တဟေးဟေး တဟားဟား အော်ဟစ်နေကြသော လူအုပ်ကြီးအလယ်မှာ ကျားသစ်မလေး တစ်ကောင်။ ဝိုင်းမိထားသော လူအုပ်ကြီးကို ထိတ်လန့်ဟန် တစ်စက်မရှိဘဲ မာန်ဖီနေသည်။ မဆင်မခြင် ဝင်လာသူမှာ အသက်ပျောက်ရန် သေချာသလောက်။ ကျားသစ်မလေးသည် နုနယ်ပျိုမြစ်သည်။ ဖြူဖွေးလှပသည်။ အလုံးအရပ် ပြည့်စုံသည်နှင့်မျှ မာန်ကလည်း ကြီးလှသည်။ သည်လောက် လူအုပ်ကြီး ဝိုင်းပတ်ထားပေမယ့် ရဲရင့်မှုက လျော့ကျမသွား။
ပြောင်လက်နေသော ဓားကောက်ကြီးကို ဝှေ့ရမ်းစိန်ခေါ်နေသည်။ ယောက်ျားသားများက ရယ်ကြသည်။ စ ကြသည်။ သွေးတိုးစမ်းကြသည်။ သားရဲမလေးက မတုန်လှုပ်ဘဲ ဝင်လာသော ဓားများကို ခတ်ထုတ်သည်။ ထိုးဆွနေသော တင်ကျည်းတုတ်ရှည်များကို ခုတ်ပစ်သည်။ သေနတ်နှင့် ဝိုင်းပစ်လျင်ပင် လက်နက်မချဘဲ အသေခံသွားမည့်ဟန်။
ထိုစဉ် သူ အသင့်အနေအထား ကိုင်ထားသည့် ဓားကောက်ကို လှံတိုတစ်စင်းက ခပ်ပြင်းပြင်း လာမှန်သဖြင့် ဆုပ်ကိုင်ထားနိုင်စွမ်း မရှိတော့ဘဲ လွင့်စင်သွား၏ ။ ပစ်လိုက်သူကို လှည့်ကြည့်တော့ မြင်းနှင့်ဝင်လာသော စစ်ကဲတစ်ဦး။ ကျားသစ်ရေ ခြုံထားသော ကသည်းမလေး မင်သက်သွားရသည်။ မြင်းစီးသူရဲ အချို့ကို ဦးဆောင်လာသော စစ်သူကြီးမှာ ငယ်ရွယ်လွန်းနေသောကြောင့်ပင်။
သူမြင်ဖူးသည့် အကြီးအကဲများမှာ အနည်းဆုံး အသက် ၄၅ နှစ်ကျော်များ ဖြစ်ကြသည်။ စစ်ထဲတွင် ငယ်ရွယ်သော ဗိုလ်တစ်ဦးကို မြင်ဖူးသည်မှာ ယခု ပထမဦးဆုံး ဖြစ်သည်။ မင်းညီမင်းသားလည်း မဟုတ်နိုင်။ ဆံပင်ဖားလျားနှင့် သာမန်သာ ဝတ်စားထား၏ ။ ယခင်က တိုက်ခဲ့ဖူးသော မြန်မာစစ်သူကြီး တပ်မင်းကြီးများကဲ့သို့ ရှုပ်ထွေးသော အဆောင်အယောင်များကို အလျဉ်းမတွေ့ရ။
သို့သော် သူရောက်လာသည့်နှင့် ဆူညံနေခဲ့သည့် လူအုပ်ကြီး ဟုပ်ခနဲ ငြိမ်ကျသွားသည်မှာ အလွန် အရှိန်အဝါကြီးသူမှန်း သိသာနေသည်။ သူက ခက်ထန်သည်လည်းမဆိုသာ၊ ပျော့ပျောင်းသည်လည်း မဟုတ်သော မျက်နှာမျိုးဖြင့် မြင်းပေါ်မှ ဆင်းပြီး တစ်လှမ်းချင်း လျှောက်လာသည်ကိုသာ ငေးကြည့်နေမိသည်။
ယခင်က သူတို့ကသည်းလူမျိုးများကိုသာ တည်ကြည်ကြသည် ထင်ခဲ့၏ ။ ဤလူကတော့ လေးနက်သည်ထက် အေးစက်နေသည်။ အရင်က မိမိတို့ ကသည်းဗိုလ်မှူးကြီးများကိုပင် ခန့်ညားသည် ထင်၍ မြန်မာစစ်သည်များကို ပေစုတ်စုတ်များဟုသာ မြင်ခဲ့သည်။ ယခုတော့ ကြမ်းရိုင်းသော အသွင်နှင့် နုနယ်ခန့်ညားသည့် ဟန်ကို မြင်ရသောအခါ အံ့သြနေမိသည်။
ထိုသူက တည့်တည့်လျှောက်မလာဘဲ လွင့်ကျသွားသော ဓားကို သွားကောက်သည်။ ဓားကို သေသေချာချာ ကြည့်ကာ ဆ ကြည့်နေသည်။ လွှဲယမ်းခုတ်ပိုင်းကြည့်သည်။ လက်ဆအလွန်ကောင်းသော ကသည်းဓားကို သဘောကျသွားပုံ ရ၏ ။ သို့သော် ချက်ချင်း ထိုဓားကို ကျားသစ်မလေးဆီ ကမ်းပေးလိုက်သဖြင့် အားလုံးက အံ့သြသွားကြပြန်သည်။
