အမှန်က သူသည် အရှေ့ဝင်းမှူးသာ ဖြစ်သည်။ သို့သော် သူ့အစွမ်းသတ္တိကို ယုံကြည်သော ဆင်ဖြူရှင် မင်းတြားကြီးက တရုတ်စစ်တွင် စစ်သူကြီးအဖြစ် ဝန်ကြီးမဟာသီဟသူရနှင့် ထည့်လိုက်သည်။ ဝန်ကြီးကလည်း အရည်အကဲ သိသည့်အလျောက် သူ့ကို ရှေ့ပြေးတပ်တွင်သာ အထားများသည်။ ယခုလည်း တရုတ်ရိက္ခာထောက် တပ်များကို ဖြတ်တောက်သိမ်းပိုက်ရန် တောထဲမှ ကြိုတင် စောင့်ဆိုင်းနေရခြင်း ဖြစ်လေသည်။
စစ်တို့၏ သဘောတရားသည် ရိက္ခာအပေါ်တွင်လည်း များစွာ တည်မှီနေသည်မှာ ယခု လူအင်အား အလုံးအရင်းနှင့် ဝင်လာသော တရုတ်တို့အတွက် ပို၍ မှန်နေပေသည်။ အင်အားများလေ ရိက္ခာလိုလေ ဆိုသည်ကို ဝန်ကြီးက ကောင်းစွာ သဘောပေါက်၏။ ပြည်တွင်းက ဖျက်ဆီးသိမ်းဝှက်ထားနှင့်သော မြို့ရွာများမှ ရိက္ခာမရလျင် အနောက်တန်း ပြည်မကြီးမှ ပို့ရပေလိမ့်မည်။ ယခုပင် ယူနန်မှ လာသော ရိက္ခာထောက်တပ်များကို ၂ ကြိမ်ခန့် တိုက်ဖျက်ရမိပြီး မဟုတ်ပါလား။
တောတွင်း ပုန်းအောင်း၍ ၂ ရက်ခန့်ကြာသော် တရုတ်တို့ ရိက္ခာလှေများ မြစ်ကြောင်းအတိုင်း ပေါ်လာပါပြီ။ လှေ ၅ စီးခန့် ရိက္ခာအပြည့်နှင့် ဖြစ်သည်။ ဆန်စပါးလှေကပင် ၃ စီးတိုက် ရှိသည်။ အစောင့်လှေ ၅ စီး လူအပြည့်ပါလာသည်။ သို့သော် သည်လောက်က တိမ်ကြားမင်းခေါင်အဖို့ စာဖွဲ့စရာပင် မဟုတ်ချေ။ ချောင်းကွေ့အတွင်းမှ ပုန်းအောင်း စောင့်ဆိုင်းနေသော တံငါလှေများကို အချက်ပြလိုက်သည်။ မြစ်ပြင်အတွင်း ငါးဖမ်းနေသော တံငါလှေ ၅ စီးခန့်ကလည်း ဟိုနေရာ ဒီနေရာတွေမှာ အဆင်သင့်။ တိမ်ကြားမင်းခေါင်က တောတွင်း၌ ဝှက်ထားသည့် ရဲလှေတော်များကို အသက်အသံမကြားရအောင် ရေချစေလိုက်သည်။
မကြာမီ လုပ်နေကျဖြစ်သော ရဲမက်များမှ အသင့်ဖြစ်ကြောင်း အကြောင်းပြန်လာသည်။ မြစ်ပြင်တွင် တရုတ်လှေကြီးများကို တွေ့သော် တံငါလှေများ မြစ်လယ်မှ စတင်ထွက်ခွာ ရှောင်ရှားကြသည်။ သို့သော် လှေချင်းပူးကာ ခပ်လှမ်းလှမ်းမှ အကဲခတ်နေကြသည်။ တရုတ်တို့ ထိုမျှနှင့် သင်္ကာမကင်း မဖြစ်မိ။ သို့သော် ချောင်းရိုးထဲမှ တံငါလှေများ တစ်စင်းပြီးတစ်စင်း ထွက်လာသည်ကို မြင်သော် တရုတ်တို့ ထွက်ကြည့်ကြပြီ။
ချက်ချင်း တံငါလှေအုပ်က မြစ်ပြင်တွင် တွေ့ရသော တရုတ်လှေကြီးများကို အော်ဟစ် နှုတ်ဆက်ကြသည်။ ပြီးနောက် အနီးအပါးတွင် ပိုက်များကို တဝှီးဝှီး ပစ်ကြဲလိုက်ကြသည်။ တရုတ်တို့က အုပ်ဖွဲ့ ငါးဖမ်းကြသော ပိုက်သမားများအဖြစ် ထင်မှတ်သွားစေရန်ဖြစ်၏။ ဖော်ရွေတတ်သော မြန်မာလူမျိုးများက ဖြတ်သန်းသွားသော ကတ္တူလှေကြီးများကို အော်ဟစ်နှုတ်ဆက်ကြသည့် အသွင်မျိုး ဖြစ်သည်။
