ငယ်ရွယ်နုပျိုသော ဆရာတော်တစ်ပါးသည် နောက်လိုက်နောက်ပါများနှင့် စစ်ကိုင်းချောင်မှ ထွက်လာ၍ တည်းခိုသီတင်းသုံးရာ ကျောင်းသို့အပြန် လမ်းမပေါ်တွင် မျက်နှာချင်းဆိုင်မှ လျှောက်လာသည့် လူရွယ်တစ်ဦးကို မြင်တွေ့လေ၏ ။ လူရွယ်သည် ဆရာတော်ကို မြင်သောအခါ လမ်းဘေးဆင်းလျက် အထုပ်များ ချကာ ထိုင်ရှိခိုးသည်။ ဆရာတော် ဖြတ်ကျော်သွားသောအခါမှ အထုပ် ၂ ထုပ်ကို ပြန်လွယ်ပြီး လိုရာခရီး ဆက်သွားလေသည်။
ဆရာတော်သည် အနည်းငယ် ကျော်သွားပြီးမှ အနောက်တွင် ပါလာသော လူကြီးတစ်ဦးအား
ဟု ပြောလိုက်သည်။ ခေါင်းတုံးဖြူဖြူကို တဘက်ဖြင့် ပေါင်းထားသော အဘိုးကြီးက လှည့်ကြည့်လိုက်ပြီး တင်ပါ့ဘုရား ဟု ဆို၍ လူရွယ်နောက်သို့ လိုက်သွားကာ ဆရာတော် တည်းခိုရာ ကျောင်းသို့ ခေတ္တ လိုက်ခဲ့ပါရန် ဖိတ်ခေါ်ခဲ့သည်။
ကျောင်းပေါ် ရောက်သော် လူရွယ်သည် ဘုရားဆင်းတုတော် နှင့် ဆရာတော်ကို ရှိခိုးဦးချ ဝတ်ဖြည့်ပြီးနောက် မည်သည်ကို အလိုရှိပါသနည်း ဟု မေးမြန်းလျှောက်ထားလာသည်။ ဆရာတော်က
''မင်း ကျုပ်ကို သိသလား''
''မသိပါဘုရား''
''ကောင်းပြီ၊ ဦးမင်းသိုက်ကိုရော သိသလား''
လူရွယ် တစ်ချက် မော့ကြည့်သည်။ အံ့သြဟန်နှင့် ကြည့်နေပြီးမှ
''သိပါတယ် ဘုရား''
''မင်းနှင့် ဦးမင်းသိုက် အလွန်တူတယ်။ မည်သို့ တော်စပ်ကြသနည်း''
လူရွယ် မျက်နှာပျက်မလို ဖြစ်သွားသည်။
''ဘာမှ မတော်ပါဘူးဘုရား''
''အေး… ဟိုတုန်းက ဦးမင်းသိုက်နှင့် ကျုပ် တွေ့ဖူးတယ်။ လူတွင် ကိုယ်ရောင်ကိုယ်ဝါ ရှိတတ်သကွဲ့။ မင်းနှင့် ဦးမင်းသိုက်မှာ သူများထက်ထူးပြီး တန်ခိုးရှိန်ဝါ တောက်ပနေတယ်''
''တပည့်တော်နှင့် နတ်ဆရာဦးမင်းသိုက်က ရန်သူတော်တွေပါ ဘုရား''
''သြော်… ဒီလိုလား။ ဦးမင်းသိုက်ဟာ နတ်ဆရာ မဟုတ်ဘူး။ ဝိဇ္ဇာဓိုရ်ကြီးတစ်ဦး ဖြစ်ပေတယ်။ သို့သော် အလွန် လူမုန်းများတာကလား။ ကျုပ်နှင့် တွေ့တုန်းကတောင် အညံ့ထဲ ရောက်နေလို့ သတိပေးလိုက်ရသေးတယ်''
''တင်ပါ့ဘုရား''
''ကျုပ် ရွှေဘို မရောက်ခင်က ပုဂံမှာ စာဝါလိုက်နေခဲ့ဖူးတယ်။ အဲဒီတုန်းက ပုဂံကို သူဖြတ်လာတော့ ကျုပ်အမည် ကြားဖူးလို့ ဝင်လာတာပဲ။ ကျုပ်တောင် သူ့ဇာတာတွေ နက္ခတ်တွေ တွက်ချက်ပြီး ဇာတာမသန့်လို့ အင်းဝ မသွားဖို့ ပြောလိုက်သေးရဲ့''