''ဓားကို သိမ်းထားလိုက်ပါ မင်းသမီး။ ခုခံနေလို့လည်း အပိုပါပဲ။ အမိတို့ကို ကျုပ်တို့ မင်းတရားကြီးထံ ခေါ်ဆောင်သွားရပါလိမ့်မယ်''
မည်သူလာလာ မာန်မချဟု ထင်ရသော ကျားရဲမလေးသည် သူ့စကားကို မလွန်ဆန်နိုင် ဖြစ်သွား၍လား၊ သူ့ကို ရန်ပြုနေ၍ မထူးမှန်း သဘောပေါက်သွား၍လား မသိ ဓားကို အသာတကြည် ပြန်ထည့်လိုက်သည်။ လက်ရ ဖမ်းဆီးရန် ကပ်လာသော ရဲမက်များကို သူက လက်ကာပြရင်း
''သူတို့ဟာ သုံ့ပန်း အကျဉ်းသားတွေ မဟုတ်ဘူး။ ကြိုးမတုပ်နဲ့။ ဟိုလူတွေကိုလည်း လွှတ်ပေးလိုက်။ မပင်ပန်းပါစေနဲ့''
သူက ကသည်းမင်းသား စန္ဒသာ၊ ပေါတရသာ တို့နှင့် စော်ဘွားညီ၏ မယား သားသမီးတို့ကို ဖမ်းဆီးချုပ်နှောင်ထားသည့် နေရာကို ညွှန်ပြ၍ ပြောလိုက်ပြီး မြင်းပေါ် ပြန်တက်သွားသည်။ ဗိုလ်အချို့နှင့် အနည်းငယ် ပြောဆိုပြီး ထွက်ခွာသွားသည်အထိ ကသည်းမင်းသမီးလေး စန္ဒဝတီ လိုက်ကြည့်နေမိလေသည်။
ဟံသာဝတီ ပဲခူးကို ရ၍ ပြန်လာသော ကုန်းဘောင်တပ်များသည် ခရီးရောက်မဆိုက် ကသည်းပုန်ကန်မှုနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ကသည်းစော်ဘွားသားသည် ဖခင်ကို သတ်၍ ထောင်ထားခြားနားလာသဖြင့် မုဆိုးချုံဗိုလ် မင်းခေါင်နော်ရထာ၊ မင်းလှနော်ရထာ၊ မင်းထင်နော်ရထာ၊ မင်းကျော်အာကာ စသည့် ဗိုလ်ချုပ်များကို ရှေးဦးချီစေ၍ အလောင်းမင်းတရားကိုယ်တော်တိုင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းသို့ လိုက်ပါလာသည်။
ကသည်းစော်ဘွားဟောင်း၏ ညီသည် အရီးတော်နှင့် နှမတော်ကို ခေါ်ဆောင်၍ ပြေးလာခိုလှုံလျင် ညီမတော် ဆရည်ဝတီကို ရာဇဒေဝီ အမည်နှင့် နန်းတင်လေသည်။ ထို့နောက် အလောင်းဘုရား ကိုယ်တိုင် တိုက်လျင် ကသည်းတို့ မခံနိုင်၍ ပြေးကြ၏ ။ တောတွင်း ဝင်ပြေးသမျှကို လိုက်ဖမ်းစေသော်လည်း တောကြီးလှသဖြင့် အားလုံးကို မမိ။
မင်းထင်နော်ရထာဘွဲ့ခံ လက်ျာဘီလူးတပ်သည် တောတောင်အနှံ့ လိုက်လံရှာဖွေရာ ကသည်းအချို့ကို ဖမ်း၍ စစ်မေးလျင် ကသည်းမင်းသားနှစ်ဦး၊ စော်ဘွားညီ၏ မယားနှင့်သမီး အပြင် စော်ဘွားနှမ စန္ဒဝတီကိုလည်း ဖမ်းမိသည်။
အသက် ၁၃ နှစ်ကျော်သာ ရှိသေးသော ကသည်းမင်းသမီး စန္ဒဝတီသည် ငယ်သော်လည်း ထက်မြက်သည်။ မြင်းစီး လေးအတတ်တွင် ကျင်လည်လှသည်။ လက်ျာဘီလူး ဆိုသည့် ငယ်ငယ်ချောချော စစ်သူကြီးကို ပရိယာယ်နှင့် ကပ်၍ မိန်းမတို့မာယာသုံးကာ လွတ်မြောက်ရန် ကြံစည်ကြည့်၏ ။
''မောင်ကြီးက ငယ်ငယ်လေးနဲ့ ဗိုလ်မင်းကြီး ဖြစ်နေတယ်နော်… စစ်သူကြီးလား ဟင်''
