ဆရာတော် ခေါင်းခဲနေ၏ ။ ထိုအကြောင်းကို စဥ်းစားနေမိသည်မှာ လေးငါးဆယ်ရက်မျှ မကပြီ။ အခြားဟုတ်ရိုးလား၊ မောင်ကျောင်းသားငယ် ငစံ ကြောင့် ဖြစ်သည်။
သည်ကလေးမှာ အတိတ်နိမိတ်နှင့် လာသူ ဖြစ်သော်လည်း ရောက်စ၌ အနေအေး၍ လိမ္မာရေးခြား ရှိလိမ့်မည် ထင်ခဲ့သည်။ တစ်ချိန်ချိန်တွင် အလွန်ကြမ်းတမ်းလာနိုင်သည်ကို သိထားနှင့်ငြား ယခုလို ဆိုးရွားလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့။
သင်းကို ဘုန်းကံရှိသူ၊ အစွမ်းထက်မြက်သူ ဖြစ်လာမည်ဟု မျှော်လင့်ခဲ့ရာ ယခု သင်းလုပ်ပုံများက ထိုသို့မဟုတ်ဘဲ ကောက်ကျစ်စဥ်းလဲခြင်း၊ မဟုတ်မဟတ် ကြံစည်လုပ်ကိုင်တတ်ခြင်း၊ လူတစ်ယောက်အား အဆုံးစွန်ထိ လုပ်ပစ်တတ်ခြင်း စသည်တို့ကို အရွယ်နှင့်မလိုက် လုပ်တတ်နေသည်။
တစ်ခါတစ်ရံ၌ သူဉာဏ်ကွန့်မြူးပုံများသည် ထက်မြက်ပါသည် ဆိုသော ကိုရင်ကြီးများကပင် အံ့သြရလောက်အောင် မထင်မှတ်သည်တို့ ရှိတတ်၏ ။ အကောင်းကား မဟုတ်၊ သူတစ်ထူးတို့အား ဒုက္ခရောက်စေရန် ကပ်သီးကပ်သပ် ကြံတတ်လွန်းနေခြင်း ဖြစ်သည်။ လုပ်ရာတွင်လည်း အသက်ကိုပင် ရန်ရှာပြီးလျင် သွေးအေးအေးနှင့် ခေါင်းခံတတ်သေး၏ ။ သူ့ကြောင့်ပင် အဖော်များပါ လက်ရဲဇက်ရဲ ရှိလာကြလေပြီ။
သင်းကို ထိန်းနိုင်မှ ဖြစ်တော့မည်။ မောင်ဇောတိကလည်း မနိုင်၊ ပဥ္စင်း မောင်ခင်လည်း လက်မြှောက်ထားရပြီ ဖြစ်၍ ငစံ၏ တာဝန်က ဆရာတော်အပေါ် ပုံကျလာသည်။ ကလေးကို ကျောင်းထုတ်၍ မိဘထံ ပြန်အပ်လိုက်ပါက အချိန်မတိုင်မီ ပျက်စီး ဆုံးရှုံးရကိန်း မြင်နေသည်။
တစ်နေ့တွင် ဆရာတော်သည် တောကျောင်းဘုန်းတော်ကြီးတစ်ပါးထံသို့ ၂ ရက်ခရီး သွားရာ ငစံကို နောက်ပါအဖြစ် ခေါ်သွား၏ ။ လှည်းယဥ်ဖြင့် တစ်ရက်၊ ခြေလျင်တစ်ရက် တောကြီးအတွင်း ဝင်ပြီးလျင် သစ်ပင်ကြီးများ အုပ်ဆိုင်းနေသည့် တောကျောင်းငယ် ယိုင်နဲ့နဲ့ကို မြင်ကြရလေသည်။
ဆရာတော်က သူငယ်ချင်းဟောင်း ဘုန်းကြီးကို အပြင်မှ ခေါ်ရာ တောအုပ်ကလေးထဲမှ ရဟန်းတစ်ပါး ထွက်လာ၏ ။ သက်တူရွယ်တူ မထေရ်နှစ်ပါး တဲကျောင်းလေးပေါ် တက်သွားသောအခါ ငစံငယ် မြေပေါ်ထိုင်၍ ကျန်ခဲ့သည်။
