ဗိုလ်နက်ကျော်တို့ စခန်းမှ ထွက်လာတော့ နေဝင်လုလု ရှိပြီ။ နောက်လိုက်နောက်ပါ ၁၅ ယောက်ခန့်ကလည်း မြင်းကိုယ်စီနှင့်တစ်မျိုး၊ ခြေလျင်တစ်သွယ် ထပ်ချပ်ပါလာကြ၏ ။ အချို့က မီးပေါက်သေနတ်များ လွယ်၍၊ အချို့က ဓား လှံ လေး မြား ဒူးလေး ပုဆိန် ကျိုင်း စသည့် ရရာတို့ကို ကိုင်စွဲလျက်။
ယခုတစ်ကြိမ်တွင် ယခင်နှင့် မတူတော့တာ တွေ့ရသည်။ မရောက်ဖြစ်ခဲ့သည့် တစ်လတာ ကာလအတွင်း ထိုအရပ်မှာ လုံးဝ ပြောင်းလဲနေသည်။ ယခင်က တဲအိမ် ကျိုးတိုးကျဲတဲ၊ အိမ်ခြေ လေးငါးခြောက်ဆယ် ခန့်သာ ရှိ၍ သူကြီးပင် မရှိသော ထိုရွာလေးသည် ယခုအခါ အကာအရံနှင့်၊ တပ်နှင့် ဖြစ်နေသည်။
သစ်ပင်ကြီးများကို ခုတ်ခြမ်းကာ တပ်အခိုင်အလုံ တည်ထားပုံမှာ လောလောလတ်လတ် ဖြစ်၏ ။ ခါးလယ်ခန့်တွင် ဆူးချွန်များ စောင်း၍ ထောင်ထားလိုက်သေးသည်။ သည်အရပ်၌ သည်လို တပ်တည်ပုံမျိုး တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသဖြင့် ဗိုလ်နက်ကျော်တို့ အံ့သြနေကြသည်။ နောက်မှ ဒေါသ ထွက်လာကြကာ တပ်ဆီ အပြေး ချည်းကပ်သွားကြသည်။
မြင်းခွာသံ တဖြောင်းဖြောင်း ကြားမှ တပ်ပေါ်ရှိ အစောင့် ထကြည့်ပြီး ဗိုလ်နက်ကျော်တို့ကို မြင်သည်နှင့် ချက်ချင်း ပျောက်ကွယ်သွားသည်။ "လာပြီဟေ့" "လာကြပြီဟေ့" "လာကြပြီတဲ့ဟေ့" ဟူသော အော်သံများ ဆင့်ကဲ ထွက်ပေါ်လာပြီး သံချောင်းခေါက်သံများပါ ဟိုမှ သည်မှ အနှံ့အပြား ကြားလာရသည်။ ထိုအသံတွေ ကြားလေ ဗိုလ်နက်ကျော်နှင့်အဖွဲ့ ဒေါသထွက်လေ ဖြစ်သည်။
သစ်လုံးတပ်ကို ပစ်ခတ် ဆဲရေးကြရင်း ပိတ်ထားသော တံခါးကို အတင်းဖွင့်ခိုင်းသည်။ အထဲက ဝရုန်းသုန်းကား အသံများသာ ကြားရပြီး တံခါးက မပွင့်။ "ဟေ့ ဗိုလ်နက်ကျော်တဲ့ကွ" ဟူသော သူ့အသံနက်ကြီးကို ကြားလိုက်ကြရသည့် အခိုက်အတန့်တွင်မူ ရုတ်တရက် အတွင်းမှ ဆူညံသံများ ငြိမ်ကျသွားသည်။ နောက်မှ ခပ်အုပ်အုပ် အသံများ ကြားရပြန်သည်။
"ငါ့ကို အာခံရင် ဘာဖြစ်သွားလဲ မေ့နေပြီလားဟေ့"
တပ်ပေါ်မှာ လူတချို့၏ ကိုယ်တစ်ပိုင်း ပေါ်လာသည်။ ဗိုလ်နက်ကျော်တို့က သေနတ် လေးမြားတို့ဖြင့် ပစ်သဖြင့် မိန်းမတစ်ယောက်ကို သေနတ်မှန်သွားမှ အနည်းငယ် ရှဲသွားသည်။ ရွာသား ဟုတ်ပုံမရသော လူရွယ်တစ်ယောက်ပုံစံ ပေါ်လာပြန်သည်။ ထိုသူက ဆံပင်ဖားလျားနှင့် ကျစ်လျစ်သွယ်လျသော ကိုယ်ဟန် ရှိ၏ ။
သူ့အနားမှ ရွာသားတစ်ယောက်က သူ့အား တစ်စုံတစ်ခု ကပ်ပြောသည်ကို တွေ့ရသည်။ ထိုသူက ခေါင်းညိတ်ပြီး နောက်ပြန်လှည့်သွားသောကြောင့် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ တပ်ထိပ်မှ ဆင်းသွားပုံ ရ၏ ။ ဗိုလ်နက်ကျော်က လူစိမ်းအားကိုးဖြင့် အာခံရန် ကြိုးစားနေသော ရွာသားများကို အော်ဟစ်ဆဲရေးရန် အားယူလိုက်သည်။
ရုတ်တရက် တပ်ရိုးပေါ်မှာ ထိုသူ ရိပ်ခနဲ ပြန်ပေါ်လာပြီး လက်ထဲမှ လှံရှည်ကြီး တစ်စင်းကို ပစ်လွှတ်လိုက်တာ တွေ့ရသဖြင့် ဗိုလ်နက်ကျော် မြင်း ဇက်ကြိုးကို ဆောင့်ဆွဲပြီး ဓားရိုးပေါ် လက်ရောက်သွားသည်။ သို့သော် လှံရှည်က သူ့ညာဘက် အပေါ်မှ ကျော်သွားပြီး အနောက်က တစ်စုံတစ်ယောက်ကို သွားမှန်သည်။ လှည့်ကြည့်လိုက်တော့ ဗိုလ်နက်ကျော်၏ ညာလက်ရုံးအဖြစ် အားထားရသော ဗိုလ်စက္ကမှာ မရှောင်နိုင် မကာလိုက်နိုင်ခင် မြင်းပေါ်မှ လွင့်စင်ကျသွားသည်ကို တွေ့ရလေသည်။
"ဟာ စက္ကကို ထိသွားပြီ"
"ဗိုလ်စက္က ကျသွားပြီဟ"
"သမိန်စက္ကဝတ်ကို ထိသွားပြီဟေ့"
မြင်းတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏ ။ တပ်ထိပ်မှ လူအချို့ လေးမြားပြင်လျက် ပေါ်လာကြသောကြောင့် အခြေအနေကို ထိန်း၍ ဗိုလ်နက်ကျော် အပြင်းဆုတ်ခွာခဲ့ရသည်။ သူတို့အား မျှော်ကြည့်နေသော ထိုလူရွယ်ကိုတော့ စိတ်ထဲမှပင် ကြိမ်းဝါးပစ်လိုက်သည်။
.................................................
