သူရိန် တစ်ယောက်တည်း စိတ်ညစ်နေသည်။ အလွန်အမင်း၊ အကြီးအကျယ်ကို စိတ်ညစ်ခြင်းမျိုး ဖြစ်၏ ။ သူ ဘာလုပ်ရမည်နည်း။ တစ်ဖက်က သူ့ကျေးဇူးရှင်၊ လက်ဦးဆရာ၊ ခင်ပွန်းကြီး ဆယ်ပါးဝင် မပြစ်မှားထိုက်သူတစ်ဦး ဖြစ်သလို တစ်ဖက်ကလည်း သူ့အရှင်သခင် ကျေးဇူးရှင်ပဲ ဖြစ်နေပြန်သည်။
ထို့ပြင် အမိန့်ဟူသမျှ တစ်ဆံခြည်မျှ မလွဲစေရ၊ အတိအကျ နာခံတတ်ခဲ့သော၊ ထိုသို့ အမိန့်နာခံတတ်သဖြင့်လည်း ဤအဆင့်အထိ ရောက်လာခဲ့သော သူသည် ပေးအပ်လာသော အမိန့်ကို ငြင်းဆန်နိုင်ခွင့် မရှိ၊ မိမိကိုယ်ကိုယ် အဆုံးစီရင်စေဟု အမိန့်ပေးလာလျင်ပင် မကြာချက်ချင်း သတ်သေရမည့်သူ ဖြစ်ရာ ယခု တပ်မှူးအား လုပ်ကြံရန် စေခိုင်းလာခြင်းသည်...
သူသည် စိတ်ရှုပ်ထွေး နောက်ကျိလျက် သေရည်ကိုသာ တစ်ခွက်ပြီးတစ်ခွက် သောက်နေမိ၏ ။ ယခင်က သောက်လေ့မရှိသဖြင့်လည်း ရင်ထဲ ဝင်သွားတိုင်း မီးစ ထိုးထည့်လိုက်သလို ပူလောင်သွားရ၏ ။ သို့သော် ဝမ်းထဲမှ အပူကို သေရည်က ယခုထက်ထိတော့ မနိုင်သေး။ သူက ခွက်ကို ဆောင့်ချပစ်လိုက်သည်။
သူရိန် အပြင်မထွက်၊ မည်သူနှင့်မျှ အတွေ့မခံဘဲ အိမ်တွင်းအောင်းနေသည်မှာ ၃ ရက် ရှိပြီ။ အတွေးများစွာဖြင့် အိပ်လည်းမပျော်၊ စားလည်း မသိ၊ ဆံမုတ်ဆိတ်လည်း မရိတ်ဘဲ ညှင်းသိုးသိုးပင် ဖြစ်လာသည်။ ၃ ရက်မြောက်နေ့၌ ဝန်ကြီးက သူ့ကို အခေါ်လွှတ်သဖြင့် သွားရောက်ရပြန်သည်။
"လာဟေ့.. မောင်သူရိန်၊ မောင်မင်း သည်တစ်ခါ ပြည်မှာနေတာ ကြာလှပါလား။ အလုပ်အကြံအတွက် စီမံပြီးလောက်ရောပေါ့"
ဝန်ကြီးက သူ့ကို အကဲခတ်ရင်း မေးလာ၏ ။
"မှန်ပါ.. ကျွန်တော်မျိုး မစီစဉ်ရသေးပါဘုရား"
"အင်း.. ငါသိသားကပဲ။ မောင်မင်း တပ်မှူးဟောင်းမို့ လုပ်ကြံဖို့ ခက်နေသာ မဟုတ်လား"
ဝန်ကြီးက ပွင့်လင်းစွာ မေးမြန်းလိုက်သောအခါ သူရိန် အလန့်တကြား ဝန်ကြီးမျက်လုံးများကို ကြည့်မိသည်။ ဇေယျကျော်သူက တစ်ချက်ပြုံးလိုက်ပြီး မျက်နှာလွှဲသွားသည်။
