Translate

Showing posts with label တောဝင်ခြင်း. Show all posts
Showing posts with label တောဝင်ခြင်း. Show all posts

တောဝင်ခြင်း (ဇာတ်သိမ်းပိုင်း)

"ငကံ.. ကိုရင်ဖိုးမှန်၊ ထ ထ"

စောစောစီးစီး လက်ျာဘီလူးက နှိုးနေသောကြောင့် ငကံတို့ လူးလဲ ထလိုက်ကြသည်။
"ငါ သတိတစ်ချက် လိုသွားတယ်။ ညက ငါတို့ တူးခဲ့တာရယ်၊ မိဆိုင်ကို ဝင်ပူးတဲ့ သတင်းရယ် ကလူကလဲ ရောက်သွားရင် မကောင်းဘူး။ မင်းတို့ ရွာကို အမြန်သွားပြီး ဦးသော်ကောင်းကြီးကို စောင့်ကြည့်ထားစမ်းပါ။ သူတို့ အိမ်နီးချင်းတွေရဲ့ အခြေအနေကိုလည်း ကြည့်ထား။ ပြေးမယ့်ဟန် မြင်ရင် ဖမ်းသာထားလိုက်ကွာ"
"အဲဒီလူကြီးက တရားခံလား၊ သူလုပ်တာလား"
"ငါထင်တာကို ပြောတာ၊ သူမဟုတ်ရင် အဲဒီနားတစ်ဝိုက်က ဖြစ်နိုင်တယ်။ ကိုရင်ဖိုးမှန်က ဦးသော်ကောင်းရဲ့ အရက်သောက်ဖက် ကြက်တိုက်ဖက် အသိတွေကို စောင့်ကြည့်ပေးပါ။ ကိုရင့် သူငယ်ချင်းတွေကိုလည်း အကူအညီ တောင်းလို့ရရင် တောင်းပြီး ရွာကို ဝိုင်းစောင့်ကြပါ။ တစ်ယောက်ယောက် ထွက်ပြေးလွတ်မြောက်သွားရင် ပြန်ဖမ်းရ ခက်နေမယ်။ ငါတို့မှာ ဒီနေ့ တစ်ရက်ပဲ ရှိတယ်"
လက်ျာဘီလူးက ဇွတ် တိုက်တွန်းနေသဖြင့် သူတို့ ထသွားရသည်။ ငမြတ်ကျော်ကလည်း
"ကျုပ်ရော ဘာလုပ်ပေးရဦးမလဲ"
"ကိုမြတ်ကျော်တော့ မလိုလောက်ပါဘူး။ တခြားရွာက ဝင်ပါသင့်တဲ့ အမှုအခင်းမျိုး မဟုတ်တော့ဘူး။ ကျွန်တော်နဲ့အတူ ဟိုလူငယ် ပြန်အလာကို စောင့်ကြတာပေါ့"
လွှတ်လိုက်သည့် လူငယ်က နံနက်စောစော ရောက်မလာဘဲ နေမြင့်မှ ပေါ်လာတော့သည်။ လက်ျာဘီလူးပင် ဖင်တကြွကြွ ဖြစ်ရလောက်အောင် စိတ်လှုပ်ရှားနေသလောက် သူကတော့ အေးအေးဆေးဆေး လာနေ၏ ။
"ဟိုက ကောက်ညှင်းပေါင်း စားသွားပါဦး ဆိုတာနဲ့ စောင့်နေရတာဗျာ.. ဟဲဟဲ"
လက်ျာဘီလူးက သူ့စကားကို စိတ်မဝင်စား၊ ဖြတ်မေး၏ ။
"သူတို့မိသားစုအကြောင်း သိခဲ့ရလား။ ဦးသော်ကောင်းအကြောင်းရော"
"ဦးကြီးသော်ကောင်းက အသောက်အစား လောင်းကစား နည်းနည်းပါးပါး ရှိတာကလွဲလို့ လူကောင်းပါတဲ့။ ပုံမှန်ပါပဲ တဲ့။ သူတို့ မိသားစုလည်း ရိုးရိုးသားသားပါပဲတဲ့။ ပြဿနာဖြစ်ပြီး ပြောင်းသွားတာ မဟုတ်ဘူးတဲ့။ စျေးရောင်းရအောင် ပြောင်းတာတဲ့"
"ဒါဖြင့် သူတို့ ပတ်သက်မှုရော"
"ဦးကြီးက ဒေါ်တုတ်ရဲ့ နောက်ယောက်ျား တဲ့။ သူ့လင် ဆုံးပြီး ၅ နှစ်လောက်ကြာမှ ရတာဆိုပဲ။ မပိုး ၁၀ နှစ် သမီးလောက်.."
လက်ျာဘီလူး အိမ်ပေါ်မှ ခုန်ချသွားသည်။
မြင်းကို သွားဆွဲရင်း လူငယ်ကို 'မင်း နောက်မှ လိုက်ခဲ့ပေတော့' ဟု လှမ်းပြော၏ ။ ငမြတ်ကျော်ကိုလည်း
"ဦးသော်ကောင်းပဲ ကိုမြတ်ကျော်ရေ"
ဟု အသိပေးလိုက်လေသည်။ ငမြတ်ကျော်က
"ကျုပ်လိုက်ရဦးမလား"
"နောက်မှ သင်္ချိုင်းကို လာချင်လာခဲ့ ကိုမြတ်ကျော်"
လက်ျာဘီလူးက အော်၍ မြင်းကို ဒုန်းစီးသွားလေသည်။ ကလူကလဲမှ လူငယ်မှာ မြတ်ကျော်နှင့် စကားအနည်းငယ် ပြောဆိုကြ၍ ခဏအကြာ ပြန်လိုက်ဦးမည် ဆိုကာ ပြန်သွားသည်။ သို့သော် အတော်ကြာတော့ မထင်မှတ်ဘဲ ပြန်ရောက်လာ၏ ။ သူသည် အူယားဖားယား ပြေးလာပြီး
"ရွာမှာတော့ လက်ျာဘီလူးနဲ့ ရွာသားတွေ အချင်းများကုန်ကြပြီ ဆရာရေ၊ တုတ်တွေ ဓားတွေနဲ့ ချကုန်တာ အတော်ကြမ်းနေပြီ"
ဟု သတင်းပေးလေတော့သည်။
မှန်ပါသည်။ ညက မိဆိုင်အား အပမှီသည့်သတင်းသည် သင်္ချိုင်းမှ မြေပုံ ပြန်ဖော်ထားသည့် အကြောင်းနှင့်အတူ ရှေ့ဆင့်နောက်ဆင့် ရွာသို့ ရောက်သွားခဲ့လေပြီ။ ထိုအခါ ရွာသားများ အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်၏ ။ အချို့က သူကြီး သွားတိုင်ပြီး အချို့က သင်္ချိုင်းသို့ လူစု၍ ချီတက်သွားကြသည်။ ထိုအချိန်တွင် လက်ျာဘီလူးက ရွာသို့ ဝင်လာခြင်း ဖြစ်သည်။
ရွာသားများက သူ့အား အဝင်မခံ။ မုန်းတီးစွာ ပြောဆို ဝိုင်းပိတ်ထားကြ၏ ။ သူပြောမည်ကိုလည်း နားမထောင်၊ သို့စဥ်အတွင်း လူအုပ်ထဲမှ ဦးဆောင်သူ နှစ်ဦးမှာ ဦးသော်ကောင်းနှင့် ပါလာသည့် သောက်ဖော်များဖြစ်ကြောင်း လက်ျာဘီလူး မှတ်မိလိုက်၏ ။ သူတို့ကတော့ ယခုအခါ တဘက်ခေါင်းပေါင်း မပါတော့သည့် လက်ျာဘီလူးအား သိချင်မှ သိပေမည်။
ထိုနှစ်ယောက်နှင့် သက်တူရွယ်တူ အသောက်သမားများ လေးငါးယောက်ခန့်၌ တုတ်ဓားများပါကြောင်း၊ ငယ်ရွယ်သူ လေးငါးဦးလည်း လက်နက်များ ကိုင်ဆောင်ထားလျက် သူ့အား ဆန့်ကျင်နေကြောင်း စေ့ငုပြီးသည်နှင့် လက်ျာဘီလူးက မြင်းပေါ်မှ ဆင်းလိုက်၏ ။
"ခင်ဗျားတို့ ခွင့်မပြုလည်း ရွာထဲကို ကျွန်တော် ဝင်ရလိမ့်မယ်။ ခင်ဗျားတို့ရွာ အတွက်သာ လုပ်နေတာ မဟုတ်ဘူး၊ သေဆုံးသူ မပိုးအတွက်ပါ တရားမျှတမှု ရအောင် ဆောင်ရွက်ပေးနေတာ"
"တားမရရင်လည်း ချကွာ"
​သူက လူအုပ်ထဲ တိုးဝင်လိုက်လျင် လူတစ်ဦးသည် တုတ်တိုတစ်ချောင်းဖြင့် စတင် ပြေးရိုက်လာသည်။ သူက အားမပြင်းလှသော တုတ်ကို ဖမ်းလိုက်ပြီး ထိုသူ၏ ရင်ဝကို ကန်ကျောက်လွှတ်လိုက်ရာ လူမှာ လွင့်သွားပြီး တုတ်သည်လည်း သူ့ထံ ကျန်ရစ်၏ ။
နောက်တစ်ဦးကလည်း လှံတံဖြင့် လှမ်းပစ်သည်။ သူ လှံကို ဖမ်းလျင် ရသော်လည်း ကိုယ်လွတ်ရုံ တိမ်းပေးလိုက်ပြီး ဓားနှင့် ပြေးဝင်ခုတ်သူ တစ်ဦးကိုမူ ဘေးဘက်သို့ စွေ့ခနဲ ခုန်ရှောင်ကာ တုတ်ဖြင့် ပြန်ရိုက်လိုက်၏ ။
နောက်ဘက်သို့ ပတ်သွားသူ တစ်ဦးက အလစ်တွင် လှံနှင့် ပြေးထိုးသည်။ လက်ျာဘီလူးက လူကိုလှည့်ကာ တုတ်ဖြင့် ရိုက်ဖယ်ပြီး ရှေ့မှ ခက်ရင်းခွနှင့် ထိုးလာသည်ကိုလည်း ခက်ရင်းဖျားပေါ် ခုန်တက်သွားလျက် ရှေ့နောက် ခြေခွင်နှစ်ဖက်အား အသုံးပြု၍ ခက်ရင်းကို ညှပ်ရင်း လူကို မိုးရိုက်ချလိုက်၏ ။
ထိုသို့ နန်းတွင်းဓားရေးအချို့ကို ထုတ်ပြသော်လည်း ရွာသားများမှာ နားမလည်ဘဲ ဝင်ရောက်သတ်ပုတ်ရန်သာ အားထုတ်နေကြသဖြင့် သူက ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့၊ လှစ်ခနဲ လှစ်ခနဲသာ ရှေ့သို့ ရှောင်တိမ်း တိုးဝင်သွားလိုက်သည်။ လက်နက်ကိုင်များမှာ သူ၏ အလျင်ကို ထိအောင် မတိုက်ခိုက်နိုင်၊ ဓားတစ်ကမ်း လှံတစ်ကမ်းစာ ကျန်ရစ်ခဲ့သည်ချည်း ဖြစ်၏ ။
လက်ျာဘီလူးက တိမ်ပျံကို ခေါ်လိုက်ပြီး ဖိုးမှန် ပြောဖူးသည့် ဦးသော်ကောင်းအိမ်ဘက် နှင်လာလေသည်။ အနောက်မှ လူတရုံးရုံးလည်း ပြေးလွှားလိုက်ပါလာကြ၏ ။ ဦးသော်ကောင်း အိမ်ဝတွင် ရပ်နေသော ငကံက ဓားလွတ်ကိုင်ကာ ပြေးလာရာ
"ဘယ်လိုလဲဟေ့ ငကံ"
"သူ့ပုံစံ အစိုးမရတာနဲ့ ဖမ်းဆီးထားလိုက်တယ် တပ်မှူး"
"တော်ပါသေးရဲ့။ လွတ်သွားမှာ စိုးရိမ်နေတာ"
သူလည်း မြင်းပေါ်မှ ပြေးဆင်းပြီး အိမ်တွင်း ပြေးဝင်သွားလျင် ဦးသော်ကောင်းကို ကြိုးများ တုပ်လျက်သား တွေ့ရ၏ ။ သူက တရားခံကို ဆွဲထုတ်လာပြီး ဝိုင်းလာသည့် ရွာသားများအား
"ကဲ.. ခင်ဗျားတို့ရွာ တောဝင်ရတဲ့ အကြောင်းရင်း သိချင်ရင် သုသာန်ကိုသာ လိုက်ခဲ့ကြပေတော့။ အဲဒီမှာ မပိုးအကောင်ရှေ့ အားလုံး ရှင်းမယ်"
ဦးသော်ကောင်းမှာ အကြီးအကျယ် ထိတ်လန့်ပြီး ဖြူဆုတ်နေပြီ။ လက်ျာဘီလူးက မြင်းနောက်မှ ဆွဲခေါ်သွားပြီး သင်္ချိုင်းထဲမှ စောင့်ကြိုနေသူများကို ဂရုမစိုက်ဘဲ မြေပုံရှေ့သို့သာ ဦးတည် သွားလေသည်။ ညက မိုးရွာထားသဖြင့် မြေများ စိုစွတ်နေသေးသော်လည်း ကျင်းထဲ၌ ရေရှိမနေ။ မပိုးအား လွှမ်းထားသည့် စောင်မှာမူ မြေစများ ဖုံးလျက် စွတ်စိုပေကျံနေ၏ ။
"ကဲ.. မပိုးရေ၊ ခင်ဗျားကို သတ်ခဲ့တဲ့ ပထွေး ဦးသော်ကောင်းကိုတော့ ခင်ဗျားရှေ့အရောက် ခေါ်လာခဲ့ပါပြီ။ ခင်ဗျား ကျေနပ်အောင် လုပ်ပေးပါ့မယ်"
လက်ျာဘီလူး စကားကြောင့် လူများ လှုပ်လှုပ်ရွရွ ဖြစ်ကုန်၏ ။ သူသည် ဦးသော်ကောင်း၏ ကြိုးကို ဆောင့်ဆွဲလိုက်ပြီး
"ခင်ဗျား မပိုးကို ဘာ့ကြောင့် သတ်ခဲ့တာလဲ"
"ငါ မသတ်ဘူး"
"ခင်ဗျား ညာလို့ မရတော့ဘူး၊ ညက မပိုးကိုယ်တိုင် ပြောပြပြီးသွားပြီ"
"မင်း လျှောက်မပြောနဲ့၊ ဘာသက်သေပြနိုင်လဲ"
"ဟားဟား၊ သက်သေတွေမှ အများကြီး"
သင်္ချိုင်းထဲမှ လူအုပ်တွင် သူကြီးပါ ရှိနေသဖြင့် လက်ျာဘီလူးက ခေါ်လိုက်ပြီး အနားကပ်ကာ တိုးတိုး ပြော၏ ။ သူကြီးက ကျင်းဝရှိ အုံနေကြသော လူအုပ်ကို ဖယ်ရှားခိုင်းပြီးနောက် မိန်းမကြီး တစ်ယောက်နှင့်အတူ မြေကျင်းထဲ ဆင်းသွားသည်။
"ဟုတ်တယ်၊ သူပြောတာ အမှန်ပဲ"
"လွန်ခဲ့တဲ့ တစ်လကျော် မပိုးသေဆုံးတဲ့ နေ့က သူ့အမေ ဒေါ်တုတ်ဟာ ထုံးစံအတိုင်း နံနက်ဘက် စျေးရောင်းထွက်သွားတယ်။ မပိုးက ချက်ပြုတ်ပြီး အရှေ့ကျောင်းကို ဆွမ်းတော်အုပ် သွားပို့သတဲ့။ အလုပ်မရှိတဲ့ လူယုတ်မာကြီး ဦးသော်ကောင်းကတော့ နေမတက်မီကတည်းက အဖော်တွေနဲ့ ကြက်တိုက်သွားနေတယ် ဆိုတယ်"
