Translate

Showing posts with label သန်လျင်မြို့ဝန်. Show all posts
Showing posts with label သန်လျင်မြို့ဝန်. Show all posts

သန်လျင်မြို့ဝန်

သန်လျင်သည် တောင်ငူခေတ်မှ စ၍ ခိုင်မာတောင့်တင်းသည့် ခံတပ်မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့သည်။ ငါးဆူဒါယိကာ နန္ဒဘုရင်၏ ဟံသာဝတီနေပြည်တော်ကို ရခိုင်တပ်များ စစ်ကူဝင်တိုက်စဥ်က ကြေးစားပါခဲ့သော ဒီဘရစ်တိုနှင့် ပေါ်တူဂီ​တို့က သန်လျင်ကို ရခိုင်မင်းထံ တောင်းကာ စီရင်ပြုစုခဲ့ရာမှ နောင်တွင် လုပ်ကြံရန် ခက်ခဲလှသော မြို့တစ်မြို့ ဖြစ်လာခဲ့၏ ။

အနောက်ဘက်လွန်မင်းလက်ထက်တွင် သန်လျင်ကို ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ကာ ငစင်ကာနှင့် အပေါင်းအပါတို့ကို သုတ်သင်ခဲ့သော်လည်း နောင်၌ သန်လျင်သည် ပြည်ပကုန်သင်္ဘောများ၊ကြေးစားအမြောက်တင် စစ်သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်းမြို့ ဖြစ်လာပြန်သည်။
အလောင်းဘုရား၏ ကုန်းဘောင်တပ်များသည် ဒဂုံကို ရပြီးနောက် သန်လျင်ဘက်ကမ်းသို့ ကူး၍ တိုက်ခိုက်ကြသော်လည်း သန်လျင်မြို့စောင့် ဗညားဒလ မြို့ခံကောင်းလှသောကြောင့် လည်းကောင်း၊ ကြေးစားစစ်သည်တို့၏ ပြောင်းအမြောက် လက်နက် ထူထပ်သောကြောင့်လည်းကောင်း မရနိုင်ဘဲ ရှိနေခဲ့၏ ။
သန်လျင်တိုက်ပွဲတွင် ရေကြောင်းမှ လှေဖြင့် အနီးကပ် ကွပ်ကဲသော သေနတ်ဝန် မဟာသေနာပတိ ဦးကောင်းပင်လျင် ဆီးချိုက်ဝယ် ကျည်စေ့သင့်လျက် ကျဆုံးသွားခဲ့သည်။ ထိုသတင်းကို သန်လျင်မှ ဆီးခံနေသော ဗညားဒလ ကြားရာ
"ရွှေဘိုမင်းတွင် သူရဲကောင်းဟူ၍ သေနတ်ဝန် ငကောင်းတစ်ယောက်သာ ရှိ၏ ။ အားကိုးအားထား ပြုရသော စည်သာမင်းကြီးလည်း လွန်ပြီးဖြစ်ရာ ယခု ငကောင်း မရှိလျင် မြန်မာမင်း လက်ရုံးနှစ်ဘက်လုံး ပြုတ်ချေပြီ"
ဟု ဝမ်းသာအားရ ကြွေးကြော်၏ ။ ဗိုလ်ချုပ်ပြုနေသော မွန်မင်းသမက် စောဗြလည်း
"မုဆိုးချုံဗိုလ် ငတွန်လည်း ဓားသန်လျက်နှင့်အတူ။ သည်နှစ်ဦးတို့ မရှိလျင် ငတွန် အချုပ်ဖြစ်လမည်"
ဆို၏ ။ ထို့ပြင် အလောင်းဘုရား၏ သားတော် အိမ်ရှေ့မင်းနှင့် မြေဒူးမင်းသားတို့မှာ အားကိုးကြရသူများ ဖြစ်သောကြောင့် နောင် တိုက်ပွဲများ၌ ဤသူများလည်း ဦးစီးလာနိုင်သည်ဟု ခန့်မှန်းနေကြ၏ ။ သို့သော် တကယ်တမ်း သန်လျင်အား တိုက်ခိုက်လာကြသည့် မြန်မာတပ်များကို ဦးဆောင်လာသူမှာ သူတို့ မသိသော ဗိုလ်တစ်ဦး ဖြစ်နေသည်။
"ဟေ့.. စောဗြ၊ ရေတပ်ကနေ ဗိုလ်ချုပ်ပြုပြီး လာတာ ဘယ်သူလဲကွ။ သူ့ကို ငါမသိပါလား။ မင်းသားတွေထဲကလည်း မဟုတ်ဘူး"
"ကျွန်ုပ်လည်း မသိဘူး၊ သည်တစ်ခါ ဗိုလ်ချုပ်က ခပ်ငယ်ငယ်ပဲ ရှိသေးတယ်။ အိမ်ရှေ့မင်းတို့ ငတွန်တို့ကို မသုံးဘဲ လူငယ်တစ်ဦးကို အချုပ်ခန့်တာဟာ အကြောင်းခြင်းရာ ရှိလိမ့်မယ် ထင်ပါတယ်"
