Translate

Showing posts with label ပုဏ္ဏက. Show all posts
Showing posts with label ပုဏ္ဏက. Show all posts

ပုဏ္ဏက

"ဟေ.. ပြန်လာကြပြီလားဟ၊ လာကြ.. လာကြ"

ငလုံး၊ ငမုန်း၊ ငတက်ခါး တို့ သုံးဦးသား ဘကြီး ဦးပေါ်ကလေး၏ ခယိုခယိုင် တဲအိမ်ကလေးပေါ် တက်လိုက်ကြသည်။ လက်ဆောင် ငါးပိ၊ ငါးခြောက်နှင့် လက်ဖက်ခြောက်၊ ပဲခြမ်းထုပ်တို့ကို ဦးပေါ်ကလေး၏ အရှေ့၌ ချ၍ ကန်တော့လိုက်ကြ၏ ။ ပြီးမှ..
"နေ့ခင်းကပဲ ပြန်ရောက်ပါတယ် အဘရေ၊ အဲဒါ နေအေးတော့ သွားကြတာပေါ့လို့ တိုင်ပင်ထားတဲ့အတိုင်း အဘ ရှိလောက်မယ့်အချိန် မှန်းပြီး လာခဲ့တာပါ"
"အေးဟေးဟေး၊ ဟုတ်သကွယ်.. ဘကြီးလည်း ခုနကပဲ တောက ပြန်ရောက်တယ်။ တူမောင်တို့ သည်တစ်နှစ် ပြန်လာတာ စောသားပဲ"
"စောဆို အဘရဲ့၊ နေပြည်တော်မှာ အခြေအနေ အေးချမ်းနေတာနဲ့ပဲ အခွင့်နဲ့ ပြန်ခဲ့ကြတာ။ သြော်.. ဒါနဲ့ ဘကြီး ပြောတဲ့ သူရဲတော်အကြောင်း မေးမြန်းကြည့်သေးတယ်ဗျ..။ အတော်များများ မသိကြတော့ဘူး။ သိတဲ့သူတွေကလည်း ကြားရုံ ကြားဖူးတာ၊ ရေရေရာရာ မပြောနိုင်ကြဘူး ခင်ဗျ"
စစ်ပြန်ကြီး ဦးပေါ်ကလေးက ပြုံးလိုက်ကာ
"အိမ်း.. ကျုပ် ပြောခဲ့ရဲ့ မဟုတ်လား။ ကျုပ်တောင် တစ်ကြိမ် နှစ်ကြိမ်ပဲ တွေ့ဖူးတာပါ လို့"
ရွာခံ ငလုံး၊ ငမုန်းတို့နှင့် အတူ ပါလာသည့် တစ်ဘက်ရွာမှ ငတက်ခါးက ထိုအကြောင်းများ မသိသေးသောကြောင့် သူတို့မျက်နှာကို ကြည့်နေရာ ငလုံးက ငတက်ခါးအား
"မင်းဘာသာပဲ ငါ့ဘကြီး ပြောတာ နားထောင်ကြည့်ပေတော့။ ငါတို့တော့ မပြောတတ်ဘူး၊ ပြောလည်း ဘကြီး ပြောသလို ပေါ်လွင်မှာ မဟုတ်လို့"
"ဟုတ်ကဲ့ခင်ဗျာ၊ ငလုံးက သူ့ဦးလေး ဦးပေါ်ကလေး ဆိုတာ တစ်ချိန်က သွေးသောက်ကြီးအထိ ဖြစ်ခဲ့ဖူးတဲ့ စစ်ပြန်ကြီး လို့တော့ မကြာခဏ ပြောဖူးပါတယ်။ ဒါပေမယ့် သူတို့ မေးတတ်တဲ့ သူရဲတစ်ယောက် အကြောင်းရော ဘကြီးပြောပြမယ့် အကြောင်းများကိုပါ မကြားဖူးသေးတာမို့ ငလုံးတို့လိုပဲ အတုယူရအောင် မိန့်ကြားစေချင်ပါတယ်ခင်ဗျား"
"အင်း.. ငလုံးတို့ကိုတော့ ခုလို စစ်သည်တော်ကြီးတွေ ဖြစ်လာအောင် ဘကြီးကပဲ ပြုစုပျိုးထောင်ပေးလာခဲ့တာကွဲ့။ ခု ကျုပ်တူကလေး အိုးစားကြီး ဖြစ်နေပြီ ဆိုတော့ ကျေနပ်ရသပေါ့။ မောင်တို့လည်းအင်္ဂါရုပ်ကို ကြည့်ရတာတော့ ခေသူတွေ မဟုတ်ကြပါဘူး။ ငယ်လည်း ငယ်ကြသေးတာပဲ။ နောင် ဗိုလ်ကြီး မင်းကြီး ဖြစ်လာမှာပေါ့ကွယ်။ အဲဒါကြောင့် ဘကြီး ပြောပြပါ့မယ်။ တစ်ချိန်က ဘကြီး ကြုံခဲ့ဖူးတဲ့ အကြောင်းလေးကိုပေါ့"
ပြောပြောဆိုဆို ကွမ်းအစ်ကြီးကို ဆွဲယူလိုက်၏ ။ ငတက်ခါးက ပြင်ထိုင်လိုက်လေသည်။
