ကုန်းဘောင်ရွှေပြည် မြို့နန်းတည်ပြီးစ၊ ရတနာသိင်္ဃ ဟု သမုတ်လိုက်သော ရွှေဘို မင်းနေပြည်တော်သို့ အမှုတော်ကို ထမ်းရန် အနယ်နယ် အရပ်ရပ်မှ လူသူဆင်မြင်းများ တဖွဲဖွဲ ဝင်ရောက်လာနေကြသည်။
အရှေ့ဝင်းတော်မှူး ပူပူနွေးနွေးဖြစ်သည့် မင်းထင်နော်ရထာ၏ တပ်သို့လည်း တပ်သားသစ် စည်းကြပ်ရန်ဟူ၍ နံ့သာကုန်း၊ ထိန်တော၊ ပေပင်၊ အောက်တော၊ အုန်းချောင်း ရွာပေါင်းငါးရွာမှ လူပေါင်းများစွာ ရောက်နေကြ၏ ။ သူတို့အား ဇရပ်ကြီး ငါးဆောင် ဆောက်ပေးထားပြီး ယာယီနေထိုင်ခွင့် ပြုထားရလေသည်။
အုန်းချောင်းမှ လူများသည် လုံ့လရှိ၍ နံနက်စောစော ထကာ တုတ်ဓားလှံရေးများကို လေ့ကျင့် ကစားကြလေ့ရှိ၏ ။ အချိန်တိကျစွာ သတ်မှတ်လျက် စည်းလုံးညီညာစွာ အတူတကွ လုပ်ဆောင်တတ်ကြသည်။ ထို့ကြောင့် ဘီလူးတပ်သားများ ဖြစ်လာလိမ့်မည် ဟု တစ်ပြေးနေသူများလည်း ဖြစ်သည်။
ထိန်တောသားများမှာ လူမညီသော်လည်း ပွဲကျောင်းထွက် လက်ရေးကောင်းလှသူ လူကျော်များ၏ ။ သူတို့ထဲမှ အချို့ကို မည်သူမျှ မနိုင်။ ထို လူကျော်များမှာလည်း ဘီလူးတပ်သို့ ဝင်ခွင့်ရမည် ဟူ၍ ထင်ကြေးပေးခံနေရလေသည်။
နံ့သာကုန်းကတော့ ထိုသို့မဟုတ်။ သူတို့သည် စည်းကမ်းသေဝပ်စွာ နေထိုင်ကြ၍ အမိန့်မပေးမချင်း တုတ်တုတ်မျှ မလှုပ်တတ်သူများပါပေ။ သို့သော် အမိန့်သံ ကြားသည်နှင့် ကြိုးကြိုးကုတ်ကုတ် ဆောင်ရွက်တတ်ကြ၏ ။ အမိန့်ကို တစ်သဝေမတိမ်း လိုက်နာ ထမ်းဆောင်လေ့ ရှိကြသော စစ်သားကောင်း ဖြစ်လာနိုင်သူများ ဖြစ်သည်။
အောက်တောရွာမှာမူ လူဆိုးလူမိုက် ပေါများသည်ဟု ထင်ရှားသည့်အတိုင်း ကြမ်းရ ရမ်းရမည် ဆိုလျင် နှစ်ယောက်မရှိသူများဖြစ်ကြရာ ဘီလူးတပ်၏ ဟန်ပန်နည်းနာနှင့် တစ်ထပ်တည်း ဖြစ်နေပြန်သည်။ သူတို့တွေ သတင်းကြားခဲ့ဖူးသော ဘီလူးတပ်သည် သူတို့၏စရိုက်အတိုင်း ဖြစ်နေသဖြင့် အောက်တောရွာသည်လည်း စာရင်းဝင်အံ့သော အလားအလာ ရှိနေလေ၏ ။