သူ ဒီရွာကို ရောက်တော့ နေစွယ်ကျိုးချိန် ဖြစ်သည်။ လုပ်ငန်းခွင် သိမ်း၍ ယာထဲမှ ပြန်လာကြသူများ၊ တောဝင်သူများ၊ ရွာရိုးတစ်နံတစ်စပ်မှာ ဟင်းရွက်ခူးသူများက အထူးအဆန်းဖြစ်ကာ ဝိုင်းကြည့်နေကြသည်။ မြင်းနီကြီးနှင့် အထုပ်တစ်ထုပ် လွယ်ထားသော လူရွယ်တစ်ယောက်၊ မြန်မာဘက်ခြမ်းက လာသည်လည်း မဟုတ်၊ အရှေ့ ယိုးဒယားဘက်မှ တက်လာခြင်း ဖြစ်သည်။
မီးသွေးဖုတ်သည့် လှည်းများနှင့် အတူ ပါလာခြင်းလည်း ဖြစ်သဖြင့် မီးသွေးဖုတ်သမားများကို မေးငေါ့ကာ လှမ်းမေးကြသည်။
"မသိဘူးကွ၊ မြောက်ပိုင်းကို သွားမလို့ ပြောတာပဲ၊ ရှမ်းပြည်က လာသတဲ့။ တစ်ညဉ့်တလေ တည်းရအောင် ခေါ်လာတာပ"
တစ်ညဉ့်တလေ ဆိုသော်လည်း မြင်းပန်းလှသဖြင့် နှစ်ရက် သုံးရက် နားဦးမည်ဖြစ်ကြောင်း တည်းခိုအိမ် ရောက်သောအခါ လူရွယ်က ခွင့်ပန်လာသည်။ မီးသွေးဖုတ်သည့် ဖထီးက ပျော်သလောက်သာနေ ဟု ဆို၏ ။ ညရောက်သော် ဧည့်သည်ရှိရာသို့ တစ်ရွာလုံးမှ ယောက်ျားမိန်းမ ပျိုပျိုအိုအိုများ စုရုံးရောက်ရှိလာကြကာ မေးမြန်းစုံစမ်းကြလေသည်။
"ငါ့သား ဘယ်က လာသလဲဝေ့"
ဖော်ရွေသော အဖွားအိုတစ်ဦးက စမေးသည်။
လူရွယ်က
"အယုဒ္ဓယ က လာပါတယ် အဖွား"
"အလို.. ခရီး မနီးပါလား၊ ဘယ်နှရက်လောက် လာခဲ့ရသလဲ"
လူကြီးတစ်ယောက်က ဝင်မေးပြန်သည်။
"ဆယ်ရက်တော့ ကျော်ပြီ ဦးရီး၊ ရက် ၂၀ လောက်များ ရှိမလားပဲ။ ဟိုဘက်မှာ ရွှံ့ညွန်တောတွေက ပေါလေတော့ လမ်းပျောက်နေတာနဲ့ အတော်ကြာသွားပါတယ်"
"ဟေ... အင်း.. အင်း... အေး၊ ငါတို့ ဆီမှာတော့
နေချင်သလောက် နေလို့ ရပါတယ်။ လူလေးကို မြင်တာနဲ့ လူကောင်းမှန်း သိလို့ တို့က လက်ခံတာ နှော"
"ဟုတ်ကဲ့.. ကျွန်တော်လည်း တိမ်ပျံကို သနားတာနဲ့"
လူရွယ်က မြင်းဇောင်းသို့ လှမ်းကြည့်ရင်း ပြောသည်။
ယောက်ျားပျို တစ်ယောက်က ကြားဖြတ်ပြီး
"အမလေး ဟကောင်ရာ၊ တို့ဆီမှာ စိတ်ကြိုက်နေစမ်း။
ဒီမှာ အားနာလာရင် ဘုန်းကြီးကျောင်းလည်း ရှိတာပဲ။ တစ်အိမ်တစ်ခွက် ပို့တဲ့ဟင်းကို တစ်သက်လုံး စားလို့ ရတယ်"
ဟာ အားပါးတရ ဝင်ပြောရာ ကျန်သူများက
"ဟဲ့ ဧည့်သည်ကို ဘယ်လို ပြောလိုက်တာလဲ။ မောင်ရေ.. တို့ရွာသားတွေကတော့ ဒီလိုပဲ ဘွင်းဘွင်းပြောတတ်တယ်။ မောင်ရင့် ဟန်ပန်မူယာ သိမ်မွေ့ပုံကိုလည်း သဘောကျနေကြသကွ။ မြင်းနီကြီးကလည်း ချောလိုက်တာ လွန်ပါရော။ လည်ဆံဖြူကြီးတွေနဲ့"
လူရွယ်က ပြုံးနေသည်။ မကြာမီ ရင်းနှီးသွားကြရာမှ ထိုရွာ၏ အခက်အခဲများကို တစ်စတစ်စ သိလာရ၏ ။ အဓိက ပြဿနာမှာ ဗိုလ်နက်ကျော်၏ ရန် ဖြစ်သည်။
အထက်အရပ်မှ ပြေးလာသော ဗိုလ်နက်ကျော် ဆိုသူသည် နောက်ပါ ၂၀ ခန့်နှင့် မင်းမူလျက် အနီးအပါးရှိ ရွာများကို ဆက်ကြေးတောင်း ဓားပြတိုက်နေသည် ဆို၏ ။ မီးပေါက်သေနတ်များ ပါသည့်အပြင် တိုက်ရည်ခိုက်ရည်လည်း ကောင်းသောကြောင့် မည်သူမှ မခုခံဝံ့။ ရွာကို စည်းရိုးကာရန် ပြင်သော ယခင်သူကြီးအား စည်းရိုးနှင့်အတူ မီးရှို့လိုက်သဖြင့် ယခုလက်ရှိ သူကြီးပင် မရှိ၊ မည်သူမျှလည်း မလုပ်ဝံ့ ဟု သိရသည်။
လူရွယ်က သူ ကြည့်စီစဉ်ပေးပါမည် ဟု ဆိုသောအခါ ရွာက စိုးရိမ်တုန်လှုပ်နေကြသည်။ 'မလုပ်ပါနဲ့ အေးအေးပဲ နေပါ' ဟု ဆိုသူ ဆို၏ ။ လူငယ် အချို့ကမူ စိတ်ဝင်တစား ရှိကြသည်။ သူက ၂ ရက်ခန့် ရွာကို ပတ်ကြည့် စကားပြောဆိုပြီးသည့်နောက် ရွာသား ၅ ဦးနှင့် အဖွဲ့လေးတစ်ဖွဲ့ စဖွဲ့သည်။ ဘာအစီအစဉ်တွေ လုပ်နေကြသည်ကိုမူ မည်သူမှ မသိရ။ အဖွဲ့ထဲ အခြားသူများ ဝင်ချင်ကြသော်လည်း 'နောက်မှ ဝင်ပါ၊ ဝင်ရမှာပါ စိတ်ချ' ဟုသာ ဆိုကြသည်။
