လပြည့်ညမို့ အလင်းရောင်က ဝင်းစိုကြည်လဲ့နေသည်။ ဘိုးသာပေါ် ထိုင်နေသော အိမ်ရှေ့ ခရေပင်ရိပ်ကွပ်ပျစ်သို့ မြေး မောင်ထွေးတို့ သူငယ်ကလေးတစ်စု ကပ်လာကြပြီး ဘိုးသာပေါ်ကို…
''ဘိုး… ဒီနေ့လည်း အလောင်းဘုရား ရွှေတပ်တော်တွေအကြောင်း ပြောပြပါဦး''
''ဟေလကွယ်… အရင်နေ့တွေက ပြောပြီးပြီလေ။ စစ်သူကြီး မင်းခေါင်နော်ရထာတို့…''
''မဟုတ်ဘူး ဘိုး…၊ ဟိုတစ်ခါ ပြောတဲ့အထဲမှာ ဘီလူးတပ် ဆိုတာ ပါသေးတယ်လေ။ အဲဒီအကြောင်း ပြောပြပါ''
ဘိုးသာပေါ်က…
''အလောင်းမင်းတရား လက်ထက်တော်အခါက ဘီလူးဘွဲ့နဲ့ တပ်မှူး သူရဲတွေ အများကြီး ရှိခဲ့တာကွဲ့။ လက်ဝဲဂုမ္ဘာန် တို့၊ ယက္ခကြီး တို့၊ လက်ျာဘီလူးတို့၊ ရန်အောင်ဘီလူးတို့ သူ့တပ်နဲ့သူ ရှိကြတယ်''
''သားတော် မြေဒူးမင်း တပ်မှာတင် လက်ဝဲဂုမ္ဘာန် လက်ယာဂုမ္ဘာန်တွေ ရှိသကွဲ့။ နာမည်နဲ့ လိုက်အောင်လည်း ကြမ်းတမ်းမောက်မာကြတယ်။ တစ်ဖက်သားကို လူမထင် ပြုတတ်ကြသူတွေပေါ့''
''ဘီလူးတွေတင် မဟုတ်ဘူး။ နတ်ဘွဲ့တွေနဲ့ သူရဲကျော်တွေလည်း အများကြီးပဲ။ သူရိန်ဒေဝ တို့၊ တိမ်ကြားနတ် တို့၊ ဒေဝဓူတ တို့လို နာမည်တွေ အများကြီး။ မောင်ရင်လေးတို့က ဘယ်တပ်တွေအကြောင်း နားထောင်ချင်တာလဲကွဲ့''
''ဘိုးပဲ ဟိုနေ့က ပြောတာလေ။ ညဘက် ညဘက် ထ လေ့ကျင့်တတ်တဲ့ ဘီလူးတပ်ကြီး ဆိုတာ…၊ အလောင်းဘုရားတောင် မနိုင်လို့ လွှတ်ထားရတယ် ဆိုတာလေ။ အဲဒီအကြောင်း ပြောပြ''
''သြော်… မြေးတို့က တကယ့် ဘီလူးတပ် မှတ်နေတာလား။ မဟုတ်ပါဘူးကွဲ့… အဲဒါ တပ်မှူး လက်ျာဘီလူးရဲ့ တပ်တွေ။ အဲဒီတပ်မှူးက သူများနဲ့ မတူဘဲ အချိန်မရှိ အချိန်ရှိကို ရုတ်တရက် စစ်ပြင် စစ်တိုက် ကျင့်လေ့ရှိတယ်။ သူ့တပ်တွေဟာ အချိန်မရွေး သူအမိန့်ပေးလိုက်တာနဲ့ တကယ် စစ်တိုက်နေသလို လက်နက်တန်ဆာ အပြည့်အစုံစွဲပြီး ထူးထူးဆန်းဆန်းတွေ လေ့ကျင့်ကြတယ်။ သူတို့လုပ်လို့ တပ်တွေ လန့်ကြတာ ခဏခဏပဲ။ တပ်မင်းကြီးတွေ စစ်ကဲတွေကလည်း ဆူတော့ ဆူတာပဲ။ ဆူပေမယ့် သူတို့ကတော့ အချိန်တန်ရင် နောက်တစ်မျိုး ပြောင်းလုပ်ကြတာပါပဲ''
''ဘာလို့ အဲလို လုပ်ကြတာလဲ ဟင်''
