ဒဂုံကို ရပြီးနောက် မြို့ဟောင်း၏ အနောက်မြောက်ဘက် တာ ၂၀၀ ကျော်၌ တန်ဆောင်း၊ ပြအိုးများ ပါသည့် သစ်တပ်မြို့နှင့် ကျုံး မြောင်း တဲနန်းတော်ကြီးတို့ ဆောက်လုပ်ကာ ရန်ကုန်မြို့ဟု အမည်သညာ မှည့်ခေါ်ပြီးစ အချိန်။
တဲနန်းတော်ကြီး၌ အလောင်းမင်းတရားနှင့် ဗိုလ်မှူး စစ်ကဲများ စစ်ရေး ဆွေးနွေးနေကြရာသို့ စစ်သင်္ဘောလေးစင်းကို အုပ်ချုပ်ရသည့် အင်္ဂလိပ်တပ်များမှ ကပ္ပတိန်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဝေါ်လ်တာ ရောက်ရှိနေရ၏ ။ သူက တာမွေအရပ်တွင် တပ်ကြီးတည်လာသည့် မွန်တို့အား မြန်မာတို့ဘက်မှ နေ၍ ဝင်ရောက်ကူညီ တိုက်ခိုက်ပေးရမည် ဖြစ်သည်။
သို့ရာတွင် မြန်မာတို့သည် စစ်ကို စစ်နှင့်တူအောင် မတိုက်၊ အလွန်ပေါ့လျော့ ပျင်းရိနေကြသည့်ပုံ ပေါ်နေ၏ ။ သူ၏ စကားပြန်မှတဆင့် ကြားသိနေရသည်မှာ မြန်မာဘုရင်နှင့် သူ့မှူးမတ်များသည် စစ်ရေးအကြောင်းထက် အရေးမပါသည့် အခြားကိစ္စများကို ဆွေးနွေးနေကြပြီး သာကြောင်း မာကြောင်း မေးမြန်းသည်က များနေသည် ဟူ၏ ။
သူ့အလိုအတိုင်း ဆိုသော် မွန်တို့ ငမိုးရိပ်ချောင်းကို ကူးလာစကပင် ချောင်းအတွင်းသို့ စစ်သင်္ဘောဝင်လျက် အမြောက်ဖြင့် ပစ်ခတ်နှောင့်ယှက်ရပါက မွန်တို့ တပ်တည်ရန် ခက်ခဲလိမ့်မည်ဟု တွက်သည်။ တွက်ဆမိသည့်အတိုင်းလည်း မြန်မာဘုရင်အား အကြံပြုပါသည်။ သို့သော် မွန်တို့၏ ရန်ကို အရေးတယူ မရှိလှသော အလောင်းဘုရားက ပြောသည်ကို ကြည့်ပါ၊
"ယခု ထွက်တိုက်ချေသော် တပ်မပြီးခင် ငါတို့ပျက်ရသည်ဟု စိတ်မပြေ၍ နောက်တစ်ခါ လာပြန်ဦးမည်။ တပ်တောင်တာ ခိုင်လုံ၍ ဆင်ခလုတ် မြင်းခလုတ် စိုက်မိမှ တိုက်လံရလျင် နောက် မလာဝံ့ပြီ"
ဟူ၏ ။ အလွန်ဘဝင်မြင့်လှသော၊ ရန်သူကို အထင်သေးလွန်းသော၊ စစ်ရေးကြီးတစ်ခုကို ပေါ့ပျက်ပျက်သာ သဘောထားသော ထိုစကား ကြားရကတည်းက သူ အကြီးအကျယ် စိတ်ပျက်ခဲ့ရသည်။ သို့သော် ကူပါမည်ဟု ကတိပေးမိထားသည့်အလျောက် သူတို့နှင့်အတူ ဤတစ်ကြိမ်တော့ ခက်ခက်ခဲခဲ တိုက်ခိုက်ပေးရလိမ့်ဦးမည်။ နောင်တွင် ဤဘုရင်အား မကူတော့ ဟု စိတ်ပိုင်းဖြတ် ားပြီး ဖြစ်သည်။
