အလောင်းမင်းတရား၏ တပ်များ အင်းဝကို အောင်နိုင်ပြီးနောက် ခင်ဦးတပ်ကို သွားရောက်တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီ။ ထိုအရေးအတွက် ရတနာသိင်္ဃ ၌ အကြီးအမှူး ခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်ကြရာ အများစုက အလောင်းမင်းတရားနှင့် အကြိုက်ညီကြသည်။ သေနတ်ဝန် ဦးကောင်း နှင့် တပ်မှူး လက်ျာဘီလူးတို့ကမူ ကန့်ကွက်သည်။
ဦးကောင်းက…
''ငချစ်ညိုသည် ယခု ဦးစွာ တိုက်ခိုက်ရမည့်သူ မဟုတ်၊ နိုင်ငံတော် တဖြည်းဖြည်း ကျယ်ဝန်းလာသောအခါမှ ကိုယ့်ဘက်ပါအောင် စည်းရုံးဆွဲဆောင် ယူရမည့်သူမျိုး ဖြစ်သည်''
ဟု ဆိုသည်။ အလောင်းမင်းတရား မည်သို့မျှ မိန့်တော်မမူ။ လက်ျာဘီလူးကလည်း ထ ၍…
''လက်ျာပျံချီကို တိုက်ရမည်မှာ အချည်းနှီး အကျိုးမရှိဟု မြင်ပါသည်။ ခင်ဦးရွာသည် မုဆိုးဖို လက်အောက်ခံ ရွာငယ်တစ်ရွာမျှသာ၊ နိုင်ငံတော် ထူထောင်ရန် အရေးများစွာ ရှိပါသေးသည်။ ရန်ငြိုးကို ရှေ့တန်းမတင်သင့်ပါကြောင်း''
ဟု ဆိုလိုက်ရာ မြင်းရည်တက် သူရဲကြီးများ အုတ်အုတ်ကြွက်ကြွက် ဖြစ်သွားသည်။ လက်ျာဘီလူး၏ လျှောက်တင်ချက်မှာ အမှန်ပင် ရိုင်းပျစော်ကားလှချေသည်။ သို့သော် ဦးအောင်ဇေယျက ပြုံး၍…
''ဟဲ့… လက်ျာဘီလူးရဲ့…၊ ငါ သည်တစ်ခါ တိုက်မည်ကို ရှေးက အငြိုးကြောင့် မလိုမုန်းထားနှင့် တိုက်သည် ထင်သလား။ မဟုတ်ဘူးကွဲ့၊ သည်မှာ မင်းနားလည်အောင် ရှင်းပြရလျင် အကြီးဆုံး ရန်သူကို အရင်ရှင်းသင့်က ရှင်းရသည်။ အနီးဆုံးရန်ကို ဦးဆုံးဖျောက်သင့် ဖျောက်ရမည်။ မွန်ပြည်သည် ဝေးပါသေးသည်။ ခင်ဦးလောက် ဘေးမနီး''
ထိုအခါမှ လက်ျာဘီလူး စဉ်းစားတွေဝေ၍ ငြိမ်သွားသည်။ အလောင်းဘုရား အမြော်အမြင် ကြီးသည်မှာ မှန်ပါပေသည်။ လက်ရုံးရည်တွင် ခင်ဦးစား ငချစ်ညို ကို ဦးအောင်ဇေယျပင် မနိုင်ခဲ့။ အင်းဝ ရွှေဘို အထက်မြန်မာပြည်နှင့် ခင်ဦးတပ်စခန်းလည်း နီးသည်။ ကိုယ်က အချိန်မရွေး သွားတိုက်နိုင်သလို သူက အချိန်မရွေး တိုက်လာနိုင်သည်ကိုလည်း ထည့်တွက်ရပေမည်။ မုဆိုးဖိုတပ်များ အောက်အရပ် သွားတိုက်နေတုန်း ခင်ဦးတပ်များ ဝင်လာခဲ့လျင် မည်သူမျှ ခံနိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် ခင်ဦးရွာကို ဦးစွာ သွားတိုက်ကြရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။
