထိုအခါ တဖျောက်ဖျောက် တဒုတ်ဒုတ် အသံများ ဝေဝေဆာဆာ ထွက်ပေါ်လာသကဲ့သို့ တစ်ယောက်တစ်ပေါက် စကားသံများလည်း စီစီညံညံ ရှိလာလေသည်။
"တို့တော့ မွန်ဟင်းပေါင်းကို ဘယ်လောက်ကြာအောင် စားရဦးမလဲ မသိပါဘူးကွာ"
ထောင့်တစ်ထောင့်ရှိ စားပွဲငယ်၌ စာရင်းများ ပြုစုနေသော သူတို့၏ လူငယ်ခေါင်းဆောင်ကလေးအား မေးငေါ့ပြရင်း တစ်ဦးက လှမ်းစသည်။ အခြားသူများကလည်း ရိပ်မိကြ၍ အချို့ ပြုံးစေ့စေ့၊ အချို့ မျက်ရိပ်မျက်ကဲဖြင့် မစနောက်ရန် ဟန့်နေသည်။ သို့သော် မရ၊ နောက်တစ်သံ ထွက်လာပြန်ချေ၏ ။
"အေးလကွာ၊ မွန်တွေ ဟင်းချက်ကောင်းတယ် ဆိုပေမယ့် သည်တစ်ခါတော့ မဟန်ပါကလား ဟရို့"
"မောင်တို့ကသာ မဟန်နေ၊ တို့ တပ်မှူးကဖြင့် စားကောင်းလွန်းလို့တဲ့ကွ.. နော့"
အိုးစားကြီးတစ်ဦးက မျက်စပစ် ပြောရာ တပ်မှူးအသံ ပါလာ၍ စာရေးနေသော လက်ျာဘီလူး မော့ကြည့်၏ ။
"အို.. ကောင်းဆို အကြင်နာ မေတ္တာသာ ပါရင် အဆိပ်တောင် ချိုတယ် ဆိုသမို့လား"
ဘာတွေ ပြောနေကြပါလိမ့် ဟူသော အမူအရာဖြင့် မျက်မှောင်တစ်ချက် ကျုံ့လိုက်ပြီးသကာလ စာပြန်ရေးနေသော လက်ျာဘီလူးအား စားဖိုဆောင်ခန်းမှ မိစောမွန်က လှမ်းကြည့်ရင်း ပြုံးလိုက်မိသည်။ သူ၏ တပ်သားများ စနေကြသည်ကိုလည်းကောင်း၊ သူတို့တပ်မှူး မရိပ်မိသေးသည်ကိုလည်းကောင်း မိစောမွန် ကြားသိ မြင်တွေ့နေရ၏ ။
"မင်းတို့ကသာ ထင်နေ၊ တို့တပ်မှူးက ရွှေဘိုမှာ ကျန်ခဲ့တဲ့ ယမင်းသူဇာ ခင်နှမနဲ့ ကြင်ရဖို့ တွေးနေသလား မသိ"
လက်ျာဘီလူး မော့ကြည့်ပြန်သည်။ သည်တစ်ခါ မိစောမွန် မပြုံးဘဲ သူပြုံးသွားသည်။ သို့သော် ဘာမှ မပြော၊ တစ်စုံတစ်ခု စဉ်းစားနေ၏ ။ ထို့နောက် ကညစ်တံဖြင့် တဂျစ်ဂျစ် ရေးခြစ်လိုက်ပြန်သည်။
"ဟေ့.. တို့အရှင် သူဇာခင်ထံ စာလွှာပါးမလို့ ကြိုးစားနေတာကို မင်းတို့ မနှောင့်ယှက်နှင့်ကွဲ့"
လက်ျာဘီလူး မော့မကြည့်နိုင်သော်လည်း နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးနေလေသည်။ မိစောမွန်ကတော့ နှုတ်ခမ်းစူလျက် ချွန်ကာ မျက်နှာကို ရှုံ့ထားလိုက်ရင်း ယောင်းမတစ်ချောင်းဖြင့် ဟင်းချိုအိုးကို ထိုးမွှေနေ၏ ။ ထိုအခိုက် တပ်သားများ၏ ဝါးခနဲ ရယ်သံ ကြားလိုက်ရသဖြင့် မလုံမလဲ လှမ်းကြည့်မိသေးသည်။
