မြင်း ၃ စီးအပြေးဝင်လာကြ၏ ။ ရှေ့ဆုံးမှ တပ်ပေါင်းဗိုလ်အဆင့် ဝတ်စုံနှင့် လူက သူ့နောက်မှ ၂ ဦးကို မြင်းအပ်ခဲ့ပြီး ဗိုလ်မင်းအများ ရှိရာ တဲနန်းကြီးအတွင်း ဝင်သွားသည်။ ရှေ့တန်းစစ်မျက်နှာ ဖြစ်၍ ဝန်ကြီးမှ အစ ဗိုလ်မှူး တပ်မှူးအများ စုံစုံညီညီ ရှိနေကြပြီး စုဝေးတိုင်ပင် ဆွေးနွေးနေကြချိန် ဖြစ်သည်။ ထို့ကြောင့် သူဝင်လာသောအခါ ခေတ္တ ရပ်ကြည့်လိုက်ကြသည်မှ အပ အားလုံးက ဂရုမစိုက်လှဘဲ သူတို့ ပြောဆိုလက်စ အရေးကိုသာ အာရုံစိုက်နေကြ၏ ။
"ကျွန်ုပ်ကို ဆင်ဖြူသခင် မင်းတရားကြီး ကိုယ်တော်တိုင် လွှတ်လိုက်ပါတယ်။ စစ်ရေး မည်သို့ အခြေရှိသည်၊ လုပ်ရေးကြံရေး မည်သို့ စိုင်းပြင်းလျက်ရှိသည်တို့ကို လျှောက်တင်လိုက်ရန် အမှာတော်ရှိ၏"
ဟု ပြောလိုက်ရာ ဆွေးနွေးနေကြခြင်း ခေတ္တ ရပ်တန့်သွားသည်။ ထို့နောက် ဝန်ကြီး မဟာသီဟသူရ သူ့ဘက်လှည့်လာ၍
"မောင်မင်း ဘယ်သူပါလိမ့်၊ လူကို မြင်ဖူးပေမယ့် ဘွဲ့ကိုတော့ မမှတ်မိတာ စိတ်မရှိပါနဲ့ မောင်"
"ရပါတယ်ဘုရား၊ ကျွန်ုပ် မင်းကျော်ရဲလှ ပါ"
"ကောင်းပြီ.. မင်းကျော်ရဲလှ၊ မင်းတြားကြီးထံ လျှောက်တင်ရန် လိုအပ်သည်တို့ကို ယခု ဆွေးနွေးပွဲပြီးလျင် အလုံးစုံ တစ်ပါတည်း ရေးသားစီရင်၍ ပေးလိုက်မည်။ မောင်က ရွှေဖဝါးတော်အောက်အရောက် ပို့ဆောင်ပေးပါ။ ယခုတော့ ခေတ္တ ဆိုင်းငံ့ပါဦး"
"ကောင်းပါပြီ၊ ကျွန်ုပ် သည်မှာပဲ ရပ်နေရမလား"
"မောင် နားချင်လည်း နားပါ၊ နေရာထိုင်ခင်း စီစဉ်ခိုင်းလိုက်ပါ။ နေလိုက နေနိုင်ပါတယ်"
ဝန်ကြီးသည် သူ့အား ဝတ်ကျေတန်းကျေ စကားအနည်းငယ်မျှသာ ပြောလျက် သူ့ဗိုလ်မှူး တပ်မှူးများနှင့် ဆက်လက်တိုင်ပင်နေပြန်သည်။ သူတို့ရှေ့ စားပွဲပေါ်ဝယ် ဆင်မြင်းရထား ခြေသည် စသည့် စစ်ဘုရင် ရုပ်ကလေးများကို ကန့်လန့်ကာဖြင့် ပိုင်းခြားထား၌ တစ်ဘက်၌ များပြားလှသည့် အရုပ်များစွာ ရှိနေသည်။ သားရေဖြင့် ပြုလုပ်ထားသည့် မြေပုံကားချုပ်များလည်း မြောက်များစွာ တွေ့ရ၏ ။
"သတိုးမင်းလှကျော် ပြောသည့် အရေးလည်း အရေးပင်၊ သို့သော် ဤတစ်ကြိမ် ငါတို့ သတိရှိရမည်။ ရန်သူအင်အားက များလွန်းလှသည်ကို ချင့်တွက်ရပေမည်"
"မင်းကြီး ဆိုသည်မှာ အမှန်ဖြစ်သည်။ သူ့လူမကုန်က ငါတို့ တပ်လုံးပျောက်မည်။ သူတို့ စစ်ခြေမပျက်လျင် ငါတို့ စစ်ရေးပျက်ရန် ရှိ၏တကား"
ဗိုလ်မင်းကြီးများသည် တရုတ်တို့နှင့် တိုက်ပွဲအတွက် အပူတပြင်း ကြံစည်နေကြရသည်။ သူတို့ စကားဝိုင်းသည် တစ်ယောက်တစ်ပေါက် ဖြစ်သလို စားပွဲပေါ်မှ အရုပ်ကလေးများလည်း ဟိုရွေ့သည်ရွေ့ ပြေးလွှားနေကြ၏ ။ မြင်းရုပ်တစ်ရုပ်သည် မြင်းတပ်ကြီး တစ်တပ်ကို ကိုယ်စားပြုပြီး ဆင်တစ်ကောင်၊ မြင်းတစ်ကောင်၊ နယ်ရုပ်တစ်ရုပ် အစုအဖွဲ့သည် ကြည်းကြောင်းကြီး တစ်ကြောင်း ဖြစ်နေသည်။ အခြားတစ်ဖက်မှ အရုပ်များစွာကတော့ လမ်းကြောင်း ၃ ခု ခွဲလျက် ဖြန့်သွားသည်ကို တွေ့နေရ၏ ။
"သူတို့က မြောက်ကို ချီသွားပြီး မိုးကောင်းကြောင်းက လာမှာ တစ်ကြောင်း၊ ရေကြောင်း တစ်ကြောင်း၊ ကြည်းကြောင်းလည်း အင်အားအလုံးအရင်းနဲ့ နှစ်သိန်း သုံးသိန်း ပါသမို့လား။ တို့က ဘယ်လို ထိန်းမှာလဲ။ ဖြန့်လိုက်ရင်တော့ အင်အားကွဲပြီး အားနည်းသွားမယ်"
