Translate

Showing posts with label နရဏီ. Show all posts
Showing posts with label နရဏီ. Show all posts

နရဏီ (ဇာတ်သိမ်း)

နေ့ခင်း၌ မြန်မာတပ်များ ဆက်လက် ထွက်ခွာသွားကြသည်။ အပြန်တွင် သစ္စာတော် ပေးမည်၊ ပြင်ဆင်ထားပါဟု မိုင်းပင်းစော်ဘွားအား မှာကြားခဲ့၏ ။ သူတို့ ထွက်သွားပြီးနောက် မိုင်းပင်းတွင် သားချော့တေးလိုလို တဘောင်တစ်ခု ပေါ်လာသည်။

ဖူးဝင့်လန်းစွာ၊ မြင်တိုင်းပါသည့်
နရဏီရွှေပန်း၊ မျက်တင့်ဆန်းကို
လှမ်းလင့်ပါလား၊ အရှင့်သား။
ရတနာသိင်္ဃ နန်းတွင်း၌ အမှုတော်ထမ်းဖူးသည့် ရှမ်းတစ်ယောက်လည်း ရောက်လာသဖြင့် စော်ဘွားကြီးက ခေါ်မေးသည်။ မဟာသေနာပတိက စာတစ်စောင် ပေးခိုင်း၍ လက်ျာဘီလူးထံ လိုက်ပေးရမည်ဟု သိရလေသည်။ နရဏီက
"မောင်မင်း နန်းတွင်းမှာ အမှုထမ်းဖူးတယ် ဆိုတော့ လက်ျာဘီလူးကို သိမှာပေါ့"
"သိပါတယ် အရှင်မဘုရား၊ မကြာခဏ မြင်ဖူးပါတယ်"
"သူက မြန်မာဘုရင်ထံမှာ ဘာရာထူးလဲ၊ တပ်ပေါင်းဗိုလ်ကြီးလား၊ အတော် နေရာရသလား"
"တပ်ပေါင်းဗိုလ် မဟုတ်ပါဘူး၊ အရှေ့ဝင်းတော်မှူးပါ"
"အလို.."
"အရှေ့ဝင်းတော်မှူး ဆိုတော့ ဘုရင့်အနားကပေါ့။ ဟုတ်လား။ စစ်ထွက်တော့ရော ဘယ်အဆင့်လောက် ရှိလဲ"
"စစ်ထွက်ရင်တော့ မသိပါဘူး အရှင်မ၊ ဗိုလ်ချုပ်အဆင့်လောက် ဖြစ်ပါလိမ့်မယ်။ ဗိုလ်မှူး မင်းထင်နော်ရထာ လို့ သိရပါတယ်"
စော်ဘွားက မေးလာပြန်၏ ။
"အဲဒီ မင်းထင်နော်ရထာက အလွန် ရက်စက် ကြမ်းတမ်းတယ်လို့ ကြားရတယ်။ နေပြည်တော်မှာရော တယ်ကြမ်းသလားကွဲ့"
"ကျွန်တော်မျိုးတော့ ရေမြေ့ရှင်ရှေ့တော်မှောက်မှာ ရပ်နေတာနဲ့ တခြားအချိန်တွေမှာ ကလေးနဲ့ ဆော့ကစားနေတာပဲ မြင်ဖူးပါတယ် အရှင်"
သူတို့ တစ်ဦးမျက်နှာ တစ်ဦး ကြည့်မိကြသည်။
"မင်း လာရာ လမ်းတစ်လျှောက် တို့မြို့ရွာတွေ ဖျက်ဆီးခံထားရတာ၊ မီးရှို့ခံထားရတာ မြင်ခဲ့လား"
"မမြင်ပါဘူး၊ သာယာစွာ လုပ်ကိုင် စားသောက်နေတာပဲ မြင်ခဲ့ပါတယ်"
"တို့များ ကြားထားတာက ပုန်ကန်ချင်တဲ့ ရွာတွေကို မီးတိုက်ခဲ့သတဲ့ ကွဲ့"
အထောက်တော်က မင်းသမီးကို တစ်ချက်မော့ကြည့်ပြီး
"ဘယ်သူက တိုက်တာလဲ အရှင်မ၊ မင်းထင်နော်ရထာတော့ မဖြစ်နိုင်ဘူး"
"သူတို့ တပ်များကပေါ့ကွယ်၊ သူ မတိုက်လည်း သူ့လူတွေ တိုက်ခဲ့မှာပေါ့"
"ဒါဆို ပိုပြီး မဖြစ်နိုင်ပါဘူး။ သူ မတိုက်ရင် သူ့လူတွေက ဘာကြောင့် တိုက်ရမှာလဲ"
နရဏီ ပြောစရာစကားမရှိ ဖြစ်သွား၏ ။ စော်ဘွားကြီးက ပြုံးလိုက်ပြီး
"ငါတို့ အဲသည်လို ကြားမိလို့ပါ မောင်ရယ်။ မဟုတ်ရင်လည်း ကောင်းတာပါပဲ။ အချို့ စော်ဘွားများကတော့ သစ္စာမခံလိုဟန် ရှိကြတယ်"
"မခံဘဲ မနေနိုင်ပါဘူး ဘုရား၊ အခု လာတဲ့ သူတွေက တောကြိုအုံကြား ပြေးပုန်းလည်း လိုက်ဖမ်းပြီး သစ္စာပေးကြမယ့် လူတွေပါ"
"မင့်ဟာက သေချာလှချည်လား"
"ယခု လာတဲ့ နှစ်တပ်ဟာ မြန်မာတပ် ဟူသမျှမှာ အကြံအစည် အများဆုံး၊ ပရိယာယ်ဗျူဟာ အကောင်းဆုံး နှစ်တပ်သား ဖြစ်ပါတယ်။ မြန်မာတပ်မှာ မဟာသေနာပတိသာ အခရာဖြစ်တယ်လို့ တင်စားခံရပြီး မင်းထင်နော်ရထာ ဆိုရင်လည်း လှည့်ကြည့်စရာမလိုအောင် စိတ်ချရသူ ဖြစ်ပါတယ်။ သည်နှစ်ဦးရဲ့ အလုပ်အကြံကို တရုတ်ဧကရာဇ်ပင် ခံနိုင်မည်မဟုတ်ပါဘုရား"
"အိမ်း.. အိမ်း၊ တို့လည်း သူ့ ကြံရည်ဖန်ရည်နဲ့ လက်ရုံး နှလုံးဝမ်းကို မြင်သင့်သလောက် မြင်ခဲ့ပြီးပါပြီ။ သူ့အထက်က မဟာသေနာပတိ ဆိုရင် ဘယ်လောက်များ ထက်မြက်လိုက်မလဲ။ သို့ပေမယ့် တို့ရှမ်းရိုးရာ ဓားရေးလှံရေးနဲ့ မြင်းရေးကို ဘယ်သူတူနိုင်မှာလဲ မောင်"
"သူတို့က ဓားရေးထက် နှလုံးရေး သွက်ကြသူတွေပါဘုရား။ မြင်းစီးမှာလည်း ရှမ်းကိုမီတာ ကသည်းသာ ရှိမည် ဆိုပေမယ့် မြင်းသမားတွေကို ဒုက္ခအပေးဆုံးက မဟာသေနာပတိရဲ့ သေနတ်ဝန်တပ်တွေနဲ့ မင်းထင်နော်ရထာတို့ တင်ကျည်းတပ်တွေပါပဲ။ သူတို့ကို မွန်တစ်သိန်းလည်း တိုးလို့ မပေါက် တိုက်လို့မကြေ ဖြစ်နေကြပါတယ်။ ကုန်းဘောင်တပ်တွေမှာ လက်ရုံးအကောင်းဆုံး သားတော်မြေဒူးမင်းတပ်နဲ့ မုဆိုးခြုံတပ် ဆိုတာလည်း ရှိပါသေးတယ်။ သူတို့ကို မခုခံတာ အကောင်းဆုံးပါ"
"မင်းကတော့ ကိုယ့်အမျိုးထက် မြန်မာတပ်ကို ညွှန်းနေပြီ။ ဗမာဆန်က ပိုစေးလို့လား စစ်သား"
"မဟုတ်ပါ၊ ကျွန်တော်မျိုး ရိုးရာကို သစ္စာမဖောက်ပါ။ သူတို့၏ လက်ရုံးရည် နှလုံးရည်ကို မြင်၍ အမှုတော် ထမ်းခြင်းသာ ဖြစ်ပါတယ် အရှင်မ"
"ခု ဘာကြောင့် သေနတ်ဝန်က လက်ျာဘီလူးကို စာပို့တာလဲ"
"မသိရပါ၊ ချိတ်ပိတ် စာပုလွေ ဖြစ်ပါ၍.."
"ကောင်းပြီ၊ လက်ျာဘီလူးအကြောင်း မင်းသိသမျှ တင်စမ်း။ သူ့အကြောင်းဟာ ပြောင်းပြန်တွေချည်းပဲ၊ တို့ ကြားထားတာနဲ့ အလွန်လွဲနေလို့"
"ကျွန်တော်မျိုး သိသလောက်ကတော့ မင်းတရားကြီးက အထူးယုံကြည် အားထားတော်မူလေ့ ရှိတယ်။ သားတော်များထက် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံတတ်တယ်။ သူက စိတ်နှလုံး သိမ်မွေ့ပြီး သဘောကောင်းပုံ ရပါတယ်။ တစ်ခါတလေတော့ ပြတ်ပြတ်သားသား လုပ်တတ်တယ်။ နန်းတွင်းမှာ လူချစ်လူခင်များတာ သူနဲ့ အနောက်ဝင်းမှူးပါ။ သူ့အစွမ်းကိုတော့ မျက်ဝါးထင်ထင် မမြင်ဖူးပါဘူး။ လူပြောများတာနဲ့ မင်းချစ်တာလောက်ပဲ သိပါတယ်"
"ကြည့်ရတာ မင်းဆွေမင်းမျိုးများ တော်သလား"
"မုဆိုးဖိုက မဟုတ်ဘူး၊ တကောင်းနယ်ကလို့ ပြောသံကြားပါတယ်။ အမျိုး မတော်ပေမယ့် ရှင်မိဖုရားခေါင်ကြီးက သူ့ကို သား လို့ ခေါ်တတ်တာတော့ ကြားဖူးပါတယ်ဘုရား"
စော်ဘွားကြီးနှင့် နရဏီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြပြန်သည်။ လက်စသတ်တော့ ထိုလူရွယ်က အလွန် အရေးပါ အရာရောက်သူ တစ်ဦးပါလား။ မြင်စက မထင်ရသည်ကို အစွမ်းပြလျက် သူတို့ လက်ခံစေခဲ့ပြီး ဖြစ်ရာ ယခု အရှေ့ဝင်းတော်မှူး မင်းထင်နော်ရထာ၊ မိဖုရားခေါင်ကြီးက သား ဟု ခေါ်သည်ကို သိရသောအခါ...။
"ငါ့သမီး သည်ရဲမက်နဲ့ ကျိုင်းတုံကို လိုက်သွားပြီး သည်စာကို ကိုယ်တိုင် သွားပေးသင့်တယ်ကွဲ့"
xxxxxxxxxxxxxxxxxxxxxxxxxxx
"ခုတစ်လော တဘောင်တစ်ခု ပေါ်နေတာ ငါ့မောင် ကြားရဲ့လား"
"မကြားမိဘူး အစ်မတော်"