ထိုစဉ်က ငပေါ်ကလေးသည် အကြပ်မှ သွေးသောက်အဖြစ်သို့ တိုးမြှင့် ခန့်ထားခြင်း ခံရစ ဖြစ်ရာ အလွန် တက်ကြွနေသည်။ သူ၏ အရည်အချင်းနှင့် ရဲစွမ်းသတ္တိကို ဗိုလ်မင်းများ မြင်အောင် ပြ၍ ရန်သူ ၅ ယောက်ကို ခုတ်ချကာ မြင်းတစ်စီးအပြင် သေနတ် နှစ်လက်ကိုပါ အရယူနိုင်ခဲ့သဖြင့် တပ်သား ၅၅ ယောက်ကို ကွပ်ကဲ ထိန်းကျောင်းရသူ သွေးသောက်ကြီး ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။ အဘပေါ်က ထိုသို့ ဦးစွာ ကိုယ်ရည်သွေးပြလိုက်ရာ ငလုံးတို့က ကြိတ်၍ ပြုံးလိုက်ကြသည်။
ယခင်ကလည်း အချင်းချင်း သွေးသောက် ဟု ခေါ်နေကျ ဖြစ်ပါလျက် ယခုအခါတွင်မူ ထိုသို့ အခေါ်ခံလိုက်ရလျင် ရိုးတွင်းချဉ်ဆီထိ စိမ့်နေအောင် ကြည်နူး ကျေနပ်သွားတတ်၏ ။ အချိန်တိုင်း ဓားကို ပခုံးထက် မှေးတင်ထားမြဲ ဖြစ်ပါလျက် ယခုအခါ သွေးတကြွကြွနှင့် ကိုင်ထားရသည်ကပင် အားပါနေ၏ ။ ရန်သူတပ်ကို မြင်လျင် မထိန်းနိုင် မသိမ်းနိုင် တိုက်ချင်နေတော့သည်။ အကွပ်အညှပ် ပြင်းလှသော ဗိုလ်မင်းကြီး၏ တပ် ဖြစ်နေ၍သာ စိတ်ကို ထိန်းကာ ရပ်နေရသော်လည်း ကညင်ဆီမီးတိုင်များ၏ အရောင်ဖြင့် မြင်နေရသော ရန်သူတပ်ကြီးအား ပြေးဝင် ထိုးခုတ်လိုက်ချင်သည်မှာ အသည်းတယားယား ဖြစ်နေ၏ ။
အမြောက်တစ်ကမ်းတွင် တန်းစီလျက် ရပ်နေကြရသည်မှာလည်း သူတို့က ရှေ့ဆုံးမှ ဖြစ်၏ ။ နောက်တပ်များမှာ တရုန်းရုန်း ချီလာနေဆဲအသံများကို ကြားနေရပြီး သံပြိုင်တီးလာကြသည့် ဗုံမောင်းသံများကလည်း တအုန်းအုန်း ဆူညံနေသည်။ စစ်ခရာမှုတ် အချက်ပေးသံများ၊ မြင်းတပ်များမှ အော်ဟစ် အမိန့်ပေးသံများကြောင့် ယခုညပင် စစ်ထိုးမည်ဖြစ်ကြောင်းကို သိနေရသည်။ နောက်မှ အလံကိုင်တပ်များ ရောက်လာပြီး သူတို့အကြား နေရာယူလိုက်ကာ အောင်လံတံခွန် တလူလူ လွှင့်ထောင်ထားလိုက်ကြပြီ။
မကြာမီ စည်းချက်ညီညီ ချီတက်လာသည့် ခြေသံတရုန်းရုန်းနှင့် မြင်းခွာသံများ ငြိမ်သွားကြပြီး တပ်အထပ်ထပ်သည် အစုစု ပိုင်းခြားစီတန်းလျက် ဗျူဟာတစ်ရပ်ကို ဖော်ဆောင်ရန် နေရာယူနေကြ၏ ။ ဂဠုန်အတောင်ဖြန့်ဟန်လား၊ လှည်းဦးကဲ့သို့ တိုက်မည်လားဟု သူ သိနားလည်ထားသမျှနှင့် စဉ်းစားကြည့်နေမိစဉ် တဖြောင်းဖြောင်း ပြေးလွှားလာကြသော မြင်းခွာသံများစွာကို အနောက်ဆီမှ ကြားလိုက်ရသည်။
သူက နောက်ဆုံးမြင်းတပ်များ တပ်ချရာသို့ရောက်လာကြပြီ ထင်လိုက်သော်လည်း ဝေါခနဲ ရောက်လာကြသော မြင်းများမှာ တပ်မကို ချည်းကပ်မိငြား ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက် ပြေးလာကြသည်ကို ကြားနေသဖြင့် လှည့်ကြည့်မိ၏ ။ လူများစွာ ပါသော မြင်းတပ်တစ်တပ်သည် အမိန့်အတိုင်း စံနစ်တကျ တပ်မချဘဲ ခရီးရောက်မဆိုက် မနေမနား တိုက်ကြတော့မည့် အဟန်ဖြင့် အားကုန်ပြေးလာနေကြသည်ကို တွေ့လိုက်ရလေသည်။
"ဟ.. ဟ၊ ဘာတွေတုန်းဟ"
"ဝေါ... ဝေါ... ဝေါ..."
