ရတနာသိင်္ဃ ရွှေမြို့တော်သစ်ကြီး၏ မိုးသောက်ယံအချိန်သည် ဟေမန္တရာသီမို့ မြူများ ပိတ်ဖုံးလျက် ဝေဝါးနေ၏ ။ ရှေ့တစ်တာလောက်ကိုပင် မမြင်ရ၊ အမှောင်ထဲမှာ ဖြူရီမှိုင်းရော်နေသည်ကိုသာ မြင်ရသည်။ ထိုစဉ် အဝေးမှ မြင်းခွာသံ သဲ့သဲ့ ကြားလာရသည်။
''ဟော…''
စိတ်ဓာတ် တက်ကြွနေသော လုံမလေး၏ အသံကို အဖွားဖြစ်သူက ပြုံး၏ ။ မြေး၏ စိတ်တွင်း ဖြစ်နေသည်ကို နားလည်၏ ။ ထင်သည့်အတိုင်း မြေးမက ဆိုလာသည်။
''ရှင်ညိုသူကြီးများလား မသိဘူးနော်… ဖွား''
မြင်းခွာသံများမှာ နီးလာပြီး ရုတ်တရက် မြူခိုးများကြားမှ ကကြိုးပန်းပွားအစုံနှင့် မြင်းညိုချောကြီး တစ်စီးက ခွာသံတဖြောင်းဖြောင်းပေးကာ ဖြတ်ကျော်သွားသည်။ မြင်းကြီးပေါ်မှာတော့ အရာရှိ ဖြစ်ဟန်တူသော စစ်သည်ရဲမက်ကြီးတစ်ဦးက မောက်ရူ၊ မိန်ညို၊ ခါးစည်း၊ ချပ်ဝတ် အပြည့်ဖြင့် ကြွားကြွားရွားရွား ပါသွား၏ ။ မျှော်လင့်ထားသူ မဟုတ်သော်လည်း ထိုရဲမက်ကြီးကိုပင် သူငယ်မလေးက ရွှန်းရွှန်းစားစားကြီး လိုက်ကြည့်နေလေသည်။
''ခန့်ညားလိုက်တာနော်… ဖွား''
နှင်းမြူထဲ တိုးဝင်ပျောက်ကွယ်သွားသော မြင်းစီးသူရဲ၏ ကျောပြင်ကို ကြည့်ရင်း ဇာတိသွေးမာန်များ တက်လာသော လုံမငယ်၏ စကား။ အဖွားဖြစ်သူက ပြန်ပြောလိုက်သည်။
''တို့ ရှင်ညိုသူဆို သာပြီးတောင် ခန့်ညားဦးမပေါ့အေ''
ပြောရင်း အချမ်းပြေ ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကြီးကိုလည်း ဖွာလိုက်သေးသည်။ ပခုံးပေါ် ပတ်ထားသော အညာဖျင်ချော တဘက်ဖြူကိုလည်း စေ့နေအောင် ဆွဲတင်းလိုက်သည်။ သူငယ်မလေးကတော့ လက်ဖျားခြေဖျားများ အေးစက်နေသော်လည်း ချမ်းရကောင်းမှန်း သိပုံမပေါ်။
''မြန်မြန်လာပါ ဖွားရဲ့… တော်ကြာ ရှေ့နား နေရာမရလို့ အလောင်းမင်းတရားကြီးရော၊ ရှင်ညိုသူကိုပါ မမြင်ရဘဲ ရှိပါလိမ့်မယ်''
''အို… အစောကြီး ရှိပါသေးတယ်အေ''
အဖွားက ပီတီအပြုံးဖြင့် ပြောရင်း ခြေလှမ်းကို ပိုသွက်လိုက်သည်။ မြင်းခင်းသဘင် ကျင်းပမည့် ကွင်းကို ရောက်တော့ မိုးမလင်းသေးသော်လည်း မြူနှင်းထုအောက်မှာ မီးရောင် လက်လက်ကလေးများကို မြင်နေရပြီ။ လူအများပင် သွားလာလှုပ်ရှားနေကြသည်။ အချို့ စစ်သည်များက ပွဲတော်အတွက် ပြင်ဆင်နေကြ၏ ။ စက်တိုင်ကို တံမြက်စည်းရှည်ဖြင့် ထိုးကာ သန့်ရှင်းရေး လုပ်နေသူများလည်း တွေ့ရသည်။ သစ်သားခုံတန်းများကို တိုက်ချွတ်ဖုန်ခါနေကြသည်လည်း အများ။ အချို့ကတော့ မြေပေါ်မှာ စည်းသားထားသော ထုံးများကို ထပ်ဖြည့်နေကြသည်။
သူတို့ မြေးအဖွားသည် ဗိုလ်ရှုခံသဘင်နှင့် အနီးဆုံးနေရာ ရအောင် ဦးထားလိုက်ကြသည်။ နေရာပျောက်မည်စိုး၍ နံနက်စာ ကောက်ညှင်းပေါင်းကလေးမျှ သွားဝယ်မစားဝံ့။ သူတို့မှာ တကောင်း မလည်အရပ်မှ ခရီးဝေး လာခဲ့ရပြီး ရွှေဘိုအဝင် ဇရပ်များတွင် ညအိပ်ကာ မနက်စောစော ထလာခဲ့ကြသူများ ဖြစ်သဖြင့် ဤနေရာလေးကို လက်လွတ်မခံနိုင်ကြရှာပါ။
မကြာမီ မြူပါးလာသည်။ ရောင်နီကျင်းလာသည်။ အလင်းနီနီ ပျို့သည်နှင့်အတူ ကွင်းထဲသို့ စစ်သည် ရဲမက်ကြီးများက မြင်းများဖြင့် လည်းကောင်း၊ ခြေလျင်တသွယ် တဖွဲဖွဲ ဝင်ရောက်လာကြသည်မှာ တောသူလုံမလေးအဖို့ မျက်စိပသာဒ ဖြစ်နေတော့သည်။ စစ်ဖြစ်ကြစဉ်က တစ်ခါမြင်ဖူးသော်လည်း ယခုကဲ့သို့ စစ်ဝတ်တန်ဆာ အပြည့်အစုံနှင့် မဟုတ်။ ယခုတော့ ဘယ်ကိုကြည့်ကြည့် သစ်လွင်လှပလျက် ခန့်ညား ခမ်းနားနေသည် ဟု ထင်မိသည်။
လူတွေလည်း ကြပ်သထက် ကြပ်လာပြီ။ အသံပေါင်းစုံလည်း ဆူညံနေသည်။ လူငွေ့နှင့် အအေးလျော့လာ၏ ။ မိုးစင်စင် လင်းခဲ့ပြီး ဖြစ်သော်လည်း ပြာသိုဆောင်းက မြူများကိုမူ မသိမ်းသေး။ မြူနှင်းများအောက်၀ယ် စစ်မြင်းကြီးတွေ အသားကျ စီးနင်း လေ့ကျင့်နေကြသည်မှာ ကြည့်လို့ပင် ကောင်းသေးတော့။