သူရောက်ပြီး ၅ ရက်မြောက် ညတွင် အနောက်ပိုင်း အိမ်တစ်အိမ်မှ မိန်းမတစ်ဦး ညဘက် ရွာပြင်ထွက်သည်ကို အစောင့်ချထားသော ၅ ယောက်အဖွဲ့မှ လူငယ်တစ်ဦးက ဖမ်းမိလာသည်။ အမျိုးမျိုး လှည့်ပတ် စစ်မေးကြရာ ဗိုလ်နက်ကျော်ထံ သွားရောက် သတင်းပို့မည်မှန်း သိကြရသည်။ အခြားသူ အဆက်အသွယ် ရှိ မရှိ သေချာစွာ စစ်မေးရာ မရှိကြောင်း၊ သူတစ်ဦးတည်းသာ ရှိကြောင်း၊ နက်ကျော်အဖွဲ့မှ ဓားပြတစ်ဦးနှင့် ရည်ငံနေကြကြောင်းများ သိလာရသည်။
အတွင်းလူကို ဖမ်းပြီးမှ သူတို့ ၅ ယောက် လုပ်ငန်းစကြသည်။ မီးသွေးဖုတ်သမားများနှင့် လိုက်၍ အနေတော် သစ်လုံး ဖြောင့်ဖြောင့်များ ခုတ်ယူကြပြီး ရွာကို တပ်တည်ရန် ကြိုးစားရာ အစပိုင်း၌ ရပ်ရွာက မကူညီချင်လှသော်လည်း ရွာဦးကျောင်းဆရာတော်၏ တိုက်တွန်းမှုအပြင် ကိုရင်ကြီး ရှင်ပဏ္ဍိတနှင့် ဘုန်းကြီးကျောင်းသားများကလည်း တစ်တပ်တစ်အား ဆော်အောပါဝင်လာမှုကြောင့် ရွာသူရွာသား ထက်ဝက်ခန့် ပါဝင်လာကြသည်။
လူရွယ်သည် ရွာကို ပတ်၍ တပ်တည်သည်။ တပ်တည်လုပ်မရသည့် နေရာများကို ဆူးချုံ အထပ်ထပ် ကာရံသည်။ ချောင်းမှ တက်သည့် မြောက်ဘက်လမ်းကိုမူ ဖွင့်ထားပြီး တောင်အရပ်ကို ပိုမို မြင့်မားစွာ ကာရံထား၏ ။ ဗိုလ်နက်ကျော်တို့က အနောက်အရပ်မှ လာလေ့ရှိကြသည် ဆိုရာ အနောက်ဘက် တပ်ရိုး၌ လူမပြတ် ထားလေသည်။
.................................................
ဗိုက်နက်ကျော် အလွန်ခံပြင်းနေရသည်။ သူ့ကို မထိသော်လည်း အားထားရသော ညာလက်ရုံးကို ဆုံးရှုံးခဲ့ရသဖြင့် အလွန်ဒေါသ ထွက်နေသည်။ သမိန်စက္ကဝတ်မှာ သူ ကွေ့မင်းဂုဏ္ဏအိမ်ထံ အမှုထမ်းစဉ်ကပင် သူ့လက်အောက်ငယ်သား ဗိုလ်ကလေး ဖြစ်သည်။ ကြံရည်ဖန်ရည်ကောင်း၍ ဥာဏ်နီဥာဏ်နက် ထွက်သည့်နေရာ၌ ပြိုင်ဘက်မရှိ။ သူ့ဘယ်လက်ရုံးကြီး ထွန်းပေါ် လောက် အားအင် မကြီးမားပေတည့် ပုဆိန်ကိုင် တိုက်ခိုက်နိုင်သော ခွန်အားဗလ ရှိသူလည်း ဖြစ်ရာ သူ့အတွက်မူ တန်ဖိုးကြီးလှသည်။
ယခု သမိန်စက္ကဝတ်မှာ ဘာမဟုတ်သော ခပ်ညှက်ညှက် လူရွယ်လေး တစ်ယောက်၏ လက်ချက်ဖြင့် မထင်မှတ်ဖွယ်ရာ ကျဆုံးသွားခဲ့ရလေပြီ။ သူသည် ညတွင်းချင်း အစီအစဉ် ဆွဲသည်။ နောက်တစ်နေ့ည သန်းခေါင်ချိန် ရွာကို ကပ်၍ တပ်ကို မီးတိုက်ကာ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီး အပြစ်ပေးရမည်။ အခြားရွာများအတွက်လည်း သင်ခန်းစာ ဖြစ်ရပေမည်။ နက်ကျော်ကို လွန်ဆန်လျင် မည်သူမျှ ဇာတ်သိမ်းလှမည် မဟုတ်။
နောက်တစ်နေ့ညတွင် မြင်းမပါဘဲ သူတို့ ခြေလျင်ထွက်၍ ရွာကို ချည်းကပ်ကြသည်။ တပ်ကို တိတ်တဆိတ် မီးတိုက်ပြီးမှ ဝင်ရောက်စီးနင်းကြရန် ဖြစ်၏ ။ သို့သော် ယမန်နေ့က သူတို့ မြင်းများ လှည့်ပတ်ခဲ့ရာ ကွင်းသည် တစ်ရက်တည်းနှင့် ကျင်းများ ဖြစ်နေသည်ကို အံ့သြဖွယ် ကြုံကြရတော့သည်။ အချို့ကျင်းများမှာ ဝါးချွန်များ၊ အချို့ကျင်းထဲမှာ မြွေဟောက်များ ရှိနေသည်။ သူ့လူ ၃ ယောက်ခန့် ကျင်းထဲ ကျကာ အသက်ဆုံးရှုံးသွားသဖြင့် ဗိုလ်နက်ကျော် ဒေါသထွက်လိုက်သည်မှာ ဆိုဖွယ်ရာမရှိ။
တပ်ထိပ်မှ ထွက်ပေါ်လာသော ရွာသားတချို့ကို ဒေါသတကြီး သေနတ်ဖြင့် ပစ်ကြသည်။ ထိသူ ထိကြ၏ ။ သူတို့ သေနတ်များ ပစ်ပြီး၍ ယမ်းပြန်ထည့်ချိန်ကျမှ ရွာသားများက မီးစွဲသော မြားများ၊ ကညင်ဆီမီးတိုင်များဖြင့် လှမ်းပစ်ကြသည်။ တပ်ပြင်တစ်ခုလုံး မီးရောင်များ ထိန်ထိန်လင်းနေသဖြင့် ဗိုလ်နက်ကျော်တို့ ကပ်ဖို့ မလွယ်၊ အရဲစွန့်၍ ပြေးတက်သွားသည့် သူ့လူတစ်ယောက်လည်း ဘယ်က ပစ်မှန်းမသိသော ဒူးလေးစာ မိသွားသည်။
လတ်တလော အင်အားအရ သူ့လူများက နည်းနေပြီး ရွာသားများမှာ တပ်နှင့် လက်နက်အပြင် အင်အားပါ သာနေသေးသည့်အတွက် အပြင်းလုပ်ကြံရလျင် ဆုံးရှုံးမှု ကြီးမားသွားနိုင်သည်ကို တွက်ကာ ဗိုလ်နက်ကျော်တို့ ဆုတ်ခဲ့ရပြန်သည်။ အခဲမကျေ ဒေါသတလိပ်လိပ် တက်လျက်ရှိသော ဗိုလ်နက်ကျော်သည် ကြံမိကြံရာကို ကြံစည်လေတော့သည်။
.................................................