ယခုလည်း မွန်တို့က တပ်တည်ပြီး၍ အင်အားကြီးစွာ၊ တပ်ခိုင်လုံစွာ၊ ခလုတ်ဆူးညောင့် ထူထပ်စွာ ချပြီးချိန်အထိ အေးအေးဆေးဆေးသာ ရှိနေကြသည်။ နောက်တစ်နေ့နံနက် တိုက်မည်ဟုလည်း ဆိုသည်၊ ယခုထိ စစ်ရေးများကို မဆွေးနွေးသေး။ မည်သို့ တိုက်ကြမည်၊ မည်သူ မည်သည့်အရပ်မှ ဝင်မည်၊ မိမိတို့က အဘယ်သို့ ကူရမည်ကိုမူ အာရုံရကြဟန်ပင် မပေါ်ချေ။
အချိန်ကြာသည်အထိ ကွမ်းလေးယာလိုက်၊ လက်ဖက်အုပ်ကလေး ဖွင့်လိုက် လုပ်နေကြသောအခါ အောင့်အည်းသည်းခံနေရသော ဗိုလ်ဝေါ်လ်တာထံမှ အသံထွက်လာသည်။
"ဆွေးနွေးပွဲ မစကြသေးဘူးလား၊ ဘာကို စောင့်နေကြတာလဲ"
သူ့အမေးကို မြန်မာတို့ ကြည့်နေကြသည်။ နားလည်သွားသောအခါ အမတ်တစ်ဦးက ပြန်ဖြေပေး၏ ။
"တပ်မှူးတစ်ဦးကို စောင့်နေကြတာပါ တဲ့"
"ဘာ.. တပ်မှူးတစ်ဦးကို..."
A captain ဟု ဘာသာပြန်သောကြောင့် မှားများ ပြန်သလားဟု စကားပြန်ကို ထပ်မေး၏ ။ စကားပြန်က
"ဟုတ်ပါတယ်၊ တပ်မှူးတစ်ဦးလို့ ပြောပါတယ်"
ဝေါ်လ်တာ စိတ်ပျက်လက်ပျက်ဖြင့် လက်နှစ်ဖက်ကို မြှောက်ပြလိုက်ရလေတော့သည်။ မြန်မာတို့ အချိန်ဆွဲပုံ၊ ဖင့်လေးပုံတို့အား လက်တွေ့ မြင်လိုက်ရသည့်အတွက် ထိုင်ခုံပေါ် ခြေပစ်လိုက်ပစ် ထိုင်ကာ ဆေးပြင်းလိပ်ကြီးတစ်လိပ်ကိုသာ ထုတ်သောက်နေလိုက်တော့၏ ။
ဆံပင်ဖားလျားနှင့် ဗိုလ်တစ်ဦး ဝင်လာတော့မှ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ စကားပြန်က ဖြေခဲ့သည့် အမတ်ကို ကပ်မေးပြီး သူ့အား ခေါင်းညိတ်ပြသည်။ သူတို့ စောင့်နေခဲ့ကြသည် ဆိုသော တပ်မှူး၊ ငယ်ရွယ်သေးသော လုလင်က ဆံပင်ကို စည်းနှောင်လိုက်ကာ မင်းတရားအား ရှိခိုးပြီးနောက် စကားစ၏ ။
"မွန်တို့ တာမွေတပ်ကြီး အလုံးစုံ ပြီးမြောက်ကြောင်း သံတော်ဦး တင်ပါသည်ဘုရား"
စကားပြန်က သူပြောသမျှ ချက်ချင်း ဘာသာ လိုက်ပြန်ပေး၏ ။ ဝေါ်လ်တာက လှည့်မကြည့်ဘဲ နားထောင်ရင်း အပြင်သို့သာ ကြည့်နေလိုက်သည်။ စိတ်ထဲမှလည်း အရေးမပါတာ၊ အခုမှ ဒါကို သတင်းလုပ် ပြောနေတယ်ဟု တွေးလိုက်မိသည်။
