သည်အဖြစ်မျိုးကို ဦးတွန် ကြုံခဲ့ရဖူးပြီ။ ကွေ့ ဂုဏ္ဏအိမ် တပ်များကို သွားတိုက်စဉ်အခါက ဖြစ်သည်။ နောင်တော်ကြီးဟု ခေါ်ကြသော အိမ်ရှေ့မင်း သီရိဓမ္မရာဇာ အရည်အချင်း အကွပ်အကဲ ညံ့ဖျင်း၍ ချုံခိုတိုက်ခံရပြီး တပ်ပျက်စဉ် အိမ်ရှေ့မင်းက သူ့ကို နောက်ချန်နေခဲ့၍ ခုခံထားရမည် ဟု မှာခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးသွားခဲ့သည်။ သူကလည်း စိတ်ဆိုးဆိုးနှင့်
''တပ်ပျက်လေပြီးမှ မည်သို့ ခံနိုင်မည်နည်း''
ဟု ဆိုကာ အိမ်ရှေ့မင်းအမိန့်ကို မနာခံဘဲ တပ်ဆုတ်ခဲ့သည်။ အလောင်းမင်းတရား သိတော်မူသောအခါ ပြင်းစွာ အမျက်ထွက်၍ ကွပ်မည်ပြုသော်လည်း
''သင်း သေသင့်သည်မှန်သော်လည်း စစ်အတွင်း ရန်သူဝမ်းသာအောင် မပြုသင့်''
ဟု မြေဒူးမင်းသားနှင့် မူးမတ်များ ဝိုင်းဝန်းတောင်းပန်ကြသောကြောင့် အသက်ချမ်းသာရာ ရခဲ့ခြင်း ဖြစ်သည်။ ယခုလည်း ထိုနည်းနှင်နှင်။ ယခုတစ်ကြိမ်တွင်မူ နောက်ချန်နေခဲ့ရန် မှာသူမှာ အလောင်းမင်းတရားကြီး ကိုယ်တော်တိုင် ဖြစ်ပြီး သားတော်လတ် မြေဒူးမင်းနှင့်တကွ အခြားရောင်းရင်းများ အားလုံးလည်း တပ်ဆုတ်သွားကြလေပြီ။ နာမကျန်းသော မင်းတရားကြီးအတွက် အသက်စွန့်ရမည့် ဤတာဝန်ကို သူ ကျေကျေနပ်နပ် ရယူခဲ့ခြင်းလည်း ဖြစ်သည်။
နေရာက ငှက်ဖျားနှင့် ရေမြေကြမ်းလှသော အယုဒ္ဓယ မြို့ပြင်တစ်နေရာ။ အလောင်းမင်းတရားနှင့် နှစ်စခန်း သုံးစခန်းသာ ကွာဝေးသည်။ ထို့ကြောင့် လိုက်ထပ်လာသော ယိုးဒယားတပ်များကို အသည်းအသန် ခုခံနေရသည်။ သူ့တပ် ကျိုးပေါက်သွား၍ မဖြစ်။ ရှိသည့် အင်အားကို အကောင်းဆုံး စုစည်းကာ ရွပ်ရွပ်ချွံချွံ ခုခံနေရသည်။
သို့သော် လူထောင်တပ်သာ ရှိသော သူ့တပ်ကလေးကို အင်အား ငါးသောင်းခန့် ပါသော ယိုးဒယားတို့ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေသည်မှာ ၃ ကြိမ် ရှိပြီ။ လူအင်အားလည်း လျော့ပါးလာသည်။ စစ်ကူလည်း မရှိ။ သူ့တွင် အားကိုးစရာဆို၍ မုဆိုးဖိုမှသည် အတူပါလာသော တပ်မှူး လက်ျာဘီလူးသာ ရှိသည်။ သူကတော့ အလောင်းမင်းကြီးလူ ပီသစွာ အားကိုးရပါပေသည်။ လူတစ်သိန်း ရံလာသည့်တိုင် မွေးညင်းတစ်ပင် လှုပ်မည့်သူ မဟုတ်ချေ။