''တိုက်ရည်ခိုက်ရည် ပြည့်ဝနေအောင်ပေါ့ မြေးတို့ရယ်။ စည်းကမ်းသေဝပ်ပြီး အမိန့်ကို တသဝေမတိမ်း လိုက်နာတတ်အောင်လည်း ပါတာပေါ့။ သူ ခိုင်းတဲ့အတိုင်း မလုပ်နိုင်တဲ့ တပ်သားတွေဟာ တွင်းတူး၊ မြားလုပ်၊ တပ်တည်၊ လေ့ကျင့်၊ ကင်းစောင့် စတာတွေကို အပြစ်ပေးခြင်း ခံကြရတယ်။ ဒီလို ကျင့်သားပြည့်ဝနေလို့လည်း သူတို့တပ်ကို လွှတ်လိုက်ရင် မနိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိဘူးကွဲ့။ အလောင်းဘုရားကိုယ်တိုင် လှည့်ကြည့်စရာမလိုအောင် စိတ်ချရတဲ့ တပ်လို့ သမုတ်တော်မူခဲ့တာပေါ့''
''အဲဒီ တပ်မှူးကြီးက ကြောက်စရာကြီးလားဟင်… ဘိုး''
ဘိုးသာပေါ်က ပြုံး၍…
''လက်ျာဘီလူးလား… ငယ်ငယ်ရွယ်ရွယ်နဲ့ တပ်မှူးဖြစ်နေတဲ့ ကောင်လေး တစ်ယောက်ပါကွာ။ မင်းတို့ ရွာတောင်ပိုင်းက ကိုရင်ထင်လင်းကို သိတယ်မဟုတ်လား။ တပ်မှူးဖြစ်တော့ သူ့အရွယ်လောက်ပဲ ရှိသေးတယ်''
ကောင်ကလေးများ အံ့သြသွားကြသည်။ ကိုရင် ထင်လင်းမှာ လတ်လျားလတ်လျား နေတတ်သော ခပ်ချောချော ကာလသားပေါက်ကလေး ဖြစ်ရာ ယင်းအရွယ်မျှနှင့် တပ်မှူးခေါင်းဆောင် တစ်ယောက် ဖြစ်နေသည် ဆိုခြင်းမှာ သူတို့အတွက် အားကျဖွယ်ရာကြီး မဟုတ်ပါလား။
''ကိုရင်ထင်လင်းလို ချောရဲ့လားဗျ''
မောင်ရင်လေးတစ်ယောက်က ဝင်မေးလိုက်သည်။
''သူ့လိုတော့ မချောဘူး။ ယောက်ျားလေးတစ်ယောက်ရဲ့ ပုံစံပဲပေါ့။ ဒါပေမယ့် လက်ျာဘီလူးက ရုပ်ရည်ကြောင့် မဟုတ်ဘဲ ယောက်ျားပီသလွန်းလို့ နာမည်သိပ်ကြီးသကွဲ့''
''အဲဒါဆို လက်ျာဘီလူး နဲ့ သူ့ ဘီလူးတပ်ကြီးအကြောင်း ပြောပြပါလား''
''အင်း ပြောရတာပ''
ဘိုးသာပေါ်သည် ပြောရန် အားယူသည့်အနေဖြင့် ကွမ်းအစ်ကို ဖွင့်ကာ ကွမ်းရွက်ကိုယူ၍ လက်ညှိုးဖြင့် ထုံးသုတ်လိုက်ပြီး ကွမ်းသီးဆံညှပ်ထည့်၊ ရှားစေး ဆေးရွက်ကြီးတို့ ထည့်လိပ်ရင်း ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်သည်။ လမင်းကြီးသည်လည်း ဝဲလင်းဆောင်မှ ယက်ကန်းခတ်သံ သဲ့သဲ့ကြားမှာ မရိုးနိုင်သည့် ပုံပြင်တစ်ပုဒ်ကို နားဆင်ရန် စောင့်စားနေသည့်ဟန်။
<><><><><><><><><><><><><><>
ထိုအချိန်က ဘိုးသာပေါ်သည် စစ်သူကြီး မင်းခေါင်နော်ရထာ တပ်တွင် ထမင်းချက် ငသာပေါ် အဖြစ်နှင့် အမှုတော် ထမ်းနေရချိန် ဖြစ်သည်။ သူတို့ တပ်မင်းကြီး မင်းခေါင်နော်ရထာနှင့် တပ်မှူး လက်ျာဘီလူးမှာ အလွန်ရင်းနှီးပြီး မကြာခဏ အတူတွဲ တိုက်ပွဲဝင်နေကျ ဖြစ်သဖြင့် လက်ျာဘီလူးအကြောင်းကို ငသာပေါ်တို့ပင် မကြားချင် မြင်လျက်သား ဖြစ်နေကြသည်။