"ဟိုင်းယား.. ဟိုင်းယား"
ထိုတပ်သည် ဗျူဟာခင်းကျင်း စစ်ပြင်နေသော သူတို့ကို ရှိသည်ဟုပင် မမှတ်ဘဲ ရုတ်ခြည်း ဖြတ်ကျော်သွားပြီး ရန်သူ့ တပ်ခြေသို့ ပြေးတက်သွားကြလေ၏ ။
"ဖောင်း.. ဖောင်း.. ဖောင်း"
မြင်းတပ်မှ စ၍ ပစ်ခတ်လိုက်သော သေနတ်သံများ။ ထို့နောက် တစ်ဘက်မှ ပြန်လှန် ပစ်ခတ်ကြသံများ၊ စိန်ပြောင်း အမြောက် ပစ်ဖောက်သံများပါ ထွက်ပေါ်လာပြီး မြင်းတပ်သည် ရှေ့တည့်တည့်သို့ ပြေးလွှားနေရာမှ လမ်းကြောင်းစွေလျက် ရန်သူ့အမြောက်တပ်ရှိရာ အနောက်အရပ် တပ်ကြီးသို့ ပြေးဝင်သွားကြသည်။
"ကြေးစားတွေ တစ်ကောင်မှ မလွတ်စေနဲ့၊ လိုက် လိုက်"
သူတို့ မြင်းတပ်မှ အသံ၊ သူ မင်သက်ကာ ရယ်ချင်သွား၏ ။ မိမိတို့ မြင်းတပ် အဆင်ခြင်မဲ့ တက်တိုက်ကြသည်မှာ သာမန် ထောင်တပ်ကလေး မဟုတ်၊ ပေါ်တူဂီ ဂေါ်ရခါး ကြေးစား အမြောက်တပ်ကြီးများ ပါသည့် အင်အား ရှစ်ထောင်ကျော်မည့် တပ်ကြီး ဖြစ်သည်။ အလွတ် တက်သွားသည့် မြင်းများမှာ အလွန်ဆုံး နှစ်ရာခန့်သာ ဖြစ်ပြီး အများစုမှာ တုတ်ရှည်များကို ကိုင်ဆောင်ထားကြ၏ ။ သို့သော် သူတို့ကပဲ မတိုက်ရသေးခင် ရန်သူကို မလွတ်စေနဲ့ ဆိုပါကလား။
ထို စည်းဖောက်၍ မစောင့်သော မြင်းတပ်ကြောင့် ဗိုလ်မင်းများသည် ဗျူဟာကိုမျှ ပီပြင်စွာ မခင်းရသေးမီ တံပိုးခရာမှုတ် စည်မောင်းတီးလျက် တိုက်မိန့်ပေးလိုက်ကြရတော့၏ ။ ထိုအခါ ဝမ်းသာအားရ တခဲနက် ကြေညာ၍ ပြေးထွက်လာကြသော ငပေါ်ကလေးတို့သည် ပြောင်းသေနတ် တထိန်ထိန် ပစ်ခတ်နေသည်တို့ကို ငုံ့ရှောင် ခုန်လွှားကြလျက် သစ်တပ်ကြီးဆီ ပြေးတက်ကြလေသည်။ သေနတ်စွဲသူရဲတို့လည်း ပစ်ခတ်ရင်း ပါလာပြီး မြင်းသည်များမှာ သူတို့လူစုကို ကျော်ဖြတ်သွားကြ၏ ။
ပြင်းထန်လှသော ညတိုက်ပွဲကြီးသည် ယမ်းခိုးအငွေ့များကြားမှ ဆူညံအော်ဟစ်ကြလျက် အသက်ဝင်လာလေပြီ။ သူတို့တွေ တပ်တွင်း ဝင်မိကြချိန်၌ ဦးစွာ ဝင်သွားသည့် မြင်းတပ်မှာ သင်္ဘောကုလားတို့၏ အမြောက်တပ်ကို ဖျက်ပြီးဖြစ်ရုံမက ရန်သူတပ်ကို နင်းလျက် ပြေးသည့် ဗိုလ်အစုနောက်သို့ လိုက်ကာ လှံတို၊ တင်ကျည်း၊ သေနတ်များဖြင့် လိုက်လံ ပစ်ခတ်နေသည်ကို တွေ့ရ၏ ။ ထို့နောက် ပြန်လှည့်လာကြပြီး ရန်သူတို့ တစ်စုတည်း ခိုင်မာစွာ ပိတ်ဆို့ထားသည့် လူအထပ်ထပ်ရှိသော ဗိုလ်ပုံသို့ ကပ်ကြချေသည်။
"ဒီတပ်က ငါ့အဖို့ကွ၊ မင်း မလုနဲ့"
"ဟာ.. ဟိုဘက်အစုကို သွားရိုက်ပါလားကွ၊ ငါ သည်မှာ ဝင်လက်စ ဖြစ်နေပြီ"
သူတို့သည် ရန်သူ တပ်စုများကို လုနေလိုက်ကြသေး၏ ။ များပြားလှသော တပ်သားများကို ရင်ဆိုင်နေရသော်လည်း အားမရနိုင်ကြဘဲ မြင်းပေါ်မှ ဆင်းကာ တုတ်စွမ်းပြကြ၏ ။ ငပေါ်ကလေးတို့ထက် သူတို့က အရောက်ဦးသဖြင့် စိတ်တိုင်းကျ တိုက်ခွင့် ရနေလေသည်။ ရုတ်တရက် အားလုံး၏ ရင်တွင်းသို့ ဝင်၍ နှလုံးကို ဆတ်ဆတ်ခါအောင် လှုပ်ခတ်သွားစေသော ရယ်သံကြီး ထွက်လာ၏ ။
"ဟား ဟား ဟား ဟား ဟား ဟား ဟား"
