Translate

Showing posts with label အောင်ပန်းမလို သပြေညို မရပေမင့်. Show all posts
Showing posts with label အောင်ပန်းမလို သပြေညို မရပေမင့်. Show all posts

အောင်ပန်းမလို သပြေညို မရပေမင့် (ဇာတ်သိမ်း)

"ကျွန်တော့်မြင်း ရတနာဂီရိကို တွေ့သေးလား"

"ဘယ်က ရတနာဂီရိလဲ"
"ဒီတံခါးမှာ ချိတ်ထားတာလေဗျာ"
"ဟဲ့့၊ အုန်းလက်ကလေး ကြိုးတန်းလန်းဟာလား။ မနေ့ညက ငါ မီးစိုက်လိုက်တယ်"
"ဟာ.. အမတို့ကလည်းဗျာ။ အဲလိုချည်းပဲ။ သေချာကြည့်မှပေါ့"
"အောင်မယ်.. ဟဲ့ ပေတလူး၊ နင့်အုန်းလက်ကို အမေက ဘယ်သိမှာလဲ။ နင်က စာရေးထားလို့လား"
"အစ်မ အဲလို ပြောမှာ သိလို့ ရေးထားတယ်ဗျ။ မနေ့ညကတောင် ဟိုဦးရင်တို့ မေးလို့ ကျွန်တော်တို့ မြင်းတွေရဲ့ နာမည်တွေအကြောင်း ပြောပြရသေး"
"ကြီးကြီးကျယ်ကျယ် ဘာတွေ သွားပြောတာတုန်း"
"သူတို့ မသိလို့ ရတနာဆိုတာ ရွှေ၊ ဂီရိက တောင်။ မြင်းနာမည်က ရွှေတောင်လို့ ပြောပြတာ။ ဟိုကောင်တွေလည်း ပြောကြတာပဲ"
"အဲဒီတော့ ဟိုက မရယ်ဘူးလား"
"မရယ်ပါဘူး။ သူတို့က လူကောင်းတွေပဲ ဥစ္စာ။ ကောင်းသားပဲ မှတ်သားထားရမယ်လို့တောင် ပြောသေးတယ်"
"သုဝဏ္ဏကမှ ရွှေပါဟယ်"
"မောင်နှမချင်းကို ငြင်းမနေကြနဲ့တော့။ စာရေးထားလည်း ငါမဖတ်တတ်ဘူး။ အုန်းလက်တွေများ ပေါလွန်းလို့ နင့်ဘကြီးသာအောင်တို့အိမ် သွားကောက်စမ်း၊ ဧည့်သည်တွေ မျက်စိနောက်အောင်တော့ မလုပ်ကြနဲ့နော်။ နင်တို့ကို ဖမ်းခေါ်သွားလိမ့်မယ်"
"ခေါ်သွားရင် လိုက်သွားမှာပေါ့။ အဲဒါမှ စောစော စစ်သားကြီး ဖြစ်မှာ"
"ဟဲ့.. နင့်ကို ဘီလူးတပ်ထဲ ပို့လိုက်မှ အရိုးအသားတောင် မမြင်ရ ရှိမယ်"
"အမ.. အိမ်မှာ နေတဲ့ ဟိုတစ်ယောက်ရဲ့ နာမည်ကလည်း လက်ျာဘီလူး တဲ့နော်။ သတိထား၊ ဘီလူးတပ်က ဖြစ်နေဦးမယ်။ သူတို့ရှေ့ မပြောနဲ့တော့်"
"အေးပါ၊ ငါသိပါတယ်။ သူက တစ်မျိုးတော့ တစ်မျိုးပေမယ့် လူဆိုးလူသွမ်းလေး မဟုတ်ပါဘူး"
"ကျွန်မတော့ သိပ် သဘောမကျဘူး အမရဲ့။ တခြားသူတွေနဲ့ မတူဘူး။ နောက်တစ်ယောက်ကမှ အေးသေးတယ်။ သူက နေရာတကာ စပ်စပ် စပ်စပ်နဲ့.."
"အဟမ်း"
"ဟော"
သူတို့အကြောင်း ပြောကာမှ အိမ်ပေါ် တက်လာကြသည်နှင့် တိုးနေသဖြင့် ခင်သူ ဝင်ပြေးသွားသည်။ သူတို့ကမူ ရယ်လျက်
"လုပ်စရာရှိလို့ သွားတာဗျာ၊ ခုထိ ဘာမှ မစားရသေးဘူး။ ဗိုက်ဆာလာလို့.. အဲဒါ"
"ဟဲ့.. သမီး၊ ခင်သူ.. နင့်မောင်ကြီးတွေဖို့ စားဖွယ်တွေ ပြင်လာခဲ့လေ"
"ဟုတ်ကဲ့အမ"
ခင်သူက မျက်နှာပူစွာဖြင့် ထမင်းဝိုင်း ပြင်ပေး၏ ။ သူက ခင်သူ ကိုင်ထားသည့် လက်ဆေးခွက်တွင် လက်ဆေးရင်း
"ငါ့နှမ တော်တော်ပဲ မျက်မုန်းကျိုးနေသလားကွဲ့"
ရယ်ပြီး မေးလိုက်ခြင်း ဖြစ်သော်လည်း ခင်သူ မနေတတ် ဖြစ်သွားသည်။
"အာ.. မဟုတ်ပါဘူး။ ကျွန်မ.. ဟို"
"ရပါတယ်၊ ကိစ္စမရှိပါဘူး။ လူတွေက ကျွန်တော့်ကို ဒီလို မြင်တတ်ကြတာ မဆန်းပါဘူး။ ဟုတ်လည်း ဟုတ်တာပဲ။ မှန်ရာကို ပြောဝံ့တာပဲ ကျေးဇူးတင်ပါတယ်"
"ကျွန်မ.. အဲသည်သဘော မဟုတ်ပါဘူး"
"မနက်က တစ်ယောက်ယောက် လာသေးလား"
"အဲ.. လာတယ်၊ ဗိုလ်မင်းကြီး ဘယ်သူဆိုလားပဲ"
"ထင်တယ်၊ ဘယ်သူပါလိမ့်"
"မင်းထင်ဆိုလား.."
"မင်းထင်နော်ရထာ လား"
"ဟုတ်မယ်ထင်တယ်"
"ဟာ.. မဟုတ်လောက်ပါဘူး"
အကြပ်က ထပြောသဖြင့် ခင်သူ ဆတ်ခနဲ လန့်သွားသည်။
"မင်းကလည်း ဖြည်းဖြည်းပြောပါ.. ကလေးကို။ ဘာပြောသွားလဲ ငါ့နှမ"
"သူ့ဆီ လိုက်လာခဲ့တဲ့"
"ဘယ်ကို လိုက်ရမှာလဲ"
"မသိဘူးလေ"
"အေးရော"
အကြပ်က ဝင်ပြောပြန်သည်။
"ကျုပ်တို့က မင်းထင်နော်ရထာဆီ လိုက်သွားဖို့ မြင်းတွေ ဘာတွေ ပြင်ဖို့ လိုသေးလား"
"ကျွန်မ မသိ၊ မလိုလောက်ပါဘူး။ ရွာထဲတင်ပဲဟာ"
သူတို့ ပြုံးကြသည်။
"စစ်ကဲ ကျော်ထင် သက်တော်ရှည်ကို မခေါ်တတ်လို့ နေမှာ"
"ဟုတ်တယ်.. ဟုတ်တယ်၊ အဲဒီဟာ"
"ဘာဟုတ်တာလဲ သူငယ်မ"
"သက်တော်ရှည် ဟုတ်တယ် လို့"
"ကဲ.. ကဲ၊ အမြန်စားပြီး လိုက်ခဲ့တော့။ အကြောင်းရှိမယ်"
"ဟာ.. နေဦးလေ တပ်မှူး"
လူရွယ်က ထသွားသည်။ အကြပ်သည် လက်စသတ်၍ ကျေးဇူးစကားဆိုကာ ကသုတ်ကရက် လိုက်သွားလျင်
"ငါပြောပါတယ်၊ ဒီသူငယ်တွေ ဘယ်လိုမှန်းကို မသိဘူး။ ငါတော့ နားမလည်တော့ဘူး"
အမိ စကားကို ခင်သူက ထောက်ခံ၏ ။
"ကျွန်မလည်း အဲလိုပဲ"
ကျော်ထင် သက်တော်ရှည်ရှိရာ ဘုန်းကြီးကျောင်းသို့ ရောက်လျင် ရဲမက်များအပြင် ရွာသား အများကိုပါ ကျောင်းအောက်၌ တွေ့ရ၏ ။ သူ ကျောင်းပေါ်တက်ခဲ့ရာ ဗိုလ်မင်းကြီးက ဆီးကြို၍
"မင်း သိပြီးပြီလား၊ သည်ရွာက လူတွေ စစ်မှုထမ်းချင်လို့ ဆိုတာ"
"အနောက်ရွာကတော့ လူတစ်ရာလောက် လိုက်ချင်တယ်လို့ ပြောပါတယ် ဗိုလ်မင်း"
"အေး.. အဲဒါပေါ့။ ညက အဲဒီအကြောင်းကို ဒီဘက်ရွာက ကြားတော့ သူတို့လိုက်ရင် ငါတို့လည်း လိုက်မယ် ဆိုပြီး လူလိုက်စုကြရောတဲ့"
"သြော်.. ဒါ့ကြောင့် ညက ညဉ့်နက်မှ ကာလသားတွေ မီးတုတ်တွေနဲ့ လျှောက်နေကြတာ"
"မနက်ကျ ငါ့ဆီ ဝင်ပြောကြရောဟေ့။ လောလောဆယ် လူ ၅၀ ကျော် ရှိသတဲ့။ မင်း ဘယ်လို သဘောရလဲ"
"ခေါ်သွားရမှာပဲ။ လူတော့ ရွေးရလိမ့်မယ် ထင်တယ်။ တချို့က ငယ်သေးလောက်တယ်။ တချို့လည်း စိတ်သာ ဆောင်တာ အရွယ်က ကျနေပြီ။ ကျွန်တော်တော့ သေချာကြည့်ပြီး ရွေးစေချင်ပါတယ်"
"နောက်တစ်ရက် လိုဦးမလား"
"မလိုပါဘူး ဗိုလ်မင်း၊ တန်းစီခိုင်းပြီး အမြင်နဲ့ ရွေးလိုက်ကြရင် မကြာပါဘူး"
"ဒါဆို မင်းတို့ပဲ ရွေးလိုက်၊ မင်းမလိုချင်တဲ့သူကို ငါ့တပ်ဆီ ပို့လိုက်ကွဲ့"
"ဟာ.. အဲလို မသင့်ပါဘူး။ အခု သူ့တပ်ကိုယ့်တပ် မခွဲ၊ သူတို့ကိုလည်း မသွင်းသေးဘဲ သီးခြားခေါ်သွားပြီး နေပြည်တော်ရောက်မှ အရည်အချင်းအလိုက် သင့်ရာတပ်မှာ အမှုထမ်းခိုင်းတာ သင့်လျော်မှာပါ"
"ကောင်းပြီလေ၊ မောင်ပဲ စီစဉ်လိုက်ပေါ့။ လိုအပ်တာမှန်သမျှ ယူသုံးပါ မောင်"
"ဟုတ်ကဲ့ ဗိုလ်မင်း၊ စီစဉ်လိုက်ပါမယ်"
ဆရာတော်က သူတို့ စကားဆိုနေသည်ကို စောင့်ကြည့်နေပြီးမှ
"ဒကာ လက်ပြစမ်း"
ဆို၍ သူ၏ ကြမ်းတမ်းသော လက်ဝါးကို ဆွဲယူကြည့်သည်။ ထို့နောက်
"အင်း.. ကောင်းတော့ ကောင်းတယ်"
"ဘုန်းကြီးမယ်"
"အလို.."
သူ့ကို တစ်ချက် မော့ကြည့်သည်။
"အလွန်ရှုပ်ထွေး များပြားပါကလား"
ဟု ရေရွတ်၍ ဆက်မပြောတော့။ လူကိုသာ သေချာကြည့်နေ၏ ။ သူက ဦးသုံးကြိမ်ချ၍ ဆင်းသွားရာ
"လက္ခဏာမှာ ဘာတွေ့လို့ပါလဲ အရှင်ဘုရား"
"စက်လက္ခဏာတချို့ တွေ့တယ်ကွဲ့။ သို့ပေမယ့် ဒီဘဝမှာတော့ ဘာမှ မဖြစ်အောင် ဖုံးကွယ်ခံထားရတယ်။ မထင်ရှားဘူး။ အမှုထမ်းတော့ရော အားထားလောက်ကဲ့လား"
"တပည့်တော်အတွက်တော့ အစစအရာရာ အားကိုးရတဲ့ သူတစ်ဦးပါဘုရား"
"အနေအထိုင်မသင့်လို့ မထွန်းပေါက်ဘူးထင်ပ"
"အပြောအဆို မတတ်လို့ ရာထူးကတော့ တက်လိုက်ကျလိုက်ပါပဲ"
ပြောရင်း ကျော်ထင်သက်တော်ရှည် ပြုံးသည်။ အောက်မှ လုလင်၏ အသံကို ကြားနေရ၏ ။
"ညီညီစီကြပါ။ ခပ်ခွာခွာလေး ၂ တန်း၊ ငကံ.. သူရိန်ကို သွားရှာချေ။ သူစစ်ရမယ့်သူတွေ ရောက်နေတယ် လို့"
ကျောင်းပြင်မှ ဆူညံအုတ်အက် ကြားရသဖြင့် ထကြည့်ကြရာ အနောက်ရွာမှ လူအုပ်ကြီးကို တွေ့လိုက်ရသည်။ ဆရာတော်က ကိုယ်ကို ကိုင်း၍ ပြတင်းမှ ငဲ့ကြည့်ရင်း
"သည်နှစ်ရွာကတော့ သည်လိုပဲ၊ နှစ်ရွာ့တစ်ရွာမို့ ဟိုဘက်က ပါရင် သည်ဘက်ကလည်း အားကျမခံ ပါလိုက်ရမှ"