ပေပင်ရွာသားတို့ကမူ သိမ်မွေ့နူးညံ့သူများ ဖြစ်ကြသည်။ ပေပင်ရွာ၌ စာပေပညာသင်သော မင်းကျောင်းတစ်ကျောင်းသာ ရှိ၍ ရွာသားတို့မှာ လက်ရုံးရည် မတောက်ထွန်းလှသော်လည်း ကုသိုလ်ရေး၊ သာရေး နာရေးတို့တွင် အလွန်စိတ်အားထက်သန်ကြပြီး ရွာလုံးကျွတ် ပျော်ပျော်ပါးပါး နွှဲတတ်သည့် ရွာလည်း ဖြစ်သည်။ ပညာရှိ ပေါများသည်ဟု ကြားရသည်။ အနေအထိုင် ကျစ်လျစ်ကြလျက် ရိုးရိုးကုပ်ကုပ် နေတတ်သူများ ဖြစ်ကြသည်။
ထိုသို့ အလေ့စရိုက်များ ကွဲပြားနေကြသော ရွာငါးရွာမှ အဖွဲ့ငါးဖွဲ့သည် ဘီလူးတပ်တွင် အရွေးချယ်ခံရန် စောင့်နေကြရသည်မှာ အချို့ နီးနားဝန်းကျင် တပ်များမှ မသိမသာ စောင့်ကြည့်ချင်စရာ ဖြစ်နေတော့သည်။ ကြမ်းရမ်းသူများကို ရွေးမည်လား၊ သိမ်မွေ့သူများကို လက်ခံမည်လား၊ လက်ရုံးရည်ကို ကြည့်မည်လား၊ စည်းလုံးခြင်းကို သဘောကျလိမ့်မလား၊ စည်းကမ်းသေဝပ်၍ အမိန့်နာခံတတ်သည်ကို လက်ျာဘီလူး ကြိုက်နှစ်သက်မလား.. အလောင်းအစားများပင် ပြုလုပ်ကြသော ဟူ၏ ။
သို့သော် အရှေ့ဝင်းမှူးသစ်မှာ မအားလပ်သေး၊ အလွန် အလုပ်များလျက် ရှိသည်။ နန်းတွင်း လူစာရင်းကို ပြုစုနေရသည်။ အနောက်ဝင်းမှူးကိုလည်း ကူနေရသည် ကြားရ၏ ။ မင်းတရားကြီး အလွန်ယုံကြည်တော်မူသဖြင့် ကိုယ်နှင့်မကွာ နေရသည် များသောကြောင့် တပ်တော်သို့ ပြန်မလာနိုင်။ လူသစ်များမှာ ရက်သတ္တ တစ်ပတ်ကျော် ကြာသည်အထိ တပ်မှူးအား မမြင်ရသေးဘဲ စောင့်စားနေကြရသည်။
သူတို့ရောက်၍ ၁၀ ရက်ခန့် ကြာမှ တပ်မှူး လက်ျာဘီလူး တပ်သို့ ပြန်ရောက်လာသည်။ မင်းထင်နော်ရထာ ဘွဲ့ကြီးနှင့်၊ ဝင်းမှူး ရာထူးကြီးနှင့်ဖြစ်၍ အများက လေးစား ခန့်ညားကြသော်လည်း လူကို မြင်သောအခါ ငယ်ရွယ်သေးသည် ဟု အချို့က အံ့သြကြသည်။ အချို့က အကြည်ညို တန်ကြကုန်၏ ။ အချို့ကတော့ 'သူတောင် သည်အရွယ်နှင့် သည်လောက်ဖြစ်ရင် တို့လည်း မကြာပါဘူး' ဟု တွေးတော မျှော်လင့်နေကြလေသည်။