"ဘယ်သူပဲ ဖြစ်ဖြစ်ပါလေ၊ အတွေ့အကြုံ ရင့်ပြီး စစ်ရေး အုပ်ချုပ်ရေး အလွန်ပြည့်ဝတယ်ဆိုကြတဲ့ ငကောင်းတောင် မလုပ်ကြံနိုင်ဘဲ သူငယ်မျှလောက်က တို့မြို့ကို ကပ်နိုင်မတဲ့လား။ လာစမ်းပါစေ.. ငါတို့က သင်းကို ပညာသင်ပေးရတာပေါ့"
ခံတပ်ပေါ်မှ ကွပ်ကဲရင်း ဗညားဒလတို့ ပြောဆိုနေခိုက် ရဲမက်တော်တစ်ဦး ဒူးတုပ်လာပြီး
"အိမ်ရှေ့မင်း မဟာ ဥပရာဇာ ကြွရောက်တော်မူပါတယ်။ မင်းကြီး ဗညားဒလရဲ့ စံအိမ်တော်မှာ အရှင်တို့ကို စောင့်မျှော်နေကြောင်း သံတော်ဦးတင်ပါတယ်"
ရုတ်တရက် ဗညားဥပရာဇာ ကြွချီလာသည် ဆို၍ ပြန်လည်ဆုတ်ခွာနေပြီဖြစ်သော မြန်မာတို့ကို အရေးမထားတော့ဘဲ အိမ်ရှေ့မင်းထံ ဝင်ခဲ့ကြသည်။ သူတို့နှစ်ဦး စံအိမ်တော်သို့ ရောက်သော် အုပ်ပေါင်းပေါင်းလျက် ခါးတောင်းကျိုက်ထားသည့် ဥပရာဇာ ဆင်းလာခိုက် ဖြစ်ရာ
"ဗိုလ်မင်းတို့ကို ပြောစရာရှိတယ်။ အခု ကျုပ်ကို တိုက်ပွဲဖြစ်နေရာဆီ လိုက်ပြကြပါဦး"
သူတို့ ကွပ်ကဲနေခဲ့သော မြစ်ဘက်ခံတပ်ပေါ်သို့ ပြန်ရောက်ခဲ့ကြသည်။ မဟာဥပရာဇာက မြစ်တွင်းသို့ မျှော်ကြည့်လျက်
"ဟိုး နောက်ဆုံးက ရဲလှေပေါ်မှာ ဝတ်စုံနီနဲ့ ခါးစည်းလွှားလွှား မြင်နေရတာ သူတို့ အချုပ်လား"
"ဟုတ်ပါတယ် အရှင်၊ လူငယ်တစ်ဦးကို ဗိုလ်ချုပ်ပြုလာကြတာပါ။ သည်အင်အားလောက်နဲ့တော့ သန်လျင်ကို အနားတောင် သီနိုင်ဖို့ မရှိပါဘူး"
စောဗြစကားကို မဟာဥပရာဇာ စိတ်ဝင်စားဟန်မတူ၊ မြစ်လယ်သို့သာ စူးစိုက်ကြည့်နေပြီး ရေရွတ်လိုက်သည်။
"ကျုပ် ဒီကို တန်းလာခဲ့ရမှာ"
စောဗြက ဗညားဒလကို ကြည့်၏ ။ ဗညားဒလက
"ဦးရီးတော် ဘဇာကြောင့် ကြွလာခဲ့ပါသလဲ"
"သြော်.. မင်းတို့ကို သတိပေးစရာ ရှိလို့ လာတာ။ အခု မြန်မာမင်းက ဗိုလ်ချုပ်ခန့်လာတဲ့သူက မင်းထင်နော်ရထာ ဆိုတဲ့ ဗိုလ်တစ်ဦးတဲ့။ မင်းတို့ သိပ်မကြုံဖူးတော့ သိမယ် မထင်ဘူး။ သူကလည်း မထင်မရှားပဲ"
"ဟုတ်ပါတယ်၊ ကျွန်ုပ်တို့ မသိလို့ ပြောဆိုနေကြပါသေးတယ်။ ငတွန်တို့ ငလောက်တို့ကို အကြီးအမှူး မခန့်ဘဲ ဗိုလ်ငယ်လေးတစ်ယောက်ကို နေရာပေးလာတာဟာ သူတို့တပ်တွင်း အရှုပ်အထွေး ရှိနေလို့ ထင်ပါရဲ့"
"ဗိုလ်ငယ်ဆိုပြီး အထင်မသေးနဲ့ကွဲ့၊ ကိုယ်တော် ကိုယ်တိုင် သင်းနဲ့ ကြုံဖူးတယ်။ သိပ်ဉာဏ်များပြီး အင်မတန် ထက်လို့သာ ဗိုလ်ချုပ်ဖြစ်လာတာပေါ့။ သူတို့ထဲ မပြောနဲ့ ငါတို့ဆီမှာတောင် သူလိုလူ မရှိဘူး"
"ဘယ်သူများပါလိမ့်ဗျာ၊ မြန်မာတို့မှာ လက်ရုံးစွမ်းထက်တာ မုဆိုးချုံဗိုလ်လောက်ပဲ ကျန်တော့တယ် မဟုတ်လား။ လက်သုံးတော် ဓားသန်လျက်ကြီးလေ"
"အိမ်း.. ငတွန်က လက်စွမ်းထက်တာ မှန်တယ်။ ကျုပ်တို့ စစ်သူကြီးလည်း သူ့ကို မယှဥ်ဝံ့နေတာ ကျုပ်သိသပ။ သို့ပေမယ့် တကယ်တမ်း သတိထားသင့်တာက ယခုဗိုလ်ပဲ။ ငတွန်က မြန်မာမင်းရဲ့ လက်သုံးတော်ဓားဆိုလျင် အဲသည်ဗိုလ်ငယ်က ကျောမှာဝှက်ထားတဲ့ဓားမြှောင် ဖြစ်လိမ့်မယ်"