သို့သော် ချက်ချင်း တံငါလှေများက တရုတ်တို့ဆီ အပြင်းလှော်လာကြသည်။ ဘေးဘက်၌ ရပ်ကြည့်နေသော မြစ်ထဲမှ လှေများကလည်း တမဟုတ်ချင်း တစ်ဖက်မှ ဝင်လာကြပြန်သည်။ အခြေနေ မဟန်တော့။ အစောင့်လှေများကို အော်ဟစ်သတိပေးလိုက်သည်။ တစ်ချိန်ထဲမှာ မြစ်ကမ်းဘေး တောအုပ်ထဲမှ ရဲလှေများ အောင်စည်တီး၍ ထွက်ပေါ်လာတော့သည်။
တရုတ် ကင်းလှေသားများ ဓားလှံသေနတ် ဆွဲထုတ်ကာ အသင့်ပြင်လိုက်ကြသည်။ သို့သော် မြားတံများ မှုတ်ပြောင်းများက သူတို့အား လက်ဦးမှု ယူသွားကြသည်။ ကျူရိုးနှင့် ရေအောက်မှလာသော ရေငုပ်သန်သည့် တပ်သားများကလည်း လှေများကို တွန်းမှောက် ထိုးခုတ် ပစ်ခတ်ကြလေပြီ။ တိုက်ပွဲမှာ မကြာလိုက်ပါ။ တံငါလှေများ ရဲလှေများ အင်အားက တရုတ်ကင်းလှေ အနည်းငယ်ကို လျင်မြန်စွာ အနိုင်ယူလိုက်ပြီး ရိက္ခာလှေကြီးများကို အကြောက်အလန့်မရှိ ခုန်တက် ဝင်စီး သိမ်းပိုက်လိုက်ကြပြီ။ တိမ်ကြားမင်းခေါင်ကား ကမ်းစပ်မှ ရပ်ကြည့်လျက် ''ဓားပြတွေ… ဓားပြတွေ'' ဟု အော်သံကို နားထောင်ရင်း ပြုံးနေသည်။
ညဘက်တွင် သူတို့ဆီသို့ တပ်မကြီးမှ စေလိုက်သော မြင်းလျင်တစ်စီး ရောက်လာသည်။ ဝန်ကြီးက အလျင်အမြန် ပြန်ခဲ့ရန် အခေါ်လွှတ်လိုက်ကြောင်း သန်မြန် ဟူသည့် တပ်မှူးကို စေလိုက်ခြင်း ဖြစ်သည်။ အခြေအနေမှာ မကောင်း။ တရုတ်တို့က မဟာသီဟသူရ တပ်ကို အင်အားကြီးစွာ ဝိုင်းဝန်းပိတ်ဆို့ တပ်တည်လာသည် ဆို၏။
''လက်ျာဘီလူးတို့ မရှိဘူးလား''
စစ်သူကြီးက မေးသည်။ သန်မြန်က မဖြေခင် သူ့တပ်မှ ရဲခေါင်က …
''မရှိဘူးလေ။ စစ်သူကြီးပဲ ကင်းထောက်စေလိုက်တာ မဟုတ်လား''
''ဟုတ်သားပဲ။ ကျုပ်က ပြန်ရောက်လောက်ပြီ မှတ်တာ''
သန်မြန်က…
''သူ့ဆီလည်း အသင်္ခယာကို မြင်းလျင်လွှတ်ထားပါတယ်။ သူ့သတင်းတွေရော ကြားပြီးပြီလား ဗိုလ်မင်း''
''မကြားရသေးပါဘူးဗျာ။ ဆိုပါဦး… ကျုပ်တို့လူ ဘာလုပ်လိုက်ပြန်ပြီလဲ''
''ဗိုလ်မင်းလူက တရုတ်လှေတပ်ကို အတင်းတက်တိုက်ပြန်သတဲ့။ တော်သေးတာပေါ့ နောက်က တိုက်လှေ ၂၀ ပါသွားလို့။ အရေးမသာ ဖြစ်နေချိန်မှာ တိုက်လှေတွေ ရောက်သွားတော့ တရုတ်တပ် အခြေနေ မဟန်ဘူး ဆိုပြီး တပ်ဖြုတ်သွားသတဲ့။ တလုတ်တွေ ဘယ်အခဲကျေမလဲ။ ခု မြစ်စုန်ကို လှေနဲ့ပိတ် စောင့်နေတယ် ကြားတယ်။ လက်ျာဘီလူး မြစ်ညာဆန်သွားတာ ဒီတစ်ခါတော့ ပြန်လာဖို့ မလွယ်ဘူး''