"ဟုတ်တာပဲ၊ ငါ ကြက်ဝိုင်းရောက်နေတာ အားလုံးသိတယ်။ သူ့အလောင်းကို သူ့အမိ အရင်မြင်တာပဲ"
ဦးသော်ကောင်းက မြေကျင်းကို လက်ညှိုးထိုးလျက် ဆိုနေရာ လက်ျာဘီလူးက ခနဲ့ပြုံး ပြုံးလျက် လက်ကာပြသည်။
"ကြက်ဝိုင်းမှာ နိုင်တော့ ဘုံဆိုင်ဝင်ကြတယ်။ ဘုံဆိုင်က အပြန်မှာ လူစုခွဲလိုက်ကြတာ ဆွမ်းခံပြန်ချိန်လောက် တဲ့။ ခင်ဗျား အရက်တိုက်ခဲ့တဲ့ တစ်ယောက်က ထွက်ပြီးပြီ။ ခင်ဗျား အိမ်တန်းပြန်သွားသတဲ့။ ဟေ့ ကိုရင်ဖိုးမှန်၊ မင်းနဲ့ မပိုး တွေ့တာရော ဘယ်အချိန်လဲ"
သုသာန်မြေသို့ ယခုမှ ဝင်လာသော ဖိုးမှန်ကို လှမ်းမေးရာ
"နေထန်းတစ်ဖျား.. အဲ၊ ဆွမ်းခံပြန်ချိန်လောက်ပဲဗျ"
"ကိုင်း၊ ခင်ဗျား အိမ်မှာ လူမရှိတုန်း ကြောက်တတ်တဲ့ မယားပါသမီးကို မူးမူးနဲ့ ကျင့်ကြံခဲ့တာကို သူကြီးတို့လည်း သက်သေ ရပြီးပြီ။ ခင်ဗျား လည်ပင်းညှစ်ထားတုန်း မေ့မျောသွားတဲ့ မပိုးကို သေပြီအထင်နဲ့ ထုပ်မှာ ဆွဲခဲ့တာ မဟုတ်လား"
"မင်း အရမ်း မစွပ်စွဲနဲ့ကွ၊ ငါသတ်တာလို့ ဘာသက်သေမှ မပြနိုင်ဘဲနဲ့၊ သူ့ကောင် ဖိုးမှန်လည်း အိမ်လိုက်လာပြီး ကျူးလွန်တာ ဖြစ်နိုင်တာပဲ"
"ဖိုးမှန် မဟုတ်ကြောင်း အရှေ့​ကျောင်း ကပ္ပိယကြီးကို သွားမေးရင် သိပါလိမ့်မယ်။ အဲဒီနေ့က မပိုး ပြန်သွားသွားချင်း ဖိုးမှန် ရောက်လာပြီး သူ့ရည်းစားသူအကြောင်းတောင် မေးနေ ပြောနေကြသေးသတဲ့။ မပိုးသေပြီ ကြားမှ ကျောင်းထဲက ပြေးသွားကြောင်းလည်း ဖိုးမှန်ပြောလို့ သိရပြီးပြီ။ အဲဒီအချိန် ရှိနေတဲ့သူတွေ မေးရင် သိမှာပဲ။ ဒါ့ကြောင့် ခင်ဗျား လက်ချက်ပဲ ဆိုတာ သေချာနေပြီ"
ရွာသားများမှာ ကြွက်စီစီနှင့် အနီးသို့ ဝိုင်းလာကြပြီး သူကြီးကို မေးနေကြသည်။
"သူကြီး ဘယ်လိုလဲ၊ သူပြောတာ အမှန်ပဲလား"
"ငါလည်း အတပ်မပြောနိုင်ဘူး၊ ဖြစ်နိုင်တာတော့ မှန်တယ်။ အလောင်းမှာလည်း ကျူးလွန်ထားကြောင်း သဲလွန်စ တွေ့တယ်"
"ဒါပေမယ့် သူက အထင်နဲ့ ရမ်းပြောနေတာရော မဖြစ်နိုင်ဘူးလား"
လူအုပ်ထဲ လက်ျာဘီလူး ဝင်လာပြီး
"ဟုတ်တယ်၊ ကျွန်တော် အထင်နဲ့ ရမ်းနေတာပါပဲ။ အတိအကျ သိချင်ရင် ဒီလူအုပ်ထဲက လူတစ်ယောက်ဆီ မပိုးကို ဝင်ပူးပြီး ပြောခိုင်းလိုက်ရမလား"
လူအုပ်မှာ ငြိမ်ကျသွားသည်။
"ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က တစ်ခုခု သိထားရင် ထုတ်ပြောဦးမလား၊ ဒါမှမဟုတ် ခင်ဗျားတို့ရွာကို မပိုးက ရွာလုံးကျွတ် ပြုတ်အောင် လက်စားချေတာ ထိုင်စောင့်နေကြမလား"
"ငါတို့ကို ဘာလို့ လက်စားချေရမှာလဲ"
"ခင်ဗျားတို့ထဲက၊ အထူးသဖြင့် ဦးသော်ကောင်းရဲ့ မိတ်ဆွေတွေက သိထားတာ ရှိလျက်နဲ့ ဝိုင်းဝန်း ဖုံးဖိပေး၊ ကာပေးထားကြလို့ ဖြစ်မှာပေါ့"
လူအုပ်ကြီး ငြိမ်သွားကြပြန်သည်။ ခဏအကြာ လူတစ်ဦးက
"မပိုးသေတာ ကိုသော်ကောင်းကြောင့် အမှန်ပါပဲ"
"ဟေ့ကောင်.. မင်း ဘာတွေ ပြောနေတာလဲ"
ဦးသော်ကောင်းက လှမ်းကြိမ်းရာ
"ခင်ဗျား လုပ်ခဲ့တာကြောင့် မဆိုင်တဲ့ ကျုပ်သားလေး ရုတ်တရက် အပြင်းဖျားပြီး ဆုံးခဲ့ရပြီးပြီဗျ။ ကျုပ် မပြောဘဲ နေပေမယ့် ကျေနပ်လှတယ်တော့ မဟုတ်ဘူး။ မပြောရင် မပိုးက ကျုပ်ကိုပါ ကလဲ့စား ချေတော့မှာ၊ အလိုတူ အလိုပါဆိုပြီး သတ်မှာပဲ"
"မင်း ယုံလား၊ ဒီကောင်မက သေပြီးပြီ၊ ဘာမှ မလုပ်နိုင်တော့ဘူးကွ"
လက်ျာဘီလူးက ခေါင်းညိတ်လျက်
"လုပ်နိုင် မလုပ်နိုင် ခင်ဗျား ဒီညတော့ သိရမှာပေါ့ ဦးသော်ကောင်းရယ်။ ကဲ.. ခင်ဗျား ပြောပါဦး၊ သူသတ်တာလို့ ဘယ်လိုသိလဲ"
"မပိုးသေပြီး တစ်ပတ်လောက်နေတော့ ရွာထဲမှာ လူ သုံးလေးယောက် သေပြီးပြီ၊ တစ်နေ့ ကိုသော်ကောင်းနဲ့ အရက်သောက်ရင်း 'ကောင်မတော့ လုပ်နေပြီကွ၊ ဒင်းစိတ် ကြီးပုံနဲ့ သူပဲ ဖြစ်ရမယ်' လို့ ကိုသော်ကောင်းကိုယ်တိုင် ပြောတယ်ဗျ။ ဘယ်ကောင်မလဲ ဆိုတော့ မိပိုးပေါ့ တဲ့။ ဒါပေမယ့် ဘယ်သူမှ မသိပါဘူး တဲ့။ ဘာတွေ ပြောနေတာလဲ ဆိုတော့ ဘာမှ မဟုတ်ဘူး၊ ထားလိုက်ပါလို့ ပြောတယ်။
အဲဒီကတည်းက မသင်္ကာဖြစ်နေတာ နောက် ၃ ရက်လောက်မှာ ကျုပ်သားလေး ဆုံးပါးသွားရတယ်။ သူကတော့ ငါစိတ်မကောင်းပါဘူး၊ ဒီလောက်ထိ ဖြစ်မယ် မထင်ခဲ့ဘူး လို့ ပြောတယ်ဗျာ။ သူပါပဲ။ နောက်ထပ်လည်း အဲဒါမျိုးတွေ မူးရင် ပြောတတ်တယ်"
"ဟုတ်ပြီ၊ တော်တော်များများတော့ ပြည့်စုံနေပါပြီ။
အခြား ပြောမယ့်သူ ရှိသေးလား"
လူများက အချင်းချင်း ကြည့်နေကြ၏ ။
"ပြောမယ့်သူ ရှိရင် ထွက်ခဲ့ပေးပါ၊ မကြောက်ပါနဲ့"
မည်သူမျှ ထွက်မလာ။
"ဦးသော်ကောင်းက မကြောက်ရတော့ပါဘူး။ တကယ် ကြောက်ရမှာက မိပိုးပဲ၊ သူ့အတွက် တရားမျှတမှု မရမချင်း လူတွေ ဆက်သေနေလိမ့်မယ်"
"တို့ကတော့ ဒီကိစ္စကြီး ပြတ်သွားပြီး မြန်မြန် အေးချမ်းစေချင်တာပါပဲ"
"သူကြီး သဘောကရော ဘယ်လိုလဲ"
"မောင်ရင်ပဲ ဆက်လုပ်ပါ၊ လုပ်လက်စနဲ့ ဆက်စီရင်လိုက်ပေါ့။ မောင်က ရွှေမြို့တော်က လာတဲ့ ဗိုလ်ပဲ။ ခုံရုံးပို့မလား"
"ကျွန်တော် တွေးမိတာတော့ ဒီတစ်ည မပိုး ကျေနပ်ရမယ်လို့ ကျွန်တော် ကတိပေးထားတယ်။ ဒါကို ဟောဒီက ကိုမြတ်ကျော် (သင်္ချိုင်းထဲ ရောက်နေပြီ ဖြစ်သော ငမြတ်ကျော်ကို ညွှန်ပြလျက်) သိတယ်။ ဒါ့ကြောင့် အပြစ်ရှိရှိ မရှိရှိ ဦးသော်ကောင်းကို ဒီတစ်ညတော့ မပိုးအကောင်ရှေ့ ချုပ်ထားခဲ့ရလိမ့်မယ်။ နောက်တစ်နေ့မှ သူကြီး ပို့ချင်တဲ့နေရာပို့"
"ကောင်းပါပြီ"
ငကံဦးစီး၍ လူငယ်များက မြေပုံရှေ့ တိုင်ထူကာ ဦးသော်ကောင်းအား ကားစင်တင်လိုက်ကြသည်။ ဦးသော်ကောင်းမှာ ကြောက်လန့်တကြား အော်ဟစ် ငြင်းဆန်နေဆဲ။ လက်ျာဘီလူးက အားပေးစကား ဆို၏ ။
"ခင်ဗျားပဲ သေသူက ဘာမှ မလုပ်နိုင်ဘူးလို့ ပြောတယ် မဟုတ်လား။ တကယ်လို့ ခင်ဗျားမှာ အပြစ်မရှိရင်၊ သူကလည်း ဘာမှ မလုပ်နိုင်ရင် ခင်ဗျားအသက်ကို ကျွန်တော် အာမခံတယ်ဗျာ။ မကြောက်ပါနဲ့၊ တစ်ညပါပဲ။ မနက်ကျ အားလုံး ပြေလည်သွားမှာပါ"
ထိုနေ့က ဦးသော်ကောင်း တစ်ယောက်တည်း ရွာပြင်သုသာန်တွင် ကျန်နေခဲ့ရ၏ ။ ဒေါ်တုတ်က ငိုယိုနေသော်လည်း ရွာသူရွာသားများ ပြန်ခေါ်သွားကြပြီး လက်ျာဘီလူးကိုလည်း သူကြီးကိုယ်တိုင် ဧည့်ခံချင်ပါသည်ဟု ဖိတ်ကြားလာသည်။ လက်ျာဘီလူးက ငြင်းလိုက်ပြီး
"ကျွန်တော် ရိုက်ခဲ့တဲ့ လူတွေကိုပဲ ဆေးဝါးကုသပေးလိုက်ပါ"
ဟု ဆိုသည်။ သူကတော့ မြစ်ခြေရှိ ငမြတ်ကျော် အိမ်သို့သာ ပြန်သွားရာ မိဆိုင်မှာ သူ့မြင်လျင်ပင် ကြောက်နေလေပြီ။ သို့သော် ထိုညက ဘာမှ မဖြစ်။ သူလည်း နှစ်ခြိုက်စွာ အိပ်မောကျသွား၏ ။ နံနက် လင်းအားကြီးတွင်
"ရှင့် ကြိုးစားမှုနဲ့ သူရသတ္တိ၊ ဉာဏ်ပညာကိုတော့ ကျွန်မ လေးစား အသိအမှတ်ပြုပါတယ်။ ရှင့်လိုလူ မတွေ့ဖူးသေးဘူး၊ ကျေးဇူးအများကြီး တင်ပါတယ်"
ဟု အနားနား ကပ်ပြောသံမျိုး ကြားလိုက်ရသဖြင့် မျက်လုံးဖွင့်ကြည့်ရာ မိဆိုင်သည် သူ့အနီးတွင် လက်ဖက်ရည်ကြမ်း ပန်းကန်များကို ချရင်း ပြုံးကြည့်နေသည်ကို တွေ့ရ၏ ။ သူက ခုန်ထလိုက်ပြီး
"မပိုးလား.. ခင်ဗျား မပိုးလား"
မိဆိုင်က ပြုံးရင်းမှ ခေါင်းညိတ်ရာ သူ ဓားကို ဆွဲပြီး အိမ်​ပေါ်မှ ပြေးဆင်းသွားသည်။ မိဆိုင်က လိုက်လာပြီး မြင်းဖြင့် ထွက်သွားတော့မည့် လက်ျာဘီလူးအား လှမ်းပြောလိုက်သေး၏ ။
"ကျွန်မ ကျေနပ်သွားပါပြီ"
လက်ျာဘီလူးလည်း ခပ်စူးစူး စိုက်ကြည့်ရင်း ခေါင်းညိတ်ပြကာ ကလူကလဲ သုသာန်ဆီသို့ ထွက်ခဲ့သည်။ သူသွားသည်နှင့် မိဆိုင် အရုပ်ကြိုးပြတ် လဲကျ ကျန်ခဲ့၏ ။ သုသာန်သို့ ရောက်သွားတော့ မိုးစင်စင် လင်းနေပြီး လူအချို့ ကြိုတင်ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။
"ဦးသော်ကောင်းကြီး ညက တစ်ညလုံး အော်နေလိုက်တာ"
"ခုတော့လည်း မအော်နိုင်တော့ပါဘူး"
"သူ့တရားသူ စီရင်သွားတာပဲ"
လူများကို ဖြတ်ကျော်ကာ မြေပုံရှေ့ ရောက်သော် ဦးသော်ကောင်းမှာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေလေပြီ။ မျက်လုံးများက ပြူးထွက်လျက်၊ လျှာမှာ ရှည်လျားစွာ တွဲလောင်းကျနေပြီး ခြေကိုကုပ်၍ လက်ချောင်းများ ကွေးကောက်နေ၏ ။ ဇက်လည်ကာ ပြောင်ပြနေသည်သို့။
မပိုး အလောင်းသည်လည်း မနေ့ကနှင့်မတူ မဲခြောက်ကပ်ကာ အသားအရေ မရှိတော့။ ဆံစအချို့ ကျွတ်လျက် ရှိပြီ။ သို့သော် ခြောက်ကပ်နေသည့် နှုတ်ခမ်းများမှာ ပြုံးနေသည်ဟု ထင်ရလေသည်။
လက်ျာဘီလူးသည် အကောင်နှစ်ခုအား မီးရှို့ သင်္ဂြိုဟ်ရန်နှင့် မပိုး၏ အရိုးအိုးကို မြေမြှပ်ရန်၊ ဦးသော်ကောင်း၏ အရိုးပြာများကိုတော့ ချောင်းတွင် မျှောလိုက်ရန် သေသေချာချာ မှာကြားခဲ့ကာ ငကံကို ခေါ်ရန် ထွက်သွားလေတော့သည်။
*ပြီးပါပြီ*