ယခု ယိုးဒယားတို့က သူ့တပ်ကို လေးဖက်လေးတန် ဝိုင်းမိသွားလေပြီ။ ဤတစ်ကြိမ်ကို နောက်ဆုံးထား၍ တိုက်ခိုက်ရန် ပြင်ဆင်ရသည်။ သူ့တပ်ကို လေးစု ခွဲလိုက်သည်။ ရံတပ် လေးမျက်နှာလုံးကို တပြိုင်တည်း ထိုးဖောက် တိုက်ခိုက်ပစ်ကြသည်။ သူ့လူ ၂၅၀ သည် လူသောင်းကျော်ကို ကိုယ်စားပြုကာ တိုက်ခိုက်နေရပေပြီ။ သို့သော် မည်သူမျှ တစ်ချက်ရွံ့ရှားခြင်း မဖြစ်။ တွန့်ဆုတ်လေးပင်ခြင်းပင် မရှိ။ တိုက် ဟု ဆိုသည်နှင့် တမဟုတ်ချင်း ယိုးဒယားလူအုပ်ကြီးကြားထဲ တိုးဝင်ပျောက်ကွယ်သွားကြသည်ချည်း ဖြစ်သည်။
အရေးကြီးသော အရှေ့ဘက် စစ်မျက်နှာ အယုဒ္ဓယ မြို့တော်ဘက်သို့ သူကိုယ်တိုင် တိုက်သည်။ လက်ျာဘီလူးက မြောက်ဘက်၊ ဇေယျပျံချီက တောင်ဘက်၊ အနည်းငယ် ပျော့ညံ့သော နေမျိုးရွှေတောင်က မြန်မာတပ်များ ဆုတ်ခွာသွားရာ အနောက်ဘက်အရပ်ကို တပ်များ မကျိုးမပေါက်အောင် ကွပ်ကဲရသည်။ အောင်ပွဲအရဆုံးကား အရှေ့ဘက်နှင့် မြောက်ဘက် ၂ တပ်ဖြစ်သည်။ မြင်မြင်သမျှ တရကြမ်း မွှေ့ယမ်းထိုးခုတ်တတ်သော လက်ျာဘီလူးနှင့် ရန်သူဗ်ိုလ်ပုံအလယ် အတင်းတိုးဝင် လိုက်တတ်သော မင်းခေါင်နော်ရထာ အမည်ရ ဗိုလ်တွန်တပ်များကို မည်သူမျှ မခံနိုင်။
သူသည် ရန်သူစစ်သည် လက်အောက်ငယ်သားများကို မည်သည့်အခါမျှ အရေးတယူ တိုက်ခိုက်နေခြင်း မရှိ။ ရွှေထီးဆောင်းသည့် ဗိုလ်ကိုမှ လိုသည်။ ရန်သူတပ်တစ်တပ်၏ အကြီးအကဲ ဆီသို့သာ ရွယ်ပြီး လွှတ်လေ့ရှိသည်။ မွန်နှင့်တိုက်ခဲ့ရတုန်းကလည်း သူအလိုက်ကောင်းသောကြောင့် မွန်မြင်းတပ်တစ်တပ်လုံး ဆုတ်ပြေးဖူးသည်။ ယခုလည်း တိုက်ဆင်ကြီးပေါ်မှ ရွှေထီးဆောင်း စစ်ကဲတစ်ဦးကို မြင်သည်နှင့် သူ တရကြမ်း လိုက်တော့သည်။
လူ သောင်းစုထဲသို့ မြင်းတစ်စီးတည်းနှင့် ဇွတ်ဝင်ကာ လိုက်ထိုးသော မင်းခေါင်နော်ရထာကို ယိုးဒယားတို့ မည်သို့ထင်သည်မသိ၊ အတင်း တပ်ဆုတ် ပြေးတော့သည်။ ရွှေထီးဆောင်း စစ်သူကြီးက တိုက်ဆင်လှည့်ကာ မြို့ဆီ ဒုန်းပြေးလေသဖြင့် တပ်ပျက်ကာ ပြေးကြခြင်း ဖြစ်သည်။ ဖရိုဖရဲ ဖြစ်နေသော ယိုးဒယား တပ်သားများအကြား မြင်းညိုကြီးတစ်စီးနှင့် လူညိုကြီးတစ်ယောက် ဆံပင်ဖားလျားနှင့် တရိပ်ရိပ် ပြေးနေသည်ကို မြောက်ဘက် စစ်မျက်နှာမှ လှည့်တိုက်လာသော လက်ျာဘီလူး မြင်လိုက်သည်။ ဗိုလ်တွန်မှန်း သိ၍ သူလည်း အတင်းလိုက်လေတော့သည်။