ထိုတပ်မှူး၏ အမူအကျင့်များသည် အခြားသူများနှင့် လုံးလုံးမတူ၊ သူတို့တပ်သည် အခြားသူများ လေ့ကျင့်ရိုး လေ့ကျင့်စဉ်အတိုင်း နပမ်းသတ်ခြင်း၊ ကျင်ကိုင်ခြင်း၊ ဗန်တိုဗန်ရှည်၊ ဓားရေး လှံရေး၊ လေးမြား သေနတ် စသည်တို့ကို လေ့ကျင့်ခြင်းထက် စစ်ရေးဗျူဟာ၊ အဆုတ်အတက်၊ အထိုးအခုတ်၊ အချီအချ အပြင်အဆင်များကိုသာ အထူးအလေ့ ပြုကြကြောင်း တွေ့မြင်ရသည်။
ဘီလူးတပ်များသည် တမူထူးခြားစွာဖြင့် ညကြီးသန်းခေါင် ညာသံပေးကာ စစ်ပြင်ခြင်း၊ စစ်ချီစစ်တက်ခြင်းများ လုပ်တတ်သဖြင့် အနီးဝန်းကျင်မှ တပ်တော်များ လန့်ကာ အိပ်ရေးပျက်ကြရသည်လည်း အကြိမ်ကြိမ်။ စစ်ချီသည့် လမ်းတွင်လည်း နည်းလမ်းများ ရှာဖွေ ကြံဆကာ လေ့ကျင့်ရင်း သွားတတ်သောကြောင့် အခြားတပ်များက စိတ်အနှောင့်အယှက် ဖြစ်ရသည်လည်း ရှိ၏ ။
သူတို့၏ လုပ်နည်းလုပ်ဟန်အတိုင်း အားကျ၍ လိုက်ကျင့်ကြသည့် တပ်များ ရှိသော်လည်း သူတို့ကဲ့သို့ အောင်မြင်ခြင်း မရှိလှ။ အရေးကြုံသောအခါ ကွက်တိဝင်အောင် အသုံးချနိုင်သည့် တပ်မှူး မရှိသဖြင့် အလွဲလွဲ အချော်ချော်နှင့် အခြားတပ်များက ဝိုင်းကူလိုက်ကြရသည်လည်း ရှိလေသည်။
တပ်မှူး လက်ျာဘီလူးကား စစ်ကို ဘယ်လို တိုက်ရမည် ဆိုသည်ကို သိနေသူတစ်ဦးပင် ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အဦးဆုံးစစ်ပွဲ ၂ ကြိမ် ၃ ကြိမ်ခန့် တိုက်ပြီးသည်၌ သူသည် စစ်ကို နိုင်အောင် တိုက်နည်း ပရိယာယ်များကို တစ်ခါတည်း ကျွမ်းကျင်ပိုင်နိုင်သွားသည် ဟု ဆိုရပေလိမ့်မည်။ စစ်အခြေအနေကို သိသည်နှင့် ဘယ်လို တိုက်၊ ဘယ်လိုတက်၊ ဘယ်လိုကပ်၊ ဘယ်လိုဖြို၊ ဘယ်လို သိမ်း၊ ဘယ်လိုလိုက် ဆိုသည်များကို တစ်ခါတည်း အကြံပြု တင်ပြ ညွှန်ကြားနိုင်သူ ဖြစ်လာသည်။
သူ့အထက်မှ တပ်မင်း စစ်ကဲများပင် သူ့အကြံဥာဏ် အယူအဆများကို အလေးထား ယူကြရသည်။ သူပြောသည့်အတိုင်း လုပ်ကြံက အောင်မြင်ဖို့ အခက်အခဲ မရှိတတ်သလောက် အခြားနည်းဖြင့် လုပ်ကြမည်ဆိုလျင်လည်း သူတွက်ပြသည့်အတိုင်း လုပ်ရေးကြံရေးများ ခက်ခဲရသည်ကို တွေ့ကြုံလာရသည့်အခါ သူ့အမြင်ကို လျစ်လျူရှုထား၍ မရတော့။
