ငမျှင် နောက်လှည့်ကြည့်တော့ သူရိန်ကို မတွေ့။ မွန်တပ်သားအချို့ သေနတ်ကိုင်လျက် ပြေးဆင်းလာကြသည်ကိုသာ တွေ့သည်။ သေနတ်သံများ ကြားရသဖြင့် ရေငုပ်လိုက် ကူးလိုက်နှင့် ပြည်ဘက် ကပ်ခဲ့ရ၏ ။ သူရိန်လည်း သူ့လိုပင် လုပ်လာပုံ ရသည်။
သူတို့အဖြစ်ကို မြင်သော ပြည်မြို့တွင်းက တံခါးဖွင့်ထားသည်။ သူတို့ နှစ်ဦးသား ဗ်ိုလ်မင်းများ ရှိရာ ပြေးသွားသည်။ မြို့တွင်းမှာလည်း နေ့ညဉ့်မစဲ အမြောက်ဆံများ ကျရောက်လျက်ရှိရာ အချို့ မြေကျင်းတူး၍ပင် ဝင်နေကြရသည်။ ထင်းခွေရေခပ်မျှ မထွက်ရအောင် မွန်တို့ ပိတ်ဆို့ထားသည်ဖြစ်၍ ငတ်မွတ်ပင်ပန်းကြသူလည်း အများ။ စစ်တွင်းမို့ မြင်မြင်သမျှ ရုတ်ရုတ်သဲသဲ အနိဋ္ဌာန်ရုံများချည်း ဖြစ်နေသည်။
စလေဝန်နှင့် တွေ့၍ ဗိုလ်မှူး အာကာရွှေတောင်ကို မေးမြန်းရာ မရှိကြောင်း သိရ၏ ။ နေ့လယ်က မွန်တို့ ညဉ့်ကို အရှေ့မျက်နှာမှ တိုက်လာမည် ဟစ်သဖြင့် မြင်းနှင့် ထွက်သွားကြောင်း သိရသည်။ ငမျှင်က မွန်တို့ ပရိယာယ်ပြုသည် အမှန်ဖြစ်မည်ဟု ဆို၍ လိုက်ခေါ်ရန် အရှေ့တံခါးသို့ သွားကြသည်။
အရှေ့တံခါး ရောက်လျင် တံခါးမှူးက အာကာရွှေတောင် မြင်းတစ်စီးတည်းနှင့် တံခါးက ထွက်သွားကြောင်း၊ မွန်တို့ တပ်မှ ထွက်လာသည်ကို မတွေ့၍ တောင်ဘက်သို့ သွားကြောင်းကို စလေဝန်အား လျှောက်တင်လေရာ သူတို့ တောင်မျက်နှာသို့ လိုက်ကြပြန်သည်။
တွေ့ပါပြီ၊ မြို့ရိုးပေါ်မှ တက်ကြည့်သော် တောင်မျက်နှာမှ အာကာရွှေတောင် ပြန်လာသည်ကို တွေ့ကြရသည်။ သူတို့က အမြန်ပြန်ဝင်လာရန် ဟစ်ရ၏ ။ အာကာရွှေတောင် ကြားသော်လည်း မွန်တို့ပစ်သည့် အမြောက်သံများကြောင့် နားမရှင်း၍ တပ်ထောင့်၌ မြင်းကို ရပ်ကာ နားစွင့်နေသည်ကို တွေ့ရသည်။
ထိုစဉ် အနောက်ဘက် မြစ်ကျဉ်းရာသို့ တိတ်တဆိတ် ပြောင်းရွှေ့ထားကြဟန် တူသော မွန်အမြောက်တပ်က အာကာရွှေတောင်ရှိရာ တပ်ထောင့်သို့ ရွယ်၍ စိန်ပြောင်းအများနှင့် တပြိုင်တည်း ပစ်ကြသည်။ အာကာရွှေတောင်အား စိန်ပြောင်းကျည်စေ့ မှန်၍ မြင်းပေါ်မှ လွင့်စင်ကျသွားသည်ကို မြင်ကြရသည်။ သူတို့၏ အားအထားရဆုံး ဗိုလ်မှူးကြီး ဆုံးချေပြီတကား။