ဟူသည့် စကားကို လက်ျာဘီလူးက
''အမိ ဘယ်လိုပင် ပြောသော်လည်း စိတ်ပြောင်းမယ် မဟုတ်''
ဟု ပိတ်ပြောလိုက်သဖြင့် ဘာမှ ဆက်မပြောနိုင်ဘဲ နှုတ်ခမ်းစူကာ ပြန်ခဲ့ရသည်။
တောအုပ်တွင်းမှ ထွက်၍ တပ်တော်များကို မြင်ရသောအခါ စန္ဒဝတီသည် စိတ်ပြောင်း၍ မြင်းစီးစစ်သည်တစ်ဦးထံမှ မြင်းကို လုယူ ထွက်ပြေးသောကြောင့် လက်ျာဘီလူးတို့ လိုက်ကြရပြန်သည်။ မြင်းကို သေနတ်နှင့်ပစ်၍ မြင်းသေမှ မိ၏ ။ လက်ျာဘီလူးကိုယ်တိုင် စန္ဒဝတီကို ချုပ်နှောင်၍ မြင်းကြီးတိမ်ပျံပေါ် တင်ကာ ခေါ်ဆောင်ခဲ့ရသည်။ မင်းသမီးကို မြင်းပေါ်တင်လာသဖြင့် တပ်သားများ၏ သြဘာပေးခြင်းကို ခံလိုက်ရသေးသည်။
မင်းတရားထံ ရောက်သောအခါ အပြင်အလျာနှင့် ပြည့်စုံသော စော်ဘွားနှမတော် စန္ဒဝတီအား အလောင်းမင်းတရားက မိဖုရားမြှောက်မည် ပြုပြန်သည်။ မိဖုရားခေါင်ကြီး ရှင်ယွန်းစံက ထိုညတွင် ဂုဏ်ထူးဆောင်ခဲ့သော အရှေ့ဝင်းမှူး ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာ ဘွဲ့ခံ လက်ျာဘီလူးအား ခေါ်တွေ့ ချီးကျူးပြီးနောက်
''မင့်အရှင်ကတော့ စန္ဒဝတီကိုလည်း မိဖုရားထပ်မြှောက်ဖို့ ကြံနေတယ်။ အရွယ်တော်နဲ့မှ မတော်ကွယ်။ မယ်မယ်လည်း မပြောချင်တော့ဘူး။ ငါ့သားက မင်းတရားကြီးရဲ့ လူရင်း ဖြစ်တယ်။ သားပြောရင်တော့ မင့်သခင် အရေးတော် ယူကောင်းပါရဲ့။ အမျက်တော် ရှမှာလည်း စိုးမိတယ်ကွယ်''
ဟု ဆိုသည်။ လက်ျာဘီလူးက ''မယ်မယ် စိတ်တော်မညှိုးပါနဲ့ဘုရား'' ဟုသာ လျှောက်ခဲ့သည်။
နောက်တစ်နေ့တွင် ယာယီတဲနန်း၌ ညီလာခံ ကျင်းပခိုက် ကသည်းမင်းသမီးငယ်ကို မိဖုရားမြှောက်မည့် ကိစ္စအား မည်သူမျှ မလျှောက်ရဲကြသော်လည်း လက်ျာဘီလူးက ထ၍ လျှောက်၏ ။
''စဉ်းစားတော်မူပါဦး ဘုရား။ မကြာသေးမီကပင် ကသည်းဘုရင့်နှမတော်အား ရာဇဒေဝီ အမည်နှင့် နန်းတင်ခဲ့ပြီးပါပြီ။ ယခု မာန်ကြီး၍ ပရိယာယ်များသော ကသည်းမင်းသမီးအား ထပ်မံ၍ မိဖုရား မြှောက်ပါလျင် အရှင့်တွင် ဘေးကျရောက်မည်ကို စိုးရိမ်ရကြောင်းပါ။ ကသည်းတို့သည် လက်နက်လေးမြား မြင်းစီးအတတ် ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။ အဆင်းကိုသာ မကြည့်ဘဲ စိတ်ကို ချုပ်၍ မြော်မြင်တော်မူပါမှ သင့်မည်ဖြစ်ကြောင်းပါ ဘုရား''
သူ့စကားသည် အလောင်းမင်းတရားကြီးအား စော်ကားလိုက်သကဲ့သို့ ဖြစ်သွားသည်။ တဏှာကြီးသူဟု သွယ်ဝိုက်၍ ဆိုလိုရာ ရောက်သွားသည်။ မင်းမဖြစ်မီကပင် အဝတွင် မယားငယ် ရှိခဲ့ကြောင်းကို အများ သိကြသော်လည်း မည်သူမျှ ထုတ်ဖော် မပြောရဲခဲ့ကြ။ ယခု လက်ျာဘီလူးစကားက အစွန်းမလွတ် ဖြစ်ချေပြီ။