လက်ျာဘီလူးသည် လူသစ်များထားရာ ဇရပ် ၅ ဆောင်အား လှည့်လည်ကြည့်ရှုသည်။ ရပ်ဆွေ ရပ်မျိုးများကဲ့သို့ မေးမြန်း ဆက်ဆံ၏ ။ သို့သော် ဖော်ရွေသည်လည်းမဟုတ်၊ တည်ငြိမ်အေးစက်သော အသွင်ရှိသဖြင့် မခန့်မညား ပေါ့သွမ်းသသူတို့ အမ်းကြရသည်။ လေးစားကြသူတို့က ခြေဆုပ် လက်ဆုပ် ပြုသော်လည်း သူက ခပ်တည်တည်၊ အကျွမ်းဝင်ဟန်နှင့် ပခုံးပုတ် ကျောပုတ် ပြုချင်သူများကိုလည်း ရှုတင်းတင်းဖြင့်သာ ကြည့်နေတတ်သည်။
ထို့ကြောင့် အချို့ ရွာသားများ စိတ်ပျက်ကြရသည်။ အများစုမှာ မခန့်မှန်းနိုင်ကြ၍ တီးတိုးပြောဆို တိုင်ပင်ကြရပြီ။ သူ့တပ်က လက်မခံလည်း တခြားတပ် ရောက်မှာပဲ၊ ဘာမှမဖြစ်ဘူး ဟု ဆိုသူ ဆိုသည်။ ငါတော့ ဒီတပ်ကို ရအောင်ကပ်မယ်၊ နောက်မှ ဖြစ်ချင်ရာဖြစ် ဟု အောက်တောရွာသားအချို့ ဆို၏ ။ ပေပင်သားတို့ကမူ ဖြစ်သမျှအကြောင်း အကောင်းဟုသာ ဆို၍ အရွေးမခံရလျင်လည်း လယ်ယာပြန်လုပ်ကြမည်ဟု အေးအေးနေကြလေသည်။
နောက် နှစ်ရက်ကြာလျင် တပ်မှူး ခေတ္တ ပြန်ရောက်လာပြန်သည်။ အုန်းချောင်းသားတို့၏ ဇွဲလုံ့လနှင့် လူညီကြသည်ကိုလည်းကောင်း၊ ထိန်တောရွာမှ နာမည်ကျော် လက်စွမ်းကောင်းများကိုလည်းကောင်း မြင်တွေ့သွားသလို အောက်တော၏ ကြမ်းတမ်းပုံအား သူကိုယ်တိုင် ရန်ပွဲကို ဖြေရှင်းပေးရခြင်းဖြင့် လက်တွေ့ သိရှိသွားခဲ့၏ ။
ကျန် နှစ်ရွာမှာမူ မထင်ပေါ်သဖြင့် သူပြန်သွားသောအခါ အားလျော့ကြရသည်။ တစ်ယောက်စ နှစ်ယောက်စ ပြန်သွားကြ၏ ။ နောက်တစ်နေ့တွင် မင်းထင်နော်ရထာ အမိန့်ဖြင့် ဇရပ် ၅ ဆောင်သားများ နေထိုင် လေ့ကျင့်ရန် အစီအစဉ်များ ရောက်လာတော့သည်။
တပ်သားသစ်များသည် တစ်ပတ်ခန့် အုန်းချောင်းသားတို့ကဲ့သို့ နံနက်စောစောထ၍ လေ့ကျင့်ကြရမည်၊ အချိန်ဖြင့် အလုပ်လုပ်ကြရမည် ဖြစ်ပြီး စည်းကမ်းအရာ၌ နံ့သာကုန်းရွာကို အတုယူ စံထားရမည်ဟု ဆို၏ ။ ထိန်တောရွာသား အချို့မှာ ဓားရေး လှံရေး လက်သိုင်းများတွင် နည်းပြ ခန့်ထားခြင်း ခံရပြီး လုပ်ရေး ကြံရေး လေ့ကျင့်ခန်းများ၌ အောက်တောရွာအား ဦးဆောင်စေ၏ ။ အနေအထိုင်၊ အပြင်အဆင်များကို ပေပင်ဇရပ်မှ ကြပ်မတ် ကွပ်ကဲရ၏ ။