တပ်သားများက သူတို့ဘာသာ ပြော၍ရယ်နေကြ၏ ။ လက်ျာဘီလူးလည်း ထမလာနိုင်၊ ပြန်မပြောအား။ တပ်သားတစ်ဦးက 'သူဇာကိုလည်း မပစ်နှင့်၊ စာနုကိုလည်း မချစ်နှင့်' ဟူသော ဆိုရိုးတစ်ခုကို ပြောလိုက်သဖြင့် အခြားသူများက ငြင်းခုန်နေကြလေသည်။
"မင်းပြောသလိုဆို သူဇာဆိုတဲ့ အမျိုးသမီးကို ရရင် ဘယ်တော့မှ ပစ်မသွားလေနဲ့၊ စာနုဆိုတဲ့ မိန်းကလေး တွေ့ရင်လည်း ယောင်လို့မှ မချစ်မိစေနဲ့။ သည်လိုလား"
"ဟယ်၊ ငမုန်းနှယ်။ နရန်ကော.. အဲဒါ တိုက်ရိုက် ကောက်ရတာ မဟုတ်ဘူး။ သူဇာ ဆိုတာ သ.. ၆ကြာ၊ ဇ.. ၃ဂါ၊ စာ ကလည်း ၃ဂါ၊ နုက ၇နေ။ ဗေဒင်အလို သောကြာနဲ့ အင်္ဂါ ဖူးစာဖက်ရင် မပစ်မလျစ် ပေါင်းရမယ်။ အင်္ဂါ စနေ ဖြစ်ရင်တော့ ချစ်ကို မချစ်သင့်ဘူးလို့ ဆိုတာကွဲ့။ မှတ်ထား"
ငဘိုးသင် ဆိုသူက ဆရာကြီး လုပ်လိုက်သည်။ မယ်ညိမ်းမေ ဟူသည့် အိမ်သူနှင့် အကြောင်းပါခဲ့သော အိုးစားငနုက တစ်စခန်း ထလာသည်။
"ဟာ.. ကိုရင်ဘိုးသင် ပြောသလိုဆို ကျုပ်တို့ ဘယ့်နှယ်လုပ်မလဲ။ ငယ်လင်ငယ်မယားမို့ ချစ်လိုက်တာမှ တုန်လို့။ ဘာပြဿနာမှလည်း မဖြစ်ဖူးဘူး"
"ဒါပေမယ့် မင်းတို့ အခု ကွဲနေရပြီ မဟုတ်လား ငနုငဲ့"
" ကျုပ်တို့တင် ကွဲကရောလားဗျ၊ ခင်ဗျားတို့ အခြားနေ့နံတွေလည်း ခွဲပြီး လာကြရတာပဲ မဟုတ်ဘူးလား"
"ဒါနဲ့ ငဘိုးသင်ရဲ့၊ မင့်စာက အင်္ဂါကိုသာ တည်ထားတယ်။ ငါတို့ ၁နွေသမားတွေအတွက်ရော မရှိဘူးလား"
"ရှိမှာပေါ့ဗျာ၊ ကျုပ်က သူပြောတဲ့ ဆိုရိုးကိုပဲ သည်လိုဖြစ်နိုင်တယ်လို့ ကောက်ပေးတာ။ ပုဏ္ဏားတော် မဟုတ်လို့ သည့်ပြင် စာချိုးတွေတော့ မရဘူး မောင်"
"လက်စသတ်တော့ တကယ် နားမလည်ဘဲ ဖြီးဖြန်းနေတာပါလား ငဘိုးသင်၊ တော်စမ်းပါကွယ်။ သိလိုရင် တပ်မှူး သွားမေးကြည့်တာပ"
တပ်မှူး အသံကြား၍ လက်ျာဘီလူး စဉ်းစားခန်း ဝင်နေရာမှ မျက်လုံးရောက်လာသည်။ သူတို့ကလည်း ပြန်ကြည့်နေကြသည်ကို တွေ့သောကြောင့် 'ဘာလဲ' ဟူသော သဘောနှင့် မျက်ခုံးပင့်လိုက်၏ ။