''သယ်… သည် ငစံ မိုက်မဲရိုင်းပျလှသည်။ ငါ အရေးတော် ပေးသည်ကို ရောင့်တက်၍ စော်ကားပြောဆိုရဲသည်။ သင်းကို ယခုချက်ချင်း အပေါင်အလက် ဖျက်၍ သတ်သင့်သည်''
မိဖုရားကြီးမှ စ၍ စစ်သူကြီး မှူးမတ် ဆွေတော်မျိုးတော် အားလုံး ထိတ်လန့်သွားကြသည်။ စန္ဒဝတီ ပင်လျင် စိုးရိမ်သွားမိသည်။ သူက ကိုယ်တွေ့ကြုံခဲ့ဖူးသောကြောင့် သူ့ရှင်ဘုရင်အတွက် စိုးရိမ်ပုံ ရကြောင်းလည်း သိနေသည်။ ထိုအဖြစ်ကို မပြောဘဲ မိဖုရားမမြှောက်သင့်ဟု မင်းကို ကဖျက်ယဖျက် သွားလုပ်မိသဖြင့် ယခု အသတ်ခံရပေတော့မည်။ အလောင်းမင်းတရားက စိတ်ကို ထိန်း၍ ဆက်ပြောသည်။
''ချောင်းဘေးတွင် ပေးခဲ့သော ကတိကြောင့် ယခုတစ်ကြိမ် မကွပ်သော်လည်း ငါ့ကတိ ကုန်ပြီ။ နောက်တစ်ကြိမ် ငါကိုယ်တိုင် နင့်ကို ကွပ်မည်။ သည်လူမိုက်အား သံခြေကျင်းလက်ကျင်းနှင့် ပင်ပန်းကြီးစွာ ထားလေ။ သင်း အဆောင်အယောင် ဘွဲ့ရာထူး အားလုံးသိမ်း။ ငါက လွှတ် ဆိုမှ လွတ်စေ''
ရေမြေ့ရှင် အမိန့်မို့ ပြင်းလှသည်။ အရှေ့ဝင်းမှူး ဗိုပ်ချုပ်ကြီး မင်းထင်နော်ရထာ အဖြစ်မှ တပ်သား ငစံဘဝသို့ ချက်ချင်း ပြောင်းသွားသည်။ ပါးကွက်သားများက သူ့အား ရာဇဝတ်သားအဖြစ် ဦးဆံဖြည်ကာ ဆွဲငင်ထုတ်သွားကြပြီ။ အလောင်းမင်းတရားလည်း အမျက်ဒေါသကြီးစွာ ညီလာခံသဘင်ကို သိမ်း၍ အတွင်းတော် ဝင်သွား၏ ။
ထိုနေ့က ထိုသို့ ဖြစ်သွားသဖြင့် စန္ဒဝတီကို မိဖုရား မမြှောက်ဖြစ်။ နောက်နေ့များတွင်လည်း မိဖုရားမြှောက်ရန် မဆိုတော့ဘဲ အနီးအနားတွင်သာ စေပါးရန် ထားလေသည်။ စန္ဒဝတီ ကလည်း မိဖုရား မဖြစ်ချင်ပါ။ သို့သော် ဘုရင်ကို လုပ်ကြံခွင့် ရနိုင်သော အခွင့်အရေး လက်လွတ်သွားသည့်အပြင် လူသူဗိုလ်ပုံရှေ့၌ အရှက်ရခဲ့သဖြင့် လက်ျာဘီလူးအပေါ်တွင် အငြိုးကြီးစွာ ဖွဲ့မိလေပြီ။
တစ်ရက်တွင် လက်ျာဘီလူးအား အကျဉ်းချထားရာဆီသို့ သွားကြည့်သည်။ သစ်လုံးကြီးများဖြင့် ပိတ်ထားသည့် အခန်းကျဉ်းလေးထဲမှာ သံခြေကျင်း သံလက်ပတ် သံကြိုးကြီးများဖြင့် ဆင်းရဲပင်ပန်းလှစွာသော လက်ျာဘီလူးကို တွေ့သည်။ စန္ဒဝတီက သနားဟန် ပြုကာ အဆိပ်ပါသော အစာကို ကျွေးလေသည်။ လက်ျာဘီလူး ကောင်းမွန်စွာ စားသည်ကို မြင်မှ ပြန်ခဲ့သည်။
အလောင်းမင်းတရား အပါးတော် ခစားရင်း ဘယ်အချိန် လက်ျာဘီလူး သေပြီ ဆိုသည့်သတင်း ရောက်လာမလဲ ဆိုသည်ကို နားစွင့်နေသည်။ အရှေ့ဝင်းမှူး အသစ်ဖြစ်သော မင်းကျော်အာကာနှင့်လည်း ခင်အောင်ပေါင်းထားပြီး သတင်းကို စုံစမ်းသည်။ သို့သော် သုံး လေးရက် ရှိသော်လည်း လက်ျာဘီလူး လဲနေသည် ဆိုသည့် သတင်းမှအပ အခြားသတင်း မကြားရသေး။ မင်းကျော်အာကာ ထံမှလည်း လက်ျာဘီလူး အသည်းအသန်ဖြစ်နေသည် ဟုသာ သိရသည်။ သေပြီဟု မဆို။