ကျော်ထင်သက်တော်ရှည်က သူ၏ ဗိုလ်အချို့ကို ထိန်းသိမ်းနိုင်ရန် စေလွှတ်လိုက်သည်။ ရဲမက်များကလည်း အားလုံး ရပ်ကြည့်နေကြပြီ။
"မလိုက်ရမှာကို မပူကြပါနဲ့။ စစ်မှုထမ်းဖို့ မသင့်တော်သူကလွဲရင် အကုန် ခေါ်သွားမှာပါ။ အနောက်ရွာသားတွေက ကိုယ့်မှာရှိတဲ့ ကျွမ်းကျင်ရာ လက်နက်ကို ပြန်ယူပြီး လာခဲ့ကြ။ အချင်းချင်း မထိခိုက်ပါစေနဲ့"
လူရွေးသူများက ငယ်လွန်းသူများကို ပယ်သည်။ မသင့်ဟုထင်လျင် ပယ်သည်။ လေးငါးဦးခန့် စိတ်ပျက်လက်ပျက် ခွဲထွက်သွားကြသော်လည်း တစ်ဦးကတော့ လက်မခံ။ ဗိုလ်မှူးကြီးကိုယ်တိုင် ရွေးချယ်တာကိုပဲ လက်ခံမည်၊ ငယ်သားများ ရွေးသည်ကို လက်မခံနိုင်ပါဟု ကပ်နေ၏ ။ ထို့ကြောင့် ကျော်ထင်သက်တော်ရှည် ဆင်းလာပြီး
"မောင်မင်းက သူတို့ရွေးလို့ လက်မခံဘူး၊ ဟုတ်စ"
ထိုသူ ဘာမှ ပြန်မပြော။ ငြိမ်နေ၏ ။
"ခုကတည်းက အဲလို လုပ်နေရင် နောက်နောင် မောင်မင်းကို ဘယ်လို ဆုံးမရတော့မှာလဲ"
"သူတို့က လူငယ်တွေမို့ ရွေးတတ်မယ် မထင်လို့ပါ"
"လူငယ်ပေမယ့် အတွေ့အကြုံမှာ ကျုပ်ထက်များတယ် မောင်၊ ကျုပ်ရွေးတာမှ မှားဦးမယ်။ မျက်နှာလိုက်တယ် အားနာတယ် ဖြစ်မယ်။ သူတို့က ဒီလိုမရှိဘူး။ မင့်ကို အငြိုးနဲ့ ငြင်းတယ်ထင်သလား"
မဖြေ။
"ဘာလို့ ပယ်တာတဲ့လဲ"
ရွေးသည့် ဗိုလ်က ဝင်ပြော၏ ။
"သူက မျိုးရိုးအလိုက် စိတ်ဖောက်တတ်တဲ့ ရောဂါ ရှိသတဲ့"
"ကျုပ် ဆိုးဆိုးဝါးဝါး မဟုတ်ပါဘူး။ လျှောက်သွားတတ်ရုံလောက်ပါ။ ဘယ်သူ့မှ ဒုက္ခမပေးဘူး"
"စစ်ဆိုင်နေတုန်း ထွက်သွားလို့ ရန်သူ့ဆီ ရောက်သွားပြီး စစ်သတင်းတွေ ပြောမိရင်ရော ရောင်းရင်း"
လုလင် ဝင်ပါလာပြန်သည်။ ထိုသူက မကျေမနပ် ကြည့်၍
"အဲဒီလောက် မတိုက်ဆိုင်နိုင်ပါဘူး။ ကျုပ် ဘာမှမဖြစ်တာလည်း ၃ နှစ်ရှိပြီ"
"အဲဒီရောဂါက ကုရင် ပျောက်သလား၊ ပျောက်ရင် ခေါ်သွားပြီး အရင် ကုပေးမယ်။ သူကြီး.."
သူကြီးဘက် လှည့်မေးလျင် သူကြီးမင်းလည်း မနေသာ။
"ကုလို့ ပျောက်တယ်လို့တော့ မကြားဖူးဘူး။ ရွာမှာ အရင်ကလည်း ရှိဖူးတယ်။ ဖောက်လိုက် ပျောက်လိုက်ပဲ။ သူ့ အဘိုးနဲ့ ဘကြီးတုန်းကလည်း အကြာကြီး ပျောက်နေပြီး အသက်ကြီးမှ ပြန်ပေါ်လာဖူးတယ်"
"ဒါဆိုရင်တော့ မဖြစ်ပါဘူး။ မခေါ်ချင်လို့ မဟုတ်ဘူးနော်။ တစ်ချိန်မှာ အရေးကိစ္စ ရှိလာရင် တစ်ယောက်အတွက်နဲ့ အများနစ်နာနိုင်တာကို ကြည့်ရလို့ပါ"
သူ ပြေပြေလည်လည် ရှင်းပြသော်လည်း ထိုလူက မကျေမနပ် ပွစိပွစိ လုပ်နေ၏ ။
"ကဲဗျာ.. ဗိုလ်မင်း ပြောလိုက်စမ်းပါ။ မင်းကို ငါတို့ ခေါ်လို့ မရဘူး လို့ ပြတ်ပြတ်ပဲ ပြောလိုက်တော့"
သူကြီးမင်းမှ စ၍ ပရိသတ်အားလုံး သူ့စကားသံကို အံ့အားသင့်သွားကြ၏ ။ မိမိ၏ အထက်အရာရှိအား လူငယ်ဗိုလ်လေးတစ်ဦးက အမိန့်ပေး စေခိုင်းနေပါကလား။ ဆရာတော်သာ ကျောင်းပေါ်မှ ကြည့်၍ ခေါင်းတညိတ်ညိတ်။
"ဟဲ့.. ဒကာ၊ လာစမ်း"
ဗိုလ်မင်းကြီးပင် မပြောလိုက်ရ။ ဆရာတော်၏ မာထန်သော အသံကြောင့် ထိုသူ မျက်လုံးပြူးသွားပြီး ကျောင်းပေါ် တက်သွား၏ ။ ကျောင်းပေါ်မှ ကြိမ်လုံးသံ ကြားရသောအခါ သူတို့ ပြုံးမိကြသည်။ အကြီးဆုံး ဗိုလ်မင်းကြီးနှင့် လုလင်တို့ စိတ်ဆိုးခြင်းမရှိ တစ်ဦးနှင့်တစ်ဦး ကြည့်ကာ ပြုံးနေကြသည်ကို ရွာသားတို့မှာ နားမလည်နိုင်တော့။ လူငယ် ကြောလှသည်၊ မောက်မာ ရိုင်းပျလှသည်၊ ဗိုလ်မှူးကြီးက သည်းခံလွန်းသည်ဟုသာ ထင်လိုက်ကြလေသည်။
အနောက်ရွာသားတို့မှာ ကြိုတင်ကြံစည်၍ လူရွေးချယ်ပြီး ဖြစ်ရာ ပယ်စရာ မရှိ။ ထိုးကွင်း မထိုးရသေးသော ပေါင်ဖြူလူငယ်ပင် ပါလာသေးသည်။ ရဲမက်များနှင့် ရွာသားတို့က နောက်ပြောင်ကြသော်လည်း ငပေါင်ဖြူက 'ဟိုဗ်ိုလ်မှာတောင် ထိုးကွင်းမပါဘူး၊ ယောက်ျားပီသကြောင်း အခြားနည်းနဲ့ ပြမှာပေါ့' ဟု ဆိုကာ လိုက်လာလေ၏ ။
ထို့နောက် သူတို့သည် ထွက်ခွာရန် ပြင်ဆင်ကြ၍ ပြင်ပြီးသူများက ရွာနှစ်ရွာကြား ကွင်းစပ်တွင် ရပ်နေကြရသည်။ တပ်သားသစ်လူငယ်များကို အမိအဖ ရွာသူများက ငိုယို နှုတ်ဆက်ကြသည်ကို စစ်သည်တို့က နားလည်စွာ စောင့်ပေးကြ၏ ။ အားလုံးပြီးမှ ကျော်ထင်သက်တော်ရှည်က ရှေ့ဖျား၊ လက်ျာဘီလူးက နောက်ဆုံးမှ မြင်းနှင့် လိုက်သည်။ စစ်မှုထမ်းမည့် လူသစ်များမှာ တပ်များ၏ နောက်ဆုံးမှ တန်းစီလိုက်ရ၏ ။ သူတို့နောက်တွင် မြင်းနီကြီးတစ်စီးသာ ကျန်တော့သည်။
ရွာသူရွာသားများက အနောက်ရွာ လမ်းတစ်လျှောက် စီတန်း၍ ပန်းများ၊ သပြေခက်များ ပေးကြရာ ကျော်ထင်သက်တော်ရှည်၏ မြင်းမှာ ပန်းများ အဝေဆာဆုံး ဖြစ်၏ ။ အစဉ်အတိုင်း ပေးလာကြပြီးနောက် လက်ျာဘီလူး၏ ရှေ့မှ နောက်ဆုံး ရွာသားလူငယ်မှာ သပြေခက်လေးများ အများဆုံး ရသည်။ လူ နှစ်ထောင်ကျော်တွင် ပန်းတစ်ပွင့်တည်းနှင့် သပြေခက် အနည်းဆုံး ရသူဟူ၍ လုလင်တစ်ဦးတည်းသာ ရှိလေ၏ ။
သို့သော် လုလင်က ပြုံးပြုံးရွှင်ရွှင်နှင့်ပင် သပြေခက်လေး နှစ်ခက်ကို မြင်းနီကြီး၏ နဖူးစည်းတွင် ထိုး၍ လွတ်လပ်ပေါ့ပါးစွာ လိုက်ပါသွား၏ ။ ခင်သူကမူ သူ့ဧည့်သည်ကို သပြေခက်တစ်ခက်သာ ပေးလိုက်ရပြီး ပန်းအနည်းဆုံး ရသွားသည့်အတွက်လည်း မကျေနပ်။ နှုတ်ခမ်းကို စူလျက်
"မောင်ကြီး လက်ျာဘီလူးက သည်လိုတော့လည်း သနားစရာအကောင်းသား"
ဟု ပြောလိုက်သည်။ အနီးနားမှ ကာလသားခေါင်း ထွန်းရင်က ကြားသွားပြီး
"နှမ ခင်သူ ဘာပြောလိုက်တယ်"
"သြော်.. ကျွန်မတို့ အိမ်မှာ တည်းသွားတဲ့ လူကန့်လန့်ကြီး သည်လိုကျတော့လည်း သနားစရာ ကောင်းသားပဲ လို့"
"မဟုတ်ဘူး၊ ဘယ်သူလို့ ပြောလိုက်တယ်"
"လက်ျာဘီလူး တဲ့၊ အဲဒီ မြင်းနီကြီးနဲ့ လူက"
"ဘာ.. လက်ျာဘီလူး၊ ဟုတ်လား"
ထွန်းရင် အလန့်တကြား ထ အော်၏ ။ ဖိုးမှင်သည်လည်း ထွန်းရင်အသံကို ကြားလျင် ကြက်သီးမွေးညင်း ထ၏ ။ လူအများက ဘာဖြစ်တာလဲဟူသော မျက်လုံးများဖြင့် ဝိုင်းကြည့်ကြ၏ ။ သူကြီးကပင် ယခုမှ ဆူဆူပူပူ ထလုပ်သော သူ့လူ ထွန်းရင်အကြောင်း သိနေသဖြင့်
"ငထွန်းရင် ဘာဖြစ်သလဲ၊ ကင်းကိုက်သလား"
ဟု လှမ်းမေးလိုက်သေးသည်။ ထွန်းရင်က
"တစ်ရွာလုံး ကင်းကိုက်ခံလိုက်ရတာပေါ့ဗျ။ အဲဒီ နောက်ဆုံးက လူက လက်ျာဘီလူး ဟုတ်လား"
ခင်သူက မျက်လုံးအပြူးသားနှင့်
"ဟုတ်တယ်။ ဗိုလ်မှူးကြီးကိုယ်တိုင် ပြောသွားတာ။ သူ့နာမည်ကို လက်ျာဘီလူး လို့ ခေါ်သွားတယ်"
ထိုအခါမှ အချို့က ကြားဖူးနားဝနှင့်
"လက်ျာဘီလူး ဆိုတာက မင်းတရားကြီးရဲ့ သူရဲကောင်း ဆိုတာလား"
"ဖြစ်နိုင်တယ်၊ ပုံစံကို ကြည့်ပါလား။ ဘယ်သူ့ကိုမှ ထီမထင်တဲ့ပုံနဲ့"
"ဒါ့ကြောင့် ထင်တော့ထင်သား၊ သူပြောပုံတွေက စီးစီးပိုးပိုးနဲ့ အကုန်လုံးလည်း သူချည်း လုပ်သွားတာပဲဟာ"
"ဟုတ်ပါ့မလား မောင်တို့၊ ဟို ဘီလူးဆိုတာက အင်မတန် စွမ်းတာတဲ့နော်"
ထွန်းရင်က
"ဟုတ်တာပေါ့ဗျ။ ဟုတ်တာမှ သူကမှ တကယ့် ဗိုလ်မှူး မင်းထင်နော်ရထာ ဆိုတာပဲ။ ဟံသာဝတီကို သိမ်းသွားတဲ့ ဗိုလ်ချုပ်ကြီးဟာ သူပေါ့.. အမလေး လေး၊ ညံ့လိုက်တဲ့ လူတွေရယ်၊ အကြီးအကဲမှန်း မသိ မျက်မုန်းကျိုးလို့ ဗိုလ်ကျော်စွာလို့တောင် အမည်ပေးလိုက်ကြသေးသတဲ့"
သူကြီးနှင့်တကွ ရွာသူရွာသားများက ဟာ.. မဟုတ်နိုင်ပါဘူး ဟု ဇဝေဇဝါဖြင့် ဖုန်လုံးများကြားမှ ဝေဝါးသေးငယ်သွားသည့် မြင်းနီကြီးနှင့် လုလင်ကို မျှော်ကြည့် ကျန်ရစ်ခဲ့ကြသည်။ ပန်းအနည်းဆုံး ရခဲ့သည့် လုလင်ကတော့ အဝေးမှပင် လက်လှမ်းပြသွားသေးသည်ဟု သူတို့အားလုံး ထင်မြင်လိုက်ကြလေ၏ ။
***ပြီးပါပြီ***