တစ်နှစ်တစ်ခါ ကျင်းပမည့် ပွဲတော် ဖြစ်သည့်အပြင် ရွှေဘိုမြို့တည် ပထမဆုံးအကြိမ်လည်း ဖြစ်သဖြင့် တောရောမြို့ပါ လာရောက်ကြသည်မှာ အလွန်စည်ကားလှလေသည်။ သူ့ထက်ငါ အစွမ်းပြကြမည့် စစ်သည်ရဲမက်တို့ကလည်း အထူးပင် တက်ကြွနေကြ၏ ။ မကြာပါ… စည်တော်သံ၊ မောင်းသံများ မြည်ဟီးလာပြီး ဘဝရှင် အလောင်းမင်းတရားကြီး ခမ်းနားစွာ ထွက်တော်မူလာလေသည်။
ဝတ်စုံပြည့်နှင့် ရဲမက်ဗိုလ်ပါများ များပြားစွာ စီတန်းလျက် တစ်စုစီ ကွင်းထဲ ဝင်လာကြ၏ ။ အချို့က သေနတ်ကိုင်လျက်၊ အချို့က ဓားလှံ အသီးသီး စွဲလျက်၊ အချို့က တင်ကျည်း တုတ်ရှည်ကြီးများကို မြေပေါ် ထောက်လျက်၊ အဝတ်များမှာလည်း အပြာ အနီ အစိမ်း အနက် ရောင်စုံ၊ တစ်စုလျင် တစ်ရောင် ဖြစ်သည်။ ရင်စည်းပုဝါများလည်း အဖြူ အနီ ရွှေရောင် ငွေရောင် အစုံ သူ့အဖွဲ့နှင့်သူ စည်းထားကြလေသည်။ ဆောင်းလေအဝှေ့၌ လွန့်လူးသွားကြသော ရဲတံခွန်များကမူ အားလုံး အနီစွေးစွေးချည်း။
သူတို့နောက်မှ ဝင်လာကြသော နန်းတွင်းသူ မောင်းမမိဿံ ရံရွေတော်များကတော့ လုံမလေးအကြိုက်ပင် ဖြစ်သည်။ သူတို့အဝတ်များက ဖြူဖွေး ပြောင်လက်နေသည်။ သူတို့ပန်းများမှာ အစွမ်းကုန် ပွင့်အာနေကြသည် ထင်မိသည်။ သူတို့ရုပ်ရည်များမှာလည်း မြင်ဖူးသမျှတွင် အချောဆုံးများပင် ဖြစ်သည်။ တစ်ယောက်တစ်မျိုးစီ လှကြပါပေသည်။ ဝဝတုတ်တုတ် မိဖုရားခေါင်ကြီး သည်ပင် အလွန် ကျက်သရေ ရှိနေ၏ ။
ဝန်ကြီး အမတ် စစ်သူကြီးများစွာ ခြံရံလျက် ထောင်မောင်းခန့်ညားသည့် ရေမြေ့ရှင် အလောင်းမင်းကြီးသည်လည်း ဗိုလ်ရှုခံ စင်မြင့်တွင် နေရာယူမိပြီ။ တိုင်းသူပြည်သားများမှာ ယခုမှ မြင်ဖူးကြသည်ဖြစ်၍ ဗိုလ်ရှုခံသဘင်ကိုသာ ဝိုင်းကြည့်နေကြလေသည်။ ထိုအထဲကမှ လုံမလေးသည်…
အလောင်းမင်းတရားကြီး၏ အရှေ့ အောက်အဆင့်တွင် ရပ်နေသော စစ်သူကြီး မှူးမတ်တို့အလယ်၌ အနီရောင်ဝတ်စုံ၊ အနက်ရောင် ခါးစည်းဖြင့် ဆံပင်ကို ထုံးထားသော ကျစ်ကျစ်လျစ်လျစ် လူငယ်တစ်ယောက်ကို မြင်သောအခါ…
''အဖွား… အဖွား… ဟိုမှာ ကြည့်စမ်းပါဦး… သမီးတို့ ရှင်ညိုသူကြီး မဟုတ်လား အဖွားရဲ့… သေချာကြည့်စမ်းပါ''
အဖွားက မှုန်တိမှုန်ဝါး မျက်လုံးများကို ကာ၍ ကြည့်ပါသော်လည်း ဟုတ် မဟုတ် မဆုံးဖြတ်နိုင်။ တူတော့ တူသည်။ အနီးရှိ ရဲမက်တစ်ယောက်ကို မေးကြည့်ရသည်။
''ဟဲ့… သူငယ်၊ ဟိုအရှေ့မှာ နီနီနဲ့ ရပ်နေတာ ရှင်ညိုသူလားကွဲ့''
ရဲမက်က လှည့်ကြည့်သည်။ သူတို့ပြရာ ကြည့်ပြီး
''အဲဒါ ရှေ့ဝင်းတော်မှူး မင်းထင်နော်ရထာ ဗျ''
လုံမကလေး ဇဝေဇဝါ ဖြစ်သွားသည်။ နှစ်တွေကြာပြီမို့ သူလည်း သေချာမမှတ်မိ။ သူသိသော မောင်ကြီးနှင့် တူတာပဲ သိသည်။ ရွာမှာရှိစဉ် ဘုန်းကြီးကျောင်းမှ ဆွမ်းခံလာတိုင်း မြင်ဖူးသော မောင်ကြီး၊ တည်ကြည်၍ ပြုံးချိုသော မျက်နှာ၊ ကိုရင်ဝတ်စဉ်ကလည်း အိမ်သို့ ဆွမ်းရပ်လေ့ရှိတာတော့ မှတ်မိသည်။
''သူ့နာမည်က ဘယ်သူတဲ့လဲ ဟင်''
''နာမည်က… ငယ်နာမည်က… အင်း၊ ငစံ ဆိုလားပဲ''
''ငစံတဲ့ ဖွား''
လုံမလေးက အဖွားဖြစ်သူကို လှမ်းမေးတော့ အဖွားက ဝမ်းသာအားရ…
''ဟဲ့… အဲဒါ ရှင်ညိုသူ ပေါ့ဟဲ့။ င တို့ကတော့ ကိုရင်တုန်းက နာမည်ပဲ ခေါ်ကြပေမယ့် သူ့မိဘများက ငစံလို့ မှည့်ခဲ့သမို့လား''
''ဒါ… ဒါဆို… အဲဒီ စစ်သူကြီးက ကိုရင်ငစံပေါ့နော်''
ရဲမက် လန့်သွားသည်။
''ဟာ… ခင်ဗျားတို့ စကားကလည်း၊ ရာဇဝတ်သင့်တော့မှာပဲ။ ဒီနားနေလို့ဖြင့် မတော်ဘူး''
ပြောပြောဆိုဆို နေရာရွှေ့သွားသည်။ ရွှေ့ပေါ့၊ လုံမငယ်က မျက်စောင်းထိုးလိုက်ပြီး ဝမ်းသာအားရ သူတို့ရွာသား တပ်မင်းကြီးအား လှမ်းကြည့်နေသည်။ ရှင်ညိုသူတောင် နေရာရ၍ ရာထူးကြီး ဗိုလ်ကြီး ဖြစ်နေပါပကော။ အလောင်းမင်းတရား၏ ရှေ့ဝင်းတော်မှူးကြီး ဆိုပါလား။ သူတို့မြေးအဖွားကို မြင်လျင် မှတ်မှ မှတ်မိပါရော့မလား။ သွေးကြီး၍ မသိချင်ယောင် ဆောင်သွားမည့်သူမဟုတ် ဟုတော့ မျှော်လင့်မိပါသည်။
မြင်းခင်းသဘင် ပွဲတော်က စတင် ကျင်းပနေပါပြီ။ အလောင်းမင်းတရားကြီး ထရပ်၍ ပုဝါတစ်စကို ပစ်မြှောက်ချလိုက်သည်၌ တံပိုးခရာများ တပြိုင်တည်း မှုတ်၍ ဖွင့်လှစ်လိုက်သည်။ ထို့နောက် မြင်းများ ဝင်လာကြပြီး စီတန်းရပ်လိုက်ကြသည်။ သူတို့ ရှေ့မှာတော့ ရှောက်သီးများကို မြေပြင်ပေါ် စီတန်း၍ ခပ်ကြဲကြဲ ချထားလေသည်။