မြန်မာတပ်များ ကျိုင်းတုံ မရောက်မီ တစ်စခန်းတွင် နရဏီတို့ မီလာ၍ လက်ျာဘီလူးနှင့် တွေ့ပြီး ညဘက် ဝိုင်းဖွဲ့ စားသောက်နေစဉ် နရဏီက မေးလိုက်ခြင်း ဖြစ်သည်။ တဘောင်မှာ မိုင်းပင်းတွင်သာ သီဆိုနေကြသည်ဖြစ်ရာ တောတောင် ကျေးရွာများကို ဖြတ်သန်းလာသည့် ကုန်းဘောင်တပ်များ ကြားမည်မဟုတ်။ နရဏီက ရွတ်ပြလိုက်သည်။ လက်ျာဘီလူးက မျက်မှောင်ကြုံ့လျက်
"မနေ့က နံနက် မြစ်တစ်ဖက်မှာ တံငါမယား တေးဆိုသံကိုတော့ ကြားမိတယ်။ အနောက်မှလာ၊ ရွှေနေကြာ၊ နေမင်းပြည်ရွာ ပွင့်လိမ့်မည် တဲ့။ သည်နှစ်ခု ဆက်လိုက်တော့ အကျွန် ထင်တာက..."
"အင်း.. ဆိုပါဦး"
"နရဏီရွှေပန်း ဆိုတာတော့ တိုက်ရိုက် အစ်မတော်ကို ဆိုလိုတာပဲ။ သည်အတိုင်းဆို ရွှေနေကြာ ဟာလည်း အစ်မတော်ပဲ ဖြစ်မယ်။ တံငါတေးအရ တဘောင်ထဲက အရှင့်သား ဆိုတာ အစ်မတော် မြန်မာမင်း ပြည်ရွာကို ပါမယ် မထင်ဘူး၊ အနောက်မှ လာ.. အခု ကျွန်တော်တို့ရဲ့ အနောက်အရပ်ကနေ အစ်မတော် လိုက်လာတာနော်၊ နေမင်းပြည်ရွာ.. နေကြာပန်း ဦးလှည့်ရာ အရှေ့အရပ်မှာ အခြေကျမယ်၊ ဘုန်းတန်ခိုး တောက်ထွန်း ထင်ရှားမယ်လို့ ယူဆရတာပဲ"
"ဟုတ်မလား၊ မသိတော့ဘူး။ မြန်မာပြည်ကိုတော့ မလိုက်ချင်တာ အမှန်ပါပဲ။ မြန်မာမင်းသားတွေနဲ့လည်း လက်မဆက်လိုဘူး။ သို့ပေမယ့် အရှေ့ ကျိုင်းတုံမှာ အသိအကျွမ်းလည်း တစ်ဦးတစ်ယောက်မှ မရှိပါလား"
"ကံဆိုတာ သူ့ဘာသာ ဖန်လာမှာပါဗျာ၊ ထိုင်စောင့်နေစရာလည်း မလိုပါဘူး။ ရောက်လာတာကို ရင်ဆိုင် ဖြေရှင်းရမှာပဲ"
"မောင်ငယ်မှာရော ရည်မှန်းထားသူများ ရှိသလား"
"စစ်အတွင်းမှာ သေမယ်လို့ ဆုံးဖြတ်ထားသူအဖို့ မည်သူ့ကိုမှ မုဆိုးမ မဖြစ်စေလိုတော့ပါဘူးဗျာ"
ထိုစဉ် အနောက်တပ်ဆီမှ ရုတ်ရုတ်သဲသဲ အသံများ ကြားရသည်။ လက်ျာဘီလူး ထထွက်သွားသဖြင့် နရဏီလည်း စားသောက်ခြင်းကို လက်စသတ်ကာ လိုက်သွား၏ ။ လူတစ်ဦးကို ဖမ်းမိထားခြင်း ဖြစ်သည်။ ထိုသူမှာ ဖုန်၊ သဲများ ပေကျံလျက် ဦးခေါင်းကို ဖိထားခြင်း ခံရသဖြင့် လက်ျာဘီလူးက ဆွဲမော့စေလိုက်၏ ။
"ဟင်... စဝ်ခွန်ဖ ပါလား"
"သည်လူ ဟိုးတောင်ကုန်းပေါ်ကနေ ဝပ်ပြီး တပ်မှူးတို့ကို ချောင်းနေလို့ တက်ဖမ်းရာမှာ ခုခံထွက်ပြေးတာကြောင့် ဝိုင်းဖမ်းလာရကြောင်းပါ"
"အဲဒါ မိုင်းပင်းစော်ဘွားရဲ့ လူပဲ၊ ဘာလို့ သည်လို လုပ်တာလဲ။ တပ်တွင်း ဝင်ချင်ရင် ပြောပြီး ဝင်လာလို့ ရတာပဲ"
"သူ့မှာ အကြောင်းရှိပါလိမ့်မယ်။ အစ်မတော် မေးပါရစေဦး"
နရဏီ ခွင့်တောင်းသဖြင့် စဝ်ခွန်ဖအား လွှတ်ပေးလိုက်ပြီး နရဏီနှင့် သီးခြားတွေ့ဆုံ မေးမြန်းစေသော်လည်း ဘာမှ မေးမရ။ နှုတ်ပိတ် မျက်နှာလွှဲနေရာ နရဏီလည်း မတတ်သာဘဲ စဝ်ခွန်ဖကို ဘီလူးတပ်သို့ ပြန်အပ်လိုက်ရသည်။
နောက်တစ်နေ့ ကျိုင်းတုံသို့ ဆက်လက်ထွက်ခွာကြရာ၌ စဝ်ခွန်ဖအား ကြိုးဖြေပေးလျက် အသာတကြည် လိုက်လာစေသည်။ ပြန်တော့ လွှတ်မပေး။ မယုံရသူ ဖြစ်သဖြင့် အစောင့်အကြပ်နှင့် ထားလေသည်။ နရဏီ အမျိုးမျိုး ချော့မေးသော်လည်း မရ။ စဝ်ခွန်ဖ မည်သည့်အတွက် လိုက်လာသည်၊ မည်သို့သော အကြောင်းကြောင့် ချောင်းမြောင်းနေရသည်ကို လက်ျာဘီလူးကတော့ သိသလို ရှိနေ၏ ။
ကျိုင်းတုံရောက်သောအခါ စော်ဘွား၏ သားနှစ်ဦးမှာ အညံ့မခံလို၍ လူသူဆင်မြင်းနှင့် ချောက်ကမ်းကြီးရာ တိမ်းရှောင်သွားသည်ဟု သိရသည်။ မြန်မာတပ်များ ကျိုင်းတုံ၌ တပ်မချဘဲ ချက်ချင်း လိုက်ရာ သားအငယ်ကို အရှင် ဖမ်းဆီး ရမိသည်။ အကြီးနှင့်မူ တိုက်ပွဲကြီးစွာ ဖြစ်ပွားပြီးမှ ဆင်ထက် ကျည်သင့်သဖြင့် ဆုံးရချေ၏ ။
စော်ဘွား၏ သားငယ်သည် အစ်ကိုကြီး ကျဆုံးကြောင်း သိလျင် ဖခင်ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် သတ်သေသွားပြန်သည်။ စော်ဘွားကြီးမှာ ပူဆွေး ဝမ်းနည်းလှ၏ ။ မြန်မာကို သစ္စာခံရမည့်အပြင် သားနှစ်ဦးပါ ဆုံးရှုံးရသည့်အတွက် မဖြေနိုင်ဖြစ်လျက် အိပ်ရာထဲမှ မထတော့။ မြန်မာတပ်များနှင့် နရဏီတို့က ပြန်၍ အားပေးနေရသည်။
ထိုအချိန်တွင် စဝ်ခွန်ဖ က ကျိုင်းတုံစော်ဘွားအား တွေ့ခွင့်တောင်းလာ၏ ။ မိမိမှာ စော်ဘွား၏ မထင်ရှားသော သားဖြစ်ကြောင်း၊ မိမိကို မြင်ပါက စော်ဘွားကြီး အားတက်လိမ့်မည်ဖြစ်ကြောင်း ပြောလာသောကြောင့် လက်ျာဘီလူးက တွေ့ခွင့်ပြုလိုက်လေသည်။
စဝ်ခွန်ဖကို မြင်လျင် စော်ဘွားကြီး ပြစ်တင်မောင်းမဲ၏ ။ ဆိုးသော၊ မိုက်သော၊ မနာခံတတ်သော သားမိုက်အား စွန့်ပစ်လိုက်ပြီဖြစ်ကြောင်း ဆိုနေသဖြင့် လက်ျာဘီလူးကပင် ဖျောင်းဖျ ပြောဆိုရလေသည်။ စော်ဘွားကြီးမှာ ဆက်ခံသူ မရှိတော့သည်ဖြစ်ရာ မြန်မာတပ်မှူး၏ အစီအမံကို မပယ်ရှားနိုင်ဘဲ ဆိုးသွမ်းသည့်သားအား ပြန်လည် လက်ခံခဲ့ရ၏ ။ သားတစ်ဦး ပြန်ရောက်လာ၍ ထူထူထောင်ထောင် ဖြစ်လာသည်ကတော့ အမှန်။
ထို့နောက် လက်ျာဘီလူးက စဝ်ခွန်ဖကို နှစ်ဦးချင်း ခေါ်၍ မေးလေသည်။
"အစ်ကို အဘယ်မျှ ဆိုးခဲ့၍ အစ်ကို့ခမည်းတော် အမျက်မပြေ ဖြစ်ခဲ့ရပါသလဲ"
"ကျုပ် ထူးထူးခြားခြား ဆိုးတာ မရှိပါဘူး။ အနည်းအပါး သောက်စားတတ်တာနဲ့ နေချင်သလို နေတာပဲ ရှိတာပါ။ ဒါကလည်း ကျုပ်က အရေးစိုက်ခံရတဲ့ သားမဟုတ်တော့ အပြင်မှာ နေရတာကြောင့်ပဲ"
"ဒါပေမယ့် စော်ဘွားကြီး အတွက်တော့ သူ့သားတစ်ယောက်ဟာ သောက်စားနေပြီး သူ့သားနှင့်မတူ၊ သူ့ကို အရှက်ရစေတယ်လို့ ယူဆပေလိမ့်မယ်"
"အမှန်ပါပဲ"
"ဘာကြောင့် ကျိုင်းတုံက စွန့်ခွာခဲ့သလဲ"
စဝ်ခွန်ဖက မပြောချင် ပြောချင်၊ တုံ့ဆိုင်းစွာနှင့်
"နရဏီကြောင့်ပဲ"
"ထင်သားပဲ၊ ပြောပါဦး။ အစ်ကိုတို့ ဇာတ်လမ်းကို"
"ကျုပ် သူ့ကို ဘုန်းကြီးကျောင်းတစ်ခုမှာ စတွေ့ခဲ့တယ်။ စုံစမ်းကြည့်တော့ မိုင်းပင်းစော်ဘွား သမီးတော် ဖြစ်နေတယ်။ မြတ်နိုးလှပေမယ့် အဖကို တောင်းရမ်းခိုင်းရင် ကျုပ်အတွက် မဖြစ်ဘဲ အစ်ကိုကြီးအတွက် ဖြစ်သွားမှာလည်း သိနေတယ်။ ခုတောင် သူ့မှာ မိန်းမ ၃ ယောက် ဖြစ်နေပြီ။ ပြီးရင် သူပဲ စော်ဘွားဖြစ်မယ်"
"ဒါနဲ့ ထွက်လာရောလား"
"ဒါကြောင့် ထွက်တာ မဟုတ်ပါဘူး။ အစ်ကိုလတ်နဲ့ အချင်းများပြီး ပြေးလာတာပါ။ ပြန်ရင် အစ်ကိုလတ်က ကျုပ်ကို ကွပ်ချင် ကွပ်မှာ။ ဒါနဲ့ ရနောင်းက လာတယ် ပြောပြီး သူရှိရာ မိုင်းပင်းမှာ အမှုထမ်းရင်း ဝင်နေတယ်"
