လက်ျာဘီလူး စိတ်ဖောက်လာပြီ ထင်ကြသော်လည်း မဟုတ်ပြန်။ သူသည် ထိုတစ်ခဏ ၌သာ ကြမ်းတမ်းရက်စက်သွားခြင်း ဖြစ်ပြီး ချက်ချင်း လူကောင်းပကတိ ပြန်ဖြစ်သွားသည်။ သူလုပ်လိုက်သော လူထွားကြီးကို စိတ်မကောင်းဟန် သွားကြည့်နေသေး၏ ။ သူ့အခန်း ပြတင်းပေါက်မှ ငေးမောနေသော အပြစ်ကင်းသည့် ဟန်ပန်ကို ကြည့်ပြီး ရက်ရက်စက်စက် လုပ်ရက်ခဲ့သည်မှာ ဤလူရွယ်ဟု ပြောပါက မမြင်လိုက်ရသူများ ယုံနိုင်ဖွယ်မရှိ။ သူ့ပုံစံက သနားစဖွယ် ဖြစ်နေသည်။
ငသူရိန် ပို၍ စိတ်ရှုပ်ထွေးလာရသည်။ လုပ်ကြံရန် အလွန်တက်ကြွနေခဲ့သူ သမိန်အဲနရဲပင် ယခုအခါ တပ်မှူးအား အကြောက်ကြီး ကြောက်နေပြီ။ မျက်လုံးချင်းမှ ဆိုင်မကြည့်ရဲ။ သူ့အနားကပ်ရန် ဝေးစွ၊ လုပ်ရေးကြံရေးမျှ မဟတော့ဘဲ သူ့ကိုယ်မှာ အကယ်ပင် ဘီလူးဝင်နေသည်ဟု ဆိုလာတော့သည်။ 'သူ့ကို သတ်မည်လာသည် မသတ်ရ၊ သူ့အသတ် ခံရရန် နည်းနည်းသာ လိုသည်' ဟု ညည်းညူလေသည်။
ဦးမျှင်ကလည်း ဖြစ်ခဲ့သည်များကို သဘောမကျ။ ဝိုင်းဝင် ဝိုင်းထွက်ဟု ဆိုလျက် အတင်းဝင် သိုင်းချုပ် ဖမ်းဆီးခြင်းမှာ လုပ်ထုံးမဟုတ်မှန်း သိသည်။ အဘယ့်ကြောင့် သွေးသောက်ကြီး ထိုသို့ပြုသနည်း။ သမိန်အဲနရဲက စုံစမ်းလို၍ စေခိုင်းခြင်းလော။ အဘယ့်ကြောင့် လက်ျာဘီလူးကို အတင်းခေါ်၍ စုံစမ်းရသနည်း။ ငသူရိန်များ ရိပ်မိမလား ဟု မေးကြည့်သည်။ ငသူရိန်က 'မဟုတ်ပါ၊ ထိုသို့ ဖမ်းဆီးခွင့် ရှိပါသည်။ ဖမ်းမိပါက ဝိုင်းထွက်မည့်သူ အရှုံး' ဟု ဆို၏ ။
လက်ျာဘီလူး တပ်၌ နေခဲ့ရစဉ်က ထိုအလေ့များ မကျင့်ကြသဖြင့် မသိခြင်း ဖြစ်ပေလိမ့်မည်။ တပ်မှူးကရော အကယ် စိတ်ဖောက်ခြင်းလော။ အကြံအစည် တစ်စုံတစ်ရာ ရှိသလော။ သူ့စိတ်ကိုမူ မည်သူမျှ မခန့်မှန်းနိုင်။ အလွန် ဉာဏ်များလှသူဖြစ်ရာ ယခု စိတ်မှန်/ မမှန်ပင် ဝေခွဲမရတော့။
ငကံကတော့ သူ့တပ်မှူး စိတ်ဖောက်ပြန်ခြင်းမရှိ ဟုဆို၏ ။ အယုဒ္ဓယ၌ သူချစ်လှစွာသော သူတစ်ဦး ကျဆုံးခဲ့၍ မြို့တော်ကြီးအား သွေးချောင်းစီး မီးတိုက်ခဲ့ပြီး တဒင်္ဂ အသိစိတ် လွတ်ခြင်းမျိုးသာ ဖြစ်သည်ဟု အခိုင်အမာ ဆိုနေသည်။ သို့သော် ထိုနောက်ပိုင်း၌ ပို၍ သန်စွမ်း ရက်စက်လာသည်ကိုမူ ဝန်ခံသည်။ တစ်ခါတစ်ရံ လူဆယ်ယောက်အားထက်ပင် ကြီးသေးသည် ဟူ၏ ။