 

Written by သင်္ခရာဇာ

End date: June 11, 2021

တောဝင်ခြင်း (၅)

ညဥ့်နက်နက် သန်းခေါင်သန်းလွဲ ထအော်လိုက်သည့် အသံက သူတို့အိမ်မှ ဖြစ်နေသဖြင့် ငမြတ်ကျော် မျက်လုံးပြူးပြီး ပြေးသွား၏ ။ ငကံက ဘာဖြစ်မှန်း မသိ၍ ကြောင်နေပြီး ဖိုးမှန်က

"ဒါ မိပိုးအသံပဲ"
ဟု အံ့သြတကြီး ဆိုသည်။ လက်ျာဘီလူးကလည်း
"ပြီးတော့ အဲဒါ မိဆိုင်ကွ ငကံ၊ ငါတို့ ဟိုမှာ သူ့အမည် ပြောမိခဲ့ကြတာ မှတ်မိလား"
"ဟိုက်"
သူတို့လည်း ပြေးသွားကြသည်။ စောင်များ တူရွင်းများကို ပစ်ချထားခဲ့ကြပြီး လူအချို့ အုံနေရာသို့ တိုးဝှေ့သွားကြ၏ ။ မိဆိုင် သောင်းကျန်းနေခြင်း ဖြစ်ပြီး လူများက ချုပ်ထားကြသည်။ ငမြတ်ကျော်ကလည်း သူ့နှမကို ထိန်းရန် ကြိုးစားနေ၏ ။
"ဟိတ်.. ငါ့အိမ်တောင် ဝင်ပြီး သောင်းကျန်းရဲတယ်ပေါ့။ ပြောစမ်း.. နင် ဘယ်သူလဲ"
"အောင်မာ.. နင်ကရော ဘာကောင်လဲ"
မိဆိုင်က ကြမ်းတမ်းစွာ ပြန်ပြောပြီး လူများကို ရုန်း၍ ငမြတ်ကျော်ကို ဆောင့်တွန်းရန် ပြင်ရာ နောက်မှ တိုးဝင်လာသော လက်ျာဘီလူးကို မြင်ပြီး တန့်သွားသည်။
"ဘယ်လိုဖြစ်တာလဲ"
မိဆိုင် မျက်နှာလွှဲပြီး ငြိမ်သွားသည်။ သူတို့ အမေက ပြေနေသည့် ဆံထုံးကို ဘီးတွင် ရစ်ပတ်ရင်း
"နင်တို့က ညကြီးသန်းခေါင် ဘယ်သွားနေကြတာလဲ။ သူ တစ်ရေးနိုးတော့ မောင်ကြီးတွေလည်း မတွေ့ဘူး ဆိုပြီး ငါ့ကို နှိုးမေးနေသေးတာ။ ပြီးတော့ နောက်ဖေးသွားသလား မသိ၊ ခုလို အော်ဟစ်ငိိုယိုပြီး ပြေးတက်လာတာပဲ"
"ဒါ အပမှီနေပြီ အမေ၊ အမှောင့်ပယောဂ ပူးနေတာ။
ဟေ့.. ငါ ဆရာ ငမြတ်ကျော်ပဲ။ ငါမေးတာကို ကောင်းကောင်းဖြေပါ"
ငမြတ်ကျော်က စင်ပေါ်မှ ကြိုးနီရစ်ပတ်ထားသော ကြိမ်လုံးတစ်လုံးကို ယူလိုက်ရာ ရုတ်တရက် မိဆိုင်က ကြိမ်လုံးကို လုလျက် ချိုးပစ်လိုက်၏ ။
"ဂျွတ်"
"ဟာ.. ဒါ ဘာလုပ်တာလဲ ဟင်"
ရုတ်တရက် ကြမ်းမည် ထင်သဖြင့် လက်ျာဘီလူးက အိမ်မှ ဓားကို ဆွဲထုတ်ရန် ပြင်သည်။ သို့သော် တစ်ဝက်၌ပင်
"အဲဒီဓားကြီးကို မထုတ်ပါနဲ့"
မိဆိုင်က စကားဆိုလာသည်။ ငမြတ်ကျော်က ထုတ်လိုက်.. ထုတ်လိုက် ဟု အမြန်ပြော၏ ။ လက်ျာဘီလူးလည်း ဆွဲထုတ်လိုက်လေသည်။
"အမလေး.. ပြန်ထည့်လိုက်ပါရှင်"
"ဒါဆို ငါမေးတာ ဖြေရမယ်"
"ဓားကို အရင် ပြန်ထည့်ပေးပါ"
"ငါမေးတာ ဖြေမှာလား ပြော"
မိဆိုင်က ငမြတ်ကျော်ကို စိမ်းစိမ်းကြည့်၏ ။ ထို့နောက် ဘယ်သူ့မှ မကြည့်တော့ဘဲ ခေါင်းညိတ်ပြသည်။
"နင် ဘယ်သူလဲ၊ ဒီဓားက ဘာဖြစ်နေလို့လဲ"
"ကျွန်မ မိပိုးပဲ"
"အိုး"
"အဲဒီဓားကြီးက ကြောက်စရာကောင်းတဲ့ အစီအရင်တွေနဲ့ လုပ်ထားတာ။ ကျွန်မကြောင့် သေခဲ့တဲ့ လူတွေထက် ဆယ်ဆမကတဲ့ သွေးတွေ အဲဒီဓားထဲမှာ ဝင်နေတယ်။ ပြီးတော့..."
"ဆက်ပြော.. ပြီးတော့ ဘာဖြစ်လဲ"
"သူတို့က အကြီးကြီးတွေ"
"ကောင်းပြီ၊ မိပိုး.. မင်း ဘာကြောင့် ငါ့နှမကို ဝင်ပူးတာလဲ"
"ရှင်တို့ ဘာလုပ်ခဲ့လဲ ရှင်တို့သိမှာပေါ့"
"တို့က မင်းကို ကူညီဖို့ လုပ်တာ"
"မလိုပါဘူး၊ ကျွန်မ ဘယ်သူ့အကူအညီမှ မယူတော့ဘူး။ ကိုယ့်ဘာသာပဲ လုပ်မယ်"
"မင်း ဒီလို ဆက်လုပ်နေလို့ မရဘူး။ ဘာဖြစ်ခဲ့သလဲ ကျုပ်တို့ကိုပြော။ ကျုပ်တို့ ရှင်းပေးမယ်"
"မပြောနိုင်ဘူး။ ကျွန်မကိစ္စ ဝင်မပါကြပါနဲ့"
"ဘာဖြစ်လို့လဲ"
"........."
"ပြောလေ"
မိဆိုင် ပြန်မဖြေတော့ပေ။ မျက်နှာလွှဲလျက် တစ်ဘက်လှည့်နေသည်။ လက်ျာဘီလူးက ဓားကို ပြန်သိမ်းလိုက်ပြီး မိဆိုင် မျက်နှာမူရာဘက်သို့ သွားရာ တစ်ဘက်သို့ လှည့်သွားပြန်သည်။ နှုတ်မှလည်း တီးတိုးရေရွတ်လိုက်သံကို သူ ကြားဖြစ်အောင် ကြားလိုက်ရသည်။
"ရှင်တို့တွေ မကောင်းဘူး"
လက်ျာဘီလူးက ခေါ်လိုက်၏ ။
"ဒီမှာ.. မပိုး"
လှည့်မလာ။
"ကျွန်တော်က တာဝန်အရပါ"
တစ်ဘက်လှည့်နေရင်း အသံထွက်လာ၏
"သိတယ်"
"ကျွန်တော်ပြောတာ နားထောင်ပါ"
တုံ့ပြန်မှု မရှိ။
"ကျွန်တော် ခင်ဗျားကို ကူညီပေးမယ်"
"ဟွန့်"
"ခင်ဗျား လုပ်ချင်သလို ဖြစ်စေရမယ်"
ဖြောင့်စင်းစွာ ကျနေသော ဆံစများ ဆတ်ခနဲ ခါသွားသည်။
"ကျွန်တော်ပြောတာ သဘောပေါက်ရဲ့လား"
"ရှင်က ဘာလုပ်ပေးမှာလဲ"
"ခင်ဗျား ဖြစ်စေချင်တာ"
"ကျွန်မ ဘာဖြစ်ချင်တယ်ဆိုတာ ရှင် မသိပါဘူး"
လက်ျာဘီလူး ပြုံးသွားသည်။ လူအများကတော့ တစ်ဖက်လှည့်လျက် ခေါင်းငုံ့နေသော ပယောဂပူးကပ်နေသည့် မိန်းကလေးနှင့် ခန္ဓာကိုယ်မှ အငွေ့အချို့ ထွက်နေလျက်က ကြည်ကြည်လင်လင် စကားပြောနေသော လုလင်ကို ငေးကြည့်နေကြသည်။
"ကျွန်တော် ဝန်ခံပါတယ်။ ခင်ဗျား ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ် ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ခင်ဗျား အခု လုပ်နေတာတွေကလည်း ခင်ဗျား ခံခဲ့ရသလိုပဲ နည်းမှန်လမ်းမှန်မဟုတ်၊ တရားနည်းလမ်းမကျဘဲ မတရားဘူး ဆိုတာ သိတယ်။ နောက်ပြီး.."
"မနက်ဖြန်မှာ ခင်ဗျား စိတ်ကျေနပ်နိုင်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ကျွန်တော့်ကို ကတိတစ်ခုတော့ ပေးရမယ်။ အပြစ်မရှိတဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးရဘူး"
အတန်ကြာ တိတ်ဆိတ်နေ၏ ။
"သူက ကုန်းဘောင်တပ်မှူး လက်ျာဘီလူး၊ နင့်ကို ကျေနပ်အောင် လုပ်ပေးမယ် ပြောနေတယ်။ ပြန်ပြောလိုက်လေ"
ငမြတ်ကျော်ကိုတော့ မော့ကြည့်၏ ။
"ကျွန်မကျေနပ်အောင် သူက ဘာလုပ်ပေးနိုင်မှာ မို့လို့လဲ"
လက်ျာဘီလူး ပြုံးယောင်ပြုလျက် မိဆိုင်၏ မျက်နှာချင်းဆိုင်သို့ လျှောက်သွားပြန်ရာ မိဆိုင်က ချက်ချင်း တစ်ဘက် လွှဲပစ်လိုက်သည်။ ငကံနှင့် မျက်လုံးချင်း ဆုံမိ၏ ။ မိဆိုင်၏ အဖြူရောင် သန်းနေသော မျက်ဆံများကို မြင်၍ ငကံ ထိတ်လန့်သွားစဥ် မိဆိုင်က ငကံအား လက်ညှိုးထိုးလျက်
"ရှင်က တဏှာကျွန်ပဲ"
ဟု စွပ်စွဲချလိုက်သဖြင့် ငကံ ရှက်သွားသည်။ ဘာမှတော့ မလုပ်။ အပြင်တွင် မိုးပေါက်များ ကျလာသံ ကြားရ၏ ။
"ကဲ.. ဒီက လူတွေလည်း ပြန်ရဦးမယ်။ မပိုး.. ငါ့နှမ ကိုယ်က ထွက်ပါ။ ငါဆရာ အမိန့်ပေးနေတယ်။ မဆိုင်သူတွေကို ဒုက္ခ မပေးနဲ့။ ငါ့.."
မိဆိုင်က ဝုန်းခနဲ ထ၍ ငမြတ်ကျော်ကို လည်ပင်းညှစ်ရန် ကြိုးစားသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည် ။ လက်ျာဘီလူးက ဘေးမှ ဖမ်းဆွဲထားနိုင်၍သာ တော်သေးသည်။ သို့သော် ရုန်းကန်ရင်း
"ဟဲ့.. ကောင်၊ ငါ့ကို အမိန့်လာမပေးနဲ့။ သေသွားမယ်"
လက်ျာဘီလူးက ကြိုးစား၍ မိဆိုင်လက်နှစ်ဘက်ကို ဖိချလိုက်ပြီး ရှေ့ဝင်ရပ် ကာပေးလိုက်မှ ခက်ထန်သော မျက်နှာဖြင့် ခေါင်းငုံ့ ထိုင်သွားသည်။
လက်ျာဘီလူးလည်း စောင်တစ်ထည့်ဖြင့် သူ့ကိုယ်ကို လုံအောင် ပတ်လိုက်ပြီး မိဆိုင်ရှေ့ ဝင်ထိုင်လိုက်ကာ စေ့စေ့ကြည့်နေသည်။ မိဆိုင်က ပြန်မော့လာပြီး သူကြည့်သလို အတန်ကြာသည်အထိ ပြန်ကြည့်နေ၏ ။ လက်ျာဘီလူးက ပြုံးပြလိုက်သဖြင့် မိဆိုင်က ဝါးလုံးကွဲ ရယ်ချလိုက်သည်။
"တပ်မှူးတဲ့၊ ရုပ်ကိုက ပြီတီတီနဲ့"
လက်ျာဘီလူးကတော့ ခပ်ပြုံးပြုံး။ မိဆိုင်လည်း မျက်စောင်းထိုးရင်း ပြုံးလာသည်ကို ဘေးမှ ဖိုးမှန်က ကြည့်ရင်း သူ့ရည်းစား မယ်ပိုး ​ပြုတတ်သည့် အမူအကျင့်များကို သတိရနေလေ၏ ။
"ကောင်းပြီ၊ သည်နေ့ တစ်နေကုန် ကျွန်မ ဘာမှ မလုပ်ဘဲ အေးအေးဆေးဆေး စောင့်မယ်။ ရှင် ကတိတည်ပါ။ ကိုဖိုးမှန်.."
ဖိုးမှန် တုန်သွားသည်။
"ရှင်နဲ့ ကျွန်မ ဘဝခြားခဲ့ပြီ။ ကျွန်မကို ခွင့်မလွှတ်ပါနဲ့။ မေ့လိုက်ပါတော့။ ကျွန်မအတွက်လည်း ဘာမှ မလုပ်ပါနဲ့တော့"
ဖိုးမှန် မျက်ရည်ကျ၏ ။ လူက မလှုပ်သော်လည်း မျက်ခမ်းများက တလှုပ်လှုပ်။ မိဆိုင်က လက်ျာဘီလူးဘက် ပြန်လှည့်သွားပြီး
"နောက်ပြီး.."
"ဟုတ်ကဲ့.. ပြောပါ"
"ရှင့်ကို ကျွန်မ ခွင့်လွှတ်ပါတယ်"
လက်ျာဘီလူး မျက်နှာ နီရဲသွား၏ ။ မိဆိုင်ကတော့ ခွေခွေလေး လဲနေပြီ။ သူသည် နေရာမှ ထလာခဲ့ကာ နံနက်တွင် ဖြစ်လာနိုင်သည်တို့ကို ကြိုတင် တွေးတော ကြံစည်နေမိလေသည်။