"ဒီတော့ အစ်မတော် နရဏီနဲ့ နီးစပ်ရောလား"
"မနီးစပ်ပါဘူး။ နရဏီက ထက်လွန်းတယ်။ သူ့ကိုယ်သူ လက်ရုံးရော နှလုံးပါ ပြည့်စုံတယ်လို့ ထင်ပြီး မာနထောင်လွှားနေတော့ ကျုပ်လည်း သူ့အနား မကပ်ခဲ့ဘူး။ အဝေးကနေပဲ ကြည့်နေခဲ့တာ"
"တခြားသူ ဦးသွားမှာ မစိုးရိမ်ဘူးလား၊ ဥပမာ ကျွန်တော်"
"စိုးရိမ်မိပါတယ်။ အမှန်အတိုင်း ပြောတာပါ။ နရဏီကို ကျုပ် မရနိုင်ပေမယ့် သူတစ်ပါး လက်ထဲ ရောက်သွားမှာကိုလည်း ကြောက်လှလို့ ညတိုင်း အိပ်မက်ဆိုးတွေ မက်တဲ့အထိ ဖြစ်ခဲ့ရတယ်"
"အခုရော ကြောက်သေးလားဗျာ"
"အခုတော့.. ကြောက်တော့ ကြောက်ပေမယ့်.."
"အင်း"
"ငါ့ညီကိုတော့ မယှဉ်နိုင်ပါဘူး။ ငါ့ညီ ရောက်လာမယ် ဆိုကတည်းက သတင်းတွေကို စုံစမ်းပြီး စိုးရိမ်ခဲ့ရတာ။ မယုံမကြည် ဖြစ်အောင် သတင်းလွှင့်၊ စော်ဘွားကြီးကိုလည်း သွေးထိုးခဲ့မိတယ်။ တကယ်တမ်း ငါ့ညီရဲ့ နှလုံးကို မြင်ရတဲ့အခါ နရဏီ နဲ့ ထိုက်တန်သူပါလား လို့ သဘောပေါက်လာခဲ့ပါတယ်"
လက်ျာဘီလူးက ပြုံးလိုက်သည်။
"သည်လိုဆိုတော့ အစ်ကိုက နရဏီနဲ့ မထိုက်တန်ဘူး ဆိုတဲ့ သဘောပေါ့"
စဝ်ခွန်ဖ သူ့ကို အတန်ကြာ ငေးကြည့်နေသည်။
"မထိုက်တန်ဘူး... လို့ပဲ၊ ဆိုရမှာပါ။ သူက သိပ်ပြီး"
"လက်ရုံးရော နှလုံးပါ ကောင်းတယ်မဟုတ်လား"
"ဟုတ်တယ်"
"အစ်ကိုနဲ့ လက်ရုံးချင်း မကွာဘူး မဟုတ်လား"
"အင်း.. ကျုပ်ကိုတော့ သူ မနိုင်နိုင်ပါဘူး"
"နှလုံးရည် ဗဟုသုတမှာ သူက များတယ်ပေါ့"
"ဟုတ်တယ်"
"အစ်ကိုက ဘာဖြစ်နေလို့တုန်း"
"ဟင်"
"သူ့ထက် အစစ နိမ့်ကျနေတာလား။ မိန်းမသားတစ်ယောက်ထက် ယောက်ျားမပီမသစိတ် ရှိသလား"
"မရှိပါဘူး.. ဒါပေမယ့် ကျုပ်က မထင်မရှား.."
"ယောက်ျားကောင်းရင် မိန်းမမြတ်တာထက် သာရမယ် မဟုတ်ဘူးလား"
".........."
"အစ်ကို အရင်က ဆိုးခဲ့တယ်၊ မိုင်းပင်းရောက်တော့ ထူးချွန်လို့ ဒါမှမဟုတ် အားကိုးရလို့ပဲ စော်ဘွားကြီးအနား ရောက်လာတာ မဟုတ်လား"
"အဲဒါက ကျုပ်ရဲ့ အစွမ်းအစကို နှစ်သက်လို့ ကိုယ်ရံတော် ခန့်ပြီး ယုံကြည်စိတ်ရချသူ အဖြစ်နဲ့ အနားမှာ ထားတာပဲ"
"ယုံကြည်စိတ်ချရသူ၊ စော်ဘွားရဲ့ ကျေးကျွန်တွေကို အနိုင်အထက် နှိပ်စက် ညှင်းပန်းခဲ့တာ လုပ်ဖူးလား"
"မလုပ်ဖူးဘူး ထင်တယ်"
"တရားနဲ့အညီ ကျင့်သလား"
"သူတို့အပေါ်မှာလား"
"အားလုံးအပေါ်မှာ"
"ကျုပ်.. မပြောတတ်ဘူး"
"အရင်က မကျင့်မိဘူးပဲထား။ အခု ကျိုင်းတုံ စော်ဘွားရဲ့ အမွေဆက်ခံသူ ဖြစ်နေပြီ။ နယ်သူနယ်သား အားလုံးအပေါ် အစ်ကို့ဖခင်ထက် ပိုပြီး ကောင်းအောင် မနေနိုင်ဘူးလား"
"အဲ.. အဲဒါက.."
"မိုင်းပင်းစော်ဘွား ယုံသလို ကိုယ့် ဖခင်အရင်းက ယုံကြည်လာအောင်ရော နေမပြချင်ဘူးလား"
"နေချင်တာပေါ့ဗျာ"
"တကယ်တော့ ကျွန်တော်က နေပြစေချင်တာ မဟုတ်ဘူး။ နေကို နေရတော့မယ် လို့ ဆိုလိုတာ"
"ကျုပ် နားမလည်ဘူး။ ဘာလို့ နေကို နေရမှာလဲ"
"ကျွန်တော့်အမိန့်ကြောင့်ပဲ အစ်ကို။ မနက်ဖြန်မှာ အစ်ကို့ကို အမိန့်တော်မှတ်ပါမယ်။ အစ်ကိုဟာ ကျွန်တော် အမိန့်ချတဲ့အတိုင်း နေခဲ့ရလိမ့်မယ်"
စဝ်ခွန်ဖ နှုတ်ခမ်း တလှုပ်လှုပ်။ လက်ျာဘီလူးက ဆက်တိုက် ပြောချလိုက်သည်။
"အစ်ကို့ကို မကျန်းမာတဲ့ စော်ဘွားကြီးကိုယ်စား ကျိုင်းတုံနယ်ကို စောင့်ရှောက်ဖို့ အစောင့်ထားခဲ့ရလိမ့်မယ်။ သုရှင်က လိုလို့ ခေါ်ရင် ရတနာသိင်္ဃကို အရောက်လာရမယ်။ ကျိုင်းတုံနယ်တစ်ဝိုက်ရဲ့ ကိုယ်စား အစ်ကိုက လူသူလက်နက် စုစည်း ဦးဆောင်ပြီး အောက်ပြည်ကို လိုက်သင့် လိုက်ရလိမ့်မယ်"
"ဒါဆို.. ကျုပ်က"
"နေပါဦး.. ဆုံးအောင် နားထောင်ပါဦး။ အစ်ကို မဆိုးမသွမ်းတော့ဘဲ ဖခင်ကလည်း ကျေနပ်၊ နယ်သူနယ်သားတွေကလည်း လိုလားတယ် ဆိုရင် စော်ဘွားကြီး မရှိတော့ရင် ကျိုင်းတုံနယ်ဟာ အစ်ကို့အတွက်ပဲ။ ထောင်ထားခြားနားဖို့ ကြံတာပဲ ဖြစ်ဖြစ်၊ တရားပျက်တာပဲ ဖြစ်ဖြစ် အစ်ကို့လမ်းကို အစ်ကို ရွေးရမှာပါ"
စဝ်ခွန်ဖ မျက်ရည်များ ဝဲလာသည်။
"ကျေးဇူးတင်ပါတယ် ငါ့ညီ။ ကျုပ် လူဆိုးလူသွမ်းတစ်ယောက် မဟုတ်ပါဘူး။ ပေါ့ပေါ့နေပြီး သောက်စားခဲ့မိတာပါ။ မိုင်းပင်းမှာတော့ သူ့တာဝန် ဝတ္တရားတွေကို မလစ်ဟင်းစေခဲ့သလိုပဲ အခု ဒီမှာလည်း ကိုယ့်နယ်လို သဘောမထားဘဲ ငါ့ညီတို့ နယ်မြေကို စောင့်ရှောက်ရသလို သတိဝီရိယရှိရှိ ကောင်းမွန်စွာ ထားပါ့မယ် ငါ့ညီ"
"ဒါပေမယ့် အစ်ကို့မှာ အရည်အချင်း မပြည့်သေးပါဘူး"
စဝ်ခွန်ဖ မျက်လုံးပြူးသွားပြန်သည်။ သူ့အတွက် ထိတ်လန့်ရမည်လား၊ ဝမ်းသာရမည်လား၊ အံ့သြရမည်လား မသိသော အခိုက်အတံ့များစွာကို တစ်ချိန်တည်းမှာ စဉ်ဆက်မပြတ် ကြုံတွေ့နေရခြင်း ဖြစ်ရာ ထူပူ၍ နားမလည်နိုင်တော့။
"မနက်ဖြန် ကျိုင်းတုံ ကျိုင်းတောင်းနယ်များကို သစ္စာတော်ပေးမယ်။ ယုံကြည်ရသူတစ်ဦးကို အစောင့်အနေ ခန့်ခဲ့ဖို့လည်း အမိန့်စာ ရထားတာ ရှိတော့ ကျွန်တော့်လူထဲက မထားခဲ့တော့ဘဲ အစ်ကို့ကိုပဲ ထားခဲ့တော့မယ်။ သို့ပေမယ့် အုပ်ချုပ်ရေးမှာ အစ်ကိုတစ်ယောက်တည်း မဖြစ်တာကြောင့် သည်ဘက်မှာ ကျွမ်းကျင်တဲ့ အစ်မတော် နရဏီကို ခေတ္တ ထားခဲ့ရလိမ့်မယ်။ အစ်မတော်ကိုတော့ ကျွန်တော်ပဲ ရှင်းပြလိုက်ပါမယ်။ အစ်ကိုကသာ အစ်မတော်ရဲ့ ယုံကြည်မှု ရဖို့ ကြိုးစားပါ"
စဝ်ခွန်ဖသည် သူ့အား ပြူးကျယ်သော မျက်လုံးများ တလက်လက်ဖြင့် ကြည့်နေသည်။
"ယုံကြည်ဖို့ ဆိုတာ ကျေးကျွန်တစ်ယောက်လို၊ အစောင့်အနေ တစ်ဦးလို၊ ဒါမှမဟုတ် စော်ဘွားလောင်းလျာတစ်ဦးအဖြစ် ယုံကြည်ဖို့ ကြိုးစားခိုင်းတာ မဟုတ်ဘူး။ အစ်ကိုဟာ ယောက်ျာကောင်းတစ်ယောက်၊ ဘယ်အချိန် ဘယ်အခြေအနေမှာ ဖြစ်ဖြစ် ယောက်ျားပီသနေသူ တစ်ယောက်အဖြစ် လူတိုင်းက စွဲမြဲ ယုံကြည်အောင် ကြိုးစားစေချင်တာ၊ ဘယ်သူမှ မယုံရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ ယုံနေရမယ်"
စဝ်ခွန်ဖသည် ဒူးများ ခွေညွှတ်လျက် လက်ျာဘီလူး၏ ပခုံးအား ပုတ်လိုက်သည်။ စကားသံတော့ ထွက်မလာနိုင်သေး။ မည်သို့ ပြောရမည်မသိ ဖြစ်နေပုံ ရ၏ ။ လက်ျာဘီလူးက နားလည်စွာ အားပါးတရ ပြုံးပြပြီး ထွက်လာခဲ့လိုက်၏ ။
*ပြီးပါပြီ*