Written by သင်္ခရာဇာ

End date: September 4, 2021

အောင်ပန်းမလို သပြေညို မရပေမင့် (၃)

တစ်ရွာလုံးတွင်လည်း စစ်သည်များ ပျားပန်းခတ် လှုပ်ရှား သွားလာနေကြ၏ ။ အချို့က အိမ်လည်လာကြရာ ခင်သူတို့အိမ်သို့ ဗိုလ်နှင့် အကြပ်အများ၊ တပ်သားအများ ရောက်လာကြသည်မှာ လူပြတ်သည်မရှိ။ အိပ်နေသူ နှစ်ဦးကတော့ ဘာမှမသိ၊ ရောက်လာသူများကလည်း မနှိုးပါနှင့်ဟု ဆို၍ သူတို့တွင် ပါလာသည့် စားကောင်းသောက်ဖွယ်ကလေးများ တိုးတိုးတိတ်တိတ် ထားသွားကြသည်ကို ခင်သူတို့ မိသားစုက သိမ်းဆည်းနေရသည်မှာ မကြာခဏ။

အစပိုင်းတွင် ဗိုလ်မှူးကြီးက ပစားပေးထားသူ ဖြစ်သောကြောင့် နေရာ အာဏာ အတော်အတန် ရသူဖြစ်၍ ကပ်ကြသည်ဟု ထင်မြင်မိကြသည်။ သို့သော် ပေးသွားသူများက မည်သူမည်ဝါကဟု မဆိုကြဘဲ နိုးလာရင် ပေးလိုက်ပါ ဟုသာ ပြော၍ ထားခဲ့ကြရာ များလာသောအခါ အံ့သြကြရသည်။ ထို လူစွာလေးက လူချစ်လူခင် များသလား ဟု သံသယနှင့် အခြားအိမ်များသို့ သွားကြည့်ကြသေးသည်။ သူကြီးအိမ်တွင်ပင် ထိုမျှ လက်ဆောင်ပဏ္ဏာ မတွေ့ရသောအခါ သူတို့ မတွေးတတ်အောင် ရှိ၏ ။
အိပ်နေသူ လူငယ် နိုးသောအခါ စားသောက်စရာများကို မြင်လျင် ဘာလို့ လက်ခံထားတာလဲ ဟု မေး၏ ။ တောသူတောင်သား လူကြီးနှစ်ဦးမှာ မဖြေတတ်၊ 'ပေးတော့လည်း ယူထားရတာပေါ့ မောင်ရဲ့။ ကိုယ့်ဖို့မှ မဟုတ်ဘဲ။ မောင့်အတွက်ပဲ' ဟု ဆိုကြသည်။ သို့နှင့် တစ်ဝက်ကျော်ကို ထုပ်ပိုး၍ သူတို့နှစ်ဦးသား ဘုန်းကြီးကျောင်း သွားပို့ကြရာ ခင်သူနှင့် ပေတလူးပါ လိုက်သွားရသည်။ ကြီးကျယ်လှသော လုလင်က အိမ်သို့ လာလည်သူများကို မည်သည့်အရာမျှ မပေးရ ဟု တားမြစ်လိုက်သေးသည်။
ခင်သူကတော့ မိမိတို့ ဧည့်သည်ဖြစ်နေသော်လည်း နေရာတကာပါလွန်းသော လုလင်အား အမြင်ကပ်မိသည်။ ရှေ့တွင်မို့ အမူအရာမပျက် နေရသော်လည်း နောက်ကွယ်တွင် အသံကြားရလျင် မဲ့မိ၏ ။ ကွယ်ရာရောက်လျင် မျက်စောင်း ထိုးချင်၏ ။ ခင်သူ ဓားမတိုကလေးဖြင့် ခွဲခြမ်းစိတ်ဖြာရသော ထင်းများကို အကြပ်ဖြစ်သူက ပုဆိန်သွေးပေး၍ လုလင်က ပုဆိန် မြှောက်ကာ မြှောက်ကာ အားပါပါနှင့် တစ်ချက်တည်း ခွဲလိုက်သည့် အချိန်များတွင်မူ မသိမသာ ငေးကြည့်နေမိသည်။
သူ့ဆီ လာသူများကလည်း ထင်းတုံးများ သယ်ပေးခြင်း၊ စီပေးခြင်း၊ စည်းနှောင်၍ မီးဖိုအနီး ထားပေးခြင်းတို့ကို စကားတပြောပြောနှင့် လုပ်ပေးသွားကြ၍ တစ်ညနေတည်းနှင့် ထင်းပုံကြီးမှာ ဟီးထနေတော့သည်။ သစ်ကိုင်းခြောက်များက တစ်ကန့်၊ ခွဲခြမ်းစည်းများက တစ်ပုံ၊ ဝါးကို နှီးဖြာထားသည့် ကြိုးများ၊ အုန်းဆံကြိုးများ စသည်ဖြင့် သုံးလေးလ သုံးမကုန်အောင် ရှိ၏ ။
သူတို့ ရေမိုးချိုးပြီးသောအခါ ပေတလူး ဦးဆောင်သော ကလေးဆယ်ဦးခန့်က ထိုနှစ်ဦး နားခိုရာ အိမ်အောက်ထပ် ကွပ်ပျစ်ကလေးကို ဝိုင်းထားလိုက်ကြသည်။ ထို့နောက် လုလင်အား ဓားရေးပြ၊ သိုင်းကစားပြရန် တောင်းဆိုကြတော့၏ ။ သူတို့က မဖြစ်နိုင်သောကြောင့် ပုံပြင်ပြောပြမည် ဟု ပြောရသည်။ အကြောက်အလန့် နည်းပါးသည့် ပေတလူးတို့က ကွပ်ပျစ်ထက် ဝိုင်းအုံတက်၍ စောင့်စားနေသောကြောင့် အခြားကိစ္စများ မလုပ်ရတော့ဘဲ စစ်ပွဲမှ အကြောင်းများကိုသာ စိတ်ဝင်စားဖွယ်ကောင်းအောင် ပြောပြနေရတော့၏ ။
ကာလသားများက အိမ်လည် လာခေါ်ကြသည်ကို လည်းကောင်း၊ စကားထာဝှက် ဉာဏ်စမ်းကြရန် လာရောက် ခေါ်ဆောင်ကြသောအခါ၌ လည်းကောင်း ပေတလူးတို့က ခွင့်မပြု၍ မသွားရ။ 'ကျွန်တော်တို့ အရင် စောင့်နေတာ'၊ 'ကျွန်တော်တို့အရင် ခေါ်ထားတာဗျ' ဟူသည့် စကားများကို မလွန်ဆန်နိုင်သဖြင့် ညဦးပိုင်း ထမင်းစားချိန်အထိ ကလေးများနှင့်သာ အချိန်ကုန်သွားတော့သည်။
အိမ်ပေါ်မှ လူကြီး နှစ်ဦးအပြင် မီးဖိုချောင်နှင့် ဝဲလင်းဆောင်ကို ကူးချည်သန်းချည် ပြုနေရသော ခင်သူသည်ပင် ကလေးများကို ပြောပြနေသည့် စစ်ရေးများအား နားစွင့်ရင်း အလုပ်လုပ်နေမိ၏ ။ လူကြီးများ ညစာစားပြီး၍ သူတို့ကို ခေါ်သောအခါ ကလေးများပါ တပြုံကြီး လိုက်လာကြသောကြောင့် အားလုံးကိုပင် ခူးခပ်ကျွေးမွေးရပြန်သည်။ ဟင်းကောင်းသည်နှင့် ဒေါင်းလန်းကြီးဖြင့် အားပါးတရ လွေးနေကြသော ပေတလူးတို့အား ရွံရှာဖွယ်ဖြစ်အောင် မစားနှင့်၊ အသံမမြည်စေနှင့်၊ သပ်သပ်ရပ်ရပ် စားကြဟု သင်နေသော လုလင်ကို ပေတလူးက
"ဦးရင်က ဆရာတော်ထက်တောင် ဆိုးသေးတယ်"
ဟု ပက်ခနဲ ပြန်ပြောလိုက်သည်။ သူ့မိခင်၏ 'ဟဲ့.. ဒီကလေး ဘယ်လိုပြောလိုက်တာလဲ' ဟူသည့် အသံနှင့်အတူ ခင်သူက ပေတလူးခေါင်းကို ဒေါက်ခနဲ ခေါက်လိုက်၏ ။ လက်ဆ အတော်ပြင်းသွားရာ ပေတလူး ထမင်း ဆက်မစားတော့ဘဲ ငိုမည့်ဟန် ပြင်သည်။ လုလင်က
"ပြောတုန်းက ပြောရဲရင် မငိုဘဲလည်း နေနိုင်ရမှာပေါ့ကွ"
ဟု လှမ်းပြောလိုက်၏ ။ ပေတလူး ကြောင်သွားပြီး သူ့ကို ငေးကာ စဉ်းစားနေသဖြင့် ငိုရန် မေ့နေလေသည်။ ဘေးမှ အဖော်တစ်ဦးကလည်း
"အေးလေ၊ ဗိုလ်လုပ်ချင်တဲ့ကောင်က ငိုလို့ ဘယ်ဖြစ်မလဲ"
ဟု ဝင်ထောင်သည်။ ပေတလူးက
"နာတာကိုးကွ၊ မင်းခံကြည့်ပါလား။ အာပြဲကြီးနဲ့တောင် အော်ငိုနေဦးမယ်"
"ဒါဆို မင်းတို့က စစ်တိုက်လို့ ဒဏ်ရာရရင် ဆက်မတိုက်ဘဲ အော်ငိုနေကြမှာလားကွ"
လုလင်က ထပ်မေးလိုက်သဖြင့် ပေတလူး မဖြေနိုင်တော့၊ ဟီးခနဲ ရယ်ချလိုက်၏ ။ ခင်သူက
"ထမင်းယူကြပါဦးလား"
"တော်ပါပြီ နှမ"
"စားမကောင်းကြလို့လား ဟေ"
"ကောင်းပါတယ် ဦးကြီး။ လုံလောက်ပါပြီ"
"အေးအေး.. ဟိုမှာ ထန်းလျက်စားကြ။ မောင်ရင် ထန်းလျက်ကြိုက်တယ်လို့ ပြောတယ်"
"ဟာ.. မဟုတ်ပါဘူး။ နေ့လယ်က ဗိုက်ဆာလို့ ထန်းလျက်စားပြီး ရေသောက်နေတာပါ"
"ထမင်းစားရောပေါ့။ မကျွေးကြလို့လား သူတို့က"
"ကျွေးပါတယ်၊ ဘုန်းကြီးကျောင်းက ကျက်သရေဆောင်မှာ သွားကြည့်တော့ ထမင်းဟင်း မလောက်ငှတာ တွေ့တာနဲ့ မဏ္ဍပ်ကျမှ ပိုရင် စားမယ်ဆိုပြီး ထန်းလျက်စားထားတာပါ"
"အိမ်း၊ ဗိုလ်ဆိုတာ အဲသလိုမျိုးမှ တပ်သားတွေကလည်း ချစ်တော့မပေါ့။ ကောင်းတယ် ကောင်းတယ်"
စားသောက်ပြီးကြလျင် ကလေးအဖွဲ့ကို ခေါ်ကာ အနောက်ရွာသို့ လမ်းလျှောက်ထွက်ခဲ့ကြသည်။ အနောက်ရွာတွင် ဆီမီးများ ထိန်လျက် ရွာတန်းရှည်ထက် ပိုမိုစည်ကားနေကြောင်း တွေ့ရ၏ ။ ဗိုလ်မင်းအများလည်း ရောက်ရှိနေကြပြီး အိမ်တစ်အိမ်၏ မြေကွက်လပ်တွင် ရွာသားတစ်ဦးနှင့် ရဲမက်တစ်ဦး နပန်းသတ်လျက်ရှိသည်ကို တွေ့ရသည်။ လူများ အုံခဲနေသောကြောင့် တိုးဝှေ့မကြည့်ကြတော့ဘဲ ကလေးများကိုသာ ထားခဲ့ပြီး သူတို့က ဆက်လျှောက်သွားသည်။
ပေတလူးတို့ကတော့ အလွန်ကဲကြသူများပီပီ လူအုပ်အား အတင်းတိုးဝှေ့လျက် ရှေ့ဆုံးရောက်အောင် နေရာယူလိုက်ကြ၏ ။ ဝိုင်းအနောက်တွင် ဆီသုတ်လိမ်းနေသူ ရွာသားအချို့နှင့် သဲများ ပေကျံနေသူအချို့ တွေ့ရသဖြင့် အတန်ကြာသည်အထိ ပွဲမှာ ပြီးစီးဦးမည် မဟုတ်သေး။ သူတို့က အနောက်ရွာ၏ ထန်းတောထဲ ဝင်သွားကြလျင် သောက်စား ဆူညံနေသူများထဲမှ အချို့သည် လုလင်ကို မြင်သည်နှင့် ဝုန်းခနဲ ထပြေးကြ၏ ။
လုလင်က အရေးတယူ မပြုဘဲ ထန်းတောကိုသာ ပတ်ကြည့်သည်။ ရွာသားအချို့က ခေါ်သော်လည်း ယဉ်ကျေးစွာ ငြင်းလိုက်၏ ။ ထန်းပင်များ၏ နောက်တွင်မူ ခေါင်း ၁၀ လုံးခန့်သည် သူ့ကို ချောင်းနေကြကြောင်း တွေ့ရသည်။
"မင်းတို့ သက်တော်ရှည်တပ်ကလား"
ဟု အော်မေးလိုက်လျင် အမှောင်ထဲမှ တဖုန်းဖုန်း ပြေးသွားသံများ ကြားရလေ၏ ။ သူတို့ ရယ်မောပြီး ထန်းတောထဲမှ ထွက်ခဲ့သည်။ နပန်းသတ်နေသည့် နေရာသို့ ပြန်ရောက်သောအခါ ရွာသားတစ်ဦးက ဟစ်လိုက်သည်။
"ဟေ့.. ဒီမှာ ဗိုလ်ကျော်စွာ ရောက်နေပါ့ရော"
