Translate

Showing posts with label ရွှေဧည့်သည်. Show all posts
Showing posts with label ရွှေဧည့်သည်. Show all posts

ရွှေဧည့်သည်

မြင်းသုံးစီး၊ လူသုံးယောက်..၊ တောင်ခြေတစ်ခုကို အမှီပြု၍ ဥယျာဉ်ခြံ လုပ်ကိုင်စားသောက်နေသည့် အိမ်ကြီးတစ်လုံးအနားသို့ ရောက်ရှိလာသည်။ အိမ်ဘေး၌ တောင်ကျ သဲချောင်းငယ်လေး ရှိပြီး ချောင်းစပ်တွင် ငှက်ပျောပင်အုပ် ရှိ၏ ။ ခပ်လှမ်းလှမ်း၌ မြေစိုက်တဲကြီး ထိုးထားပြီး နောက်ဘက်တွင်မူ ခြံကျယ်ကြီးနှင့်အပြည့် သီးပင်စားပင် မျိုးစုံ စိုက်ပျိုးထားသည်မှာ တောင်ခြေအထိ။
ခရီးဝေး နှင်လာရသော မြင်းသုံးစီးသားမှာ ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်၍ မြင်းများကို ရေချရင်း ဦးဆောင်လာသူက
"ငှက်ပျောသီးတွေ ဝင်းမှည့်နေတာ ကြည့်စမ်းပါဦးတော့ကွာ"
ဟု ဆိုလိုက်သည်။ နောက်မှ အရပ်ရှည်ရှည် လူပုံချောချော လူငယ်က
"ဟုတ်ပါ့ဗျာ၊ အခိုင်ကြီးတွေများ ကောင်းပါပေ့"
အခြားတစ်ဦးကမူ စကားမဆို၊ မြင်းများကိုသာ ဂရုတစိုက် ရေတိုက်နေ၏ ။ ခေါင်းဆောင်သူကပင်
"ချဉ်ချဉ်မွှေးမွှေးလေးတွေ နေမှာပဲ၊ စားချင်လိုက်တာ"
"တပ်မှူး စားချင်ရင် ခြံရှင်ကို သွားမေးလိုက်မယ်လေ"
လူငယ်က ပြောသည်ကို လက်ကာပြရင်း
"ငါတို့ သည်ညတော့ သည်မှာပဲ တည်းခိုကြတာပေါ့။ ရောင်းဖို့ဆိုလည်း နောက်နေ့ ဝယ်သွားကြမယ်။ သူတို့ ချကျွေးရင်လည်း အဲဒီတော့မှ အဝ စားမယ်ကွာ"
နောက်မှလူက ဖျတ်ခနဲ မော့ကြည့်ပြီး ပြုံးသည်။ လူငယ်က ရှေ့မှ ဦးဆောင်သွားရင်း အိမ်ကြီးသို့ ချဉ်းကပ်လျက် ဟစ်လိုက်သည်။
"ခြံရှင်တို့.. ခြံရှင်တို့၊ ကျွန်တော်တို့ ခရီးသွားတွေပါ။ ဒီမှာ တစ်ညတာ နားနေလို့ ရမလား ခင်ဗျာ"
အိမ်ကြီးအတွင်း၌ လူအချို့ ရှိနေပြီး သူတို့ကို ဝိုင်းကြည့်နေကြသည်။ လူတစ်ယောက် ထသွားပြီး ခြံဘက် ဟစ်ခေါ်ရာ ခြံရှင်ဖြစ်ဟန်တူသော လူဝဝကြီးတစ်ဦး တဘက်ဖြူပေါင်းလျက် ပေါ်လာ၏ ။
"လာကြဝေ့၊ ဘယ်က လာကြသလဲ မောင်တို့"
ခေါင်းဆောင်သူက လူငယ်အနောက်မှ ကပ်လာပြီး
"တိုင်းရင်းသားတွေ ဖြစ်မယ်၊ နေ.. နေ.. သူရိန်၊ ငါပြောလိုက်မယ်"
ဟု ဆို၍ တစ်ဆက်တည်း လူကြီးကို