အယုဒ္ဓယ၌ အသိစိတ် လွတ်ခဲ့သည့် တစ်ခဏ လူပေါင်းမည်မျှ သတ်ခဲ့သည်ကိုမူ မရေမတွက်နိုင်ဟု သိရသည်။ နန်းတွင်း နန်းပြင်၊ မြို့တွင်း မြို့ရိုးပေါ် မြင်မြင်ရာ ခုတ်ထစ်ပစ်ခဲ့သည်မှာ ယောက်ျားမိန်းမ၊ အမှုထမ်း၊ မင်းညီမင်းသားမကျန် လူ ၂၀၀၀ ကျော် ၃၀၀၀ ရှိမည် ဆိုသောအခါ ဦးမျှင် လန့်သွားသည်။ ငကံ အပြောမှားသည် ထင်၍ လူ ၂၀ - ၃၀ လားဟု ပြန်မေး၏ ။ ငကံက ၂၀၀ - ၃၀၀ အနည်းငယ်မျှ မဟုတ်၊ ၂၀၀၀ - ၃၀၀၀ အနည်းဆုံး ရှိမည်ဟု ထပ်ပြော၏ ။
ဦးမျှင်က ငသူရိန်ကို ကြည့်သည်။ ငသူရိန်လည်း မယုံနိုင်သကဲ့သို့ ဖြစ်နေသဖြင့် ငကံက ရှင်းပြ၏ ။ တပ်မှူးအနား မည်သူမှ မကပ်ရဲကြောင်း၊ သူသာ ခပ်ဝေးဝေးမှ လိုက်နေခဲ့ကြောင်း၊ ဆုံတွေ့သမျှ တပ်များထဲ ခုန်ဝင်ထိုးခုတ်ပုံမျိုး ယခင်က မမြင်ဖူးခဲ့ကြောင်း၊ စစ်ဦးဘီလူးပါ တိုက်သည်မဟုတ်တော့ဘဲ ကိုယ်၌ အသက်မပါသကဲ့သို့ ဝင်သွားပြီး သူတစ်ဦးတည်းသာ ပြန်ထွက်လာကြောင်း၊ ငကံလည်း မတားမြစ်နိုင်၊ မကပ်ရဲဘဲ အော်ဟစ်သမျှလည်း နားမလည်သည်သို့ ရှိနေခဲ့သည် ဆို၏ ။
ထို့ကြောင့် တပ်မှူး၏ စိတ်အခြေအနေကို သူတို့ မခန့်မှန်းနိုင်။ လူထွားကြီးကို ကြောင်တစ်ကောင်လို ကိုင်ရိုက်ခဲ့သည်မှာတော့ မျက်မြင်ဖြစ်သည်။ သူတို့ ရှိစဉ်ကပင် မဖြစ်နိုင်သည်များကို အကြိမ်ကြိမ် လုပ်ပြခဲ့သည့် တပ်မှူးမှာ ယခုအခါ ဘီလူးဆေးစွမ်းနှင့် စိတ်ခွန်အား ပေါင်း၍ အလွန်တရာ သန်မာခက်ထန်လာဟန် တူ၏ ။ လက်ျာဘီလူးကိုယ်၌ ဘီလူးအစောင့်ရှိသည် ဟူသော စကားကို ငသူရိန် လက်ခံရမလို ဖြစ်လာသည်။
သူတို့ ၃ ဦး ဆွေးနွေးနေသည့် လယ်ကွင်းစပ် ကန်သင်းရိုးပေါ်သို့ တပ်မှူး ရောက်လာသည်။ သူ့ပုံစံက အေးအေးဆေးဆေး။ လေတဖျတ်ဖျတ်လူးနေသော အဝတ်စများနှင့် ဆံပင်ရှည်များက လွင့်မျောကခုန်နေသည်သို့။ သူ့အကြောင်း ပြောနေသည်ကို မသိဘဲ ဝင်ထိုင်ပြီး
"မအေးချမ်းဘူးလားကွာ"
ဟု ဆိုလာသည်။ ဦးမျှင်က ခေါင်းညိတ်ပြီး ငသူရိန်က ပြန်ဖြေလိုက်သည်။
"အေးချမ်းတာပေါ့"
"တို့တိုင်းပြည်လည်း စစ်မက်တွေ မရှိဘဲ ဒီဒေသလို အမြဲ အေးချမ်းနေရင် ဘယ်လောက် ကောင်းလိုက်မလဲ"
