အောင်သာရွာ အရှေ့ဘက် လယ်ကွင်းများတွင် စပါးစိုက်နေကြသူတစ်သင်းသည် ထိုအချိန်၌ ခေတ်စားနေသော ရွှေဘိုဗုံကြီးသံ ကောက်စိုက်တေးများကို ဆူညံစွာ သံပြိုင်သီဆိုရင်း ပျော်ရွှင်နေကြလေ၏ ။ ထိုအထဲ၌ လယ်ရှင်ကြီးသမီး အေးသင်းနှင့် ရီရီ ညီအစ်မအပြင် သားဖြစ်သူ ငတိုးလည်း မလှမ်းမကမ်းတွင် နွားတစ်ရှဥ်းနှင့် ရှိနေ၏ ။
မလာဆို ဘုန်းကြီးကျောင်းမှ တုံးမောင်းခေါက်သံပင် မကြားရသေးဘဲကိုး။ သို့သော် ဆန့်ကျင်ဘက်အရပ်မှ လူတစ်ဦး လျှောက်လာနေသည်ကိုတော့ မြင်နေရသည်။ ထိုသူက လှည်းလမ်းကြောင်းဖြူးဖြူးအတိုင်း တရွေ့ရွေ့ လှမ်းလာနေပြီး ခေါင်းပေါ်တွင် ခမောက်နှင့်၊ ကျော၌ အထုပ်အပိုးနှင့် ဖြစ်ရာ ခရီးသွားတစ်ဦး ဖြစ်ပုံရ၏ ။
ကောက်စိုက်သမများသည် လမ်းပေါ်မှလူ နီးလာသောအခါ ခါးကုန်းလျက် ပျိုးပင်များ စိုက်နေကြရာမှ မော့ကြည့်ကြလေသည်။ လူငယ်တစ်ယောက်မှန်း သိသွားကြချိန်တွင် အချို့က ကျယ်ကျယ်လောင်လောင် နောက်ပြောင်ကြပြီး အချို့ကမူ တစ်ဦးနှင့် တစ်ဦး တွတ်ထိုးနေကြကုန်၏ ။
သူတို့အသံများကြောင့် ခရီးသွား လူငယ် ခြေလှမ်းမှားပြီး အမ်းသွားရာ ရယ်ပွဲဖွဲ့ကြပြန်သည်။ ခရီးသည်က ယောင်တောင်တောင် ရပ်နေ၍ ငတိုးက လှည်းလမ်းဘက် တက်သွားပြီး မေးမြန်းရ၏ ။
"နောင်ကြီး ဘယ်ကလာသလဲ၊ ဘယ်သွားမလို့လဲဗျ"
ခရီးသည်က တဘက်ဖြင့် မျက်နှာသုတ်လိုက်ကာ
"ရွှေဘိုနယ်က လာပါတယ်၊ ဟင်္သာရွာဘက် သွားမလို့ပါ"
"ဟင်္သာဆို အတော်လှမ်းသေးတာပ၊ ထမင်းထုပ်ရော ပါခဲ့ရဲ့လား"
"မပါဘူးဗျ"
ခရီးသွားလူငယ်၏ ပွင့်လင်းသော အပြောကြောင့် စူးစမ်းနေကြသည့် ရွာသူများထံမှ ရယ်သံ စနောက်သံများ ထွက်လာပြန်သည်။ ငတိုးက အားတုံ့အားနာဖြင့်
"သူတို့က တစ်ပါးသူ မခံသာအောင် အလွန်ပြောတတ်ကြတာ၊ စိတ်မထားပါနဲ့ နောင်ကြီး။ ကျုပ်တို့ လယ်တဲမှာ ခေတ္တ နားနေ စားသောက်ပြီးစီးတော့မှ ခရီးဆက်ပါလားဗျ။ လာပါ.. ကျုပ် ဧည့်ဝတ်ပြုပါရစေ"
ငတိုးက ခရီးသည်၏ ပုံသဏ္ဍာန်နှင့် ဓားကို ကြည့်ကာ စိတ်ဝင်စားမိသဖြင့် သူ၏ လယ်တဲသို့ ဖိတ်ခေါ်လိုက်သည်။ လူရွယ်သည် ငြင်းမည့်ဟန် ပြင်ပြီးမှ စိတ်ပြောင်းသွားပြီး လိုက်လာ၍ ငတိုးက လယ်စောင့်တဲရှိရာ ဦးဆောင် ခေါ်သွားလေသည်။ ငတိုးနှမ အေးသင်းလည်း ရေဆေး ဖုတ်ဖက်ခါလျက် တဲဘက် လှမ်းမည်ပြင်ရာ အဖော်တစ်ယောက်က
"ဟဲ့.. အေးသင်းမရဲ့၊ ညည်းဟာက ပေါ်တင်ကြီးပါလား။ ချက်ချင်းကြီးနော်"
ဟု စလိုက်သည်။ အေးသင်းကလည်း
