Translate

Showing posts with label တစ်ကိုယ်တည်းစစ်သည်တော်. Show all posts
Showing posts with label တစ်ကိုယ်တည်းစစ်သည်တော်. Show all posts

တစ်ကိုယ်တည်းစစ်သည်တော် (ဇာတ်သိမ်း)

ရွာထဲက အလှူမှာတော့ လူကြီးတွေ သူ့အစုနဲ့သူ စကားပြောနေကြရာမှာ ယာသူကြီး ဦးဘကိုးဟာ ညက သူကြုံခဲ့ရတဲ့အကြောင်း ဖောက်သည်ချနေတာပေါ့။
"မြန်လိုက်ထာဗျာတို့၊ လူနဲ့တောင် မတူဘူး"
"ကိုဘိုးရင်တို့ ယာဘက်ကနေ လာတာနော်.. ဟုတ်လား"
ဦးခင်က ဖြတ်မေးတယ်။
"ဟုတ်သဗျ၊ တောင်သုံးဆင့်ဘက်ကို သွားတာ။ ဓားပြတွေလား ငဇံသီးလူတွေလား မဆိုနိုင်ဘူး။ ကျုပ်တော့ မျက်ခုံးခပ်လှုပ်လှုပ်ပဲ"
သူ့စကားကြောင့် နားထောင်နေကြသူတွေ ရင်လေးသွားကြတယ်။
"ကျုပ်လည်း ထူးခြားတာ ပြောရဦးမယ်။ မနက်စောစောက ချောင်းထဲကို ခင်ဗျာ့လူ ပုံစံနဲ့ တစ်ယောက် ဆင်းသွားတာ တွေ့လိုက်ရလို့။ သူကတော့ ကျုပ်ကို မမြင်ဘူး။ ကျုပ် မန်ကျည်းရွက်နု တက်ခူးနေတုန်း ဝုန်းဆို ရေသံကြားလို့ ကြည့်တော့ ရေထဲမှာ သွေးလို အနီရောင်တွေကြားက ဆံပင်ဖားလျားနဲ့ လူတစ်ယောက် ပေါ်လာတယ်"
"တယ်လည်း ဆန်းကြယ်ပါ့လားဗျာ့"
"ဆန်းဆို သူ့မျက်နှာက နူနာသည်နဲ့ တူလို့ ကြည့်နေတုန်းမှာ အဲဒီဘက် တက်သွားတာ တွေ့လိုက်ရတာပဲ"
"သင်းက ညကြီးအချိန်မတော် ပြေးလွှားနေပြီး အစောကြီး ပြန်လာတယ် ဆိုတော့ ဘာတွေ လုပ်နေပါလိမ့်.. ဘုရား ဘုရား"
"ဗိုလ်ဇံသီးတို့ လူများလားဟရို့"
"တို့အလှူကို ဓားပြတိုက်ဖို့ စနည်းနာလာတာနေမှာ"
နဂိုကမှ တထိတ်ထိတ် ဖြစ်နေကြရတဲ့အထဲ သူ့စကားကြောင့် ပိုစိုးရိမ်သွားကြပြီး ရွာလူကြီးတွေ မျက်နှာပျက်ကုန်ကြပါလေရော။
အလှူကို ချူသံတချွင်ချွင်နဲ့ တစ်ဖက်ရွာက လှည်းယဉ်တွေ ဝင်လာကြလို့ ဆီးကြ ကြိုကြ နေရာချထားကြနဲ့ ရွာသားတွေ အလုပ်များသွားကြတယ်။
"ကိုကောင်းစည်တို့များ နောက်ကျလိုက်တာဗျာ.. ခုမှ လာကြတယ်။ စောစောလေးကတည်းက မျှော်နေတာ"
"အို.. ကိုဖိုးသာရဲ့။ ကျုပ်တို့သား အောက်ပြည်ရွာ လှေထိုးလိုက်သွားတာ ခုမနက်မှ ပြန်ရောက်လာလို့ နောက်ကျသွားရပါသော်ကော"
"အငယ်ကောင်လား၊ ကျန်းကျန်းမာမာ ရှိရဲ့လား"
"ကျန်းမာပေမယ့် တစ်ခုခုကို သွေးပျက်လာတယ်နဲ့ တူပါရဲ့။ အလှူလိုက်ခဲ့ပါ ဆိုတာ ဘယ်လိုမှ ခေါ်မရခဲ့ဘူးဗျာ.. ကိုင်း။ အပြင် မထွက်ချင်ဘူး ဆိုလို့ အိမ်စောင့်ထားခဲ့ရတယ်"
"ဗျို့.. မောင်စည်၊ ငါ့သားလည်း အတူတူပဲကွ။ အစောကြီး ရောက်လာပြီး အမူအရာ ပျက်နေတယ်။ ဒီနယ်ကို စစ်သည်တွေ ရောက်နေသလား လို့လည်း ထူးထူးဆန်းဆန်း မေးသကွ"
လှည်းယဉ်ကျော့ကို နွားဖြုတ်နေတဲ့ ဦးကြီးမော်က လှမ်းပြောတော့ သူတို့ရွာသားတွေ စိတ်ဝင်စားမိကြတယ်။
"စစ်သည်တွေ လာကြလိမ့်မယ် ကြားလို့လားဗျို"
"မကြားမိပါဘူး မောင်ရာ၊ သူတို့တော့ ဘယ်က ကြားလာလဲ မသိ။ လာတော့ရော ဘာဖြစ်သေးလဲ.. သာကောင်းတာပေါ့ဟ"
အဲဒီတုန်းမှာ ကန်သုံးဆင့်ဘက်က လှည်းတွေ ထပ်ရောက်လာကြပြန်တယ်။ အမယ်.. သူတို့က အတီးအမှုတ်နဲ့ ကခုန်လိုက်ပါလာကြတာဗျ။ ဘာတွေများ ဒီလောက် ပျော်နေကြပါလိမ့် မေးမြန်းကြတော့..
"ဟိတ်.. မင်းတို့ မကြားသေးဘူးလား။ ဓားပြဗိုလ် ငဇံသီးအကောင် ရေနဲ့ မျောလာလို့တဲ့ဟေ့။ တို့ ကန်သုံးဆင့် ဘေးရွာမှာ လာတင်နေသတဲ့။ တုတ်တစ်ချောင်း စိုက်လို့ဆိုပကော"
"ဟယ်"
ဆိုတဲ့ အသံကြီးက အလှူတစ်ခွင်လုံး ဟိန်းထွက်သွားတယ်။ ဝမ်းသာအားရနဲ့ ကန်သုံးဆင့် လှည်းတွေနား ပြေးလာကြတဲ့သူတွေမှ မနည်းမနော။ အဲဒီသတင်းကို အလုအယက် နားထောင်ချင်နေကြတာ။
"ဒါတင် ဘယ်ကဦးမလဲ၊ တို့ရွာက မိပန်းလေးလည်း ပြန်ရောက်လို့ မေးမြန်းကြတော့ သူကိုယ်တိုင် ငဇံသီးကို ဝါးချွန်နဲ့ စီရင်ပစ်ခဲ့တယ် ပြောပါရော"
"အိုး.. မိပန်းက အာဂသတ္တိခဲမလေးပဲ"
"ဒီလိုဆို သူရဲကောင်း မိပန်းကို တို့ရွာတွေ အားလုံး စုပြီး ဂုဏ်ပြု ချီးမြှောက်ကြရအောင်ဟေ့"
"ဝေးးးးးး"
သူတို့ အတော်ပျော်နေကြတာပါ။ တစ်ယောက်တစ်ပေါက် ဆူညံနေကြလို့ ကန်သုံးဆင့်က ဦးမင်းမှာ မပြောသာဘဲ လက်ကာ ရပ်နေရသေး။ နောက်မှ
"နေကြပါဦး၊ ဗိုလ်ဇံသီးကို မိပန်းလေးကိုယ်တိုင် သတ်လိုက်ရတာ ဆိုပေတဲ့ တကယ်တမ်း လာလုပ်ကြံတာက လူတစ်ယောက်တဲ့"
"ဟုတ်လား"
"တစ်ယောက်.. ဟုတ်လား"
"ဟုတ်တယ်၊ တစ်ယောက်တည်း တဲ့"
ဒီမှာတင်ပဲ တစ်ယောက်တစ်ပေါက် ဆူညံသွားကြပြန်လို့ မနည်း ထိန်းနေရတယ်။ အလှူရှင် သူကြီးကိုယ်တိုင် ရောက်လာပြီး ငြိမ်ခိုင်းမှ ရတယ်။ မိပန်းလေးဆီက သိရသလောက်ကို ပြန်ပြောပြလိုက်တော့ အားလုံး ရင်သပ်ရှုမောကြရပြီ။ ငအောင်မျိုးတို့ဆို အားရလွန်းလို့တဲ့၊ တောက်တခေါက်ခေါက်။
လှလှကလေး ပြင်ဆင်ထားတဲ့ ဦးဘိုးရင်သမီးအကြီးမ လက်ကလေးကို မဆီမဆိုင် ဖျစ်ညှစ်ရင်း တအားပျော်နေတာက ဘယ်သူရှိရမလဲ၊ လှမောင်ကြီးပေါ့။ ဒေါ်ရွှေတုတ် ရှေ့မှာတောင် သတိလွတ်ပြီး ကောင်မလေးလက်ကို ဆွဲနေမိတာ။
"အဲဒါ ဘယ်သူများလဲဗျာ၊ တိုက်တိုက်ဆိုင်ဆိုင် ကျုပ်တို့ရွာ အလှူနေ့မှာ အမင်္ဂလာတုံးကြီးကို လက်စသတ်ပေးလိုက်တာ ကျေးဇူးတင်လွန်းလို့ ရွာဦးကျောင်းတင်ပြီး အခန့်သား ကျွေးထားလိုက်ချင်ပါရဲ့"
အလှူ့ဒကာထဲ ပါတဲ့ ဦးဘိုးရင်ကလည်း ပြုံးပြုံးကြီးနဲ့ ဝင်ပြောတယ်။
"ငါကတော့ ကျွေးထားရုံတင် မကဘူး၊ ဒီလိုလူမျိုးကို ငါ့သမီးတွေထဲက ကြိုက်ရာယူစမ်း ဆိုပြီး အိမ်ဦးခန်းတင်ထားမှာဗျ။ တကယ့် သတ္တိကောင်းပဲ၊ ရွာထဲမှာပဲ ကျယ်နေတဲ့ ရွာကျယ်မျိုး မဟုတ်ပေဘူး"
လို့ သူ့သမီးလက်ကို မလွှတ်တဲ့ လှမောင်ကို စောင်းပြောလိုက်တယ်။ လူတွေရှေ့မို့ ပြောမကောင်းလို့ ပတ်တွယ်လိုက်ကြောင်း သိတဲ့ လှမောင်လည်း ရှက်သွားပြီး လက်ကိုလွှတ်ချ၊ တစ်ချိုးတည်း လစ်ပြေးပါလေရော။
"အယ်.. ကျုပ်သမီး ဆိုမှ သတိရတယ်။ အလတ်မရော.. ကောင်မလေး မတွေ့မိဘူး ပျောက်နေတယ်"
