Translate

Showing posts with label အကျဥ်းစံ. Show all posts
Showing posts with label အကျဥ်းစံ. Show all posts

အကျဥ်းစံ

"ဂလောက် ဂလောက်"
စင်္ကြံလမ်းတစ်လျှောက် မှန်မှန်ထွက်ပေါ်နေသည့် အသံကြားရာသို့ အခန်းများအတွင်းရှိ လူတို့က ငြိမ်သက်စွာ လိုက်ကြည့်နေကြသည်။ အရေးကြီးအကျဥ်းသားတစ်ဦးအား လှံကိုင်အစောင့်များ အပြင်ထုတ်လာခြင်း ဖြစ်၏ ။
"ခြင်္သေ့ကြီး ထွက်လာပြီဟ"
အခန်းတွင်းမှ ထောင်ကျတစ်ဦးက ဆိုသည်။ သူပြောသလိုပင် မှန်မှန်လျှောက်လာနေသည့် အကျဥ်းသား ပုံပန်းသဏ္ဍာန်က ဆံပင်စုတ်ဖွားနှင့် ခြင်္သေ့တစ်ကောင်ကဲ့သို့ ဖြစ်နေ၏ ။
အစောင့်များက သံခြေကျင်း တွဲထားသော အကျဥ်းသားကို ထောင်မှူး သရုပ ထံ ခေါ်ဆောင်လာသည်။ စိတ်ရှုပ်နေဟန်တူသော ထောင်မှူးက မျက်နှာအမူအရာကို ပြင်လိုက်ကာ..
"လာ.. လာ၊ မျှော်နေတာ။ နေရထိုင်ရ အဆင်ပြေရဲ့မဟုတ်လား"
အကျဥ်းသားက ပြန်မဖြေဘဲ စူးစူးရဲရဲသာ ကြည့်နေသည်။ ထောင်မှူးကပင် ဆက်လက်၍
"မင်းကို ခေါ်ရတာ တခြား မဟုတ်ဘူး။ ပင်ပန်းဆင်းရဲစွာ ကြပ်ကြပ်တည်းတည်း နေရတာကို စိတ်မကောင်းလို့ ငါ တတ်နိုင်တဲ့ဘက်က ဖြေလျှော့ပေးမလို့ပဲ"
"ကျုပ်ဆီက ဘာအလိုရှိတာလဲ"
အကျဥ်းသားက ဆိုသည်။
"ဘဝရှင် မင်းတရားကြီးဘုရားက မင်းကို မှတ်လောက်သားလောက်အောင် ထားရမယ် ဆိုပေမယ့် ကျုပ်အမြင်မှာတော့ ယခင်က သူရဲကောင်း၊ မင်းတရားကြီးလူတစ်ယောက်ကို.."
"ကျုပ်ကို ဘာလုပ်ပေးစေချင်တာလဲ"
စကားကို ဖြတ်ပြောလိုက်ခံလိုက်ရသဖြင့် ထောင်မှူး မျက်နှာပျက်သွားကာ ချောင်းဟန့်လျက်
"အဟမ်း.. အင်းဝအပျက်မှာ မတ္တရာနယ်က ဓားပြတိုက် လူသတ် ရမ်းကားနေခဲ့တဲ့ အောင်သင်းကြီး ဆိုတာဟာ အခု ဒီရောက်ပြီးတော့လည်း မိုက်မြဲ မိုက်နေဆဲပဲ။ အဲဒါ မင့်အစွမ်းနဲ့ သင်းကို"
"စိတ်မဝင်စားဘူး"
ထောင်မှူး ပါးစပ်အဟောင်းသားနှင့် ဒေါသတလိပ်လိပ်ထွက်ကာ ကျန်ခဲ့သော်လည်း 'ဂလောက် ဂလောက်' ဟူသော အသံများကတော့ လာစဥ်ကအတိုင်း ပုံမှန်မြည်ရင်း ဝေးကွာသွားသည်။