"ဗိုလ်မှူးပြုသူမှာ လက်ျာဗိုလ် ဖြစ်ပါသည်။ အင်အား နှစ်သောင်းခန့်ဟု ခန့်မှန်းရကြောင်းပါ"
တော်သေးသည် ဆိုရမည်။ စစ်တွင် လိုအပ်သော အချက်အလက် အချို့ကို ဘယ်က ရှာဖွေစုံစမ်းလာသည်မသိ၊ အနည်းငယ် ပြောနိုင်၍ တော်ပါသေးသည်။
"မြင်း ၂၀၀၀၊ သေနတ် ၅၀၀၀ ပါပါလိမ့်မည်"
ဝေါ်လ်တာ လှည့်ကြည့်မိသည်။ သည်သူငယ်က သူလျှိုများလား ဟု ထင်မိသောကြောင့် ဖြစ်သည်။ လူရွယ်ကတော့ သူ့ကို ဂရုမစိုက်။ တပ်တာက မည်မျှ၊ အမြင့်က ဘယ်လောက်၊ ဘယ်အရပ်မျက်နှာမှာ မည်သည့်အားနည်းချက် အားသာချက် ရှိသည် ဆိုသည်တို့ကို စာကျက်လာသလို ဆက်ပြောနေရာ နားထောင်နေကြသည့် အခြားသူများနှင့်အတူ ဝေါ်လ်တာပါ သူ့ကို ငေးကြည့်နေမိလေပြီ။
ထိုမျှ တိကျသော သတင်းအချက်အလက်၊ စစ်ရေး အစီအမံများကို အဘယ်သို့ သိလာသနည်းဟု အံ့သြချင်ချင် ဖြစ်နေသည်။ ဖြီးဖြန်းနေသည်ဟုလည်း ထင်ချင်နေ၏ ။ သို့ရာတွင် စောစောက ပေါ့ပျက်ပျက် မြန်မာများအားလုံး၏ မျက်နှာများသည် ယခုအခါ စစ်သတင်းအပေါ် အလေးအနက် နားစိုက်ထောင်နေကြဟန် ပေါ်လွင်လှသည်။
"သေနတ်သား ၃၀၀၀ မှာ ဆံတော်ရှင်ဘုရား မြောက်ဘက် တောင်တဲများက ပုန်းအောင်းနေကြပါသည်"
ကပ္ပတိန်ဝေါ်လ်တာ မနေသာတော့ပြီ။
"နေပါဦး၊ နေပါဦး။ မင်း ရလာတဲ့ သတင်းအားလုံး အမှန်ပဲလား။ ပုန်းအောင်းနေတာတွေပါ အတိအကျ သိလာတယ် ဆိုတာ တကယ်ပဲလား"
တပ်မှူးက ခပ်တည်တည် ကြည့်နေရာမှ စကား နားလည်သွားသော အချိန်တွင် အေးစက်မှုန်မှိုင်းသွားကာ စကားတစ်ခွန်း ပြန်ပြော၏ ။ အလွန်တိုတောင်း ပြတ်သားသော စကားဖြစ်သည်။
"သွားကြည့်လေ"
စကားပြန်က ခေတ္တ ရပ်နေပြီးမှ 'Go and see' ဟု ပြောကြောင်း ဆိုသည်။ သူတို့နှစ်ယောက် တစ်ဦးကို တစ်ဦး စိုက်ကြည့်နေမိကြ၏ ။ အလောင်းမင်းတရားက
"ငစံငယ်.. အခြား ဘာသတင်းများရော ကြားရသေးလဲ"