"သည်လူကို မြင်ဖူးပါတယ် လို့ ကြည့်နေတာ၊ ဟိုနေ့ကလည်း မှောင်ရိပ်နဲ့ နည်းနည်း လှမ်းတာနဲ့ မသဲကွဲလိုက်ဘူး။ ခုည မီးရောင်နဲ့ မြင်မှ ကွေ့ရှမ်းဗိုလ် ဖြစ်နေတာကိုးဗျ"
သူ့စကားကို ရွာသားများက စိတ်ဝင်တစား နားထောင်နေကြသည်မှာ မည်သူမျှပင် မလှုပ်။ တစ်ယောက်က ထမေးသည်။
"နောင်ကြီးက ကွေ့ရှမ်းဗိုလ်မင်းကို ဘယ်လိုလုပ် မြင်ဖူးတာလဲ"
"သူတို့ ကွေ့ရှမ်း (ကရင်) တပ်တွေနဲ့ တိုက်ဖူးတယ်။ သူကတော့ ကျွန်တော့်ကို သိမှာ မဟုတ်ဘူး။ သူ့ကို သံအဖြစ်နဲ့ လာတုန်းက သွားကြိုရတဲ့ အဖွဲ့မှာ ကျွန်တော်ပါနေတော့ တွေ့ဖူးတာ။ အလွန် ကောက်ကျစ် ဥာဏ်များပြီး မတည်ကြည်တဲ့သူဗျ။ သူတို့ ကွေ့ရှမ်းတွေ အင်အားနည်းချိန် ဗမာဘက် ဝင်ချင်သလိုလို လေသံလွှင့်တယ်။ ဗမာမင်းဆီမှာ သူတို့ လူယုံသွင်းထားတဲ့သူတွေ အသတ်ခံရတော့ သူက ထွက်ပြေး လွတ်မြောက်သွားတာ ကွေ့ဘက်လည်း မပြန်ဘဲ နယ်စွန်နယ်ဖျားမှာ လာသောင်းကျန်းနေတော့တာကိုး"
"ဟုတ်ပ.. ၂ နှစ် ၃ နှစ်တော့ ရှိရော့မယ်။ သူနဲ့ သူ့လူတွေ စပေါ်လာကတည်းက ဒုက္ခရောက်လိုက်တဲ့ လူတွေ ဆိုတာ၊ ဘယ်ရွာမှ အေးအေး မနေရတော့ဘူး။ သူ့ပဲ ကြောက်နေရတယ်"
"မပူပါနဲ့ ဦးမင်း၊ သူ့ကိစ္စ ကျွန်တော် ဖြေရှင်းပေးပါ့မယ်။ ဦးမင်းတို့ ဘက်ကကသာ ကျွန်တော် ပြောတဲ့အတိုင်း လုပ်ပါ"
"လုပ်ဆို မလိုလောက်တော့ပါဘူးကွဲ့။ ခုပဲ သူ့လူတွေ ဆုံးလို့ ၂ကြိမ်ရှုံးထားတာ တို့ရွာကို နောင် လာဝံ့တော့မယ် မထင်ဘူး"
အဖိုးကြီးတစ်ဦး၏ စကားကို ရွာသူရွာသားများက ဆူညံစွာ ထောက်ခံကြသည်။ 'ဒီပုံအတိုင်းဆို ဘုရင့်တပ်တွေတောင် ခံတိုက်နိုင်တယ်' ဟု ကြွားဝါနေသူလည်း ရှိ၏ ။ လူရွယ်ကတော့..
"ခုလို တက်ကြွ စည်းလုံးလာကြတာတော့ ကောင်းပါတယ်။ မကြာခင် အန္တရာယ်ကြီး လာတဲ့အခါ ရင်ဆိုင်နိုင်တာပေါ့။ မနက်ဖြန်က စပြီး စစ်ပညာများနဲ့ ဗျူဟာများ သင်ကြရအောင်"
"ဘာအတွက်လဲကွဲ့"
"စစ်ပညာ ဟုတ်လား၊ တို့က သိုင်းသင်ထားပြီးသားပါဟ"
"သည်မှာ ငစံငယ်ရဲ့၊ မင်း စီစဉ်တာတွေက ကောင်းပါတယ်။ တို့ကို မင်းက သင်ပေးရအောင် မင်းတောင် ကိုရင်ပဏ္ဍိတ်ကို နိုင်လို့လား"
ဟုတ်သည်။ ကိုရင်ကြီး ပဏ္ဍိတကို လက်ပန်းအရာ၊ နပမ်းအတတ်၊ အသတ်အပုတ်တွင် သူ မနိုင်။ ထို့အတူ ခွန်အားပြိုင်ရာတွင်လည်း စောခူးဝါး ဆိုသူ လူငယ်ကို သူ မည်သို့မျှ မယှဉ်သာ။ တစ်ဦးချင်း ကျွမ်းကျင်မှုများတွင် ထိုရွာသား အချို့က သူ့ထက် တော်ကြပါပေသည်။
ယခု ကြုံရမည့် ဘေးကတော့ ထိုကျွမ်းကျင်မှုများကို စုစည်း၍ သူ့နေရာနှင့်သူ အသုံးချနိုင်ပါမှ အရေးလှမည့် ပွဲ ဖြစ်သည်။ သူ ယိုးဒယားနယ်စပ်ကို ဖြတ်လာစဉ်က အကျင့်ပျက် ယိုးဒယားတပ်အချို့ကို ဖြတ်သန်းခဲ့ရသည်။ သူတို့တွင် အလုံးအရပ် ထွားလှသော တိုက်ဆင်ကြီးများ ရှိသလို စစ်မြင်းများ၊ မီးပေါက်သေနတ်များ၊ လေ့ကျင့်ထားသော တပ်သားများ၊ နည်းဗျူဟာကောင်းများ ရှိနေသည်။
သူတွက်သည်မှာ ဗိုလ်နက်ကျော်သည် သူ့ချည်း မနိုင်ပါက နီးသော တပ်သို့ ပြေးဝင် အကူအညီ တောင်းပေလိမ့်မည်။ ထိုအခါ မြန်မာဆိုလျင် လက်စားချေချင်နေသော ယိုးဒယားအကျင့်ပျက်တပ်က ပါလာနိုင်သည်။ ၂ တပ် ၃ တပ်တော့ လာမည်မဟုတ်။ နက်ကျော်မှာ ထိုမျှ အင်အားမရှိ၊ တစ်တပ်ကိုသာ ခေါ်ယူသွေးဆောင်နိုင်မည်။ တစ်တပ် ဆိုသော်လည်း ရွာခံအင်အားနှင့် စာလျင် အလွန်များပြားနေသေးသည်။ မုဆိုးဖိုတုန်းက မွန်တပ်တွေ ရံသကဲ့သို့ ရှိလိမ့်မည်။