လက်ျာဘီလူးကတော့ သိပ်မလိုက်ချင်။ စစ်ကို ကြောက်သောကြောင့် မဟုတ်။ လက်ျာပျံချီကို ကြောက်သောကြောင့်လည်း မဟုတ်။ လက်ျာပျံချီ ဦးချစ်ညိုမှာ သူ လေးစားရသူ ဖြစ်နေသောကြောင့်သာ ဖြစ်သည်။ အလောင်းဘုရားက လက်ျာပျံချီကို သိမ်းသွင်းခေါ်ယူစဉ်က ရှေးကရန်ငြိုး ရှိခဲ့ဖူးသောကြောင့် မယုံသဖြင့် သူတို့ဘက်သို့ ဝင်မလာဘဲ မွန်ဘက် ပါသွားခြင်း ဖြစ်သည်။
အကယ်၍ လက်ျာပျံချီသာ အလောင်းမင်းတရား၏ သဘောတော်အမှန်ကို သိရပါက တတိယ မြန်မာနိုင်ငံတော်ကြီးကို နှစ်ယောက်ပေါင်း၍ လောင်းကျော်အောင် အစွမ်းပြ တည်ထောင်ကြပေလိမ့်မည်။ ယခုမူ အယူမှားသဖြင့် ဘက်ပြောင်းကာ မြန်မာချင်း ကျွန်မခံတော့ပြီ ဟု ဆိုလိုက်သည်မှာ ဝမ်းနည်းဖွယ်ရာပင်။
မည်သို့ပင်ဖြစ်စေ တိုက်ကြရပေတော့မည်။ လက်ျာပျံချီနေသော ခင်ဦးရွာ ဖြစ်သဖြင့် ယခင်အကြိမ်များထက် အားစိုက်ထုတ်ကြရသည်။ သွားရောက် မတိုက်ခိုက်ကြမီမှာ အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာသည်။ မုဆိုးဖိုတပ်သားဟန်ဆောင်၍ ရန်သူတစ်ယောက် ထန်းလုံးတပ်တွင်း ဝင်လာကာ အလောင်းဘုရားကို လာရောက် လုပ်ကြံခြင်း ဖြစ်သည်။
မြန်မာတပ်သားပုံစံ ဝတ်ဆင်ထားသော ရဲမက်တော်တစ်ဦးသည် ညဉ့်အချိန် ကင်းလှည့်ရမည့် လမ်းကြောင်းကို ဖောက်ထွက်ကာ အလောင်းဘုရား၏ တဲတော်အနီးသို့ ဓားလွတ်ကိုင်လျက် ကပ်သွားသည်ကို အအိပ်အနေနည်းသော လက်ျာဘီလူးက တောင်ကုန်းတစ်ခုပေါ်မှ လှမ်းမြင်သဖြင့် မသင်္ကာ၍ သူ့လူ ငရွှေကို အော်ခေါ်လိုက်သည်။
''ဟေ့.. ငရွှေ… ငါ့လှံ ယူခဲ့စမ်း''
ငရွှေ ပြေးလာပြီး လှံကို ကမ်းပေးချိန်တွင် တဲနားကပ်နေသော ရဲမက်သည် တံခါးကို အသာအယာဖွင့်ရန် ကြိုးစားနေရာ အချိန်မဆိုင်းတော့ဘဲ လှံလျင် လွှတ်လိုက်သည်။ ရန်သူကို မထိစေကာမူ တဲတော်တံခါးကို ဒုန်းခနဲ စိုက်ဝင်သောကြောင့် အလောင်းဘုရား နိုးသွားသလို ကင်းစောင့်များလည်း ပြေးလာကြ၏ ။ လူအုံလာချိန်၌ လုပ်ကြံမည့်သူမှာ မရှိတော့။ လှံပစ်လိုက်သော လက်ျာဘီလူးလည်း မရှိတော့။ တပ်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