ဗညားဒလတို့ တစ်ယောက်ကို တစ်ယောက် ကြည့်သည်။ ဥပရာဇာက ဆက်လက်၍
"မင်းတို့က ခုတ်မယ့်ဓားကို အာရုံစိုက်နေရင် ဓားမြှောင်နဲ့ ထိုးတာ ခံရလိမ့်မယ်လို့ လာသတိပေးလိုရင်းကွဲ့။ ကျုပ်တို့မှာ ဒဂုံလည်း သူ့လက် ပါသွားပြီ။ အခိုင်အခံ့ဆိုလို့ သန်လျင်နဲ့ ဟံသာဝတီ နေပြည်တော်တို့သာ ကျန်တယ် ဆိုရမယ်။ မင်းတို့ မပေါ့ကြပါနဲ့။ အဲသည်ကောင် အခု တပ်ဆုတ်သွားတာကို ကျုပ်တော့ မျက်ခမ်းခပ်လှုပ်လှုပ်ပဲ။ ဘာတွေ ကြံစည်လာမယ် မဆိုနိုင်ဘူး။ အစစ အရာရာ လုံခြုံရေး ဂရုပြုကြပါ မောင်တို့"
အိမ်ရှေ့မင်းကိုယ်တိုင် ကြွလာ၍ အထူးသတိပေးသွားသဖြင့်သာ ဗညားဒလတို့ နာခံလိုက်ကြရသော်လည်း သတိပြုလျက် အလေးအနက် မထားမိ။ မြန်မာတို့ဘက်မှ ငြိမ်ချက်သား ကောင်းသွားခြင်းကြောင့်လည်း ဖြစ်သည်။ ထိုနေ့ တိုက်ပွဲပြီးနောက် ၅ ရက်ခန့်အထိ မြန်မာတို့ဘက်မှ စစ်ဆင်ခြင်း ၊စစ်ရေးလှုပ်ရှားခြင်းများ မရှိတော့။ ဗညားဒလက စစ်မြှူသည့်တိုင် ထွက်မလိုက်ဘဲ မလှုပ်မယှက် ရပ်ကြည့်နေကြသည်။
အလောင်းမင်းတရားသည် သူ၏ ငယ်ကျွန်တော်ရင်း အဂ္ဂမဟာ သေနာပတိ ဦးကောင်းကို ဆုံးရှုံးလိုက်ရသောအခါ အလွန်စိတ်ထိခိုက်သွား၏ ။ ဦးရီးတော်သမက် မင်းလှစည်သူ ကျဆုံးခဲ့စဥ်ကလည်း အလွန် နှမြောခဲ့ရာ ယခုအခါ လူကောင်းသူကောင်း သူရဲသူခက် များစွာ ကျန်ရှိနေပါသေးလျက် အားကိုးမဲ့သကဲ့သို့ ဖြစ်သွား၏ ။
ထို့ကြောင့် သူနှင့်ထပ်တူထပ်မျှ အစွမ်းအစ ရှိသော မုဆိုးချုံဗိုလ် ငတွန်ကိုလည်း အမှားမခံလို၊ ကိုယ်ခံပညာ ကျွမ်းကျင်သော်လည်း ဗျတ္တိအားနည်းသည့် သားတော်ကြီးကိုလည်း စိတ်မချ၊ အလွန် ထက်မြက်သလောက် မိုက်ရူးရဲ လုပ်တတ်သော မြေဒူးမင်းသားငယ်ကိုလည်း မယုံဝံ့တော့ဘဲ သူ၏ ရဲဘော်အပေါင်းအား အုပ်ချုပ် ဦးဆောင်ရန် တာဝန်ကို အစီအမံကောင်း၍ စိတ်ချရသော အရှေ့ဝင်းတော်မှူး လက်ျာဘီလူးထံ အပ်လိုက်လေသည်။
လက်ျာဘီလူးသည်လည်း စိတ်ထင်ရာ အရမ်းမဲ့ လုပ်တတ်သည် မှန်၏ ။ သို့သော် အရေးပါသည့် အချိန်များ၌ အမိန့်သေဝပ်နာခံတတ်ကာ အလိုတော်ပြည့်အောင် ဆောင်ရွက်နိုင်စွမ်း ရှိသည်။ ထို့ပြင်တဝ အရွယ်နှင့်မလိုက်အောင် ရင့်ကျက်တည်ငြိမ်၍ စစ်ပွဲများကို ဦးဆောင်နိုင်စွမ်း ရှိသူလည်း ဖြစ်ပြန်၏ ။
သူ၏ စနစ်ကျခြင်း၊ အကွပ်အညှပ်နာခြင်း၊ လျှပ်တစ်ပြက်ဉာဏ်ရည် သွက်လက်ခြင်း၊ သစ္စာရှိခြင်းနှင့် အမှုတော်ကို ကုန်အောင် ထမ်းဝံ့ခြင်း စသည့် အရည်အချင်းများကြောင့် မဟာသေနာပတိ မရှိပြီဖြစ်သော တပ်တော်များကို ထိန်းသိမ်းရန်အတွက် မင်းထင်နော်ရထာကိုသာ မြင်မိတော့၏ ။