ငမျှင်သည် တပ်တိုင်များကို လက်ဝါးဖြင့် အကြိမ်ကြိမ် ရိုက်၍ "မီပါလျက်နှင့်ကွာ" ဟု လည်းကောင်း၊ "ငါနောက်ကျလို့ ဖြစ်တာ" ဟူ၍လည်းကောင်း အမျိုးမျိုး ပြောရင်း ဒေါသကြီးလိုက်၊ ဝမ်းနည်းလိုက် ဖြစ်နေသည်။ သူရိန်ကတော့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေ၏ ။ စလေဝန်က အကြီးအမှူး ပီသပါပေသည်။ တပ်ကို အမြန် ထိန်းချုပ်၍ အာကာရွှေတောင် မရှိက မွန်တို့ တပ်ကို တက်လိမ့်မည်မချွတ် ဆိုကာ စစ်ပြင်ထားနှင့်ရသည်။
ထင်သည့်အတိုင်း ညဉ့်ကိုပင် မွန်အများ ပြေးထွက်လာ၍ မြို့ကို ကပ်ကြသည်။ အော်ဟစ် ကြေညာ ကြွေးကြော်လျက် တပ်ကို ဝါးလုံးလှေကားများ ထောင်တက်လာသည်၌ မြို့တွင်းသားတို့ကလည်း
"အာကာကျော်ထင် မရှိလည်း ကျောက်ခဲကျော်ထင် ကျန်သေးသကွ" ဟု အော်ဟစ်ကြလျက် ကျောက်ခဲ အုတ် တုတ် သေနတ်များဖြင့် ဝိုင်းဝန်းပစ်ချကြရာ မွန်တို့ အထိအပါး များလှလျင် တပ်ဆုတ်သွားကြပြန်သည်။
အလောင်းမင်းတရား တပ်တော်များလည်း ကျောက်မြောင်းအရပ်၌ စောင့်ဆိုင်းနေစဉ် အာကာရွှေတောင် ကျဆုံးကြောင်း၊ မွန်တို့ အလုပ်အကြံများကြောင်း၊ စလေဝန် ရွှေတောင်အာကာ ပြည်မြို့ကို အုပ်ချုပ်လျက် ခံ့ခံ့စားစား ခံနေသဖြင့် မွန်တို့ ပြည်ကို မရသေးကြောင်းများ ကြားသိရလျင် မှူးမတ်ဒေါဗညားအပေါင်းနှင့် တိုင်ပင်တော်မူသည်။ နနွင်းကိုင်းတပ်သို့ အခေါ်လွှတ်သော မင်းလှစည်သူနှင့် သေနတ်ဝန် မင်းလှမင်းခေါင်ကျော် ပါလာသဖြင့် မင်းလှစည်သူအား မှိုင်းသဲသဲလှေတော်ကြီးနှင့် တိုက်လှေ ၃၅ စင်း စစ်ဦးချီသွားနှင့်စေသည်။
သေနတ်ဝန် ဦးကောင်းကိုမူ ရှမ်းပြည် ကျိုင်းတောင်းသို့ လွှတ်လိုက်သည်။ ဗိုလ်မှူး မင်းလှစည်သူတို့ ပြည်ကြောင်း ချီသွားလျင် မွန်စစ်သူကြီး တလပန်းက တိုက်လှေ ၁၀၀ ကို စစ်မြှူခန့်၍ လှေကြီး ၃၀၀ ကျော်နှင့် မြစ်ပြင်ပြည့် စောင့်နေကြ၏ ။ အနောက်မှလည်း လှေ ၂၀ ကို အမြောက်သေနတ် တင်လျက် ရွှေဘုံသာ ရေလက်ကြားတွင်း ပုန်းကွယ်နေစေသည်။