တရားခံကို မမိလိုက်။ တဲတော်ကို လှံနှင့် ဘယ်သူ ပစ်လိုက်မှန်းလည်း မသိ။ သူပစ်သလို ငါပစ်သလို ပြောဆိုနေကြ၏ ။ နောက်မှ ငရွှေ၏ ပြောကြားချက်အရ လက်ျာဘီလူး ပစ်ကြောင်း ပေါ်ပေါက်လာသည်။ သို့နှင့် ခင်ဦးချီ တပ်များတွင် လက်ျာဘီလူး မပါတော့ဘဲ အလောင်းမင်းတရားက အပါးတွင် ခေတ္တ ခေါ်ထားလိုက်သည်။
ထင်သည့်အတိုင်း မုဆိုးဖိုတပ်များ အခြေအနေ မဟန်။ ငချစ်ညိုနှင့် သူ့အစ်ကို ထွက်တိုက်လျင် တပ်လန်၍ ပြေးကြရသည် ဟု ကြားသည်။ ငချစ်ညိုကပင် နောက်မှ လိုက်ထပ်လိုက်သေးသည်။ ထို့ကြောင့် အလောင်းဘုရားကိုယ်တော်တိုင် ချီသွားရတော့သည်။ ထုံးစံအတိုင်း လက်ျာဘီလူးက ရှေ့ပြေး ကင်းထောက်တပ်။
ခင်ဦး ရောက်သောအခါ ဦးကောင်းတို့ ဦးတွန်တို့ တပ်များနှင့် ပေါင်းမိသည်။ သေနတ်စွဲသူရဲ အများကို ရှေ့တင်၍ တဖောင်ဖောင် တဖျောဖျောပစ်ကာ တက်ကြပြန်သည်။ လက်ျာပျံချီ မပါဘဲ သူ့အစ်ကို ငချစ်ဝ တစ်ဦးတည်းသာ တပ်နှင့် ထွက်လာသည်ကို မြင်သော် ဦးကောင်းနှင့် လက်ျာဘီလူး တိုင်ပင်၍ သေနတ်စွဲသူရဲများကို ဆုတ်စေသည်။ ငချစ်ဝက လိုက်ထပ်လာသည်။ သို့သော် မုဆိုးဖိုတပ်များ အမှန်တကယ် ဆုတ်သည်မဟုတ်။ လက်ျာဘီလူးက စစ်မြှူကာ ငချစ်ဝကို မျှားခေါ်လာခြင်းသာ ဖြစ်သည်။
ကျွံလိုက်လာသော ငချစ်ဝတပ်ကို သုံးဘက်ညှပ်၍ သေနတ်သမားများ ဝိုင်းပစ်ကြသည်။ သည်တစ်ကြိမ်တော့ ငချစ်ဝ မကာကွယ် မရှောင်တိမ်းနိုင်တော့။ တစ်တပ်လုံး ကျကာ ငချစ်ဝကိုလည်း သေနတ်မှန်လေသည်။ စစ်သည်တစ်ဦးက ဝမ်းသာအားရ ပြေးလာပြီး ဦးခေါင်းကို ဖြတ်လိုက်သည်တွင် မုဆိုးဖို တပ်အလုံး လက်ပမ်းပေါက်ခတ် ရွှင်မြူးကြကုန်၏ ။
လက်ျာဘီလူးကတော့ ဝမ်းမသာနိုင်။ ရင်လေးလျက် ရှိသည်။ လက်ျာပျံချီ မပါဘဲ သူ့အစ်ကိုကိုသာ ရသည့်အတွက် ကြုံရမည့် အရေးကို တွေးနေမိသောကြောင့် ဖြစ်သည်။ ဒေါသမာန်ကြီးသော ငချစ်ညို ထွက်လာလိမ့်မည်။ မြန်မာတပ်များ ခံနိုင်အောင် ခံပေရော့။
အစ်ကိုဖြစ်သူ ကျသွားကြောင်း သိရသောအခါ လက်ျာပျံချီသည် မြင်းစင်ရော်ဖြူကို စီးလျက် ထွက်လာလေတော့သည်။ မြင်းတစ်စီးတည်းနှင့် မြန်မာတပ်တွင်း ဝင်ကာ ကြမ်းရမ်းနေသည်။ မည်သူမျှ မထိန်းနိုင်။ သေနတ်အစုသို့ ဦးတည်၍ တိုက်လာသဖြင့် သေနတ်သမားများပါ ရုတ်ရုတ်သဲသဲ ပြေးလွှားနေကြရပြီ။