''ဘယ်အချိန်လောက်ကပါလဲ ဘုရား''
''ကျုပ်တို့ အထက်မြန်မာပြည်ကို မွန်တွေ တက်သိမ်းခါနီးပေါ့ ဒကာ။ ကျုပ်က ဒကာကြီးမှာ ကိုယ်ရောင်ညှိုးလို့ အသက်အန္တ္တရာယ် ရှိအံ့ ဆိုသည်ကို ပျက်ရယ်ပြုပြီး တပည့်တော်ကို မည်သူ တတ်နိုင်မည်နည်း လို့တောင် ပြန်ပြောသွားသဗျား''
''သြော်… ဒါ့ကြောင့်ကိုး''
''ဘာပါလိမ့် ဒကာ''
''အဲဒီကအပြန် ဦးမင်းသိုက် လုပ်ကြံခံရတာပဲ ဘုရား။ လုပ်ကြံသူကလည်း အခြားမဟုတ်… တပည့်တော်ပါပဲ ဘုရား''
''အလို… တိုက်ဆိုင်လိုက်လေ၊ ဒါ့ကြောင့် မင့်ကိုယ်က ကိုယ်ရောင်ရှိန်စော် တောက်ပါတယ်လို့ မြင်နေတာ''
''တင်ပါ့… တပည့်တော် ချောင်းမြောင်းလုပ်ကြံတော့ သူက ကြိုသိနေတာဟာ ခုမှ အဖြေရတယ်။ အရှင်ဘုရား ကြိုသတိပေးထားတာကိုး''
''ကျုပ်က သူ့ကို အဝ တက်ရင် ပြန်နိုင်မည် မဟုတ်လို့သာ ဟောလိုက်တာ။ သူက ကျုပ်ကို ကြည့်တော်မူပါဘုရား ဆိုပြီး လည်ဘေးက ဆေးနှံထားသည့် နတ်ရုပ်ကို ထောက်၍ မန္တာန်တစ်ခု ရွတ်လိုက်တော့ အနီးအနားက ရုက္ခစိုးတွေ ဆင်းလာပြီး ကျုပ်တို့ကို ဦးချကြသကွဲ့။ ကျုပ်လည်း ဆရာကြီး မြေပြင်မှာသာ စွမ်းမည်၊ ရေတွင်တော့ တတ်နိုင်မည်မထင် လို့ ထပ်ဟောတော့ မပူပါနှင့်၊ လမ်းတစ်လျှောက် အစောင့်အနေ အပြည့်ချထားပြီး ဖြစ်သည် လို့ ပြန်လျှောက်သွားသကို''
''မှန်ပါ့ဘုရား… တကယ်ပဲ အစောင့်အကြပ် အစီအရင် ကောင်းလှပါသည် ဘုရား။ မလည်ကမ်းပါးထိပ်က နတ်ရုပ်တွေ ပေါ်လာပြီး မြစ်ထဲခုန်ချ တပည့်တော်နောက် လိုက်လာတာ မှတ်မိပါသေး ဘုရား''
''အိမ်း… ဒကာ့မှာလည်း အစောင့်အဆောင်ကောင်း ရှိပုံရတယ်။ အင်္ကျီ ချွတ်ပြစမ်း''
ဆို၍ လူရွယ် အင်္ကျီချွတ်ပြရလေသည်။ ဆရာတော်သည် လူရွယ်၏ ကျောနှင့် ရင်မှ ဆေးစီရင် မင်ထိုးထားသော ဘီလူးရုပ်နှစ်ခုကို ကြည့်လျက်
''ကျောက ဘီလူးသည် လောကီပညာ အတော်တတ်ကျွမ်းသည့် မထေရ်ကြီးတစ်ပါး လက်ရာဖြစ်ရမည်။ ရင်ဘတ်ပေါ်ရှိ ပုံမျိုးကိုမူ လူ့လောကတွင် ကျုပ် မမြင်ဖူးသေး။ ကျုပ်တို့မြန်မာ လက်ရာဟု ဆိုရန်လည်း ခက်တယ်။ ဤပုံကို အဘယ်သူ စီရင်သနည်း''
ဟု မေးသဖြင့် လူရွယ်က
''တပည့်တော် ဆရာဘုန်းကြီး ထိုးနှံထားသည့် မူလပုံကို ယိုးဒယား မင်းဆရာတော်က ပြုပြင် စီရင်ပေးလိုက်ခြင်း ဖြစ်ကြောင်းပါဘုရား''