''မင်းကြီး… မလိုက်နဲ့… တန်တော့''
ဓားလှံမီးပေါက်သံများကြားက သူ့အသံကို မင်းကြီး မင်းခေါင်နော်ရထာ ကြားသည်ထင်သည်။ ရိပ်ခနဲ တစ်ချက်လှည့်ကြည့်သွားသည်။ သို့သော် အရှိန်တုန့်သွားခြင်းပင် မရှိ၊ ကြည့်နေရင်း ရန်သူအုပ်ထဲ ရိပ်ခနဲ ပျောက်သွားပြန်သည်။ ထို့ကြောင့် သူလည်း မြောက်ဘက် စစ်မျက်နှာအစွန်မှ ထွက်ကာ အရှေ့ဘက်တိုက်ပွဲထဲ တိုးဝင် လိုက်ရတော့သည်။
ဟိုးအရှေ့ ပျပျမှာ တိုက်ဆင်ကြီးများကို ဖုန်တထောင်းထောင်းနှင့် ပြေးလွှားနေတာ တွေ့ရသည်။ ရှေ့က မြင်းညိုကြီးကတော့ ပျောက်လိုက်ပေါ်လိုက် လူအုပ်ထဲ စုံးစုံးမြုပ်သွားလိုက်။ ဖုန်လုံးတွေ ကြားထဲမှာ မြင့်မားညိုမှောင်သော အယုဒ္ဓယ မြို့ရိုးကြီးကို တွေ့လိုက်ရချိန်တွင်တော့ မင်းခေါင်နော်ရထာ၏ မြင်းညိုကြီးသည် တောင်ကုန်းတစ်ခုပေါ် ပြေးတက်သွားနေပြီဖြစ်သည်။
တိုက်ဆင်ကြီးတွေက မြို့ရိုးနား ရောက်နေပြီ။ ရွှေထီးဆောင်း စစ်သူကြီးက နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။ ညိုညိုတုတ်တုတ် ထိုလူကြီး ပါလာသေးလား ကြည့်ခြင်းဖြစ်သည်။ ထိုလူကြီးကတော့ ပါမလာတော့ပါ။ သို့သော် ၁၂ ပေခန့် ရှိသော ဆင်ပစ်လှံတံရှည်ကြီးက ပြေးဝင်လာကာ ရင်ဝတည့်တည့် ဒုန်းခနဲ ဝင်ဆောင့်သည်။ ချပ်ဝတ်ပေါက်ထွက်သွားပြီး ဆင်ပေါ်မှ လွင့်ကျသွားတော့သည်။ သူ နောက်ဆုံး မြင်လိုက်ရတာက တောင်ကုန်းပေါ်မှ မြင်းတစ်စီးနှင့် လူတစ်ယောက်ပဲ ဖြစ်သည်။
''ဟာ… စစ်ကဲ ကျသွားပြီဟေ့… ကျသွားပြီ''
ယိုးဒယား စစ်သည်တို့ အော်ဟစ်သံများ ဆူညံသွားသည်။ သို့သော် မည်သူမျှ ပြန်မကောက်ဝံ့။ တောင်ကုန်းထက်မှ ဒုန်းစိုင်းပြေးဆင်းလာသော မြင်းညိုကြီးက မြို့ရိုးအခြေထိ ပြေးကပ်လာသောကြောင့် ဖြစ်သည်။ ဆင်ပေါ်မှ ကျခဲ့သော စစ်ကဲအနား နှစ်ပတ်လှည့်ပတ်ပြီးမှ မြင်းပေါ်မှ ဆင်းကာ စစ်ကဲခေါင်းကို အေးအေးဆေးဆေး ဖြတ်ယူသည်။ မြို့ရိုးထက်ကို မြှောက်ပြလိုက်သေးသည်။ သို့သော် မည်သူကမျှ ဘာမှ မလုပ်နိုင်ဘဲ ငေးကြည့်နေကြသည်။