ဒူ ခနဲ မောင်းထုလိုက်သည်နှင့် မြင်းများ ဒုန်းစိုင်းသွားကြပြီး မြင်းစီးသူရဲများက ရှောက်သီးများကို လှံဖြင့် ထိုးစိုက်ကာ သီယူကြ၏ ။ ပြေးပြေးလွှားလွှား ထိုးထိုးသုတ်သုတ်ဖျတ်ဖျတ်လတ်လတ် မြန်မြန်ဆန်ဆန်။ မြင်းတစ်စီးက ရှောက်သီးကို မထိုးမိဘဲ ချော်သွားသဖြင့် ပြန်လှည့်ကာ ထိုးရင်း ဗိုလ်ရှုခံစင်မြင့်ဆီ တစ်ချက် မျှော်ကြည့်လိုက်သည်ကို ပရိသတ်များ ပွဲကျသွားကြသည်။ 'နေလှန်းခံရတော့မယ်ဟေ့' 'လစာဖြတ်ကွ' 'သဇင်ခက်တော့ မရတော့ဘူး၊ ဆူးခက်ပဲ ရမယ်' စသည့် အားပေးသံများကိုလည်း ကြားရသည်။ ပွဲတော်အား စိတ်ဝင်စားနေသဖြင့် ဗိုလ်ရှုစင်ပေါ်မှ မောင်ကြီးကို လုံမလေး ခဏ မေ့သွားသည်။
နောက် စက်တိုင်ပစ်၊ ခပ်နိမ့်နိမ့် စက်တိုင်ကို ရာထူး ခပ်သေးသေး စစ်သည်များက လှံနှင့် ပြေးထိုးကြသည်။ တဖြည်းဖြည်း စက်တိုင်ပေါ်မှ စက်ကွင်းက မြင့်မြင့်လာသလို ယှဉ်ပြိုင်ကြသည့် ရာထူးကလည်း ကြီးကြီးလာသည်။ မြင်းများဖြင့် အပြေးသွားရင်း လွှတ်လိုက်သည့် လှံသည် လေထဲတွင် ကော့လန်ပျံတက်၍ စက်တိုင်မြင့်ဆီ ထိုးတက်သွားပုံက ကြည့်ကောင်းလွန်းလှ၏ ။ စက်ကွင်းကို ဒုန်းခနဲ လှံစွဲပြီ ဆိုလျင်လည်း ဟေးခနဲ အော်လိုက်ကြသည့် အားပေးသံကြီးမှာ နားတွေပင် အူသည်။
အတောင် ၆၀ လောက် ရောက်သောအခါ စက်ကွင်းကို ထိအောင် ပစ်နိုင်သူ သိပ်မရှိတော့။ ဒါလည်း တစ်မျိုး ရင်ခုန်ရသည်။ ဘယ်သူ ထိမလဲ၊ ဘယ်သူ လူစွမ်းကောင်းဖြစ်လို့ မင်းသမီးကလေးများ၏ ပန်းများ၊ ရွှေကျင်ခတ် ပုဝါများကို ရလိမ့်မလဲ ဆိုတာ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာသည်။ လုံမလေးကတော့ စက်ပစ်ကွင်းကို စိတ်ဝင်စားနေသည့် ကြားမှ ရှင်ညိုသူကိုလည်း ပျောက်သွားမည့်အလား လှမ်းလှမ်းကြည့်နေရသေးသည်။
''အတောင် ၈၀ ဘယ်သူတွေ ထိုးမလဲ''
ဟူသည့် အော်သံကို ကြားရသည်။ မြင်းစီးသူရဲများ လှုပ်လှုပ်ရွရွ၊ ဘယ်သူမှတော့ ထွက်မလာ။ အော်ဟစ်အားပေးသံများကိုတော့ ကြားနေရသည်။
''မင်းလှမင်းခေါင် ထိုးပါ''
''ဟုတ်တယ်.. ဗိုလ်တွန် ထိုးပြပါ''
''နာမည်ကျော် ရဲစက်ကျော်ခေါင်ကို ထိုးခိုင်းပါ''
''မြင်းသင်းခွေ သုံးတောင်မိုက်ကြီးနဲ့ ထိုးရင် မထိဘဲ နေမလားဟ''
''မင့်ဘ… အဲဒီမြင်းက ဘုရင့်မြင်း နတ်ယဉ်ကျော် ဖြစ်သွားပြီကွ၊ အသင်းခံရတော့မှာပဲ''
''ဦးသာတို့ ဦးကောင်းတို့ လက်ရုံးပြပါဗျို့''
ပွဲတော် ဖြစ်သဖြင့် စိတ်လွတ်လက်လွတ် ပျော်ရွှင်နေကြဟန် တူသည်။ ရှင်ဘုရင်ကလည်း ခွင့်လွှတ်ထားသည်။ မည်သို့မျှ မဆို။ အနီးရှိ တစ်စုံတစ်ဦးကို တီးတိုးစကား မိန့်ကြားပြီး မကြာမီ…
မြင်းညိုကြီး ပြောင်ပြောင်နှင့် လူကောင်တောင့်တောင့် ဗိုလ်မင်းကြီးတစ်ဦး ဆင်းလာပြီး မြင်းကို တဟုန်ထိုး စီးကာ လှံလျင် လွှတ်လိုက်သည်။ လှံက စွန်သုတ်ပျံသကဲ့သို့ ဝှန်တက်သွားပြီး ပစ်ကွင်းဆီ အရှိန်ပြင်းစွာ ပြေးသွားလေသည်။
''ဒုန်း''
''ဟေး…………''
''မင်းလှမင်းခေါင် တဲ့ကွ''
သြဘာပေးလိုက်ကြသံများမှာ နားကွဲလု။ လှံက အလယ်မတည့်သော်လည်း အနည်းငယ် လွဲလျက် အတောင် ၈၀ စက်ကွင်းထက်မှာ စူးအားကောင်းကောင်း နစ်ဝင်နေသည်။ ကြိုးနှင့် ရိုက်ဖြုတ်ချတာတောင် တော်တော်နှင့် မကျ။ မြဲနေသဖြင့် ကြိုးဆွဲရဲမက်ကလေးမှာ ဆောင်းတွင်းကြီး ချွေးပြန်သွားရသည်။
ထို့နောက် တစ်ဦးပြီးတစ်ဦး။ အချို့ စွဲကြသည်။ အချို့ လွဲကြသည်။ စွဲလျင် သြဘာပေး၍ လွဲလျင် ဟာခနဲ အသံကြီးနောက်မှာ စနောက်သံများ ကပ်ပါလာတတ်သည်။ မည်သူမျှ စိတ်မဆိုးကြ။ လွဲလျင်လည်း ပရိသတ်ကို လက်ပြ၍ ထွက်သွားကြသည်သာ ဖြစ်သည်။ ပွဲပြီးလျင်တော့ လွဲသူများမှာ အပြစ်ပေး ခံကြရပေလိမ့်မည်။
