တန်ဆောင်မုန်း လကွယ်ည တစ်ည၊ မိုးလေကင်းလွတ်ခဲ့ပါလျက် တစ်ခါတစ်ရံ ပြိုးပြက်သွားတတ်သော လျှပ်ရောင်များကို တွေ့နေရသည်။ ကြယ်မရှိ လ မရှိ၊ မှောင်ရသည့်အထဲ အမိုက်ပါ တွဲနေသည့် ထိုည သန်းခေါင်အချိန်ကျမှ ရွာမြောက်ပိုင်းရှိ ကိုယ်ဝန်သည်တစ်ဦးသည် မီးမဖွားနိုင် ဖြစ်နေလေသည်။
တောရွာတို့ ဓလေ့အတိုင်း သက်ကြီးခေါင်းချချိန် ကျော်သည်နှင့်
တစ်ရွာလုံး တိတ်ဆိတ်သွားတတ်သည်မို့ သန်းခေါင်နီးလေ အော်ဟစ်ညည်းညူသံက
ပိုကျယ်လောင်လာလေ ထင်ရသည်။ အချို့ကလည်း မီးခွက် မီးအုပ်ဆောင်းများ ထွန်း၍
သွားရောက်ကြည့်ရှုကြ၏ ။ အများစုကမူ မိမိတို့ အိမ်မှသာ နားစွင့်နေကြသည်။
သန်းခေါင်ယံအချိန် ရောက်သည်နှင့်
ရွာဦးရှေးဟောင်းစေတီပျက်ဘက်ဆီမှ ဘီလူးဟိန်းသံလို အသံကြီးကို တစ်ရွာလုံး
ကြားလိုက်ကြရပြီး ရွာလယ်လမ်းကို ဖြတ်သန်းလာသော မြင်းခွာသံများကိုလည်း
အားလုံး သတိပြုမိကြသည်။ တစ်ပြိုင်တည်းမှာပင် အော်ဟစ်ညည်းညူနေသည့် အသံ
ပျောက်သွားပြီး ကလေးငိုသံ ထွက်ပေါ်လာ၏ ။ သို့သော် အိမ်နီးချင်းများနှင့်
သွားရောက်စူးစမ်းကြသူများ၏ စိတ်ထဲတွင်မူ ကလေးငိုသံမှာ 'အူဝဲ' ဟူသည့်
အသံမျိုး မဟုတ်ဘဲ 'ဂရား... ဂရား' ဖြစ်နေသည်ဟုသာ ထင်မိကြလေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
*
"ဗြန်း... ဗြန်း"
ဖျာကို ဝါးခြမ်းဖြင့် ရိုက်လိုက်သံ ကြားသည်နှင့်
တစ်ယောက်တစ်ပေါက် ဆူညံနေသော အသံများ ချက်ချင်း ငြိမ်သွား၏ ။ ဆရာတော်က
သင်ပုန်းများကို ယူကြည့်နေရာမှ ရုတ်တရက် ရိုက်လိုက်ခြင်း ဖြစ်သောကြောင့်
ကျောင်းသားအားလုံးက ဆရာတော်ကို ပြူးကြည့်နေကြသည်။
"လူကြားသူကြား မည်သူ လေလည်သလဲဟဲ့"
တုပ်တုပ်မျှ မလှုပ်ကြ။ ကျောင်းသားအချို့က ထိုအခါမှ
နှာခေါင်းရှေ့ လက်ယမ်းသူယမ်း၊ လက်ညှိုး လက်မဖြင့် နှာခေါင်းကို ပိတ်သူပိတ်
လုပ်ကြသည်။ အဖြေစကား မကြားရသောအခါ ဘုန်းတော်ကြီးက...
