ညောင်ရမ်းခေတ်က ပျက်လုလု။ တိုင်းပြည် ဗရုတ်ဗရက် ဖြစ်နေချိန်တွင် တဘောင်တစ်ခု ပေါ်လာသည်။
မိုးခိုပါစို့… ညည်းနဲ့ တို့
တိုင်း၍ရက်သည့် ပက္ကလာ…
မိုးရွာသည်နှင့် အသင့်ပဲ။
တို့မေလေး.. မကျေဖျက်
မြောက်ဘက်ရယ်တဲ့ ဟိုတစ်ခို…
ပြေးစို့နှစ်ကိုယ်။
ဆိုင်းစိုစို ရန်လုံးဖြိုပါတဲ့
ပြည်ရွှေဘို ထိုမြို့မှာ… မိုးခိုစို့လေး။''
ထိုတဘောင်အရ မင်းလောင်း မြောက်ဘက်က ပေါ်မည်။ ရွှေဘိုမြို့သည် ထီးနန်းစိုက်ရာ နန်းတော် ဖြစ်လာမည်ဟု ဆိုနေကြလေသည်။ ထိုအချိန်တွင် မုဆိုးဖိုရွာသူကြီး ဦးညိုစံမှာ သားတစ်ယောက် ဖွားမြင်၏။ မွေးစကပင် ညာလက်မောင်းတွင် မီးထတောက်နေသည်ကို မြင်ကြရသဖြင့် မင်းလောင်းဖြစ်မည့်သူ ဟု ကျော်စောလေ၏။ အောင်ဇေယျဟု အမည်တွင်သည်။
သူငယ်အရွယ်ခန့် ရောက်သော် ရွယ်တူချင်းတွင် ခေါင်းဆောင်ဖြစ်လာသည်။ အမှုအခင်းမှန်သမျှ တည်ကြည် ဖြောင့်မတ်စွာ ဖြေရှင်းပေးနိုင်စွမ်း ရှိသည်။ ပညာဥာဏ် ကြီးသည်။ လက်ရုံးရည် ကောင်းမွန်၍ ဗန်ရှည် တုတ်သိုင်းတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လေသည်။ တုတ်ကစားလျင် ရေပက်မဝင် ဆိုစမှတ်ပြုရသည်။ အရွယ်ရောက်သော် ဘုရားအနီးတစ်ဝိုက်ရှိ ဘိုးဘွားပိုင်လယ်များကို ထွန်ယက်လုပ်ကိုင်လေသည်။
၁၉ နှစ်သားတွင် ထောင်မှူးကြီးသမီး မောင်နှမဝမ်းကွဲ တော်စပ်သူ မယ်ယွန်းစံနှင့် အိမ်ထောင်ပြုရသည်။ တစ်ရက် သူ လယ်တဲတွင် အိပ်ပျော်နေစဉ် မယ်ယွန်းစံက ထမင်းအုပ် လာပို့ရာ သူ့လက်ယာလက်မောင်းမှ မီးတောက်တစ်ခုကို မြင်၍ ညှိမ်းကာ နှိုးလေသည်။ သူလည်း နိုးလာပြီးလျင် ထိုအဖြစ်အား မည်သူ့ကိုမျှ မပြောရန် မယားအား မှာကြားထား၏ ။ သုိ့သော် သူ့လက်ရုံးမှ ၃ ကြိမ် ၃ ခါ မီးတောက်သည့် သတင်းကား အထက်အညာတစ်လျှောက် ပြန့်နှံ့သွားလေသည်။
ထိုအချိန်တွင် ညောင်ရမ်းပျက်၍ အင်းဝ၌ မဟာဓမ္မရာဇာ မင်းပြုနေချိန် ဖြစ်သည်။ အင်းဝတွင် ''ဖိုသုံးဖို တစ်ဖို မီးတောက်မည်'' ဟူသော တဘောင် ပေါ်ပြန်လေသည်။ ထိုတဘောင်အရ…