ထိုအချိန်တွင် နေပြည်တော်မှ လာသည့် မင်းကျော်ရဲလှ အသံ ထွက်လာသည်။
"နှစ်သိန်းသုံးသိန်း ချီလာတဲ့ တရုတ်စစ်ကြီးကို ဝန်မင်းတို့ ဗိုလ်မှူးများက နှစ်သောင်း သုံးသောင်းနဲ့ ဘယ်လို ခံမှာလဲ။ ကျွန်ုပ် အမြင်ကတော့ သူတို့ တောင်းဆိုတာကို ပေးလိုက်၊ သူတို့ ဆုံးရှုံးနစ်နာခဲ့ရတာကို အလျော်ပေးပြီး တောင်းပန် ကြေအေးလိုက်တာ အကောင်းဆုံး ဖြစ်မယ်။ နောက်မှ မနိုင်လို့ စစ်ပြေငြိမ်းရင် ဗိုလ်မင်းတို့ အချည်းနှီး ပျက်စီးရတာပဲ အဖတ်တင်မှာ"
ရုတ်တရက် တဝေါဝေါ ဆူညံခဲ့သည့် အစည်းအဝေးကြီးမှာ အပ်ကျသည်မျှ မကြားရလောက်အောင် တိတ်ဆိတ်သွားပြီး အားလုံးက သူ့ကို ဝိုင်းကြည့်နေကြသည်။ မင်းကျော်ရဲလှကတော့ သူ့အား ဂရုမစိုက်ခဲ့ကြသူများကို ထိုသို့ ပြောဆို၍ လက်စားချေလိုက်ရခြင်းအား ကျေနပ်နေသည့် မျက်နှာနှင့်။ ဝန်ကြီးက
"မင်း ဘယ်လို ပြောလိုက်တာလဲ။ သူတို့က ကုန်သည်သားမယား ပြန်ရရင် စစ်သည်အားလုံး သိမ်းပြီး ပြန်သွားကြလိမ့်မယ် ထင်သလား"
"သူတို့ ကျေနပ်လောက်တဲ့ အတိုင်းအတာ စစ်စရိတ်တော့ ပေးရမှာပေါ့ဘုရား"
"မင့်စကား သည်မှာတန်ဟဲ့၊ ငါတို့သခင် ဘဝရှင်က ကျူးကျော်သူတွေကို စရိတ်ထုတ်ပေးပြီး တောင်းပန်လိမ့်မယ်လို့ ယူဆနေသလား"
"အရှင်မင်းမြတ်ကတော့ ဘယ်ပေးမလဲ။ ဝန်ကြီးတို့ မှူးကြီးမတ်ကြီးများက သည်နယ်တွေက လိုက်သိမ်းပြီး ပေးလိုက်ရင် ရတာပဲ။ ကျွန်ုပ်သာဆို ကိုယ့်ဘာသာ ရှာကြံပေးပြီး အရေးဆို စစ်ပြေငြိမ်း ပြန်လာပြီးမှ လျှောက်တင်မယ်။ စစ်မဖြစ်ဘဲ ပြည်သူအများ မထိခိုက်ရင် ဘုရင်မင်းမြတ် ကျေနပ်တော်မူမှာပါ"
"မောင်မင်း ဘာမှ နားမလည်ပေဘူး၊ ခု စစ်ကြီးဟာ မန်ချူးဘုရင် ဥတည်ဘွားက တိုက်တာ မဟုတ်ဘူးကွဲ့။ ယူနန်တိုင်းရဲ့ ဘုရင်ခံက ကျူးကျော်လိုလို့ တရုတ်ဘုရင်နဲ့ လှည့်တိုက်ပြီး စစ်ကြီးချီလာတာ။ စစ်စရိတ် ရွှေငွေပေးရုံနဲ့ ပြီးတဲ့အရေး မဟုတ်ဘူး၊ နားလည်ကဲ့လား"
ဗိုလ်မှူးတစ်ဦးက ဝင်ပြောသည်ကို မင်းကျော်ရဲလှ အထွန့်တက်သည်။
"ဒါတော့ ဗိုလ်မင်းတို့က အရေးရှင်ပဲ။ ဗိုလ်မင်းတို့ ကြံစည်ရမယ့် အရေးပါ။ ကျွန်ုပ်က စစ်သည်များ မထိမပါးဖို့ အဆိုပြုတာ။ အလဟဿ သေ မသေဟာ ဗိုလ်မင်းတို့ အလိမ္မာပေါ်မှာပဲ မူတည်ပါတယ်"
အမှန်က သူသည် သူ့အပေါ် အာရုံစိုက်စေလို၍ လည်းကောင်း၊ အထင်ကြီးကြစေရန် ဟန်လုပ်လို၍ လည်းကောင်း၊ စကားနိုင်လုခြင်းသက်သက် ပြောဆိုခြင်းမျိုးဖြင့် တင်စီး၍ စကားဆိုလိုက်ခြင်းသာ ဖြစ်သည်။ လူငယ်မာနနှင့် မသိဆိုးရွားစွာ ထောင်လွှားလိုခြင်းဖြစ်ကြောင်း ဝန်ကြီးနှင့်တကွ ဗိုလ်မှူးကြီးများက သိပေသည်။ သို့သော် သူ့စကားက ထိုမျှနှင့် မပြီးဆုံးခဲ့ချေ။
"သည်လူသွမ်းကတော့ ဆုံးမမှ ရမည်"
စကားသံနှင့်အတူ တဗြုန်းဗြုန်း အသံများ ကြားရသဖြင့် မင်းကျော်ရဲလှ အနောက်သို့ လှည့်ကြည့်လိုက်သည်။ စူးရဲခက်ထန်သော အကြည့်နှင့် လူတစ်ဦးထရပ်လိုက်သဖြင့် ထိုသူပေါင်ပေါ်မှ မြေပုံလိပ်များ ကျကုန်သည့်အသံ ဖြစ်၏ ။ ထိုသူက ပြန့်ကျဲနေသော မြေပုံများကို မကြည့်ဘဲ သူ့ကို တည့်တည့်ကြည့်ကာ ရန်လိုသည့် အသွင်ဖြင့် နောက်ဘက်ကျကျ နေရာမှ လှမ်းလာသည်။ အခြား ဗိုလ်များလည်း ထရပ်လိုက်ကြ၏ ။