Written by သင်္ခရာဇာ

End date: July 28, 2021

နရဏီ (၃)

လက်ျာဘီလူး ထွက်လာတော့ ရောင်နီကျင်းစ၊ ကညင်ဆီမီးတိုင်များ၊ အလှည့်ကျ အစောင့်ရဲမက်များ ဟိုတစ်စ သည်တစ်စ တွေ့နေရသေးသည်။ ကွင်းထဲမှာတော့ လှုပ်လှုပ် ရွရွ ပြင်ဆင်နေကြသည်ကို နှင်းမြူ ဖြူဖြူများကြားထဲ မြင်နေရ၏ ။ အချို့လည်း မီးတုတ်များကို မငြှိမ်းသေးဘဲ အလင်းပြလျက် ရှိသေးသည်။

သူ့ ရဲမက်များမှာ ယနေ့မနက် ရှမ်းအချို့နှင့် ပွဲကစားကြမည်ကို မသိသေး၍ အေးအေးလူလူ အနားယူ အိပ်စက်နေကြတုန်း။ အစောင့်ကျန်သူများလည်း အဘယ့်ကြောင့် ရှမ်းတို့ ပြင်ဆင်နေကြသည်ကို မသိ၊ ကြည့်နေကြသည်။ သူပြင်ဆင်ပြီး၍ ထွက်လာမှသာ သူ့အသွင်အပြင်ကို ကြည့်ကာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
သူက စစ်ပွဲဝင်နေကျ ဟန်အတိုင်း သာမန် အနက်ရောင် အဝတ်တန်ဆာများ ပေါ့ပါးချပ်ရပ်စွာ ဝတ်ဆင်ထားပြီး သျှောင်ကို စည်းကာ ကွင်းဘက် ထွက်သွားသဖြင့် သူ တိုက်တော့မည်မှန်း သိကြသည့် ရဲမက်များက သူတို့ တပ်သားများကို အပြေးအလွှား သွားနှိုးကြ၏ ။ အချို့က အိပ်မှုံစုံဝါး လိုက်လာသလို အချို့ကမူ ဝုန်းခနဲ ထ၍ ဓားပြေးဆွဲကာ ကမူးရှူးထိုး ခုန်ထွက်လာကြသည်။
နရဏီက မြင်းသည်တစ်အုပ် နောက်ဝယ် မြင်းဖြူကြီးနှင့် ရောက်နှင့်နေပြီး သူ့လူများကို ကွပ်ကဲနေသည်။ ရှမ်းများက ဓားလှံ ခက်ရင်းများဖြင့် သွေးပူလေ့ကျင့်ခန်း လုပ်နေကြရာ လက်ျာဘီလူးက ကွင်းတစ်ဖက်သို့ တိမ်ပျံကို ဆွဲသွားပြီး ဦးဆံဖြည်လိုက်သည်။ ဆံပင်ရိုင်းများ ပြေကျလျက် လေတွင် တစ်ချက်လွန့်လူးသွားခိုက် သူ့လက်ထဲမှ တင်ကျည်းတုတ်ရှည်ကလည်း စတင် လှုပ်ရှားလာ၏ ။
ရှမ်းတို့က ဆံပင်ဖားလျားနှင့် ဝါးတုတ်ရှည်တစ်ချောင်း ကိုင်ထားသည့် မြန်မာဗိုလ်မှူး လူငယ်ကို အဘယ့်ကြောင့် ထိုသို့ ရှိနေသည် မသိကြသော်လည်း မြန်မာတို့ကမူ သူတို့တပ်မှူး တိုက်ပွဲဝင်တော့မှာပါလား ဟု ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ လူရာကျော် အလုံးအရင်းနှင့် ဓားလှံသေနတ် တင်ကျည်းများ ကိုင်လျက် ရောက်လာကြသည်ကို ငကံက တားထားရ၏ ။ သို့သော် သူတို့က ရှမ်းများကို ဝိုင်းထားလိုက်ကြသည်။ ဟော်နန်းပေါ်မှ အခြွေအရံများနှင့်တကွ စော်ဘွားကြီး ပေါ်လာပြီး မျှော်ကြည့်နေသည်ကိုလည်း တွေ့ရ၏ ။
သင်းတို့ အဘယ်ကို ပြုကြသနည်း၊ မောက်မာရိုင်းပျသလား ဟူသော မေးခွန်းများကို ငကံမှ တပ်သားများ တစ်ဆင့်ပြီးတစ်ဆင့် ဖြေနေကြရသည်။ တပ်မှူး ဆုံးဖြတ်ချက်၊ မင်းတို့ အသာကြည့်နေ ဟု တုံ့ပြန်လိုက်သည်နှင့် တပ်သားများ ငြိမ်သွားကြသည်။ ရှမ်းများကမူ မြန်မာတပ်တို့ကို ထီမထင်ဟန်နှင့် ဓားရေးပြနေကြသည်။
ရှမ်းသူရဲတို့၌ နှုတ်ခမ်းမွေးစစ၊ ခေါင်းပေါင်းဖြူနှင့် ဥပဓိရုပ်ကောင်းသူ လူတစ်ဦးက မလှုပ်မယှက် သူ့အား ရပ်ကြည့်နေသည်ကို မြင်လျင် ဤသူသည် မင်းသမီးနှင့် ပတ်သက်သသူ ဖြစ်မည်ဟု လက်ျာဘီလူး တွေးထင်လိုက်မိ၏ ။ ထိုသူ၏ မျက်လုံးများက မနှစ်လိုခြင်း၊ ဒေါသအရိပ်အယောင်များ ယှက်သန်းနေလေသည်။
လက်ျာဘီလူးက အချမ်းပြေ တုတ်ကစားပြီးသည်နှင့် မြင်းပေါ် ညင်သာစွာ တက်လိုက်ပြီး တိမ်ပျံကို အသားကျ စီးနင်းပေး၏ ။ နရဏီက သူ့လူ ကိုးဆယ်ကို ဝါးလုံးတစ်ချောင်းနှင့် ရင်ဆိုင်မည့် လက်ျာဘီလူးအား အထူးအဆန်းသဖွယ် ကြည့်နေသည်။ လက်နက်ဟူ၍ မြင်းတွင် ချိတ်ထားသော ဆောင်ဓားတစ်ချောင်းသာ ပါရာ လှံတို လှံရှည်များစွာဖြင့် ထိုးမည် ထင်ထားခဲ့သည့် အထင် လွဲရပြန်ပြီ။ သည်တပ်မှူးအား နားမလည်နိုင်တော့။
လက်ျာဘီလူးက မြင်းသွေးပူလျင် ဆင်း၍ ဓားထုတ်ပြီး သူ့တုတ်ရှည် ထိပ်ဖျားချွန်ကို ခုတ်ဖြတ်နေပြန်သည်။ သူ့တုတ်ကလည်း မည်သို့ အမာတင်ထားသည်မသိ၊ ထိပ်ရှိ အချွန်လေးကိုပင် တုံးတိတိ ရှိအောင် အတော် ခုတ်ယူရ၏ ။ ချွန်ထက်နေသည်များ မရှိတော့မှ ဓားပြန်သိမ်းပြီး ရှမ်းတို့ဆီ လက်ကမ်းပြလိုက်သည်။
သူတို့ ရှမ်းများကို အထင်သေးလွန်းသည့် လက်ျာဘီလူးအား အကြောင်းသိစေရမည်ဟု နရဏီက တစ်စုတစ်စည်းတည်း တိုက်ရန် အမိန့်ပေးလိုက်သည်။ သူ့အား ဝိုင်းပတ်ပြီးမှ တိုက်မည် ထင်ထားသော လက်ျာဘီလူးက ရှေ့တည့်တည့်မှ နှစ်သုတ်ခွဲ၍ မြင်းများဖြင့် ပြေးလာသော ရှမ်းတို့ကို မြင်လျင် ချက်ချင်း မြင်းပေါ်တက်ပြီး ဒုန်းစိုင်း ဝင်လာသည်။
ရှေ့ဆုံးမှ ဓားမိုး ဝင်လာသော ရှမ်းတစ်ယာက်မှာ ပါးရိုးကို မာကျောကျစ်လျစ်လှသော တင်ကျည်းတုတ်နှင့် ဖြတ်ရိုက်ခံလိုက်ရသဖြင့် မြင်းပေါ်မှ ပြုတ်ကျသွားသည်။ လှံနှင့် ထိုးလာသူမှာလည်း သူ့လှံ မရောက်မီ ရင်ဝကို တုတ်နှင့် ဆောင့်ထိုးလိုက်တာ ခံရသဖြင့် မြင်းပေါ် ကုန်းကုန်းကွကွ ပါသွား၏ ။ မြင်းစီးတစ်စုကို တုတ်ရှည်ယမ်းလျက် ဖောက်ဝင်လာသည့် လက်ျာဘီလူးက မြူငွေ့ဆိုင်းဆိုင်းကြားတွင် အလွန်လျင်မြန်စွာ ဝပ်စီးလျက် ရိပ်ခနဲ ဖြတ်ပြေးသွားရာ ရှမ်းတို့ အထွေးထွေး ကျန်ခဲ့ကြသည်။
တိုက်ပွဲအဟုန်ကြောင့် မြူပင် အတော်ပါးသွား၏ ။ နောက်တစ်ကျော့ ပြန်ပတ်လာသော လက်ျာဘီလူးကို လှံဖြင့် ဝိုင်းပစ်ကြ၏ ။ ဘေးမှ လေးသည်များကလည်း ပတ်ချောင်းနေကြသည်။ မြင်ကွင်းရှင်းလျင် မြားကို လွှတ်သည်။ ယခုထိတော့ မထိမပါးသေး။ တုတ်ကို ယမ်း၍ ရိုက် ကာ ရှောင်တိမ်းလျက် ရှိသည်။ နရဏီကလည်း အမိန့်အမျိုးမျိုး ပေးနေသည်။
ရှမ်းများသည် ပုံသဏ္ဍာန် အမျိုးမျိုး ပြောင်းလျက် မြင်းစီးကျင်လည်စွာ ဝိုင်းဝန်းတိုက်ခိုက်နေကြ၏ ။ သူ့အား မကျေနပ်ကြည့် ကြည့်နေသူကတော့ မတိုက်သေးဘဲ လှည့်ပတ်ကြည့်ရှုနေသည်ကို တွေ့ရသည်။ မြင်းချင်း အကွာ၌ ရှမ်းမြင်းတစ်စီးက စွန်းစွန်းထွက်၍ တစ်ဦးတည်း တက်လာပြီး ခက်ရင်းနှင့် ထိုးသည်ကို နောက်မှ မြင်းကူအများ ထပ်လျက်ပါလာသည်နှင့် လက်ျာဘီလူးက ရင်ဆိုင်တိုက်မည် ပြင်ပြီးမှ စိတ်ပြောင်းသွားကာ မြင်း၏ လက်ယာနံပါးသို့ ဖက်တွယ်ဆင်းသွားသည်။
ရှမ်းမြင်းသည်၏ ခက်ရင်း တိမ်ပျံ ကျောပေါ် ကျော်သွားသည်၌ သူက ခြေနင်းကွင်းကို တစ်ဖက်က နင်း၍၊ အခြား ခြေတစ်ဖက်က မြင်းကုန်းနှီးအား ချိတ်၍၊ လက်တစ်ဖက်က တိမ်ပျံ၏ ရင်သိုင်းကြိုးကို ဆွဲထားပြီး မြင်းနံပါးမှ တစောင်း အနေအထားဖြင့်ပင် မြင်းချင်းခွာသွားပြီ ဖြစ်သော ရှမ်းမြင်းကြီး၏ ဒူးဆစ်ရိုးကို တင်ကျည်းနှင့် လွှဲရိုက်လိုက်သည်။