"လိုက်မှာပဲ တော်ရေ့၊ ရှင်ကြီးမောင် ငဆိုးတေ လက်က လွတ်ဖို့ ဘယ်သူ့နောက်ဖြစ်ဖြစ် လိုက်ရမှာပဲ"
ဟု ပက်ခနဲ ပြန်ပြောလိုက်ရာ ကောက်စိုက်နေသူတို့ ပွဲကျသွား၏ ။ ပြောခံရသူက မျက်စောင်းထိုးပြီး
"နောက်မှ ဗိုက်တစ်လုံးနဲ့ ပြန်လာရင်တော့ ငါတို့ ဆိုးတေလေးနဲ့ မပေးစားတော့ဘူးမှတ်.. ကောင်မ"
အေးသင်းက မျက်နှာရှုံ့ကာ တစ်ကိုယ်လုံး လှုပ်ယမ်းပြသွားသည်။ မိရီကတော့ ပြုံးလျက်သာ ငြိမ်နေ၏ ။ အေးသင်း လယ်စောင့်တဲနား ရောက်တော့ အထဲမှ အသံများကို အတိုင်းသား ကြားနေရသည်။
"နောင်ကြီးက မင်းမှုထမ်းများလား"
"ဟုတ်ပါတယ်"
"ဒါဆို အခု သည်ဘက်ကို ကြွလာမယ် ပြောနေကြတဲ့ အရှေ့ဝင်းမှူး မင်းကြီးဆိုတာကို သိသလားဗျ"
အေးသင်းလည်း စပ်စုလိုစိတ်ကြောင့် တဲထဲရှိ ကွပ်ပျစ်သို့ ကပ်သွားရာ ခမောက်နှင့် အထုပ်ကို ချလျက် ပြုံးနေသော လူငယ်က ကိုယ်ကို ညွှတ်ကာခေါင်းညိတ် နှုတ်ဆက်လိုက်ပြီး ငတိုးဘက် လှည့်၍
"သိပါတယ်"
"ဟာ.. ဟုတ်လား။ ဒီကို မင်းချင်းတွေ စစ်သည်တော်တွေ အများကြီး ရောက်လာကြမှာပေါ့နော်"
"အဲ.. အဲဒါတော့ မသိဘူးဗျ"
ငတိုး ဝမ်းသာအားရ ဖြစ်သွားပုံကို ခရီးသွား လူရွယ် သဘောပေါက်၏ ။ သူ၏ ကိုယ်မှ ထိုးထားသည့် ထိုးကွင်းများ၊ အင်းများ၊ မင်ကြောင်မင်သေ့များကို ကြည့်ခြင်းအားဖြင့် စစ်ထဲလိုက်ရန် ရည်သန်ထားသူဖြစ်ကြောင်း သိနိုင်သည်။ အေးသင်းကလည်း သူ၏ မောင်ကြီး အဘယ်ကြောင့် စုံစမ်းသည်ကို သိနေသောကြောင့် မျက်စောင်းခဲလျက်
"မောင်ကြီးကလည်း ဒါပဲ။ ဧည့်သည်ကို လက်ဖက်ရည်အိုးလေး ဘာလေး တည်မယ်မရှိဘူး၊ သူသိချင်တာ အရင်မေးတော့တာပဲ"
"တည်ထားပါတယ်ဟ၊ သြော်.. ဒါ ကျုပ်နှမပါ နောင်ကြီး။ ဒီလယ်ကို မောင်နှမသုံးယောက် ဦးစီး လုပ်ကိုင်နေကြတယ် ဆိုပါတော့"
ထိုစဥ် အုန်းမောင်းခေါက်သံ ကြားရ၏ ။
"အဖေတို့ အမေတို့ ထမင်းလာပို့ကြတော့မှာပါ။ နေ့လယ်စာ စားပြီး တစ်ရေးတစ်မော အိပ်ပြီးမှ နေအေးချိန် ဆက်သွားချင်လည်းသွား၊ ကျုပ်တို့အိမ် တစ်ညတလေ လိုက်တည်းချင်လည်း တည်းပေါ့။ နေတာက ဘယ်လောက်နေနေပါ ရပါတယ်"
ငတိုး ဖိတ်ခေါ်သည့် ရည်ရွယ်ချက်ကို သိနေသလို ရှိသည့် လူရွယ် ပြုံးသည်။ တည်ကြည်ငြိမ်သက်သော မျက်နှာ၊ ကျစ်လျစ်သွယ်လျသော ကိုယ်ဟန်၊ ထူးခြားသည့် အမူအရာများကြောင့် ခရီးသည်လူရွယ်ကို အေးသင်းက စူးစိုက်ကြည့်နေသည်။ မောင်ရှေ့တွင် နှမကို ကြည့်လျင် ရိုင်းမည်စိုးပုံရသော ခရီးသည်ကတော့ ခေါင်းမှ တဘက်ကို ဖြည်ကာ တစ်ဘက်လှည့်လျက် ချွေးသုတ်နေလေသည်။
"ဟော.."
