Translate

Showing posts with label စိတ္တဇ. Show all posts
Showing posts with label စိတ္တဇ. Show all posts

စိတ္တဇ (ဇာတ်သိမ်း)

 အခြေအနေက ရုတ်ရုတ်သဲသဲ။ မြားများက တဝီဝီ၊ သေနတ်သံ တဖောင်းဖောင်း။ ပြေးလွှားနေကြသည့် မြင်းများကြောင့် ဖုန်များလည်း တလိပ်လိပ် တက်လျက်ရှိ၏ ။ အမိန့်ပေးသံများ၊ ထိုးခုတ် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

တိုက်ပွဲကြီးတစ်ခုကား မဟုတ်၊ သို့သော် တိုက်ပွဲမဟုတ်ဟုလည်း မဆိုသာ။ နှစ်ဖက်လူများ စစ်တိုက်နေကြသည် မဟုတ်ဘဲ မည်သူ့ကို တိုက်နေကြမှန်းမသိ၊ တစ်ဖွဲ့တည်း တိုက်ခိုက်နေကြသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
သေသေချာချာ ကြည့်လျင် သူတို့အလယ်တွင် လူတစ်ယောက်သည် တရိပ်ရိပ် ပြေးလွှားလှုပ်ရှားနေသည်ကို မြင်ရပေလိမ့်မည်။ သတ္တိပြောင်လှသည် ဆိုသော ရွှေဘိုသားများအား သူရဲကောင်းဆန်ဆန် တစ်ယောက်တည်း ဝင်တိုက်နေသူမှာ မောင်မင်းကြီးသား ဘုန်းခေါင်မှလွဲ၍ အခြားသူ ဟုတ်နိုင်ရိုးလား။
သူတို့ ကံဆိုးသွားရသည်မှာ ရှေ့တန်းမှ ခံရသော မုဆိုးခြုံသားအချို့က အစိုးရိမ်လွန်ကာ ခိုင်ခန့်သည့် လွှားများ ကိုင်စွဲထားခဲ့ကြ၏ ။ ထို့ကြောင့် ယခုအခါ သေနတ်သားများ ပစ်သမျှ ကျည်စေ့တို့သည် အုပ်မိုးထားသည့် လွှားနှစ်ချပ်ကိုသာ ထိမှန်နေကြသည်။
လက်ယာဘက် လွှား၏ အောက်ခြေတွင် ထွက်နေသော ဓားဦးချွန်ကလည်း ကုန်းဘောင်သွေးကို အားပါးတရ သုံးဆောင်နေပေပြီ။ တဒုန်းဒုန်း တိုးတိုက်သံနှင့်အတူ တဝုန်းဝုန်း လွင့်ကန်ထွက်လာကြ၏ ။ ဘုန်းခေါင်ကတော့ လွှားများကိုပင် လက်နက်အဖြစ် ကိုင်စွဲကာ တိုက်ပွဲဝင်နေလေသည်။
ဓားမိုးပြေးဝင်လာသူတစ်ယောက်ကို ဘုန်းခေါင်က ပြေးရင်းဝပ်လျက် လွှားဖြင့် ပင့်တင်လိုက်သောကြောင့် လင့်ပေါ်မှ ပစ်လိုက်ကြသော ကျည်စေ့ မြားတံအချို့ ထိုသူ့ကိုယ်ထဲ စိုက်ဝင်သွားကြ၏ ။ ပြန်အကျတွင် လှုပ်ပင် မလှုပ်နိုင်တော့။ လှံကိုင်တစ်ဦး ဆက်သလာသည့် လှံကို လင့်ထက်သို့ လွှတ်လိုက်ရာ ပစ်ရန်ပြင်နေကြသော သေနတ်သမားက ငုံ့ရှောင်လိုက်၍ ခေါင်းပေါ်မှ ကျော်သွားသည်။
ဘီလူးတပ်၏ ထိပ်တွင် နေရာယူထားသော တိုက်မောင်းမှာ လင့်ပေါ်မှ ချိန်ရွယ်ပစ်ရန် အချက်ကောင်းကို စောင့်နေသော်လည်း သူက ပစ်မည်ပြင်လိုက်၊ ဘုန်းခေါင်က လွှားဖြင့် ကွယ်သွားလိုက် ဖြစ်ကာ မပစ်လိုက်ရချေ။ ကျောကို လှမ်းပစ်ရန် ကြိုးစားသေး၏ ။ မြင်းသည်များနှင့် ရှုပ်နေ၍ ပစ်ကွင်းမရလိုက်။
ပြေးရင်းလွှားရင်း လက်ျာဘီလူးကို ဘုန်းခေါင် မြင်သွားသည်။ သူ့ကို ကျိုင်းဖြင့် ထုနှက်ခဲ့သူမှာ ဤဗိုလ်မဟုတ်ဘဲ ကြီးကြမ်းထွားကျိုင်းသူတစ်ဦးဖြစ်မှန်း သတိရလာ၏ ။ သို့ရာတွင် ရှေ့မှ လူသည် သူ့အား အစဥ်တစိုက် လိုက်လံနှောင့်ယှက်နေခဲ့သူသာ ဖြစ်သည်။ ထိုသူ မရှိမှ အေးချမ်းမည်။
ဘုန်းခေါင်လက်ထဲမှ လွတ်လာသော လှံတိုသည် လက်ျာဘီလူးရှေ့တည့်တည့်သို့ ဦးခိုက်ရန်အလို့ငှာ ပျံသန်းလာ၏ ။ ငသူရိန်က ကြားဖြတ်ဖမ်းထားလိုက်သည်။ ဘုန်းခေါင် ငသူရိန်ကိုလည်း မှတ်မိသွားသည်။ သတ်သော်လည်း မသေသည့်သူ၊ ရင်ဆိုင်ရမည့် ရန်သူမှာ ၂ ဦး ရှိလာပြီ။
လက်ျာဘီလူးတို့အား မဲနေခြင်းကြောင့် ဖျာကြမ်းအုပ်၍ သစ်ရွက်မြေသားများ ဖုံးကာထားသည့် ကျင်းနေရာကို သတိမပြုမိဘဲ ခြေချမိသည်။ ဟန်ချက်ပျက်ကာ ကျင်းထဲ ဟပ်ထိုးကျသွားရာ လက်နှစ်ဘက်က လွှားများကို လွှတ်လိုက်ပြီး ကျင်းနှုတ်ခမ်းတစ်ဘက်ကို ဆွဲခိုထားမိ၏ ။ သူ မော့ကြည့်ခိုက် လက်ျာဘီလူးက တုတ်ရှည်ကြီးကိုင်လျက် ပေါ်လာသည်။
ဘုန်းခေါင် ကျင်းထဲ ကျမသွားဘဲ တွဲလွဲဖြစ်နေသဖြင့် တုတ်ချွန်နှင့် ထိုးရနိုး ဖြစ်နေသော လက်ျာဘီလူးက ဘုန်းခေါင် မြင်သာအောင် တုတ်ရှည်ကို မြှောက်မိုးလိုက်၏ ။ ဘုန်းခေါင်၏ လက်ချောင်းများ ဆတ်ခနဲ ကွေးသွားသည်။ ခန္ဓာကိုယ်ကိုလည်း အားယူလိုက်ပြီး ကျင်းနှုတ်ခမ်းသားအား ဆွဲထားသည့် လက်များက သူ့အား ထိုးစိုက်ချလိုက်သည့် တုတ်ရှည်ကို လှမ်းဖမ်းလိုက်လေသည်။
သို့ရာတွင် လက်ျာဘီလူးက ဟန်ပြ ထိုးခြင်းသာ ဖြစ်၍ တကယ် စိုက်ချမလာ။ တုတ်သည် လမ်းတစ်ဝက်၌ ရပ်တန့်နေသဖြင့် ဘုန်းခေါင် လှမ်းဆွဲလိုက်သည့် လက်များက တုတ်ဆီ မရောက်ဘဲ လေကိုသာ ဆုပ်ကိုင်မိကာ လန်ကျသွားသည်။ ကျင်းထဲမှ ဘုန်းခနဲအသံကြီးသည် ရွှေတပ်တော်သား အားလုံးကို ဝမ်းသာအားရ ဖြစ်သွားစေ၏ ။
"မိပြီကွ"
"ဟေး.. နောက်ဆုံးတော့ သင်းကို မိပဟေ့"
လက်ျာဘီလူးတို့ကတော့ ​မှောင်မည်းသည့် ကျင်းထဲသို့ ငုံ့ကြည့်နေကြသည်။ ဘုန်းခေါင်သည် တော်တော်နှင့် ထမလာနိုင်။ ဒဏ်ရာရထားဟန် ပေါ်လွင်နေသည်။ တဖြည်းဖြည်း အားယူ၍ ထထိုင်သည်။ ထို့နောက် ရပ်ကာ ကျင်းကို လှည့်ပတ် အကဲခတ်နေ၏ ။
ရှည်လျားသော မြောင်းကြီးတစ်လျှောက် တစ်ဖက်မှာ မတ်စောက်ချောမွေ့သော မြေသားနံရံ ဖြစ်ပြီး အခြားတစ်ဘက်က အောက်ခြေကျယ်၍ အပေါ်သို့ စောင်းထားသည့် ပုံသဏ္ဍာန် ရှိရာ သူ မည်သို့မျှ မတက်နိုင်။ ပြေးကန် ကုပ်တက်နိုင်လောက်လည်း မကျဥ်း၊ မည်သည့်အတွက် ဤပုံစံ လုပ်ထားသည်ကိုလည်း သူ မစဥ်းစားချေ။
"မင်း ဘာလို့ လူတွေ လိုက်သတ်နေရတာလဲ"
ပြင်ညီကျင်းဝဘက်၌ ရပ်နေသူ ဆံပင်ရှည်နှင့် ဗိုလ်က မေးလာသည်။ သူ့တွင် အဖြေမရှိ။
"ခင်ဗျား ဘယ်က လာသလဲ"
အရပ်ရှည်ရှည် ကောင်လေးက မေးပြန်သည်။ သူ့တွင် အသံပျောက်ဆုံးနေလေပြီ။ မည်သို့ ဖြေနိုင်သည်ကိုလည်း သူ မသိပြီ၊ စကားလုံးများ မသိသကဲ့သို့ ဖြစ်နေ၏ ။ သူသိသည်မှာ
ညီငယ် ဇေယျာမင်းခေါင် သူ့မျက်စိရှေ့တွင် ခေါင်းဖြတ် ကွပ်မျက်ခံရသည်။ သူ့အား တုပ်နှောင်ပြီး ရိုက်ကြသည်။ ထိုမတိုင်မီကပင် အမှုလာစစ်သော ဗိုလ်က မိမိချစ်သူ ရွှေနှင်းဆီအား ခေါ်ဆောင်သွားခဲ့ကြောင်း ကြားသိရပြီးပြီ။ ရွာမှလူများ၊ ဆွေမျိုးနီးစပ်များက သူနှင့် မိသားစုအား သူခိုးဓားပြဟု ဆဲရေးစွပ်စွဲကာ ဝိုင်းဖမ်းရန် ပြင်ခဲ့ကြသည်။
သူ အသာတကြည် အဖမ်းခံခဲ့သော်လည်း နောက်ကျောမှ ဓားထိုးခံရသည်။ ရွှေနှင်းဆီကိုယ်တိုင် သူ့ဗိုလ်မင်း ခိုင်းသည့်အတိုင်း မိမိပခုံးခွက်ပေါ်သို့ ဓားနှင့် စိုက်ခဲ့သည် ထင်၏ ။ အဆိုးဆုံးမှာ ဇေယျာမင်းခေါင် ကွပ်မျက်ခံရပြီးနောက် အခြေအနေများ ရုတ်ရုတ်သဲသဲ ရှိနေစဥ် ညီဖြစ်သူ၏ ခန္ဓာကိုယ်အား ပြေးဖက်ထားသူ အမျိုးသမီးငယ်လေးကို ဓားများနှင့် ဝိုင်းထိုးသွားကြခြင်း ဖြစ်သည်။
နူးညံ့သိမ်မွေ့လှသော ဖြူဖြူချောချော ပါးလျလျ အပြစ်မဲ့သူကလေးတစ်ဦးသည် မည်သူ့လက်ချက်မှန်းမသိဘဲ သွေးအိုင်ထဲတွင် အသက်ငင်နေသည်။ ဇေယျာမင်းခေါင်၏ လက်မောင်းတစ်ဖက်အား ယှက်နွယ်ထားသည့် လက်ကိုမူ မလွှတ်။ မျက်လုံးများသည် သူ့ကို ကြည့်ရင်း ငြိမ်သက်သွားသည် ထင်ရ၏ ။
သူက နာကျင်စွာ အော်ဟစ်လျက် ရုန်းကန်သောအခါ ကြိုးများ ပြေလုပြေခင်ဝယ် ကြီးမားသော လူထွားကြီးတစ်ဦးသည် အနောက်မှ ကျိုင်းဖြင့် ရောက်လာပြီး ခေါင်းကို လွှဲရိုက်လိုက်သည်။ ခွပ်ခနဲအသံနှင့်အတူ သူ အသိစိတ်များ ခေတ္တ ပျောက်သွားသည်။ နောက်တစ်ချက်၊ ပြင်းထန်စွာ မူးမိုက်သွားပြီးနောက် သုံးချက်မြောက်တွင် ဘာမှ မသိတော့။
စိတ်အစဥ်က အတိတ်၌ တရိပ်ရိပ် ပြေးလွှားဖြတ်သန်းနေသော်လည်း လူကတော့ ကျောက်ရုပ်ပမာ မလှုပ်မယှက်။ လက်ျာဘီလူးသည် ကျင်းဝမှ ခွာ၍ ထွက်သွားစဥ် အနောက်မှ အသံကြားရသည်။
"မင်းလားကွ၊ စိတ္တဇလူသတ်ကောင်။ ဟိတ်.. ခု ဘာတတ်နိုင်သေးလဲကွ.. ဟေ"
လှည့်ကြည့်လိုက်စဥ် တပ်သားတစ်ဦးသည် ကျင်းဝတွင် ထိုင်ကာ အတွင်းသို့ လှံဖြင့် ထိုးလိုက်ကြောင်း တွေ့ရသည်။ လက်ျာဘီလူးက 'မလုပ်နဲ့' ဟု အော်လျက် လှည့်ပြေးသွားသော်လည်း မမီတော့။ တပ်သားသည် အောက်သို့ လှစ်ခနဲ ပြုတ်ကျသွားလေပြီ။
ဘုန်းခေါင်က နံရံကို ကန်လျက် ထိုးဆွလိုက်သည့် လှံကို ချိန်သားကိုက် ဆွဲချလိုက်ရာ ထိုးသူပါ ကျလာ၏ ။ ပြုတ်ကျစဥ် သူ့လှံရိုးနှင့်သူ ထိုးမိ၍ မထနိုင်၊ ဘုန်းခေါင်လည်း ကျင်းတစ်လျှောက် ပြေးသွားပြီး ပြင်ညီမြေသားကို လှံဖြင့် အားကုန် စိုက်လိုက်ကာ စောင်းနေသော နံရံမှ ထိုးထွက်နေသော ကျောက်တုံးတစ်ခုပေါ်သို့ အရိုးကို ခုန်တင်လိုက်သည်။
လက်ျာဘီလူး ထိုနေရာသို့ ရောက်သောအခါ ဘုန်းခေါင်သည် လှံကိုနင်း၍ တစ်ဖက်​နှုတ်ခမ်းသားကို ဆုပ်ကိုင်မိနေပြီ။ သူက ဖျတ်ခနဲ လှည့်ကြည့်သည်။ ထိုးရန် ရွယ်ထားသော တုတ်ရှည်ကို ကိုင်လျက် လက်ျာဘီလူး တွေဝေနေ၏ ။ လက်ဖျစ်တတွက် အချိန်ကလေးအတွင်း ဘုန်းခေါင် မြောင်းပေါင်ပေါ် ရောက်သွားသည်။
မဆိုစလောက် နောက်ကျသွားပြီဖြစ်၍ ယခုမှ ထိုးလျင်လည်း မထိရောက်တော့မှန်း သဘောပေါက်သော လက်ျာဘီလူးက ရွယ်ထားရင်း ရပ်နေခိုက် ကျယ်လောင်သော အသံတစ်ချက် ပေါ်လာသည်။
"ဒိန်း"
အသံကြောင့် ဘုန်းခေါင်ကလည်း သူ့ကို ခုန်အုပ်လိုက်၏ ။ နောက်ဆုတ်ကာ ရိုက်လိုက်သဖြင့် မြောင်းနှုတ်ခမ်းပေါ် ရောက်လာသည့် ဘုန်းခေါင်က အနာခံကာ တုတ်ကို ဖမ်းလုသည်။ လက်ျာဘီလူး ဆီးကန်သော်လည်း ဒူးကို မြှောက်လျက် ကာထားပြန်သည်။ တင်ကျည်းတုတ်ရှည်ကို အလယ်ထား၍ နှစ်ဦးသား တိုက်ခိုက်ကန်ကျောက်နေကြ၏ ။
အားသာသော ဘုန်းခေါင်က ဖိတွန်းလာပြီး လူချင်းပူးကာ လက်ျာဘီလူးကို လှဲချလိုက်သည်။ အနောက်မှ တပ်သားတစ်ဦးက အလစ်ဝင်ထိုးရာ ထိုးသူ လွင့်သွားပြီး ဓားမြှောင်တစ်လက် ဘုန်းခေါင်လက်သို့ ရောက်လာလေသည်။ ဘုန်းခေါင်က လျင်မြန်စွာ ဖိစိုက်လာ၍ တင်ကျည်းကိုင်ထားဆဲ ဖြစ်သော လက်ျာဘီလူးက လက်ကောက်ဝတ်အောက်သို့ ကန့်လန့်ခံ တွန်းထားလိုက်ရသည်။
ဓားဦးချွန်သည် လက်ျာဘီလူး၏လည်မြိုသို့ ထောက်မိနေ၏ ။ လူနှင့်ဖိထား၍ သူ့တံတောင်နှင့် လက်ျာဘီလူးရင်ညွန့်အား ထောက်မိနေသည့် ဘုန်းခေါင်က အပေါ်တည့်တည့်မှ ထိုးချနိုင်ရန် ပြန်ထလိုက်သည်။ ထိုအခိုက် မြောင်းတစ်ဖက်သို့ ရောက်လာသော မင်းလှမင်းခေါင်သည် အနီး၌ တွေ့ရသည့် ဝါးဆစ်ပိတ် တုတ်တိုတစ်ချောင်းကို ဆွဲယူ၍ ဘုန်းခေါင်ထံ လွှဲပစ်လိုက်သည်။
"ဟိတ်"
ဝီးခနဲအသံ ရုတ်တရက် ထွက်ပေါ်လာရာသို့ လက်နောက်ပစ် ကာလိုက်သော်လည်း လည်လာသော ဝါးဆစ်တုတ်သည် ဘုန်းခေါင်လက်ကို လှည့်ထွက်ပြီး နားထင်ကို ပြင်းထန်စွာ ထိမှန်သွား၏ ။ ဘုန်းခေါင် ယိုင်ဆင်းသွားသည်။ ငယ်စဥ်က လေးခွနှင့် ချောင်းပစ်ဖူးသော ဖိုးသူတော်ကြီးကို သူ အမှတ်ရလိုက်သည်။
အိပ်နေခိုက်ပင် လောက်စာလုံးကို ကာကွယ်နိုင်စွမ်းရှိသော ဦးသူတော်ကြီး၏ အဆင့်မျိုး မမီသေးကြောင်း သူ့ကိုယ်သူ ထင်မြင်ယူဆမိလေ၏ ။ ထိုအသိကြောင့် သူ အားနည်း ပျော့ကျသွားစဥ် လှိမ့်ထွက်သွားသော လက်ျာဘီလူး၏ ရိုက်ချက်ကို ရှောင်သော်လည်း မလွတ်တော့။ မူးမိုက်ကာ ဟပ်ထိုးလျက် ရှေ့သို့ သုံးလေးလှမ်း ရောက်သွားသည်။
လက်ျာဘီလူးလည်း ခုန်ဝင်၍ ကျောကို အပိုင်ထိုးစိုက်လိုက်၏ ။ သို့ရာတွင် ဘုန်းခေါင် လူကို လှည့်လိုက်ရုံမျှဖြင့် လက်ျာဘီလူး ထိုးသော တုတ်သည် ဘုန်းခေါင်လက်နက် ဖြစ်သွားပြီး သူကမူ အားလွန်ကာ ဘေးသို့ ရောက်သွားရသည်။ ဘုန်းခေါင်လည်း တုတ်ကို ဝှေ့ယမ်းရင်း ခြေဦးတည့်ရာ ပြေးထွက်သွားသည်။
"လိုက်.. နောက်က လိုက်ကြ"
မြင်းများက မြောင်းကျင်းကြီးကို တလွှားလွှားဖြတ်ကျော် ပြေးလိုက်သွားကြ၏ ။ လက်ျာဘီလူးလည်း မြင်းတစ်စီးဆွဲကာ လိုက်သွားသည်။ ဗိုလ်တွန်တို့ အနောက်မှ ပါလာကြောင်း တွေ့ရလေသည်။ ကံကောင်းထောက်မစွာ ဘုန်းခေါင်ပြေးနေသည်က မြစ်ဘက်သို့ ဖြစ်နေ၏ ။
ဟစ်ကြွေး​ကြေညာ၍ လိုက်သံ၊ မြင်းမောင်းသံ၊ တောတိုးသံများသည် တဝုန်းဝုန်း ဆူညံနေပြီး မဖြစ်စဖူးသော ကြောက်ရွံ့အားငယ်စိတ်များ ပေါ်ပေါက်လာသဖြင့် မူးနောက်နောက်ဖြစ်နေသည့် ဘုန်းခေါင်သည် ရှေ့မှ စွတ်ရွတ်ပြေးနေ၏ ။ သူ့ခေါင်းမှ စီးကျလာသည့် သွေးများကြောင့်လည်း မျက်စိစပ်ကာ အမြင်အာရုံ မရှင်းလင်း။
မြစ်ကမ်းစပ်ဝယ် တိုက်လှေကြီးနှစ်စင်း ရှေ့နောက်ကပ်လျက် ဆိုက်ထား၏ ။ အမြောက်များက ခပ်စောင်းစောင်း အနေအထားမှ သူ့ဘက် တရွေ့ရွေ့ လှည့်လာနေပြီး နီးသော တိုက်လှေကြီးပေါ်မှ မီခိုးများ အူထွက်လာသည်။
"ဒိန်း"
အမြောက်ဆံကြီးတစ်လုံး လျင်မြန်ပြင်းထန်စွာ သူ့ဘယ်ဘက်ဘေးမှ ဖြတ်သွား၏ ။ သူက လက်ယာဘက်သို့ ပိုမိုဝိုက်ပြေးနေချိန် ခပ်ဝေးဝေးမှ မြင်းတစ်စီး သူ့ကို ကျော်ပြေးသွားကြောင်း တွေ့ရလေသည်။
"အမြောက်ဆံ မထည့်နဲ့"
မြင်းပေါ်မှ လူက နောက်လှေအား အော်ဟစ်အမိန့်ပေးလိုက်သည်။ အမြောက်ဆံသွတ်မည့်ဆဲဆဲ မ ထားကြသူများ ဇဝေဇဝါ ဖြစ်သွား၏ ။ ထို အနောက်လှေကြီးပေါ်မှ ပေါ်လာသူက သေနတ်ဗိုလ် သူရိန္ဒေဝ။
"ဘာလို့လဲ ရောင်းရင်း"
"ကျည်စေ့အိတ်သွတ်"
"ဘယ်လို"
"ရန်ပုံခွင်းကို ကျည်စေ့အိတ်သွတ် ပစ်"
ထိုအခါမှ အမြန် ညွှန်ကြားရသည်။ အမြောက်အမှုထမ်းများ ကျည်စေ့အိတ်သွတ်ပြီးချိန်တွင် ဘုန်းခေါင်သည် ရှေ့ဘက် တိုက်လှေကြီးပေါ် တက်တော့မည့်ဆဲဆဲ။ ကုန်းဘောင်ထိုးထားသည့် သစ်သားတံတားအနီးသို့ပင် ရောက်နေပြီဖြစ်ရာ လှေပေါ်မှ သေနတ်သားများ အသင့်ပြင်ထားလိုက်ကြသည်။
"ဖုန်းး"
ကုန်းဘောင်ပေါ် တက်စ ဘုန်းခေါင်ထံ အနီးကပ် တေ့ပစ်လိုက်သော ကျည်စေ့များစွာ ပြေးဝင်သွားကြပြီး အားပြင်းလှသောကြောင့် လွင့်ကျသွားသည်။ မည်သို့မျှ ရှင်နိုင်စရာ မရှိတော့သော်လည်း တစ်စုံတစ်ခု ဝင်ပူးနေဟန်ဖြင့် ဘုန်းခေါင် ရုတ်တရက် ထပြေးသည်။ လှေဦးတည့်တည့် ရေထဲ ပြေးဆင်းသွားရာမှ လဲ၍ မြုပ်သွား၏ ။
လက်ျာဘီလူး လှေပေါ်ရောက်သောအခါ မှောက်လျက် မျောပါသွားသည့် ဘုန်းခေါင်၏ သွေးများယိုစိမ့်နေသော ကျောပြင်ကို မနီးမဝေး ရေစီးထဲတွင် မြင်ရ၏ ။ မည်သူမည်ဝါမှန်း မသိလိုက်ရသော အလွန်အစွမ်းကောင်းသူတစ်ဦး၏ ဇာတ်သိမ်းက ထုံးစံအတိုင်း မလှပ။
အငြိုးတကြီး လိုက်လံသတ်ဖြတ်နေခဲ့သူ ဖြစ်သော်ငြား လူစွမ်းကောင်းမို့ နှမြောလှကြောင်း ပေါ်လွင်နေသည့် ဝမ်းနည်းစကားသံက လှေကြီးထက်မှ ထွက်ပေါ်လာသည်။
"သွားလေဦးတော့ဗျာ.. ဘဝမှာ ရန်ငြိုးအမုန်းတွေကြောင့် ပူလောင်ခဲ့ရသမျှ ချုပ်ငြိမ်း အေးချမ်းပါစေတော့" 