"မင်း လုပ်ရေးကြံရာ ခက်နေရင် ငါကပဲ စီစဉ်ပေးမယ်။ မောင်မင်း မပါလို့တော့ မဖြစ်ဘူး။ အဲသည်အကောင်က ဘီလူးသဘက်လိုပဲ ရိုင်းစိုင်းကြမ်းတမ်းတယ်လို့ ပြောကြတယ်။ သူ့ကို နိုင်မှာ မောင်မင်းတစ်ဦးသာ ငါမြင်လို့ ခိုင်းရခြင်းပဲကွဲ့။ သည်တော့ စိတ်နှစ်ခွ မရှိနဲ့၊ အရေးတော်ကိုသာ ကုန်အောင်ထမ်း၊ ကျန်တာ ငါ့တာ ရှိပစေ"
သူ ဝန်မင်းကိုသာ မော့ကြည့်နေမိသည်။
"မင်းနှင့်အတူ ဉာဏ်နီဉာဏ်နက် ပရိယာယ်ကြွယ်တဲ့ သမိန်အဲနရဲကို ထည့်လိုက်မယ်။ လိုအပ်သည်အကုန် ငါကပဲ ညွှန်ကြားလိုက်မယ်။ မင်းက တိုက်ခိုက်ချိန်မှသာ ဝင်ရုံပဲ။ မင်း ဝင်ရမယ့် အချိန်ကိုလည်း အဲနရဲက စီမံပေးလိမ့်မယ်။ မင်းက ငါသိလိုသမျှကိုတော့ ပြောပြပေးရမယ် မောင်မင်း"
သူ မည်သို့ ငြင်းဆန်နိုင်ပါမည်နည်း။ ညိတ်နေကျ ခေါင်းက လေးပင်စွာ ငိုက်စိုက်ကျသွားတော့ ဝန်ကြီးက အောင်မြင်သော ခြေလှမ်းများဖြင့် စားပွဲပေါ် ဖြန့်ခင်းထားသော မြေပုံကြီး တစ်ချပ်ဆီ ခေါ်ဆောင်သွားသည်။
"ဒါ ငါတို့ ပိုင်နက်တွေနဲ့ ရှမ်းစော်ဘွား၊ မော်တုံမော်ကယ်စားတို့ နယ်မြေတွေပဲ။ ငါသိချင်တာက မင်းနဲ့အတူ ဘီလူးတပ်မှာ အမှုထမ်းခဲ့ဖူးတဲ့ ငမျှင်ဆိုတဲ့ တပ်သား နေတဲ့ ရွာပဲ"
သူရိန်၏ ငုံ့နေသော ခေါင်းက မော့လာပြီး ဝန်ကြီးကို အံ့သြမင်သက်သည့် မျက်လုံးများဖြင့် ကြည့်နေသည်။ ဝန်ကြီးက သူ့ဘာသာ ဆက်ပြောနေ၏ ။
"ငါ သိရသလောက်တော့ ငမျှင်က ငါတို့နယ်နိမိတ် အစွန်က ရွာလေးတစ်ရွာမှာ နေတယ် တဲ့"
xxxxxxxxxxxxxxxxxxxxxxxxxxxxx
လက်ျာဘီလူးတို့ ရောက်လာကြမည် ဆို၍ ရွာသူကြီး၊ မုဆိုးကြီး ဦးမျှင်နှင့်တကွ တစ်ရွာလုံးက ထွက်ကြိုနေကြသည်။ ဦးမျှင်မှာ တည်ငြိမ်စွာ ထိုင်နေသော်လည်း စိတ်ကမူ ရွာခရိုးစပ် ခင်တန်းလေးဆီ ရောက်သွားလိုက်၊ ကဇာခြုံတန်းများတစ်လျှောက် ပြေးနေလိုက်၊ ရွာအဝင် ထနောင်းပင်ကြီးအောက်မှ မျှော်လိုက် ဖြစ်နေ၏ ။
