အရှင်ဖြစ်သူ မင်းရဲကျော်ခေါင်ကို ယုံ၍ အိမ်ထက်သို့ တက်မိလျင် အောက်မှ ဗိုလ်မှူးအများနှင့် ရဲမက်စစ်သည်များ စုရုံးရောက်ရှိလာပြီး ဗညားကျန်းတောအား ယခု အိမ်ထက်မှ ချပေးပါ ဟု အော်ဟစ်တောင်းဆိုကြတော့သည်။
ဗညားကျန်းတောက
"အရှင် ခေါ်သည်ဆို၍ ကျွန်ုပ် ရောက်လာရပါသည်"
ဆိုသော် မင်းရဲကျော်ထင်က
"မင့်ကို ငါမခေါ်၊ ဗိုလ်မှူး စစ်ကဲများ မင်းကို သတ်လို၍ လုပ်ကြံခေါ်သည် ဖြစ်မည်"
"သို့ဆိုလျင် ကျွန်ုပ် မည်သို့ ပြုရမည်နည်း"
"အခြေအနေကို ကြည့်၍ ပြေးလေ၊ သင်းတို့ လူအုပ်ကို ငါမနိုင်"
ထိုစဥ် အိမ်အောက်မှ
"မင်းကြီး.. ဗညားကျန်းတောကို ယခုမအပ်လျင် ကျုပ်တို့ အိမ်ကို မီးတိုက်တော့မည်။ အရှင်နှင့်ကျွန် အတူတကွ သေပွဲဝင်ကြပေရော့"
ဟု ကြိမ်းဝါးလာကြသည်။
"သင်းတို့ မိုက်ရိုင်းလိုက်လေ။ ကိုယ့်အရှင်သခင် ဗိုလ်ချုပ်ကိုပင် ခြိမ်းခြောက် ကြိမ်းဝါးဝံ့ကြသည်"
"သူတို့အကြောင်းကို မင်းလည်း မြင်ပြီ။ ယခု အနောက်မှ ပြေးလေတော့"
ဗိုလ်ချုပ် မင်းရဲကျော်ခေါင်ပင် အိမ်နှင့် မီးတိုက်ခံရမည့် အခြေအနေ ဖြစ်လာသောကြောင့် ဗညားကျန်းတောကြီး တစ်ဦးတည်း အိမ်ပေါ်မှ ခုန်ချ ထွက်ပြေးသွားရသည်။ ဝိုင်း၍ လိုက်ကြရာ သူ၏ ဓားနက်နှင့် ခုခံထိုးခုတ်သွား၏ ။ တပ်အခြေသို့ ရောက်လာပြီ။ တပ်ရိုးကို ကျော်လျင် လွတ်တော့မည်။ အနောက်မှ သစ္စာဖောက် မြန်မာများလည်း နီးလာသည်။
ဗညားကျန်းတောကြီး ဓားကို ကိုက်၍ တပ်ရိုးပေါ် တက်သည်။ အောက်သို့ ရောက်လာသော ရဲမက်ငမှူးက လှံနှင့် ထိုးလေသည်။ လှံသည် ခါးမှ ဖောက်၍ ဝမ်းတွင်းသို့ ဝင်ရာ ဗညားကျန်းတော ဆက်မတက်နိုင်တော့ပြီ။ သေနတ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်ကြသောကြောင့် ဗညားကျန်းတောကြီး ဆုံးရလေတော့သည်။
သူ၏ ဓားကို တပ်သား ငဆိုးတေက ကောက်ယူထားလိုက်သည်။ သွေးအလူးလူးနှင့် ရွံရှာဖွယ်ဓား ဖြစ်သည့်အပြင် မလိုသူ၏ လက်သုံးဖြစ်ရာ မည်သူမျှ ထိုဓားအပေါ် ဂရုစိုက်မနေ။ ငဆိုးတေက သိမ်းဆည်းထားလိုက်ပြီး နောင်တွင် ကျောက်မြောင်းမြို့ဝန်ထံ ထိုဓားအပ်၍ အမှုထမ်းလေသည်။
ထိုမှ မြန်မာသက္ကရာဇ် ၁၁၁၆၊ ခရစ်နှစ် ၁၇၅၅ အရောက် ဟံသာဝတီရောက်မင်း ရေတွင် အဖျောက်ခံရပြီးသည့် အချိန်တွင် ကိုးနဝင်းဓားနက်မှာ ကျောက်မြောင်းမြို့ဝန်က ဆက်သဖြင့် တပ်မှူး လက်ျာဘီလူးထံသို့ ရောက်လာခဲ့လေသည်။ အလောင်းမင်းတရားက ဗညားကျန်းတောကြီးနှင့် အလုပ်အကြံ အစီအရင်တူသူမှာ ငစံငယ်သာ ဖြစ်သည်၊ သည်ဓား ငစံနှင့် တန်စေ ဟု ချီးမြှင့် ပေးသနားတော်မူလိုက်ခြင်း ဖြစ်လေသည်။
..........................................................