"အဖြစ်ကတော့ သည်သူငယ်ကို ကြည့်ရှုထိန်းမတ်ပေးဖို့ပဲ ကိုဘုန်းရေ၊ ကျုပ် မပြောခင် တစ်ချက် ကြည့်ပါဦးတော့"
တောကျောင်းဘုန်းကြီးက ငစံ၏ ရုပ်ရည်သွင်ပြင်ကို အကဲခတ်နေရာမှ အနီးသို့ခေါ်ကာ လက္ခဏာ ဖတ်လေတော့သည်။ ထို့နောက် အားမရဘဲ အင်္ကျီချွတ်ကာ လှည့်ပြခိုင်းပြန်၏ ။ ပြီးလျင် ခြေဖဝါးကိုပင် ဆွဲယူ၍ ကြည့်သည်။ တံတောင် ဖနောင့် လက်ချောင်းများလည်း မကျန်စေရ။ အလွန် စေ့စပ်သေချာသည့် ဘုန်းကြီးပါပေ။
"နင်နဲ့ငါ နောက်တစ်ကြိမ် ပြန်တွေ့ရဦးမှာပဲ။ အဲဒီအခါ တစ်ဦးကိုတစ်ဦး မှတ်မိကြမှာ မဟုတ်ပေမယ့် နင့်ဆီက ပစ္စည်းတစ်ခုကို မြင်ရမှ ငါ့ခရီးလမ်းလည်း ဆုံးရတော့မယ်။ ယခုတော့ ပညာကို ဖြည့်ကျင့်ဆည်းပူးထားရမှာပေါ့လေ။ အင်း.."
"ကိုဘုန်း ဘယ်လိုထင်လဲ"
"သူက လူ မဟုတ်ဘူး"
"လူမဟုတ်ရင် ဘာဖြစ်မလဲ"
"လူတော့ လူပဲ၊ လူလက္ခဏာ မရှိဘူး။ နတ်လိုလို ဘီလူးလိုလို စက်တွေ ပါနေတယ်။ ဗွေဆိုးမယ်၊ အသက်တိုမယ်"
"ဒါတွေ မဟောပါနဲ့။ ကျုပ်လည်း သိတန်သလောက် အကဲခတ်မိပါတယ်။ အခု သူ့ဘဝအတွက် ဘယ်လို လုပ်သင့်သလဲ ဆိုတာ လာပြတာ"
"ကိုရင်က ကျုပ်ဆီက အထိန်းဆေး လိုချင်လို့ မဟုတ်လား"
"မှန်တာပြောရ ဟုတ်ပါ့ ကိုဘုန်းရဲ့၊ ကျုပ်ထံမှာ အာဠာဝကဆေး ကျွမ်းကျင်သူတော့ ရှိပါတယ်။ သင်းကလေးကို ပိုကြမ်းတမ်းသွားစေမစိုးလို့ ထိန်းတဲ့ အင်းနဲ့ ဆေးမှုန့်လေးများ ရမလား လာခဲ့တာပဲ"
"ရတာက ရပါတယ်၊ ဆေးတွေက အတော်ရှားပါး အဖိုးတန်တာမို့ သည်တစ်ညတော့ စဥ်းစားပါရစေဦး။ ကျုပ် သူ့ကိုလည်း ကြည့်စမ်းပါဦးမယ်"
တစ်ည ဆိုသော်လည်း ထိုကျောင်းကလေးတွင် ၃ ရက်ခန့် ကြာသွား၏ ။ ဆရာတော်နှစ်ပါး ဆွေးနွေး နှီးနှောနေကြသမျှကို ငစံငယ် တစ်လုံး တစ်ပါဒမျှ နားမလည်။ လုပ်ရပ်လမ်းတွေ၊ အဂ္ဂိရတ်စာချိုးတွေ၊ သတ္တုတွေနှင့် ရှုပ်နေကြသည်။ နီနီဝါဝါ ဖြူဖြူပြောင်ပြောင် အချောင်း အမှုန့်များစွာလည်း လက်များ၌ ပေလူးလျက်။ သူကတော့ တိတ်ဆိတ်ကျယ်ဝန်းလှသော တောအုပ်ကြီးကို သဘောကျနေ၏ ။
၃ ရက်မြောက်သော နံနက်တွင်
"သူငယ်က မဆိုးပါဘူး၊ တော်တတ် ထက်မယ့်သူပါ။ ဆိုးနေတာက ဗီဇပဲ။ စိတ်ထားလေး ဖြူတယ် ပင်ကိုယ်မကောင်းလို့ ပျက်ရမှာ။ သည်တော့ သူ့ကို ပျော့ညံ့မသွားရအောင် အာဠာဝကနဲ့ ပုဏ္ဏက နှစ်နံစပ်ပြီးမှသာ ကျုပ်အထိန်းတော် အပ်ရလိမ့်မယ် ကိုရင်"