လုပ်လည်း ထူးမည်မဟုတ်တာ သူတို့ သိနေသည်ပဲ။ ဤလူနှင့် အကြိမ်ကြိမ် တိုက်ဖူးကြသည်။ မြန်မာတပ်မတော်တွင် ထိုလူကြီးမှာ ဘုရင်ပြီးလျင် အကြီးဆုံးဖြစ်သည်။ မင်းညီမင်းသားများထက်ပင် ကြောက်ကြရသေးသည်။ မည်သူ့ကိုမှ လူမထင် ပြုတတ်သည်။ မြား လှံ သေနတ်များကိုလည်း မဖြုံ။ အလွယ်တကူ ရှောင်ရှား ကာလွှားတတ်သည်။ သူ့ကို ထိခိုက်နိုင်မည့် နည်းလမ်း မရှိဟုပင် ထင်ရသည်။ ထို့ကြောင့် အကုန်ခံ မပစ်ကြတော့ဘဲ လွှတ်ထားလိုက်ရသည်။
မင်းခေါင်နော်ရထာသည် ရန်သူစစ်ကဲခေါင်းကို ဖြတ်၍ပြန်လှည့်သွားသည်။ ထိုစဉ် တစ်နေရာတွင် လူရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို တွေ့ရသည်။ မြင်းသည်တစ်ယောက်ကို လူအုပ်ကြီးတစ်ခုက ဝိုင်းတိုက်နေခြင်း ဖြစ်သည်။ မြင်းတစ်စီးနှင့် ဝင်းခနဲ လက်ခနဲ ဓားချက်များ၊ လူအုပ်ကြီး တသောသော ရွေ့လျားနေတာသာ မြင်ရသည်။ သေနတ်မီးပေါက်သံများလည်း ဆူညံနေသည်။ ထိုမြင်းသည်လည်း အယုဒ္ဓယမြို့တော်ဆီ ဦးတည်နေသည်။
ဗိုလ်တွန်က သူ့လူမဟုတ်ဟု ထင်လိုက်သည်။ ဤအချိန်တွင် အယုဒ္ဓယဘက် တိုးဝံ့သည်မှာ သူ့တပ်တွင် သူ့အပြင် မရှိ။ သူ့လူထောင်စုအကြောင်း သူအသိဆုံးဖြစ်သည်။ ဖြစ်ပုံမှာ ယိုးဒယားတစ်ယောက် သစ္စာဖောက်၍ အချင်းချင်း လိုက်လံထိုးခုတ်နေကြပုံရသည်။ ထို့ကြောင့် သူနှင့် မဆိုင်လှ ဟု ခပ်လှမ်းလှမ်းမှသာ ရပ်ကြည့်နေသည်။
''ရပြီဟေ့… ရပြီ… ကျသွားပြီ… အနားမကပ်ကြနဲ့ဦး''
ယိုးဒယားသားတို့ ဆူညံစွာ အော်ဟစ်နေသော်လည်း သူနားမလည်။ ပြန့်ကားနေသော လူအုပ်ကြီး စုစည်းသွားသည်ကို ကြည့်၍ မြင်းသည်သူရဲ ကျသွားပြီ ဟု သိလိုက်သည်။ စစ်သည်များက ထိုသူကို သယ်ပြီး မြို့တော်ဘက် ပြေးလွှားသွားကြသည်။ သူတို့ကြား ပါသွားသော မြင်းနီကြီးတစ်ကောင်မှာမူ ထူးခြားနေသည်။ ယိုးဒယား မြင်းထွားကြီးများလို မဟုတ်။ ကျစ်လျစ်သန်မာသော စစ်ကိုင်းမြင်းဟန် ပေါက်နေပြီး ထိုမြင်းကို သူ သိသလိုလည်း ရှိသည်။
ထိုစဉ် သူ့တပ်မှ တပ်သားကျော် ငရွှေ ပြေးတက်လာသည်။ ''ဗိုလ်မင်း… ဗိုလ်မင်း'' ဟုလည်း အော်လာသည်။ သူ မြင်းကို ငရွှေထံ ဦးတည်လိုက်သည်။ ငရွှေက ပြေးလာရင်း
''မင်းကြီး မင်းလှနော်ရထာ လာတယ် ဗိုလ်မင်း''
''ဟေ.. ဘယ်မှာလဲ''