Written by သင်္ခရာဇာ

End date: June 11, 2021

တောဝင်ခြင်း (၄)

"ဟာ"

သူတို့ ၄ ဦးလုံးထံမှ သံပြိုင် ထွက်လောက်အောင်ပင် စောင်ထုပ်မှာ အနည်းငယ်ပွင့်ဟနေပြီး အထဲမှ အကောင်းအတိုင်း မပျက်စီးသေးသော မိန်းမပျိုတစ်ဦး၏ အလောင်းကို တွေ့လိုက်ကြရသည်။
"မဖြစ်နိုင်ဘူးနော်"
"အေး.. ဟုတ်ပ"
"သေချာကြည့်စမ်းဟ"
မိန်းမပျိုမှာ ဆုံးပါးစဥ်က မြေချထားသည့် ပုံစံအတိုင်း မဟုတ်ဘဲ လက်တစ်ဖက်က လက်သီးကို ဆုပ်လျက်၊ တစ်ဖက်သည် စောင်ကို ဆွဲကိုင်ထားကြောင်း တွေ့ရသည်။ ခြေများကလည်း ဆန့်ဆန့်ရန့်ရန့် မနေ၊ ခပ်ကွေးကွေး အနေအထား။
"ဒါ အရှင်လတ်လတ် အမြှုပ်ခံလိုက်ရတာ မဟုတ်ဘူးလား"
"သူ့ကို မြေချတော့ ကျုပ်ရှိတယ်ဗျ။ နောက်ဆုံးအချိန်ထိ သူ့မျက်နှာလေးကို ကြည့်နေခဲ့တာ။ အဲဒီတုန်းက ဒီလို မျက်မှောင်ကျုံ့ထားတာ မဟုတ်ဘူး"
လက်ျာဘီလူးက တွေးတွေးဆဆဖြင့်
"ကြည့်ရတာ အဲဒီနေ့က မေ့မျောနေပြီး မြေမြှုပ်ခံရပြီးမှ သတိလည်လာပုံ ရတယ်။ အတင်းရုန်းပြီး ထွက်ဖို့ ကြိုးစားခဲ့ပုံမျိုး စောင်တွေ ဖျာတွေ ပြေနေတာပဲ။
သူ ကြိုးဆွဲချ သေခဲ့တာ ပိုပြီး မဖြစ်နိုင်တော့ဘူး။ လည်ကို ကြိုးနဲ့ ချည်ပြီး တန်းလန်းဆွဲရင် မေ့မျောရုံလောက် မဖြစ်နိုင်ဘူး ထင်တယ်။ တစ်ယောက်ယောက်က သတ်ခဲ့ပြီးမှ သတ်သေသလိုပုံ ပေါ်အောင် လုပ်ခဲ့တာ ဖြစ်နိုင်တယ်"
"ဒါပေမယ့် ဘာ့ကြောင့် ခုထိ မပုပ်သိုးသေးတာလဲ"
ငကံအမေးကို ငမြတ်ကျော်က
"မင်းတို့ကို အခုမှ ပြောရတော့မယ်။ ကိုရင်ငစံ ပြောတာ ဖြစ်နိုင်တယ်။ သူ အသတ်ခံရတဲ့အတွက်၊ ပြီးတော့ အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရတဲ့အတွက် နောက်ဆုံးအချိန်မှာ မကျေနပ်ချက်တွေ သိပ်များခဲ့လို့ မင်းတို့ရွာ ကျိန်စာသင့်သလို တောဝင်သလို ဖြစ်နေတာပဲ။ အဲဒါမျိုး မကျေနပ်နိုင်တဲ့သူရဲ့ အကောင်ဟာ မပျက်မစီး ဒီအတိုင်း ရှိနေတတ်ပြီး ကျိန်စာတိုက် ကလဲ့စားချေတာမျိုး လုပ်တတ်တယ်လို့ ကျမ်းတစ်ဆူမှာ ငါ လေ့လာဖူးတယ်"
"ဒါဆို.. သူ၊ သူက မကျေနပ်နိုင်သေးဘဲ လူတွေ လိုက်သတ်နေတာပေါ့နော်။ ဖြစ်ရလေ မိပိုးရယ်"
မပိုး၏ အကောင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည့် ဖိုးမှန်၏ မျက်ရည်တစ်စက်က မပိုးမျက်နှာပေါ် ကျသွားရာ မျက်မှောင်ကျုံ့ပြီး အံတင်းတင်း ကြိတ်ထားဟန် ခေတ္တ ကွယ်ပျောက်သွားသည်ဟု ငမြတ်ကျော် ထင်လိုက်မိသည်။ သို့သော် သေချာပြန်ကြည့်ရာ မူလအတိုင်း ရှိနေပြန်၏ ။
"ကိုရင်ဖိုးမှန် နောက်ဆုံးကြည့်ခဲ့တုန်းက ဒီပုံစံ မဟုတ်ဘူးလို့ ပြောတယ်နော်။ ဘယ်လို ပုံစံမျိုး ဖြစ်နေခဲ့တာလဲ။ မျက်လုံးပြူးပြီး လျှာထွက်နေလား"
"မထွက်ပါဘူးဗျာ။ အိပ်နေသလိုပါပဲ"
"ဟုတ်ပြီ.. ဟုတ်ပြီ။ သူ့ကို ဝေဒနာ ခံစားနေရတဲ့ ပုံစံ မပေါ်အောင် လက်တွေဖြေ ခြေထောက်တွေ ဆန့်ထားကြည့်ကြရအောင်"
ငမြတ်ကျော်က ဆုပ်ထားသော စောင်ကို ဆွဲထုတ်နေခိုက် ငကံက လက်သီးဆုပ်ကို ဖြေရာ မရ။ လက်ျာဘီလူး ခပ်တင်းတင်းကိုင်၍ ဖြေလိုက်မှ ပြေလျော့သွားသည်။ ဖိုးမှန်ကတော့ ခြေထောက် နှစ်ချောင်းကို တယုတယ ပြင်ပေးနေ၏ ။
"အစ်ကိုတို့ ကိုရင်တို့ ကြည့်ကြစမ်းပါဦး။ သေသွားတဲ့သူက အကြောတွေ တောင့်တင်းနေရမယ် မဟုတ်လား။ သူက ဆန့်လို့ ကွေးလို့ ရသေးတယ်ဗျ။ မသေသေးဘဲ မေ့မျောနေတာလား မသိဘူး။ သေချာ ကြည့်ပေးကြပါဦးဗျာ"
ဖိုးမှန်၏ ငိုသံနှင့် တောင်းဆိုနေမှုကြောင့် သူတို့ စိတ်မကောင်း ဖြစ်သွားကြပြီး နှာဝနှင့် ရင်ကို ဖိထားကြည့်သည်။ သွေးလည်း စမ်းကြည့်ပြီး
"တစ်လလောက် သတိလစ်တာတော့ မဖြစ်နိုင်ဘူးလေကွာ။ အဲဒီနေ့မဟုတ်ရင် နောက်နေ့တွေမှာ သတိလည်လာလို့ သူ ရုန်းကန်ထားတာပဲ။ ခုတော့ သေသွားပါပြီ။ ငမြတ်ကျော် ပြောသလို မှတ်လိုက်ပါ ကိုရင်ရာ"
ငကံက ဖိုးမှန်ပခုံးပေါ် လက်တင်၍ ပြောစဥ် လက်ျာဘီလူး စိတ်ကူးတစ်ခု ရ၍ ငမြတ်ကျော်အား မျက်နှာရိပ် မျက်နှာကဲဖြင့် ဖိုးမှန်ကို ခေါ်ထုတ်သွားရန် အချက်ပြလိုက်သည်။ ငမြတ်ကျော်က
"စိတ်လျှော့ပေါ့ ကိုရင်၊ လာ.. သူ့အတွက် အစီအရင်လေး လုပ်ပေးရအောင် ကျွန်တော့်ကို ကူပါဦး"
"သူ့ကို တစ်ခုခုတော့ မလုပ်လိုက်ပါနဲ့ဗျာ"
"မလုပ်ပါဘူး စိတ်ချပါ။ ဟောဒီက တပ်မှူးကလည်း ဘာမှ မလုပ်ဖို့ အလာကတည်းက ကြိုတင် မေတ္တာရပ်ခံထားပြီးသားပါ"
ငမြတ်ကျော်နှင့် ဖိုးမှန် ကျင်းပေါ်တက်သွားကြသောအခါ လက်ျာဘီလူးက ရုတ်တရက် မပိုး၏ ဗိုက်ပေါ် ယှက်ထားသော လက်ကို ဖယ်လိုက်ပြီး ရင်ညွန့်မှ အဝတ်ကြယ်သီးလုံးကို ဖြုတ်လိုက်ရာ
"တပ်မှူး"
ငကံအသံ ထွက်လာသည်။ သို့သော် လက်ျာဘီလူး ရပ်တန့်မသွား။ သူ့လက်တစ်ဖက်က မပိုးလက်များကို ဖိကိုင်ထားပြီး မျက်လုံးများကလည်း မပိုးမျက်နှာမှ လုံးဝ မရွေ့။ လက်တစ်ဖက်သာ ရင်ညွန့်မှ ရွေ့လျား အောက်ဆင်းသွားပြီး
"ငကံ.. မီးပြစမ်း"
တပ်မှူးသည် မမြင်အပ်ရာကို သေချာစွာ ကြည့်ရှုနေ၏ ။ ထိုမျှနှင့် မရပ်ဘဲ လက်က အောက်ဘက်သို့ ထပ်ရောက်သွားသောအခါ ငကံ မျက်နှာလွှဲရမလိုလို ဖြစ်သွားသည်။ သို့သော် မလွှဲမိဘဲ မီးရောင်ကိုပင် အနားသို့ ပိုတိုးလိုက်မိသေးသည် ထင်၏ ။
လက်ျာဘီလူးကတော့ သူဖိထားသည့် မပိုးလက် တစ်ချက် တင်းခနဲ ဖြစ်သွားသည်ဟု ခံစားလိုက်ရသဖြင့် မျက်နှာကို သေချာ ပြန်ကြည့်နေရသည်။ ထူးခြားမှု မမြင်တော့မှ ဖယ်ရှားခဲ့သည်တို့ကို ပြန်လည်ဖုံးအုပ်ပေးလိုက်ပြီး
"ရပြီ ငကံ.. မီးမှုတ်ပြီး တက်တော့။ ငါတို့ သူ့ကို ဒီတိုင်း ထားခဲ့ဦးမယ်"
"ဒီတိုင်းထားလို့ ဖြစ်ပါ့မလား။ လူတွေ သိကုန်မှာပေါ့။ မြေတွေ ပြန်ဖုံးခဲ့မှ ထင်တယ်"
"သြော်.. ငကံ၊ လူတွေကို ဂရုမစိုက်ဘဲ ပြောပစ်ခဲ့ပြီး ငါ့နောက်လိုက်လာပြီးမှ သူတို့ကို အရေးလုပ်နေပြန်သတဲ့လား"
ငကံ ရှက်ဝါးဝါး ဖြစ်သွားပြီး မြေကျင်းထဲမှ တက်သွားရာ လက်ျာဘီလူးက မျက်နှာကိုသာ ချန်၍ မပိုးတစ်ကိုယ်လုံး စောင်ဖြင့် ဖုံးအုပ်ပြီးလျင် သူလည်း ပြန်တက်ခဲ့၏ ။ ထို့နောက် ငမြတ်ကျော် အမိန့်တော် ပြန်နေသည်ကို ခေတ္တ စောင့်ဆိုင်းနေစဥ် ငကံအား ပြောလိုက်သည်။
"ညနေက ထန်းတောက ပြန်လာလာချင်း မင်းတို့ရွာက လူငယ်တစ်ယောက်ကို ငွေပေးပြီး မပိုးတို့ နေခဲ့တဲ့ ရွာကို လွှတ်လိုက်တယ်။ သိပ်မဝေးဘူး ပြောတာပဲ။ သည်ညရောက်ရင် စုံးစမ်းပြီး မနက် ချက်ချင်း မြစ်ခြေကို လိုက်လာပါလို့ မှာလိုက်တယ်။ ငါ မသိသေးတာလေးများ ရှိမလားလို့ အမေးခိုင်းလိုက်တာ"
မြတ်ကျော် ပြီးပြီဖြစ်ရာ သူတို့ သုသာန်​ထဲမှ ထွက်ခဲ့ကြသည်။ ဖိုးမှန်က နောက်တကြည့်ကြည့်၊ ငမြတ်ကျော်ကလည်း မြေမဖုံးခဲ့သည့်အတွက် စိုးရိမ်နေသည်။ ငကံကတော့
"ဘာမေးခိုင်းလိုက်တာလဲ တပ်မှူး"
"ငါလည်း မသိသေးဘူး လေကွာ"
"တပ်မှူး သိရသလောက် ကျွန်တော်တို့လည်း ပြောပြထားပါဦး"
"ဒီလိုကွဲ့ ငကံ"
လက်ျာဘီလူး ကလူကလဲရွာ အရှေ့ကျောင်းသို့ ရောက်ခဲ့စဥ်က ကပ္ပိယကြီးနှင့် စကားပြောရင်း အမှတ်မထင် ကြားလိုက်ရသည့် စကားတစ်ခွန်းမှာ "သူတို့ ရောက်လာကတည်းက သည်ကျောင်းမှာ ငါနဲ့ အရင်ဆုံး စခင်ကြတာပဲကွ" ဟူ၏ ။ တခြားမှ ပြောင်းလာကြသည် ဖြစ်မည်ဟု အနည်းငယ် မေးမြန်းကြည့်ရာ သူ့ဖခင် အရက် သောက်တတ်ကြောင်းကိုပါ သိလာရသည်။
ထို့ကြောင့် ဦးသော်ကောင်း ရှိမည့်နေရာကို ရှာဖွေတီးခေါက်ကြည့်သည်။ ညနေ ထန်းတောသို့ ရောက်တတ်ကြောင်း ကြား၍ သွင်ပြင် ပုံသဏ္ဍာန် ဘယ်သို့ရှိသည်ကို မေးကာ သာမန်အခြားရွာသားဟန်နှင့် ထန်းတောထဲမှ သွားစောင့်နေသည်။
နေမစောင်းမီ ဦးသော်ကောင်းနှင့် အဖော် နှစ်ယောက် ရောက်လာသဖြင့် မိတ်ဖွဲ့ပြီးလျင် ရွာအခြေအနေ မေးမြန်းရသည်။ ထိုမှတစ်ဆင့် လူအများက မပိုး၏ သေဆုံးခြင်းမှ စခဲ့သည်ဟု ပြောဆိုနေကြကြောင်း အသိပေးလိုက်ရာ ဦးသော်ကောင်းက
"ငါ ကြားသားပဲကွ။ ဒီကောင်မလေးကလည်း လူကြည့်တော့ ပျော့စိစိနဲ့ မာန်က အင်မတန်ကြီးတာ။ ပြောလို့တော့ မရဘူးပေါ့။ ဘာလို့ သတ်သေသွားမှန်းလည်း သူ့အမေကို မေးမရဘူး။ ဘယ်သူမှ မသိဘူးလို့ ပြောတယ်။ သူတို့ သမီးရည်းစား ပြဿနာကြောင့် စိတ်ညစ်ပြီးများ လုပ်သွားသလားပဲ"
ဟု ဆို၏ ။ ထိုနေရာအရောက်တွင် လမ်းလျှောက်ရင်း နားထောင်လာသော ဖိုးမှန်က ဒေါသတကြီးနှင့်
"ဘာဗျ၊ ဒီလူကြီး ဒီလိုပြောတယ် ဟုတ်လား။ ကျုပ်တို့က ရန်ဖြစ်ဖို့ ပြဿနာဖြစ်ဖို့ နေနေသာသာ သူကြောက်တတ်လွန်း စိုးရိမ်တတ်လွန်းတာနဲ့ပဲ လူချင်းတောင် သိပ်မတွေ့ရပါဘူး။ အဖော်အပေါင်းများနဲ့ သွားလာလည်ပတ်မှသာ အများနဲ့ ရောနှောတွေ့ခွင့် ရတာမျိုး။ သူတို့က ကာလသားတွေ အလည်လာတာလည်း သိပ်သဘောကျပုံ မရတာနဲ့ ဘယ်သူမှတောင် သွားချင်ကြတာ မဟုတ်ဘူး"
လက်ျာဘီလူးက ဖိုးမှန်ကို မကြည့်ဘဲ ခပ်တည်တည် မျက်နှာဖြင့်ပင်
"ဒါကတော့ ဘယ်သူ ဘာလဲ ဆိုတာ မနက်ကျ သိရမှာပါ။ ခုတော့ ဘယ်သူ့ကိုမှ မစွပ်စွဲတာ ကောင်းပါတယ်လေ။ ဒါတောင် ကျွန်တော့်မှာ အလကားနေ စွပ်စွဲခံနေရတာ သိတဲ့အတိုင်းပါပဲ"
ဖိုးမှန်မှာ သူ့ကို အမှုပတ်လာသည့်အတွက် ဂနာမငြိမ် ဖြစ်နေသည်။ လက်ျာဘီလူးကလည်း တည်တည်ကြည်ကြည်။ ငကံတို့ကလည်း ဘာမှ မပြော။ တကယ်တမ်း ပြောနေသည့် အသံကို အိမ်မရောက်မီ အဝေးကြီးမှ ကြားလိုက်ကြရသည်။
"မကျေနပ်ဘူး၊ လုံးဝ မကျေနပ်ဘူး.."
........................................................