"ကျွန်တော်တို့ ရွှေဘိုမြို့က လာပါတယ်။ တစ်နေကုန် နှင်ခဲ့ရလို့ မြင်းတွေ ပန်းနေတာနဲ့ ဒီမှာ တစ်ညလောက် တည်းခိုလို့ ရမလား လို့ပါ ဦးကြီး"
"အေး.. အေး၊ ရပါတယ်ကွာ။ မောင်ဘိုးထင်တို့ မောင်ကျင်တို့ရေ.. လာကြဟေ့။ ဧည့်သည် မြင်းတွေကို ဆွဲသွားပြီး ကောင်းကောင်းထားပေးလိုက်။ မယ်သင်တို့ မိဖြူတို့က ခင်းရအောင် သင်ဖြူးဖျာချော ထုတ်ခဲ့ဟေ့"
သူတို့ ဝမ်းသာအားရ လူကြီးနောက် လိုက်သွားကြသည်။ လူကြီးက သူတို့အား အိမ်ထဲသို့ ဖိတ်ခေါ်ကာ အိမ်ဦးခန်းတွင် ဖျာချောခင်း၍ ထိုင်စေသည်။ သူတို့က ရေအိုးစင်မှ ရေကို တစ်လှည့်စီ သောက်ပြီးမှ ဝင်ထိုင်လိုက်ကြသည်။ ထုံးစံအတိုင်း တပ်မှူးက အလယ်က၊ အခြား ၂ ဦးက ဘေးမှ၊ သူတို့ရှေ့တွင် ခြံရှင် ဦးကြီးနှင့် မယားဖြစ်ဟန်တူသူ အမယ်ကြီးတို့ ဝင်ထိုင်လိုက်ကြ၏ ။
"ရွှေဘိုက ဟုတ်လား၊ အဝေးသားပဲကွဲ့။ ဘာလုပ်ရအောင် လာကြသလဲ သားတို့"
"တိုင်းရေးပြည်ရေး စုံစမ်းဖို့ လာပါတယ် အမေ"
သူရိန်က ဝင်ဖြေလိုက်သည်။ ထိုစဉ် အိမ်အနောက်ဘက်မှ လုံမငယ်တစ်ဦးက လက်ဖက်အုပ်နှင့် ကွမ်းအစ်များ ပြင်ဆင်လျက် လာချ၏ ။ ရုပ်ရည် အလွန်ကြည်လင်၍ အသားအရေလည်း ကောင်းလှသောကြောင့် ငယ်ရွယ်သေးသော တပ်မှူးမှာ ငေးကြည့်နေမိသည်။
"ဒါဆို သားတို့တွေက ရဲမက်မင်းချင်းတွေပေါ့"
တပ်မှူး မဖြေသဖြင့် သူရိန်ကပင် ဖြေပေးရသည်။
"ဟုတ်ပါတယ်၊ ရတနာသိင်္ဃက အလောင်းမင်းတရားကြီးရဲ့ ရဲမက်တော်တွေပါ။ သူက တပ်မှူး လက်ျာဘီလူး တဲ့"
မိန်းမငယ်အား ငေးနေသော လက်ျာဘီလူးက မကြားလိုက်။ ငကံက လက်တို့သည်။
"ဟင်.. ဘာလဲ ငကံ၊ အဲ"
ထိုအခါမှ သတိဝင်လာပြီး အမယ်ကြီးဘက် လှည့်၍
"ဘာမေးလိုက်တာလဲ ခင်ဗျ"
အမယ်ကြီးနှင့် သူရိန်တို့က ကြိတ်ပြုံးကြသည်။ သူငယ်မလေးက သူ့ကို မျက်စောင်းထိုးသွား၏ ။ လူကြီးကတော့
"ဖြေပြီးသွားပြီကွဲ့၊ မင်းမလည်း ငေးလိုက်တာ"
"ဟာ"
သူ ရှက်သွားပြီး မျက်နှာမထားတတ် ရှိ၏ ။ အမှန်တော့ ရွှေလို ဝင်းနေသည့် အသားအရေမျိုးကို ယခင်က မမြင်ဖူးခဲ့သဖြင့် အံ့သြစွာ ကြည့်နေမိခြင်းသာ ဖြစ်သည်။ သူ့ထက် ၂ နှစ် ၃ နှစ် ငယ်မည့် မိန်းမပျိုအား မည်သို့မျှ စိတ်မရှိဘဲ သတိလက်လွတ် ငေးမောနေခြင်း ဖြစ်သည်။ သို့သော် လူမိသွားသဖြင့် ရှက်ရပြီ။ သူရိန်က ဝင်ဖြေပေးသည်။