"သြော်.. သည်မှာ စာနုကိုလည်း မချစ်နဲ့၊ သူဇာကိုလည်း မပစ်နဲ့ ဆိုတဲ့ စကားကို အငြင်းအခုံ ဖြစ်နေကြတာ တပ်မှူး။ တပ်မှူးများ သိရင် သည်ကောင်တွေကို ပြောပြလိုက်စမ်းပါဗျာ။ အလကား လျှောက်ပြောနေကြလို့"
လက်ျာဘီလူးက လည်ချောင်း ရှင်းလိုက်ပြီး လှမ်းပြောသည်။
"အဲဒါက ပညာရှိ ကဝိတွေ ကဗျာရေးဖို့ လမ်းညွှန်ထားတဲ့ စာတဲ့"
"တွေ့လား... ငါပြောသားပဲ"
"အမယ်.. မယ်၊ မင်း ဘာမှ မပြောရသေးပါဘူး။ ကဗျာနဲ့ ဆိုင်တာဆို ငါတို့ထဲမှာ တစ်ကောင်တောင် လေသံဟနိုင်တာမှ မဟုတ်ဘဲ"
"ငါပြောတာက မင်းတို့ ငြင်းနေတာ အချည်းနှီးလို့"
"ကဲပါ.. တော်ကြစမ်း၊ တပ်မှူး ပြောတာ နားထောင်ကြပါဦး"
လက်ျာဘီလူးက
"အဲဒါပဲလေ"
"တပ်မှူးကလည်း၊ သူ့ ရာဇဝင်လေးနဲ့ ဘယ်လို ဘယ်ဝါ နားလည်အောင်တော့ ရှင်းပြဦးမှပေါ့ဗျ"
"သြော်.. အဲဒီစာချိုးက အင်းဝရွှေနန်းရှင် မဟာဓမ္မရာဇာဓိပတိ လက်ထက်တော်က မြို့တွင်းရှင်ဘုရင် ဘွဲ့ထူးခံရရတဲ့ ဝန်ကြီး ပဒေသရာဇာ ရေးဖွဲ့ခဲ့တဲ့ သူဇာပျို့ကို ညွန်းထားတဲ့ စာကွ"
"ဘာဖြစ်လို့ သူဇာကို မပစ်ရတာလဲ"
"ကဗျာရေးမယ် ဆိုရင် စာနု စာညွန့် အနုအရွ အပြောက်အမွမ်းတွေနဲ့ ပြည့်နေတဲ့ သူဇာပျို့ကို မပစ်ထားဘဲ ဖတ်ဖြစ်အောင်ဖတ်၊ လေ့လာထားသင့်သတဲ့။ စာတွေက နုရွလွန်းတော့ စွဲပြီး လိုက်သုံးနေမိမှာစိုးလို့ အဲဒီထဲက စာနုတွေကိုလည်း မချစ်နဲ့လို့ ဆိုလိုတဲ့ သဘောပေါ့"
"ဟုတ်လား၊ အဲလောက်တောင် ကောင်းလား"
"ငါလည်း မဖတ်ဖူးဘူးလေ"
"ကောင်းရော"
ရယ်လိုက်ကြသည်။ မိစောမွန်က ဆိတ်သင်ပြီးသား အရွက် အသီးတို့ကို စကောကြီးနှင့် လာယူ၏ ။ အညွန့်ဆိတ်နေသူတစ်ဦးက
"တပ်မှူးရဲ့ သူဇာကိုရော ဖက်ဖူးသလား.. အားလားလား"
မိစောမွန်က ခလုတ်တိုက်သလိုနှင့် ထိုသူ၏ ခြေကို ဖိနပ်ဦးဖြင့် ကန်သွားသောကြောင့် စကားပင် ဆုံးအောင် မပြောနိုင်၊ ထအော်လေသည်။ လက်ျာဘီလူးလည်း မြင်လိုက်သည်။
"မင့်နှမ နာမည်က သူဇာ တဲ့လား"
ထိုသူ ပြုံးဖြီးဖြီးကြီး လုပ်နေလိုက်ရသည်။
"လိုက်လည်း လိုက်တဲ့ နှစ်ယောက်ဗျာ၊ တစ်ဦးက ခြေကို ကန်တယ်၊ နောက်တစ်ဦးကလည်း ရင်ဝတည့်တည့်ပဲ.. အဟဲ ဟဲ"