"အေး.. မင်း စိတ်မဝင်စားရင်လည်း ငါတို့က မင်းအခန်းထဲ ဒုက္ခအိုးကြီး ထည့်ပေးရမှာပေါ့ကွာ"
မကြာမီ သူတစ်ယောက်တည်း သီးသန့် သံကြိုးများနှင့် တွဲခတ်ထားသည့် ညောင်စောင်းပေါ် ထိုင်စေချိန် ထောင်သားကြီးတစ်ဦးကို ရဲမက်များ ဆွဲခေါ်လာကြပြီး သူ့အခန်းထဲ တွန်းထည့်လိုက်၏ ။
သူက အသစ်ရောက်လာသည့် လူကြီးအား မျက်လုံးအသေများဖြင့် ကြည့်နေရာ ထိုလူကြီးက
"နောက်ဆုံးတော့ တွေ့ကြပြီပေါ့"
ဟု နှုတ်ဆက်လိုက်သည်။ ထို့နောက် မျက်နှာစာဘက်ထောင့်တွင် ဝင်ထိုင်ရင်း
"လက်ျာဘီလူး ဆိုတာ.. ဟုတ်လား"
ဟု ဆိုပြန်သည်။ ပြန်ဖြေသံ မကြားရသောအခါ ထိုလူကြီးသည် သူ့အား ရာထူးဂုဏ်ရှိန်ကြီးသူမို့ မာနထားသည် အထင်ရောက်သွား၏ ။
"အေးလေ.. သူရဲတော်ကြီးဖြစ်ဖြစ် အမတ်ကြီးဖြစ်ဖြစ်ပါ၊ ကျုပ်ကို နှိမ်နင်းဖို့ ဆိုမှတော့ ရန်သူလိုပဲ ဆက်ဆံရမှာပဲ"
သူ့ဘာသာ တစ်ယောက်တည်း ပြောနေသော်လည်း လက်ျာဘီလူးကမူ ထိုသူ၏ ဥပဓိ အင်္ဂါရုပ်ကိုသာ အကဲခတ်နေသည်။ အသက်ကြီးကြီး၊ မျက်နှာရှည်ရှည်၊ ကျောက်ပေါက်ခွက်အများနှင့် ခေါင်းတုံးပေါ် ထိုးထိုးထောင်ထောင် ဖြစ်နေသည့် ဆံတိုစများကြောင့် လူမိုက်ဟန် အလိုလိုပေါ်လွင်နေသူတစ်ဦး။
"မင်းက ကျုပ်ကို သတ်မှာလား"
"မသတ်ပါဘူး"
လူကြီး မျက်ခုံးတစ်ဖက် ချီသွားသည်။
"ကြည့်ရတာလည်း မင်းက သတ်နိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။ သတ်ချင်းသတ် ကျုပ်ကပဲ သတ်လို့ရမှာ"
သံကြိုးတန်းလန်း ချည်ထားခံရသော လက်ျာဘီလူးကတော့ ခံစားချက်မဲ့နေသည့် မျက်နှာဖြင့်သာ ထိုင်နေသည်။
အတန်ကြာသည်အထိ စကားမပြောမိကြသောကြောင့် အောင်သင်းကြီး ဆိုသူလည်း တစ်ခုခုကို တွေးကာ ငြိမ်သွား၏ ။ သူ သတိထားမိတော့ လက်ျာဘီလူးသည် ကောက်ရိုးများ ခင်းထားသည့် ညောင်စောင်းပေါ်တွင် ခြေချထိုင်လျက်သား အိပ်ပျော်နေလေပြီ။
"ထိုင်ရင်း အိပ်နေတာပါလား"