ဗိုလ်မှူး မင်းလှစည်သူတို့ လှေ ၃၆ စင်း ရောက်လာ၍ မွန်လှေ ၁၀၀ နှင့် တိုက်ကြသည်။ မွန်တို့ ပြေးလျင် မရပ်မနား လိုက်လံတိုက်ခိုက်ကြရာ တိုက်လှေကြီး ၃၀၀ ကျော်က ရှေ့မှ၊ လှေ ၂၀ အနောက်မှ နှစ်ဖက်ညှပ်၍ အမြောက် သေနတ် ထူထပ်စွာ ဝိုင်းပစ်ကြသော်လည်း အနောက်လှေတပ်ကို လှည့်မတိုက်ကြဘဲ တလပန်းတို့ လှေကြီး ၃၀၀ ကျော်သို့သာ အပြင်းတိုးဝင် တိုက်ကြရာ တလပန်း ရေတပ်သာမက ဒေါစွယ်ယစက် လှေတပ်ကြီးပါ ပျက်ပြေးကြရသည်။ အနောက်မှ လှေတပ်လည်း ရေလက်ကြားသို့ ဝင်ပြေးသဖြင့် လွတ်လေ၏ ။
ထိုသို့ အပြင်းအထန် တိုက်ခိုက်နေကြသည်ကို စလေဝန်၊ ငမျှင်နှင့် ငသူရိန်တို့ မြို့ရိုးထက်မှ မြင်နေကြရသည်။ သို့သော် အလှမ်းဝေးသည့် မြစ်ကြောင်း၌ လှေအနည်းငယ်နှင့် လှေကြီးအများ တိုက်ခိုက်နေကြသည်မှာ မွန်တို့ ရှေးကအတိုင်း ပရိယာယ်တစ်မျိုးမျိုး ကြံသည်ဖြစ်မည် ဟုသာ ထင်မှတ်လျက် ကြည့်နေကြသည်။
မင်းလှစည်သူစီး မှိုင်းသဲသဲ လှေတော်ကြီးကား မွန်ရေတပ်တွင်း တစ်စင်းတည်း ဝင်သွားသဖြင့် မွန်တို့က ဝိုင်းဝန်းပစ်ခတ် ကပ်လာကြသောကြောင့် ရဲမက် ၁၀၀ ကျော် လှေထက်မှ ခုန်ချ ကူးပြေးကြရသည်။ ကျန်ရှိသည့် လက်မရွံ့သူရဲ ၁၀၀ ကျော်နှင့်သာ ကပ်လာသမျှ မွန်တို့ကို ထိုးခုတ် ပစ်ခတ်လျက် ဦးမှ ပဲ့တိုင် ပြေးလွှားကာကွယ်နေကြရ၏ ။ အတန်ကြာမှ လှေလေးစင်း အတင်းဝင်လာ၍ မွန်တို့ကို တိုက်ခိုက်ရင်း လှေတော်ကြီးကို ဆွဲငင်ယူကြသောကြောင့် ထွက်လာနိုင်လေသည်။
မွန်ရေတပ်တွင်း ရုတ်ရုတ်သဲသဲ ရှိနေသည်ကို မသင်္ကာ၍ တုရင်ဒေဝ ငသူရိန်နှင့် သူရဲ ၂၀ မြို့က ထွက်ကာ ကျောင်းကြီးမော် သောင်စွန်း၌ ကျောက်ချထားသည့် လှေကြီးအနား သွားရောက်မေးမြန်းကြရာတွင် မြန်မာတို့က ဦးဆံဖြေပြသဖြင့် သျှောင်ကို တွေ့ကြသောအခါမှ ယုံကြည်ကာ ဝမ်းသာအားရ ဖြစ်ကြရသည်။ မင်းလှစည်သူတို့ လှေ ၃၆ စင်းလည်း ထိုအခါမှ မြို့တွင်းသို့ ဝင်ရ၏ ။
