Translate

Showing posts with label ရဲခေါင်. Show all posts
Showing posts with label ရဲခေါင်. Show all posts

ရဲခေါင် (ဇာတ်သိမ်း)

ခံတပ်ဗိုလ် မင်းထင်မင်းလှရဲခေါင်သူရိန်က မင်းကြီး မဟာသမိန်ဗရမ်းကို လျှောက်၏ ။

"မင်းကြီး ယခု ခံတပ်ကို စွန့်ခွာ ထွက်သွားတော်မူ၊ ကျွန်တော်မျိုးတို့ ကြိုး၍ ခံနှင့်မည်။ ကွေ့ချောင်းခံတပ်လည်း ကျခဲ့ပြီ။ မကြာမီ စစ်နှစ်ဖက် ညပ်တော့မည်။ မင်းကြီးမှာ လက်နက်ချ အညံ့ခံရမည့်သူ မဟုတ်၊ တိုင်းရင်းသားတို့ကို စုရုံးကာ မိစ္ဆာကုလားတို့ကို တွန်းလှန်ရန် ယခု ရှောင်ရှားတော်မူပါ"
မင်းလက်ဝါးက ငြင်း၏ ။ ခံတပ်တော်ကြီးနှင့်အတူ ကျဆုံးသည်အထိ တိုက်မည် ဆိုနေရာ ဗိုလ်ရဲတို့ ဗိုလ်အများက ဝိုင်းဝန်းဖျောင်းဖျ နားချလျက် မြင်းပြင်စေကာ မင်းကြီးနှင့် အလုပ်အကျွေး တစ်ဆယ်ကို အလျင်အမြန် ထွက်သွားစေ၏ ။ မင်းလက်ဝါးကြီး ထွက်သွားလျင် သွားချင်း အင်္ဂလိပ်တပ်များ ရောက်ရှိလာပြီး စတင် ပစ်ခတ်ကြတော့သည်။ မြန်မာတို့ကလည်း နောက်ဆုံးတိုက်ပွဲအဖြစ် ပြင်းထန်စွာ ခုခံကြသောကြောင့် မထင်မှတ်ဘဲ နှစ်ဖက် တိုက်ခိုက်မှုမှာ အားကောင်းလှလေသည်။
မြန်မာတို့သည် မထိရောက်သည့် မြစ်တွင်းမှ စစ်သင်္ဘောအုပ်ကို ပြန်လှန်ပစ်ခတ်ခြင်း မပြုကြတော့ဘဲ ခံတပ်ကို ဝင်စီးရန် အမြောက်သေနတ် တဖျောဖျောပစ်ခတ် တက်လာသည့် ကြည်းတပ်ကိုသာ တိုက်ခိုက်ကြသည်။ အင်္ဂလိပ်စစ်သားများ ခံတပ်ကြီးပေါ် ပြေးတက်လာချိန်တွင်မူ သူရဲပြေးပေါ် ရှိနေသော လက်ရွေးကြီး လှေသင်းဗိုလ် ဦးရွှေမောင်အား ဗိုလ်ရဲက
"ဗိုလ်မင်းလည်း ဆုတ်တော့၊ ခံတပ် ပေါက်သွားပြီ။ မရတော့ဘူး၊ ကျွန်တော်မျိုး ရအောင် ခံနှင့်မယ်။ ဗိုလ်မင်းတို့ အလွတ်ခွာချေတော့"
ဟု ဆိုလျက် အော်ဟစ်ကာ အနောက်မျက်နှာမှ တက်လာသည့် ရန်သူတပ်တွင်း ပြေးဝင်သွားသည်။ ရန်သူတို့က မုဆိုးဒူးထောက် ထိုင်လိုက်ကြပြီး သေနတ်များစွာဖြင့် တစ်ပြိုင်နက် ပစ်ခတ်ကြရာ နောက်လိုက်နောက်ပါ သူရဲတော်တို့ အထွေးထွေး ကျဆုံးရလေသည်။ ဗိုလ်ရဲကတော့ ထိမှန်နေသည့် ကျည်ဆံများကို အမှုမထားဘဲ ခုန်ဝင် ခုတ်ချလိုက်သောကြောင့် အခြေနေ မဟန်မှန်း သိလျင် ကြေးစားစစ်သားတို့ ခံတပ်ပေါ်မှ ဆင်းပြေးကြကုန်၏ ။
အချို့ကလည်း ဤသူသည် ဘုရားသုံးဆူအနီး၌ ဝိုင်းဝန်းပစ်ခတ်နေသည့်ကြားမှ အတင်းဝင်၍ လူသုံးယောက်ကို ခုတ်ချသွားသည့် ဗိုလ်မှန်း သိနေကြသလို အချို့ကမူ ကွေ့ချောင်းခံတပ် ကမ်းပါးကြီးပေါ်မှ ခုန်ချသွားသော သူရဲဟု သိလိုက်ကြ၏ ။ မည်မျှ ပစ်ခတ်သည်ဖြစ်စေ အထိအခိုက် မရှိသူ ဟု ကြောက်လန့်နေကြပေပြီ။ မင်းထင် မင်းလှရဲခေါင် သူရိန်လည်း ခံတပ်ပေါ်မှ ခုန်ချသွားပြီ။ တပ်ထိပ်၌ ဗိုလ်ရဲ တစ်ဦးတည်းသာ ကျန်နေချိန် အဝေးမှ ပစ်လိုက်သော အမြောက်ဆံက သူ့တည့်တည့် ကျရောက် ပေါက်ကွဲသွားသည်။ ဗိုလ်ရဲသည် လွင့်စင်သွားပြီး အောက်က ကြည့်နေသူတို့၏ မြင်ကွင်းမှ ပျောက်သွား၏ ။
ကိစ္စတုံးပြီဟု ထင်လိုက်ကြသော်လည်း ယမ်းငွေ့ ဖုန်ငွေ့များကြားတွင် ပေါ်လာပြန်သည်။ ဗိုလ်တစ်ဦးက အမိန့်ပေးလိုက်သဖြင့် လှေကားများမှ တက်လာကြသူများကို သူက လှေကားထိပ်မှ နေ၍ ခုတ်ချသည်။ သူ့တစ်ကိုယ်လုံး ဖုန်များ သွေးစေးများ ကပ်နေပြီး ကိုင်ထားသည့် ဓားနှစ်လက်မှာ ခွာ၍ပင် မရတော့။ အစောက်မြင့်ကာ ဗျက်ကျဉ်းလှသော လှေကားထစ်များကလည်း စစ်ဖိနပ်ရှည်များနှင့် တက်ရန် ခက်ခဲလှသည်ဖြစ်ရာ သူရှိနေရာသို့ မည်သူမျှ တက်မလာဝံ့တော့ဘဲ ခပ်လှမ်းလှမ်းမှသာ ဝိုင်းရံထားတော့သည်။
တဖြည်းဖြည်းနှင့် ခံတပ်ကြီးထဲသို့ နယ်ချဲ့တပ်များ ပြည့်နှက်လာပြီး ခုခံသူတို့ ကျဲပါးသွား၏ ။ အများစုမှာ သေဆုံးကုန်ပြီ ဖြစ်ကာ ကျန်ရစ်သူတချို့တစ်ဝက်မှာလည်း သုံ့ပန်းများအဖြစ် ဒဏ်ရာပြင်းစွာနှင့် အဖမ်းခံလိုက်ကြရသည်။ အမြောက် သေနတ်သံများ ကျဲပါးသွားပြီဖြစ်၍ မြစ်လယ်မှ ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ် ဦးဆောင်သော စစ်သင်္ဘောများ ကမ်းကပ်လာပြီး ဗိုလ်အချို့ကို ခံတပ်သိမ်းရန် စေလွှတ်လိုက်လေပြီ။
ပရင်ဒါဂတ်၏ အမိန့်ဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး ဂျူရီသည် မြင်းဖြူကြီးကို စီးလျက် ကြွားကြွားရွားရွား ဆင်းလာခဲ့၏ ။ ခံတပ်ပြင်ပမှ ဗိုလ်တစ်ဦးအား
"ဟေ့.. အားလုံး ရှင်းလင်းပြီးပြီ မဟုတ်လား"
ဟု မေးလိုက်ရာ စစ်ဗိုလ်က
"ပြီးတော့ ပြီးပါပြီ၊ လူတွေလည်း ကြိုးတုပ်ထားပြီ။ ခံတပ်ကိုလည်း ရပြီ။ ဒါပေမယ့်.."
"ဒါပေမယ့် ဘာဖြစ်လဲ"
"လူတစ်ယောက် ကျန်နေသေးတယ်"
"ဟေ"
"ဟုတ်ပါတယ်။ ခံတပ်ပေါ်မှာ မြန်မာတစ်ယောက် လက်နက်မချသေးဘဲ ထိုင်နေတယ်"
