"ဘိုးရင်၊ ဘိုးရင်တို့.. ထ ထ"
အိုးစားဖက် ငါးယောက် တစ်စုစီ ပြင်ဆင်ပြီးကြသောအခါ အိုးစားကြီးက အကြပ် ငကံကို သတင်းပို့၏ ။ အိုးစားကြီး နှစ်ဦးတို့ထံမှ ပြည့်စုံကြောင်း သိရလျင် ငကံက သွေးသောက် ဗလထံ လူစုံကြောင်း အစီရင်ခံရပြန်၏ ။
တပ်ကြပ်အဆင့်ရှိ ငကံကဲ့သို့ အကြပ် ၅ ဦးကို အုပ်ချုပ်ရသော သွေးသောက်ကြီး ဗလက သူ့လူ ၅၅ ယောက်အား တန်းစီရပ်နေကြစေပြီး တပ်မှူး လက်ျာဘီလူးကို စောင့်ရသည်။ လက်ျာဘီလူးက သွေးသောက်ဗလတို့ တပ်ခွဲအပါအဝင် တပ်ခွဲ ၅ ခုကို ကြီးကြပ်ရသူ တပ်မှူး ဖြစ်သည်။
အပြင်မှ ပြန်လာသော လက်ျာဘီလူး၏ ဘေးတွင် ဗိုလ်ဇေယျသူ ပါလာ၏ ။ ဇေယျသူကို သူတို့အားလုံးက ဗိုလ်ကလေးထွန်းတင် ဟုသာ ခေါ်ကြပြီး မည်သူမျှ ဘွဲ့အမည်ကို မခေါ်ကြချေ။ ဇေယျသူက လက်ျာဘီလူး၏ တပ်ရင်းကို စစ်ဆေးပြီး အခြားတပ်ရင်းများနှင့် ပေါင်းကာ တန်းစီထားစေသည်။
အိုးစားကြီး ၂ ဦး အပါအဝင် အိုးစားဖက် တပ်သား ၁၀ ယောက် ဘေးတွင် အကြပ် ၁ ယောက် ရပ်လျက်၊ ထိုကဲ့သို့ လူ ၁၁ ဦး စီထားသည့် အတန်း ၅ တန်း၏ ထိပ်၌ သွေးသောက် တစ်ဦးစီ စောင့်ကြပ်လျက်၊ ထိုသို့ တပ်ခွဲ ၅ ခုစာ လူ ၂၈၀ ရှေ့တွင် တပ်မှူး လက်ျာဘီလူးတို့က အသင့်အနေအထားဖြင့် ရပ်နေရသည်။
မကြာမီ တပ်ပေါင်းဗိုလ်ကြီး စည်သူကျော်ထင် ရောက်လာသည်။ တဖွဲဖွဲ ရောက်လာ စီတန်းနေကြသော တပ်များကို လိုက်လံစစ်ဆေးနေ၏ ။ သူ၏ နောက်မှ ဗိုလ်ကလေးထွန်းတင်တို့ ဗိုလ်တစ်စု လိုက်ပါလာကြ၏ ။ တပ်မှူး ၅ ဦး ဗိုလ်ငါးဦး လူအစုံအစေ့ ရှိလျင် တပ်မဟာ တပ်ရင်းကြီးတစ်ခု စတင်ထွက်ခွာရပြီး ဗိုလ်ချုပ် မဟာနော်ရထာရှိရာ ဗိုလ်ရှုခံစင်မြင့်ရှေ့မှ ဖြတ်လျှောက်ကြရသည်။
အိုးစားကြီး (ယခုခေတ်အရ - ဒုတပ်ကြပ် Lance Coporal) တစ်ဦးပါသော လူ ၅ ယောက် တစ်အိုးစားသည် တပ်စိတ်တစ်စိတ် ဖြစ်ပြီး ၂ အိုးစားပါ တပ်စုတစ်စုကို အကြပ် (တပ်ကြပ် Coporal) တစ်ယောက်၊ အကြပ် ၅ ယောက်ပါ တပ်ခွဲကို သွေးသောက်ကြီး ( ယခုခေတ် ဗိုလ်အဆင့် Lieutenant) တစ်ယောက်၊ သွေးသောက် ၅ ယောက်လျင် တပ်ရင်းတစ်ရင်း တပ်မှူး/တပ်ရင်းမှူး (Major/ Captain) တစ်ဦး အုပ်ချုပ်ကြရသည်။