ဟု အောင်သင်းကြီး တွေးနေ၏ ။ ရဲမက်များက အချင်းချင်း သတ်စေလိုသော်လည်း သည်ကောင်လေးကတော့ မည်သည့်အရာမျှ မိုက်မိုက်ကန်းကန်း လုပ်မည့်ပုံ မပေါ်။ သူ့ဘာသာ အေးဆေးစွာ နေတတ်သော သူရဲတစ်ယောက် ဖြစ်ပုံရသည်။
ခက်ခဲစွာ ရင်ဆိုင်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့၍ အောင်သင်းကြီး စိတ်သက်သာရာ ရသွား၏ ။ ဗိုလ်မထားသော သူ့အဖို့ လက်ျာဘီလူး ဟူသည့် အကျဥ်းသား တစ်စုံတစ်ခု ကြိုးပမ်းလာခဲ့ပါမူ ကြက်ကလေး ငှက်ကလေးအလား စီရင်ပစ်လိုက်ရန် လက်နှေးနေမည် မဟုတ်ချေ။
ထိုနေ့က တစ်နေ့လုံး စကားမပြောဖြစ်တော့။ နောက်တစ်နေ့ သူတို့ အပြင်ထွက်ရချိန်တွင်လည်း လက်ျာဘီလူး တစ်ဦးတည်းသာ သီးသန့်ကျန်ခဲ့သည်။ ထောင်သားအားလုံး ကိစ္စဝိစ္စပြီး၍ အပြင်ကွင်းကြီးထဲ တန်းစီနေကြချိန်မှ လက်ျာဘီလူးအား သံကြိုးဖြုတ်ကာ ရေချိုးစေကြောင်း တွေ့ရသည်။
သူတို့ တူးမြောင်းလုပ်ရန် ထွက်သွားကြချိန်တွင်မူ လက်ျာဘီလူးသည် အခန်းထဲ၌ သံခြေကျင်းဝတ်လျက် ထိုင်နေပြီ ဖြစ်၏ ။ သုံးရက်ခန့် ကြာသော် တူးမြောင်းရှည်ကြီး တူးနေရာသို့ လက်ျာဘီလူးအား လာပို့သွားလေသည်။ သူက စီမံခန့်ခွဲ စောင့်ကြပ်ပေးရမည်ဖြစ်ပြီး အောင်သင်းကြီးနှင့် တစ်ဖွဲ့တည်း။
အောင်သင်းကြီးသည် မြောင်းထဲမှ တက်လာကာ နှုတ်ခမ်းသားပေါ်ရှိ လက်ျာဘီလူးအား
"မင်းက ကြီးကြပ်ရတာလား။ ပေးစမ်းပါ.. အဲဒါ ငါလုပ်မယ်၊ မင်း ငါ့နေရာ ဝင်လုပ်လိုက်"
ဟု ဆိုလာသည်။ လက်ျာဘီလူးက အောင်သင်းကြီးလက်ထဲမှ ပေါက်ပြားကို ဆွဲယူကာ တကယ် မြောင်းထဲ ဆင်းသွားသဖြင့် အစောင့်များ ဘာလုပ်ရမည်မသိ ဖြစ်ကုန်ကြ၏ ။ အောင်သင်းကြီးကတော့ ပြုံးသွားပြီး အခြားသူများကို အမိန့်ပေး ခိုင်းစေနေလေပြီ။
မကြာမီ ဗိုလ်တစ်ဦး ရောက်လာပြီး
"ကိုရင် ငစံ၊ အဲဒါ ဘာလုပ်နေတာတုန်း။ တက်ခဲ့စမ်းပါဗျာ.. အဲဒီအလုပ်တွေ မလုပ်စမ်းပါနဲ့.. လာပါ"
ဟု လှမ်းအော်၏ ။ လက်ျာဘီလူးကတော့ မော့ကြည့်ပြီး ဘာမှမပြောဘဲ မြေကိုသာ ပေါက်နေသည်။ အခြားသူများက သူ့အနားမှ အနည်းငယ် ခွာကာ အောင်သင်းကြီးနှင့် သူ၏ အခြေအနေကို စောင့်ကြည့်နေကြလေ၏ ။