"မချသေးရင် ဝိုင်းဖမ်းပြီး ချခိုင်းပေါ့ကွ"
"ချခိုင်းလို့ မရဘူး။ အကပ်မခံဘဲ ဓားနဲ့ ဆီးခုတ်ချနေလို့"
"ဒါဆို သေနတ်နဲ့ ပစ်ချလိုက်ပေါ့၊ ဘာခက်လို့လဲ"
အင်္ဂလိပ်စစ်ဗိုလ်က ပြောရခက်နေ၏ ။
"ဟို.. သေနတ်နဲ့ ပစ်လို့လည်း မရဘူး"
"ဘာ! ဘာလို့ ပစ်မရတာလဲ"
"ဝိုင်းပစ်ခံရတာကိုတောင် ဘယ်လိုမှ မနေဘူး။ ကျည်ဆံတွေကလည်း သူ့ကို မပေါက်ဘူး"
"ဟုတ်လား၊ အခု သူက ဘယ်မှာလဲ"
"ခံတပ်ပေါ်မှာ၊ အခုတော့ မောလို့ နားနေတယ်။ အမောပြေရင် လိုက်ခုတ်လို့ အပေါ်မှာလည်း တစ်ယောက်မှ မနေရဲဘူး"
"ဘယ်လို ပုံစံလဲ"
"တစ်ကိုယ်လုံး ဆေးတွေ ခြယ်ထားပြီး အဝတ်ဆိုလို့ လုံချည်တစ်ထည်ပဲ ခါးတောင်းကျိုက်ထားတယ်။ အသားညိုညို ပိန်ပိန်ပါးပါးပဲ"
"ငါ သိပြီ"
ဆို၍ ဂျူရီက ပြုံးလိုက်သည်။ မြင့်မားလှစွာသော ကွေ့ချောင်းခံတပ်ကြီးပေါ်မှ ခုန်ချ၍ မြစ်ကို ဖြတ်ကူးကာ ဝိုင်းပစ်နေသည့်ကြားက ထထွက်သွားသူ ဖြစ်ရမည်။ ထိုသူ၏ ဇွဲ လုံ့လ ဝီရိယနှင့် ကြိုးစားမှုမှာ မြန်မာတို့၌ တွေ့ရခဲသည့် ထိပ်တန်းအဆင့်တွင် ရှိ၏ ။ သို့သော် စိတ်ဓာတ်ပြင်းပြလှသဖြင့် ခံတပ်တစ်ခုလုံး ကျသွားသည့်တိုင် အညံ့မခံသေး။ လူကလည်း တုတ်ပြီး ဓားပြီး သေနတ်ပြီးသည် ဆိုသည့် အစားထဲက ဖြစ်လိမ့်မည်။
ဂျူရီသည် ထိုသို့ ဓားမဝင် ကျည်မပေါက်သည့် ဆေးမျိုး ရှိသည်ဟု ကြားဖူးခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သေး။ ယခုတော့ မျက်ဝါးထင်ထင် မြင်ရပေတော့မည်။ ဤသို့ ခက်ထန် ရိုင်းစိုင်းသော၊ စိတ်ဓာတ်ပြင်းထန်သော၊ သို့မဟုတ် စွမ်းရည် တစ်မျိုးမျိုး ရှိသော မြန်မာတို့ကိုမူ သူသည် အကြိမ်များစွာ တွေ့ခဲ့၊ ကိုင်တွယ်ခဲ့ရဖူး၏ ။ အကြမ်းနည်းနှင့် မရလျှင် အနုနည်းဖြင့် မြှူဆွယ်က မြန်မာတိုင်းရင်းသားတို့မှာ မခံနိုင်။ အများစုမှာ ရွှေငွေစည်းစိမ် ရာထူးရာခံနှင့် မျှားလျင် ပါကြရတော့သည်။
ယခုလည်း ကျည်မတိုးသည့် ထိုသူအား သူက မြင်ချင်သည် ဆို၍ မြင်းဖြူကြီးနှင့် ဒုဗိုလ် ဂျူရီ ခံတပ်တွင်း ဝင်လာသည့်အခါ အောက်မှ သေနတ်တပ်သားများက ဝိုင်းပစ်ပြရ၏ ။ မြောက်မြားစွာသော သေနတ်များက တစ်ချက်မှ မထိမှန်သည်တော့ မဟုတ်တန်ရာ၊ သို့သော် မြန်မာလူမျိုးမှာ ထိုင်ရာက မထဘဲ သူ့ကို ပစ်ခတ်နေကြသည်တို့အား အေးအေးလူလူ ကြည့်နေလေ၏ ။
ဂျူရီက ပေရေစုတ်ပြတ်လျက် တိရစ္ဆာန်တစ်ကောင်နှင့် တူနေသော ဗိုလ်ရဲထံသို့ မြင်းကို ကျနလှပစွာ စီးသွားလိုက်ပြီး ခပ်ဝေးဝေးမှ အော်ပြော၏ ။
"ဟေ့.. မောင်မင်း၊ ခုခံနေလည်း အလကားပဲ။ ခံတပ်တစ်ခုလုံး ကျနေပြီပဲ။ အညံ့ခံပါတော့လား။ မင်းကို ငါတို့ မသတ်ပါဘူး"
စကားပြန်တစ်ဦးက လိုက်အော်ပေးသံကြားလျင် ဗိုလ်ရဲသည် စိတ်ဝင်စားသည့် ဟန်ဖြင့် ထ လာ၏ ။ ထို့နောက် လှေကားထိပ်လက်ရန်းကို ခြေတစ်ဖက် တင်လိုက်ကာ
"ဘာပြောတာလဲ၊ သိပ်နားမလည်ဘူး။ ပြန်ပြော"
ဂျူရီက စကားပြန်အား အင်္ဂလိပ်အစိုးရမင်း လက်အောက်သို့ ခိုဝင် အမှုထမ်းပါက ရာထူးကြီးကြီးနှင့် လစာကောင်းကောင်း ပေးမည်ဖြစ်ကြောင်း ပြောခိုင်းလိုက်သည်။ မှုန်ကုပ်ကုပ်နှင့် ဖြစ်နေခဲ့သော ဗိုလ်ရဲ၏ မျက်နှာသည် ကြည်လင်လာပြီးလျင်
"ခံတပ် ကျတာ ကျုပ်လည်း သိပါတယ်။ ကျုပ်က စဉ်းစားနေတာ၊ ဒါပေမယ့် ရန်သူထံမှာလည်း အညံ့မခံချင်ဘူး။ ကျုပ်ထက် သူရသတ္တိနဲ့ ပြည့်စုံတဲ့ လူရဲ့ လက်အောက်မှာပဲ နေလိုတယ်"
ဂျူရီက ဗိုလ်ရဲစကား နားထောင်၍ သူ့အကြံ အောင်ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ မြန်မာများမှာ သည်လိုချည်း ဖြစ်၏ ။ သူ့ထက်စွမ်းလျင် သခင်အဖြစ် အသိအမှတ် ပြုတတ်သည်။ ကျိုးနွံ သစ္စာခံလေ့ ရှိကြသည်။ သူကလည်း သူရသတ္တိပြောင်မြောက်စွာ တိုက်ပွဲများ တိုက်ခဲ့သဖြင့် ဒုတိယဗိုလ်မှူးကြီးအထိ ဖြစ်လာခဲ့ကြောင်း ပြလို၍
"ဒါဆို မောင်မင်း သစ္စာခံရမယ့်သူဟာ တခြားမဟုတ်ဘူး။ ကျုပ်ပဲ။ ကျုပ်ကို သတ္တိကောင်းလွန်းလို့ ရေတပ်မှာ မိုက်ရူးရဲ ဂျူရီ လို့ ခေါ်ကြရတယ်"
"ဟုတ်ပြီ၊ ခင်ဗျား တကယ် သတ္တိကောင်းတယ် ဆိုရင် ကျုပ်ကို ကိုယ်တိုင် လာခေါ်ပါ။ ကျုပ်ကို ယုံကြည်ရင် လှေကားခြေရင်းအထိ လာခဲ့ပါ။ သည်လောက်မှ သတ္တိမရှိရင်တော့ ခင်ဗျားလက်အောက် အမှုမထမ်းဘူး"
ဗိုလ်ရဲ၏ စကားကို ပြန်ပြောရန် စကားပြန်က တုံ့ဆိုင်းနေ၏ ။ ဂျူရီ မေးတော့မှ ပြောပြပြီး မသွားရန် တားသည်။ ဂျူရီက ဗိုလ်ရဲကို အကဲခတ်လိုက်၏ ။ သူ ဝင်လာစက ကဲ့သို့ မျက်ထောင့်နီကြီးနှင့် မဟုတ်တော့၊ ကြည်လင် ပြုံးရွှင်သော မျက်နှာနှင့် ဖြစ်နေပြီ။ အနာဂတ်ကို စိတ်အေးသွားရသည့် တိုင်းရင်းသားများ ပျော်ရွှင်သွားပုံမျိုး ဖြစ်၏ ။ ထို့ကြောင့် မထီတရီ ပြုံးလိုက်ပြီး