''ထင်သလားဟေ့ သန်မြန်… သည်ကောင်လေးက အလောင်းမင်းကြီး လူပါကွဲ့။ အလောင်းဘုရားလိုပဲ ကြံရည်ဖန်ရည် ပြည့်ဝတယ်။ တစ်နည်းနည်းနဲ့ ရောက်လာမှာပါ''
တိမ်ကြားမင်းခေါင်က သူ့လူကို ယုံလွန်းနေသဖြင့် သန်မြန်နှင့် ရဲခေါင် ဘာမှ မပြောတော့။ သို့သော် မြစ်ပြင်ပြည့် ပိတ်ထားသည် ဆိုသော တိုက်လှေကြီးများမှာ ရာနှင့်ချီပေလိမ့်မည်။ လက်ျာဘီလူးကို လွှတ်လိုက်စဉ်က တိုက်လှေ ၂၀ ရဲလှေ ၃၀ နှင့် ကင်းထောက်ရန်သာ ဖြစ်သည်။ သူ့တပ်တွေ့က မတိုက်နှင့် ဟု ဝန်ကြီးက မှာလိုက်ချေသေးသည်။ သို့သော် မည်သည့်အခါတွင်မှ အထက်အမိန့်ကို နားထောင်လေ့မရှိဘဲ သူ့သဘောနှင့်သူ လုပ်လေ့ရှိသော ထိုတပ်မှူးက ယခုလည်း တရုတ်တပ်ကို တိုက်ကာ ထွက်သွားပြန်လေပြီ။ သူ့အား မည်သူမျှ အရေးမယူခြင်းမှာ အလွန်ဆန်းနေပေသည်။ အလောင်းမင်းကြီး လူမို့ မျက်နှာသာ ပေးထားကြခြင်းလား။
တိမ်ကြားမင်းခေါင်တို့ တစ်ရက်နှင့် တစ်ည အပြင်းချီခဲ့ကြသည်။ တပ်ချရာသို့ ရောက်သော် မြန်မာတပ်မကြီးအား တရုတ်တို့က အထပ်ထပ် ဝန်းရံကာ ရံတပ်တည်ထားသည်ကို တွေ့ကြရ၏။ ရံတပ် သစ်တပ်ချည်း ၃ ထပ်ခန့် ရှိသည်။ ထိုတပ်များကို ယခု သူ့တွင် ပါသည့် လူမျှဖြင့် မည်သို့မှ မထိုးဖောက်နိုင်။ အခြေနေကြည့်ကာ တပ်တွင်းမှ ထွက်တိုက်လျင် အနောက်မှ စစ်နှစ်ဖက်ညှပ်နိုင်အောင် ပြင်ဆင်ထားလိုက်သည်။
သို့သော် အခြေနေက ထူးခြားနေသည်။ တရုတ်တို့ စုစုအုပ်အုပ် ရှိသော်လည်း တိုက်ခိုက်ရန် ပြင်နေသည်နှင့် မတူ။ မြန်မာတပ်ဆီက မီးရောင်နှင့် လူများကို အဝေးမှာ မြင်နေရသော်လည်း သူတို့လည်း အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ သို့သော် တိုက်ခိုက်မည့် အရိပ်အယောင် မမြင်ရ။ စစ်ပြင်နေဟန် မဟုတ်။ ကြားရသော အသံများမှာ စစ်ခရာသံ စစ်မောင်းသံ ဗုံသံ ညာသံ အော်ဟစ်သံများ မဟုတ်။ နှစ်ဖက်စစ်သည်များ အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်က တစ်မျိုးထူးခြားနေခြင်း ဖြစ်သည်။
သို့နှင့် တိမ်ကြားမင်းခေါင် ရုပ်ဖျက်သည်။ တရုတ်ဆံထုံး ထုံးသည်။ တရုတ်နှုတ်ခမ်းမွေးသဏ္ဍာန် ပြုပြင်သည်။ သန်မြန်ကို တရုတ်အစောင့်တစ်ယောက် သွားဖမ်းခိုင်းလိုက်သည်။ ဖြစ်ချင်တော့ သန်မြန်နှင့် ရဲခေါင်က အစောင့် ၂ ယောက်နှင့် စစ်သည်ဝတ်စုံ တစ်စုံကို ပါအောင်ယူလာကြသည်။ သဘောက သူတို့လည်း လိုက်ဝင်မည့်ဟန်။
တိမ်ကြားမင်းခေါင်က မလိုက်စေလိုသော်လည်း သူတို့က စစ်သူကြီး လုံခြုံရေးအတွက်ဟုဆိုကာ အတင်းပင် လိုက်မည်ပြင်နေကြသည်။ သူတို့ကိုပါ ရုပ်ဖျက်ပေးရသည်။ တရုတ်မောက်တို ဆောင်းလိုက်သောအခါ သူတို့ ၃ ယောက်သား တကယ့်တရုတ်တွေလို ဖြစ်သွားကြပြီ။ တတ်နိုင်သမျှ စကားမပြောရန် မှာပြီး တရုတ်တပ်တွင်း ခိုးဝင်ခဲ့ကြသည်။