"သူတို့ကို အချင်းများစေချင်လို့ တမင် လုပ်တာပ"
"ဟုတ်တယ်မောင်၊ အောင်သင်းကြီးကတော့ ရန်လိုနေပြီ။ ရန်စတာကို ဟိုသူရဲ ဆိုတဲ့သူက မတုံ့ပြန်သေးတာ"
ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟုများ မျှော်လင့်နေကြသလား မ​ဆိုနိုင်။ ထောင်သားအများစုကတော့ ထိုနေရာတစ်ဝိုက်ကို အာရုံစိုက်နေကြသည် အမှန်။
"လက်ျာဘီလူးနော်.. အဲဒါ။ အကွက်ကောင်း စောင့်နေတာ။ လုပ်လိုက်ရင် တစ်ချက်တည်းနဲ့ အောင်သင်းကြီးခေါင်း ပြတ်ကျမှာပဲဗျ"
"တစ်ချက်တည်းနဲ့တော့ မရပါဘူးဗျာ။ ဟိုကလည်း နှယ်နှယ်ရရမှ မဟုတ်ဘဲ။ ကျုပ်အထင် သုံးချက်တော့ ခုတ်ရမယ်ဗျာ"
ဟု အချို့က အချင်းချင်း လောင်းနေကြသေးသည်။ ထောင်မှူး သရုပလည်း မြင်းနှင့်ရောက်လာ ကြည့်သွားသည် ဆိုကြ၏ ။ မည်သည့်အချင်းအရာမျှ မဖြစ်၍ အရာရှိများ လှည့်ပြန်သွားကြသောအခါ အောင်သင်းကြီးက အောင်နိုင်သူပမာ မော်မော်ကြွားကြွားဖြင့် ရွှေဘိုထောင်တွင် သူသာ ဗိုလ်ဖြစ်ရမည်ဟု ကြွေးကြော်လေတော့သည်။
အခန်းတွင်းသို့ ပြန်ရောက်ကြချိန်တွင်မှ လက်ျာဘီလူးက စကားတစ်ခွန်းပြော၏ ။
"ခင်ဗျား မမိုက်နဲ့တော့"
"ဘာကွ.."
အောင်သင်းကြီး အော်ရယ်သံက အချုပ်ခန်းများကြား ပျံ့နှံ့သွားလေသည်။
"ဟားဟားဟား.. တစ်သက်လုံး လူသတ် ဓားပြတိုက် ခိုးဆိုးလာတဲ့သူကို အခုမှ မမိုက်နဲ့ တဲ့လား။ ပြန်ပြောစမ်းပါ.. ဘာတဲ့"
လက်ျာဘီလူးကတော့ ခပ်တည်တည်။
"ခင်ဗျားကို ဒီအခန်းထဲ ထည့်တာ ဘာဖြစ်စေချင်လို့လဲ သိရဲ့မဟုတ်လား"
"သိတာပေါ့၊ မင်းတရားသူရဲကျော် ဆိုတဲ့ မင်းက ငါ့ကို နှိမ်နင်းစေချင်လို့တဲ့လေ"
"ခင်ဗျားကို ထောင်မှူး အုပ်ချုပ်သူ အမှုထမ်းတွေကပါ သေစေချင်နေတယ် ဆိုမှတော့ ဆက်မမိုက်သင့်တော့ဘူး"
"ငါ့တစ်သက်လုံး မိုက်ပြီး ရှင်သန်လာတာ ကောင်လေးရ။ မင်းက ငါ့သားအရွယ်ပဲ ရှိသေးတယ်၊ ငါ့ကို လာဆုံးမလို့ မရဘူး"
"ခင်ဗျားတစ်သက် လူဘယ်နှယောက် သတ်ဖူးလဲ"
"တစ်ကျိပ်ကျော် နှစ်ကျိပ်နီးပါးလောက် ရှိပြီကွ"