"မည်သူမှ ဝန်မခံရဲကြဘူးလား"
ဟု အော်လိုက်ရာ ခပ်ညှက်ညှက် ကျောင်းသားလေးတစ်ဦး ထ လာပြီး
"တပည့်တော်ပါဘုရား"
"အေး.. လာခဲ့ ဒီကို"
ဆရာတော်က မောင်ကျောင်းသားငယ်အား တစ်ဖက်လှည့်စေ၍ ဝါးခြမ်းပြားဖြင့် နှစ်ချက်ရိုက်လိုက်သည်။ ပြီးလျင်
"ဘာလို့ ရိုက်ရသလဲ.. သိသလား ငစံ"
"အီး.. အီးပေါက်လို့ပါဘုရား"
ကျောင်းသားများထံမှ ခပ်အုပ်အုပ် ရယ်သံ ထွက်လာသည်။ ဆရာတော်ကြီးပင် ပြုံးမိမလို ဖြစ်သွားသည်။
"လိမ်လို့ ရိုက်တာဟဲ့၊ နင် မပေါက်ဘဲ ဘဇာကြောင့်
ပေါက်သည် ဝန်ခံရတာတုန်း။ လေက နင့်ဘက်က လွင့်လာသည်မဟုတ်"
"မည်သူမှ ဝန်မခံလျင် အားလုံး အရိုက်ခံရမည် စိုးသဖြင့် တပည့်တော် ဝန်ခံလိုက်တာပါဘုရား"
"အိမ်း..
ပထမတစ်ချက်က ဒါ့ကြောင့် ရိုက်တာ။ ဒုတိယတစ်ချက်က မှတ်မိအောင် ရိုက်တာဟဲ့။
နောက်နောင် ကိုယ်မလုပ်ဘဲ အစားဝင်မခံလေနဲ့.. မှတ်ထား။ သွား.. မင်းနှင့်
ငရွှေကျော် ကျောင်းအောက်မှာ တံမြက်လှည်းကြချေ"
သို့နှင့် ၇ နှစ်သား ဘုန်းကြီးကျောင်းသားလေး ငစံသည်
ငရွှေကျော်နှင့်အတူ အုန်းတံမြက်စည်းရှည်များ ယူ၍ ကျောင်းအောက်
ဆင်းခဲ့ကြသည်။ ရှေးယခင်က မင်းကျောင်း ဖြစ်ခဲ့ဖူးသဖြင့် လက်ရန်းအပိတ်ဖြစ်သော
အုတ်ရိုးလှေကားမှ အဆင်းတွင် ငရွှေကျော်က
"ဟာ.. ဟိုမှာကြည့်စမ်း ငစံ၊ ငှက်ကလေး ခွေးချီလာတာ သေတော့မယ် ထင်တယ်"
ကျောင်း၌ ကျွေးမွေးထားသော ခွေးများစွာ ရှိရာ တစ်ကောင်မှာ
ငှက်ဖမ်းလေ့ ရှိသဖြင့် ထိုမြင်ကွင်းမျိုးကို မကြာမကြာ မြင်ဖူးခဲ့ကြရလေပြီ။
ငစံသည် လက်ညှိုးညွှန်ပြနေရာသို့ မကြည့်ဘဲ တစ်ဖက်သို့ ထွက်သွားပြီး
အပင်အောက်မှ ရွက်ကြွေများကို တံမြက်စည်းလှည်းရန် ပြင်နေသဖြင့် ငရွှေကျော်က
နောက်မှ လိုက်လာပြီး
"ငှက်ကလေးက မသေသေးဘူးကွ၊ ငနီကို လိုက်ဖမ်းပြီး ဆွဲထုတ်ရင် အကောင်မပျက် ရနိုင်သေးတယ်"
"အဲဒီခွေး ကိုက်ထားတဲ့ငှက် ဘယ်တုန်းက ပြန်ရှင်ခဲ့ဖူးလို့လဲ"
"ဘာဖြစ်ဖြစ် ဘဘုန်းကို သွားပြလို့ ရတာပေါ့"
"သေမှာချင်းအတူတူ ထားလိုက်ပါတော့ကွာ၊ ခွေး သူ့ဘာသာ စားပါစေ"
"သေချင်မှ သေမှာပေါ့၊ မင်းက ငါပြတုန်းကကျ မကြည့်ဘဲနဲ့"
ငရွှေကျော် မကျေမနပ် ဆိုတော့ ငစံက ပြန်ဖြေသည်။
"မြင်ရင် အကုသိုလ်တက်မှာမို့ မကြည့်တာပါကွ"