''အလွန်ဆန်းတဲ့ လက်ရာ အစီအရင်ပဲကွဲ့။ လူသာမန် တတ်နိုင်မည် မဟုတ်ဘူး။ ဒကာ မ - ကာရ လောပ ဆိုတာ ကြားဖူးသလား''
''မကြားဖူးပါဘုရား။ လောကဝယ် ရှိနိုင်မည် မထင်ပါ''
ထိုအခါ ဆရာတော်နှင့် နောက်လိုက်နောက်ပါများက ပြုံးရယ်ကြသည်။ လူရွယ်၏ နောက်တွင် ဝတ်ဖြည့်နေသော လူကြီးတစ်ဦးက လူရွယ်အား လက်ကုတ်၍
''အခု မောင့်ရှေ့မှာ မြင်နေရတာ မ-ကာရ လောပ လို့ နာမည်ကျော်တဲ့ သာသနာပိုင် ဦးဥာဏ လင်္ကာရပဲ''
လူရွယ် အံ့သြသွားသည်။ သာသနာပိုင်ဆရာတော် ဟူသည် သက်တော်ဝါတော်ကြီး ဘုန်းတော်ကြီးတစ်ပါးသာ ဖြစ်မည်ဟု ထင်မြင်ဖူးခဲ့သဖြင့် ယခုမှ အသက် ၃၀ ကျော်အရွယ် ပဉ္ဇင်းငယ်တစ်ပါးက နောင်တော်ကြီးမင်း၏ သာသနာတော်ပိုင် ဆရာတော် ဖြစ်နေသည် ဆိုခြင်းမှာ ယုံနိုင်စရာမရှိ။ ထို ဆရာတော်လေး၏ ငယ်မည်ကို ကြားက သာ၍ပင် အံ့အားသင့်ပေလိမ့်ဦးမည်။ မ တစ်လုံးကြေ ဆရာတော် ခင်ကြီးဖျော် ဆိုသည်မှာ သူ့ရှေ့မှ ခပ်ငယ်ငယ်ဦးဇင်း ဖြစ်နေသောကြောင့်ပင်။
ဆရာတော်ကတော့ ခပ်အေးအေးပဲ ဆက်ပြော၏ ။
''အဲဒီ မ-ကာရ လောပ တောင် ဒကာ့ဘီလူးက အင်းတွေကို အချိန်ယူ လေ့လာရဦးမယ်။ မင့်ကိုမြင်လျင် ငါ့ဒကာရင်းကဲ့သို့ပင် ထင်မိပေတယ်။ ဖြစ်နိုင်လျင် စစ်ကိုင်းမှာ နှစ်ည သုံးည နားပါဦးလား''
လူရွယ်သည် ဆရာတော်၏ အလိုအတိုင်း ထိုကျောင်းတွင် ၂ ရက်ခန့် သောင်တင်နေလေ၏ ။ မေးမြန်းစူးစမ်းကြ၍ ထိုလူရွယ်၏ အမည်မှာ လက်ျာဘီလူး ဟု သိကြသောအခါတွင်လည်း ဆရာတော်နှင့်တကွ လူအားလုံး အံ့သြကြရပြန်သည်။ အလောင်းဘုရား၏ ထင်ရှားသော တပ်မှူးကြီးတစ်ဦးသည် ဤမျှ ငယ်ရွယ်နုနယ်သေးသော နှစ်ဆယ်ကျော် ကောင်လေးတစ်ယောက်ဟု မည်သူမျှ မမျှော်လင့်မိကြဘူး မဟုတ်လား။
အထူးသဖြင့် အယုဒ္ဓယတွင် တစ်ဦးတည်း အကျဉ်းကျ၍ ကျန်ခဲ့သည့် အကြောင်းများနှင့် နတ်ချစ်ဦးမင်းသိုက်အား လုပ်ကြံပုံများကို အထူးစိတ်ဝင်စားကြသဖြင့် လူရွယ်မှာ မေးမြန်းကြသမျှကို မမောနိုင် မပန်းနိုင် ဖြေပေးရလေသည်။ လူရွယ်ကလည်း ဆရာတော်ကို သူသိလိုသမျှ မေးကြည့်၏ ။
''အရှင်ဘုရား တပည့်တော်ကို မြင်သည်နှင့် ဦးမင်းသိုက်နှင့် ပတ်သက်နေသည်ကို မည်သို့ သိပါသလဲ''
''ကျုပ် အခု ရေးနေသည်မှာ အင်္ဂဝိဇ္ဇာ အပိတ်ကျမ်း ဖြစ်တယ် ဒကာ''
''တပည့်တော် မည်သို့ သေမည်ကို ဟောနိုင်ပါသလား''
''ဟောနိုင်သည်။ သို့သော် အကျိုးမရှိ''