ငသာပေါ်တို့ စစ်သူကြီး မင်းခေါင်နော်ရထာသည် ကမူးရှူးထိုးနှင့် နိုင်လိုကြက် ကဲ့သို့ လုပ်တတ်သည်။ ရန်သူ့တပ်တွင်း အဝင်ရဲ အလိုက်ရဲတတ်သည်ကို လက်ျာဘီလူးက သတိပေး၍ ပြန်လည် ထိန်းကျောင်းပေးနေကျ၊ သူတို့ ဘီလူးတပ်က လိုက်ကူပံ့ပိုးနေကျ ဖြစ်၏ ။ မင်းခေါင်နော်ရထာ အရေးမှားမည် ကြံလျင် လက်ျာဘီလူး၏ လျှပ်တပြက်ဥာဏ် ဗျူဟာများဖြင့် ပြန်လည် တည့်မတ်နိုင်ခဲ့သည်မှာ မကြာခဏ။
တစ်ခါသော် လက်ျာဘီလူးတပ်မှ တပ်သား ငမြတ်ကျော် သည် 'ဖမ်းဆီးရမိသည့် သုံ့ပန်းများကို မသတ်မညှစ်စေရ' ဟူသည့် အလောင်းမင်းတရား အမိန့်တော်ကို ဖီဆန်ကာ မွန်အရပ်သား နှစ်ဦးကို အငြိုးနှင့် ခုတ်သတ်မိသည်။ လက်ျာဘီလူး သိသောအခါ အလွန် အပြစ်တင်၍ ငမြတ်ကျော်ကို နေ့ညကင်း ၅ ရက်ဆက်တိုက် မအိပ်ရဘဲ အလှည့်မပြတ် ပြစ်ဒဏ်ပေးပြီး သူကိုယ်တိုင်ကမူ အလောင်းမင်းတရား ရှေ့တော်တွင် သူခုတ်မိသည် ဟု ထွက်ဆိုခဲ့ရာ တစ်လခန့် သံခြေကျင်းနှင့် ထိပ်တုံးခတ်လျက် အကျဉ်းချခံလိုက်ရလေသည်။
ဤအရေးမှာ အခြားသူသာဆိုလျင် အကွပ်ခံရမည့် အရေး ဖြစ်သည်။ ဘုရင့် အမိန့်တော်ကို ဖီဆန်၍ အသက်ကို စီရင်သည့် ပြစ်ဒဏ်မှာ အပေါင်အလက် ဖျက်၍ အသတ်ခံရပေလိမ့်မည်။ လက်ျာဘီလူး ဖြစ်သောကြောင့် မင်းတရားကြီးနှင့် ရင်းနှီးသဖြင့် အကြောင်းရှိရမည်ဟု ထိပ်တုံးသာ ခတ်ထားခြင်း ဖြစ်လေသည်။ အလောင်းမင်းတရား မြော်မြင်သည့်အတိုင်း စုံစမ်းမိသောအခါ တပ်မှူး ကိုယ်စားခံရ၍ နောင်တရလျက် စိတ်မကောင်းဖြစ်နေကြသော သူတို့တစ်တပ်လုံးသည် မှန်သည့်အတိုင်း လျှောက်တင်ကြသဖြင့် တစ်ပတ်နှင့် လက်ျာဘီလူးကို လွှတ်လိုက်သည်။ ငမြတ်ကျော်လည်း ငိုယို၍ နောင် မလုပ်ပြီ ဟု ဝန်ခံလာလေသည်။
လက်ျာဘီလူးသည် စိတ်ကောင်းရှိသလောက် အကွပ်အညှပ်လည်း ပြင်းသည်။ သူ့လူများကလည်း သူ့ဆိုလျင် နတ်သိကြားကဲ့သို့ ယုံကြည်ကြသည်။ သူခိုင်းလျင် အောင်မြင်အောင် လုပ်မည့်သူချည်း ဖြစ်ကြသည်။ သူခိုင်းခံရလျင် ပွဲရတတ်လွန်းသဖြင့် အခိုင်းခံချင်သည့်သူက များလေသည်။ (ပွဲရလျင် ဘုရင့် အချီးအမြှောက် ခံကြရသည်) အခြားတပ်မှူးများကလည်း သူနှင့်သာ တွဲရလျင် ငရဲပြည်အထိ လိုက်ပါတိုက်ကြမည်ဟု ဆိုတတ်သည်။ အဘယ့်ကြောင့်ဆိုသော် လက်ျာဘီလူးသည် အခွင့်အရေးဟူသမျှကို မယူဘဲ သူတစ်ပါးအားသာ ပေးတတ်သလောက် အနစ်နာခံရမည် ဆိုလျင်တော့ သူကချည်း ခံတတ်သူ ဖြစ်သောကြောင့်တည်း။