Written by သင်္ခရာဇာ

End date: May 13, 2022

စိတ္တဇ (၈)

            ခေါင်းပေါ်တွင် ကျီးငှက် ပျံနေသကဲ့သို့ထူးခြားသော ဆံပင်ပုံစံရှိသည့် လူများသည် သူ့အား တစ်ယောက်တည်းဟူ၍ အထင်အမြင်သေးစွာ ကပ်လာကြသည်။ ထိုသူများအားလုံးကို တစ်ဦးမလွတ် သူ သုတ်သင်ပစ်လိုက်၏ ။ သို့သော် အံ့သြစရာ ကောင်းလောက်အောင် သေသူများ ထလာကြပြန်လျက် သူ့ကို ဝိုင်းချုပ် တုပ်နှောင်လိုက်ကြသည်။
ထို့နောက် ၂ ကြိမ်တိုင်တိုင် သူ့လက်မှ လွတ်ခဲ့သော ဆံပင်ရှည်နှင့် ဗိုလ်သည် ကျိုင်း ခေါ် သံလုံးတပ် လက်နက်ကြီးတစ်ခု ထမ်းလာပြီး ကိုင်မြှောက် ရိုက်ချလိုက်၏ ။ ပထမအချက်တွင် သူ့မျက်လုံးများ ပြာဝေသွားပြီး ဒုတိယ တတိယ ရိုက်ချက်များကြောင့် သူ မူးမေ့သွားရလေသည်။
သူသည် ရုတ်တရက် အိပ်ပျော်နေရာမှ ထကာ အဆိုပါကျိုင်းကိုင်လူရွယ်ကို ရှာသည်။ မတွေ့သဖြင့် နောက်စေ့ထိပ်၌ ပျော့နေဆဲဖြစ်သော သူ့ခေါင်းကို စမ်းရင်း ငြိမ်သက်စွာ အာရုံစူးစိုက် နားစွင့်နေ၏ ။ လူရွယ်၏ စကားသံက အနောက်မြောက်အရပ်မှ တိုက်ခတ်နေသည့် လေစီးထဲ ပါလာခဲ့သည်။
"ငဘုန်းခေါင်.. လာချေလော့။ ငါ့အား အနိုင်သတ်၍ လွတ်မြောက်မှုကို ရှာဖွေလော့"
သည်မြန်မာဗိုလ် နှောင့်ယှက်လှချည့်ဟု သူ ဒေါသအမျက်ချောင်းချောင်း ထွက်လာသည်။ နောက်တစ်ကြိမ် မလွတ်စေရဟု ဆုံးဖြတ်ချက် ချလိုက်ပြန်သည်။ သူသည် တိတ်ဆိတ်စွာ သွားနေရင်း ချောင်းငယ်တစ်ခုအနီး ရောက်လာ၏ ။ ချောင်း၏ တစ်ဘက်တွင် တဲအိမ် ၃ လုံးခန့် ရှိနေပြီး ခွေးဟောင်သံ ထွက်ပေါ်လာသည်။
သူက သွေးများ ခြောက်ကပ်နေသည့် လက်တို့ကို ချောင်းရေထဲ ဖြန့်ထားလျက် ဖြတ်လာခဲ့ရာ ခွေးများစွာ သူ့ကို ထိုးဟောင်နေကြကြောင်း တွေ့ရ၏ ။ သူသည် အေးဆေးစွာပင် ခွေးများရှိရာသို့ တစ်လှမ်းချင်း တက်လာခဲ့လေသည်။
ထိုအချိန်တွင် လက်ျာဘီလူးသည် အလောင်းမင်းတရားကြီး၏ ရှေ့မှောက်၌ ပျဝပ်ခစားနေ၏ ။ ဘုန်းတော်ကြီးဘုရား အမေးတော်ရှိသည်တို့ကို အပ်ကျမတ်ကျ ဖြေကြားနေရသည်။
"အဲသည့်သူရူး သည်လောက်တောင် စွမ်းနေခဲ့ရင် ဘဇာကြောင့် နာမည်သတင်း မရောက်မပေါက်သလဲ မောင်တို့"
"ယခုဝန်းကျင် အနီးအပါးမှ ဟုတ်ဟန်မတူပါ၊ ရပ်ဝေးမှ လည်လာခြင်း ဖြစ်နိုင်ပါသည်။ ရုပ်သွင် ဟန်ပန်မှာ အထက် ရှမ်းနီနယ်သားအသွင် ရှိကြောင်းပါဘုရား"
"သင်းကို ထိပါး၍မျှ မရနိုင်လျင် မည်သို့ နှိမ်နင်းကြမည်နည်း"
"ကျွန်တော်မျိုး ကြံစည်မိသည်မှာ အမြောက်စိန်ပြောင်းကိုတော့ သည်လူသား ခံနိုင်အံ့မထင်၊ ရေတွင်လည်း အကျွမ်းတဝင် ရှိမရှိ မသိရသောကြောင့် မှိုင်းသဲသဲ လှေတော်ကြီးတွင် ဒေါစွယ်ယစက်ထံမှ ရသည့် ရန်ပုံခွင်းအမြောက်တင်၍ စမ်းသပ်ကြည့်သင့်ကြောင်းပါ"
လက်ျာဘီလူးစကားကြောင့် အလောင်းဘုရား ပြုံးသွားသည်။ ရယ်ရွှင်ဖွယ်စကား ဆိုသည်ဟုလည်း အထင်တော်ရောက်လေ၏ ။
"သည်လူတစ်ယောက်ကို တပ်မကြီးချီ၍ သွားဖမ်းရမည် ဆိုလျင်လည်း ကြားမကောင်း။ ငါ့လူများလည်း မနှိမ်နင်းနိုင်။ ခက်ချေပြီ မောင်မင်းတို့"
"ကျွန်ုပ်ပြောသည့်အတိုင်း မှိုင်းသဲသဲ လှေတော်နှင့် ရန်ပုံခွင်းအမြောက်ကိုသာ ချီးမြှင့်တော်မူပါ"
"ဟဲ့.. လက်ျာဘီလူး၊ နင် တကယ်ပြောနေတာလား"
စည်သာမင်းကြီးတို့ကလည်း ထိုသူသည် လူအားနှင့် ဖိနှိပ်နိုင်မည့် သူမျိုးမဟုတ်ပါ ဟု ဝိုင်းလျှောက်ကြ၏ ။
"လှေတော်ကြီးတော့ မရဘူး။ အမြောက်တင်ဖို့ လွန်းကြင် ကတ္တူတစ်စင်း သနားတော်မူမယ်။ ရန်ပုံခွင်းအမြောက်ကို မဆုံးစေရ။ မီးပေါက်သေနတ် ၁၀၀ ခန့်ရံ၍ ကာကွယ်ရမည်။ စိန် ပြောင်း မြတံပူ အလိုရှိက ယူစေ။ သည်အရေး သည်မျှနှင့် ပြီးပြေပါစေ။ ငါတို့လူများ ထပ်မဆုံးရစေနှင့်"
အလောင်းမင်းတရားလည်း အကြောင်းစုံသိပြီး၍ လိုအပ်သည်တို့ ထောက်ပံ့လိုက်လေပြီ။ လက်ျာဘီလူးတို့ အလုပ်အကြံ ကောင်းရန်သာ ကျန်တော့သည်။ ထိုသူကို မြစ်ကမ်းအရောက် မည်သို့ ခေါ်၍ မည်သို့ သတ်ညှစ်ကြရမည် ဆိုသည်ကိုမူ ဗိုလ်မင်းများနှင့် တိုင်ပင်ရပေဦးမည်။
စစ်ပွဲ အကြိမ်ကြိမ် တိုက်လံရာတွင်ပင် မိမိသဘောနှင့် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ကြသော ဗိုလ်မှူးများမှာ ဘုန်းခေါင်ဟူသော စိတ်လွတ်နေသူနှင့်ကျမှ ခေါင်းချင်းရိုက် ဆွေးနွေးကြရကုန်၏ ။ သူတို့ အစီအမံများ ချမှတ် ပြင်ဆင်နေကြချိန်တွင် တဲအိမ်သုံးလုံးမှ လူများ ခွေးများ တိရစ္ဆာန်များ အားလုံး၏ သတင်းဆိုးကို ကြားကြရပြန်သည်။
"ဒီကောင်ကတော့ အတော်ဆိုးနေပြီကွ"
ဟု ဗိုလ်တွန် မှတ်ချက်ချသလို လက်ျာဘီလူးကလည်း
"တွေ့သမျှ သတ်နေတာဟာ ဘယ်လောက်တောင် နာကြည်းမုန်းတီးခဲ့ရလို့လဲ မသိဘူး"
ဟု သုံးသပ်လေ၏ ။ ဦးကောင်းကတော့
"သင်းကလေးအကြောင်း စုံစမ်းဖို့ရန်ကလည်း ဝေးဝေးလံလံ လွှတ်ဖို့ မဆိုနဲ့၊ အပြင်ထွက်ကြရမှာတောင် တို့လူတွေ ရွံ့နေကြပြီ။ အတွင်းထဲ နေတော့လည်း အချိန်မရွေး ရောက်လာနိုင်သာပါပဲလေ၊ မြန်မြန် ကိစ္စငြိမ်းမှ အေးမှာပါ"
"တောက်၊ ရန်သူ ကြားဖြတ်အတိုက်ခံရတာကမှ တပ်ကို စုစည်းပြီး ကွပ်ကဲဆုတ်ခွာလို့ ရဦးမယ်။ ဒီကောင် ဝင်သတ်ရင်တော့ မနိုင်လို့ ပြေးကြရရင်တောင် လွတ်ပါ့မလားပဲ"
"မလွတ်ဘူး ဦးတွန်၊ တပ်လာတည်တဲ့ မွန်တွေ ပြေးတဲ့လမ်းတစ်လျှောက်လုံး ပျားခတ်လို့ပါဆို။ တစ်ယောက်မှကို ပြန်မရောက်ဘူးတဲ့"
"အရှင်မိလို့ကတော့လား၊ နုတ်နုတ်စင်းပစ်ရမယ်"
"သူ ပြန်ကြည့်တဲ့ အကြည့်နဲ့တင် နှလုံးခဲသွားနိုင်တယ်နော် ဦးတွန်"
"အေးကွ.. သင်းက အတော်သွေးအေးတာ။ ငါက ဟိတ်.. လက်ချင်းသတ်မလား ဆိုတော့ ဓားကို ချက်ချင်းချပြီး ငါ့လက် လာကိုင်တော့တာပဲ"
"သာနဲ့ပဲ မင်းက သူ့စိတ်ကျေနပ်အောင် ကျွမ်းပစ်ပြီး အပေါက်ခံပေးလိုက်သယ်ပေါ့လေ"
"ဟာ.. ကိုကောင်းကလည်း၊ ပေါက်တုန်းကတော့ ကျုပ်က အရင် ပေါက်လိုက်တာပ။ ဘယ်လိုဖြစ်ပြီး ကျုပ်ပဲ မြေပေါ်ကျကျသွားတယ် မသိဘူး။ အတော်တော့ ဟုတ်တဲ့ကောင်.. ကျုပ်ကိုယ်ကြီးကို မြှောက်ထားပြီး သူ့ဒူးပေါ် လွှတ်ချလိုက်သေးတာ"
"တစ်ခါတည်း ခါးကျိုးမသွားတာ တော်သေးသာပေါ့"
"ဘယ်ကျိုးမလဲ၊ သူ့ကုပ်ကိုင်ပြီး ဆွဲဖက်လိုက်လို့ မြေပေါ် လုံးထွေးသွားကြတယ်"
"သူက အပေါ်က မဟုတ်လား"
ငတွန် ရှက်ရယ် ရယ်လိုက်သည်။
"ခွေးကောင်လေး၊ မရိုမသေနဲ့.. ဟုတ်တယ်ကွ"
"ကြားပြီးပါပြီ၊ ကျွန်တော်သာဆို အဲဒီနေရာမှာ လည်စေ့ထွက်ပြီး သေနေလောက်ပြီ"
"ကိုင်း.. ကိုင်း၊ လုပ်ရေးကြံရေးတွေကလည်း ရှိသေးသယ်။ အရူးတစ်ယောက်နဲ့ အချိန်ကုန်လူကုန် ဖြစ်မနေကြသင့်ဘူး။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် သင်းကလေးကို ကွပ်နိုင်ဖို့ ကြံကြပါလေ့။ ကျုပ်လည်း အစွမ်းကုန် ပြင်ဆင်ထားမယ်"
"သြော်.. ဦးကောင်း၊ ရန်ပုံခွင်း အမြောက်ကြီးကို ပစ်ဖို့ သူရိန်ဒေဝတပ်ကို ခန့်စေချင်ပါတယ်။ သူကိုယ်တိုင် ပစ်မယ်ဆို ထိချက်ကောင်းမယ်။ မလွဲလောက်ဘူး ထင်ရတာပ"
"ငါ့တပ်ကို မပူနဲ့၊ မင်းတို့သာ ထောင်ချောက်ကို သေချာလုပ်ကြ။ မင်း စီမံသာ ကောင်းရင် ငါတို့မလိုဘူး ရှင်ညိုသူ"
"မှန်ပါ.. ကြိုးစားပါ့မယ် ဗိုလ်မင်း"
ဦးကောင်း တပ်သားများက ကြီးမားသော အမြောက်ကြီးကို အော်ဟစ်အချက်ပေး၍ တွန်းရွှေ့သွားကြသည်။ ဗိုလ်တွန်၏ လူများသည်လည်း ပတ်ဝန်းကျင်ကို ပြင်ဆင်ထားရန် အလုပ်ရှုပ်နေကြပြီး လက်ျာဘီလူးကတော့ မြေနေရာ စိတ်ကြိုက်ရွေးချယ် ကြည့်ရှုလျက် မြောင်းကြီးတစ်ခု စတင်တူးခိုင်းတော့သည်။
မြောင်းသည် လူနှစ်ရပ်ကျော်၊ ဝါးတစ်ပြန်နီးပါး အနက်ရှိပြီး ဘေးသားနံရံများ ချောမွတ်နေလျက် အောက်ခြေသို့ ကျယ်သွားသည့်
ပုံသဏ္ဍာန် ရှိ၏ ။ လှေကားများ၊ ကြိုးထုံးများဖြင့် တက်လိုက်ဆင်းလိုက် မြေသယ်နေသူများ၊ ကျင်းကို ချဲ့နေသူ၊ ဘေးသို့ ဆက်လက်ဖောက်လုပ်နေသူများနှင့် တပ်သားအားလုံး အလုပ်ရှုပ်နေကြသည်။
ငဘုန်းခေါင် တည်းဟူသော လူဆိုးသွမ်းကြီးအား အဆင့်ဆင့် နှိမ်နင်း ဖမ်းဆီးနိုင်ရန် လုပ်ဆောင်နေကြရခြင်း ဖြစ်လေသည်။ အရှေ့နှင့် အပေါ်ပိုင်း တာဝန်ယူထားသည့် မုဆိုးခြုံသားများမှာလည်း အပင်များပေါ် လင့်ထိုးသူထိုး၊ ချုံနွယ် လမ်းပေါက် ပြင်သူပြင်နှင့် မည်သူမျှ မအားလပ်ကြ။
သူတို့ လင့်စင်များပေါ်သို့မူ ကြိုးထုံးဖြင့်သာ တက်ကြရပြီး လှေကားမသုံးရ။ အပေါ်၌ သေနတ်သားတစ်ဦး၊ ဒူးလေး သို့မဟုတ် မြားလေးသမား တစ်ဦး ရိက္ခာများနှင့် အသင့်ဖြစ်ကြလျင် ကြိုးကို ဆွဲတင်လိုက်ကြရသည်။ တက်ရလွယ်သည့်၊ အပင်ချင်းနီးသည့် နေရာများတွင်လည်း လင့်မထိုးရ။ အောက်ခြေရှင်း ပင်စည်ဖြောင့်သော သစ်ပင်ကြီးများ၏ အမြင့်တွင်သာ ဝါးလင့်စင်များ ထိုး၍ နေကြလေသည်။
ထိုသို့ ပြင်ဆင်ထားပြီး စောင့်နေသော်လည်း ဘုန်းခေါင်မှာ ပေါ်မလာပြန်။ ၃ ရက်ခန့် ကြာသောအခါ တောနင်းသူများလည်း မတွေ့ကြရသဖြင့် ဤနယ်မှ ထွက်သွားပြီ ဟုသာ ယူဆကြရတော့မည်။ သို့တိုင် ဆက်လက် စောင့်ဆိုင်းနေကြဆဲ၊ အသင့်အနေအထား ရှိနေကြဆဲ ဖြစ်သည်။
ဘုန်းခေါင်ကား ရန်သူများ လိုက်မလာနိုင်သည့် တောနက်ထဲ၌ ရှာဖွေတွေ့ရှိရသမျှ သစ်သီးသစ်ဥတို့ကို စားရင်း ငြိမ်နေသည်။ သူ့ကျောဝယ် ဓားပြတ်ရာတစ်ချက်က မခြောက်တခြောက်၊ တစစ်စစ် ကိုက်နေဆဲ။ ဦးနှောက်ပျက်သည်အထိ ကျိုင်းနှင့် အရိုက်ခံထားရသောကြောင့် ပျော့နေသေးသော ဦးခေါင်းသည်လည်း မခံမရပ်နိုင်အောင် ထိုးကိုက်တတ်သေးသည်။
တစ်ည၊ သူ သစ်ပင်ကြီးတစ်ပင်၏ ကိုင်းဖျားဝယ် မှေးစက်နေစဥ် အိပ်မက်မြင်မက်သည်။ အလွန်တရာ ကြီးမားသော ဘီလူးကြီးတစ်ကောင်က သူအိပ်နေသည့် သစ်ပင်အား ကိုင်လှုပ်ခါယမ်းကာ ကြိမ်းဝါးနေသည်။
"မင်း ပြေးလို့ မလွတ်တော့ဘူး ရာဇဝတ်သား။ မင်းကို အမြောက်နဲ့ ပစ်ပြီး စီရင်ရမယ်၊ လာခဲ့"
သူက အပင်နှင့်ထပ်တူ မြင့်မားသော ဘီလူးအား ဓားလတ်နှင့် ပစ်ပေါက်သည်။ ဘီလူးက လက်ဝဲလက်ဖျံနှင့် ကာထုတ်လျက် ရယ်မောနေပြန်၏ ။
"ဟားဟားဟား၊ ဆင်းခဲ့စမ်း ဓားပြကောင်"
ဘုန်းခေါင် ဘီလူး၏ ဦးခေါင်းပေါ်သို့ ခုန်အုပ်လိုက်သည်။ အေးခနဲ တလှပ်လှပ် ဖြစ်သွားပြီးနောက် သူ သစ်ပင်ပေါ်မှ ကျနေကြောင်း သိလိုက်ရ၏ ။ သစ်ကိုင်းတစ်ခုကို ဆွဲမိ၍ လက်မောင်းများ ပြင်းထန်စွာ နာကျင်သွားသော်လည်း ကိုင်းကျိုးကာ ပြုတ်ကျလာသည်။
သစ်ကိုင်းကို ဖမ်းဆွဲမိစဥ်က လည်ထွက်သွားသောကြောင့် ပက်လက်လန်ကာ ကျောနှင့် ကျ၏ ။ ဒဏ်ရာကို ခိုက်မိသဖြင့် ခေတ္တသတိလစ်သွားလေသည်။
သူ သတိဝင်သောအခါ ဆက်လက်ရှောင်တိမ်းမနေတော့ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ရန်သူအားလုံးတို့ကို အမြစ်ဖြတ် ချေမှုန်းပစ်တော့မည်၊ မည်သူမှ သူ့နောက် လိုက်မလာနိုင်တော့ဘဲ အေးချမ်းသွားသည်အထိ တစ်ယောက်မကျန် ရှင်းပစ်မှ ရာဇဝတ်သားအဖြစ်မှ လွတ်လပ်တော့မည်ဟု တွေးမိလာသည်။

