Translate

သူရိယ ဒေဝ (၈)

ဆုံကြပါပြီ..၊ သူတွေ့ချင်လှသော တပ်မှူးနှင့်ကား မဟုတ်။ တပ်မှူးကို ဖိနှိပ်၍ ကျော်ကြားလာသသူ ဘယကျော်ခေါင်နှင့် ဖြစ်နေသည်။ ဗိုလ်မင်းကြီး သူရိယဒေဝသည် တာဝန်အရ မပျမဝပ် ရှိနေသော ရှမ်းပြည်တလွှားနှင့် ကချင်နယ် ဒေသအချို့သို့ လှည့်ပတ်သွားလာ ငြိမ်ဝပ်ပိပြားအောင် သိမ်းအုပ်ရင်း ကချင်နယ်စပ် တစ်နေရာတွင် ဘယကျော်ခေါင် ရှိရာ စစ်သူကြီး နေမျိုးသီဟပတေ့ တပ်သုိ့ ရောက်ရှိသွားခြင်း ဖြစ်၏ ။
မြန်မာတပ်များ ရှိသည်ဟု ကြားသဖြင့် ခရီးတစ်ထောက် နားခိုရန် ဝင်ခဲ့ရာ နောက်တစ်နေ့ နံနက်တွင် မထင်မှတ်ဘဲ ဘယကျော်ခေါင်တို့ စစ်ရေး လေ့ကျင့်နေသော ကွင်းဆီ ရောက်ရှိသွားခဲ့သည်။ သတ်ကွင်းအလယ်မှ သန်မာကျစ်လျစ်သော နှုတ်ခမ်းမွေးကျင်စွယ်နှင့် ဗမာကြီးမှာ ဘယကျော်ခေါင်မှန်း မသိသေး။ ဝင်လာသူများကို တစ်ယောက်ချင်းသာမက နှစ်ယောက် သုံးယောက်နှင့်လည်း အလွယ်တကူ ကိုင်ပေါက် ဖမ်းချုပ် သတ်ပုတ်နေရာ ကြည့်ကောင်းသဖြင့် ကြည့်နေမိခြင်းသာ ဖြစ်သည်။
သူ့အနောက်မှ ရဲမက်တစ်ဦးက
"သည်တပ်မှာတော့ ဘယကျော်ခေါင်ကို လက်ရုံးချင်း ယှဉ်နိုင်သူ မရှိသေးဘူး ဗိုလ်မင်း" ဟု ပြောလာသောအခါ သူ့သွေးတွေ ဆူဝေသွားသည်။ သင်းက ဘယကျော်ခေါင်လား၊ ငါကလည်း သူရိယ ဒေဝ ကပဲ၊ အစွမ်းချင်း ယှဉ်ရသေးတာပေါ့ ဟု စိတ်ထဲမှ ကြုံးဝါးကာ စည်းထဲ ဝင်သွားသည်ကို သူ့နောက်မှ တပ်သားများနှင့် ထိုတပ်မှ ရဲမက် ဗိုလ်ပါများ မတားလိုက်နိုင်။
ဘယကျော်ခေါင်ကလည်း ရုတ်တရက် ဝင်လာသော မျက်နှာစိမ်း ဗိုလ်တစ်ဦးကို ကြောင်ကြည့်နေပြီးမှ အရိုအသေ ပြုသည်။ သူကတော့ ဂရုမစိုက်ဘဲ စစ်ဝတ်တန်ဆာများကို ချွတ်နေရင်း
"ရောင်းရင်း လက်စွမ်းကောင်းတယ် ဆိုလို့ တစ်ပွဲတစ်လမ်း စမ်းကြည့်ချင်ရုံပါ"
ဟု ဆိုလိုက်သည်။ ဘယကျော်ခေါင်က သူ့တပ်မှ ဗိုလ်မှူးကို ကြည့်၏ ။ ဗိုလ်မှူး နန္ဒယော်ဓာလည်း မပြောသာ၊ ကြည့်နေရသည်။ မိမိထက် ကြီးသော ဗိုလ်မင်းတစ်ဦးနှင့် သတ်ပုတ်ရမည်ဖြစ်၍ ဘယကျော်ခေါင် အမ်းနေသော်လည်း သူရိယ ဒေဝကတော့ ခပ်တည်တည်ဖြင့် ကိုယ်ကို ဆီသုတ်လိမ်းပေးစေပြီး ကွင်းပြင်အလယ် လျှောက်လာသည်။