"ကောင်းပြီဗျာ၊ အထိန်းအင်းနဲ့ ဆေးများကို သေသေချာချာလေးသာ လုပ်ပေးလိုက်ပါ။ ကျုပ် လေ့လာပြီး ထိုးနှံပေးလိုက်ပါ့မယ်"
"တစ်ခုတော့ ရှိသဗျ၊ ကျုပ် အထိန်းတော်ကြီး ထိန်းထားရင် တော်သင့်သလောက် မတော်၊ ကျော်သင့်သလောက် မကျော်တော့ဘဲ တစ်သက်လုံး လူမသိ သူမသိ အညတြဘဝ ရောက်သွားလိမ့်မယ်။ သူက ဒီလို ဖြစ်ချင်ပါ့မလား"
"သည်ဟာတော့ သူ့ပဲ မေးရမှာပ"
တောကျောင်းဘုန်းကြီးက ငစံကို မေး၏ ။
"မောင်ရင်ငယ်၊ နင်ကြီးသောအခါ ရာဇဝင်ကျော်တဲ့လူဆိုးလူသွမ်း သူရဲကောင်း စစ်သူကြီး ဖြစ်လာချင်သလား။ သာမန် လူကောင်းတစ်ယောက်အဖြစ်ပဲ နေသွားချင်သလား"
ငစံ တွေတွေကလေး စဥ်းစားကာ
"သာမန်လူပဲ ဖြစ်ချင်ပါတယ်။ ဆိုးမိုက်၍ နာမည်မကျော်ချင်ပါ"
"သာဓု၊ သာဓု၊ သာဓု"
တောကျောင်းဘုန်းကြီးက ကျောက်အိုးထဲမှ မွဲပြာပြာ အမှုန့်များကို အရည်တစ်စက် ချလိုက်ရာ အနီရောင်အငွေ့များ ထွက်လာသည်ကို တွေ့ရ၏ ။ ပြီးနောက် ယင်းအမှုန့်မျိုး နောက်ထပ် ၂ ထုပ် ပေးပြန်သည်။ အဝတ်စစုတ်စုတ် တစ်ခုတွင် ဟင်္သာပြဒါး ဆေးနီမှိန်မှိန် ရေးထားသော အထိန်းတော်ဘီလူးအင်းကိုလည်း အထူးတလည် ထိန်းသိမ်းရန် ပြောဆိုကာ အပ်လိုက်သည်။ အပြန်တွင်
"မောင်ညို သူ့ကို သိသလား"
"မသိဘူးဘုရား"
"သူက လောကီလမ်း လိုက်နေတာ ပေါက်မြောက်လုပြီကွဲ့"
"ပေါက်ရင် ဘာဖြစ်တတ်လဲ ဘုရာ့"
"ပေါက်တော့ ထွက်ရပ်လမ်း ရောက်သွားတာပေါ့ကွယ်။ အသက်ရှည်ပြီး နောင်ပွင့်မယ့်ဘုရား ဖူးခွင့်ရလို့ ကျွတ်တမ်းဝင်နိုင်တာပေါ့"
"ယခု တရားကျင့်ရင်ရော ကျွတ်တမ်းမဝင်နိုင်ဘူးလား ဘုရား၊ နောင်ဘုရားရှင်ကို ဖူးမြင်ရမှ ကျွတ်တော့မှာလား"
"ယခုဘဝ မိမိကိုယ်ကိုယ် မယုံလို့ သေချာတဲ့အချိန် စောင့်တာပ မောင်ငယ်။ နောင်ဘုရားပွင့်တဲ့အထိ သက်တမ်းကို ဆွဲဆန့်ထားနိုင်တယ်၊ မသေတော့ဘူးပေါ့ကွဲ့"
"ကြောက်စရာကြီးနော်ဘုရား၊ မတော်လို့ ဓားနဲ့ အခုတ်ခံရရင် လည်ပင်းကြီး ပြတ်ပြီး မသေဘဲ အကြာကြီး နာနေရမှာပဲ"