မထင်မှတ်သည့် သတင်းကသာ အရေးတကြီး ရောက်လာသည်။ နိုင်ငံတော် ကျေးစွန်တောင်ဖျား ထားဝယ်ဒေသများသို့ ယိုးဒယားက ထိပါးလာကြောင်းနှင့် မုတ္တမ မော်လမြိုင်မှ မွန်တို့လည်း ပုန်ကန်မည် ကြံကြကြောင်း သတင်းများ ဖြစ်သည်။ အလောင်းမင်းတရားနှင့် မိဖုရား သားတော် သမီးတော်များလည်း ရန်ကုန်သို့ စုန်သွားကြပြီး ရွှေတိဂုံဘုရားတွင် ဇရပ်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းကြပြီးနောက် သားတော် အိမ်ရှေ့မင်းနှင့် မိဖုရားခေါင်ကြီး ရှင်ယွန်းစံတို့ကို နေပြည်တော် ပြန်စေ၍ အလောင်းမင်းတရားကမူ သားတော်လတ် မြေဒူးမင်းနှင့် ယိုးဒယားသို့ ချီမည် ပြင်၏ ။
မုဆိုးချုံဗိုလ် စစ်သူကြီး မင်းခေါင်နော်ရထာက အကျဉ်းကျနေသော လက်ျာဘီလူးကို သွားတွေ့သည်။ လက်ျာဘီလူးက 'မိဖုရားခေါင်ကြီးအား နေပြည်တော်ပြန်လျင် စန္ဒဝတီကို အလုပ်အကျွေးအဖြစ် ထည့်လိုက်ပါရန် မင်းတရားကြီးထံ လျှောက်ထားပါ' ဟု သွားပြောပေးရန် ဦးတွန်ကို တောင်းဆိုလေသည်။ ဗိုလ်တွန်ကလည်း မိဖုရားခေါင်ကြီးကို လက်ျာဘီလူး မှာသည့်အတိုင်း သွားလျှောက်သည်။ ရှင်ယွန်းစံ၏ တောင်းဆိုချက်အရ အလောင်းမင်းတရားက စန္ဒဝတီကို ရှင်ယွန်းစံနှင့် ပြန်ထည့်လိုက်ရန် သဘောတူသည့်အပြင် လက်ျာဘီလူးကိုလည်း လွှတ်၍ သာမန်တပ်သား အဖြစ် ယိုးဒယားသို့ လိုက်ပါရန် အမိန့်တော် မှတ်လိုက်သည်။
လက်ျာဘီလူးလိုလူကို တပ်သားအဖြစ် မထားရဲကြသော တပ်မှူးများက ချက်ချင်းပင် သွေးသောက်ကြီးအဖြစ် တိုးပေးလိုက်ကြသည်။ စန္ဒဝတီသည် အဆိပ်ကျွေး၍မျှ မသေနိုင်သော လက်ျာဘီလူးကို ဒုက္ခပေးရန် ကြံပြန်၏ ။ ထိုအခါ လက်ျာဘီလူးနှင့် သူ့တပ်သား ၅၅ ယောက်သည် စန္ဒဝတီ၏ ညွှန်ကြားမှုကြောင့် အစာရေစာ ငတ်မွတ် ခေါင်းပါးကြရလေသည်။ လက်ျာဘီလူးက အခြားတပ်များ ရိက္ခာ ရကြသော်လည်း သူ့တပ်သာ ရသင့်သလောက် မရ ဖြစ်နေခြင်းကို သိ၏ ။ ကသည်းမင်းသမီး၏ အငြိုးမှန်းလည်း သိသဖြင့် သူ့ကြောင့် ရော၍ ခံနေရသော သူ့တပ်သားများအတွက်သာ စိတ်မကောင်း ဖြစ်မိလေသည်။
တစ်ကြိမ်တွင် လက်ျာဘီလူးနှင့် သူ့လူများ ချောင်းမှ သောက်ရေခပ်နေကြသည်ကို စန္ဒဝတီ တွေ့သွားသဖြင့် အခြားတပ်များကို မသိမသာ ပြန်ခိုင်းလိုက်ပြီး လက်ျာဘီလူးတို့ တပ်ကိုသာ နှစ်ဆ ပို၍ ရေသယ်ခိုင်း၏ ။ ကျည်တောက်များဖြင့် ခက်ခက်ခဲခဲ ချောင်းထဲမှ တက်၍ ယိုင်သော ခြေလှမ်းများဖြင့် ကုန်းကို တက်နေသော လက်ျာဘီလူးကို မမြင်ကွယ်ရာမှ အရသာခံကြည့်ကာ ပျော်နေမိသည်။