ထိုအခါ ရွာသားအချို့ သူ့ထံ ဝိုင်းလာကြ၏ ။ သူက ဗိုလ်ကျော်စွာကို မသိ၊ ကြားပင် မကြားဖူးသော်လည်း ရွာသားများ၏ ဗိုလ်ကျော်စွာတဲ့ ဟူသော ဆင့်ကဲဆင့်ကဲ အသံများ ထွက်လာပြီးလျင် သူရှိရာ အုံလာသည့်အတွက်မူ 'ငါ့ကို ပြောနေတာပါလား' ဟု သဘောပေါက်လာသည်။ ရွာသားတစ်ဦးက
"ကျွန်တော်တို့က စစ်သည်တော်တွေကိုတော့ မနိုင်ကြပါဘူး။ ဒါပေမယ့် တိုက်ရဲ ခိုက်ရဲ သေရဲတဲ့သူတွေချည်းပါ။ မနက်ဖြန် ရွှေတပ်တော်များနဲ့ ခေါ်သွားဖို့ ဗိုလ်မှူးကြီးများကို လျှောက်ပေးပါ ဗိုလ်လေး"
အခြားသူများကလည်း တစ်ယောက်တစ်ခွန်း ဝိုင်းတောင်းဆိုနေ၏ ။
"နေပါဦး၊ ကျွန်တော့်နာမည် ကျော်စွာလို့ ဘယ်သူက ပြောသလဲ"
ဆိုသောအခါ မည်သူမျှ မဖြေကြဘဲ ပြုံးစေ့စေ့ ရှိနေကြသည်။
"ခင်ဗျားတို့ဘာသာ ပေးထားတာလား"
လူအုပ်နောက်မှ အသံတစ်ခုက
"နေ့ခင်းကတော့ မောင်ရင်က တယ်စွာသကိုး။ စိတ်မဆိုးနဲ့နော့"
လူအုပ်က ရယ်လိုက်ကြသည်။ သူကလည်း ရယ်၍
"ကျော်စွာ ဆိုတော့လည်း ကျော်စွာပေါ့။ စစ်မှုထမ်းချင်တယ် ဆိုရင် ကျွန်တော်တို့ကတောင် ဝမ်းသာရဦးမှာ။ လူဘယ်နှယောက်လောက် ရှိသလဲ။ မင်ကြောင်များရော မထိုးရသေးသူ ပါသလား"
"လူကြီး လူငယ် စုစုပေါင်း ကိုးကျိပ်ကိုးယောက်ပါ။ တစ်ယောက်က လိုက်ချင်ပေမယ့် မင်ကြောင်မထိုးရသေးလို့"
"ဒါဆို ကျွန်တော့်ကို ကြည့်၊ ကျွန်တော်လည်း မင်ကြောင်မထိုးရသေးဘူး။ ဒါပေမယ့် အခု ဗိုလ်ဖြစ်နေပြီ"
ဆို၍ ပေါင်ကို လှန်ပြသည်။
"ဗိုလ်ကျော်စွာတို့ကတော့ လုပ်ရော့မယ်။ ပေါင်ဖြူကိုပါ ခေါ်စေချင်သလား"
"သူ တကယ် လိုက်ချင်ရင်တော့ ခေါ်ပေါ့ဗျာ။ ပေါင်ဖြူတာက အကြောင်းမဟုတ်ပါဘူး။ သဘောဖြူဖို့ လိုရင်းပါ"
"စစ်ပွဲမှာ ပေါင်ဖြူမြင်တော့ ရန်သူက ရယ်သွမ်းသွေးမှာပေါ့ မောင်ရဲ့"
"ကျွန်တော်တော့ ကျွန်တော့်ကို မြင်လို့ ရယ်နိုင်တဲ့ ရန်သူ မတွေ့ဖူးသေးဘူး"
"မောင်ကျော်စွာက စွာရုံ စွာတာမဟုတ်၊ တယ်လည်း ကြီးကျယ်သကိုး"
လူအုပ်ထဲမှ တစ်ဦး၏ မှတ်ချက်ကို ကြားလျင် ရွာသားများ ဝါးခနဲ ရယ်လိုက်ကြပြန်သည်။ ရဲမက်တစ်ယောက်က
"မင်းတို့ ဘယ်သူ့ကို ပြောနေကြတာလဲ။ ဗိုလ်မင်းကို ဒီလို ပြောရသလား" ဟု ဝင်ငေါက်ငမ်းမှ ကိုယ်ရှိန်သတ်ကြပြီး "ကျုပ်တို့က ပျော်လို့ စတာပါ" ဆို၏ ။
"ဒီပုံစံတွေနဲ့ ဘယ်လို တပ်ထဲ လိုက်မှာလဲ။ မခန့်လေးစားနဲ့"
ဟု ရဲမက်က ဆိုလိုက်ရာ ကုန်းရမလို ရှိခိုးရမလို ဖြစ်သွားကြသည်။ မဟုတ်ပါဘူး၊ မသိလို့ပါဟု ပျာပျာသလဲ တောင်းပန်ကြ၏ ။ သူက
"ထားလိုက်ပါ၊ သူတို့မှ နားမလည်သေးဘဲ။ ဒါပေမယ့် တပ်ထဲ ရောက်ချိန်က စပြီး ကိုယ့်ထက် ရာထူးကြီးသူကို လေးလေးစားစား ဆက်ဆံကြရမယ်။ ခုလို ပြောလို့ မရတော့ဘူးနော်"
"ကျွန်တော်တို့ မပြောပါဘူး။ အဲသည်တစ်ယောက်က ရူးပေါပေါမို့ လျှောက်ပြောနေတာပါ"
လူငယ်များက သူစိတ်ကွက်မှာ ကြောက်၍ ဖြေရှင်းနေကြ၏ ။ နပန်းသတ်နေသူများပင် ရပ်ကာ သူတို့ကို ကြည့်နေသည်။ ထို့ကြောင့်
"ကဲ.. ကဲ၊ မနက်မှ ဗိုလ်မင်းကြီးကို ပြောထားမယ်။ လိုက်မယ့်သူတွေ ပြင်ထားပြီး ကိုယ့်အိမ်က ရဲမက်ကို ဘာတွေ လိုအပ်လဲ မေးထားပေါ့"
သူတို့ လှည့်ထွက်သွားလျင် ရုတ်ရုတ်သဲသဲ လူစုက နပန်းပွဲသို့ ပြန်၍ အာရုံရောက်သွားကြလေ၏ ။
"ဗိုလ်ကျော်စွာ တဲ့လား"
လမ်းတွင် အကြပ်က စကားစလာသည်။
"အေးကွ၊ ငါ့ကို သူတို့က နေရာတကာ လူစွာလုပ်တယ်လို့ မြင်နေတာ ဖြစ်မယ်"
"သူတို့က သိမှ မသိတာ"
"မသိတာ ကောင်းတယ်၊ မဟုတ်ရင် စိတ်ရှုပ်ရတယ်။ မလိုအပ်ဘဲ ဝန်လေးတယ်။ ငါ့ဟာငါ ပေါ့ပေါ့ပါးပါး နေချင်လို့ကို တမင် ဘယ်သူ့ကိုမှ မပြောရလို့ ကြိုတင်ပြောထားတာ။ ခု ကြည့်စမ်း၊ ဘယ်လောက် လွတ်လပ်လဲ။ သူတို့ရင်ထဲက ရှိတဲ့အတိုင်းလည်း သိရတယ်။ သူတို့ ကြောက်ရွံ့ ခန့်ညားနေရင် ဘယ်ပြောထွက်ကြတော့မလဲ"
"ကောင်းတော့ ကောင်းတယ်၊ နားခါးတယ်မဟုတ်လား"
"မခါးပါဘူး၊ နည်းနည်းတော့ စပ်တယ်"
ပြော၍ ရယ်လိုက်ကြသည်။
တည်းခိုသည့်အိမ် ပြန်ရောက်ကြသောအခါ ဝဲလင်းဆောင်၌ ရွာသားအချို့နှင့် ရဲမက်သုံးဦးခန့်အပြင် အမျိုးသမီးအချို့ ရောက်နေသည်ကိုလည်း တွေ့ရသည်။ သူတို့က အသံမကြားအောင် တိတ်တဆိတ် ဝင်ခဲ့ပြီး သူခိုးခြေလှမ်းများဖြင့် ကွပ်ပျစ်ပေါ် တက်လိုက်ကြကာ ဝဲလင်းဆောင်မှ လူပျို အပျိုတို့ စကားထာဝှက်နေသံတို့ကိုသာ နားစွင့်နေကြလေသည်။
"ထန်းလျက် နှစ်လုံးပြူး"
"နှစ်လုံးပြူးကို မလိုချင်၊ ထန်းလျက်ဖာကိုသာ ဆီသယ်ချင်ပါရဲ့ နှမရယ်"
"ဆီသယ်ရင် စွန်းတတ်တယ်လေ့"
"စွန်းရင်ဖျောက်၊ လွမ်းရင် ရောက်မပေါ့"
ထိုမှ သင်္ချာစကားထာ၊ ဉာဏ်စမ်းပဟေဠိများဘက် ရောက်သွားကြပြန်သည်။ သူတို့၏ လျင်မြန်လှသော အတွက်အချက်၊ ထက်မြက်သော ဉာဏ်ရည်များမှာ သင်ပုန်းမလို၊ ကျောက်တံမသုံး၊ စိတ်တွက် တွက်ရင်း ဒိုးဒိုးဒေါက်ဒေါက် စဉ်းစားသွားကြ၏ ။ လုလင်ကတော့ ဤမှာဘက်တွင် မကျွမ်းကျင်၍ အိပ်ဟန် ဆောင်နေကြသည်။
အတန်ကြာတော့မှ လူစုခွဲ၍ ဆင်းလာကြပြီး 'ဟာ.. ပြန်ရောက်နေပြီဟ' ဟူသော အသံတိုးတိုးကို ကြားရသည်။
''ဘယ်ချိန် ရောက်နေလဲမသိ၊ ဝင်အိပ်နေကြပြန်ပြီ''
"ထားလိုက်၊ ထားလိုက်။ မနှိုးနဲ့တော့၊ လာ သွားမယ်"
တိုးတိုးကြိတ်ကြိတ် အသံများ ဝေးသွားသော် ပြုံးမိကြသည်။ သို့သော် ထိုညက သူတို့ တော်တော်နှင့် အိပ်မပျော်။ ကလေးများ ပြန်လာသံ ဆူညံညံကိုလည်း ကြားရသည်။ ခင်သူက ပေတလူးကို ခေါ်၍ ခြေထောက် ရေဆေးပေးနေသံ၊ ထို့နောက် ဘုရားရှိခိုးကြသံ၊ အမိအဖတို့ကို ရှိခိုး၍ အိပ်သံ၊ သူတို့အနီး စောင်များ လာထားသံတို့ကို ကြားနေရသော်လည်း သူတို့ ငြိမ်နေကြ၏ ။ တစ်အိမ်လုံး တိတ်ဆိတ်သွားတော့မှ သူတို့ တီးတိုး စကားပြောနေခဲ့သည်။
နံနက် မလင်းမီ သူတို့၏ ခေါင်းရင်းသို့ တက်၍ ကျယ်လောင်စွာ တွန်လိုက်သော ကြက်ဖကြောင့် နိုးသွားကြရသည်။ သူတို့ ပြန်အိပ်ရန် ကြိုးစားသော်လည်း ကြက်တွန်သံနှင့် မရှေးမနှောင်းမှာ ရွာက သက်ဝင်လှုပ်ရှားလာပြီး တဂျောက်ဂျောက် တဖျတ်ဖျတ် အသံများ ကြားနေရလေပြီ။ ထို့ကြောင့် မိုးစင်စင် လင်း၍ ဗိုလ်မှူးကြီးက စုံစမ်းမေးမြန်းပြီး သူတို့တည်းခိုရာအိမ် ရောက်လာချိန်တွင် နှစ်ဦးသားမှာ မြင်းကိုယ်စီနှင့် ထွက်သွားနှင့်ကြပြီ။
"ဟေ့.. သူငယ်မ၊ ဗိုလ်မှူး.. အဲ၊ လက်ျာဘီလူး ဒီအိမ်မှာ တည်းတယ်ဆို"
ပေတလူး မျက်နှာသစ်နေသည်ကို စောင့်နေသည့် ခင်သူမှာ ဝင်လာသည့် ဗိုလ်မှူးကြီးကို ပြူးကြည့်နေစဉ် မေးခံလိုက်ရသောကြောင့်
"ကျွန်တော်မ မသိ.. ဟို နှစ်ယောက်တော့ စောစောကပဲ မြင်းတွေနဲ့ ထွက်သွားကြတယ်"
"တစ်ယောက်က ဆံပင်ဖားလျားနဲ့ ဓားကို မချဘူး မဟုတ်လား"
"ဟုတ်"
"သူတို့ ပြန်လာရင် ဗိုလ်မင်း ကျော်ထင် သက်တော်ရှည် လာသွားတယ်လို့။ မတွေ့လို့ မစောင့်တော့ဘူး၊ မေးမြန်းပြီး လိုက်ခဲ့လို့ ပြောလိုက်ပါ"
"ဟုတ်ကဲ့ရှင့်"
ဗိုလ်မင်းကြီး ပြန်သွားလျင် မီးဖိုထဲမှ အမိက
"အဲဒီသူငယ်တွေ ညကလည်း တော်တော်နဲ့ မအိပ်ဘူး၊ စကားပြောနေကြတယ်။ ခုမနက်လည်း ထမင်းကြမ်း မစားဘူး သွားကြပြန်ပြီ။ ဗိုလ်မှူးလာခေါ်တာတောင် မရှိဘူး။ ခက်တဲ့ သူငယ်တွေပဲ"
ဟု ညည်း၏ ။ အဖကတော့ နွားပြာတစ်ရှဉ်းနှင့် လယ်တောသို့ ထွက်သွားပြီဖြစ်သည်။
"ဟဲ့ကောင်လေး၊ ဘယ်မှ မသွားခင် အဆာပြေ စားသွားဦး"
မကြာခင် မျက်စိရှေ့မှ တစ်နေကုန်တစ်နေခမ်း ပျောက်သွားတော့မည့် ပေတလူးကိုလည်း ကျွေးမွေးရသေးသည်။ သည်အရွယ်က အစားအသောက်ကို မခုံမင်၊ ကစားရန်သာ အားသန်နေသည့် အရွယ်မို့ သန်မာစေရန် တမင် လွှတ်ထားကြသည်။