''အနောက်ဘက်မှာ တိုက်ပွဲဖြစ်နေတယ်။ တိုက်သံကြားလို့ ကူရအောင် ပြန်လှည့်လာတာ တဲ့''
''ဟားဟား… မလိုပါဘူးကွာ… ဒီမှာကြည့်''
ယိုးဒယားစစ်ကဲ၏ ဦးခေါင်းကို မြှောက်ပြလိုက်သည်။ ငရွှေက ဝမ်းသာသည့် ပုံလည်း ပေါ်သည်။ စိုးရိမ်ထိတ်လန့်နေဟန်လည်း ရသည်။
''ပြီးတော့… ဟို… ဟို…''
''မင်း ဘာဖြစ်နေသတုန်း… တဟိုဟိုနဲ့''
''တပ်မှူး လက်ျာဘီလူး… ကျသွားပါတယ်''
''ဘာ… မဖြစ်နိုင်တာ''
သူသည် မြင်းကို ချက်ချင်း မြောက်ဘက်စစ်မျက်နှာဆီ လှည့်လိုက်သည်။ သို့သော် ငရွှေက ပါးချပ်ကြိုး ဆွဲထားရင်း…
''မြောက်ဘက်မှာ ကျတာ မဟုတ်ပါဘူး။ ဗိုလ်မင်းနောက် လိုက်ရင်း ဝိုင်းပစ်ကြလို့ ကျသွားတာ''
''ဟာ…''
သူ မကြာသေးမီက တရုန်းရုန်း ဖြစ်ခဲ့ရာသို့ ယောင်ရမ်း ကြည့်မိသည်။ ထို့နောက် အယုဒ္ဓယ မြို့ဘက် လှမ်းကြည့်လိုက်သည်။ မြို့တံခါး ဖွင့်ပြီး လူအုပ်ကြီး ဝင်သွားကြသည်ကို တွေ့လိုက်ရသည်။
''သွားပြီ… ပါသွားပြီ။ တောက်''
မရတော့သည့် အတူတူ သူ မင်းလှနော်ရထာရှိရာသို့ ဦးစွာသွားသည်။ တိုက်ဖော်တိုက်ဖက် သွေးသောက် ရောင်းရင်းကြီးကို စိတ်မပူရန် ပြောပြီး မင်းတရားကြီးကို စောင့်ရှောက်ရန်သာ ပြန်လွှတ်လိုက်သည်။ သူကတော့ ယိုးဒယားတို့ဆီ လက်ျာဘီလူးကို ပြန်တောင်းရန် သွားဦးမည် ဟု ဆိုသည်။ မင်းကြီး မင်းလှနော်ရထာပါ လိုက်လာသည်။
စစ်ပွဲက ပြီးသလောက် ဖြစ်သွားပြီ။ ယိုးဒယားတို့ ထွက်မတိုက်ဝံ့တော့။ မြို့တံခါး အလုံပိတ်ပြီးသာ နေသည်။ သူတို့က မြို့ပြင်မှ နေ၍ လက်ျာဘီလူးကို ပြန်ပေးရန် ရှမ်းတစ်ယောက်ကို စေလိုက်သည်။ သို့သော် ယိုးဒယားတို့က မပေး။ အရေးကြီးသူမှန်း သိသွား၍ ထိန်းသိမ်းထားလိုက်တော့သည်။ မသေသေးမှန်း သိရသဖြင့် ၂ ရက် ၃ ရက် စောင့်တောင်းသေးသည်။ မရ။ မင်းလှနော်ရထာကတော့ ပြန်သွားနှင့်လေပြီ။ မင်းခေါင်နော်ရထာသာ ကျန်ခဲ့သည်။
မည်သို့မျှ တောင်းမရသဖြင့် ပြန်ခဲ့ကြရသည်။ အလာတုန်းက လမ်းမှ ပတ်မပြန်ဘဲ ဖြတ်လမ်းမှ လိုက်ခဲ့ကြသည်။ လမ်းတွင် ကြိုကြားချုံခိုတိုက်ခိုက်ခြင်း အနည်းငယ်သာ ကြုံရပြီး ယိုးဒယားတို့ ထွက်မလိုက်ဝံ့တော့ချေ။ အလောင်းမင်းကြီးလူ လက်ျာဘီလူးကို နှမျောလှသော်လည်း သူ့ထက် အရေးကြီးသည့် သတင်းကို လမ်းတစ်ဝက်တွင် ကြားရတော့သည်။ အလောင်းဘုရား နတ်ရွာစံသွားပြီ ဆိုသည့် သတင်း။