မိုးလယ်ခါ ဖြစ်သဖြင့် ချောင်းမှာ ရင်စို့အထိ ရေနက်၏ ။ လက်ျာဘီလူး၏ တပ်သားတစ်ဦးမှာ ချောင်းအတက်တွင် ခြေချော်ကာ ဟန်ချက်ပျက်သွားရာ နောက်မှ လက်ျာဘီလူးက ဝါးကျည်တောက်များကို တွန်းထိန်းပေးထားသည်ကို တွေ့ရသည်။ သို့သော် ရေစီးသန်သော ချောင်းဖြစ်၍ နှစ်ယောက်လုံး မဟန်နိုင်ဘဲ ရေထဲ လန်ကျသွားကြသည်။ ဤအဖြစ်ကို ကြည့်၍ စန္ဒဝတီက တခိခိ သဘောကျနေ၏ ။
ကျည်တောက် လွတ်သွားသော တပ်သားက ပြန်ထလာသော်လည်း ကျည်တောက်များ လွယ်ထားသော လက်ျာဘီလူးကတော့ ရေစီးထဲ လိမ့်ပါသွားသည်။ ရေနက်ရာဘက် ရောက်လာသည်အထိ သူ့ကိုယ်သူ မထိန်းနိုင်သောအခါ စန္ဒဝတီပင် စိုးရိမ်လာမိသည်။ သူ့တပ်သားများကလည်း ကျည်တောက်များ ပစ်ချ၍ လိုက်ဆွဲရန် ပြင်နေကြသည်။ လက်ျာဘီလူးက ဝါးများကို အောက်တွင် ထားကာ ကူးခပ်ရန် ကြိုးစားနေသေးသည်။
ရုတ်တရက် တစ်စုံတစ်ခု ဖြစ်ဟန်ဖြင့် ကူးနေသည်ကို ရပ်ကာ ကိုယ်ကို ကုန်းလိုက်သည်။ ခြေဖဝါးကို မြှောက်လျက် ဖိကိုင်ထားတာ တွေ့ရသည်။ အာဟာရ ပြတ်လတ်နေခဲ့သဖြင့် အကြောများ ဆိုင်းကာ ခြေဖဝါး ကုပ်ကွေးသွားခြင်း ဖြစ်ကြောင်း စန္ဒဝတီ နားလည်လိုက်၏ ။ သူက ရေထဲမှာ တစ်ပတ်လည်၍ ခေါင်းပြန်ပေါ်လာတော့ ချောင်းအောက်ဘက်မှ စောင့်ကြည့်နေသော စန္ဒဝတီကို မြင်သွားသည်။ စူးရဲသည့် အကြည့်တစ်မျိုးဖြင့် ကြည့်ရင်း နစ်မြုပ်သွားပြန်သည်။
သူတို့ တပ်သားများဘက် ကြည့်တော့ လှေ မရှိသဖြင့် ရေထဲ ကူးလိုက်လာသူများ၊ ချောင်းဘေးမှ ပြေးလိုက်လာသူများကို တွေ့ရသည်။ စန္ဒဝတီ အနီး၌ လှေငယ်တစ်စီး ရှိသည်ကို တပ်သား ငကံက တွေ့သွားပြီး ကြိုးကို ဆွဲဖြုတ်နေသည်။ စန္ဒဝတီလည်း သူ့ကိုယ်သူ ဘာလုပ်မိမှန်း မသိ၊ လှေဆီ ပြေးသွားကာ တွန်း၍ နှစ်ယောက်သား တက်လိုက်ကြသည်။
ရေစီးထဲမှာ လက်ျာဘီလူးနှင့် ဝါးများ တလိမ့်လိမ့် မြုပ်လိုက် ပေါ်လိုက် ဖြစ်နေရာသို့ ငကံက အပြင်းလှော်သွားပြီး စန္ဒဝတီက ဝါးကျည်တောက် တစ်ခုကို ဆွဲသည်။ လက်ျာဘီလူး ပါမလာ။ နောက် ၂ ခုကို ဆွဲတော့မှ ပါလာသည်။ ထုံးထားသော သျှောင်ကိုဆွဲ၍ လှေပေါ် ဆွဲတင်သည်။ ရေကူး လိုက်လာကြသော တပ်သားများလည်း ရောက်လာပြီး ဝိုင်းဆယ်တင်ကြ၏ ။ ကမ်းပေါ်ရောက်တော့ လက်ျာဘီလူး အားကုန်ကာ သတိလစ်နေပြီ။
ငကံ လှေကို ကပ်နေစဉ် စန္ဒဝတီက လက်ျာဘီလူးကို ထမ်းလာပြီး သောင်ပေါ် တင်လိုက်သည်။ ရင်ဘတ်ကို ဖိကြည့်သည်။ ပခုံးပေါ် ထမ်း၍ ပြေးသည်။ ပြေးနေရင်း အလိုလို မျက်ရည်များ ကျလာ၏ ။ စန္ဒဝတီ မောနေသောကြောင့် သူ့တပ်သားများက ပခုံးပြောင်းယူကာ ထမ်းပြေးနေကြသည်ကို ခြေပစ်လက်ပစ် ထိုင်လျက် ငေးကြည့်နေမိလေသည်။ မကြာမီ 'ရေတွေ ထွက်လာပြီ… ဟော… ဟော… သတိရလာပြီ' ဟူသည့် အသံများကို တပ်သားများထံမှ ကြားရပြီး သူတို့တပ်မှူးကို သယ်ဆောင်သွားကြလေသည်။ စန္ဒဝတီ တို့ကို မည်သူမျှပင် လှည့်မကြည့်ကြ။