"အံမယ်.. မင်းက သူတော်ကောင်းကြီးပေါ့"
ထိုစဉ် မီးဖိုဆောင် ဆောက်ထားသော တဲငယ်တံခါးဝ ထင်းများ
ပုံထားသည့် အောက်ခြေမှ ကြွက်တစ်ကောင် ဦးခေါင်းပြူလျက် ထွက်ကြည့်သည်ကို ငစံ
မြင်သဖြင့် သစ်ပင်အောက် ကွပ်ပျစ်ပေါ်တွင် အသင့်တွေ့ရသော လောက်လေးခွကို ယူ၍
ပစ်ခတ်လိုက်သည်။ တဲနံရံကို ကာထားသော သစ်ပြားကို မှန်ရာ ဒိန်းခနဲ
မြည်သွားသောကြောင့် ကျောင်းပေါ်မှ ကျောင်းသား ငအောင်စွာက လှမ်းကြည့်ပြီး
ဘုန်းတော်ကြီးကို သွားတိုင်လေ၏ ။ ငအောင်စွာ တိုင်နေစဉ်အတွင်း နောက်တစ်ချက်
ပစ်သံ ကြားလိုက်ရသေးသည်။ ဆရာတော်က ခေါ်၍
"ငစံ တံမြက်လှည်းခိုင်းသည်ကို လေးခွနှင့် ဘာပစ်သနည်း"
"မီးဖိုထဲမှ ကြွက်ထွက်လာသည် မြင်၍ ပစ်ပါသည်"
"နင့်ကို ကုသိုလ်ရအောင် ခိုင်းခြင်းဖြစ်သည်၊ သူများအသက် သတ်ဖြတ်ခိုင်းသည်မဟုတ်။ ယခု ထိုကြွက် သေပလား"
"သေပါပြီ ဘုရား"
"ငအောင်စွာ သွားကြည့်စမ်း"
ငစံ ပြောရာနေရာသို့ ငအောင်စွာ ပြေးသွားပြီး ထင်းပုံအောက် ရှာနေစဉ် ဆရာတော်က
"ငစံ..
ငစံ၊ နင်ကြီးရင် သက်ဆိုးရှည်လိမ့်မည် မဟုတ်ဘူး။ တော်မလိုလို
မိုက်မလိုလိုနှင့် ဘာဖြစ်မည့် အကောင်မှန်း မသိ။ နင်ပစ်သည့်ကြွက်
ခြေလက်မှန်၍ ဒုက္ခိတ ဖြစ်သွားမည်ကို နင် မတွေးဘူးလား"
"မဖြစ်နိုင်ပါဘုရား၊ တစ်ခါတည်း ခေါင်းကွဲ၍ သေမည့် ကြွက်ပါ"
"တယ်.."
ဆရာတော်ဘုရား ကြိမ်းဝါးနေစဉ် ငအောင်စွာက ခေါင်းပေါက်ကာ
သွေးစက်လက် ကျနေသော ကြွက်သေကို ယူလာသည်။ ငစံ အရိုက်ခံရပြန်သည်။ သို့ရာတွင်
ငအောင်စွာ စနက်ကြောင့် ဟူ၍ အတေးအမှတ်မရှိ။ အငြိုးထားရန် ဝေးစွ၊ သူကပင်
ငအောင်စွာအနား သွားထိုင်လိုက်သေးသည်။ ထို့ကြောင့်လည်း သူ့အား
ဘုန်းကြီးကျောင်းသားခေါင်းဆောင်အဖြစ် ကိုရင်ကြီးက ခန့်ထားခဲ့ခြင်း
ဖြစ်ပေလိမ့်မည်။
ညနေတွင် မိခင်ဖြစ်သူက ဘုန်းကြီးကျောင်းသို့ လာပြီး အုန်း
ငှက်ပျောဖြင့် သူ့သားမိုက်အတွက် လာတောင်းပန်သွားသည်။ ထိုသို့ဖြင့်
ကိုရင်ကြီးများပင် မနိုင်၍ လွှတ်ထားရသော ငစံကလေး အရွယ်ရောက်လာသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
မြောက်ကျောင်းသည် တောင်ကျောင်းကဲ့သို့ ကိုယ်ခံပညာ၊
လောကီမန္တာန်များ အလေးထား သင်ကြားသည့် ပွဲကျောင်း မဟုတ်စေကာမူ