''မင်းဘေးနှင့် သေရမည်လား ဘုရား''
ဆရာတော်က စာရေးရင်း တစ်ချက် ကြည့်သည်။
''မင်းရုပ်ရည်သည် အကွပ်ခံရမည့် လက္ခဏာ မရှိ။ သို့သော် သက်ဆိုးလည်း ရှည်မည်မဟုတ်။ ယခု အသက်အပိုင်းအခြားကို မကျော်ပြီ။ စစ်ဖြစ်လျင် မလိုက်နှင့်။ မင်းနှင့် ဦးမင်းသိုက် အတူ၊ မထင်မှတ်ချိန်တွင် ကံကုန်လိမ့်မည်။ သေမည်ကိုလည်း ကြိုသိလိမ့်မည်။ ကျုပ်ကိုလည်း ငယ်စဉ်က ဆရာခင်ကြီး ဟောဖူးသည်မှာ ငဖျော် ယခုအတိုင်း အစားကျူးလျင် အသက်ရှည်စွာ နေရမည်မဟုတ် တဲ့။ ဆုံမှ ဆုံတတ်ကြပလေ''
ဆရာတော် ပြောစကားများသည် အဆက်စပ် မရှိလှ။ လက်ျာဘီလူး တစ်ယောက်သာ အကုန်အစင် နားလည်သည်။ ငယ်စဉ်ကပင် ဆရာတော်နောက်သို့ ကပ္ပိယအဖြစ် လိုက်လာခဲ့သော ဆရာတော်၏ ခမည်းတော်ကြီးပင် နားမလည်လှချေ။
''မင်းဘေးနှင့် မသေရင်ပဲ တပည့်တော် ဝမ်းမြောက်လှပါပြီဘုရား''
''လက်ျာဘီလူး ဆိုသည့် သူရဲတစ်ယောက်ဟာ အလောင်းမင်းတရားကြီး လွန်စွာ ပစားပေးတော်မူသဖြင့် ထောင်လွှားမောက်မာလှတယ် ကြားဖူးတယ်။ မည်သည့်အခါတွင်မျှ မင်းမိန့်မခံရသော ဟုလည်း ဆိုကြတယ်။ ယခုအချိန်တိုင်အောင် အကွပ်မခံရခြင်းဟာ နောင်လည်း ခံရဖို့မရှိ။ သို့သော် မင်းတစ်ဆက်ပြောင်းလျင် ထက်လှစွာသော သန်လျက်သွားကို ကြည့်ရှောင်ရလိမ့်မယ် ဒကာတော်''
''တင်ပါ့ဘုရား… နာယူမှတ်သားထားပါတယ်ဘုရား''
''ကောင်းလေစွ ဒကာ… ဒါနဲ့ လူများ ပြောကြသည့် ကောလာဟလမှာ အမှန်ပင် ဖြစ်တယ်။ ဒကာ့တွင် ဘီလူး ညီအစ်ကို ၅ ယောက် ရှိလိမ့်မယ်။ ကျန် လေးဖော်က ဒကာ့ကို စောင့်ကြပ်လျက် ရှိတယ်။ (ရင်ဘတ်မှ ပုံကို ထောက်၍) ဤပုံမှာလည်း သူတို့ ပေးသည်ဖြစ်ရမယ်။ နတ်ဘီလူးတို့၏ အစီအရင် ၅ ချက် ပါသကွဲ့။
ဒကာတော်ဟာ ကုန်းဘောင်နိုင်ငံတော် ထူထောင်နိုင်ရန် အထောက်အပံ့အလို့ငှာ စွမ်းသူအဖြစ် စေလွှတ်ခြင်း ခံရသူ။ နောင် မင်း ၃ ဆက်အရောက်မှာလည်း ဒကာ့လိုပဲ နတ်အကျော်အမော်တစ်ပါး အကူလာလိမ့်ဦးမယ်လို့ ငါ နိမိတ်ကောက်ထားတာ ရှိတယ်။ နတ်ဝင်စားဟာ ထိုမင်းနှင့် ဆိုးတူကောင်းဖက် ဖြစ်၍ မင်းနှင့်အတူ လွန်လိမ့်မယ်။ ဒကာသည်လည်း ဒကာ၏ အရှင် ဘုရင်နှင့် ကံတူအကျိုးပေး ဖြစ်ပါလျက် ယခုထိတိုင် ကံဆက်နေခြင်းမှာ ဒကာ အမှုထမ်းရဦးမည့် ရေမြေ့ရှင်တစ်ဦး ကျန်နေသေးပုံ ရတယ်''