"ကျွန်တော်မျိုး စုံစမ်းရသမျှမှာ ဗိုလ်မှူး ဒေါစွယ်ယစက်အား လှေကြီးတစ်ရာနှင့် ပုသိမ်ကြောင်း စေလွှတ်၍ ရန်ကင်းစံရာမှ သွင်းလာမည့် ကျွန်တော်မျိုးတို့ ရိက္ခာလှေများကို ဖျက်ဆီးရမည်ဟု ခန့်လိုက်ကြောင်းပါ"
အံ့သြခြင်း ကြီးစွာဖြင့် မျက်လုံးကြီး ပြူး၍နေသော ဝေါ်လ်တာ၏ အမူအရာကို မင်းတရားက ရိပ်စားမိသည့်အလျောက်
"မောင်မင်း အသို့ပြု၍ သိလာသနည်း"
"ကျုံးအပြင်၌ ဆင်ခလုတ် မြင်းခလုတ် ဆင်၍ ပြီးစီးသဖြင့် တပ်တွင်းဝင်မည့် မွန်တပ်သားတစ်စုအား ခြောက်လှန့်လျက် ကြီးကြပ်ရသူ ဗိုလ်ကို ချက်တဖြုတ် ဝင်ဖမ်းကာ စစ်မေးသဖြင့် သိရပါသည်"
"ယင်းဗိုလ်ရော.. ရှိသေးသလား"
"အပြစ်မရောက်အောင် သွန်သင်၍ ပြန်လွှတ်ပေးလိုက်ကြောင်းပါ"
"မွန်စကား နားလည်သည့်သူ ပါသလား"
"အိုးစားကြီး ငတိုက်မောင်း အတော်အတန် နားလည်ပါသည်ဘုရား"
အလောင်းမင်းတရားက ဝေါ်လ်တာကို တစ်ချက် ကြည့်လိုက်ရာ ဘာသာပြန်သူ ပြောပြသည်ကို နားထောင်ရင်း ပါးစပ်မှ ဆေးပြင်းလိပ် လွတ်ကျသွားသည်ကို မြင်လိုက်ရသည်။
ဝေါ်လ်တာမှာ ယခုမှ တပ်မှူးတစ်ဦးအား အဘယ့်ကြောင့် စောင့်နေခဲ့ကြသည်ကို နားလည်လာလေပြီ။ စစ်ပွဲတစ်ပွဲအား ချည်းကပ်ရာတွင် သတင်းအချက်အလက် ရရှိရေးသည် အလွန်အရေးကြီးရာ ယခုအခါ တပ်မှူးငယ် ပြောသမျှသည် လုပ်ရေးကြံရေးအတွက် စီမံနိုင်ရန် ပြည့်စုံသလောက် ရှိနေ၏ ။
အချို့အချက်များသည် ယခု တာမွေတိုက်ပွဲအတွက်သာမက ကြိုတင်စီစဉ်ထားရန် နှင့် ကာကွယ်ရေးများအတွက်ပင် ပါနေချေသေးသည်။ ထို့နောက် ဗိုလ်မှူးတပ်မှူးများနှင့် ဆွေးနွေးခြင်း စကြပါလေပြီ။ အလောင်းမင်းတရားက အမိန့်တော် ချမှတ်သည်။
"ငါ့သားတော် အိမ်ရှေ့မင်းမှာ အိမ်ရှေ့အမှုထမ်းနှင့် လက်ဝဲကြောင်း၊ သားတော် မြေဒူးမင်းမှာ လက်ျာကြောင်းက ချီရမည်။ နန်းတော် အမှုထမ်းတပ်မှာ ဝမ်းလှိုင်က နေရမည်။ သေနတ်လုလင်တို့သည် ဆံတော်ရှင်ဘုရား အနောက်သို့ ပတ်၍ လူ ၃၀၀၀ နှင့် ရံစေ။ သင်္ဘောကုလားတို့မှာ ကုလားတို့ဘာသာ ဝတ်စားပြင်ဆင်ကြလျက် သင်္ဘောလေးစင်းနှင့် အသင့်ရှိကြစေ"
ထိုအခါ တပ်မှူးငယ်က ဖြည့်စွက် လျှောက်တင်ပြန်၏ ။