အောင်ပန်းမလို သပြေညို မရပေမင့် (၂)

စစ်သည်များမှာ နောက်တစ်နေ့ နေ့လယ်မှ ရောက်မည်ဖြစ်၍ နံနက်စောစောမှသာ စချက်ကြရပေလိမ့်မည်။ သို့သော် ပြင်ဆင်ရသည်ကတော့ များလှ၏ ။ အိမ်တိုင်းတွင် အရံသင့် ပြင်ဆင်ထားကြရ၏ ။ အနောက်ရွာကလည်း တက်ကြွနေသည်မှာ ရွာတန်းရှည်ထက်ပင် ပိုသေးသည်။ သင်းတို့ အကြံအစည်တစ်ခုခု ရှိသည် ထင်ရလေသည်။
နံနက်တွင် ခင်သူသည် ရောင်နီမလာမီက ထ၍ အမိအဘတို့အတွက် ထမင်း ဟင်းများ ပြင်ဆင်ချက်ပြုတ်ပေးပြီးလျင် သူကြီးအိမ် သွားကြည့်သေးသည်။ လူများနေ၍ ပြန်လာပြီး အဘအား လယ်တောလိုက်ပို့ပြီးမှ အချက်အပြုတ် သွားကူရ၏ ။ မြေကို မြောင်းတူး၍ ထင်းထည့်ကာ ဒယ်အိုးကြီးများ စီထားသည်မှာ ဆယ်လုံးကျော်သည်။ သစ်သားအဖုံးပြားကြီးတစ်ချပ်ကို လှပ်ကြည့်ရာ ဆန်ကြမ်းများကို ထမင်းချက်ထားကြောင်း တွေ့ရ၏ ။ အချို့မှာ ကျက်၍ တောင်းများနှင့် ထမ်းသွားကြပြီ။
နေထန်းတစ်ဖျား မရောက်မီပင် တက်ညီလက်ညီလုပ်အားကြောင့် ကျွေးမွေးဧည့်ခံရေးအတွက် အလုံးစုံ ပြင်ဆင်ပြီးကြ၏ ။ ချီလာမည့် အောင်တပ်မတော်သားကြီးများကို စောင့်စားရန်သာ ကျန်တော့သည်။ ရွာသူများသည် ပြန်၍ ဖြီးလိမ်းပြင်ဆင်ကြပြီ။ ရွာသားများကတော့ ဖင်တကြွကြွ။ လှည်းနှင့် ကြိုရမလို၊ မြင်းများ ပြင်ရမလို ဖြစ်နေကြသည်။ သူကြီးက အသာနေစမ်းပါ၊ ငါ သေချာမေးစမ်းပြီးပါပြီ။ သူတို့ဘာသာ လာကြမှာတဲ့ ဟု ပြော၍သာ နေကြရသော်လည်း မလာသေးဘူးလား သူကြီး မေးကြလွန်း၍ ဦးထင်ပေါ်မှာ မကြားချင်ယောင် ဆောင်နေတော့ပြီ။
ဆွမ်းစားအုန်းမောင်း ခေါက်တော့လည်း ပေါ်မလာ၊ နေမြင့်၍ ဗိုက်တကြုတ်ကြုတ် ဆာကြချိန်ထိ အရိပ်အယောင်မှ မမြင်ရသေး။ ခင်သူပင် လယ်တောသို့ ထမင်းပို့ပြီး ပြန်ခဲ့ပြီ။ ရွာနှစ်ရွာမှ လူများသည် ဘုန်းကြီးကျောင်း၊ မဏ္ဍပ်နှင့် သူကြီးအိမ်များတွင် ရုံးစုရုံးစု။ မနေနိုင်သူအချို့ ထမင်းပြန်စားကြကုန်၏ ။ အများစုကတော့ ဇွဲကောင်းကောင်းဖြင့် စောင့်မျှော်နေကြသည်။
သူတို့ မျှော်နေသော လူအုပ်ကြီးသည် နေကျော်၍ အတော်ကြီး ကြာမှ ပေါ်လာတော့သည်။ လာမည့် လာတော့လည်း စစ်သီချင်းများကို အားမာန်တက်ကြွဖွယ် သံပြိုင်သီဆို၍၊ အိုးစည်ဗုံမောင်းများ တီးခတ်၍၊ ဓားသံ လှံသံ မြင်းခွာသံများဖြင့် အဝေးမှပင် အုတ်အုတ်ကျက်ကျက် ကြားရ၏ ။ အားလုံး တပြိုင်တည်း ဟော ဟု အာမေဋိတ် ပြုရလောက်အောင် ကြားရခြင်းမျိုး ဖြစ်သည်။ အလှူလှည့်လာသည်နှင့်လည်း မတူ၊ စစ်ချီလာမှန်း သိသာစေသည့် အသံများ။
ထန်းပင်ပေါ် တက်ကြည့်သူ အချို့က အများကြီးပဲဟေ့၊ တသီတတန်းကြီးဟ ဟု အော်လေ လူများ မရိုးမရွ ဖြစ်လေ၊ လှည်းလမ်း ခင်တန်းထဲမှ စတင် ထွက်ပေါ်လာသည်က ရဲတံခွန်များ ကိုင်ထားသည့် ရဲမက်များ။ ဗုံမောင်းတီးသူများ။ ထို့နောက် မြင်းသည်ကြီးများ။ ၎င်းနောက်မှ ဓားလှံ သေနတ် တုတ်ရှည်ကိုင် စစ်သည်တော်များ။ လူတန်းကြီးမှာ မဆုံးတော့ဟု ထင်ရသည်။ ရွာနားနီးလျင် သီဆိုသံများ ရပ်သွားသော်လည်း လူသံမြင်းသံများကတော့ ဆူလှစွာ၏ ။
ရွာသူရွာသားများသည် လမ်းဘေး တစ်ဖက်တစ်ချက်မှ ကြိုလျက် သပြေခက်များ ကမ်းသူကမ်း၊ ထန်းလျက် ပဲလှော် မုန့်ပဲသွားရည်စာ ပေးသူပေး ပြုကြသည်။ စစ်သည်များမှာ မည်မျှ ဆာလောင်နေသည် မသိ၊ ဟန်မဆောင်နိုင်ဘဲ ဝမ်းသာအားရ ယူစားကြလေသည်။ လက်အုပ်များ ချီ၍ အငမ်းမရ ယူစားကြသောအခါ ကျွေးမွေးရသူများမှာလည်း ဝမ်းမြောက်ဝမ်းသာ မျက်ရည်လည်နေတော့သည်။
သူကြီးနှင့် ကြိုဆိုရေး အဖွဲ့များကို တွေ့လျင် မြင်းတပ်ထဲမှ အကြီးအမှူး ဆယ်ဦးခန့် ထွက်လာပြီး ပြောဆို တိုင်ပင်ကြ၏ ။ ထို့နောက် ကျော်ထင် သက်တော်ရှည်တပ်ကို မဏ္ဍပ်ဆီ ဦးစွာ လွှတ်လိုက်ပြီး ဗိုလ်မှူး မင်းထင်နော်ရထာတပ်က ရွာဦးကျောင်းသို့ ချီသွားကြ၏ ။ ကျောင်းဝန်းထဲ၌ တပ်ချ၍ ဗိုလ်မှူးများက ဆရာတော်ထံ ဖူးမြော်ရန် ဝင်ကြရာ သူကြီးနှင့်တကွ ရွာသူရွာသားအများလည်း လိုက်ဝင်ကြသဖြင့် စစ်သည်များမှာ ကျောင်းဝန်းထဲ၌ပင် စီတန်း ရပ်နေကြရသည်။
ဆရာတော်နှင့်တကွ အားလုံးက ရှေ့ဆုံးမှ စစ်သူကြီး ဝတ်စုံနှင့် သျှောင်ကို ထုံးထားသည့် နှုတ်ခမ်းမွေးစစလူကို ဗိုလ်ချုပ် မင်းထင်နော်ရထာ ဖြစ်ရမည်ဟု အလိုလို တွေးထင်ယူဆမိကြသည်။ သူ့ဝန်းကျင်တွင် ဗိုလ်အများ ဝန်းရံနေသော်လည်း သူသည်သာ အကြီးအကဲမှန်း ပေါ်လွင်လွန်းလှသည်။ ခန့်ညားလှသော ဗိုလ်မင်းကြီးကို ကာလသားများက အားကျနေကြ၏ ။ ဆရာတော်ကျောင်းမှ ဆင်းသောအခါ ဗိုလ်မှူးက
"တစ်ဖွဲ့တော့ နေ့လယ်စာ စားနေကြလောက်ပြီ။ ငါတို့လည်း မနက်ကတည်းက တပ်မချဘဲ ချီလာတာ အားလုံး ဆာနေကြရောပေါ့။ ကျွေးမွေးတဲ့ နေရာကို တို့ ဖြည်းဖြည်းပဲ စောင့်ပြီး သွားကြမယ်"
ဟု ဆိုရာ သူကြီးက
"ကျွန်တော်မျိုးတို့ ဒီကျောင်းမှာလည်း အချို့အဝက် ခွဲဝေပြင်ဆင်ထားတာ ရှိပါတယ်။ ကျောင်းအောက်မှာ လူရာကျော် တပြိုင်တည်း စားနိုင်ပါလိမ့်မယ်"
ဟု လျှောက်၏ ။ ထိုအခါ ဗိုလ်မှူးကြီး၏ ဘေးမှ ငယ်ရွယ်သော ဗိုလ်တစ်ဦးက
"ဒါဖြင့်ရင် ဒီမှာ လူ ၅၀၀ ကို ကျွန်တော်နဲ့ ထားခဲ့ပြီး ဗိုလ်မင်းက မဏ္ဍပ်ဆီ လူ ၅၀၀ ခေါ်သွားပါလား"
ဟု ဝင်ပြော၏ ။ ဗိုလ်မှူးက ကောင်းတယ် ဟုဆိုကာ လက်ခံပြီး လူခွဲစေရာ သူကြီးနှင့် ရွာသူရွာသားများ အံ့သြနေ၏ ။ ငယ်ရွယ်သေးသော လုလင်တစ်ဦးက ဝင်ရောက်နေရာယူ စီမံသည်ကို မငြင်းမဆို သဘောထားကြီးသော ဗိုလ်မင်းကြီးအား လေးစား ချီးကျူးနေကြလေသည်။
ကျောင်းရှိ ကပ္ပိယကြီးက
"ဒီမှာတော့ ဟင်းက ရဲမက်တွေအတွက် ပဲဟင်းနဲ့ သရက်ချဉ်သုပ်ပဲ ရှိတယ်။ ဗိုလ်မင်းတွေအတွက် မဏ္ဍပ်မှာ အမဲဟင်းလျာ ပြင်ထားတာ"
ဟု ဆိုသော်လည်း ထိုလုလင်ကပင်
"ရတယ်၊ ကိစ္စမရှိဘူး။ ငှက်ပျောဖက်တွေ ရနိုင်ရင်သာ ခူးချင်ပါတယ်"
"ငှက်ပျောပင်ကတော့ ကျောင်းအနောက်မှာ အများကြီး"
"ကဲ.. ငါ့လူတို့ ကြားတယ်နော်၊ ရှေ့လူ နောက်လူ စောင့်မနေနဲ့။ ငှက်ပျောဖက် ခူးပြီး ပုံစားကြပေတော့"
ရဲမက်များက ဝေးခနဲ အော်ကာ ကျောင်းနောက် ပြေးသွားကြသည်။ ငှက်ပျောရွက်များကို စံနစ်တကျ ခုတ်လာကြပြီး စီထပ်ထားလိုက်ကြ၏ ။ အချို့က ထမင်းများကို တောင်းနှင့် ထည့်သယ်လာပြီး ငှက်ပျောဖက်များ ခင်းထားသည့်အပေါ် ပုံသူက ပုံ၊ ဟင်းရည် ဆွဲလာ၍ လောင်းသူကလောင်း၊ သရက်ချဉ်ဇလုံကြီး ယူလာပြီး ချသူချဖြင့် အလုပ်ရှုပ်သွားကြ၏ ။ ရွာသူရွာသား ဘုန်းကြီးကျောင်းသားများလည်း ဝိုင်းကူကြသည်။
ဆယ်ယောက်တစ်ဝိုင်းခန့် ဝိုင်းလျက် အားပါးတရ စားလိုက်ကြရာ ထမင်းပုံကြီးတစ်ပုံမှာ ခဏချင်းပင် ပြားချပ်သွားတော့သည်။ ထမင်းဟင်း လိုက်သူများလည်း မနိုင်။ မစားရသေးသူပင် အများ ရှိသေး၏ ။ အချို့က တစ်ကြိမ်တည်းနှင့် ထ ပေးကြသော်လည်း အချို့မှာ ၂ ကြိမ် ၃ ကြိမ် ထမင်းဟင်းလိုက်သည့်တိုင် မထကြသေး။ ရွာထဲမှ ငရုတ်သီးကြော်၊ ငါးပိကြော် စသည်တို့ လာပို့ကြသဖြင့် ပြန်ဝင်ထိုင်ကြသူများလည်း ရှိသည်။
ထို လူငယ်ဗိုလ်က သူ့စစ်သည်များ စားနေသည်ကို ကြည့်ရင်း ရွာသူရွာသားများရော စားပြီးပါပြီလားဟု မေးရာ အချို့က ပြီးပါပြီဟု ဖြေကြ၍ အချို့က မစားရသေးဟု ဆိုကြသည်။ သူက တစ်ခါတည်း ဝင်စားပါလားဟု ပြောသည်။ ရွာသားများ ငြင်းနေသော်လည်း ကြာရှည် ဟန်မလုပ်နိုင်ကြ၊ သူတို့ရှေ့၌ မြိန်ယှက်စွာ စားသောက်နေကြသည်ရော၊ အဆာလွန်ချိန် နီးနေသဖြင့်ပါ မနေနိုင်တော့ဘဲ အချို့ ထိုင်စားကြကုန်၏ ။
မဏ္ဍပ်တွင်တော့ မည်သို့ ရှိမည်မသိ။ ဘုန်းကြီးကျောင်းဝန်းအတွင်းတွင်ကား အခါကြီးရက်ကြီး မီးခိုးတိတ်အလှူထက်ပင် စည်ကားနေသေးသည်။ စားသောက်ပြီးသူများမှာ ယခုမှ ကျောင်းထက်သို့ တက်၍ ဆရာတော်ကို ဖူးမြော်ကြရ၏ ။ မကြာမီ ဗိုလ်မှူးကြီးက အခေါ်လွှတ်သဖြင့် ကျောင်းရှိ ဗိုလ်အများ ထွက်သွားကြသည်။ ဗိုလ်ငယ် ၅ ဦးသာ တပ်သားများကို ကြည့်ရှုထိန်းကွပ်ရန် ကျန်ခဲ့သည်။