ဤသို့ဖြင့် ဘုန်းခေါင် ဇာတိရပ်ရွာဘက်သို့ ခြေဦးပြန်လှည့်လာခဲ့ပြီ။ 

(ဆက်ရန်...) စိတ္တဇ (ဇာတ်သိမ်း)

Written by သင်္ခရာဇာ

End date: May 11, 2022

စိတ္တဇ (၇)

သွေးသောက် ငအောင်မော်သည် ကိုယ်လုံး၊ လက်မောင်း၊ ပေါင်တို့တွင် သစ်သားပြားများ ကပ်စည်းထားလျက် ချပ်ဝတ် ဝတ်ကာ လှံရှည်ကြီးတစ်ချောင်း ကိုင်ထားသောကြောင့် ဗိုလ်မင်းကြီးပုံ ပေါက်နေသည်။ လက်ျာဘီလူးက သူ့အား သေချာ မှာနေ၏ ။
"မင်း မသေရင် တပ်ဆီ တန်းပြန်နော်၊ ငါတို့နောက် လုံးဝ လိုက်မလာရဘူး။ ကြားလား"
"ဟုတ်ကဲ့ပါတပ်မှူး၊ ပြန်ပါ့မယ်ဆို"
"အဲဒီနားမှာပဲလည်း နေမနေနဲ့၊ ဟိုက ပြန်လှည့်လာရင် အသေပဲ ရှိတယ်။ နောက်တစ်ကြိမ် မရှိနိုင်တော့ဘူး"
"ကျုပ် နားလည်ပါတယ် တပ်မှူးရယ်၊ ငသူရိန်တို့ ငရွှေတို့ကိုပဲ ပူစမ်းပါဗျာ"
"ဟေ့.. ငါ့ကိုတော့ မပူရဘူးလား"
ငခေါင်းဖြူ လှမ်းမေးရာ အောင်မော်က
"ခင်ဗျားကြီးကတော့ တပ်မှူးကို မတူဘဲ လိုက်တုနေတာ သေ အေးရောဗျာ"
"ဘာကွ.. ခွေးမသား ငအောင်မော်၊ ငါ့လက်နဲ့ သေချင်သလား"
သူတို့ ကျီစယ်နေကြခိုက် ငသူရိန်ကတော့ ဆန်ဝါး၍ မြင်းရည်တက်ရွေးခဲ့သော တပ်မှူး၏ လုပ်ပုံကို တွေးကာ ရယ်ချင်နေသည်။ ထိုသို့ သူရဲရွေးပုံမျိုး မကြားဖူးသဖြင့်လည်း ကြံကြံဖန်ဖန် မဆိုင်သည်ကို ဆွဲယူအသုံးချသွားခြင်းအား မှတ်သားလိုက်မိသည်။
သေမှာ မကြောက်သူကို ရွေးခဲ့သည် ဆိုငြား အရည်အချင်းမှာ ကွာခြားနေသဖြင့် ရန်သူကို ဤသူရဲများ ရင်ဆိုင်နိုင်စွမ်း ရှိပါ့မလား ဟုလည်း လေးလေးနက်နက် တွေးနေ၏ ။
"ကျုပ်တို့ မျှော်လင့်ထားသလို ဖြစ်မလာရင်ရော တပ်မှူး"
"မီးစင်ကြည့် ကရတာပေါ့ ငသူရိန်၊ ငါ့ကို ယုံတယ်မဟုတ်လား"
"ယုံလွန်းလို့ ခက်နေတာ၊ တပ်မှူး တစ်ခုခု ဖြစ်သွားလိမ့်မယ် လို့ကို ယုံနေတာ"
သူ့စကားကြောင့် ရယ်လိုက်ကြသည်။
"ကြံထားတဲ့အတိုင်း မဖြစ်ရင် တပ်မှူးက.."
လက်ျာဘီလူးက ချောင်းဟန့်ကာ
"ဒီအရေးက အများကြီး တွေးလို့ မရဘူး ငသူရိန်၊ လုပ်ကြည့်မှ သိမှာပဲ။ ရန်သူက စိတ်ပုံမှန် မဟုတ်လို့ ငါတို့ပရိယာယ်ကို မသိရင်တောင် ခန့်မှန်းမရတဲ့သူမို့ ကြိုတင်တွက်ဆထားလို့လည်း မရဘူးလေ"
"ဟုတ်ကဲ့ပါ"
သူတို့ငါးဦး မြင်းကိုယ်စီနှင့် ထွက်လာခဲ့ကြသည်။ မကြာမီ ငခေါင်းဖြူနှင့် ငရွှေ ခွဲထွက်သွား၏ ။ ပြည့်ပြည့်ဖောင်းဖောင်းကြီး ဖြစ်နေသော ငအောင်မော်ကို ခြံရံလျက် လက်ျာဘီလူးနှင့် သူရိန်တို့ တဟေးဟေး အော်လာခဲ့၏ ။ သူတို့၏ စိန်ခေါ်သံကို စိတ္တဇလူ ကြားနိုင်လောက်သည်အထိ အသံကို မြှင့်ရင်း တောနက်သထက် နက်လာသည်။
လက်ျာဘီလူး ခန့်မှန်းခဲ့သည်မှာ ထိုသူသည် ဝေးဝေးသို့ ပြေးမည်မဟုတ်ဘဲ သတ်စရာရှိနေလျင် ဤအရပ်၌ တဝဲဝဲလည်နေလိမ့်ဟု ဆိုခဲ့သည်။ ယခုလည်း နာရီတစ်မောင်းကျော်ကြာ အသံပေးလာသည့်အခါ တရုန်းရုန်း ပြေးလာသံကို စတင်ကြားကြရပြီ။
ခြေသံရှင်သည် သူတို့ကို မြင်သွားပုံ ရ၏ ။ ချက်ချင်း ဝင်မလာဘဲ သစ်ပင်များအပြင်မှ ပတ်နေသေးသည်။ သူတို့သုံးဦးသားလည်း သတိမလွတ်စေဘဲ အသံကြားရာသို့ မျက်နှာမူထားကြလေသည်။ အတန်ငယ်ကြာမှ ထိုသူ ပေါ်လာ၏ ။ လက်နက်မပါ လက်ချည်းသက်သက်ဖြစ်သည်။
သူတို့နှင့်အတူ အခြားသူ မပါမှန်း သိရှိသွား၍ ခပ်ရဲရဲပင် တိုးလာနေသည်။ လက်ျာဘီလူးက ငအောင်မော် လက်ထဲမှ လှံကို ဆွဲယူလျက် ရလိုရငြား ထိုးကြည့်သေးသည်။ ထိုလူက လှံလာနေသည်ကို မရှောင်ဘဲ စိုက်ကြည့်နေပြီး အနီးရောက်မှ ဆတ်ခနဲ ဖမ်းလိုက်သည်နှင့် လက်ျာဘီလူးတို့ ချက်ချင်း မြင်းပေါ်တက်လိုက်ကြ၏ ။
မြင်းနှစ်စီးက ဘယ်ညာ ခွဲသွားကြသဖြင့် ပြန်ပစ်ရန် အားယူနေသော ဘုန်းခေါင်သည် အလယ်မှ ကုန်းကုန်းကွကွနှင့် မြင်းပေါ်တက်ရန် ပြင်နေသူ ငအောင်မော်အား ချိန်ရွယ်လွှတ်လိုက်ရာ ကျောကို စိုက်ဝင်သွား၍ ငအောင်မော် မြင်းပေါ် မတက်နိုင်တော့ဘဲ ဒယီးဒယိုင် လျှောက်လာပြီးနောက် လဲကျသွားလေသည်။
လက်ျာဘီလူးတို့ကတော့ ငအောင်မော် ထိသည်ကို မြင်းရပ် ကြည့်လိုက်ကြပြီး ထိုသူ ပြေးလိုက်လာသောကြောင့် ဆက်ပြေးသွားကြသည်။ ထိုလူကလည်း စီစဥ်ထားသည့်အတိုင်း ငအော်မော်၏ မြင်းပေါ် လွှားခနဲ ခုန်တက်လိုက်ပြီး ထောင်လျက် စိုက်ဝင်နေသော လှံကို ဆွဲနုတ်ယူသွားသည်။
သို့ရာတွင် ရှေ့မှ လှည့်ပတ်ပြေးနေကြသော မြင်းနှစ်စီးမှာ လှံတစ်ကမ်းစာမက ဝေးကွာနေ၏ ။ သူကလည်း မမိလိုက်သည့် ဗိုလ်ကို အရယူမည်ဟု ဒုန်းစိုင်းလိုက်နေသည်။ ကြည့်နေရင်း မြင်းနှစ်စီးသည် သုံးစီး ဖြစ်သွား၏ ။ မည်သည့်နေရာမှ ပေါ်လာမှန်း မသိသည့် မြင်းတစ်စီးက သူ့ကို ခေတ္တရပ်ကြည့်နေခိုက် သူက လှံနှင့် ထိုးလိုက်ပြန်သည်။
တပ်သားငရွှေသည် လက်ျာဘီလူးတို့အား လမ်းပြရန် လာခေါ်ရင်း အနောက်ရှိ လူကို တစ်ချက် မျှော်ကြည့်လိုက်မိသဖြင့် မြင်းတုံ့သွားခိုက် လှံကြီးက လျင်မြန်စွာ ရောက်လာကာ သူ့ခန္ဓာကို ထုတ်ချင်းခတ် ဖောက်ထွက်သွားသည်။ လက်ျာဘီလူးတို့ မြင်းလွန်သွားကြပြီး လှည့်ကြည့်သော် လှံတန်းလန်းနှင့် ငရွှေကလည်း သူတို့ကို နှုတ်ဆက်လိုက်သည့် ဟန်ဖြင့် လှမ်းကြည့်နေလေသည်။
"ဟာ.. သွားပြီ"
ရန်သူမွန်တပ်အနီး ပုန်းအောင်းနေသည့် ငခေါင်းဖြူက မြင်းခွာသံများ ကြားသည့်ဘက်သို့ လာခဲ့ရာ မြင်းနှစ်စီးကိုသာ တွေ့ရသည်။
"ဒီဘက်မှာ တပ်မှူး၊ အနောက်ဘက်က ဖြတ်ကွင်း ကျဥ်းတယ်၊ တောနဲ့နီးတယ်။ ဒါနဲ့ ငရွှေရော"
ဟု ပြေးရင်းလွှားရင်း မေးလာ၏ ။
"ငရွှေ ကျနေခဲ့ပြီ။ ခင်ဗျားလည်း ခြေမလျော့စေနဲ့။ တစ်ချက်နှေးရင် တစ်သက်ပေးလိုက်ရလိမ့်မယ်။ ဝင်ရမယ့်ဘက်ကို အမြန်ပြေး"
သူရိန်က အော်ပြော၍ ငခေါင်းဖြူနောက် လိုက်သည်။ ငခေါင်းဖြူ တောက်ခေါက်လိုက်ပြီး သူ ကြိုတင်ကြည့်ရှု လေ့လာထားသော မွန်တပ်အား ရှောင်တခင်ထိုးဖောက် ဝင်ရောက်နိုင်မည့် နေရာသို့ ခေါ်သွားသည်။ အနောက်မှလူလည်း ကွေ့လာနေပြီ။ သူတို့သည် ရန်သူတပ်တည်နေသည့် အတွင်းသို့ ရူးရူးမိုက်မိုက် ပြေးဝင်သွားကြ၏ ။
"ဟာ... မြန်မာတွေဟေ့"
"ရန်သူတွေ ဝင်လာတယ်ဟေ့"
"မြန်မာရူးတွေ မြင်းသုံးစီး ဝင်လာတယ်၊ ပိတ်ဆို့ပြီး ဖမ်း.. ဖမ်း။ သုံးစီး မဟုတ်ဘူး လေးစီးပဲ။ တစ်ကောင်မှ မလွတ်စေနဲ့ဟေ့"
မွန်တို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သေနတ်သားများ ယမ်းထိုးနေခိုက်မှာပင် လက်ျာဘီလူးတို့ ဝေါခနဲ ကျော်ဖြတ်သွားကြလေ၏ ။ ဘုန်းခေါင်ကို ပစ်ကြသော်လည်း မထိ။ ရန်သူ့တပ်တွင်း ရောက်၍ နောက်မှလူကို လှည့်ကြည့်ရာ မွန်တို့ကို မထိုးမပစ်၊ သူ့ထံသို့သာ သဲသဲမဲမဲ လိုက်လာနေသည်ကို တွေ့လိုက်ရသည်။
"ပြဿနာပဲ"
လက်ျာဘီလူး ဗျာများသွား၏ ။ ရန်သူသည် မွန်တို့ကို ဂရုမစိုက်။ အခြားသူများကို မလိုဘဲ မိမိကိုသာ သတ်လိုကြောင်း နားလည်လိုက်မိသည်။ သို့ဆိုလျင် ငသူရိန်တို့လည်း ဘာမှ တတ်နိုင်မည် မဟုတ်။
"ငသူရိန်၊ ငခေါင်းဖြူ.. ဖောက်ထွက်တော့။ နောက်လှည့်မကြည့်နဲ့။ ကိုယ်လွတ်ခွာပြီး ငရွှေကို ကောက်ပြန်ကြတော့"
ငသူရိန် ထင်သည့်အတိုင်း ဖြစ်လာခဲ့လေပြီ။ လက်ျာဘီလူးသည် မြင်းပေါ်မှ ဆင်းပြီး ဓားမထုတ်ဘဲ မွန်အများကြား ပြေးဝင်ပျောက်ကွယ် ကျန်ရစ်၏ ။ ငသူရိန်တို့က ပိတ်ဆို့လာသမျှကို တိုးတိုက်ပစ်ရင်း အပြင်းထိုးဖောက်သွားကြသည်။
ဘုန်းခေါင်သည်လည်း လက်ျာဘီလူးကို လိုက်ရှာရင်း ရန်သူများအကြားသို့ ရောက်သွားရလေသည်။ သူ့လက်၌ ငရွှေကိုယ်မှ လှံ ပြန်ပါလာသဖြင့် မည်သူမျှ အနားမကပ်နိုင်၊ မွန်တို့ အံ့သြခြင်းကြီးစွာ ဖြစ်နေကြရသည်။
လက်ျာဘီလူးကတော့ အတင်းရုန်း၍ ပြေးသော်လည်း မလွတ်ဘဲ မွန်နှစ်ဦးက သူ့ကို ဖမ်းချုပ်မိလိုက်သည်။ ဘုန်းခေါင် သောင်းကျန်းနေ၍ သူ့အား ချုပ်ကိုင်ထားသူများ ငေးကြည့်နေကြခိုက် အလစ်တွင် အခွင့်ကောင်းယူလျက် မွန်နှစ်ဦးအား လှဲသိပ်လိုက်၏ ။
ဘုန်းခေါင်က သူရှိရာဘက် လာနေသည်။ တားဆီး ရပ်ခံနေသူ မှန်သမျှလည်း တစ်ဦးလျင် လှံတစ်ချက်နှုန်း ရရှိခံစားနေကြရ၏ ။ လက်ျာဘီလူးက ကိုယ်ကို ကုန်းကာ လှည့်ပတ်ပြေးရာ ဘုန်းခေါင် ပစ်လိုက်သည့် လှံသည် သူ့အနောက်မှ မွန်တစ်ဦးအား စိုက်ဝင် ကျန်ခဲ့လေသည်။
တိမ်ပျံ ပြန်ပြေးလာသောကြောင့် တစ်ဖက်မှ ဖက်လိုက်ရင်း ခေါင်းထောင်ကြည့်သော် ဘုန်းခေါင်မှာ မွန်အများကြား၌ ကျန်ခဲ့သည်ကို တွေ့ရ၏ ။ သူလည်း ကံကြီးသဖြင့် အနိုင်နိုင် ခွာပြီး လွတ်လာခဲ့လေသည်။
ငခေါင်းဖြူက ဘုန်းခေါင်အား မြင်းပေးလိုက်ရသည့် ငအောင်မော်ကို ရှာ၍ တင်လာပြီး ငသူရိန်ကတော့ ငရွှေ၏ ကိုယ်ကို သူ့ရှေ့တွင် ပိုက်ထားရင်း မြင်းကို ထိန်းစီးလာရာမှ ငတိုက်မောင်း မေးဖူးသော စကားတချို့ကို အမှတ်ရနေမိပြန်သည်။
"တပ်မှူးက ကိုယ်ရမယ့် အခွင့်အရေးတွေကို သူများပေးပစ်ပြီး အခြားသူတွေအတွက် အနစ်နာခံပေးရင် ကုသိုလ်ရမယ် ထင်လို့လား"
ဟု လက်ျာဘီလူးအား မေးခဲ့ဖူးသည်။
"ဟဲ့.. ငတိုက်မောင်း၊ ဘယ်လို မေးလိုက်တာလဲ။ ကုသိုလ် အကုသိုလ် စတဲ့ တရားဓမ္မ သဘောတရားတွေ ငါနဲ့ မနီးစပ်။ ကိုယ် လုပ်နိုင်တာကို လုပ်ပေးတာပဲ။ တခြား ကောင်းတာတွေ မလုပ်နိုင်ရင်တောင် ငါ့လူတွေအတွက် ကောင်းမယ်ထင်တာကိုတော့ လုပ်နိုင်သလောက် လုပ်ပေးရုံပဲလေ"
ဟူ၏ ။ ယခုလည်း သူ့လူများ ထွက်နိုင်ရန် သူက ချန်နေရစ်ခဲ့ရသည်။ သူသာ မနေခဲ့လျင် ဘုန်းခေါင် ထပ်ချပ်လိုက်လာမည်မှန်း ငသူရိန်လည်း သိနေသည်။ တပ်မှူးအား ပြန်သွားကယ်ရန်အတွက် ဦးတွန် နှင့် ဦးကောင်းတို့ တပ်များသို့ ချက်ချင်း အကြောင်းကြားစေရသည်။

