ဒီပတို့ လိုချင်သည်မှာလည်း မည်သူမှ ညီထွေးအား နောက်ထပ် မထိပါးဝံ့စေရန်ပဲ ဖြစ်ရာ သူတို့ လိုချင်သည့်အတိုင်း တစ်သဝေမတိမ်း ရခဲ့ခြင်း ဖြစ်သည်။ သူတို့၏ လုပ်ပိုင်ခွင့်များ အားလုံးကိုတော့ အသုံးချခဲ့ရသည်။ ညီထွေးကိုယ်တိုင် ဖွင့်ဟ၍ အကူအညီ မတောင်းခံသမျှ သူတို့ ကူညီခွင့် ရကြတော့မည် မဟုတ်ချေ။
ဒီပသည် ဘီလူးတောင်သို့ ပြန်၍ ညီထွေး သူ့အမည် ခေါ်လိုက်မည့် အသံအား စောင့်စားနေခဲ့ရာ ရက်လနှစ်များသာ ပြောင်းသွား၏ ။ ညီထွေးကတော့ မတောင့်တ စဖူး။ ယောင်၍မျှပင် ဒီပဟု မထွက်။ နှစ်ပေါင်းများစွာ ကြာခဲ့၏ ။ ဒီပသည်ပင် သွေးအေး ရက်စက်လှသော နတ်ဘီလူးကြီးအဖြစ်မှ ခန္တီ မေတ္တာတရားများ ကူးစက် ကိန်းအောင်းလာပြီး လူသားဆန်လာကြောင်း ညီတော်များက ချီးမွမ်းလာကြသည်။
ဘမရသည်လည်း သွေးဆိုးသည့် ကြမ်းရိုင်းလွန်းသူ မဟုတ်တော့။ တည်ငြိမ်စ ပြုနေလေပြီ။ ဗျဂ္ဂနှင့် ဝေလုကသာ အချိုးမပြောင်း။ သူတို့ချင်းလည်း ရံဖန်ရံခါမှသာ တွေ့ကြသည်။ နောက်ပိုင်း တွေ့ဆုံမှုများ၌ ညီထွေးအကြောင်း မပါတော့ဘဲ သူတို့ အတွေ့အကြုံများသာ ပြောဆိုကြတော့ပြီ။ ညီထွေးသည် သူတို့နှင့် ဘဝချင်းသာမက စိတ်ချင်းပါ ခြားခဲ့ပြီထင့်။
အေးဆေး ငြိမ်သက်နေသော ဒီပထံသို့ စာချွန်လွှာတစ်စောင် ရောက်လာခဲ့သည်။ ဖခမည်းတော်ထံမှ ဖြစ်၏ ။
"သားတော်ကြီးဆီ မင်းတို့ညီထွေး ရောက်လာလိမ့်မည်။ စောင့်၍ ခေါ်ခဲ့ကြပါ"
ဟူ၏ ။ ဒီပ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အခြား ညီများကို အကြောင်းကြားလိုက်ပြီး ညီထွေးသတင်းကို စုံစမ်းရာ ဒဏ်ရာရလျက် ရွာတစ်ရွာတွင် နားနေပြီးမှ ယခု ရှမ်းနယ်သို့ လာနေကြောင်း သိရသည်။ ညီတော်တို့လည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏ ။
ညီထွေး၏ အချိန်ကား ကျရောက်လာပြီ ဖြစ်သည်။ သို့သော် သူက နောက်ဆုံးအချိန်ထိ ကြီးလေးလွန်းသည့် တာဝန်ကြီးကို ထမ်းဆောင်ဆဲ။ အလောင်းမင်းကြီး ရှိစဉ်ကအတိုင်း မြို့တက်ရန် အကြံပြုလျက် နာမကျန်းသည့်ကြားမှ သူကိုယ်တိုင် ဦးဆောင်ခဲ့သည်။ သူ၏ ခံနိုင်အားကို နောက်ဆုံးတစ်စ ကျန်သည်အထိ ရွပ်ရွပ်ချွံချွံ လိုက်တိုက်နေသေးသည်ကို ကြည့်ရင်း ညီနောင်တတွေ မျက်နှာမကောင်းကြ။
