Translate

Showing posts with label ရန်သူမိတ်ဆွေ. Show all posts
Showing posts with label ရန်သူမိတ်ဆွေ. Show all posts

ရန်သူမိတ်ဆွေ

တောင်တန်းများ အနားသတ်ထားသော ရှုမဆုံးနိုင်သည့် လွင်ပြင်ကြီးထဲမှာ တံလျှပ်များ တရိပ်ရိပ် လူးလွန့်နေကြသည်။ ထိုလွင်ပြင်ကျယ်ကြီးပေါ် စီတန်း လျှောက်နေကြသူတို့၏ ခြေလှမ်းများသည် အရိပ်အောက် ရောက်လျင် ရပ်လိုက်ချင်သော်လည်း မနားရ၊ အနည်းငယ် တုံ့နှေးသွားတတ်သည်မှအပ မှန်မှန် လှမ်းနေကြရသည်။
သူတို့အတွက် ထန်းပင်ရိပ်ကလေးများက သေးငယ်လွန်းလှသလို သရက်ပင် ညောင်ပင် စသည့် အပင်ကြီးများပင် အပူဒဏ် သက်သာသည် ဆိုရုံမျှသာ အရိပ်ရသည်။ မွန်းမတည့်မီက စားထားခဲ့ရသည့် အစာများမှာ ကြေရုံမက အငွေ့ပျံသွားသည် ထင်ရ၏ ။ ရေငတ်လာတိုင်း တစ်ငုံစီ သောက်ကာ စကားပင် မပြောနိုင်ကြတော့ဘဲ တိတ်ဆိတ်စွာ ချီတက်နေကြလေသည်။
"ပူလိုက္တာကြာ"
ရှေ့ဆုံးမှ မြင်းနှင့် တပ်မှူးက ယောင်ရမ်း ညည်းတွားလိုက်ပြီးမှ သူ့နောက်က လူ ၅၅ ယောက်ကို လှည့်ကြည့်မိသည်။ လူ ၅၀ ခန့်မှာ မြင်းမပါ ခြေလျင်ဖြစ်သောကြောင့် သူတို့က မညည်းရဘဲ မြင်းပေါ်မှ မိမိက ညည်းမိသည်ကို အပြစ်ရှိသလို ခံစားလိုက်ရ၏ ။ ဟင်းအိုးများကို ထုပ်၍ ထမ်းလာသော ကျော်ရှိန်ပင် မညည်းမညူ ပျောင်းနွဲ့စွာ လျှောက်နေပါလျက် တပ်မှူးဖြစ်သူက ဤသို့ မပြောသင့်မှန်း သတိဝင်လာသည်။
နောက်မှ အကြပ်ငရန်နွေးကမူ အရိုးခံအတိုင်း
"နွေဝင်စ ရှိသေး၊ ဒီလောက် ပူနေရင် အောက်ပြည်ရွာက ကျုပ်တို့ အညာထက်တောင် ပူဦးမလားပဲ"
ဟု ပြောနေ၏ ။
အမှန်တော့ တပ်သားများက သူ့အား စကားတစ်ခွန်းအတွက်နှင့် အပြစ်တင် ငြိုငြင်ကြမည် မဟုတ်ပါ။ သူကလည်း စကားတစ်ခွန်း မှားရုံဖြင့် အပြစ်ပေးတတ်သူမျိုး မဟုတ်။ စည်းကမ်းတင်းကြပ်သော်လည်း ပျော်ပျော်ပါးပါး စနောက် ပြောဆိုခွင့် ပေးထားသော တပ်မို့ မြင်းပေါ်မှနေ၍ ပူသည် ပြောမိရုံနှင့်တော့ မည်သူကမှ အရေးတယူ စိတ်ခုနေမည် မဟုတ်ချေ။ သူ့ဘာသာ မလုံမလဲ ဖြစ်မိခြင်းသာ။