ကစားနည်းများက မျိုးစုံ။ ဓားရေး၊ လှံရေး၊ တုတ်ရေး၊ မြင်းရေး မျိုးစုံ ပြကြသည်။ အချို့က ဘေးမှ ပစ်ပေးသော ရှောက်သီးများကို သီပြသလို အချို့က ငှက်ပျောပင်ပိုင်းပြတ်ပေါ်မှ ရေအိုးကို ရေမဖိတ်စေရဘဲ ငှက်ပျောပင်ကို ပိုင်းပြကြသည်။ အချို့က သေနတ်စွမ်းရည် လေးစွမ်းရည် ပြကြသည်။ ဘာပဲ လုပ်လုပ် ကြည့်ကောင်းသည်ချည်းပင် ဖြစ်သည်။ တစ်ခုပဲ၊ အစွမ်းပြလိမ့်နိုးဖြင့် သူငယ်မကလေး မျှော်လင့်နေသည့် ရှင်ညိုသူကြီးကဖြင့် တုတ်တုတ်မှ မလှုပ်။
အဖွားကိုပင် မေးမိသည်။
''သူက အဲလိုပဲ ရပ်နေရတာလားဟင်''
''ငါလည်း ဘယ်သိမှာလဲ.. ညည်းနှယ် ကြည့်မှာသာ ကြည့်စမ်းပါ။ အချိန်တန်တော့ တွေ့လိမ့်မပေါ့''
နောက်ဆုံးတွင်တော့ မင်းတရား၏ အမိန့်တော်အရ ရှေ့ဝင်းတော်မှူးကြီး ဆင်းလာရပါပြီ။ အနီရောင် ချပ်ရပ်သော ဝတ်စုံဖြင့် ကွင်းထဲ ဝင်လာသည်ကို မြင်လိုက်သည်နှင့် လုံမလေးလောက် ပျော်သည့်သူ ဤတိုင်းပြည်မှာ ရှိအံ့မထင်။ စစ်သတင်းများတွင်သာ ကြားရသော ဒဏ္ဍာရီဆန်ဆန် လက်ျာဘီလူး၊ မုဆိုးဖိုတပ်ကြီး၏ သူရဲကျော် များစွာထဲကမှ ကြောက်ခမန်းလိလိ ဘီလူးတပ်မှူးကြီး၊ ဝိဇ္ဇာဓိုရ်ကိုပင် အနိုင်ယူခဲ့သော သူတို့ရွာသား ဘုန်းကြီးကျောင်းသားကြီး၊ ကာလသားများ၏ စကားထဲမှာ ညစဉ် ကြားဖူးနေရသော သူရဲကောင်းကြီး ရှင်ညိုသူ ၏ အစွမ်းကို မျက်ဝါးထင်ထင် မြင်တွေ့ရပေတော့မည်။
စစ်သည်တွေကလည်း သူထွက်လာမှ ပို၍ အားတက်ကာ ဆူညံစွာ အော်ဟစ်ကြသည်ဟု ထင်မိသည်။ ပရိသတ်ကလည်း ဘယ်သူလဲ မေးရင်း လက်ျာဘီလူး ဟု သိလာကြသောအခါ မတ်တပ်ရပ် အားပေးကြသည်။ ငယ်ရွယ်ချောမောသော စစ်သည်ကျော်လေးအား သဇင်ပန်းခက်ပေးချင်ကြသည့် မင်းသမီး အပျိုတော်များလည်း မနည်း။ ရှေ့ဝင်းတော်မှူး မင်းထင်နော်ရထာ ဟု ကြေညာစဉ်က လူသိပ်မသိကြသော်လည်း လက်ျာဘီလူး ဘွဲ့ခံ မြင်းရည်တက် 'ညိုသူပြိုင်ကောင်း' ဟု ထည့်သွင်း ပြောကြားလိုက်သောအခါ အုန်းခနဲ အားပေးသံကြီးက ညံသွားသည်။
ထိုလူများကြားမှာ သူငယ်မကလေးသည် တစွေ့စွေ့ခုန်နေရင်း၊ လက်ခုပ်လက်ဝါးများ တီးနေရင်း မျက်ရည်များပင် လည်လာမိလေသည်။
လက်ျာဘီလူးသည် ပြိုင်ပွဲဝင် စစ်သည်များ စီတန်းနေရာသို့ သွား၍ ရပ်လိုက်သည်။ ခါးစည်း မျဉ်းတိုမျဉ်းရှည် ဝတ်လုံ စသည်တို့ကို ချပ်ချပ်ရပ်ရပ် တင်းတင်းရင်းရင်း ရှိမရှိ စစ်ဆေးသည်။ ထို့နောက် လှံကမ်းစစ်သည်တစ်ဦး ယူလာသည့် ဒေါင်းမြီးတပ် အဲမောင်းလှံရှည်ကြီးကို မယူဘဲ လှံလျင်များ ထောင်ထားသည့်ဘက်ကို လက်ညှိုးထိုးပြရာ စစ်သည်က လှံတိုတစ်ချောင်း ယူလာပေး၏ ။
သူက လှံကို မယူမီ အလောင်းမင်းတရား ရှိရာဘက်သို့ လက်အုပ်ချီကာ ဦးညွှတ်လိုက်သည်။ ပြီးမှ ဗိုလ်ရှုခံစင်နှင့် အခြား ပရိသတ်များရှိရာသို့ မျက်လုံး ဝေ့ကြည့်၏ ။ သိကျွမ်းနေပြီဖြစ်သော မင်းသမီးငယ်များက လက်ဝှေ့ယမ်း နှုတ်ဆက်သည်ကို မြင်၏ ။ သူ့အကြည့်က ဗိုလ်ရှုခံသဘင်မှ လွှဲဖယ်လိုက်စဉ် တစ်နေရာအရောက်တွင် ခေတ္တ ရပ်တန့်သွားသည်။
ထို့နောက် ပြေးလမ်းဆီ လျှောက်သွားရင်း မြင်းကြီး တိမ်ပျံကို ဇောင်းမှ ထုတ်ပေးလိုက်ရန် တပည့်ကျော် ငကံကို မျက်ရိပ်ပြလိုက်သည်။ ငကံက ကကြိုးတန်ဆာ ပြင်ထားသော မြင်းနီကျော် တိမ်ပျံကို မြင်းဇောင်းမှ ထုတ်၍ တင်ပါး ပုတ်ပေးလိုက်သည်။
တိမ်ပျံသည် ဇောင်းမှ လွတ်လျင်လွတ်ခြင်း သခင်ဖြစ်သူကို မြင်သည့်အပြင် တင်ပါးပုတ် လွှတ်လိုက်သည်ဖြစ်၍ ပြေးလမ်းပေါ် ဒုန်းစိုင်း ပြေးတက်လာသည်။ လက်ျာဘီလူးကလည်း သူ့မြင်းကို တစ်ချက်ကြည့်၍ ပြေးလမ်းပေါ် အလျားလိုက် ပြေးသွားရာမှ တိမ်ပျံနှင့် ယှဉ်ပြေးရင်း လွှားခနဲ ခုန်တက်သွားလေသည်။ ပရိသတ်မှာ ဝေါခနဲ။ မင်းညီမင်းသားများမှာလည်း အာမေဋိတ်ပြုလျက် ထောပနာပြုကြလေ၏ ။
အမှန်တော့ သူက မြင်းရေးကို တစ်ခါတည်း ပြသွားခြင်း ဖြစ်သည်။ မြင်းရေး ၃၇ ချင်းမှ လျင်ခြင်းကို မျှစေဟန်၊ ဘီလူးဖမ်းဟန် စသည့် မြင်းရေးများကို စစချင်းမှာပင် ထည့်ပြသွား၏ ။ မြင်းနှင့် အတူ ပြေးလိုက်သည်မှာ လျင်ခြင်းကို မျှစေဟန် ဖြစ်ပြီး မြင်းကို ကျော်၍ ရှေ့အနည်းငယ် လွန်လိုက်သည်မှာ လျင်ခြင်းကို လွန်စေဟန် ဖြစ်သည်။ အောက်ပိုးကျိုက်အောက်က ကတ္တီပါဘောင်းဘီနီကို ရဲခနဲ ဝေ့ဝဲသွားအောင် လွှားတက်လိုက်ပုံမှာ ဘီလူးဖမ်းဟန် မြင်းရေးလည်း ဖြစ်နေသည်။