ပဲခူးကို သွားတိုက်ကြသောအချိန် မင်းလှစည်သူ၊ မင်းခေါင်နော်ရထာ၊ မင်းကျော်စည်သူတို့ ဗိုလ်မှူး သုံးဦးကို မြစ်စဉ်အိမ်ရွာတို့ မီးတိုက်ရန် လှေ ၅၀ နှင့် လွှတ်လိုက်ရာ သန်လျင်က နှောင့်ယှက်မည်စိုး၍ အကြိုလွှတ်လိုက်သော မင်းကျော်ရဲလှသည် မကြိုဘဲ သန်လျင်ကို ဝင်တိုက်သဖြင့် မင်းခေါင်နော်ရထာတို့လည်း ''သန်လျင်တိုက်မခန့်သော်လည်း မြင်လျက် မကူသော် ရာဇဝတ်သင့်မည်'' ဟု ဝိုင်းကူတိုက်ကြရာ မွန်တို့ ပြေးလျင် အကွဲကွဲ အပြားပြား လိုက်ကြ၍ အရေးမှားလေသည်။
လိုက်လာသည့် စစ်သည်နည်းလှသည်ကို မြင်လျင် မွန်တို့ ပြန်လည်၍ ဝိုင်းဝန်းပိတ်ဆို့ တိုက်ကြသဖြင့် မင်းလှစည်သူ လူသူအထပ်ထပ်ကြား၌ ဆုံးချေသည်။ မင်းကျော်စည်သူတပ်လည်း မြင်လျက်နှင့် မကူနိုင်။ မင်းခေါင်နော်ရထာမှာမူ နောက်ပါတပ်များ ကုန်၍ ဓားတစ်စင်းနှင့်သာ တစ်ယောက်တည်း ဖောက်ထွက်လာရသည်။ မွန်တို့ မြင်းတစ်ရာကျော်နှင့် လိုက်ဖမ်းသော်လည်း မရဘဲ မင်းကျော်စည်သူတပ်ဆီ ပြေးဝင်လာသည်။ ညဉ့်နှစ်ချက်တီးကျော်မှ မွန်တို့ အရံဖြုတ်သွား၍ ပြန်နိုင်ခဲ့ကြသည်။
အလောင်းမင်းတရား ကြားသော် အလွန်နှမြောတော်မူ၍ မင်းလှစည်သူအလောင်း မြေပေါ် တွင် ကစီကရင် ရှိချေတော့မည်၊ သွား၍ ယူချေ ဟု မင်းကျော်စည်သူ၊ မင်းကျော်တန်ဆောင်နှင့် လက်ျာဘီလူးတို့ကို လှေ ၅၀ ခန့် စေလွှတ်လိုက်သည်။ မင်းခေါင်နော်ရထာကိုလည်း အနောက်မျက်နှာက မြို့တက်ရန် လွှတ်ရာ မတက်နိုင်ဘဲ ဝန်းရံပိတ်ဆို့ခြင်းသာ ခံလိုက်ရ၏ ။ ဝန်ကြီး နေမျိုးရွှေတောင်တို့ကို အရံဖြုတ်ချေဟု စေလွှတ်လိုက်သည်လည်း မွန်တို့က သင်္ဘောထက်မှ အမြောက်စိန်ပြောင်း ပစ်ခတ်သောကြောင့် မကပ်နိုင်။