မြင်းသုံးလေးစီးခန့် အပြိုပြို အလဲလဲ ဖြစ်ကုန်၏ ။ ရှေ့ဆုံးမြင်းပေါ်သို့ ထပ်ကျကုန်သော မြင်းနှင့် လူများမှာ ချက်ချင်း ပြန်မထနိုင်။ အခြားမြင်းများက ဇက်သတ်၍ ရပ်သူရပ်၊ ကြိုးဆွဲ၍ ရှောင်ဖယ်သူဖယ် ဖြစ်နေစဉ် သူကတော့ ဝါးတုတ်ရှည်ကို လှံထိုးသလို တဒုတ်ဒုတ် ထိုးသွား၏ ။ အချို့လည်း ကာနိုင် ဖယ်နိုင်၊ အချို့လည်း မြင်းပေါ်မှ ကျသူကျ ဖြစ်ကုန်ကြလေသည်။
ရှမ်းတို့ လူကုန် တစ်သုတ်တည်း ဝင်လာကြသလို နရဏီက လေးသည်တစ်ဦးထံမှ လေးကို ဆွဲယူ၍ လက်ျာဘီလူးအား မြားနှင့် ပစ်လိုက်သည်။ ဖြူဖြူသဏ္ဍာန် လှုပ်ရှားမှုကို မြင်သော လက်ျာဘီလူးက မြင်းကျောပေါ် ဆတ်ခနဲရပ်၍ ဘီလူးမျှော်ဟန် ကုန်းနှီးပေါ် ခြေတစ်ဖက်တင်ကာ ဒူးများ ကွေးထားပြီး လွဲချော်သွားသော မြားတံကို ဖမ်းလိုက်သဖြင့် မြန်မာတပ်များ ပွဲကျသွားသည်။
သူတို့အဖို့တော့ လောက်စာလုံး၊ ကျောက်ခဲ၊ လှံတံ၊ မြားတံတို့ကို အဖမ်းအဆီး လေ့ကျင့်ရသည်မှာ ရိုးအီနေပေပြီ။ သာမန် တပ်သားတစ်ဦးပင် ရှောင်နိုင် ဖမ်းယူနိုင်စွမ်း ရှိကြသည်။ ပစ်လိုက်သော လှံကို ဖမ်း၍ ချက်ချင်း ပြန်ပစ်ရသည့် လေ့ကျင့်ခန်းနှင့် စစ်သားဘဝ စခဲ့ကြသူများ ဖြစ်ရာ မြားတံကို မြင်းပေါ်မှ အလှဖမ်းဟန်မှာ မြင်းရေးကစားခြင်းမျှသာ ဖြစ်သည်။
နရဏီကတော့ အမျက်ထွက်လျက် နောက်တစ်ချောင်းကို ငင်ထားပြီး သည်တစ်ကြိမ် အားပြင်းစွာဖြင့် မလွတ်တမ်း ပစ်မည်ဟု အံခဲထား၏ ။ လက်ျာဘီလူးက ဖမ်းမိသော မြားကို ရှမ်းတစ်ဦးပေါင်တွင် စိုက်ချလိုက်သောအခါ ပို၍ ဒေါသထွက်သွားသည်။ ပြိုင်ပွဲတစ်ခု၊ ကစားပွဲတစ်ခု အသွင်မှ အသေအကြေ သတ်မည့်ဟန် ပြောင်းသွားပြီး မြားကို တရစပ် လွှတ်တော့သည်။
သူတို့ အချင်းချင်းလည်း ထိကုန်ပြီ။ လူများ အရောရော အယှက်ယှက် ဖြစ်နေကြပြီး ပွဲက ရုတ်တရက် ပြင်းထန်သွားသည်။ ကြည့်မနေနိုင်သော မြန်မာတစ်ဦးက အနီးရောက်လာသည့် မြင်းသည်တစ်ဦးကို ဆွဲချလိုက်သဖြင့် ထိုမြင်းသည်မှာ ဝိုင်းထောင်းကြခြင်းကို ခံလိုက်ရသေးသည်။ အကြီးအကြပ်များက တားထားသဖြင့်သာ အသက်မသေခြင်း ဖြစ်၏ ။
စော်ဘွားကြီးလည်း စိုးရိမ်ပူပန်စွာ ကြည့်နေသည်။ တန်တော့ဟု ပြောချင်လျက် ပြောလည်း မထွက်နိုင်။ လက်ျာဘီလူးနှင့် တိမ်ပျံကတော့ လူအုပ်အလယ်မှာ တက်ညီလက်ညီ တိုက်ခိုက်နေကြပြီ။ တိမ်ပျံသည် လူများလေ အစွမ်းပြလေ ဖြစ်သည်။ ဝင်လာသော မြင်း ရင်ဝကို ဆီးပေါက်လိုက်သဖြင့် မြင်းတစ်စီး လဲကျသွားသလို လက်ျာဘီလူးက ဘေးသို့ အားပြုတိုက်နေစဉ် သူက ရှေ့တည့်တည့်မှ လူတစ်ဦးကို မြင်းပေါ် ကျော်လွှားပြီး ဝင်တိုက်သွား၏ ။ ပြန်ကျလျင် ကျချင်း နောက်ခြေက လှည့်ပတ် ထွက်သွားပြန်သည်။
တိမ်ပျံ ခုန်ပေါက်နေစဉ် လက်ျာဘီလူးက မတိုက်၊ ပြုတ်မကျအောင်သာ ခြေဖြင့် ညှပ်ထားပြီး မြေပေါ် လေးဘက်ကျမှ တုတ်ချက်များ ပြန်ပေါ်ထွက်လာသည်။ မြင်းရော လူပါ ဇာတ်တိုက်ထားသလို အကွက်ကျကျ လှုပ်ရှားနေသည်ကို မြင်ရသောအခါ သည်နှစ်ဦးသည် စစ်တိုက်နေသလား၊ သရုပ်ပြ ဖျော်ဖြေနေသလား ဟု နရဏီ အံ့သြတကြီး ဖြစ်နေရလေ၏ ။
တစ်ကြိမ်တွင် တိမ်ပျံက လှဲချလိုက်ရာ လက်ျာဘီလူးက မြင်းတစ်စီးပေါ် ခုန်တက်သွားပြီး ထိုသူ၏ လက်ထဲမှ ခုတ်ပိုင်းလာသော ဓားကို လုကာ ခေါင်းကို ဓားနှောင့်နှင့် ထုနေသည်။ လူနှစ်ယောက် လုံးထွေးနေသော မြင်းနောက်သို့ အခြားမြင်းများ စုပြုံ လိုက်သွားလျင် တိမ်ပျံက အေးအေးလူလူ ခေါင်းထောင်ကြည့်သည်ကို မြန်မာအများ ရယ်ပွဲဖွဲ့ကြပြန်သည်။
တိမ်ပျံ အတန်ကြာ နားနေပြီးမှ ပြန်ထရပ်ချိန်သည် လက်ျာဘီလူးက ရှမ်းမြင်းကြီးကို ဝရုန်းသုန်းကား စီးလျက် ပြေးလာချိန် ဖြစ်၏ ။ တိမ်ပျံက သခင်ကို တွေ့လျင် မြင်းရှေ့တည့်တည့်မှ ပတပ်ရပ်လိုက်သဖြင့် လက်ျာဘီလူး စီးလာသော မြင်းလည်း လန့်ပြီး ရပ်သည်။ မြင်းနှစ်ကောင် ပေါက်ရင်း တိုးရင်း ပြေးသွားကြပြီး လက်ျာဘီလူးသာ ရပ်ကျန်ခဲ့၏ ။
နရဏီနှင့် ခေါင်းပေါင်းဖြူ ပေါင်းထားသူက ဓားများဆွဲလျက် ပြေးလာကြရာ လူ ၁၅၊ ၂၀ သာ ကျန်တော့သော ရှမ်းများ ဝင်မလာတော့ဘဲ ရပ်သွားကြသည်။ စော်ဘွားကြီး ယုံကြည် အားကိုးရသော လူယုံ စဝ်ခွန်ဖသည် နရဏီနှင့် တစ်ဖက်တစ်ချက်မှ နေ၍ လက်ျာဘီလူးကို ညီညွတ်စွာ တိုက်ကြသည်။ သို့သော် တင်ကျည်းတုတ်ရှည်ကြောင့် အနားမကပ်နိုင်။
လက်ျာဘီလူးက အလယ်မှ နေရင်း ရှမ်းလေးသည် တစ်ဦးအား မြားတစ်ချောင်းလောက် ပစ်ပေးပါလား ဟု အော်ပြောလိုက်၏ ။ ထိုလေးသမားက ယောင်နနနှင့် လေးတင်ကာ ပစ်မည့်ဟန် ပြင်ရာ လက်ျာဘီလူးက လှည့်ပတ် နေရာယူလိုက်သည်။ နရဏီက မပစ်နှင့်ဟု တားလိုက်စဉ် မြားတံက လွတ်ထွက်လာသည်။ လက်ျာဘီလူး ရှောင်တိမ်းပေးလိုက်ရာ သူနှင့် ကွယ်နေသော စဝ်ခွန်ဖမှာ ကံကောင်းသဖြင့်သာ ကိုယ်ကို ယိမ်းနိုင်၍ သီသီကလေး လွဲသွားသည်။
လက်ျာဘီလူးက မထိဘူး၊ နောက်တစ်ချောင်းဟု ထပ် စ ပြန်သည်။ နရဏီက ဒေါသကြီးစွာ လေးသမားကို 'ဟဲ့၊ ငတုံး..' ဟု လှည့်၍ မာန်မဲလိုက်စဉ် သူ့ဓားကိုင်လက်ကို ခပ်ဆတ်ဆတ် ရိုက်ချခြင်း ခံလိုက်ရပြီး ဓားလွတ်ကျသွားသည်။ ချက်ချင်း ဓားပြန်ကောက်မည် ပြုရာ ပြေးဝင်လာသော လက်ျာဘီလူးက တံခေါက်ခွက်ကို ရိုက်ဖိလျက် ဒူးထောက်စေလိုက်သည်။
သူ့နောက်မှလည်း စဝ်ခွန်ဖက ကပ်ပါလာပြီး ကျောကို ဓားဖြင့် ထောက်လိုက်သည်။ သူက ပြုံးစစနှင့် လှည့်ကြည့်ပြီး
"ရောင်းရင်းရဲ့ အရှင်မတောင် ဒူးထောက် အရှုံးပေးနေပြီ။ ရောင်းရင်းက ကျုပ်ကို သတ်ချင်သေးလို့လား"
ဟု မေးလိုက်၏ ။ စဝ်ခွန်ခ နရဏီကို ကြည့်ပြီး
"ငါတို့ မင်းသမီး ဒူးထောက်တာ မဟုတ်ဘူးကွ"
ဟု ကြုံးဝါးလိုက်သော်လည်း နရဏီက မော့လာပြီး
"တိုက်မနေနဲ့တော့ စဝ်ခွန်ဖ၊ လူကိုးဆယ်နဲ့ တစ်ယောက် တိုက်တာတောင် လွန်လှပြီ။ ခု သူမသတ်လို့ ငါ မသေတာ တော်သင့်ပြီ"
"ဒါပေမယ့် ကျွန်တော်မျိုး တစ်ယောက်ချင်း တိုက်လိုသေးတယ်"
"သည်နေ့တော့ တော်ပါပြီ။ ခမည်းတော်ဘုရား အော်ဟစ်လိုက်တာ ကြားလား။ ငါ့အတွက် စိုးရိမ်ပူပန်သွားရရှာတယ်။ မောင်ငယ်ကိုလည်း သဘောထားကြီးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ကဲ.. လူစုခွဲတော့"
တိုက်ပွဲသံကြောင့် တစ်တပ်လုံး နိုးနေပြီ ဖြစ်သည့် မြန်မာတပ်သားများ၏ ကြွေးကြော်သံကြီး ဟိန်းထွက်လာသည်။ ရှက်နေသော နရဏီနှင့် စဝ်ခွန်ဖ ဟော်နန်းထဲ ဝင်သွား၏ ။ လက်ျာဘီလူးက စော်ဘွားကြီးကို လှမ်းတောင်းပန်လိုက်ရာ စော်ဘွားကြီးကလည်း ပြန်လည်တောင်းပန်၏ ။ ထို့နောက် လက်ျာဘီလူး အနားယူရန် တဲအိမ်အတွင်း ဝင်သွားသဖြင့် ငကံက တိမ်ပျံကို သွားဆွဲလာသည်။