သူက စက်တိုင်ဆီ မရောက်မီ လှံကို
ခြင်္သေ့တန်းစွဲဟန် အနောက်မှာ ပစ်ထား၍ နီးသောအခါ သက်တင်ရေသောက်ဟန် ရှေ့ကို ငိုက်ငိုက်ထားလိုက်သည်။ ကိုယ်ကို ကျုံ့၍ စီးပြသည်။ မြင်းတင်ပါးပေါ် ရပ်၍ စက်တိုင်ကို မျှော်ကြည့်လိုက်သေးသည်။ လှံလျင်ကို ချိုင်းကြားညှပ်၊ ဟင်္သာတောင်ယှက်ဟန် ရှေ့တူရူတည့်တည့်ပြုလျက် ခြေတစ်ဖက်ထောက်ရပ်ထားရင်းမှ မျက်စိကို လက်ကာ၍ ကြည့်လိုက်သေးသည်။ သတ်မှတ်ထားသော နေရာသို့ ဒုန်းပြေး၍ ရောက်လျင် မြင်းဇက်ကို တုံ့ဆွဲကာ ပတပ်ရပ်စေလျက် လှံလျင်ကို လွှတ်လိုက်သည်။
လှံတိုသည် အရှိန်ပြင်းစွာဖြင့် အတောင် ၈၀ ကို ဒိန်းခနဲ စွဲမိသည်။ ဗဟိုကို မထိသော်ငြား မျဉ်းကို ထိုးမိသည်။ ပရိသတ်တွေအသံမျိုးစုံ ထွက်လာကြသည်။
''မြင်းရေးကတော့ ကောင်းပါတယ်။ အဲမောင်းလှံနဲ့ ထိုးရမှာ မဟုတ်ဘူးလား''
''အေးလေ… လှံလျင်နဲ့ စက်သွင်းခွင့်မှ မရှိတာ''
''အဲမောင်းစွမ်းရည် ပြပါတယ်ဆို လှံလျင်ကတော့ ဘယ်သူမဆို ပစ်နိုင်တာပေါ့''
''ဟ… မင်း ဒီလို မပြောနှင့်။ သူ့ကိုယ်လုံးကိုယ်ဖန်နဲ့ အဲမောင်းကြီးကို အတောင် ၈၀ ဘယ်ထိုးနိုင်မလဲ။ သူ ကျွမ်းကျင်ပိုင်နိုင်ရာ သူ ပြမှာပေါ့''
''အေးလေ… သူက ပြိုင်ပွဲဝင်နေတာမှ မဟုတ်တာ။ ရှင်ဘုရင်က အစွမ်းပြခိုင်းလို့ ပြရတာပဲ''
အမြင်တွေကတော့ မျိုးစုံဖြစ်သည်။ ဗိုလ်ရှုခံစင်ပေါ်မှာလည်း ထို့အတူပင် တီးတိုးဝေဖန်နေကြသည်။ အလောင်းမင်းတရားကြီးလည်း မျက်မှောင်တော် ကျုံ့လျက် ရှိချေပြီ။ သူ့လူကို အစွမ်းပြစေလိုပါမှ သင်း လုပ်လိုက်တိုင်းမှာ သည်လိုချည်း ဖြစ်နေသည်။
အမိန့်တော်အရ အဲမောင်းလှံရှည်နှင့် ထပ်ပစ်ပြရန် ပြင်ရပြန်သည်။ လက်ျာဘီလူးက မြင်းပေါ်မှ ဆင်း၍ ခပ်တည်တည်ပင် လှံရှည်များ ထားရာစင်ဆီ လျှောက်သွားသည်။ လှံကမ်းရဲမက်က ပေးသည်ကို ဂရုမပြု။ ၉ ပေခွဲရှိသော အဲမောင်းလှံရှည် ဒေါင်းမြီးတပ်များကို မယူဘဲ ၁၀ ပေခွဲရှိသော နှစ်ဖက်ချွန် သံလှံတံကြီးကို ယူလိုက်သဖြင့် ပရိသတ် ပွဲကျသွားပြန်သည်။
လှံကြီးက အလွန်ရှည်ပြီး နဂါးပတ်ဟန် အမွေးတပ်ထားသည်မှာ အရင်းမှ အဖျားအထိ ဖြစ်သည်။ ထိုအမွေးကို လိမ်ပတ်လိုက်ပြီး လက်ျာဘီလူးက မြင်းဆီမသွားဘဲ ပြေးလမ်းပေါ် တက်သွားသဖြင့် အားလုံးက ဝိုင်းကြည့်နေကြသည်။ သူက ခြေလှမ်းကျဲကျဲ တစ်လှမ်း နှစ်လှမ်း အရှိန်ယူလိုက်ပြီး ထိုနေရာမှပင် အဲမောင်းလှံရှည်ကြီးကို ပစ်တင်လွှတ်လိုက်လေသည်။
ပွဲကြည့်သူအားလုံး ဟင်ခနဲ ဖြစ်သွားသည်။ ကောင်းကင်ကို လွန့်လွန့်လူးလူး ထိုးတက်သွားသော လှံရှည်ကြီးက တရိပ်ရိပ်၊ နဂါးကြီးတစ်ကောင် ပါသွားသလို တလိမ့်လိမ့်။ အလွန်ဝေးကွာသော စက်တိုင်ဆီ ခေါင်းတညိတ်ညိတ် အမြီးတခါခါ ပြေးသွားပြီး ၂၅ တောင် စက်ဝန်းမှာ သွားစွဲမိသည်။
ပရိသတ်မှာ အသံထွက်ဖို့ပင် မေ့နေလေသည်။ လက်ျာဘီလူးကတော့ လှံကို လွှတ်ခဲ့ပြီး လမ်းကြောင်းကြည့်ပြီးသည်နှင့် သူ့နေရာသို့ ပြန်လျှောက်သွားလေပြီ။ နောက်မှ ပရိသတ်အသံက ဝေါခနဲ ထွက်လာသည်။ ဝေဖန်သံများ ပိုကျယ်လာသည် ထင်ရသည်။ သူငယ်မကလေးလည်း နားမလည်တော့။ ရဲမက်များပင် ဆူညံ ပွက်လောရိုက်လျက် ရှိ၏ ။
အကြပ်တစ်ဦးနှင့် တပ်မှူးတစ်ဦး စကားပြောနေသံ ကြားသဖြင့် နားစိုက်ထောင်မိသည်။ ဘုရင်မင်းတြားကြီး ကျေနပ်တော်မူလိမ့်မည် မဟုတ်ကြောင်း၊ သည်အကောင် သည်အတိုင်းပင် စိတ်ထင်ရာ လုပ်တတ်ကြောင်း၊ အပြစ်ပေး ခံရလိမ့်မည်ဖြစ်ကြောင်း၊ ထုံးစံအတိုင်း အကွပ်ခံရမည်တော့ မဟုတ် ဟုလည်း ပါသေးသည်။ သိပ်တော့ နားမလည်လှ။