လက်ျာဘီလူးသည် ထိုကဲ့သို့ တပ်ရင်းတစ်ရင်းကို ကွပ်ကဲရသူ (Company Commander) တပ်မှူးတစ်ဦးဖြစ်ပြီး ဇေယျသူမှာ (Battalion Commander) ဗိုလ် ဖြစ်၏ ။ ယခုခေတ် သတ်မှတ်ပုံအရဆိုလျင် ဒုဗိုလ်မှူးကြီး (Lieutenant Colonel) ဖြစ်ပေလိမ့်မည်။
တပ်ပေါင်းဗိုလ် (Regimental Commander) စည်သူကျော်ထင်သည် ဗိုလ်မင်း (Colonel) ဖြစ်ရာ ယခုခေတ် ဗိုလ်မှူးချုပ် (Brigadier General) ဖြစ်၏ ။ မဟာနော်ရထာမှာ ဗိုလ်ချုပ် (Major General/ Brigadier) အဆင့် ရှိသည်။ (အနည်းငယ် လွဲမှားနိုင်ပါသည်)
ယခင်က ဗိုလ်မှူး (General) တစ်ဦးသာမက စစ်ဘုရင် (Field Marshal/ Commander-in-chief) အထိ ဖြစ်ခဲ့ဖူးသော လက်ျာဘီလူးသည် ယခုအခါ 'သီရိပဝရ သုဓမ္မမဟာရာဇိန္ဒာ ဓိပတိ' ဘွဲ့ခံ ဆင်ဖြူရှင်မင်း၏ အမှုတော်ကို သာမန်တပ်မှူးတစ်ဦးအဖြစ် ထမ်းရွက်နေရပြန်သည်။ ဗိုလ်ကလေးထွန်းတင်နှင့် လက်ျာဘီလူးမှာ အသက်အရွယ် များစွာ မကွာခြားလှသော်လည်း အတွေ့အကြုံတွင်တော့ အလွန် ခြားနားလှလေ၏ ။
မြေဒူးမင်းသား၏ အိမ်တော်အမှုထမ်း ငထွန်းတင်သည် ယခုမှ ဗိုလ်ဖြစ်လာပြီး သူ၏ အကြီးအကြပ် ဖြစ်နေသော်လည်း လက်ျာဘီလူးက ရိုကျိုးလှစွာ၏ ။ ဗိုလ်ကလေးထွန်းတင်၏ အမိန့်တို့ကို တစ်သဝေမတိမ်း လိုက်နာ ဆောင်ရွက်ပေးလေ့ ရှိသည်။ ဇေယျသူကလည်း လက်ျာဘီလူး၏ အတိတ်ကို မသိ၊ အမှုထမ်းဟောင်းတစ်ဦးဟုသာ ကြားဖူးထား၏ ။ ယခင်က မည်သူမှန်းမသိ။
စင်စစ် ငထွန်းတင်နှင့် ငကံတို့မှာ အဆင့်တူများ ဖြစ်ခဲ့ကြ၏ ။ သူ့အရှင်မင်းသား အထွဋ်အထိပ် ရောက်ခဲ့သဖြင့် ငထွန်းတင်လည်း ဗိုလ်အဖြစ် ချီးမြှောက်ခံရခြင်းပင်။ ငသူရိန်သည် မင်းသုံးဆက်တိုင် မပျက်မကွက် အမှုတော်ထမ်းခဲ့ရာ အရည်အသွားအလျောက် လူ ၂၈၁၀ ကို အုပ်ချုပ်ရသူ တပ်ပေါင်းဗိုလ်ကြီး ဖြစ်နေပြီ။ သို့ရာတွင် မည်သူ့တပ်သို့ ရောက်နေမှန်း မသိရ။ ငကံကတော့ အကြပ်မှ သွေးသောက်၊ ထို့နောက် ပြန်လည် မင်းမှုထမ်း၍ အကြပ် ဖြစ်လာရပြန်သည်။