-အုတ်ဖိုနယ်မှ ကွေ့ ကရင် ဂုဏ္ဏအိမ်
-နဂါးဖို ရွာသား မင်းလောင်းဟု ကျော်ကြားသူ ရွှေနဂါး
-မုဆိုးဖိုရွာမှ လက်ရုံးမီးတောက်သူ အောင်ဇေယျ
ထိုသုံးဦးအနက် တစ်ဦး မင်းဖြစ်မည်ဟု ဆိုနေကြသည်။ ရွှေနဂါးသည် အဖျားရောဂါဖြင့် ကွယ်လွန်သွားသည်။ ထိုအခါ ကွေ့ခေါင်းဆောင် ဂုဏ္ဏအိမ်က သူ့ကို ဆင့်ခေါ်ကာ ''နင် ရှင်ဘုရင်စော်နံသည် ကြားသည်။ ဟုတ်သလား'' ဟု မေးလေသည်။ ဟုတ်ပါသည် ဟု ဖြေလျင် တစ်ခါတည်း ကွပ်ရန် ကြံထားလေသည်။ သို့သော် သူက ''မဟုတ်ကြောင်းပါ။ မလိုသူတို့ ကုန်းချောစကားသာ ဖြစ်ပါကြောင်း'' ဟု လျှောက်လိုက်လေသည်။ ကွေ့မင်းကလည်း ''အပြောအဆို အနေအထိုင် ကျစ်လျစ်လှသည်… ကြပ်ကြပ်သတိထား။ သွား'' ဟု ဆိုလိုက်သည်။
သူသည် လယ်လုပ်နေရသော်လည်း တဘောင်များကို ယုံကြည်သည်။ သူ့ကိုယ်သူလည်း မင်းလောင်းဖြစ်မည်ဟု သိသည်။ ထို့ကြောင့် အင်းဝသို့ မကြာ မကြာ သွားပြီး နိုင်ငံရေး စစ်ရေး အခြေနေများကို စနည်းနာလေ့ ရှိ၏။ ထိုသို့ သွားရင်း စစ်ကိုင်းတွင် မယားငယ်တစ်ယောက် ရလာခဲ့သေးသည်။ နောင်တွင် မယ်ယွန်းစံ သိသွားလေရာ သူ့ကို ထားခဲ့ပြီး မိဘရွာ ပြန်သွားလေသည်။ ဦးအောင်ဇေယျ မင်းဖြစ်သောအခါ လိုက်ခေါ်သော်လည်း မလာ၍ မယ်ယွန်းစံရွာ စည်ပုတ္တရာကို အခွန်အတုပ်တိုးကောက်မှ လာလေတော့သည်။
အင်းဝကို မွန်တို့ သိမ်းပိုက်လိုက်သောအခါ မုဆိုးဖိုတွင် ရွာသူကြီး ဖြစ်နေသော ဦးအောင်ဇေယျသည် ဆွေမျိုးသားချင်း မိတ်ဆွေများနှင့် ရတတ်သမျှ စုရုံးပြီး မြင်းရည်တက် ၆ ကျိပ် ၈ ယောက် ဖွဲ့လိုက်သည်။ ငကောင်း (နောင် မဟာသေနာပတိ သေနတ်ဝန်)၊ ငတွန် (နောင် စစ်သူကြီး မင်းခေါင်နော်ရထာ)၊ ငသာ (နောင် ဝန်ကြီး မဟာသီဟသူရ)၊ ငနှောင်း (နောင် စစ်သူကြီး မဟာစည်သူ)၊ ငလွင် (နောင် ကောင်းတုံမြို့ခံ ဗလမင်းထင်) စသူတို့မှာ ထင်ရှား၏။
ရွာကိုလည်း ထန်းလုံးအပြည့် ကာလျက် တပ်တည်လိုက်သည်။ ထိုသတင်းကို မွန် နှင့် ကွေ့တို့ ကြား၍ သစ္စာပေးရန် သံစေလိုက်ကြသည်။ နှစ်ဖက်စလုံးက သူတို့ဘက်သို့ မဝင်လျင် မုဆိုးဖိုရွာကို တိုက်ခိုက်ဖျက်ဆီးခဲ့ ဟု မှာလိုက်သည်။