"တပ်မှူးက တစ်ခုခုကို သတိရသွားရင် ဒီလိုပဲ အကြာကြီး ငေးပြီး တွေးချင်ရာ တွေးနေတတ်လို့ပါခင်ဗျ။ ဦးမင်းတို့ သမီးကိုရယ်လို့ ကြည့်တာ မဟုတ်ပါဘူး"
"အေးပါကွယ်၊ အေးပါ၊ အမေတို့လည်း တောထဲ တောင်ထဲမှာ အလုပ်သမား ဆွေမျိုးနီးစပ်နည်းနည်းနဲ့ လာနေရတယ် ဆိုတော့ အစစအရာရာ သတိထားနေရတယ်လေ"
သည်တော့မှ လက်ျာဘီလူး ပုံမှန်ပြန်ဖြစ်လာပြီး
"ဒီဘက်မှာ သူခိုး ဓားပြတွေများ ရှိလို့လား"
လူကြီးက ဖြေ၏ ။
"မရှိပါဘူး၊ အေးချမ်းပါတယ် မောင်ရင်။ အုန်းပေါင်နယ် တစ်ကြောမှာတော့ ခပ်လှုပ်လှုပ် အသံကြားပါရဲ့"
"ကျွန်တော်တို့လည်း အဲဒီအတွက် စနည်းနာရအောင် လာခဲ့တာပါပဲ ဦးကြီး။ ဒီနယ်တစ်ဝိုက်ကတော့ အေးချမ်းသာယာတယ်လို့ ကြားသိရပါတယ်"
"အုန်းပေါင်ကို သွားမှာဆိုရင် အတော်ဝေးသေးတာပဲ။ ခရီးဆက်ရဦးမှာနဲ့ မောင်ရင်တို့လည်း နားကြလေ။ ကျုပ်လည်း လုပ်လက်စလေးတွေ လက်စ သွားသတ်လိုက်ဦးမယ်။ မယ်သင်၊ ဧည့်သည်တွေကို အိမ်ပေါ်မှာ နေရာထိုင်ခင်း ပြင်ဆင်ပေးကွဲ့"
"ဟာ.. ကျွန်တော်တို့ အိမ်ပေါ်မှာ မတည်းပါရစေနဲ့၊ ဟိုဘက်က မြေစိုက်တဲတစ်လုံးမှာ လွတ်နေတာ တွေ့ပါတယ်၊ အဲဒီမှာပဲ အတူတကွ တည်းပါရစေ"
"အဲဒီတဲက ပျိုးပင်တွေ ထားတဲ့တဲကွဲ့၊ ခုတော့ လွတ်နေတာ။ မကောင်းပါဘူး၊ အိမ်ပေါ်ပဲ တည်းကြ"
"ရပါတယ် ဦးကြီး၊ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် နေရအောင် အဲသည်မှာပဲ တည်းလိုက်ပါ့မယ်။ အထူးတလည် ပြင်ဆင်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ နေတတ်ပါတယ်"
"အေး.. အေး၊ ဒါဆိုလည်း ပြီးရော၊ သူတို့ဖို့ ခြံထွက်သီးနှံတွေ တည်ခင်းကြဦးလေ မိဖြူတို့ မိဝါတို့"
သူတို့ ၃ ဦး မြေစိုက်တဲအတွင်း ကွပ်ပျစ်ကြီးပေါ် ရောက်သွားကြသည်။ ငကံက လှဲနေပြီး လက်ျာဘီလူးက တိုင်ကိုမှီလျက် ထိုင်နေသည်။ သူရိန်က ကွပ်ပျစ်အောက် ခြေချ ထိုင်နေစဉ် မိန်းမငယ်နှစ်ဦး သီးနှံများကို ခွဲစိတ်ထည့်ထားသည့် ဒေါင်းလန်းကြီး လာပို့သွားသည်။ မကြည့်ဘူး ဟု နေသော်လည်း အသားအရေ အလွန်လှသည့် သူငယ်မကလေးကို လက်ျာဘီလူး ကြည့်ဖြစ်အောင် ကြည့်မိသွားသေး၏ ။ မိန်းမငယ်ကတော့ မျက်နှာကို တင်းထားပြီး သူတို့ကို လုံးဝမကြည့်။