ရွာဘက်မှ လာနေသော မိခင်နှင့် ဖခင်ကို မြင်၍ ငတိုး အာမေဋိတ် ပြုသလို အေးသင်းကလည်း ကောက်စိုက်နား၍ ကန်သင်းရိုးပေါ် တက်လာကြသူများကို ကြည့်လိုက်လေသည်။ အားလုံး၏ မျက်နှာများမှာ လယ်တဲဘက်သို့ လှည့်နေကြ၏ ။ အများစုက ပြုံးစေ့စေ့။ လယ်စောင့်တဲရှိရာ ကုန်းစောင်းသို့ တက်လာသော မိရီမက လူရွယ်ကို မြင်သောအခါ ရှက်ရွံ့သကဲ့သို့ ခေါင်းငုံ့သွားသည်။
မိန်းမပျိုလေးနှစ်ဦး ရှိနေသဖြင့် လူရွယ် အနေခက်ဟန် တူ၏ ။ ခပ်လှမ်းလှမ်းမှ ငှက်ပျောတောနှင့် ရေတွင်းကို မြင်ပြီး ငတိုးအား 'ကိုယ်လက်သုတ်သင်လို့ ရပါမည်လား' ဟု မေးနေသည်။ ငတိုးက 'ရေတစ်ခါတည်း ချိုးလိုက်ပါလား' ဆိုကာ ဝါးလုံးတန်း၌ လွှမ်းထားသော ရေလဲလုံချည်ဟောင်းတစ်ထည် ယူပေး၏ ။
လူရွယ်က တစ်ခါ နှစ်ခါ ငြင်းနေပြီးနောက် ငတိုးပေးသော လုံချည်ယူလျက် ရေတွင်းဘက် ထွက်သွားလေသည်။ ငတိုး ရေနွေးအိုး ပြင်ဆင်ပြီးသောအခါ ညီအစ်မနှစ်ယောက် ရယ်နေသည်ကို တွေ့၍
"ဟိတ်.. ညည်းတို့ ဘာဖြစ်နေကြတာလဲ"
"ဟိုမှာလေ မောင်ကြီးရဲ့.. ထိုးကွင်းလည်း မရှိဘူး ပေါင်ဖြူကြီးနဲ့"
ငတိုး ကြည့်လိုက်ရာ ရေတွင်း၌ သူတို့ကို ကျောပေးထားသော ခရီးသည်၏ ပေါင်ကို မြင်သဖြင့် အံ့သြသွားသော်လည်း
"သူ့ဘာသာ ထိုးကွင်းမရှိတာ ဘာကဲ့ရဲ့စရာ ရှိလဲ။ ကျောမှာ ဘီလူးရုပ်ကြီး အပြည့် ထိုးထားသားပဲ မဟုတ်လား။ ထိုးကွင်းမင်ကြောင် မကြိုက်လို့ ရှိမှာပေါ့။ ဒါမှမဟုတ် ဒီအရွယ်မှာ မင်းမှုထမ်း ဖြစ်နေပြီဆိုတော့ မင်ကြောင်မထိုးရသေးခင် စည်းကြပ်ခံရလို့ ဖြစ်မှာ"
"ဘီလူးရုပ်က ကျောကုန်းမှာတင် မဟုတ်ဘူး မောင်ကြီး၊ ရင်ဘတ်မှာလည်း ပါတယ်။ ကြောက်စရာကြီး"
အငယ်မ မရီကလည်း
"လူလေး ပိန်နွဲ့နွဲ့နဲ့ ဘာပြုလို့ အဲလိုအရုပ်ကြီးတွေ ထိုးထားသလဲ မသိပါဘူး။ ထိုးကွင်းကမှ လှဦးမယ်"
တဲဆီ ဝင်လာကြသော မိခင်ဖခင်တို့က ရေချိုးနေသူကို ကြည့်ရင်း မေးလိုက်သည်။
"ဧည့်သည် ရောက်နေတာလား သားကြီး"
"ဟင်္သာဘက် သွားမလို့တဲ့ အစ်မရ၊ မင်းမှုထမ်းတဲ့"
အားကိုးရသော သားကြီးသြရသအား ဆုံးရှုံးရမည် ကြောက်သည့် မိခင်မှာ လူရွယ်ကို ထိတ်ထိတ်ပျာပျာ ကြည့်လိုက်သဖြင့် ဖခင်က
"မင်းကလည်းကွာ၊ မင့်သား လာခေါ်တာ မဟုတ်ပါဘူးတဲ့ဆို။ သူ့ဘာသာ ခရီးသွားဟန်လွှဲ ဝင်လာတာပါ။ သားကလည်း အဆင်သင့် မဖြစ်သေးပါဘူး။ အဲ.. နေပြည်တော်က မင်းကြီး ရောက်လာရင်တော့ မပြောတတ်ဘူး"
ငတိုး သတိရသွားပြီး
"သူက မင်းကြီး မင်းထင်နော်ရထာ ဆိုတာကို သိသတဲ့ဗျ။ ကိုယ်မှာလည်း ဘီလူးပုံတွေနဲ့ ဆိုတော့ ဧကန္တ ဘီလူးတပ်သားပဲ ဖြစ်မှာပ။ အရှေ့ဝင်းတော်မှူး မင်းကြီး ကြွမလာခင် ရှေ့ပြေး လာသူ ဖြစ်ရမယ်။ သူပြောပေးရင်တော့ သူတို့တပ်မှာ.."
"အမယ်လေး.. ငါ့သားလေး မင်းမှုမထမ်းရပါဘူး။ မင့်အဖလည်း ဒီလယ်တွေကုန်အောင် လုပ်နိုင်ကိုင်နိုင်တော့တာ မဟုတ်ဘူး။ နှမလေးများ အိမ်ထောင်ကျပြီး သူ့အိုးသူ့အိမ် ထူထောင်နိုင်မှ လိုက်ချင် လိုက်ပေါ့။ ခုများတော့ စိတ်မကူးပါနှင့်ဦး"
"ဟာ.. အစ်မကလည်း၊ ဒါ ကြုံတောင့်ကြုံခဲ အခွင့်ရတာ အစ်မရဲ့။ ဘီလူးတပ်သားတစ်ယောက် ကျုပ်တို့ လယ်စောင့်တဲလေးထဲ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာတယ် ဆိုတာ နည်းတဲ့ ကံလား။ သည်တစ်ကြိမ် မလိုက်ရရင် လူဖြစ်ရှုံးလို့ လူညွန့်တုံးတော့မယ်"
ထိုအခါ အေးသင်းက
"သွားပလေ့စေ.. အမေ။ သင်းက သိပ်ပြီး သတ်ချင်ဖြတ်ချင်နေတာ။ ဟိုလူတွေက လူကြမ်းတွေတဲ့။ အားကြီးဆိုးတဲ့ တပ်ထဲ ရောက်သွားရင် အမေ့သား ပြန်ပြေးလာမှာ။ ဒါမှ နောက် ဖင်တကြွကြွ ဖြစ်မနေတော့ဘဲ ငြိမ်သွားလိမ့်မယ်.. ထည့်သာ ထည့်လိုက်"
"အံမာ.. ကြောက်လို့တော့ ပြေးမယ့်ကောင်မျိုး မဟုတ်ဘူး။ ဘုရားစူးရစေ့.. ရန်သူ့လက်နက်နဲ့ပဲ သေမယ့်ကောင်ဟ။ အိုသေချင်စိတ်တော့ တစ်ပဲဖိုးမှ မရှိဘူး"
ဧည့်သည် ရေချိုးပြီး၍ ပြန်လာနေသဖြင့် အေးသင်း ဆက်မပြောတော့သော်လည်း ညီအစ်မနှစ်ယောက်သား မဲ့ရွဲ့ပြနေကြသည်။ ငတိုးက ဂရုမစိုက်။
"ရေလဲကို အဲသည်မှာပဲ လှန်းခဲ့ နောင်ကြီး။ ထမင်းဟင်း ပြင်ပြီးရင် တစ်ခါတည်း စားကြတာပ"
ငတိုး၏ ဖခင်က ခါးထိုးလာသည့် ဓားမဖြင့် ထင်းခွဲနေရာမှ
"မောင့်အမည် ဘယ်သူလို့ ခေါ်သလဲ။ ဘယ်တပ်ကလဲကွယ်"
လူရွယ်က ဆံထုံးကို ဖြည်လျက် ရေသုတ်နေရာမှ လက်အုပ်ချီလိုက်ကာ..