စဖြစ်အောင် စသော်လည်း မိစောမွန်က ရှက်မနေ၊ ခေါင်းမော့ကာ ထွက်သွားသည်။ ထို့နောက် ထုံးစံအတိုင်း အောက်ပြည်မှ ပါလာသည့် ဆား ငါးပိတို့ ခပ်ထားသော အိုးကြီးထဲသို့ ဟင်းသီးဟင်းရွက်များကို ပေါင်းထည့်လိုက်လေသည်။
"အင်း၊ ဒီနေ့လည်း ဟင်းပေါင်း ချဉ်ချဉ်စပ်စပ်ကို ထမင်းပူပူနဲ့ မြိန်မြိန်ကြီး လွေးရဦးမှာပါလား။ ဒီနေ့နဲ့ဆို ကျုပ် ထမင်းမြိန်တာ ငါးရက်တောင် ရှိသွားပါပေါ့လား.. အင်း"
လက်ျာဘီလူး ဖျတ်ခနဲ မော့ကြည့်၏ ။ တစ်ဦးက ဖာထေးလိုက်သည်။
"ဟင်းရွက်စုံတော့ ခွန်အားတိုးတာပေါ့ကွာ"
"ဟုတ်ပါတယ်။ ကျုပ်က ရွာမှာ ကျန်ခဲ့တဲ့ အခြောက် အခြမ်းနဲ့ အသားလေး အသွေးလေးတွေကို အောက်မေ့ လွမ်းဆွတ်မိလို့ပါ"
"ငါးပိတွေ ပါနေတာပဲ၊ စားတော်ကဲကြီးကို ဖုတ်ခိုင်းပြီး စပ်သီးနဲ့ တို့စားရောပေါ့"
"ဟာ.. မလုပ်နဲ့။ ဒီနေ့လည်း စားမရ၊ နောက်နေ့လည်း စားစရာမရှိ ဖြစ်သွားချင်လို့လား"
မီးဖိုထဲမှ ဒုန်းခနဲ အသံ ကြားလိုက်ရသဖြင့် လက်ျာဘီလူး ပြုံးသွားသည်။ သို့သော် သူ့တပ်သားများနှင့် သူ့ထမင်းချင်အသစ်တို့၏ စနောက်ပျော်ရွှင်နေကြသည့်ကြားသို့ သူ မဝင်။ မသိသလိုသာ နေလိုက်သည်။ သူတို့သည် မည်မျှ စစ သည်းခံခွင့်လွှတ်နိုင်ပေသည်။ မည်မျှဆိုးဆိုး နားလည်ကျေနပ်သည်သာ ဖြစ်၏ ။ မည်သူ့ကိုမျှ စိတ်မကွက်ချေ။
ထိုညက ရေနံချေးများ ဝနေသော လှေကြီးပေါ်တွင် မီးရောင် မှိတ်တုတ်မှိတ်တုတ်ဖြင့် ညစာ စားလိုက်ကြသည်။ ရွာမှ ပေးကမ်းလာကြသော ဟင်းကောင်းအချို့လည်း ပါသဖြင့် ပို၍ ထမင်းမြိန်သွားကြရသည်။ သို့သော် ယနေ့ဟင်းပေါင်းမှာ ခါးသက်သက်နှင့် အနံ့ကလည်း တစ်မျိုး ဖြစ်နေ၏ ။
စားပြီးကြသောအခါ ကုန်းပတ်ပေါ် တက်၍ လေညင်းခံနေစဉ် မိစောမွန် ရောက်လာပြီး စားလို့ရော အဆင်ပြေရဲ့လားဟု မေးလာသည်။ လက်ျာဘီလူးက အဆင်ပြေပါတယ် ဟု ပြန်ပြောရင်း စကားဆက်သွားကြ၏ ။ လေတဖြူးဖြူးနှင့် စကားပြော၍ ကောင်းနေစဉ် သူတို့နယ်၌ ခေတ်စားနေသော ဗုံကြီးသံတစ်ပုဒ်ကို တပ်သားတစ်ဦးက ထ ဟစ်လိုက်သည်။