"ဘာကြောင့် မလာရဲရမှာလဲ၊ မင်းလောက် ဗိုလ်ကို မပြောနဲ့.. မင်းတို့ ရှင်ဘုရင်ကိုတောင် ဦးမညွှတ်ဘဲ မရှိခိုးနိုင်ဘူးလို့ ငြင်းလာခဲ့တဲ့ အင်္ဂလိပ်လူမျိုးပါကွ"
ပြောပြောဆိုဆို မြင်းကို ဖနောင့်နှင့် ဆတ်လိုက်သဖြင့် မြင်းဖြူကြီးက ရှေ့သို့ ဆယ်လှမ်းခန့် လျှောက်သွားသည်။ စကားပြန်ကလည်း ဗိုလ်ရဲကို ထိုစကားများ ပြန်ပြောနေရင်း မဝံ့မရဲဖြင့် ပါလာ၏ ။ ဗိုလ်ရဲက စကားပြန်ကို အန္တရာယ်ပြုလိုခြင်း အလျင်းမရှိ၊ လှေကားခုံနှင့် မလှမ်းမကမ်းသို့ ရောက်လာသော အင်္ဂလိပ် စစ်ဗိုလ်ကိုသာ စိုက်ကြည့်ရင်း
"အေး.. ငါကလည်း အဲဒီလို လူပါးဝတဲ့ ကောင်တွေကို ခုတ်ချင်လို့ စောင့်နေတာပဲ လို့ ပြန်ပြောလိုက်"
ဟု အသံဝါကြီးနှင့် အောင်မြင်စွာ ဆိုလိုက်သည်။ စကားပြန်မှာ အထိတ်တလန့်နှင့် ဘာသာပြန်နေဆဲတွင် သူက ခံတပ်ထိပ် အမြင့်ကြီးမှ လျှပ်တပြက် ခုန်ချလာပြီး မျက်နှာဖြူဗိုလ်အား အားပါးတရ ပိုင်းချလိုက်၏ ။ဒုဗိုလ်မှူးကြီး ဂျူရီမှာ ထိုသို့ ခုန်ချလာမည် မထင်သဖြင့် အံ့အားသင့်စွာ ပြူးကြည့်နေစဉ် ပခုံးမှ ရင်ညွန့်အထိ ပြတ်ရှသွားရသော ဓားဒဏ်ရာဖြင့် မြင်းပေါ်မှ ကျသွားလေသည်။
"ဗိုလ်ရဲတဲ့ကွ"
ရဲခေါင် ကြွေးကြော်လျက် ဓားကို ဝင့်ကာ မြင်းဖြူကြီးကို အပြင်းစီးနင်း ပြေးထွက်သွားသည်။ လမ်းကြောင်းတစ်လျှောက်ရှိ လူများလည်း ဖရိုဖရဲ ပြေးလွှားပစ်ခတ်ကြပါ၏ ။ သို့သော် အော်ဟစ်ရယ်မောသွားသော ရဲခေါင်၏ အသံသည်သာ ခံတပ်နံရံများကို ရိုက်ခတ်လျက် မြစ်တွင်းသို့တိုင် ပျံ့နှံ့သွားလေသတည်း။
××××××××××××××××××××××××××××××××××××
ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး၍ တစ်နှစ်ခန့်အကြာ။ ၁၈၈၆ နိုဝင်ဘာ ၁၇ ရက်၊ မင်းကြီး မဟာသမိန်ဗရမ်းဘွဲ့ခံ မင်းလက်ဝါး နှင့် လှေသင်းဗိုလ် လက်ရွေးကြီး မင်းထင်မင်းလှရဲခေါင်သူရိန် ဘွဲ့ခံ ဦးရွှေမောင်တို့မှာ တိမ်းရှောင်သွားပြီး အင်္ဂလိပ်တို့၏ ရာထူးရာခံဖြင့် ဖျားယောင်းမှုများကို လက်မခံဘဲ နေရပ်ပြန်သွားကြပြီ ဖြစ်သလို မြန်မာ တစ်နိုင်ငံလုံးကိုလည်း ဗြိတိသျှ နေမဝင်ဘုရင်မကြီးထံ ဆက်သလိုက်ပြီဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။
ပန်းတော်ပြင် ရွာသူကြီးသစ် ဦးရွှေအိုးသည် ရွာလယ်ရှိ အိမ်ကြီးမှ ဆင်းကာ ရွာစွန်ဖျား မယားငယ်ရှိသော အိမ်ထက်သို့ တက်လာ၏ ။ မယားငယ်ဖြစ်သူ၏ မောင်မှာ သူ့ကို မနှစ်မြို့သလို ကြည့်ရှုကာ ပေကပ်ကပ် လုပ်နေသောကြောင့် ဦးရွှေအိုး၏ လူနှစ်ယောက်က မောင်းချလေသည်။
"ဟဲ့.. နင် သူကြီးမင်းလာတာ မမြင်ဘူးလား"
"မြင်သားပဲ"
"မြင်ရင် ဘာလို့ မရှိခိုးသလဲ၊ ငါ လုပ်လိုက်ရ"
ဦးရွှေအိုးက ပြုံးဖြီးဖြီးဖြင့်
"ဟာ.. သည်းခံပါကွာ၊ အနာတရ မလုပ်ကြပါနဲ့။ ကလေးကို အသာတကြည် ပြောမှပေါ့"
"ကိုင်း၊ သူကြီးမင်း စိတ်ရွှင်နေတုန်း ကောင်းကောင်း ဆင်းသွားလိုက်၊ သွားကွာ.. သွား"
"ဘာလို့ ဆင်းရမှာလဲဗျ၊ ဒါ ကျုပ်တို့အိမ်ပဲ"
"ဟုတ်တယ်၊ မင်းတို့သာ ဆင်းရမှာ"
အသံနှင့်အတူ လူတစ်ဦး အိမ်ပေါ်တက်လာသည်။ လက်ထဲ၌လည်း ဓားလွတ်ကိုင်ထားသည်ကို မြင်သဖြင့်
"ဟေ့.. ဘယ်သူလဲကွ၊ ဟ.. ဗိုလ်ရဲ"
ပြောရင်း ဦးရွှေအိုး တုန်လှုပ်သွား၏ ။ ဗိုလ်ရဲ၏ မျက်နှာက အလွန်ခက်ထန်နေသည်။ သူ့လူနှစ်ယောက်မှာလည်း ဗိုလ်ရဲမှန်း သိသည်နှင့် နောက်ဆုတ်သွားကြလေသည်။ ဦးရွှေအိုးက ကမူးရှူးထိုးဖြင့် ချထားသော ဓားကို ဆတ်ကနဲ ကောက်ပြီး ပြေးထိုး၏ ။ ဓားဦးချွန်က အသားကို ထောက်မိပြီး ကန်ထွက်သွားမှ ကြောက်အား လန့်အားနှင့် ဒူးထောက် လက်အုပ်ချီရန် ပြင်သည်။ ဗိုလ်ရဲက ဖမ်းဆွဲလိုက်ပြီး
"ဘာ ဒူးထောက်တာလဲ၊ ဘာ လက်အုပ်ချီဦးမလို့လဲ။ တိုင်းတစ်ပါးသားတွေကို ဘုရားထူးပြီးပြီ မဟုတ်လား"
"ကျုပ်.. တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ နေခဲ့ရလို့.."
"ကောင်းပြီ၊ ခင်ဗျားကြီးကို အခု အဲသည်ဘဝ အဆုံးသတ်ပေးမယ်"
"တောင်းပန်ပါတယ်.. မောင်မင်းကြီးသား၊ ကျုပ်မှာ ရှိတာ အကုန်ယူသွားပါ။ အသက်ကိုတော့ ချမ်းသာပေးပါဗျာ"
ရဲခေါင်က အံတစ်ချက်ကြိတ်ကာ ဦးရွှေအိုး၏ လည်ချောင်းထဲသို့ ဓားသွား ထိုးထည့်လိုက်၏ ။ ထို့နောက် ဆွဲလှည့်ကာ ကြိတ်လှီးလိုက်သည်။ ကျန်သည့် တစ်ဘက်ကို လွှဲ၍ ခုတ်ပိုင်းလိုက်သဖြင့် တိုင်းပြည် သစ္စာဖောက်ကြီး ငရွှေအိုးမှာ သွေးတပွက်ပွက်ဖြင့် ခေါင်းပြတ်ကျသွား၏ ။
"မင်းတို့ ကြည့်ထား၊ ကိုယ့်လူမျိုးအပေါ် သစ္စာမထားရင် အသေဆိုးနဲ့ သေရမှာပဲ။ အချင်းချင်း ဖောက်လွှဲဖောက်ပြန် မကြံကြနဲ့။ ငါ့နာမည် မှတ်ထား.. ဗိုလ်ရဲတဲ့ကွ"
ဟု ကြွေးကြော်လျက် ငရွှေအိုးခေါင်းကို အိမ်အောက် ပစ်ခဲ့ကာ ထွက်သွားလေသည်။
*ပြီးပါပြီ*