ကိုးလ အကြာ။
ကွင်းပြင်တွင် ရပ်နေကြသော လူကြီးတစ်ဦးနှင့် နောက်လိုက်နောက်ပါများထံသို့ တပ်ပြင်မှ မြင်းနီတစ်စီး ပြေးဝင်လာပြီး မြင်းပေါ်မှ လူက သွက်လက်စွာ ဆင်းလိုက်၏ ။ သူက ချက်ချင်းခေါင်းဆောင်လူကြီးထံ တန်းမတ်စွာ သွား၍
"မင်းကြီးလွမ်းတင် ဆိုတာ ခင်ဗျားလား"
ယခုမှ အသက် ၂၀ ဝန်းကျင်သာ ရှိဦးမည့် လူငယ်ကလေးတစ်ဦးက မိမိကဲ့သို့ အသက် ၅၀ ခန့် လူကြီးတစ်ဦးကို မလေးမစား ဆက်ဆံသည့်အပြင် လာရင်းကိစ္စကိုလည်း အရေးတယူ မရှိသည့်အတွက် လူကြီးမှာ အနည်းငယ် ဒေါသထွက်သွားသော်လည်း သည်းခံလျက်
"ဟုတ်ပါတယ်.. ဗိုလ်မင်း၊ ကျုပ်က အင်းဝမင်း အမှုထမ်းဟောင်းပါ။ ယခုအခါ ကျုပ်တို့အရှင်သခင်လည်း မရှိတော့ပြီ ဖြစ်သည့်အတွက်.."
"နေစမ်းပါဦး၊ ခင်ဗျားတို့ အရှင်သခင် ဆိုတာ အင်းဝရွှေနန်းရှင်ကို ပြောတာလား၊ တောင်ငူရာဇာကို ဆိုလိုသလား"
လူငယ်က ပြုံးထေ့ထေ့သံဖြင့် မေးလာသည်ကို လူကြီးသည် အံ့သြဟန်ဖြင့်
"မဟာဓမ္မရာဇာဓိပတိမင်းတရားလည်း ကျုပ်ရဲ့ အရှင်သခင်ပဲ။ မင်းကြီး မင်းရဲကျော်ခေါင်လည်း ကျုပ်တို့ အရှင်ပါပဲ"
"သြော်.. အရှင်လို့တော့ မှတ်ကြသားပဲ"
"မောင်ရင်လေးက ဘာကို ဆိုလိုတာလဲ"
"သြော်.. သြော်၊ မသိဘူးပေါ့။ ဒါဖြင့် သည်ဓားကို တစ်ချက် ကြည့်စမ်းပါဦး.. သိများ သိသလားလို့"
လက်ျာဘီလူးက ဝါးဓားအိမ်ထဲမှ ဝါးရိုးတပ် ဘီလူးခေါင်းနှင့် ဓားကို ဆွဲထုတ်ကာ လူကြီး၏ မျက်နှာရှေ့သို့ တိုးကပ်ပြလိုက်သည်။ ရိုင်းပျလှသော အမူအရာကြောင့် လူကြီးနှင့် နောက်လိုက် နောက်ပါများမှာ မကျေနပ်ကြသော်လည်း သူ့တပ် ဖြစ်နေ၍ ငြိမ်နေလိုက်ကြရသည်။
တပ်တွင်းမှ ဘီလူးတပ်သားများမှာလည်း ထူးခြားနေသော တပ်မှူး၏ အမူအရာများကြောင့် မသိမသာ ဝိုင်းအုံလာကြပြီ။ လူကြီးသူမနှင့် တွေ့လျင် သူဖုန်းစားကိုပင် လက်အုပ်ချီ ပြောတတ်သော တပ်မှူးမှာ ယခုမူ စစ်ပွဲဝင်ခါနီးကဲ့သို့ ကြမ်းတမ်းခက်ထန်နေ၏ ။ တစ်ခုခု ဖြစ်တော့မည်ဟု သူတို့ ထင်မိကြသည်။
"မသိပါလား မောင်ရင်"
"အင်း.. မသိဘူး၊ ဒါပေမယ့် ခုပဲ သိရတော့မှာပါ"
သူက ဓားကို ဆ ကြည့်နေသည်။ ဝါးရိုးတပ် လက်ကိုင်ကို မရိုးမရွဖြင့် ဆုပ်ကိုင်နေရင်းမှ