မြင်းတစ်စီးနှင့် လူတစ်ယောက်၊ ရန်သူတပ်၏ အနောက်ဘက်မှ ကျယ်လောင် ပြင်းထန်စွာ ရယ်မောရင်း တုတ်ရှည်ကို ဝှေ့ရမ်းလျက်၊ ဝိုင်း၍ ပစ်လိုက်ကြသော သေနတ်သံများကြားတွင် အထိအခိုက်မရှိ လျင်မြန်စွာ တရိပ်ရိပ် ပတ်ပြေးနေသည်။ မြင်းတွင် ချွန်းတောင်းရှည်ကြီးတစ်လက်လည်း ပါပြီး ဦးခေါင်းများကို ချိတ်ယူသွား၏ ။ မီးရောင်၌ သွေးများ တဖြန်းဖြန်း ပက်ကြဲနေသည်သို့၊ ထိုသူ အော်ဟစ်လိုက်သံကိုလည်း ကြားရသည်။
"မလွတ်စေနဲ့ကွ နော်၊ လူတစ်ယောက်ကို နှစ်ခါ မတိုက်ချင်ဘူး"
ပထမဆုံး ကြားလိုက်ရသော အမိန့်ပေးသွားခဲ့သည် အသံပင် ဖြစ်၏ ။ သူ့လူများကလည်း ဝေါင်းခနဲ အော်ဟစ်လိုက်ကြပြီး ရန်သူလူအုပ်ကြီးထဲ နစ်ဝင်သွားကြတော့သည်။
"ပထမအကြိမ် အနီးကပ် မြင်ဖူးလိုက်တာ အဲဒီ ပွဲမှာပေါ့ကွယ်။ အသက်ကို အသက်မမှတ် ဆိုတာ ကြားဖူးကြရဲ့ မဟုတ်လား။ ကျုပ်လည်း ကျုပ်ကိုကျုပ် အဲသည်လို လူမျိုးပဲလို့ ထင်နေတာ၊ ဘယ်ဟုတ်မလဲ၊ အဲသည်စကားက ကျုပ်တို့ကို ပြောတာမှ မဟုတ်ဘဲ။ ကျုပ်တို့က နောက်ဓား ကြောက်နေရသေးတယ်။ ခြေဦးလှည့်ရင်၊ တုံ့နေရင် နောက်မှာ ဓားမိုးလိုက်နေတဲ့ ဗိုလ်တွေက ကွပ်လိုက်မှာကို ကြောက်နေကြရသေးတယ် မဟုတ်လား။ သူတို့ကတော့ အဲလို မဟုတ်ဘူးကွဲ့။ ရန်သူကို မြင်လိုက်တဲ့ အချိန်မှာ တိုက်ဖို့ကလွဲပြီး အသက်၊ အသိ၊ အကြောက်တရားတွေ ဘာဆိုဘာမှ မရှိတော့ဘူး။ နောက်ဓားကိုလည်း တွေးကြောက်မနေသလို ပွဲပြီးရင် အကွပ်ခံရမယ် ဆိုတာတောင် သတိမရတော့သလို ဗြုန်းစားကြီး ပြေးတိုက်ကြတာပဲ ကြည့်"
အဘ ပေါ်ကလေး၏ စကားကို နားထောင်နေသည့် ငတက်ခါးမှာ ကြမ်းကို လက်သီးဆုပ်လျက် ထုချလိုက်ပြီး
"တောက်.. အဲသလို တစ်ကြိမ်လောက်သာ တိုက်ခွင့်ရရင် သေပျော်ပြီဗျာ"
"ဟုတ်တာပ၊ အသက်ကို ဖက်ရွက်လောက်မှ တန်ဖိုးမထား၊ ရန်သူကို ကစားချင်တိုင်း ကစားနေတဲ့အပြင် နောက်ထပ် သူတို့ဆီက ဘာကြားရတယ် မှတ်လဲ"
"ဟုတ်ကဲ့.. ပြောပါ အဘ"
သူ့လူများကို မြင်းနှင့် လှည့်ပတ် ကွပ်ကဲနေသော တပ်မှူးသည် ရှေ့ဆုံးမှ တိုက်ခိုက်လာသည့် သွေးသောက်ကြီး ငပေါ်တို့အနီး ရောက်လာရာ လိုက်ဓားလွတ် စွဲကိုင်ထားသည့် ငပေါ်အား တုတ်ချွန်ဖြင့် ညွှန်ပြလျက်
"ဟေ့ သွေးသောက်.. ရဲဘော်တွေကို ခေါင်းကိုပဲ ရွယ်ပြီး တစ်ခါတည်း အပြတ်ခုတ်လို့၊ သူတို့ခေါင်းတွေကို ဖောင်ပန်းတင်ပြီး မျှောဖို့ အမိန့်ထွက်လာရင် မင်းတို့ နှစ်ခါပင်ပန်းမယ်.. နားလည်ရဲ့လား"
သူက ကြောင်ငေးစွာ ခေါင်းညိတ်ပြလိုက်သောအခါ သူ့နောက်မှ မြင်းစီးလုလင်တစ်ဦးကိုလည်း
"အစ်ကိုက နောက်တပ်ဆီ သွားပြီး မတိုက်မခိုက်သူ ခဝါသည် ထမင်းချက် အားလုံး သစ်ဝါးရှာပြီး ဖောင်လုပ်ထားဖို့ ရှေ့တန်းက ညွှန်ကြားလိုက်ကြောင်း ပြောချေ"
မြင်းသည်က ဝန်ခံ၍ မြင်းကို ဆွဲလှည့်ကာ ထွက်သွားသည်၌ မြင်းနီကြီးပေါ်မှ ဗိုလ်က တိုက်ပွဲဘက်သို့ အော်ဟစ်လိုက်သည်။
"သူ့လူ တစ်ယောက်လွတ်ရင် နင်တို့ကို အကုန်ကွပ်မယ်။ အချင်းချင်း အသားလှီးစားရမယ်ဟေ့"
ချက်ချင်း လူအုပ်ကြီးထဲသို့ ဘီလူးများ ကျသလို ဖြစ်သွားသည်။ မိရာဆွဲ၍ ထိုးခုတ်ကြကာ ပြေးသူတို့ကို တုတ်ရှည်နှင့် လွှတ်လိုက်၍ လက်ချည်း တိုက်ခိုက်သူလည်း များလှစွာ၏ ။
"ဆိုးရွား သောင်းကျန်းလှပါလား အဘ"