တရုတ်တပ်မှာ အင်အားများလှသဖြင့် ထင်သလို တိုးမပေါက်။ တရုတ်ဘုရင့်သားတော် သမက်တော်များလည်း ပါလာသည် ကြားသည်။ ထို့ကြောင့် စည်းစနစ်တကျ ရှိလှရာ အတွင်းသို့ မဝင်နိုင်။ အပြင်တပ်မှာ နည်းလမ်းရှာနေတုန်း မြန်မာအသည်သားတစ်ယောက် ပြေးလာတာ တွေ့ရသဖြင့် မှောင်ရိပ်ခိုကာ ဆီးဖမ်းထားလိုက်သည်။
''မင်း ဘဇာကြောင့် ပြေးလာသလဲ။ ဟိုမှာ ဘာတွေ ဖြစ်နေကြသလဲ''
တရုတ်စစ်သားက မြန်မာလို ပီပီသသကြီး မေးလာသောအခါ အသည်သားမှာ ကြောက်လန့်ကာ ကြောင်နေသည်။ တိမ်ကြားမင်းခေါင်က
''ပြောစမ်း… မင်း ဘယ်သူလဲ။ ဒီမှာ ဘာလုပ်နေသလဲ''
''ကျွန်တော်… ကျွန်တော် ငါးပိ ငါးခြောက် ရောင်းပါတယ်။ တရုတ်တွေ ရိက္ခာကြပ်နေတယ် ဆိုလို့ ဒီဘက်လာရောင်းရင်တော့ အမြတ်များများ ရမှာပဲ ဆိုပြီး ခိုးလာရောင်းတာပါ ခင်ဗျာ''
''အတော်ဟုတ်ပေ့ကွာ… လောက်ကောင်ပေပဲ။ သို့သော် မေးစရာ ရှိနေသေးတယ်။ တရုတ်တပ်ထဲ ရောက်ပြီးမှ မင်း ဘာဖြစ်လို့ ပြေးလာသလဲ။ ဟိုမှာ ဘာတွေ ဖြစ်နေသလဲ ပြောစမ်း''
''အခြေနေတွေ ရှုပ်ထွေးနေပါတယ်… ဗိုလ်မင်း။ တရုတ်တွေက မြန်မာတွေကို ဝင်တိုက်ရင် အင်အားချင်းမမျှလို့ အလွယ်နိုင်နိုင်လျက်နဲ့ မတိုက်ဘဲ စီးချင်းတိုက်ဖို့ စိန်ခေါ်တယ်။ ဒါပေမယ့် မြန်မာဘက်မှာ တရုတ်စစ်သူကြီးကို တိုက်နိုင်တဲ့ သူရဲကောင်းက မရှိဘူး။ တရုတ်က တိမ်ကြားမင်းခေါင် ထွက်ခဲ့လို့ ဆိုတယ်။ မြန်မာဘက်က မရှိဘူး တဲ့။ ဒါနဲ့ ဝန်ကြီး ထွက် ဆိုတော့လည်း မဖြစ်ဘူး ပြောတယ်''
''အေးလေ… ဝန်ကြီးက ဒီလောက် အသက်ကြီးနေမင့်ဟာ ဘယ်တိုက်နိုင်တော့မလဲ။ ဒါနဲ့ တရုတ်သူရဲကောင်းက ဘယ်သူမို့လို့လဲ''
''ချူလောင်ပန်း တဲ့။ တရုတ်တွေ ပြောတာတော့ ဘယ်တော့မှ မသေဘူး ပြောတယ်။ နတ်စစ်သည် လို့လည်း ခေါ်ကြတယ်''
''သြော်… လက်စသတ်တော့ မသေနိုင်တဲ့ နတ်စစ်သည် ကိုယ်တိုင် ပါလာသကိုး။ ငါနဲ့ တွေ့လိုက်ချင်သဟေ့။ သူ့ချပ်ဝတ် ဘယ်လောက်ကောင်းလဲ သိရအောင်''
''ဟာ… ကောင်းတာတော့ မပြောနဲ့တော့။ အကြားအလပ် လုံးဝကို မရှိတာ။ ဓားလှံဝင်စရာ နေရာမရှိဘူး။ နောက်ပြီး သူ့ပုဆိန်ကလည်း ထိသမျှ လက်နက် အကုန်ကျိုးကျသတဲ့''
''ဒါဆို ခု မြန်မာဘက်က တိုက်မယ့်သူ မရှိဘူးပေါ့''
တိမ်ကြားမင်းခေါင်က မေးလိုက်ရင်း သန်မြန်တို့ဘက် လှည့်ပြောလိုက်သေးသည်။