Written by သင်္ခရာဇာ

End date: June 11, 2021

တောဝင်ခြင်း (၃)

"ဒါတော့..."

"ကျုပ်က စကားအဖြစ် ပြောတာပါ။ လိုအပ်လာရင် ကူညီပေးနိုင်မလား လို့"
"အင်း.. ကူညီရမှာပဲ။ သူ့အတွက် ဘာမဆို ကျုပ် လုပ်မယ်ဗျာ။ ကျုပ်အထင် ပြောရရင် တောဝင်တာဟာ သူက စတာပဲ။ သူဆုံးပြီးမှ တစ်ရက်ခြားဆိုသလို၊ နေ့စဥ်ရက်ဆက် အသုဘတွေ ဆက်နေတာ"
လက်ျာဘီလူးကတော့ စဥ်းစားနေရ၏ ။ သူက ငကံအား သူနှင့်အတူ မင်းမှုပြန်ထမ်းရန် လာခေါ်ခြင်း ဖြစ်သည်။ ယခုတော့ ထိုအကြောင်းသို့ မရောက်ဘဲ အရှုပ်ထဲ ခေါင်းတိုးဝင်မိရုံမက ငကံသည်ပင် သူ့အတွက်နှင့် ကန့်လန့် ပါနေရပြီ။ ထို့နောက် ယခု ငကံ၏ မိတ်ဆွေ ငမြတ်ကျော်၊ ကိုရင်ဖိုးမှန်။ ပို၍ ရှုပ်ထွေးလာနေသည်။
"မပိုး သူ့ဘာသာ သတ်သေတယ်လို့ ဘယ်သူက ပြောတာလဲ။ ဘယ်သူအရင် တွေ့သလဲ"
လက်ျာဘီလူး အမေးကြောင့် ဖိုးမှန် သူ့ဘက်လှည့်၍
"သူ့အမေ ဒေါ်တုတ် တွေ့တာ။ ထုပ်တန်းမှာ တန်းလန်း တဲ့။ တခြားလည်း ဘာဒဏ်ရာမှ မရှိဘူး။ လည်မှာ အဝတ်စည်းရာပဲ တွေ့တယ်"
"ဘယ်နှရက် ထားလဲ"
"မထားရဘူးဗျ၊ ထုံးစံအရ နေ့ချင်းသင်္ဂြိုဟ်ရတယ်"
"သီတင်းလေးပတ်လည်း ရှိပြီဆိုတော့.. အင်း၊ သဲလွန်စတော့ ပြတ်နေပြီ။ သူ့အိမ် တစ်ချက် သွားကြည့်ရရင် ကောင်းမယ်"
လက်ျာဘီလူး သွားမည်ဆို၍ ငကံတို့ လန့်သွားကြသည်။ ကလူကလဲက လက်မခံဘဲ နှင်လွှတ်ခံရမှာ စိုးမိသောကြောင့် ဖြစ်၏ ။ ထို့ကြောင့် သူတို့ ကြံစည်ကြရသည်။
ဦးစွာ မပိုး၏ မိခင် ဒေါ်တုတ် စျေးရောင်းရာ သွား၍ အကဲခတ်ရ၏ ။ လက်ျာဘီလူးက သာမန်ရွာသားတစ်ဦးအသွင်ဖြင့် ငမြတ်ကျော်နှင့် နှစ်ယောက် သွားကြသည်။ ထူးခြားမှု မတွေ့ရ၊ ဒေါ်တုတ်မှာ ခပ်ရိုးရိုးဖြစ်ပြီး မျက်နှာအနည်းငယ် ညှိုးနေ၏ ။ လိမ်မည့်ဟန်လည်း မပေါ်။
သူပြောတာ အမှန်ဖြစ်ရမည်ဟု လက်ျာဘီလူးက တွက်ဆ၏ ။ သို့ဆိုလျင် မည်သို့ တောဝင်သနည်း။ သေဆုံးချိန်မှ စ၍ ​မြှုပ်နှံပြီးသည်အထိ မည်သည့် အမှားအယွင်း ရှိခဲ့သနည်းဟု ငကံတို့ သုံးဦးအား စုံစမ်း ​မေးမြန်းစေရာတွင်လည်း အလွဲအချော် မရှိ။ အကောင် မြေသို့ လွတ်ကျခြင်း၊ ကျင်းနေရာထပ်ခြင်း၊ တစ်စုံတစ်ခုကို မြင်ရခြင်း၊သို့မဟုတ် ထူးခြားမှု တစ်ခုခု မည်သည်မျှ မဖြစ်ခဲ့။
သူလည်း စဥ်းစားရ ကြပ်နေသည်။ ထိုနေ့၌ပင် ရွာလယ်မှ လူတစ်ဦး ရုတ်တရက် အပြင်းဖျား၍ ဆုံးပါးပြန်ချေသည်။ သူရောက်ပြီး ၂ ရက်အကြာတွင် ဖြစ်၏ ။ သူက မြစ်ခြေရွာမှ နေ၍ စုံစမ်းနေရသည်မှာ အရာမရောက် ထင်လာပြီး ကိုယ်တိုင် စုံစမ်းရန် ထွက်သွားတော့သည်။
ငကံက အိမ်ပြန်သွားသည်။ ငမြတ်ကျော်က မသာချစဥ် လိုက်ပါသူများကို မေးမြန်းရန် သွားသလို ဖိုးမှန်သည်လည်း မပိုး သူငယ်ချင်းများကို တီးခေါက်ကြည့်ဦးမည် ဆို၏ ။ ထိုနေ့ည ပြန်ဆုံကြသောအခါ သိရှိရသည်တို့ကို ပြောဆို ဆွေးကြပြီးနောက် လက်ျာဘီလူးက သူ့ဆုံးဖြတ်ချက်ကို ပြောလိုက်ရာ အားလုံး ထိတ်လန့်သွားကြသည်။
"အခြေအနေကတော့ ကိုရင်မြတ်ကျော် ပြောသလို အလောင်းပြန်တူးကြည့်ရတော့မယ် ငကံ"
"ဘာ.. ဘာဖြစ်လို့လဲဗျ"
ဖိုးမှန် လန့်သွားသည်။
"ကိုရင့် မယ်ပိုးက စတယ် ဆိုတာ သေချာသလောက် ဖြစ်နေပြီ ကိုရင်ဖိုးမှန်။ ကျွန်တော် ဒီနေ့ အရှေ့ကျောင်းလည်း ရောက်ခဲ့တယ်။ ထန်းတောလည်း ရောက်တယ်။ သူ့အဖေ ဦးသော်ကောင်းနဲ့လည်း တွေ့ခဲ့တယ်"
"ဟုတ်လား၊ ထူးခြားတာ ဘာတွေ သိခဲ့ရလဲ"
"မသင်္ကာစရာ နည်းနည်း တွေ့ပါတယ်။ ကိုရင် ဖိုးမှန် ယူဆသလို ဖြစ်နိုင်တယ်။ သူတို့က တခြားက ပြောင်းလာကြတာဆို၊ ဘယ်လောက်ကြာပြီလဲ"
"အဲ.. လေးငါးဆယ်နှစ်တော့ ရှိမယ်။ သူတို့သားအမိ အရင်ရောက်လာပြီး နောက်မှ သူ့အဖေ လိုက်လာတာပဲ"
"သူ့အဖေက သေရည် မကြာခဏ သောက်လေ့ရှိသလား"
"သောက်တယ် ထင်တယ်။ ကျွန်တော်တော့ သိပ်မတွေ့ပေမယ့် တချို့က ဒီလူကြီး ခွက်ပုန်းလို့ ဆိုကြတယ်ဗျ"
"ကပ္ပိယကြီးကတော့ ပြောတာတော့ အဲဒီနေ့က ကောင်မလေး ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမောပဲ တဲ့။ လာပို့တဲ့ ဆွမ်းအုပ်ကို သူပဲ ယူပြီး လှယ်ထည့်ပေးခဲ့တာ။ စကားပြောသွားတာတော့ စိတ်ညစ်ဟန်မပေါ်ဘူး တဲ့။ နောက်ဆုံးတွေ့လိုက်တာက ကိုရင်ဖိုးမှန်တောင် ဖြစ်နိုင်တယ်"
"ဟုတ်မယ်၊ ကျုပ်နဲ့တွေ့တုန်းက သူ ရှက်နေတာဗျ။ ကြောက်လည်း ကြောက်နေတယ်။ ဥပုသ်စောင့်လာလို့ နောက်မှ တွေ့မယ်နော် လို့ပဲ ပြောသွားတယ်"
"ဟုတ်ပြီ။ အဲဒီစကားက အချက်ပဲ။ သူ့မှာ နောက်မှ တွေ့မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ အတွေး ရှိနေတယ်။ ဒီတော့ အဲဒီနေ့ သူသေမှာကို မသိသလို သေချင်စိတ်လည်း ရှိပုံမပေါ်ဘူး။ ဒီတော့.."
"တစ်ယောက်ယောက်က သတ်သွားပြီး.."
"ကျွန်တော်လည်း ဒီလိုပဲ ထင်တယ်။ အဲဒီကြားမှာ မသိနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်သွားတဲ့အတွက် အခု တောဝင်သလို ဖြစ်နေပုံပဲ။ ဒါဟာ သူသေတာကို ကျေနပ်ပုံမရဘူး၊ ဒါမှမဟုတ် သူ့အလောင်းမှာ တစ်ခုခု ရှိရမယ်။ ဒါ့ကြောင့် ဖော်ကြည့်သင့်တယ်လို့ ပြောတာ"
"သင့်တာကတော့ ဟုတ်ပါပြီ။ ဒီလောက်ကြာမှတော့ ဘာကို တွေ့ရတော့မှာလဲ။ မမြင်အပ်စရာ အနိဋ္ဌာနပဲ ရှုရတော့မလို ဖြစ်နေမှာပေါ့"
ငကံက ဝင်ပြောရာ မြတ်ကျော်က
"ဒီလို တောဝင်တဲ့ အခြေအနေမှာ ထူးခြားတာတွေ ကြုံတတ်တယ်။ ဘာတွေလဲ ဆိုတာတော့ ကျုပ် မပြောသေးဘူး။ တကယ် တူးကြမယ် ဆိုရင် ဒီည လသာတယ်။ ကျုပ်တော့ ကြိုတင်ပြင်ဆင်ထားစရာ အစီအရင်လေး နည်းနည်း လုပ်ရမယ်"
"ဟုတ်ပြီ။ ကျွန်တော်လည်း ဒီကိစ္စကို မြန်မြန် ပြီးပြတ်စေချင်တယ်။ လူတွေ ဆက်သေနေမှာလည်း မမြင်ချင်သလို ကျွန်တော့်ကို စွပ်စွဲကြတာလည်း ရှင်းသွားပြီးရင် မြန်မြန်ပြန်တော့မယ်။ ကျွန်တော်က ငကံကို အမှုထမ်းဖို့ လာခေါ်တာ"
ငကံ ပြုံး၍ ဆိုသည်။
"တပ်မှူးက ခေါ်တယ်ဆို လိုက်ပြီးသားပါဗျာ"
သို့နှင့် ဖိုးမှန်က မြတ်ကျော်ကို ကူညီပေးပြီး သူတို့က လိုအပ်သည့် ပစ္စည်းကိရိယာများ တိုးတိုးကြိတ်ကြိတ် ရှာဖွေထားကြ၏ ။ ထို့နောက် စောစော အိပ်ရာဝင်ခဲ့ကြပြီး လထွက်ချိန်မှ ပြန်ထလျက် စောင်များအတွင်း တူရွင်းပေါက်ပြား ဓားလှံများ ဝှက်ယူကာ ကလူကလဲရွာသို့ လာခဲ့ကြသည်။
ကလူကလဲဘက်တွင် ခွေးများက အူလှ၏ ။ လသာသောကြောင့် အူသလော၊ အခြား အကြောင်းကြောင့် အူသလော မသိပေမင့် သည်နေ့ အဆူညံဆုံး ဖြစ်နိုင်သည်။ သူတို့ သုသာန်မြေသို့ ရောက်သောအခါ ထိန်ထိန်သာနေသော လမင်းကြီး ၏ အလင်းရောင်အောက်တွင် မြေပုံများက မို့မို့ဖောင်းဖောင်း။ မှတ်တိုင်များက ထိုးထောင်စောင်းရွဲ့လျက်၊ အုတ်ဂူစေတီနှင့် ပြသာဒ်အချို့ကိုလည်း တွေ့ရသည်။
ဖိုးမှန်က အစွန်နားရှိ မြေပုံမို့မို့ တစ်ခုသို့ ခေါ်သွားပြီး မှတ်တိုင်ကို ပြ၏ ။ မပိုး အသက် (၂၂) နှစ်၊ နယုန်လပြည့်နေ့တွင် ကွယ်လွန်သည် ဆိုသည့် စာကို ဖတ်ရင်း ငမြတ်ကျော်က
"ဟာ ဒီနေ့လည်း လပြည့်နေ့ပဲ။ တစ်လတိတိ ရှိသွားပြီပေါ့။ ဒီအတောအတွင်း လူဘယ်နှယောက်လောက် တိမ်းပါးသွားပြီလဲ ကိုရင်ဖိုးမှန်"
"၁၀ ကျော် ဆယ့်ငါးလောက်တော့ ရှိပြီ"
"အို.. ဘယ်နည်းမလဲ။ နှစ်ရက် တစ်ယောက်ပဲ"
သူတို့က ပစ္စည်းများကို ပစ်ချလိုက်ကြပြီး လုပ်ငန်းစရန် ပြင်ကြ၏ ။ ဦးစွာ မြတ်ကျော်က မြေပုံကို သူယူလာသည့် ရေပုလင်းမှ ရေဖြင့် စည်းဝိုင်းဝိုင်းလိုက်ပြီး အတွင်းသို့ သဲမှုန်များ ဖြူးလိုက်သည်။ ဘယ်သူမှ သည်စည်းထဲ မဝင်ရ စသည်တို့ကိုလည်း ရွတ်လိုက်သေး၏ ။ လေးဦးစလုံး အကြောက်အလန့် နည်းကြ၍သာ တော်တော့သည်။ သင်္ချိုင်းမြေမှာ ခြောက်ခြားစရာ တိတ်ဆိတ်လျက် မြေပုံမည်းမည်း ချုံပုတ်မည်းမည်းများသာ မင်းမူနေလေသည်။
ငမြတ်ကျော် ကိစ္စဝိစ္စ အားလုံး စီရင်ပြီးလျင် လက်ျာဘီလူး စတူးသည်။ အင်္ကျီချွတ်၍ တူးခြင်းဖြစ်ရာ နောက်မှ ကြည့်နေသည့် ဖိုးမှန်သည် ကြောက်လာပြီး
"ကိုရင် ငစံ၊ အင်္ကျီဝတ်ထားလို့ မရဘူးလားဗျာ။ ကိုရင့် ကျောက အရုပ်ကြီးက တလှုပ်လှုပ်နဲ့ ကျုပ်ကို လိုက်ကြည့်နေသလိုပ။ ပါးစပ်ကြီးလည်း ဖြဲလိုက်သလိုလို မာန်ဖီနေလိုလို"
လက်ျာဘီလူးက လှည့်ကြည့်ပြီး
"ဟုတ်လား.. ငကံ၊ မင်းကြည့်စမ်း။ ဘာမြင်သေးလဲလို့။ အငွေ့တွေများ ထွက်မနေဘူးလား"
"အရေးထဲ တပ်မှူးက နောက်နေပြန်ပြီ။ ကိုရင်ဖိုးမှန် ကြည့်ရတာ တကယ်ကြောက်နေတဲ့ပုံပဲ။ အခိုးထွက်တယ် ထင်တာတော့ ကျွန်တော်တစ်ဦးတည်း မဟုတ်ဘူး။ ငမြတ်ကျော် နှမ မိဆိုင်လည်း ပြောတယ်"
"သူက ဘာပြောလို့လဲ"
"အဲဒီလူကြီးကို ကြည့်မရဘူးတဲ့။ ကြောက်စရာကြီး တဲ့။ ပြီးတော့ မိဆိုင်က.."
"ဟေ့.. ဟေ့၊ ဒီအချိန်မှာ မိန်းကလေး အမည်တွေ မပြောနဲ့ကွ"
ငမြတ်ကျော်က ဝင်တားလိုက်မှ ငြိမ်သွားကြသည်။
"ကိုရင်ငစံ.. အဲ၊ တပ်မှူး။ ကျုပ်စိတ်ထဲ ထင်နေတာ တစ်ခုရှိတယ်"
"ဆိုပါဦး ကိုမြတ်ကျော်"
"အခု တူးကြတဲ့အခါ မိုးရွာထားတဲ့ အရှိန်နဲ့ လွယ်မယ်၊ မြန်မယ်။ ပြီးတော့ ထူးခြားတာကို သေချာပေါက် တွေ့ရလိမ့်မယ်လို့ ကျုပ်တော့ လုံးဝ ယုံနေတယ်။ ကျုပ်တို့ တစ်ခုခုကို မြင်ရ သိရမှာပဲ"
"ဟုတ်ကဲ့"
"ကျုပ် ကြိုပြောထားချင်တာက အခုချိန်မှာ ဘာကိုမှ အရမ်းမဲ့ မလုပ်ကြဖို့နဲ့ ကျုပ်ကို အရင် မေးမြန်းပြီးမှ လုပ်ကြဖို့ တောင်းဆိုချင်ပါတယ်။ အဓိက ကတော့ ကိုရင်ဖိုးမှန်ပေါ့။ ကိုယ့်ရည်းစားကိုယ် မကြောက်ဘူး မဟုတ်လား"
"မကြောက်ပါဘူးဗျာ၊ သူ့ဘာသာ ဘယ်လောက် ရုပ်ပျက်နေနေ၊ ထပဲ လာလာ.."
"ဟော.. ဟော၊ တန်ပြီ ကိုရင်။ အဲသလိုမျိုးလည်း မပြောရဘူးဗျ"
ဆရာမြတ်ကျော် စိတ်ညစ်သွားသည်ကို ကြည့်၍ လက်ျာဘီလူးနှင့် ငကံတို့ ပြုံးကြ၏ ။ ထို့နောက် ချွေးတလုံးလုံးနှင့် ဆက်တူးနေကြသည်။ တစ်တီတူးငှက်များက သူတို့ခေါင်းပေါ်မှ အော်မြည် ပျံသွားကြ၏ ။ လေးခါတိတိ။
"ငှက်လေးကောင်တော့ တို့ကို သတိပေးနေပြီကွ။ သတိထားမိကြလား"
"အင်း"
"တော်တော်တော့ နက်လာပြီ။ မြေပွပြီး ပျော့နေလို့ တော်တော့တယ်ကွာ.. ဝှီး၊ အိုက်လိုက်တာ။ ဒါနဲ့ ချတုန်းက ဘာနဲ့ ချပြီး မြှုပ်တာလဲ ကိုရင်"
နဖူးမှ ချွေးကို သုတ်ရင်း မေးလိုက်သည့် ငကံ အမေးကို ဖိုးမှန်က
"စောင်တွေ ပတ်ပြီး ဖျာနဲ့လိပ် ချလိုက်တာပဲဗျ"
"ဒါဆို နည်းနည်း သတိထား တူးမှဖြစ်မယ်"
ထမင်းတစ်အိုးချက်ခန့် ကြာမှ ခပ်မာမာအရာတစ်ခုကို တူရွင်းနှင့် ထိုးမိကြသည်။
"ဟော.. ဒါပဲ ထင်ပါရဲ့"
သူတို့ ထိန်းတူးရင်း ပေါက်ပြား ငန်းပြားများဖြင့် ယက်လိုက်ကြရာ ဖျာပြေပြီး အတွင်းမှ စောင်ထုပ်ကို တွေ့လိုက်ရသည်။
"ဟာ"
(ဆက်ရန်...)   တောဝင်ခြင်း (၄)