ထိုသို့ တစ်ပတ်တိတိ နေထိုင် ပြုလုပ်ကြရပြီးနောက် ဗိုလ်မှူး မင်းထင်နော်ရထာ ရောက်လာပြီး အားလုံးကို စုဝေးစေလျက် စတင် စစ်ဆေးလေသည်။ အစု ငါးစု တန်းစီရပ်နေရပြီး သူ ခေါ်ချင်သည့်လူအား ခေါ်၍ ခိုင်းချင်ရာ ခိုင်းကြည့်ခြင်း ဖြစ်သည်။ မည်သည့်ရွာသားဟူ၍ သူမသိ၊ လူအုပ် နောက်ဆုံးမှ သူအား လှံထိုးပြခိုင်းသလို ရှေ့ဆုံး၌ ရပ်နေသည့် ခေါင်းဆောင်အားလည်း အပင်တက်ပြခိုင်းတတ်သည်။
မြင်းစီး အထူးကျွမ်းကျင်သည့် ရွာသားတစ်ဦးကိုမူ စစ်ဆေးမေးမြန်းလျက် ချက်ချင်း လက်ခံလိုက်သည်။ ထို့ကြောင့် လူသစ်များတွင် ပထမဦးဆုံး ဘီလူးတပ်သားမှာ နံ့သာကုန်းရွာမှ ဖြစ်လာပြီး မြင်းဇောင်းအား ကြီးကြပ်ရန် တာဝန်ပေးအပ်ခြင်း ခံရသည်ကို အများက အားကျနေကြ၏ ။ ထိုသူမှာ မြင်းအကြောင်း အထူးနားလည်၍ စိတ်ရှည်သည်းခံတတ်သူဖြစ်သည် ဟု လက်ျာဘီလူးက ဆိုသောအခါ ထိုသို့ ကျွမ်းကျင်ကြသူများ အားတက်ကြရပြန်သည်။
ထို့နေ့က အချက်အပြုတ် ကျွမ်းကျင်သူ တစ်ဦး၊ စာပေကျမ်းဂန် အတော်အတန် လိုက်စားဖူးသူ သုံးဦး၊ လက်စွမ်းအထူးကောင်း၍ စိတ်ထားပြည့်ဝသူ တစ်ဦး၊ မေးသမျှကို အမှန်အတိုင်း မချွင်းမချန် ဖြေသူ နှစ်ဦးတို့ ထပ်မံ ရွေးချယ်ခံရရာ လူ ၈ ဦးတွင် အုန်းချောင်းတစ်ရွာသာ တစ်ဦးမှ အရွေးမခံရဘဲ ရှိသည်။ ထို့ကြောင့် အခြားရွာများ၏ နောက်ပြောင်ကျီစယ်ကြခြင်းကို အုန်းချောင်းသားတို့ ရှက်နိုးကြရလေသည်။
မကြာမီ တစ်ရွာလျင် လေးစု ခွဲ၍ အဖွဲ့ ၂၀ ဖွဲ့ပြီးနောက် ရွေးချယ်ခံရသူများ နေထိုင်ရန် အိမ်များ ဆောက်လုပ်စေ၏ ။ အရှေ့ဝင်းမှူး တပ်များက လူသစ်များ ဆောက်လုပ်သည်ကို ကြီးကြပ်ရင်း ကူညီပံ့ပိုးပေးနေကြသည်။ လိုအပ်သည့် သစ်ဝါး လက်နက်များ ထုတ်ပေးကြ၏ ။ ထိုသို့ ဆောက်လုပ်နေကြသည်များကို လက်ျာဘီလူးကိုယ်တိုင် အကြပ်ဟန် ဝတ်စားလျက် ခမောက်ဆောင်းကာ လိုက်လံကြည့်ရှုသည်။ ရွာသားများကတော့ မသိ။ တပ်သားဟောင်းများကလည်း မပြောကြချေ။