သို့နှင့် မိဖုရားခေါင်ကြီး၊ အိမ်ရှေ့မင်းတို့နှင့်အတူ နေပြည်တော်သို့ ပြန်လိုက်ခဲ့ရသည်။ အလောင်းမင်းတရားနှင့် သူ့တပ်သားများ အယုဒ္ဓသို့ ဆက်လက် ချီတက်သွားကြသည်။ မုတ္တမ ထားဝယ်တို့ကို အောင်နိုင်သည် ကြားရသည်။ လက်ျာဘီလူး၏ သတင်းကို နားစွင့်ပါသော်လည်း လုံးဝ မကြားရ။ အလောင်းမင်းတရား နာမကျန်း၍ တပ်တော်များ ပြန်လှည့်လာကြပြီ ဟူသည့် သတင်း ရောက်လာပြန်သည်။ နေပြည်တော်ရှိ လူများ စိုးရိမ်နေကြသလို စန္ဒဝတီကလည်း လက်ျာဘီလူးကို စိုးရိမ်နေလေသည်။
မကြာမီ အလောင်းမင်းတရားကြီး နတ်ရွာစံသွားပြီ ဆိုသည့် သတင်းဆိုးကြီး တောမီးပမာ ပျံ့နှံ့လာသည်။ မဟုတ်ပါစေနှင့်ဟု ဆုတောင်းကြသော်လည်း သားတော်လတ် မြေဒူးမင်းထံမှ သဝဏ်လွှာ ရောက်လာသောအခါတွင်မူ အတည်ပြုလိုက်ကြရပြီ။ ပူဆွေးသူများ ပူဆွေးကြစဉ် နောင်တော်ကြီးမင်း နန်းတက်လာသည်။ မြေဒူးမင်းသား ရောက်လာသောအခါတွင်မူ အလွန်အားထားခဲ့ရသော စစ်သူကြီး နေမျိုးရွှေတောင်ကို ဘုရင်က ကွပ်လိုက်သည်။ ထိုအခါ နောက်ချန်နေခဲ့ရသော စစ်သူကြီး မင်းခေါင်နော်ရထာသည် နေပြည်တော် ပြန်မဝင်တော့ဘဲ ပုန်စားခြားနားသွားပြီ ဟု သိရလေသည်။
နေပြည်တော်တွင် ထိုကဲ့သို့ အကွဲကွဲ အပြားပြားနှင့် အရေးတော်များ ရှုပ်ထွေးလျက်ရှိရာ နန်းတွင်းသူများလည်း စိုးတထိတ်ထိတ် နေကြရသည်။ မကြာမီ မင်းခေါင်နော်ရထာက အင်းဝကို ဝင်ကာ သိမ်းလိုက်ပြီ ဟု သတင်းရောက်လာပြန်သည်။ ရတနာသိင်္ဃ နေပြည်တော်ကိုပင် ပြန်တိုက်တော့မည့်အဟန် ရှိသည်။ အင်းဝတပ်များနှင့်အတူ တပ်မှူး လက်ျာဘီလူး ပြန်ပါလာမည်ဟု ထင်နေမိ၏ ။
ညချမ်းအခါ မယ်တော်ကြီး၏ နန်းဆောင်ထဲဝယ် ရံရွေတော်များနှင့် မိဖုရားကြီး မယ်ယွန်းစံတို့ စစ်အကြောင်း စကားပြောနေကြသည်။ စန္ဒဝတီက သူသိချင်သည်ကို မေးလျှောက်ကြည့်သည်။
''တကယ်လို့ စစ်ဖြစ်ကြရင် လက်ျာဘီလူးတို့က သူပုန် ဖြစ်သွားပြီပေါ့နော်''
''ဟဲ့… ခင်ဘုန်းရဲ့၊ လက်ျာဘီလူး ပြန်ပါလာတယ် ကြားမိလို့လား''
''မကြားမိပါ မယ်မယ်ဘုရား''
''အေး… ငါကြားတာတော့ ငါ့သား ငစံငယ် အယုဒ္ဓယမှာ ကျန်ခဲ့သတဲ့ကွဲ့''
စန္ဒဝတီ ရင်ကို ဖိလျက်
''ဘုရား… ဘုရား… အသက်မှ ကြွင်းပါ့မလား မယ်မယ်''
''ဒါတော့ မသိရသေးဘူး။ သင်းကလေးက သည်လို သေမယ့်သူတော့ မဟုတ်ပါဘူး။ ငတွန် ကျွံသွားလို့ နောက်က လိုက်သွားတာကို ရှမ်းတွေ ဝိုင်းဖမ်းပြီး
မြို့တွင်း ယူသွားတယ်ပဲ သိရတယ်။ ငတွန်တို့ သုံးလေးရက် စောင့်တောင်းပေမယ့် ပြန်မရဘူး တဲ့။ သည်တော့ မသေသေးဘူးလို့ မျှော်လင့်ရတာပဲအေရဲ့''
''သာဆို လက်ျာဘီလူးက ပြန်လွတ်လာနိုင်ပါတော့မလား ဟင်''
