''ကသည်းတို့သည် တိုက်ရည်ခိုက်ရည်တွင် ကွေ့တို့နှင့် အတူ။ ကသည်းစော်ဘွားလည်း အင်အားကြီးလှသည်။ မင်းကြီး မင်းထင်နော်ရထာတွင် ထည့်လိုက်သည့် တပ်များကို အင်အားဖြည့်တင်းသင့်ပါကြောင်း''
''ငစံကို လွှတ်လိုက်သမျှ လှည့်ကြည့်ရသည် မရှိ။ အလိုတော် ပြည့်သည်ချည်း ဖြစ်သည်။ မင်းတို့ သူ့အတွက် နောက်ဆံမငင်နှင့်။ မင်းကျော်အာကာ တပ် အင်အားနည်းသည်ကိုသာ ဖြည့်ချီစေ'' ဟု အမိန့်တော် မှတ်လေသည်။
……………………………………
. အမိန့်တော်ရ၍ စစ်ချီရန် ပြင်ကြသောအခါ ဗိုလ်မှူးချုပ် မင်းထင်နော်ရထာသည် သူ့တပ်များကို ဤသို့ ပြင်ဆင်၏ ။
''ယခု တိုက်မည့် ကသည်းတို့သည် တလိုင်းတို့ကဲ့သို့ မဟုတ်။ တောကျွမ်းသလောက် မြင်းစီးကျင်လည်သည် ကြား၏ ။ ငါတို့ကျေးဇူးရှင် ဟံသာဝတီပါမင်း၏ တပ်များနှင့် တိုက်လံကြသည့် ပွဲတိုင်း အင်းဝတပ်များ အရေးရသည် မရှိ။ တိုက်တိုင်းပင် ရှုံးကြရသည်။ သူတုိ့ ပရိယာယ် မည်သို့ ရှိမည်ကို ငါတို့ မသိသေး။
ကသည်းတို့တွင် လေးတပ်သည် ငါတို့ သေနတ်အစုကဲ့သို့ အစွမ်းထက်လှသည်။ ထို့ကြောင့် ဒိုင်း အစား လွှား၊ ကာ များကိုသာ ချောင်းကြည့်ပေါက်၊ သေနတ်ပေါက်များ ဖောက်၍ ဆောင်ကြစေ။ ငါတို့က အင်အားနည်းသည်။ သူတို့က အင်အား ဆယ်ဆမက ကြီးလိမ့်မည်။ တိုက်ပွဲကြာလျင် အရေးလှမည်မဟုတ်။ ထို့ကြောင့် ငါတို့လူ မည်သူမှ မထိမပါးစေနှင့်။
ကသည်း လေးတပ် နှင့် မြင်းတပ်တို့သည် ငါတို့ ခြေထောက်ကို အန္တရာယ် ပြုနိုင်မည်မဟုတ်။ အပေါ်မှ လာမည့် ရန်ကို လွှား၊ ကာ မိုးလျက် အတွင်းမှသာ သေနတ်ဖျော်ဖျော် လွှတ်ကြသော် ငါတို့ကို မထိမပါးလျင် ကသည်းမြင်းတပ် ထွက်လာရမည် မချွတ်။
အစ်ကိုတို့သည် တင်ကျည်းတုတ်ကို ထိပ်ချွန်၍ လက်တစ်ဖောင်မက (၁၀ ပေ ၁၂ ပေခန့်အထိ) ရှည်ရှည်ခုတ်။ ကသည်းမြင်းတပ်လာလျင် မည်သူမျှ ထောင်မကိုင်ဘဲ တုတ်ကို ချိုင်းကြားညှပ်ပြီး ခိုင်ကျည်စွာ ရှေ့တူရူသို့ ချိန်ထားကြရမည်။ အစ်ကိုတို့ တုတ်အရှည်ကို သူက မသိလျင် ရဲရဲ တိုးဝင်လာလိမ့်မည်။
သေနတ်တစ်ကမ်း လွန်လျင် သူတို့ မြင်းတပ် ရှိရာသို့ ငါတို့လည်း လွှတ်မည်။ ကာ ကို လေးတပ်နှင့် မြင်းတပ်ရှိရာ မိုး။ ကိုယ်ကို ဝပ်၍ စီး။ တုတ်ကို ချိုင်းတွင်ကပ်၊ တုတ်လွတ်လျင် ကွပ်မည်။ ရှေ့လူက သူတုိ့မြင်းသည်ကို ထိုးပြီးသော် မြင်းကို ဘေးသို့ ဖဲခွာစေ။ နောက်လူက ဆက်ထိုးကြရမည်။
ထိုသို့ပြုပြီး သူတို့ အင်အားနည်း ထိတ်လန့်မှ ဝင်တိုက်မည်။ သေနတ်သမားကလည်း သေနတ်နှင့်၊ လှံကိုင်ကလည်း လှံနှင့်၊ အကြပ် တပ်မှူးများကလည်း ဓားမိုး၍ လိုက်။ မည်သူမျှ နောက်ပြန်မလှည့်ရ။ ခြေဦးလှည့်လျင် ခုတ်၊ တန့်နေလျင် နောက်တွန့်လျင် ခုတ်။ ငါ့အမိန့်။ ငါ့ အရိပ်အခြေကို ကြည့်၍ တိုက်။ ငါမရပ်မချင်း လိုက်ကြ''
တင်ကျည်းကိုင် မြင်းတပ်သားများနှင့် သေနတ်သမားများလည်း အားလုံး အာမခံကြသည်။ ထိုအတိုင်း စီရင်၍ စစ်ဘုရင် မင်းထင်နော်ရထာက မြင်း ၁၂၃ စီးနှင့် လက်ဝဲကြောင်း၊ ဗိုလ်ချုပ် မင်းလှနော်ရထာမှာ သေနတ် ၇၁၀ နှင့် လှံကိုင် ၂၄၀ လက်ယာကြောင်းဖြင့် သွားကြ၍ ကွန်တောင်အလွန် ပင်သာရွာ မြောက်ဘက်အရောက် ကသည်းစော်ဘွားသား မြင်း ၃၀၀ လေးကိုင် ၃၀၀၀ ကျော် တပ်များနှင့် ညနေ ၃ ချက်တီးခန့်တွင် တွေ့၍ တိုက်ကြသော် အထိအခိုက် အသေအပျောက် အလွန်နည်း၍ အရေးတော် လှကြရလေသည်။
ကသည်းတို့လည်း မြင်း ၅၀ လူ ၅၀၀ ကျော် သေသည်နှင့် နေမဝင်မီ တပ်ပျက်၍ ပြေးကြ၏ ။ မင်းထင်နော်ရထာ တို့လည်း သောင်သွပ်ကြောင်း ချီလာသည့် မင်းခေါင်နော်ရထာ တပ်များနှင့် တွေ့လျင် ပေါင်း၍ စခန်းချ ရပ်တန့်နေကြလေ၏ ။
(တစ်မျက်နှာ ဝတ္ထုတို)
Written by သင်္ခရာဇာ
End date: April 28, 2022