"ခင်ဗျားအသက် ဆယ့်ငါးနှစ်လောက်မှာရော လူသတ်ဖူးပြီလား၊ တောင်သူအလုပ်တွေကို ကူတုန်း၊ ရွာမှာ ဆိုးတုန်း ပေတုန်းလား"
"အေး.. ဟုတ်တယ်လေ၊ ငါက ရွာကျော်လူမိုက်ပဲ။ နောက်မှ အပေါင်းအသင်းကောင်းလို့ ဓားပြတိုက် လူသတ်တာ။ မင်းက ဘာလဲ.. စမ်းချင်လို့လား"
"ကျုပ် ၁၅ နှစ်လောက်မှာတော့ လူသတ်ဖူးပြီဗျ။ ကိုယ့်ရွာသားအချင်းချင်းကို နှိပ်စက်သတ်ဖြတ်တာ မဟုတ်ဘူး။ ကျူးကျော် စော်ကားလာသူကို သတ်လိုက်တာ။ အခုအချိန်မှာ ကျုပ်သတ်ခဲ့တဲ့ လူတွေက ရေလို့မရတော့ဘူး။ ရာကျော်နေပြီ"
"ဟဟဟ.. တူမလားကွဲ့၊ ငါ စစ်ထဲလိုက်ရင် မင်းထက် သာဆိုးဦးမပေါ့။ မင်းက ငါ့ထက် သာတယ်လို့ ဆိုလိုတာလား။ ငါ့ကို အနိုင်ယူပြီး ခေါင်းဆောင်လုပ်ချင်လို့လား ကောင်လေး"
"ကျုပ်က ဘာလို့ လူဆိုးသူခိုးတွေရဲ့ ခေါင်းဆောင် လုပ်ရဦးမှာလဲ။ တာဝန်မကျေလို့သာ ဒီရောက်လာတာ၊ ခိုးဝှက်လုယက်လို့မှ မဟုတ်ဘဲ။ ခင်ဗျား အနိုင်ကျင့်တတ်ပုံဟာ မကြာခင် သက်ဆိုးချုပ်တော့မှာ မြင်လို့ ပြောနေတာပါ"
"အောင်မယ်လေးကွာ၊ ငါ့ကို ဘယ်သူသတ်မှာလဲ.. မင်းလား ပြောစမ်း"
လက်ျာဘီလူး ဆက်မပြောတော့ဘဲ တစ်ဘက်လှည့်သွားလေသည်။ အောင်သင်းကြီးကတော့ ဗျစ်တောက်ဗျစ်တောက် ပြောဆိုကြိမ်းဝါးနေဆဲ။ သို့သော် ထိုမှ သုံးရက်မြောက်သော ညတွင်မူ ထောင်သားများ၏ အော်သံကို ကြားကြရလေသည်။
"သတ်ကုန်ပြီ.. သတ်ကုန်ပြီဟေ့"
"အစောင့်တွေ လာကြပါဦး.. ဒီမှာ သတ်နေကြပြီ"
အပြင်မှ အစောင့်ရဲမက်များ ပြေးလာချိန်၌ အောင်သင်းကြီးသည် မျက်ဖြူလန်နေပြီး လက်ျာဘီလူးက သူ၏ အနောက်မှ ခြေကန်လျက် လည်ပင်းကို ခြေကျင်း၌ ပါသည့် သံကြိုးဖြင့် ဆွဲညှစ်ထားသည်ကို တွေ့ကြရလေသည်။ ကျောကို ဒူးနှင့် တွန်းထောက်ထားသောကြောင့် အောင်သင်းကြီးမှာ သံကြိုးကို ကိုင်ထားရင်း ပျော့ခွေလာချေပြီ။
ရဲမက်များ ဝိုင်းဖယ်မှ လက်ျာဘီလူး ဒူးနှင့် ခြေကို ဖြုတ်ပေးသဖြင့် အောင်သင်းကြီးကို ဆွဲထုတ်ကြရသည်။ အသက်ငွေ့ငွေ့သာ ရှိတော့ပြီး သတိလစ်နေ၍ မနည်း ပြုစုကြရသည်။