နောက်ဆုံး မြန်မာ တပ်မှူး တပ်မင်း အကြီးအကဲများ ရှိရာသို့ ရောက်လာသည်။ ထိုအခါ အလောင်းမင်းတရား၏ ညာလက်ရုံးတစ်ဆူဖြစ်သော သေနတ်ဝန် ဦးကောင်း (နောင် မဟာသေနာပတိ)၊ အားထားရသော ဘယ်လက်ရုံးကြီး မုဆိုးခြုံဗိုလ် ဦးတွန်၊ မြင်းရည်တက် ခြောက်ကျိပ်ရှစ်ယောက်ဝင်များနှင့် လက်ျာဘီလူးတို့ကဲ့သို့ ကျော်ကြားသည့် သူရဲများကို ရင်ဆိုင်မိလေသည်။ ဦးချစ်ညို ကား တစ်ယောက်တည်း။
သို့သော် မည်သူ့ကိုမျှ ထီမထင်ဟန်ဖြင့်
''မုဆိုးဖိုတပ်တွေမှာ သူရဲကောင်း ပေါများလှတယ် လို့ ဆိုကြတယ်။ အခု မင်းတို့ သူရဲကောင်းဆိုသူနဲ့ ငါ တစ်ယောက်ချင်း စီးချင်းထိုးကြရအောင်''
ဟု စိန်ခေါ်လိုက်သည်။ မည်သူမျှ မလှုပ်ကြ။ အတန်ကြာ တိတ်ဆိတ်နေပြီးမှ ဦးသာ (နောင် ဆင်ဖြူရှင်လက်ထက်တွင် ဝန်ကြီး မဟာသီဟသူရ) ထွက်လာသည်။ ငချစ်ညိုက အဖက်ပင် မလုပ်ချေ။ ထို့နောက် ငမြတ်ထွန်း (လက်ယာ၀င်းမှူး မင်းကျော်အာကာ ဖြစ်လာမည့်သူ) ထွက်ပြန်သည်။ ''ငါနှင့် အဖက်မတန်'' ဟု ဆိုလေသည်။
လက်ျာဘီလူး (နောင် အရှေ့၀င်းတော်မှူး မင်းထင်နော်ရထာ) တိုက်မည်ပြုသည်။ ''ကလေးနှင့် မကစား'' ဆိုသောကြောင့် ပြန်ဝင်နေရလေသည်။ အလောင်းမင်းတရား၏ သူရဲတော်များတွင် လက်ရုံးရည် အထက်မြက်ဆုံးဖြစ်သည့် ဗိုလ်တွန် (နောင် ဗိုလ်မှူးချုပ် မင်းခေါင်နော်ရထာ) ထွက်လာလေသည်။ လက်ျာပျံချီနှင့် ငတွန်မှာ ငယ်စဉ်က ကျောင်းနေဘက်များ ဖြစ်ရာ လက်ျာပျံချီက
''ငတွန်… မင်း ငါ့လက်စဉ်းကို စဉ့်ကိုင်မင်းကျောင်း နေကြစဉ်ကပင် သိပြီးဖြစ်သည်။ မင်းနှင့် စီးချင်းထိုး၍ ငါ့လှံ သွေးစွန်းရုံသာ ရှိမည်''
ဟု ဆိုလိုက်ရာ ဦးတွန်မှာ ဘာမှ ပြန်မပြောနိုင်၊ ခေါင်းငုံ့ နောက်ဆုတ်သွားရလေသည်။ အခြား မည်သူမျှလည်း မထွက်ဝံ့တော့။ ထိုအခါ
''မြန်မာတို့တွင် သေနတ်ဝန် ဆိုသူသည် သူရဲကောင်းဟု နာမည်ကျော်လှသည်။ ကြံရည် ဖန်ရည် လက်ရုံးရည် နှလုံးရည်နှင့် ပြည့်ဝသည်ဟု ကြားရသည့်အတိုင်း သေနတ်ဝန်ကိုသာ ငါ လိုသည်။ သေနတ်ဝန်ဆိုသူ ထွက်ခဲ့''