ယိုးဒယားချီ တပ်များတွင် ဗိုလ်ချုပ် မဟာနော်ရထာ၊ စစ်သူကြီး နေမျိုးသီဟပတေ့တို့နှင့် တန်းတူ အတွေ့အကြုံ စစ်စွမ်းရည် ရှိသူများစွာ ပြန်လည်ပါဝင်လာရာ လက်ျာဘီလူး၊ ဗလမင်းထင်၊ ဥဒိန်ပုညာ၊ စံလှကြီး၊ ဓမ္မတာ၊ ဗညား၊ ဗလပျံချီ၊ အရေးလွန် စသူတို့ ပါခဲ့၏ ။
အချို့မှာ ခမည်းတော်မင်းတရားကြီး၏ မြင်းရည်တက် သွေးသောက်ရဲဘော်ကြီးများ ဖြစ်ကာ စွမ်းရည်ထက်မြက်သူ လက်ရုံးကြီးများလည်း ဖြစ်ကြသည်။ ယင်းဗိုလ်အများစုမှာ ထင်ရှားပြီး လက်ျာဘီလူးကဲ့သို့ မထင်မရှား သူရဲကျော်များလည်း ပါ၏ ။ တိုက်ပွဲများ၌ အစွမ်းပြခဲ့သော နာမည်ကျော် အရေးလွန်လည်း လက်ျာဘီလူးနှင့် ပြန်ပေါင်းမိကြသည်။
အရေးလွန် ခေါ် ငကံကောင်းသည် ခမည်းတော်မင်းတရားလက်ထက်ကပင် အခြားဘွဲ့နှစ်ခုအထိ ရရှိခဲ့သော်လည်း လက်ျာဘီလူးကဲ့သို့ပင် ပထမဆုံးအမည်ဖြစ်သည့် အရေးလွန် ဟုသာ လူသိများ၏ ။ သူကလည်း လိုက်ဖက်သော ထိုအမည်ကို ပို၍ သဘောကျသည်ထင့်၊ သူ့ညီ တိုက်မောင်းတစ်ဦးကိုသာ ကိုကံကောင်းဟု ခေါ်စေလျက် အခြားသူများ အားလုံးကိုတော့ အရေးလွန်ဟု ခေါ်ရန် ကြေညာထားသူ ဖြစ်သည်။
အရေးလွန်မှာ ဗိုလ်ကလေးထွန်းတင်နှင့် ရာထူးရာခံ တူညီသော်လည်း ညီဖြစ်သူရှိနေသည့် တပ်တွင်းသို့ ဝင်လာသည်။ ဇေယျသူ၏ အမိန့်ကို နာခံပြီး လက်ျာဘီလူးတို့နှင့် အတူလိုက်ပါ၏ ။ လမ်းတစ်လျှောက် ဇေယျသူ၏ စီမံကွပ်ကဲမှု ချွတ်ချော်လျင် ကူညီထိန်းသိမ်းပေး၏ ။ ဘာမှ မပြောဘဲ လုပ်ပေးတတ်သော လက်ျာဘီလူးကိုလည်း အားမရ။
"တပ်မှူးက ငထွန်းတင်ထက် နားလည်လျက်နဲ့ ဘဇာကြောင့် သူမှားနေတာကို ပြင်မပေးဘဲ နာခံနေရတာလဲ။ ထုံးစံအတိုင်း ပြန်ပြောပါလား၊ ထောက်ပြပါလား၊ ပိုကောင်းမယ့်နည်းလမ်းကို ညွှန်ပြပေးလိုက်ပါတော့လားဗျာ"