မုဆိုးဖို ထန်းလုံးတပ်မှာ အမြင့်ကြီး ဖြစ်သည့်အပြင် တပ်သားများမှာလည်း အနီးအပါး ဆယ်ရွာမှ လူထောင်ကျော်ကို လေ့ကျင့်ထားပြီးသား ဖြစ်သည်။ ယခုမူ ယောက်ျားမိန်းမ လူတစ်ရာခန့်ကိုသာ မှန်မှန်ကန်ကန် သုံးနိုင်အောင် ဥာဏ်ကို အစွမ်းကုန် အသုံးချရမည့် အရေး ဖြစ်နေသည်။ အတွေ့အကြုံ မရှိသော ရွာသားများကိုတော့ အချိန်မီ အံဝင်အောင် ကြိုးစားရပေလိမ့်မည်။
အချို့က ရွာဘေးချောင်းကို သွယ်၍ လမ်းကြောင်းပြောင်းကာ ရွာထဲ သွင်းကြသည်။ မိန်းမအချို့က ရွှံ့တူး၍ အိမ်အမိုးများနှင့် ထရံများကို မံကြ၏ ။ ရွာပြင်ပတ်လည် ခိုနားစရာ ပုန်းကွယ်စရာ အပင်များကို ခုတ်ပြီး ကျောက်တုံးများ တူးပစ်ရသည်။ ကွင်းများကို မြေညှိ၍ ဆင်ခလုတ် မြင်းခလုတ် ဆင်ရသည်မှာ အပင်ပန်းဆုံး ဖြစ်သည်။ လယ်စောင့်တဲများကိုလည်း ဖျက်၍ တပ်ထောင့်များတွင် လင့်စင်ဆောက်ပစ်သည်။ ဝါးဆစ်ပိုင်း များစွာ ခုတ်၍ ဝါးလက်ခုပ်၊ လင်းကွင်း စသည်တို့ကိုလည်း ရနိုင်သလောက် စုထားခိုင်းသည်။ တက်ညီလက်ညီ လုပ်ကြသောကြောင့် ၁၅ ရက်အတွင်း ပြီးစီးသွား၏ ။
နောက် တစ်ပတ်ခန့် ကြာသောအခါ မျှော်လင့်ထားသည့်အတိုင်း အရှေ့တောင်အရပ်မှ ရှမ်း(ယိုးဒယား) တပ် တစ်တပ် တက်လာသည်ကို တွေ့ကြရသည်။ အင်အား ရာကျော်ရှိမည်ဟု မုဆိုး ငထော်က ဆိုလာသည်။ ထိုအချိန်တွင် အချို့ ယောက်ျားသားများမှာ မီးသွေးဖုတ် သွားနေကြသဖြင့် ရွာတွင်မရှိ။ နောက် ၂ ရက်ခန့်မှ ပြန်ရောက်ကြပေလိမ့်မည်။
သူတို့ရွာတပ်နှင့် လှံတစ်ကမ်း မြားတစ်ကမ်းရောက်သော် ရှမ်းတို့ တပ်ချသည်။ စစ်ရေးပြင်နေကြသည်ကို ရွာသူရွာသားများ တပ်ရိုးပြည့်မျှ ကြည့်နေကြ၏ ။ ဗိုလ်နက်ကျော်က မြင်းရေးပြရင်း မနီးမဝေးမှာ ခြိမ်းခြောက်ကြိမ်းဝါးနေသည်။ သူ့အား ဒုက္ခပေးလှသော လူရွယ်ကို တွေ့ချင်လှပြီ။
မကြာမီ လူရွယ်သည် ဆံပင်ကို ထုံးလျက် ဖျင်အင်္ကျီလက်ရှည်ကို ရင်မစေ့ဘဲ ဝတ်ကာ တပ်ထိပ်သို့ ရောက်လာရာ ဗိုလ်နက်ကျော်က သူ့လူများကို သေနတ် လေးမြားဖြင့် ပစ်ခိုင်းလေသည်။ ဝေးနေသေးသောကြောင့် မထိရောက်။ အနားသို့လည်း သိပ်မကပ်ရဲ။ သူက ခံထားဖူးသည်ကို ရှမ်းတို့အား ပြောထားသဖြင့် ရှမ်းတပ်ကလည်း ချိုင့်ကျင်း ရှိမရှိ စူးစမ်းနေသည်။ ထိုစဉ် သူ့လူတစ်ယာက်က ရှေ့တိုးသွားပြီး တပ်ထိပ်မှာ လူရွယ်ဆီ ချိန်ကာ လေးနှင့် ပစ်လိုက်သည်။
ထိမှန်သွားခဲ့လျင် ကောင်းကောင်း ဆုချမည်ဟု တွေးနေသော်လည်း လူရွယ်က လက် ထောင်လျက် မြားကို ဖမ်းထားလိုက်သည်။ အရာမရောက်သဖြင့် လှည့်ပြန်လာသော လေးသမားသည် ဗိုလ်နက်ကျော်ဆီ ပြန်မရောက်မီ ရပ်တန့်သွား၏ ။ တပ်ထိပ်မှ လူရွယ်က ရုတ်တရက် လေးတစ်လက်ကို ဆွဲယူကာ ပြန်ပစ်လိုက်သောကြောင့် ဖြစ်သည်။ လေးသမား မျက်လုံးပြူးရင်း လဲကျသွားသည်၌ ဗိုလ်နက်ကျော်က တောက်ခေါက်လိုက်သည်။
ယိုးဒယားတပ်မှူး ရောက်လာပြီး 'တပ်ထိပ်က မည်သူနည်း' ဟု မေးလာသည်။ သူ မသိ၊ မဖြေနိုင်။ 'သာမညလူ မဖြစ်နိုင်' ဟု ဆိုကာ အဆောတလျင် မတိုက်သေးဘဲ စုံစမ်းဦးမည် ဆို၏ ။ ဗိုလ်နက်ကျော်က ချက်ချင်း တိုက်ရန် ပြောသော်လည်း ဂရုမစိုက်။ အတွင်းမှ လူသည် အချိန်နှင့်အမျှ တစ်စုံတစ်ခု ကြံစည်လာနိုင်သည်ကို သိနေသဖြင့် ဗိုလ်နက်ကျော်က အမြန် ဝင်တိုက်ချင်နေသည်။ ရှမ်းဗိုလ်ကမူ ရွာနီးချုပ်စပ်မှ လူတစ်ယောက်ကို ဖမ်းဆီး စုံစမ်းရန်သာ ကြိုးစားနေသည်။
ကံအားလျော်စွာ ရွာမြောက်ဘက် ချောင်းမှာ ရေခပ်လာသည့် မိန်းမကြီးတစ်ဦးကို ရလာသဖြင့် စစ်မေးကြသည်။ သိရသလောက်မှာ ထိုသူ၏ အမည်သည် ငစံဖြစ်ပြီး အသက် ၂၀ ဝန်းကျင်၊ အယုဒ္ဓယမြို့တော်မှ လာကြောင်း၊ ကျောနှင့် ရင်ဘတ်တွင် ဘီလူးရုပ်များ ထိုးထားကြောင်း၊ တိုက်ရည်ခိုက်ရည် သိပ်မရှိသော်လည်း အကြံအစည် အစီအမံ ကောင်းကြောင်းများကို သိရသည်။