ဒေါ်ရွှေတုတ်က အထိတ်တလန့် ထမေးလို့ ဦးဘိုးရင်က လှည့်ပြီး
"ဟြယ်.. မတုတ်ကယ်၊ ငါ ဟိုကောင်လေးကို ထမင်းထုပ် သွားပို့ခိုင်းလိုက်တာပါဟ။ ခမျာ ရွာထဲလည်း မလာရ၊ သားငယ်လည်း လာမပို့တော့ ဆာနေမစိုးလို့"
အဲဒီအထိ သူတို့ကျေးဇူးရှင်နဲ့ ကိုယ်မသန့်တဲ့ ကောင်လေးကို တွဲမမြင်ကြသေးဘူး။ သီးခြားစီပဲ ထင်နေကြတုန်း။ အလတ်မကတော့ မသွားချင် သွားချင် ကြောက်ကြောက်ရွံ့ရွံ့နဲ့ပဲ မဝံ့မရဲ ယာထဲဆီ သွားရတယ်။ သူတို့ယာနား အရောက်မှာတော့ ပါးစပ်အဟောင်းသား ဖြစ်သွားရှာတယ်။
တဲရှေ့မှာ မြင်းနှစ်စီး ချည်ထားပြီး လူတစ်ယောက်လည်း ရောက်နေရဲ့။ အဲဒီလူက ရောဂါသည်ကိုယ်တော်ချောကို အင်္ကျီဝတ်ပေးနေတာ။ မြင်နေကျ ဦးပေါင်းထုပ်ကြီးကြီးနဲ့ မဟုတ်ဘဲ စစ်သူကြီးတစ်ဦးလို ဆံထုံးကို သပ်သပ်ရပ်ရပ် ကျစ်လျစ်စွာ ထုံးထားလို့ လူမှားချင်စရာတောင် ဖြစ်နေတဲ့ ကိုယ်တော်က သူ့ကို ကျောပေးရပ်နေဆဲ။ သူကလည်း အံ့သြပြီး အဝေးက ငေးနေဆဲ။
"ခွင့်ရက်ထက် နောက်ကျနေလို့ အမိန့်စာတွေ ဘာတွေ ရောက်သေးလားကွ"
ကိုနူနာက မေးလိုက်တာပါ။ လူစိမ်းက
"မရောက်လာသေးပါဘူး၊ မေးတော့ မေးနေတယ်လို့ ဦးတွန်က ပြောတယ်" လို့ ဖြေတယ်။ လုံမလေးလည်း နားမလည်ဘဲ အူကြောင်ကြောင် ရပ်ကြည့်နေတယ်။
"မင်း သွားနှင့်ကွာ။ ငါ ရွာထဲကို အကြွေးရှိလို့ ဝင်လိုက်ဦးမယ်။ သြော်.. မီးငြှိမ်းလိုက်ပါဦး ငကံ"
ပြောပြောဆိုဆို လှည့်လာတဲ့ လူရွယ်ဟာ လုံမလေးကို မြင်ပြီး အမ်းတမ်းတမ်း ဖြစ်သွားတယ်။ ခြေလှမ်းတုံ့သွားပြီးမှ သွားဖြဲပြတယ်။ အရင်ကနဲ့ လုံးဝ မတူ၊ အမြင်ချင်း တခြားစီ ဖြစ်နေလို့ သူငယ်မက မမြင်ဖူးသလို ကြည့်နေတုန်း။
"အဟဲ.. ထမင်းလာပို့တာလား အမိ"
"ဟုတ်တယ်"
"ဟင်းကောင်းရဲ့လား.. ပေးလေ"
ဆိုပြီး အနားတိုးကပ်သွားတော့ နောက်ကို တွန့်သွားတယ်။ ဒီတော့မှ သူလည်း သတိရပြီး ပြုံးရင်း
"ဟေ့.. ငကံရေ၊ ထမင်းထုပ် လာယူလိုက်စမ်းပါ"
သူကတော့ မြင်းတွေဆီ ဆင်းသွားပြီ။ မြင်းနီနီချောချောကြီးကို ပွတ်သပ်ပြီး ဝဲခနဲ တက်သွားပုံဟာ လှလွန်းလို့ လုံမကလေး မျက်လုံးပြူးသွားမိတယ်။ ရွှေချည်ထိုး ပုဆိုးနဲ့၊ အောက်ခံဘောင်းဘီအနီနဲ့ မင်းသားတစ်ပါးလို ခန့်ညားနေတဲ့ သူကတော့ စောင်းငဲ့ပြီးတောင် မကြည့်ပါဘူး။
"ကျုပ်ကတော့ လူကောင်းပါ၊ ဘာမှ မရှိဘူးလို့ သူက ပြောတယ်"
ထမင်းထုပ်ကို လက်ကမ်းလာတဲ့ ငကံရဲ့ စကားကလည်း ဘယ်လိုကြီးမှန်း မသိဘူး။ ဟိုတစ်ယောက်ကတော့ မြင်းစီးပြီး ရွာထဲ ဝင်သွားပြီ။ ဘာတွေ ဖြစ်နေမှန်း မသိတဲ့ သူငယ်မလေးကို ငကံက အူကြောင်ကြောင်အပြုံးကြီး ပြုံးပြလိုက်သေး။
မောင်ရင်လောင်းလေးတွေဟာ ထီးဖြူအုပ်မိုး လှည့်လည်နတ်ပြပြီးလို့ သင်္ကန်းတောင်းပြီးနောက် ကျောင်းပေါ်မှာ နီနီရဲရဲ လှုပ်လှုပ်ရွရွ ရှိနေကြတယ်။ ကိုရင်သက်နှံတို့တစ်တွေ ကျောင်းကဲလား ပြတင်းကနေ အပြင်ကို မျှော်ကြည့်နေကြချိန် မြင်းနီတစ်စီးနဲ့ ဘုရင့်စစ်သည်တော်တစ်ဦး ဝင်လာလို့ ဝိုင်းကြည့်လိုက်ကြတယ်။
"ဟာ.. ကိုရင်ငစံကြီးပါ့ရော"
ဘယ်သူ့ကိုမှ မကြည့်ဘဲ ကလေးတွေကိုပဲ ပြုံးပြရင်း ဝင်လာတဲ့ လုလင်က မြင်းပေါ်ကနေ တစ်စုံတစ်ခု မြှောက်ပြတယ်။ ရွှံ့နဲ့လုပ်ထားတဲ့ ဘီလူးရုပ်ကလေးမှန်း ကိုရင်လေးတွေ သိလိုက်ကြရဲ့။
"လုလင်ကြီးက တကယ် စစ်သည်ကြီးလို ဝတ်စားလာတာပါလားဗျ"
"အေးပေါ့.. ဒါမှ ရွာထဲ ဝင်လို့ရမှာပ"
"မြင်းကြီးကရော ဘယ်က ငှားလာတာလဲဗျ၊ လှလိုက်တာ"
"ဟေ့ကောင်၊ လှလိုက်တာလို့ မပြောရဘူး။ သပ္ပါယ်တယ်လို့ ပြောရတယ်ကွ။ ခုနကပဲ ဘုန်းဘုန်းကြီး ပြောထားတာကို၊ အဘ အမလည်း မခေါ်ရတော့ဘူး။ ခမည်းတော်ကြီး မယ်တော်ကြီးလို့ သုံးရမတဲ့"
"ငါသိပါတယ်ကွ၊ မေ့ပြောမိတာပါ"
မြင်းစီးလုလင်က ပြုံးပြီး
"ရွှေဘိုက ငှားလိုက်တာ မောင်တို့"
"ကျုပ်တို့လည်း တင်ဗျာ"
"အလိုလေး၊ မလုပ်လိုက်ပါနဲ့။ အေးအေးငြိမ်ငြိမ် နေကြစမ်းပါ။ ကိုရင်က ခမည်းတော်ကြီး ဦးဘိုးရင်ကို ဒီအထုပ်ကလေး ပေးပေးပါ။ မင်းတို့ အလှူအတွက် လို့..နော်"
"ကျောင်းပေါ်တက်ခဲ့ဦးလေ၊ ခင်ဗျားကို ဟိုရောဂါသည်လို့ ဘယ်သူမှ မရိပ်မိပါဘူး"
"ဟဟ.. မတက်တော့ပါဘူး။ ငါ သွားစရာ ရှိသေးတယ်"
"ပြန်လာမှာလား"
သူက ပြုံးပြလိုက်တယ်။ မြင်းကို တစ်ပတ်လှည့်လိုက်တော့ ဝိုင်းကြည့်နေသူတွေကို မြင်လို့
"သွားဦးမှ သင့်မယ်ကွ၊ ကြာကြာနေလို့ မကောင်းဘူး"
"မနက်က လာတော့ ပေါင်မှာ သွေးတွေ၊ ဘာဖြစ်တာလဲ ကိုရင်ငစံ"
ကိုရင်သက်နှံက လေရှည်နေလို့ စောင်းငဲ့ကြည့်ပြီး
"ကိုယ့်တုတ်နဲ့ကိုယ် ခိုက်မိတာပါကွာ"
လို့ ဖြေရင်း ကျောင်းထဲက ထွက်သွားရော။ ခဏကြာတော့ ငွေစအများအပြားပါတဲ့ အထုပ်ကလေး ကိုင်ရင်း ရပ်ကျန်နေခဲ့တဲ့ ကိုရင်လေးဆီ လူကြီးတချို့ ပြေးလာကြပြီး
"ကိုယ်မသန့်တဲ့သူ ဒီကို လာသွားသေးတယ်ဆို"
"ကိုယ်မသန့်တဲ့သူ.. မလာပါဘူး"
"ကိုရင့် လက်ထဲက ဘာလဲ"
"ဒကာကြီး ဦးဘိုးရင်ကို ပေးဖို့.. တဲ့"
"ဘယ်သူက ပေးခဲ့တာလဲဘုရား"
"စစ်သည်တော်တစ်ဦးပဲ၊ မြင်းကြီးနဲ့"
"စစ်သည်တော် ဟုတ်လား၊ အခု ဘယ်ရောက်သွားလဲ"
"ပြန်သွားပြီလေ"
"ဘာ.. ပျံသွားတယ်"
"ဒီမောင်ရင်လေးတော့ ပေါက်တတ်ကရတွေ လျှောက်ပြောနေတာနဲ့ တူတယ်"
လူကြီးတွေ ကျောင်းပေါ် တက်သွားကြတော့မှ ကိုရင်က သင်္ကန်းထဲ ဝှက်ထားတဲ့ လက်ကို ဖြန့်ကြည့်လိုက်ပြီး
"ဘီလူးကလည်း သန်လျက်နဲ့ မဟုတ်ပါလား"
ကျောင်းလှေကားလက်ရန်းကနေ လျှောစီးပြီးဆင်းလာတဲ့ ကိုရင်ငရှင်းက
"မင်းတို့ယာတဲမှာ သန်လျက်မှ မရှိတာဘဲ"
ဆိုတော့ ကိုရင်အေးကျော်ကလည်း
"ငါပြောသားပဲ၊ တို့ယာတဲနားမှာဆို သန်လျက်ပင် ရှိတယ်ကွ"
"သန်လျက်ပင်လို့ မရှိပါဘူး ငဖြီးရာ"
"ရှိတာပေါ့၊ သူပြန်လာရင် တို့ဆီမှာ နေခိုင်းမယ်ကွာ။ ငါ့အတွက်လည်း သိကြားရုပ်ကလေး လုပ်ခိုင်းရမယ်"