ဟု အတိအလင်း စိန်ခေါ်လေတော့၏ ။ ကြည့်ရသည်မှာ သေနတ်ဝန် စနက်ကြောင့် သူ့အစ်ကိုတော် ကျဆုံးရသဖြင့် လက်စားချေလိုဟန် ရှိလေသည်။ ဦးကောင်း မနေသာတော့ဘဲ ရှေ့ထွက်လာရ၏ ။
''ကြိုက်ပြီ… သည်တစ်ခါတော့ သူရဲချင်း စီးချင်းလှလှ ထိုးရပေတော့မည်။ အားရအောင် လက်ရုံးရေး ပြတော့''
ဟု ဆိုကာ သူလည်း မြင်းပတ်စီးရင်း ဓားရေးလှံရေး ပြလေသည်။ မြင်းကို ဒုန်းစိုင်း၍ စီးသည်။ အလှစီးသည်။ လေးဘက်ကျ၊ အစုံအရိုင်၊ ပယ်စွဲပယ်စိတ်၊ ဘေးမှ၊ နောက်မှ၊ ဝမ်းဗိုက်အောက်မှ၊ မြင်းတင်ပါးပေါ် ထိုင်၍၊ ရပ်၍၊ ပက်လက်၊ မှောက်လျက်၊ ခြေတစ်ဖက် ထောက်၍၊ ကင်းမြီးကောက် ထောင်၍ စသည်ဖြင့် အမျိုးမျိုး ကျင်လည်စွာ စီးနင်းပြ၏ ။ ဓားရေးလှံရေးများကိုလည်း ကျွမ်းကျင်ပိုင်နိုင်လွန်းစွာ လှည့်ပတ်ကစားပြသွားသည်မှာ ဦးကောင်းအပါအဝင် မုဆိုးဖိုသူရဲအားလုံး ငေးမော၍သာ ကြည့်နေရလေသည်။
အစွမ်းပြ၍ အားရသောအခါတွင်မှ လှံတစ်ချောင်းကိုင်လျက် မြင်းနှင့် ရပ်စောင့်နေသော သေနတ်ဝန်ထံ ဒုန်းစီးရင်း လှံနှင့် ပစ်လိုက်သည်။ အရှောင်မြန်သောကြောင့် လက်မ အနည်းငယ် လွဲကာ မြင်းကတောင် ကို လှံစွဲနေလေသည်။ နောက်ထပ်ပစ်မည် အပြုတွင် သေနတ်တပ်သားများ စုဝေး ရောက်ရှိလာပြီး လက်ျာပျံချီကို ဝိုင်းအုံပစ်ခတ်ကြသောကြောင့် စီးချင်းတိုက်ပွဲ မပြီးမီ လက်ျာပျံချီမှာ အလျင် ခွာသွားရလေသည်။
ထိုအခါမှ ဦးကောင်းနှင့် သူရဲများ သက်မ ချနိုင်သည်။ အလောင်းမင်းတရားနှင့် တပ်များလည်း ထိုနေရာသို့ ရောက်လာ၏ ။ စီးချင်းတိုက်ပွဲတွင် ကြားဝင်၍ သေနတ်နှင့် ပစ်ကြသည်ကို အပြစ်မဆို၊ ''ကံကြီး၍ မသေသည်၊ မင်း ကံကောင်းလှသည်'' ဟုသာ ဆိုလေသည်။ ထိုတစ်ပွဲတွင်သာ သေနတ်ဝန်ကို ဆုံးရှုံးခဲ့ရပါက နောင်တွင် အရေးခက်မည်ကို စိုးရိမ်ဟန် တူပေသည်။
ခင်ဦးရွာကို အကြိမ်ကြိမ် လုပ်ကြံကြသည်။ မရ၊ အကွပ်အညှပ် ကောင်းလှသည့်အပြင် ခင်ဦးစား ထွက်တိုက်လျင် မခံနိုင်ဘဲ တပ်ပျက်သည် များလေသည်။ ခေတ္တ တပ်ဆုတ်ကြ၍ နောက်တစ်ကြိမ် သွားပြန်တိုက်ကြသည်တွင်လည်း နှစ်ဖက် အကျအဆုံး များလှသည်။ လက်ျာပျံချီ၏ တော်ဝင်လက်စွမ်းကို လက်ျာဘီလူးလည်း မယှဉ်နိုင်၊ မင်းလှမင်းခေါင်လည်း မတိုက်နိုင်။ ခင်ဦးရွာကို ရံတပ်များဖြင့် ဝိုင်းရုံသာ ဝိုင်းထားရသည်။