"ငညိုသူလို့ ခေါ်ပါတယ်။ အရှေ့ဝင်းမှူး တပ်ကပါ"
"ကျုပ် ပြောသားပဲ၊ အဲဒါ ဘီလူးတပ်ဗျ။ တကယ့် ဘီလူးတွေတောင် ပါတယ် ကြားဖူးတယ်"
ငတိုးစကားကြောင့် လူရွယ် ပြုံးသည်။
"မဟုတ်ပါဘူးဗျာ။ အဲဒါတွေက တစ်ဆင့်စကားနဲ့ ချဲ့ကားပြောကြတာ ဖြစ်ပါလိမ့်မယ်"
"အိမ်းကွယ်.. မောင့်အမည်ကို ကြားဖူးသလိုတော့ ရှိပါရဲ့။ အမည်တူရှိသလား မဆိုနိုင်ဘူး။ မင်းမှုထမ်းကို လယ်တဲမှာ ဖြစ်သလို ကျွေးမွေးရတာတော့ တယ်မဟန်ဘူး မောင်ရဲ့။ ဖြစ်နိုင်လျင် အိမ်ကို လိုက်ပြီး သုံးဆောင်ပါလား"
"ဟာ.. မလိုပါဘူး ဦးမင်း၊ ကျွန်တော်က ကိန်းကြီးခန်းကြီးသမား မဟုတ်လို့ ဘယ်လိုဖြစ်ဖြစ် ရပါတယ်။ နားစရာ စားစရာ ပေးတာပဲ ကျေးဇူးတင်လှပါပြီ"
"အေးကွယ်.. ကိုင်း၊ ကိုင်း။ ပြင်ဆင်လို့ ပြီးရင် စားကြတာပ။ မိရီ.. လက်ဆေးရေ ယူခဲ့စမ်း"
အေးသင်း ပြင်ပေးသော ထမင်းပွဲ၌ အဖေအမေနှင့် ဧည့်သည်တို့ ထိုင်လိုက်ကြပြီး ငတိုးတို့ မောင်နှမ သုံးယောက်ကတော့ နှီးဒေါင်းလန်းပဲ့ကြီးတွင် ထမင်းသုံးပုံ ပုံ၍ စားလိုက်ကြ၏ ။
"စစ်သည်လည်း ဆိုသေး၊ အစားနည်းလှချည်လားဟဲ့"
အမေကြီး၏ စကားကြောင့် လူရွယ် ပြုံးမိရ၏ ။ ဘာမှတော့ ပြန်မပြော။ ဆန်ကောင်းသော်လည်း လည်နင်နေသည်။ ငတိုးက
"နောင်ကြီး အားမနာနဲ့နော်။ စားပြီး ရွာကို လိုက်သွားပါလား။ သည်မှာ တစ်ညဥ့်တော့ အိပ်ပါဦး။ မနက်မှ ထသွားပေါ့။ လှည်းနဲ့ လိုက်ပို့ပါ့မယ်"
ထိုစဥ် ကောက်စိုက်သမများ လဲလျောင်းနေကြရာဆီမှ အသံထွက်လာသည်။
"ရွှေယောက်ဖရေ.." "ဝေလေလေ"
ငတိုးနှင့် ဧည့်သည် မျက်လုံးပြူးသွားပြီး ညီအစ်မ နှစ်ယောက်ကတော့ မဲ့ပြုံးများ ပြုံးလိုက်ကြ၏ ။ တကယ်ဆို သူတို့သည် သူတို့မောင်ကြီးအား မင်းမှုထမ်းရန် ခေါ်သွားနိုင်သည့် လူရွယ်အား စိတ်လက်ကြည်လင်ကြခြင်း မရှိ။ ဖြစ်နိုင်လျင် မောင်ကြီးငတိုး ပြင်ဆင်ချိန် မရမီ လူရွယ် ထွက်သွားစေချင်သည်။ သို့သော် ငတိုးနှင့် အမိအဖတို့က ဇွတ်အတင်း ခေါ်နေကြသည်ဖြစ်၍ ခရီးသည်မှာ ကြာရှည် မငြင်းနိုင်တော့ဘဲ ရွာသို့ ပါသွားလေတော့သည်။
သူတို့မောင်နှမများ လုပ်ငန်းခွင်ပြီး၍ ပြန်လာတော့ ဧည့်သည်လူရွယ်နှင့် အိမ်နီးနားချင်းအချို့သည် နွားတင်းကုပ်အမိုးပေါ် တက်၍ သက်ကယ်မိုးနေကြသည်ကို မြင်ကြရ၏ ။ အေးသင်းတို့က ခါးတောင်းကျိုက်ထားသည့် ပေါင်ဖြူကို လှောင်ရယ်လိုက်ကြပြီး ငတိုးကတော့ ဝိုင်းထဲရောက်ရောက်ချင်း
"အဘတို့ကလည်းဗျာ.. ဧည့်သည်ကို အမိုးပြင်ခိုင်းနေရတယ်လို့"
ဟု ညည်းညည်းညူညူ အော်လိုက်၏ ။
"ဟဲ့.. တို့က ခိုင်းတာ မဟုတ်ဘူး။ သူ့ဘာသာ ပုံထားတဲ့ သက်ငယ်တွေ တွေ့ပြီး ဘယ်အတွက်လဲ မေးလုပ်နေတာ။ မလုပ်ပါနဲ့ဆိုတာ မရဘူး၊ သာရွှေတို့လည်း မနေနိုင်ပြီး လာကူကြရတာပ"