စုတ်ထိုးဆေးပေါက် ကျင်လည်သည့် ခင်ကြီးတစ်ပါး ရှိ၏ ။ ကျောင်းထိုင်
ဆရာတော်ကြီးမှာလည်း အင်းအိုင်ခလှဲ့ အစီအရင်များ ကျွမ်းကျင်သည်ဖြစ်ရာ ငစံ၏
ဇာတာကို တွက်ချက်ပြီးနောက် ဘီလူးဝင်စားသည် ဆိုသော ငစံငယ်အား ကျောနှင့်
ရင်တွင် ဘီလူးခေါင်း ၂ မျိုး၊ လက်မောင်းတွင် ဘီလူးသန်လျက်ထမ်းဟန် စသည့်
ပုံများကို ထိုးပေးထားပြီး ဖြစ်လေသည်။
သို့သော် အရွယ်ရောက်စ ငစံမှာ ပေါင်ဖြူသာ ရှိသေးသည်။
ထိုးကွင်းမင်ကြောင် ထိုးနှံပြီးပါမှ အရွယ်ရောက်ပြီး လူလားမြောက်သည်ဟု
သတ်မှတ်ကြသော မြန်မာလူမျိုးတို့အဖို့ ပေါင်ဖြူလျင် ကလေး ဟုသာ ယူဆကြလေ့ ရှိ၏
။ ယခုနှစ် တန်ဆောင်မုန်းတွင်တော့ ငစံသည်လည်း ပေါင်မည်းကြီးနှင့်
လူရာဝင်ပေတော့မည်။
သို့ရာတွင် လူပျိုဖော်ဝင်စ ငစံက ငြင်း၏ ။
ထိုးကွင်းမင်ကြောင်ရှိမှ ယောက်ျားပီသသည် ဟု သတ်မှတ်ကြသူများကြား၌ သူက
တမူထူး၍ မထိုးလိုဟု ဆိုရာ မင်ကြောင်ထိုးသည့် ခင်ကြီးခင်က
"မောင်စံ၊
မင့်ကို ကျောင်းလာအပ်စဉ်ကပင် အသွင် အပြင်ကို ကြည့်၍ ဤသူငယ်ကား ဧကန်
သူရဲကောင်း ဖြစ်မည့်သူဟု ငါ မြင်၏ ။ သူရဲကောင်းတို့ နှလုံးသားသည်
မည်သည့်အခါမျှ သူရဲဘောကြောင်သည် မရှိ။ ယခု တန်ဆောင်မုန်း လပြည့်ည လနှင့်
ကြတ္တိကာနက္ခတ် စန်းယှဉ်ချိန် ပေါင်တွင် သိကြား ဇော်ဂျီ ဆေးပေါက်ရသော်
ဇမ္ဗူတွင် နင့်အပြင် လူမရှိဟု ငါ ထင်သည်"
ဟု ဆိုလေသည်။ ငစံက
"ဆေးအားကိုးနှင့် ရဲရမည်ဆိုလျင် သူရဲကောင်း မဖြစ်သော်လည်း ရှိပါစေတော့ဘုရား"
ဟု လျှောက်တင်ကာ ထ သွားလေသည်။
မကြာမီ ငစံ သာသနာ့ဘောင် ဝင်၏ ။ အများက ရှင်ညိုသူ ဟု ခေါ်ကြ၏ ။
စာပေ ပဋိယတ္တိများ သင်ကြား လေ့လာ လိုက်စား၏ ။ အချိန်ရှိသရွေ့ စာဖတ်နေလေ့
ရှိသည်။ အချင်းချင်းအပေါ် အလွန်သည်းခံသည်။ နှစ်နှစ်ကျော်အကြာ မယ်တော်ကြီး
ကွယ်လွန်သောအခါ လူထွက်၍ မကြာမီ ဘုန်းကြီးကျောင်းသားပင် ပြန်ဖြစ်လာသည်။
မွန် မြန်မာ စစ်ပွဲများ ဖြစ်ပွားလာသောအခါ ငစံသည်လည်း
ငညိုသူအမည်နှင့် စစ်ထဲ ပါသွားသည်။ အလောင်းမင်းတရား မြင်းရည်တက်
ဖွဲ့ချိန်တွင် ညိုသူပြိုင်ကောင်း ဟူ၍ စာချိုးခံရသော မြင်းရည်တက်သူရဲ၊
နောင်အခါ လက်ျာဘီလူး ဘွဲ့ဖြင့် ထင်ရှားသည့် တပ်မှူးတစ်ဦး ဖြစ်လာခဲ့လေသည်။