''ငါ နောက်ကျသွားသကွာ။ မဟုတ်ရင် သင်းကို ငါကိုယ်တိုင် ဆုံးမပါတယ်။ လွယ်တော့ မလွယ်ဘူးဟေ့။ ရန်သူကို လျှော့မတွက်နဲ့ ဆိုတာ သည်အကောင်မျိုးကို ပြောတာ ဖြစ်မှာပဲ''
အသည်သားက ပြန်ဖြေသည်။
''ရှိ… ရှိပါတယ်။ တပ်မှူး လက်ျာဘီလူး ဆိုသူ ထွက်တိုက်မယ် လို့ အကြောင်းပြန်လာတယ်။ ဝန်ကြီးက သဘောမတူဘူးတဲ့။ ဒါပေမယ့် တရုတ်တွေက လက်ခံသတဲ့။ သူ့ကိုပဲ လက်စားချေချင်တာ လို့ ပြောသံကြားတယ်''
''ဟေ… ဘာဖြစ်လို့လဲကွ။ လက်ျာဘီလူးက ချူလောင်ပန်းနဲ့ အဖက်မှ မဟုတ်တာ။ သေသွားမှာပေါ့''
''ဒါတော့ ကျွန်တော် မသိဘူး။ အဲဒီတပ်မှူးက တရုတ်တပ်ကို နှစ်ကြိမ်တိတိ ဖျက်ဆီးသွားတယ် ကြားတယ်။ ပထမတစ်ကြိမ်က တရုတ်ကင်းထောက်တပ်၊ တိုက်လှေ ၅၀ ကို တက်တိုက်သွားသတဲ့။ နောက်တစ်ကြိမ်က တရုတ်တွေ တိုက်လှေကြီး ၂၀၀ နဲ့ မြစ်ပြည့်အောင် ပိတ်စောင့်နေတာကို မြစ်ညာကနေ ဆီအိုးဖောင်တွေ မီးရှို့ပြီး လေတင်မှာ မျှောချလိုက်သတဲ့။ လေပြင်းလို့ တိုက်လှေကြီးတွေ မီးစွဲပြီး ခွာမရ ပြုမရ ဖြစ်နေတုန်း အတင်းဖောက်ထွက်သွားရော တဲ့။ ဒါနဲ့ တရုတ်တွေ လိုက်လာပြီး ခု သူ့ကို တောင်းတာပဲ''
''ဟားဟားဟား… ဖြစ်ရမယ်ကွာ… ဟေ့ ရဲခေါင်.. သန်မြန်၊ ငါမပြောလား။ လက်ျာဘီလူးက သည်လိုအကောင်ပါဆို''
တိမ်ကြားမင်းခေါင် အသံကျယ်သွားသဖြင့် သန်မြန်တို့ ဘေးဘီ ဝဲယာ ကြည့်လိုက်ကြသည်။ တော်သေးသည်။ တရုတ်တို့ စီးချင်းတိုက်ပွဲကို အာရုံရောက်နေကြ၍ ထိုနေရာတစ်ဝိုက် လူမရှိ။ အသည်သားမှာ တရုတ်တွေ မြန်မာစကား ပြောရုံမက မြန်မာဘွဲ့အမည်တွေပါ မှည့်ခေါ်ထားကြသဖြင့် ထိတ်လန့်လာသည်။ အဖြစ်မှန်ကိုလည်း ရိပ်စားမိလာသည်။ ထို့ကြောင့်
''ကျွန်တော်မျိုးကို မသတ်ပါနဲ့။ အောက်ပြည်အရပ်မှာ ကြပ်တည်းလွန်းလို့ ကြံမိပါတယ်။ အခုလည်း မြန်မာဘက်က နိုင်နိုင် တရုတ်စစ်သူကြီးနိုင်နိုင် တိုက်ပွဲဖြစ်တော့မှာမို့ အခြေမလှတာနဲ့ လွတ်ရာပြေးလာတာပါ''
''ဒါဆို… ခုနကအကြောင်း ဆက်ပြောစမ်း။ လက်ျာဘီလူး ဘယ်လိုပြန်ရောက်လာလဲ''
''ဘယ်လို ပြန်ရောက်လာလဲတော့ ကျွန်တော်မျိုး မသိပါဘူး။ ဝန်ကြီးက ခေါ်ပြီး ဆူတယ် လို့တော့ ကြားပါတယ်''
လက်ျာဘီလူး အဆူခံရသည် ဆို၍ ရဲခေါင် စိတ်ဝင်စားသွားသည်။ ပွဲရပါလျက် အဘယ့်ကြောင့် အဆူခံရသနည်း။ သူက ဝင်မေးလိုက်သည်။
''ဘာလို့ ဆူတာတဲ့လဲကွ''
''စစ်ချီနေရင်း လှည့်ပြန်လာလို့ လို့ ပြောနေကြပါတယ်။ သူမရောက်ခင်ထဲက မြင်းလျင် လွတ်လိုက်တဲ့ဗိုလ် ပြန်ရောက်ပြီး တိုင်ထားတာလို့ မြန်မာတပ်မှာ ကုန်ရောင်းတုန်းက ကြားခဲ့ရတယ်''