အသံဝါဝါနှင့် သီဆိုလိုက်သံမှာ နားဝင်ပီယံ ရှိသဖြင့် အခြားတစ်ယောက်က ဝင်၍ ထောက်ပေးသည်။ စည်းချက်ကျကျ လက်ခုပ်သံများ ထွက်လာကြပြီးလျင် တစ်ယောက်တစ်ပေါက်မှသည် လေး ငါး ဆယ်ဦး စုပေါင်း၍ ဆိုလိုက်ကြလေ၏ ။ လက်ျာဘီလူးပင် စိတ်ပါလာပြီး လက်ခုပ်လိုက်တီး၍ ဝင်ဆိုသည်။
ထိုသို့ တပျော်တပါးကြီး ဆိုနေလိုက်ကြရာ ရွာမှ လူအချို့ ထွက်ကြည့်ကြသည်ကို သူတို့ မသိ။ လိုက်မဆိုနိုင်သည့် မိစောမွန်ကလည်း စည်းချက်အတိုင်း လက်ခုပ်တီးရင်း လူအုပ်အလယ် ရောက်သွားသော လက်ျာဘီလူးကို ကြည့်နေသည်။ တပ်သားအချို့မှာ "ဟေ့.. ဟေ့.. ဟေ့" ဟု အော်ကာ က နေကြလေပြီ။
"ကာရန်မနိုင် ကဗျာမကိုင်နဲ့၊
ဇက်မနိုင်ရင် မြင်းမကိုင်နဲ့၊
စိတ်မနိုင်ရင် ဓားမကိုင်နဲ့...လေ့"
လက်ျာဘီလူးက ဆိုရင်း ဓားကို မြှောက်လိုက်၏ ။ နောက်မှ လေ့ လေ့ လေ့ ဗျို ဟူသော လိုက်သံနှင့်အတူ ကြမ်းပေါ်သို့ ဦးစိုက်ကာ တစ်ပတ် လှိမ့်လိုက်သည်။ ပြုံးလက်လက်ဖြင့် စိုက်ကြည့်နေသော မိစောမွန်အနားသို့ ရောက်သွား၏ ။ မိစောမွန်၏ အကြည့်က ရွှန်းရွှန်းစားစား ဟု ဆိုရမည့် အကြည့်မျိုး။
လှေကြမ်းနားဝယ် ဓားကို ဝိုက်ရင်း ဓားသိုင်းက ကလိုက်သည့် လက်ျာဘီလူးအား ဝိုင်းပတ်၍ တပ်သားများလည်း ကတတ်သလို ကလိုက်ကြသည်။ လက်ျာဘီလူးက မိစောမွန်အား လက်ကမ်းလိုက်ရာ ခေတ္တ ဆိုင်းနေပြီးမှ လက်ျာဘီလူး၏ လက်ကို ပြန်ဆုပ်လာသည်။ ထို့နောက်..
ပျော်ရွှင် ဆူညံစွာ ကခုန်နေကြသည့် တပ်သားများအလယ်တွင် သူတို့နှစ်ဦးသည် မတူညီသော ဓားသိုင်းဟန်နှစ်မျိုးကို အတွဲအဖက်ညီစွာ ကနေကြသည်မှာ မည်မျှ အချိန်လင့်သွားသည်မသိ။ ကောင်းကင်၌ လမင်းကြီးက မဝိုင်းတဝိုင်း၊ မြစ်ပြင်ထက်မှ ဆောင်းလေက မအေးတအေး။ သူတို့အားလုံးလည်း ချွေးမစို့တစို့။
နံနက်၌ အရာအားလုံး လင်းချင်းနေသည့် အချိန်မှ လက်ျာဘီလူး နိုးလာခဲ့သည်။ နေမထွက်သေး၊ ဆောင်းငွေ့ကြောင့် ဝန်းကျင်တစ်ခိုလုံး အေးစက်နေ၏ ။ သို့သော် သူ မချမ်းအေးပါတကား။ အဘယ်ကြောင့်နည်း။ ခြုံထားသော ကမ္ဗလာထည်ပါးပါးကြောင့်တော့ဖြင့် မဟုတ်၊ သူ၏ ရင်ခွင်ထဲ၌ မိစောမွန်သည် တင်းကြပ်စွာ ဖက်လျက် အိပ်ပျော်နေသောကြောင့်တည်း။