ထိုသူသည် ဓားအိမ်မှ ဓားကို ဆွဲထုတ်လိုက်ရာ မင်းကျော်ရဲလှ ထိတ်လန့်သွားပြီး ဓားရိုးပေါ် လက်ရောက်သွားသည်။ သို့သော် ထိုသူ၏ ဓားထုတ်မည့် လက်ကို ဘေးမှ ဗိုလ်မှူးတစ်ဦးက ဓားအိမ်ဖြင့် ဖိထားပြီး
"မလုပ်နဲ့.. ငစံ၊ စိတ်ထိန်းမှပေါ့"
ထိုသူက တားသူကို စိုက်ကြည့်နေ၏ ။ ဝင်တားသည့် သူမှာ မင်းကျော်ရဲလှ သိသည့် ဗိုလ်မှူး ဗလမင်းထင် ဖြစ်သည်။ ရန်ရှာလိုသူကိုမူ မသိ။ စိတ်မချရသဖြင့် ဓားရိုးကို ဆုပ်ကိုင်ထားပြီး နောက်တစ်လှမ်းဆုတ်လျင် ထိုသူက ရှေ့တစ်လှမ်း တိုးရန် ပြင်ပြန်သည်။ အခြား ဗိုလ်များက ဝိုင်းတားထားရ၏ ။
"ရှေ့တန်းမှာ သည်လို အရူးတွေလည်း ရှိသလား"
မင်းကျော်ရဲလှ၏ စကားကို အခြားသူများက နှစ်လိုဟန် မပြကြသော်လည်း ထိုသူကတော့ တကယ့် သူရူးတစ်ယောက်ကဲ့သို့ အော်ရယ်လိုက်လေသည်။
"ဟားဟား.. ရှိတာပေါ့ကွာ၊ ပြီးတော့ အရူးလက်ချက်နဲ့ အသက်ထွက်သွားတဲ့သူတွေလည်း ရှိတယ်.. ဟားဟား"
ပြောပြောဆိုဆို ဗလမင်းထင် ဓားအိမ်ဖြင့် ဖိထားသည့်ကြားမှ ဓားကို ဆွဲထုတ်လိုက်သဖြင့် သူ့အနီးမှ လူအချို့ ရှဲသွားကြ၏ ။ ထိုသူက ခုန်အုပ်တော့မည်ကဲ့သို့ ရှိစဉ် လူအချို့က ဝိုင်း၍ ထိန်းကာ မင်းကျော်ရဲလှရှေ့မှလည်း ပိတ်ဆို့ ဆီးကာလျက် တားနေကြသည်။
"ကိုရင် မလုပ်နဲ့.. သူ့ကို အဖက်လုပ်မနေနဲ့"
"လာ၊ လာ။ သူ့အမှားက ကိုယ့်အမှားဖြစ်သွားမယ်"
"စိတ်ငြိမ်ငြိမ် ထားပါဗျာ၊ သူက ရန်သူ မဟုတ်ပါဘူး"
ထိုသူက ပြန်အော်သည်။
"ရန်သူထက် ဆိုးတာပေါ့ဗျ၊ ရန်သူက ဒလံလုပ်ရင်တောင် ကိုယ့်စစ်သည်တွေ စိတ်ဓာတ်ကျအောင် မပြောဘူး။ သင်းက ရှေ့တန်းမှာ လက်နက်ချ စစ်ပြေငြိမ်းခိုင်းနေသတဲ့လား။ သည်လိုကောင် မရှိမှ အေးမယ်"
"မောင်စံ.. ဒါ မင်းစီရင်ရမယ့် အရေးမဟုတ်၊ မင်းမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ သူ့အတွက်နဲ့ ဒဏ်ပေးခံရမှာ မတန်ပါဘူး။ ငါဖြေရှင်းပေးပါ့မယ်"
ဝန်ကြီးကိုယ်တိုင် ပြောမှ ထိုသူ ရပ်တန့်သွားသည်။ မင်းကျော်ရဲလှကိုတော့ စူးစိုက်ကြည့်နေသေး၏ ။ ထိုသူ၏ မျက်လုံးများမှာ သူရူးကဲ့သို့ ဒေါသရှိန်ဖြင့် မီးဝင်းဝင်းတောက်နေသည်။ မင်းကျော်ရဲလှက အံ့သြစွာ၊ မခံချင်စွာ ထိုအပြုအမူအတွက် မကျေမနပ် ရှိနေစဉ် ဝန်ကြီးက သူ့ကို လာ.. လာ ဟု ခေါ်သွားသဖြင့် လိုက်သွားရ၏ ။ ရန်လိုနေသူကတော့ ဗိုလ်မင်းအများ အလယ်တွင် ကျောက်ရုပ်လို ရပ်ကာ စကားနားမဝင်သည်သို့ ရှိလေသည်။
"တယ်ရူးတဲ့ သူပါလား"
သူ့မှတ်ချက်ကို ဝန်ကြီးက မကြားယောင် ပြုကာ တဲတော်သို့ ခေါ်သွားသည်။ စာရေးတစ်ဦးအား ကညစ်ကိုင်စေလျက် ရွှေပေတွင် စစ်ရေးစစ်ရာများ၊ လတ်တလော လှုပ်ရှားမှုများကို စာစီကုံးစေ၏ ။ သူ ရပ်စောင့်နေရသည်။ အားလုံးပြီးမှ
"ရော့.. ရော့ မောင်ရင်၊ အမြန်ပြန်ပေတော့"
"မှန်ပါ.. ကျွန်ုပ် ရန်ရှာခံရသည့် အကြောင်းများကိုလည်း ရွှေနားတော်ရောက်အောင် လျှောက်တင်ရပါလိမ့်မယ်"
"နင့်ဟာနင် တင်ချင်တင် မတင်ချင်နေ၊ သည်က အမြန်မသွားရင်တော့ နင့်အသက်ကို အာမ မခံနိုင်"
"သည်လို အန္တရာယ်များသည့်သူမျိုးကို ဘဇာကြောင့် သုံးရသနည်း၊ ဝန်မင်းတွင် အခြားလူ မရှိသလော"
"ဟဲ့.. အဲသည် အရူးက နင့်ထက် အဆရာထောင်မက တန်တယ်ဟဲ့.. သိလား၊ ခွေးမသား"
"ကျွန်ုပ် မြင်သည်ကတော့ ရန်လိုနေသည့် ခွေးရူးလိုပါပဲ၊ ဘဝရှင် ဆင်ဖြူသခင်ကို လျှောက်ပြီး.."