"သည်မှာကွာ၊ သူကြီးနဲ့ ရွာသားတွေက တစ်ညတော့ နေပါဦးလို့ အတင်း ဝိုင်းတားနေကြလို့"
ဗိုလ်မှူးကြီး၏ ဟန်ပန်က စစ်ကူတောင်းနေသကဲ့သို့ ရှိပြီး ရွာသူရွာသားများကလည်း တောင်းပန်နေဟန် ဝိုင်းကြည့်နေကြသည်။ ရောက်လာသည့် ဗိုလ်များက ပြုံးကြသည်။
"တစ်ညကို ဘယ်မှာ သွားနေရမှာလဲ"
တစ်ဦးက မေးလျင် သူကြီးက
"ရွာက အကျယ်ကြီးပါ။ တစ်အိမ်ကို လေးငါးဆယ်ယောက်တော့ တည်းလို့ ရပါတယ်။ ကျွန်တော်တို့ ရွာက အိမ်တိုင်းလိုလို လူဆယ်ယောက်တော့ တစ်ည ကျွေးထားနိုင်ပါတယ်ဗျ"
"ခရီးဖင့်မှာပေါ့"
"စစ်သည်များလည်း ၃ ရက်ဆက်တိုက် ချီခဲ့ကြတာ တစ်နေ့လယ်တော့ နားချင်ကြမှာပဲ"
"နေပြည်တော်ကို အချိန်မီ မရောက်ရင်ရော"
"ဘယ်နေ့ဘယ်ရက် ရောက်ရမည်လို့မှ အမိန့်တော်မှာ မပါတာ"
နားချင်သူများနှင့် ဆက်လက် ချီတက်လိုသူများ နှစ်ပိုင်းကွဲသွားသည်။ ထိုစဉ် ဗိုလ်လုလင်ငယ်က တစ်စခန်းထကာ မထင်မှတ်သည်ကို လုပ်လိုက်ပြန်သည်။ မဏ္ဍပ်ရှိ သံဃာစင်ကဲ့သို့ ဆောက်ထားသော ဗိုလ်မင်းတပ်မင်းများ နားနေရန် နေရာသို့ တက်သွားကာ
"ရဲမက်တော်တို့ တန်းစီ"
ဟု အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ စားသောက် ပြီးသူများ၊ လက်စသတ်နေသူများ ချက်ချင်း ဝုန်းခနဲ စီလိုက်ကြသည်မှာ ဖုန်တထောင်းထောင်း ထသွား၏ ။
"ဒီရွာက ဒီမှာ တစ်ညလောက်တော့ နားကြပါဦးလို့ ပြောနေတယ်"
စစ်သည်များ လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး အသံတချို့ ထွက်လာ၏ ။
"မင်းတို့ နားချင်ကြသလား"
အဖြေမရ။ အသံများတော့ ထွက်နေဆဲ။
"နားချင်တဲ့သူ ထိုင်၊ ဆက်သွားမယ် ဆိုတဲ့သူ ရပ်နေ"
အချို့ ထိုင်လိုက်ကြသည်။ အများစုက ကုန်းကုန်းကွကွ ဖြစ်သွားပြီးမှ ပြန်ရပ်နေကြ၏ ။ ထိုင်မိသူများလည်း ရှက်ရယ်ရယ်ကာ ပြန်ထလာကြသည်။ လုလင်က စစ်သည်များကို စူးစိုက် ကြည့်နေရာမှ ရယ်လိုက်ပြီး
"ရပြီ၊ လူစုခွဲတော့"
သူ ဆင်းလာသည်ကို အားလုံးက ဝိုင်းကြည့်နေကြ၏ ။
"ဗိုလ်မင်းများ မြင်တဲ့အတိုင်းပဲ။ သူတို့ မျက်လုံးတွေကတော့ နားချင်နေတယ်။ ဒါပေမယ့် နားမယ့်သူ တစ်ယောက်မှ မပါဘူး"
"အဲဒီတော့..."
"ဗိုလ်မင်းကြီးသဘောပါ"
ဗိုလ်မှူးသည် အတန်ကြာ ချင့်ချိန်နေ၏ ။ စိတ်ထဲတွင် တွက်ချက်နေပုံရသည်။ ထို့နောက် လူငယ်ဘက် လှည့်ကာ
"မင်းသဘောကရော"
"ကျွန်တော်ကတော့ ဆက်ချီချင်ပါတယ်"
သူ့စကားကြောင့် လူစွာလုပ်လွန်းသော ထို လုလင်အား ရွာသူရွာသားများက မကြည်တော့၊ အမြင်ကပ်သွားကြသလို ဝိုင်းကြည့်ကြ၏ ။ ထိုသူကတော့ ပြုံးစေ့စေ့နှင့် ခါးပုံစထဲမှ ထန်းလျက်ထုပ်ကို နှိုက်ယူစားလိုက်ရင်း
"ဒါပေမယ့် တပ်သားတွေက နားချင်နေကြပြီ"
ဗိုလ်မှူး ခေါင်းညိတ်၏ ။ ခေတ္တ စဉ်းစား၍ နားကြတာပေါ့ ဟုဆိုရာ ရွာသားများသာ မက နားစွင့်နေကြသည့် စစ်သည်များ ထံမှပါ ဟေးခနဲ အသံကြီး ထွက်လာလေသည်။ ဗိုလ်မင်းကြီးက ပြုံးနေသော်လည်း လူစွာလုပ်လွန်းသော လုလင်က ထန်းလျက်တမြုံ့မြုံ့နှင့် ခပ်ပြုံးပြုံး လုပ်ကာ စင်ပေါ်တက်၍ စီမံခန့်ခွဲနေပြန်သည်။
ရွာသူရွာသားများမှာ ထိုကောင်လေးကို မျက်မုန်းကျိုးလှပြီ။ လူက လက်တောက်လောက်နှင့် နေရာတကာ အာဏာဝင်ပြချင်သည့် ကောင်ဟု ထင်မြင်ကြ၏ ။ စင်ပေါ် အခန့်သား ထိုင်ကာ အကြပ်များ၊ ဗိုလ်များကို တစ်ဦးပြီးတစ်ဦး ခေါ်လျက် အမိန့်ပေးနေပုံမှာ အမြင်ကပ်စဖွယ်။ ဗိုလ်မင်းကြီးကလည်း သူ့အား လက်သုံးတောင်ဝှေးအဖြစ် တာဝန်လွှဲထားပုံ ရ၏ ။ သို့သော် ဗိုလ်မှူးထက် သူက ပို၍ အာဏာပြနေသလိုသာ ထင်မိကြလေသည်။
ကာလသားခေါင်း ထွန်းရင်က ဘုန်းကြီးကျောင်းမှ ပါလာသည့် ရွာသားတစ်ယောက်ကို
"သူ့ကို ထန်းလျက်ထုပ် ဘယ်သူပေးလိုက်သလဲ"
ဟု မေး၏ ။ ရွာသားက 'မသိဘူး၊ မမြင်လိုက်ဘူး' ဆိုရာ ထွန်းရင်က
''အေး.. ပေးတဲ့ကောင် စုံစမ်းပြီး ငါ့ပြန်ပြောစမ်း။ နားကျောက် ရိုက်ချင်လို့''
"မင်းကလည်း.."
ဗိုလ်မင်းကြီးက စင်ပေါ်ပြန်တက်သွားပြီး လူငယ်ဘေး ဝင်ထိုင်ကာ
"မင်း ထမင်းရော စားပြီးပလား"
"မစားရသေးဘူး ဗိုလ်မင်း"
"ဟာ.. စားခဲ့ပြီ မှတ်တာ။ လုပ်.. လုပ်၊ သွားစားချည်။ ဒီမှာ... ဟေ့"
"ရပါတယ်။ ပြီးမှ စားပါတော့မယ်။ သူတို့ကို စီစဉ်ပေးရဦးမယ်"
ဆို၍ ဗိုလ်မင်းကို အရိုအသေပြုကာ ထသွားပြန်သည်။ အနီးတွင် ရှိသည့် သူကြီးကတော့ စိတ်မကောင်း။ လူတွင်ကျယ်လုပ်တတ်သော်လည်း တာဝန်ကို ပြီးစီးအောင် လုပ်လိုသည့် စိတ်ထားကို အသိအမှတ် ပြုမိသည်။ လူငယ်က မဏ္ဍပ်ဘေးတွင် စစ်သည်များကို ထိုင်ကြစေပြီး
"ဒီတစ်ရက်တော့ ဒီရွာမှာပဲ စခန်းချမယ်။ ရွာ နှစ်ရွာ ရှိတယ်။ တစ်အိမ်ကို နှစ်ယောက် သုံးယောက် မျှတည်းပြီး ကျန်တဲ့သူတွေက ငါနဲ့ ကျောင်းအောက်မှာ အိပ်ကြမယ်။ ဇရပ်တွေမှာလည်း နေလို့ရတယ်။ ကိုယ်ကြိုက်ရာမှာ နေနိုင်တယ်။ ဒါပေမယ့် စည်းကမ်းတကျ မနေရင် အပြစ်ပေးခံရမယ်"
"ထုံးစံအတိုင်း အိမ်တွေမှာ တည်းရင် အိမ်ရှင်ထက်အရင် မစားရဘူး။ အခန့်သား ထိုင်မစားရဘူး။ ရေခပ် ထင်းခွဲ ဗိုင်းကောက် နိုင်သလောက် ကူညီ လုပ်ကိုင်ပေးကြရမယ်။ အရေးအကြီးဆုံးက ထန်းတောထဲ မသွားရဘူး။ တစ်ယောက်ယောက် မူးပြီး ပြဿနာဖြစ်တယ် ကြားတာနဲ့ နောက်နေ့ ထိပ်တုံးထမ်း လျှောက်ရမယ်"
ထိုစဉ် သူ့နောက် လူတစ်ယောက် လာရပ်သဖြင့် လှည့်ကြည့်ရာ မိန်းမကြီးတစ်ဦးက ခပ်တည်တည်နှင့် ကြည့်နေသည်ကို တွေ့ရသည်။ သူက
"ဘာလဲခင်ဗျာ"
"ပြောလို့ပြီးရင် ထမင်းကျွေးလိုက်လို့ သူကြီးက ပြောလို့"
"သြော်.. ဟုတ်ကဲ့"
တပ်သားများဘက် ပြန်လှည့်လိုက်ပြီး
"မင်းတို့အတွက် ရွာက စီစဉ်ပေးလိမ့်မယ်။ နောက်ဆုံး ပြောချင်တာက သိတတ်ကြပါ။ ဒါပဲ"
စစ်သည်တော်များက နောက်ပြောင်၍ လက်ခုပ်တီးလိုက်ကြသည်။ သူကလည်း ရယ်၍ လက်ကာပြလိုက်ပြီး မိန်းမကြီးနောက် လိုက်သွား၏ ။ ကျွေးသည့်ထမင်းမှာ သလေးဆန်ဖြစ်၍ ဟင်းချိုမှာ မှန်ရောင်ဟင်းရည် ဖြစ်သည်။ ငါးပိကြော်နှင့် သရက်ချဉ်သုပ်သာ ဟင်းလျာ ဖြစ်သော်လည်း သူကတော့ ခေါင်းမဖော်တမ်း စားလေသည်။ ထိုသို့ မြင်ရတော့လည်း မိန်းမကြီးမှာ ပြုံးနေပြန်သည်။
စားသောက်ပြီးသောအခါ ဘုန်းကြီးကျောင်းမှ လိုက်လာကြသည့် စစ်သည်များနှင့် မဏ္ဍပ်တစ်ဝိုက် အနားယူနေသူများကို ပေါင်းကာ လူခွဲကြသည်။ ဗိုလ်မှူးကြီးနှင့် ဗိုလ်မင်း ၃ ဦး၊ သွေးသောက် အကြပ် ၆ ဦးကို သူကြီးအိမ်က ခေါ်သွားပြီး ကျန်လူများကိုလည်း ခွဲဝေယူလိုက်ကြသည်မှာ စာရေးတံမဲချ၍ ရဟန်းလောင်း လုနေကြသလို။ နိုင်သည့်အိမ်က လေးငါးယောက် ခေါ်ကြသလို အချို့မှာတော့ တစ်ယောက်ကိုပင် အနိုင်နိုင်။
ခင်သူ၏ ဖခင်သည် လယ်တောမှ ပြန်လာပြီး မဏ္ဍပ်သို့ လာကြည့်သည်။ သူ့မိခင်ပါ ပါလာသဖြင့် တစ်အိမ်လုံး ကွင်းထဲ ရောက်နေတော့၏ ။ ထို့နောက် ဘုန်းကြီးကျောင်း လိုက်သွားပြီး ဗိုလ်တစ်ဦးနှင့် အကြပ်တစ်ဦးကို ရအောင် ခေါ်လာကြသည်။ ခင်သူ အိမ်ပြန်ရောက်တော့ လူတွင်ကျယ် အလွန်လုပ်သော လုလင်မှာ အိမ်ပေါ်ရောက်နေလေပြီ။ အိမ်ဦးခန်းတွင် ထိုင်ကာ အဘနှင့် စကားပြောနေ၏ ။
ပေတလူးကမူ အနားက မခွာတော့။ စစ်သည်တော်တို့၏ ချပ်ဝတ် မိန်ညို၊ ဆောင်ဓား၊ အသုံးအဆောင်များကို အနီးကပ် စူးစမ်းနေသည်။ အကြပ်ဖြစ်သူက မြင်းစီးမလား မေး၍ ပေတလူးက စီးမည် ဆိုသောအခါ ခေါ်သွားကြသည်။ မိခင်က ဟဲ့ ဟဲ့ ဟု တားသော်လည်း မမီတော့။ အိမ်ပေါ်မှ ဆင်းသွားကြပြီ ဖြစ်၏ ။ ညနေ ခင်သူ အိမ်မှုကိစ္စများ ပြီးစီးသောအခါ ဗိုလ်ဖြစ်သူ လုလင်နှင့် သူ၏ အကြပ်မှာ အိမ်အောက် ကွပ်ပျစ်ပေါ်တွင် စောင်တစ်ထည်စီ ပိုက်လျက် အိပ်မောကျနေကြသည်ကို တွေ့ရလေသည်။