"အဲသည်အတွက်ပဲ ကျွန်တော်တို့ တိုက်နေရတာ မဟုတ်လား"
ငကံက ဝင်ပြောသည်ကို စောင်းငဲ့ကြည့်ပြီး
"မဆိုင်ပါဘူးကွာ"
ဟု ဆိုသည်။ ခဏမျှ တိတ်ဆိတ်သွားသည်။ ဦးမျှင်က ချောင်းဟန့်၍
"တပ်မှူးအကြောင်း ပြောနေကြတာ၊ အယုဒ္ဓယကို ဘယ်လို သိမ်းခဲ့လဲ ဆိုတာ ငကံက ပြန်ပြောနေတာလေ"
သူရိန်က သွေးတိုးစမ်း မေးကြည့်သည်။
"တပ်မှူး အစွမ်းကတော့ ကြောက်စရာပဲ။ လူ ဘယ်လောက် သတ်ခဲ့လဲ ဆိုတာ မှတ်မိသေးရဲ့လား တပ်မှူး"
"မှတ်မိတာပေါ့။ အဲဒါကြောင့် ငါ့စိတ်တွေ မငြိမ်းမချမ်း ဖြစ်နေရတာပေါ့"
သူတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လျက်
"ငကံကတော့ လူ ၃၀၀၀ လောက် ရှိမယ် ပြောနေတယ်"
လက်ျာဘီလူး ခေါင်းကိုသာ ညင်သာစွာ ညိတ်နေသည်။ ပြန်မဖြေ။ ဦးမျှင်ကလည်း မေးစမ်းလာသည်။
"အဲသည်တုန်းက အဖြစ်ကို နောင်တရနေတာလား တပ်မှူးရ"
"မရပါဘူး၊ လုပ်ချင်လို့ လုပ်ခဲ့တာပဲ၊ မရဘူး"
"တပ်မှူး သိတယ်ပေါ့"
လက်ျာဘီလူး ဦးမျှင်ကို လှည့်ကြည့်သည်။
"ဘာဖြစ်လို့လဲ"
"သြော်.. ငကံက တပ်မှူး အသိလွတ်သွားတယ် ပြောလို့ပါ။ ဘာမှ မသိတော့ဘဲ စွတ်ခုတ်နေတယ် ဆိုလားလို့"
လက်ျာဘီလူးက ဟက်ခနဲ တစ်ချက်ရယ်၏ ။
"ဘာမှ မသိမှတော့ သူ ဒီစကား ပြန်ပြောနိုင်ပါဦးမလား ကိုကြီးမျှင်ရဲ့"
"အဲ.."
သူ့အဖြေကို ဦးမျှင် သဘောကျသွားသလို ငကံကလည်း ရှက်ရယ် ရယ်လိုက်သည်။ ဟုတ်၏ ။ တစ်ချိန်လုံး သူ့နောက် မလှမ်းမကမ်းမှ လိုက်နေခဲ့သည်ကို သူသာ ရူးသွပ်ခဲ့ပါက ငကံ အသက်မကြွင်း ရှိချေမည်ဟု မစဉ်းစားမိခဲ့။ သူပြောတာ သဘာဝ ကျနေသဖြင့် ပြန်မပြောနိုင် ရှိနေကြစဉ် သူရိန်က ထုံးစံအတိုင်း သူသိချင်သည်ကိုသာ အားမနာတမ်း မေးတော့၏ ။
"သာဆို လူထောင်ကျော်ကို အထိအခိုက် မရှိဘဲ ဘယ်လို လုပ်ခဲ့သလဲဗျ"
တပ်မှူးက စဉ်းစား ချင့်ချိန်နေသည်။ အတန်ကြာမှ
"လက်နှစ်ဖက် ခြေနှစ်ဖက် ပါတာပဲကွာ။ သူက ခုတ်လို့ ကန့်လန့်ခံရင်သာ ပြတ်ရှတာ မဟုတ်လား၊ သူနဲ့ အလိုက်အထိုက် တစ်လမ်းကြောင်းတည်း ဖြတ်ကာရင် ဘယ်ထိပါးမလဲ"
"အဲ"