"အေး.. အေး၊ ဟိုရောက်အောင် ပြန်ချေဦး။ ရောက်မှ နင့်စိတ်ကြိုက် လျှောက်စမ်း။ ငါတို့ မသေလို့ ပြန်လာရင် နောင်မှ အပြစ်တော်ကို ခံမယ်"
ဝန်ကြီးကိုယ်တိုင် အတင်း နှင်နေသဖြင့် မင်းကျော်ရဲလှ သူ့လူနှစ်ဦးကို ခေါ်၍ ထွက်လာသည်။ မြင်းများကို ယူ၍ ဝန်းအပြင်အရောက်၌ နောက်မှ
"သည်အကောင်ကို ဝန်ကြီးက ဘာမှ မစီရင်လိုက်ဘူး ထင်ပါရဲ့"
ဟူသော အသံကို ကြားရပြန်သည်။ မင်းကျော်ရဲလှ နောက်လှည့်ကြည့်မိရာ ဖျင်တဲကြီးထဲမှ ပြေးထွက်လာသူကို တွေ့လိုက်ရသည်။ နောက်မှလည်း ဗိုလ်အများ ပြေးလိုက်လာ၏ ။ ရိပ်ကနဲ လှုပ်ရှားမှုကြောင့် မြင်းကို ဆွဲလှည့်လိုက်မိရာ လှံတစ်စင်းက မြင်းလည်ကို ဖောက်ထွက်ပြီး သူ့ရင်ကိုပင် လာထိသည်။ ချပ်ဝတ်များကြောင့်တော့ မပေါက်၊ မြင်းမှ တုံးလုံးလဲကျလျက် ရုန်းကန်နေလေသည်။
သူက ဓားထုတ်၍ ထိုသူထံ ပြေးသွားမည် ပြု၏ ။ သူ့လူနှစ်ဦးက ဆွဲထားကြသည်။ ထိုသူက နောက်လှံတစ်စင်း လုယူမည်ပြုရာ လှံကိုင်အစောင့် ရဲမက်ကလေးမှာ ထွက်ပြေးလေသည်။ ဗလမင်းထင် အပါအဝင် ဗိုလ်မင်းများစွာ ဝိုင်းချုပ်ထားသဖြင့် သူ့ဆီ မလာနိုင်တော့မှ
"ဟားဟားဟား.. ဟားဟား၊ သူရဲဘောကြောင်တဲ့ကောင် လာရဲရင် လာလိုက်လေ။ မင်းအကောင်ကို အပိုင်းပိုင်း ခုတ်ပြီး တရုတ်တွေစားဖို့ ပို့ပေးမယ်"
ဗိုလ်မှူးတစ်ဦးက မြင်းတစ်စီး ဆွဲလာပြီး မင်းကျော်ရဲလှကို အမြန်တက်စေကာ မြင်းတင်ပါး ရိုက်လွှတ်လိုက်သည်။ "သွားတော့.. သွားတော့" ဟုလည်း အသည်းအသန် ပြော၏ ။ ထိုမျှ ရိုင်းပျ သောင်းကျန်သူမျိုး မမြင်ဖူးသဖြင့် မင်းကျော်ရဲလှက လှည့်ကြည့်ရာ ထိုသူက ဗိုလ်တစ်ဦး၏ ဆောင်ဓားကို ဆွဲချွတ်ပြီး လှမ်းပေါက်လိုက်သည်ကို မြင်ရသေးသည်။ သူ့ထံ တည့်မတ်စွာ မရောက်ဘဲ ပင်စည်တစ်ခုတွင် စိုက်ဝင်သွားသည်။
မင်းကျော်ရဲလှသည် တောက်တစ်ချက် ပြင်းစွာ ခေါက်၍ လှည့်ထွက်သွားသည်။ အတန်ငယ်ကြာလျင် သူ့ကို စိတ်မချ၍ ဗိုလ်တစ်ဦးနှင့် မြင်း ၂၀ နောက်မှ လိုက်လာကြသည်ကို တွေ့ရ၏ ။ ထိုသူများသည် ဝန်ကြီး မဟာသီဟသူရ အမိန့်ဖြင့် မင်းကျော်ရဲလှတို့ ၃ ဦးအား နှစ်စခန်းလွန်သည်အထိ လိုက်ပို့ကြပေလိမ့်မည်။
"မင်းတို့ တပ်တွေ ဘယ်လို ဖြစ်ကြတာလဲ။ ဒီလောက် ဖရိုဖရဲ နိုင်တဲ့ တပ်မကြီးမျိုး အလျင်က မမြင်ဖူးပါဘူး"
သူ့ထက် ရာထူးငယ်သော ဗိုလ်ကလေးကို မေးလိုက်ရာ ထိုဗိုလ်ငယ်က
"ဖရိုဖရဲ ဖြစ်တာ မဟုတ်ပါဘူး။ အလျင်ကလည်း ဒါမျိုး မဖြစ်ဖူးဘူး။ ခုမှ ဗိုလ်မင်းကြောင့် ဖြစ်ကုန်ကြတာ"
"ငါ့ကြောင့်၊ ဟုတ်လား။ ငါက ဖြစ်သင့်တာကို ပြောတာ၊ မင်းတို့ အချည်းနှီး မသေကြအောင် အကြံပြုတာ။ အဲဒါကို သတ်မယ် ဖြတ်မယ် တကဲကဲနဲ့ ရန်လိုနေတာ ကောင်းသလား"
ဗိုလ်ကလေးသည် မည်သို့ ပြန်ပြောရမည်ကို စဉ်းစားရခက်နေဟန် ရှိ၏ ။
"စစ်ထဲမှာတော့ဗျာ.. အထူးသဖြင့် ဒီလို ရှေ့တန်းအခါသမယ၊ ရန်သူနဲ့ တိုက်ရခါနီးမှာပေါ့။ ကိုယ့်လူတွေ စိတ်အားငယ်အောင် မပြောရဘူး ဆိုတာ သိတယ် မဟုတ်လား"
"ဟ.. ငါပြောတာ အားငယ်ဖို့လား။ ငြိမ်းချမ်းဖို့လား ဆိုတာ မင်းတို့လို တိုက်ခိုက်သတ်ဖြတ်ဖို့လောက်ပဲ တွေးနေသူတွေ ဘယ်နားလည်ပါ့မလဲ"
ဗိုလ်ငယ်သည် မင်းကျော်ရဲလှ နောက်မှ လူနှစ်ယောက်ကို ကြည့်ရာ အားတုံ့အားနာဟန်ဖြင့် ပြုံးပြကြလေ၏ ။ သူ့နောက်မှ မြင်းသည်များကို ကြည့်လျင်လည်း ခပ်တည်တည်ဖြင့်သာ လိုက်လာကြသည်။ ကျေနပ်ကြဟန်တော့ မရှိ။ သူကိုယ်တိုင်လည်း မကျေနပ်လှပါ။
"ကျွန်တော်တို့ နားမလည်တာက အကြောင်းမဟုတ်ဘူး။ လက်ျာဘီလူး နားမလည်တာတော့ အန္တရာယ်သိပ်ကြီးတယ်ဗျာ။ အခန့်မသင့်လို့ သူလွတ်လာရင် ကျုပ်တို့ပါ အချောင်သေကုန်မှာဗျ"