Written by သင်္ခရာဇာ

End date: November 3, 2021

ရဲခေါင် (၃)

ဗိုလ်ရဲခေါင်သည် ထိုညက အိပ်မပျော်ဘဲ လရောင်အောက်၌ မှောင်မည်းနေသည့် ဧရာဝတီမြစ်ပြင်ကြီးအား ငေးမောကြည့်နေ၏ ။ သူ၏ ရင်တွင်း၌ လာမည့် တိုက်ပွဲကြီးနှင့် နိုင်ငံတော်၏ အနာဂတ်အတွက် စိတ်မအေးနိုင် ဖြစ်နေရသည်။

မိမိတို့သည် အင်အားကြီးမားလှသော အင်္ဂလိပ်တို့၏ ရေတပ်မတော်ကြီးအား မည်မျှကြာအောင် ထိန်းထားနိုင်ပါမည်နည်း။ ဗိုလ်မင်းကြီးများ၏ ပွင့်လင်းလှသော သုံးသပ်ချက်များအရ မိမိတို့ ခံတပ်တော် ၂ ခုသည် တစ်ရက် တစ်ညထက် ပိုမခံနိုင်ဟု အဖြေထွက်နေသည်။ အဝေးဆီ၌ ဆီမီးရောင်လက်လက် မြင်နေရသော မင်းလှခံတပ်ကြီးသည် မှောင်မည်းတိတ်ဆိတ်လျက် ထီးထီးကြီး ရှိနေ၏ ။
မိမိတို့ ကွေ့ချောင်းခံတပ်ကိုမူ သူတို့ မင်းလှတပ်တော်သားများ မြင်နိုင်မည်မထင်၊ ကွေ့ချောင်းခံတပ်တော်သည် တောင်ကမ်းပါးယံကို ဖောက်၍ အတွင်း၌ တည်ထားသောကြောင့် မြစ်ဘက်မှ ကြည့်လျင် ကမ်းပါးစောက် ပြောင်ပြောင်သာ မြင်ရ၏ ။ မဟာဗျူဟာအရ မြစ်ကွေ့အလွန်တွင် ထင်ရှားစွာ မြင်နေရသော မင်းလှခံတပ်ကိုသာ လှေတပ်များ အာရုံစိုက်ကြစေရန်နှင့် ကွေ့ချောင်းခံတပ်မှ ရုတ်တရက် ချုံခို တိုက်နိုင်ရန် ရည်ရွယ်ထားခဲ့သဖြင့် မင်းလှတပ်ကို မြင်သာစေပြီး ကွေ့ချောင်းကိုမူ သတင်းမျှ မပေါက်ကြားစေရ၊ အထူး လျှို့ဝှက်ထားခဲ့ကြသည်။
အင်္ဂလိပ်စစ်သင်္ဘောများ ဆန်တက်လာလျင် မိမိတို့နှင့် ဦးစွာ တွေ့ရမည်ဖြစ်သည်။ ကွေ့ချောင်းကျမှ မင်းကြီး မဟာသမိန်ဗရမ်းတို့ထံ ပေါက်မည်။ မိမိတို့ကလည်း ခံတပ် အဆင့် ၃ ဆင့်၌ အမြောက် သေနတ်များ စီလျက် အသင့်ပြင်ထားခဲ့သည်။ ဆယ်ဆမက များသည့် ရန်သူတို့ကို ကြာနိုင်သမျှ ကြာအောင် အသေခံ၍ ထိန်းချုပ်ထားကြရပေလိမ့်မည်။ မိမိတို့က သတ္တိပြောင်စွာ ခံနိုင်ခဲ့သည် ဆိုလျင် တစ်ဖက်ကမ်းရှိ တပ်များ အားတက်ကြမည့်အပြင် နေပြည်တော်မှ အမိန့်ကို ဖီဆန်ကာ တိုက်ခိုက်လာကြမည့် မျိုးချစ်သူရဲများလည်း နေရာအနှံ့အပြား ပေါ်ထွက်လာနိုင်ပေသည်။ ယခုပင် ကနောင်မင်း၏ သားတော်များက ပုန်ကန် ခုခံလိမ့်မည်ဟု အတွင်းသတင်း ကြားနေရပြီးပြီ။
ယင်းမျှော်လင့်ချက်ကြောင့် ဗိုလ်ရဲသည် မိမိချစ်ခင်သော ရဲဘော်ရဲဘက်များနှင့် အိမ်သူ မငြိမ်းသာ၊ မိမိ ဘဝတစ်ခုလုံးတို့ကို စွန့်လွှတ်ကာ နောက်ဆုံးအချိန်အထိ ကျူးကျော်သူတို့ကို ရင်ဆိုင်ရပေလိမ့်မည်။ ဗိုလ်ရဲကဲ့သို့ပင် မင်းကြီး မင်းလက်ဝါးတို့လည်း အဆုံးစွန် တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်၏ ။ သူသည် မင်းလက်ဝါးကြီး၏ မဖုံးမကွယ် လပ်နေသော ဘယ်မျက်လုံးကို စိတ်တွင် မြင်ယောင်လာလျက် မင်းကြီး ဆိုဆုံးမခဲ့သည့် စကားသံကိုလည်း ကြားယောင်လာရသည်။
"သည်မျက်လုံးတစ်ဘက်က ကိုယ်မကျွမ်းကျင်ရာမှာ မနေသင့်ကြောင်း ပြနေတာပဲကွ။ ငါငယ်ငယ်က ယာလုပ်ရရင်း သစ်ငုတ်ထိုးမိလို့ ကွယ်ခဲ့ရတဲ့ မျက်လုံး၊ မတတ်ဘဲ လုပ်တဲ့ တောင်ယာအလုပ်တွေမှာ ယောက္ခမ အထင်သေး အမြင်သေး ခံခဲ့ရတာတွေဟာ မင်းမှုထမ်းပြီး အရည်အချင်းပြနိုင်တော့မှ ကျေသွားခဲ့တာ။ ဒါ့ကြောင့် ငါ့ကိုယ်ခန္ဓာကို မြင်ရင် မျက်လုံးကိုလည်း တွဲမြင်နိုင်ဖို့၊ လူဆိုတာ ကိုယ်နဲ့ တန်ရာကို လုပ်တတ်ဖို့ ယှဉ်တွဲ ပြထားတာပေါ့ကွာ"
ဖြောင့်မတ်ပွင့်လင်း၍ ကိုယ်နှုတ်ဖြင့်ပါ သတိပေး ဆုံးမတတ်သော မင်းကြီးအား လေးစားမိသည့်အလျောက် သူသည်လည်း မိမိအရည်အချင်းကို ပြနိုင်ရန် စောင့်ခဲ့ရသည်မှာ ကြာပြီ။ ယခင်အကြိမ်များက အမှန်တကယ် မထုတ်ဖော်ခဲ့ရဟု ထင်ခဲ့သမျှ ယခုချိန်တွင်တော့ အစွမ်းကုန် ဖော်ထုတ် ပြသလိုက်မည်ဟု အားခဲလျက် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏ ။
၁၈၈၅ နိုဝင်ဘာ ၁၇ ရက်၊ နံနက် မိုးသောက် အလင်းမရောက်တရောက်တွင် ကွေ့ချောင်း ခံတပ်တော်ကြီးသို့ တောင်အရပ်မှ လာသော မြင်းလျင်တစ်စီး ရောက်လာသည်။ တစ်ညလုံး အပြင်းနှင်ခဲ့ရသဖြင့် ဆက်သားမှာ ပင်ပန်းနွမ်းနယ်နေသော်လည်း သူတို့ ဗိုလ်များရှိရာ အဆောင်သို့ ချက်ချင်း ဝင်တွေ့ပြီး