ယင်းသို့ ဆိုတိုင်း လက်ျာဘီလူး ပြုံးရုံသာ ပြုံးနေသည်။ ဇေယျသူ၏ အားနည်းမှုတို့ကို မထောက်မပြ ခိုင်းစေသည့်အတိုင်းသာ နေသည်။ လက်ျာဘီလူး ရာထူးမရှိ၍ မာန်ကျသွားခြင်းလားဟု အချို့က ထင်ကြသည်။ တစ်ခါတစ်ရံ ငကံကပင် သည်အရေးမှာ တပ်မှူးဆို သည်လိုလုပ်လိုက်မှာပဲဟု အားမလိုအားမရ ပြောတတ်၏ ။
ဗိုလ်ကလေး ထွန်းတင်သည်လည်း လက်ျာဘီလူးတို့ တပ်ခွဲကို ကျေနပ်အားရလှသည်တော့ မဟုတ်။ ဇာတ်ပျက်သမားများ စုနေသည်ဟု ထင်နေ၏ ။ အထူးသဖြင့် မိုးနဲရွှေလှံကောင်းများ အလုံအလောက် ရှိပါလျက် ဝါးရင်း တင်ကျည်းတုတ်များကိုသာ ကိုင်ဆောင်ချင်နေကြသော ရှေးရိုးစွဲတပ်ဟု စွပ်စွဲချင်သည်။
ညီတော်မင်းတရား လက်ထက် စစ်ရေးအင်အား တောင့်တင်းခိုင်မာနေခိုက် တောကြိုအုံကြားမှ အရိုင်းအစိုင်းများကဲ့သို့ တုတ်များကိုင်ဆောင်ကာ တိုက်ကြမည်ကို အားမရ။ ထို့ကြောင့် တင်ကျည်းတပ်များသည် လိုက်ဓားတစ်ချောင်းစီ စွဲရမည်ဟု အမိန့်ထုတ်ထားသည်။ တင်ကျည်းသမားတို့ကလည်း မလိုအပ်ဘဲ ဝန်လေးသည်ဟူ၍ ယူဆကြ၏ ။
ထိုသို့ အဖုအထစ် အနည်းငယ် ရှိသော်လည်း ပဋိပက္ခတော့ မဖြစ်။ သူတို့ အလေးထားကြသော တပ်မှူးက သည်းခံနိုင်လွန်း၍ ဖြစ်မည်။ သို့တည်းမဟုတ် ဘဝရှင်၏ အာဏာစက်ကို ကြောက်ကြ၍လည်း ဖြစ်နိုင်သည်။ တပ်သားအများစုကမူ လက်ျာဘီလူးကို မသိကြ၊ မင်းထင်နော်ရထာကိုပင် ကြားဖူးရုံသာ များကြ၏ ။
ရွှေတပ်တော်သား လူသစ်များစွာကြား၌ လက်ျာဘီလူး၊ အရေးလွန်တို့မှာ လူမသိလှဘဲ သူရိယဒေဝ အမည်သာ ဟိုးဟိုးကျော်နေချိန်။ ယခု အယုဒ္ဓယချီ စစ်ကြောင်းများတွင် ဗိုလ်မင်းကြီး သူရိယဒေဝ မပါကြောင်း သိလျင် လူအများတို့ အားလျော့ကာ ပြောမဆုံးနိုင်။ သူသာပါလျင် ယိုးဒယား ရှမ်းတို့ကို ကောင်းစွာ ဖက်ပြိုင်နိုင်မည်ဟု ယူဆနေကြလေသည်။
မြန်မာပိုင်နက် နယ်ပယ်များမှ ထွက်သည်နှင့် တပ်မှူး လက်ျာဘီလူးမှာ တဖြည်းဖြည်း အရေးပါလာခဲ့၏ ။ ဇေယျသူကို ကျော်၍ လက်ျာဘီလူးကို ဗိုလ်ချုပ် စစ်သူကြီးများက မကြာခဏ အခေါ်လွှတ်နေကြသည်။ စည်သူကျော်ထင်ပင် နားမလည်၊ ဗိုလ်ချုပ် မဟာနော်ရထာထံ ဗိုလ်မှူး နေမျိုးသီဟပတေ့က လက်ျာဘီလူးတပ်ကို တောင်း၍ မဟာနော်ရထာက ငြင်းလိုက်သည်ကို အံ့သြနေ၏ ။