မိန်းမသူများ ရောက်လာသဖြင့် ထထိုင်လိုက်ရသော ငကံက သစ်သီးများကို မြင်လျင် အနားတိုးလာသည်။ သူတို့ ထွက်သွားလျင် လက်ျာဘီလူးက
"ရွှေရောင်ကို ဝင်းနေတာပဲကွာ"
"ဟုတ်တယ်၊ အမျိုးတော်တော် ကောင်းမယ်"
"ဟင်"
"ဒီမှာလေ.. တပ်မှူး စားချင်တဲ့ ငှက်ပျောသီး။ အလုံးအဖန်ကလည်း လှပ။ မှန်း.. ချိုမွှေးနေတာပါပဲလား.. ဟဲ ဟဲ"
သူရိန့်အပြောကို သဘောပေါက်ပြီး ရှက်ရယ်ရယ်သည်။
"ငါက ဟိုကောင်မလေး အသားအရေကို ပြောတာကွ"
"သိသားပဲ၊ တပ်မှူး မိန်းမ မမြင်ဖူးတော့ တံလျှပ်ကို ရေထင်ပြီး ရွှေကျင်ချင်နေပြီ မဟုတ်လား"
"မဟုတ်ပါဘူး သူရိန်ရဲ့၊ မိန်းမတွေများ ရွှေနန်းတော်ထဲမှာ အမြဲ မြင်တွေ့နေရလို့ ရိုးနေပါပြီ။ ဒါပေမယ့် ဒီလို အသားအရောင်တော့ မမြင်ဖူးသေးဘူး"
ငကံက ဝင်၍
"အတော်ချိုမှာပဲ"
"ဟေ.. ဘာပြောတယ်ကွဲ့ ငကံ"
"သရက်သီး ပြောတာပါ။ တပ်မှူး စားပြီးရင် ကျွန်တော် စားချင်နေလို့"
"စားလေ.. သူရိန်လည်း စား၊ ငါ့ကို စောင့်မနေနဲ့။ ကိုယ့်ဘာသာ ယူစားကြ"
"စားတာလည်း စားတာပေါ့။ ဒါပေမယ့် တအားကြီး မကြည့်နဲ့ဗျ၊ သူတို့ တစ်မျိုးထင်ကုန်ရင် အခက်"
"ဟုတ်တာပေါ့၊ ငါကလည်း လွန်ပါတယ်ကွာ၊ ပြီးမှ သူတို့ကို အိမ်ပေါ်တက်ပြီး သွားတောင်းပန်ဦးမယ်"
ငကံ ပလုတ်ပလောင်းဖြင့် နင်သွားသည်။ သရက်သီးများကို အမြန်မြိုချ၍
"ပိုဆိုးသွားမှာပေါ့ တပ်မှူးရဲ့၊ မြင်ချင်လို့ လာတယ် ထင်သွားနိုင်တယ်"
"ဒါလည်း ဟုတ်တာပဲ။ တော်ပြီကွာ၊ အဲဒီဘက်ကို ခြေဦးမှ မလှည့်တော့ဘူး။ ခုတော့ နွမ်းနေလို့ ချောင်းထဲ ရေသွားစိမ်လိုက်ဦးမယ်"
ညနေ စောင်းနေပြီဖြစ်၍ လက်ျာဘီလူးက ရေချိုးရန် ပြင်ဆင်ပြီး ငှက်ပျောသီးစားရင်း ချောင်းဘက် ဆင်းသွားသည်။ မကြာမီ ကောင်မလေး ၂ ဦးလည်း ဖျင်တဘက်ကိုယ်စီ ပတ်လျက် တဲအနောက်ဘက် ခပ်ဝေးဝေးမှ ချောင်းဆီ သွားကြသည်ကို မြင်လျင်
"ဟိုက်.. ဒုက္ခပဲ"
ငကံက ရေရွတ်လိုက်သည်။ သူရိန် လှည့်ကြည့်ပြီး မြင်သွားရာ တဲအရှေ့ဘက်မှ ဒရောသောပါး ပြေးဆင်းသွားသည်။ ချောင်းထဲတွင် လက်ျာဘီလူးမှာ ပေါင်လယ်သာ ရှိသည့် ရေထဲ၌ မှောက်လျက် ငုပ်နေသဖြင့် မိန်းကလေးများ လာသည်ကို မသိ။ အထက်ဘက်၌ သူရှိနေသည်ကိုလည်း ဟို ၂ ယောက်က မသိချေ။ သူရိန်သာ ကုပ်ချောင်းချောင်းဖြင့် ရေစပ် ဆင်းလာပြီး တပ်မှူးဆီ သွားနေခိုက် သူတို့ မြင်သွားကြသည်။