မင်းကျော်ရဲလှက ဗိုလ်ငယ်နှင့် မြင်းတပ်ကို အ့့ံ့သြစွာ ကြည့်လိုက်သည်။ ယခုမှ သေချာကြည့်မိရာ မြင်းတပ် ၂၀ သားမှာ မျက်စိမျက်နှာ ပျက်လျက် ရှိသည်ကို မြင်ရ၏ ။ အဘယ့်ကြောင့် သည်လူများ ဤမျှ ထိန်လန့်နေကြသည်ကို သူနားမလည်။
"အဲဒီကောင်က ဘာကောင်မို့လို့လဲ။ ငါမြင်တာတော့ အရူးတစ်ယောက်လိုပဲ"
"ဟုတ်တယ်၊ သူ ရူးသွားတာ။ စိတ်လွတ်လွတ်နေတယ်။ ဘယ်သူ့ကိုမှတော့ ရန်မပြုဖူးသေးဘူး။ ခုဖြစ်တာ ပထမဆုံး။ ပုံမှန်ဆို သူ့ဘာသာ ငေးငေးငိုင်ငိုင် နေတာပဲ။ ဆွေးနွေးပွဲတွေမှာလည်း တစ်ခွန်းမှ ဝင်မပြောတော့တာ ကြည့်ပါလား။ သူ့ဆီက အဖိုးတန် အကြံတွေ မရတော့တာ ထားပါတော့။ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ အင်မတန် တန်ဖိုးရှိတယ် ဆိုပြီးတော့ အယုဒ္ဓယမှာ ကျသွားတဲ့ မဟာနော်ရထာ တပ်ကနေ ဝန်ကြီးကိုယ်တိုင် ခေါ်ထားတာ"
"ဒါပေမယ့် နေပြည်တော်မှာ ငါ မမြင်ဖူး၊ မကြားဖူးပါလား။ လူကောင်းလူကျော်ဆို သိရမှာပေါ့"
"ကျွန်တော်တို့လည်း အခု သူတို့တပ်တွေ အယုဒ္ဓယက ပြန်လာမှ ကြားဖူးတာ။ အလွန် အစွမ်းထက်ပြီး ကြမ်းရမ်းတယ် ဆိုပဲ။ တစ်ပွဲတည်း လူ ၂၀၀၀ ကျော် ၃၀၀၀ သတ်ခဲ့တာတဲ့"
"ဟာ.. မဖြစ်နိုင်တာကွာ။ လူတစ်ယောက်က ပွဲတစ်ပွဲမှာ လွန်ရောကျွံရော သတ်နိုင်လှ လူတစ်ရာပေါ့။ ဟိုဘက်က ပြန်မခုတ်ဘဲ လည်စင်းပေးထားကြရင်တောင် လူတစ်ရာလောက် ခုတ်ပြီးရင် လက်အံသေသွားမှာ။ ယုံနိုင်စရာ မရှိပါဘူး"
"လူတစ်ရာ မပြောနဲ့ တပ်တစ်တပ်ထဲ ပြေးဝင်သွားတာတောင် မျက်စိတစ်မှိတ်အတွင်း အားလုံးကို သတ်ပြီး ပြန်ထွက်လာတယ်လို့ ပြောကြတယ်။ လူတစ်ယောက်တည်းက ပြောတာ မဟုတ်ဘူး။ ယိုးဒယားပြန် ရဲမက်တိုင်းက ပြောနေကြတာ။ သူ ဘေးက ဖြတ်သွားတာနဲ့တင် အဲဒီလူမှာ သူ့လို ရူးရပြီး လိုက်သတ်မိနေတော့တာပဲတဲ့"
"ကဲ.. ကဲ၊ မင့် ယုံတမ်းတွေ တော်တော့။ ငါ စိတ်မဝင်စားဘူး။ ရှမ်းတွေ ဘယ်လောက်ပဲ သတ်သတ် ငါ ဂရုမစိုက်ဘူး။ ဒါပေမယ့် ဗိုလ်မှူးကြီးတွေကလည်း မနိုင်ဘဲ လွှတ်ထားကြတာရယ်၊ ဝန်ကြီးကိုယ်တိုင် ရှိနေတာတောင် သောင်းကျန်းနေတာကိုတော့ စိတ်ပျက်မိတယ်"
"ခုတော့ ဝိုင်းချုပ်ပြီး အကျဉ်းချထားပါတယ်။ အထူးကြပ်မတ်ပြီးလည်း စောင့်နေတယ်။ ဒီကြားက လွတ်ထွက်လာရင်တော့ အားလုံး သေကြဖို့ပါပဲ.. ဟက်ဟက်"
ဗိုလ်က ပြောရင်း ခြောက်ကပ်ကပ် ရယ်လိုက်သည်။ နောက်မှ မြင်းသည်များလည်း စိတ်ပျက်လက်ပျက် လိုက်ရယ်သူရယ်၊ မျက်နှာလွှဲသူလွှဲ ဖြစ်သွားကြ၏ ။ မင်းကျော်ရဲလှကတော့ မကြောက်ပေမင့် ထိုသူတို့၏ စကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်မှာ အမှန်။ မိမိကိုယ်ကို ယုံ၍ မစိုးရိမ်မိသော်လည်း သတိထားရမည်မှာ သေချာနေသည်။
ထိုည စခန်းချကြသောအခါ မြင်းတပ်သား ၂၀ နှင့် ဗိုလ်ကလေးတို့မှာ တစ်ဦးမှ မအိပ်ကြဘဲ တစုတစည်းတည်း ရှိနေကြသည်ကို မြင်၍ မင်းကျော်ရဲလှ မဲ့၏ ။ သူ့ဘာသာ ယာယီတဲငယ်အတွင်း ဝင်အိပ်နေသည်။ သို့သော် အိပ်မပျော်။ ချွတ်ခနဲ အသံကြားသည်နှင့် ဓားကို ဆွဲထုတ်ရန် အသင့်ဖြစ်နေသည်။ ဆံပင်ရှည်နှင့် လူ၏ မျက်လုံးများကို မြင်ယောင်နေပြီး အခဲမကျေ ဖြစ်လာသည်။ သူက လာမသတ်မီ ပြန်သွား၍ သတ်ချင်လှ၏ ။
ဗလမင်းထင်သည် အချုပ်ခန်းအပြင်မှနေ၍ အကျဉ်းသားကို ချော့မော့ ပြောဆိုနေ၏ ။
အတွင်းမှ မည်သည့် စကားပြန်မှ မရ။ မျက်နှာကို ဆံပင်များဖြင့် ဖုံးကွယ်ထားပြီး တစ်ချက်တစ်ချက် ရယ်သံသဲ့သဲ့သာ ထွက်လာသည် ထင်ရ၏ ။
"မင်းရဲ့ သတ္တိနဲ့ စိတ်ဓာတ်ကိုတော့ ချီးကျူးပါတယ်။ အမှန် ပြောရရင် ငါ မင်းလောက် မရဲတာ အမှန်ပဲ။ ဒါပေမယ့် မနေ့ကလို ဟာမျိုးက ရဲတယ် မခေါ်ဘူး။ သတ္တိလည်း မဟုတ်ဘူး။ မိုက်တာသက်သက်ပဲကွ။ အဲဒီလို မလုပ်ဖို့ ငါ မင်းကို တောင်းဆိုပါရစေ"