''တပည့်တော် မင်းမှုမထမ်းတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ် အရှင်ဘုရား''
''ဒကာတော်ရေမြေ့ရှင်ကို အမြင်မရှင်းလို့ မဟုတ်လား''
မင်းဆရာတော်က သူ့ဒကာရင်းဘုရင်ကို အမြင်မကြည်ကြောင်း တည့်မေးလိုက်သောအခါ လက်ျာဘီလူးသည် မည်သို့ဖြေရမည်မသိ ဖြစ်သွား၏ ။ လိမ်လည်း မလိမ်ချင်။ နောင်တော်ကြီးမင်းထံ အမှုထမ်းချင်စိတ်လည်း လုံးဝမရှိ။ အလောင်းဘုရားနှင့် ကတိထားခဲ့ကြသည့်အတိုင်း သူ့အရပ်တွင်သာ အေးအေးချမ်းချမ်း နေတော့မည်ဟု တွေးထားပြီး ဖြစ်သည်။
ယခု ဆရာတော် ပြောသည့်အတိုင်း မှန်လျင် သူ အမှုထမ်းရန် မင်းတစ်ပါး ကျန်နေသေးသည်။ နောင်တော်ကြီးမင်း လွန်မှ ဆိုသော် အသက်အတော်ကြီးမှ မင်းမှုပြန်ထမ်းရမည့်ပုံ ဖြစ်နေသည်။ သို့သော် သူ သက်ဆိုးရှည်မည်မဟုတ် ဟုလည်း ဆိုထားပြန်ရာ အလွန် စဉ်းစားရခက်နေပေသည်။ နောက်ဆုံးတွင် မြန်မာလူမျိုးပီပီ ဆန်းကြယ်လှသော ကံအတိုင်းသာ မျှောလိုက်သွားရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
ကံတရားကလည်း အလွန် ဆန်းကြယ်လှသည်။ နောက်တစ်နေ့ နံနက် သူ ပြန်ရန် ဆရာတော်ကို နှုတ်ဆက်မည် သွားသောအခါ ဆရာတော်သည် ရုတ်တရက်ဖြစ်သော လေနာကြောင့် လှဲနေရလေသည်။ နားမကျန်းသော်လည်း သူ့ကို တပည့်ရင်းတစ်ဦးပမာ နှုတ်ဆက်စကားဆိုပြီး အစီအရင်အချို့နှင့် ဦးမင်းသိုက်ထံမှ ရသော မန္တာန်တစ်ပုဒ်ပင် သင်ပေးလိုက်သေးသည်။ ဦးမင်းသိုက် နှုတ်ခမ်းလှုပ်ရုံ ဖွဖွ ရွတ်သည်ကို ကြည့်၍ ဘာဂါထာ ဘာပါဠိစာများ ဖြစ်သည်ကို ခန့်မှန်းခြုံငုံမိသည် ဆို၏ ။ ဆရာတော်၏ ဥာဏ်ရည်ကို အလွန် အံ့သြရပါလေသည်။
ဆရာတော် နေထိုင်မကောင်းသဖြင့် လက်ျာဘီလူးသည် ထိုနေ့တွင် မပြန်သေးဘဲ တစ်ရက်ထပ်နေရင်း ဝတ်ကြီးဝတ်ငယ် ပြုစုနေ၏ ။ ညနေစောင်းသော် ရောဂါ ဖောက်လာသည်။ သူ ဘာမှ မလုပ်တတ်။ ဆေးများ ရှာဖွေပေး၊ နှိပ်နယ်ပေးကြသော်လည်း မသက်သာချေ။ ညဦးတွင် ဆရာတော်က ခမည်းတော်ကြီး ဦးတိုးပြေနှင့် ညီအစ်ကိုများကို စစ်ကိုင်းမြို့ထဲ စနည်းနာ သွားခိုင်းလေသည်။ ကြားလာရသည့် "သီဘော သုံးဆယ်" ဟူသော စကားကို နိမိတ်ကောက်ယူပြီးနောက်
''ဘော - အချင်းတို့၊ သီ - သီလရှိသော၊ ဆယ် - အင်္ဂါသား ငါသည်၊ သုံး - သုဉ်းဆိတ်ရပေတော့မည် ဟု ဆိုလိုသည်။ မရတော့ဘူး။ မင်းတို့ ဘာမျှ မလုပ်နှင့်တော့။ ငါ သည်ညဉ့်ကို မကျော်ပြီ''