သူတို့ညီထွေး ပြန်လာတော့မည်ကို ဝမ်းမသာနိုင်ဘဲ သူရဲကောင်း ပီသလွန်းသည့် ညီထွေး၏ လုပ်ရပ်များကိုသာ ကြေကွဲစွာ ကြည့်ရင်း နာကျင်နေကြသည်။ သူတို့ မြင်းလေးစီး တောင်ထိပ်ပေါ်မှ ရပ်လျက် ညီထွေးကို မကူညီနိုင်ဘဲ သေအံ့ဆဲဆဲ အဖြစ်အား သည်အတိုင်းကြည့်နေကြရသည်ကိုက ရင်နာစရာ။ ဒီပက အံကို တင်းတင်းကြိတ်ထားပြီး ဗျဂ္ဂသည် လက်သီးနှစ်ဖက် ကျစ်ကျစ်ပါအောင် ဆုပ်လျက်၊ ဝေလုကသည် သံလျက်ကို တင်းတင်းဆုပ်ကိုင်လျက် သူတို့ညီတော်၏ နောက်ဆုံးတိုက်ပွဲကို အားပေးနေကြ၏ ။
ထူးထူးခြားခြား တည်ငြိမ်နေသည်မှာ ဘမရ ဖြစ်သည်။ ဘမရသည် ညီထွေးကို ကြည့်နေရင်းမှ တစ်စုံတစ်ရာကို တွက်ချက်နေ၏ ။ တရုတ်မြင်းများနှင့် ယှဉ်ပြေး ခုတ်ကြရင်း ဝေးသွားသော ညီထွေးနှင့် မြင်းကို ကြည့်လျက်
"ညီနောင်တို့၊ စံနက်ကျော် ဟိုးရှေ့က ချောင်းကို ကျော်တော့မှာ မဟုတ်ဘူး။ အဲသည်ချောင်းအတိုင်း သွားရင် အစ်ကို ဒီပရဲ့ ဘီလူးတောင် ရောက်မှာပဲ"
ထိုအခါမှ ဒီပ သတိဝင်လာသည်။ ဟုတ်တာပဲ၊ သူတို့ ညီထွေးကို သွားရောက် ကြိုဆို ခေါ်ဆောင်ရဦးမည်မဟုတ်လား။ ထိုစဉ် ဓားတစ်စင်းက ညီထွေး ခန္ဓာကို ထုတ်ချင်းခတ်သွားသည်။ လက်ျာဘီလူးသည် တစ်ချက် တွန့်ဆုတ်သွားပြီးမှ ချက်ချင်း သူ့ကိုယ်မှ ဓားကို ဆွဲနုတ်၍ ပြန်ခုတ်ချလိုက်သည်ကို တွေ့ရ၏ ။
တရုတ်တို့သည် ဤသူမှာ မသေနိုင်သည့် နတ်ဘီလူးဖြစ်မည်ဟု ကြောက်လန့်တကြားနှင့် ချောင်းကို ဖြတ်ပြေးကြ၏ ။ လက်ျာဘီလူးက ချောင်းလယ်အထိ ဆင်းလိုက်သေးသည်။ အလယ်မရောက်မီ ဟန်ချက်ပျက်၍ ရေထဲ ကျသွား၏ ။ ရေသို့အကျတွင် ချောင်းတစ်ဖက်မှ တရုတ်ဗိုလ်တစ်ဦးထံ ဓားကို လွှတ်လိုက်သေးသည်။ သူ၏ မြင်းကလည်း သခင်ကျသည်ကို သိလျင် ပြန်လှည့်ပြီး ချောင်းထဲ ပြေးလွှား ရှာနေလေသည်။ သို့သော် ရေစီးသန်သော ချောင်းအလျဉ်နှင့် နစ်မြုပ်ပါသွားသည့် လက်ျာဘီလူးကို တိမ်ပျံ မမြင်လိုက်တော့။
ဒီပတို့က တောင်များကို မြင်းနှင့် တလွှားလွှား ခုန်ကျော်ကြလျက် ဘီလူးတောင်ခြေမှ စောင့်နေလိုက်ကြသည်။ သူတို့ညီထွေး အသက်ကုန်လုလု ရှိနေပြီကိုလည်း သိနေကြ၏ ။ ထိုစဉ် ဒီပရင်တွင်းမှ အသံတစ်ခုကို စ ကြားရသည်။
"ဒီပ...."