"ဒါ ဘာဟုတ်သေးလဲကွာ၊ နောက်တစ်နေ့ မနက် အလောင်းချင်း ထပ်နေတဲ့ မြေပြင်ကို အမိန့်တော် ရောက်လာသဟေ့။ သူပြောခဲ့သလိုပဲ မင်းတရားကြီးက မွန်တို့အကောင်ကို ခေါင်းဖြတ်၍ ဖောင်ပန်းတင် မျှောလိုက်စေ၊ ကြွင်းသမျှ စုပုံ မီးရှို့ ဆိုတဲ့ အမိန့်တော် ရောက်လာတော့ ငါ့မှာ အံ့သြလွန်းလို့ အဲဒီဗိုလ် အကြားအမြင်ရနေသလား၊ တကယ့်ဘီလူးသဘက်များလား ထင်မိတာပေါ့။ ဒါနဲ့ နောက်တပ်မှာ ပါလာတဲ့ ရောင်းရင်းဘက် သွေးသောက် ငမှုန့်ကို တွေ့လို့ မေးရတယ်"
"ဟေ့.. ငမှုံ၊ မင်း ညက လူတစ်ယောက် ငါတို့ရှေ့က ဝင်ပြီး ကြမ်းသွားတာ တွေ့လိုက်သေးလား"
ခပ်လှမ်းလှမ်းတွင် ခေါင်းများ ဖြတ်ယူနေသော ငမှုန်က လှည့်ကြည့်ပြီး
"မတွေ့မိဘူးကွ ငပေါ်"
သူ မချင့်မရဲ ဖြစ်သွား၏ ။
"ဟာ.. စစ်ပြင်နေတုန်း စည်းမစောင့်ဘဲ ပြေးတိုက်ကြတဲ့ မြင်းအဖွဲ့လေ"
"ဟေ့အေး.. မမြင်လိုက်ဘူး၊ အသံတော့ ကြားမိတယ်။ ငါက အတွင်း ရောက်နေတာဟ"
ငမှုန်က ဖြတ်ပြီးစ ခေါင်းများကို ဖောင်ပေါ်ပုံကြမည့် သူများထံ ပစ်ပေးလိုက်ပြီး သူ့ဆီ လျှောက်လာ၏ ။ သွေးအလူးလူး လက်ကြီးဖြင့်ပင် ဖရိုဖရဲ ပွယောင်းနေသည့် ဆံပင်များကို သပ်လိုက်ကာ
"ဆိုပါဦး၊ မင်း ဘာမြင်လိုက်လို့လဲ"
"ညက ငါ ဘီလူးတစ်ကောင် မြင်မိတယ် ထင်တာပဲ"
ငမှုန် မည်းသည်း ညစ်ထေးစွာ ပြုံးသည်။
"အစွယ်ဖွေးဖွေးနဲ့ ထန်းပင်လောက် ရှိသလား"
"လူသာမန်လိုပဲကွ၊ မြင်းနဲ့ လိုက်ကွပ်နေတာ"
"ဘယ်လိုပုံစံမျိုးလဲ ငပေါ်"
"အနက်ရောင် မျဉ်းတို လက်ပြတ်နဲ့ပဲကွ၊ ပခုံးပေါ်မှာ ပါလည်ကွေး အထပ်ထပ်တွေ မပါတော့ ဘာရာထူးရာခံလဲ မသိလိုက်ဘူး။ ဗိုလ်ထဲကဖြစ်မယ်"
"မင့်ဟာက ထင်ရှားလှချေလားကွာ၊ စစ်တိုက်နေတဲ့ဗိုလ်တိုင်း သည်လိုချည်းပေါ့ဟ.. လချီးတဲ့မှ"
"ဆံပင် ချထားတယ်"
"ငါတို့ရော အခု စည်းထားလို့လား"
"မဟုတ်ဘူးဟ၊ ငါတို့လို မဟုတ်ဘူး။ ဘယ်သူနဲ့မှလည်း မတူဘူး။ တင်ကျည်း အရှည်ကြီး စွဲလို့"
"မင်းကလည်း.. ငါ့ခွေးလိုပဲ။ မတူဘူးသာ ဆိုတယ်၊ ကွဲပြား ထင်ရှားတဲ့ အမှတ်အသား တစ်ခုမှ မပါသေးဘူး။ မြင်းနီကြီး စီးလို့ မဟုတ်လား"
"အေး အေး.. ဟုတ်တယ်။ မီးရောင်မှာ မြင်းအရောင်က ရဲရဲတောက် လောင်နေတာပဲ"
"ထင်သားပဲ။ မင်းဘယ်သူ့ကို ပြောနေသလဲဆိုတာ ငါသိပြီ။ အဲဒါ မင်းထင်နော်ရထာ ကွ"
"အရှေ့ဝင်းမှူး ဆိုတာလား"
"သေချာတာပေါ့.. ခပ်ရွယ်ရွယ် ကောင်လေး မဟုတ်လား"
"သြော်.. ဒါ့ကြောင့် မင်းတရားကြီး အမိန့်တော်ကို ကြိုသိနေတာကိုး။ ကောင်လေး.. တောင် မဟုတ်ဘူး။ ကာလသားပေါက်လောက်ကလေးပဲ ရှိသေးတယ်.. ဒါပေမယ့်"
"သိတယ် သိတယ်၊ တစ်ခါ မြင်ဖူးတယ်။ တော်တော်မှ ကြမ်းရဲ့လား"
"ဟာ ကြမ်းလိုက်တာမှ ပုဏ္ဏက ဒေါသူပုန်ထနေသလား ထင်ရတယ်ဟေ့"
ငမှုန်က ပြုံးပြလိုက်ပြီး မျက်နှာလွှဲကာ အကောင်တစ်ခုကို ငင်၍ ဒုတ်ခနဲ ခုတ်ချလိုက်၏ ။
"အဲဒီ မင်းထင်နော်ရထာက ပြီးတော့ ဘယ်ရောက်သွားလဲ အဘ"
ကွမ်းယာရန် ပြင်နေသော ဦးပေါ်ကလေးက ငတက်ခါးအား မကြည့်ဘဲ ဖြေသည်။
"ကျုပ်လည်း မသိဘူး မောင်၊ ပွဲပြီးတာနဲ့ ပျောက်သွားတာ ဘယ်အခါမှ ပြန်တွေ့ရသလဲ ဆိုတော့.."