အလောင်းမင်းတရားကြီး ထရပ်သည်။ တစ်စုံတစ်ခု အမိန့်ပေးသည်။ လက်ျာဘီလူးကို စီးချင်းတိုက်ရန် စေခိုင်းခြင်း ဖြစ်သည်။ အခြေအနေမှာ ရုတ်ခြည်း ပြောင်းလဲသွားသည်။ အလောင်းမင်းတရား ထရပ်လိုက်သည်နှင့် ဆူညံပွက်လောရိုက်နေသော အသံများ တစ်စတစ်စ ချုပ်ငြိမ်းသွားသည်မှာ စီးချင်းတိုက်ရန် ပြင်ဆင်နေကြချိန်တွင်မူ အပ်ကျသံပင် မကြားရတော့။
အများစုက မုဆိုးခြုံဗိုလ် မင်းလှမင်းခေါင် နှင့် တိုက်ရမည် ဟု ထင်မြင်ပြောဆိုနေကြသည်။ ဘယ်လွယ်မလဲ၊ သည်တစ်ခါတော့ နာပြီ ဟူသော အသံများ ကြားရသဖြင့် လုံမကလေး စိတ်ပူလာသည်။ အမှန်ပင် အတောင် ၈၀ ကို ဦးဆုံး ထိုးပြသွားသော ဗိုလ်တွန်ဆိုသည့် လူကြီး ဆင်းလာလေသည်။ အလောင်းဘုရား၏ အကြီးဆုံး စစ်သူကြီးများထဲမှ တစ်ဦးဟု ဆိုကြသည်။ ဘယ်လက်ရုံးကြီး ဟုလည်း ကြားနေရရာ လုံမလေးအပူမှာ ဆိုဖွယ်ရာ မရှိပြီ။
သို့သော် သူတို့နှစ်ဦးမှာ စတွေ့ကတည်းက တိုက်ဖော်တိုက်ဖက် ဖြစ်သည်ဟု ဆိုကြပြန်သည်။ ဗိုလ်တွန်က သူ့လက်အောက်သို့ လက်ျာဘီလူးကို မကြာခဏ ခေါ်လေ့ရှိသဖြင့် သက်ညှာလိမ့်မည် ဟုလည်း ထင်ကြေးပေးနေကြသည်။ လက်ျာဘီလူးကတော့ တကယ်လုပ်မည့်ဟန်ဖြင့် အဖျားတွင် ချိတ်ကောက်ပါသော ချွန်းတောင်းလှံရှည်တစ်ချောင်း၊ အဲမောင်းလှံရှည်ကို မြင်းကုန်းနှီးရှိ လှံထည့်ခြင်းတွင် ထိုးလျက်၊ ဆောင်ဓားနက်ကို ငကံဆီ အပ်လျက် မြင်းပေါ် တက်သွားလေပြီ။
စစ်သူကြီး မင်းလှမင်းခေါင် မြင်းထုတ်ခါနီးတွင်မှ အလောင်းမင်းတရား အမိန့်တော်နှင့် ရဲမက်တစ်ဦး ပြေးလာပြောသဖြင့် မြင်းကို ဇောင်းမှ မထုတ်တော့ဘဲ ဘေးတွင် သွားရပ်နေသည်။ နောက် ဗိုလ်ပုံထဲမှ ဗိုလ်မှူးတစ်ဦး ထွက်လာသည်။ ပွဲကြည့်သူများက သိပ်မသိကြသော်လည်း ခေသူမဟုတ်မှန်းတော့ အသွင်အပြင်ကို ကြည့်၍ သိနိုင်လေသည်။
ကြေညာသည့် အမတ်က မြင်းရည်တက် 'ညိုသူပြိုင်ကောင်း' ဟူသည့် မင်းထင်နော်ရထာနှင့် စီးချင်းတိုက်မည့်သူမှာ 'ခင်ပါးရန်ဖြတ်' ဟူသော ရဲစက်ကျော်ခေါင် ဖြစ်ကြောင်း ဖတ်ကြားလိုက်တော့မှ အသံများ ပြန်ထွက်လာကြသည်။ ရဲစက်ကျော်ခေါင်မှာ လောလောလတ်လတ် ပွဲရထားသူဖြစ်ကြောင်း၊ လက်ျာပျံချီ ငချစ်ညိုက အလောင်းမင်းတရားကို လာတိုက်စဉ် လက်ယာနံပါးမှ ထွက်၍ စီးချင်းတိုက်ရန် လက်ျာပျံချီအား စိန်ခေါ်ဝံ့သည့်သူ ဖြစ်ကြောင်း ကြားသိရသည်။
ခင်ဦးစားကို စိန်ခေါ်ဝံ့သည့် သတ္တိမှာ အာဂယောက်ျားပါပေ။ ဗိုလ်တွန်တို့ပင် လက်ရည်မတူသဖြင့် မတိုက်ရသော လက်ျာပျံချီကို အလောင်းမင်းတရားရှေ့မှ အသက်ပေး၍ ကာကွယ်မည့်သူ ဖြစ်သည်။ ထိုစဉ်က စီးချင်းတိုက်ရန် စီးခဲ့သော မြင်း ဖောင်းဝတ်ဖြူကိုပင် စီးနင်းလျက် ထွက်လာသည်။ အဲမောင်းလှံရှည်တစ်လက်၊ လှံတို ၃ စင်းနှင့် ဆောင်ဓားကို လွယ်လျက် မြင်းပေါ်တက်စဉ် လက်ျာဘီလူးက ဘာမပြော ညာမပြောနှင့် အဲမောင်းလှံရှည် လွှတ်လိုက်သဖြင့် မြင်းပေါ်မှ ပြန်ဆင်းရှောင်လိုက်ရသည်။
ထို့နောက် မြင်းဖောင်းဝတ်ဖြူကို ဝပ်စီးလျက်၊ နဂါးပတ်ဟန် စီးပြလျက် ဒုန်းနှင်လာ၏ ။ လက်ျာဘီလူးကတော့ လှံလွှတ်လိုက်သည့် အနားတွင်သာ မြင်းကို ပတ်ချာလှည့်၍ စောင့်နေသည်။ မနီးမဝေးရောက်၍ ရဲစက်ကျော်ခေါင်က လှံလျင်လွှတ်မှ မြင်းချင်းတည်၍ ဆိုင်မိကြသည်။
ရဲစက်ကျော်ခေါင် လှံလျင်သုံးစင်း ဆက်တိုက်လွှတ်သည်။ စင်လျက်ကျသဖြင့် မထိမပါးသောကြောင့် အဲမောင်းကို ဟင်္သာတောင်ယှက် ရှေ့သို့တည့်မတ်စွာ ကိုင်လျက် ထိုးရန် ပြေးလာသည်။ တည့်တည့်ထိုးတော့မည်မှန်း သိ၍ လက်ျာဘီလူးက ရင်ကို ကော့ကာ မတ်မတ်စီးရင်း မြင်းကို မထိခိုက်မိစေရန် ခပ်စောင်းစောင်း အနေအထားသို့ ပြင်လိုက်၏ ။ ပရိသတ်များမှာ ရင်တထိတ်ထိတ်ဖြင့် စီးချင်းတိုက်ပွဲကို ကြည့်နေရသည်။
လက်တစ်ကမ်းအကွာအဝေး ရောက်သော် ရဲစက်ကျော်ခေါင်က လက်ကို ဆန့်လျက် လှံနှင့် ထိုးသည်ကို လက်ျာဘီလူး ကိုယ်ကို ခါးပေါ်လှည့်ဝိုက်၍ သဲထိတ်ရင်ဖို ရှောင်တိမ်းသွားသည်။ ချွန်းတောင်းကတော့ ထိုးချိန်မရသဖြင့် နောက်ပို့ထားသည့်ဟန်။ သို့သော် မြင်းချင်း လွန်သွားတော့မှ လက်နောက်ပြန်ဖြင့် ရဲစက်ကျော်ခေါင်ဘက်သို့ ချွန်းတောင်းကို လွှဲချိတ်လိုက်သည်။