ထိုအခါ မင်းလှစည်သူအလောင်း ကောက်ရန်သွားသော လက်ျာဘီလူးတို့သည် ရအောင်ထွက်ရမည်ဟု စီရင်၍ မွန်တို့ အထပ်ထပ် ရံသည်ကို အနိုင်ထိုးဖောက် ထွက်ခဲ့သည်။ လက်ျာဘီလူးက မှိုင်းသဲသဲ လှေကြီးကို သူစီးရသော် မွန်တို့ကို ထိချက်နာအောင် ပစ်နိုင်မည်ဟု ဆို၏ ။ ဝန်ကြီးက မပေး။ ထိုအခါ ရန်ပုံခွင်း အမြောက်ကြီးကို အမြောက်ဆံ မသွတ်ဘဲ ကျည်စေ့အိတ်များ သွတ်၍ ပစ်ရန် အကြံပေးပြန်သည်။ နေမျိုးရွှေတောင်က သည်မျှ ထိချက်ကောင်းသည့် အမြောက်ကို ဘဇာကြောင့် ကျည်စေ့သွတ်ရမည်နည်းဟု ဆိုကာ အမြောက်ဆံသာ သွတ်၍ ပစ်သော် မွန်တို့ အင်အားကြီးလှသဖြင့် မပြိုဘဲ နောက်ဆုံးတွင် လှေပေါ်မှ ဆင်းပြေးကြရလေတော့သည်။
မှိုင်းသဲသဲ လှေတော်ကြီးနှင့်တကွ လူသူအများ ဆုံးရှုံးရသဖြင့် ဝန်ကြီးမှ စ၍ တပ်မှူးစစ်ကဲတို့ တုံးဖိခံကြရလေသည်။ တပ်ဆုတ်လွယ်၍ သစ္စာမရှိသည့် အင်းဝဗိုလ် ရဲခေါင်စံကျော်ကိုလည်း ကွပ်လေ၏ ။ နောင် တိုက်ပွဲတွင် လက်ျာဘီလူး အကြံပြုသည့်အတိုင်း အမြောက်ထဲ ကျည်စေ့အိတ် သွင်း၍ ပစ်ကြသောအခါ တစ်ကြိမ်တွင် လူ ငါးဆယ် တစ်ရာ ထိခိုက်လေ၍ မွန်တို့ ရေသို့ချည်း ဆင်းပြေးကုန်ကြသဖြင့် မွန်တို့၏ အင်အားကောင်းသော လှေတပ်ကြီးများ အလွယ်ပျက်ရလေသည်။
တစ်ကြိမ်တွင် အခွန်ရွာရှေ့ မွန်တပ်ကို တိုက်၍ ဝင်နေလေ ဟု ဘီလူးတပ်ကို လွှတ်လိုက်သည်။ တပ်တည်၍ နေသော မွန်တို့ အင်အားကြီးလှသော်လည်း သူတို့ ဘီလူးတပ်သည် တပြိုင်တည်း ညာသံပေး၍ ဝင်သွားပြီး ''မွန်မဟုတ်သူများ လက်နက်ကို ပုံ၍ ဝပ်နေ၊ ငါတို့ မွန်လူမျိုးကိုသာ တိုက်မည်။ ဝပ်နေပါက အသက်ကို လွှတ်မည်'' ဟု အော်ဟစ်သွားကြသည်။ ''မင်းတို့မယားတွေ လင်မပေးစားချင်ရင် ဝပ်နေ'' ဟု အော်သူကအော်၊ ''ပြေးသူကို မလိုက်၊ ရှင်လိုလျင် ပြေးတော့'' ဟု ဆိုသူကဆို၊ အော်ဟစ်ကြိမ်းမောင်း၍ ဝင်သွားကြရာ အတင်းအကြပ် ခေါ်ဆောင်စည်းကြပ်ခံရသော ဗမာ ကဒူး ကရင် စသည့် တိုင်းရင်းသားများ လက်နက်ကို စုပုံ၍ ဝပ်နေကြသဖြင့် မွန်တို့ ဆဲဆိုကာ ပြေးကြရလေသည်။
မကြာမီ အခဲမကျေလှသော မွန်တို့ မြို့မှ ထွက်၍ ထိုပြင်တပ်ကို အကြိမ်ကြိမ် တိုက်လာသောအခါတွင်လည်း ဗိုလ်မှူး လက်ျာဘီလူး (ထိုအချိန်၌ မင်းထင်နော်ရထာ) က ငရုတ် ကြက်သွန် ခွေးလှေးယားသီး စသည့် အရာများကို ရွှံ့နှင့်မံ၍ အခြောက်ခံပြီး လောက်လေးတွင် ထည့်ပစ်ခိုင်းသောကြောင့် မွန်တပ်များ မကပ်နိုင်ဘဲ ပြန်ပြေးကြရသည် များ၏ ။ သူကပင် ကုန်သည်ယောင်ပြုလျက် မွန်မြို့တွင်းဝင်ပြီး ရေသန့်ဆေးဟု ဆိုကာ သူကိုယ်တိုင် အစမ်းသောက်ပြ၍ ဝမ်းလျှောစေတတ်သည့် ဆေးများ ရောင်းခဲ့သဖြင့် မွန်တို့ အင်အားယုတ်လျော့သွားသေးသည်။