"ပြည်လုံးအံ့ လှေသင်းဗိုလ် မင်းကျော်သိဒ္ဓိရန်အောင် ထံ ကျွန်တော်မျိုးတို့ ဆင်ပေါင်ဝဲခံတပ်မှ ဗိုလ်မင်းများက စေလွှတ်လိုက်ပါသည်။ ဆင်ပေါင်ဝဲ စစ်အောင်ခန်း ခံတပ်သည် အင်္ဂလိပ်နယ်ချဲ့တို့ကို ရွပ်ရွပ်ချွံချွံ ခုခံခဲ့ပါသော်လည်း အမြောက်ဗုံးမိုး ရွာသွန်းသကဲ့သို့ စိစိညက်ညက် ချေမှုန်းခံရသဖြင့် ခံတပ်တော်ကို စွန့်ခွာ၍..."
ဗိုလ်မှူး ရန်အောင်က တောက်တစ်ချက် ပြင်းစွာခေါက်၍ အရေးကြီးသည့် စစ်သတင်းတို့ကိုသာ မေးမြန်းပြီး မင်းလှခံတပ်သို့ လှေလျင် စေလိုက်သည်။ ရဲခေါင်ကိုမူ အနားတွင်သာ မြဲနေစေ၏ ။ ခံတပ်တစ်ခုလုံးကို တပ်လှန့်လိုက်ပြီးနောက် သူတို့သည် အပေါက်များကို ပိတ်၍၊ တိတ်ဆိတ်ငြိမ်သက်စွာ ငံ့လင့်နေကြတော့သည်။
အတန်ကြာလျင် မြစ်ပြင်၌ စစ်သင်္ဘောများစွာကို တန်းစီလျက် မြင်လာရ၏ ။ အင်္ဂလိပ်တို့သည် ခေတ်မီ အားကောင်းသော မှန်ပြောင်းကိရိယာများဖြင့် ဝန်းကျင်ဝဲယာကို ကြည့်ရှု စူးစမ်း လိုက်ပါလာကြပေလိမ့်မည်။ ထိုအခါ မားမားကြီး တွေ့မြင်နေရသော မင်းလှခံတပ်ကြီးကို အာရုံစိုက်နိုင်ကြစေရန် ရည်ရွယ်၍ သူတို့က အသက်အသံ မပြုစေဘဲ အရိပ်အယောင်မျှ မမြင်ရအောင် ပုန်းကွယ်နေကြခြင်း ဖြစ်လေသည်။
တွက်ဆသည့်အတိုင်းပင် မြစ်အနောက်ဘက်ကမ်း မင်းလှခံတပ်မှ အမြောက်ကြီးများ ရန်ကို ရှောင်သည့် အနေဖြင့် စစ်သင်္ဘောများသည် ကွေ့ချောင်းခံတပ်ရှိရာ မြစ်ကွေ့ တောင်ကမ်းပါးယံဘက်မှ ကပ်၍ လာကြ၏ ။ မြစ်ပြင်အထက် ပေ ၄၅၀ ခန့်တွင် ရှိနေသော ကွေ့ချောင်းခံတပ်ကြီးမှာ ပျောက်နေပြီး အနီးကပ်လာမှ အပိုင်ပစ်ကြရန် ကြံရွယ်ထားသည်။
အမြောက်ဗိုလ်က အကွာအဝေး တွက်ချက်ကာ ရှေ့ဆုံးမှ သင်္ဘောသုံးစင်းကို ပစ်ချရန် ပြင်သည်။ ရဲခေါင်က မပစ်စေချင်၊ အနည်းငယ်ခန့်ကို မင်းလှခံတပ်မှ ပစ်မီသည်အထိ လွှတ်ပေးလိုက်ပြီးမှ ခါးလယ်ကို ဖြတ်၍ ပစ်စေချင်သည်။ သို့သော် အမြောက်ဗိုလ်မှာ အလွန် စိတ်ဓာတ် တက်ကြွနေပြီး တစ်စင်းမှ မကျော်စေရဟု ကြွေးကြော်နေခဲ့သူ ဖြစ်၏ ။ ယခုလည်း ပိုင်ပြီအထင်နှင့် ကပ်လာသည့် သင်္ဘောများကို ပစ်ချလိုက်လေပြီ။
ရှေ့ဆုံးမှ သင်္ဘောသည် ချက်ချင်း ခွာလျက် မြစ်လယ်ဘက် ထွက်သွားသဖြင့် အထိအခိုက် နည်းပါးသွားခဲ့သလို တတိယမြောက် သင်္ဘောသည်လည်း ဦးလှည့် ပြန်နိုင်သဖြင့် မနစ်မြုပ်လိုက်ဘဲ အလယ်တွင် ညပ်နေသော စစ်သင်္ဘောတစ်စင်းသာ ဝိုင်းပစ်ခံရပြီး သင်္ဘောပေါက်လျက် တဖြည်းဖြည်း နစ်မြုပ်သွားသည်ကို တွေ့ရ၏ ။ မမျှော်လင့်သော တိုက်ခိုက်မှုကို ခံလိုက်ရသော်လည်း ဆင်ပေါင်ဝဲ၌ တိုက်ပွဲ ကြုံခဲ့ရပြီးဖြစ်၍ အင်္ဂလိပ်တို့မှာ ပေါ့ဆမနေချေ။
စစ်သင်္ဘောများ အားလုံးသည် ရပ်တန့်သွားကြပြီးလျင် သူတို့ ခံတပ်ကြီး ရှိရာသို့ အမြောက်တထိန်ထိန် ပစ်ခတ်ကြတော့၏ ။ သို့သော် တောင်နံရံအတွင်းရှိ ခံတပ် နှစ်ဆင့်နှင့် အပေါ်ဘက်တွင် ကွယ်နေသော တစ်ဆင့်ကို ထိရောက်အောင် မဖြိုခွင်းနိုင်၊ အမြောက်ဆံများ အချည်းနှီးဖြစ်သည်သာ ရှိနေလေသည်။
မြန်မာတပ်များမှာ စစ်သင်္ဘောကြီးတစ်စင်းကို နှစ်မြှုပ်လိုက်နိုင်ခဲ့သည့်အတွက် ဝမ်းသာပျော်ရွှင်နေကြ၏ ။ ယမ်းငွေ့တဖုံးဖုံး ပေါက်နေကြသည့် စစ်သင်္ဘောများ၏ ပစ်ခတ်မှုကို ချောင်းကြည့်ရင်း ရယ်မောနေကြ၏ ။ သို့သော် ကောက်ကျစ် ဉာဏ်များလှသည့် အင်္ဂလိပ်တို့၏ ပရိယာယ်ကိုမူ သူတို့ မသိနိုင်ခဲ့ချေတကား။
သူတို့ ကွေ့ချောင်းခံတပ်သို့ ယခု အင်္ဂလိပ်စစ်သင်္ဘောများ ရပ်တန့်နေသည့်ဘက်မှ တက်၍ မရနိုင်၊ ချောက်ကမ်းပါး မတ်စောက်သည်၊ ခရာတော ကိုင်းတောကြီးများ ထူထပ်လွန်းပြီး စစ်တပ်ကြီးတစ်တပ် တိုးဝှေ့နိုင်လောက်သည့် အခြေအနေတွင် မရှိ၊ ကွေ့ချောင်းကို လွန်မှသာ တက်ရန် လမ်းသာ၏ ။ သို့သော် ဓားလွယ်ခုတ်ရှိ မင်းလှခံတပ်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး နှစ်ဘက်ညှပ်ပစ်ခံရမည်ဖြစ်၍ ဆက်တက်မလာရဲသည်ကို မြင်လျင် အတန်ကြာသည်အထိ ထိန်းထားနိုင်ပြီ အထင်ရောက်နေကြလေသည်။
ချီလာသည့် ရေတပ် စစ်ဦးစီးချုပ် ပရင်ဒါဂတ်ကမူ မြန်မာတို့အကြောင်း သိရှိပြီး ဖြစ်သည့်အတိုင်း အနီးအပါး ရွာများသို့ ချက်ချင်းဆင်းကာ ထို ကိုယ်ပျောက်ခံတပ်ကြီးအား အနောက်မှပတ်၍ သွားနိုင်သည့်လမ်းကို ပြပေးနိုင်လျင် ဆုတော်ငွေ ရွှေဒင်္ဂါးများစွာ ချီးမြှင့်မည်ဟု စည်းရုံးလိုက်ရာ ပန်းတော်ပြင်ရွာမှ ဦးရွှေအိုး ဆိုသူ သစ္စာဖောက်တစ်ယောက် ထွက်ပေါ်လာခဲ့လေပြီ။