ဦးအောင်ဇေယျသည် သံနှစ်ဖွဲ့ သစ္စာပေးရန် လာသည်ကြားသော် ဆွေမျိုးသားချင်းများနှင့် စုဝေး၍ မည်သည့်ဘက်သို့ သစ္စာခံသင့်သနည်း ဟု မေးလိုက်သည်။ အချို့က အင်အားကြီးသော မွန်တို့ကို သစ္စာခံသင့်သည်။ အချို့က နီးရာဓား ကွေ့ထံ ဝင်သင့်သည် ဟု ဆိုကြ၏။ ဦးအောင်ဇေယျက ''ငါကြံမည်'' ဆို၍ သံနှစ်ဖွဲ့ကို တပြိုင်တည်း လက်ခံတွေ့ဆုံကာ…
''ယခု နှစ်ဖက်စလုံးမှ သစ္စာပေးရန် လာသည်မှာ တစ်ဖက်သို့ဝင်က တစ်ဖက်၏ ရန်ကို ကြောက်ရသည်။ ထို့ကြောင့် ထိုနှစ်ဖက် အရင် အင်အားပြကြ၍ နိုင်သောဘက်သို့ သစ္စာခံပါမည်'' ဟု ဆိုလိုက်သည်။ သူ့စကားမှာ သင့်တင့်လျောက်ပတ်လှသဖြင့် သံအဖွဲ့များ မည်သို့မျှ မငြင်းနိုင်ဘဲ ပြန်သွားကြရလေသည်။ အလွန် ပညာ အမြော်အမြင် ပြည့်စုံသည့် စကားပင်။
ထို့နောက် ဦးအောင်ဇေယျသည် အနီးအပါးရှိ ၄၅ ရွာကို စုရုံးပြီး မွန်တို့ကို ပုန်ကန်ရန် ပြင်သည်။ အသိမ်းအရုံးကောင်း၍ ဘုန်းလက်ရုံး ပညာပြည့်စုံသောကြောင့် အနီးရှိရွာအားလုံး ခိုဝင်လာလေသည်။ ထိုသတင်းကြားသော် အင်းဝကို သိမ်းပိုက်ထားသော မွန်တို့က မုဆိုးဖိုရွာကို တိုက်ဖျက်ရန် အင်အားအလုံးအရင်း စေလွှတ်လိုက်လေသည်။
အမြောက် သေနတ် စစ်သည်အင်အား များပြားလှသော မွန်တပ်ကြီးကို ရင်ဆိုင်ရန် ဦးအောင်ဇေယျက အစီအမံများ ပြင်ဆင်သည်။ မွန်တို့ အင်အားကြီးစွာ အကြိမ်ကြိမ် လုပ်ကြံသော်လည်း မရ။ ဦးအောင်ဇေယျက သူ့လူများကိုလည်း အရည်အချင်းသာ အဓိကဖြစ်ကြောင်း ပြောဆို၍ သားတော် ဆွေတော်မျိုးတော်များနှင့်တကွ အားလုံး ရွပ်ရွပ်ချွံချွံ ထွက်တိုက်ကြသည်။ နည်းပရိယာယ်နှင့် ရဲစွမ်းသတ္တိတွင် မုဆိုးဖိုသားတို့ကို မွန်တို့ မယှဉ်နိုင်၍ မွန်တပ်ကြီးကို အောင်နိုင်လိုက်လေသည်။