………………………………………………………………
သူ သေနတ် ၅ ချက် ထိသည်။ မြားတစ်ချောင်းက ကျောမှဝင်ပြီး ခါးကို ဖောက်ထွက်သွားသည်။ ဓားချက်များစွာလည်း ရှနာခဲ့သဖြင့် အသက်မသေသော်လည်း အဖျားကြီးစွာ ခံစားရသည်။ မင်းဆရာတော်တစ်ပါး၏ ဆေးနှင့် အင်းများအစွမ်းကြောင့်သာ မသေခဲ့ခြင်း ဖြစ်၏။ ဆရာတော်ကြီးက သူ့အသက်ကို မေတ္တာရပ်ခံခဲ့ခြင်း၊ မြန်မာတပ်၏ အထူးအရေးပါသူ ဖြစ်ခြင်းတို့ကြောင့် မသတ်သော်လည်း သူ့ကို ရှမ်းများ အလွန်မုန်းကြသည်။ (ယိုဒယား ခမာ စသည်တို့ကို ရှမ်းဟုသာ ခေါ်လေ့ရှိကြသည်) အင်းဝခေတ်က မွန်သူရဲကောင်း သမိန်ဗရမ်းကို ထားသကဲ့သို့ သံခြေကျင်းနှင့် ဆင်းရဲပင်ပန်းစွာ ထားသည်။
မင်းဆရာတော်နှင့် သိကျွမ်းရခြင်းမှာလည်း ထူးခြားသည်။ တစ်ညတွင် မင်းဆရာတော် အိပ်မက်မက်သည်။ ကျောင်းရှေ့ မြေတလင်းကို တံမြက်စည်း လှဲနေခိုက် ကြီးမားမြင့်ထွားလှသော မြင်းကြီးများနှင့် နတ်ဘီလူး ငါးကောင် ကျောင်းထဲ ဝင်လာကြသည်။ ရှေ့ဆုံးမှ မြင်းဖြူကြီးနှင့် ရွှေရောင်အဆင်းရှိ၍ ခန့်ညားလှသော နတ်ဘီလူးကြီးက အပြာရောင်၊ အစိမ်းရောင်၊ အနီရောင် ရှိကြသော နတ်ဘီလူးကြီးများကို ဖယ်ရှားစေ၍ အနောက်ဆုံးမှ အနက်ရောင် နတ်ဘီလူးတစ်ကောင်ကို ရှေ့ထွက်စေကာ…
''ကျွန်ုပ်တို့ ညီနောင်ငါးဖော်မှ အထွေးဆုံး ညီငယ်အား ဆရာတော်ကို အပ်ပါ၏။ ပြုစု စောင့်ရှောက်ပေးပါရန် တောင်းပန်လျှောက်ထားအပ်ပါသည်''
ညီထွေး နတ်ဘီလူးသည် ဒဏ်ရာပြင်းထန်စွာ ရထားပုံ ပေါ်၏ ။ သွေးအလိမ်းလိမ်းနှင့် ဖြစ်သည်။ ရွှေရောင် နတ်ဘီလူးကြီးက ဆေးတစ်ခုကို ပေး၍ ပျောက်ကွယ်သွားသည်။ အစိမ်းရောင် နတ်ဘီလူးက မြေတွင် အင်းတစ်ခု ရေးပြသည်။ အနီရောင် နတ်ဘီလူးက မန္တာန်တစ်ခု နှုတ်တိုက် သင်ပေးသွားသည်။ အပြာရောင် နတ်ဘီလူးကမူ ဘီလူးပုံ အစီအရင်များ ဆပ်ကပ်လာသည်။ အနက်ရောင်ဘီလူးက ပေးစရာ ပါမလာသဖြင့် ဆောင်ထားသော ကျောက်စီဓားမြှောင်ကို ထုတ်ပေးလေသည်။