                ကိုရင်သုံးပါး တိုးတိုးကြိတ်ကြိတ်နဲ့ ကျောင်းအောက် ဝင်သွားကြတယ်။ လူတွေ စုံနေပြီဖြစ်တဲ့ သူကြီးအိမ်ရှေ့ အလှူမဏ္ဍပ်မှာ ဆူညံပွက်လောရိုက်နေကြသလောက် ယာတဲက မီးပုံလေးဟာ အငွေ့တလူလူ အူထွက်နေပြီး တဲတိုင်မှာ မှီထောင်ခဲ့တဲ့ ဝါးချွန်တစ်ချောင်းကလည်း သွေးစတချို့နဲ့အတူ ငြိမ်သက်စွာ ကျန်ခဲ့တယ်။
Written by သင်္ခရာဇာ
End date: February 17, 2022

တစ်ကိုယ်တည်းစစ်သည်တော် (၃)

ကြံခင်း စောင့်အိပ်တဲ့ ဦးကြီးဘကိုးဟာ အခင်းထဲက တရွှမ်းရွှမ်း ဖြတ်ပြေးလာသံကြားလို့ တောဝက်လား ဆိုပြီး ထ ကြည့်တယ်။ အသံတွေ နီးလာပြီး ကြံခင်း တစ်ကွက်နဲ့ တစ်ကွက်ကြား ခုန်ကူးသွားတာက ဆံပင်ရှည်ကြီးနဲ့ လူတစ်ယောက်။ လရောင်မှာ ရိပ်ခနဲသာ မြင်လိုက်ရပေမယ့် သရဲတစ္ဆေ မဟုတ်ကြောင်းတော့ သေချာသိလိုက်ရဲ့။ လက်မှာ တုတ်တိုနှစ်ချောင်း ကိုင်ထားတာ တွေ့လိုက်သကိုး။