''နေပါဦး… သူက စစ်ချီနေရင်း ပြန်လှည့်တယ် ဟုတ်လား''
''ဟုတ်ပါတယ်။ သူက တောင်နံရံမှာ မြင်းခွာသံကြားလို့ ပြန်လှည့်တယ် ပြောပါတယ်။ အသင်္ခယာက ပြောတာတော့့ မြင်းလျင် မရောက်ခင်ထဲက လက်ျာဘီလူးတပ်က ပြန်လှည့်နေပြီလို့ ပြောတယ်။ လက်ျာဘီလူးက ချေပတယ်။ တိမ်ကြားမင်းခေါင် ရှိရင် သူ အလျင်မလို၊ မရှိသောကြောင့်သာ သူ့ဆီ မြင်းလျင် လွှတ်တာဖြစ်မယ် ဆိုပြီး ဆတ်သား ရောက်တာ မစောင့်တော့ဘဲ ပြန်ခဲ့တာပါ တဲ့၊ ဟုတ် မဟုတ်တော့ မသိပါဘူး၊ ရဲမက်တွေ ပြောဆိုနေကြတာကို ကြားနေရတာပါ''
''တယ် ဥာဏ်ကြီးတဲ့ သူငယ်ပါလားဟေ့။ သင်းသာ ရန်သူဖြစ်ရင် ကျုပ်တို့ အတော် လုပ်ကြံရမယ့် သူပဲ။ ခုရော သင်းတို့ တိုက်နေကြပြီလား''
''ကျွန်တော်မျိုး အခုထွက်လာတော့ တရုတ်စစ်သူကြီးက မြို့ပြင်တလင်းမှာ စောင့်နေတာ အဲဒီ လက်ျာဘီလူး ဆိုတဲ့သူ ချပ်ဝတ်မပါ ကိုယ်ဗလာနဲ့ တူကြီးတစ်လက် ကိုင်ပြီး ပြေးထွက်လာတာ မြင်လိုက်တာပဲ။ သူ့ကြည့်ရတာ ရူးနေသလိုပဲ… ဆံဖားလျားနဲ့ ကြောက်စရာကြီး။ ဟောဟို ကင်းလင့်စင်က ကြည့်ရင် မြင်နိုင်လောက်တယ်''
''အလို…''
သူတို့ ၃ ဦးသည် အသည်သားကို ထားခဲ့ပြီး ကင်းလင့်စင်ဆီ ပြေးခဲ့ကြသည်။ အသည်သားကလည်း မှောင်ရိပ်ခိုလျက် ထွက်ပြေးသွားသည်။ လင့်ပေါ်ဝယ် တရုတ်စစ်သားများ အုံခဲနေကြသည်။ သူတို့ တိုးဝှေ့ကြည့်ကြသည့်တိုင် တရုတ်များက အာရုံမထား။ ရှေ့မြင်ကွင်းကိုသာ မဲနေကြ၏။
သဲပြင်ကွက်လပ်ထဲတွင် လက်ျာဘီလူးသည် ယိမ်းယိုင်လျက်။ သူ့အနားမှာ တရုတ်ဘုရင့်သားတော်၏ ရွှေဒိုင်းကြီးက ကွဲအက်လျက်။ သူ့ရင်ဘတ်တွင် တရုတ်စစ်သူကြီး၏ ပုဆိန်ချက်ကြောင့် ဟက်တက်ကြီး ကွဲနေကာ သွေးများ ဒလဟော စီးကျလျက်။ မည်းနက်သော သန်လျက်ကြီးကို သဲပြင်ထဲ ပစ်စိုက်လိုက်ပြီး တူဖြင့် ထောက်ကာ မလဲအောင် ကြိုးစား ထိန်းနေရသည်။ တရုတ်စစ်သူကြီးကတော့ အောင်မြင်စွာ ကြုံးဝါး၍ သဲပေါ် ခွေယိုင်ကာ ဒူးထောက်ကျတော့မယောင် ရှိသော လက်ျာဘီလူးကို ပုဆိန်ကြီးဖြင့် မိုးခုတ်ချလိုက်သည်။
တရုတ်တွေအားလုံး ဝေါခနဲ သြဘာပေးလိုက်ကြသည်။ မြန်မာတပ်မြို့ရိုးထက်မှလည်း ဟာ ဟူသည့် အသံကြီး ထွက်လာသည်။ သွားပြီ ဟု ထင်မှတ်လိုက်ရသည်။ ထန်း ခနဲ အသံထွက်လာပြီး ''အားးးး'' ဟူသည့် အသံနက်ကြီးက အားလုံးကို ဖုံးလွှမ်းသွားတော့သည်။