တစ်ညတွင် တပ်တွင်းမှ လက်ျာပျံချီ တစ်ဦးတည်း ထွက်လာသည်။ သူရိန်ဒေဝ သေနတ်နှင့် ပစ်သောကြောင့် မြင်းသေလေသည်။ လက်ျာပျံချီကိုကား မထိ မရှ။ တပ်တွင်း ပြန်ဝင်သွားကာ နောက်မြင်းတစ်စီးနှင့် ထွက်လာပြန်သည်။ သေနတ်နှင့် ပစ်ခတ်ကြပြန်သည်။ မြင်းသေသောကြောင့် ဝင်သွားရပြန်သည်။ သုံးကြိမ်မြောက်တွင်မူ သူ၏ မြင်းစင်ရော်ဖြူကို စီး၍ အခြားတံခါးပေါက်မှ အတင်းတိုးထွက်ပြီး မုဆိုးဖိုတပ် ဟူသမျှကို လိုက်လံမွှေနှောက်လေတော့သည်။
အလောင်းမင်းတရား၏ တပ်များအားလုံး ရွေ့လျောကြချေ၏ ။ မည်သည့်တပ်မျှ မထိန်းမသိမ်းနိုင် ကစဉ့်ကလျား ဖြစ်နေကြသည်။ အလောင်းမင်းတရား၏ နောင်တော်ကြီးလည်း မြင်းမှဆင်း၍ တပ်ကို ကွပ်ကဲသောကြောင့် မပြေးနိုင်ဘဲ အသတ်ခံရ၏ ။ တပ်စဉ်အတိုင်း လက်ျာပျံချီ ဝင်ရောက်ထိုးဖောက်သွားသည်မှာ နောက်ဆုံး တပ်များ၏ အလယ်ဗဟို၌ ရှိသော အလောင်းမင်းတရား၏ ယာယီတဲတော်အထိ ဖြစ်သည်။ တပ်အလုံးပျက်နေသည်ကို ကြားသဖြင့် အလောင်းဘုရား မျှော်တင်းနေစဉ် ဖရိုဖရဲ ဖြစ်နေသည့် ရံတပ်များအားလုံးကို ပတ်ပြီးသော လက်ျာပျံချီက သူ၏ နဂါးပတ် အဲမောင်းလှံကြီးကို ကျောတွင်ကပ်လျက် ရောက်ရှိလာတော့သည်။
အလောင်းဘုရားလည်း မနေသာပြီ ဖြစ်သောကြောင့် တဲတော်မှ ထွက်လာရသည်။ ထက်လှစွာသော လက်သုံးတော် သန်လျက်ဓားကို ကိုင်၍
''ကိုင်း… နင်လည်း လက်ျာပျံချီ၊ ငါလည်း အလောင်းဘုရား၊ တွေ့ကြပြီ။ လာလေတော့''
ဟု လှမ်းခေါ်လိုက်လေ၏ ။ လက်ျာပျံချီကား ခပ်လှမ်းလှမ်းတွင် မြင်းကို တန့်လျက် ရပ်နေ၏ ။ ကုန်းဘောင်ခေတ်၏ အကြီးကျယ်ဆုံး စီးချင်းတိုက်ပွဲကြီးတစ်ခုကို မြင်ရတော့အံ့ဟု လက်ျာဘီလူးတို့ မလှမ်းမကမ်းမှ ကြည့်နေကြလေသည်။ ခင်ဦးစားသည် ရှေ့ဆက်တိုးမလာဘဲ သူ့အား အသင့်စောင့်စားနေသော အလောင်းဘုရားကို ထိုနေရာမှသာ ရပ်ကြည့်တွေဝေနေလေ၏ ။
အလောင်းဘုရားသည် ဘုန်းလက်ရုံး တောက်ထွန်းနေသောသူ၊ နိမိတ် တဘောင်ဖြင့် မင်းလောင်းမှန်စွာ မွေးဖွားလာခဲ့သည့် သူ။ ၃ ကြိမ်တိုင်တိုင် လက်ရုံးမှ မီးတောက်သည့်သူ။ ဖိုသုံးဖို တစ်ဖိုမီးတောက်မည် ဟူသည့် စကားအတိုင်း ဘုန်းမီးတဟုန်းဟုန်း တောက်နေသည့်သူ။ ငယ်စဉ်က ရင်ဆိုင်တွေ့ခဲ့စဉ် အနိုင်ရခဲ့သော်လည်း သူ့ဘုန်းကံကြောင့် အသေမသတ်နိုင်ခဲ့သောသူ။