သူ လှိုက်ခနဲ ဖြစ်သွား၏ ။ ရေအောက်မှ ညီထွေး၏ အသံ။ ညီထွေးနှင့် သူသည် စိတ်ချင်း ဆက်သွယ်မိသွားသည်။
"အစ်ကို.. ဒီပ"
ဟုတ်၏ ။ ညီထွေး သူ့ကို တ နေပြီ။ ဘီလူးတောင်နား နီးလာသည့်အပြင် သက်တမ်းကုန်ချိန် ဖြစ်သောကြောင့် သူ ရောက်ရမည့်နေရာ၊ သွားရမည့်အရပ်နှင့် ပတ်သက်ခဲ့သည်များကို ပြန်လည် သတိရလာပေပြီ။ ယခင်က ဒီပနေထိုင်ရာ ဤနယ်မြေသို့ မကြာခဏ လာရောက်လည်ပတ်ခဲ့ဖူးသည်မဟုတ်လား။
ဒီပ ရေထဲ ပြေးဆင်းသွားသည်။ လက်နှစ်ဖက်ကို ဆန့်တန်း၍ မ ယူလိုက်လျင် လက်ျာဘီလူး ကလေးငယ်တစ်ဦးကဲ့သို့ ပါလာသည်။ သူက သောင်ပေါ် ပြေးတက်ခဲ့ရာ စောင့်ကြိုနေကြသည့် ညီအစ်ကိုများကို ညီထွေး မြင်သွားသည်။ ဝေဒနာကြီးစွာ ခံစားနေရသည့်ကြားမှ တစ်ချက် ပြုံးလိုက်သည် ထင်ရ၏ ။ ထို့နောက် မျက်လုံးများ မှိတ်သွားတော့သည်။
ဒီပက လူငယ်လေး၏ ခန္ဓာအား သောင်ပြင်ပေါ် ချလျက် မတ်တပ်ရပ်လိုက်သည်။ မြင်းပေါ်မှ ညီအစ်ကိုများလည်း ဆင်းလာကြ၏ ။ ကျဆုံးသွားပြီဖြစ်သော လက်ျာဘီလူး၏ ရှေ့တွင် ရပ်မိကြလျင်
"မင်း တာဝန်ကျေလွန်းခဲ့ပါတယ် ရဲဘော်။ လက်ျာဘီလူး ဆိုတဲ့ သူရဲကောင်းတစ်ယောက်ကို ငါတို့ ရင်ထဲမှာ ထာဝရ လေးစားနေမှာပါ"
သူတို့ခေါင်းများသည် တညီတည်း ညွှတ်သွားကြ၏ ။ ထို့နောက် ဒီပက မြင်းပေါ်တက်လိုက်ရာ ဘမရသည် ညီထွေး၏ ခန္ဓာအိမ်ကို ပေါ့ပါးစွာ ပွေ့ချီလျက် ဒီပထံ ကမ်းပေးလိုက်၏ ။ မြင်းလေးစီးတို့သည် နတ်ရေကန်ရှိရာ တောင်ဆီသို့ ဦးတည် ထွက်ခွာသွားကြသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
.
"ဒါက ဘယ်ကို ခေါ်လာတာလဲ နောင်တော်"
"လိုက်မှာသာ လိုက်ခဲ့စမ်းပါကွာ။ ရောက်တော့ သိလိမ့်မပေါ့"
သူ ဒီပဘက် လှည့်ကြည့်လိုက်သော်လည်း ဒီပက ပြုံးစေ့စေ့။ ဘမရသည်လည်း ခပ်တည်တည်ဟန်ပြုနေ၏ ။ ဗျဂ္ဂကမူ အကဲမရ။ သီချင်းများကို အော်ဆိုရင်း ပါလာသည်။ သူတို့အပြုအမူသည် ဤတစ်ခေါက် အလွန်ထူးဆန်းနေသည် ဆိုရမည်။
ယခင် အကြိမ်များက နောင်တော်များ ပြန်ရောက်ကြတိုင်း အုပ်ချုပ်ရေးပညာများ လေ့လာနေရသည့် သူ့ထံ တစ်ဦးချင်းသာ လာလေ့ရှိသည်။ စကားစမြည် ပြောဆိုနှုတ်ဆက်ကာ ပြန်သွားကြသည် များ၏ ။ ယခုတော့ နောင်တော်လေးပါးလုံး ဆုံလာသည်။ ဖခမည်းတော်က မည်သည့်အကြောင်းရှိသနည်း မေးမြန်းသည်ကိုလည်း မဖြေ။ သူ့ကိုသာ ခေါ်ထုတ်လာကြခြင်း ဖြစ်သည်။
ဘယ်ဆီဘယ်ဝယ် သွားနေမှန်း မသိသော လမ်း၌ ဒီပက စကားစလာသည်။
"နန်းတော်ထဲချည်း ကုပ်နေရတာ မင်း မပျင်းဘူးလား ညီထွေး"
"ပျင်းချိန်တောင် မရပါဘူး"