လှမ်းအော်လိုက်ဖို့ စဥ်းစားမိပေမယ့် အံ့သြနေမိတာနဲ့ အခင်းတိုးသွားတဲ့ အသံက ရုတ်ခြည်းဆိုသလို ဝေးသွားပြီ။ အလွန်လျင်မြန်နဲ့ အရှိန်နဲ့ ပြေးလွှားသွားတာ မရပ်မနား၊ ခိုးသူလည်းမဟုတ် လိုက်သူလည်း မပါမို့ အသံကြားရာဘက်ကို ကြည့်ရင်းပဲ မင်သက် ကျန်ခဲ့ရတယ်။
တောင်သုံးဆင့်ရဲ့ အလယ်တောင်ဟာ အမြင့်ဆုံးဖြစ်ပြီး မြူခိုးတွေ ရစ်ဆိုင်း သိုင်းခြုံထားတယ်။ အအေးဓာတ်ကြောင့် တောင်ထိပ်နားက စခန်းမှာ မီးပုံတွေ ပတ်လည် ဖိုထားရတယ်။ တဖျစ်ဖျစ် မီးတောက်သံကလွဲလို့ အခြားအသံတွေ တိတ်ကုန်ပြီ။ သန်းကောင်ယံမို့ အားလုံး အိပ်နေကြချိန် အသံကြီး တစ်သံက တစ်လုံးတည်းသော ဝါးအိမ်ရှေ့တည့်တည့်ကနေ ထွက်ပေါ်လာတယ်။
"ငဇံသီး..၊ ဟေ့.. ငဇံသီး"
ကျယ်လောင်တဲ့ အသံကြောင့် အင်ဖက်မိုး အိမ်တွေ ထန်းလက်ကာ တဲလေးတွေ လှုပ်ယမ်းသွားကြသလို ဝါးခြမ်းတွေနဲ့ ဆောက်ထားပြီး အခြားတဲတွေနဲ့မတူ တံခါးပေါက်တပ်ထားတဲ့ အိမ်ထဲကလည်း အသံတချို့ ကြားရတယ်။ ပြီးတော့
"ဘယ်သူလဲကွ"
"ဓားပြဗိုလ် ငဇံသီးနဲ့ တွေ့ချင်လို့ကွ"
အပြင်က ရိုင်းပျတဲ့ စကားကြောင့် ဝါးအိမ်လေး သိမ့်ခနဲ လှုပ်သွားတယ်တောင် ထင်ရတယ်။ ချက်ချင်း တံခါးပွင့်သွားပြီး လူတစ်ယောက် လှံကြီးဆွဲ ထွက်လာပါလေရော။ အခြားတဲတွေထဲကလည်း လူတွေ ပြေးထွက်လာကြပြီး အသံရှင်ကို ဝိုင်းထားလိုက်ကြပြီ။
အသံရှင်က ချွေးသံရွှဲရွှဲနဲ့ လူရွယ်တစ်ယောက်၊ အနည်းငယ် မောနေပုံလည်း ရတယ်။ လက်ထဲမှာ ဝါးလုံးတိုနှစ်ချောင်းသာ ကိုင်ထားတယ်။ ရှေ့ကို ခပ်စိုက်စိုက် ကြက်ခြေခတ်ချထားပြီး ထိပ်တွေဟာ ချွန်မြမြ။
"နင်က ဘာလဲ၊ ရွှေဘိုသားလား"
လှံကိုင်ထားတဲ့ အသားနက်နက်၊ ဗိုက်ခပ်ရွှဲရွှဲ ရုပ်ရည်ကြမ်းကြမ်း လူက သူ့ဝါးချွန်တွေကို ကြည့်ပြီး မေးလိုက်တာ။
"မဟုတ်ဘူး"
"ဒါဆို ဘာကိစ္စလဲ ငတောသား"
"ခင်ဗျားကို အပြတ်ရှင်းဖို့ လာတာ"
"အံမယ်.."
ဆိုတဲ့ပြီး ဗိုလ်ဇံသီးက သူ့လူတွေကို လှည့်ပတ်ကြည့်ရင်း ရယ်လိုက်တော့ အားလုံးလိုလို ရယ်လိုက်ကြရော။ လုလင်ကတော့ ခပ်တည်တည်ပဲ။
"နင်နဲ့ ငါ ရန်ငြိုးရှိလို့လား"
"မရှိပါဘူး"
"အလို"
ဒီတစ်ခါတော့ ဗိုလ်ဇံသီး အံ့သြသွားရပြီ။
"ငါ့ကြောင့် နစ်နာခဲ့ဖူးတယ်မဟုတ်လား"
"မဟုတ်ဘူး၊ ကျုပ်က ဒီနယ်သား မဟုတ်"
"ဒါဆို ဘာလို့ ငါ့ကို သတ်ချင်ရသလဲ"
"ခင်ဗျားအကြောင်းကိုတော့ ငယ်ငယ်ကတည်းက ကြားဖူးတယ်လေ၊ အဲဒီကတည်းက တွေ့ချင်နေတာ အခုမှ အခွင့်ရတော့တယ်"
"ဟ.. ဟဟ.. ဟဟ. ဟားဟားဟား.. နင်က ငါ့ကို မမြင်ဖူး မတွေ့ဖူးဘဲ မုန်းနေတာပေါ့လေ.. ဟဟ"
"မမုန်းပါဘူး၊ ကျုပ် လူသတ်တယ် ဆိုတာ မုန်းဖို့ မလိုဘူး။ သတ်ချင်လို့ လာသတ်တာ။ ကဲ ခင်ဗျား လူတွေနဲ့ ဝိုင်းတိုက်မလား၊ တစ်ယောက်ချင်း သတ်ပုတ်ကြမလား ကြိုက်ရာရွေး"
"အောင်မယ်.. အောင်မယ်"
ငဇံသီးက ရယ်နေရာက ရုတ်တရက် တင်းမာသွားပြီး လှံကြီးနဲ့ ဆတ်ခနဲ ထိုးလိုက်တယ်။ သူ့ပုံက လှံထိုးကျင်လည်တဲ့ ဟန်မျိုး။ ထိုးပြီးပြီးချင်း တန်းရုတ်သွားတာပဲ၊ ဒါပေမယ့် အသင့်အနေအထား ပြင်ထားတဲ့ လူရွယ်က ဦးစိုက်ထားတဲ့ တုတ်နှစ်ချောင်းကို မ တင်လိုက်ရင်း လှံသွားကို အပေါ်ထောင်သွားအောင် လုပ်လိုက်လို့ ဟန်ချက်ပျက်သွားရတယ်။
သူ့လှံကြီးကို အောက်ပြန်ချနေတုန်းမှာပဲ လွတ်ဟာနေတဲ့ ကိုယ်ကြီးဆီ တုတ်ချွန်နှစ်ချောင်းက ရှေ့ဆင့်နောက်ဆင့် ဝင်လာလို့ နောက်ကို ခုန်ရှောင်လိုက်ရပြန်ရော။ ဒါပေမယ့် ဝရုန်းသုန်းကား ပြေးဝင်လာတဲ့ လူရွယ်က လှံတံကိုလည်း ရိုက်၊ လူကိုလည်း ရိုက်ရင်း ဝင်လုံးတာ။ ဗိုလ်ဇံသီး နောက်ဆုတ် ခုခံပေမယ့် မရတော့ဘူး။ ဟန်ချက်တစ်ချက် အပျက်ကို ပြန်မထိန်းနိုင်ခင်မှာပဲ စက်ယန္တရားတစ်ခုက လက်တံတွေလို အဆက်မပြတ် ဝင်လာတဲ့ တုတ်တိုတွေက ဒူးခေါင်းကို ရိုက်ဖြုတ်ထည့်လိုက်ပြီလေ။
မဟာသီရိ တြိလောက ဓမ္မရာဇာ ဓိပတိဘွဲ့ ခံယူဖို့ ကြံရွယ်ထားတဲ့ ငဇံသီး ခွေကျသွားတော့တယ်။ သူ့လှံကြီးကတော့ လူရွယ်ဘက် ထောင်နေတုန်း။ နောက်ကနေ သူ့ကိုယ်သူ သီဟကျော်ထင်ဘွဲ့ ပေးထားတဲ့ ငဇံသီးရဲ့ လက်ရုံးတပည့်တစ်ယောက် ခုန်ဝင်လာလို့ လုလင်က အဲဒီလှံကို ဆွဲပြီး လေထဲကလူကို ပစ်ထိုးချလိုက်တာ ဝုန်းခနဲ ပြန်လွင့်စင်သွားပါရော။ မိုးလာတဲ့ ကချင်ဓားကြီးလည်း ခုတ်ချက်လွဲပြီး လွင့်ကျသွားတယ်။
နောက်တစ်ယောက်က ဟင် ဆိုပြီး ပြေးလာတယ်။ ဓားတစ်ကမ်းက လှမ်းခုတ်တယ်။ လူရွယ်က တုတ်နဲ့ လက်သီးဆုပ်ကို ထောက်ထားလိုက်လို့ ခေါင်းပေါ်မှာပဲ တန့်သွားပြီး ဓားလွတ်ကျသွားချိန် အရှိန်ပြင်းပြင်းနဲ့ ကန်ခံလိုက်ရတဲ့ ဓားသမားခမျာ ထန်းလက်အိမ်ထဲ ကျွံဝင်သွားရှာတယ်။
သတ္တိကောင်းတဲ့ ဓားပြ နှစ်ယောက်လည်း တစ်ယောက်က ဝါးချွန်စာ မိသွားပြီး တစ်ဦးကတော့ ဝါးအိမ်တံခါးနဲ့အတူ အတွင်းရောက်သွားပြန်တယ်။ အထဲမှာ ထမီရင်လျားနဲ့ အမျိုးသမီးငယ် သုံးယောက်ဟာ မီးခွက်ကလေး ကိုင်လို့ ကြောက်လန့်တကြား ဖြစ်နေကြလေရဲ့။ တခြားသူတွေတော့ ထပ်မဝင်ရဲတော့ဘဲ တအံ့တသြ ဝိုင်းကြည့်နေကြပြီ။ သူတို့ရဲ့ လက်စွမ်းအကောင်းဆုံးဆိုတဲ့သူတွေ လျှပ်တစ်ပြက်အတွင်း နာလံမထူနိုင် ဖြစ်ကုန်ကြတာ မယုံနိုင်သလို ဖြစ်နေကြတယ်။
လုလင်က ဝိုင်းထားသူတွေကို တစ်ယောက်ချင်း အကဲခတ်ပြီးမှ လဲနေတဲ့ ဗိုလ်ဇံသီးဆီ စိတ်ချလက်ချ လျှောက်သွားတယ်။ ဗိုလ်ဇံသီးက သူ့ကို ဒေါသတကြီးနဲ့ ထိုးကြိတ် ကုတ်ဖဲ့နေပေမယ့် တစ်ဖက်က တုတ်နှစ်ချောင်းကို ပူးကိုင်၊ အခြားလက်နဲ့ ငဇံသီးကို တောင်စောင်းရှိတဲ့ဘက်ဆီ ဆွဲသွားတယ်။ သူ့ကို ကုတ်ထားတဲ့ လက်ချောင်းတွေကိုတော့ လှန်ချိုးပစ်လိုက်လို့ ငဇံသီးတစ်ယောက် နာနာကျင်ကျင် အော်ဟစ်ရင်း တရွတ်တိုက် ပါသွားရတာ။
တောင်စောင်းထိပ်နားမှာ ငဇံသီးကို ဒူးထောက်ခိုင်းတယ်။ နောက်က ပါလာကြတဲ့သူတွေကို နည်းနည်းမှ အရေးမထားဘဲ ထရပ်ဖို့ ကြိုးစားနေတဲ့ ငဇံသီး ဝမ်းဗိုက်ထဲ တုတ်ချွန်တစ်ချောင်း ထိုးသွင်းပစ်လိုက်တယ်။ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြတုန်း သူကတော့ ငဇံသီးကို ရအောင် ဆွဲမ နေပြန်ရော။
ဒူးတွေ ခွေညွှတ်ပြီး မတ်မတ် မရပ်နိုင်ဘဲ ခပ်ကုန်းကုန်း ဖြစ်နေတဲ့ ငဇံသီး မျက်ရည်တွေကြားက မြင်လိုက်ရတာ လူရွယ်ဟာ သူ့ကို ကျောခိုင်း ထွက်သွားတာပဲ။ သူ့လူတွေကလည်း ဘေးကို ရှဲသွားကြတယ်။ ခဏနေတော့ လူရွယ်က ဝါးခြမ်းအိမ်ထဲက ကောင်မလေးတစ်ယောက်ကို ခေါ်လာတယ်။ ကောင်မလေးက ​အခြားအမျိုးသမီးတွေလို ကြောက်လန့်မနေဘဲ သူပေးတဲ့ တုတ်ချွန် ကိုင်ထားတယ်။
အားလုံး ဝိုင်းကြည့်နေတုန်းမှာပဲ ကောင်မလေးက ငဇံသီးရင်အုံကို ဝါးချွန်နဲ့ ပြေးစိုက်လိုက်တယ်။ ငဇံသီး ကာပေမယ့် မရလိုက်ဘူး။ တုတ်က ရင်အုံတစ်ဝက်လောက် စူးနစ်သွားတယ်။ တစ်ဆက်တည်း ရိပ်ခနဲ ပြေးလာတဲ့ လူရွယ်ကလည်း ခြေစုံပစ်ပြီး ကန်လွှတ်လိုက်တော့ ငဇံသီးကိုယ်ကြီး မြောက်တက်သွားကာ တောင်စောင်းက လိမ့်ကျသွားတော့တယ်။
ကောင်မလေးဟာ အစွန်းမှာ တောင့်တောင့်ကြီး ရပ်နေဆဲ။ ကျောမှာ သွေးတွေ စီးကျနေတဲ့ လုလင်က ကျန်တဲ့သူတွေကို 'မသေချင်ရင် လူခွဲပြီး ပြေးကြပေတော့၊ ဘယ်တော့မှ ပြန်မလာကြနဲ့' လို့ အော်လိုက်တယ် ဆိုရင်ပဲ ကစဥ့်ကလျားနဲ့ တစ်ယောက်တစ်ပေါက် ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားကြရော။
"ဒီလူတွေ တကယ် သတ္တိမရှိကြမှန်း ထင်သားပဲ။ ကဲ.. အမိတို့လည်း တဲတွေကို မီးရှို့ပြီး ပြန်ကြတော့"
"ကျေးဇူးပါ မောင်ကြီးရယ်၊ မောင်ကြီးသာ မကယ်ရင်.."
မိန်းမပျို စကားမဆုံးခင် လူရွယ်က ပြေးထွက်သွားတာကြောင့် ပါးစပ်အဟောင်းသား ကျန်ရစ်ခဲ့ရှာတယ်။
နောက်တစ်နေ့ အလှူနေ့မှာ မောင်ရှင်လောင်းတွေကို အရမ်းကာရော မဆော့ကြဖို့၊ လျှောက်မသွားကြဖို့ မှာထားတဲ့ကြားက ငသက်နှံနဲ့ ဆံရစ်ဝိုင်းကလေး သုံးယောက် ယာစောင့်တဲဆီ ရောက်ခဲ့ကြပြန်တယ်။ အရင်နေ့က တစ်နေကုန် ပျောက်နေခဲ့သူက ခုတော့ တဲကလေးရဲ့ ကွပ်ပျစ်စောင်းစောင်းမှာ ပက်လက်ကြီး အိပ်မောကျလို့။
"ကိုရင် ငစံ.. ကိုရင်ငစံ"
"လုလင်ကြီး ထပါဦး"
ကလေးတွေက ခရိုးအပြင်ကနေ ခပ်အုပ်အုပ် ခေါ်နှိုးကြပေမယ့် ဆန့်ဆန့်ရန့်ရန့် အိပ်နေတဲ့ သူကတော့ တုတ်တုတ်မှ မလှုပ်ဘူး။ မြင်နေကျ ခေါင်းပေါင်းကြီးနဲ့ အင်္ကျီထူထူထဲထဲ ပတ်တီးတွေ တစ်ခုမှ မပါဘဲ ရှင်းရှင်းကြီးမို့ ထူးဆန်းနေသလိုပဲ။ အသုံးအဆောင် အဝတ်တွေအားလုံး သူ့ဘေးနားမှာ စုပုံထားတာ။ တစ်ယောက်က လက်ကုတ်ပြတယ်။
"ပေါင်မှာ သွေးတွေကွ"
"အေးကွ၊ ဆံပင်ကလည်း ရေတွေ တစက်စက် ကျလို့"
တဲအောက်ကို တွဲလွဲကျနေတဲ့ ဆံပင်အောက်ဖျားမှာ ရေစိုနေတာကို မြင်တဲ့ငရှင်းက ပြောလို့ သေသေချာချာ ကြည့်တော့ လက်တွေ ခြေသလုံးတွေမှာလည်း ဆူးခြစ်ရာတွေ မြင်ကြရပြန်တယ်။
"ဘယ်တောတိုးလာတာလဲ မသိဘူး"
"ချောင်းထဲက တက်လာတာတော့ သေချာတယ်"
"ဟုတ်တယ်၊ ပင်ပန်းနေတာ ဖြစ်မယ်။ လာပါကွာ.. မနှိုးပါနဲ့တော့။ အိပ်ပါစေ"