Written by သင်္ခရာဇာ

End date: July 27, 2021


နရဏီ (၂)

လက်ျာဘီလူးက မြင်းနီကျော်နှင့်၊ နရဏီက ဖြူဆွတ်လှပသော မြင်းဖြူကြီးနှင့်၊ ငကံက မလှမ်းမကမ်း ခပ်ဝေးဝေးမှာ မကင်းမကွာ လိုက်ပါလာသည်။ နရဏီက လမ်းခရီး အခြေနေများကို မေးလာသဖြင့်

"အကျွန်တို့ လာတဲ့ ခရီးတစ်လျှောက်တော့ ရေမြေတောတောင်တွေ သိပ်သာယာတာပဲ။ လူတွေကလည်း သဘောကောင်းကြတယ်။ တတ်နိုင်သလောက် ရှိတာတွေ ထုတ်ကျွေးကြတာမှာ ကျွန်တော်တို့ မြန်မာတွေနဲ့ အတူတူလိုပါပဲ၊ အလွန်ချစ်စရာကောင်းကြတယ်"
ဟု ဆိုရာ နရဏီ အံ့သြသွားသည်။
"မပျမဝပ်တဲ့ ရွာများရော ရှိရဲ့လား"
"အဲလိုတော့ သိပ်မရှိပါဘူး အစ်မတော်၊ ဓားပြတွေ နေတဲ့ စခန်း ၂ ခုတော့ ဖြတ်ခဲ့ရပါတယ်။ ဒါကလည်း ရွာသားတွေ တိုင်လို့ ဝင်သိမ်းခဲ့တာ။ ဓားပြတွေ ဖမ်းပြီး ရွာကိုပဲ ပြန်အပ်ခဲ့တယ်"
"ဘာလို့ ရွာကို အပ်တာလဲ၊ ဓားပြဆို သုတ်သင်ပြီး စခန်း မီးရှို့ပစ်ရမှာ မဟုတ်ဘူးလား"
သူက တစ်ချက်လှည့်ကြည့်သည်။
"ဓားပြတွေထဲမှာ ရွာသားတွေရဲ့ တူသား ဆွေမျိုးတွေ ပါနေမှာပဲ။ သူတို့တရား သူတို့စီရင်ကြမှာပေါ့။ အကျွန်က သူတို့ ဘယ်လောက် ဆိုးသွမ်းထားကြောင်းမှ မသိဘဲ။ ရပ်ရွာကပဲ သိတာ မဟုတ်လား။ သည်တော့ ရွာက ခွင့်လွှတ်နိုင်ရင် သူတို့ ချမ်းသာရာ ရမှာပေါ့။ ထပ်ပြီး ဆိုးသွမ်းရင် အပြန်ကျ စီရင်လို့ ရသားပဲ"
"သြော်.. ဒါလည်း ဟုတ်တာပဲ"
ဟု ဆိုရင်းမှ ကြားထားသည်နှင့် မတူပါလား ဟု တွေးမိသည်။ သို့သော် သည်အကောင်ငယ် ယုံရသည်တော့ မဟုတ်။ အကောင်သေးသလောက် အဆိပ်ပြင်းသည့် မြွေပွေးနှင့် အတူ။ အလွန် ကောက်ကျစ် ဉာဏ်များသည်ဟု ဆိုထားသည် မဟုတ်ပါလား။
"တို့ ရှမ်းပြည်နဲ့ မင်းတို့ မြန်မာပြည် ဘယ်က သာပြီး အေးချမ်းသလဲ။ ဘယ်က ပိုကောင်းသလဲ"
ကျယ်ပြောလှသော ကုန်းပြင်မြင့်ကြီးပေါ်မှ နေ၍ တောင်စဉ် တောင်တန်း အထပ်ထပ်ကို လရောင်တွင် ငေးနေရင်း သူ လှည့်ကြည့်ပြန်သည်။
"ရှမ်းပြည်က သာယာ အေးချမ်းတာပေါ့။ မြန်မာပြည်မှာ စစ်အနိဋ္ဌာန်ရုံတွေက အမြဲ ရှိနေတာပဲ။ ဒါပေမယ့် ဘယ်က ပိုကောင်းလဲ မေးရင်တော့ ကိုယ့်ရပ်ရွာ ဒေသက ပိုကောင်းတယ်ပဲ ပြောကြမှာပဲ"
"အင်း.. အင်း၊ မင်းတို့ တိုင်းက ဘာလို့ အခြားနယ်တွေကို တိုက်ခိုက် သိမ်းပိုက်နေရတာလဲကွ"
သူ အံ့သြဟန်နှင့်
"ကျွန်တော်တို့က အသိမ်းခံလိုက်ရတာကနေ ခုမှ နယ်နိမိတ်တွေကို ပြန်ယူနေရတာပါ။ ဘယ်လို ပြောရမလဲ ဆိုတော့ဗျာ.. ဘုရင်တွေ နယ်မြေလု၊ အင်အားပြ၊ အာဏာသိမ်းယူကြတာကို ကျွန်တော်တို့ အောက်က လူတွေက သူတို့အလိုကျ လိုက်ဖြည့်ဆည်း ဆောင်ရွက်ပေးနေကြတာပဲလေ။ မင်းမိန့်ဆိုတော့ ရှောင်လွှဲလို့မှ မရတာ"
သည်ကောင်လေး ပွင့်ပွင့်လင်းလင်းနှင့် အမှန်တွေ ပြောနေတာလား ဟု နရဏီ သံသယ ရှိလာသည်။ သူပြောသည့် စကားတွေက မျှော်လင့်ထားသည်များနှင့် ပြောင်းပြန်ချည်း ဖြစ်နေ၏ ။ သူ့ဘက်သူ မကောင်းပြော၍ နရဏီကို တမင် လှည့်စားနေသလား ဟုလည်း သတိထားနေရသေးသည်။ အတော် မလွယ်ပါ့လား။
"မင်းကတော့ မင်းမိန့်ကြောင့် မဟုတ်ဘဲ မင်းကိုယ်တိုင် ရှင်ဘုရင်ဆီ ဝင်ပြီး အမှုထမ်းခဲ့တာဆို"
"ဟုတ်တယ်၊ ကုန်းဘောင်ကနေပြီး မြန်မာနိုင်ငံကြီးကို ပြန်စုစည်း တည်ထောင်ဖို့ အလောင်းဘုရားလက်အောက် ဝင်ခဲ့တာ"
သည်တစ်ကြိမ်တော့ အမှန်ကို ပြောသည်ဖြစ်မှန်း နရဏီ သိလိုက်၏ ။ သူ ကြားထားသည်နှင့် တစ်ထပ်တည်း ကျနေသည်ကိုး။
"ဒါဆို တို့ ပဉ္စလရာဇ်တိုင်းက မြန်မာနယ်မှ မဟုတ်ဘဲ။ ဘာဖြစ်လို့ သစ္စာတော်ပေးဖို့ လာတာလဲ၊ အစ်မတော်က မသိလို့နော်"
နရဏီက မသိကျိုးကျွံ ပြု၍ မေးသည်ကို လက်ျာဘီလူးက အားနာဟန်နှင့် မြင်းကို ရပ်လျက်
"ဒါတော့ ကျွန်တော်လည်း မသိဘူး။ မင်းမိန့်အတိုင်း သစ္စာပေးချေ ဆို သွားရတာပဲ။ သစ္စာတော် မခံရင် ဖမ်းဆီးခဲ့ဆိုလည်း ဖမ်းရမှာပဲ။ အကျွန့် သဘောကတော့ ရှမ်းရော မွန်ရော ထားဝယ်ရော အတူတကွ တစ်မြေတည်း တစ်ဆက်တည်း မင်းတစ်ပါးတည်းအောက် ရှိကြရင် ကောင်းမှာပဲ လို့ ထင်မိတယ်။ ကန်တော့နော် အစ်မတော်"
"ဟင်.. အင်း၊ အင်း၊ ရပါတယ်ကွဲ့"
နရဏီ ဇဝေဇဝါ ဖြစ်လာသည်။ သူက တကယ်ပြောနေဟန် တူ၏ ။ လိမ်လည် လှည့်ဖျားနေဟန် တစ်စက်မှ မပေါက်၊ ပရိယာယ်နှင့် ပြောသည်ဖြစ်လျင်တော့ အလွန် တည်ငြိမ် ဟန်ဆောင်ကောင်းသည် ဆိုရပေမည်။ သို့သော် သူ့မျက်နှာမှ အားနာဟန်နှင့် အမှန်ကို ဆိုဟန်က မြင်သာနေပြန်သည်။
"ဒါဆို တို့လည်း သစ္စာမခံရင် အဖမ်းခံရမှာပဲပေါ့"
သွေးတိုးစမ်း၍ မေးလိုက်သည်ကို
"ဟုတ်ကဲ့၊ ဖမ်းဆီးသွားရမှာပေါ့လေ။ ဒါပေမယ့် မလွှဲသာ မရှောင်သာမို့ ခေါ်သွားရမှာ၊ စော်ဘွားကြီးတို့ မင်းသမီးတို့ လူတစ်စုလုံးကို တုပ်နှောင်ဖမ်းခေါ်တာမျိုးတော့ မလုပ်ပါဘူး။ ထမင်းတစ်နပ် ကျေးဇူးရှိဖူးသူတွေကို အသာအယာ မပင်မပန်းရအောင် အတတ်နိုင်ဆုံး လုပ်ပေးမှာပါ။ အစ်မတော်တို့က သစ္စာမခံချင်လို့လား"
သူကပင် ပြန်မေးနေတော့သည်။ ခက်ပြီ။
"သစ္စာမခံချင်ဘူးလို့ မဟုတ်ပါဘူးကွယ်၊ သို့ပေမယ့် ဘယ်သူကတော့ လွတ်လပ်တဲ့ ဘဝကနေ ဆင်းပြီး သူများလက်အောက်မှာ သစ္စာခံဘဝနဲ့ နေချင်ကြမှာလဲလေ။ တို့များက စော်ဘွားမျိုးရိုးဆိုတော့ ပိုဆိုးတာပ။ တို့လက်ထက်မှ ဖြစ်ရတယ်ဆို ဂုဏ်သရေ ညှိုးနွမ်းရတာပေါ့ မောင်ငယ်ရယ်"
လက်ျာဘီလူးက မြင်းကို လှည့်လိုက်ပြီး ဆင်းသွားသည်။ သူ့ကို မကြည့်တော့။ ငေးနေ၏ ။
"စစ်ရဲ့ ဆိုးကျိုးတွေကတော့ ဒီလိုပါပဲ။ လူတိုင်းကို အဖျားခတ် သက်ရောက်ခံရမှာပဲ။ နိုင်ငံတော် ထူထောင်ပြီးလို့ ငြိမ်းချမ်းပြီ ဆိုမှသာ.. ဒါလည်း ဆူပူကြဦးမှာပါ၊ အစ်မတော်တို့က မခြားနားတောင် နယ်စွန်နယ်ဖျားတွေ ပုန်ကန်ကြ၊ ထကြွကြ၊ တိုင်းတစ်ပါးက ထိပါးနှောင့်ယှက်ကြနဲ့ ကျွန်တော်တို့ နားရမှာ မဟုတ်ဘူး"
အောင်မယ်၊ သူကပဲ ညည်းနေသေးသည်။ သူ့စကားတွေအရ အမှန်အတိုင်း ပြောနေမှန်း သိနေရ၏ ။ သူ့အား နားလည်ရ ပိုခက်လာသလို ရှိ၏ ။ အမှန်တော့ ရိုးရှင်းလှပါသည်။ လက်ျာဘီလူး သဘောရိုးနှင့် ပြောနေသမျှကို သူ့ဘာသာ မရိုးမဖြောင့် တွေးနေမိခြင်း ဖြစ်၍ သူ့ဘာသာ ရှုပ်ထွေးနေရသည်ကိုလည်း ဟိုကတော့ မသိ၊ လှည့်လည်း မကြည့်။
မြင်းကို လွှတ်ပေးလိုက်သည်။ တိမ်ပျံက စားကျက်မြေဆီ မြူးထူးစွာ လှမ်းထွက်သွားသည်၌ နရဏီကလည်း သူ့မြင်း သိင်္ဂီနတ်ရောင်ကို လွှတ်ပေးလိုက်ရာ မြင်းနှစ်ကောင်က တစ်ကောင်နှင့် တစ်ကောင် ယခုမှ နှုတ်ဆက်နေကြ၏ ။