ရန်သူ တပ်ကြီး ရှစ်တပ်သည် တပ်ခိုင်လုံကာ အထိန်းအညှပ် ကောင်းလှသောကြောင့် မည်သူမျှ မကပ်နိုင်ဘဲ အလောင်းမင်းတရားကြီး ကိုယ်တော်တိုင် ကြည့်ရှုအားပေးတော်မူသည့်တိုင်အောင် အရေးမရ ဖြစ်နေကြ၏ ။ ထို့အခါ ကြံရည်ဖန်ရည်တွင် တမူထူးခြား ထက်မြက်လွန်းလှသည့် မင်းတရားကြီးက ရန်သူ့ သစ်တပ် အမြင့်ကြီးများနှင့် ယှဉ်၍ မျှော်စင်ကြီး ၇ စင်း ဆောက်စေပြီး အောက်ခြေ၌ ဘီးတပ်ကာ အမြောက်ကြီးများကို မျှော်စင်ထိပ် တင်စေ၏ ။
"သစ်တပ် အမြင့်လောက် ရှိတဲ့ မျှော်စင်ပေါ် အမြောက်ကြီးတွေ ဘယ်လိုတင်သလဲခင်ဗျ"
ဦးပေါ်ကလေး ကွမ်းမြုံ့လိုက်သဖြင့် ငလုံးက ဝင်ဖြေပေးလေသည်။
"သည်လို တက်ခါးရ၊ မျှော်စင်တွေဘေးမှာ တိုင်ထောင်ပြီး တန်းခိုင်ခိုင် ထိုးသတဲ့။ ပြီးတော့ အမြောက်ကြီးတွေကို စက်သီးကြိုးနဲ့ ဆွဲတင်တာပေါ့ကွာ၊ လူ ၁၀၀ မှာ ၅၀ က ဆွဲပြီးရင် ၅၀ က ထိန်းထားရသတဲ့။ ငါပြောတာ သဘောပေါက်ရဲ့လား။ သိပ်တော့ မပြောတတ်ဘူးကွ"
"ပေါက်ပါပြီ။ ပြီးတော့ ဘယ်လိုလုပ်ကြလဲ"
"အဲဒီ စင်မြင့် ရထားတွေကို တွန်းရွှေ့ပြီး တပ်ရိုးကို ကပ်ကြတာပေါ့ကွယ်။ ရထားပေါ်မှာ ဗိုလ်ချုပ် တစ်ဦးစီ၊ အမြောက်သုံးလက်စီနဲ့ သေနတ်ကိုင် လှံကိုင် ဒူးလေးကိုင် မီးရှူးမီးပန်းကိုင် တပ်သားတွေလည်း ပါရဲ့။ ဆင်ခြေဖုံးသူရဲလို ရထားရှေ့နောက်ဝဲယာက လက်နက်ကိုင်လိုက်ရတဲ့ ရဲမက်တော်တွေလည်း ပါရဲ့။ အောက်ကနေ ပစ်နေလို့ မထိရောက်ပေမယ့် အပေါ်ကနေ အမြောက်နဲ့ ကပ်ပစ်တော့ မခံနိုင်တော့ဘူးလေ"
"ဟို ပုဏ္ဏက ဗိုလ်ရော မပါဘူးလား"
"ပါပါသော်ကော၊ သူကလည်း ရထားတစ်စီး စီးရတယ်။ အရှေ့မြောက်ဘက်ကနေ ကပ်တယ်။ ငါက ထုံးစံအတိုင်း တပ်တွေအလယ်က လိုက်ရတော့ မြင်ရတာပေါ့။ သူ့ကို ရထားပေါ်မှာ တွေ့လိုက်တာနဲ့ သည်တစ်ကြိမ် လူစွမ်း မပြရတော့ ဘယ်လိုတွေ လုပ်ဦးမလဲ ဆိုပြီး သတိထားကြည့်မိသကွ"
"ရထားပေါ်ကဆိုတော့ လက်ညှိုးညွှန် အမိန့်ပေးရုံအပြင် လှံနဲ့ ပစ်တာလောက်ပဲ လုပ်နိုင်တော့မယ်"
ဘကြီး ဦးပေါ်ကလေးက ပြုံး၍ ကြမ်းကြားမှ ကွမ်းသွေးထွေးချလိုက်ကာ