မိမိကား လက်ရုံးရည်သာ သာသည်။ ဦးအောင်ဇေယျလို အမြော်အမြင် မရှိ။ ဘုန်းကံ မရှိ။ မင်းမဟုတ်။ သာမန် ရွာစားတစ်ဦးမျှသာ ဖြစ်သည်။ ဆင်ဖြူနှင့် ဆင်မည်း ယှဉ်ရသလိုသာ ဖြစ်လေတော့မည်။ ဘုန်းကံချင်းတွင် ဖက်ပြိုင်နိုင်မည်မဟုတ်။ သုရှင်ရာဇာဓိရာဇ်နှင့် ကျွန်ယုံမပစ်နွယ် စီးချင်းထိုးကြသလို ဓားအိမ်မှ ဓားကို ထုတ်မရသည့်ကိန်း။ ငချစ်ညို အတွေးများနှင့် တွေဝေနေလေ၏ ။
ကညင်မီးတိုင်များကြားတွင် နှစ်ဦးသားသည် မည်သူမျှ ရှေ့မတိုးကြဘဲ ရပ်လျက်သား အတန်ကြာ ရှိနေကြသည်။ ပတ်ဝန်းကျင်တွင်လည်း မီးတောက် ဖျစ်ဖျစ်မြည်သံမှတပါး တိတ်ဆိတ်ငြိမ်သက်နေ၏ ။ မည်မျှ ကြာသွားသည်မသိ။ လက်ျာပျံချီသည် မြင်းကို ငြင်သာစွာ လှည့်၍ လာလမ်းအတိုင်း ပြန်သွားတော့မှ ဟိုမှ သည်မှ အသံများ ပြန်လည် ထွက်ပေါ်လာကြတော့သည်။
ထို့နောက် ခင်ဦးတပ်များ တပ်ဆုတ် ရှောင်ထွက်သွားကြသဖြင့် လက်ျာဘီလူးတို့ လိုက်ထပ်ကြရ၏ ။ ခင်ဦးစား သားမယားကို ခေါ်ကာ ဆင်နှင့် ထွက်သွားသည့် သတင်းကို ကြားကြသဖြင့် ပြေးသည့်နောက်သို့ လိုက်ကြပြန်သည်။ မုဆိုးဖို မြင်းတပ်ကို ဆင်နှင့် လှည့်ထိုးသဖြင့် ဖရိုဖရဲ ပြိုကွဲကြပြန်၏ ။ သို့သော် ချက်ချင်း ပြန်လည် စုရုံးလျက် အစဉ်တစိုက် လိုက်ကြသည်။
နာမည်ကျော် တင်ကျည်းတပ်များ၊ အားထားရသော သေနတ်အစုသားတို့လည်း မည်သို့မျှ မစွမ်းနိုင်။ မွန်တို့ဆီ မရောက်မီ တစ်ညတွင် လက်ျာပျံချီ တပ်ချနေရာသို့ မီလာပြီး မလှမ်းမကမ်းတွင် ရပ်နားကြသည်၌ လက်ျာပျံချီ မြင်းစီးလျက် ရွှေဘိုမြင်းတပ်သို့ ခပ်တည်တည် ဝင်လာလေသည်။
ငလွင် (နောင် ဗလမင်းထင်) နှင့် လက်ျာဘီလူးတို့ စုရပ်နေရာသို့ လာပြီး ဗိုလ်မင်း မည်သူနည်း ဟု မေးရာ ငလွင်မှာ မဖြေဝံ့၍ လက်ျာဘီလူး ထွက်လာသည်။ လက်ျာပျံချီက လက်ျာဘီလူးအား သေသေချာချာ ကြည့်ပြီး
''မင်း ငယ်သေးသည်။ မသေချင်နှင့်ဦး။ ရှေ့ဆက် လူလုပ်စရာ များသေးသည်။ ငါပြောသည်ကို နားထောင်၊ မင်းကို ဖမ်း၍ မွန်တို့လက် မအပ်မီ မိုးသောက်သည်နှင့် သည်က လှည့်ပြန်တော့။ မင်း မည်သို့ပင် ကြိုးသော်လည်း ငါ့ကို ရမည်မဟုတ်။ အချည်းနှီး အသေမခံနှင့်''
ဟု ဆိုလေရာ လက်ျာဘီလူးက…