             ထိုအခါ သေနတ်ဝန် ဦးကောင်းလည်း အလောင်းမင်းကြီးလူ ရန်သူတို့လက်၌ ကျန်ရစ်သည်မှာ အရေးကိစ္စကြီး ဖြစ်ပေသည်၊ မင်းထင်နော်ရထာသည် နှယ်နှယ်ရရ သာမညဗိုလ်မဟုတ်။ အရှေ့ဝင်းမှူးလည်း ဖြစ်၏ ။ မင်းတရားကြီးထံ အလျင် သံတော်ဦးတင်မှ ဖြစ်မည် ဟု နောက်တပ်မကြီးသို့ ပြန်လျက် ခြေတော်ရင်းအရောက် ဝင်ကာ လျှောက်တင်လိုက်လေသည်။

(ဆက်ရန်...) စိတ္တဇ (၈)

Written by သင်္ခရာဇာ

End date: May 10, 2022

စိတ္တဇ (၆)

            ရန်သူတို့သည် သူ့အား ဝိုင်းထားကြသည်။ အချိန်နှင့်အမျှ အင်အားလည်း ပိုများလာ၏ ။ ဆိတ်ကွယ်ရာ မရှိလောက်အောင်ပင် အရပ်မျက်နှာမျိုးစုံမှ ချောင်းမြောင်းနေကြမှန်း သူသိနေသည်။ အဝိုင်းခံနေလျင် ကြာသော် အထိနာတော့မည် ဖြစ်၍ သူက စတိုက်ရန် ဆုံးဖြတ်လိုက်လေသည်။
သူသည် မကြာသေးမီက ခိုအောင်းခဲ့ရာ လျှိုကြီးအနီးသို့ ပြန်ရောက်လာခဲ့သည်။ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မြက်ပင်ချုံငယ်များ ဖရိုဖရဲ။ သူက ရန်သူတို့၏ ခြေရာ မြင်းခွာရာများအတိုင်း အသံလုံလုံ လိုက်လာခဲ့သည်။ သူ့အား ရင်ဆိုင်ခဲ့သည့် ရန်သူဗိုလ်မင်းအား မြင်ယောင်လာလျက် အပြတ်မဖြတ်နိုင်ခဲ့သည်ကို တွေးမိကာ မကျေမချမ်း ဖြစ်ရ၏ ။
ရန်သူရှိသည်၊ သူအား ရန်သူများ ဝိုင်းနေဆဲ။ ၄တို့ကို အမြစ်ဖြတ်နိုင်မှ သူ အန္တရာယ်ကင်း၍ စိတ်အေးချမ်းသာစွာ နေရမည်ကို သဘောပေါက်သည်။ ထို့ကြောင့် သူ့နောက်လိုက်နေသူ အားလုံးကို ချေမှုန်းရပေတော့မည်။
ရန်သူများ တပ်ချနေကြသည့် စခန်းသို့ ရောက်လာ၏ ။ ပိုပိုတောင့်တင်းလာသော ရန်သူများမှာ ထောင်ပေါင်းများစွာ ရှိပေလိမ့်မည်။ သူသည် ရန်သူ့တပ်တွင်းသို့ ခပ်တည်တည် လျှောက်ဝင်လာခဲ့၏ ။
"ဟိတ်.. ဘယ်သူလဲ"
ဦးဆုံးတွေ့သည့် တပ်သားက သူ့အား လှံနှင့်ရွယ်ကာ တားဆီးမည် ပြုသဖြင့် လှံကိုယူကာ ထိုးစိုက်ခဲ့လိုက်၏ ။ နောက်တစ်ဦးက 'ရန်သူ' ဟု အော်၍ ဓားနှင့် ပြေးခုတ်သည်။ ထိုဓားသည်လည်း တစ်ပတ်လည်၍ သခင်ကိုယ်တွင်းသို့ အောင်းသွားပြန်ရာ အခြားသူများသည် အော်ဟစ်လျက် ပြေးလာကြလေသည်။
"ဘာကောင်လဲကွ၊ ရိုင်းလှချေလား"
"မုဆိုးခြုံတပ်ကိုမှ လွန်ကျူးစော်ကားဝံ့တဲ့ သူရူးကောင်၊ မင်းတော့ ဒီနေ့နောက်ဆုံးဖြစ်ပြီ"
သို့သော် လက်ဗလာရောက်လာသူ၏ ဓားချက်လှံချက်များဖြင့် လမ်းတစ်လျှောက် အတုံးအရုံး လဲကျကုန်လေပြီ။ တဲတစ်ခုအတွင်းမှ လူညိုကြီးတစ်ဦးနှင့် နောက်လိုက်များ ထွက်လာကြပြီး လူညိုညိုက သူ့ကိုမြင်လျင် ကိုင်စွဲလာသော လှံရှည်ဖြင့် လှမ်းပစ်လိုက်၏ ။ သူက အားပါလှသော လှံကို နှစ်ပတ်သုံးပတ် လှည့်၍ မြေ၌ ထောက်ကာ မားမားမတ်မတ် ရပ်နေသည်။
"အောင်မာ၊ တယ်လာတဲ့ကောင်ပါလား။ တွေ့ကြရောပေါ့"
လူညိုကြီးသည် ဓားကို ဝင်းခနဲ ဆွဲထုတ်လျက် ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာသည်ကို သူက တည်ငြိမ်စွာ ကြည့်နေ၏ ။ ဓားစလွယ် ယမ်းလာသည့် ထိုသူကြီး၏ လက် အနောက်ဘက်သို့ အပြန်တွင် သူက လှစ်ခနဲ ဝင်သွားလိုက်သည်။
လှံသုံးမည်ထင်၍ ဓားယမ်းနေသူ လူထွားကြီးက လူချည်း လျင်မြန်စွာ ပြေးဝင်လိုက်သည်ကို မြင်လျင်မြင်ချင်း ဓားကို ပက်လိုက်သော်လည်း သူက အလိုက်သင့်ပင် အရှေ့ရောက်လာသည့် လက်ကို ကိုင်ကာ လိမ်ပေါက်လိုက်သည်။ လူညိုကြီး မြေပေါ် လိမ့်သွားပြီး ခြေနှစ်လှမ်းစာအကွာတွင် လှိမ့်ထလိုက်၏ ။
သို့ရာတွင် ကိုယ်ကို ကွေးညွှတ်ပြီးမှ အစွမ်းကုန် ဆန့်ထုတ်ကန်လိုက်သော နောက်ခြေကန်ချက်ကြောင့် လွင့်ဝဲသွားကာ ဖင်ထိုင်ကျပြန်သည်။ ဓားကတော့ မလွတ်၊ သူကလည်း လွင့်သွားသူနောက် မလိုက်ဘဲ စိုက်ထားခဲ့သည့် လှံကို လွှဲယမ်း ပစ်လိုက်ရာ လူညိုထွား၏ နောက်မှ ထွက်လာသူကို ထိ၍ နောက်ဆုတ် လန်ကျသွားသည်။
"ဟာ.. ထိသွားပြီဟေ့"
*
မင်းလှမင်းခေါင်၏ တပ်တွင်းသို့ လူတစ်ယောက် ဝင်မွှေသွားသည် ဟူသော သတင်းသည် ချက်ချင်း လက်ျာဘီလူးထံ ရောက်လာ၏ ။
"ဘာဖြစ်သွားကြသေးလဲ.. အမြန်ပြောစမ်း"
"လူပေါင်း ၅၀ ကျော် အထိအပါး ရှိပါတယ်။ ပွဲချင်းပြီးသူ ၂၀ ခန့်အထိ မထင်မှတ်ဖွယ် အလစ်အငိုက် အတိုက်ခံလိုက်ရပြီး.."
"မလိုတာတွေ မပြောစမ်းနဲ့၊ ဦးတွန် ထိသွားသေးလား"
"လက်နက်တော့ မထိပေမယ့် နှစ်ကြိမ် သုံးကြိမ် ကိုင်ပေါက်ခံလိုက်ရတယ်။ ဗိုလ်မှူးကြီးက လက်ချည်းသတ်မယ် စိန်ခေါ်လို့ အဲသည် အရူးက လက်နက်ကို ချခဲ့ပြီး ဖက်ပြိုင်သတ်သွားတာ"
"ဗိုလ်တွန် သင်းကို မနိုင်ဘူး ဟုတ်စ"
"နောက်ဆုံးအကြိမ် အလဲမှာ သင်းက ဗိုလ်မင်းလည်ကို ကုပ်မည်လက်အလှမ်း ဗိုလ်မင်းကြီးက အောက်က ပြန်တွန်းထားတုန်း ဘေးက တပ်သားတွေ ဝိုင်းထိုးကြတာနဲ့"
"ထိသွားသေးလား"
"ထိမယ် ထင်ပါတယ်"
"အခု ဘယ်ရောက်သွားလဲ"
"သေနတ်အစု ရောက်လာပြီး ဝိုင်းပစ်လို့ ပြန်ထွက်သွားတယ်"
"လာတဲ့ဘက်ကိုပဲပေါ့"
"ဟုတ်ပါတယ်"
"တကယ့်ယောက်ျားပဲ၊ တပ်ကြီးထဲကိုတောင် မကြောက်မလန့် ဝင်လာရဲတယ်။ သူ ဘာလို့ ဒီလောက် အငြိုးတကြီး လူသတ်ချင်နေရပါလိမ့်။ ဘာဖြစ်ဖြစ် ငါတို့တပ်တွေအတွက် အန္တရာယ်ရှိတယ်။ ငါ လာခဲ့မယ် လို့ ဗိုလ်မင်းတွေကို ပြောလိုက်ပါ။ ဦးကောင်းတပ်ကိုပါ လှည့်ပြောချေ မောင်မင်း"
"အမိန့်တော်အတိုင်းပါ"
လက်ျာဘီလူးက ဘုရားထူးသည်ကို မကြိုက်ကြောင်း သိ၍ အဆုံးသတ်၌ ဘုရားဟု မပါအောင် သတိထားပြောရင်း လာပြောသည့် မြင်းသည် ပြန်သွားသည်။ ဒဏ်ရာ ဆေးအုံပြီးသော ငသူရိန်က သူလည်း လိုက်ခဲ့မည် ဆိုရာ
"ဗိုလ်မင်းတွေနဲ့ ဆွေးနွေးရမှာ ငသူရိန်"
ဟု ဆိုမှ နောက်ဆုတ်သွားသည်။ ထိုလူကို တိုက်မည်ဆိုလျင် သူ့ကိုခေါ်ပါ၊ မကျေပွဲ နွှဲလိုပါသည်ဟု တောင်းဆိုနေသေးသည်။
"ဟိတ်.. တို့သုံးယောက်လုံး အရူးနဲ့ကျမှ ခံလိုက်ရသဆို"
ဦးကောင်းက ဝင်လာလာချင်း ဆီးပြောသဖြင့် ထိုင်နေကြသည့် လက်ျာဘီလူးနှင့် ဗိုလ်တွန်အပြင် ဦးနှောင်းပါ ပြုံးလိုက်မိသည်။
"အရူးပေမယ့် တကယ့်လူ အာဂသတ္တိဗျနော် မင်းကြီး"
"ငါ့တပ်ထဲ ဝင်ပြီး ငါ့ကို စော်ကားသွားတာဟာ ချီးကျူးရမလိုတောင် ဖြစ်နေသဟိတ်"
"သင်းကို မနိုင်ကြတော့ဘူးလား မောင်တို့"
"ကျွန်တော်တော့ မနိုင်နိုင်တာ အမှန်ပဲ၊ ဟောဒီက ဦးနှောင်းများ နိုင်မလားလို့"
ဟု လက်ျာဘီလူးက တို့ပေးလိုက်ရာ ဦးနှောင်းက ပျာပျာသလဲ လက်ကာပြပြီး
"မလုပ်လိုက်ပါနဲ့ကွယ်၊ အရူးကစားတာ ခံရပြီး သေရတဲ့ ဗိုလ်မင်း ရယ်လို့ ရာဇဝင် အသွမ်းခံနေပါ့မယ်။ မောင်တို့ပဲ ကြံကြ၊ ကျုပ်က ဆန်းနေလို့ လာနားခံတာ"
ဗိုလ်တွန်တို့က လက်ျာဘီလူးအား ကြည့်လိုက်ကြကာ
"မင်းမှာ ဘာအကြံအစည် အစီအမံများ ရှိသလဲ ငစံ"
"ကျွန်တော် နိုင်နိုင်မယ့် အရေးမဟုတ်ဘူး ထင်ပါတယ် ဦးတွန်၊ သူက လက်စွမ်းထက်လွန်းနေတာ လူမက နတ်စစ်သည်တမျှပဲ။ ကျွန်တော်တို့ တိုက်လံသမျှ သူ့အတွက်တော့ လက်နက်တွေ လာဆက်နေသလို ဖြစ်နေပုံရတယ်။ သင်းသာ ကျေးဇူးတင်ပါတယ် ပြောတတ်ရင် ရှက်လွန်းလို့ နေဝံ့မှာမဟုတ်ဘူး"
"မလုပ်လိုက်ပါနဲ့ ငညိုသူရယ်၊ သည်အရေးမှာ မင့်အားကို ယူဖို့ အများကြီး မျှော်လင့်စရာ ရှိသေးသာပ။ သူက လက်ကောင်းရင် တို့က အကြံကောင်းရလိမ့်မယ်။ သင်းမှာ အားနည်းချက်ကလေးများ မမြင်ခဲ့ဘူးလား"
"အားနည်းချက်... အင်း၊ ဒီအတိုင်းတော့ ဘာအားနည်းချက်မှ မတွေ့ဘူး။ စိတ်မမှန်ဘူး ထင်ရတာ ရယ်၊ ယောက်ျားကောင်း ပီသလွန်းတာရယ်ကို အခွင့်အရေး ယူသင့်သလား မပြောတတ်တော့ဘူး။ ကျွန်တော့်အမြင်အရတော့ အဲဒါတွေအပေါ် အခွင့်ကောင်း မယူသင့်ပါဘူး"
"ရှင်ညိုငဲ့.. လူလူချင်း သာမန်ဆိုရင်တော့ မှန်သာပေါ့ကွဲ့။ သင်းက စိတ်ချို့ယွင်းနေသာရယ်။ လူတွေ အများကြီးကိုလည်း စိတ်ထင်တိုင်း သတ်ဖြတ်နေသာ မဟုတ်လား။ သည်လို လူမျိုးကိုတော့ နိုင်သည့်ဘက်က တုံ့ပြန်သင့်ရဲ့ မဟုတ်ဘူးလား"
"သူက ယောက်ျားပီသစွာ ရှေ့က ရင်ဆိုင်တဲ့အပြင် တစ်ယောက်နဲ့အများ ရဲရဲဝံ့ဝံ့ ယှဉ်ပြိုင်ခဲ့တယ်။ ကျွန်တော်တို့က ပျော့ကွက်ရှာပြီး လုပ်ကြံသင့်ပါရဲ့လား"
"ပျော့ကွက်မရှာဘဲ မင်း နှိမ်နင်းနိုင်လို့လား"
"ရဲစက်ကျော်ခေါင်တို့ အရေးလွန်တို့.."
"ငါတောင် မနိုင်တာကို ကောင်လေးရ၊ နင် ငခင်ပါး ကို မျက်မုန်းကျိုးနေလေသလား"
ဗိုလ်တွန်က ဝင်နောက်လိုက်သည်။ လက်ျာဘီလူး သူ့ဘက်လှည့်သွားလျက်
"ဦးတွန်နဲ့ ကျွန်တော် ပေါင်းပြီး.."
"နေဦး.. နေဦး၊ ငါပြောဦးမယ်။ ဒီကောင့်ကို ကြောက်လို့တော့ မဟုတ်ဘူး။ စမားမှာ မွန်တွေ တပ်တည်ဖို့ မြေနေရာ လာကြည့်သွားတာ ကြားလိုက်သလား။ အဲဒီအရေးအတွက် ငါတို့သခင်က ငါ့ကို လွှတ်ပြီး ဖြေရှင်းခိုင်းလိမ့်မယ်ထင်တယ်။ ငါ အမိန့်တော်ကို စောင့်နေရလိမ့်မယ်"
ဦးကောင်းကလည်း
"ငတွန်မဟုတ်လည်း ကျုပ်ကို စေမှာပ။ အဲသည်စိတ္တဇ သူသတ်သမားကိုတော့ မင့်ပဲ ကိုင်တွယ်စေချင်သယ် ငညိုသူ၊ မင်းနဲ့မှ ဖြစ်မယ် ထင်သာပဲ"
လက်ျာဘီလူး အကြံတစ်ခု ရသွား၏ ။ ကျဉ်းထဲကြပ်ထဲ၌ ဉာဏ်ထွက်လေ့ ရှိသည့်အတိုင်း စွန့်၍ လုပ်ရန် ဗိုလ်မှူးများနှင့် တိုင်ပင်သည်။ ဦးကောင်းတို့က စိတ်ပူစွာဖြင့်ပင် ခွင့်ပြုလိုက်ကြရာ သူသည် တပ်သို့ လျင်မြန်စွာ ပြန်လာပြီး လူများကို စုစည်းစေလိုက်သည်။
"သည်တစ်ခါ လုပ်ရမှာက အကြောက်အလန့်မရှိသူများချည်း လိုတယ်။ ငါတို့ဟာ မနိုင်နိုင်တဲ့ ရန်သူကို စိတ်ဆွပြီး ပြေးကြရမယ်။ အဲဒီလူရဲ့ လက်စွမ်းကိုလည်း မင်းတို့ သိကြပြီးသားပဲ။ ပြေးမလွတ်လို့ သူ မိသွားရင် သေမယ်၊ ကံမကောင်းရင် သေမယ်။ သူကတော့ သေမှာ မဟုတ်ဘူး"
အဲဒီလို အလုပ်မျိုးကို တပ်မှူး ဘာကြောင့် လုပ်တာလဲ ဟူသော အမေးမျက်လုံးများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြသော တပ်သားများအား
"ငါတို့လူတွေအတွက်တော့ အများကြီး အကျိုးရှိပါလိမ့်မယ်၊ ဒါ့ကြောင့် အနစ်နာခံ စွန့်ဝံ့သူ၊ သေမှာ မကြောက်သူ မြင်းရည်တက် ဘီလူးတပ်သားတွေချည်း ထပ်ဖွဲ့ပြီး တောထဲက လူသတ်သမားကို မျှားထုတ်ဖို့ ဘယ်သူလိုက်မလဲ"
အများစုက လက်များထောင်လိုက်ကြသည်။ ထိုမျှ လူများနေလျင်လည်း အကျအဆုံး များသည်ကလွဲ၍ အကျိုးမရှိ။ ထို့ကြောင့် လက်ျာဘီလူး တစ်ခဏချင်း ဆုံးဖြတ်ချက်ချလိုက်ကာ
"ငသူရိန်ကတော့ ဒဏ်ရာရထားလို့ ဒီတစ်ကြိမ်ကို မလိုက်ပါနဲ့။ ငါနဲ့ ရဲရောင်သူ ၄ ယောက်ပဲ သွားကြမယ်"
ထိုအခါ ငသူရိန်က
"ဒဏ်ရာက မဖြစ်စလောက်လေးပါ ၊မနာပါဘူး။တပ်မှူးလည်း အနာနဲ့ ထွက်ရတာမို့ ကျွန်တော် လိုက်ပါရစေ"
"လိုက်ချင်ရင် ဆန်ဝါးကြကွာ၊ ဆန် လက်တစ်ဆုပ်ဆီ ပါးစပ်ထဲ ထည့်ပြီး ဝါးကြ"
ဘာကြောင့် ဝါးခိုင်းမှန်း မသိသော်လည်း ဆန်များ ယူငင်၍ ဝါးလိုက်ကြသည်။ ခံတွင်းထဲ ရောက်၍ မကြာသေးမီ
"ရပြီ.. လက်ဝါးပေါ် ထွေးလိုက်ကြ"
လိုက်လိုသူများက ခိုင်းသည့်အတိုင်း လုပ်ကြ၏ ။ လက်ျာဘီလူးက ရှေ့ဆုံးမှသူ လက်ထဲရှိ ဆန်ကို ငုံ့ကြည့်ပြီး
"မင်း အဲဒီကောင်နဲ့ ပြန်တွေ့ရမှာကို စိုးရိမ်စိတ် ဖြစ်နေတယ် မဟုတ်လား"
၄တပ်သား အံ့သြသွား၏ ။ ပြုံးကြည့်နေသော လက်ျာဘီလူးကို မညာဝံ့ဘဲ
"မှန်ပါတယ်၊ ကြောက်တာတော့ မဟုတ်ပေမယ့်.."
လက်ျာဘီလူးက ပခုံးပုတ်၍
"ငါလည်း စိုးရိမ်စိတ် ဖြစ်မိတာပါပဲ။ ဒါပေမယ့် လုပ်ကို လုပ်ရတော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့ အခါကျ ရင်ဆိုင်ဖို့ သတ္တိတွေ အလိုလို ရှိလာပြီး ဘာရွံ့နေတာမှ မရှိတော့ဘူး။ သူလည်း အတူတူပဲ.. ဟိုလူကို ရွံ့နေတယ်"
ဟု နောက်တစ်ယောက်ကိုပါ တစ်ဆက်တည်း ပြော၏ ။
"ရှေးက အိန္ဒိယမှာ တရားစီရင်တဲ့အခါ ဆန်ဝါးခိုင်းပြီး ဆုံးဖြတ်တဲ့ ဓလေ့ ရှိခဲ့ဖူးသတဲ့။ အပြစ်လုပ်ထားသူဟာ ကြောက်နေတဲ့အတွက် အာခံတွင်း ခြောက်ပြီး ဆန်ကို တံတွေးမစိုဘူး လို့ ကြားဖူးတယ်။ ဆန်စိုစွတ်မနေတဲ့သူ အပြစ်ရှိတယ် လို့ ဖြတ်ထုံးရှိခဲ့တာပေါ့"
လက်ျာဘီလူးက ဆန်ဝါးခိုင်းရသည့် အကြောင်းကို ရှင်းပြ၏ ။
"ငါ့လူတွေက အပြစ်လုပ်ထားတာလည်း
မဟုတ်ဘူး၊ မြင်းရည်တက် ရွေးသလို လက်သည်းအပ်စိုက် လှံဖျားပြေးဝင် အနာခံနေစရာလည်း မလိုတဲ့ သတ္တိကောင်း စွန့်ဝံ့သူချည်းပါပဲ။ အဲဒီထဲကမှ ငါက မနိုင်နိုင်တဲ့သူကို ရင်ဆိုင်ရမှာ သိလျက်နဲ့ စိုးစဉ်းမှ မကြောက်၊ ခံတွင်းတောင် မခြောက်တဲ့ ရဲရဲတောက် သတ္တိပြောင်သူတွေကို လိုချင်တာပဲ"