Written by သင်္ခရာဇာ

End date: November 3, 2021


ရဲခေါင် (၂)

မြန်မာသက္ကရာဇ် ၁၂၄၇ ခု၊ တန်ဆောင်မုန်းလဆန်း ၈ရက်၊ သမိုင်းဝင် တိုက်ပွဲကြီး ဖြစ်ပွားရန် တစ်ရက်အလို။ ထိုနေ့က နံနက်စောစောတွင် မြစ်ပြင်၌ မြူနှင်းများ ခပ်ပါးပါး ကျဆင်းနေ၏ ။ ကတ္တီပါဝတ်လုံ ခြုံထားသော လှေသင်းဗိုလ် မင်းကျော်သိဒ္ဓိရန်အောင် နှင့် ဗိုလ်ရဲခေါင်အပြင် အခြား ဗိုလ်နှစ်ဦးတို့သည် မြစ်အနောက်ဘက်ကမ်းသို့ ကူးလာခဲ့ပြီး အသင့် စောင့်စားနေကြသော မြင်းများကို ယူကာ မင်းလှခံတပ်သို့ လေးဘက်ကျ စီးနင်းခဲ့ကြသည်။

ခံတပ်တော်ကြီး၌ စောသေးသော်လည်း ဝီရိယကောင်းသော မြစ်စဥ်မင်းကြီး မဟာသမိန်ဗရမ်းကို တပ်ထိပ်၌ ရွှေထီးဆောင်းလျက် တွေ့ရ၏ ။
"ကွေ့ချောင်းဗိုလ်မင်း ကိုယ်တိုင်ပါလားဟေ့"
မင်းလှခံတပ်ဦးစီးက နှုတ်ဆက်ရာ ကွေ့ချောင်းဗိုလ်ကလည်း
"လှေသင်းဝန်မင်းတို့လည်း ဝီရိယ ကောင်းနေပါ့လား ဟရို့"
"အို.. ကောင်းဆို အင်္ဂလိပ်တွေက စစ်သင်္ဘောတွေနဲ့ ထွက်လာကြပြီလို့ မနေ့ကပဲ ​သတင်းရောက်တယ်။ ယောအတွင်းဝန်မင်းကြီး ကျေးဇူးနဲ့ အချိန်မဆိုင်း ကြေးနန်းသတင်းတွေ ရနေတာပေါ့ဗျာ။ ကျေးဇူးကြီးပါပေ့"
မင်းလက်ဝါးကြီးက 'တက်ခဲ့လေကွဲ့' ဟု လှမ်းခေါ်သဖြင့် သူတို့ ခံတပ် သူရဲပြေးလမ်းပေါ် တက်သွားကြ၏ ။ ဗိုလ်ရဲက စံနစ်တကျ စီထားသော အမြောက်များကို ဝေ့ကြည့်လိုက်ရင်း
"စစ်သင်္ဘော ဘယ်နှစင်းလောက်များ ပါတယ်ကြားသလဲ မင်းကြီး"
"ဒီလိုတော့ မပါဘူး၊ အင်အား ၈၀၀၀ ကျော် ဆိုတော့ ဘယ်နည်းမလဲ။ တို့ အမြောက်ကလေး ၃၅ လက်ဟာ ဒင်းတို့အဖို့ ရယ်စရာ ဖြစ်နေတော့မပေါ့"
ဗိုလ်မှူး ရန်အောင်သည် အံကိုကြိတ်လျက်
"ကျုပ်တို့ကိုလည်း ဆင်ကျုံးကြီး ဆောက်ထားပြီး ဆင်တစ်ကောင်မှ မပို့ဘူး။ နေပြည်တော်မှာ အလုံးအရင်းနဲ့ ထားတော့ ယခု အလကား ဖြစ်ကုန်တော့မယ်... ဟင်း"
"တို့လည်း ဝန်တင်ဖို့ ဆင်မ လေးကောင်ပဲ ရှိတာပါကွယ်။ တိုက်ဆင် မပါ၊ ပါလည်း အသုံးမဝင်လှပါဘူး။ နယ်ချဲ့ကောင်များက ရေတပ်ကို အဓိကထားပြီး လာတာ၊ သင်းတို့ စစ်သင်္ဘောတွေက အမြောက်တွေများ တယ်ကောင်း တယ်တိကျ ဆိုပါလား"
"ပေါက်လည်း ပေါက်လှသတဲ့။ တစ်ချက်ဆို ဆိုသလောက် ပြိုကုန်တယ်လို့ ကြားတယ်။ သို့ပေမယ့် တို့များ ခံတပ်တွေကလည်း မှုစရာတော့ မရှိပါဘူး... အင်း"
ဆို၍ ခံတပ်ဦးစီးဗိုလ်မှူး ဦးရွှေမောင် စဥ်းစားနေ၏ ။ အင်အားချင်း ကွာခြားလွန်းလှသည်ကို ချင့်တွက်နေခြင်း ဖြစ်ပေမည်။
"သည်ပုံအတိုင်းဆို ခေတ္တ ထိန်းထားနိုင်ရုံလောက်သာ ခံနိုင်လိမ့်မယ်လို့ ယူဆရပြီကောကွယ်။ သို့သော်လည်း ဗိုလ်မင်းများ အားမလျှော့ကြပါနဲ့။ နောက်ဆုံးအချိန်ထိ ကျုပ်ကိုယ်တိုင် မင်းတို့နှင့်အတူ ကွပ်ကဲ တိုက်ပွဲဝင်သွားမှာပါ"
မြစ်စဥ်ဝန် မင်းကြီး၏ စကားက အားတက်ဖွယ်ရာ ဖြစ်သော်လည်း သူကိုယ်တိုင်ကပင် အားမပါလှကြောင်း သိနေပေသည်။ ရင်လေးမည်ဆိုက လေးစရာ၊ အင်္ဂလိပ်တို့၏ တရစပ် ပစ်ခတ်နိုင်သော သင်္ဘောတင် စက်သေနတ်ကြီးများက အကွာအဝေးလည်း မိမိတို့ ယမ်းထိုးသေနတ်လေးများထက် အဆများစွာ သာနေသည့်အပြင် လက်နက်ကိုင် ဂေါ်ရာကြေးစားတပ်များမှာ ယခုတစ်ကြိမ် မြန်မာပြည်ကို အပြီးသိမ်းရန် အကြံဖြင့် အလုံးအရင်း ချီလာကြပြီ မဟုတ်ပါလား။
"ပြောသာ ပြောရတာ၊ ထန်းလုံးလောက်မှ မရှိတဲ့ တို့ လှည်းဘီးတပ် အမြောက်ကလေးတွေက သက်တမ်း ဘယ်လောက် ရှိပြီလဲ မင်းတို့ သိသလား"
တစ်ဘက်ကမ်းသားတို့ကို မေးလိုက်ရာ မည်သူမျှ မဖြေနိုင်ကြ၊ ဦးရွှေမောင်က ဝင်၍
"နှစ်တစ်ရာပျော့ပျော့တော့ ရှိပြီထင်ပ မင်းကြီး"
"ဘယ်.. ကရမှာလဲကွာ၊ အဲဒါ ဘေးလောင်းတော် အလောင်းမင်းကြီး လက်ထက်ကတည်းက ဝယ်ထားတဲ့ အမြောက်တွေဟ၊ အနှစ်တစ်ရာကျော်ပြီ"
"အိုး"
"နောက်ထပ် ဘယ်တုန်းက ဝယ်နိုင်လို့လဲ။ အဿမေဓ အခွန်တော်တွေလည်း မင်းရေးအတွက်ပဲ သုံးခဲ့ကြတာ။ မင်းတုန်း မင်းတရားကြီးလက်ထက်တော်က စမ်းသပ် သွန်းလုပ်ခဲ့တဲ့ အမြောက်ကြီးတွေလည်း နေပြည်တော်မှာ သည်အတိုင်းပဲ။ တို့ အဝေးရောက်သားတွေက အစွန်အဖျားပဲ စားရတာ မင်းတို့ အသိပဲ"
"ဟုတ်တာပ မင်းကြီးရယ်၊ နေပြည်တော်နဲ့ အနီးဆုံးက သပြေတန်းခံတပ်၊ အင်းဝ ဆင်ကျုံးခံတပ်ကြီးတွေ ကြီးသလောက် ကျုပ်တို့ အချက်အချာ နေရာက ဟောသည် ခံတပ်တော်တွေကတော့ တိုက်ဖြစ်ရုံ ခပ်သေးသေးပဲ မဟုတ်လား။ စစ်ကိုင်း အစေခံရပ်က အရံထားတဲ့ ခံတပ်ကလေးတောင် ကျုပ်တို့ထက် ကြီးသေးဗျား"
"ဒါပေါ့ကွာ၊ လူသူလက်နက်မှာလည်း သူတို့မလိုမှ စွန့်ကြဲတာကို တို့ဆီ ရောက်ရတာ။ လူကောင်း သူကောင်း ဆင်မြင်းကောင်းမှန်သမျှ နေပြည်တော်မှာချည်းပဲ။ သူတို့ မလိုလို့ အဝေးပို့တဲ့ အထဲမှာ ကျုပ် မွန်ကြီး မောင်လတ်တောင် ပါလိုက်သေးဟ"
မင်းလက်ဝါးကြီး၏ အပြောကြောင့် သူတို့ စိတ်မကောင်း ဖြစ်သွားကြရ၏ ။ မင်းလက်ဝါးမှာ ခမည်းတော် လက်ထက်အခါက အမြင့်မြို့ကို စားရ၍ အလွန်ဘုန်းရှိန်စော်ဝါ ကြီးခဲ့၏ ။ ခပ်ပြင်းပြင်း တစ်ချက်ရိုက်လျင် အပြစ်သားမှာ စင်းစင်းသေသဖြင့် မဟာသမိန်ဘရမ်းဘွဲ့ ပျောက်ကာ မင်းလက်ဝါးဟု တွင်လာခြင်း ဖြစ်သည်။ လေ့ကျင့်ထားသည့် အင်္ဂလိပ် လူစွမ်းကောင်းကို အားကစားနည်း အမျိုးမျိုးတွင် မမြင်ဖူးခဲ့ဘဲ ယှဥ်ပြိုင် အနိုင်ရခဲ့၍ ရရှိလာသော ဆုတော်ငွေ ဒင်္ဂါးတစ်သောင်းကို အိမ်အရောက် သယ်ယူသွားနိုင်စွမ်း ရှိခဲ့သူ။
ယခုအခါတွင်မူ သူသည် မလိုသူ မင်းမြှောင်တို့၏ ပယောဂဖြင့် အောက်မြစ်စဥ်ဝန်ကြီး ဟူ၍ အဝေးပို့ထားခြင်း ခံရသည်သာမက သူကဲ့သို့ သက်တော်ရှည် အမတ်ကြီးကိုပင် လူသူအနည်းငယ်မျှသာ အပ်လျက် အင်္ဂလိပ်ကို ကြိုရန် အမိန့်ထားခြင်း ခံနေရသည်။ ထို့ကြောင့်လည်း မွန်တိုင်းရင်းသား အမတ်ကြီးမှာ နေပြည်တော်ကို စိတ်နာနေခြင်း ဖြစ်မည်။
သို့သော် မင်းကြီး မဟာသမိန်ဗရမ်းသည် မျိုးချစ်စိတ် ပြင်းထန်ပြီး မည်သည့်အခါမှ အညံ့မခံလိုသည့် သဘော ရှိ၏ ။ စိတ်လည်း အလွန်ထက်ကာ ပန်းတိမ်းမင်းသား ပုန်ကန်မှုတွင် ပါဝင်သည့် သားအရင်းကိုပင် ကွပ်မျက်ပစ်ခဲ့ကြောင်း သိရသည်။ သူနှင့် တွဲရသော လှေသင်းဝန်မင်း မင်းထင် မင်းလှရဲခေါင်သူရိန်သည်လည်း အလွန်စိတ်မြန်၍ မင်းတုန်းမင်း ရှေ့တော်မှောက်၌ မိမိကိုယ်မိမိ အဆုံးစီရင်ရန် လှေပေါ်မှ ခုန်ချခဲ့ဖူးသူ ဖြစ်သည်။
ယခု သည်နှစ်ဦး ပေါင်း၍ အင်အားကြီးလှသော ရန်သူကို ကြံ့ကြံ့ခံ ခုခံရပေတော့မည်။ ကွေ့ချောင်းခံတပ်မှ ဗိုလ်သိဒ္ဓိရန်အောင် နှင့် ဗိုလ်ရဲခေါင်တို့မှာလည်း ထိုနှစ်ဦးနှင့် ထပ်တူထပ်မျှ ရဲရင့် ပြတ်သားကြသူများ ဖြစ်၏ ။ ယခု တပ်ထိပ် မျက်နှာစာဝယ် ရပ်နေကြသူများမှာ သွေးကြောင်သူ၊ တွေဝေသူ တစ်ဦးတစ်ယောက်မျှ မပါ၊ အားလုံး ငရဲသို့တိုင် ခုန်ချ တိုက်ပွဲဝင်ရဲသူချည်း ဖြစ်သည်မှာ အားရစရာ။ ယှဥ်ဘက်မဟုတ်သော ရန်သူကို သိလျက်နှင့် ရင်ဆိုင်ကြရမည့် သူရဲကောင်းချည်း ဖြစ်ပေသည်။
(ဆက်ရန်...)  ရဲခေါင် (၃)