သို့ဖြင့် စိတ်နှလုံး တက်ကြွနေသော မြန်မာတပ်များသည် အလွန်ရဲဝံ့ပြောင်မြောက်စွာ တိုက်ခိုက်ရင်း တစ်ပွဲပြီးတစ်ပွဲ အနိုင်ရလာခဲ့ကြသည်။ ထိုအချိန်တွင် ယိုးဒယားက မွန်ပြည် မုတ္တမတစ်ဝိုက်ကို ထိပါးလာ၍ အင်းဝရှိ တပ်များကို ပြန်ခေါ်ရာ မုဆိုးဖိုသားများ ကံကောင်းသွားကြသည်။ မုဆိုးဖိုကို အင်အားအနည်းငယ်ဟူ၍ ယိုးဒယားအရေးပြီးမှ နှိမ်နင်းမည်ဟု တွက်လိုက်သော မွန်တို့ အမှားပင်။
ထို့နောက် ငကောင်း ငတွန်နှင့် သားတော်များ ဦးစီး၍ အင်းဝကို တိုက်ကြသည်။ ဦးအောင်ဇေယျ ရောက်မှ နိုင်သည်။ သားတော်လတ် မောင်ရွကို မြို့စောင့်ထားခဲ့၍ ရွှေဘိုသို့ပြန်ကာ နန်းတည်လေသည်။ ဟံသာဝတီမှ မွန်တို့ တစ်ဖန်ပြန်လာပြီး အင်အား ၃ သိန်းခန့်နှင့် အင်းဝမြို့ကို ကြည်းကြောင်း ရေကြောင်း အထပ်ထပ် ရံလာသည်။ မြို့တွင်းမှ သားတော် ဆင်ဖြူရှင်က မွန်တို့ကို ''မနက်ဖြန်မနက် ထွက်တိုက်မည်။ ပြေးပေါက်ရှာထား'' ဟု ဟစ်လိုက်သည်။ ဆိုသည့်အတိုင်း လူ ၂၅၀၀ နှင့် ထွက်၍ မွန်တို့ ရေတပ် အင်အားကြီးကို မြို့ရိုး တစ်ဖက်ပြီးတစ်ဖက် ပတ်တိုက်သည်။ ရံတပ်ဟူသမျှ အကုန်ပျက်၏။ ထို့နောက် ကြည်းတပ်သို့ပါ တိုက်ရာ မွန်တို့ မခံနိုင်၍ တပ်ပျက်လေသည်။
မကြာမီ ရွှေဘိုမှ စစ်ကူများ ရောက်လာရာ တိုက်ပွဲကြီးစွာ ဖြစ်ပွားပြီး မွန်တို့ ဆုတ်ခွာသွားရသည်။ ထို့နောက် မြန်မာအားပေးသည်ဟု ပြည်မြို့ကို ဝင်တိုက်ကြပြန်ရာ ပြည်မှ အာကာရွှေတောင်သည် ဦးအောင်ဇေယျကို စစ်ကူတောင်းလေသည်။ သို့သော် မြန်မာတပ်များ မရောက်ခင် အာကာရွှေတောင်ကို မွန်တို့ ဖမ်း၍ မြေမြှပ်သတ်လေသည်။ အကြီးအကဲ မရှိသော်လည်း ပြည်မြို့သားတို့သည် လက်နက်မချဘဲ ''အာကာရွှေတောင်အဖက် ကျောက်ခဲကျော်ထင် ကျန်သေးသည်'' ဟု ဆိုကာ မြို့ရိုးပေါ်မှ ကျောက်ခဲများ ပစ်ချကြသဖြင့် မွန်တို့ မကပ်နိုင်ချေ။
သားတော်ကြီး အိမ်ရှေ့မင်းနှင့် မုဆိုးချုံဗိုလ် ငတွန် (မင်းလှမင်းခါင်) ကို ကွေ့တို့ထံ သွားတိုက်စေသည်။ ကွေ့တို့က ခရီးလမ်း ခက်ခဲရာမှ စောင့်၍ တိုက်ကြရာ မြန်မာတပ်ပျက်လေသည်။ အိမ်ရှေ့မင်းလည်း ငတွန်ကို အနောက်မှာနေခဲ့ ဟု ဆို၍ ကိုယ်လွတ်ရုန်းပြေးလေသည်။ ထိုအခါ ငတွန်က တပ်ပျက်လေပြီးသည်ကို အနောက်မှာ ချန်ခဲ့ခိုင်းရမည်လော ဟု ဆိုကာ မနေခဲ့ဘဲ တပ်ဆုတ်လာသဖြင့် အလောင်းဘုရား အမျက်ထွက်ကာ ထောင်သွင်း အကျဉ်းချထားလိုက်သည်။