(ဆက်ရန်...) အောင်ပန်းမလို သပြေညို မရပေမင့် (၃)


Written by သင်္ခရာဇာ


End date: September 3, 2021

အောင်ပန်းမလို သပြေညို မရပေမင့် (၁)

ဟံသာဝတီ နေပြည်တော်ကို သိမ်း၍ ပြန်လာကြမည့် အောင်တပ်တော်များ သူတို့ရွာကို ဖြတ်သွားမည် ဟူသော သတင်းသည် ရွာတန်းရှည် နှင့် အနောက်ရွာ နှစ်ရွာလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏ ။ ထမင်းတောင်းကို ရွက်၍ လယ်မှ ပြန်လာသော ခင်သူအား ညနေတွင် စပါးလုံးရွေးရန် သူကြီးအိမ်သို့ လာခဲ့ပါဟု ခေါင်းမင်းကတော်ကိုယ်တိုင် ဖိတ်သွားသလို ကျည်းသားရိုက်နေသည့် ခင်သူ့မောင် ပေတလူးတို့ လူဆိုးကလေးတစ်သိုက်သည်ပင် ထိုသတင်းကြောင့် ဆက်လက် မကစားတော့ဘဲ လူစုစုရှိရာ နေရာများ၌ မယောင်မလည် ရောက်ရှိ နားစွင့်နေကြလေသည်။