ငစံ တွေးပုံကို ဆရာတော် ပြုံး၏ ။ ကျောင်းသို့ ပြန်ရောက်သည်နှင့် ဗေဒင် ဝေဒ ဆန်းကျမ်းများ၊ ဆေးကျမ်းများကို မွှေနှောက်ရှာဖွေတော့သည်။ ကျောင်းတွင် မရှိသည်တို့ကို ခင်ကြီးခင်က လှည့်လည်ရှာဖွေ ငှားရမ်းပေးရ၏ ။ အချက်အလက် ပြည့်စုံသောအခါ ငစံကို ရင်ဝ၌ စုတ်ထိုးမည်ဖြစ်ကြောင်း ဆိုရာ ငစံက အကြောက်အကန် ငြင်းတော့သည်။
"မထိုးချင်ဘူးဘုရား၊ အဲဒီပုံကြီး တစ်သက်လုံး ပါသွားမှာ။ မလိုချင်ရင် ပြန်ပြောင်းလို့လည်း မရဘူး"
"ပြောင်းမရလည်း အရေးလား၊ မင့်ကို စွမ်းအောင် ထိုးနှံပေးမှာကွဲ့"
"ဟို ထိုးကွင်းမင်ကြောင်နဲ့ ဦးကြီးသောင်ဆို ပေါင်က ကျားကို ပုတ်ပြီး ခုန်လို့ အကျမတော်ဘဲပေါင်ကျိုးသွားတာ တပည့်တော် မြင်ဖူးတယ်ဘုရား"
"ဟဲ့.. သူက နယ်လှည့်ဆရာနဲ့ ထိုးတာပဲ"
"နယ်လှည့်နေတဲ့သူတောင် မစွမ်းတာ ကျောင်းတွင်းပဲ အာဏာရှိတဲ့ ခင်ကြီးခင်က စွမ်းအောင် ထိုးနှံနိုင်မှာ မဟုတ်ဘူးဘုရား"
ဦးဇင်းခင် စိတ်မရှည်တော့။
"အို.. စကားကြော ရှည်တယ်။ မင့်ကို ကောင်းဖို့ လုပ်တာ ငစံ။ မိဘများကလည်း ထိုးနှံပေးပါ တောင်းပန်ထားပြီးနေမင့်ပဲ။ အံကြိတ်ခံစမ်းပါ"
"တပည့်တော် ဆေးနဲ့ မစွမ်းချင်ဘူးဘုရား"
ဆရာတော်က
"အခုထိုးမှာက ငုပ်နေတဲ့ မောင့်အစွမ်းကို ဖော်ထုတ်ပေးနိုင်ရုံလောက်ပဲ။ ထူးပြီး စွမ်းတော့မှာမဟုတ်၊ ကျောက အချုပ်ပုံကျမှသာ နောင် လူဆိုးလူသွမ်းကြီး ဖြစ်မလာအောင် အစွမ်းထက်တာ။ မောင်ရင်ငယ်ကို ဒါကပဲ ထိန်းနိုင်မှာ"
ထိုအခါမှ ငစံ ငြိမ်သွားတော့သည်။
ဘီလူးအင်းနှစ်ချပ်ကို ဘေးချ၍ သဲဖြူခင်း ရာဇမတ်ကာ ငှက်ပျောတိုင်များ ဆီမီးများ ဝန်းရံ ထားသည့် အတွင်းထဲဝယ် နံနက်တစ်ချိန် ညနေတစ်ချိန် ထိုးနှံကြရာ သုံးရက်ကြာမှ ပြီးတော့သည်။ ငစံလည်း ဖျားလေတော့၏ ။ ယောင်ယမ်းကာ ကြိမ်းဝါးနေရာမှ စိတ်ကြမ်းဝင်ပြီး ကျောင်းသားတစ်ဦးအား မချီ၍ ကျောင်းပေါ်မှ ပစ်ချသေးသည်။ ကျောင်းသားမှာ ခါးပန်းကို လက်မြဲစွာ ဆွဲထားလိုက်နိုင်သဖြင့် ဘာမှတော့ မဖြစ်ခဲ့။
နလံထစတွင် ခွေးတစ်ကောင်က ထိုးဟောင်ရာ ထိုခွေးနောက် ငစံပြေးလိုက်သွားသည်။ လိုက်နိုင်မည်မထင်၍ ကိုရင်များ ရပ်ကြည့်နေကြ၏ ။ လူရောခွေးပါ မျက်စိရှေ့တွင် ပျောက်သွားတော့မှ အပြေးလိုက်ကြရသည်။ ချောင်းကမ်းပါးတစ်ခု၌ ခွေးကို ဖိကာ အဆက်မပြတ် ထိုးသတ်နေသော ငစံသည် လူစိတ်ပျောက်နေလေပြီ။ သွားရည်တမြားမြားနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏ ။