အိပ်မက်မှာ ထူးခြားလှသဖြင့် နံနက် ၃ နာရီခန့် လန့်နိုးလေသည်။ ဆရာတော်သည် အိပ်မက်ကို ဆင်ခြင်၍ ထူးခြားသော အကြောင်းအရာ ရှိရမည် ဟု ကြည့်သော် ဆေးပေးခဲ့သော နေရာတွင် ဆေးတောင့်တစ်တောင့်ကို ကျောက်ဖျာပေါ်တင်လျက် တွေ့သည်။ မြေတွင် အင်းကို တွေ့ရသည်။ မန္တာန်ကိုလည်း မှတ်မိနေသည်။ အိပ်မက်သည် အမှန်ပင် ဖြစ်မည်ဟု ယူဆမိလေသည်။
နံနက်လင်းသော် စျေးအတွင်းဝင်လျက် စုံစမ်းလေသည်။ ထိုအခါ ဘီလူးကဲ့သို့ ကြမ်းတမ်းလှသော မြန်မာနှစ်ယောက်အကြောင်း ပြောနေကြသည်ကို ကြားရသဖြင့် မေးမြန်းကြည့်ရာ တစ်ဦးကို ဒဏ်ရာပြင်းစွာနှင့် လက်ရဖမ်းဆီးရမိကြောင်း သိရလေသည်။ နန်းတော်သို့ဝင်၍ မေးမြန်းရာ ဖမ်းမိသူမှာ ကျောနှင့် ရင်တွင် ဘီလူးပုံပါသော တပ်မှူးအဆင့်တစ်ယောက် ဖြစ်ပြီး မြန်မာစစ်သူကြီးက အရေးတယူ ပြန်တောင်းနေကြောင်း၊ သုံ့ပန်းအဖြစ် ထားရမည်ဖြစ်ကြောင်း သိရသဖြင့် ဤသူကို ကြည့်ရှုစောင့်ရှောက်ခွင့် ပေးရန် ဘုရင်ထံ အရေးဆိုခဲ့လေသည်။
မည်မျှ ကြာသွားသည် မသိ။ ထောင်အတွင်းမှာ လက်ျာဘီလူးသည် အချို့ ယိုးဒယား ရှမ်းများနှင့်ပင် ရင်းနှီးသိကျွမ်းလာသည်။ အလောင်းမင်းတရား နတ်ရွာစံ၍ နောင်တော်ကြီးမင်း နန်းတက်ကြောင်း သိရသည်။ သို့သော် သူ့ ရဲဖော်ရဲဖက် ဗိုလ်မှူးကြီး မင်းခေါင်နော်ရထာ သူပုန်ဖြစ်သွားသည်ကို သူမသိ။ အင်းဝကို လုပ်ကြံ၍ အခိုင်နေနေသည် ဆိုသည်လည်း မကြား။ ဘုရင့်တပ်များနှင့် အကြိမ်ကြိမ် တိုက်၍ နောက်ဆုံး ထွက်ပြေးရင်း အလောင်းမင်းတရားကြီး၏ အားအထားရဆုံး ဘယ်လက်ရုံးကြီးသည် သေနတ်သင့် ကျဆုံးသွားခဲ့ရသည် ဆိုသည့် သတင်းလည်း သူမသိခဲ့ရပါ။
အလောင်းဘုရား နတ်ရွာစံကြောင်းကိုပင် ဆရာတော် ပြောပြသဖြင့် သိရခြင်း ဖြစ်သည်။ အခြား မြန်မာသတင်းများ ဘာမှ မကြားရတော့။ ထောင်တွင်းတွင်သာ နီးစပ်ရာအချို့နှင့် အဆင်ပြေအောင် နေသည်။ သူ့ကို မည်သူမျှလည်း မထိဝံ့ မစော်ကားဝံ့။ ရောက်စက ထောင်သား လူမိုက်တစ်ယောက် နှောင့်ယှက်ထိပါးလာ၍ လည်ကို ထကိုက်သတ်ခဲ့သည်မှ စကာ သူ့ကို ထောင်သားများအားလုံး လက်ရှောင်သွားကြတော့သည်။