လက်ရုံးရည်တွင် ကွေ့ဖြစ်သော ဗိုလ်နက်ကျော်ကို မနိုင်နိုင်ဟု ထင်ရသော်လည်း အစီအမံ မည်သို့ ရှိမည်မသိ။ ကွင်းပြင်တွင် ဆင်ခလုတ် မြင်းခလုတ်အချို့ တွေ့ရသည် ဆိုကတည်းက ထိုသူ၏ အစီအမံကို ထည့်မတွက်၍ မရတော့။ သူတို့ လာမည်ကို မည်သို့ ကြိုသိနေသနည်း။ ရှမ်းတပ်မှူးသည် သိမ်းငှက်ခြေတွင် စာချည်ကာ စုံစမ်းရန် လွှတ်လိုက်ပြီး တပ်များကိုမူ စခန်းချရန် အမိန့်ပေးလိုက်သည်။
ရွာငယ်လေးကို ရှမ်းတပ်တစ်တပ်က ဝန်းရံနေကြောင်း၊ ထိုရွာသည် တပ်တည်ကာ ဗိုလ်နက်ကျော်တို့ကို ၂ ကြိမ်တိုင် မောင်းထုတ်ခဲ့သည့် ရွာ ဖြစ်ကြောင်း၊ ရွာသို့ ရောက်နေသာ ဧည့်သည်တစ်ဦးမှာ စစ်ရေးစစ်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း၊ မကြာမီ တိုက်ကြတော့မည့် အကြောင်းများသည် ရွာနီးချုပ်စပ် ကျေးရွာများသို့ ပြန့်နှံ့သွား၏ ။ အချို့ရွာများက ကူချင်သည်။ အချို့က ကြောက်ကြသည်။ တချို့က စိုးရိမ်ပြီး တချို့ကမူ ရင်လေးနေကြပြီ။
နောက်တစ်နေ့တွင် တတ်နိုင်သလောက် ထောင်ချောက်များကို ဖယ်ရှားပြီး ဆင်မြင်းအလုံးအရင်းနှင့် ရွာတပ်ကို တိုက်ကြသော်လည်း ဆင်တစ်ကောင် ခလုတ်ထိ၍ ဆက်မသွားနိုင်၊ မြင်း ၃ ကောင် သေပြီး လူ ၂၀ ခန့် ကျသွားသောအခါတွင်မူ ရှမ်းတပ်များ ပြန်ဆုတ်သွားကြပြီး ရံမြဲ ရံနေကြပြန်သည်။ ရွာသားများဘက်တွင်လည်း ထိခိုက်ကျဆုံးမှုများ ရှိရာ အချို့က ဧည့်သည်ကို အပြစ်တင်စ ပြုလာပြီ။
အများစုကမူ ဆက်တိုက်ရန် သဘောတူကြသည်။ နောက်ဆုတ်၍လည်း မဖြစ်၊ မြောက်ဘက်ရှိ ရွာများကို အကူအညီတောင်းရန် မြင်းလျင်တစ်စီး လွှတ်ထားသည်။ လူရွယ်ကမူ တောင်မျက်နှာ ပြေးလိုက်၊ အရှေ့တပ်ပေါ်မှ ကွပ်ကွဲလိုက်ဖြင့် နားရသည် မရှိ။ ရွာမြောက်ဘက်တပ်မှာ တံခါးမရှိသော်လည်း ရေစီးသန်လှသော ချောင်း ခံနေရာ ဒူးလေးသမားများကို စောင့်ကြပ်ခိုင်းထားပြီး သည်ဘက်ကမ်းသို့ ကပ်မှ ပစ်ရန် မှာကြားထားလေသည်။
ယိုးဒယားတို့သည် တပ်မျက်နှာစာမှ မတက်ကြတော့ဘဲ မြောက်ဘက် ချောင်းမှ လည်းကောင်း၊ တပ်မရှိသည့် ဆူးချုံကြီးများ ကာရံထားရာမှ လည်းကောင်း တိုးဝင်ကြရန် ကြိုးစားလာသည်။ ဆူးချုံများမှာ ခုတ်ထားသည် ကြာ၍ ခြောက်သွေ့နေသဖြင့် မီးတိုက်လာသည်။ ထို့ကြောင့် ချုံများကို အသည်းအသန် ကာကွယ်ရင်း ရွှံ့များနှင့် ပစ်ပေါက်ထားရပြန်သည်။ ထိုရက်များအတွင်း မြားလုပ်ကြသည့် မိန်းမသူအစုမှာ နားရသည် မရှိချေ။
ယိုးဒယားတပ်မှူး စေလိုက်သည့် သိမ်းငှက် ပြန်လာရာ ရွာတပ်တွင်းမှ လူမှာ မြန်မာတပ်မှူး လက်ျာဘီလူး ဆိုသူဖြစ်ကြောင်း သိရသည်။ ယိုးဒယားတို့ လန့်သွားသည်။ ထိုသူမှာ ယခု မရှိတော့ပြီဖြစ်သော စစ်သူကြီး မင်းခေါင်နော်ရထာ နှင့် အတူ ဟု ဆိုကြသည်။ လူထောင်သောင်းကိုပင် စိတ်မှတ်မရှိ ထိုးဖောက်ဝံ့သော ထိုသူများမှာ ယခု တိုက်ရည်ခိုက်ရည် မရှိလှ ဟူသည့် သတင်းနှင့် ကွာခြားလှ၏ ။ တမင် ပေါ့လျော့စေရန် ကြံပုံရလေသည်။
ယိုးဒယားတပ်မှူးသည် ဆက်တိုက်သင့် မတိုက်သင့် ချင့်ချိန်နေ၏ ။ တစ်ဖက်တွင် မြန်မာဘုရင်သည် နယ်စွန်နယ်ဖျားသို့ မပေါက်ရောက် မကူညီနိုင်တော့။ သူကသာ မြန်မာနယ်များကို သိမ်းယူနိုင်ခဲ့လျင် ဆုတော်လာဘ်တော်များ ရနိုင်သည်။ ယခုဤရွာမှ ရသမျှ မိန်းမများပါမကျန် သူ့အား ပေးမည် ဟုလည်း နက်ကျော်က ဆိုထားသည်။ တစ်ဖက်တွင်တော့ နာမည်ကျော် တပ်မှူးတစ်ဦး၊ ထိတ်လန့်စရာ စစ်သူရဲတစ်ဦးကို ဖက်ပြိုင်ရမည် ဖြစ်သည်။