"သည်ဓားက ကျုပ်လက်ထဲ ရောက်လာတာ မကြာသေးဘူး။ ဒါ့ကြောင့် သည်ဓားအကြောင်း ကျုပ်လည်း ဘာမှ မသိပါဘူး"
လူကြီးက ဘာတွေ ပြောနေတာလဲ ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်ကို ဂရုမစိုက်ဘဲ
"ဒါ့ကြောင့် ဓားဆက်တဲ့သူကို စုံစမ်းကြည့်တယ်။ သူကတစ်ဆင့် ဓားရလာသူကို မေးမြန်းကြည့်တယ်၊ သိမီလိုက်သူတွေကိုလည်း မေးစမ်းခွင့် ရခဲ့တယ်"
ဒါတွေ ဘာလို့ ပြောနေရသလဲ ဟု မေးချင်နေသည့် လူကြီး၏ မျက်နှာကို စက်ဆုပ်စွာ တစ်ချက် ကြည့်လိုက်ကာ
"သည်ဓားကို အရင်က ဆင်စွယ်၊ ငွေသား၊ ကျောက်သံပတ္တမြားတွေ စီခြယ်ထားချင် ထားမှာပဲ။ ဒါ့ကြောင့် ကျုပ်ဆီရောက်လာတဲ့အခါ ဝါးလုံးကို စွပ်ထားတဲ့ လက်ကိုင်နဲ့ လဲထားခံရတာပေါ့"
ပြောရင်း လက်ညှိုးပေါ် ဓားသွားတင်လျက် မြှောက်ပြလိုက်ရာ ဝါးခနဲ ပွဲကျသွားကြသည်။
"ဓားအိမ်လည်း မပါတော့ပါဘူး။ အင်း.. မူလပစ္စည်းဆိုလို့ အသွားချည်း ပါတော့တယ်လို့ ပြောရင် ရတယ်"
ဝါးနှစ်ခြမ်းကို ထွင်းထားသည့် ဓားအိမ်မြှောက်ပြပြန်သောကြောင့် ရယ်လိုက်ကြပြန်သည်။
"ဒါပေမယ့် အသွားချည်းတောင် ဘယ်လောက် ကောင်းတဲ့ ဓားလဲ သိသာနေတယ်။ ကောင်းဆို မင်းကြီး ဗညားကျန်းတော ကိုင်ခဲ့တာကိုးဗျ"
ဗညားကျန်းတော အမည် ကြားရသဖြင့် လူကြီး မျက်နှာ ပျက်သွားသည်ကို သူက စေ့စေ့ကြည့်၏ ။
"ဗညားကျန်းတောကိုတော့ မင်းကြီး သိမှာပေါ့"
"သိတာပ၊ ကျုပ်တို့ စီရင်ခဲ့တဲ့ သူခိုးဓားပြကြီးပဲ"
"ကောင်းပြီဗျာ၊ သူ့ရဲ့ဓားက ဘယ်လောက် ကောင်းကြောင်းရော ကြားဖူးလား"
"ဒါတော့ ကျုပ်မသိဘူး"
"သူ့ဓားက သူပုန်သူကန်တွေနဲ့ ရန်သူ ကျူးကျော်သူတွေကိုပဲ ခုတ်တယ်။ အချင်းချင်း ပြန်မခုတ်ဘူး။ ဓားဟာ သခင်လိုပဲ သစ္စာရှိသလောက် သစ္စာဖောက် လူသွမ်းဆိုရင်တော့ အင်မတန် မုန်းသတဲ့။ ဒါတွေရော သိသလား"
"ဒါ ဓားကောင်းတာနဲ့ ဘာဆိုင်လဲ"
လူကြီးက စိတ်မရှည်သံဖြင့် ပြောရာ
"ဟုတ်ပြီ၊ ဓားကောင်းကြောင်းပဲ ပြောတော့မယ်။ ဓားကောင်းရင် လေတိုးသံ မကြားရဘူးလို့ ဆိုရိုးရှိတယ်နော်.. မင်းကြီးလွမ်းတင်၊ နားထောင်ကြည့်ပါဦး။ လေတိုးသံကလေးများ ကြားမိလိုက်မလားလို့"