ရေခမ်းစ ပြုနေသော အင်းကြီးတစ်ခုဘေးမှ ဖြတ်ရသောအခါ သူက ပင်ပန်းနေသော တပ်သားများကို ရပ်နားခွင့် ပေးလိုက်သည်။ တာပေါ်ရှိ လက်ပံပင်ကြီး တစ်ပင်နှင့် ထနောင်းပင် တစ်ပင်အောက်တွင် တပ်သားအချို့က ခြေပစ်လက်ပစ်၊ အချို့မှာ ငုတ်တုတ်၊ အချို့ကတော့ ဓားထောက်၍ ရပ်သူရပ်၊ လှံကို အားပြုသူ ပြု၊ ဒိုင်းဝိုင်းငယ်ကို မိုးဆောင်းထားသူ ဆောင်းဖြင့် ရှိနေကြသည်။
သူသည် ရေခမ်းနေသော အင်းကို ကြည့်၍ စိတ်ကူးတစ်ခု ပေါ်လာပြီး ကျော်ရှိန်ကို လှမ်းခေါ် မေးလိုက်၏ ။
"ဟေ့.. ကျော်ရှိန်၊ တို့ ငါးမစားရတာ ဘယ်လောက်ကြာပြီလဲ"
"သီတင်း ၃ ပတ်ကျော်တော့ ရှိပြီပေါ့"
သူ့အသံအား တပ်သားများက ခေါင်းထောင် နားစွင့်နေကြသည်ကို တွေ့ရသည်။
"ဟုတ်လား၊ ငါက သီတင်း ကိုးပတ်လောက် ရှိပြီမှတ်တာ"
ထိုသို့ဆိုလျင် အချို့က ပြုံးစေ့စေ့နှင့် ထ ရပ်သည်။ အလိုက်သိသော ငသူရိန်က မြင်းရေတိုက်နေရာမှ
"တပ်မှူးက အင်းမြင်တော့ ငါးဟင်းစားကို သတိရသွားပြီလား"
ဟု လှမ်းမေး၏ ။
"အေးကွ၊ အင်း ရေခမ်းနေချိန် ဆင်းကောက်လိုက်ရရင် ရိက္ခာ မနည်းရမှာပဲ"
စကားဆုံးသည်နှင့် ဝုန်းခနဲ ဖုတ်ဖက်ခါ ထလာသူများ မနည်း။ မျက်နှာများက စပ်ဖြဲဖြဲ။ သည်လို အခွင့်အရေးမျိုးက ရခဲသည်။ စစ်ချီရင်း မည်သည့်အရာမျှ မလုပ်ရ၊ လမ်းကြောင်းပေါ်မှပင် ဆင်းခွင့်မပြုသော တပ်မှူး၏ ရှားရှားပါးပါး စိတ်ကူးပေါက်ချိန် ဖြစ်ရာ သူတို့ ဝမ်းသာအားရ ဖြစ်မည်ဆိုလျင်လည်း ဖြစ်လောက်ပါပေသည်။
ကြည့်လေ၊ တပ်မှူးကိုယ်တိုင် အင်္ကျီချွတ်လျက် ပုဆိုးကို ဖြည်နေပြီ။ လူရှေ့သူရှေ့တွင် ပုဆိုးမပါ ဘောင်းဘီချည်းသာ ဆိုပါက ရှက်တတ်ကြသော မြန်မာတို့သည် ယခုအချိန်တွင်တော့ ရှက်ရန် မတွေးကြတော့ဘဲ ခါးတောင်းကျိုက်များကို တဝုန်းဝုန်း ဖြည်ချကြလျက် အဝတ်ပုဆိုးများ မြေပေါ်ပုံလိုက်ကြ၏ ။