"ကျုပ်က ရာထူးကြီးတယ် ဆိုပေမယ့် ရောင်းရင်းထက် အများကြီး ငယ်ပါတယ်။ တန်းတူလိုပဲ သဘောထားပြီး အကောင်းဆုံး အစွမ်းကို ထုတ်ပါ"
စိန်ခေါ်၍ လက်ခမောင်း ခတ်လိုက်၏ ။ ဘယကျော်ခေါင်ကလည်း တဖြောင်ဖြောင် ပြန်ခတ်ပြီး သူ့နားရွက်ကို တံတွေးဆွတ်ရန် လက်ကမ်းလိုက်သည်။ ရုတ်တရက် သူရိယ ဒေဝ က တံတွေးဆွတ်မည့် လက်ကို ဖမ်းလိမ် ဆွဲယူ ပေါက်ချလိုက်ရာ ဘယကျော်ခေါင် စွေ့ခနဲ ပါလာပြီး မြေပြင်ပေါ် လိမ့်သွား၏ ။
ကျော၌ ယခုမှ သဲပေရသော ဘယကျော်ခေါင် အံ့သြသွားပြီး တစ်စုံတစ်ခုကိုလည်း အမှတ်ရလိုက်သလို ဖြစ်သွားသည်။ ထိုပုံစံ အမူအကျင့်သည် တပ်မှူး လက်ျာဘီလူး တစ်ဦးသာ လုပ်တတ်သော စရိုက် လက္ခဏာ မဟုတ်ပါလား။ ယခု လက်ျာဘီလူးကဲ့သို့ ဟန်ပန်မူရာရှိသူ တစ်ဦးနှင့် ထပ်မံ တွေ့ကြုံရပြန်ပြီ။
သူရိယ ဒေဝက မခန့်လေးစား တစ်ချက် ပြုံးလိုက်ပြီး လက်ကမ်းပေးလိုက်သည်။ မုဆိုးဒူးထောက် ထိုင်ရင်း ပေါင်ပေါ် လက်တင်ထားသော ဘယကျော်ခေါင်က ကျန်သည့်လက်ဖြင့် ဗိုလ်မင်း၏ လက်ကို ကိုင်မိသည်နှင့် ဗိုလ်မင်းက မညှာမတာ လျင်မြန်စွာ လက်လိမ်ချိုးလိုက်ပြန်သည်။ ဘယကျော်ခေါင် နာကျင်အောင့်မျက်သွားပြီး သည်ဗိုလ်မင်း မည်သည့်အငြိုးကြောင့် မိမိအား ရန်လိုနေပါသနည်းဟုပင် တွေးတောလိုက်မိသည်။
သူရိယ ဒေဝ ကတော့
"ရောင်းရင်းက လက်စွမ်းသာ ကောင်းတာ ရန်သူကို အယုံလွယ်လှချည်လား၊ သည်ပုံဖြင့် ဘယ်လို စစ်တိုက်နေသလဲ သိချင်ပ ရောင်းရင်း"
ဟော..၊ ပြောလာပြန်ပြီ။ လက်ျာဘီလူး ပြောတတ်သည့် စကားမျိုး သည်ဗိုလ်မင်း နှုတ်မှ ထွက်လာပြန်သည်။ ဘယကျော်ခေါင် ဝေခွဲမရစွာ နာနာကျင်ကျင် မော့ကြည့်တော့ သူ့အား ဖိနှိပ်ထားလျက် ပြုံးနေသော အေးစက်တည်ငြိမ်သည့် ကြောက်စရာ အပြုံးတစ်ခုကို တွေ့လိုက်ရပြန်၏ ။
"ခွင့်လွှတ်ပါ.. ဗိုလ်မင်း၊ ကျုပ် ဗိုလ်မင်းလောက် သတ္တိ ဗျတ္တိ နှလုံးဝမ်း မရှိပါဘူး"
ထိုအခါမှ သူရိယ ဒေဝက လွှတ်ပေးပြီး သူ့လက်မောင်းကို ပုတ်လျက်