သူ၏ နှာဝသည် အစော၏ ဝါတင်းတင်း နဖူးစပ်မှ အုပ်မိုးကျနေသော ဆံယဉ်စတို့နှင့် ထိကပ်နေ၏ ။ အစော၏ မျက်နှာက သူ့လက်မောင်းအောက်ဝယ် ပျောက်နေသည်။ သူသည် အံ့သြသော်လည်း ငြိမ်နေမိ၏ ။ နွေးထွေးညံ့သက်သော ကိုယ်ငွေ့ကို သာယာမိသလို ရှိ၏ ။ ညက မိစောမွန်ကို ပွေ့ချီခဲ့မိသည်ကို သတိရလာသည်။ သူ၏ လည်ကို သိုင်းဖက်ရင်း မေးဖျားကို ထိကပ်မိသော ပါးပြင်အား နမ်းရှိုက်မိသလား မသိတော့။ တွေးရင်း ဖြောင့်ချောနေသည့် ဆံပင်များကို မသိမသာ ပွတ်သပ်နေမိသဖြင့် မိစောမွန်လည်း နိုးလာလေသည်။
သို့ရာတွင် အတန်ကြာသည်အထိ နှစ်ဦးစလုံး ငြိမ်နေကြလေသည်။ ဆံစသင်းသင်းကြောင့် ပြန်၍ အိပ်ချင်လာစဉ် သူ့ရင်တွင် နွေးခနဲ ဖြစ်သွားပြီး မိစောမွန် ခွာလိုက်ကာ ထသွားလေသည်။ သူ မထနိုင်သေးဘဲ ကြည့်နေ၏ ။ နောက်မှ သတိရ၍ မိစောမွန်နောက် လိုက်သွားသည်။
"အစော"
"..........."
ပြန်မထူး၊ မြေအိုးကြီးတစ်လုံးအတွင်း လက်နှိုက်လျက် ဆန်ဆေးနေ၏ ။
"မနေ့က ဟင်းပေါင်းတွေ အကုန် သွန်ပစ်လိုက်တော့ အစော"
ထိုအခါမှ လှည့်လာသည်။
"ဘာဖြစ်လို့လဲ"
"ညက အားလုံး စိတ်လွတ်သွားကြတာ အဲဒီ ချဉ်ပေါင်ခါးတွေကြောင့် ဖြစ်မယ်"
"မခါးပါဘူး၊ ချိုပါတယ်"
ချိုပါတယ် ဟူသော အသံအရောက် တိုးလျသွားပြီးလျင် မျက်နှာတွင်လည်း ရှက်သွေးဖြန်းသွား၏ ။ လက်ျာဘီလူးက မသိကျိုးကျွံ ပြုလျက်
"ထမင်းတွေလည်း အကုန် ရေထဲ ငါးစာချလိုက်တော့။ မနေ့က အကျန် ဘယ်သူမှ မစားစေနဲ့"
"ဟုတ်"
လက်ျာဘီလူး ငူငူငိုင်ငိုင်နှင့် သွားထိုင်နေသလို မိစောမွန်သည်လည်း အိပ်မက် မက်နေသကဲ့သို့ ဖြစ်နေ၏ ။ တပ်သားအချို့ ဟိုမှ သည်မှ နိုးလာကြသည်။
"ဝှါး.. ညက ကလို့ ကောင်းလိုက်တာကွာ"
အသံအကျယ်ကြီးနှင့် ပြောလိုက်သူကို ဘေးမှ တစ်ဦးက လက်ကုတ်လျက် လက်ျာဘီလူးကို ပြသည်။ သမ်းလိုက်သူလည်း သတိရသွားပြီး ခေါင်းကို ပုလိုက်၏ ။ အသံမထွက်ကြတော့။ ညက အဖြစ်ကြောင့် နံနက်၌ လိုသည်ထက်ပို၍ တိတ်ဆိတ်နေကြလေသည်။
ခရီးမဆက်မီ ဟင်းစားရှာရန် ဆင်းသွားကြသောအခါ လက်ျာဘီလူးက မည်သည့်ချဉ်ပေါင်မှ ခူးမလာကြရန် လှမ်းမှာနေ၏ ။ ရွာထဲသို့ ဟင်းစားဝယ် ရောက်လာကြသည့် သူတို့ကိုလည်း ရွာသူရွာသားများက ဆီးပြောကြလေသည်။