သူတို့သည်လည်း တဘက်များကို ရေစပ်ကျောက်တုံးပေါ် ပုံလျက် ချောင်းထဲဆင်းလာကြချိန် ဖြစ်ရာ သူရိန်ကို မြင်လျင် ကြောင်ကြည့်နေကြ၏ ။ မထူးတော့ပြီ ဖြစ်၍ ရေလယ်သို့ သွားကာ တပ်မှူးကို သွားဆွဲရသည်။ လက်ျာဘီလူးကလည်း ရေသံကြား၍ ထလာ၏ ။ ဆံပင်များကို သပ်တင်ရင်း သူရိန် ရေချိုးဆင်းလာသည် ထင်၍ ရေနှင့် ပက်လိုက်ပြီးမှ
"အဝတ်တွေ မချွတ်ဘူးလား၊ တစ်ခါတည်း လျှော်မလို့လား"
ဟု မေးလိုက်သေးသည်။ ကျောပေးထားသဖြင့် ငြိမ်သက်နေကြသည့် မိန်းကလေးများကို မမြင်၊ သူရိန်က လက်မောင်းမှ ဆွဲလာပြီး
"လာပါ၊ တပ်မှူးကို ပြောစရာရှိလို့ လာခေါ်တာ"
ဟု ဆွဲခေါ်သွားသည်။ အူကြောင်ကြောင်ဖြင့် ပါသွားပြီးမှ နောက်ကို လှည့်ကြည့်၏ ။
"အယ်"
တစ်ဦးက ပြုံး၍ ခေါင်းငုံ့သွားသော်လည်း အငယ်မလေးက ခပ်ရဲရဲ ပြန်ကြည့်နေပြီး နှာခေါင်းကို ရှုံ့ပြလိုက်သည်။ သူကလည်း ဝင်းဝါနုညက်သော ပခုံးသားများကို ငေးဖြစ်အောင် ငေးခဲ့မိသည်ကိုး။
"ဘယ်လိုတွေ ဖြစ်နေတယ် မသိပါဘူးဗျာ"
ရေစက်လက်နှင့် ပါလာသော တပ်မှူးကို ပြုံးစိစိနှင့် ကြည့်နေသော ငကံကို သူရိန်က လှမ်းပြောလိုက်ရာ စကားနည်းသော ငကံက တစ်ခွန်း ပြန်ပြော၏ ။
"အဲဒါ ရေစက်ကွ"
"မဟုတ်တာကွာ၊ တိုက်ဆိုင်တာပါ မင်းတို့ကလည်း"
နီရဲနေသော မျက်နှာနှင့် လက်ျာဘီလူးက ငကံတို့အား ပြောရင်း ဆံတောက်ကလေး၏ အကြည့်စူးစူးကို မြင်ယောင်ပြီး ပြုံးမိရ၏ ။
ညဦးပိုင်း ထမင်းစားရန် လာခေါ်သောအခါ လက်ျာဘီလူးကို ခေါ်မရတော့။ အသီးများ စားထားသဖြင့် ပြည့်အင့်နေလို့ပါ ဟု ငြင်းပြီး နေခဲ့သည်။ တပ်မှူးဖြစ်သူ ပါမလာ၍ အိမ်ရှင်များက ပြောဆိုနေသလို ငကံတို့လည်း အမ်းတမ်းတမ်း ရှိနေကြသည်။ မိန်းကလေး ၂ ဦးကတော့ ဣနြေ္ဒဆည်ထားသည့် မျက်နှာများနှင့်။ သူရိန်ကို တစ်ချက်ကြည့်၍ ဆံတောက်ကလေးက ဟိခနဲ ရယ်လိုက်သေးသည်။ သူရိန်ကလည်း ရယ်ပြလိုက်၏ ။
ထို့နောက် ခြံကြီးရှင်က မင်းတို့တပ်မှူး စားဖို့ ယူသွားဦး ဆို၍ ထမင်း ဟင်းများ ဖက်နှင့်ထုပ်ပေးလိုက်သည်။ သည်လိုကျတော့လည်း အင်တင်တင်နှင့်ပင် လက်ျာဘီလူး စားလိုက်ရ၏ ။ မိန်းကလေးများ မကြည်ကြကြောင်း သိ၍ အိမ်ကြီးဘက် မျက်နှာပင် မလှည့်သော်လည်း စကားလာပြောသည့် အလုပ်သမားများနှင့်တော့ အဖွဲ့ကျနေကြသည်။