လက်ျာဘီလူးမှာ ယခင်က မြန်မာတပ်များနှင့်အတူ ရှိစဉ်က အင်အားကြီးမားပြီး အစွမ်းထက်လှသော်လည်း ယခု ယိုးဒယားသုံ့ပန်းဖြစ်၍ အပြန်တွင်မူ သူ့ဘက်၌ ရွာသားများသာ ရှိပြီး အင်အားလည်း နည်းလှသည်။ အကြံအစည်သာ ရှိ၍ လူမရှိ၊ တိုက်လျင် နိုင်နိုင်သည်။ နက်ကျော်ကလည်း ရှေ့မှ ဝင်ပါမည် ဟု ဝန်ခံထားသည်။ ဘာပဲဖြစ်ဖြစ် တိုက်မှ သင့်ပေလိမ့်မည်။
တပ်မှူးနှင့် ဗိုလ်များ၊ နက်ကျော်တို့ လူစု တိုက်ရေးခိုက်ရေးများ ဆွေးနွေးနေကြစဉ် ဆင်ကျုံးဘက်မှ တဖြောင်းဖြောင်းအသံများ ကြားရပြီး တဝုန်းဝုန်း တရုန်းရုန်း ဖြစ်နေကြသည်။ ပြန်လာသော မီးသွေးဖုတ်သမားများနှင့် တပ်တွင်းမှ ရွာသားအချို့ ပေါင်းမိကြပြီး ဝါးကျည်တောက်များ မီးထဲပစ်ထည့်၍၊ ဝါးလက်ခုပ် လင်းကွင်းများ တီး၍ ဆင်များကို ခြောက်လှန့်လာခြင်း ဖြစ်သည်။ ကိုယ့်တပ်ကိုယ် ပြန်မနင်းအောင် ထိန်းသိမ်းရသဖြင့် တိုက်ခိုက်ရန် ဖင့်နှေးနေတုန်း မီးသွေးလှည်းများ ရွာထဲ ဝင်သွားကြ၏ ။
နောက်တစ်နေ့နံနက် မိုးသောက်သည်နှင့် ယိုးဒယားတပ်များသည် စစ်ခရာများ မှုတ်၍ ဗုံတီးကာ ရွာကို အဘက်ဘက်မှ ဝင်တိုက်ကြသည်။ ရွာတွင်းမှလည်း ကျောက်ခဲများ၊ ရေနွေးပူများ၊ ခွေးလှေးယားမှုန့် ငရုတ်မှုန့်များဖြင့် ဖြစ်သလို ပြန်လည် တိုက်ခိုက်ကြရာ သူမသာ ကိုယ်မသာ ဖြစ်နေသည်။ တိုက်ပွဲသံ ကြားလျင် အနီးအပါး ရွာများမှ ထွက်လာကြ၏ ။ ဗိုလ်နက်ကျော်နှင့် ရှမ်းတပ်များကို တိုက်ချင်ဟန် ပေါ်လွင်နေသဖြင့် အင်အားများလာမည်ကို စိုးရိမ်ကာ ရှမ်းတပ်သား အချို့ကို ထိုရွာများအား စောင့်ကြပ်ရန် စေလွှတ်ရသေးသည်။
ရွာတွင်း၌လည်း မလွယ်၊ အပြင်မှ အင်အား မများလှသဖြင့်သာ တော်တော့သည်။ မီးမြားဖြင့် ပစ်သောကြောင့် လောင်သွားသော အိမ်များကို ဝိုင်းဝန်းငြှိမ်းသတ်ရသည်။ ရှမ်းတို့ ဆွဲလှဲ တူးဖြိုသွားသော တပ်တိုင်များကို အမြန်ဆုံး ပြန်စိုက်ရသည်။ လူငယ်လက်ကောင်းများက တပ်ပြင်ထွက်၍ ကာကွယ်ထားပေးရသည်။ အချို့ အမျိုးသမီးများသည် ဒူးလေးကိုင်ကာ ပုန်းကွယ် စောင့်နေရသလို ကလေးများသည်ပင် နိုင်သလောက် ကူပေးနေကြရလေသည်။
သို့သော် သူတို့ အတွေ့အကြုံသစ်အတွက် ပျော်ရွှင် တက်ကြွနေကြသည်မှာ မုဆိုးဖိုရွာမှ အဦးဆုံးတိုက်ပွဲများအတိုင်းပင် ဖြစ်သည်။ အနိုင်ကျင့် စော်ကားသည်များကို ငုံ့မခံတော့ဘဲ တုံ့ပြန်ခွင့်ရပြီ ဖြစ်ရာ အသက်ကို ပဓာန မထားတော့။ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြသလို အမိန့်ကိုလည်း လေးစား လိုက်နာကြသဖြင့် ဤမျှ ခံနိုင်ခြင်း ဖြစ်လေသည်။
မထင်မှတ်သော အချိန် နေ့လယ်ခင်း စစ်ပန်း၍ နှစ်ဖက်တပ်များ နားနေကြစဉ် မြင်းလျင်လွှတ်လိုက်သူနှင့် ရွာစုံမှ လူ ၅၀ ကျော်တို့ မြင်းများနှင့် ရောက်လာကြပြီး နားနေသော ရှမ်းတပ်ကို စီးနင်းရာ ရွာတွင်းမှလည်း လက်ျာဘီလူး ဦးဆောင်၍ တညီတည်း ထွက်တိုက်ကြသည်။ နှစ်ဖက် အင်အား မျှနေစဉ် အနီးနား ရွာများမှ ရွာသားများက တုတ် ဓား ကျည်ပွေ့ တွေ့ရာဆွဲ၍ ထွက်လာကြရာ ယိုးဒယားတို့ မဟန်တော့ဘဲ ကိုယ်လွတ်ရုန်းပြေးသွားကြတော့သည်။
ဗိုလ်နက်ကျော်တို့လည်း တကွဲတပြား ပြေးကြသည်။
အောင်ပွဲရ ရွာသားများကား ဝမ်းမြောက်ဝမ်းသာ ကခုန်ရွှင်မြူးနေကြသည်။ အခြားရွာများက သူတို့အား ချီးကျူးလိုက်ကြသည်မှာလည်း အတောမသတ်။ အားလုံး ပျော်ရွှင်နေတုန်း လက်ျာဘီလူး ရွာထဲသို့ ဝင်လာပြီး