မြန်မာစစ်ကြောင်းကြီး နှစ်ကြောင်းသည် လမ်းနှစ်ဖြာခွဲလျက် ယိုးဒယားမြို့ရွာများကို အလွယ်တကူ သိမ်းပိုက်လာကြရာ အယုဒ္ဓယတွင် ပြန်ဆုံကြချိန်အထိ အခက်အခဲ မရှိကြသေး။ သူတို့အတွက် ရာသီဥတု ဆိုးရွားခြင်း၊ မြစ်ချောင်းပေါများ ကောက်ကွေ့ကာ ခရီးမသာခြင်းတို့ကို ရှမ်းတို့ပြည်ရွာ၌ လှည့်လှည်ခဲ့ဖူးသော လက်ျာဘီလူးက ဗိုလ်မင်းများကို ကူညီ၍ ဖြေရှင်း လမ်းညွှန်ပေးနေခဲ့ကြောင်းလည်း မသိကြ။
"ဟေ့.. တပ်မှူးလေး၊ မင့်ကို ဗိုလ်ချုပ်က လွှတ်လိုက်ဦး တဲ့။ သည်လောက် ခဏခဏ ခေါ်နေပုံထောက်ရင် မောင်မင်းက ရာထူးကြီး ဗိုလ်မင်းများကို တယ်အပေါင်းကောင်းသလားဟဲ့"
လက်ျာဘီလူးက အပြုံးမပျက်သော်လည်း အရေးလွန်ကတော့ လက်ယားသွားသည်။ မိမိထက် အကြီးဖြစ်နေသဖြင့် မရိုင်းပျမိခဲ့သော်လည်း ဖြစ်နိုင်လျင် စိန်ခေါ်ကာ သတ်ပြလိုက်ချင်သည်။ မိမိကိုနိုင်မှ တပ်မှူးကို ပြောခွင့်ရှိလမည်ဟု ကြေညာမောင်းခတ်လိုက်ချင်သေး၏ ။
ငကံလည်း အံကြိတ်ထားသည်။ ဤနေရာတွင် တိုက်မောင်းက အားကိုးရ၏ ။ ရူးပေါပေါနှင့် ပြောချင်ရာ ပြော၊ အပြစ်ယူရန် မသင့်သကဲ့သို့ ဖြစ်နေသည်။ ယခုလည်း မကြားတကြားနှင့် စောင်းမြောင်းစကား ဆိုလိုက်သည်။
"အသုံးတည့်လို့ ခေါ်တာ ဖြစ်မှာပေါ့။ အသုံးမဝင်ရင် ဘယ်သူက သုံးပါ့မလဲ.. နော့"
အချင်းချင်း ပြောခြင်းဖြစ်သော်လည်း အာကျယ်သဖြင့် စည်သူကျော်ထင်တို့ ကြားသွားသည်။ မိမိတို့ အသုံးမကျဟု တိုက်ရိုက် ဆိုလိုရာ ရောက်သောကြောင့် မျက်နှာများ နီသွားကြ၏ ။
"သယ်.. သည်အရူး စကားပြော မဆင်ခြင်ဘူး။ ငါ ဓားနဲ့ ပိုင်းလိုက်ရ"
တိုက်မောင်း ငြိမ်သွားသည်။ တပ်သားများကတော့ ပြုံးစေ့စေ့။ ဗိုလ်ကလေးထွန်းတင်ကတော့ တင်ကျည်းတုတ်များ၏ အဖျား တစ်ထွာခန့်ကို သံကြိုးများဖြင့် ပတ်နေကြသည့် တပ်သားများကို နှာခေါင်းရှုံ့ ကြည့်ရင်း