Written by သင်္ခရာဇာ

End date: June 11, 2021

တောဝင်ခြင်း (၂)

ငကံက ပြန်မဖြေသေးဘဲ သူ၏ မိခင်ဘက်သို့ လှည့်ကာ

"အမ.. တွေ့လားဗျ။ ကျုပ်ပြောတဲ့အတိုင်းပဲ မဟုတ်လား။ ပြောလိုက်ရင် တန်းခနဲပဲ။ တပ်မှူး တောဝင်တယ်လို့ ဘယ်လို သိလဲ"
"ငါ နားထောင်နေတာ၊ လူသံရွာသံ မကြားရဘူး။ တိတ်ဆိတ်နေတာ တစပြင်ကြီးလို ကျီးငှက်သံတောင် မရှိ။ ဒါပေမယ့် အခု ခပ်အုပ်အုပ်အသံတွေ ကြားတယ်မဟုတ်လား"
"ဟုတ်တယ်၊ လူသံတွေ"
သူတို့ ကြားနေရသော လူသံများသည် ပိုမို ကျယ်လောင် နီးကပ်လာပြီး လူတစ်အုပ် လမ်းအကွေ့မှ ပေါ်လာကြသည်ကို မြင်လိုက်ရသည်။
"တောထုတ်မလို့ သံပုံးတီးတာလည်း မဟုတ်ပါလား"
ငကံက ပြောပြောဆိုဆို ထကြည့်ရင်း ပုဆိုးပြင်ဝတ်၏ ။ လူများက သူတို့အိမ်ဘက် လာနေကြခြင်း ဖြစ်သည်။
"ဘာဖြစ်လို့ပါလိမ့်"
အဖွားအိုက တီးတိုးရေရွတ်စဥ် သူကြီးမင်း ဦးဆောင်လာသော လူအုပ်သည် တုတ်ဓားများ ကိုင်ဆောင်လျက် သူတို့ခြံဝန်းထဲ ဝင်လာကြလေသည်။
"ကိုဖိုးစီရေ.. ရွာထဲ ဘီလူးဝင်လာတယ် ကြားလို့ဗျာ"
သူကြီးက မြင်းနှင့်တကွ လက်ျာဘီလူးကို အကဲခတ်ရင်း ခြံဝ ထွက်လာသော အဖိုးအိုကို ဆီးပြော၏ ။ အဖိုးအိုက
"ဘယ်က ဘီလူး ဟုတ်မလဲကွာ၊ ငါ့သားကြီးရဲ့ တပ်မှူး လာတာပါ"
"မသိဘူး၊ ရွာထဲမှာတော့ ဘီလူးတစ်ကောင် မြင်းနီကြီးစီးပြီး ဓားနက်ကြီးထမ်းဝင်လာတယ်လို့ ပြောဆို ကြောက်လန့်နေကြပြီ"
ကွပ်ပျစ်ပေါ် ချထားသော ဘီလူးခေါင်းတပ် အိမ်အနက်နှင့် ကျောက်စီဓားကို တစ်ချက်ကြည့်ရင်း ပြောလိုက်ရာ လက်ျာဘီလူး ဓားကို ဆွဲ၍ ထလာရသည်။
"ဘီလူးမဟုတ်ပါဘူးခင်ဗျ၊ လူပါ။ ရတနာပူရနေပြည်တော်က လာပါတယ်။ ဓားရော မြင်းပါ မင်းတရားကြီး ချီးမြှင့်ခဲ့တဲ့ ပစ္စည်းတွေပါ"
အနောက်သို့ အနည်းငယ် ရှဲသွားကြသော လူအုပ်ထဲမှ မှိန်းကိုင် လူတစ်ဦးက
"ဟေ့.. တို့သိတာတော့ ရွာထဲမှာ ထိတ်လန့်နေကြတာပဲ။ အခြေအနေတွေကလည်း ကောင်းတာ မဟုတ်ဘူး၊ လူတွေ ပြောင်းပြေးနေကြတဲ့အထဲ ဒီလို ထပ်ဖြစ်တော့ ဘယ်ကောင်းမလဲ"
"မင်းက ဘာကိစ္စ တို့ရွာကို ဝင်လာရတာလဲ။ ပြီးတော့ ဓားမည်းကြီးနဲ့ ကလေးတစ်ယောက်ကို ခုတ်မလို့ လုပ်သေးတယ်ဆို"
လက်ျာဘီလူး ဘာမှ ပြန်မပြောချင်တော့။ လူများ၏ စွပ်စွဲမှုနှင့် ကောလာဟလဒဏ်ကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီးပြီ မဟုတ်လော။ သူသည် လက်နှစ်ဖက်ကိုသာ မြှောက်ပြလျက် ကွပ်ပျစ်ဆီသို့ ပြန်လျှောက်သွားလေသည်။ ငကံတို့ သားအဖ ရှင်းပြရန် ကြိုးစားနေကြသည်ကို ကြည့်နေလိုက်တော့၏ ။
သို့သော် ရွာသားများမှာ ပြောမရပါချေ။ ရွာတွင် လက်ခံမထားနိုင်ဟု ဆိုနေကြသလို ချက်ချင်း ထွက်သွားပေးပါ ဟု မောင်းထုတ်နေကြသည်။ လက်ခံထားလျင် နင်တို့ပါ အပြစ်ဖြစ်မယ်ဟု ဆိုလာရာ ငကံ ဒေါသထွက်ပြီး အနီးနားမှ ဝါးလုံးရှည်တစ်ချောင်းကို ဆွဲယူလိုက်၏ ။ ထိုအခါ ငကံအကြောင်း သိကြသော လူအုပ်ကြီးမှာ ချက်ချင်း ခြံအပြင်သို့ ရောက်သွားကြလေသည်။
"ဟေ့.. ဟေ့၊ မင်း ဘာလုပ်မလို့လဲ"
"လက်မပါနဲ့ကွ နော်"
"ခင်ဗျားတို့က ကျုပ်ကို ကြိမ်းမောင်းနေတာ ဘာလုပ်ချင်လို့လဲ။ လာလေ.. လုပ်လေ"
ငကံက သူ့အား ကြိမ်းမောင်းနေသူတို့ကို စိန်ခေါ်လိုက်ရာ ထိုသူများက
"မင်း ဘုရင့်တပ်သား အကြပ်ဖြစ်တယ်ဆိုပြီး လက်ရုံးနဲ့ အနိုင်အထက် ပြုမလို့လား။ ငါတို့က ရပ်ရွာအတွက် မင်းဧည့်သည်ကို လက်မခံဖို့ ပြောနေတာ"
"ကျုပ်တပ်မှူးကို ကျုပ်အိမ်မှာ လက်ခံတာ ခင်ဗျားတို့ရွာ ဘာနာစရာရှိလဲ။ အရင်ကလို သည်းခံနေမယ့် ငကံ မဟုတ်တော့ဘူးဗျ။ မဟုတ်မဟတ်တွေ စွပ်စွဲပြီး ပေါက်ကရ လာပြောရင်တော့ ကျုပ်နဲ့အရင် ရှင်းရလိမ့်မယ်"
"ငကံ"
လက်ျာဘီလူးအသံကြောင့် ငကံ လှည့်ကြည့်ရာ မြင်းချည်ကြိုးဖြေနေသော လက်ျာဘီလူးက တိမ်ပျံကို ဆွဲလျက် ထွက်လာပြီး
"ဒီအနီးအနားရွာ ငါ ဘယ်မှာ တည်းလို့ ရမလဲ"
"ဟာ.. သွားစရာ မလိုပါဘူးဗျာ"
ငကံက စိတ်ပျက်လက်ပျက် ညည်းညူပြီးမှ လက်ျာဘီလူးအကြောင်း သိသဖြင့် ဝါးလုံးကို ပစ်ချကာ ခါးထောက်လျက်
"အရှေ့ဘက်က မြစ်ခြေမှာ ကျွန်တော့် အသိတစ်ယောက် ရှိတယ်။ ငမြတ်ကျော်တဲ့။ သူ့ရွာမှာ သူ့ကို မသိသူ မရှိဘူး။ နေဦး.. ကျွန်တော် လိုက်ပို့မယ်"
ငကံက လူအုပ်ကို တစ်ချက် စိမ်းစိမ်းကြည့်လိုက်ပြီး အိမ်အနောက်သို့ ပြေးသွား၏ ။ လက်ျာဘီလူး မြင်းကို ဆွဲထွက်လာရာ လူအုပ်က လမ်းဖယ်ပေးကြလေသည်။ သူကြီးက
"တို့ရွာက ရိုင်းတာတော့ မဟုတ်ပါဘူး မောင်၊ ရွာမှာ အထိတ်တလန့် ဖြစ်တယ် ဆိုတော့လည်း ထိန်းသိမ်းရမယ့် ဝတ္တရား ရှိတယ်လေ။ အားနာပါတယ်ဗျာ"
"ဟုတ်ကဲ့"
သူက သူ့ဘာသာ အေးအေးလူလူပင် မည်သူ့ကိုမှ မကြည့်ဘဲ မြင်းကို ဆွဲလျက် ထွက်လာခဲ့သည်။ အိမ်နောက်မှ မြင်းခွာသံ ကြားရပြီး ငကံ မြင်းစီးလျက် ထွက်လာ၏ ။ ခြံဝ ရောက်လျင်
"ခင်ဗျားတို့ ခုလို ဆက်ဆံတာ ကျုပ်တပ်မှူး မို့လို့ပေါ့။ တခြား ဗိုလ်သာဆို တစ်ရွာလုံး ဒုက္ခရောက်ပြီ။ ကြားလို့မှ မတော်ဗျာ၊ ဧည့်သည်ကို မောင်းထုတ်ရတယ်လို့"
"ဟ.. မင်းဧည့်သည်က လူမှ မဟုတ်ဘဲ။ သူကိုယ်တိုင် ပြောတာ.. ဘီလူးတဲ့"
"ကျွတ်"
ထိုမျှ ရိုးအ ထုံထိုင်းလှသော ရွာသားများကို ငကံ စိတ်ပျက်မိသည်။
"ဒီတစ်လအတွင်း လူတွေ သေတာ ဘယ်လောက် ရှိပြီလဲ၊ မင်းလည်း သိတာပဲ။ ဒီအချိန်မှာ ဒီလိုဧည့်သည်ကို လက်ခံစရာလားကွ"
ငကံက လွန်လာ​သည့် မြင်းကို ပြန်လှည့်ပြီး
"လူတွေသေတာနဲ့ ကျုပ်ဧည့်သည် ဘာဆိုင်လဲကွ ငအံ့ကြီး"
"မင်းဧည့်သည်က ရိုးရိုးဝင်မလာဘူးဟ။ ရွာအဝင်မှာ တွေ့တဲ့ ကလေးကိုတောင် ဓားကြိမ်းကြိမ်းသတဲ့"
"အဲသည်စကား ဘယ်သူပြောတာလဲ"
ငြိမ်သွားကြသည်။ ပြီးမှ
"ဒါတော့ ပြောလို့ ဖြစ်မလား။ သူ့မေးကြည့်ပါလား"
ကျောခိုင်းသွားနေသည့် လက်ျာဘီလူးကို ဓားနှင့် ညွှန်ပြနေသဖြင့် ငကံက ထိုသူအား