တစ်ချိန်လုံး နောက်ဆုတ် ရှောင်တိမ်းနေရဟန်တူသော လက်ျာဘီလူးက မိုးခုတ်လာသော ပုဆိန်ချက်ကို မရှောင်တော့ဘဲ ရှေ့တစ်လှမ်းတက်လျက် ပုဆိန်ကိုင်လက်ကို တူဖြင့် လွှဲကာ ပင့်ရိုက်လိုက်ခြင်း ဖြစ်သည်။ အတွေ့အကြုံအရ ချူလောင်ပန်း၏ လက်ချောင်းများ ကြွေမွသွားမည်ကို တိမ်ကြားမင်းခေါင် သိလိုက်သည်။ ရဲခေါင်ထံမှ ''ဘာဖြစ်တာလဲ… ဘာလုပ်လိုက်တာလဲ'' ဟူသည့် အသံ ထွက်လာသော်လည်း တရုတ်စစ်သားများ သတိမထားမိကြပေ။ သူတို့ဘာသာ အော်ဟစ်နေကြသည်။
အဖြစ်အပျက်က မြန်လွန်းသည်။ လက်ချောင်းများ ကြေမွသွားသော်လည်း ချူလောင်ပန်းသည် ဟန်ချက်မပျက်။ ဘယ်လက်ဖြင့် ထပ်ပိုင်းလိုက်ပြန်သည်။ သို့သော် အားမပါတော့။ လက်ျာဘီလူးက တူနှင့် ပက်ထုတ်လိုက်နိုင်သည်။ တစ်ချိန်တည်းမှာ အားမရှိတော့သယောင် ထင်ရသော လက်ျာဘီလူးက လေထဲ ခုန်ဝဲကာ စစ်သူကြီး၏ သံခေါင်းစွပ်ကြီးကို ထုချလိုက်လေသည်။
ဒေါင်ခနဲ မြည်သွားသော်လည်း စစ်သူကြီးမှာ မလဲချေ။ တိမ်ကြားမင်းခေါင်ပင် တရုတ်စစ်သူကြီး၏ ခံနိုင်ရည်နှင့် သတ္တိကို အံ့သြမင်သက်နေရသည်။ မူးဝေသွားဟန်တူသော စစ်သူကြီးက နောက်သို့ တစ်လှမ်း ဆုတ်သွားပြီး တောင့်တောင့်ကြီး ရပ်နေသည်။ လက်ျာဘီလူးကမူ ကြိုတင်ကြံရွယ်ထားသလို ထုပြီးသည်နှင့် တူကို လွှတ်ချကာ သန်လျက်ကို ဆွဲနှုတ်ရင်း ဆက်တိုက် ရှေ့တိုး ခုတ်မိုးလာ၏။
သူ့ပုံစံက မသိလျင် လုပ်နေကျအလုပ်ကို ဆက်တိုက်လုပ်နေသလို ထင်ရသည်။ အကြိမ်ကြိမ်အထပ်ထပ် လေ့ကျင့်ထားသည့် အကွက်လို တစ်ခုပြီးတစ်ခု ဆက်နေသည်။ ချူလောင်ပန်း ခေတ္တ ရပ်သွားသည်ကပင် သူ့အတွက် အလွန်လုံလောက်နေပေပြီ။ သူ သန်လျက်နှင့် မိုးသည်ကို စစ်သူကြီးက ဘယ်လက်ဖြင့် ကာသည်။ သို့သော် သူက တကယ်မခုတ်။ ရွယ်ထားပြီး တစ်ချက် ရပ်စောင့်နေခြင်း ဖြစ်သည်။ လက်ဖြင့် ကာသောအခါမှ ထိုလက်ကို သေသေချာချာကြီး ချိန်လျက် ပိုင်းချလိုက်သည်။
သံချပ်ဝတ်ထားသော လက်ကောက်ဝတ်မှာ ငုံးတိတိ ကျန်ခဲ့ပြီး သွေးများ ပန်းထွက်လာသည်။ ချူလောင်ပန်းမှာ ကြောင်၍ ကြည့်နေသည်။ မြန်မာတို့ အုန်းခနဲ ထ အော်ကြသည်။ တရုတ်များလည်း ခေတ္တ ကြောင်နေပြီး ဝေါခနဲ အသံကြီး ထွက်လာကြသည်။ မောက်တို မောက်ရှည် ဓားလှံ ဒိုင်းများ မြို့ရိုးထက်မှ ပလူပျံပြီး ကျလာ၏ ။ သန်မြန်က ''ပွဲပြတ်ပြီကွ'' ဟု အော်လိုက်သေးသည်။ တိမ်ကြားမင်းခေါင်က တစ်စုံတစ်ရာ အော်ဟစ်နေသော တရုတ်ဘုရင့်သားတော်ကို လှမ်းကြည့်လိုက်သည်။ လက်ျာဘီလူးက ကြားဟန်မတူ။ ချူလောင်ပန်း၏ ပုဆိန်ကြီးကို ကောက်ယူကာ ဒယီးဒယိုင် ဆွဲလာပြီး ခေါင်းကို ပိုင်းဖြတ်လိုက်တော့သည်။