သူတို့ ဥယျာဉ်လုပ်သားများမှာ လက်ျာဘီလူးကို သိရန် ဝေးစွ၊ မင်းလှမင်းခေါင်ကျော် ဦးကောင်းကိုလည်း မသိ၊ မင်းလှမင်းခေါင် ဦးတွန်ကိုလည်း မသိကြသည့်အပြင် စည်သာမင်းကြီးကိုပင် ကြားဖူးသူ တစ်ဦးသာ ပါ၏ ။ လက်ျာဘီလူးကလည်း သူ့ကိုယ်သူ တပ်မှူးငယ်တစ်ဦး ဟုသာ ဆိုသည်။ ခြံလုပ်သားများ၏ ဘဝကို မေးရင်း ဒီလို အလုပ်မျိုးနဲ့ တစ်သက်လုံး နေချင်လိုက်တာဗျာ ဟု ပြောမိရာ
"နေချင်ရင်လည်း နေရအောင် ကြံပေါ့ တပ်မှူးရာ၊ မင်းတရားကြီးကို ကျွန်တော်တို့ ဝင်လျှောက်လိုက်ပါ့မယ်။ ကျွန်တော်တို့ တပ်မှူးမှာ ရှေးရေစက်နှင့် တွေ့သောကြောင့်.."
"ဟေ့.. ဟေ့၊ သူရိန်.. တော်ဟ။ မင်းစကားက သူတို့ တစ်မျိုး ထင်သွားရင် မကောင်းဘူး"
ခြံလုပ်သားများမှာ ယခုမှ ဒီလိုလား ဟူသော မျက်နှာပေးများဖြင့် ပြုံးသွားကြသဖြင့် သူ မလုံမလဲ ဖြစ်နေတုန်း
"ဘယ်တစ်ယောက်လဲဗျ၊ အကြီးလား အငယ်လား.. ဟဲ ဟဲ"
ပျော်တတ်သည့် လူငယ်တစ်ဦးက စနောက်၍ မေးလိုက်ပြန်သဖြင့် သူက တားမည် ပြုစဉ် ငကံက ဝင်၍
"ရွှေရောင်လေးလို့ ပြောပြောနေတာပဲ"
"ဟာ"
"သြော်.. မအောင်ဖြူ ကို ပြောတာနေမယ်။ အကြီးမက မိမင်းဝါ တဲ့။ သတိတော့ထား၊ မမလေးက မလွယ်ဘူး"
"မဟုတ်ပါဘူးကွာ၊ ဘာတွေ လျှောက်ပြောနေကြတာလဲ။ ကြည့်ရတာ ငါတို့ ဒီည ချက်ချင်း ထွက်မှ ဖြစ်တော့မယ် ထင်တယ်"
ထိုသို့ ပြောမှ ဝိုင်းတောင်းပန်၍ စနောက်ခြင်းအမှု အဆုံးသတ်သွားကြသည်။ ထိုညက သူရိန်၏ ကြည်လင်ခန့်ညားသော သီချင်းသံကို နားထောင်ရင်း သူတို့ အိပ်ပျော်သွားကြသည်။ နောက်တစ်နေ့ နံနက် ခရီးဆက်ရန် ခြံရှင်များကို နှုတ်ဆက်ကြသောအခါ သီချင်းဆိုတာ မည်သူနည်းဟု မေးကြလျက် သူရိန်ကို ချီးကျူးကြပြီး သူတို့အတွက် အစားအစာများကို ထည့်ပေးလိုက်ကြသည်။
သူတို့ ၃ ဦးသား ခြံရှင်ဇနီးမောင်နှံအား ရှိခိုးဦးချ နှုတ်ဆက်ခဲ့ကြ၍ လက်ျာဘီလူးက ခြံလုပ်သားများနှင့် မြင်းများထားရာအနီးဝယ် နှုတ်ဆက်စကား ဆိုနေခိုက် သူရိန်ထံ အငယ်မကလေး ရောက်လာပြီး
"အစ်ကို သီချင်းဆိုတာ သိပ်ကောင်းတာပဲ။ အပြန်ကျလည်း ဝင်ခဲ့ကြပါဦး"
ဟု ဆိုလာသည်။ သူရိန်က ပြုံးရွှင်စွာ