"ဆိုတော့လည်း တခြားရထားတွေနဲ့ မတူတာ သတိထားမိပြန်တယ်။ သူ့ရထားက တပ်ဆီ တန်းနေအောင် အဖြောင့်မသွားဘူး။ ခပ်စောင်းစောင်း စွေသွားတယ်။ ငါလည်း လိုက်မှန်းမသိ လိုက်သွားတယ်။ တခြားရထားတွေလို တပ်ထိပ်က လူထူထူ ဝိုင်းပစ်နေတဲ့ နေရာတွေကို ချိန်မပစ်ဘူးကွ။ ဘယ်တွေကို ရွယ်တယ်မှတ်လဲ၊ တပ်ထောင့်တွေနဲ့ အလယ်တွေက အမိန့်ပေးစင်တို့၊ အမြောက်ကြီးတို့ကို ရွေးပစ်တယ်။ ကွပ်ကဲနေတဲ့ ဗိုလ်တွေ နှစ်ဦး သုံးဦး ကျသွားတော့ တခြားဗိုလ်တွေ ဆင်းပြေးကြသတဲ့။ အနောက်ခြမ်းမှာ ဣနြ္ဒပျေက်ကုန်ကြသတဲ့။ သုံ့ပန်းဖမ်းမိတော့ ပြန်ကြားရတာပ"
"ဒီလိုလူလည်း ပါဦးမှ"
"ပြီးတော့ ဗိုလ်မှူး ရန်အောင်ကျော်သူ တို့၊ ရန်ကျော်ရာဇာ တို့လို ရထားဦးက ကွပ်ကဲတာလည်း မဟုတ်ဘူး။ အမိုးအကာ ပါတဲ့ ရထားပေါ်မှာ ဝင်ချည်ထွက်ချည်နဲ့ ရထားတစ်စင်းလုံးကို ပတ်ပြီး သွားနေတာကွ။ ဘာလုပ်နေပါလိမ့်လို့ အနီးကပ် နားထောင်တော့မှ ရထားကို ရံပြီး လိုက်တဲ့ မြင်းသည်တွေကအစ ရထားကံကျွေးသမားတွေ၊ တွန်းသူတွေကိုပါ သူအလိုရှိတဲ့အတိုင်း လုပ်ခိုင်းနေတာပဲ"
"ဘယ်လို အကျိုးထူးလဲ အဘ"
"ပြောင်းသေနတ် ထူထပ်နေချိန်မှာ သူက အတွင်းနဲ့ အနောက် ရောက်နေတယ်။ ရထားပြင် ထွက်ကွပ်တဲ့ ရန်ကျော်ရာဇာ ဗိုလ်မှူး သေနတ်ကျည်သင့်ပြီး ကျသွားတယ်လေ။ ရထားလည်း အဖျက်ဆီးခံရတယ်။ သူကတော့ တပ်ကြီး ၅ တပ်ကို အပြင်းတိုက်ပြီး နောက်ပိုင်း သိပ်မကပ်၊ သိပ်မထွက်တော့ဘူး။ လူတွေလည်း အားကုန်နေပြီ။ ရထားတွေက သိပ်မရွေ့ချင်တော့ဘဲ ရပ်ရပ်နေတယ်။ တပ် ၅ တပ် ဆိုတာ နည်းလားကွာ။ ငါတို့တွေ ပြိုင်းရရိုင်း ကျကုန်တာပ။ ဆင်တွေ ခြေကုန်ရင် ရပ်နေသလို လူတွေလည်း လက်ပန်းကျလာတာပေါ့"
"အဲဒီတော့ ကျန်သုံးတပ် မပျက်ဘူးဆိုတဲ့ သဘောပေါ့"
"ဟုတ်တယ်၊ ပျက်မသွားဘူး။ အဲဒီ သုံးတပ်က အမျိုးမျိုး တိုက်လည်း မပျက်လို့ ရံတပ်တွေ ပတ်ဝိုင်းပြီး ရံနေတော့မှ ဆုတ်ပြေးသွားကြတယ်။ ဒါတောင် တပ်ကြီးတစ်တပ် လုံးဝ မခွာလို့ ညဉ့်ကို ခိုးဝင်ပြီး မီးတိုက်မှ ပျက်ခဲ့တယ်"
ဦးပေါ်ကလေးသည် အာပေါင်အာရင်း သန်သန်ဖြင့် ပြောနေရာမှ မောသွားသလို နားနေ၏ ။ အမယ်ညို လာချပေးသော မျောက်ဥပြုတ်များကို ငလုံးတို့က နှိုက်ယူလိုက်ပြီး
"သူ ဆက်မတိုက်တာ မှန်တယ်ကွ။ နောက်တပ်တွေကို တိုက်ရင် မလိုအပ်ဘဲ အထိအရှ များတော့မယ်။ မျှော်မှန်းတဲ့ ရလဒ်ကို ဆောင်နိုင်ဖို့ကျ မလွယ်တော့ဘူး မဟုတ်လား"
ငတက်ခါးက စဉ်းစဉ်းစားစားဖြင့် ခေါင်းညိတ်၏ ။
"ဒါပေမယ့် အမှုတော်ကို ရွပ်ရွပ်ချွံချွံ မထမ်းလို့..."