လှည်းကတောင်သံ၊ နွားခြူသံ၊ နွားငေါက်သံ၊ လူသံ သူသံများ ကြားလာရချိန်တွင်မူ သူ မနေနိုင်တော့။ အပြေးတစ်ပိုင်းဖြင့် သုတ်သုတ်လျှောက်ရင်း ခင်တန်းစပ်ဆီ ရောက်သွားသည်။ လှည်းလမ်းကြောင်း ကဇာအုပ်အုပ်ထဲမှ ဖုန်လုံးများအကြား လှည်းများနှင့် မြင်းများကို မြင်သော် သူ့မျက်နှာမှ ဝမ်းသာဟန်မှာ ဖုံးဖိမရတော့။
ရှေ့ဆုံး ပေါင်းမိုးတပ် လှည်းယဉ်ကျော့၌ သူတို့တပ်မှူးကြီး လက်ျာဘီလူး လိုက်ပါလာပြီး သူ့ကို အဝေးမှ လက်လှမ်းပြနေသည်။ နောက်လှည်းတစ်စီးပေါ်မှာ ငကံ၊ ငကံကလည်း ဝမ်းသာအားရ ဗျိုး ဟစ်သည်။ သူက ပြန်ဟစ်၏ ။ ငကံ ကုန်းကုန်းကွကွ ဖြစ်နေသည်။ လှည်းများနောက်တွင်မူ မြင်းနီကျော် တိမ်ပျံနှင့် မြင်းအချို့ကို တွေ့ရသည်။
ဦးမျှင်က ရွာသူကြီး လူကြီးများထက် အလျင် ပြေးကြိုပြီး လှည်းမြီးဖျားကို ကိုင်လျက် လိုက်လာသည်။ သူ့တစ်သက်နှင့်တစ်ကိုယ် ပြန်မတွေ့ရတော့ဘူးဟု ထင်ထားခဲ့သော တပ်မှူးက သူတို့၏ ခေါင်လှသော ရွာကလေးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်မှာ သူတို့ရေစက် ကျန်သေးသောကြောင့် ဖြစ်ပေမည်။
မတွေ့ရသည့် နှစ်များအတွင်း တပ်မှူးသည် အသားညိုသွားပြီး ယောက်ျားကောင်းကြီးတစ်ဦးကဲ့သို့ ပီပီပြင်ပြင် ဖြစ်လာသည်။ ယခင်ကလို နုနယ် ငယ်ရွယ်သည့် တပ်မှူးကောင်လေး မဟုတ်တော့ဘဲ ရင့်ကျက် လေးနက်ဟန်များ မြင်လာရ၏ ။ အထူးသဖြင့် ပြုံးရယ်နေသော်လည်း ခက်ထန်အေးစက်ဟန်ကား ပေါ်လွင်လှသည်။ ကလေးများနှင့် မိန်းမသူများမှာ အနားသို့ မကပ်ရဲကြ။
ဦးမျှင် သတိထားမိသည်မှာ တပ်မှူးသည် ဆောင်ဓားကို ဆုပ်ကိုင်လိုက်၊ ချလိုက် လုပ်နေတတ်ခြင်း ဖြစ်သည်။ အခြား ရွာလူကြီးများလည်း သတိထားမိပေလိမ့်မည်။ ငကံကမူ မျက်ရိပ်မျက်ကဲ ပြ၏ ။ တပ်မှူး စိတ်မငြိမ်သေးဟန် တူသည်။ ထူးခြားသော အသံတစ်ခုခု ကြားသည်နှင့် လက်က ဓားဆီ ရောက်နှင့်ပြီး အရင်ဆုံး ကြည့်သည်မှာလည်း တိမ်ပျံကို ဖြစ်သည်။
တိမ်ပျံ ငြိမ်နေလျင် ဆတ်ခနဲ လှမ်းလိုက်သည့် လက်က ဓားထံ မရောက် တန့်သွားတတ်ပြီး တိမ်ပျံ နားရွက်ခတ်၊ နှာမှုတ်၊ ခွာရှပ်သည် မြင်ရလျင်မူ ဓားအိမ်ကို လှစ်ခနဲ ဆုပ်ထားတတ်သောကြောင့် ရွာလူကြီးများမှာ ခပ်လန့်လန့်။ စိတ်ဖောက်၍ ထ ခုတ်လျင် ခက်ရချည့်။