"ညက လှေပေါ်မှာ မင်းသား မင်းသမီးတွေနဲ့ ကလိုက်ကြတာ တယ် ကြည့်ကောင်းပါလားဟေ"
"ဟာ.. အမိတို့ မြင်တယ်ပေါ့"
"အို.. တို့ ရွာလုံးကျွတ်နီးပါး ထွက်ကြည့်ကြတာပဲ။ လှေကြီးကလည်း ကောင်းလိုက်တာ မည်းလို့၊ မီးတွေကလည်း ထိန်နေတာပဲ။ လူတွေလည်း ကလိုက်တာ ကွေးနေတာပ အေ။ အသားနီနီနဲ့က မင်းတို့ တပ်မှူးလား.. လုံးတူဒေါက်တူနဲ့ သူတို့နှစ်ယောက်ရဲ့ ဓားသိုင်းအကကတော့ အဆန်းပဲ။ နောက် လူချင်း ပူးပြီး ဟိုဘက်ယှက်လိုက် ဒီဘက် မျှော်လိုက်နဲ့ ဟင်္သာကလေးတွေကျလို့"
"ဟုတ်လား.. ဟီးဟီး"
"ဟေ့ကောင် တော်တော့။ အမေတို့လည်း အဲဒီအကြောင်း မပြောကြနဲ့တော့။ ဒီစကား ဒီမှာတင်ရပ်၊ ကျွန်တော်တို့အတွက် အသားငါးသာ အချိန်အတွယ်ပြည့်ပြည့်ကလေး ထုပ်ပိုးပေးလိုက်ပါတော့"
"အေးပါကွယ်၊ တို့က ကြည့်ကောင်းလို့ ပြောမိတာပါ။ ရာဇဝတ် သင့်မယ်ဆို မပြောရဲပါဘူး။ ဒါနဲ့ အဲဒါ ဘယ်သူတွေလဲ"
တပ်သားတစ်ဦးက အမယ်ကြီးနား ကပ်၍ တီးတိုး ပြောသည်။
"ဟယ်"
"ဟုတ်တယ်၊ အဲဒါကြောင့် မပြောနဲ့လို့ တားတာ"
"ဗိုလ်မှူးကြီးက.."
"မပြောပါနဲ့ ဆိုဗျာ"
"ဟုတ်ပါပြီ မောင်ရယ်၊ ကျုပ်က မထင်လို့ပါ။ မင်းတို့ဗိုလ်က ချစ်စရာ ကောင်းသားပဲ"
"ဟုတ်တယ်၊ သွေးမကြီးဘူး။ ကျွန်တော်တို့နဲ့ တစ်ဝမ်းတည်းပဲ"
မလှမ်းမကမ်းမှ ကွမ်းမြုံ့ရင်း နားထောင်နေသော ဘကြီးက လှမ်းပြောသည်။
"ငါ့သားလေးများတောင် ထည့်လိုက်ချင်သဟိတ်"
တပ်သားများက ရယ်၍ ပြန်သွားကြသည်။ လှေဆီ ပြန်ရောက်ကြသောအခါ သွေးသောက် တစ်ဦးက လက်ျာဘီလူးအား မေးနေသည်ကို တွေ့ကြရ၏ ။
"တပ်မှူး ညက ဆိုတာ ဘာတဲ့၊ စိတ်မနိုင်ရင် ဓားမကိုင်နဲ့ ဆိုလား"
"ဟုတ်မှာပေါ့"
"တပ်မှူးကတော့ စိတ်နိုင်လို့ ဓားကိုင်တာပေါ့နော်"
လက်ျာဘီလူးက ချိတ်ထားသော သူ့ဓားကို လှမ်းကြည့်သည်။ ထို့နောက်
"မကိုင်ပါဘူးကွာ"
ဆို၍ တင်ကျည်းတုတ်တစ်ချာင်းကို ဆွဲယူကာ ထသွားလေရာ အနောက်ဘက်ခန်းမှ လှမ်းအကဲခတ်နေသော မိစောမွန် ပြုံးလိုက်မိလေသည်။
Written by သင်္ခရာဇာ
End date: November 17, 2021