သန်လျင်မှာ အဆက်ဆက် မြို့ခိုင်လုံလှသည်နှင့်အမျှ သင်္ဘောကုလား ကြေးစားအကူ အမြောက်ကြီး မြတပူ စိန်ပြောင်းသေနတ် ထူထပ်လွန်းလှချေသည်။ တိုက်ရိုးတိုက်စဥ်အတိုင်း မည်သို့မျှ လုပ်ကြံမရနိုင်။ ထို့ကြောင့် အကြံအစည်နှင့် ပရိယာယ်တွင် မိမိနှင့်ထပ်တူဟု ယုံကြည်ရသော လက်ျာဘီလူးအား သန်လျင်ကို လုပ်ကြံရေးတာဝန် ပေးအပ်လိုက်လေသည်။
မိမိ စစ်သည်များကို ကွပ်ကဲရန် ဗိုလ်ချုပ် ခန့်ပြီးသောအခါ အလောင်းဘုရားသည် သန်လျင်ကို လုပ်ကြံရန် ရဲရင့်သန်မာသူ လူစွမ်းကောင်း ၁၀၀ ရွေးချယ်၍ ညဥ့်တက်ရမည်ဟု လက်ျာဘီလူးကို စေခိုင်းလိုက်၏ ။ လက်ျာဘီလူး စိစစ် ရွေးချယ်ရာ ၉၃ ဦးသာ ရသည်။ ထိုသူများကို ဆုလာဘ်ပေးလျက် သောက်စားပျော်ပါးကြစေ၏ ။ ထို့နောက် ၃ ရက်ခန့် သူနှင့် အတူတကွ အစီအစဥ်ရေးဆွဲ လေ့ကျင့်ကြရ၏ ။
သန်လျင်မြို့စောင့် စစ်သည်များသည် မြန်မာတို့ဘက်မှ ၅ ရက်ဆက်တိုက် မီးရှူးမီးပန်းများ ပစ်ဖောက်ကစားကာ မြန်မာမင်းကိုယ်တိုင် ကြည့်ရှုဆင်နွှဲနေကြသည်ကို မြင်၍ အေးအေးလူလူ ရှိနေကြသည်။ မြစ်တွင်း၌လည်း ငြိမ်သက်တိတ်ဆိတ်လျက် တံငါလှေပင် မမြင်ရ၊ မြင်ကွင်း ရှင်းလင်းနေ၏ ။
ဗညားဒလနှင့် စောဗြတို့မှာ ရဲမက်တော်များ ကင်းလှည့်လည်နေကြသည်ကို ကြည့်ရှုရင်း စကားစမြည် ပြောဆိုနေကြချိန်၊ ရုတ်တရက် ဆူညံသံများ စီခနဲ ထွက်ပေါ်လာပြီး အလင်းရောင်အချို့ကို မြင်လိုက်ရသည်။ လူတစ်အုပ် ပြေးလာကြပြီး
"မြန်မာတွေ ဝင်လာပြီ.. မြန်မာတွေ"
ဟူသော အသံကို ကြားရ၏ ။ မြင်နေရသော မီးရောင်တို့မှာ အိမ်တို့ကို မီးတိုက်နေခြင်း ဖြစ်တော့သည်။ မြို့ရိုးပြင်ပမှ ဝေးခနဲ ကြွေးကြော်သံများ ကြားနေရလျက် နားနေကြသော စည်သည်များစွာတို့လည်း ပျားပန်းခတ်မျှ ယောက်ယက်ခတ် ပြေးလွှားနေကြပေပြီ။ သူတို့ မြို့ရိုးဘက် ပြေးကြည့်ချိန်တွင် မြို့တံခါးပွင့်ကာ ဝင်လာနေကြသော မြန်မာစစ်သည်များကို ရုတ်ရုတ်ရက်ရက် မြင်လိုက်ကြရလေ၏ ။
လက်ျာဘီလူး၏ ဘီလူးတပ်သား ၂၀ ကျော် ပါဝင်သော ညဥ့်တက်လူများသည် တပ်ပေါင်းများစွာတို့အနက်မှ အရဲရင့်ဆုံး၊ အသန်မာဆုံး၊ အတွေ့အကြုံ အများဆုံးနှင့် စွမ်းရည် အကောင်းဆုံးသူများ ဖြစ်သည့်အလျောက် မြို့ရိုးပေါ်သို့ တိတ်တဆိတ် တက်လာနိုင်ခဲ့သည်နှင့် တစ်ပြိုင်နက် မြို့ရိုးစောင့် တပ်များအား အလစ်အငိုက် စီးပစ်လိုက်ကြ၏ ။
ထို့နောက် လူ ၅၀ ခန့်က တံခါးစောင့် ရဲမက်များနှင့် တိုက်ခိုက်နေကြစဥ် လူ ၂၀ ခန့်က ထိုးခုတ်နေသည်တို့ကိုပင် မမှုဘဲ ဒိုင်းများနှင့် ခံလျက် တံခါးဆီသို့ တရှိန်ထိုး တိုးဝင်ကြကုန်လေသည်။ တံခါးသို့ ပေါက်သည်အထိ အထိုးအခုတ်ခံ၍ မြားဦးချွန်အတိုင်း ထိုးဖောက်ဝင်ရောက်သွားကြပြီးမှ နှစ်ဘက်ခွဲကာ ဘေးသို့ ဖိတိုက်ကြစဥ် အခြား လူ ၂၀ ခန့် မြို့ရိုးပေါ်မှ ဆင်းလာပြန်ပြီး သူတို့ကို ကူရင်း မြို့တံခါးကြီးကို ဝိုင်းဖွင့်လိုက်ကြလေ၏ ။