နောင်တွင် သူ့နည်းလမ်းကို အလောင်းမင်းတရား သဘောကျတော်မူ၍ အရက်ကို အဆိပ်ခပ်ကာ ဥပါယ်တံမျဉ်ဖြင့် မွန်တို့ သားမယားများက ပို့သည့်ဟန် မွန်စာနှင့် ပို့စေသောအခါ မွန်အများအပြား သောက်ပြီး သေကြသဖြင့် မွန်တို့က ''သိကြားဆက်သည့် အရက် အာသာဝတီနွယ်ရည်ပင် ဖြစ်လင့်ကစား နောက်နောင် မသောက်စားလိုပြီ'' ဟု စာစွဲ၍ ဒီရေအတက်တွင် လှေငယ်နှင့် မျှောလိုက်ပြန်ရာ အလောင်းဘုရား လက်ခုပ်လက်ဝါးတီးလျက် ဟက်ဟက်ပက်ပက် ရယ်တော်မူလေသည်။
<><><><><><><><><><><><><><><><>
ဘိုးသာပေါ် စကားဆုံးသောအခါ ကလေးများလည်း တသောသော ရယ်ကြလေသည်။ အချို့ မျက်ရည်များပင် ထွက်နေသေးသည်။ ဘိုးသာပေါ်မြေး အချစ်ကျော် ငထွေးလေး က ရယ်ရင်း
''ဘိုးရဲ့ တပ်မှူးက တကယ် ကြံကြံဖန်ဖန်လည်း စဉ်းစားတတ်တယ်နော်။ သူမို့ ဒီလိုအကြံတွေ ထွက်တယ်။ သားတို့လည်း ကြီးလာရင် လက်ျာဘီလူးလို တပ်မှူးမျိုး လုပ်မယ်''
ရဲမွန်လှ ဟူသော သူငယ်တစ်ယောက်က
''အံမယ်… မင်းက သူ့လောက် ဥာဏ်ရှိပါ့မလား'' ဟု ဝင်ပြောလေသည်။ ငထွေးလေးကလည်း အားကျမခံ
''ခုမရှိပေမယ့် နောင် ရှိလာမှာပေါ့။ သူလည်း ငယ်ငယ်က ငါတို့လိုပဲ ကလေးပဲ ဥစ္စာ''
ဘိုးသာပေါ်သည် သူ့မြေးစကားကို သဘောတကျ ခေါင်းညိတ်ရင်း
''ဟုတ်ပါပေ့၊ လက်ျာဘီလူးလို အကြံအစည်မှာ ပါရမီပါတဲ့ ကလေးတွေ ဒီထဲမှာ မရှိဘူး လို့ ဘယ်သူပြောနိုင်မလဲ။ လက်ျာဘီလူး ငယ်ငယ်ကဆို ခုလို အကြံအစည်တွေကို ပြောပြမယ့်သူတောင် ရှိဦးမှာ မဟုတ်ဘူး။ ခု မြေးတို့တတွေကမှ ဘိုးစကား ကြားရလို့ ပရိယာယ် နည်းလမ်းတွေ သိနေကြရပြီ မဟုတ်လား။ သူ့ထက် တော်တဲ့ သူရဲကောင်းကြီးတွေ၊ စစ်သူကြီးတွေ၊ သေနာပတိကြီးတွေ ဖြစ်လာနိုင်တာပေါ့ကွယ်''
ဘိုးသာပေါ်၏ စကားအဆုံးတွင် လရောင်အောက်မှ မျက်လုံးကြည်ကြည်တောက်တောက်ကလေးများသည် တဖျတ်ဖျတ် လင်းလာကြလျက် သူတို့အားကျမိသော တပ်မှူးကြီး လက်ျာဘီလူးလို သူရဲကောင်း အာဇာနည်ကြီးများ ယခုပင် ဖြစ်လာတော့မယောင်နှင့် တစ်ယောက်ကိုတစ်ယောက် ယုံကြည်ခိုင်မတ်စွာ အားပါပါစိုက်ကြည့်လိုက်ကြလေသည်။
*