''စစ်အတွင်း သေသည် ရှင်သည်မှာ အကြောင်းမဟုတ်။ အရှင့်အမိန့်တော်ကို ရွပ်ရွပ်ချွံချွံ ထမ်းရွက်နိုင်သည်သာ အရေးဖြစ်သည်။ ကျွန်ုပ် မရှိသော်လည်း ကျွန်ုပ် ရဲမက်များ ကုန်သည်အထိ ဆက်လိုက်လိမ့်မည်။ ကြောက်၍ ပြန်ရမည့် အရာမဟုတ်''
''မင်း မမိုက်ချင်စမ်းနှင့်။ ငါ တစ်ခါ မှားခဲ့၍ ယခု ပြေးနေရပြီ။ မင်း ဤတစ်ခါမှားသော် ပြေးစရာ မြေမရှိ။ ငအောင်ဇေယျအကြောင်း ငါသိသည်။ မင်းကို အပြစ်ယူမည်မဟုတ်။ မင့် ရဲရင့်ပုံသည် သည်နေ့ မသေထိုက်သေး။ မင့်ရှင်ဘုရင်ဆီ ငါ စာရေးပေးလိုက်မည်။ သွားပို့ချေ''
လက်ျာဘီလူးက ဦးချစ်ညိုကို ခေါ်ကြည့်သေးသည်။
''လက်ျာပျံချီ ဟူ၍ လက်ရုံးထွန်းတောက်လှလျက် အဘယ့်ကြောင့် မွန်ကျွန်ခံသနည်း။ အဘယ့်ကြောင့် အလောင်းမင်းတရားနှင့် မပူးပေါင်းသနည်း။ မွန်တို့သည် ခိုဝင်လာသော ဗမာကို လုံးဝဥဿုံ စိတ်ချယုံကြည်မည်မထင်။ ဦးအောင်ဇေယျအကြောင်းလည်း ကျွန်ုပ် အလွန်သိသည်။ အငြိုးထား၍ လက်စားချေမည့်သူ မဟုတ်ပြီ။ ကျွန်ုပ်တို့နှင့် လိုက်ခဲ့ပါ။ ဘဝရှင်နှင့် ထပ်တူ အလေးအမြတ် ပြုပါမည်''
လက်ျာပျံချီ ပြုံး၍ သူ့ကျောကို ပုတ်ပြီး လက်တင်ထားရင်း ခေါင်းကို ခါယမ်းလိုက်သည်။ ''လွန်ခဲ့ပြီ'' ဟူသော စကားသုံးလုံးကိုသာ ပြောပြီး လှည့်ထွက်သွား၏ ။ ပုဆိုးကို ခြေဖြင့်ခတ်၊ မြင်းပေါ် ဝဲခနဲ တက်သွားသည်ကို အားလုံး ကြည့်နေမိကြသည်။ ဦးချစ်ညို ထွက်သွားသောအခါမှ လက်ျာဘီလူးနှင့် ဗလမင်းထင်တို့ တစ်ဦးကို တစ်ဦး ကြည့်မိကြသည်။
ထိုညတွင် လက်ျာပျံချီ ထံမှ ချိတ်ပိတ်ထားသော စာ ရောက်လာသဖြင့် နောက်တစ်နေ့ နံနက်တွင် မတိုက်ကြတော့ဘဲ လှည့်ပြန်လာခဲ့ကြသည်။ အလောင်းမင်းတရားထံ စာဆက်သရာ ဖွင့်ဖောက်ဖတ်ပြီးနောက်
''ငချစ်ညို ကတော့ ငါနှင့် နောင် တိုက်တော့မည်မဟုတ်။ သင်းရန် အေးပြီ။ ဟံသာဝတီကိုသာ ငါတို့ လုပ်ကြံကြရမည်'' ဟု မိန့်တော်မူလေသည်။
များမကြာမီ မွန်တို့ထံ ခိုဝင်သော လက်ျာပျံချီကို မွန်စစ်သူကြီး ဒလပန်းက မယုံသဖြင့် တွင်းတူး မြေမြှပ်ကာ ဝါးပျံဖြင့် စီရင် ကွပ်မျက်လိုက်သည်။ သူမတူအောင် စွမ်းလှသော သူရဲကောင်းကြီးတစ်ဦး အချည်းနှီး သေဆုံးခဲ့ရသည်မှာ နှမျောဖွယ် ကောင်းလေစွ။