ဤအမှုကြောင့် ၂ ရက်ခန့် အချုပ်အနှောင် ခံရပြန်သည်။ ကျောင်းအောက် ကျွန်းတိုင်လုံးကြီးဝယ် ကြိုးများဖြင့် တုပ်ထားခြင်း ဖြစ်၏ ။ ၃ ရက်မြောက်သောအခါ မည်သို့ လွတ်လာသည်မသိ ရမ်းပြန်လေသည်။ စဥ့်အိုးကြီးကို နှုတ်ခမ်းမှ ကိုင်လျက် ယမ်းလွှတ်လိုက်ရာ ဆရာတော်၏ အခန်းပြတင်းသို့ ထိမှန်ကွဲအက်လျက် ဝင်သွား၏ ။
"ဒါ ငစံ မဟုတ်ဘူး၊ သူ့ကို တစ်ခုခု ပူးနေပြီ။ ဆေးပဲ လွန်သလား။ ဓာတ်ခံပဲ ကဲနေသလားမသိ။ အထိန်းတော်ကို အမြန်ခေါ်မှ ဖြစ်တော့မယ် မောင်ခင်တို့"
ဆရာတော်က အမိန့်ရှိ၍ ငစံကို ပရိတ်ချည် ရေမန်းများ ရစ်ပတ်စီရင်ပြီး စုတ်ထိုးရန် ပြင်ကြပြန်သည်။ တစ်ကျောင်းလုံး မနေရ၊ အသင့်စောင့်နေကာ ဝိုင်းကူကြရ၏ ။ တောကျောင်းဆရာတော် ပေးလိုက်သော မှိန်ဝါးဝါး ဘီလူးပုံအင်းကို ကျောအပြည့် ထိုးရာ ငစံ မခံနိုင်။ မကြာခဏ မေ့မျောမိန်းမူးသွားတတ်လေသည်။ မျောနေစဥ်ခဏသာ ထိုး၍ ကောင်း၏ ။
အံကြိတ်၍ ဒေါသထွက်နေသော ဘီလူးခေါင်းကြီး မပြီးမီ ငစံ ဖောက်လာလျက် ခင်ကြီးခင်၏ လက်ကို ဆုပ်ညှစ်ရာ လက်ဖျံသား ဟက်တက်ကွဲသည်။ ခင်ကြီးခင် လန့်အော်၏ ။
"ဘဘုန်း ကြည့်ပါဦး.. တပည့်တော်လက် ပေါက်နေပြီ"
"ဟိမ်း.. ငါ့ညီကို လွှတ်လိုက်ကြစမ်း"
ဟု တစ်ချက်အော်ပြီး စိန်းစိန်းကြည့်နေရာမှ ငစံ မျက်ဖြူလန်သွားသည်။ ထိုစကားကို နားမလည်သော်လည်း ဆရာတော်တို့မှာ တွေးမနေနိုင်၊ အခွင့်ရခိုက် နာနိုင်သည့် နေရာများသို့ စုတ်ရှည်ကြီးဖြင့် မြန်မြန်ထက်ထက် ထိုးနေရ၏ ။ ငစံမှာ နှုတ်ခမ်းများ ပြာနေလေပြီ။ တစ်ကိုယ်လုံးလည်း နီရဲနေလေသည်။
အနည်းငယ်ပါသော စိမ်းပြာရောင်ခြယ် အာဆင်းနစ်အဆိပ်မှုန့်ကြောင့် ဝိုင်းရံနေသူများပါ အငွေ့ဟပ်ခြင်း ခံကြရ၏ ။ ဆေးပေါင်းခသည့် လ ဖြစ်ရာ အအေးဒဏ်ကြောင့် အာဆင်းနစ်များ အစိုပြန်ပြီး အဆိပ်ဓာတ်ထွက်လာ၍ အနီးဝန်းကျင်သက်ရှိများအား ထိခိုက်စေကာ ဦးဇင်းခင်မှာ ချောင်းတဟွတ်ဟွတ်။ ရုပ်ပုံ ဖောင်းကြွလာသည် မှန်သော်လည်း သူတို့အနားသို့ ယင်ကောင်၊ ပုရွက်ဆိတ်သော်မှ မနေနိုင်။ သို့ရာတွင် ပူပြင်းသော အရပ်တွင်တော့ ထိုဓာတ်က ကျန်းမာရေးကို အထူးပြုပြန်၏ ။