"ငါ့နှမက ဖိတ်ပေမယ့် တို့တပ်မှူးက ဝင်ဝံ့တော့မှာ မဟုတ်ဘူး နှမရဲ့၊ ခုတောင် ရှက်နေလို့ ဒီဘက် မကြည့်ဘူး တဲ့။ နှမကိုတော့ တောင်းပန်ကြောင်း ပြောပေးပါလို့ ဆိုတယ်ကွဲ့"
"ဟွန့်.. အဲဒီလူကြီး အမြင်ကပ်ဖို့ ကောင်းတယ်။ ရော့.. ဒီမှာ သူ့အတွက် မိဖြူက ပေးလိုက်တယ်လို့၊ အဆောင်လက်ဖွဲ့လေး ပေးပေးပါ။ အစ်ကို့ကိုလည်း မောင်ကြီးအရင်းလို ခင်လို့ အပြန်ကျမှ တစ်ခုခု အမှတ်တရ လုပ်ထားလိုက်ပါ့မယ်။ ဝင်ဖြစ်အောင်သာ ဝင်ခဲ့ကြပါနော်"
သူငယ်မလေး ပေးလိုက်သော ချည်ဖြူ လက်ဖွဲ့လေးကို သူရိန်က လက်ျာဘီလူးအား ဆွဲခေါ်၍ ပေးပြီး ပြောလိုက်ရာ လက်ျာဘီလူးက သူငယ်မလေးကို အားတုံ့အားနာ ရယ်ပြသည်။ ကောင်မလေးက မျက်စောင်းထိုး၍ လျှာထုတ်ပြပြီး အိမ်ထဲဝင်သွား၏ ။ သူတို့ ရဲဘော် ၃ ဦး ပြုံးစစနှင့် အုန်းပေါင်နယ်ဘက် ထွက်သွားကြသည်ကို အလုပ်သမားများက လက်ပြရင်း လိုက်ကြည့်နေကြလေသည်။
သို့သော် အုန်းပေါင်အရောက်၌ မမျှော်လင့်သည်များ ဖြစ်လာ၏ ။ မြန်မာနယ်ဘက်သို့ ဝင်၍ ကျွဲနွားများ သိမ်းယူသည် ဆိုသည့် စော်ဘွားလူများနှင့် အချင်းများကြရာမှ နေပြည်တော်တပ်များ လိုက်ချီလာကြပြီး တိုက်ပွဲဖြစ်ပွားကြကုန်၏ ။ အရေးမလှလျင် စော်ဘွား ထွက်လာ၍ လုယက်ဖျက်ဆီးသူများမှာ တောကြိုအုံကြားမှ အရိုင်းအစိုင်းများသာ ဖြစ်ကြောင်း၊ စော်ဘွားက ခိုင်းစေသည် မဟုတ်ဘဲ ထိုသူများကို ဖမ်းဆီး ဆက်သမည့်အကြောင်း၊ ကျွန်တော်ခံဝင်မည်ဟု လျှောက်တင်ပေးပါရန် အရေးဆိုသဖြင့် ရှမ်းနယ်အချို့နှင့် ပြေလည်သွား၏ ။
အလောင်းမင်းတရားကြီး အမိန့်တော်ဖြင့် မကျိုးနွံသော ရှမ်းပြည်တစ်ဝန်း လှည့်ပတ်သွားလာနေရရာမှ အောက်ပြည်သို့ စစ်ချီမည်၊ မင်းထင်နော်ရထာ အမြန်ပြန်ခဲ့ ဟူသော အမိန့်တော် ရောက်လာသောကြောင့် လာလမ်းဘက် မလှည့်နိုင်တော့ဘဲ ရောက်ရာအရပ်မှ သူ့တပ်များ အပြင်းချီသွားကြရသည်။

             မိဖြူ နှင့် ခြံလုပ်သားများကတော့ ရွှေဘို မင်းနေပြည်တော်မှ တပ်မှူးကလေး တစ်ဦးနှင့် သူ့လူနှစ်ယောက် တစ်ချိန်ချိန် ရောက်လာလိမ့်နိုးဖြင့် လက်ဆောင်ပြင်ဆင်ကာ စောင့်မျှော်နေကြလိမ့်မည် ထင်ပေသည်။

 Written by သင်္ခရာဇာ


End date: November 16, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...