သို့သော် ကျန်သည့် အရာများ အားလုံးမှာ ပုံမှန်ပင် ဖြစ်သည်။ ငမျှင်ကို မှတ်မိသည်။ ငါးနှစ်ကျော် ကာလကြာ ဝေးနေခဲ့သော်လည်း အချို့ အဖြစ်အပျက်များကို အသေးစိတ် မှတ်မိနေဆဲ ဖြစ်၏ ။ ယခင်ကလိုတော့ သဘောမကောင်းတော့သယောင် ရှိသည်။ ယခင်ထက်လည်း နူးညံ့ သိမ်မွေ့လာသည် ထင်ရပြန်သည်။ ပိုမို နားလည်ရ ခက်လာသလို ပိုမိုပြည့်ဝလာဟန်လည်း ပေါ်နေ၏ ။ လက်ျာဘီလူးကတော့ လက်ျာဘီလူး ပီသပါပေသည်။
ငကံမှာမူ အလုပ်အကျွေးကောင်း ဖြစ်သည့်အတိုင်း တိမ်ပျံကို အထူးဂရုစိုက်သကဲ့သို့ တပ်မှူးကိုလည်း လိုလေသေးမရှိစေရ။ တပ်မှူး စိတ်တည်ကြည်ငြိမ်သက်စေရန် ဝန်ကြီး မဟာသီဟသူရမှ စစ်မက်ကင်း၍ အေးချမ်းသော ဤရွာသို့ စေလွှတ်လိုက်ကြောင်း ပြောပြ၏ ။ တပ်မှူးနှင့် အလုပ်အကျွေး လူအနည်းငယ်သာ ပါသော်လည်း တကယ်တမ်း မလိုအပ်သဖြင့် တပ်မှူးက ထိုသူတို့ကို ခွင့်ပေးလိုက်ရာ ပါသည့်သူများ နေရပ်ပြန်ကုန်ကြသည်။
ငကံကိုလည်း ပြန်ခိုင်းသည်။ ငမျှင်အိမ်၌ တစ်ဦးတည်း အေးဆေးစွာ နေမည်ဟု ဆို၏ ။ ငကံက မပြန်ချင်။ တပ်မှူးက အတင်းလွှတ်နေသောကြောင့် ခေတ္တပြန်မည်ဆိုကာ ထွက်သွားသည်။ လက်ျာဘီလူးက ဦးမျှင်နှင့် အေးချမ်းစွာ နေရစ်ခဲ့သည်။ ဦးမျှင်က သူကျွမ်းကျင်သည့် မုဆိုးပညာဖြင့် ရှာဖွေကျွေးမွေးသလို လက်ျာဘီလူးကလည်း ဗဟုသုတအဖြစ် လိုက်လံကြည့်ရှု မှတ်သားလေ့ ရှိသည်။ သူကိုယ်တိုင်မူကား မသတ် မဖျက်၊ သားကောင်ဖျက်သည်ကိုပင် မကြည့်။ ရွာမှ ပို့သော ဟင်းလျာများဖြင့်သာ စားတတ်သည်။
ဦးမျှင်မှာ အားမလိုအားမရ ဖြစ်ရသည်။ သူက သူ့အစွမ်းဖြင့် အစိုအစိမ်း လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ကျွေးမွေးမည်ဟု အားခဲထား၏ ။ လက်ျာဘီလူးက ဟင်းရွက်ကန်စွန်းဖြင့်သာ အများအားဖြင့် ပြီးလေ့ရှိသည်။ ရံဖန်ရံခါမှသာ အခြောက်အခြမ်း ကြပ်တင်ထားသည်များကို သုံးဆောင်လေရာ ဦးမျှင်မှာ ရွာမှ သူများကို လာမပို့နှင့်တော့ဟု တားယူရသည်အထိ။ သို့သော် တပ်မှူးကတော့ ခြံစည်းရိုးနွယ်များမှ အလေ့ကျပေါက်ပင် အညွန့်အရွက် သစ်သီးဝလံများကို ခူးဆွတ်နေပြန်သည်။