မြန်မာ သူရဲတို့ ထိုးဖောက်ပုံမှာ တစ်ဆင့်ပြီး တစ်ဆင့် အလယ်မှ ထိုးခွဲဝင်ရောက်ပုံမျိုး ဖြစ်ပြီး ခုတ်ထစ်နေကြသည့်ကြားမှ ဒိုင်းကာလျက် ဓားလွတ်များ တင်းပုတ်များဖြင့် အတင်းကာရော ဖိတွန်း ရိုက်ပုတ်ဝင်ကြသည် ဖြစ်သဖြင့် အမြောက်လည်း မပစ်သာ၊ ရောထွေးငြိယှက်ကာ တအိအိဖြင့်ပင် တံခါးကြီး ပွင့်သွားရလေသည်။ အာမခံ သူရဲ အများလည်း ကျဆုံးကြရ၏ ။
 အပြင်မှ မြန်မာတို့လည်း တံခါးပွင့်သည်နှင့် ကြေညာ၍ ဝင်ကြရာ မီးရောင်ထိန်ထိန်ဝယ် ယမ်းငွေ့တထောင်းထောင်း ဓားလှံတလက်လက် ပြက်သည်ကို မြင်နေရပြီ။ ပေါ်တူဂီကြေးစားတပ်ထံမှ 'Hold the line'.. 'Fire!' စသော အသံများ အဆက်မပြတ် ကြားနေရသလို အမြောက်ပစ်သံ တထိန်ထိန်လည်း နားကွဲလုမတတ်။
ဗညားဒလနှင့် စောဗြတို့ အပြင်းအထန် ဓားမိုးလျက် ကွပ်ညှပ်ပါသော်လည်း မည်သို့မျှ ထိန်းသိမ်းမရနိုင်တော့။ မြန်မာများသည် မြို့တံခါးနှင့် တစ်ချိန်တည်း၌ ကြေးစားတပ်များကိုပါ ဝင်စီးကြခြင်းဖြစ်ရာ သန်လျင်မြို့ရိုးပေါ်မှ ပစ်အား သိသိသာသာ ကျသွားပြီး လှေတပ်များစွာ ကမ်းကပ် တက်လာနေကြလေပြီ။
ထို့ကြောင့် ဗညားဒလတို့ သန်လျင်ကို လက်လွှတ်ကာ ဆင်အများဖြင့် အပြင်းထွက်ကြရတော့၏ ။ စောဗြ ဆင်ပေါ် တက်မည် ပြုစဉ် မြန်မာတပ်မှ ဗိုလ်ချုပ်ဖြစ်သူ မြို့တွင်းဝင်လာသည်ကို မြင်လိုက်ရသည်။ ထိုသူသည် ဗိုလ်ချုပ်ချပ်ဝတ်တွင် ပါလည်ကွေးအထပ်ထပ်ဖြင့် ဆင်ယင်ထားသော်လည်း မောက်ရူမဆောင်း၊ ခေါင်းပေါင်းပဝါ မပါ၊ သျှောင်ပင် မထုံးဘဲ ရှည်လျားနက်မှောင်သော ဆံပင်များကို ဦးဆံဖြည်လျက် တစ်လှမ်းချင်း တက်လာ၏ ။
စောဗြက လေးဖြင့် ပစ်မည် ကြံသေးသည်။ သို့ရာတွင် သူ၏အကြံ အထမမြောက်ခင် မွန်လေးသည်ကျော်တစ်ဦးပစ်သော မြားတံအား လှစ်ခနဲ ဖမ်းဆုပ်လိုက်ပြီး ချိုးပစ်သည်ကို မြင်ရသောကြောင့် စောဗြ ဆင်ပေါ် တက်သွား၏ ။ နောက်ပြန် လှည့်ကြည့်မိသောအခါ ထိုသူမှာ တစ်လှမ်းချင်း မှန်မှန်သာ လာနေပြီး သူ့ထံ ဦးတည်နေကြောင်း တွေ့ရလေသည်။
စောဗြလည်း ဆင်ကို ဘေးတိုက် လှည့်ပြီး စောင့်နေစဉ် ထိုဗိုလ်ချုပ်က သူ့ကို စူးစိုက်ကြည့်ရင်း ဓားဆွဲထုတ်လိုက်၏ ။ အရောင်တလက်လက် ဝင်းပြက်နေမည် ထင်ထားသော်လည်း ထွက်ပေါ်လာသည်က မည်းနက် သေးသွယ်သော ဓားတစ်လက်သာ ဖြစ်နေသည်။ စောဗြက လှံရှည်နှစ်စင်း ကိုင်ထားလိုက်၏ ။
လှံဖြင့်ထိုးရန် အကောင်းဆုံး အကွာအဝေးသို့ ရောက်ချိန်၌ ရုတ်တရက် မွန်မြင်းသည်တစ်ဦး ပြေးဝင်လာပြီး ကွယ်လိုက်သဖြင့် စောဗြ မထိုးလိုက်ရ။ မြင်းသည်က ဦးအောင် ထိုးသည်။ တစ်ဘက်မှ ဗိုလ်ကို မမြင်ရဘဲ မြင်းလဲကျသွားသည်ကိုသာ တွေ့မြင်ရ၏ ။ ဖုန်များကြားတွင် ဒူးထောက်လျက် မြင်းခြေကို ဓားဖြင့် ပိုင်းလိုက်သော မြန်မာဗိုလ်က ပြန်ထလာသည်။
"သွားချိန်တန်နေပါပြီ အရှင့်သား"