ရတနာသိင်္ဃ တပ်တော်များ တောင်ငူကြောင်းနှင့် ပြည်ကြောင်း စစ်နှစ်ကြောင်း ခွဲလျက် ရေအား ကြည်းအား အလုံးအရင်းနှင့် လိုက်ချီလာပြီး ပြည်မြို့မြောက်ဘက်၌ တပ်ချလာသည်။ မွန်တို့ ထွက်မတိုက်ဝံ့။ ရံတပ်များကိုသာ လုံခြုံအောင် ဆူးငြောင့်ခလုတ် ထပ်စိုက် ပြင်ဆင်နေကြသည်။ မြန်မာတပ်များ တိုက်ကြသော်လည်း မရဘဲ အသေအပျောက် များသဖြင့် တန့်နေကြသည်။
မွန်တို့အား မနိုင်သဖြင့် အလောင်းမင်းတရားကိုယ်တော်တိုင် ပြထက် တက်၍ ကြည့်တော်မူမည်၊ ရွပ်ရွပ်ချွံချွံ လုပ်ကြံကြ ဟူသော အမိန့်ကို တပ်တိုင်း လိုက်ပြန်သည်၌ ငသူရိန် စောင့်နေသော အခွင့်အရေးသည် ပေါ်ပေါက်လာခဲ့ပြီ။ အလောင်းမင်းတရားအနီး၌ သူတို့ တပ်မှူး မင်းထင်နော်ရထာကိုလည်း တွေ့ရ၏ ။ ထိုပွဲတွင် ငသူရိန် မြင်းစီး ကစားလျက် အစွမ်းပြသည်ကို မင်းတရား မြင်တော်မူသည်။
သို့သော် မွန်တို့ကိုမူ မရခဲ့။ ပြောင်းသေနတ်အမြောက် ထူထပ်လှသောကြောင့် မကပ်နိုင်ရှိလျင် ရဲမက်တော်တို့ နာရှခြင်း နည်းစေရန် ကြံစည်တော်မူသင့်ကြောင်း မင်းထင်နော်ရထာ လျှောက်သည်၌ ခြင်းကြားကြီးများ ရက်စေ၍ ကောက်ရိုးအပြည့်ထည့် လှိမ့်ကာ နောက်မှ ကွယ်လိုက်ကြရာတွင်မှ အထိအပါးနည်း၍ တပ်ကို ကပ်နိုင်သဖြင့် မွန်တို့ ပျက်ကြရသည်။ ငသူရိန်လည်း ပွဲရ၏ ။
ထို့နောက် ပြည်ကို ရံသော တပ်ကြီးကို လုပ်ကြံကြသည်။ ခဲခက်စွာ တိုက်ခိုက်ပြီးမှ အောင်မြင်၏ ။ ပြည်ကို ရလျင် ကူထွတ်လွန်ဆေး မြို့ကို ချီ၍ မြန်အောင်ဟု သမုတ်တော်မူသည်။ ငသူရိန်လည်း တုရင်ဒေဝ အမည်မှ သူရိန်စက္က ဟူ၍ ဖြစ်လာခဲ့သည်။ လက်ျာဘီလူးက သူ့တပ်သားကျော် ဘွဲ့မည်ရသည်ကို အလွန်အားရ ကျေနပ်စွာ ပခုံးကို ဆုပ်ကိုင်ဖျစ်ညှစ်လျက် ချီးကျူးနေလေသည်။
ညီငယ်ရင်းချာကဲ့သို့၊ ရောင်းရင်းဖက်တစ်ဦးကဲ့သို့ စိုက်ကြည့်ဝမ်းသာ အားပေးနေသည်ကို ငသူရိန်ကလည်း လေးစားချစ်ခင်စွာ ပြန်ကြည့်ရင်း ပြုံးရယ်နေမိသည်။ ငကံတို့ ငမျှင်တို့ အကြပ် တပ်သားများ အားလုံးလည်း မြူးထူးပျော်ရွှင်နေကြကုန်၏ ။
(ဆက်ရန်...) သူရိယ ဒေဝ (၇)
Written by သင်္ခရာဇာ
End date: October 8, 2021
No comments:
Post a Comment