"နောင်ကြီး၊ ဆင်းတော့.. ဆင်းတော့၊ ကျုပ်က မိုးကျခါနီးမှ ပြင်တော့ဖို့ ထားတာဗျ။ အဲသည်အမိုးက ခုနေလုပ်လည်း ဟောင်းသွားမှာမို့ မပြင်တာ"
"မပြင်တော့ နွားတွေ နေပူမှာပေါ့ ညီငယ်"
အမိုးပေါ်မှ တစ်ဦးကလည်း
"တို့လည်း ပြောနေသာ ကြာပါပြီကွာ။ ငတိုး ပျင်းနေသာပါ။ တကယ်လုပ်ရင် မကြာပါဘူးဟ"
အိမ်ရှေ့၌ မိန်းမအချို့နှင့် ကလေးများက ဝိုင်းကြည့်နေကြသဖြင့် ခရီးသွားဧည့်သည်အား ဆင်းခိုင်းပြီး ငတိုး ဝင်ကူလိုက်ရသည်။ ထို့နောက် လူရွယ်က သူကြီးအိမ် သွားချင်သည်ဆို၍ ငတိုးအဖ ဦးပေါက် လိုက်ပို့လေသည်။ သွားစဥ်က ဦးပေါက်သည် အရှေ့မှ၊ ဧည့်သည်က အနောက်မှ လိုက်သွားပြီး အပြန်ဝယ် ဧည့်သည်နောက်မှ ဦးပေါက် ယို့ယို့ကလေး လိုက်ပါလာသည်ကို တွေ့ရသည်။
ငတိုးသည် ပြန်လာကြသူနှစ်ဦးအား ကြည့်ရင်း တစ်ခုခု ထူးခြားနေသလို ခံစားရ၏ ။ လမ်းတွေ့သမျှ လူကုန် နှုတ်ဆက်တတ်သော သူ့အဘ နှုတ်ဆိတ်လျက် ဝင်လာခြင်းကြောင့် ဖြစ်မည်။ အဘကို သူကြီးက ဆူလိုက်သည်ဟု ထင်နေသည်။ ဧည့်သည်ကပင် ပြန်စောင့်ခေါ်နေရ၏ ။
ဦးပေါက်သည် မျက်နှာ မသာမယာဖြင့် အိမ်ပေါ် ကုပ်ကုပ်ကလေး တက်သွားရာ ဇနီးသည် ဒေါ်စိန်ရင် နောက်မှ လိုက်တက်သွားလေသည်။ လူရွယ်ကလည်း အိမ်ရှေ့ခုံတန်းလျားပေါ် ထိုင်ရင်း အိမ်ပေါ်သို့ မျှော်ကြည့်နေ၏ ။ ငတိုးမှာ အလုပ်များ လက်စသတ်နေရခြင်းကြောင့် မမေးနိုင်။
ညနေတွင်မူ အလွန် အာဝဇ္ဇန်းရွှင်တတ်သော ဦးပေါက် နှုတ်နည်းနေသဖြင့် ငတိုးက ဧည့်ခံပေးနေရလေသည်။ သူတို့အိမ်သို့ လာကြည့်ကြသော ရွာသူရွာသားများအား ညီအစ်မနှစ်ယောက်က အိမ်ရှေ့ ဝဲလင်းဆောင်၌ ဧည့်ခံနေကြရပြီး ဒေါ်စိန်ရင်မှာ နောက်ဖေး လက်တီးနှင့် မီးဖို တန်းလျားဆောင်မှ ထွက်ရသည်မရှိချေ။
လူရွယ်မှာလည်း လာကြသမျှ လူကြီးလူငယ်တို့ အမေးစကားများကို ဖြေနေရသည်။ ရွှေနန်းတော်ထဲ ရောက်ဖူးလား၊ နန်းတော်ကြီး ကျယ်ရဲ့လား၊ စစ်တိုက်ရမှာပေါ့၊ ပွဲမရဘူးလား၊ အလောင်းမင်းကြီး တယ်ခန့်ညားဆို စသည့် မေးခွန်းများ၊ သိုင်းကစားပြပါ.. မွန်တွေနဲ့အကြောင်း ပြောပါဦး ဟူသည့် တောင်းဆိုမှုများအား အလိုက်သင့် အလျားသင့် ဖြေဆိုနေရ၏ ။
ညရောက်သောအခါ သူကြီးအိမ်မှ ပို့လိုက်သော ခဲဖွယ်များသည် စုံလင်များပြားလှသောကြောင့် တစ်ရွာလုံး အံ့သြကြရသေးသည်။ အလွန်ကပ်စေးနှဲလှသည်ဟု သြချကြရသော သူကြီး၏ စေတနာကို ခံယူခွင့်ရသူမှာ ကံထူးလှပါပေ၏ ဟု အချို့က မှတ်ချက်ပြုကြလေသည်။
ညီအစ်မနှစ်ယောက်နှင့် ကာလသားသမီး လူငယ်အပေါင်းတို့လည်း မကြာမီပင် ဝဲလင်းဆောင်မှ လူငယ်အိပ်မည့် ဧည့်နေ တောင်ဆောင်ဘက်သို့ ကပ်သွားကြ၏ ။ လူကြီးများ မေး၍ ခရီးသွားလူရွယ် ဖြေသော အကြောင်းအရာများမှာ အထူးအဆန်း ဖြစ်နေပြီး သူတို့ နားစွင့်နေခဲ့ရသည့် စစ်ပွဲများအကြောင်းကို အတွင်းကျကျ ပြောပြနိုင်ခြင်းကြောင့် ဖြစ်သည်။