ထိုအခါ အချို့ အဖွဲ့များက စိတ်မပါ လက်မပါ ပင်ပန်းနွမ်းနယ်နေသကဲ့သို့ ပြုလုပ်ကြသည်ကို တွေ့ရ၏ ။ အချို့က စည်းကမ်းမရှိ၊ အပျက်အစီး အလေအလွင့် များ၏ ။ ကောင်းမွန် သပ်ရပ်စွာ ဆောက်လုပ်ကြသူများကိုလည်း တွေ့ရသည်။ စနောက် ပျော်ပါးရင်း မှန်မှန် လုပ်သွားကြသည်လည်း မရှား။ လက်ျာဘီလူးက အဖွဲ့များကို လိုက်ကြည့်၍ ခေါင်းဆောင်နှင့်တကွ တွဲမှတ်သွားသည်။
အားလုံး ဆောက်လုပ်ပြီးသွားကြသောအခါ အရှေ့ဝင်းတော်မှူး ရောက်လာ၍ စစ်ဆေးမည်ကို ငါးရွာသားများ စုဝေး စောင့်မျှော်နေကြ၏ ။ သူတို့ နေထိုင်ရာ ခြံဝန်းကြီးထဲသို့ တံခွန်ကိုင် ရဲမက်များနှင့် မြင်းနီကြီး စီးလာသည့် ဗိုလ်မှူး မင်းထင်နော်ရထာ ရောက်လာချိန်တွင် လူအများမှာ လှုပ်လှုပ်ရွရွ၊ မင်းထင်နော်ရထာက ဇရပ်အဆောင်ပေါ် တက်လိုက်ပြီး တင်ပလ္လင်ခွေ ထိုင်၍ လက်ထဲမှ ပေရွက်ကို စတင် ဖတ်သည်။
"ငချွန်း ဦးဆောင်သည့် ဆယ်ဦးသား ဆောက်ထားသည့် တဲကို ပြန်ဖျက်စေ၊ ငချွန်းတို့ ပြန်စေ"
လူအုပ်အတွင်းမှ ဝေါခနဲအသံကြီး ထွက်သွားသည်။ ဟုတ်လည်း ဟုတ်သည်။ ငချွန်းတို့ ဆောက်ထားသည်မှာ အညံ့ဆုံးနှင့် ဖရိုဖရဲ အနိုင်ဆုံး ဖြစ်နေသည်ကိုး။ သူ မည်သို့ သိရှိသွားသည်ကိုမူ မသိကြ။ ငချွန်းအဖွဲ့မှ ၃ ယောက် ငိုယိုကြကုန်၏ ။ ထိုသို့ တဲအိမ် ဖျက်လျက် ပြန်စေသည်မှာ ၄ ဖွဲ့အထိ။
"ပေပင်အစုမှ ငပေါက်၊ ငဆင်၊ ငအို နှင့် ငရန်အောင်တို့ ဆောက်လုပ်သည်မှာ မိမိကိုယ်တိုင် နေရမည်ကဲ့သို့ စေတနာထား၍ အကောင်းဆုံး လုပ်ကြသည်ကို တွေ့ရသည်။ အသေးစိတ် တစ်ခုချင်းကိုပင် အလေးထား၍ စေ့စပ်သေချာစွာ ဂရုပြုကြ၏ ။ ယင်း အစုသားများ သူတို့ဆောက်သည့်အိမ်များ၌ နေ၊ တပ်သားများ အဆောင်အယောင် အဝတ်တန်ဆာ ထုတ်ပေးလိုက်ပါ"
"ဝေးးးး"
ရွေးချယ်ခံရသည့် သူများ ဝမ်းသာအားရ ထ အော်လိုက်ကြသည်ကို သူက ပြုံးကြည့်နေသည်။ စေတနာအပြည့် မထားမိခဲ့ကြသူများ နောင်တရနေကြပေပြီ။ လက်စသတ်တော့ သည်ဗိုလ်မှူး ရွေးသည်မှာ လက်ရုံး နှလုံးထက် စိတ်စေတနာနှင့် အကောင်းဆုံး လုပ်တတ်သူများကို ရွေးချယ်သွားတာပါလား ဟု အသိနောက်ကျခဲ့ကြပြီ။
"အခြား ရွေးချယ်ခံရသူများမှာ..."