"အောင်မာ.. မင်းက ဓားနဲ့၊ သူသာ အေးအေးဆေးဆေး ထွက်မသွားရင် ခုတ်ရဲလို့လား"
"ဒါတော့ ခုတ်ချင် ခုတ်ရမှာပေါ့"
"အေး.. အဲဒါမှ တောဝင်လို့ တစ်နေ့တစ်ယောက် သေတာ မဟုတ်ဘဲ ဘီလူးဝင်လို့ တစ်ရွာလုံး မျိုးပြုတ်သွားမယ်။ ကျုပ်တောင် နိုင်အောင် မသတ်နိုင်ခဲ့တဲ့ သူတွေက ကျုပ်တပ်မှူးကို ခုတ်မယ်တဲ့လား.. ဟားဟားဟား"
ငကံက လှောင်ပြောင် ရယ်မောပြီး မြင်းကို ခြေနှင့်ဆတ်၍ ထွက်သွားရာ ရွာသားများ နာလိုခံခက် ကျန်ရစ်ခဲ့ကြသည်။
"ငကံကလည်း.. ကိုယ့်ရွာက လူတွေကို ဘာလို့ အဲဒီလို ပြောရတာလဲ"
"တပ်မှူး မသိလို့ဗျ၊ ဒီလူတွေ အလကား တလွဲဆံပင်ကောင်း မလျော်တာ အလွန်လုပ်ချင်တဲ့ဟာတွေ။ ဘာမှ အဖြစ်ရှိတာလည်း မဟုတ်၊ မှန်မှန်ကန်ကန် ဝေဖန်ပိုင်းခြားတတ်တာလည်း မဟုတ်။ ထင်ရာ ပြောရင်း လုပ်ရင်း လူတွေ တဖြုတ်ဖြုတ် သေနေတာပဲကြည့်။ ဘယ်သူမှ အကြောင်းရင်းကို မရှာသလို ဖြေရှင်းဖို့လည်း မစဥ်းစားဘူး။ သူတို့သိတာ စိတ်ထင်ရာ လျှောက်ပြောမယ်၊ ပြေးမယ် ရှောင်မယ်၊ ဘယ်နေ့ ဘယ်သူသေမလဲပဲ နားစွင့်နေကြတာ"
ငကံ အတော်ဒေါသထွက်နေသည်ဖြစ်၍ လက်ျာဘီလူး ဘာမှ မပြောတော့ဘဲ မြင်းပေါ် တက်လိုက်ပြီး အသားကျ စီးသွားသည်။ ငကံက နောက်မှ လိုက်လာပြီး ဘေးချင်းယှဥ်မိသောအခါ
"ဟိုရောက်ရင် ကလူကလဲက လာတာလို့ မပြောနဲ့ဗျ။ အခု တချို့ရွာတွေက ဒီရွာက ပြေးလာတဲ့လူဆို လက်မခံချင်ကြဘူး တဲ့"
"အင်း အင်း.. ဒါဆို မင်းဘာသာ ကြည့်ပြောပေါ့"
"ဟုတ်ကဲ့... ဟာ၊ အခုမှ သတိရတယ်။ ငမြတ်ကျော်က ပယောဂထုတ်တဲ့ ဆရာပဲ။ ရွာကိစ္စ သူ့ကို မေးကြည့်ရမှာ မေ့နေတယ်"
ခပ်ဖြည်းဖြည်းသာ စီးသွားကြသဖြင့် နွားရိုင်းသွင်းချိန်၌ မြစ်ခြေရွာသို့ ချည်းကပ်မိကြသည်။ ငမြတ်ကျော်၏ တဲမှာ ရွာထိပ်တွင်ပင် ရှိရာ သူတို့အတွက် ပို၍ အဆင်ပြေသွား၏ ။
ငကံက သူတို့နှစ်ဦးသည် နေပြည်တော်မှ လာကြကြောင်း၊ သူတို့ရွာတွင် တောဝင်နေသည် ဆို၍ ဖြေရှင်းပေးရန် လာကြခြင်း ဖြစ်ကြောင်းနှင့် သူငယ်ချင်းဖြစ်သူမှာ ပယောဂဆရာ ဖြစ်နေသောကြောင့် မြစ်ခြေသို့ ဦးစွာ ဝင်လာခဲ့ခြင်းဖြစ်ကြောင်း ပြော၏ ။ လက်ျာဘီလူးကတော့ ဘာမှမပြော။ နားထောင် တွေးတောသမား သက်သက်။
"ငါလည်း သတင်းကြားသားပဲ။ ဒါပေမယ့် အဲဒီလောက်ကြီး ဆိုးတာကျ ငါလည်း မနိုင်ဘူး။ ဘယ်ကစလို့ ဘာဖြစ်မှန်းမှ မသိတာ။ အကြောင်းရင်း သိရရင်တော့ လုပ်ကြည့်ရမှာပေါ့"
"ဒါဆို အကြောင်းရင်းကို သိအောင် လုပ်ရမှာပေါ့"
ငမြတ်ကျော်ကတော့ သူတို့ကို ကောင်းမွန်စွာ တည်းခိုနေရာချထားပေးပါ၏ ။ ငမြတ်ကျော်၏ နှမမှာ ငကံနှင့် ရင်းနှီးသူဖြစ်ရာ ညရောက်သောအခါ ငကံအနား ကပ်ကာ တီးတိုးဆိုလေသည်။
"ကိုကြီးကံ၊ ဟိုလူကြီးက ကြောက်စရာကြီးနော်။ စကားလည်း မပြောဘူး။ မျက်လုံးတွေကလည်း ပြောင်နေတာပဲ။ ရင်နဲ့ ကျောက အရုပ်ကြီးတွေကလည်း ကြောက်စရာကြီး။ အသက်ဝင်နေသလားတောင် အောက်မေ့ရတယ်။ အငွေ့တလူလူ ထွက်လို့"
"ဟေ.. ညည်းလည်း အငွေ့ထွက်တယ်လို့ မြင်တာပဲလား။ ငါတစ်ယောက်တည်း မြင်နေရသလို ဖြစ်တယ် ထင်နေတာ။ ဘယ်တုန်းက မြင်လိုက်တာလဲ"
"စောနက ရေချိုးဆင်းလာတုန်း တွေ့လိုက်တာ။ သူက မကြည့်ပေမယ့် ဘီလူးကြီးတွေက လိုက်ကြည့်နေတယ်တော့်"
"သူ့မင်သေ့ရုပ်တွေ အသက်ဝင်လွန်းတာတော့ အမှန်ပဲ။ အသက်ရှူလိုက်ရင် ဒေါသထွက်နေသလို ထင်ရတယ်"
"ဒါနဲ့ တော့်လူကြီး နေမှ ကောင်းရဲ့လား မသိဘူး။ တစ်ကိုယ်လုံး ရဲနေတာပဲ။ နွေးနွေးထွေးထွေး နေခိုင်းဦးတော့်။ အနောက်တောင်ထောင့်က မိုးသားတွေ တက်ပြီး လျှပ်စီးလက်နေတာ၊ ညကျ မိုးကြီး ရွာကိုရွာချမှာပ"
ထိုညက မိုးကောင်း၏ ။ နောက်တစ်နေ့တွင်ပါ တစ်နေ့လုံး မိုးစွေနေသည်။ မိုးထဲ ရေထဲတွင် ကလူကလဲမှ လိုက်လာသည့် ကာလသားတစ်ယောက် ရောက်လာသေးသည်။ ထိုသူ၏ အမည်မှာ ဖိုးမှန်။
"သည်လို ကိုရင်ငကံ"
ကိုရင်ငကံဟု ဆိုသော်လည်း ဖိုးမှန် အဓိက ဦးတည် ပြောသည်က ငမြတ်ကျော်ကို ဖြစ်လေသည်။
"လွန်ခဲ့တဲ့ သီတင်းလေးပတ်ကျော်က ဖွားရွှေကျင် ဆုံးတယ်။ သူဆုံးတာက သွေးရိုးသားရိုးပါပဲ။ ချွဲကြပ်တာတဲ့။ အဲ.. သူဆုံးပြီး ၂ ရက် ၃ ရက်နေတော့ မပိုးဆိုတဲ့ ကောင်မလေး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်။ မပိုးနဲ့ ကျုပ်က ဟိုဗျာ.. ရည်ငံနေတာ ကြာပြီ ဆိုပါတော့"
"အင်းး"
"မပိုးဟာ သူ့ဘာသာ သတ်သေမယ့်သူမျိုး မဟုတ်ဘူး။ သူက အလွန်ကြောက်တတ်တာ၊ ပိုးပုရွက် ပင့်ကူအစ တစ္ဆေတဘက်အဆုံး သူမကြောက်တာ မရှိဘူးဗျာ။ ဘုရားတရားလည်း သိပ်လုပ်တယ်။
အဲဒီနေ့က ဘုန်းကြီးကျောင်း ဆွမ်းတော်အုပ်ပို့၊ ဥပုသ်စောင့်ပြီး ပြန်လာတာတဲ့။ ကျုပ်နဲ့ လမ်းမှာ တွေ့လို့ ပြောသွားတယ်။ ကောင်းကောင်းမွန်မွန်ပဲ၊ သတ်သေစရာ ဘာအကြောင်းမှ မရှိတာဗျာ။ အဲဒီကိစ္စ ကျုပ် အခဲမကျေဘူး။ ရွာက လူတွေကလည်း အသုံးမကျဘူး။ ဒါ့ကြောင့် နေပြည်တော်က ဗိုလ်လေး ရောက်တုန်း လာပြောပြတာပဲ"
"ကောင်းပြီ၊ ကိုရင်ဖိုးမှန်.. မပိုးကိစ္စအတွက် လိုအပ်ရင် ကျွန်တော်တို့ကို ကူညီနိုင်မလား"
"ဟာ.. ကူညီချင်လို့ တကူးတက လာပြောတာဗျာ။ ဘာပဲ လုပ်ရ လုပ်ရ လိုအပ်တာသာ ပြောပါ။ မဖြစ် ဖြစ်အောင် လုပ်ပေးပါ့မယ်"
ငမြတ်ကျော်က
"မပိုး ဘယ်နေရာမှာ မြှုပ်ထားလဲ အတိအကျ သိသလား ကိုရင်"
"သိတာပေါ့ဗျာ"
"တကယ်လို့ သူ့မြေပုံကို ပြန်တူးပြီး အကောင်ကို ဖော်ဖို့ လိုအပ်တယ် ဆိုရင်ကော"
"ဗျာ.."
(ဆက်ရန်..)   တောဝင်ခြင်း (၃)


Written by သင်္ခရာဇာ

End date: June 11, 2021

တောဝင်ခြင်း (၁)

လက်ျာဘီလူး ဝင်လာတော့ ကလူကလဲရွာလေးမှာ ထူးထူးခြားခြား တိတ်ဆိတ်နေ၏ ။ မိုးရွာထားသောကြောင့် လူတွေ မထွက်ကြခြင်းမျိုး မဟုတ်ဘဲ တစ်စုံတစ်ခုသော အကြောင်းကြောင့် ငြိမ်သက်နေကြသလို ထင်မိသည်။