"သစ္စာပေးတယ်၊ လက်အောက်ခံ ပြုတယ် ဆိုတာလည်း စည်းလုံးဖို့ လုပ်တာပါ အစ်မတော်၊ ငါတို့က အခွန်တော် ဆက်ရတယ် ဆိုပြီး မမြင်စေချင်ပါဘူး။ သုရှင်ကလည်း လက်ဆောင်တော် ပြန်ပေးမှာပါ။ စော်ဘွားတွေကို စားမြဲအရာ စားစေပြီး မောရှမ်းမြေကို စောင့်ရှောက်ပေးမှာပါ။ တစ်ဦးနဲ့တစ်ဦး သစ္စာဖလှယ်ကြသလိုပါပဲ၊ မြန်မာဘုရင်ကို အခကြေးငွေ ပေးပြီး အစောင့်အရှောက် ခန့်တယ်လို့တောင် ဆိုချင် ဆိုနိုင်တယ်"
နရဏီက သူ့ဘေး ဝင်ထိုင်ရင်း ဟက်ဟက်ပက် ရယ်မိသည်။ သူစိမ်းယောက်ျားတစ်ဦးရှေ့ ပထမဆုံးအကြိမ် ရာဇဣနြေ္ဒ မထိန်းဘဲ ရယ်မိခြင်းလည်း ဖြစ်သည်။ စကားပြော လည်ပုံ၊ လိုရာကို ဆွဲယူ ပြောတတ်ပုံကို သဘောကျ၍ ရယ်နေသည်ကို ငကံက အဝေးမှ ငေးကြည့်နေ၏ ။
"မင်း ပြောပုံအရ တို့ကတောင် သာသေးသလိုပါလား မောင်ငယ်ရယ်၊ လက်အောက်ခံဖို့ သစ္စာလာပေးတာနှင့် မတူ၊ စမ်းသုံးကြည့်ပါ.. ကျွန်တော်မျိုးတို့ လက်ရုံးစွမ်းနဲ့ ဟော်နန်း အာဏာကို ကာကွယ်ပေးပါ့မယ် လို့ ဖြစ်နေပါပြီရော"
လက်ျာဘီလူးကလည်း ပြုံးသည်။
"ကျွန်တော် ဒီလို ပြောတယ် ဆိုတာ မင်းတရားကြီးသာ ကြားရင် မိုက်ရိုင်းစော်ကားတဲ့ အကောင် နေပူလှန်း ကျပ်တင်ပြီး ကွပ်လို့ မိန့်တော်မူမှာ"
ရယ်ကြရပြန်သည်။
"ဒါဆို မင်းတို့ မင်းတရားကြီး ရွှေနားတော် ပေါက်အောင် လျှောက်တင်လိုက်ရရင် တို့တော့ ဆုတော်လာဘ်တော် ရမှာပေါ့... ဟုတ်လား"
"အနောက်ဆောင် တစ်ဆောင်တော့ ရကောင်းပါရဲ့"
"ဟင်.. ဘယ်လို"
"အဆောင်တော်ရ မိဖုရား ဖြစ်နိုင်ပါရဲ့လို့ ကျီစားတာပါ။ အရာမရတောင် ကိုယ်လုပ်တော်တော့.."
"အမလေး၊ အမလေး၊ ကိုယ်လုပ်တော့ မဖြစ်ပါရစေနဲ့ကွယ်။ မတိုင်နဲ့ဆို မတိုင်ပါဘူး။ နည်းနည်းမှ အတင်မခံဘူးနော်၊ ကိုယ်သေ သူရှုံး လုပ်တော့တာပဲ"
လက်ျာဘီလူးလည်း ဟက်ဟက်ပက်ပက် ရယ်၏ ။
"ကဲ.. အစ်မတော်၊ စကားပြောလို့ဖြင့် ကောင်းပါရဲ့။ အစ်မတစ်ဦး ကောက်ရသလိုပါပဲ။ သို့ပေမယ့် အကျွန်က မင်းမှုထမ်း ဖြစ်နေလေတော့ အောက်လက်ငယ်သားတွေအတွက် စီမံပေးရမှာတွေနဲ့ သွားရေး လာရေး လေ့လာစိုင်းပြင်းရမှာတွေ ရှိသေးတယ်။ အစ်မတော် ပြောချင်တဲ့ စကား တစ်ခုခု ရှိလိမ့်မယ် လို့လည်း ယူဆပါတယ်။ ပြောလိုရင်းကိုသာ မချွင်းမချန် မြွက်ကြားပါတော့။ အကျွန် တတ်နိုင်တာ အရေးပေးပါ့မယ် အစ်မတော်"
နရဏီ ပြုံးနေရာမှ ဣနြေ္ဒဆောင်လိုက်၏ ။
"မောင်ငယ်က အလွန်ပါးနပ်ပါလား။ ဒါကြောင့်လည်း ဗိုလ်မင်းကြီး ဖြစ်နေတယ် ထင်ပ။ ပြောစမ်းပါဦး အရေးရှိမယ်လို့ ဘယ်လို ရိပ်မိသလဲ"
"စော်ဘွားကြီးက သူ့ရဲ့ ချစ်လှစွာသော သမီးကို ခုမှ တွေ့တဲ့ ရန်သူဗိုလ်နဲ့ ထည့်ပေးနေကတည်းက တစ်ခုခုကို အနုနည်းနဲ့ ယူလိုဟန် ရှိတယ်လို့ ထင်မိတာပါ"
"ဟားဟား.. ကြားဖူးသည်နှင့် လျော်အောင် တော်ပါပေတယ် မောင်မင်း။ မင်း ငါ့မောင်ငယ်သာ ဖြစ်လိုက်ရင် ဘယ်လောက် ကောင်းမလဲ။ ဟုတ်ပါတယ်.. အစ်မတော် သဘောထားကတော့ ပြောပြီးသလောက် မောင်ငယ်လည်း သတိထားမိလောက်ရောပေါ့"
"အစ်မတော်လည်း အကျွန့်သဘောကို သိမြင်ပြီး ဖြစ်မယ်လို့ မှတ်ယူပါတယ် အစ်မတော်၊ အစ်မတော်တို့ကို အရေးပေးလိုပေမယ့် မင်းသားများတောင်မှ အခွင့်ရှိတဲ့ ကိစ္စလည်း မဟုတ်တာကြောင့် ကျိုင်းတုံစော်ဘွားကြီးနဲ့ အလျင် တွေ့ဆုံ ဆွေးနွေးရပါဦးမယ်။ ပြီးတော့.."
"အင်း.. ဆိုပါဦး"
"အမှန် ဆိုရလျင် စော်ဘွားတွေရဲ့ သဘောထားကို အကျွန်က မင်းကြီး မင်းလှမင်းခေါင်ကျော်ထံ ပြန်ကြားရဦးမှာပါ။ သူကသာ တကယ့် အရေးရှင် ဖြစ်ပါတယ်။ သို့ပေမယ့် မင်းကြီး ဦးကောင်းက သည်တစ်ကြိမ် ပါလာတာ ကျွန်တော် ဖြစ်နေတဲ့အတွက် စိတ်ချတယ်၊ မင်းဘာသာမင်း ဆုံးဖြတ်ပြီးသာ လုပ်ခဲ့လို့ အပ်လိုက်တဲ့အတွက် ပင်လယ်မိုင်းမောကြောင်းတစ်လျှောက် စီရင်ခွင့် ရထားတာပါ"
သူကလည်း အလာကြီးပါလား ဟု နရဏီ တွေးမိလိုက်သေးသည်။ လူသာငယ်၍ ယုံကြည်နှင်းအပ်ခံရသူ ဖြစ်ရာ အထင်သေး၍ မဖြစ်နိုင်ချေ။
"သည်တစ်ကြိမ်က အောက်ပြည်ကို စစ်ချီ ထွက်ရတော့မှာ၊ ဖြစ်နိုင်ရင် ဟံသာဝတီကို စစ်ပွဲတစ်ရာသီအတွင်း သိမ်းလို့ရရင် သိမ်းယူရမှာ။ မရရင်လည်း ရသလောက်နယ်မြေ သိမ်းခဲ့ပြီး အစောင့်အနေ ထားခဲ့ရဖို့ များတော့ လူသူလက်နက်အင်အား လိုတာ အမှန်ပဲ။ ကျွန်တော်တို့မှာ လူထောင်တပ် အနည်းငယ်သာ ရှိတယ်။ သည်လူတွေနဲ့ပဲ လှည့်တိုက်နေရတာ"
သူ့ဆိုလိုရင်းကို သဘောပေါက်ပါသည်။ အောက်ပြည်ကို တိုက်ရန် ရှမ်းနိုင်ငံများ အင်အားကို ယူရမည်ဟု ဆိုနေခြင်း ဖြစ်သည်။
"ဆိုတော့.. သည်လူတွေသာ မရှိရင် မြန်မာမှာ စစ်အင်အား မရှိတော့ဘူး မဟုတ်လား ငါ့မောင်၊ သူ့ကို မတိုက်ဘဲ ကိုယ့်မြေကို ကာကွယ်တာက အင်အားကျန်မယ် မဟုတ်လားကွဲ့"
နရဏီ ဆိုသည်မှာလည်း သင့်လျော်ပါသည်။ သို့သော် သူ ပြန်ပြောသည်ကို နားဆင်ပါဦး။
"သည်လူတွေကတော့ ကျန်မှာပဲဗျ။ သွားမတိုက်ဘဲ ခံနေရင်သာ သူက အဝိုင်းခံရ၊ တစ်ဖက်သတ် အပစ်ခံရပြီး သေကုန်မှာ။ သွားတိုက်လို့တော့ မသေပါဘူး"
"ဘယ်လို ပြောတယ်..၊ သွားတိုက်ရင် မသေဘူး ဟုတ်လား"
"ကျွန်တော်တို့ လူတွေက တိုက်ရည်ခိုက်ရည် ပြည့်ဝနေကြပြီ။ ကျွန်တော့် တစ်တပ်နဲ့တင် မွန် တစ်သောင်း တစ်သိန်းလည်း ခံနိုင်တယ်။ အနိုင်တိုက်ချေလို့ လွှတ်လည်း တိုက်မှာပဲ။ လူမလျော့စေနဲ့ ဆိုလည်း မလျော့အောင် စီမံရမှာပဲ။ သည်ဘက်မှာတော့ ကျွန်တော်တို့ လူတွေ စိတ်ချရပါတယ်"
"ဟဲ့.. ဟဲ့၊ ဟုတ်ပါ့မလား မောင်ရို့"
သူ ပြုံးသည်။ ပြန်မဖြေသဖြင့်
"တို့မှာ လက်ရွေးစင် ကိုးကျိပ်ရှိတယ်။ ခမည်းတော်ဘုရား လက်ရွေးစင် ကိုယ်ရံတော် သိုင်းဆရာတွေ အပြီးအစီးကောင်းသူ လူကျော်တွေ ချည်းပဲ။ မင်းလူတွေနဲ့ စမ်းကြည့်မလား"
"မစမ်းလိုပါဘူး"
"ဘယ်သူသာတယ် သိရတာပေါ့"
"သိပြီးသားပါ"
"ဟုတ်လား.. ဘယ်က သာလဲ"
"အစ်မတော် သိပ်သိချင်နေရင် နံနက် မိုးသောက်ကို ဒီကွင်းပြင်မှာပဲ သူတို့ကို ဓားလှံလေးမြား ပြင်ပြီး စောင့်နေခိုင်းလိုက်ပေါ့။ ကျွန်တော် တစ်ဦးတည်းကို အမိဖမ်းနိုင်ရင်၊ ထိခိုက်နာကျင်အောင် လုပ်နိုင်ရင် အစ်မတော် ဆိုတဲ့ အရေးကို ပေးမယ်။ တပ်ထဲမှာ ကျွန်တော့်ထက် လက်ရုံးကောင်းတွေ အများကြီး ရှိပါတယ်။ အစ်မတော်လူတွေ မထိခိုက်စေချင်လို့ပါ"
"ဟဟဟ.. လေကတော့ ကြီးလှသကွယ်။ မနက်ကျမှ ကြည့်ရမလေ့။ ကောင်းပါပြီ.. အစ်မတော်လည်း အခြားအရေးမဆို၊ ငါ့မောင်ကို မနိုင်ရင် မြန်မာမင်းကို ပျော်ပျော်ကြီး သစ္စာခံလိုက်မယ်။ အဲ.. မောင်ငယ်ကို မိရင်တော့ တို့ မိုင်းပင်းတစ်နယ်ကိုပဲ ချန်ပေး၊ ဟုတ်လား"
"ရပါတယ်၊ မိုင်းပင်းက ကျဉ်းကျဉ်းလေးပဲ။ သုရှင် သိမှာတောင် မဟုတ်ဘူး။ ဒါဆို ပြန်ကြပါစို့၊ နှင်းတွေ အေးနေပြီ"
သူတို့ မြင်းများကို ဆွဲလျက် ထွက်လာတော့ မြက်ပင်များမှာ နှင်းရည်စိုစွတ်လျက် ရှိပြီ။ ငကံပင်လျင် သစ်ပင်အောက်၌ ကျုံ့ကျုံ့ကလေး။
(ဆက်ရန်...) နရဏီ (၃)