တိမ်ကြားမင်းခေါင် ချက်ချင်း သန်မြန်နှင့် ရဲခေါင်ကို ဆွဲကာ ကင်းစင်ပေါ်မှ ခုန်ချလိုက်သည်။ တရုတ်စစ်သားများက မြင့်မားသော လင့်ပေါ်မှ ခုန်ချသွားကြသူများကို အံ့အားသင့်စွာ လိုက်ကြည့်နေကြသည်။ ဘာမှန်းပင် သိလိုက်ကြဟန်မတူ။ တိမ်ကြားမင်းခေါင်က သူ့တပ်ဆီ ပြန်ပြေးရင်း…
''ဟေ့ ရဲခေါင်… တိုက်ကြတော့မယ်ကွ။ မင်းက တပ်ကို အမြန်ပြင်ပြီး လိုက်ခဲ့။ အလယ်ကြောင်းကပဲ ဖောက်မယ် သိလား။ သန်မြန်… မင်းက သန်မာတယ်… မင်းမြင်းကို အမြန် က ပြီး ငါနဲ့လိုက်ခဲ့။ ငါ့မြင်းလည်း ဆွဲခဲ့''
တိမ်ကြားမင်းခေါင် ပြောပြောဆိုဆို သူ့ပစ္စည်းများ ထားရာဆီ သွားသည်။ သန်မြန်က မြင်းဇောင်းဆီ ပြေးသည်။ တိမ်ကြားမင်းခေါင်၏ မြင်းဖြူကြီးကို ဆွဲလာချိန် စစ်သူကြီးက ရွှေရောင်သံချပ်ဝတ်စုံနှင့် စောင့်နေရစ်ပြီ။
တိမ်ကြားမင်းခေါင်က မြင်းပေါ် အပြေးတက်ရင်းက လှံတို ၃ စင်းလည်း ဆွဲယူသွားသည်။ ကျောက်စီဓါးက ကျောမှာ ကပ်လျက်သား။ ရဲခေါင်နှင့် သူ့တပ်ကို မစောင့်ဘဲ ထွက်သွားသဖြင့် သန်မြန်လည်း မန်ကျည်းစေ့ရောင် မြင်းနီကျော်ကို စီးကာ တွေ့ရာတင်ကျည်းစွဲလျက် အမြန်လိုက်ရလေသည်။
''တိမ်ကြားမင်းခေါင်… တဲ့ဟေ့… ခံဝံ့သူ ခံကြ''
စစ်သူကြီးက ရဲရဲဝံ့ဝံ့ တစ်ဦးတည်း ရှေ့ဆုံးမှ တရုတ်တပ်ကို ထိုးခွဲဝင်ရောက်သွားသည်။ သန်မြန်နှင့် အလျင်ပြင်ဆင်ပြီးနှင့်သော စစ်သည်များ နောက်က ပါလာကြသည်။ ထို့နောက် ဆက်တိုက်ဆိုသလို ရဲခေါင်နှင့် တပ်သားအများ မြင်းကိုယ်စီနှင့် တစ်သီတစ်တန်းကြီး လိုက်လာကြလေသည်။ သူတို့သည် တရုတ် တပ်ဆီ ဦးတည်ကာ အဆုတ်အဆိုင်းမရှိ ထိုးဖောက်ဝင်ရောက်သွားကြသည်။ အရှေ့ဝင်းမှူး တိမ်ကြားမင်းခေါင်တပ်သည် လက်ရွေးစင် လူကောင်းချည်း။ ဓါးနက်ကျောက်စီဓါး ကိုင်ခွင့်ရသသူ မင်းကြီး တိမ်ကြားမင်းခေါင်အသံ ကြားသည်နှင့် မြန်မာတို့ အားတက်ကာ ထွက်တိုက်လာကြသည်။
ဟိုးခပ်လှမ်းလှမ်းတွင် မြေပေါ် ဒူးထောက်လျက် သွေးတပွက်ပွက်ကျနေသော လက်က်ျာဘီလူးကို မြန်မာမြင်းသည်တစ်ဦး လာဆွဲသွားတာ တွေ့ရသည်။ သူသည် မြို့တံခါးနားအထိ တရွတ်တိုက် ပါသွားပြီးမှ ခြေလျင်နှစ်ဦးက လာကူသဖြင့် မြင်းသည်က သူတို့လက်ထဲ ထားခဲ့ပြီး ပြန်လှည့်သွားသည်။ အခြေနေက ရှုပ်ထွေးနေသော်လည်း သင်းအတွက် စိတ်အေးသွားရပြီ ဖြစ်သဖြင့် တိမ်ကြားမင်းခေါင်က ရုတ်ရုတ်သဲသဲ ရှိနေသော ဘုရင့်သားတော် သမက်တော်များ၏ တပ်ဆီသို့ သူ့မြင်းကို ချိန်၍ လွှတ်လိုက်တော့သည်။
''ဟေး… ငါလာပြီကွ။ တိမ်ကြားမင်းခေါင်ကို တွေ့ချင်လှပါချည်ရဲ့ ဆို… လာတွေ့ကြစမ်းဟေ့''
Written by သင်္ခရာဇာ
End date: December 29, 2020