သူက စကားစဖြတ်၍ လူအုပ်ကြီးကို ကြည့်သည်။ လူအုပ်ကြီးက စိတ်ဝင်စားစွာ အုတ်အုတ်ကျက်ကျက် ရှိနေကြ၏ ။
"အခြားသူများ၏ တဲများကိုပါ ကူဆောက်ပေးခဲ့ကြသည့် ပေပင်ရွာသား.."
"ဟေး"
ပေပင်သားတို့ ကြွေးကြော်ကြချေပြီ။ သူတို့၏ စေတနာ အကျိုးပေးပြီ မဟုတ်ပါလား။ သူတို့ရွာမှ အများဆုံး ရွေးချယ်ခံကြရသည် မဟုတ်လား။
"ငနည်း၊ ငအောင်မှတ်၊ အနစ်နာခံခဲ့သည့် အောက်တောမှ ငမင်းညို အဖွဲ့၊ မခိုမကပ်သည့် အုန်းချောင်းမှ ငကျော်နွေး၊ ငဘိုးကွန်း၊ ငလတ်"
"ဟေး.. အုန်းချောင်းကွ၊ အုန်းချောင်း ပါပြီကွ"
"တာဝန်ကို ကျေပွန်သည်ထက် ပိုသော နံ့သာကုန်းအစုမှ ငမှိုင်း၊ ငမျိုးချစ်၊ ထိန်တောမှ ငရွှေ၊ ငအောင်ကြီး၊ ယင်းအစုသားများ အားလုံး"
"ဝေး.. ဟေး"
"ဘီလူးတပ်သားကွ"
"ငါကွ"
ရွေးခံရသူများ ပျော်ရွှင်မြူးထူး၍ မပါသူများ မချိပြုံး ပြုံးနေကြရသည်။ ထို့နောက် တစ်ဦးချင်း ဆက်လက် ရွေးချယ်ပြန်သည်။
"အောက်တော ငမင်းညိုကို အိုးစားကြီး"
"ဟာ" "ငမင်းညိုတဲ့ကွ.. အောက်တောကဟေ့"
"နံ့သာကုန်းမှ ငရာ၊ ငလွမ်းသူတို့ အကြပ်"
"ဝိုးးးး" "ဟုတ်တယ်.. မှန်တယ်"
"ထိန်တောမှ ငချစ်မော် သွေးသောက်၊ သို့သော် အကြပ် ငကံထံ နေ၍ သင်ယူရမည်။ ငလွန်း၊ ကောင်းစံတို့ သွေးသောက်ကြီး နှင့် လေ့ကျင့်ရေးနည်းပြရမည်"
"ဟား... တယ်ဟုတ်ပါလားဟေ့"
"ဘဝင်ရူးက သွေးသောက်တဲ့"
"ထင်သားပဲ၊ ငလွန်းက တော်သလောက် သဘောထားကြီးတဲ့သူ"
"ငကောင်းစံလောက် အေးဆေး နှိမ့်ချတတ်သူ ရှိဦးမလားဝေ့"
တစ်ဦးချင်းကို အမည် အရည်နှင့် တွဲလျက် ခေါ်သွားသည်။ အများစုမှ ရိုးဖြောင့်သူများ၊ စိတ်ထားမှန်သူများ၊ ပါးနပ်လိမ္မာ၍ သဘောပေါက်လွယ်သူများ ဖြစ်နေ၏ ။ လက်ရုံးထက်မြက်သည့် ထိန်တောမှ အနည်းငယ်သာ ပါသည်။ သို့သော် ပါသူများမှာ ရာထူးရာခံ ရကြ၏ ။