မျက်နှာ မော့လာပြီး အပြုံးတစ်ခုကို မြင်ရသည်။
"မင်း သူ့ကို သတ်လိုက်ရင် သေဒဏ်ပေးခံရမှာပဲ။ တန်သလား စဉ်းစားကြည့်စမ်း။ သူက ဘာကောင်မှ မဟုတ်ဘူး။ ရိုးရိုး တပ်ပေါင်းဗိုလ်ကလေးပဲ။ မင်းက အလောင်းမင်းတရားရဲ့ လူလေ၊ တစ်ခေတ် တစ်ယောက်လို့ ပြောလို့ရတဲ့ သူရဲကောင်း၊ ဟိုးတုန်းကဆို ငါတို့တောင် မင်းလက်အောက်မှာ မင်းအုပ်ချုပ်မှုကို ခံခဲ့ရတာ မဟုတ်လား။ ဘာမဟုတ်တဲ့ ကောင်အတွက် မင်းကိုယ်မင်း စတေးမလို့လား ဟင် ငစံ"
ရယ်သံတစ်ချက် ထပ်ထွက်လာ၏ ။
"ဘာတွေ သဘောကျနေသလဲကွ ငစံ"
"ဗိုလ်မင်း ပြောလို့ ပြီးပလား"
အကျဉ်းခန်းထဲမှ ကြားရသော ပထမဆုံးစကား။ ဗလမင်းထင်က
"ဗိုလ်မင်းလို့ မရွဲ့ပါနဲ့။ ငလွင်ပဲ ခေါ်ပါ။ ငါ မင်းထက် အသက်ဂုဏ်ဝါ ကြီးနေပေမယ့် တို့က သွေးသောက်တွေပဲကွာ"
"သွေးသောက်တွေက အချင်းချင်း ပြန်ဖမ်းဖို့ ကြိုးစားကြသလား"
သူ့စကားက ဗလမင်းထင် အရှိုက်ကို တည့်တည့် ထိသွားသည်။
"မင်းက ငတွန်နဲ့ ပတ်သက်ပြီး ငါ့ မကျေနပ်ဘဲကိုး။ ဒါကတော့ အရှင်သခင်က ခိုင်းရင် ငါတို့မှာ ငြင်းဆန်ခွင့်မှ မရှိတာပဲ"
"ဒါ့ကြောင့် ခု ခင်ဗျား ဗိုလ်မှူး ဖြစ်လာပြီး ကျုပ်က တပ်မှူးဘဝနဲ့ အကျဉ်းကျနေရတာပေါ့.. ဟုတ်စ"
"ငစံ.. မင်း ငါ့ကို အပြစ်တင်နိုင်တယ်။ ငါ ဗိုလ်တွန်ကိုလည်း မဖမ်းခဲ့ပါဘူး။ ဗိုလ်မှူးဖြစ်လာတာဟာ အရှင်သခင်အကြိုက် လုပ်လို့ လို့ မင်း စွပ်စွဲလိုက စွပ်စွဲနိုင်ပါရဲ့။ ဒါပေမယ့် မင်းသိထားဖို့က ငါလည်း မင်းတရားကြီးရဲ့ သွေးသောက် လက်ရွေးစင် မြင်းရည်တက်တစ်ဦးပဲကွ။ ငါ့အရှင် ငါ့ထီးနန်း ငါ့မြေကို ငါ့အသက်နဲ့လဲပြီး ကာကွယ်မယ့်သူမျိုးပဲ"
"မှန်ပါတယ်။ ခင်ဗျား မှန်ပါတယ်။ ပြီးတော့ ကျုပ်မှားတာတွေလည်း ကျုပ် သိပါတယ်။ ကျုပ်စိတ်ကို ကျုပ်မနိုင်တာက အဓိက အပြစ်ပါ။ ခင်ဗျားကို တစ်ခုတော့ ပြောမယ်"
"ပြောပါ.. ပြောပါ"
"ခင်ဗျားဟာ ကျုပ် စသိကတည်းက သူရဲဘော ကြောင်တတ်တယ်။ မှတ်မိလား၊ လက်ျာပျံချီနောက်လိုက်ကြတုန်းက ခင်ဗျား မထွက်ရဲလို့ ကျုပ်က ခင်ဗျားကို ကျော်ပြီး ထွက်လိုက်ရတာလေ"
"မှတ်မိပါတယ်၊ အေးလေ.. ငါ သတ္တိနည်းခဲ့တာပေါ့"
"အဲဒီအကြောင်းကြောင့် ခင်ဗျားက ကျုပ်အောက် ကျန်ခဲ့တာ။ ခင်ဗျားသာ သတ္တိကောင်းရင် ကျုပ် ခင်ဗျားလက်အောက်မှာ အမြဲနေရမယ်။ သဘောပေါက်လား"
"အင်းးးးးး"
ဗလမင်းထင်က သံရှည်ကြီး ဆွဲ၍ အင်းလိုက်သည်။ အတိတ်ကိုလည်း ပြန်လည်သုံးသပ်နေဟန် ရှိ၏ ။
"မကြာခဏလည်း ခင်ဗျား သွေးကြောင်ကြောင်သွားတတ်တယ်။ အဓိက က ကြောက်စိတ်ပဲ။ မနေ့ကအထိ ကျုပ်လိုကောင်ကိုတောင် ခင်ဗျား ကြောက်လိုက်သေးတယ်"
"ဟဟ.. မဟုတ်ပါဘူးကွာ။ မင်းက.. ဘယ်လိုပြောရမလဲ.."
"စိတ်မမှန်လို့ လို့ ပြောမယ်မဟုတ်လား။ ကျုပ် စိတ်မှန်တာ မမှန်တာကို မကြည့်နဲ့။ ခင်ဗျား ကြောက်သင့်လား မကြောက်သင့်လားပဲ တွေး။ ကျုပ်က ရူးနေရင်တောင် ခင်ဗျားတို့ ဗိုလ်မင်းတွေကို ပြန်ခုတ်သွားမယ် ထင်လား"
"အဲ.."
ဗလမင်းထင် တွေဝေသွား၏ ။ သည်လိုတော့လည်း သူက အရူးနဲ့ မတူဘဲ ဟု ထင်မိသည်။ သူပြောသည်လည်း မှန်နေသည်။ သူသည် ထိုကဲ့သို့ လုပ်မည်ဟုတော့ မည်သူမျှ မထင်ကြချေ။
"ကျုပ် ပြောချင်တာက ခင်ဗျား မကြောက်ဖို့ပါ။ သေမှာတောင် မကြောက်တဲ့သူက ဘာမဟုတ်တာလေးတွေကို ဘာလို့ လန့်လန့်နေသေးလဲ။ မဟုတ်ဘူးလား။ ခင်ဗျားသာ သူရဲဘောမကြောင်၊ သွေးမလန့်တတ်ရင် ရာဇဝင်မှာ ခင်ဗျားအမည်လည်း ထင်ရှားလာမှာပဲ"