ဟု ဆိုကာ ငသူရိန်၊ ငခေါင်းဖြူ၊ ငအောင်မော်၊ ငရွှေ တို့ကို သူနှင့်အတူ လိုက်ပါရန် ရွေးချယ်လိုက်လေသည်။ 

 (ဆက်ရန်...) စိတ္တဇ (၇)

Written by သင်္ခရာဇာ

End date: May 8, 2022

စိတ္တဇ (၅)

သစ်ပင်များ ခပ်ကျဲကျဲ ပေါက်နေသည့် တောတန်းလေးထဲ ဝင်ပြီး မကြာမီပင် သဲမြေမွမွပေါ် ပြေးလွှားထားသည့် ​လူခြေရာများကို တွေ့လိုက်ရသည်။ ငမျှင်လည်း ချက်ချင်း ရောက်လာကာ အကဲခတ် ကြည့်ရှုနေသည်။
"ခြေရာက စိပ်မနေဘူး၊ ခြေလှမ်းကျဲနဲ့ ပြေးသွားပုံမျိုးပဲ။ ခြေအတိုင်းအတာက ငသူရိန်လောက် ရှိမယ်၊ ခြေထောက်ခပ်ကြမ်းကြမ်း ဖြစ်မယ်"
လက်ျာဘီလူးက ထိုခြေရာဘေးတွင် သူ့ခြေကို မသိမသာ ယှဥ်ချကြည့်ရင်း ပြောရာ ငမျှင်က ဖြည့်စွက်ပေးသည်။
"ငသူရိန်ထက် အလေးချိန် များလိမ့်မယ် တပ်မှူး။ ပြီးတော့ ခြေရာတွေက ညီပြီး ဖြောင့်တန်းနေတာပဲ"
"မှန်မှန်ပြေးသွားလို့ ဖြစ်မှာ၊ ဒီလမ်းက သွားတာတော့ သေချာတယ်။ သတိမလွတ်ကြစေနဲ့ဟေ့"
"တပ်မှူး.. ရန်သူက တစ်ယောက်တည်းလား။ အရှေ့မှာ တပ်တစ်ခု ရှိနိုင်သလား"
"မရှိလောက်ဘူး ထင်ပါတယ်"
မေးမိသည့် ငအောင်မော် တွေဝေသွားသည်။ သူတို့ ရန်သူတစ်ယောက်တည်းနောက်သို့ ဤမျှအင်အားသုံး လိုက်လာကြသည်မှာ အဘယ့်ကြောင့်ဟု သိချင်လာသည်။ လူ ၃၀ ကျော် သတ်သွားသူများနှင့် ယခု ခြေရာရှင် မည်သို့ ပတ်သက်နေပါသနည်း။
လက်ျာဘီလူးက ကြဲဖြန့်သွားနေကြသည့် သူ့လူများကို စုစည်းခိုင်းလိုက်သည်။ အနည်းဆုံး ၂ ယောက်တွဲလျက် နီးနီးကပ်ကပ် ရှိနေကြစေ၏ ။ အလျင်စလို ချီတက်ခြင်း မပြုကြရဘဲ ဖြည်းဖြည်းမှန်မှန်သာ ဝန်းကျင်ကို စူးစမ်းသွားလာကြရမည် ဆို၏ ။
မြင်းပေါ်မှ လက်ျာဘီလူးကမူ တင်ကျည်းတုတ်ရှည်ကို အောက်စိုက်လျက် အသင့်အနေအထား ကိုင်ထားရင်း ရှေ့ဆုံးမှ ဦးဆောင်နေသည်။ လျှိုတစ်ခု ဘေးနားမှ ဖြတ်ကြရသောအခါ တပ်သားတစ်ဦးသည် လျှိုကမ်းပါးထိပ်၌ ရပ်လျက် မိုးရာသီက ရေစီးကြောင်း ဖြစ်ခဲ့သော လျှိုကြီးကို ငုံ့ကြည့်လိုက်သေးသည်။
သို့ရာတွင် သူ့အောက်တည့်တည့်ဝယ် ကမ်းပါးစောက်ကို ကပ်၍ လဲလျောင်းနေသူကိုမူ မမြင်။ ဟိုဟိုသည်သည် မျှော်ကြည့်ပြီးနောက် တပ်များနှင့်အတူ ဆက်လိုက်သွားသည်။ လျှိုထဲမှ လူကတော့ ခြေသံများကို ရေတွက် ခန့်မှန်းနေသည်။
ခြေချသည့် နှုန်းနှင့် ဖြတ်လျှောက်သွားကြသော ကြာချိန်ကို ချင့်တွက်ကာ လူ ၅၀ ဝန်းကျင် ရှိလိမ့်မည်ဟု ခန့်မှန်းမိသည်။ လက်ျာဘီလူးတို့ကတော့ မသိ၊ ရှေ့သို့သာ ဆက်သွားနေသည်။ မကြာမီ သူတို့အနောက်မှ သစ်ရွက်ခြောက်များ နင်းလာသံ ကြားသောကြောင့် အနောက်ဆုံးမှ တပ်သားက နားစွင့်ရင်း "ဟေ့" ဟု အော်လိုက်သည်။
တပ်များအားလုံး ရပ်သွားကြသည်။ ပြေးလာနေသည့် ခြေသံလည်း သဲ့သဲ့မှသည် ပို၍ ကျယ်လောင်စွာ ကြားလာရ၏ ။ သူတို့ တည့်တည့်သို့ လာနေသည်မဟုတ်၊ ဘေးဘက်ခပ်ယွန်းယွန်းသို့ သွားနေခြင်းဖြစ်သည်။
တပ်သားများက လက်ျာဘီလူးကို ကြည့်ကြသောအခါ လက်ျာဘီလူးက လက်ကာပြီး နားစိုက်ထောင်နေသည်။ ခြေသံနှင့်အတူ လှစ်ခနဲ လူရိပ်တစ်ခုကို မနီးမဝေး သစ်ပင်ချုံနွယ်များကြား၌ မြင်လိုက်ရသည်။ သူက မြင်းကို အသင့်ပြင်ရင်း လိုက်ရန် အချက်ပြမည် ပြုပြီးမှ ထပ်၍ လက်ကာထားပြန်၏ ။
လူရိပ်က သူတို့ကို ပတ်လာနေသည်။ ခြေသံသည် အရှေ့နားရောက်လေ နီးလာလေ ဖြစ်၏ ။ သူတို့အားလုံးကို ကျော်သွားပြီးနောက်တွင် အရှေ့ ချုံပင်များကြားမှ လူတစ်ယောက် ပေါ်လာလေသည်။
ရှည်လျားလှသော ဆံပင်ဖွားဖွားကြီးနှင့် စုတ်ပြတ်နေသော အဝတ်များ ဆင်ယင်ထားသူတစ်ဦး သူတို့ကို အရှေ့မှ လမ်းပိတ်ရပ်နေသည်။ ထိုသူကလည်း ခေတ္တ အကဲခတ်ပြီးသည်နှင့် လက်ျာဘီလူးကို ခေါင်းဆောင်မှန်း သိသွားသည်။ ခြေလှမ်းကျဲများဖြင့် သူ့ဆီတည့်တည့် လျှောက်လာ၏ ။
လက်ျာဘီလူးက တုတ်ကို လက်နှစ်ဖက်ဖြင့် ကျစ်နေအောင် ဆုပ်ကိုင်ကာ အသင့်ပြင်ထားရင်း ထိုသူ၏ ပုံပန်းကို လေ့လာမိသည်။ လည်တိုင်ရှေ့တွင် ဘီလူးခေါင်းတစ်ခု ထိုးထားသည့် ထိုသူမှာ သူ့ထက် တစ်မိုက်ခန့် မြင့်မည့်ပုံ ရှိသည်။ ကိုယ်လုံးကိုယ်ဖန် တောင့်တင့်ပြီး သူနှင့် ဆင်ဆင်တူ၏ ။ အဝေးမှသာ ရုတ်တရက် မြင်ရလျင် လက်ျာဘီလူးဟု ထင်ရလောက်သည်။
ထိုသူကလည်း ဆံပင်ကို ချထားပြီး ကိုယ်ခပ်ကိုင်းကိုင်းပြုလျက် ခြေလှမ်းပိုသွက်လာသဖြင့် လက်ျာဘီလူးအနီးမှ တပ်သားများက သူတို့တပ်မှူးရှေ့ ရပ်ကာ တင်ကျည်းရှည်များနှင့် လှံများဖြင့် ချိန်ထားလိုက်ကြသည်။ သို့ရာတွင် ထိုသူသည် လျင်မြန်စွာ ရောက်လာပြီး သူ့အား ထိုးသည့် တုတ်ရှည်ကို ကမ်းပေးလိုက်သည့်အလား ဖမ်းကိုင်ဆွဲယူကာ ထိုးသူကိုလည်း အားပြင်းပြင်း ကန်ထည့်လိုက်လေသည်။
အခြားသူများ ဝိုင်းထိုးသော်လည်း မထိ၊ တစ်ပြိုင်တည်း ထိုးသည်မဟုတ်၍ နေရာလွတ်များမှ ရှောင်ရင်း တိုးဝင်လာပြီး ခပ်မြန်မြန်ကြီးပင် ရှေ့မှ ကာထားသူများအား ထိုးထိုးရိုက်ရိုက် ဖြတ်ကျော်လာ၏ ။ လက်ျာဘီလူးက မြင်းကို ခပ်စောင်းစောင်း စွေ၍ နှင်ရင်း ထိုသူကို တုတ်ရှည်နှင့် ထိုးမည် ပြင်သည်။
သူ့နောက်မှ ငသူရိန် ဖြတ်ဝင်လာ၍ မထိုးလိုက်ရ၊ ငသူရိန်က လှံရှည်ဖြင့် ချိန်ရွယ်ပစ်ရင်း မြင်းနှင့် တိုးလာခြင်းဖြစ်၏ ။ သူရိန်၏ လှံကို ထိုသူက တုတ်ဖျားနှင့် လှည့်ကာ ကစားလိုက်သေးသည်။ လှံ လမ်းကြောင်းပြောင်းသွားသည်နှင့် ငသူရိန်က တစ်လက်စတည်း ဓားဆွဲလျက် မြင်းပေါ်မှ ခုန်အုပ်လိုက်လေသည်။
ခုတ်ရင်း ထိုသူပေါ် ကျသွားသော်လည်း ဓားချက်မှာ မထိလိုက်ပြန်။ ငသူရိန် ကျမလာမီ ရှေ့သို့ ခုန်ဝင်လာပြီး ဓားကိုင်လက်ကို ဖမ်းလျက် ငသူရိန်ကို ကိုင်ပေါက်လိုက်သည်။ သူရိန်၏ ဓားသည် ထိုသူ့ထက်ထဲ ကျန်ခဲ့ပြီး လူကတော့ ခပ်ဝေးဝေးသို့ လိမ့်သွား၏ ။
ဓားရသွားသော် ထိုလူသည် သူ့အား ဝိုင်းထားသည့် တုတ်ရှည် လှံတံများကို ဓားယမ်းရိုက်ဖယ်ရင်း လက်ျာဘီလူးထံ ပြေးဝင်လာ၏ ။ ရှုပ်ထွေးနေသည့်ကြားမှ သေနတ်သားတစ်ဦးက လှမ်းပစ်သေးသည်။ မထိ၊ ထိုလူ ပြန်ပစ်လိုက်သော ငသူရိန်၏ ဓားကသာ ထိုသေနတ်သားကို ဖောက်ဝင်သွားပြီး မြင်းပေါ်မှ ကျသွားလေသည်။
"ဖယ်ကြ ဖယ်ကြ"
ထိုသူ့အစွမ်းကို မြင်ရပြီးဖြစ်သဖြင့် လက်ျာဘီလူးက သူ့လူများကို ရှောင်ကြစေလျက် ကိုယ်တိုင် တုတ်ရှည်ကို လှည့်ရင်း ​ဝင်လာသည်။ လည်နေသော တင်ကျည်းတုတ်ရှည် အဆက်မပြတ် ရိုက်ချက်များကို ထိုသူက ခါးမှ ဓားတိုထုတ်လျက် ကာရင်း လက်ျာဘီလူးကိုပင် ထိုးစိုက်ရန် ပြင်လိုက်သည်။
"ဟိတ်"
လှံတိုတစ်ချောင်းနှင့် ငသူရိန် အနောက်မှ ထိုးလိုက်သောကြောင့် လက်ျာဘီလူးအား ထိုးရန် ပြင်ထားသော လက်က ထိုလှံကို ကာလိုက်ရပြီး ဓားသည်လည်း ခေတ္တ အပေါ်သို့ မြောက်သွား၏ ။ တစ်ချိန်တည်းမှာ ထိုသူက ငသူရိန်အား ဖမ်းကိုင်၍ ခြေထိုးခံ လှဲချလေသည်။ ထို့နောက် ပြန်ကျလာသည့် ဓားဖမ်းလျက် သူ့အောက် ပက်လက်ဖြစ်နေသော ငသူရိန်ကို ဖိစိုက်လိုက်သည်။
"ဒုတ်"
ဓားက မဝင်၊ ရင်ဘတ်အလယ်ရှိ နှလုံးနေရာတည့်တည့်တွင် တောင့်ခံနေသည်။ ထိုသူ မျက်မှောင်တစ်ချက် ကျုံ့သွားသည်ကို ငသူရိန် မြင်လိုက်ရ၏ ။ အပြီးအစီးလုံသူဟု အထင်ရောက်သွားသောကြောင့်လောမသိ၊ နှစ်ချက်ခန့် ဆက်ထိုးကြည့်ပြီးသည့်နောက် ငသူရိန်အား ခြေဖြင့် နင်းကာ လက်ျာဘီလူး၏ ရိုက်ချက်များကို ကာကွယ်နေပြန်သည်။
"တစ်ပြိုင်တည်း ဝိုင်းထိုး"
ဟု လက်ျာဘီလူးက အော်သည်။ အနောက်မှ ထိုးလုဆဲဆဲ လှံများ တုတ်များ ခေတ္တ တုံ့သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ တစ်နေရာတည်းသို့ ညီညီညာညာ ထိုးစိုက်လိုက်ကြသည်။ သို့သော် လက်ျာဘီလူး အော်လိုက်ကတည်းက ထိုလူက စွေ့ခနဲခုန်ကာ ရောက်လာသော လှံတုတ်များကို ရိုက်ဖယ်သွားသည်။
လက်ျာဘီလူးပင် သူ့လက်ထဲမှတုတ် ထိုလူ့ထံ မည်သို့ပါသွားသည် မသိလိုက်။ မည်သည့်နေရာ၌ တုတ်ရိုက်ချက် ရပ်တန့်သွားမည် ဆိုသည်ကို ကြိုသိနေပုံရသော လူစိမ်းက အနည်းငယ်သာ ယိမ်းရှောင်ပေးပြီး ဆတ်ခနဲ ဆွဲယူကာ အနောက်မှ ထိုးလာသည့် လက်ကိုင်အရိုးအားလုံးကို တစ်ချက်တည်းဖြင့် ရိုက်ထုတ်ပစ်လိုက်လေသည်။
သည်လူကို ထိပါးဖို့ရန် မဖြစ်နိုင်ဟု လက်ျာဘီလူး သဘောပေါက်လာသည်။ ကျင့်သားပြည့်ဝလွန်းသော သိုင်းဆရာတစ်ဦး ဖြစ်ပေလိမ့်မည်။ လှုပ်ရှားမှုများက အမည်တပ်ရန် ခက်ခဲလှသော်လည်း ပညာရှင်တစ်ဦး၏ တိကျဖျတ်လတ်မှုများ ပြည့်စုံနေ၏ ။
သူတို့ ဝိုင်းတိုက်သမျှသည် ထိုလူအား လက်နက်များ ကမ်းပေးနေကြသည်နှင့်ပင် တူသေးတော့။ သူအလိုရှိရာကို ဖမ်းယူအသုံးပြုနိုင်စွမ်း ရှိနေသူ၊ ယခုလည်း လက်ျာဘီလူး၏ တုတ်ရှည်ဖြင့် မျဥ်းထိုင်တစ်ထိုင်အတွင်း တစွပ်စွပ် ထိုးလိုက်သည်မှာ ၁၀ ဦးခန့် ထိပါး ရှနာကုန်သည်။
ထို့ကြောင့် ဗျူဟာအမြန်ပြောင်းရ၏ ။
"လူစု.. လူစု၊ သူ့ကို မတိုက်ကြနဲ့"
ရုတ်ရုတ်သဲသဲ နေရာယူ လူစုဝေးသွားကြသည်ကို လူစိမ်းက ကြောင်ငေးကြည့်နေသည်။ အဘယ့်ကြောင့် ဆက်မတိုက်ခိုက်ကြမှန်း နားလည်ပုံမပေါ်။ ထိုသူ့ဟန်မှာ အသိစိတ်လွတ်နေကြောင်း သိသာလှ၏ ။ လူအင်အားကို ဂရုမစိုက်ဘဲ ကမူးရှူးထိုး လုပ်မည့်ပုံ ရှိသည်။
လက်ျာဘီလူးက ဒဏ်ရာရ ထိခိုက်သွားကြသူများကို အနောက်တွင် ကာထားလိုက်ပြီး လူများ တန်းစီကာ သူက မြားဦးထိပ်မှ နေရာယူလိုက်၏ ။ သူ့အနီး၌ လက်ရည်အကောင်းဆုံး အလျင်မြန်ဆုံးသူများ နေရာယူလိုက်ကြရာ ငသူရိန်လည်း ညာဘက်ယွန်းယွန်းတွင် ရှိနေသည်။
ရန်သူက ယိမ်းထိုးပြီး ဝင်လာသည်။ တုတ်ရှည်များ ညာဘက်အပေါ်သို့ ခပ်စောင်းစောင်း ထောင်ထားကြသည့် လက်ျာဘီလူးတို့က အတွဲလိုက် ဆီးရိုက်ကြရာ မဝင်သာဘဲ နောက်သို့ တစ်ချက်ပြန်ရပ်လိုက်ပြီးမှ သူ့လက်ထဲမှ တုတ်ရှည်၏ အစွန်းတစ်ဖက်ကို ကိုင်လျက် သုံးချက်ခန့် ဆင့်ထိုးလိုက်လေ၏ ။
ထိုတုတ်ကို ရိုက်ကာကြသော်လည်း မမီဘဲ လက်ျာဘီလူးနှင့် လူနှစ်ယောက်အား နှလုံးနေရာသို့ အထိုးခံလိုက်ရသေးသည်။ ထူးခြားသည်မှာ ငသူရိန်ကို ကျော်၍ သူ့ညာဘက်မှ လူကို ထိုးသွားခြင်းပင်။ သို့ရာတွင် သုံးဦးလုံးက နောက်လန်သွားသည်မှ အပ မတုန်မလှုပ် ရပ်တည်လျက် အကောင်းပကတိ ရင်ဆိုင်နေကြသောအခါ လူစိမ်းမျက်နှာ တစ်မျိုး ပြောင်းသွားလေသည်။
လက်ျာဘီလူး မတက်၍ တပ်သားများအားလုံး တန့်နေကြသလို ရှေ့ရှိ လူရွယ်ကလည်း တိုးမလာတော့ဘဲ တုတ်ကို မြေပေါ်စိုက်လိုက်ကာ သူ့ဓားကို လှမ်းကြည့်သည်။ ငသူရိန်အား ထိုးခဲ့သော နေရာ၌ တွေ့သော်လည်း သွားမကောက်ဘဲ သတိအနေအထားနှင့် နောက်ပြန်ဆုတ်သွား၏ ။
"မလိုက်နဲ့.. သေကုန်မယ်"
လက်ျာဘီလူးလည်း သူ့အား စိုက်ကြည့်နေရင်း တီးတိုးအမိန့်ပေးရ၏ ။ ကြောင်ခြေလှမ်းသလို နောက်ပြန်သွားနေသည့် သူက လုံလောက်သော အကွာအဝေး ရလျင် လှည့်ပြေးသွားသည်။ ထိုအခါမှ လက်ျာဘီလူး သက်ပြင်းကြီးတစ်ချက် ချကာ ရင်ဘတ်မှ ဒဏ်ရာကို စမ်းရသည်။
သံပြားများ စိစိညက်ညက် တွဲသီ ချုပ်ထားသော်လည်း တုတ်ချွန်က ကြားတည့်တည့်သို့ ဝင်ကာ စူးသွားခဲ့ခြင်း ဖြစ်၏ ။ အခြားနှစ်ဦးကတော့ သံဆန်ခါ သံကြိုးလိမ်ကွင်းဆက်များ ဆင်ယင်ထားကြ၍ မထိပါး။ သစ်ပြားတစ်ချပ် ခံလာခဲ့သည့် ငသူရိန်ကတော့ တတိယအချက်တွင် သစ်ပြားမှ ချော်ကာ ရင်အုံအောက်နားကို ထိုးမိခဲ့သည်။