"ဘာလဲ ကြည်မွေ့စရာလေး တွေ့နေလို့လား"
"ကြည်မွေ့နိုင်ဖို့ နေနေသာသာ ခမည်းတော်က ဟိမဝန္တာမှာ တရားသွားအားထုတ်ချင်ပြီ ပြောပြောနေလို့ မနည်း တောင်းပန်နေရတယ်"
"အင်း.. အင်း၊ မင်းလည်း တိုင်းရေးပြည်ရာတွေနဲ့ မွန်းကြပ်နေမှာစိုးလို့ လေကောင်းလေသန့်ရအောင် ငါတို့က ခေါ်လာတာ"
"နောင်တော်တို့ လေကောင်းလေသန့်က နတ်ပြည်တွေပါ ကျော်ကုန်ပါ့ရော။ ကြည့်ကြပ်ပြောပါဦး"
"မင်းကလည်းကွာ၊ ဟိုရောက်တော့ ရှူရမှာပေါ့။ ငါတို့ နေရာသစ်တစ်ခု တွေ့ထားလို့ မင်းကို ပြချင်လွန်းလို့ ခေါ်လာတာ"
ရှေ့ဆုံးမှ ဦးဆောင် သွားနေသော ဝေလုကသည် တောင်အထွတ်တစ်ခု၏ ထိပ်တွင် မြင်းကို ရပ်လိုက်ပြီး ဆင်းသွားသဖြင့် သူလည်း နတ်မြင်း တိမ်ပျံကို အသင့်တွေ့ရသော မြင်းချည်တိုင်၌ ချည်ထားခဲ့ပြီး အစ်ကိုများနောက်မှ လိုက်သွားသည်။
"ဟိုမှာ ဥယျာဉ်တစ်ခု တွေ့လား။ အသစ် ပေါ်ထွန်းလာတာ မကြာသေးဘူးမောင်။ ငါတောင် တစ်နေ့ကမှ တွေ့လို့၊ ပျော်မွေ့စရာ ရှိလွန်းလို့ မင်းကို ခေါ်လာပြတာ"
သူ ဇဝေဇဝါဖြင့် ဥယျာဉ်ကြီးဆီ လျှောက်သွားတော့ ဝေလုက က ဆိုသည်။
"ဘယ်လောက် လေကောင်းလေသန့်တွေ ရှိတယ်ဆိုတာတော့ မင်းဘာသာပဲ ဝင်ကြည့်တော့။ ငါတို့ ဒီနားတစ်ဝိုက် ပတ်လိုက်ဦးမယ်"
မည်သည့်အကြောင်းပဲ ရှိရှိ အစ်ကိုများအား ကလန်ကဆန် မလုပ်ဖူးသော သူကလည်း မည်သည့်စကားမှ ပြန်ပြောမနေဘဲ စိတ်ရှင်းရှင်းဖြင့် လှမ်းဝင်သွားလိုက်၏ ။ ဥယျာဉ်ကြီးက ပြန့်ပြောသာယာလွန်းလှသည်။ တိမ်ခိုးတိမ်ငွေ့များ ရစ်သိုင်းနေသည့် ကျောက်စားပွဲများ အလယ်မှာ မိန်းမသူတစ်ဦးပါလား။
သူက မမြင် မတွေ့ဖူးသည့် မိန်းမပျိုထံ လျှောက်သွားသည်။ အမျိုးသမီးကလည်း သူ့အား မည်သူမှန်းမသိ၍ ကြောင်ကြည့်နေသည်။ ဤနေရာသို့ ခေါ်လာသည်မှာ အကြောင်းရှိရမည်ဟူ၍ ထိုအမျိုးသမီးထံတွင် စုံစမ်းရန် ပြင်လိုက်သည်။ သို့သော်
သူ တစ်စုံတစ်ရာ သတိပြုမိလိုက်၏ ။ ထို ငယ်ရွယ်ချောမောလွန်းသော မိန်းမပျိုသည်...
"အစ်မ.. အစ်မတော် မဟုတ်လား"
"ဘယ်သူ.."
"အစ်မတော် နရဏီ မဟုတ်လား လို့"
"ဟုတ်တယ်.. မင်းက ဘယ်သူ.. ဟင်၊
မင်း.. မောင်ငယ်.. လက်ျာဘီလူး မဟုတ်လား"
"အရင်ကတော့ ဟုတ်တယ်။ အခု မဟုတ်တော့ဘူး။
ကျွန်တော် စတုမဟာရာဇ မြောက်ပြင်က နတ်ဘီလူးမင်း သားတော် စေတ ပါ"
အမျိုးသမီးက သူ၏ စကားနှင့် ရုပ်ရည်ကို ဂရုမစိုက်ဘဲ သူ့ထံ အပြေးတစ်ပိုင်းလာ၍ သူ့လက်ကို ဆုပ်ကိုင်လိုက်လေသည်။
*ပြီးပါပြီ*
Written by သင်္ခရာဇာ
End date: December 8, 2021