အဖျားရှိ ချိတ်ကောက်က ရဲစက်ကျော်ခေါင် ရင်ဝကို ချိတ်မိကာ မြင်းပေါ်မှ ဆောင့်ဆွဲချလိုက်သလို ဖြစ်သွားသည်။ မြင်းဖောင်းဝတ်ဖြူပေါ်မှ ကျ၍ ရင်ကို ချွန်းတောင်းစိုက်လျက် ရှိ၏ ။ ထိုအတိုင်း တရွတ်တိုက် ပါလာလေသည်။ အလွန် ရက်စက်သော မြင်ကွင်းဖြစ်၍ အမျိုးသမီးများ မကြည့်ဝံ့တော့ဘဲ မျက်နှာကို လက်ဖြင့် ကာထားကြရသည်။
လက်ျာဘီလူးက နောက်ပြန် လှည့်မကြည့်ဘဲ မြင်းနှင့် အနည်းငယ် ဆွဲသွားပြီးမှ မြင်းပေါ်မှ ဆင်းကာ ရဲစက်ကျော်ခေါင်ရှိရာ လျှောက်သွားသည်။ ရဲစက်ကျော်ခေါင်ကို လက်ကမ်း ဆွဲထူလိုက်ရင်း
''စီးချင်းတိုက်တယ် ဆိုတာ လက်ရုံးချင်း ပြိုင်တာမဟုတ်ဘူး။ နှလုံးရည်ချင်း ပြိုင်မှ အသာရတယ်။ ရောင်းရင်း အဲဒီလောက် ရိုးရင် စီးချင်းမတိုက်သင့်ဘူး''
ရဲစက်ကျော်ခေါင်က သွေးထွက်နေသော ရင်ကို ဖိလျက် သူ့လက်မောင်းကို ပုတ်သည်။ ရန်ငြိုးရန်စ မထားကြ။ နှစ်ဦးသား မြင်းကိုယ်စီ ဆွဲလျက် ပြန်လှည့်လာကြရာ နှစ်ထောင်းအားရ ဖြစ်နေသော ပရိသတ်များက အလုအယက် ပန်းများ ပုဝါများ ဦးပေါင်းထုပ်များ ပစ်ချကြသည်။ လက်ျာဘီလူးက သဇင်ခက်များ ဝေဝေဆာဆာ လှုပ်ခါပြလျက် ကြိုနေကြသော အပျိုတော်များရှိရာ မသွားဘဲ ဗိုလ်ရှုခံ စင်မြင့်ဘေး လျှောက်သွားပြီး
''ဟော ဟိုက လုံမငယ်က အဖွား ဒေါ်မြမှီ မြေး မဟုတ်လား။ ဘေးက ဖွားမှီလား လို့''
ဟု နှုတ်ဆက်လိုက်ရာ လုံမကလေးမှာ ဝမ်းသာလွန်း၍
''ဟုတ်တယ် မောင်ကြီး… ကိုရင်ညိုသူကြီး ခင်မိတို့ကို မှတ်မိသေးတယ်နော်''
ဟု အော်ဟစ်လျက် တစ်ခုခု ပေးရန် ရှာ၏ ။
သူ့မှာ သဇင်ခက်လည်း မရှိရှာ၊ ပုဝါကလေးပင် ပါမလာ။ ခေါင်းမှာ ပန်လာခဲ့သော ခွာညိုပန်းလေးကို သတိရသဖြင့် ဖြုတ်၍ ပစ်ပေါက်လိုက်သည်။ မရောက်။ အနီးအနားက လူများက ရယ်၍ လက်ဆင့်ကမ်း ပေးကြသောကြောင့် လက်ျာဘီလူးထံ ရောက်သွားသည်။ လက်ျာဘီလူးက ဦးဆံကို ဖြည်၍ ရာသီပန်းကို နားတွင် ပန်လိုက်သည်။ ပွဲကြည့်သူများက ဟေးခနဲ အော်လိုက်ကြသည်။
မိမိတို့ကို ကျော်၍ တောသူမကလေးတစ်ယောက်၏ ပန်းကို ဆင်မြန်းလာသော ရှေ့ဝင်းတော်မှူး မင်းထင်နော်ရထာအား မောင်းမမိဿံများက ဆူပွပွဖြင့် သိပ်မကြည်ကြသော်လည်း လက်ျာဘီလူးကမူ ပြုံးစိစိဖြင့် ဖြတ်လျှောက်လာသည်။ မင်းတရားကြီးက အမိန့်တော် မှတ်သည်။ 'ငစံငယ်ကို သုံးရက် နေလှန်း' ဟူ၍။
ခင်မိတို့သည် ပွဲဆက်ကြည့်နေကြသဖြင့် ရှင်ညိုသူ ပွဲကြည့်စင်ပေါ် ပြန်တက်မလာသည်ကို သတိထားမိသော်လည်း ဘယ်ရောက်သွားသည်ကိုမူ မသိလိုက်ကြ။ သူ့အလှည့် တာဝန်ပြီး၍ အနားယူနေသည်ဟုသာ ထင်မိသည်။ လူသူအများကြီးကြားတွင်မှ နာမည်ကြီးသူရဲကျော်တစ်ဦးက သူ့ကို အရေးတယူလုပ်ကာ သူပေးသည့်ပန်းကို ပန်သွားသည့်အတွက် ခင်မိကလေး၏ မျက်နှာမှာ ပျော်တပြုံးပြုံး။ အဖွားဖြစ်သူမှာလည်း ဂုဏ်ယူသည့် လေသံဖြင့် မွန်တို့ကို တိုက်၍ ထွက်ပြေးသွားသည့် ဘုန်းကြီးကျောင်းသား ခေါင်းဆောင် သူငယ်လေးအကြောင်း အနားရှိ လူများအား ပြောပြနေလေသည်။
''ဓားကိုင်ထားတဲ့ မွန်စစ်သားနှစ်ယောက်ကို ထမ်းပိုးနဲ့ ဝင်ပြီး ရိုက်ပစ်လိုက်တာမှအေ.. ခြေလက်တွေ သွင်သွင် ကျိုးရော''
သူကိုယ်တိုင် မြင်ခဲ့သလို ပြောနေသည်ကို လူအများက ယုံနေကြသည်။ သူ့ရွာက သူတို့အမျိုးလိုလို ဘာလိုလို ပြောနေသည်ကိုး။ နတ်ဆရာကြီး ဦးမင်းသိုက်တို့ လူစုကို ဘီလူးတပ်နှင့် တိုက်ဖျက်ပစ်တာလည်း ပါသည်။ ဟုတ်သည် မဟုတ်သည် အပထား၊ ယခုတော့ ကြွားရသည်မှာ ဖွားမှီအဖို့ အရသာရှိလှပြီ။
နေမွန်းတိမ်း၍ ပွဲသိမ်းချိန် နီးတော့မှ ခင်မိက ပြန်ရအောင် ဆိုသဖြင့် မြင်းခင်းသဘင်ကွင်းမှ ထွက်လာခဲ့ကြသည်။ မင်းတရားကြီးလည်း မရှိတော့ပြီ။ လူလည်း အတော် လျော့သွားပြီ ဖြစ်သည်။ ဆုတွေ ပေးသည့်အထဲမှာလည်း လက်ျာဘီလူးကို မတွေ့ကြရ။ သူက ပြိုင်တာမှ မဟုတ်ဘဲ… စွမ်းရည်ပြရုံပဲ၊ ပြိုင်စရာ မလိုဘူး၊ ဒါ့ကြောင့် ဆုမရတာ နေမှာပေါ့ ဟု မြေးအဖွားနှစ်ယောက် ပြောလာကြရင်း အပြင်အရောက်…