                အသံတွေ တီးတိုး ကြားနေရပေမယ့် သူ မထနိုင်ဘူး။ တော်တော်ကြာမှ မျက်လုံးဖွင့်ပြီး မော့ကြည့်တော့ သျှောင်ပေစူးလေးတွေ အဝေးရောက်သွားကြပြီ။ တစ်ညလုံး အိပ်ရေးပျက်ထားလို့ ပြန်အိပ်နေလိုက်တာ အလှူက ဆိုင်းသံ ဗုံသံတွေ ဆူညံနေတော့မှပဲ ထဖြစ်တော့တယ်။ မောင်ရင်လောင်းတွေ ဆံချနေလောက်ပြီပဲ။

  (ဆက်ရန်..)   တစ်ကိုယ်တည်းစစ်သည်တော် (ဇာတ်သိမ်း


Written by သင်္ခရာဇာ
End date: February 17, 2022

တစ်ကိုယ်တည်းစစ်သည်တော် (၂)

    သက်နှံတို့လည်း ရေချိုးတဲ့နေရာထိ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ချောင်းနဲ့ ယာ အတော်ဝေးတာပါ၊ သူတို့ကတော့ ကလေးဆိုတော့ ပူရမှန်းမသိ၊ ဝေးလို့ ဝေးမှန်းလည်းမသိ ရောက်သွားကြတာပဲ။
ငအေးကျော်ပြောတာ မှန်တယ်၊ လုလင်က ရေထဲမှာ စိမ်နေတုန်း။ သူတို့ အနောက်ကနေ တဖြည်းဖြည်း တိုးကပ်သွားရင်း ချောင်းကြည့်ကြတယ်။ အနာ ဘယ်နားမှာလဲ ဆိုတာ သိရရင် ရွာထဲမှာ ပြောစရာ စကားရပြီလေ။ ကြီးတော် ဦးမင်းတွေကတော့ မင်းတို့ အလွန်ကဲ ဆိုပြီး ဆူကြမှာ ကျိန်းသေပဲ။
နောက်က အသံကြားလို့ လူရွယ် လှည့်ကြည့်တယ်။ ကလေးတွေကို မြင်သွားတော့
"ငသက်နှံတို့ပါလား၊ ထမင်းထုပ် လာပို့တာလား"
လို့ လှမ်းမေးနေတယ်။
"ဟုတ်တယ် ကိုရင်၊ တဲမှာ မတွေ့လို့ လာကြည့်တာ"
"သြော်.. အေး အေး"
ပုံစံကတော့ အေးအေးဆေးဆေးပဲ။ 'လူကြီးတွေပါရင် ဒီပုံစံ မဟုတ်ဘူး၊ ကြောက်သလို ရွံ့သလိုနဲ့။ ငါတို့ ကလေးချည်းဆိုတော့ ဂရုတောင် မစိုက်ဘူး' လို့ အဖော်ပါလာတဲ့ မောင်ရှင်းလေးက တွေးနေလေရဲ့။ သူတွေးသလိုလည်း ဟုတ်မှာပါ။ လုလင်က ရေစိုပုဆိုးနဲ့ တက်လာပြီး သစ်ကိုင်းမှာ တင်ထားတဲ့ အဝတ်တွေ လဲနေတာ လှည့်တောင် မကြည့်ဘူး။
ညကျ သူတို့ရွာမှာ အလှူအကြောင်း မဟုတ်တဲ့ ပြောစရာတစ်ခု ရသွားတယ်။ ငသက်နှံတို့ အကလေးသုံးယောက် ရောဂါသည်ကို မကြောက်မလန့် သွားချောင်းကြတဲ့ အကြောင်းနဲ့ ရောဂါသည်ကိုယ်မှာ အနာမတွေ့ရဘဲ ဘီလူးရုပ်ကြီးတွေပဲ တွေ့ရကြောင်းပေါ့။
မိနှောက်တို့ ဝဲလင်းဆောင်မှာ ဗိုင်းကူဖိနေတဲ့ ငအောင်မျိုးက မောင်ရှင်းကို မေးလိုက်တာက..
"ဟေ့ ငရှင်းငယ်၊ သူ့ ဘီလူးရုပ်က ငါ့ဘီလူးရုပ်လောက် လှသလားကွဲ့"
ဆိုပဲ။ ငရှင်းကလည်း
"ကိုကြီးအောင်မျိုး ကျောက အရုပ်နဲ့ ဘာမှ မဆိုင်ပါဘူးဗျာ၊ တခြားစီပါ။ သူ့အရုပ်ကြီးတွေက ရုပ်ဆိုးလိုက်တာ လွန်ပါရော"
သူ့မင်ကြောင်ရုပ် လှတယ်ပြောလို့ ငအောင်မျိုး ကျေနပ်သွားတယ်။ ပြုံးပြုံးကြီးနဲ့
"ငါ့ပုံလို လက်ရာ​မမြောက်ဘူးလား"
လို့ ထပ်မေးနေတယ်။
"အဲဒါတော့ မသိဘူး၊ ကြောက်စရာကောင်းတာပဲ သိတယ်။ ရင်ဘတ်က အရုပ်ကဆို ပါးစပ်ကြီး ဖြဲထားပြီး ကိုက်တော့မလိုလို။ ကျောကုန်းကလည်း ဒေါသကို ချုပ်တီးထားရပုံမျိုး မချိမဆံ့ စိုက်ကြည့်နေသလိုပဲဗျ"
ဆိုတော့ ကာလသမီး ရှင်မင်းပုံက
"ဒါဆို အနာက ခါးအောက်ပိုင်းမှာ ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် ပြလို့မဖြစ်ပါဘူးလို့ ငြင်းငြင်းနေတာပေါ့"
သူတို့ ပွဲကျသွားကြတယ်။
"အနာသာ မရှိရင် တို့နဲ့ အရွယ်သိပ်မကွာဘူးကွ၊ ခြင်းခတ်ဖော် ပန်းဝှက်ဖော် ရမယ့်သူမျိုး"
လို့ တစ်ယောက်က ဆိုတယ်။ သူတို့ဟာ တကယ်တော့ ရွာကို ဧည့်သည်စောင်သည် အလာနည်းလွန်းလို့ မျှော်နေတတ်ကြတဲ့ သူတွေ။ တစ်နယ်တစ်ကျေးက ရောက်လာရင် ရွယ်တူမို့ ရန်သူလို့ သဘောမထား၊ အဖော်ရပြီး သူငယ်ချင်းတိုးပြီ ဆိုကာ ပျော်နေတတ်ကြတဲ့ အရိုးခံ ရွာသားတွေရယ်ပါ။
"ဒါနဲ့ ဧည့်သည်က ဘယ်သူတဲ့လဲ၊ ဘယ်ကလဲ"
"ငသက်နှံ ပြောတာတော့..."
ဆိုပြီး ငရှင်း စဥ်းစားနေသေးတယ်။
"နာမည်က ငစံ ဆိုလားပဲ။ မလည်ရွာဘက်က တဲ့"
"မလည်ဘက်ကဆို လူစွမ်းတွေ ရှိတဲ့အရပ်ပဲ"
"လူစွမ်းတွေ မဟုတ်ပါဘူးဟယ်၊ လူစွမ်းကောင်းက တစ်ယောက်တည်း မဟုတ်လား"
"မဟုတ်ဘူးဟ မင်းပုံရ၊ သူတို့ဆီက ကျောင်းသားတွေ တယ်လက်ညီဆိုကိုး။ ခေါင်းဆောင် ရှေ့က ဒေါင်ဆိုတာနဲ့ နောက်က ဗျိုးဗျိုးဗျတ်ဗျတ် နှက်ပြီးသားပဲတဲ့။ ပုန်ကန်ကြတော့လည်း တစ်အုပ်ကြီး တဲ့"
"အေးကွာ၊ သူတို့လို ငါတို့ နှစ်ကျောင်းလည်း ညီကြရင် သိပ်ကောင်းမှာပ။ ဘယ်သူ့မှ ကြောက်စရာမလိုဘူး"
"ဟေ့.. ဟေ့၊ မင်းစကားက အစွန်းမလွတ်ကွယ်။ တစ်ယောက်ယောက် ချောင်းနားထောင်နေပါ့မယ်"
သူ ဆိုလိုတာက ဗိုလ်ဇံသီးလူတွေ ရှိနေမှာကို ကြောက်ရတယ်လို့ ပြောချင်တာ။ အားလုံးက သဘောပေါက်ကြတယ်။ ငအောင်မျိုးတို့ကတော့ ဗိုလ်ဇံသီး အနိုင်ကျင့်သမျှကို မကြိုက်ဘူး၊ ဖြစ်နိုင်ရင် တစ်ခုခု လုပ်လိုက်ချင်တယ်။ ဟိုဘက်ကျောင်းက ငလှမောင်တို့ကလည်း အားမကိုးရဘူး။ တွေတွေငေးငေးနဲ့ သိပ်လေးတယ် လို့ ထင်တယ်။
"ခုတော့ ငလှမောင်တောင် လှုပ်တုပ်တုပ်ကွ။ သူ့ရည်စားသူနဲ့ ပတ်သက်လာတော့ သည်ကောင် မနေသာတော့ဘူး ဖြစ်မယ်"
"ငလှမောင်က လူအေး လူပျော့ပါ၊ သူ့ထက်စာရင် သင်းညီ လှဆောင် နဲ့ ရဲသူ တို့က စိတ်ထက်ဦးမယ်။ သူတို့ အရွယ်ရောက်အောင် စောင့်ရမှာပဲ"