"ကဲ.. အချိန်ရှိတုန်း လိုက်ထပ်ကြစို့ရဲ့။ ခုနေ လိုက်မငြိမ်းနိုင်ရင် မီးစဟာ ကြီးလာလိမ့်မယ်။ ရှမ်းတွေကတော့ တော်တော်နဲ့ လာမှာ မဟုတ်ဘူး။ ဗိုလ်နက်ကျော် ရန်က မအေးဘူး။ အခု ဇာတ်လမ်းဖြတ်မှ ဖြစ်မယ်"
ရွာသူရွာသားများ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ တစ်ဦးက
"ခုလောက် ပျက်ရင် နောက် ပြန်လာတော့မယ် မဟုတ်ဘူး။ ငါတို့အကြောင်းလည်း ဒင်းတို့ သိသွားကြပြီ။ ဒီနယ်မှာတောင် နေရဲတော့မှာ မဟုတ်ပါဘူး"
"ဒီလောက်ကြီးတဲ့ အောင်ပွဲရတုန်း တော်လိုက်တာ ကောင်းမယ် ကိုစံ။ တော်ကြာ သူ့စခန်းရောက်မှ အနိုင်ကနေ အရှုံး ဖြစ်သွားဦးမယ်"
"ဟုတ်တယ်.. တို့လူတွေလည်း ထိခိုက်ထားတာ မနည်းဘူး။ တော်ပါတော့"
"ကဲ.. လူလေး၊ စိတ်လျှော့လိုက်တော့။ ဘယ်သူမှ
သူတို့နောက် ဆက်မလိုက်ချင်ကြဘူး။ နောင်ခါလာ နောင်ခါစျေး ကိုယ့်ရွာကိုယ် လုံအောင်ပဲ ပြင်ကြတာပ"
လက်ျာဘီလူးက ခေါင်းကို ခါယမ်းလိုက်ကာ
"ဘယ်သူမှ မလိုက်လဲ နေ၊ ခုနေ လိုက်မထပ်ရင်တော့ ကျားနာဟာ နောက်တစ်ခါ အထိခံမှာ မဟုတ်တော့ဘူး၊ ရန်သူကို အချိန်ပေးရင် ပိုဆိုးလာလိမ့်မယ်.. တိမ်ပျံ"
သူ့အမည် အော်သံကြားသည်နှင့် မြင်းဇောင်းထဲမှ တိမ်ပျံက တစ်ချက်ဟီလိုက်ပြီး ခြေကို အနည်းငယ် ညွှတ်၍ ရင်စို့ခန့်ရှိ တန်းများကို သက်သက်သာသာ ခုန်ကျော်ထွက်လာသည်။ စစ်မြင်း ဖြစ်သဖြင့် ချည်စရာမလို၊ အမိန့်မပေးလျင် ထွက်နိုင်သော်လည်း မထွက်ဘဲ ခေါ်မှသာ လာသည့် မြင်းကောင်းကြီးကို ရွာသားများက ငေးကြည့်နေတုန်း လက်ျာဘီလူးက ပြေးလာသော မြင်းပေါ် လွှားခနဲ ပတ်တက်သွားလေသည်။ အားလုံးက ကြောင်လျက်သာ ကြည့်နေကြ၏ ။
လက်ျာဘီလူးနှင့်အတူ စောခူးဝါး ဆိုသည့် မုဆိုးလက်သင် လူငယ်လေးသာ ပါသွားသည်။ မုဆိုးကြီးက သူ့တပည့်ကို တားသော်လည်း မမီလိုက်။ မြင်းနှစ်စ်ီး ရှေ့ဆင့်နောက်ဆင့် ပြေးလွှား ပျောက်ကွယ်သွားပြီး နောက်မှ သတိဝင်လာကြကာ စုပေါင်း တိုင်ပင်၍ လိုက်ရန် ပြင်ကြသည်။ အခြားရွာများမှ မြင်း ၂၀၊ တပ်တွင်းမှ မြင်း ၅ စီး လိုက်သွားကြသည်။
အတော်ကြာ ခြေရာခံ လိုက်မှ ဗိုလ်နက်ကျော်တို့ စခန်းချရာနေရာသို့ ရောက်ကြလေသည်။ တိမ်ပျံမှာ သေနတ်ဒဏ်ရာနှင့် လဲနေပြီး လက်ျာဘီလူးက ၈ ပေခန့်ရှိ တင်ကျည်းတုတ်ရှည်တစ်ချောင်း ကိုင်ထားသည်။ သူ့အနားမှာ နက်ကျော်တို့ အဖွဲ့သားတွေ ဝိုင်းနေသည်။ နက်ကျော်ကတော့ စောခူးဝါးနှင့် လုံးထွေး သတ်ပုတ်လျက် ရှိသည်။
ရွာသားများက ဓားပြတစ်စုကို တုတ် ဓားတို့ဖြင့် ဝင်ရောက်ရိုက်နှက် ထိုးခုတ်ကြပြီး အမိဖမ်းကြသည်။ စောခူးဝါးကို လက်လိမ်ထားနိုင်သော ဗိုလ်နက်ကျော်မှာ ခြေထောက်နှင့် ပြန်သိုင်းချုပ်ထားတာ ခံရသဖြင့် မပြေးနိုင်ဘဲ အဖမ်းခံလိုက်ရတော့သည်။ စောခူးဝါး၌ အထိအခိုက် မရှိသော်လည်း လက်ျာဘီလူးတွင်မူ ၃ ၄ ချက်ခန့် ပြတ်ရှ ဒဏ်ရာ ရထားလေသည်။
သူက မြင်းကြီး တိမ်ပျံ အနားသို့ သွားသည်။ ရွာသားတစ်ယောက်က
"တိမ်ပျံ ရပါတော့မလား"
ဟု မေးလာသဖြင့် မော့ကြည့်ပြီး
"ရမှာပါ။ တိမ်ပျံ.. သားကြီး၊ လိုက်နိုင်တယ် မဟုတ်လား"
ဟူ၍ ဆိုလိုက်ရာ တိမ်ပျံက နားလည်သည့်အလား
လူးလဲထရန် ကြိုးစားလေသည်။ သူက ခေါင်းကို
လက်နှင့် ပြန်ဖိလိုက်ရင်း
"အခု မဟုတ်သေးပါဘူး၊ နားပါဦး။ နောက်တော့
တိုက်ပွဲတွေ အများကြီး အတူတိုက်ကြသေးတာပေါ့"
တိမ်ပျံသည် လဲနေရာမှ တစ်ချက် ဟီလိုက်၏ ။ နှာကို မှုတ်သည်။ခွာရှပ်ဟန်လည်း ပြလိုက်သေးသည်။ လဲနေတာတောင် မာန်မလျှော့သော မြင်းနီကြီးအား သူ့သခင်က ပွတ်သပ်ရင်း ကျေနပ်စွာ ပြုံးနေ၏ ။
Written by သင်္ခရာဇာ
End date: November 21, 2021