အဘဘိုးချင်းကတော့ ကြားရသည့် အကြောင်းချင်းရာတို့ထက် လူရွယ် သုံးသပ်ပြပုံများက ပို၍ စိတ်ဝင်စားစရာကောင်းသည် ဆို၏ ။ မုဆိုး ဖိုးသာဒိုးကလည်း တောလည်ကြသည့် အတွေ့အကြုံကို အခြားသူ ပြောပြသည်ထက် တောအကြောင်း သားကောင်အကြောင်း နားလည်သူက ပြောသည်မှာ ပို၍ နားထောင်ကောင်းသည်နှင့် တူ၏ ဟု ထောက်ခံသည်။
ငတိုးအဖ ဦးပေါက်ကတော့ အနီးသို့ မလာ၊ အဝေးမှ နားထောင်နေသည်။ စကားလည်း ဝင်မပြော၊ မေးလျင်လည်း တစ်လုံးချင်း ပြောနေသဖြင့် ငတိုးက အားမရ။ သူက လူရွယ်နှင့် ရင်းနှီးချင်နေသည်ကိုး။
ညဥ့်နက်လာ၍ လူစုကွဲစတွင် အဘဘိုးချင်းက စကားတစ်ခွန်း ဆိုလိုက်၏ ။
"မောင်ရင်လေး အမည်က ငညိုသူ ဆိုတော့ ဟို မြင်းရည်တက်ဘွဲ့ လင်္ကာလေး သတိရမိတယ်။ အနောက်နားမှာ ညိုသူ ပြိုင်ကောင်း ရယ်လို့ ပါသမို့လား"
ဧည့်သည်လူရွယ် တွန့်သွားပြီးမှ
"ရဲမက်တော်တွေထဲမှာ ငညိုသူအမည်တွေက အများကြီးပါ အဘိုးရာ"
ဟု ဆိုသည်။ ငတိုးက ဝင်၍
"သူရဲကောင်း ဦးကောင်းကိုရော မြင်ဖူးလား"
"မုဆိုးဘို ရောက်ခါစကတော့ မကြာခဏ မြင်ဖူးပါတယ်။ နောက်ပိုင်း သိပ်မတွေ့မိဘူး"
"မုဆိုးခြုံဗိုလ်ကြီးကိုရောဗျာ"
"ဦးတွန်မဟုတ်လား"
ပန်းကန်ခွက်ယောက်များ သိမ်းဆည်းရန် လာသည့် နှမလုပ်သူက
"မောင်ကြီးလည်း ဒါတွေပဲ မေးနေတော့တာပဲ။ မနက် ဘယ်သူတွေ ခေါ်လို့ ဘယ်သူတွေ မအားကြဘူးလဲဆိုတာကျ အာရုံမရှိပါလား"
"သြော်.. ညည်းတို့ ခုနက တစ်ခါတည်း ပြောလိုက်ကြပါလား။ ငါက သည်တစ်ညသာ မေးခွင့်ရှိတယ်၊ ကိုရင်ညိုသူက မနက်စောစော ထသွားမယ် တဲ့ဟ"
ဒေါ်စိန်ရင် အနောက်မှ ရောက်လာပြီး
"ဟဲ့.. မောင်မင်းကြီးသား၊ နေပါဦးလား။ အရေးတော် မကြီးရင် နှစ်ရက်သုံးရက်တော့ နေပါဦး။ တို့အိမ်က ဆင်းရဲပေမယ့် မောင့်လို လူတစ်ယောက်ကိုတော့ လိုလေသေးမရှိ ထားနိုင်ပါတယ်"
လူရွယ်က ဦးပေါက်အား ဖျတ်ခနဲ ကြည့်သည်။ ဦးပေါက် မနေတတ် ဖြစ်သွားပြီး
"မရင်.. လာဦး၊ ဘာတွေ သွားပြောနေတာလဲ"
ဒေါ်စိန်ရင်က အူလည်လည်ဖြင့်
"အေးလေ၊ ကိစ္စတွေ ရှိနေတော့လည်း သွားပေါ့။ တို့က ခင်လို့ တားတာနော့။ တခြား ဘာအကြောင်းကြောင့်မှ မဟုတ်ဘူး။ ဘာကိုမှ မျှော်ကိုးလို့လည်း မဟုတ်ဘူး မောင်ရင်လေးရဲ့"
ဦးပေါက် ထလာပြီး ဒေါ်စိန်ရင်လက်ထဲမှ ရေနွေးကြမ်းအိုးအား ဆွဲယူလိုက်ကာ
"အနောက်မှာ ရေဆူနေသံ ကြားတယ်။ လက်ဖက်ခြောက်လေးလေး ခပ်ချေစမ်း မယ်ရင်"
ဆိုလျက် ဆွဲခေါ်သွား၏ ။ အနောက်ဘက်မှ 'တယ်နပါ့လား မရင်.. ဟင်' ဟူသော အသံသဲ့သဲ့ကို ကြားလိုက်ရသေးသည်။ နားမလည်ကြသော သားသမီးတို့မှာ သူတို့ဖခင် ဘာဖြစ်လာသည်မသိ ဟုသာ တွေးနေကြသည်။