သူသည် မြင်းကို ဆွဲကာ လူရှိမည် ထင်ရသော အိမ်တစ်အိမ်ရှေ့၌ ရပ်၍ အော်လိုက်၏ ။
"အိမ်ရှင်တို့ ရှိကြပါသလား ခင်ဗျာ"
အတန်ကြာ တိတ်ဆိတ်နေခဲ့သည့် တဲအိမ်ကလေး ငြိမ့်ခနဲ ဖြစ်သွားသည်။ အိမ်ထဲမှ ကြက်တောင်စည်းနှင့် သျှောင်ပေစူး ကလေးငယ်နှစ်ဦး ချောင်းကြည့်ကြသည်ကိုလည်း တွေ့ရပြီး ခေါင်းကလေးများ ပြန်ဝင်သွားကြသည်။
"လာပြီ.. လာပြီ"
အိမ်အတွင်းဘက်မှ အသံ ထွက်လာလျက် ထမီရင်လျားနှင့် မိန်းမတစ်ဦး ပေါ်လာသည်။
"ဘာပါလိမ့်ကွယ်၊ ဧည့်သည်လား။ ဒီကာလကြီးမှာကွယ်"
"လူတစ်ယောက်ကို စုံစမ်းချင်လို့ပါ"
မိန်းမကြီးက စူးစမ်းအကြည့်ဖြင့် ဆင်းလာ၏ ။
"ဒီရွာမှာ ငကံ ဆိုတဲ့သူ ရှိသလား လို့ပါ။ အရင်က မင်းမှုထမ်းဖူးတဲ့ ငကံလေ"
"သြော်.. သိတယ်။ ရှိတယ်၊ သူ့အိမ်က ဟိုဘက်ခြမ်းမှာပဲ။ သည်ရှေ့က လမ်းအတိုင်း လိုက်သွား၊ ညောင်ပင်နဲ့ လမ်းထဲ ချိုးဝင်လိုက်ရင် ရေအိုးစင်ကလေးနဲ့ ဝိုင်းက သူတို့ဝိုင်းပဲ"
"ဟုတ်ကဲ့.. ကျေးဇူးပါခင်ဗျာ"
မိန်းမကြီးက ခပ်သုတ်သုတ် ပြန်တက်သွားရင်း နှုတ်မှလည်း ဖတ် ဖတ် ဟု ရေရွတ်သွားသေးသည်။ ထိုစဥ် သူ့နောက်မှ ရောက်နေသော အသက် ၅၀ ခန့် အဒေါ်ကြီးတစ်ယောက်က ပြောင်းဖူးဖက် ဆေးလိပ်ကြီးအား တစ်ဖက်မှ ဖွာလျက် ကျန်လက်တစ်ဖက်က ခြံစည်းရိုးတိုင်ပေါ် လက်ထောက်လိုက်ပြီးလျင်
"ဟဲ့.. သူငယ် ၊မင်းက ဘယ်သူလဲ။ ဘယ်ကလဲကွဲ့"
သူက လာရောက်မေးမြန်းသော အဒေါ်ကြီးဘက် လှည့်၍ ခါးညွှတ်ကာ
"ကျွန်တော့်အမည် လက်ျာဘီလူးပါ"
"အောင်မယ်လေးတော်.. နာမည်ကလည်း"
ထိုအဒေါ်ကြီးသည် ရုတ်တရက် အော်ဟစ်လျက် လှည့်ပြေးသွားပြီး မျက်နှာချင်းဆိုင်ရှိ အိမ်ပေါ် တဒုန်းဒုန်း ပြေးတက်သွားရာ လက်ျာဘီလူး ငေးကြောင် ကျန်ခဲ့၏ ။
"ဘာများ ဖြစ်လို့ပါလိမ့်"
မြင်းကို ဆွဲရင်း လှည့်ထွက်မည်ပြုစဥ် ထိုအိမ်ပေါ်မှ အဒေါ်ကြီးအသံ ထွက်လာပြန်သည်။
"ဟဲ့.. ကလေးတွေ၊ ဘယ်သွားနေကြလဲ။ မြန်မြန်လာကြစမ်း။ ခု အိမ်ပေါ်တက်ခဲ့"
ခေါ်သံကြောင့် အကွယ်မှ ကလေးတစ်ဦး ပြေးထွက်လာပြီး လက်ျာဘီလူးနှင့် မြင်းကို ကြည့်ကာ ကြောက်လန့်တကြား အိမ်ပေါ်ပြေးတက်ပြန်လေ၏ ။ သို့ရာတွင် လှေခါးထိပ်ရောက်ပါမှ ခြေချော်နင်းမိလျက် နံဘေးသို့ ယိုင်သွားပြီး အိမ်အဝတွင် ချိတ်ထားသည့် ပိုက်ကွန်နှင့် လုံးထွေး ငြိယှက်နေသည်။
ကလေး၏ လန့်အော်လိုက်သံ ကြားသော်လည်း အဒေါ်ကြီးမှာ ထွက်မလာချေ။ ကလေးက ဝူးဝူးဝါးဝါး အော်ဟစ်နေသဖြင့် လက်ျာဘီလူးလည်း ထိုခြံဝင်းထဲ ဝင်သွားလိုက်ပြီး ကလေးကို ဆွဲထုတ်ပေးရန် ကြိုးစား၏ ။ ကလေးမှာ ရုန်းကန်နေ၍ ပိုမိုရှုပ်ထွေးနေသည်။
ကလေး တစ်ကိုယ်လုံးကို ငုံးထောင်သည့် ပိုက်ထဲမှ ဆွဲထုတ်ပြီးသောအခါ ခြေကျင်းဝတ်တွင် ပိုက်ကြိုးများက တင်းကြပ်စွာ ရစ်ပတ်နေကြောင်း တွေ့ရလေသည်။
"ဒီကြိုးကိုတော့ ဖြတ်မှ ဖြစ်လိမ့်မယ်"
သူက ကလေးကို အသိပေး၍ ကျော၌ လွယ်ထားသော ဓားကို ဆွဲထုတ်လိုက်လျင် အိမ်ပေါ်မှ လန့်အော်လိုက်သံ ဗလုံးဗထွေးကို ကြားရပြန်၏ ။ သူကမူ ဂရုမစိုက်တော့ဘဲ ကြိုးကို ကြိတ်လှီးလိုက်ရာ ကလေးမှာ လွတ်သည်နှင့် လှေကားအတိုင်း လျင်မြန်စွာ လေးဘက်ထောက် တက်သွားတော့၏ ။
သည်ရွာမှာ ရဲမက်တွေ ရမ်းကားနေသလား၊ ခိုးသားဓားပြ ဆူပူထကြွ မင်းမူနေသည်လားဟု တွေးရင်း ငကံအိမ်ရှေ့ ရောက်လာသောအခါ နွားတင်းကုပ်ဝယ် အဖိုးအိုတစ်ဦးကို မြင်သဖြင့်
"ဗျိုး.. ဘကြီး၊ ဒါ ငကံတို့ အိမ်များလားခင်ဗျ"
အဖိုးအိုသည် လှည့်ကြည့်လျက်
"ဟုတ်တယ် မောင်၊ ငကံတော့ မရှိဘူး။ နွားစာ ပြောင်းရိတ်သွားတယ်။ လာလုပါပြီ"
အဖိုးအိုကပင် သူ့ကို ဧည့်ခံ၏ ။
"ကျွန်တော်က သူ့တပ်မှူးပါ။ ငစံလို့ ခေါ်ပါတယ်"
"အို.. မောင်ကံ ပြောပြောနေတဲ့ တပ်မှူးကြီးလား။ လက်ျာဘီလူး ဆိုတာ၊ တွေ့ရတာ ဝမ်းသာပကွယ်"
"ဟုတ်ပါတယ်။ သူ ရွာပြန်သွားတယ် ကြားလို့"
"မယ်ရင်ရေ.. မယ်ရင်၊ ဒီမှာ ဧည့်သည် ရောက်နေတယ်ဟေ့။ ရေနွေးကြမ်းအိုး ဖြည့်ခဲ့ပါဦး"
အိမ်နောက်သို့ အော်လည်းအော်၊ ကွမ်းအစ် ဆေးလိပ်တောင်းတို့ကိုလည်း သူ့ရှေ့ တည်ခင်းလျက်မှ
"ဟုတ်တယ်မောင်ရေ၊ မောင်မရှိတော့လို့ ဆိုပြီး သူလည်း နေပြည်တော်မှာ သိပ်မနေပါဘူး။ ပြန်လာတာပဲ။ မင်းမှုမထမ်းချင်တော့ဘူး ဆိုတာပဲ"
"လာပြီ ကိုဖိုးစီရေ၊ ဘယ်က ဧည့်သည်များပါလိမ့်။ အနီးနားကတော့ မလာပါဘူး။ တောင်သာဘက်ကများ.. အလို"
အိမ်နောက်မှ တစ်အိုးလုံးမည်းနေသည့် ရေနွေးအိုးကိုင်လျက် ထွက်လာသူ အဘွားအိုက တိုင်တွင် ချည်ခဲ့သော မြင်းကို မြင်ပြီး အံ့သြသွား၏ ။
"မောင်ကံ့တပ်မှူးတဲ့ဟေ့။ နေပြည်တော်က လာတာတဲ့"
အဘွားအိုက သူ့နားဝင်ထိုင်ပြီး ဦးချမည် ပြုသဖြင့် အလျင်အမြန် ထကာ ဆွဲထားရ၏ ။
"အရင်က တပ်ဗိုလ်ကြီးတွေ လာပြီး လူသစ်စုဆောင်းရင်တော့ သည်လိုပဲ ရှိခိုးကြရတာကိုးကွဲ့"
အဖိုးအိုက ဝင်ပြောပေးသည်။
"မလိုပါဘူးဗျာ။ ကျွန်တော်က သာမန်လူပါ"
"ဘယ်က သာမန်ပါ့မလဲ လူလေးရဲ့။ ဘုန်းကံရှင် အလောင်းမင်းတရားကြီးရဲ့ သက်တော်စောင့် အကြီးအမှူးဆို။ တပ်ပေါင်းဗိုလ်ချုပ်ကြီးလည်း ဟုတ်တယ်လို့ မောင်ကံက ပြောတယ်။ အိမ်ရှေ့မင်းတောင် သူ့လောက် အရာမရောက်ဘူး ပြောတာပ"
"ဒါတွေက ပြီးခဲ့ပါပြီ။ အခု ကျွန်တော်က သာမန် ဗိုလ်အဆင့်ပါပဲ။ အမှန်ဆို အိုးစားဖက်ပဲ ဖြစ်ရမှာ၊ အရင်က အသိအကျွမ်းတွေကြောင့်သာ"
သူတို့ စကားစမြည် ပြောဆိုကြ၍ အတန်ကြာလျင် ခြံထဲ နွားလှည်းတစ်စီး မောင်းဝင်လာပြီး
"ဟာ... တိမ်ပျံကြီး"
ကွပ်ပျစ်ပေါ် ထိုင်နေသည့် လက်ျာဘီလူးက လှည်းမောင်းလာသည့် တောသားကြီး ငကံကို ပြုံးကြည့်နေသည်။ ငကံသည် ခေါင်းပေါင်းကို ဆွဲဖြုတ်လိုက်ကာ နွားများကို ကျွတ် ကျွတ် ကျွတ် ဟု စုတ်သပ်ရင်း လှည်းမရပ်မီပင် ပြေးဆင်းလာ၏ ။ သူ၏ အဘ အဖိုးအိုက လှည်းသွားဖြုတ်နေစဥ် ငကံကတော့ လက်ျာဘီလူးအနီး ဝင်ထိုင်ပြီး
"တပ်မှူး မသေသေးဘူးပေါ့၊ ဝမ်းသာလိုက်တာဗျာ"
"ငကံတောင် တကယ့် ယာသမားကြီး ပြန်ဖြစ်နေပြီပဲ"
"တပ်မှူးလည်း ပိန်သွားပြီး အတော်ရင့်သွားတယ်နော်"
"အေးကွာ၊ ငါ့မှာ သည်အတောအတွင်း အငတ်ငတ် အပြတ်ပြတ် ဖြစ်တာ များနေတယ်"
လက်ျာဘီလူးက ရယ်၍ ပြောလိုက်ခြင်း ဖြစ်သော်လည်း ငကံကတော့ စိတ်မကောင်း ဖြစ်သွားရ၏ ။ ယခင်က နုနယ်လှသော တပ်မှူး၏ ရုပ်ရည်သွင်ပြင်မှာ ယခုအခါ များစွာ ခြားနားခဲ့ပြီ။ ရင့်ကျက်တည်ငြိမ်လာခြင်းနှင့်အတူ မျက်နှာလည်း အတော်ကျသွား၏ ။ အသားညိုမောင်းလျက် နီနေသည်ဟုပင် ထင်ရသည်။ ထူးခြားသည်မှာ သူ့ကိုယ်မှ အခိုးများပင် ထွက်နေသလိုလို ထင်ရခြင်း ဖြစ်သည်။
"တပ်မှူး ရင်ဘတ်မှာ.. ဟို ဘီလူးရုပ်ကို ထပ်ထိုးလာတာလား"
"ဟုတ်တယ်၊ ရှမ်းပြည်မှာတုန်းက ဆရာတော်တစ်ပါး ထိုးပေးလိုက်တာ"
"ကျွန်တော့် မျက်စိထဲမှာ အဲသည်က အခိုးအငွေ့တွေ ထွက်နေသလိုပဲ"
ဟု ဆိုလျက် ဖျင်အင်္ကျီကို ဆွဲဟ ကြည့်၏ ။
"ဘီလူး မျက်လုံးတွေက ထွက်နေတာပဲ"
"မထွက်ပါဘူးကွာ၊ မင်း အပူထဲက ပြန်လာလို့ပါ"
"အဘ.. အဘရော သူ့ကိုယ်က အခိုးတွေ မြင်လား"
"ဟေ.. မမြင်မိပါဘူးဟ"
အဖိုးအိုက နွားဆွဲရင်း မျက်လုံးကို လက်ဖြင့်ကာ၍ ကြည့်နေသေး၏ ။
"အေး.. ငါကလည်း ထူးဆန်းတာ မေးရဦးမယ်။ မင်းတို့ရွာမှာ တစ်ခုခု ဖြစ်နေတယ် မဟုတ်လား။ ဘာကို ခြောက်ခြားနေကြတာလဲ"
"တပ်မှူးက ဘယ်လိုလုပ် သိလဲ"
"ငါ လာတော့ နေတောင် မကျသေးဘူး၊ လူတွေ တိတ်ဆိတ်လို့။ တွေ့တဲ့သူတွေလည်း ထိတ်ထိတ်ပျာပျာနဲ့.. မဟုတ်မှ လွဲရော.."
သူက စဥ်းစားရင်း ပြောရာ ငကံက
"တပ်မှူး မှန်းကြည့်လေ၊ ဘာဖြစ်မလဲ"
လက်ျာဘီလူးက အပြင်ကို ငေးရင်း တစ်စုံတစ်ခုကို နားစွင့်နေရာမှ
"မင်းတို့ရွာ တောများ ဝင်နေသလား"
..............................................

Written by သင်္ခရာဇာ

End date: May 25, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...