Written by သင်္ခရာဇာ

End date: November 3, 2021

ရဲခေါင် (၁)

ဖော့လုံးဗောင်းတော်၊ သိုရင်းအင်္ကျီဖြူနှင့် တောင်ရှည် လွန်းရာကျော်ချိတ် ဝတ်ဆင်ထားသော အရပ် ၆ ပေကျော် မွန်အမျိုးသားကြီးတစ်ဦးသည် ခံတပ်အတွင်းသို့ ဝင်သည့်အပေါက်မှ ဝင်မလာဘဲ ဘေးဘက်မှ အမြောက်လှည်းများ တင်သည့် ဆင်ခြေလျှောလမ်းအတိုင်း တက်လာပြီးလျင် တပ်ထိပ် မြစ်ကမ်း၌ မျှော်ကြည့်နေကြသော လူတစ်စုရှိရာ လျှောက်လာ၏ ။

"ဟော.. မင်းကြီး လာပြီ"
စိုးရိမ်ပူပန်နေကြဟန် ရှိသည့် လူများက ရောက်လာသည့် လူကြီးအား လက်အုပ်ချီ ဦးညွှတ်ကာ အရိုအသေပြုလိုက်ကြသည်။ ညိုမောင်းသန်မာလှ၍ ဘယ်မျက်လုံး တစ်ဘက်လပ်နေသော လူကြီးသည် ဒေါသသံပါပါဖြင့်
"ကြားနေရတဲ့ သတင်း အမှန်ပဲ ရဲဘော်တို့"
"ဟင်"
"ဟာ"
"တောက်"
"ရာဇဝင် ရိုင်းလိုက်လေဗျာ"
အားလုံးထံမှ မချိတင်ကဲ အာမေဋိတ်သံများ ထွက်လာ၏ ။ မှန်ပေသည်၊ မြန်မာ့ရာဇဝင်၌ ရှက်ရွံ့ဖွယ်အကောင်းဆုံး သတင်းကြီး မဟုတ်ပါလား။
"ခုပဲ ရှေ့က ကြေးနန်းရုံးတော်ကို ကြေးနန်းရောက်လာတယ်။ နေပြည်တော် လွှတ်တော်ကနေ အင်္ဂလိပ်ကို မခုခံရ၊ ခုခံလျင် သူပုန် ဆိုတဲ့ အမိန့် တကယ် ထုတ်ပြန်လိုက်တာပဲ"
လူကြီးသည် ပြောရင်း ဒေါသထွက်လာကာ အနီးရှိစားပွဲတစ်လုံးကို ရိုက်ချလိုက်၏ ။ စားပွဲမှာ တောင့်တင်းကြံ့ခိုင်လှသော်လည်း လူကြီး၏ အားကိုမူ အံမတုဝံ့ပုံဖြင့် ခြေထောက်နှစ်ဖက် သွင်သွင်ကျိုးကြေလျက် ပျဉ်ချပ်များ ထက်ပိုင်းပြတ်ကုန်၏ ။ အချို့မှာ လန့်သွားပြီး တချို့က အံ့သြချင်ကြ၍ အများစုကတော့ အကြောင်းသိပြီး ဖြစ်သောကြောင့် အထူးအထွေ ထိတ်လန့်ဟန်မပြ။
"ဒီလိုဆို ကျွန်တော်မျိုးတို့ ဘယ်လို လုပ်ရမလဲ အရှင် မင်းကြီးဘုရား၊ တပ်များကို ပြင်ထားရမည်လား။ သို့တည်းမဟုတ်.."
"ပြင်သာ ပြင်ထား ဗိုလ်ရဲ၊ မတိုက်နဲ့ ဆိုပေမယ့် သည်လို ကြည့်နေရရိုးလားကွ။ တို့တိုင်းပြည်ကို သိမ်းပိုက်ဖို့ တက်လာသူတွေကို တိုက်လို့ သူပုန်ဖြစ်ရမယ်ဆို ငါ မဟာသမိန်ဗရမ်းကြီး သူပုန်ဗိုလ်ပဲ လုပ်မကွ"
လူကြီးသည် ထွားကျိုင်းလှသလောက် စကားမှာလည်း မာန်ပါလှ၏ ။ နေရောင်တွင် ရွှေစလွယ်ကြီးမှာ ပြိုးပြက်ဝင်းလက်နေ၏ ။ မင်းလှခံတပ်ကြီး၏ ထိပ်တွင် ရပ်လျက် ကြုံးဝါးလိုက်သော လူကြီး၏ အသံကြောင့် ခံတပ်တစ်ခုလုံးရှိ ရဲမက်တော် ၅၀၀ ခန့်မှာ စိတ်ဓာတ်တက်ကြွလာကြပြီး ရဲသွေးရဲမာန် ထက်သန်လာသည်။ ဤသည်ကို ခံတပ်တော်ကြီး၏ ဦးစီးဖြစ်သည့် လှေသင်းဝန် မင်းကြီး မင်းထင် မင်းလှရဲခေါင် သူရိန်က ဖြည့်စွက်ပေးလိုက်သည်။
"ကဲ.. သူပုန်လောင်းလျာ အပေါင်းတို့၊ ဥဒါန်းတွင်ရစ်မယ့် တိုက်ပွဲကြီးအတွက် တို့များ ရာထူးအာဏာတွေကို စွန့်လွှတ်ပြီး မြန်မာဆိုတဲ့ ဂုဏ်သိက္ခာအတွက် အသက်စွန့် တိုက်ပွဲဝင်ဖို့ ပြင်ထားကြပေတော့။ ငါတို့ဟာ အမိန့်တော် ဖီဆန်ကြရသော်လည်း ရှက်ဖွယ် မျက်နှာမရ ရှိကြမည်မဟုတ်၊ တိုင်းပြည်အပေါ် သစ္စာစောင့်သိတဲ့ သူပုန်များအဖြစ် နောက်ဆုံးအချိန်ထိ စွန့်လွှတ်ပြီး ကျူးကျော်သူ နယ်ချဲ့ကောင်များကို ရင်ဆိုင်ကြရမယ် သွေးသောက်ကြီးများ"
"ဟေးးးးးးးးးးးး"
မင်းလှခံတပ်မှ အုန်းခနဲ ကြွေးကြော်သံကြီးသည် မဟာဧရာဝတီ မြစ်ပြင်ကျယ်ကြီးကို ဖြတ်ကျော်သွားပြီး တစ်ဘက်ကမ်း ဓားလွယ်ခုတ်အရပ်ရှိ တောင်နံရံများကို ဖောက်ကာ မြေအောက်ခံတပ်ကြီး တည်ထားသည့် ကွေ့ချောင်းခံတပ်တော်ကြီးအထိပင် ရောက်ရှိသွားသော ဟူ၏ ။ ကွေ့ချောင်းခံတပ်မှ ဗိုလ်ရဲကို လွှတ်၍ လှေလျင်နှင့် အမိန့်တော် ပြန်တမ်းကို စောင့်ဆိုင်းနေသည့် လှေသင်းဗိုလ် မင်းကျော်သိဒ္ဓိ ရန်အောင်မှာ ထိုအသံကို ကြားရုံမျှနှင့် မင်းကြီး မင်းလက်ဝါး (မဟာသမိန်ဗရမ်း) ၏ ဆုံးဖြတ်ချက်ကို နားလည် သဘောပေါက်သွားလျက် သူ၏ တပ်များကိုလည်း ထပ်ဆင့် အမိန့်ပေးလိုက်လေတော့သည်။
"ခံတပ်တစ်ခုလုံးက အရာရှိ တပ်သား ၇၀၀ လုံး အပေါ်ကွင်းပြင်မှာ လူစုမယ်လို့ ပြောလိုက်။ ဗိုလ်ရဲအလာကို စောင့်ပြီးရင် ငါတို့ စတင် ပြင်ဆင်ကြတော့မယ်"
××××××××××××××××××××××××××××××××××××
ရဲခေါင်သည် အောက်မြစ်စဉ်ဝန်မင်းကြီး မဟာသမိန်ဗရမ်း၏ အမိန့်တော်ကို နာခံ၍ ကွေ့ချောင်းခံတပ်သို့ ပြန်ရန် မိမိလာခဲ့စဉ်က မြစ်အနောက်ဘက်ကမ်း တာဘောင်ရိုးတစ်လျှောက် အင်းများကို ကျော်ကာ ကွေ့ချောင်းခံတပ်နှင့် တည့်တည့်တွင် ကမ်းကပ်ထားခဲ့သော လှေထံ မပြန်တော့ဘဲ မင်းလှခံတပ်ရှေ့မှ လှေပေါ့လှေလျင်တစ်စီးကို ကြိုးဖြည်လျက် မြစ်အရှေ့ဘက်ခြမ်းသို့ မျှောလာခဲ့လိုက်သည်။ ထိုသို့ အကူးအသန်း လွယ်စေရန် ခံတပ်ရှေ့များနှင့် တစ်ဘက်ကမ်းတို့၌ လှေငယ် ၃ စင်းခန့် အသင့်ထားရှိခဲ့ကြခြင်းလည်း ဖြစ်၏ ။