"မွန်သေနတ်သားတို့အား တစ်စုတည်း တိုက်ခိုက်သည်ထက် တောင်မျက်နှာတွင် လူတစ်ထောင်ကို စစ်မျက်နှာ ဖြန့်ပြထားပြီးမှ အနောက်နှင့် မြောက်က တစ်ထောင်စီ ညှပ်၍ ပစ်ရလျင် ပုန်းအောင်းနေကြသူတို့ မည်သို့မျှ ခံနိုင်မည် မဟုတ်ပါဘုရား"
"ငစံငယ် တင်သည့်အတိုင်း သုံးကြောင်းသုံးသွယ် ညှပ်၍ ပစ်ခတ်ကြရန် သေနတ်ဝန်က တာဝန်ယူ၊ သူရိန်ဒေဝတပ်ကို စစ်မျက်နှာဖြန့်လျက် ရံနေကြစေ"
"ကောင်းလှပါသည်ဘုရား"
နောက်တစ်နေ့နံနက် နေထွက်ချိန်တွင်မူ အေးစက်လှသည်ဟု ထင်ရသော မြန်မာတို့၏ သွေးကို အလွန်ပူပြင်းတောက်လောင်ကြောင်း အင်္ဂလိပ်တို့ သိလိုက်ရလေတော့သည်။ တပ်ပြင်၌ ကြိုစောင့်နေသော မွန်သေနတ်သား တစ်ထောင်ကျော်မှာ စွတ်ဝင်လာသော မြန်မာတို့ကို မခံနိုင်ဘဲ ပြန်လှည့်ပြေးရသောကြောင့် ကိုယ့်ညောင့်ခလုတ်ကိုယ် နင်းမိကြကာ အများအပြား သေဆုံးကြရလေ၏ ။
တစ်ဆက်တည်း ဆိုသလို တပ်ကြီးလည်း ပေါက်ခဲ့ရာ မရပ်နိုင် မတည်နိုင် ချောင်းကို ဆင်းကူးပြေးရင်း ရွှံ့ကျွံသဖြင့် ကျန်ခဲ့သော ဆင်မြင်းလက်နက်များလည်း အမြောက်အမြား။ လက်စောင်းက ပုန်းအောင်းနေကြသည့် သေနတ်သားတို့လည်း ညှပ်ပစ်ခံရ၍ အရှေ့မြောက်အရပ်သို့ ဆုတ်ကြရကုန်၏ ။
ထိုပွဲတွင် အင်္ဂလိပ်တို့မှာ မတိုက်လိုက်ရဘဲ ပွဲကြည့်ပရိသတ်သာသာ ဖြစ်သွားခဲ့ရသည်။ မွန်တပ်သား ၂၀၀၀ ခန့် သေကျေပျက်စီးရ၍ မြင်း ၅၀၀ နှင့် သုံ့ပန်းထောင်ကျော်၊ သေနတ်တစ်ထောင်ခန့် ရလိုက်သည်ကို မချီးကျူးဘဲ မနေနိုင်။ အလွန်ရဲစွမ်းသတ္တိရှိပြီး တိုက်ရဲ သေရဲကြပါပေသည်ဟု ဆိုကြရသည်။ ထိုနေ့မှစ၍ နောင် ရန်ကုန်သို့ မွန်တို့ မလာဝံ့တော့လေပြီ။
ကပ္ပတိန်ဝေါ်လ်တာကတော့ ဟိုင်းကြီးကျွန်းသို့ ပြန်သည့် သင်္ဘောပေါ်တွင် လိုက်ပါလာရင်း အံ့မခန်း တိကျလှသော သတင်းအချက်များ ယူဆောင်လာသူ ဗိုလ်ငယ်၏ အကြည့်ကို မြင်ယောင်နေမိတော့၏ ။
(*** အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်းလာ တာမွေတိုက်ပွဲ အဖြစ်အပျက် ဖြစ်ပါသည်)
Written by သင်္ခရာဇာ
End date: March 18, 2022