သေနတ်သား ချစ်မှိုင်းလည်း ငသူရိန်၏ ဓားတန်းလန်းဖြင့် သေနေ၏ ။ ငရှင်းနှင့် စံမြတို့မှာ တင်ကျည်းထိ၍ လဲနေကြသည်၊ အခြေအနေ မကောင်းလှ။ အခြားသူများလည်း အနည်းနှင့်အများ ထိရှထားကြသည်။ ထိုသူ၏ အစွမ်းကို မျက်ဝါးထင်ထင် မြင်လိုက်ရပြီး ဖြစ်၍ သင်းအားထိခိုက်စေရန် တတ်နိုင်မည်မဟုတ်ဟု သူတို့အားလုံး သိနားလည်လိုက်ကြသည်။ 

 (ဆက်ရန်...) စိတ္တဇ (၆)

Written by သင်္ခရာဇာ

End date: May 7, 2022

စိတ္တဇ (၄)

သူ မည်သည့်အရပ်သို့ ရောက်နေမှန်း မသိ၊ မည်သည့်ဒေသသို့ ဦးတည်နေမိသည်လည်း မသိ။ သူသိသည်မှာ ရန်သူရှိသည်၊ ရန်သူများ ဝိုင်းနေသည့် ဤနေရာသည် မလုံခြုံ။ ထို့ကြောင့် အမြန်ဆုံး ထွက်ခွာရမည်၊ ဒါပဲ သူသိ၏ ။
အနားယူ အပန်းဖြေမည် ပြင်နေသည့် စိတ်များ ပြောင်းသွားကာ အရိပ်ထဲ ဝင်ပြီးမှ ချက်ချင်း ပြန်ထွက်လာခဲ့သည်။ နောက်မှ ခြေသံများကို နားစွင့်ထားသလို ရှေ့တွင် ကျလာမည့် အန္တရာယ်အတွက်လည်း အသင့်ဖြစ်နေသည်။
ရုတ်တရက် အရိပ်တစ်ခုက ဝှီးခနဲ ဖြတ်သွားသည်၌ သူ့ခါးကြားမှ ဓားလတ်သည်လည်း ထိုအရိပ်နောက်သို့ ထပ်ချပ် ပျံဝဲလိုက်သွားသည်။
"ဖလပ်.. ဖလပ်.. .. ဖလပ်"
ဓားပြန်ကောက်ရန် သွားရာ တွေ့ရသည့် ငှက်ကို မြင်မှ ဆာလောင်ရမည်ကို သတိရလာ၏ ။ သူက အစာကို ကောက်ယူကာ ဆွဲဝါးလိုက်ပြီး အမွေးများကိုမူ ထွေးထုတ်ပစ်လိုက်သည်။ ထို့နောက် ချုံတစ်ခုထဲသို့ ခပ်သုတ်သုတ် လျှောက်သွားပြီး ဝင်ပုန်းနေ၏ ။ အစာကုန်သည်အထိ ရန်သူများ ရောက်မလာသေးမှ ခုန်ထွက်ကာ ရှေ့သို့ ​ဆက်ပြေးသွားသည်။
ရန်သူများသည် နေရာတိုင်းတွင် စောင့်ကြိုနေ၏ ။ တောင်ကုန်းများပေါ်မှာ၊ သစ်ပင်များ၏ အနောက်ဘက်မှာ၊ သို့မဟုတ် ပူပြင်းလှသော တောင်ကတုံး လွင်ပြင်များ၏ အဆုံးမှာ သူ့ကို တိုက်ခိုက်ရန် ချောင်းမြောင်းနေကြခြင်း ဖြစ်သည်။
သူသည် ကွဲပြဲစုတ်ပြတ်လျက် ညစ်ပေနေသည့် ဖုန်အထပ်ထပ် ခြေထောက်များ ပူပြင်းလှသည့်ကြားမှ မနေမနား ခရီးဆက်နေဆဲ။ ရုတ်တရက် ဓားတစ်ချောင်းက ရင်ဝသို့ ထိုးသွင်းလိုက်သည်ကို မြင်လိုက်ရသဖြင့် လန့်ကာ ပုတ်ချလိုက်မိသည်။ နောက်မှ သူ့ကို ထိုးသည်မဟုတ်ဘဲ အခြားသူတစ်ဦးအား ထိုးစိုက်လိုက်ခြင်း ဖြစ်ကြောင်း အမှတ်ရလာသည်။
ရင်အုံအတွင်း စိုက်သွင်းခံရသူမှာ သူ၏ ညီတစ်ဦး ဖြစ်သည်။ တစ်ချက်တည်းနှင့် ဒူးထောက် လဲကျသွားသည်ကို သူ ငေးကြည့်နေမိ၏ ။ ဤမြင်ကွင်းမျိုး အကြိမ်ကြိမ် အထပ်ထပ် သူ မြင်ဖူးသည်။ တစ်ရက်လျင် ဆယ်ကြိမ်မက သူ တွေ့ရမြဲ။ ယခုတော့ ထိုအတွက် သူ့မှာ ဝမ်းနည်းရန် ဝေးစွ၊ မည်သည့် ခံစားချက်မျှပင် မရှိတော့။
ဓားထိုးသွင်းလိုက်သည်မှာ အမျိုးသမီးတစ်ဦး ဖြစ်နေသည့်အတွက်တော့ သူ နာလိုခံခက် ဖြစ်နေရဆဲ။ ဦးဆံဖြည်ထားသည့် အခြားမိန်းမငယ်တစ်ဦးလည်း ပြေးဝင်လာရာမှ လှံများဖြင့် အထိုးခံလိုက်ရသည်ကို သူ ကြည့်နေခဲ့ရပြန်သည်။ ထိုအမျိုးသမီး၏ စူးရှသော အော်သံကို ညတိုင်း ကြားရပြီး သူ နိုးလာလေ့ ရှိသည်။ နိုးသည်နှင့် တစ်ပြိုင်နက် လုံခြုံစိတ်ချရမည့် နေရာသို့ ပြောင်းတော့၏ ။
အမျိုးသမီးက မတရားဘူး ဟု အော်သည်။ သူက လူညံ့ ဟု ကြားသည်။ ငါ နောက်ထပ် ညံ့လို့ မဖြစ်ဘူး ဟူသော အသိ ဝင်ရပြန်လေသည်။ သတိရတိုင်း ဝင်နေသော အသိတည်း။ ထိုအခါ ခါးစည်းနှစ်ထပ်ကြား၌ အလွယ်ထိုးထားသော ဓားလတ်ခေါ် ဓားမြှောင်မက ဓားမ မကျ ဓားရိုးပေါ် လက်ရောက်သွား၏ ။
အလေးချိန် ရှိသော်လည်း ပေါ့ပါးသည်နှင့်အမျှ ဓားမ ကဲ့သို့ပါ အသုံးပြုနိုင်သော ထိုဓား သူ့ထံမည်သို့ ရောက်လာသည်ကို သူမသိတော့။ နောက်တစ်နေ့အတွက် အားမွေးရန် လိုသည် ဟုတော့ သူသိသေးသည်။ ထို့ကြောင့် သူသည် ချုံနွယ်ထူထပ်ရာသို့ တိုးဝင်သွားခဲ့သည်။
ညဥ့်သည် မှောင်မိုက်လှ၏ ။ ရုတ်တရက် သူ့ကျောကို တစ်စုံတစ်ဦးက ဓားဦးချွန်ဖြင့် ထိုးလိုက်ရာ သူ ကော့သွား၏ ။ ပြင်းစွာသော နာကျင်ခြင်းနှင့်အတူ ဓားကိုင်ထားသည့် သူငယ်ချင်း ရွာသားတစ်ဦးကို တွေ့လိုက်ရ၍ ပိုနာသလို ခံစားလိုက်ရသည်။ အစ်ကိုဝမ်းကွဲတော်သူ တစ်ယောက်ကလည်း သူ့နံကြားကို ထိုးသွင်းလာပြန်သည်။
သူက သူ့သွေးများ စွန်းနေသည့် ဓားကို လုယူလိုက်ပြီး ထိုသူနှစ်ဦးအား ပြန်ထိုးသည်။ တစ်ယောက်က လည်ကို ကိုင်၍၊ တစ်ဦးက ဝမ်းဗိုက်ကို နှိပ်၍ လဲပြိုသွားချိန်တွင် သူ့ပခုံးညှပ်ရိုးအတွင်းသို့ ဝင်လာသည့် ဓားသွားကို အလွန်မစူးနစ်မီ ဖမ်းဆုပ်ကိုင်လိုက်နိုင်သည်။ အပေါ်မှ မိုးကြည့်နေသူမှာ သူ၏ ချစ်လှစွာသော ရွှေနှင်းဆီ။
မောင်ကြီးကို ကြောက်နေရပြီ ဆိုခဲ့သည့် ရွှေနှင်းဆီ။ အမှုစစ်သည့် ဗိုလ်မင်းနှင့် ပါသွားပြီ ဟူသော ရွှေနှင်းဆီ။ ယခု ထိုရွှေနှင်းဆီကပင် သူ့အား ရက်ရက်စက်စက် ဖိစိုက်ထားပါပကော။
ထိုအချင်းအရာ၏ နောက်တွင်မူ သူ ဘာကိုမှ မမှတ်မိတော့ပြီ။ သူ့မျက်လုံးများ အမှောင်ဖုံးသွားသည်မှာ နောက်ဆုံးသိခြင်း ဖြစ်သည်။ သူ့ကိုယ်သူပင် မသိလိုက်မီ သူသည် တလှစ်လှစ် ပြေးလွှားနေ၏ ။ သူ့လက်ထဲမှ သန်လျက်ငယ်သဏ္ဍာန်ရှိသော မတိုမရှည် ဓားကလည်း တဝှစ်ဝှစ် လည်ပတ်လျက်။
သူက တောတောင်အနှံ့ တုန်လှုပ်သွားစေနိုင်သည့် အသံနက်ကြီးဖြင့် "ဟေး" ဟု သံရှည်ဆွဲ အော်လိုက်သည်။ ဤ "ဟေး" သည် ထိုတစ်နေ့လုံး တစ်ညလုံးအတွက် သူ့နှုတ်မှ ထွက်သမျှ စကားလုံးအားလုံးပေါင်းလည်း ဖြစ်သည်။ တစ်ရက်စာ ခံစားချက်များအားလုံး ဖွင့်ထုတ်လိုက်သည့် အသံလည်း ဖြစ်လေသည်။
ငှက်များ တရုန်းရုန်း ထပျံကြ၏ ။ ကြည်လင်ဝင်းပနေသော လမင်းကြီးကပင် သူ့အား ရန်သူတို့ မြင်သာအောင် ညွှန်ပြနေသကဲ့သို့ ရှိနေပြန်သည်ကို သတိထားမိရာ ချက်ချင်း အမှောင်အုပ်ထဲ ဝင်လာခဲ့၏ ။ သူ့မျက်လုံးများက ကြောင်တစ်ကောင်ကဲ့သို့ စူးပြောင်ကာ ရန်သူ့အရိပ်ကို ရှာဖွေနေမိလေသည်။
နံနက်စောစော၌ ရန်သူနှစ်ဦးသည် ဓားမတိုများကို ထမ်းသူထမ်း၊ ပုဆိုးနောက်၌ လိမ်ထိုးထားသူ ထိုးလျက် သူရှိရာသို့ ရောက်လာကြ၏ ။ သူ့ကို မြင်သောအခါ ကြောင်၍ ရပ်နေကြစဥ် သူက လက်ဦးမှု ယူလိုက်လေသည်။ တစ်ဦးက အော်ဟစ်ကာ နောက်ကြောင်းပြန်လှည့်ပြေးရန် ပြင်သော်လည်း မလွတ်ပြီ။
ရှေ့တွင် နွားနှစ်ကောင်နှင့် လှည်းတစ်စီးကို တွေ့ရပြန်၏ ။ သူက နွားများ၏ လက်ပြင်အနောက်သို့လည်း ဓားတစ်ဆုံး ထိုးထည့်ခဲ့သည်။ နွားများ တဆတ်ဆတ် တွန့်လျက် ကျန်ခဲ့ပြီး ဒူးတုပ်သွားကြ၏ ။ ဘုန်းခနဲ လဲပြိုသံ ကြားရသော်လည်း သူ လှည့်မကြည့်ဖြစ်။ ရန်သူ ရှိသေးသည်။ သူ့အား ရန်သူများ ဝိုင်းနေသည့် ဤအရပ်မှ အမြန်ထွက်ခွာရလိမ့်မည်။
သူ မည်သို့ သွားနေမိသည်မသိ၊ နွားနှစ်ကောင် သေဆုံးနေသည့် အနားသို့ ပြန်ရောက်လာသည်။ သူသတ်ခဲ့သည့် နွားများ ဟုတ်မဟုတ် သေချာစေရန် သွေးသွန်ထားသည့် ဓားထိုးရာ အပေါက်အား ကန့်လန့်ဖြတ် ထပ်ထိုးလိုက်၏ ။
အကယ်၍ နောက်တစ်ကြိမ် ဤနေရာသို့ သူရောက်ခဲ့ပါက နွားများပေါ်မှ ကြက်ခြေခတ်ပုံစံ ဒဏ်ရာကို ကြည့်ခြင်းဖြင့် ဆုံးဖြတ်နိုင်ပေလိမ့်မည်။ အခြားနွားများ ဖြစ်နေလျင် ဓားထိုးရာက တစ်ပေါက်တည်းသာ ဖြစ်မည်ဟု တွေးကာ သူ့စိတ်ကူးသူ သဘောကျသွားလေသည်။
တစ်ဆက်တည်းမှာ သူ၏ ရန်သူများကိုပါ ဤသို့ အမှတ်အသား လုပ်ခဲ့ရန် တွေးမိလာသည်။ ထိုအခိုက် အပင်ပေါ်မှ ငှက်တစ်ကောင်က သူ၏ခေါင်းပေါ်သို့ မစင်စွန့်လိုက်ရာ သူက ဓားသွားဖြင့် အပြားလိုက် ကာထားလိုက်၏ ။ ဓားကို ယူကြည့်ပြီးနောက် သူ ပြုံးသွားသည်။