တစ်ပတ်ကျော်ကြာသောအခါ သူတို့ရွာသို့ မလာစဖူး မြင်းတပ်တစ်တပ် ရောက်ရှိလာ၏ ။ ဗိုလ်မှာ မထင်မှတ်ထားသော ငသူရိန် နှင့် တလိုင်းတစ်ဦး ဖြစ်နေသည်။ ငသူရိန်က သူတို့ကို တွေ့ရသဖြင့် ဝမ်းသာဟန် ပြသော်လည်း ဗိုလ်မင်းကြီးမို့ ထိန်းချုပ်နေရဟန် တူသည်။ လက်ျာဘီလူးကတော့ သူ့လူ ငသူရိန် ရာထူးရာခံကြီး ဖြစ်နေသဖြင့် ကျေနပ်အားရ ရှိလှ၏ ။
ထိုညက ရွာပြင်ရှိ ဦးမျှင်အိမ်၌ မီးပုံကြီး ဖိုလျက် သူတို့ သုံးဦးသား ရှေးဟောင်းနှောင်းဖြစ် အတွေ့အကြုံများကို ပြန်ပြောင်းပြောကြသည်။ ယခင်ကကဲ့သို့ ငသူရိန် မေး၍ တပ်မှူးက ဖြေရသည် မဟုတ်တော့ဘဲ တပ်မှူးမှာ စကားနည်းလျက် သူတို့ ပြောသမျှကိုသာ ပြုံးကြည့်နေတတ်သည်။ လက်ကမူ ဓားကို မချ။ သတိအမြဲ ကပ်နေသည်ကိုလည်း ငသူရိန် သတိထားမိသည်။
ငသူရိန်ကသာ သူ့အတွေ့အကြုံနှင့် ယခင် အတူရှိစဉ်က အဖြစ်အပျက်များကို အောက်မေ့တသ ပြောနေရသည် များ၏ ။ ဦးမျှင်မှာ မူလကပင် စကားမပြောတတ်သည်ဖြစ်ရာ နားထောင်သူသက်သက်။ သူပြောလို.. ထောက်လိုသမျှကိုမူ ဟိုသင်းခံလျက် အမြီးအမောက်မတည့် ဝင်ပြောလေ့ ရှိဆဲ။ လက်ျာဘီလူးကတော့ သူ့အကြောင်း ဘာမှ မပြောတော့ဘဲ အလောင်းမင်းတရား လက်ထက်တော်က အဖြစ်အချို့ကိုသာ သတိတရ ပြောဆိုနေသည်။
သူတို့ စကားဝိုင်းရှိရာ ဗိုလ်မင်း သမိန်အဲနရဲ ရောက်လာပြီး သေရည်သောက်ကြရန် ဆို၏ ။ ဦးမျှင်နှင့် အဖွဲ့ကျသွားသည်။ သူရိန် အနည်းငယ် သောက်သော်လည်း လက်ျာဘီလူးကတော့ မတို့မထိ၊ အလောင်းမင်းတရား ချမှတ်ခဲ့သည့် စည်းမျဉ်းများကို ယခုထိ အတိအကျ လိုက်နာနေတုန်းပင် ရှိသေးသည်။
(ဆက်ရန်...) သူရိယ ဒေဝ (၁၀)
Written by သင်္ခရာဇာ
End date: October 10, 2021
No comments:
Post a Comment