ဆင်ဦးစီးက အဆောတလျင် ဆို၏ ။ ဦးစီးသည်လည်း မြန်မာဗိုလ်ကို မျက်နှာမလွှဲတမ်း ကြည့်နေလေသည်။ စောဗြက လှံကို မ လိုက်စဉ် အခြား မွန်မြင်း လေးစီးတို့ အတန်းလိုက် ပြေးဝင်သွားကြပြန်သည်။ ရှေ့ဆုံးမှ မြင်းသည်တော် ပြုတ်ကျသွားပြီး နောက်မြင်းများလည်း ဖရိုဖရဲ။ မင်းထင်နော်ရထာ ဟူသည့် သူမှာ မြင်ကွင်းမှ ပျောက်သွား၏ ။
နောက်ဆုံး မြင်းက ခပ်ဝေးဝေးထိ ပြေးသွားပြီးမှ ပြန်လှည့်လာရာ မြန်မာဗိုလ်ချုပ်ကို ယင်းမြင်းပေါ်ဝယ် ဓားဦးစိုက်လျက် စီးနင်းလာကြောင်း မြင်သည်နှင့် ဦးစီးငမန်းက ဆင်ကို သွားရန် အမိန့်ပေးလိုက်တော့၏ ။ စောဗြလည်း ဆင်အရွေ့တွင် လှံကို လွှတ်လိုက်လေသည်။ မြင်းနှင့် တစ်တောင်ခန့် အကွာမှ ဖြတ်သန်းသွားရာ မင်းထင်နော်ရထာက စောင်းငဲ့၍မျှ မကြည့်။ ဆင်တော်နောက် လိုက်လာသည်။
စောဗြဆင်တော် ဗညားလွတ်၏ နောက်မှ ဆင်မ လေးစီး ပိတ်ကာပြီး ဆင်ခြေဖုံးများလည်း ဆီးဆို့လိုက်ကြသည်တွင် လိုက်လာသော မြင်းသည် နှေးသွား၏ ။ စောဗြလည်း ဗညားဒလနောက်သို့ အမြန် လိုက်လေ၏ ။ နောက်မှ မြန်မာတို့ ပါမလာချေ။ ပါလာလျင်လည်း သမက်တော် စောဗြ၏ ကိုယ်ရံတော်တပ်ကို ကြပ်တည်းစွာ ဖောက်ထွက်ရပေလိမ့်မည်။ သန်လျင်ကား မြန်မာတို့လက်သို့ ကျခဲ့ပြီ။
အလောင်းဘုရားသည် သန်လျင်ကို အလိုပြည့်လျင် ဗိုလ်ချုပ် မင်းထင်နော်ရထာကိုပင် သန်လျင်မြို့စောင့် ခန့်၍ အုပ်ချုပ်စေသည်။ ထို့နောက် ဒဂုံကို ရန်ကုန် သမိုက်ကာ ဆိပ်ကမ်းမြို့အဖြစ် သတ်မှတ်တော်မူပြီး နေပြည်တော်သို့ ပြန်ရန်ပြင်လေသည်။ ထိုအတောအတွင်း အကြောင်းခြင်းရာ များစွာ ဖြစ်ပွားခဲ့လေ၏ ။
ပထမဆုံး အကြောင်းမှာ သန်လျင်မြို့စောင့် ဗိုလ်မှူး မင်းထင်နော်ရထာသည် ရမိသော သုံ့ပန်း လက်ရ ပေါ်တူဂီ ဂေါ်ရခါး စသည့် ကြေးစားစစ်သားများကို နှိပ်စက် သတ်ညှစ်သည်ဟူသော တိုင်စာများ အလောင်းမင်းတရားထံ ရောက်လာခြင်း ဖြစ်သည်။ ထိုတိုင်စာများမှာ ၇ စောင်အထိ ရှိပြီး နေပြည်တော် ရွှေဘုံရတနာ နန်းတော်အထိပင် ရောက်သည် ဟူ၏ ။
အင်္ဂလိပ် ပေါ်တူဂီ ပြင်သစ် ကောင်စစ်ဝန်များနှင့် ပါလာသော လော့ဒ်ဝပ် ဆိုသည့် ကုမ္ပဏီတာဝန်ခံအရာရှိတစ်ဦးကလည်း ရတနာသိင်္ဃအထိ လိုက်လာပြီး ယင်းအဖြစ်ကို တိုင်ကြားသေး၏ ။ သို့သော် အလောင်းမင်းတရားက စာများကို မပြန်သည့်အပြင် လော့ဒ်ဝပ်အား
"မင်းထင်နော်ရထာ သန်လျင်ကို အုပ်ချုပ်သည်မှာ ငါ့အမိန့်တော်အရ အလုံးစုံ စီရင်ခန့်ထားခွင့်နှင့် ဖြစ်၏ ။ ငါက အခွင့်ပေး၍ စီရင်သည်ကို အပြစ်တင်တွက် မရှိ။ သန်လျင်မြို့ကို ဖျက်သည်လည်း ငါကြားတော်မူသည်။ မြို့အလုံး အပ်ပြီးဖြစ်၍ သင်းသဘောအတိုင်းသာ လက်ခံကြရမည်"
ဟု ပြန်ကြားလိုက်၏ ။ အင်္ဂလိပ် ပေါ်တူဂီတို့မှာ လက်ရှိသန်လျင်မြို့ဝန်အား မနိုင်သဖြင့် ပြန်သွားကြရလသည်။