လက်ျာဘီလူးက ဓားကို ရှေ့သို့ လှစ်ခနဲ ဝှေ့ယမ်းပြလိုက်၏ ။ မည်သည့် လေတိုးသံမှ မကြားရချေ၊ သို့မဟုတ် မကြားလိုက်ခြင်းလည်း ဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် ပါးစပ်ဟရန် ပြင်လိုက်သည့် မင်းကြီးလွမ်းတင်၏ ဦးခေါင်းမှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ပြုတ်ကျ လိမ့်ဆင်းသွားသောကြောင့် ဖြစ်သည်။
ထိတ်လန့်၍ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသူများကို လက်ျာဘီလူးက အော်လိုက်၏ ။
"ဝပ်ကြစမ်း"
ရင်ထဲမှ လာသော အသံကြောင့် အများစုမှာ ယောင်ယမ်း ဝပ်ဆင်းသွားကြသည်။
"မနာလိုစိတ်နဲ့ အချင်းချင်း သတ်ဖြတ်ခဲ့တဲ့ သစ္စာဖောက်တစ်ယောက်ကို ကျုပ် ဒီဓားနဲ့ စီရင်လိုက်တယ်။ မကျေနပ်သူရှိရင် ထပြီး ကျုပ်နဲ့ ဓားချင်းခုတ်နိုင်တယ်"
လက်ျာဘီလူးက နေရောင်တွင် သွေးများ စီးဆင်းနေသည်ဟု ထင်ရသော ဓားမည်းကြီးကို မြှောက်ပြလိုက်ပြီး
"သစ္စာဖောက်ရဲ့ နောက်လိုက် မှန်သမျှ ကျုပ်ကလည်း ရန်သူအစစ်တွေ လို့ပဲ မြင်တယ်။ ကျုပ် အခု တိုက်နေရတဲ့ မွန်တွေကို ရန်သူလို့ မြင်လို့ တိုက်နေတာ မဟုတ်ဘူး။ ကျုပ် သတ်ခဲ့တဲ့လူတွေကိုလည်း မုန်းလို့ သတ်ခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့်"
လည်မှ သွေးများ ပန်းနေလျက် ယခုထိ မလဲပြိုဘဲ ဒူးထောက်နေသေးသော မင်းကြီးလွမ်းတင်၏ ကိုယ်ကာယကြီးကို ဆောင့်ကန်လိုက်ရာ ဘုန်းခနဲ လဲပြိုသွားသည်။
"ရန်သူတွေ မဟုတ်ဘဲ အချင်းချင်း ပြန်သတ်ဖို့ ကြံစည်ဝံ့တဲ့ သည်လို အကောင်မျိုးကိုတော့ တကယ့် ရန်သူအဖြစ် သတ်မှတ်တယ်။ မုန်းလည်း မုန်းတယ်။ ဒါ့ကြောင့် နာကျည်းစိတ်အပြည့်နဲ့ ကွပ်မျက်လိုက်တယ်"
လူအုပ်မှာ တုပ်တုပ်မျှ မလှုပ်ဝံ့။ ထို့ကြောင့် လက်ျာဘီလူးသည် အဝတ်စတစ်ခု လျင်မြန်စွာ ဆွဲယူ၍ ဓားမှ သွေးများကို ချက်ချင်း သုတ်ပစ်လိုက်ပြီး
"ဒီလူရဲ့ နောက်လိုက်လို့ ခံယူထားသေးရင် ကြိုက်ရာလက်နက် ဆွဲပြီး ကျုပ်ကို လာတိုက်လှည့်ကြ။ မဟုတ်တော့ဘူး ဆိုတဲ့သူတွေ အခု ပြန်ကြပေတော့"
လူများ ကြောက်ကြောက်လန့်လန့်နှင့် တဝုန်းဝုန်း ထပြန်ကြသည်တွင် လက်ျာဘီလူးက
"ဟေ့.. ငကံ၊ သည်အကောင်ကို ရေမှာ မျှောလိုက်စမ်းကွာ"
ဆို၍ မင်းကြီးလွမ်းတင်၏ ဦးခေါင်းအား ငကံရှိရာ ကန်ထုတ်လိုက်လေသည်။
No comments:
Post a Comment