ကမ်းသို့ ကပ်မိသည်နှင့် သောင်ပြင်ကို အပြေးဖြတ်ကာ ခံတပ်ကြီးရှိရာ တောင်ကမ်းပါးကြီးပေါ် ကွေ့ကောက် တက်ခဲ့သည်။ ရဲခေါင်တို့၏ ကွေ့ချောင်းခံတပ်မှာ အထပ် ၃ ထပ်ရှိပြီး မြေပေါ်တွင် စစ်သည်များ နေရန်အဆောင်နှင့် ဆင်ကျုံး တစ်ထပ်၊ မြေအောက်၌ နှစ်ထပ် ရှိ၏ ။ ဝင်ပေါက်ကြီးမှာမူ တစ်ပေါက်တည်းသာ ရှိပြီး တောင်ဘက်၌ လူတစ်ကိုယ်စာ ဝင်သာရုံ မလွယ်ပေါက်လေး ရှိရာ သူက ထိုအပေါက်မှ ဝင်ခဲ့ပြီး စစ်သည်တော်များ စုဝေးနေသည့် ခံထပ်အမိုး မြက်ခင်းပြင်ကြီးပေါ် တက်လာခဲ့သည်။
ကွင်းကြီးထဲ၌ အမှုထမ်းအရာထမ်းအားလုံး စုဝေးနေကြပြီး မိမိအား စောင့်မျှော်နေကြကြောင်း တွေ့သည်နှင့် ဗိုလ်မှူး မင်းကျော်သိဒ္ဓိရန်အောင် ရှိရာ စင်မြင့်သို့ တန်းသွားလိုက်၏ ။ အမိန့်ပေးစင်ထက် သစ်ပင်အောက်တွင် ထိုင်စောင့်နေသော ဗိုလ်မှူးကလည်း သူ့ကို မြင်သည်နှင့် ထရပ်လိုက်ကာ
"ဘယ်လိုလဲဟေ့ ဗိုလ်ရဲ၊ ကြားရတဲ့သတင်း အမှန်ပဲလား"
"ဟုတ်ပါတယ် ဗိုလ်မင်း၊ နေပြည်တော်က မခုခံရ အမိန့် ထုတ်လိုက်တာ အမှန်ပါပဲ။ သို့သော် မင်းကြီး မင်းလက်ဝါးက.."
"ဘာဖြစ်ဖြစ် တိုက်မယ်တဲ့.. မဟုတ်ဘူးလား"
"ဟုတ်တယ်ခင်ဗျ၊ သူပုန်ဖြစ်ပါစေ၊ မိစ္ဆာကောင်တွေကို တိုက်ပြီးမှ အဖမ်းခံမတဲ့"
"သိတာပေါ့ကွယ်၊ မင်းလက်ဝါးကြီး စိတ်ကို ငါတို့ အသိဆုံးပေါ့။ ကိုင်း.. ကိုင်း၊ ဒါဖြင့်ရင်.."
မင်းကျော်သိဒ္ဓိရန်အောင်သည် ရဲမက်များဘက် လှည့်ကာ ဓားက်ို မြှောက်ပြလျက်
"ငါ့လူများ၊ မင်းတို့ ကြားနေရတဲ့ ကောလာဟလဟာ အမှန်ပဲ။ တို့ကို နေပြည်တော်က မတိုက်ရ၊ တိုက်လျင် သူပုန်အဖြစ် သတ်မှတ်မည် လို့ အမိန့်တော် ပြန်လိုက်သတဲ့"
စစ်သည်များ ရုတ်ရုတ်သဲသဲ ဆူညံသွားသည်။
"သို့သော်လည်း ငါတို့ရဲ့ သစ္စာရှိလှတဲ့ မွန်အမတ်ကြီး မဟာသမိန်ဗရမ်းက ဘာဖြစ်ဖြစ် တိုက်မည် လို့ ဆုံးဖြတ်လိုက်တယ်"
ပို၍ ဆူညံကုန်၏ ။ အများစုက ဝမ်းသားရ ဟစ်ကြွေးကြသည်။ ဦးပေါင်းများကို ဖြေလိုက်ကြပြီး ဝှေ့ရမ်းနေသူများကို ပြုံးကြည့်ရင်း
"ငါတို့လည်း မင်းကြီး မင်းလက်ဝါးနဲ့ တစ်စိတ်တစ်ဝမ်းတည်းပဲ ဆိုတာ ပြလိုက်ကြဖို့ အချိန်ကောင်းပဲ။ မင်းတို့ လက်နက်တွေကို ပြင်ထားကြ၊ ဓားတွေ သွေးထားကြ၊ အမြောက်တွေ ဆေးထားကြ။ အားမွေးပြီး ကိုယ်စွမ်းရှိသမျှ ပြဖို့ အသင့်ရှိနေကြပစေ။ ငါတို့ ကွေ့ချောင်းဟာ မင်းလှ ခံတပ်တော်ကြီးထက် ပိုပြီး အရေးပါတဲ့ မဟာဗျူဟာကျရာ ဖြစ်လို့ ငါတို့ အရေးလှမှ ခံတပ်ကြီး နှစ်ခုလုံး အရေးတော်ရမယ် ဆိုတာ အစဉ် သတိပြုကြပါ"
ထို့နောက် ဗိုလ်မင်း၏ ဆက်လက် ညွှန်ကြားသံများကို ရဲခေါင် မကြားတော့၊ လူများ တရုန်းရုန်း ပြေးလွှား လှုပ်ရှားနေကြသည်ကို မမြင်တော့ဘဲ သူ၏ စိတ်အာရုံဝယ် ကျူးလွန် စော်ကားလွန်းသည့် အရပ်ရှည်ရှည် ဖြူစုတ်စုတ် အမွေးအမျှင် နီကြောင်ကြောင်နှင့် လူကောင်ကြီးများကို မည်သို့ တိုက်ခိုက် ချေမှုန်း သုတ်သင်ပစ်လိုက်မည် ဟုသာ တွေးနေမိလေတော့သည်။
ရဲခေါင်မှာ ငယ်စဉ် ကျောင်းသားဘဝကတည်းက ဆေးမင်ဆရာကျော်နှင့် စုတ်ထိုးနှံခဲ့၍ အပြီးအစီးတွင် ကျော်သော လူစွမ်းကောင်းတစ်ဦး ဖြစ်သည်။ တပ်မတော်သို့ ဝင်၍ ဓားခုတ်လှံထိုး မြင်းရေး လေးအတတ်တို့ကို သင်ကြားပြီးသည့် နောက်တွင်မူ ကိုးတောင်ကျား အတောင်ပေါက်သကဲ့သို့လည်းကောင်း၊ မိကျောင်းရဲ အသက် ၁၅၀ ပြည့်၍ လူအသွင်ပြောင်းနိုင်သကဲ့သို့လည်းကောင်း ထူးချွန်ထက်မြက် ထင်ရှားလာခဲ့သူ ဖြစ်သည်။
သူ၏ စွမ်းပကားကြောင့် လှေတပ်တော်သား ဖြစ်လာရာမှ သူလိုပင် အပြီးအစီး ပေါက်မြောက်လှသည်ဟု နာမည်ကျော်သော လှေသင်းဝန် ဦးရွှေမောင်လက်အောက် ရောက်ခဲ့လျက် အရပ်သား ငရဲအဖြစ်မှ ရဲခေါင်ဟူသည့် အမည်ကိုလည်း ရရှိခဲ့၏ ။ ထိုမှတစ်ဖန် လှေသင်းဝန် မင်းထင် မင်းလှရဲခေါင်သူရိန် ဦးရွှေမောင်မှာ အောက်မြစ်စဉ်ဝန်ကြီး မဟာသမိန်ဗရမ်း၏ နိုင်ငံတော် ကာကွယ်ရေးတပ်များတွင် လိုက်ပါရသောအခါ ယခု ကွေ့ချောင်းခံတပ်ကြီး၌ သူသည် ခံတပ်ဗိုလ် မင်းကျော်သိဒ္ဓိရန်အောင်ထံ လက်ထောက်အဖြစ် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
(ဆက်ရန်...) ရဲခေါင် (၂)

Written by သင်္ခရာဇာ

End date: December 15, 2020

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...