"မင်း ဘဇာကြောင့် ဒီလောက် လုပ်ရသလဲ"
အစောင့်က မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာ၍ ဝတ်ကျေတန်းကျေ မေးသည့်ဟန်။
"သူက ကျုပ်အသတ်ကို ရန်ရှာလာလို့"
"ဘယ်လိုရန်ရှာသလဲ"
"တူးမြောင်းဖောက်တဲ့ လက်နက်ကိရိယာက သံစတစ်ခု ယူလာပြီး ထိုးဖို့ကြံတာ"
"ဘယ်မှာလဲ အဲဒါ"
"သူ့တင်ပါးထဲမှာ။ အသားထဲ မြုပ်နေပြီ၊ ဆွဲထုတ်စရာ ညှပ်လိုလိမ့်မယ်"
"ဒုက္ခပဲ၊ မင်း ဘယ်လို လုပ်လိုက်တာလဲ"
"ဒုက္ခိတဖြစ်အောင် အကြောတွေ ဖြတ်လိုက်တာပဲ"
နောက်တစ်နေ့ နံနက်ညီလာခံအပြီးတွင် မင်းတရားကြီး၏ အချစ်တော် ပဒုမ္မဝတီ မင်းသမီးငယ်လေး အခစားဝင်လာပြီး
"မောင်ကြီးညိုသတင်း ကြားပြီးပါပြီလား ဖဘုရား"
"မကြားသေးဘူး သမီးတော်၊ တင်စမ်းပါဦး"
"ထောင်သား လူမိုက်ကြီးတစ်ယောက်က အသက်ကို ရန်ရှာလာလို့ ခတ်ထားတဲ့ သံကြိုးတွေနဲ့ ခက်ခက်ခဲခဲ အသက်လု ကာကွယ်ခဲ့ရသတဲ့ ခမည်းတော်ဘုရား"
"ငစံငယ်ကို လုပ်ကြံချင်သတဲ့လား"
"အဲသည်လိုဖြစ်အောင် ထောင်မှူးကြီးက တမင် သူ့အခန်းထဲ ထည့်ထားတယ်လို့လည်း ပြောနေကြပါတယ် ဖဘုရား"
"သည်အတိုင်းဆို မောင်စံ အပြစ်ကြီးပြီး ထောင်ထဲမှာပဲ အသက်ကုန်တဲ့အထိ နေသွားရဖွယ် ရှိတယ်"
ထိုအခါ မိဖုရားခေါင်ကြီးက
"ကျုပ်သား ဘာအပြစ်မှ မရှိဘဲ သံခြေကျင်းနဲ့ ပင်ပန်းဆင်းရဲစွာ ထားတာတောင် လွန်လှပြီ။ သူ ကြိုးကြိုးကုတ်ကုတ် အားထုတ်ခဲ့လို့ ရှမ်းပြည်က လက်ဆောင်ပဏ္ဍာတွေနဲ့ လက်နက်တွေလည်း ရောက်လာတယ်ဆို။ ကျုပ် သတင်းကြားပြီးပြီ၊ ပြန်လွှတ်ပေးဖို့ ကောင်းနေပါပြီ"
ဟု ဆိုသည်။ ကျောက်မြောင်းကတော် မိဖုရားကလည်း
"တစ်နေ့ကတောင် သားတော်လေး မေးနေသေးတယ်၊ ဦးကြီးညိုသူ ပြန်မလာသေးဘူးလား တဲ့။ သူက ခရီးပြန်ထွက်သွားတယ်ပဲ ထင်နေတာဘုရာ့။ ကျွန်တော်မမှာ မပြောရက်လို့ သူမေးတိုင်း မဖြေတတ် ဖြစ်နေရပါတယ်"
အလောင်းမင်းကြီးလည်း မျှော်လင့်တကြီး ကြည့်နေသည့် ပဒုမ္မဝတီ၏ မျက်လုံးများနှင့် ခင်ယွန်းစံ၏ မကျေနပ်ဖြစ်နေသော မျက်နှာဟန်ပန်ကို ကြည့်ကာ...