              အပေါ်သို့ မော့မကြည့်ဘဲ အနီးရှိ သစ်ချောင်းတစ်ချောင်းကို ကောက်ယူကာ
ချွန်နေသည်။ ချွန်၍ ပြီးလုပြီးခင်တွင် ငှက်က ထပျံသွားရာ သူက သစ်ချောင်းဖြင့် အလျင်အမြန် ပစ်လိုက်၏ ။ ထို့နောက် ငှက်သေကို ကောက်ယူကာ လျှိုမြောင်ထဲသို့ ချိုးဆင်းသွားလေတော့သည်။

 (ဆက်ရန်...) စိတ္တဇ (၅)

Written by သင်္ခရာဇာ

End date: May 6, 2022

စိတ္တဇ (၃)

                တပ်သားငါးယောက် ပျောက်နေသည့်အတွက် စုံစမ်းပေးပါ ဆိုသော်လည်း တကယ်တမ်း မည်သူမည်ဝါမှန်း မသိရသော လူတစ်ယောက်နောက်သို့ လိုက်ရန် တာဝန်ပေးလိုက်သကဲ့သို့သာ ရှိသည်။ ပျောက်နေသူများမှာလည်း ရန်သူ့ကင်းထောက်တပ်သတင်း စုံစမ်းရန်ဟု ဆိုကာ ထိုသူနောက် လိုက်သွားကြသူများပင် ဖြစ်၏ ။
နှစ်ရက်ကြာပြီးနောက် သူတို့ပြန်မလာနိုင်တော့မှန်း သိငြား လက်ျာဘီလူးနှင့် လူ ၅၅ ယောက်တို့သည် ထိုတောအတွင်းသို့ပင် ချဥ်းနင်းဝင်ရောက်ခဲ့ကြရသည်။ သူတို့သည် ကြိုတင်ပြင်ဆင်မှုများစွာကို ပြုလုပ်ခဲ့ပြီး သံချပ်ကာများ စီရင်၍ ဘယ်ဘက်ပခုံးပေါ်မှ သိုင်းကာ တောရှင်းဓားများအပြင် တုတ်ရှည်တစ်ချောင်းစီ၊ ဒိုင်းငယ်တစ်လက်စီပါ ဆောင်ခဲ့ကြ၏ ။
မြင်း ၃၀၊ တင်ကျည်းကိုင် လူ ၂၅ ပါသော လက်ျာဘီလူးတို့သည် လူခွဲဖြန့်ကာ လိုက်ခဲ့ကြသော်လည်း တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် နေကြရသည်။ မမျှော်မှန်းနိုင်သော ရန်သူက အချိန်မရွေး တိုက်ခိုက်လာနိုင်သည်မို့ အမြဲမပြတ် သတိထားလျက် ရှေ့ဆက်လာကြ၏ ။
မြင်း ၃၀ သားကို အိုးစားကြီးတိုက်မောင်း ဦးစီးသော သေနတ်ကိုင် ၁၀၊ သွေးသောက် ငသူရိန်၏ လှံကိုင်တပ်သား ၁၀၊ လက်ျာဘီလူးနှင့် တင်ကျည်း ၁၀ ဟူ၍ ခွဲကာ ခြေလျင်အိုးစားဖက်များကို ခြံရံစောင့်ရှောက်လျက် လိုက်သည်။ လက်ျာဘီလူးနှင့် သူရိန်တို့ မြင်းများက အပြင်မှ ရံသော်လည်း တိုက်မောင်းတို့မှာ ခြေလျင်များအကြား သေနတ်လွယ်လျက် ရှိနေကြရ၏ ။
"ငါတော့ ပခုံးလေးနေပြီကွာ၊ ဘယ်လို ရန်သူမျိုးမို့လို့လဲ။ သံချပ်တွေရော ဒိုင်းတွေရော ပိုးထားရတယ်"
တစ်ဦးက ညည်းလျင် အခြားတစ်ဦးက
"သည်တစ်ကြိမ် ရင်ဆိုင်ရမယ့် ရန်သူတွေက အစွမ်းကောင်းချည်းပဲ လို့ ကြားတယ်။ ရေတပ်သား ၂၀ ကျော် ၃၀ အားလုံးဆုံးရတာပဲ ကြည့်တော့။ ဒါ့ကြောင့် ငါတို့တပ်ကိုတောင် တပ်မှူးက သာမန်ထက်ပိုပြီး ပြင်ဆင်စေတာပေါ့ကွယ်"
ငတိုက်မောင်းက
"သေနတ်တွေ ကျည်ယမ်း အသင့်ထိုးထားရမယ် ဆိုကတည်းက တပ်မှူး ဘယ်လောက် စိုးရိမ်နေတဲ့ ရန်သူလဲ မှန်းကြည့်ကြဟေ့။ သတိမလစ်စေနဲ့၊ လူတွေ့ရင် လက်ဦးဖို့အပြင် ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် စောင့်ရှောက်ကြဖို့လည်း အထူးသတိပေးထားလိုက်ပါရဲ့နော်"
ဟု မြင်းပေါ်မှ လှမ်းပြောရာ အချို့က မဲ့ပြလိုက်ကြသည်။
"အိုးစားကြီးက မြင်းစီးပြီး အကြပ်ငကံက လမ်းလျှောက်နေရတာ ငါ့အမြင်တော့ တစ်မျိုးဖြစ်နေသဟေ့"
"အဲလို ထူးခြားနေတာကိုက ငါတို့ အရေးကြီးနဲ့ ကြုံရတော့မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ လက်ကောင်းတွေချည်း ရွေးခေါ်လာတာ တခြားမဟုတ်ဘူး။ တို့ ဒီတစ်ကြိမ် ပွဲရကြတော့မှာပ"
"ပွဲရမလား ဘဝကူးရမလား မသိနိုင်ဘူး ငါ့လူတို့၊ တပ်မှူးအချက်ပြရင် လူစုတဲ့ဆီ နောက်ဆုံးမှရောက်တဲ့ ကောင်ကတော့ မသက်သာမှာ သေချာတယ်"
ထိုသို့ ပြောဆိုလာကြရင်း မြစ်တစ်ခုအနား ရောက်လာကြသည်။ တပ်မှူးသည် ကမ်းထိပ်မှ မြစ်ပြင်ကို မျှော်ကြည့်ရင်း လေးလေးနက်နက် တွေးတောနေသဖြင့် အားလုံး ငြိမ်သက် စောင့်နေကြ၏ ။
"တပ်မှူး၊ ဟိုး ဒိုက်ပုံမှာ တစ်ခုခု ငြိနေတယ်ထင်တယ်"
"ဟုတ်လား၊ အဘမျှင်ကိုခေါ်ပြီး ကြည့်ချေစမ်းကွာ"
"ကျုပ်တော့ ဟိုသင်းထင်တာပဲ"
"ကျွန်တော်လည်း အဲလိုပဲ ထင်တယ်။ ပါအောင် ဆွဲလာခဲ့ကြဟေ့"
မြစ်ကွေ့ ဝဲတစ်ခု၌ လည်နေသော ဒိုက်ပုံ အမှိုက်များကို ချိတ်နှင့် ပစ်ခတ်ဆွဲယူကြည့်ကြရာ အကောင်တစ်ခု ပါလာ၏ ။
"ဟာ.. အဲဒါ သေနတ်ဝန်တပ်က ဝတ်စုံပဲ"
"ဆွဲလှန်လိုက်"
ပုပ်ပွလျက် ရေများဖြင့် အဝါရောင်ပူဖောင်းကြီးများ ထနေသော အကောင်ကို ပက်လက်လှန်ကာ ရင်အုံနေရာကို ကြည့်ရင်း လက်ျာဘီလူးက
"ဦးကောင်းလူ ငါးယောက်လည်း သွားရှာပြီ"
ဟု ဆိုသည်။ ရန်သူ့လက်ချက်ဖြင့် လှေတပ်တော်သား ၃၀ အထိ ကျဆုံးသွားကြရသဖြင့် အားလုံး မျက်နှာမကောင်းကြ။ ထိုရန်သူများကို ပြေးတိုက် လက်စားချေလိုစိတ်များ ဖြစ်ပေါ်လာကြ၏ ။
"ဘာပဲဖြစ်ဖြစ်လေ၊ ဆက်လိုက်ကြည့်ကြရမှာပဲ"
"တပ်မှူး.. ဟိုဒင်း တစ်ခုလောက် ပြောချင်လို့"
"ပြောပါ အဘမျှင်"
"ကျုပ်တို့ လိုက်သာ လိုက်နေတာ ရန်သူ့ခြေရာလက်ရာ စခန်းရာလည်း မတွေ့ရဘူး။ သွားလာထားခဲ့တာတွေလည်း မရှိတော့ သည်လမ်းက ကိုဟဝှာတွေ ဖြတ်လာတာ ဟုတ်ပါ့မလား"
"ခုပဲ အကောင်တွေ့နေရပြီလေ"
"ကျုပ်ဖြင့် မစဥ်းစားတတ်တော့ပါဘူး။ လိုက်ပြီး အကျိုးမရှိ ဟိုသင်းပြုနေမှာစိုးလို့ပါ"
"တစ်ခုခုတော့ တွေ့ကြရမှာပါ။ ဘာမှ မတွေ့ရတော့လည်း အန္တရာယ်ကင်းကင်းနဲ့ ပြန်ကြရတာပေါ့ဗျာ"
ထိုလမ်းအတိုင်း သူတို့ ဆက်လိုက်ကြသည်။ တစ်နေရာအရောက်
"ဒီမှာ မြွေခေါင်းပြတ်တစ်ခုပါလားဟေ့"
အော်လိုက်သည့် တပ်သားအနီး လူအချို့ ရောက်သွားကြရာ လက်ျာဘီလူးက အဘမျှင်ကို ခေါ်၍
"မြွေခေါင်းဖြတ်ထားရင် သွေးစက် ဘယ်ဘက်ကို ကျသလဲ ရှာကြည့်ပေးပါဦး"
ဟု ခိုင်းပြန်သည်။ ငမျှင် ထိုနေရာတစ်ဝိုက် ပိုက်စိပ်တိုက် ရှာပြီးနောက်
"ဟဝှာတွေ ခြောက်နေတာ အကွက်လိုက် တွေ့တယ်။ အရှေ့တောင်ဘက်ကို သွားနေတာပဲ။ တချို့ အပင်တွေပေါ်မှာလည်း တစ်စက်တစ်စက် ကျထားတာ ရှိတယ်။ ဒါပေမယ့် ကိုယ်လုံးကို ရှာမတွေ့ဘူး။ ဟိုဥစ္စာလုပ်ဖို့ ယူသွားကြသလားပဲ"
"ဟင်းစားလား၊ အင်း.. ခေါင်းကို မမြှုပ်ဘဲ ထားခဲ့တယ်။ ကိုယ်တော့ ရှာမတွေ့ဘူး ဆိုတာ အခြေအနေက ပြောင်းပြန် ဖြစ်နေတာပဲ"
တပ်သားများ ဘယ်လိုတွေးရမည် မသိကြသော်လည်း လက်ျာဘီလူးက တောဝက်နှင့် ယှဥ်တွေးကြည့်ရင်း ခေါင်းနားပန်း ကြီးချင်ချင်။ ငါတို့ ကြုံနေရတာ လူမှ ဟုတ်ပါလေစ ဟု စဥ်းစားနေမိသည်။ ဘီလူးတစ်ကောင်များလား။
"အဲဒီ သွေးစက်တွေဘက် ဆက်သွားကြည့်တာပေါ့"
သူတို့ ဆက်လက် လိုက်ခဲ့ကြသော်လည်း နေဝင်သည်အထိ ဘာမှမတွေ့တော့။ ထို့ကြောင့် နောက်ကြောင်းပြန်ခဲ့ကြပြီး တပ်သို့ပြန်ရောက်မှ တပ်သားတစ်ယောက်အား
"ငါတို့ အခု သွားခဲ့တဲ့လမ်းအတိုင်း အရှေ့တောင်ဘက်ကို ဆက်လိုက်ကြည့်။ လူသေတာ၊ တိရစ္ဆာန်တွေ သေနေတာမျိုး မြင်မှ သေချာ စူးစမ်း မှတ်သားခဲ့ပြီး ပြန်ခဲ့ချေ"
ဟု မှာလိုက်သည်။ နောက်တစ်နေ့ ထိုတပ်သား ထွက်သွား၏ ။ ငါးရက်ခန့်ကြာမှ သူတို့ဆက်ချီသည့်နောက် လိုက်လာပြီး လက်ျာဘီလူးထံ ရောက်၏ ။ ရောက်ရောက်ချင်း
"တပ်မှူး မှာတဲ့အတိုင်းပဲ။ တောင်ယာတဲတစ်ခုမှာ ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်နဲ့ သူငယ်တစ်ဦး သေဆုံးနေကြတာ တွေ့ပါတယ်။ ယောက်ျားက ယာထဲမှာ။ မိန်းမက တဲပေါ်မှာ ရုပ်ပျက်ဆင်းပျက်၊ ကလေးကလည်း တဲအနီး အသတ်ခံထားရတာ မြင်ရက်စရာ မရှိပါဘူး"
"ရုပ်ပျက်ဆင်းပျက်.. ဟုတ်လား။ ဘယ်လိုမျိုးလဲ"
"ဓားအချက်များစွာ ထိထားပြီး
သွေးအလူးလူးနဲ့ပါ။ အဝတ်အစားတွေတော့ စုတ်ပြတ်နေတာမျိုး မရှိပါဘူး။ ကလေးက ဓားဒဏ်ရာ မရှိပေမယ့် ဇက်လည်နေပါတယ်။ ယောက်ျားကိုတော့ ယာကွက်ထဲမှာ မှောက်လျက် အရင်ဆုံး မြင်ရတာပဲ တပ်မှူး"
"မင်း လှန်ကြည့်ခဲ့သေးလား။ ဓားဒဏ်ရာက ရင်ဘတ်မှာ တစ်ချက်တည်းလား"
တပ်သားသည် အံ့သြသွားပြီး
"ဟုတ်ပါတယ်။ ကျွန်တော် သူတို့ကို မြေမြှုပ်ပေးခဲ့ပါတယ်"
လက်ျာဘီလူး ရှုပ်ထွေးသွားလေပြီ။ ထိုသူကို မခန့်မှန်းနိုင်တော့။ မည်သည့်သူမျိုး ဖြစ်လေသနည်း။ အဘယ်ကြောင့် ထိုမျှ သတ်ဖြတ်ခြင်းကို ခုံမင်နေသနည်း။

"ဒီအတိုင်းဆိုရင်တော့ အပြစ်မဲ့သူတွေ အများကြီး ဒုက္ခတွေ့ကြတော့မယ့်ပုံပဲ။ ငါတို့ အမြန်ဆုံး လိုက်ပြီး ဖြေရှင်းရလိမ့်မယ် ထင်ပါရဲ့" 

(ဆက်ရန်...) စိတ္တဇ (၄)

Written by သင်္ခရာဇာ

End date: May 4, 2022

စိတ္တဇ (၂)