မယ်မယ်ကြီးက ပြုံးသည်။
''အမယ် ခင်ဘုန်းတို့ လက်ျာဘီလူး လက်ျာဘီလူးနဲ့ပါလား ဟေ့''
စန္ဒဝတီ ရှက်သွားသည်။ သို့သော် ပွင့်လင်းသော ကသည်းသူပီပီ…
''စိုးရိမ်မိလို့ပါ မယ်မယ်ရဲ့''
အပျိုတော်များ ဝါးခနဲ ရယ်လိုက်ကြသည်။ မိဖုရားကြီးကတော့ မရယ်ဘဲ အပြင်ကို ငေးကြည့်ရင်း
''အင်း… ငါ့သားလည်း ငါ့အတွက်နဲ့ ဆင်းရဲလိုက်တာ သနားစရာပဲ။ အရှင်ကိုတော့ အလွန်ချစ်တဲ့ ကလေးပဲ။ ငါ့စကားတစ်ခွန်းကို သူ့အသက်နဲ့ လဲသွားပေတယ်''
အားလုံး စိတ်ဝင်စားသွားကြသည်။ ထိုနေ့က အကြောင်းများကို မယ်မယ်ကြီးက ပြန်ပြောပြသောအခါ စန္ဒဝတီ တဖြစ်လဲ ခင်ဘုန်း ငိုင်သွားရှာသည်။ မယ်တော်ကြီးအတွက် အမိုက်ခံ၍ လျှောက်ပေးသည်ကို မသိဘဲ ရှက်ရှက်နှင့် အဆိပ်ကျွေးခဲ့မိကြောင်းကို ဝန်ခံမိသည်။ မယ်တော်ကြီးပင် စိတ်မကောင်း ဖြစ်သွားသည်။
''တယ်လည်း ကံဆိုးတဲ့ ကောင်ကလေး။ အသက်ပြင်းလို့သာ တော်သေးရဲ့''
ထိုစဉ် ခင်ဘုန်းနောက်မှ ကသည်းမင်းသမီးဘဝကတည်းက လိုက်ပါလာခဲ့သူ အပျိုတော် ဥသရာက ဝင်၍ လျှောက်သည်။
''အဲဒါ လက်ျာဘီလူး အသက်ပြင်းလို့ မဟုတ်ပါဘူး မယ်မယ်။ ကသည်းအဆိပ်က သောက်မိရင် မုချ အသက်ဆုံးရှုံးစေပါတယ်။ ကျွန်တော်မျိုးမနဲ့ တွေ့လို့ သူ သက်သာရာ ရသွားတာပါ''
''ဘယ်လို…ကွဲ့''
ထိုအချိန်က ဥသရာသည် ရောက်ရောက်ချင်းပင် အရှင်မ စန္ဒဝတီထံမှ ကွဲကာ မိဖုရားခေါင်ကြီးကို အလုပ်အကျွေး ပြုရန် ပို့ခြင်း ခံရသဖြင့် ညဘက် လက်ျာဘီလူး ရောက်လာ ပြောဆိုကြသည်ကိုလည်းကောင်း၊ ရာဇဝတ်သင့်၍ ထောင်သွင်း အကျဉ်းကျ ခံရသည်ကို လည်းကောင်း၊ သူ့အရှင်မ၏ လက်ျာဘီလူးအပေါ် သဘောထားကိုလည်းကောင်း သိနေခဲ့ရ၏ ။
လက်ျာဘီလူး အကျဉ်းကျသောအခါ မိဖုရားကြီး သွားရောက် ကြည့်ရှုရာတွင်လည်း သူတို့ နောက်တော်ပါးမှ ပါသဖြင့် လက်ျာဘီလူး ကသည်းအဆိပ်မိနေသည်ကို ရိပ်မိခဲ့၏ ။ ထို့ကြောင့် အစောင့်ကို မေးကြည့်ရာ အရှင်မ စန္ဒဝတီ လာသွားသည် ဆိုသောကြောင့် သခင်မပင် အဆိပ်ခပ်သည် ဖြစ်မည် ဟု နှလုံးသွင်းမိသဖြင့် သက်သာစေမည့် ဆေးများကို လက်ျာဘီလူး၏ တပ်သားတစ်ဦးထံ လူလွှတ်၍ ရှာဖွေ တိုက်ကျွေးစေခဲ့သဖြင့် အသက်မသေ ရှိခဲ့ရခြင်း ဖြစ်ကြောင်း ရှင်းပြလေသည်။
နားထောင်နေရင်း ခင်ဘုန်းမျက်လုံးထဲမှ မျက်ရည်တစ်ပေါက် ဖျတ်ခနဲ ကျသွားသည်ကို သူ့ကိုယ်သူပင် မသိလိုက်။ ထိုနေ့မှ စ၍ ငူငူငိုင်ငိုင် ဖြစ်သွားသည်မှာ ရွှေဘိုတပ်များနှင့် အင်းဝတပ်များ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြချိန်တွင်မူ ခင်ဘုန်းတစ်ယောက် နေပြည်တော်မှ ပျောက်သွားလေတော့သည်။
Written by သင်္ခရာဇာ
End date: November 11, 2021