"တောက်.. မလည်သားတွေ ဒီဘက် ရောက်လာရင် ကောင်းမှာ"
တစ်ယောက်က ထပြောတော့ ဝိုင်းကြည့်လိုက်ကြပြီး
"စွမ်းတဲ့သူက နေပြည်တော် ရောက်သွားပြီဆို"
"အေးလေ၊ ကျန်တဲ့သူတွေ ရောက်လာပြီး တို့နဲ့ လာပေါင်းရင် ကောင်းမယ် ပြောတာပါဟာ"
"ဟိတ်၊ သူများ အားကိုးမနေနဲ့။ ကိုယ့်ဘာသာ နိုင်ရင်လုပ်၊ ရဲရင်လုပ်။ မလုပ်နိုင်ရင် ရှိတာလေး ပြုတ်သွားမှာထက် ဇက်မပြုတ်ဖို့အရင် သတိထားကွဲ့"
"အေးပါကွာ"
သူတို့ပြောတာတွေကို လုံးစေ့ပတ်စေ့ မဟုတ်တောင် အတော်အတန် နားလည်နေပြီဖြစ်တဲ့ ဆယ့်တစ်နှစ်အရွယ် ငရှင်းလေးက နားထောင်ရင်း အံကို ကြိတ်လိုက်မိတယ်။
*
"ကိုရင်က နေ့လယ် ညနေတွေ ဘယ်ကို သွားသွားနေတာလဲဗျ"
ပေငါးဆယ်လောက် ရှိမယ့် ခရိုးတန်းလေးရဲ့ ဟိုဘက်သည်ဘက်မှာ ထိုင်နေကြရင်း ငသက်နှံက မေးလိုက်တာပါ။ သူက လက်ကိုင်တုတ်အဖြစ် သုံးတဲ့ ဝါးရင်းတုတ်နှစ်ချောင်းကို ဘေးမှာ ချရင်း..
"ဟိုရွာ ဒီရွာ အလည်အပတ် ဆိုပါတော့ကွာ။ ငါက ဒီမှာ အကြာကြီး နေလို့မှ မဖြစ်တာ"
ဆိုတော့ ထိပ်မှာ အဝတ်စတွေ ပတ်ထားတဲ့ တုတ်တိုတွေအပေါ် အာရုံရောက်နေတဲ့ ငအေးကျော်က
"ဖြစ်ပါတယ်ဗျ၊ လုလင်ကြီး နေချင်ရင် ကျုပ်တို့ ယာတဲက ရွာနဲ့ ပိုတောင် ဝေးသေးတယ်။ ဒီထက်လည်း အများကြီး ခိုင်တယ်"
လုလင်က ပြုံးလိုက်တယ်။ လာနိုင်မှာ မဟုတ်ပေမယ့် သူတို့အလှူကို လာဖိတ်ကြတဲ့ ကလေးတွေနဲ့ စကားလက်ဆုံ ကျနေတာပါ။ သည်သုံးကောင်လုံး ရှင်ပြုမယ့်အထဲ ပါသတဲ့။
"အလှူနေ့က သန်ဘက်ခါ ဟုတ်လား"
သူက စကားလမ်းကြောင်း ပြောင်းလိုက်တယ်။ သူ့ကို လုလင်ကြီး လို့ ခေါ်တတ်တဲ့ ငအေးကျော်ကပဲ ခေါင်းညိတ်ပြီး
"ကျုပ်ကတော့ ဘာဖြစ်ဖြစ် ခင်ဗျားကို လာစေချင်တယ်ဗျ။ ရောဂါက အဆိုးကြီးမှ မဟုတ်တာဘဲ။ ခင်ဗျား လုံလုံခြုံခြုံလေး ဝတ်လာပေါ့"
ငအေးကျော်က အခြားအဓိပ္ပါယ်နဲ့ ပြောလိုက်တာ ဖြစ်ပေမယ့် တစ်မျိုးကြီး ဖြစ်နေလို့ သူ ရယ်မိတယ်။ သူ့ကိုယ်သူလည်း ပြန်ငုံ့ကြည့်ရသေးတယ်။
"လာလို့ဖြစ် မထင်ပါဘူးကွာ၊ ငါ အလှူအတွက် ထင်းတွေ ရှာထားလိုက်မယ်လို့ပဲ ဦးဘိုးရင်တို့ကို ပြောလိုက်ပါ"
"လူစဲတဲ့အခါ ပုန်းပြီး လာခဲ့ပါလား"
ငသက်နှံက ရှည်နေသေးတယ်။ ဒီသုံးကောင်ကတော့ သူ့ကို အတော်ခင်ကြပါရဲ့။
"ဟုတ်တယ်၊ လူကောင်းလို ရုပ်ဖျက်ပြီး လာပေါ့"
ငရှင်း စကားကြောင့် သူ ထပ်ပြုံးမိပြန်ရော။
"ငါ့ကို လူတွေ မမှတ်မိအောင် စစ်သည်ရဲမက်ပုံစံမျိုး ပြင်ဆင်ပြီး မြင်းကြီးစီး ဝင်လာရမှာလား"
"ဟာ.. ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်တော် မြင်းငှားပေးရမလား ကိုရင်ငစံ"
"မလုပ်ပါနဲ့ကွာ၊ စကားအဖြစ် ပြောတာပါ"
"ဟုတ်တယ်ဗျ။ ကိုရင်သာ စစ်သည်တော်ကြီး ဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ဗိုလ်ဇံသီးကို ကောင်းကောင်းကြီး ဆုံးမပြီး ဖမ်းဆီး ခေါ်သွားမှာပဲ"
"ဟဲ့.. မောင်ရှင်းရဲ့၊ ငါ့တစ်ယောက်တည်း သူတို့ကို ဘယ်နိုင်ပါ့မလဲ"
"အို.. တစ်ယောက်တည်း မဟုတ်ပါဘူး။ ဦးဆောင်မယ့်သူသာ ရှိရင် ရွာက ကာလသားတွေ ပါကြမှာ အများကြီး ရှိတယ်။ ခုတောင် ပြန်ချချင်နေကြတာ၊ သူတို့ကြောင့် ကျွန်တော်တို့ ရှင်ပြုပွဲ ပျက်ချင် ပျက်ရမှာ"
"ဘယ်လို.."
သူငယ်သုံးဦးသား သူတို့ရွာ အခက်အခဲကို ရှင်းပြကြတာ ကြားရတော့ လုလင် စိတ်မကောင်းဖြစ်သွားတယ်။ ကလေးတွေ ပြန်သွားတဲ့နောက် တော်တော်ကြာတဲ့အထိ ငိုင်နေရဲ့။ ညနေဘက်ကျတော့ တောက ပြန်လာတဲ့ သူတွေဟာ လုလင်တစ်ယောက်တည်း သစ်ပင်ခြောက်တွေကို တဖြောင်းဖြောင်း ကန်ချိုးနေတာ တွေ့ကြရတယ်။
အရီးအေးဘုံကဆို 'ဟဲ့.. ရောဂါသည်သာ ဆိုတယ်၊ တယ်လည်း သန်မာပါလားအေ့' လို့ ပြောယူရတယ်။ ဒွေးမယ်စိန်ကလည်း
"သြော်.. နာတာရှည်ရောဂါမှ မဟုတ်တာအေ။ အနာကွက်ကလေးပေါ်တာ လူက ဘာဖြစ်ရမှာလဲ"
ခပ်လှမ်းလှမ်း လူသွားလမ်းကလေးကနေ ဖြတ်လျှောက်သွားကြရင်း ပြောသွားကြတာပါ။ မိဆုပ်က မျှော်ကြည့်တဲ့ပြီး
"လူပုံကလည်း သေးသေးကျစ်ကျစ်နဲ့များနော်။ မီးလောင်ငုတ်တွေကို ချိုးထားလိုက်တာမှ အများကြီး၊ မွန်းဘိုးရင်ကြီးတို့တော့ ပေါက်ပြားကိုင်ရလွတ်သွားပြီ"
ယာလုပ်ဖို့ အပင်ငယ်တွေ မီးရှို့ပြီး မြေသြဇာချထားတဲ့ အကွက်ထဲမှာ ကျန်နေတဲ့ သစ်ပင်ခြောက်တွေကို ကန်လှဲ ချိုးယူနေတဲ့ လူရွယ်ကတော့ တစ်ချက်ပဲ လှမ်းကြည့် ပြုံးပြပြီး စိတ်ပါလက်ပါ ဆက်ဖြိုနေတုန်း။ မိန်းမကြီးတွေ မိန်းမငယ်တွေ ယာရှင်အခင်းရှင် သူရင်းငှားတွေ တစ်သုတ်ပြီး တစ်သုတ် ဖြတ်သွားကြသလို သူစုထားတဲ့ ထင်းပုံကြီးလည်း ဟီးထလာတယ်။
နောက်တစ်နေ့ နံနက် တောင်ယာလုပ်ငန်းခွင် သွားကြတော့ လူစိမ်းရဲ့ အရိပ်အယောင် ပျောက်နေတယ်။ တဲအိုကလေးဟာလည်း ငြိမ်သက်လို့။ ထမင်းထုပ်ပို့တဲ့ ငသက်နှံတို့လည်း မတွေ့ခဲ့ကြဘူး။ ညနေ အလုပ်သိမ်းလို့ ပြန်ကြတဲ့ထိအောင် ပျောက်ချက်သား ကောင်းနေတာပါ။ ဒွေးလေးမယ်စိန်ကဆို သူထွက်သွားပြီလို့တောင် ထင်နေတယ်။

အဲဒီညမှာ... 