သူနှင့် ရင်းနှီးသူများထံမှ အချို့ပညာရပ်များကို ရ၏။ သူတို့ကိုလည်း လက်ျာဘီလူးက မြန်မာ့ပညာရပ်အချို့ သင်ပြပေးခဲ့၏။ မြန်မာပြည်က နက္ခတ်နှင့်ယှဉ်လျက် ထိုးလာခဲ့သော ဘီလူးပုံအား မင်းဆရာတော်က လေ့လာကြည့်ရှုပြီး ထပ်မံပြုပြင် ထိုးနှံပေးလိုက်သည်။ မူလက ဆေးစိမ်း တစ်မျိုးတည်းဖြင့်သာ ထိုးခဲ့ရာမှ ယခုအခါ အစီအမံ ဆေးများဖြင့် အရောင်စုံ တောက်ပကာ ရဲရဲနီစွေးသော ဘီလူးကြီး ဖြစ်လာခဲ့လေပြီ။ ဆေးမင်ထိုးပြီးသောအခါ သွေးများသည် အမြဲ ပူနွေးလျက် အစဉ် နိုးကြားတက်ကြွနေသည်ကို ခံစားရ၏ ။
မင်းလှမင်းခေါင် ဆုံးသွားပြီးနောက် တစ်နေ့တွင် သူ့ကို ထောင်မှ ထုတ်ကာ ဘုရင်က ခေါ်တွေ့သည်။
''သင် ကျွန်ုပ်တို့ဆီ ရောက်နေခဲ့သည်မှာ ကြာပြီ။ ဟိုစဉ်က စကြာမင်းကြီး(ဘုရင့်နောင်)သည် ငါတို့မင်းသား ဆွေတော်မျိုးတော်များကို သိမ်းယူ၍ ဟံသာဝတီသို့ ခေါ်ဆောင်သွားဖူးသည်။ နှိပ်စက်ညှဉ်းပန်းခြင်း မရှိ၊ ငါတို့ မင်းသားကို စစ်ပညာများပင် သင်ပေးခဲ့သေးသည်။ စကြာမင်းကြီး၏ စိတ်နှလုံး မြင့်မြတ်ပုံကို အတုယူ၍ သင့်ကို ကျွန်ုပ် သတ်ညှစ်ခြင်း မပြုဘဲ အစာရေစာပေး၍ ကောင်းစွာ ထားခဲ့ပြီး ဖြစ်သည်။ သို့သော် မြန်မာတို့ရန်ကို ကြောက်၍ သင့်ကို သုံ့ပန်း ဖမ်းထားခဲ့ရသည်။ ယခုမူ အန္တရာယ် မရှိတော့ဟု ယူဆသဖြင့် သင့်ကို ကျွန်ုပ် လွတ်လပ်ခွင့် ပြုမည်။ ကျွန်ုပ်တို့ တိုင်းရင်းသားများကို သတ်ဖြတ်နှိပ်စက်ခြင်း မပြုဘဲ သင့်တိုင်းပြည်သို့ ကောင်းမွန်စွာ ပြန်ပါ''
ဟု ဆို၏။ လက်ျာဘီလူးလည်း ကျေးဇူးစကား ဆို၍ ဆရာဘုန်းကြီးကို သွားရောက် ရှိခိုးပြီး ထွက်ခဲ့လေသည်။ သူ့မြင်းနီကြီး တိမ်ပျံသည် သူ့ကို မြင်သည်နှင့် အတင်းရုန်းကာ မြင်းဇောင်းကို ခုန်ကျော်၍ ပြေးလာသည်။ စစ်မြင်းဖြစ်သော တိမ်ပျံကို မည်သူမျှ စီးမရ။ မည်သို့ကျင့်ကျင့် မရ။ တစ်ကြိမ် စီးရလျင်လည်း နောက်တစ်ကြိမ်တွင် အစက ပြန်ကျင့်နေရသဖြင့် သည်အတိုင်း ထားရသည်ဟု သိရသည်။ သူကား တိမ်ပျံအတွက် ဝမ်းသာလှတော့ပြီ။
မြန်မာနယ်ထဲ ရောက်မှ ဗိုလ်ချုပ်ကြီး မင်းခေါင်နော်ရထာ ဆုံးကြောင်း သိရသည်။ နောင်တော်ကြီး တပယင်းမင်း၏ ညံ့ဖျင်းပုံများကို သူ သိပြီးဖြစ်ရာ နေပြည်တော် ရတနာသိင်္ခသို့ မပြန်တော့။ ဇာတိဖြစ်သော တကောင်းအရပ်သို့သာ ပြန်သွားလေတော့သည်။
Written by သင်္ခရာဇာ
End date: November 20,2021