"လူဟောင်းမို့ လက်ကသုံးပြုတယ် ကြားတာပဲ။ အရည်အစွမ်းမှာတော့ မထူးခြားပါဘူး၊ ဗိုလ်မင်းများက မြှောက်စားတယ် ဆိုပြီး မြောက်ကြွားနေပေမင့် ခိုင်းကောင်းသူတစ်ဦးပါ မင်းကြီး"
"နေပုံထိုင်ပုံတော့ တယ်မကြိုက်လှဘူး"
"မှန်ပါ၊ ရာထူးတိုးမည့် လက္ခဏာ မရှိသူမျိုးပါ"
"အိမ်း"
မြင်းကို ဆွဲလျက် ဓားတစ်လက်နှင့် ထွက်သွားသော လက်ျာဘီလူးကို လှမ်းကြည့်ရင်း ပြောနေကြခြင်း ဖြစ်သည်။ နောက်လိုက်နောက်ပါ သွေးသောက်အကြပ် လေးယောက် ခြံရံလျက် လက်ျာဘီလူး ထွက်သွားသည်။ စည်သူကျော်ထင်တို့လည်း အနည်းငယ် ကြည့်ရှု စစ်ဆေးပြီးနောက် ထွက်သွားကြလျင် အရေးလွန်က
"တပ်မှူး ဘယ်သူဆိုတာ ပြောလိုက်ချင်တာကွာ"
ဟု စကားစသည်။ ငတိုက်မောင်းက
"ပြောတော့ရော သိမှာလား အစ်ကိုရ။ သင်းတို့က ငယ်ဖြူမှ မဟုတ်တာ၊ မိန်းမကြောက်လို့ တောထွက်လာတဲ့ ခင်ကြီးတွေပဲ။ ဓမ္မ လို့ ပြောရင် ဓားမပဲ ကြားမယ့်သူတွေ"
တိုက်မောင်း စကားကို ရွှေတပ်တော်သားများ ပွဲကျသွားကြသည်။ ညီအစ်ကိုနှစ်ယောက်ကြားသို့ ငအောင်မော် ဝင်၍
"ပြောမနေပါနဲ့ အရေးလွန်ရယ်၊ တပ်မှူး မသိစေချင်တာ အကြောင်းရှိပါလိမ့်မယ်။ သည်ခေတ်မှာ လူတွေက ဝန်တိုမစ္ဆရိယ အားကြီးကြတာနဲ့၊ တပ်မှူးက ငဲ့ညှာတတ်တာနဲ့တော့ တို့ပါ ဘုံပျောက်နေပါ့မယ်။ ကျုပ်တော့ တစ်ချိန်တုန်းက ဆိုးသွမ်းလွန်းသူကြီး လိမ္မာနေတာကိုပဲ သဘောကျနေတာ။ တို့တပ်မှူး ငြိမ်သွားတာဟာ လူ့လောက အေးချမ်းဖို့ပဲ မဟုတ်လား။ ရှမ်းတွေ ကံကောင်းတာပေါ့ကွယ်"
ဟု ဆိုလာသည်။ အရေးလွန်က
"ကောင်းပါလိမ့်မယ်။ ဗလမင်းထင်တို့ စံလှကြီးတို့ မကြမ်းရင်တောင် ကျုပ် ရမ်းမှာ မသိလို့လား။ တပ်မှူးကလည်း အရင်ထက် အဆမတန် သန်စွမ်းမောက်မာနေလိုက်တာ မင်းတို့အမြင်ပဲ။ တကယ် တိုက်ကြတဲ့အခါ သူစိတ်ထွက်လာရင် မြင်ကြရမှာပေါ့"
ယင်းစကားသည် သူတို့ ဝိုင်းမိထားသော အယုဒ္ဓယမြို့တော်ကြီးအတွက် နိမိတ်ဖတ်လိုက်ခြင်း ဖြစ်နေလိမ့်မည်ဟုတော့ သူတို့အားလုံး မသိခဲ့ကြပါပေ။
Written by သင်္ခရာဇာ
End date: October 27, 2021