"ဒါနှင့်များ ရောင်းရင်းက ကျုပ်တို့ တပ်မှူးကို အနိုင်ယူခဲ့တယ်ဆို"
"ဘယ်လိုခင်ဗျ"
"လက်ျာဘီလူး ဆိုတဲ့ တပ်မှူးတစ်ဦးကို စိန်ခေါ်ပြီး အလောင်းမင်းတရားရဲ့ သူရဲကောင်းကြီးကတောင် ကြောက်လို့ အရှုံးပေးသွားရတယ် ဆိုတော့ ရောင်းရင်းရဲ့ လက်စွမ်းကို အထင်ကြီးမိလို့ပါ.. ဟက်ဟက်"
ဘယကျော်ခေါင် ထိတ်လန့်သွားပြီး နဖူးနှင့် သဲပြင် ထိအပ်ရင်း
"အရှင် အထင်မှားနေတာပါ။ လက်ျာဘီလူးကို ကျွန်တော်မျိုး မနိုင်ခဲ့ပါဘူး။ ကျွန်တော်မျိုးလည်း အထင်လွဲပြီး ဝံ့ကြွားမိမှားခဲ့တယ်။ တကယ်တော့ လက်ျာဘီလူးက သူရဲတစ်ဦး အချည်းနှီး ဆုံးရှုံးရမှာကို သူ့ ဂုဏ်သိက္ခာနဲ့ လဲသွားခဲ့တဲ့ မြင့်မြတ်လှသူ တစ်ဦးပါ"
ငသူရိန် မျက်လုံးကျယ်သွားပြီး ဘယကျော်ခေါင်ကို ဆွဲထူလိုက်သည်။ အဖြစ်အပျက် အလုံးစုံကို မေးသည်။ တပ်မှူးအကြောင်း ကြားရသောအခါ တပ်မှူးကို အလွန် တွေ့ချင်လာပြန်သည်။ ထို့ကြောင့် ဘယကျော်ခေါင်အား ယခု လက်ျာဘီလူး အဘယ်မှာ ရှိသည်ကို သိသလား ဟု မေးရာ ဘယကျော်ခေါင်က
"ကျွန်တော်နဲ့ ကသည်းပြည်က ပြန်လာပြီး ယိုးဒယားစစ်မှာ မဟာနော်ရထာတပ်က ပါသွားကြောင်း သိရပါတယ်။ ယိုးဒယားမှာ ဗိုလ်မှူးချုပ် မဟာနော်ရထာ ဆုံးပါးသွားသလို ကျွန်တော်တို့ တပ်မှူးလည်း စိတ်ကစဉ့်ကလျားဖြစ်ပြီး ထိန်းချုပ်မနိုင် ဖြစ်သွားတယ်လို့ ကြားပါတယ်။ အခုတော့ သူ့ကို ဘယ်မှာထားလဲ မသိရပါဘူး"
သူရိန် တွေဝေ ငေးမောသွားသည်။ တပ်မှူး မည်သည့် အဖြစ်မျိုးကို ကြုံခဲ့ရပါသနည်း။ တည်ငြိမ် ရင့်ကျက်လှသော တပ်မှူးအား ယိုးဒယားတို့က မကောင်းသည့် အစီအရင်များဖြင့် စိတ်ဖောက်ပြန်စေခဲ့လေသလား။ ဘယကျော်ခေါင် ပြောနေသည်များကိုပင် မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေသည်။
"တကယ်တမ်းသာ တိုက်ကြရင် လက်ျာဘီလူးဟာ ကျွန်တော်မျိုးရဲ့ အဖက်မဟုတ်ပါ။ တစ်ခဏချင်း ရင်ကို ခွဲ၍ အသားကို စားမည့် သူရဲမျိုးသာ ဖြစ်ပါတယ်။ ကျွန်တော်က မသိနားမလည်၍ သိမ်ဖျင်းသောစကား ဆိုခဲ့မိတာပါ ဗိုလ်မင်း"