နံနက်လင်းလျင် လင်းချင်း ဧည့်သည်လူရွယ်က ငတိုး လှည်းဖြင့် လိုက်ပို့မည်ကို မခံဘဲ ထွက်သွားလေသည်။ ငတိုး ကမန်းကတမ်း ထ၍ လှည်းပြင်သော်လည်း မမီ၊ အမှုတော်ကို ထမ်းရွက်လိုကြောင်း မင်းကြီး မင်းထင်နော်ရထာအား လျှောက်ကြားပေးပါရန်ကိုသာ အလျင်အမြန် မှာလိုက်ရသည်။ လူရွယ်က ငတိုးအား
"မင်းမှုထမ်းရတယ် ဆိုတာ ကိုယ့်လယ်ကိုယ့်ယာ ကိုယ့်မိသားစုနဲ့ လုပ်ကိုင်နေရသလောက် မကောင်းပါဘူးဗျာ။ သူတို့အကျိုးအတွက် အသက်ကို ပေးအပ်ပြီး အသေခံ ထမ်းရွက်ရတာမျိုးပါ။ ရွာမှာ အေးချမ်းနေတဲ့ ဘဝကို ပစ်ပြီး အသက်နဲ့ရင်း ရလာမယ့် အကျိုးအမြတ်ကို မမျှော်စကောင်း၊ အမိအဖတို့ ပြောသလိုသာ အချိန်အခါကို စောင့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်"
ဟု ပြောသွားသေးသည်။ ငတိုးကတော့ နားမဝင်ပါ၊ သူမပြောပေးလည်း အရှေ့ဝင်းတော်မှူးကြီးကိုယ်တော်တိုင် ကြွလာလျင် ရအောင်လိုက်မည်ဟု တေးထားလိုက်သည်။ ဆွမ်းခံဝင်ချိန် သူကြီးမင်း ရောက်မလာသေးမီအထိ ဖြစ်၏ ။ သည်နံနက်မှ သူကြီးဦးပိန်ရိုး မလာစဖူး ပေါက်ချလာပြီး
"ဟိတ်.. ငတိုး၊ မင်းတို့ ဧည်သည်ရောကွ"
ဟု မေးနေသည်။ ငတိုးက
"စောစောကြီးကပဲ ထွက်သွားပြီလေ။ ဦးလေး ဦးပိန်က ဘာလုပ်ဖို့လဲ"
"ဘာ.. သွားပြီလား။ ဘာမှတောင် မလျှောက်လိုက်ရပါလား.. ဒုက္ခပဲ"
"ဘာကို လျှောက်မလို့လဲဗျ"
ဖခင်ဖြစ်သူ ထွက်လာသဖြင့် ငတိုး နောက်ဆုတ်ပေးလိုက်၏ ။ သူ့အဘက တဘက်ကို ပတ်ပေါင်း ပေါင်းလိုက်ပြီး
"တကယ့်သူငယ်ပဲကွာ၊ သူ့အကြောင်း လူသိမှာစိုးလို့ ထင်ရဲ့။ တစ်ချိုးတည်း ပြေးတာပ မောင်ပိန်"
"ကျုပ်က ဆင်တွေ မြင်းတွေနဲ့၊ ရွှေထီးတွေ ရဲမက်တွေ ရံပြီး မင်းကြီးကြွလာလိမ့်မယ်ပဲ ထင်ထားတာ"
ငတိုး မျက်လုံးကျယ်သွား၏ ။
"ဟင်.. ဟင်၊ မင်းကြီးက ကြွမလာတော့ဘူးတဲ့လား။
အဲဒါကို ဘာလို့ မပြောကြတာလဲ။ အဘ မနေ့ညကတည်းက သိတယ်မဟုတ်လားဗျ။ ကျုပ်တို့ရွာဘက် မလာဖြစ်တော့ဘူး ဆိုသလား"
"မဟုတ်ပါဘူးကွာ"
"လာတော့ လာတယ်ကွ၊ သူ့ဘာသာ တစ်ယောက်တည်း လာပြီး ခြေလျင် လျှောက်လာသတဲ့။ ပြီးတော့လည်း ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့ ဆိုပြီး မှာထားလို့ ငါ့မှာ ညက မစိန်ရင်ကို ပြောမိတာတောင် မှားသွားပြီလားလို့ ရင်တထိတ်ထိတ်"
"အလို.. ဦးကြီးက ကြီးစိန်ရင်ကို ပြောလိုက်သေးသလား။ ကျုပ်တော့ မင်းပြစ်ဒဏ်သင့်မှာ ကြောက်လို့ သူကြီးကတော်ကိုတောင် မပြောဝံ့ဘူးဗျို"
"အဘတို့ ဦးလေးတို့ ဘာတွေ ပြောနေကြတာလဲဗျာ၊ ကျုပ်လည်း ပြောကြပါဦး"