ဟု ဆိုရာ လက်ျာဘီလူး အလွန် ဝမ်းနည်းသွားလေသည်။ ဆရာတော်ကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် ထက်မြက်လှသော ပုဂ္ဂိုလ်ထူးသည် တစ်ခေတ် တစ်ယောက်သာမဟုတ်၊ မည်သည့်ခေတ်တွင်မျှ မရှိနိုင်ချေ။ မ တစ်လုံးကြေ ဆရာတော်နှစ်ပါး ရှိရာတွင် အခြားတစ်ပါးမှာ ထင်ရှားသော်လည်း ခင်ကြီးဖျော်လောက်မဟုတ် ဟု သူ ထင်သည်။
ခင်ကြီးဖျော်သည်ကား ကျော်သည်နှင့်အမျှ တော်ပါလေသည်။ ကျက်သည်နှင့်အမျှ တတ်သည်လည်း ဖြစ်၏ ။ မိုးကြိုးသွားကဲ့သို့ပင် ထက်သည်နှင့်အမျှ ပြက်သည်လည်း ဖြစ်ရာ ယခုမှ ဝါတော် ၁၈ ဝါခန့်သာ ရှိသေးချိန် အရွယ်ကောင်းစဉ် ပျံလွန်တော်မူရသော် သာသနာတော်နှင့် တိုင်းပြည်အတွက် အလွန့် ဆုံးရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။
ဆရာတော်အပါးမှ သူဖဲခွာခဲ့၍ မကြာမြင့်မီပင် ငိုသံများကို ကြားရသည်။ ဆွေမျိုးသားချင်း နောက်လိုက်နောက်ပါအများ ငိုယိုနေကြပြီ။ သူသည် ဆရာတော်၏ ထက်မြက်သော သွင်ဟန်နှင့် လှုပ်ရှားပုံ စကားသံများကိုသာ မြင်ယောင် ကြားယောင်နေမိသည်။ သူ့အရှင် အလောင်းမင်းတရားသည် သူ မသိလိုက်ရချိန်၌ သူ့အား ထားရစ်ခဲ့ပြီးပြီ။ ယခု ဆရာတော်သည်လည်း မထင်မှတ်ချိန်တွင် ခွဲခွာသွားခဲ့သည်။ သူကရော၊ မည်သည့်အချိန် မည်သို့ လိုက်သွားရမည် မသိ။ ထူးခြားတိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ကြရသော ကံတူအကျိုးပေး ၃ ဦးသား ပြန်မှ ဆုံနိုင်ကြပါမည်လား မသိ။
တစ်စုံတစ်ခုကို နားလည်လာသောအခါ အုံ့မှိုင်းနေသော စိတ်များ ပြန်လည် ကြည်လင်လာသည်။ သူ့အရှင် အလောင်းဘုရားသည် ကုန်းဘောင် မြန်မာနိုင်ငံတော်ကြီးကို စုစည်း တည်ထောင်နိုင်ခဲ့ပြီး တာဝန်ကျေတော်မူခဲ့ပြီ။ သူ့ ဆရာတော် ခင်ကြီးဖျော်သည်လည်း မသိ မတတ်သည် မရှိ ဟူသော မ-ကာရ လောပ ဘွဲ့ထူးကြီးဖြင့် ရာဇဝင်တွင်အောင် ချောက်ချားပြခဲ့ပြီးပြီ။ သူကလည်း ဆရာတော် ဟောခဲ့သည့်အတိုင်း မထင်မရှား အညတြတစ်ယောက်အဖြစ် တာဝန်တစ်စုံတစ်ရာကို ကျေပွန်စွာ လုပ်ဆောင်နိုင်ခဲ့လိမ့်မည်ဟု ယုံသည်။ ထို့နောက်တွင်ကား…
သူ့ဘာသာ တီးတိုး ရေရွတ်လိုက်မိသည်။
''အရှင်ဘုရားတို့ သွားနှင့်တော်မူကြပါဘုရား''