ဘယကျော်ခေါင်ကို မည်သို့ ပြန်ပြော၍ ထားခဲ့မိမှန်းမသိ။ တစ်စုံတစ်ခု ပြန်ပြော နှုတ်ဆက်ခဲ့မိသည်ကိုတော့ သိလိုက်သည်။ လူအုပ်အလယ်မှလည်း စိတ်မကပ်ဘဲ ထွက်လာခဲ့သည်။ သူ စဉ်းစားနေမိသည်မှာ တပ်မှူး ဘယ်ရောက်နေသလဲ၊ ဘယ်လို လုပ်ရင် အဖိုးတန်တပ်မှူးတစ်ဦးအဖြစ် ပြန်မြင်ရနိုင်သလဲ ဆိုတာတွေသာ ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင် နောက်တစ်ခေါက် နေပြည်တော် ပြန်ရောက်တော့ ဝန်ကြီး ဇေယျကျော်သူက သူ့ကို တိုက်ရိုက်ခေါ်တွေ့ မေးမြန်းလာသည်။
"မောင်မင်း လက်ျာဘီလူး ဟူသည့် တပ်မှူးတစ်ဦးကို သိသလား"
သူ နှလုံးခုန် မြန်သွား၏ ။ အဘယ့်ကြောင့် ဝန်ကြီးက တပ်မှူးအား မေးမြန်းသနည်း။ တပ်မှူး ပြန်ရောက်နေပြီလား။ အကြောင်း တစ်စုံတစ်ရာ ရှိပြီလား။ ဝန်ကြီးကိုယ်တိုင် မေးသည်ဆိုတော့ သူ့လက်အောက်တွင် ချီးမြှောက်လို၍လား။
"သိပါတယ် ဘုရား"
"အိမ်း၊ ကောင်းတယ်၊ ကောင်းတယ်။ ငါ့လူအချို့ကလည်း မောင်မင်း သူ့ကို သေသေချာချာ သိတယ် ဆိုကြတယ်"
ဝန်ကြီးက ခေတ္တ နားပြီးမှ...
"အဲသည် လက်ျာဘီလူးဟာ အင်မတန် မောက်မာတာ မောင်မင်းလည်း ကြားမှာပေါ့။ ငါတို့ ဘဝရှင်ကိုတောင် မခန့်လေးစားနဲ့ လုပ်ခဲ့သေးဟဲ့။ အခု ယိုးဒယားက ပြန်လာတယ် ကြားတယ် မောင်မင်း"
သူ့ရင် ထိတ်ခနဲ ဖြစ်သွားသည်။
"မှန်ပါ ဘုရား"
"အင်း၊ မောင်မင်းလည်း သတ္တိ ဗျတ္တိမှာ ပြောစရာ မလိုဘူး။ ငါ့ကို သစ္စာကြီးတာလည်း ကြာပြီ။ သည်တစ်ခါ အရေးပြီးလျင်တော့ ဗိုလ်မှူးကြီးအဆင့် ရအောင် ငါတို့သခင်ထံ လျှောက်တင်ပေးမယ် မှန်းထားသကွဲ့"
သူ အလွန်အမင်း ဝမ်းသာသွားသည်။
"မှန်.. မှန်ပါ့ ဘုရား၊ အမှုတော်ကို အသက်နှင့်လဲ၍ ထမ်းရွက်ပါ့မယ် ဘုရား"

"မောင်မင်း လုပ်ရမှာက မခဲယဉ်းပါဘူး။ အဲဒီ လက်ျာဘီလူးကို ငါ့စိတ်ထဲ ဆူးငြောင့်ခလုတ်လို ဖြစ်နေတယ်။ မောင်မင်းက သူ့ကို ရှာပြီး ရှင်းလင်းပေးရုံပဲ။ ပြီးတာနဲ့ ဗိုလ်မှူးကြီးဘွဲ့ကို ပြန်လာယူပေါ့ကွာ"

(ဆက်ရန်...)  သူရိယ ဒေဝ (၉)

Written by သင်္ခရာဇာ
End date: October 9, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...