သားတော်လတ် ဆင်ဖြူရှင်ကို ကွေ့တို့ထံ ထပ်မံစေလွှတ်ရာ နည်းဗျူဟာ ကောင်းသဖြင့် လမ်းဟောင်းမှ မသွားဘဲ စစ်ကြောင်းများ ခွဲသွားသောကြောင့် ကွေ့တို့ မတိုက်ဝံ့တော့ဘဲ ရှောင်ပြေးသွားကြလေတော့သည်။ ရန်စရှိခဲ့သော လက်ျာပျံချီကိုလည်း အကြိမ်ကြိမ် သွားတိုက်ကြသည်။ တပ်ပျက်သည်က များလေသည်။ နောင်တွင် အခြေမဟန်၍ လက်ျာပျံချီ ဆုတ်ခွာသွားသည်။ မွန်တို့ထံ ဝင်ရာ မယုံသဖြင့် အသတ်ခံလိုက်ရသည်။
ထို့နောက် ဟံသာဝတီကို သွားတိုက်ကြသည်။ ဒဂုံတွင် တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်သည်။ တာမွေတွင် မွန်စစ်သူကြီး ဒလပန်းနှင့် မင်းလှမင်းခေါင်ကျော်တို့ စီးချင်းထိုးကြသည်။ ဒလပန်း ရှုံး၍ ပြေးလေသည်။ သန်လျင်တွင် ပြောင်းအမြောက် သေနတ် ထူထပ်လွန်း၍ မြို့သို့ မချဉ်းနိုင် မကပ်နိုင်။ မဟာသေနာပတိ သေနတ်ဝန် ဦးကောင်း လှေနှင့် အနီးကပ် ကွပ်ကဲရင်း ဆီးခြိုက်တွင် ကျည်သင့်လေသည်။
ကျည်သင့်သည့် အဖြစ်ကို မည်သူမျှ မသိစေဘဲ တိတ်တဆိတ် ခွာခဲ့ပြီး ဒဂုံဘက်ကမ်းရောက်သော် ''အရေးတော်ကို ပြီးပြေအောင် မဆောင်ရွက်နိုင်ခင် ခွဲသွားရသည့်အတွက် ခွင့်လွှတ်တော်မူပါ'' ဟု အလောင်းမင်းတရားကို လျှောက်တင်ကာ ဆုံးပါးသွားလေသည်။ ဦးအောင်ဇေယျ မျက်ရည်ကျပြီး ကြီးစွာသော အဆောင်အယောင်ဖြင့် ထီးဖြူအုပ်မိုး သဂြိုင်္ဟ်ပေးသည်။ ၎င်းနောက် လက်ရွေးစင် လူ ၁၀၀ ရွေးကာ ညအချိန် မြို့ကို တက်စေသည်တွင်မှ မြို့ရိုးပေါက်၍ သန်လျင်ကို ရလေသည်။