''ဟင်'' ''အလို''
ဟိုးမှာ ကွင်းပြင်ထဲ တစ်ယောက်တည်း ရပ်နေတာ ရှင်ညိုသူ မဟုတ်ပါလား။ လုံမလေးက အပြေးတစ်ပိုင်း ပြေးသွားပြီး
''ကိုရင် ဒီမှာ ဘာလုပ်နေတာလဲ။ ခင်မိတို့ကို စောင့်နေတာလား''
ဟု ဝမ်းသာအားရ နှုတ်ဆက်လိုက်လေသည်။ အဖွားဒေါ်မြမှီလည်း ရောက်လာပြီး နှုတ်ဆက်နေကြသဖြင့် အဖြစ်မှန်ကို မပြောသာ။ လက်ျာဘီလူးမှာ ရယ်၍သာ နေရသည်။ သူတို့ ပြောချင်ရာ ပြောကြပြီးမှ
''မဟုတ်ပါဘူး ဖွားတို့ရဲ့။ ကျုပ်က ဒဏ်ပေးခံထားရတာပါ။ အမိန့်မနာခံလို့လေ''
''အို… ဟုတ်လား''
ထိုအခါမှ ခင်မိတို့ ကိုယ်ရှိန်သတ်သွားသည်။ စိတ်မကောင်းဟန်လည်း ပေါက်သွားကြသည်။ လက်ျာဘီလူးက ကြည်ကြည်လင်လင် ရယ်လျက်
''ဒါမျိုးက ရိုးနေပါပြီဗျ။ ခဏပါ။ မကြာပါဘူး။ ဖွားတို့လည်း နေပူနေလှရော့မယ်။ ထမင်းရော စားခဲ့ပြီးကြပြီလား။ ဟေ့ ငကံတို့ ငရွှေတို့… ဖွားတို့ မြေးအဖွားကို မြင်းရထားနဲ့ လိုက်ပို့လိုက်ကြစမ်းကွာ။ ထမင်းတွေ ဘာတွေလည်း သေချာ ကျွေးမွေးလိုက်။ မြို့ပြင်မှာ လှည်းစီစဉ်ပြီး တကောင်းမလည်ထိ လိုက်ပို့ခိုင်း။ ကျုပ်လည်း အရေးတော်တွေ ပြီးရင် ရွာ ပြန်လာပါဦးမယ်။ ရွာကလူတွေလည်း သတိရကြောင်း ပြောပေးပါ။ ကျုပ်ကြောင့် မီးလောင်သွားတဲ့ ဘုန်းကြီးကျောင်းလည်း ပြန်ဆောက်ဖို့ ငွေစုနေပါတယ်။ ပြည့်ရင် လူလွှတ် ဆောက်ခိုင်းလိုက်ပါ့မယ်။ ဆရာတော်ကိုလည်း သတိရကြောင်း လျှောက်ပေးပါနော် အဖွား''
ရှေ့ဝင်းတော်မှူး ဖြစ်နေသော်လည်း ကိန်းကြီးခန်းကြီး မနိုင်သော ရှင်ညိုသူကို ကြည့်၍ သူတို့ ဝမ်းသာရမည်လား၊ နေလှန်းခံထားရသည်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရမည်လား မဝေခွဲနိုင်ကြ။ ခင်မိတို့ မပြန်မီ စစ်သူကြီး ဦးကောင်းတို့၊ ဦးသာတို့၊ ဦးတွန်တို့ ရောက်လာကြသည်ကိုလည်း တွေ့ရသည်။ လက်ျာဘီလူးကို ဆူလည်းဆူ၊ အားလည်း ပေးကြသည်။ ဗိုလ်တွန်ကမူ အလွန်အားရသည် ဆို၍ ကျောကို ကော့နေအောင် တဗြန်းဗြန်း တီးလိုက်သေးသည်။
''မင့်ကို ပန်းပေးတာ သည် သူငယ်မလေးလား ဟိတ်၊ အချောလေးပဲ။ ဆယ့်လေးငါးနှစ် ရောက်ရင် နန်းတော်ထဲ လာမလား။ နင်တို့ ငညိုသူကိုလည်း တွေ့ရတာပေါ့''
သူတို့မြေးအဖွား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။
''မဖြစ်ပါဘူး ဦးရီးရယ်၊ ရွာမှာ တခြား ဆွေမျိုးသားချင်းလည်း မရှိပါဘူး။ ကျွန်မမှာ ဒီအဖွားပဲ ရှိတာ.. ကျွန်မ မရှိလို့မဖြစ်ပါဘူး။ အဖွားကို လုပ်ကျွေးရပါဦးမယ်''
''ကျေးဇူးတင်ပါတယ် မောင်ရင်တို့ရယ်။ အဖွားရွာမှာပဲ အေးအေးချမ်းချမ်း စိုက်ခင်းလေးတွေ စိုက်ပြီး စားလို့ရပါတယ်။ ခုလည်း လုံမလေးက ရွှေမြို့တော် မရောက်ဖူးတာရယ်၊ မြင်းခင်းသဘင်ပွဲ ရှိတာရယ်၊ ရှင်ညိုသူ သတင်းကြားတာနဲ့ ကြည့်ချင်တာရယ်ကြောင့် အတင်းပူဆာလို့သာ ထွက်လာရတယ်။ လူမရှိလို့ စိုက်ခင်းတွေ ဘေးအိမ်ကကြက် ယက်ကုန်ပြီလားတောင် မသိဘူး''
ရိုးသားသော မြေးအဖွားအား ကြည့်၍ ဗိုလ်မှူးတစ်သိုက် ရယ်ကြသည်။ လက်က်ျာဘီလူးက
''ဖွားတို့ သေချာသာ ကြည့်သွား။ ဟောဒါက အလောင်းမင်းတရားကြီးရဲ့ ညာလက်ရုံးတော်ကြီး ဦးကောင်း တဲ့။ ဒါက ဘယ်လက်ရုံး ဗိုလ်မှူးကြီး ဦးတွန် တဲ့။ ကုန်းဘောင်နိုင်ငံတော်မှာတော့ သူတို့နှစ်ယောက်က အကြီးဆုံးပဲ။ ဟောဟိုက စစ်သူကြီး ဦးသာတဲ့။ မင်းဆွေမင်းမျိုး တော်တယ်။ ရွာကျ ဗိုလ်မှူးကြီးတွေ တွေ့ခဲ့ကြောင်း လည်ပြောပေါ့''
သူ့စကားကို ရယ်ကြပြန်သည်။ အညာနေပူပူအောက်မှာ ရယ်နေနိုင်သော စစ်ဗိုလ်ချုပ်ကြီးများကို ကြည့်၍ သူတို့ အံ့သြနေရသည်။ မကြာမီ ဗိုလ်မှူးများ ပြန်သွားကြသလို ဖွားမှီတို့ မြေးအဖွားလည်း ပြန်ခဲ့ကြသည်။ ကွင်းပြင်ထဲမှာတော့ ပန်းပန်လျက် ရပ်နေသော ရှေ့ဝင်းတော်မှူးကြီး မင်းထင်နော်ရထာ ဘွဲ့ခံ လက်ျာဘီလူး တစ်ဦးသာ နေရောင်ကို လက်ကာရင်း ရယ်ကျဲကျဲနှင့် ကျန်ရစ်ခဲ့လေသည်။
Written by သင်္ခရာဇာ
End date: July 9, 2021