ဖြစ်ပုံမှာ သန်လျင်ကို သိမ်းပိုက်ရမိသောအခါ လက်ျာဘီလူး အုပ်ချုပ်သည်နှင့် မွန်တို့ ငှားရမ်းထားသော ကြေးစား သင်္ဘောကုလားများကို ချက်ချင်း ပြန်ကြစေ၏ ။ ရေလမ်းပေါက် တစ်ခုသာ ဖွင့်ပေးပြီး ဟံသာဝတီဘက် ဦးလှည့်သော သင်္ဘောသုံးစင်းအား ပစ်ခတ် ဖျက်ဆီးရ၏ ။ တစ်စင်းမီးလောင်၊ တစ်စင်း နစ်မြုပ်ကာ ထွက်ပြေးသည့် သင်္ဘောတစ်စင်းကိုလည်း မမိမချင်း လိုက်လံဖမ်းဆီးစေသည်။
ထိုသင်္ဘောကပ္ပတိန် အပါအဝင် သင်္ဘောသား စစ်သား အားလုံး၊ ပဲခူးသို့ ခိုလှုံရန် အကြံဖြင့် ထွက်သွားသော အမြောက်ဗိုလ်နှင့် တပ်ကြပ် အရာခံ အားလုံးတို့ကို မြို့လယ်စျေးရှေ့ဝယ် ကားစင်တင်ပစ်လိုက်ရာ နိုင်ငံရပ်ခြားသားတို့ မကျေနပ်ကြ။ အမြောက်ဗိုလ်ကြီးတစ်ဦးနှင့် ကုမ္ပဏီတာဝန်ခံကြီး တစ်ဦးတို့သည် မင်းထင်နော်ရထာ ရှိရာသို့ ဝင်တွေ့ကြပြီး တာဝန်ခံက
"ကျွန်ုပ်တို့ လူများကို ကျွန်ုပ်တို့ကုမ္ပဏီစည်းကမ်းအတိုင်း အရေးယူနိုင်ရန် ပေးအပ်စေလိုသည်။ အပြစ်မဲ့သူများကို ယခုကဲ့သို့ ရက်စက်စွာ အနိုင်အထက် ပြုကျင့်ခွင့် မရှိပါ။ မြန်မာမင်း မွန်မင်းတို့နှင့် စာချုပ်ပြုလုပ်ပြီး ဖြစ်၍ ကျွန်ုပ်တို့၏ လက်အောက်ငယ်သားများကို ကျွန်ုပ်တို့သဘောဆန္ဒ မပါဘဲ မည်သို့မျှ အရေးမယူရန် ဘုရင်ခံက တောင်းဆိုလိုက်ပါသည်"
စကားပြန်၏ စကားဆုံးသည်နှင့် လက်ျာဘီလူးက ဘုရင်ခံ၏ သဝဏ်လွှာဆိုသော စာချွန်ကို ကောက်ကိုင်ကာ တာဝန်ခံ အရာရှိ လည်မြိုသို့ ထိုးစိုက်ချလိုက်၏ ။ ထို့နောက် အမြောက်ဗိုလ်အား လက်ညှိုးညွှန်လျက်
"ယခု သန်လျင်သည် ငါ့လက်အောက်တွင် ရှိသည်။ မင်းတို့ ဘုရင်ခံဆိုသူကိုယ်တိုင် လာ၍ အမိန့်ပေး တောင်းဆိုလျင်လည်း ဤသို့ပင် တုံ့ပြန်မည်ဟု အကြောင်းပြန်လိုက်ပါ။ မည်သည့် ကုမ္ပဏီ အဖွဲ့အစည်း၊ မည်သည့် နိုင်ငံခြားသား ကြေးစားမှ မလို။ ငါတို့လူနှင့် ငါတို့ တိုက်မည်။ သင်္ဘောကုလားအားလုံး နက်ဖြန်နံနက် နောက်ဆုံးထား၍ သန်လျင်မှ ထွက်ကြစေ။ နေထွက်သည်နှင့် ကျန်ရှိသူ အကုန်အစင် သတ်ညှစ်မည်။ ထို့နောက် မြို့ကို မီးထင်းတိုက်မည်။ သင်တို့ ဤမြေကို ထပ်မံခြေကုပ်ယူရန် မစဉ်းစားလင့်။ သန်လျင်သည် နက်ဖြန်မှ စ၍ အပြီး ပျက်ပြီ"
ဟု ခက်ထန်စွာ ဆို၏ ။ အမြောက်ဗိုလ်ကြီးသာမက အနီးရှိ မြန်မာမြို့စောင့် စစ်ကဲ ဗိုလ်မှူးများပါ ကြောက်လန့်တုန်လှုပ်နေကြလေပြီ။ စာချွန်ပေါက်မှ သွေးယိုစီးကျလျက် သေဆုံးသွားသော ပေါ်တူဂီ အရာရှိ၏ အကောင်ကိုလည်း ဆွဲထုတ်သွားစေသည်။ မည်သည့် ဆင်ခြေဆင်လက်မှ လက်မခံဘဲ နေထွက်သည်နှင့် အပေါင်အလက် ဖျက်ကာ သတ်မည် ဆိုသောကြောင့် ကြေးစားများနှင့် ကုမ္ပဏီဝန်ထမ်းများအားလုံး သန်လျင်မှ အလုအယက် ထွက်ခွာကုန်ကြလေသည်။