အင်းဝမှ ဟံသာဝတီသို့ ခေါ်ဆောင်ခြင်းခံရသော မဟာဓမ္မရာဇာသည် တစ်ရက်တွင် ငါးလင်ပန်းဆားနယ်တစ်ကောင်မှာ ဦးခေါင်းပိုင်း ပုပ်သော်လည်း အမြီးက တဖျတ်ဖျတ် ခုန်နေသည်ကို တွေ့သဖြင့် ဗေဒင်ပညာ တတ်လှသည့်အတိုင်း ''ဦးခေါင်းသည် ငါဖြစ်၍ အမြီးမှာ မြန်မာဖြစ်သည်။ ငါမရှိသော်လည်း မြန်မာတို့ ခေါင်းဆောင်ကောင်း ရကာ ရှင်သန်ဦးမည်'' ဟု အတိတ်ကောက်လိုက်ရာ မွန်တို့ကြားပြီး မယုံသောကြောင့် မင်းတို့သွေး မြေမကျကောင်း၍ ကတ္တီပါအိတ်တွင် ထည့်ကာ ရေချသတ်လေသည်။
အလောင်းဘုရားသည် အင်္ဂလိပ်တို့ထံမှ အမြောက် ၁၀၀ သေနတ် ၁၀၀၀ ရယူ၍ ပုသိမ် ဟိုင်းကြီးကျွန်းတို့တွင် စခန်းဆောက်ခွင့် ပေးခဲ့သည်။ ထို့နောက် ဟံသာဝတီကို လုပ်ကြံသည်။ အောင်မြင်သဖြင့် ရွှေဘိုသို့ ပြန်သွားသည်။ မြိတ် တနင်္သာရီတွင် ယိုးဒယားက မြှောက်ပင့်ပေး၍ ပုန်ကန်သည် ကြားသောကြောင့် ဆင်ဖြူရှင်နှင့် မင်းလှမင်းခေါင် ငတွန်တို့ကို နှိမ်နင်းရန် လွှတ်လိုက်သည်။ မြိတ်ကို အောင်ပြီးနောက် ယိုးဒယားသားတို့ တိုက်ရည်ခိုက်ရည် ပျော့ညံ့ကြောင်း လျှောက်ကြသဖြင့် အယုဒ္ဓအထိ သွားရောက်တိုက်ခိုက်ကြသည်။
အယုဒ္ဓမြို့ပြင် ချင်းဘုန်းကြီးကျောင်းမှ နေ၍ အမြောက်များ တင်ကာ မြို့တွင်းသို့ နေ့ညမစဲ ပစ်ခတ်ကြရာ နန်းပြသာဒ်ပါ ကျိုးလေသည်။ အလောင်းဘုရား လက်တည့်ပုံမှာ အမြောက်ကို သူ လက်ညှိုးညွှန်သည့်အတိုင်း ချိန်၍ ပစ်ရာ အမြောက်ဆံမှာ မြို့ရိုးထက်က အမြောက်ပြောင်းဝ၌ သွားဆို့နေသည် ဟု ဆိုကြသည်။ ချောင်းမြောင်းအင်းအိုင် ပေါများ၍ မှက်ခြင်ထူထပ်သောကြောင့် စစ်သည်များ နာဖျားကြရာမှ အလောင်းဘုရားကိုပါ အဖျားရောဂါ ကူးစက်သဖြင့် တပ်ဆုတ် ပြန်ခဲ့ကြရသည်။
မင်းခေါင်နော်ရထာ (ငတွန်) ကို နောက်ချန်တပ် ထား၍ ဆုတ်ခဲ့ကြရာ မွန်ပြည်နယ် ဘီးလင်းအနီး ကင်းရွာတွင် နတ်ရွာစံတော်မူသည်။ အလောင်းတော်ကို ရင်ခွဲ အူအသည်းထုတ်၍ ဆားအပြည့်သိပ်ကာ ဝေါထဲတွင်လည်း ဆားထည့်၍ ဆောင်ခဲ့ကြပြီး ကင်းရွာရောက်မှ မီးသဂြိုဟ်သည် ဟုလည်း ဆိုကြသည်။ မီးသဂြိုဟ်ရာ နေရာတွင် စေတီတစ်ဆူတည်ခဲ့ကြရာ ယခုအခါ ပြိုပျက်စ ပြုနေပေပြီ။ အရိုးအိုးကို ရွှေဘိုသို့ ပြန်ယူပြီး စေတီတည်ထားခဲ့သည်။
Written by သင်္ခရာဇာ
End date: April 6, 2022