ထိုစကားသည် သူ့ကို ပြောင်းလဲပေးလိုက်မည်ဟု ဗလမင်းထင် မထင်ခဲ့ပေ။ အကျဉ်းခန်းထဲမှလူက သူ့အား ပြန်၍ တရားချလိုက်သည်ဟုသာ တွေးရင်း ပြုံးမိသည်။ သို့သော် ထိုနောက်ပိုင်းတွင် ယင်းစကားများကို မကြာခဏ ကြားယောင်နေ၏ ။ သူ့ကို မလို၍ ပြောခြင်းမျိုးမဟုတ်၊ မိမိကိုယ်ထက်ပင် အခြားသူအား အောင်မြင်ထင်ရှားစေလိုသည့် သဘောပါလားဟု ဆင်ခြင်မိလာသည့်အပြင် သူ၏ အပြစ်ကိုလည်း မြင်လာ၏ ။ နောက်တွန့်ခဲ့မိသည်တို့ကို ရှက်လာခဲ့သည်။ သွေးကြောင်ခဲ့မိသည့် အဖြစ်တို့ကို မည်သူမှ မသိဟု ထင်ခဲ့ငြား ယခုအခါ သတိထားမိသူ ရှိနေပါလားဟု အလွန် ရှက်နိုးနေရလေပြီ။
လက်ျာဘီလူးက မသောင်းကျန်းတော့ပါဟု ဆိုသော်လည်း ၃ ရက်မြောက်နေ့မှ အနှောင်အဖွဲ့က လွှတ်လေသည်။ သို့သော် သန်မြန်သူ လက်ရွေးစင်လူကောင်းများဖြင့် အနီးကပ် စောင့်ကြပ်နေစေ၏ ။ သူ့အား ရူးသွပ်နေသည်ဟု ဆိုကြသော်လည်း နံနက်တိုင်း ရွတ်လေ့ရှိသည့် ပဋ္ဌာန်း ဒေသနာတော်ကြီးကိုမူ ပျက်ကွက်ခြင်း မရှိ၊ ညစဉ်လည်း တီးတိုးမရွတ်ဘဲ အိပ်သွားလေ့ မရှိသဖြင့် မည်သို့ ယူဆရမည်မသိ ဖြစ်နေရသည်။ ဝန်ကြီးကတော့ စိတ်ကို မထိန်းချုပ်နိုင်သေးတာပါ ဟုသာ မှတ်ချက်ပြုလေသည်။
မင်းကျော်ရဲလှတို့မှာ နှစ်စခန်း ကျော်သည်အထိ အနှောင့်အယှက် မတွေ့ရသဖြင့် ၃ ရက်မြောက် နံနက်တွင် ဗိုလ်ငယ်နှင့် မြင်း ၂၀ တို့ ပြန်သွားကြလေသည်။ လက်ျာဘီလူး၏ သတင်းများကိုလည်း သိသင့်သလောက် သိခဲ့ကြ၏ ။ သို့သော် စိုးရိမ်ပူပန်ခြင်း မဖြစ်မိ။ နေပြည်တော် ရတနာပူရ ပြန်အဝင်တွင် လာကြိုကြသည့် မင်းကြီးများအနက် မင်းရဲစည်သူအား ထိုအကြောင်း ပြန်ပြောမိစဉ် မင်းရဲစည်သူနှင့် အတူပါလာသည့် သူရိယ ဒေဝ ဟူသော ဗိုလ်မင်းက အနောက်မှ မြင်းနှင့် တက်လာပြီး
"ရောင်းရင်း ခုပြောနေတာ ဘယ်သူလဲ၊ ရောင်းရင်းကို သတ်မယ် ဆိုတဲ့ အရူးက"
"လက်ျာဘီလူး လို့ ပြောတယ်"
"ဟုတ်လား၊ သူ ရူးနေသတဲ့လား။ ဘာလို့ ရူးတာတဲ့လဲ"
"မိန်းမတစ်ယောက်ကြောင့်လို့ ပြောတာပဲ။ မိန်းကလေးက အယုဒ္ဓယမှာ ကျသွားတော့ သွေးပျက်ပြီး လူတွေ လျှောက်သတ်၊ မြို့ကြီးကိုပါ ဖျက်ပစ်ခဲ့တာ တဲ့"
"ကြားရတဲ့ သတင်းတွေက တယ်ဆိုးပါလားဗျာ"
"သွေးသောက် သူ့ကို သိလို့လား"
"သူက ကျွန်တော့် တပ်မှူးပဲ"
"ဟာ.. ဟုတ်လား"
သူရိယ ဒေဝမှာ လက်ရုံစွမ်း အလွန်ကောင်းသည်ဟု ကျော်ကြားသည့် ဗိုလ်တစ်ဦး ဖြစ်သည်။ သူပင် လက်ျာဘီလူး၏ တပ်သား ဖြစ်ခဲ့ဖူးသည် ဆိုပါက..
"အဲသည် တပ်မှူးကရော သွေးသောက်လို စွမ်းလား"
"ကျွန်တော်နဲ့တော့ မတူဘူး။ ကျွန်တော်က သူ့ကို ဘယ်နေရာမှ မမီနိုင်ပါဘူး"
ယခုမှ သူ စတင် ထိတ်လန့်လာတော့သည်။
"ခင်ဗျာ့ တပ်မှူးက ကျုပ်ကို ရန်သူကြီးလို ငြိုးနေတာဗျ။ အတင်းကို သတ်ချင်နေပုံ ရတယ်"
"ဟုတ်လား.. ဒါဆိုရင်တော့.. အင်း"
သူရိယဒေဝသည် စကားကို မဆက်သေးဘဲ မင်းကြီး မင်းရဲစည်သူကို တစ်ချက်ကြည့်၏ ။ ပြီးမှ
"သူ့ကို ဘာသွားပြောလို့လဲတော့ ကျွန်တော် မသိဘူးနော်၊ သူ သည်းမခံနိုင်တာ ဖြစ်မယ်။ ရောင်းရင်းကို သူက သတ်ချင်တယ် ဆိုတာ အတော်ဆိုးသွားပြီ။ သူ ပြန်လာရင် ရအောင် သတ်မှာပဲ။ သူ့ကို ကျွန်တော် အသိဆုံး။ ရောင်းရင်း ရှောင်နေတာ ကောင်းပါလိမ့်မယ်"
"ကျုပ်က ရှောင်ရမယ်၊ ဟုတ်လား။ သူသတ်ချင်တိုင်း သတ်လို့ ရမတဲ့လား။ ကျုပ်လည်း သူရဲကောင်းပဲ.. ကျုပ်ကို နိုင်အောင် သတ်နိုင်မတဲ့လား"
သူရိယဒေဝ ပြုံးသည်။
"ရောင်းရင်းက ဘာမှ မသိသေးဘဲကိုး။ သူက လက်ရုံးအားကိုး မဟုတ်ဘူး။ ခေါင်းသိပ်ကောင်းတယ်။ သူ တကယ် သတ်ချင်ရင် ဘယ်သူ့ကိုမဆို အလွယ်လေးပဲ။ ငယ်ငယ်လေးကတည်းက ဘယ်လိုမှ သတ်မရပါဘူး ဆိုတဲ့ ဝိဇ္ဇာကြီးကို ရအောင်သတ်လာလို့ အလောင်းမင်းကြီးကိုယ်တိုင် သွားရှာ ခေါ်လာရတဲ့သူ။ နောက်ပြီးတော့လည်း.."
မင်းရဲစည်သူဘက် ကြည့်ပြန်၍..