 (ဆက်ရန်..)   တစ်ကိုယ်တည်းစစ်သည်တော် (၃) 


Written by သင်္ခရာဇာ
End date: February 17, 2022

တစ်ကိုယ်တည်းစစ်သည်တော် (၁)

အဲဒီရွာကလေးဟာ အရင်ကတော့ အလွန် ငြိမ်းချမ်းသာယာတဲ့ ရွာလေးပေါ့။ တံငါမရှိ၊ မုဆိုးမရှိ၊ တောင်ယာစိုက်ပျိုးကြတဲ့ တောင်သူတွေချည်းမို့ အကုသိုလ် အတော်ကင်းတဲ့ ရွာ လို့တောင် အနီးဝန်းကျင်က သတ်မှတ်ကြရတယ်။

အခုတော့ အရင်လိုမဟုတ်၊ မငြိမ်းချမ်းရှာတော့ဘူး။ အင်းဝအပျက်မှာ သူတစ်လူ ငါတစ်မင်းနဲ့ ဗိုလ်တွေ ထလိုက်ကြတဲ့အထဲ ဒီရွာလေးအနီး တောင်သုံးဆင့်မှာ ဗိုလ်ဝင်ခံနေတဲ့ ငဇံသီးက ဒီရွာတင်မက ပတ်ပတ်လည် ဆယ့်သုံးရွာကို အုပ်စိုးချယ်လှယ်နေတယ်။
ဗိုလ်ဇံသီးဟာ ဘုရင် မဟုတ်ပေမယ့် အခွန်တော်ကောက်ကြမ်းလိုက်တာ လွန်ပါရော။ ဆယ်ဖို့တစ်ဖို့ ပေးရတဲ့ မင်းဘဏ္ဍာ လာမကောက်နိုင်တော့ချိန် ငဇံသီးကို ပေးရတာက တစ်လကို ကျွဲနွား ဆယ်ကောင်၊ စပါး နှစ်ရာ၊ ငွေ ၅၀။ ဆယ့်သုံးရွာအုပ်စုဝင်တွေ လစဉ် အလှည့်ကျ ပေးကြရတယ်။
ကျေးရွာတွေက အလှဆုံး အချောဆုံး ဆိုတဲ့ မိန်းကလေးတွေလည်း အရွယ်မှ မရောက်သေးခင် ငဇံသီးတို့ ဇနီးမယား ပျော်တော်ဆက်သူတွေ ဖြစ်ကုန်ကြပါလေရော။ ရွာတွေက မကျေနပ်ကြပေမယ့် ဗိုလ်ဇံသီးရဲ့ အင်အားကို မလွန်ဆန်နိုင်လို့ ခေါင်းငုံ့ခံနေကြရတယ်။
အဲဒီရွာလေးကိုမှ တစ်ဖက်ရွာက တောင်သူကြီး မိသားစု ပြောင်းလာခဲ့တယ်။ သူတို့လည်း ငဇံသီးရန် ခံနေရတာချင်း အတူတူ စိုက်ပျိုးလို့ ကောင်းမယ့် မြေရှိရာ ပြောင်းရွှေ့လာတဲ့ သဘောပဲ။ ထူးခြားတာက သူတို့မိသားစုနဲ့အတူ ကိုယ်မသန့်သူတစ်ဦး ပါလာတာပဲ။ အစကတော့ ရွာသူရွာသားတွေ မသိသေးဘူး၊ အမျိုးမကင်းတဲ့ မိသားစုမှာ ဘယ်က ဧည့်သည် ပါလာပါလိမ့်ပေါ့။
နောက်မှ ဧည့်သည်က ရွာထဲမှာ မနေ၊ တောင်ယာစိုက်ခင်းက လယ်စောင့်တဲလေးမှာပဲ နေမယ်ဆိုတော့ မေးမြန်းစုံစမ်းကြလို့ သိလာတာ။ အများက အသည်းအသန် ကန့်ကွက်ကြတာပေါ့၊ နူနာရောဂါ ရှိသူတစ်ယောက် ပါလာရင် တစ်ရွာလုံးကို ကူးကုန်လိမ့်မယ်လို့ ကြောက်လန့်တကြားနဲ့ သူကြီးကို သွားတိုင်ကြတယ်။
သူကြီးက ရွာသားတွေရှေ့မှာပဲ ပြောင်းလာတဲ့ မိသားစုကို ခေါ်မေးတယ်။ အိမ်ထောင်ဦးစီး ယောက်ျားကြီးကလည်း ဝန်ခံတယ်။ နေစရာမရှိလို့ တောင်ယာတဲမှာပဲဖြစ်ဖြစ် နေပါရစေ အတင်းခွင့်တောင်းနေတာနဲ့၊ ရောဂါအခြေအနေကလည်း အခုမှ ဖြစ်စ၊ အခြေအနေ မဆိုးသေးတာနဲ့ ရွာထဲကိုတော့ လာလို့မရဘူးနော် ဆိုတဲ့ ကတိနဲ့ ခေါ်လာခဲ့မိကြောင်း၊ လူကောင်းတစ်ယောက်ဖြစ်ကြောင်း ပြောပြတယ်။
သူကြီးက မေးတယ်၊ နူနာက ဘယ်နားမှာ ဖြစ်နေတာလဲ။ လက်လား ခြေလား၊ တိုနေသလား ပြတ်နေသလား ဆိုတော့ အားလုံး အကောင်းပါပဲ တဲ့။ ဒါပေမယ့် ခြေလက်တွေကိုတော့ ပတ်တီးစီးထားတယ်လို့ ထုတ်ပြောတယ်။ သူကြီးက ယာစောင့်တဲကို လိုက်သွားပြီး ဧည့်သည်ကို လှမ်းခေါ်မေးတော့ ကုပ်ချောင်းချောင်းနဲ့ လူရွယ်တစ်ယောက် ထွက်လာတယ်။
ရောဂါကို ပြခိုင်းတော့ ပြလို့မဖြစ်ပါဘူး တဲ့။ ခြေလက်မှာ မဟုတ်၊ ကိုယ်မှာ အနာကွက်ပေါ်လို့ ရွာက ထွက်လာခဲ့တာပါ တဲ့။ ရွာထဲကို မလာပါဘူး၊ သည်မှာလည်း အရှည်အကြာ မနေပါဘူး၊ ခေတ္တ တည်းခိုရုံလောက်ပါ လို့ ဆိုတယ်။
သူနေတဲ့ ယာစောင့်တဲဟောင်းက ပြိုခါနီး ယိုင်နဲ့နေတာရယ်၊ နောက်နှစ် တောင်ယာပြန်စရင် တဲသစ်ဆောက်ပြီး တဲဟောင်းမီးရှို့ပစ်မှာရယ်၊ ပြောင်းလာတဲ့ မိသားစုက ရွာထဲမှာ ဆွေကြီးမျိုးကြီးနဲ့ အတော်အတန် ကြွယ်ဝတာတွေရယ်ကြောင့် နည်းနည်းပါးပါးပဲ ပြောဆိုပြီး သူ့ကို ခဏ နေခွင့်ပေးလိုက်ကြတယ်။
လူရွယ်က မဆိုးပါဘူး။ သူ လုပ်နိုင်သမျှ ပေါင်းနုတ်၊ အမှိုက်ရှင်း၊ ထင်းကောက် စတာတွေကို အားနေချိန်တိုင်းမှာ တတ်နိုင်သမျှ လုပ်ပေးလေ့ရှိတယ်။ သူစားဖို့ ပို့ပေးတဲ့ ထမင်းထုပ်တွေကိုလည်း ဖက်ရွက်က အစ နှီးကြိုးမကျန် စားပြီးတာနဲ့ ချက်ချင်း မီးရှို့ပစ်တာ။ ရွာထဲကိုလည်း လုံးဝ မလာဘူး။ ဒါပေမယ့် တခြားရွာတွေကိုတော့ လှည့်လည် သွားလေ့ရှိတယ်။
ယာသူကြီး မိသားစုမှာ ငသက်နှံ ဆိုတဲ့ သားလေးတစ်ယောက် ရှိတယ်။ အဲဒီကောင်ကတော့ ရောဂါသည် လူရွယ်ကို ခင်မင်နေလေရဲ့။ သမီးကြီးတွေ ရှိပေမယ့် ရောဂါကြောက်လို့ ယာထဲကို တစ်ခါမှ မလာဘူး၊ ကောင်လေးကပဲ ထမင်းထုပ် သွားပို့ပေးရတာ။ ရွာနဲ့ တောင်ယာတဲက သိပ်မဝေးလှလို့ တော်သေးတာပေါ့။
ယာသူကြီး ဦးဘိုးရင်က စိတ်ကောင်းရှိသလို အိမ်သူ ဒေါ်ရွှေတုတ်ကလည်း အလွန်သနားတတ်သူ။ လူရွယ်ရဲ့ ရုပ်ရည်ကို ကြည့်ပြီးအရွယ်ကောင်းလေးမှာ ဖြစ်ရရှာတယ် လို့ စုတ်တသပ်သပ်နဲ့ သူတို့အမျိုးတွေကို ပြောလေ့ရှိတယ်။ အမျိုးတွေကလည်း ဧည့်သည်ကို နိုင်သလောက် ထောက်ပံ့ ပေးကမ်းကြပါရဲ့။ မတတ်နိုင်တဲ့ သူကတောင် ဒီနေ့ ထမင်းထုပ် ငါပို့မယ်ဟေ့၊ ငသက်နှံကို တို့အိမ်လွှတ်လိုက် ဆိုတာမျိုး။