လူကြီးများ ပြောဆိုနေကြသည့် စကားများအရ ယခုတပ်ကြီးသည် နှယ်နှယ်ရရ မဟုတ်ဘဲ ရာမညတိုင်းအလုံးကို သိမ်းယူရာ၌ အဓိက အရေးအပါဆုံး တပ်ကြီးဖြစ်ကြောင်း၊ မင်းတရားကြီးမှာ ရတနာသိင်္ဃသို့ ပြန်လည်ကြွချီသွားသော်လည်း ဤတပ်နှစ်တပ်ကို ပဲခူးမြို့စောင့်ထားခဲ့ကြောင်း၊ ယခုမှသာ ပြန်လည်ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။
ရွာသူကြီးမင်း၏ ခြံဝိုင်းကျယ်ကြီးထဲ ခင်သူ ရောက်သွားသောအခါ နေရာအနှံ့တွင် ဖျာကြမ်းများ ခင်း၍ လုပ်အားပေး ရောက်ရှိနေကြသော ရွာသူရွာသား အများအပြားကို တွေ့ရ၏ ။ သူက စကောနှင့် စကာ နှစ်ချပ်ကို ယူလိုက်ပြီး ကာလသား ကိုရင်လူမောင် ထည့်ချင်ပေးနေသည့် ဆန်အိတ်များမှ ဆန်ကို ခံခဲ့ပြီးလျင် မိန်းမသူအစုထဲ ဝင်ကာ စပါးလုံး ထိုင်ရွေးရင်း သူတို့ ပြောစကားများကို နားထောင်နေလိုက်သည်။
ဒေါ်လုံး။ ။ ဟဲ့.. မိသူ၊ ညည်း ကြားပြီးပလား။ လူ ၂၀၀၀ ကျော်တောင် သူကြီးက ဖိတ်လာခဲ့တာတဲ့။
ခင်သူ။ ။ မကြားသေးဘူး ဒေါ်ဒေါ်။
ဒေါ်စာ။ ။ သူကျွေးနိုင်လို့ သူခေါ်တာ တို့က သာဓုတောင် ခေါ်ရဦးမှာပါအေ။
ဒေါ်လုံး။ ။ ကျွန်မက ဘာပြောလို့လဲ။ ခုလည်း အလှူအတွက် ကူလုပ်ဖို့ ရောက်နေတာပဲဟာ။
ဒေါ်ညို။ ။ ဟုတ်ပါတယ် မလုံးရယ်၊ ငါကတော့ တို့ တောဆန်တွေကို သူရို့ တပ်တော်သားတွေ စားနိုင်ပါ့မလားပဲ တွေးပူမိတယ်။
ဒေါ်ညို့စကားကြောင့် ခင်သူက ဗန်းထဲမှ ဆန်များကို ကြည့်လိုက်၏ ။ ဟုတ်ပါရဲ့၊ ဆန်ကောင်းမဟုတ်၊ နီရဲစင်းကြောင်သော ဆန်ဖုံဖုံတွင် စပါးလုံးကလည်း အများသား မဟုတ်လား။ မည်မျှ များသနည်း ဆိုလျင် မိန်းမသူအဖွဲ့မှ ရွေးပေးလိုက်သော စပါးလုံးများကို ကိုရင် ညွန့်ရွှေတို့က မောင်းထောင်းနေကြရ၏ ။ ပြာတီးလိုက်လျင် ဖွဲနှင့်အတူ စပါးခွံများ ထွက်လာတတ်သလို ဆန်ကောကို ဝဲလှေ့လိုက်တိုင်းလည်း ကြွက်ချေးနှင့် ကျောက်ခဲလေးများကို သီးသန့်မြင်နေရသည်အထိ။
ဒေါ်စာ။ ။ စစ်သားပဲအေ၊ ဒီလောက်တော့ သည်းခံနိုင်မှာပါ။ ငါက လူ ၂၀၀၀ ဘယ်လိုကျွေးမလဲပဲ တွေးနေတာ။ မဏ္ဍပ်ဆောက်ပြီး အလှည့်နဲ့ ကျွေးမှပဲ ရမယ် အေတို့ရဲ့။
ဒေါ်ညို။ ။ အို၊ အဲဒါလည်း သူကြီး စီစဉ်ပါလိမ့်မယ်။ မသကာ နှစ်ရွာခွဲပြီး အိမ်တိုင်းက နိုင်သလောက် တင်ကျွေးလိုက်ရုံပေါ့။
ခင်သူ။ ။ သူတို့က ညအိပ်ညနေ နေမှာလား အရီးတို့့ရဲ့။ ဖြတ်သွားရုံပဲ မဟုတ်လား။
ဒေါ်လုံး။ ။ မသိသေးပါဘူး။ သူကြီးလည်း အလုပ်များနေတော့ မမေးအားဘူး။ တို့က ဒါပြီးရင် ပဲဟင်းဒယ်ကြီးတွေ တည်ဖို့ ပြင်ရဦးမယ်။
ထို့နောက် စကားစသည် ရောက်လာကြမည့် တပ်များအကြောင်း ရောက်သွားပြန်၏ ။
ဒေါ်အေးသောင်။ ။ အောက်ပြည်က ပြန်လာတဲ့ ဖိုးမှင် ပြောတာတော့ အခု လာမယ့် မင်းထင်နော်ရထာ ဆိုတာ ပဲခူးကို သိမ်းတုန်းက အကြီးဆုံး ဗိုလ်ချုပ်ကြီး ဆိုပဲ။ နောက် သူနဲ့ တွဲဖက် ဘာသက်တော်ရှည်ဆိုလား မခေါ်တတ်ပါဘူး (ဘေးမှတစ်ယောက်က ကျော်ထင် သက်တော်ရှည်တဲ့ အေရဲ့ ဟု ဝင်ထောက်ပေးသည်) အဲဒီ ဗိုလ်မှူးကြီးလည်း ပါလာမတဲ့။ သူတို့က နောက်ဆုံးကျန်တဲ့ တပ်တွေ ခုမှ ရုတ်လာတာတဲ့။
မဝိုင်း။ ။ ကျွန်မ ကိုလူမောင်တို့ ပြောနေတာ ကြားတာတော့ အဲဒီထဲမှာ ဘီလူးတပ် တစ်တပ် ပါသတဲ့တော့်။ ညအိပ်ညနေ နေမယ် ဆိုရင်တော့ အဲဒီတပ်ကို အနောက်ရွာမှာပဲ နေရာချဖို့ သူကြီးကို ပြောရမယ်။
မိဂျမ်း။ ။ ဘာအေ့။
အနောက်ရွာသူများလည်း ရောက်နေသည်မို့ တစ်စခန်း ထကြသည်။ ရွာတန်းရှည်သူများနှင့် အငြင်းပွားကာ အချင်းများတော့မည့်ဟန် ဖြစ်လာသောကြောင့် သူကြီးက လာကြိမ်းရ၏ ။
"အလုပ်များရတဲ့အထဲ နင်တို့ မိန်းမတွေကလည်း တစ်မှောင့်။ မဟုတ်တာနဲ့ မီးမွှေးချင်နေကြတယ်။ အဲဒီစကား ဘယ်သူ စပြောတာလဲ။ ဒီလောက် မီးမွှေးချင်နေတဲ့သူတွေ ဟိုဘက်မှာ အိုးတွေ ပြင်နေတယ်။ လိုက်ခဲ့"
မဝိုင်းတို့တစ်သိုက် ခြေဆောင့်ကာ ပါသွားကြသည်ကို မိဂျမ်းတို့ အနောက်ရွာသူများက မျက်စောင်းထိုးရင်း ကျန်ခဲ့ကြသည်။ မိန်းမကြီးများက ပြေရာပြေကြောင်း ပြောဆိုချော့မော့ရ၏ ။
ဒေါ်စာ။ ။ မိဝိုင်းက အဲလိုပါပဲအေတို့၊ စိတ်ထင်ရာ လွှတ်ခနဲ ပြောတတ်တာပါ။ စိတ်ထားလေးက မဆိုးရှာပါဘူး။
မိဂျမ်း။ ။ မဆိုးလို့ပဲ၊ ဘီလူးတပ်ကျ တို့ဆီပို့တဲ့။ ဗိုလ်မင်းကြီးတွေကိုတော့ မျက်နှာလို မျက်နှာရ ခေါ်ထားချင်တဲ့ပုံ။ လိမ္မာလိုက်တာနော်။
ဒေါ်ညို။ ။ သူလည်း ကြောက်ကြောက်နဲ့ ပြောတာပါ။ ညည်းတို့လည်း တကယ်သာ ဘီလူးတွေ ပါလာရင် ရွာမှာ လက်မခံဝံ့ဘူး မဟုတ်လား။
မစိန်။ ။ ဘီလူးတပ်ကျမှ ကျွန်မတို့ရွာက လက်ခံရမလားတော့်။ သူတို့ဘာသာ ရွာပြင်မှာ နေပစေပေါ့။
ဒေါ်အေးသောင်။ ။ ဟယ်၊ တော်ကြတော့။ တကယ် ဟုတ်မှန်းမသိ မဟုတ်မှန်းမသိ ငြင်းခုန်နေရတယ်လို့။ ငါဖြင့် မကြားမိပါဘူး ပေါက်ပေါက်ရှာရှာတွေ။
မိနန်း။ ။ အမယ်.. ကြီးကြီး၊ အိမ်မှာနေပြီး ဘာမှမသိဘဲ ပြောနေပြန်ပြီ။ ဟုတ်တယ်တဲ့တော့်။ လူတွေ ပြောနေတာ ကြာပြီ။ အဲဒီ ဘီလူးတပ်ကို ကြောက်လို့ မွန်တွေ စစ်ရှုံးရတာ ခဏခဏပဲတဲ့။ ခုလည်း ဟံသာဝတီကို ငြိမ်အောင် တမင်ထားခဲ့တာတဲ့။ ရှင်ဘုရင် နေပြည်တော် ပြန်ရောက်မှ သူတို့ကို လှမ်းခေါ်တာတဲ့တော့်။
ဒေါ်လုံး။ ။ ညည်း ဘယ်သူက ပြောလဲ။
မိနန်း။ ။ ကာလသားခေါင်း ကိုထွန်းရင်ကလည်း ပြောတယ်။ ထန်းတောက သာမောင်းတို့လည်း ပြောနေတာ ကြာပြီ။ နောက်ပြီး...
မကျော့။ ။ မိနန်းက တကယ့်လူတွေကို အပိုင်ပေါင်းထားတာပါလားဟေ့။
ပွဲကျသွားကြသည်။ သူ့စကားက တစ်ရွာလုံး၏ သတင်းရင်းမြစ်ကြီးများကို ကပ်ထားနိုင်သည် ဟု ဆိုလိုရာ ရောက်သလို ပွေရှုပ်သည်ဟုလည်း အဓိပ္ပါယ် သက်ရောက်နေသဖြင့် မိနန်းက မျက်စောင်းတစ်ချက် လှည့်ထိုး၏ ။
အမှန်တော့ ရွာတန်းရှည်နှင့် အနောက်ရွာတို့မှာ ရွာချင်းဆက် ကျေးရွာနှစ်ရွာ ဖြစ်သည်။ ယခင်က သူကြီးတစ်ဦးစီ ရှိသော်လည်း အနောက်သူကြီး ဦးဘိုး ကွယ်လွန်သောအခါ ရွာတန်းရှည်မှ ဦးထင်ပေါ်ကသာ နှစ်ရွာကို စုစည်း အုပ်ချုပ်နေခဲ့သည်။ ထို့ကြောင့်လည်း ရပ်ရေးရွာရေး သာရေးနာရေးတွင် ခွဲခြားမှု မရှိဘဲ နှစ်ရွာပေါင်းကာ ညီညာစွာ လုပ်တတ်ကြလေ့ ရှိခြင်းပင်။
ရွာတန်းရှည်က အိမ်ခြေ ၃၀၀ ကျော်ရှိပြီး အနောက်ရွာက ၂၅၀ ကျော် ရှိသည်။ အချို့က သီးသန့် ခွဲချင်ကြသော်လည်း ရွာ နှစ်ရွာ၏ အလယ်ရှိ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကိုယ်တိုင်က စည်းလုံးညီညွတ်ရေးကိုသာ လိုလားသဖြင့် မခွဲဖြစ်ခဲ့။ အနီးဝန်းကျင် ရွာများကလည်း ရွာတန်းရှည်နှင့် အနောက်ရွာကို နှစ်ရွာ့တစ်ရွာအဖြစ် အသိအမှတ်ပြုထားကြသည်။
ကျီထဲမှ များပြားလှသော ဆန်စပါးများ ထုတ်ယူ ရွေးဖယ် သန့်စင်ပြီးကြသောအခါ ခင်သူတို့မှာ မပြန်ရသေးဘဲ ကြက်သွန်လှီး၊ ပဲထောင်းကြရပြန်၏ ။ ထိုတွင်လည်း စကားဝိုင်းက အဆက်မပြတ်၊ ရပ်ရေးရွာရေးနှင့် စစ်သည် ၂၀၀၀ ရောက်လာမည့် အရေးများကိုသာ ပြောဆိုနေကြ၏ ။ သူတို့ရွာအဖို့ တစ်သက်မှာ တစ်ခါသာ ကြုံဖူးသော အရေးကိစ္စ ဖြစ်နေရာ အထူးအဆန်း ပြောစရာ ရနေကြသည်။
ပေတလူးတို့ မျောက်ရှုံးအဖွဲ့သည် စစ်သည်တော်တို့အကြောင်းကို သိလိုသဖြင့် သူကြီးအိမ်နား ခိုကပ်၍ ပေါ့ပေါ့ပါးပါး အလုပ်လေးများကို ကူညီလုပ်ကိုင်ပေးနေကြ၏ ။ လူကြီးသူမများက ခိုင်းလိုက်လျင် ဝါးခြမ်းပြား ခါးကြားထိုးလျက် အုန်းလက်များ ခွစီးပြီး နှစ်ယောက်တစ်တွဲ ပြေးသွားကြသည်။ သို့သော် ချက်ချင်း ပြန်ရောက်လာတတ်သဖြင့် ဟဲ့.. နင်တို့ ရောက်ရော ရောက်ခဲ့လား၊ တွေ့ခဲ့လား၊ ပြောခဲ့လား ဟု မေးကြရ၏ ။
သူတို့၏ လက်ညှိုးလုံးခန့် ဝါးချောင်းလှံများ၊ လက်မသာသာ ဝါးခြမ်းဓားများက လူအများ မျက်စိနောက်စရာ ဖြစ်နေကြသော်လည်း သူတို့ကိုယ်သူတို့တော့ တကယ့် စစ်သည်ကြီးများလို ထင်မှတ်နေကြလေ၏ ။ ကာလသားခေါင်း ကိုအောင်ကျော်က မင်းတို့ ဒီနားနေရင် တုတ်တွေ မကိုင်ကြနဲ့ဟု ဟောက်လိုက်တော့မှ ငြိမ်သွားကြသည်။ သို့သော် မြင်းများကိုမူ ခွထားကြတုန်း။ ဝိုင်းထဲ ဝင်ကြသည့်အခါများ၌ အုန်းဆံကြိုး တပ်ထားသည့် အုန်းလက်၊ ငှက်ပျောကိုင်းများကို ခြံစည်းရိုးတွင် အစီအရီ ချိတ်ထားလိုက်ကြသေးသည်။
သို့သော် ကလေးဟူ၍ အထင်မသေးပါနှင့်။ သူတို့သည် အများစု မြင်းစီးတတ်ကြ၏ ။ ရွာတွင် မြင်း ၅၀ ကျော် ရှိရာ ပေတလူးတို့မှာ ငယ်စဉ်ကပင် ဝက်၊ နွား၊ ကျွဲ၊ မြင်းများကို ရရာ စီးလာကြသူများ ဖြစ်သည်။ ကျွဲနွားမြင်း အရွယ်အမျိုးမျိုးကို ပြုတ်မကျတမ်း စီးနိုင်ကြ၏ ။ ပွဲကျောင်းမှ သင်သော တုတ်ရေး ဓားရေးအချို့ကို တုပကစားလေ့ ရှိ၏ ။ သူတို့ကြီးလျင် စစ်သည်ကျော်မဖြစ်ဟု မည်သူ ပြောနိုင်ပါမည်နည်း။
ပေတလူးက ဖိုးချိန်ကို ပြော၏ ။
"ရဲမက်ငချိန်၊ နေပြည်တော်က စစ်သည်တွေ လာမယ့်လမ်း ရန်သူတွေ ရှိမရှိ သွားကြည့်ပြီးပြီလား"
"ကြည့်ပြီးပါပြီ၊ အားလုံး ရှင်းတယ်"
"ဟိုကောင် ငသော်ရော၊ ငါခိုင်းထားတာ လုပ်ပြီးပြီလား"
"မလုပ်ဘူးကွ၊ ခိုင်းထားတာဆိုတော့ မင်းက ဗိုလ်လား။ ငါလည်း ဗိုလ်လုပ်မယ်"
"အလှည့်ကျတော့ လုပ်ရမှာပေါ့ကွ။ ခု ခိုင်းတာ မလုပ်ရင် ဘယ်လိုလုပ် ဗိုလ်ဖြစ်မှာလဲ"
"ဟေ့အေး၊ ငါအရင် ဗိုလ်လုပ်မယ်။ မင်းအကျင့် ငါသိတယ်။ ငါဗိုလ်ဖြစ်တဲ့အချိန်ကျ မင်းက ငါ့ထက်ကြီးတဲ့ ဗိုလ်ကြီး လုပ်မှာ မဟုတ်လား"
"ဒါ ထုံးစံပဲလေ မင်းကလည်း"
"ရမလား။ ငါ့ကိုနိုင်မှ ဗိုလ်လုပ်ရမယ်"
"စိန်လိုက်လေ ဘာကြေးလဲ"
"ဟေ့.. ကလေးတွေ၊ ဒီနားမှာ ဖုတ်တထောင်းထောင်း လာမလုပ်ကြနဲ့။ သွား သွား.. ဆော့ချင်ရင် မြောက်ဘက် ကွင်းထဲ လွတ်လွတ်ကင်းကင်း သွားကစားကြ။ တကတည်း မိမနိုင် ဖမနိုင် ဘုန်းဘုန်းမနိုင်လေးတွေ"
ထိုသို့ အော်ငေါက်ခံရတော့မှ ဇက်များပုပြီး ဗိုလ်လုပွဲ ပြီးဆုံးသွားတော့၏ ။ ခင်သူကတော့ မောင်ဖြစ်သူကို မကြည့်အား၊ အလုပ်များ ဇယ်ဆက်နေသလို သတင်းများကလည်း အဆန်းချည်း ဖြစ်သဖြင့် စိတ်ဝင်တစား နားစွင့်နေရ၏ ။
ယနေ့မှ ပြောလိုက်ကြသည့် တိုက်ပွဲများအကြောင်း။ မည်သည့်အရပ်တွင် မည်သို့ တိုက်ခဲ့သတဲ့ဟု ကိုယ်တိုင် ကြုံခဲ့ရသလို၊ တစ်ဆင့်နားလိုလို ပြောဆိုနေကြသည်မှာ သိပြီးသည်လည်းရှိ၊ မကြားဖူးသေးသည်လည်း အများ ဖြစ်၏ ။ ယခင်က ညဦးပိုင်းနှင့် အချို့ နေ့လယ် ရေနွေးဝိုင်းများတွင်သာ အသက်ကြီးသူတို့ ပြောဆိုတတ်ကြသော အကြောင်းအရာများသည် ယခုအခါ မိန်းမယောက်ျားမရွေး နှုတ်မြိန်စေသည့် စကားများ ဖြစ်နေကြပေ၏ ။
ပြောရသူပင် ပြောကောင်းသည်မဟုတ်၊ နားထောင်ရသည်မှာလည်း သိပြီးသား ဖြစ်လင့်ကစား တစ်ဖန်ပြန်ကြားရသည်ကပင် အရသာရှိလာသည်။ မနက်ဖြန်တွင် ကြုံရတော့မည့် စစ်သည်ကြီးများကို မြင်ယောင်ကာ သူတို့၏ လက်ရုံးစွမ်းရည်များကို အံ့သြတကြီး နားဆင်ကြရ၏ ။ အဖြစ်အပျက်များမှာ ဒဏ္ဍာရီဆန်လှစေကာမူ ယခုလို အချိန်မျိုးတွင်တော့ ဟုတ်နိုးနိုးဟု မှတ်ထင်ချင်လာတော့သည်။
အလောင်းမင်းတရားကြီးသည် တကွဲတပြား ဖြစ်နေသည့် တိုင်းပြည်ကို ပြန်လည်စုစည်းပြီး အနော်ရထာ၊ ဘုရင့်နောင်မင်းတရားတို့ ရှေးမင်းများကဲ့သို့ နိုင်ငံတော်ကြီး ထူထောင်လိမ့်မည်ဟု သိခဲ့ကြသည်။ ယခုအခါ အဓိကရန်သူဖြစ်သော ဟံသာဝတီကို မဆုတ်မနစ် တိုက်လံ၍ ရရှိခဲ့သည်ကပင် အံ့သြစရာကြီး ဖြစ်နေပေသည်။ အလောင်းမင်းတရား မပေါ်မီ ထိုမွန်တို့က ရွှေဝအထိ သိမ်းပိုက်ထားခဲ့သည်မဟုတ်လော။
အလောင်းမင်းတရားနှင့် သူ၏ ရဲမက်ကြီးများသည် စွမ်းလည်း စွမ်း၏ ။ ဘုန်းလည်း ကြီး၏ ။ တိုက်ရည်ခိုက်ရည် ကြွယ်ဝကာ သူရသတ္တိလည်း ပြည့်စုံပါ၏ ။ မည်သည့်ဘက်မျှ လစ်ဟာသည်မရှိ၊ ပညာရှိ၊ လူတော်၊ လူစွမ်း များလှချေသည်ဟု ကြားကြရသည်။
ထိုအထဲကမှ ယခု ချီလာမည့် တပ်များမှာ အတော်ဆုံး၊ အကျော်ဆုံး အထင်ကရ တပ်ကြီးများ ဖြစ်သတဲ့။ ဗိုလ်မှူးကြီး မင်းထင်နော်ရထာ ဆိုလျင် ဟံသာဝတီတိုက်ပွဲများကို အမြဲဦးဆောင်တိုက်ခဲ့ပြီး ရှုံးနိမ့်သည်မရှိသော တိုက်တိုင်းအောင် ဗိုလ်ချုပ်ကြီးဟု ဆိုကြသလို ကျော်ထင်ရွှေတောင်မှာ သက်တော်ရှည်ဘွဲ့ပင် ရသည့် စစ်ကဲကြီး ဖြစ်သတဲ့။
ယခု လာမည့်အထဲတွင် ထိုနှစ်ဦး ပါမည်ဆိုတော့ ခင်သူတို့ ရွာသူရွာသားများမှာ ဗိုလ်မှူးကြီး နှစ်ဦးနှင့်တကွ တိုက်တိုင်းအောင် စစ်သည်တော်ကြီးများကို ကြိုဆိုချင်စိတ် တဖွားဖွား ဖြစ်ပေါ်နေတော့၏ ။ အချို့က စစ်သည်များကို တစ်ရက်နှစ်ရက် နေခိုင်းပြီး ရွာရှိ အိမ်များတွင် နေရာချထားရန် သူကြီးကို သွားပြောရာ သူကြီးက စိတ်ရှုပ်ရှုပ်နှင့် သူတို့လာမှ မင်းပြောကြည့်ပေါ့ဟု ငေါ့လိုက်သဖြင့် ကုပ်၍ ပြန်လာရသည်။
ခင်သူသည် ညနေစောစော အိမ်ပြန်၍ ချက်ပြုတ်ပြင်ဆင်ပြီးလျင် သူကြီးအိမ်သို့ ပြန်လာခဲ့သည်။ ကာလသား အများစုမှာမူ ရွာနှစ်ရွာ၏ အလယ် ကွင်းပြင်တွင် မဏ္ဍပ်ကြီး ထိုးနေကြပြီ။ ဗိုလ်မှူးချုပ် နှစ်ဦးအပြင် ဗိုလ်အများ ပါလာကြမည်ဖြစ်၍ နေရာထိုင်ခင်း စီစဉ်သူများလည်း အလုပ်ရှုပ်နေကြ၏ ။ ခင်သူတို့ကတော့ ချက်ရေးပြုတ်ရေးတွင်သာ ကူညီ၍ မိုးပြဲဒယ်ကြီးများကို မီးထိုးခြင်း၊ ရေနွေးတည်ခြင်း၊ လက်ဖက်သုပ် ဧည့်ခံခြင်း၊ ပဲရေစိမ်ခြင်း၊ ကြက်သွန်လှီးခြင်းတို့ကို အလျဉ်းသင့်သလို လုပ်သွားကြသည်။
ညရောက်သော် ပို၍ ပျော်စရာကောင်းလာ၏ ။ ဘုရားပွဲတော် ရှိသည့်အလား မီးတုတ် မီးတိုင်များ ထိန်နေပြီး ရွာနှစ်ရွာမှ လူများလည်း စည်စည်ကားကား အုံးအုံးကြွက်ကြွက် ရှိနေသည်။ ပဲထောင်းနေကြသည့် ဆုံသံတို့မှာ ညံနေ၏ ။ ပေတလူးတို့ တစ်သိုက်လည်း ညအထိ ဆော့ကစားရင်း မမောနိုင်မပန်းနိုင်။ ညကြီးမှောင်မှောင်မှာ ခမောက် ဦးဆောင်းများ ဆောင်းထားကြ၍ ပြောရ ဆိုရသေးသည်။

Written by သင်္ခရာဇာ

End date: September 1, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...