"အားနာပါတယ်။ သူ့ကို ထိရင် ကျွန်တော်တို့ ငြိမ်နေမှာ မဟုတ်ဘူး။ သူ့ဘာသာ အရှေ့ဝင်းမှူးကြီးပဲ ဖြစ်ဖြစ်၊ စစ်ဘုရင် ဗိုလ်ချုပ်ကြီးပဲ ဖြစ်ခဲ့ ဖြစ်ခဲ့၊ ကျွန်တော်တို့ အမြင်မှာတော့ သူက ကျွန်တော်တို့ရဲ့ ထာဝရ တပ်မှူးလေးပါ။ သူ တစ်ခုခုဖြစ်ရင် ကျွန်တော်မဟုတ်တောင် ငကံတို့၊ တိုက်မောင်းတို့၊ အရေးလွန်တို့ လူစုက ခံမှာမဟုတ်ဘူး။ သူ့လူတွေက ရဲမက်တင် မဟုတ်ဘူး၊ သူရောက်ရာ နေရာအနှံ့အပြားမှာ ရှိတယ်ဗျ"
"သွေးသောက်က ကျုပ်ကို ခြိမ်းခြောက်နေတာလား"
မင်းရဲစည်သူ ဝင်၍
"သူပြောနေတာ အရှေ့ဝင်းတော်မှူး မင်းထင်နော်ရထာ ဖြစ်လိမ့်မယ်။ ကိုယ်လည်း သူ့ကိုသိတယ် မောင်။ ကိုယ်တို့ လေးစားခဲ့ရတဲ့သူကပဲ။ မင်းခေါင်နော်ရထာနဲ့မှ ရဲဖက်တွေ။ သူတို့ ကြမ်းရင် မည်သူမှ မခံနိုင်ပေဘူး။ ဒါပေမယ့် မင်းခေါင်နော်ရထာက အရမ်းမဲ့ လုပ်တတ်တယ်။ သူက အကွက်ကျကျ သေချာစီစဉ်ပြီး လုပ်တတ်သလို ဖြစ်သလိုလုပ်တဲ့ နေရာမှာလည်း ပြိုင်ဘက်ကင်းပဲ။ အလောင်းမင်းကြီးလူဆိုတာ ဗိုလ်တွန်ကို ပြောတာ မဟုတ်ဘူး၊ သူ့ကို ပြောတာပဲ လို့ ကိုယ်တို့ ကြားဖူးတယ်"
"ဒါဆိုရင်တော့ ပြဿနာပဲ။ သူနဲ့မှ အချင်းများလာခဲ့တယ်။ ပြောစမ်းပါဦး၊ သူက ပြောသလို တကယ်လုပ်သလား"
"ဒါတော့ သေချာတယ်၊ တစ်ခွန်းပြောပြီးရင် မပြင်ဘူး"
"ကျုပ်ကို မခြောက်ပါနဲ့ဗျာ။ ဘယ်လိုလုပ်သင့်သလဲ။ ပြန်တောင်းပန်ရင် ကျေအေးတတ်သလားဗျ သူက"
"အရင်ကတော့ ရန်သူတောင် လက်နက်ချရင် မသတ်ရဘူး။ ခုတော့ ရူးနေတယ်ဆို မပြောတတ်ဘူး"
"ဒုက္ခပဲ၊ အယုဒ္ဓယမှာ သူ့နားကပ်သူ အကုန်ခုတ်တာ မြန်မာချင်းပါ မချန်ဘူးတဲ့။ ဗိုလ်လေးတစ်ဦး နောက်က ချည်းကပ်သွားတာကို လှည့်မကြည့်ဘဲ ခုတ်ချလိုက်သတဲ့"
"အဲဒါဆိုရင်တော့.. မောင်၊ ငသူရိန်ဒေဝ ပြောသလို ရှောင်နေတာ အကောင်းဆုံးပဲ။ တောင်းပန်လို့ ရတာ နောက်၊ အသက်က အရင်ထွက်သွားရင် ဘာမှလုပ်မရဘူး"
"ဘဝရှင်ကို လျှောက်တင်ပြီး အရေးယူရင်ရောဗျာ"
မင်းရဲစည်သူက အဘယ့်ကြောင့် လက်ျာဘီလူး ဤမျှ အငြိုးထားရသည်ကို မေး၍ မင်းကျော်ရဲလှ ပြောပြရသည်။ သူ့စကားကို နားထောင်ပြီးလျင်
"မင်း မိုက်တာပေါ့ကွ။ ငါတို့သခင် အဲဒီအကြောင်း သိရင် ခမည်းတော် အလောင်းမင်းတရားကြီးတုန်းကလို ရာဇဝင်ရေး ခက်ချိမ့်မည် ဆိုပြီး ရယ်မော ခွင့်လွှတ်မယ်ထင်လား။ မင်းကို အရင်ဆုံး ကွပ်မှာ၊ ရန်သူကို လက်နက်ချ တောင်းပန်ဖို့ ပြောတာနဲ့တင် မင်းအသက်မကြွင်းဘူး။ သူ့သဘောတော်ကို အားလုံးသိပြီးတဲ့အတိုင်းပဲ၊ အလွန်စိတ်ထက်တာကလား။ ဘာလို့ ရှေ့တန်းစစ်မျက်နှာမှာ အဲဒီလို ဝန်လေးလှတဲ့ စကား ပြောမိရတာလဲ"
"ကျုပ် မသိတော့ဘူးဗျာ၊ ဘာရယ်မဟုတ် ကောင်းစေချင်လို့ ပြောမိတာပဲ။ ခုတော့ အသက်အန္တရာယ်ပါ ရှိနေပြီတဲ့လားဗျ"
"ကျွန်တော်ပြောသလို ရှောင်သွားလိုက်တာ အကောင်းဆုံးပါ ရောင်းရင်း။ သူ ရူးနေရင်တောင် ရောင်းရင်း သူ့ကို နိုင်ဖို့ မမြင်ပါဘူး။ ရောင်းရင်းက ဦးအောင် လုပ်ကြံနိုင်ရင်လည်း ကျွန်တော်တို့လို သစ္စာရှိ တပ်သားတွေ လိုက်လာမှာပဲ။ သူ့အတွက် အသက်စွန့်ဝံ့သူတွေထဲမှာ မိန်းမသူတွေတောင် ရှိနေတာ။ သူ့တပ်သားတွေကလည်း ငရဲအထိ လိုက်မယ့်သူချည်း။ ဒါ့ကြောင့် ဘာမှ မဖြစ်ခင် သူ မလိုက်နိုင်တဲ့ နေရာကိုသာ ရှောင်တိမ်းသွားလိုက်ပါ"
"ဘီလူးတပ်သား ဆိုတာလား။ မောင်တို့အကြောင်းလည်း ကြားပါရဲ့၊ သူတို့ အရှင်ကလွဲရင် ဘုရင်တောင် ကြောက်ကြတာ မဟုတ်ဘူးတဲ့။ တကယ့်မိုက်ရူးရဲချည်း ဆိုကိုး။ မင်းကျော်ရဲလှတော့ စကားတစ်ခွန်းကြောင့် သူရူးတစ်ယောက်နဲ့ ဘီလူးတပ်ကို ရင်ဆိုင်ရမယ့် ကိန်း ဆိုက်နေပြီ"
မင်းကျော်ရဲလှ မချိတင်ကဲ ဆိုသည်။
"တောက်.. စကားလေးတစ်ခွန်း အတွက်နဲ့များကွာ"
တာဝန်များ ပြီး၍ တစ်ပတ်ခန့် ကြာသောအခါ မင်းကျော်ရဲလှသည် အဆုတ်နာရောဂါ စွဲကပ်ပါသည်ဟု မင်းတရားကြီးထံ သံတော်ဦးတင်၍ အဆောင်အယောင် ဘွဲ့ရာထူးများကို အပ်ကာ နေပြည်တော်မှ ထွက်ခွာသွားလေတော့သည်။
*ပြီးပါပြီ*