သည်တစ်ကြိမ် အဲ လိုက်ရသည်က ငသူရိန် ဖြစ်၏ ။ သူ့ပြောပုံအရ မိုးခုတ်လာသော ဓားကို အောက်မှ မခံဘဲ ဝိုက်ကာ တွန်းဖယ်ခြင်းမျိုး ဖြစ်ပေလိမ့်မည်။ ထိုးလာသော ဓားလှံများကို အနီးရောက်မှ ဆွဲယူဖယ်ရှားတာများလား။ အလွန် မလွယ်ကူ၍ ချိန်သားကိုက် တစ်ထပ်တည်း ကျနေမှသာ လုပ်နိုင်မည့် အရေးဖြစ်သည်။ ဒါကို သူက လူထောင်ချီ၊ အကြိမ်ပေါင်း ထောင်ချီ၍ လုပ်ပြခဲ့သတဲ့လား။
ယခင်ကလည်း ပစ်သော မြား၊ ထိုးသော လှံများကို ဖမ်းယူ၍ ပြန်ပစ်ခဲ့ကြောင်း မြင်ဖူးခဲ့ပါသည်။ မတ္တရာဗိုလ် ဘယ်ကျော်ကို သူ့လှံနှင့်သူ ပြန်ထိုးခဲ့ကြောင်း အမှတ်ရမိသည်။ တပ်မှူးအား အခြေနေပေါ် မူတည်၍ အကောင်းဆုံး တွက်ချက် အဖြေထုတ်တတ်သူ၊ အကြံအစည် လျင်မြန်လှသူဟုသာ ထင်ထားခဲ့သည်။ အခြေနေကို အလွယ်ကူဆုံး အသုံးချ ဖြေရှင်းတတ်ကြောင်းကိုမူ မသိခဲ့။
ထို့ထက်ပို၍ တပ်မှူး၏ လက်ရုံးရည် ဤမျှ ထက်မြက်လာလိမ့်မည်ဟုလည်း မမျှော်လင့်မိခဲ့။ တစ်ချက် ရှိသည်က လူထွားကြီးနှင့် ယှဉ်ပြိုင်စဉ်က မနိုင်ကြောင်း တွေ့ခဲ့ရသလို လက်ဝဲရွှေဓားဗိုလ်ကိုလည်း ရှုံးခဲ့ကြောင်း မျက်မြင် ဖြစ်သည်။ သည်လိုဆိုတော့ အရေးကြုံမှ သက်လုံကောင်းသည့် သဘောလား။ သူ၏ အစွမ်းများကို တစ်နည်းနည်းနှင့် ညံ့သွားအောင် စီရင်နိုင်ခဲ့လျင်...
ငကံက တစ်ခုခု မေးလိုက်သည်ကို တပ်မှူးက ပြန်ဖြေသည်။
"ခုတ်ချင်လို့ကို ခုတ်ခဲ့တာပဲ ငကံရ..၊ အားရကျေနပ်လို့ ရပ်သွားတာလည်း မဟုတ်ဘူး။ သူ့ရှေ့ရောက်လို့ ရပ်သွားတာလည်း မဟုတ်ဘူး။ ခုတ်စရာက ကုန်သွားတာ။ အဲဒီတော့မှ သူ့ရှေ့ ပြန်ရောက်နေမှန်း သိတာ"
"တိုက်ဆိုင်လိုက်လေခြင်းဗျာ"
ဦးမျှင်ကလည်း
"အင်း.. အမဲလိုက်တာနဲ့ စစ်တိုက်တာဟာ သိပ်မကွာလှပါဘူး။ အကုသိုလ် အတော်ကြီးတဲ့ အလုပ်တွေပဲ"
"ဟုတ်ပ ကိုကြီးမျှင်၊ ကျုပ်လည်း အစကတည်းက စစ်ကို မတိုက်ချင်တာ။ အိပ်မက်ထဲမှာ အမြဲတမ်း ဘုန်းကြီးကျောင်းသား ဖြစ်နေတာချည်းပဲ"
"ခုရော.. ဘုန်းကြီးကျောင်းသားလေး ငစံ ဖြစ်နေတုန်းလား"
ဘကြီးမျှင်က ချစ်ခင်စွာ ဆိုလိုက်သော်လည်း သူက
"ခုတော့... ခုတော့လား၊ အင်း.. အယုဒ္ဓယကို ပဲ ရောက်ရောက်နေတယ်ဗျာ"
(ဆက်ရန်...) သူရိယ ဒေဝ (၁၂)
Written by သင်္ခရာဇာ
End date: October 11, 2021
No comments:
Post a Comment