"ငကံတို့က မြင်းတွေ အဝတ် လက်နက်တွေ စောင့်နေခဲ့ဟေ့၊ ငါနဲ့ လူ ၃၀ အင်းထဲ ဆင်းပြီး ငါးစမ်းကြမယ်။ ထည့်စရာ အိုးတွေ အဝတ်တွေယူခဲ့။ ကျန်တဲ့သူတွေ ထင်းကောက် မီးမွှေးထား"
စစ်ချီလာသော ကင်းစမ်းတပ်သည် ရုတ်တရက် တံငါအဖွဲ့ကြီးအဖြစ် ပြောင်းသွားသည်။ အပျော်ခရီးထွက်လာကြသူများနှင့်လည်း တူ၊ အနီးအပါး ရွာများမှ ဒေသခံများ ငါးကောက်ထွက်လာသည်နှင့်လည်း တူနေ၏ ။ မည်သူပိုင်သည့် အင်း၊ လယ်ကွက်တွေမှန်းလည်း မသိ။ ဂရုလည်း မစိုက်ကြ။ အနီးနား၌ ရွာလည်း မမြင်ချေ။ ထို့ကြောင့် သူတို့သည် လွတ်လပ်စွာဖြင့် အင်းသားကြီးများ လုပ်လိုက်ကြသည်။
ပေါင်လောက်၊ ဝမ်းလောက်သာ ရှိတော့သော အင်းရေထဲတွင် သူတို့သည် တကုန်းကုန်းဖြင့် ငါးစမ်းနေကြ၏ ။ အချို့က ခြေနှင့်စမ်းပြီးမှ နင်းထား၍ ဖမ်း၏ ။ အချို့ကတော့ အဆက်မပြတ် မိနေသည့် ငါးများကို အိုးသမားခေါ်လျက် ထည့်ပေးနေကြသည်။ အိုးကိုင်များမှာ လူးလားခေါက်တုံ့ တက်လိုက်ဆင်းလိုက်၊ ဟိုကသည်က ခေါ်သည့်နောက် မနားတမ်း လိုက်ရင်း မအားလပ်ကြရှာ။
တာပေါင်ပေါ်တွင်လည်း ရလာသမျှ ငါးများကို ခွဲ၍ သေသည့်အကောင်များကို ဦးစွာ ကင်ရန် ပြင်ဆင်နေကြသည်။ အချို့က ထင်းကောက်၊ အချို့က မီးမွှေး၊ အချို့က အိုးတည်၊ အချို့က တံစို့ထိုးလျက် ကင်နေကြပေပြီ။ စစ်ချီလာသည်ကို မေ့၍ ကလေးငယ်များ ဆော့ကစားနေသည်သို့ ရှိကြ၏ ။
ထိုစဉ် တာပေါင်တစ်ဖက်မှ လူအများ တက်လာကြသည်ကို မြင်ရ၏ ။ အင်းထဲရှိ ငါးဖမ်းနေသူများက ချက်ချင်းမမြင်၊ ကုန်းပေါ်မှ စောင့်နေသော ငကံက အလျင် မြင်သည်။ သို့သော် သူ မအော်ပြောရသေးခင် တပ်မှူးက လှည့်ကြည့်ပြီး တွေ့သွားသည်။
မွန်တပ်တစ်တပ်၊ သူတို့လိုပင် ကင်းထောက် ထွက်လာဟန် ရှိသည်။ လူများများစားစား မပါ။ အလွန်ဆုံး ၁၀၀ ခန့်သာ ရှိမည်။ သူတို့သည်လည်း ရေထဲ ငါးဖမ်းနေကြသူများလည်းကောင်း၊ ကမ်းပေါ်၌ ငါးကင်နေကြသည်ကိုလည်းကောင်း အံ့သြစွာ ကြည့်နေကြသည်။