သူကြီးအသံကြား၍ ထွက်လာကြသော အေးသင်း ရီရီ ညီအစ်မ၊ အိမ်နီးချင်းများနှင့် စပ်စပ်စုစု လုပ်တတ်ကြသူများကို ဦးပေါက်က ပြောရန် ဟန်ပြင်စဥ်
"ဦးကြီး မပြောနဲ့၊ ကျုပ်ပဲ ပြောပြလိုက်မယ်။ မနေ့က တို့ဆီ ဝင်လာတာ သာမန် ရဲမက်စစ်သည် ဟုတ်ရိုးလား။ မင်းကြီး မင်းထင်နော်ရထာ ကိုယ်တိုင် မထင်မရှား တစ်ဦးတည်း ခရီးထွက်လာတာတဲ့ဟ.. တောက်"
"ဗျာ.. သူက၊ ကိုရင်ညိုသူက မင်းကြီး မင်းထင်နော်ရထာ.. ဟုတ်လား။ ဟာ.. မဖြစ်နိုင်တာ၊ ငယ်ငယ်လေး ရှိသေးတာပဲ"
"အေး.. သူကလည်း ပြောတယ်။ သူ့အသက် ငယ်နေလို့ ဘယ်သူကမှ မထင်ကြတာနဲ့ ခုလို လွတ်လွတ်လပ်လပ် သွားလာလို့ ရနေတာ ဖြစ်သတဲ့။ ဒါ့ကြောင့် ငါတို့ကလည်း ဘယ်သူ့ကိုမှ မပြောဘဲ နေပေးပါ တဲ့ဟ။ ငါ့ဖြင့် ပြောချင်လွန်းလို့ တစ်ညလုံး ကလိကလိနဲ့ အိပ်မပျော်ဘူး။ သူ့ကို ဘာမှလည်း မပြောလိုက်ရ၊ လက်ဆောင်တော်မှ မထည့်လိုက်ရပါလား ကိုပေါက်ကဲ့"
"ငါ့လည်း ဘာထူးလဲဟ မောင်ပိန်။ အရှေ့ဝင်းမှူး မင်းကြီးကို အိမ်ဦးမှာတောင် နေရာမချမိလို့ အပြစ်ပြုမိသလို ခံစားနေရတဲ့အထဲ မယ်ရင်က ဘာတွေ သွားပြောမှန်းမသိ။ မပြောနဲ့ ဆိုတာကို မနေနိုင်လို့ ပြောမိပါတယ်.. ခက်ကုန်တော့မှာပဲ လို့ ထိတ်နေရတယ်"
ကောက်စိုက်မည့်သူများလည်း သူတို့အိမ်ရှေ့ ရောက်လာကြပြီ ဖြစ်ရာ လူများဝိုင်းလာသည်။
"အဲဒါဆို အဲဒီလူက တကယ် မင်းထင်နော်ရထာပေါ့နော်"
"ဟယ်.. ဒီကလေးမတွေ၊ ငါတို့က မဟုတ်မဟတ် ပြောပါ့မလား"
အေးသင်းက လျှာထုတ်လိုက်သော်လည်း မိရီက မျက်လုံးဝိုင်းကလေးနှင့်။ ငတိုးမှာတော့ မယုံနိုင်။
"လက်ျာဘီလူး ဆိုတာ သူပေါ့.. ဟာ၊ ကြည့်စမ်း။ အရှင်လတ်လတ်ကြီး မြင်လိုက်ရတာကို မသိဘူး။ ဘီလူးရုပ်တွေ မြင်ကတည်းက၊ ဓားကို တွေ့ကတည်းက မေးလိုက်ရမှာကို မမေးမိတာ။ ဟိုနှစ်ယောက်ကလည်း နာချင်လို့ သွားလှောင်နေလိုက်ကြသေး"
"မသိလို့ပေါ့တော်၊ သိရင် မလှောင်ရဲပါဘူး"
ထိုအခါ ကောက်စိုက်သမများက
"မနေ့က ပြောတော့ လိုက်သွားမယ်ဆိုအေ့"
"လိုက်စရာလား၊ ဘီလူးစီးပြီး ကုပ်ချိုးသတ်နေမှ.. ညည်းတို့ပဲ လိုက်သွားကြ။ ဘာတဲ့.. ကောင်လေးက ချောသဆို။ ရွှေယောက်ဖဆို.. သွားတော်ကြလေ"
"မသိလို့ စနောက်မိတာပါအေရဲ့။ ကြွလာမယ့် မင်းကြီးမှန်းသာ သိရင် ဌေးကြွယ်တို့ ဖင်ထောင်ပြီး ရှိခိုးလိုက်မယ့် အမျိုး"
ထိုအခါ ငတိုးက စိတ်ပေါက်ပေါက်နှင့်
"အေး.. နင်တို့ ဘာမှန်းမသိ ဘယ်သူမှန်းမသိ ရမ်းသမ်း ပြောကြ ပြောင်ကြနဲ့။ ဟိုက ဟော့ဟော့ရမ်းရမ်း မလုပ်တတ်လို့ပေါ့.. လုပ်တတ်ရင် အကုန်သေကုန်မယ်။ ကြည့်ကြပ်နောက်ပြောင်ကြ"
ဟု ကြိမ်းရင်း စိတ်ထဲမှလည်း
"သူကလည်း ခပ်တည်တည်နဲ့ နောက်သွားတာပါပဲ။ ငါတို့အားလုံးကိုတောင် အရူးလုပ်သွားတာ.. အတော်ဆိုးတဲ့ မင်းထင်နော်ရထာ"
ဟူ၍ တွေးနေမိလေ၏ ။