အဘပေါ်က ထ အော်သည်။
"ဟ.. ဒါ့ထက်ပဲ ချွံရဦးမလား။ တို့ တတ်နိုင်တာ အကုန်လုပ်ခဲ့ပြီးပြီ။ ရထားတွေနဲ့ အောက်တွေ အတူတူ ပူးပေါင်းပြီး တပ်တိုင်တွေကို တစ်ချက်တည်း ဆွဲလှဲရတာနဲ့တင် လူတွေ အတော် ဖားသွားကြပြီကွ။ ပြီးတာနဲ့ တပ်ထဲ အတင်းဝင် ခုတ်ကြရတာ။ သူတို့ တပ်တွေ တည်ထားပုံကလည်း သိပ်စံနစ်ကျတယ်။ နေရာချတာ သိပ်ကောင်းတော့ ရထား ၇ စီးလုံး၊ လူအားလုံး တစ်ယောက်မှ အအားအလပ်မရှိ အနေအနားမပြုကြလို့သာ တပ် ၅ တပ်ထိ ပေါက်တာပေါ့"
"အကုန်မတိုက်လို့ အမျက်တော် ရှိမှာပဲ စိုးတာပါ"
"တိုက်ရခက်လွန်းတဲ့ ၅ တပ်ကို တစ်ပြိုင်တည်း ရတယ်ဆိုတာ ဘဝရှင်လည်း ကျေနပ်လောက်တဲ့ ရလဒ်ပါဟ။ သူကိုယ်တိုင် ကြည့်နေတာပဲ.. သိတာပေါ့"
စကားနည်းသည့် ငမုန်းက ဝင်၍
"အခု တို့ငလုံး အိုးစားကြီး ဖြစ်ပြီး ငါတို့က အိုးစားဖက်တွေအဖြစ် ကျန်နေတာ ဘာကြောင့်လို့ ထင်သလဲကွ ဟင်.. ငတက်ခါး"
တက်ခါးက ပြုံးစေ့စေ့ဖြင့်
"အဘပေါ်ကြောင့်ပေါ့ကွာ၊ မဟုတ်ဘူးလား။ မျိုးရိုးက ရှိသေးတာကိုး"
"ပြီးတော့ရောကွ"
ငလုံး အမေးကိုလည်း
"ခုလိုတွေ ပြောပြ သင်ပေးထားတော့ တို့ထက် သာနေတာပ"
အဘပေါ်သည် ကွမ်းဖတ်များကို ထွေးပစ်လိုက်ပြီ ဖြစ်၍
"မျိုးရိုးသာ လိုက်ရရင်တော့ ငလုံးတစ်သက် ရာထူးတက်ဖို့ မမြင်ဖူးဟေ့"
ဟု ပြုံးရယ်လျက် ဆိုလိုက်သည်။
"ဘာဖြစ်လို့တုန်း အဘရဲ့"
ငလုံးက နားမလည်သဖြင့် ပြန်မေး၏ ။
"ဟ.. မင်းတို့ သတိမထားမိဘူးလား၊ အဲဒီမတိုင်ခင်က ငါ သွေးသောက်ကြီး ဖြစ်နေပါပြီဆို။ နောက်ပိုင်းလည်း သွေးသောက်ပဲ။ အနားယူတဲ့ အထိလည်း အဲဒီရာထူးကနေ မတက်တော့ဘူးလေ"
"တကယ်ဆို ဘကြီး အရည်အချင်း ကြံရည်ဖန်ရည်နဲ့ ဒီထက် အဆင့်တွေ တက်သင့်တာပေါ့ဗျာ"
ငလုံးက မြှောက်ပင့်ပေးလိုက်လေသည်။
"အေး.. ဒါမဲ့ ငါက အတုယူ မှားခဲ့တာကိုးကွ"
သူ့အား ကြည့်နေကြသည့် လူငယ် သုံးဦးအား ပြုံးပြုံးကြီး ကြည့်လျက် အဘပေါ်က
"အဲဒီနောက်ပိုင်းမှာ မင်းတို့ပြောတဲ့ ပုဏ္ဏကဗိုလ်မှူး ရူးသလို ငါလည်း လိုက်ရူးတော့တာပဲဟေ့။ အများနဲ့ မတူတာတွေ လုပ်ကိုင် ကြံစည်နေလေတော့ ရာထူး မတိုးတဲ့အပြင် တက်လိုက် ကျလိုက်ပေါ့ကွဲ့။ သူလည်း ဘယ်ရောက်သွားတယ်မသိ၊ ငါလည်း သည်တစ်ခါ သွေးသောက် ပြန်ဖြစ်ရင်တော့ အနားယူပြီ ဆိုပြီး ထွက်ခဲ့တာပဲ... ဟဲ ဟဲ"
"ကျွန်တော်လည်း အနည်းဆုံး အကြပ် သွေးသောက်မက ဗိုလ်လောက်တော့ ဖြစ်အောင် နေလိုက်ဦးမယ်။ နောက်မှ ဘကြီး ပြောသလို ရူးတော့မယ် ဘကြီးရေ.. ဟားဟား"
ငလုံးက ပြော၍ ရယ်လိုက်ရာ ငမုန်းနှင့် ငတက်ခါးတို့က
"တို့တော့ မရူးရဲပေါင်ဗျာ၊ မတော် ကွပ်ခံရမှာ။ သေဘေးနီးတာ စစ်ပွဲမှာသာ ရှိစေတော့။ အဆင့်မတိုးချင် နေပါ၊ ပြန်တော့ မကျလိုဘူး"
"ဆားကိုပဲ ယပ်ခတ် စားတော့မယ်ဟေ့"
"မင်းတို့ အဲဒါကြောင့် ကျန်နေတာပဲ။ မှန်တာလုပ်လို့ ပြစ်ဒဏ်ခံရရင်တောင် နောင်တစ်ချိန်မှာ နောင်တ ရစရာ မရှိဘူး။ မလုပ်ဝံ့လိုက်မှသာ သတိရတိုင်း စိတ်မလုံ ရှိရမယ် မဟုတ်လား။ ဒါ့ကြောင့် ငါကတော့..."
ငလုံးသည် စကားစကို ရပ်ကာ ဘကြီး ဦးပေါ်ကလေးကို ကြည့်၏ ။ ဘကြီးက သူ့စကားကို ငံ့လင့်နေသည်ကို မြင်လျင် အားတက်သွားပြီး သူ၏ ခံယူချက်ကို ထုတ်ဖော်ပြောကြားလိုက်လေ၏ ။
"အတုယူစရာတွေကို အတုယူနိုင်ဖို့၊ လေ့လာ မှတ်သားနိုင်ဖို့အတွက် ဗိုလ်မှူး မင်းထင်နော်ရထာ အကြောင်းကို တွေ့သမျှလူနဲ့ စကားစပ်မိတိုင်း လိုက်မေးကြည့်နေတာပေါ့။ တစ်ချိန်ချိန်မှာ သူ့အကြောင်း ဘကြီးပေါ်ထက် ပိုပြောပြနိုင်မယ့်သူ ရှိလာလိမ့်မယ် လို့ ယုံကြည် မျှော်လင့်ရတာပါပဲ"


Written by သင်္ခရာဇာ

End date: July 7, 2021


ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...