မြန်မာတပ်က အင်း၏ အရှေ့ဘက် တာပေါ်မှာ၊ မွန်တပ်က တောင်ဘက်မှ တက်လာ၍ တာပေါင်ပေါ် ရောက်လာခြင်း ဖြစ်၏ ။ တပ် နှစ်တပ်မှာ မဝေးလှ၊ သေနတ်တစ်ကမ်း မြားတစ်ကမ်းအတွင်း ရှိနေသည်။ ငါးဖမ်းနေသူအားလုံး ရပ်တန့်လျက် ယခုချက်ချင်း ကမ်းပေါ်တက် လက်နက်ပြေးစွဲကြရမည်လား၊ အမြန်ဆုံး တိုက်ရမည်လားဟု တပ်မှူးအား ကြည့်နေကြ၏ ။
လက်ျာဘီလူးက မွန်တပ်ဆီ လှမ်းဟစ်လိုက်သည်။
"ဗျိုး.. ရောင်းရင်းတို့၊ ယောက်ဖတို့၊ ဆင်းခဲ့ကြပါလား။ ဒီမှာ ငါးတွေ အများကြီးပဲ။ စစ်ပွဲတွေ ခဏ မေ့ထားပြီး ပျော်ပျော်ပါးပါး ငါးဖမ်းစားရအောင်"
တပ်သားများ ကြောင်နေကြသလို မွန်တို့လည်း တစ်ဦးမျက်နှာ တစ်ဦး ကြည့်နေကြသည်။ မြန်မာတို့ ပရိယာယ် ပြုသလား၊ ဉာဏ်ဆင်နေသည်လား ဆန်းစစ်နေကြဟန်။ လက်ျာဘီလူးက သူ့လူများကို ငါးဆက်ဖမ်းရန် ပြောလိုက်ပြီး မွန်များကို ထပ်အော်၏ ။
"မင်းတို့ဗိုလ် ဘယ်သူလဲ၊ ငါ မြန်မာတပ်မှူး"
မွန်ထဲမှ အသက် ၃၀ ခန့် လူတစ်ဦး ထွက်လာသည်။
"ငါပဲ"
"လာပါ၊ ဆင်းခဲ့။ မင်းတို့ကို အန္တရာယ် မပြုပါဘူး"
မွန်ဗိုလ်ဖြစ်သူ ချီတုံချတုံ တွေဝေနေ၏ ။ ယခုချိန် မြန်မာတပ်အား တိုက်လျင် ရနိုင်သည်။ သူတို့ အဆင်သင့် မဖြစ်ကြသေး။ သို့သော် သူတို့သည် အကယ်ပင် တိုက်ရန် ခိုက်ရန် စိတ်မကူးကြသကဲ့သို့ ငါးများကိုသာ အလုအယက် ဖမ်းနေကြသည်။ တိုက်ချင်လျင် အလစ်ချောင်း၍ တစ်ဖက်သတ် တိုက်သည် ဖြစ်မည်။ တစ်ဖက်မှ မတိုက်ဘဲ မည်သို့ စတိုက်ရမည်မသိ ဖြစ်နေဟန် ရှိ၏ ။ ငါးကင်နံ့ကလည်း သူ့အား ဆွဲဆောင်နေလေသည်။
ထို့နောက် ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် သူတစ်ဦးတည်း အင်းထဲ ဆင်းလာသည်။ နောက်ပါမွန်များက မသွားစေချင်ကြသော်လည်း ထိုသူမှာ ရဲရင့်ဟန် ရှိ၏ ။ လက်ျာဘီလူးအနားထိ ရောက်လာသည်။
"ကျွန်တော်တို့လည်း ကင်းစမ်းထွက်လာတာပဲ။ နောက်တပ်တွေနဲ့တော့ ဝေးပါတယ်။ ရောင်းရင်းကရော"
"ငါတို့လည်း ကင်းထောက်တပ်ပဲ"
"ထွက်လာတာ ကြာပြီလား"
"မနက်တည်းက.."