မိုးကောင်းနယ်တစ်လွှား၌ ဘုန်းခေါင် ဟူသော အမည်က လူငယ်တို့နှုတ်ဖျား ရေပန်းစားလာနေချိန်။ ပါရမီထူးသည့် လူငယ်လေး ဘုန်းခေါင် ရွာမှ ထွက်သွားပြီး ၉ နှစ်ခန့်ကြာမှ ပြန်ရောက်လာသည့်အတွက် လူပြောများနေခြင်းကား မဟုတ်။ ဘုန်းခေါင်၏ နယ်မရွေး လူမရွေးသော ယှဉ်နိုင်စွမ်းသော ပညာရပ်များအကြောင်းနှင့် ဇေယျာမင်းခေါင် ဟူသော အမည်ကြောင့် ဖြစ်သည်။
ဘုန်းခေါင်သည် လူမှန်းသိတတ်စကပင် အတိုက်အခိုက် ပညာရပ်များကို စိတ်ဝင်စားခဲ့ရာ အသက် ၂၀ ကျော်သည်တွင် မိုးကောင်းနယ်မှ ပျောက်သွားတော့သည်။ ပညာရှာမည် ဟု သူက ဆိုခဲ့သော်လည်း စစ်ထဲ လိုက်ပါသွားသည်ဟု အချို့က ထင်မြင်ကြသလို အချို့ကမူ သေပြီဟုပင် ယူဆခဲ့ကြရသည်။
သူ ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးခဲ့သော သူ၏ ညီငယ် ဇေယျာမင်းခေါင် အပေါ်တွင်သာ အများက မျှော်လင့်ထားခဲ့ကြ၏ ။ အစ်ကိုဖြစ်သူ ဘုန်းခေါင်နှင့်မတူ ရုပ်လက္ခဏာ ချောမောပြေပြစ်လျက် အပေါင်းအသင်း ဝင်ဆံ့သူ ဖြစ်သောကြောင့်လည်း ဘုန်းခေါင်ထက် ဇေယျာမင်းခေါင်က လူသိပိုများခဲ့လေသည်။
ယခုတော့ ဘုန်းခေါင် ပြန်ရောက်လာပြီ။ စိတ်နှလုံးနူးညံ့၍ ရိုးရိုးအေးအေး နေတတ်သော ဘုန်းခေါင်၊ သူ၏ ပညာများကို ညီဖြစ်သူအား အပ်ကျမတ်ကျ သင်ကြားပေးရင်း တစ်ချိန်ချိန်၌ ညီငယ်သည် လူစွမ်းကောင်းတစ်ဦး ဧကန်ဖြစ်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ထားသည့် ဘုန်းခေါင်၊ ထိုဘုန်းခေါင်တစ်ယောက် နယ်လှည့်ပညာသင်ကြားခဲ့ရာမှ ရွာသို့ ပြန်ရောက်ပေပြီ။
သူရောက်၍မှ မကြာမီ ပညာစမ်းလိုသူများ တဖွဲဖွဲ ပေါ်လာကြသည်။ မေးမြန်းစူးစမ်းကြသည်။ လေ့လာသုံးသပ်ကြသည်။ ထိုအခါ ဘုန်းခေါင်မှာ ရှမ်းကြီးရှမ်းလေး ခေါ် မြတ်စောညီနောင်သိုင်း၊ သိုင်းပြောင်းပြန်၊ ပွဲကျောင်းကိုယ်ခံပညာရပ်များသာမက အိန္ဒိယ၊ စိန့်တိုင်း၊ အာသံ မဏိပူရ ကချာနယ်များအထိ ကိုယ်ခံပညာအမျိုးစုံကို လှည့်လည်လိုက်စားခဲ့ကြောင်း သိလာကြသည်။
ယခင်က ဗန်တိုပညာရပ်တွင် တစ်ဖက်ကမ်းခတ် တတ်မြောက်ခဲ့သော ဘုန်းခေါင်သည် ယခုအခါ သိုင်းပညာ၏ ပင်မဖြစ်သော မိမိကိုယ်ကိုယ် ကာကွယ်ရန်နှင့် ရန်သူ၏ လှုပ်ရှားမှုတိုင်းကို သိမြင်နားလည်နိုင်သူ ဖြစ်လာလေပြီ။ ကိုယ်ခံပညာ အနှစ်ချုပ်ကို သဘောပေါက်လျက် မည်သည့်ပညာရပ်ဟု မခွဲခြားတော့ဘဲ အသုံးပြုတတ်ခဲ့၏ ။
အပြီးအစီး ဆေးမထိုးသော်လည်း ကိုယ်လုံသည်ဟု ဆိုစမှတ်ပြုကြရသည်အထိ ဘုန်းခေါင် တတ်ကျွမ်းခဲ့သည်။ သို့ရာတွင် သူသည် ရိုးရိုးကုပ်ကုပ်သာ နေပြီး ဇေယျာမင်းခေါင်ကို အထူးဂရုပြု သင်ကြားပေးနေခဲ့၏ ။
"ညီလေး.. မင်းမှတ်မိလား။ ငါတို့ ငယ်ငယ်က ရွာဦးကျောင်းမှာ နေသွားတဲ့ မျက်စိတစ်ဖက်လပ်နဲ့ ဦးသူတော်ကြီးလေ"
"သိပ် မမှတ်မိဘူး အစ်ကို"
"အေးပေါ့.. အဲဒီတုန်းမှာ မင်းက သိပ်ငယ်သေးတာပဲ။ သူ့ရဲ့ ကိုယ်ခံပညာဟာ သဘောကျစရာ ကောင်းလွန်းလို့ ငါ ခုလို ရူးခဲ့တာပ"
ဘုန်းခေါင် ရွာပြန်ရောက်ပြီးနောက် တစ်ညသ၌ အိမ်ရှေ့ကွပ်ပျစ်တွင် ညီဖြစ်သူနှင့် စကားစမြည် ပြောဆိုနေကြခြင်း ဖြစ်သည်။ ဇေယျာမင်းခေါင်ကတော့ အစ်ကို၏ စကားထက် တစ်ရွာသူ ခင်သက်ထားကို သတိရနေမိသည်။
"အဲဒီသူတော်ကြီး ဘယ်လောက်စွမ်းသလဲ ဆို သူအိပ်ပျော်နေတုန်း ငါ ချောင်းပစ်လိုက်တဲ့ လောက်စာလုံးကိုတောင် မိအောင်ဖမ်းနိုင်သကွ"
ဘုန်းခေါင် အားတက်သရော ပြောနေသလောက် ဇေယျာမင်းခေါင်၏ စိတ်က အခြားရွာ၏ အိမ်အောက်တွင်သာ တဝဲလည်လည်။ သို့သော် သူသည် အစ်ကိုကြီး၏ ညွှန်ကြားပြသချက်များကိုတော့ တစ်သဝေမတိမ်း ဖြစ်အောင် လိုက်နာကြိုးစားရှာပေသည်။
သူ့အား တစ်နယ်လုံးက မျှော်လင့်ထားကြသည်ကိုလည်း သဘောပေါက်သည်။ အစ်ကိုဘုန်းခေါင်က လက်အနေအထား မြင့်နေသည်မှအစ အသေးစိတ် ထောက်ပြကာ အကောင်းဆုံး ဖြစ်စေရန် သင်ကြားလေ့ကျင့်ပေးသည်ကိုလည်း နားလည်ပါသည်။ ထို့ကြောင့် သူကလည်း သမိုင်းတွင်ကျန်ရစ်စေရမည့် နယ်ကျော်လူစွမ်းကောင်းတစ်ဦး ဖြစ်လာစေရန် အထူးအားထုတ် ကြိုးစားနေ၏ ။
"တကယ်တော့လည်း သိုင်းပညာ ဆိုတာ ငါတို့ အခြေခံလက်ရေး ၆၃ ကွက်ကိုပဲ နေ့စဉ်နဲ့အမျှ ကစားနေရင်တောင် တော်ရုံရန်သူလောက်ကို မှုစရာ မလိုပါဘူး"
"အင်း"
"ငါငယ်ငယ် အချုပ်အဖြည်တွေ မတတ်ခင်က ခုတ်ဖြတ်ဝိုက်ထိုး နဲ့ ခုန်ရှောင်ကန် ၂ မျိုးတည်းနဲ့ ရွာက ကောင်တွေကို အနိုင်ချခဲ့ဖူးတယ်"
"ဟုတ်"
သူ့စကားများကို ညီငယ် အာရုံမဝင်စားမှန်း သိသောအခါ ဘုန်းခေါင် တိတ်ဆိတ်သွားသည်။ လက်ဖက်ခွက်ကိုသာ ဆွဲယူစားနေပြီး တစ်စုံတစ်ခု တွေးနေလေတော့သည်။ ဇေယျာမင်းခေါင်လည်း အစ်ကို ငြိမ်သွားသည်နှင့် ခေတ္တစောင့်ကာ လစ်ထွက်သွားသည်။ ထိုအခါမှ ဘုန်းခေါင်က ရွာအရှေ့ပိုင်းရှိ ငယ်ရဲစား မိရွှေနှင်းဆီ ထံသို့ စိတ်ရောက်သွားလေ၏ ။
"သြော်.. သူလည်း သစ္စာကြီးတဲ့ မိန်းမမြတ်ကလေးပဲ။ ဒီတစ်ခါ သီးနှံပေါ်ရင်တော့ နားဖောက်ပြီး မြန်းထားသင့်နေပါပြီလေ"
ထိုသို့ အေးချမ်းနေခဲ့ကြသော သူတို့အိမ်ရှေ့ဝယ် လူတစ်စု လာရပ်ကြသည်တွင် ကံကြမ္မာက တစ်မျိုးတစ်ဖုံ ဖြစ်လာခဲ့လေသည်။
"ဘုန်းခေါင် ရှိသလားဟေ့"
"ရှိပါတယ်.. ဘယ်သူတွေပါလိမ့်"
"တို့ ဟိုဘက်ရွာကပဲ။ မနေ့က ဓားပြမှုမှာ တစ်ယောက်က ဘုန်းခေါင်တဲ့ဟေ့ လို့ အော်သွားလို့ မင်းကို လာစစ်ကြတာ။ ဒါက မိုးကောင်းစော်ဘွားရဲ့ ရဲမက်တော်တွေပဲ"
ဓားလှံကိုင် အစောင့်များကို မြင်၍ သူတို့မိသားစု အကြောက်အကန် ငြင်းကြသည်။ ထိုအခါ ဗိုလ်တစ်ဦးက
"စိတ်ချပါ၊ အမှုမှန်အတိုင်း ဖြစ်စေရပါမယ်။ တကယ် အပြစ်မရှိဘူး ဆိုရင် ဒီနေ့ပဲ ချက်ချင်း ပြန်လွတ်ရဖို့ ကျုပ် အာမခံတယ်။ ဒါ့ကြောင့် အခုတော့ ကြိုးတုပ် နှောင်တည်းပြီး ခေါ်ဆောင်ရာနောက် အသာတကြည် လိုက်ခဲ့စေချင်တယ် မောင်ရင်။ မသင်္ကာသူတွေကို ခေါ်စစ်ပြီးတဲ့ အခါကျတော့ အပြစ်ရှိသူကိုပဲ အပြစ်ရောက်စေရပါမယ်"
အိမ်နီးချင်းများနှင့်တကွ သူ၏ မိဘများက ကန့်ကွက်နေကြသော်လည်း မည်သည့်အနှောင်အဖွဲ့ကိုမဆို လွတ်အောင် ဖြည်ထွက်နိုင်စွမ်းရှိသော ဘုန်းခေါင်က ပြန်ရောက်မလာသေးသည့် ညီငယ်ပါ အန္တရာယ်ကျရောက်မည် စိုးသဖြင့် သဘောတူလိုက်သည်။ သို့နှင့် လူတစ်စုက ဘုန်းခေါင်ကို တုပ်နှောင်ပြီး ခေါ်ဆောင်သွားကြတော့၏ ။
သူ့အား ဓားပြမှုဖြစ်ပွားသည် ဆိုသော ရွာသို့ ခေါ်သွားကြသည်။ သူကြီးအိမ်သို့ မဟုတ်ဘဲမြေပိုင်ရှင်ကြီးတစ်ဦး၏ မြေကွက် ကောက်ရိုးပုံများအကြား ရောက်လာ၍ ဘုန်းခေါင် မေးမည်ပြုစဉ်
"ဟင်.. မင်းခေါင်၊ ဘယ်လိုဖြစ်တာလဲ"
သူ၏ညီ မင်းခေါင်ကိုပါ ကြိုးတုပ်ထားလျက်သား တွေ့လိုက်ရ၍ အလွန်ဒေါသထွက်သွားရာ အစောင့်များက သူတို့အား လှံဖြင့် ထောက်ထားလိုက်ကြ၏ ။ ဇေယျာမင်းခေါင်နှင့်အတူ ဖမ်းဆီးခံထားရသော သူ့အပေါင်းအသင်းများကတော့ ဘုန်းခေါင် ရောက်လာသောကြောင့် အားတက်သွားကြဟန် တူသည်။
"မဟုတ်ဘူး အစ်ကိုကြီး၊ ကျွန်တော် ရည်းစားသည်ထံ လာတာကို သူ့အဖက ဓားပြလာတိုက်တယ် ဆိုပြီး ဖမ်းထားလိုက်တာဗျ"
မြေရှင်ကြီးက ရယ်လျက်
"ငါ့သမီးဆီ အချိန်မတော် လာတဲ့ကောင်တွေက ပုဆိုးခြုံထဲ ဓားတွေထည့်လာသတဲ့လား။ မင်းတို့ လူရော ပစ္စည်းပါ ယူကြမယ့် လူယုတ်မာတွေ"
"ခင်ဗျား အရမ်းမစွပ်စွဲနဲ့၊ တစ်ရွာက တစ်ရွာ ကူးတာ ဒီလိုပဲ ဆောင်ထား သွားလာနေကြတာ ခုမှမဟုတ်ဘူး။ ဟိုးတုန်းကတည်းကပဲ"
"ဒါဆို ငါတို့ လိုက်တော့ ဘာလို့ ဘုန်းခေါင်ကွ လို့ အော်သွားသလဲ မောင်ရင်လေးရဲ့"
"အဲဒါ ကျုပ်အော်တာ မဟုတ်ဘူး၊ ဒီကောင် ဒီကောင်။ ကျုပ်အစ်ကို အရှိန်အဝါကို သုံးပြီး ခြောက်လိုက်တာနေမှာ"
ဘုန်းခေါင် ဇာတ်ရည်လည်လာသည်။ ဒေါသထွက်ရအခက် ဖြေရှင်းရအခက်လည်း ဖြစ်နေသည်။ စောင့်ကြပ်နေသော ဗိုလ်မင်းက
"မင်းတို့နှစ်ကောင်က မိုးကောင်း မိုးညှင်းနယ်တွေကို ကျော်ပြီး မုဆိုးဘိုမှာ အမှုထမ်းသွားကြမယ် ဆိုတဲ့ ကောင်တွေ ဟုတ်လား"
ဆိုလာရာ ဘုန်းခေါင် ငြင်း၏ ။
"ကျွန်တော် တောင်သူပါ။ မင်းမှုထမ်း မလုပ်ပါဘူး။ ရိုးရိုးသားသား တောင်ယာလယ်လုပ် စားသောက်နေတာပါခင်ဗျာ"
"မင်းနာမည် ဘုန်းခေါင် ဟုတ်စ"
"မှန်ပါတယ်ဘုရား"
"သည်တစ်နယ်လုံးမှာ မင်းကြောက်ရမယ့်သူ တစ်ယောက်မှ မရှိဘူး ကြားတယ်"
ဗိုလ်မင်း၏ သရော်ဟန် မျက်နှာမူရာကြောင့် ဘုန်းခေါင် အံ့သြသွားသည်။
"မဟုတ်တာ ခင်ဗျာ၊ ကျွန်တော်က.."
"တော် မောင်မင်း၊ သည်အမှုကို ငါ စီရင်မယ်။ တရားမျှတစွာ ဆောင်ရွက်ပေးမယ်။ မင်းတို့အားလုံး ငါ ဆုံးဖြတ်တဲ့အတိုင်း လက်ခံကြရမယ်.. ရှင်းသလား"
"ကောင်းလှပါတယ်ဘုရား"
မြေပိုင်ရှင်လူကြီး၏ ဝမ်းသာအားရ ထောက်ခံမှုကြောင့် ဘုန်းခေါင် ရင်လေးစွာ ညီဖြစ်သူကို ကြည့်မိလေသည်။
ထို့နောက် ဗိုလ်မင်း စစ်နေသည့် အသံများကို သူ မကြားလိုတော့။ ဇေယျာမင်းခေါင်တို့ မည်သို့ငြင်းငြင်း မြေပိုင်ရှင်ကြီးနှင့် သူ့ဆွေမျိုးလူတစ်စု၏ အာဃာတဆန်သော စွပ်စွဲချက်များက ဖြေရှင်းမရနိုင်အောင် ပြင်းထန်လှသည်။
သူတို့ဘက်ကလည်း အမှားများစွာကို လွန်ကျူးထားခဲ့ကြသည်။ သူ့အမည်ကို ယူသုံးခဲ့ခြင်းကြောင့် သူပါ အမှုပတ်မလို ဖြစ်နေရ၏ ။ နောက်ကွယ်မှ စေခိုင်းသလိုလို၊ အစီအစဉ် ချပေးသူလိုလို၊ အရှိန်အဝါသုံးလျက် ဓားပြတိုက်နေသူလိုလို အစွပ်စွဲ ခံနေရလေပြီ။
ဇေယျာမင်းခေါင် တွေ့ချင်၍ လာခဲ့သည်ဆိုသော ခင်သက်ထားကိုမူ မတွေ့ရ။ နှစ်ဘက်စလုံးက ထိခိုက်မည်စိုးရိမ်၍ ထိန်ချန်ပြောနေကြဟန် တူ၏ ။ အရေးပါသော သက်သေတစ်ဦး ပျောက်နေသော်လည်း ဘုန်းခေါင်မှာ မပြောဝံ့။ မတော် မိဘအသိုင်းအဝိုင်းကို ကြောက်လန့်ကာ မိမိနှင့် မဆိုင်ပါဟု ထွက်ဆိုလိုက်ပါက သူတို့ ချက်ချင်း ဒုက္ခရောက်သွားရပေလိမ့်မည်။
မကြာမီ ဇေယျာမင်းခေါင်နှင့် အဖော်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သူတို့ကိုမူ သံသယ တရားခံအဖြစ် ခေတ္တ လွှတ်ထားပေးမည် ဆို၏ ။ အားလုံးကို တစ်ပြိုင်တည်း ဖမ်းမသွားတာပဲ ကျေးဇူးတင်ရမလိုလို။ ရွာမှ မထွက်ရ၊ အချိန်မရွေး လာစစ်မည်ဟု ဗိုလ်မင်းက အမိန့်တော် မှတ်သွားလေသည်။

               ဘုန်းခေါင်တို့သည် ဝမ်းနည်းခံပြင်းစွာ ပြန်လာကြရင်း ညီအတွက် မည်သို့ ကြိုးစားသင့်သည်ကို တိုင်ပင်လာကြ၏ ။ ဇေယျာမင်းခေါင်အား ကယ်တင်လိုသော်ငြား သူ့အဖော်များမှာ မင်းမှုထမ်းများနှင့် ပြဿနာ မဖြစ်ပွားလို။ ဘုန်းခေါင်ကိုယ်တိုင် မကြောက်သော်လည်း ရာဇဝတ်သား ဖြစ်ရမည်ကိုမူ မလိုလားချေ။

(ဆက်ရန်...) စိတ္တဇ (၃)

Written by သင်္ခရာဇာ

End date: May 4, 2022

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...