"အိမ်း၊ သူ အရေးမှားလို့ နောင် မလုပ်ဝံ့အောင် မှတ်မှတ်သားသား ဒဏ်ထားရတာပဲ မယ်မင်းစံရဲ့"
ဟု ဆိုရာ မိဖုရားကြီးက
"ဒါဆို တော် အရေးမှားရင်ကော"
ဟု ချေပလိုက်လေသည်။
*
သာယာလှသော မဟာနန္ဒာကန်ဘောင်ပေါ်ရှိ ဝါးထိုင်ခုံငယ်ကလေး၌ ထိုင်ရင်း ကန်အရောက် ဖောက်နေသည့် တူးမြောင်းကြီးကို ကြည့်ကာ ငေးမောနေသည့် လက်ျာဘီလူးအား အနောက်မှ တစ်စုံတစ်ယောက်က
"ဟိတ်"
ဟူ၍ ပခုံးနှစ်ဘက်ကို ပုတ်ကာ ခြောက်လှန့်လိုက်သည်။ ရုတ်တရက် လန့်သွားပြီး ပခုံးပေါ်မှ လက်ကို ကိုင်မိမလို ဖြစ်သွားပြီးမှ
"သြော်.. လန့်လိုက်တာ ငါ့နှမရယ်"
"လုပ်မနေနဲ့၊ တကယ် မလန့်ဘဲနဲ့များ.. အပိုတွေ"
လက်ျာဘီလူး ရယ်ပြီး
"မင်းရဲဖျားကလေး လာမယ်ဆိုလို့ စောင့်နေတာ ကြာပြီ၊ ပေါ်မလာဘူး"
"သိပါ့၊ သူပြောလို့ ထွက်လာခဲ့တာပဲ"
"သူက ဘာပြောလဲ"
"ဦးကြီးညိုသူ ခရီးက ပြန်ရောက်နေပြီတဲ့"
သူတို့ ရယ်လိုက်ကြသည်။ အနောက်မှ နေ၍ လက်ျာဘီလူး၏ ပခုံးနှစ်ဘက်ပေါ် လက်များထောက်တင်ထားရင်း မှီနေသည့် မင်းသမီးငယ်အား လက်ျာဘီလူးက
"နှမကို ပြောစရာရှိတယ်"
"ဘာပြောမလို့လဲ"
"မောင်ကြီးလွတ်အောင် ဘုန်းတော်ကြီးဘုရားထံ နှမ ဝင်လျှောက်ပေးတာဆို"
"မယ်မယ်ဘုရားတို့လည်း ဝိုင်းပြောလို့ ရတာပါ"
"အဲဒီအတွက် ကျေးဇူးတင်ကြောင်း ပြောမလို့လေ"
"မလိုပါဘူးရှင်၊ မောင်ကြီးညိုကို အချိန်ပြည့် လွတ်စေချင်နေတာပါနော်"
"ကျေးဇူးစကားကို မလိုချင်ရင်တောင် လက်ဆောင်ပါလာတာကိုတော့ လိုချင်လိမ့်မယ် ထင်ပါရဲ့ နှမငယ်"
"အို.. ဟုတ်လား၊ စောစောက မပြောဘူး။ အခုမှ ပေးတယ်ပေါ့လေ"
"အခုမှ လွတ်တာကိုး နှမရဲ့"
"ဘာလက်ဆောင်လဲ ပြစမ်း"
"မပြဘူး မျက်စိမှိတ်ထား"
"အွန်း"
ပဒုမ္မဝတီ ခေါင်းကလေးမော့လျက် မျက်စိမှိတ်ထားလိုက်သည်။ ဖြူဖြူသွယ်သွယ် လက်ချောင်းလေးများက သူ့ရှေ့မှာ၊ သူက ကြာပန်းပုံ အနုစိတ် ထွင်းထုထားသည့် လက်စွပ်လေးတစ်ကွင်း ထုတ်ယူလျက် လက်ချောင်းများနှင့် ချိန်ဆကြည့်ကာ လက်ခလယ်တွင် စွပ်ပေးလိုက်သည်။
"ဟယ်.. လှလိုက်တာ၊ လက်ရာ ကောင်းလိုက်တာ။ မောင်ကြီးညို ဘယ်ကရလာတာလဲ"
"ထောင်ထဲက လူတွေဆီက ဓားပြတိုက်လာတာ"

                 ဟု လက်ျာဘီလူးက အရွှန်းဖောက်လိုက်ရာ မင်းသမီးက သဘောကျစွာ လွင်လွင်ကလေး ရယ်လိုက်လေသည်။ ကျောက်မြောင်းကတော်၏ သားတော်လေး မင်းရဲဖျားကတော့ ယခုအချိန် ဝင်သွားလျင် သင့်မည်လားဟု စဥ်းစားရင်း အနောက်တွင် ရပ်ကြည့်နေလေ၏ ။

Written by သင်္ခရာဇာ

End date: April 16, 2022 

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...