၄တို့ ကျန်ရှိသော ပစ္စည်းများ၊ အမြောက် စိန်ပြောင်းများ အားလုံးကို ရန်ကုန်သို့ ပို့စေပြီး သန်လျင် ခံတပ် မြို့ရိုးကြီးကို တူးဖျက်ပစ်လိုက်၏ ။ သူဌေး သူကြွယ် ကုန်သည် ဟူသမျှတို့လည်း ရန်ကုန်ဆိပ်ကမ်းမြို့သို့ ပြောင်းရွှေ့ရလျက် အိမ်ကြီးအိမ်ကောင်းများကို ဖျက်ဆီး၏ ။ အရပ်သားများမှာ မြို့ပြင် ရပ်ရွာများသို့ ကြဲဖြန့် နေကြရသည်။
သူ အုပ်စိုးပြီးသည်နှင့် သန်လျင်သည် ခဏချင်း မြို့ပျက်ကြီးသဖွယ် ဖြစ်သွားပြီး ဒဂုံမှာ စည်ပင်ဝပြောလာခဲ့၏ ။ ကုန်သင်္ဘောများလည်း ဒဂုံဆိပ်၌သာ ကပ်ရတော့သည်။ သန်လျင်မြို့ မကျခင်က စစ်ကူလာသော သင်္ဘောများကို အဝင်မခံဘဲ ရန်ကုန်ရှိ အလောင်းဘုရားထံသို့သာ စေလွှတ်၏ ။ သန်လျင်မြို့၏ စစ်ရေး၊ အပြင်အဆင်၊ တပ်ချပုံတို့ကို အထူးလျှို့ဝှက်ထားပြီး မြို့ပတ်လည်၌သာ တပ်ငယ်များ တည်လုပ် နေကြရလေသည်။
ထိုအတောအတွင်း ပဲခူးမွန်တို့ နှစ်ကြိမ် သုံးကြိမ် တိုက်လံလာသည်ကိုလည်း မြို့သို့ အရောက်မခံဘဲ တွံတေးတောတန်း စသည့် နေရာတို့မှ ကြိုတိုက်ရ၏ ။ မြို့ရိုး တပ်ခံ မရှိတော့သည့် သန်လျင်ကို အလွယ်ရမည်ဟု မွန်တို့ ထင်မြင်ယူဆခဲ့ကြသော်လည်း တကယ်တမ်းတွင် မြန်မာတို့က ဟံသာဝတီသို့ စစ်ချီရန် အသင့်ဖြစ်နေကြဟန်ဖြင့် ဆီးကြိုဟစ်ကြွေး တိုက်ခိုက်လာရာ နောင် မလာဝံ့တော့ပေ။
သူ၏ လုပ်ရပ်များကို ကြားသိရသော အလောင်းမင်းတရားသည် မှူးမတ် ဗိုလ်ပါတို့အား
"ငစံငယ် အရှင်ကို သစ္စာထားသည်မှာ သစ္စာခံခြင်း မည်ကာမတ္တမဟုတ်၊ ကိုယ်ကျိုးစွန့်၍ သခင်ကို ဖြည့်ဆီးခြင်းမျိုး ဖြစ်သည်။ ငါကိုယ်တော် အလိုရှိသည့်အတိုင်း ဒဂုံကို ဆိပ်ကမ်းမြို့ကြီးအဖြစ် အသက်ဝင်စေရန် သူ၏ မြို့ကို ဖျက်ဝံ့ပေသည်။ နောင်ဝယ် နိုင်ငံခြားသားတို့ သန်လျင်ကို
မှီခို ထကြွနိုင်တော့မည် မဟုတ်။ သင်း လုပ်ပုံ အလွန်ရက်စက် ဆိုးရွား ထက်မြက်လှ၏ ။ ဟံသာဝတီကို ရလျင် သန်လျင်အတိုင်း ပြုရပေမည်"
လက်ျာဘီလူးကို ဗိုလ်တွန်နှင့် တွဲကာ ဒဂုံမြို့စောင့် ခန့်ရာတွင်လည်း တာမွေ၊ ဒေါပုံ စသည့် အရပ်များကို တသီးတခြားစီ စုဖွဲ့စေလျက် ရွာများအကြားတွင် တပ်တည် စောင့်ကြပ်နေခဲ့ကြရာ မွန်တို့ အလွယ်တကူ မစုစည်းနိုင်တော့သည်သာမက ဇာတိမာန် ရပ်စွဲရွာစွဲများဖြင့် စိတ်ဝမ်းကွဲလာခဲ့ကြ၏ ။
စည်ကား ခိုင်မာလှသော သန်လျင်မြို့ကြီးကိုလည်း ထိုသို့ ခွဲထုတ်ပစ်သည့် နည်းဖြင့်ပင် တစ်စစီ တစ်ပိုင်းစီ အစိတ်စိတ် ပြန့်ကြဲနေစေရန် စီရင်အုပ်ချုပ်ခဲ့ရာ နှစ်ပေါင်းများစွာ ကြေးစားတို့၏ ခြေကုပ်စခန်း ဖြစ်ခဲ့သော သန်လျင်သည် လက်ျာဘီလူး နောက်ပိုင်းဝယ် နိုင်ငံခြားသားတို့၏ မျက်စိကျစရာ ဖြစ်မလာတော့ဘဲ စစ်ရေးအချက်အချာ ခံတပ်မြို့ကြီးဘဝမှ လျှောကျလျက် သာမန်မြို့ငယ်လေးသာ ဖြစ်ခဲ့ရတော့၏ ။

Written by သင်္ခရာဇာ

End date: September 8, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...