ကိုယ်မသန့်တဲ့ ဧည့်သည်ကလည်း ရွာထဲကို မလာပေမယ့် သူနေတဲ့ ယာစောင့်တဲဝန်းကျင်က ဖြတ်သွားဖြတ်လာတချို့နဲ့တော့ မျက်မှန်းတန်းမိနေပြီ။ လူတွေကလည်း သူ့ကို အကဲခတ်ရင်း သနားတဲ့သူ ရှိသလို တကယ် ကိုယ်လက်မကောင်းတာမှ ဟုတ်ပါလေစ လို့ တွေးမိတဲ့ သူတွေလည်း ရှိလေရဲ့။
သူ့ပုံစံကလည်း ဦးပေါင်းထုပ်နဲ့၊ ဖျင်ကြမ်းအင်္ကျီဖားဖားကြီးနဲ့၊ အကွက်မပေါ်တော့တဲ့ ပုဆိုးနဲ့ အဖာဗရပွ အိတ်ကြီးနဲ့ပေမယ့် ရုပ်ရည်က ကြည်ကြည်လင်လင် ပြုံးပြုံးရွှင်ရွှင်ပဲကိုး။ အားငယ်နေတဲ့ အရိပ်အယောင် တစ်စက်လေးတောင် မမြင်ရတော့ တချို့ကလည်း အင်မတန် စိတ်ဓာတ်ကြံ့ခိုင်တဲ့သူငယ် ရယ်လို့ မှတ်ချက်ချကြတယ်။
လူရွယ်က ရွာထဲကို မလာပေမယ့် ညဘက် ရွာရှေ့ကွင်းမှာ ကစားကြတဲ့ ပွဲတွေကိုတော့ အဝေးကနေ လာကြည့်လေ့ရှိတယ်။ ကစားပွဲတွေ ဆိုတာ အရှေ့ကျောင်းနဲ့ အနောက်ကျောင်း နပမ်းသတ်၊ လက်ဝှေ့ လက်ပန်း မြင်းစီး လှံပစ် ပြိုင်ကြတာမျိုးပါ။ ညနေစောင်း ခတ်ကစားကြတဲ့ ခြင်းအလှဝိုင်းတွေကိုတော့ လာကြည့်လေ့ မရှိဘူး။
တကယ်တော့လည်း ညဘက် ပွဲတွေက ပြိုင်ဆိုင်မှု ပြင်းထန်သလောက် အားပေးသံတွေ ညံနေတာကြောင့်လည်း စိတ်ဝင်စားပြီး ရောက်လာတာ ဖြစ်လိမ့်မယ်။ အရှေ့ကျောင်းနဲ့ အနောက်ကျောင်း ဆိုတာက ကမ္ဘာ့ရန်အဆင့် မဟုတ်ပေမယ့် ထီခနဲဆို ပြိုင်လိုက်ရမှ၊ ပွဲရှိပြီဆို ယှဉ်လိုက်ရမှ ဆိုတဲ့ သူတွေ မဟုတ်လား။
အရှေ့ကျောင်းဗိုလ် ငအောင်မျိုး နဲ့ အနောက်ကျောင်းက ပွဲကျောင်းသား ငလှမောင်တို့ဟာ နာမည်ကျော် ပြိုင်ဘက်တွေပေါ့။ သူတို့နှစ်ယောက် ထိုးသတ်ကြမယ်ဆို အလောင်းအစားတွေနဲ့တောင် အားပေးကြတာ။ တစ်ပြန်စီ ဆိုပေမယ့် ပွဲကောင်းလွန်းလို့ ဧည့်သည်လူရွယ်ကတောင် အဝေးက လက်ခုပ်တီး ချီးကျူးရတာ ကြည့်တော့။
သူ ညဘက် လာကြည့်လို့ လေးငါးဆယ်ရက် နေတော့ ရွာက ကာလသားတွေနဲ့ မေးထူးခေါ်ပြော ရှိလာတယ်။ တချို့က မကြောက်ဘဲ သူ့အနီးအထိ စကားသွားပြောတယ်။ သူကတော့ နောက်ဆုတ် နောက်ဆုတ်နဲ့ သိပ် မကပ်မခံဘူး။ တချို့က အနာကို ပြခိုင်းတယ်၊ အချို့ ခပ်ကဲကဲ ကောင်လေးတွေကလည်း ပတ်တီးတွေ ဖြေပြဖို့ တောင်းဆိုကြတယ်။ သူကတော့ အပြုံးနဲ့ပဲ မဖြစ်လို့ပါ ဆိုပြီး ငြင်းခဲ့တာချည်း။
သူတို့ရောက်ပြီး ရက် ၂၀ ကျော်အကြာမှာ ရွာရှင်ပြုအလှူပွဲကြီး လုပ်ကြဖို့ ဖြစ်လာပါလေရော။ သူတို့ရွာက ဗိုလ်ဇံသီးကို အခွန်ပေးပြီး ဖြစ်ပေမယ့် အလှူကြီးလုပ်မှာမို့ ဗိုလ်ဇံသီး ရောက်လာလိမ့်မယ် လို့လည်း သတင်းတွေ ထွက်နေတယ်။ ရွာသူရွာသား အားလုံးက အဲဒီသတင်းကို စိုးရိမ်နေကြသတဲ့။ ငဇံသီးသာ လာရင် အလှူတော့ ပျက်ပြီး လို့ ပြောဆိုနေကြတာပဲ။
ငဇံသီးကြောင့် အလှူကြီးတွေ မပေးဖြစ်တာပဲ အတော်ကြာနေပြီ။ ရှင်ပြုနားသ အလှူကြီး ရှိတယ်ကြားရင် ငဇံသီးက ဒီလောက်တောင် ပေါများနေကြတာလား ဆိုပြီး အဲဒီရွာကို အရောက်လာ၊ လိုချင်တာတွေ ယူသွားတဲ့အထဲ သမီးမိန်းကလေးတွေ အမြဲ ပါသွားတတ်တာကိုး။ ဒါ့ကြောင့် အလှူဆို ကွမ်းတောင် ပန်းတောင် ရွက်မယ့်သူတောင် မရှိသလောက်။ လှလှပပ မပြင်ဆင်ရဲသလောက်ပဲ။ ချင်းတွေလို ပါးရဲထိုးရမယ် လို့ တွေးတဲ့သူတောင် ရှိတယ်။
ဖြစ်ချင်တော့ အလှူမှာ ဦးဘိုးရင်သား ငသက်နှံလေးက မောင်ရှင်လောင်း ပါသလို အလှည့် လိုက်ရမယ့်အထဲမှာလည်း သမီးကြီးက ထိပ်ဆုံးက ပါနေလေရဲ့။ ဒေါ်ရွှေတုတ်ကဆို တကယ်ရောက်လာရင်တော့ ဒုက္ခပါပဲ လို့ ညည်းလိုက်တာ ခိုသံပါလို့။ ရွာတိုင်းမှာ လူစောင့်ရှိတဲ့ ဗိုလ်ဇံသီးကလည်း အလှူသတင်းကို သေချာပေါက် ကြားမှာပဲလေ။
စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာ၊ သူတို့သမီးကြီးက ကြည့်ပျော်ရှုပျော် ရှိသလို အားကိုးရတဲ့ သူပဲ။ ပွဲကျောင်းသား ငလှမောင် နဲ့လည်း ချိတ်တိတ်တိတ် ဖြစ်နေသေးတယ်။ ဒီတော့ ငလှမောင်ပါ ပူရပြီပေါ့။ မိရွှေကျေးလေးကို ငဇံသီးတို့လက် ဘယ်နည်းနဲ့မှ မထည့်နိုင်ဘူး ဆိုပေမယ့် သူတို့အားလုံးရဲ့ အစွမ်းအစလောက်နဲ့လည်း ဘယ်လိုမှ အာခံန်ိုင်စွမ်း မရှိတာ အမှန်။
ငသက်နှံနဲ့ သူငယ်ချင်း နှစ်ယောက် ယာတောကို ထမင်းထုပ်ပို့ရင်း ကိုဧည့်သည်အတွက်ပါ ယူသွားကြတယ်။ တဲရောက်တော့ အော်ခေါ်ပေမယ့် ထုံးစံအတိုင်း လူရွယ်က မရှိဘူး။ ငသက်နှံက
"တခြားရွာတွေ သွားနေတာ ဖြစ်မယ်ကွ"
ဆိုပြီး ဖက်ထုပ်ကို ခရိုးတိုင်မှာ ချိတ်ထားခဲ့ဖို့ ပြင်တယ်။ သူငယ်ချင်း ငအေးကျော်က
"မဟုတ်လောက်ဘူး။ အဲဒီလုလင်ကြီး ဒီအချိန်ဆို ရိုးချောင်းမှာ ရေချိုးနေကျကွ။ ငါတွေ့ဖူးတယ်"
"ဟုတ်လား၊ ဒါဆို သူ့ကိုယ်ကို မင်းမြင်ဖူးတာပေါ့။ အနာကြီးက ဘယ်နားမှာလဲ"
"ဒါတော့ မသိဘူးလေ၊ အဝေးကပဲ မြင်ခဲ့ရတာ။ အနာ မမြင်ရပေမယ့် ထူးခြားတာ မြင်ရတယ်ဗျ"
"ဘာလဲ"
ငအေးကျော် မပြောဘဲ ပြုံးစိစိ လုပ်နေတယ်။ ဟိုနှစ်ကောင် ပိုသိချင်လာတယ်။
"ဟေ့ကောင် ပြောလေ"
"သိချင်ရင် မင်းတို့ဘာသာ သွားကြည့်ပေါ့ကွ" 

 (ဆက်ရန်..)   တစ်ကိုယ်တည်းစစ်သည်တော် (၂) 


Written by သင်္ခရာဇာ
End date: February 16, 2022

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...