မျက်လုံးနေရာကို ထိုးရသောအခိုက်ဝယ် ဆရာတော်ပင် ချွေးပျံလာသည်။ မည်သို့ တည့်အောင်ထိုးထိုး မျက်လုံးက သူ့ထံသို့သာ စိုက်ကြည့်နေသလို ခံစားရ၏ ။ ကိုယ်ကို စောင်းကြည့်ရာတွင်လည်း လိုက်ကြည့်နေလေသည်။ ဆရာတော်သာမဟုတ်၊ ဦးဇင်းခင်တို့ ရှင်ဇောတိက တို့ အားလုံး ထိုသို့ စိတ်မလုံမလဲ ခံစားကြရခြင်း ဖြစ်သည်။ ဘီလူးရုပ်သည် မပြီးခင်ကပင် မျက်စိဒေါက်ထောက် စောင့်ရှောက်နေချေပြီ။ ပြီးစီးလျင် သူ့ကို အနောက်မှ ကြံ၍ ရတော့မည်မဟုတ်ပေ။
ကျောတွင် ပြည့်စုံသလောက် ဖြစ်သွားသော်လည်း မပြီးသေး၊ လက်မောင်း၌ တွန့်တွန့်လိမ်လိမ် အစောင့်အင်းဘီလူးပုံသေးသေး သန်လျက်ထမ်းလျက် ကျန်သေးသည်။ သို့ရာတွင် ငစံ မဖြုံတော့၊ မသောင်းကျန်းတော့ဘဲ ချွေးသံရွှဲရွှဲဖြင့် ငြိမ်ခံနေတော့သည်။ အားလုံးပြီးသောအခါ ငစံငယ်မှာ မထနိုင်၊ ကျောင်းသားလေးယောက် ခြေလက်များမှ မ ကာ မှောက်လျက် သယ်သွားကြရ၏ ။
ငစံဖြစ်အင်ကို ကြည့်၍ မည်သူမျှ ဘီလူးဆေး မထိုးရဲကြတော့ချေ ။ ဝိဇ္ဇာ ဝက်ကုန်း မကန်း ဂဠုန် သစ်နက် ကြောင် အစရှိသည်တို့ကိုသာ ကျောင်းသားများ အလိုရှိကြတော့သည်။ ဘီလူးဆေးနှစ်ထပ် အခံအအုပ် အထိန်းအချုပ်ကောင်နှင့်ဟူ၍ သူတစ်ယောက်သာ ရှိသည်။
ဆေးထိုးနှံပြီးသည်၏ နောက်ပိုင်းဝယ် ငစံ ပြောင်းလဲလာချေပြီ။ တည်ငြိမ်ရင့်ကျက်သည့် အသွင်ကို ဆောင်သလို အေးစက်လေးနက်ကာ ပိုမိုကြောက်စရာပုံသဏ္ဍာန်လည်း ပေါက်လာသည်။ ယခင်လို သူတစ်ပါးကို ရက်ရက်စက်စက် လုပ်လိုစိတ် မရှိတော့ဟု ထင်ရ၏ ။ သို့ရာတွင် တစ်ခါတစ်ရံ ထလုပ်လိုက်လျင်တော့ ယခင်ထက် ဆိုးသကဲ့သို့ ရှိနေပြန်လေသည်။ တစ်စုံတစ်ယောက် ဖိနှိပ်ထိန်းအုပ်ထားဘိသကဲ့သို့ သေသေဝပ်ဝပ် ဖြစ်သွားသည်ကတော့ အမှန်။
မကြာမီ မိဘများနှင့် တိုင်ပင်ကာ သင်္ကန်းဝတ်ပေးလိုက်ကြသည်။ ငစံဘဝမှသည် ရှင်ညိုသူအဖြစ် ပြောင်းလဲသွားပြီး မင်ကြောင်ရုပ် မည်းမည်းများနှင့် ကိုရင်ကလေးမှာ တစ်မျိုးတစ်ဘာသာ ထူးခြားနေပေသည်။ မိခင်၏ ဆန္ဒအတိုင်း လူမထွက်တော့ဘဲ စာဝါလိုက်နေခဲ့ရာ သူ၏မိခင် ရဟန်းမယ်တော်ကြီးအဖြစ် ထီးဖြူအုပ်မိုး သင်္ဂြိုဟ်ခံရသည့်တိုင်အောင် ဖြစ်လေ၏ ။