Written by သင်္ခရာဇာ

End date: July 27, 2021

နရဏီ (၁)

ပဉ္စလရာဇ်ပြည်မှ စော်ဘွားတစ်ဦးဖြစ်သူ မိုင်းပင်းစော်ဘွားကြီး အိုက်ရီသည် သမီးဖြစ်သူ နရဏီကို ခေါ်၍ ဤသို့ မှာကြား၏ ။

"တို့ဆီကို ရတနာသိင်္ဃ ဆိုတဲ့ ရွှေဘိုက မြန်မာတပ် တစ်တပ် ရောက်လာလိမ့်မယ်။ သူတို့ဟာ ကျိုင်းတုံအထိ သွားပြီး စော်ဘွားကြီးကို သစ္စာရေတိုက်၊ လက်နက်နိုင်ငံ ပြုဖို့ လာကြသတဲ့။ ဒီတော့ တို့က စုပြီး ပြန်တိုက်ချင်ကြပေမယ့် ကျိုင်းတုံစော်ဘွားက ခွင့်မပြုဘူး။ အချည်းနှီးသာ ဖြစ်လိမ့်မယ် လို့ ဆိုတယ်။ သည် မြန်မာလူစုကို သမီးတော်က ပညာစွမ်းနဲ့ လှည့်ဖျားပြီး တို့နယ်တွေ လက်အောက်ခံ မဖြစ်အောင် စွမ်းဆောင်နိုင်ပါ့မလား"
သမီးတော် နရဏီက ဝံ့ကြွားစွာ ပြုံးလိုက်သည်။
"မြန်မာလူတစ်စုကို မဆိုထားနှင့်၊ မြန်မာဘုရင်ကိုယ်တိုင် ကြွလာရင်တောင် ရှမ်းပြည်ကို မသိမ်းဖို့ သမီးတော် ကြံနိုင်မှာပါ အဖဘုရား၊ စိတ်အေးလက်အေး စောင့်၍သာ ကြည့်ရှုတော်မူပါ"
"သို့ပေမယ့်.. သမီးရဲ့။ တစ်ခု ရှိတာက သည်လူစုကို ဦးဆောင်လာတာက လက်ျာဘီလူး ဆိုတဲ့ ကိုယ်ကြမ်းစိတ်ကြမ်း ဗိုလ်တစ်ဦးတဲ့။ အဲသည်မြန်မာဟာ အလွန်ကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်တယ်လို့ နာမည်ကြီးတယ်။ သူ့ကို ကိုင်နိုင်မှသာ အရေးတော် ပြီးပြေ ချောမောလိမ့်မကွဲ့"
နရဏီက အာမခံလျက် စော်ဘွားကို ဖျောင်းဖျခဲ့၏ ။ မြန်မာတပ်၏ သတင်းကိုလည်း အထောက်တော်များနှင့် စုံစမ်းခိုင်းသလို လက်ျာဘီလူး ဆိုသည့် သူအကြောင်းလည်း ခြေမြန်ဆက်သား လွှတ်၍ စုံစမ်းစေလိုက်သည်။
သတင်းတွေကတော့ မွှေးလှသည်။ ဘီလူးစိတ် ဝင်နေသော မြန်မာများသည် ပုန်ကန်ရန် အဟန်ရှိသည့် နယ်စပ် ကျေးရွာတစ်ရွာအား မီးတိုက်ဖျက်ဆီးခဲ့သည်ဟု ကြားသိရ၏ ။ ဆန့်ကျင်ဘက် ပြုသူ မည်သူမဆို မွေးကင်းစ ကလေးငယ်ပါမကျန် ဆွေမျိုးအားလုံး ကွပ်မျက်သည်ဟုလည်း သိရသည်။ သူတို့ ရှမ်းစော်ဘွားတစ်ဦး ကွယ်လွန်လျင် ဇနီးမယား ကျေးကျွန်ပါမကျန် ထည့်မြှပ်ခဲ့ဖူးသည့် အလေ့နှင့်ပင် တူသေးတော့။
ယခုတော့ ရှမ်းပြည်တွင် ထိုဓလေ့ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ယင်းဓလေ့အား ဖျောက်ဖျက်ပေးခဲ့သည့် မြန်မာများကိုယ်တိုင်က ထို ရက်စက်ဆိုးရွားသည့် အမူအကျင့်များကို ဆက်ခံနေပါလားဟု သိလိုက်ရသည်။ ထို့ပြင် မြန်မာတပ်သည် ဖြတ်သန်းခဲ့သမျှ ရွာစဉ်မှ ကျွဲနွားရိက္ခာများ အဓမ္မယူငင်လျက် ပဉ္စလရာဇ်ပြည်အား အဆုံးထိ ချီတက် သိမ်းယူဦးမည် ဆိုပါလား။
နရဏီသည် ဉာဏ်ပညာနှင့် ပြည့်စုံသည့်သူ ဖြစ်သည့်အလျောက် ထို မြန်မာတပ်အား မတိုက်ခိုက်ဘဲ မည်သို့ နှိမ်နင်းရမည်၊ မည်ပုံ လှည့်ဖျားလိုက်ရမည်ကို ကြံစည် တွေးတောနေ၏ ။ အဆိပ်ခတ်၍ ငှက်ဖျားမိကြသယောင် သတင်းလွှင့်ရမည်လား၊ မာယာဖြင့် သိမ်းသွင်း၍ အချင်းချင်း တိုက်ခိုက်ပျက်စီးစေလျင် သင့်မည်လား အချိန်ရှိသရွေ့ စဉ်းစားနေရပြီ။
ဆက်သားထံမှ သိရသည့် သတင်းအရ လက်ျာဘီလူး ဟူသည်မှာ ဘုရင်က ပစားပေး မြှောက်စားထားသဖြင့် အရည်အကဲထက် ပို၍ ဝံ့ကြွားနေသော တပ်မှူးတစ်ဦးဖြစ်သည် ဆို၏ ။ သို့သော် ကောက်ကျစ် ဉာဏ်များသည့် နေရာတွင်လည်း နှစ်ယောက်မရှိ၊ သူက မနိုင် နိုင်အောင် အနိုင်ယူတတ်လေ့ ရှိသည် ဟူသော စကားအရ အထူးသတိထားရမည့်သူ ဖြစ်သည်။
အမျိုးသမီးများနှင့် ကင်းကင်းရှင်းရှင်း နေတတ်သည် ဆိုသည်မှာမူ သူ့အကြိုက် ဖြစ်၏ ။ မိန်းမနှင့် ကင်းလေ၊ မိန်းမတွေအကြောင်း မသိလေ ဖြစ်ရာ လှည့်ဖျားရန် လွယ်ကူတတ်သည်။ မာယာဝင်္ကကို တံ့တံ့စားစား ခံနိုင်အား မရှိတတ်။ ငယ်ရွယ် မောက်မာသည်၊ ရဲရင့် ဖျတ်လတ်သည်၊ ခွန်အားကြီး၍ ဘီလူးသဘက်နှင့် အတူဟု ကြားသိရရာ သူ့ကိုပင် ချုပ်ကိုင်နိုင်က လိုသည့်အရေး ရနိုင်မည်ဟု တွက်ဆမိသည်။
အကယ်လည်း ဗိုလ်ချုပ်ပြုလာသော မဟာသေနာပတိက တစ်လမ်း၊ တပ်မှူး လက်ျာဘီလူးက တစ်လမ်း လာကြခြင်း ဖြစ်ရာ ယခု ပင်လယ်မိုင်းမောကြောင်း၌ သူသည်သာ အကြီးဆုံးဖြစ်၏ ။ သူနှင့် တပ်တစ်တပ်သာ လာသည်ကို ကျိုင်းတုံစော်ဘွား၊ ကျိုင်းတောင်းစော်ဘွားများ အဘယ့်ကြောင့် မတိုက်ကြသနည်းဟု တွေးဆ၍ မရ။
စင်စစ် ရှမ်းတို့သည် အင်အားကောင်းကြသည်နှင့်အမျှ တိုက်ရည်ခိုက်ရည်လည်း ရှိကြပါသည်။ ရှမ်းသိုင်းများ၊ ရှမ်းဓားများမှာ အမျိုးစုံသလို အစွမ်းလည်း ထက်ကြသည်။ ယခု တပ်တစ်တပ်စာမျှ မဆိုထားနှင့်၊ မြန်မာဘုရင် တပ်ပေါင်းများစွာနှင့် ချီလာစဉ်ကပင် စော်ဘွားတစ်ဦးမျှ မကျိုးမနွံ ရှိသည်ကို ခဲကပ်စွာ တိုက်ယူရသေးတုံ၏ ။ အခွင့်သာ ရလျင် မိုင်းပင်း (ယခု မိုင်းပျဉ်း) တစ်နယ်တည်းနှင့်ပင် သည်တပ်ကို ခုခံတွန်းလှန်နိုင်စွမ်း ရှိပေမည်။
သို့သော် အဘယ်ကို မြင်၍၊ သို့မဟုတ် အဘယ်ကို ကြောက်၍ စော်ဘွားအများ သစ္စာခံရန် ကြံစည်ကြပါသနည်း။ သူတို့လည်း ပရိယာယ် ပြုကြခြင်း ဖြစ်သလား။ သို့ဆိုလျင် မိမိက တင်ကူး၍ လမ်းမှ ဖြတ်ကာ မြန်မာတို့ကို ဟန့်တားနိုင်ခဲ့လျင် မိမိအမည်သည် ရှမ်းနယ်တစ်လွှား ကျော်ကြားလိမ့်မည်လား ဟူ၍ နရဏီ တွေးနေမိ၏ ။
ထို့ကြောင့် မြန်မာတပ်များ အားလုံးကို လှည့်ဖျား လုပ်ကြံရန်ထက် ပိုမို လွယ်ကူ ထိရောက်မည့် သင်းတို့တပ်မှူးအား ပရိယာယ်ပြုရန်ကိုသာ မဲတင်းနေတော့သည်။ လက်ျာဘီလူး ဟူသည့် လူသွမ်း လာပလေ့စေဦး၊ ငါ့အစွမ်း ကောင်းကောင်း သိရမည်ဟု ကြိမ်းဝါးနေလေသည်။
ဝင်လာကြပြီ ဟူသော သတင်း ကြားသည်နှင့် ဟော်နန်းထက် လေသာပြတင်းမှ မျှော်ကြည့်လိုက်ရာ အင်အား မနည်းလှသည့် တပ်များ ရဲတံခွန် တလူလူ၊ အလံတလွင့်လွင့်ဖြင့် ကျောက်ခင်းလမ်းအတိုင်း ချီလာကြသည်ကို တွေ့ရ၏ ။ ခြေလျင်များ၊ အလံကိုင်များ နောက်မှ မြင်းများစွာလည်း ပါသည်။ စစ်သည်များမှာ အနက်ရောင် မိန်ညိုနှင့် ရွှေရေးကွပ်ချပ်ဝတ်များ ဆင်ထားကြပြီး မိုးနဲရွှေလှံကိုင်များကိုလည်း ဘုရင့်တပ်များကဲ့သို့ မြင်ကြရသည်။
ထို့နောက် တုတ်ရှည်ကြီးများ ကိုင်ဆောင်ထားကြသော တပ်များ၊ ဓားလွတ်ကိုင်သူများ တစ်တန်းကြီး။ ဤအင်အားဖြင့် ရှမ်းပြည်ကို လာသိမ်းဝံ့သတဲ့လား ဟု ထင်မြင်မိရသည်။ သည်တပ်တစ်တပ်ကတော့ နှစ်ရက်ထက် ပိုမတိုက်ရ၊ နတ်ဘီလူးများ မဟုတ်ပါက လူလူချင်း မိမိတို့ မုချ နိုင်သည်ဟူသော အတွေးဖြင့် နရဏီ အတွင်းတော်သို့ ဝင်သွားသည်။
ထောင်စုမှူး လက်ျာဘီလူးသည် မိုင်းပင်းစော်ဘွား၏ အိမ်တော်အတွင်း ဝင်ခဲ့လျက် စော်ဘွားနှင့် တွေ့ဆုံ ပြောဆိုနေကြသည်။ ထိုအချိန်တွင် သူ့ထက် အနည်းငယ် ကြီးမည့် မိန်းမပျိုတစ်ဦး ဧည့်ခန်းဆောင်အတွင်း ဝင်လာသည်ကို တွေ့၍ ပြောလက်စ စကားကို ရပ်ထားလိုက်သည်။ ဝင်လာသည့် အမျိုးသမီးက သူ့အား စူးစမ်းဟန်လည်း ပြုသည်၊ တစ်စုံတစ်ယောက်ကို ရှာဖွေလိုဟန်လည်း ရှိနေလေသည်။
သို့သော် ဘာမှ မမေးမမြန်း၊ သိမ်မွေ့စွာ ဝင်ထိုင်လိုက်သဖြင့် ပြောလက်စ စစ်ရေး ဆက်မရဘဲ ဖြစ်သွားရ၏ ။ စော်ဘွားကတော် တစ်ဦးလား၊ မင်းသမီးတစ်ဦးလား မသိ။ စော်ဘွားကြီး အိုက်ရီက မိတ်ဆက်ပေးပါ၏ ။
"ဒါ ကျုပ်သမီးတော် နရဏီ တဲ့၊ သားယောက်ျား အားထားစရာ မရှိတော့ အစစ သူ့ပဲ ကိုးစားနေရတာပဲ"
သူက ထက်မြက်ဟန်ရှိသည့် အမျိုးသမီးအား တစ်ချက်မျှ ကြည့်ပြီး အသိအမှတ်ပြု ခေါင်းညိတ်ပြလိုက်ကာ လက်ဖက်ရည်ကြမ်းကိုသာ သောက်နေလိုက်သည်။ စော်ဘွားကြီးက သမီးတော်ဘက် လှည့်လျက်
"သူက မြန်မာတပ်များကို အုပ်ချုပ်လာတဲ့ ဗိုလ်မှူး လက်ျာဘီလူး တဲ့"
"ဟင်"
နရဏီ အံ့သြသွားသည်။ သူက ထိုလူငယ်လေးအား အကြိုအထောက် ဗိုလ်တစ်ဦးဟုသာ ထင်ထားခဲ့သည်။ ဗိုလ်မင်းကြီး မလာမီ လုံခြုံရေးအတွက် လာသည့်သူဟု ထင်နေခဲ့ရာ ယခု ထိုကောင်လေးက လက်ျာဘီလူး ဟု သိရသောအခါ ရယ်ချင်သွားသည်။
ဟုတ်လည်း ဟုတ်ပေသည်။ သူ သိထားသည်က ဘီလူးသဘက်နှင့် တူသည် ဟူ၏ ။ ယခု လူရွယ်မှာ သူငယ်တော်နှင့်ပင် တူနေသေးတော့သည်။ သူထင်ထားသည်က အသက် သုံးလေးဆယ်ကျော် လူလတ်ပိုင်း ခက်ထန်ကြမ်းတမ်းသည့် ရုပ်လက္ခဏာနှင့် ဖြစ်ရာ ယခု အသားလတ်လတ်၊ နုနယ်ပျိုမြစ်လှသော ရုပ်ရည်မှာ မည်သို့မျှ ဗိုလ်မှူးတစ်ဦးဟု မြင်၍ မရ။ သူ စစ်တိုက်နေသည့် ဟန်ကို မြင်ယောင်မိလျက် ရယ်ချင်စိတ်ကို မြိုသိပ်ထားလိုက်ရသေးသည်။
"တွေ့ရတာ ဝမ်းမြောက်မိပါရဲ့ရှင်"
ဟု ဆိုလိုက်ရသော်လည်း စိတ်ထဲကတော့ "ဒါလေးက လက်ျာဘီလူး ဆိုတာလား၊ သင်းကလေးတဲ့လား" ဟု တွေးတွေး၍ သူ့ကိုယ်သူ ရယ်ချင်နေလေတော့သည်။
လက်ျာဘီလူးကလည်း သူ့ကိုကြည့်၍ မင်းသမီး ပြုံးစိစိ ဖြစ်သွားသည်ကို မြင်သည်။ သူ့အတွက်တော့ ရိုးနေပါပြီ။ တောရွာရှိ လူကြီးလူငယ်များက အစ နာမည်ကြားပြီးမှ သူ့ကို မြင်လျင် ထိုသို့ပင် ဖြစ်သွားကြလေ့ ရှိသည်မဟုတ်လား။ သူတို့အမြင်တွင် အသက် ၂၀ ပင် မပြည့်တတ်သေးသော လူရွယ်ကလေးမှာ မည်သို့မျှ ခေါင်းဆောင်တစ်ယောက် ဖြစ်လိမ့်မည်ဟု မထင်ကြချေ။
သူက ခပ်တည်တည်ပင် ရေနွေးကြမ်းကို မှုတ်သောက်နေ၏ ။ လူကြီးဟန်ပန်နှင့် ခပ်တည်တည် လုပ်နေသည့် ကောင်လေးကို မြင်လေ၊ နရဏီ ရယ်ချင်လာလေ ဖြစ်သဖြင့် ပြုံးလျက် နှုတ်ဆက်ကာ အဆောင်ခန်းသို့ ပြန်သွားလေသည်။
သလွန်ပေါ် ထိုင်လျက် ပါးစပ်ကို လက်နှင့်အုပ်ကာ တစ်ယောက်တည်း တခွိခွိ ရယ်နေသည့် သူတို့ သခင်မကို ရံရွေတော်များက ဘာဖြစ်လာမှန်းမသိ။ ဘာတွေ သဘောကျလာသလဲ အရှင်မရဲ့ ဟု မေးကြမှ အထင်နှင့် အမြင်ကို ပြောပြ၍ သူတို့ ကြိတ်ရယ်ကြရသည်။
ထိုနေ့ည မြန်မာတပ်များ အားလုံးကို ဟော်နန်းပတ်လည် တပ်ချစေလျက် လက်ျာဘီလူးနှင့် ဗိုလ်များ၊ အရာရှိများအား ညစာ တည်ခင်းဧည့်ခံရာ စော်ဘွား အိုက်ရီက သမီးတော်ကို ပွဲထုတ်လာသည်။ အလှပဆုံး ပြင်ဆင်လာသည့် နရဏီကို မြန်မာတပ်များ၊ အရာရှိ အရာခံများမှ အစ ဝိုင်းကြည့်နေကြရာ နရဏီ၏ အကြိုက်ပင် ဖြစ်နေတော့သည်။
လက်ျာဘီလူးကတော့ တစ်ချက်မျှသာ ပြုံးပြ နှုတ်ဆက်လျက် စော်ဘွားကြီးနှင့် စကားပြောလိုက်၊ သူ့လူများနှင့် ပြောလိုက် လုပ်နေသည်။ မင်းသမီး ဟူ၍ အဖက်မလုပ်သည့်အပြင် အလှအပကိုလည်း ခံစားတတ်ဟန် မရှိ။ ဒါကိုလည်း နရဏီက ပို၍ သဘောကျ၏ ။ သူ အကြိုက်မတွေ့ ဖြစ်ရသည်မှာ လက်ျာဘီလူးနှင့် သူ့လူများသည် သေရည်ကို မည်သို့မျှ တိုက်မရခြင်းပင် ဖြစ်သည်။
နရဏီ၏ စောင်းပညာနှင့် အဆိုကို မြန်မာအားလုံး လက်ခုပ်တီး ချီးကျူးကြရ၏ ။ ထို့နောက် စော်ဘွားကြီးနှင့် သမီးက လက်ျာဘီလူးအား ဟော်နန်းပတ်လည် လှည့်လည်ပြမည်ဟု ခေါ်ရာ အကြပ် ငကံကို ခေါ်လျက် လိုက်လာသည်။ နရဏီက သူ့အား မောင်ငယ်ဟု ခေါ်လျက် ရင်းနှီးမှု ရရန် ကြိုးစား၏ ။ သူက အလိုက်အထိုက်သာ ပြန်ပြော၍ မေးတစ်ခွန်း ဖြေတစ်ခွန်း ရှိသည်။ မကြာမီ စော်ဘွားကြီးက သူငယ်ကို မြင်းစီး လိုက်ပြချေဦးဟု ဆိုသဖြင့် ကွင်းပြင်ဘက် ထွက်လာခဲ့ကြသည်။
(ဆက်ရန်...) နရဏီ (၂)


Written by သင်္ခရာဇာ

End date: July 26, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...