အောက်တောမှ လူအများလည်း မုဆိုးခြုံတပ်သို့ ပို့လွှတ်ခြင်း ခံကြရ၏ ။ ပေပင်မှ အများဆုံး ရွေးချယ်ခံကြရပြီး နံသာကုန်းမှာ ဦးကောင်းတပ်သို့ သွားကြရသည် များ၏ ။ အုန်းချောင်းသားတို့ကိုမူ မည်သည့်တပ်သို့ သွားသွား လက်ခံလိမ့်မည် ဆိုသည်။
လက်ျာဘီလူး၏ အမိန့်သံနောက်တွင် မှတ်ချက်ချသံ၊ မြူးထူးသံ၊ အံ့သြသံ စသည်တို့ ထပ်ချပ်မကွာ လိုက်ပါလာနေသည်။ လူအများမှာ ကြွက်စီ ကြွက်စီ ဖြစ်နေကြလျက် ဆူညံစ ပြုလာရာ အမိန့်ကို ရပ်ထားပြီး စောင့်နေရသည်။ နောက်မှ
"ရွေးချယ်မခံရသူများက စိတ်ဓာတ်ကျဖို့၊ အားငယ်ဖို့ မရှိပါဘူး။ သည်တပ်နဲ့ မကိုက်ညီလို့ မပါတာ လို့ပဲ မှတ်ပေးပါ။ သည်တပ်မှာ လိုနေတဲ့ နေရာတွေကိုသာ ရွေးချယ်ရတာ ဖြစ်ပြီး အရည်အချင်း မရှိလို့ မပါတာ မဟုတ်ဘူး။ အခြားတပ်များမှာ မိမိတို့ အရည်အချင်းတွေကို အကောင်းဆုံး အသုံးချနိုင်ရင် အခု ရွေးချယ်ခံလိုက်ရသူတွေ တပ်သားဖြစ်နေစဉ်မှာပဲ မပါသူတွေက ဗိုလ်ဖြစ်သွားနိုင်ပါတယ်"
သူ့စကားကို အများက ရယ်လိုက်ကြသည်။
"တကယ်တော့ အခု ရွေးချယ်ခံရတာဟာ ကံဆိုးလို့ ဖြစ်ပါတယ်"
ထပ်၍ ရယ်လိုက်ကြပြန်သည်။ ဤတစ်ကြိမ် ရယ်သံက ပိုကျယ်၏ ။
"ကဲ.. ကဲ၊ ကုသိုလ်ကံကောင်းနေလို့ ပြစ်ဒဏ်အသင့်ဆုံးတပ်ကနေ လွတ်သွားကြသူများ ပြန်လိုက ပြန်၊ အခြား တပ်များသို့ ဝင်လိုက ဝင်နိုင်ကြပါတယ်။ ဘာမှ မတတ်ရင်လည်း ဦးကောင်းရဲ့ သေနတ်တပ်ကို ဝင်ပြီး သေနတ်ပစ် ကျင့်ကြပေါ့။ သူ့တပ်က အရေးအပါဆုံးပဲ။ ပွဲရချင်ရင် ဦးကောင်းတပ်နဲ့ မင်းကြီး မင်းလှစည်သူတို့ တပ်ကို မေးသွား"
"အရင်ဘဝက ငါးခြောက်လှန်းခဲ့ကြတဲ့ သူတွေကတော့ အကုသိုလ် ပါသလောက် ဒီမှာ နေကြရလိမ့်ဦးမယ်၊ ကဲ.. သွားကြ သွားကြ"
တဝေါဝေါ တသောသောနှင့်ပင် လူစုခွဲ၊ ထွက်ခွာသွားကြချေပြီ။ ကျန်ရစ်သူများ ပြုံးပျော်ရွှင်နေကြသလို ခွဲခွာရသူများမှာလည်း ကြည်လင်စွာနှင့် ရယ်ရယ်မောမော ပြောပြောဆိုဆို နှုတ်ဆက် ထွက်ခွာသွားကြသည့် လူရွေးချယ်ပွဲပါတကား။ ။