"ဒါဆို တစ်တပ်တည်းပေါ့။ ခေါ်လိုက်လေ။ ငါးတွေ ဖမ်းမကုန်ပါဘူး။ ကျွန်တော့်ကို မယုံလို့လား"
"မဟုတ်ပါဘူး"
ထိုသူက သူ့လူများကို ဆင်းခဲ့ရန် လှမ်းခေါ်သည်။ တချို့ ဆင်းလာကြ၏ ။ အများကတော့ လက်နက်များကို မချကြသေးဘဲ စောင့်ကြည့်နေကြဆဲ။ ကမ်းပေါ်မှ ရပ်ကြည့်နေကြသော ငကံတို့လည်း သူတို့ လုပ်စရာ ရှိသည်များကိုသာ ဆက်လုပ်နေကြပြီ။
ရေထဲ ဆင်းလာသော မွန်များက သူတို့လို အင်းရေပြင်အနှံ့ ပြန့်ကျဲ သွားလာနေခြင်း မပြုဘဲ ဣနြေ္ဒရရ တဖြည်းဖြည်းသာ သတိနှင့် ငါးစမ်းနေသည်။ မယုံမရဲ ဖြစ်နေကြဟန် တူ၏ ။ လက်ျာဘီလူးတို့ကတော့ သူတို့ကို လှည့်ကြည့် ဂရုထားမနေတော့ဘဲ ငါးကိုသာ အာရုံစိုက်နေကြသဖြင့် နောက်ထပ် မွန်အချို့ ထပ်ဆင်းလာသည်ကိုပင် မသိလိုက်။
မွန်တို့ဘက်ခြမ်းမှာ ရေတိမ်၍ ရွှံနွံများသဖြင့် ငါးပိုရသည်။ ခဏချင်း ငါးခူ ငါးရံ့ကြီးများစွာ ရကြသဖြင့် အားတက်လာပြီး ကုန်းပေါ်မှ လူများပါ ဆင်းလာကြတော့သည်။ မွန်တစ်ဦးနှင့် မြန်မာတစ်ဦး ငါးတစ်ကောင်တည်းကို နှစ်ယောက်စမ်းမိကြသဖြင့် မွန်ကလည်း မြန်မာကို လက်ဟန်ခြေဟန်နှင့် ပေး၏ ။ မြန်မာကလည်း မွန်အား ယူရန် အတင်းပြန်ပေးနေရာ လက်ျာဘီလူးက
"တို့ အိုးထဲ ထည့်လိုက်။ ပြီး သူတို့ပါ ကျွေးလိုက်ပေါ့"
ထိုအခါ မွန်ဗိုလ်လေးက သူ့တပ်သားများကို မွန်လို ပြောလိုက်ရာ သူတို့ ဖမ်းမိ၍ ကမ်းပေါ် သွားတင်ထားကြသော ငါးများကို မြန်မာတို့ ကင်နေသည့်အနားသို့ သွားရောက်ပို့ကြလေသည်။ မြန်မာတို့ကလည်း နှုတ်ဆက်၍ ငါးများကို အတူပေါင်းထည့်ထားလိုက်၏ ။
"ကျွန်တော်တို့နဲ့ အတူတူ လာစားကြမှာလား"
"စားမယ်လေ၊ ငါတို့ အများကြီး မစားပါဘူး"
"ကျွန်တော်တို့လည်း တချို့တစ်ဝက်ပဲ ကင်စားမှာပါ။ ပိုတာ ရိက္ခာလုပ်မလို့"
လက်ျာဘီလူးက သတိရသွားဟန်ဖြင့်
"ဒီလိုလုပ်ပါလား၊ ကျွန်တော်တို့ ရှေ့ဆက် မချီတော့ဘူး။ အစ်ကို့ကိုပဲ စစ်သတင်း မေးတော့မယ်။ အစ်ကို ကင်းထောက်ဖို့လည်း ဆက်သွားစရာ မလိုဘူး။ သိချင်တာအကုန် ကျွန်တော်ပဲ ပြောပြမယ်။ ဒီကနေပဲ စားပြီး လှည့်ပြန်ကြတာပေါ့"
"အင်း.. အဲဒီလိုလုပ်လို့ ရပါ့မလား မသိဘူး"
"အစ်ကို့သဘောပါ။ ကျွန်တော်မေးတာတော့ အမှန်တိုင်း ပြောပြမယ် မဟုတ်လား"
"ရပါတယ်"
သို့ဖြင့် သူတို့ ငါးဖမ်းရင်း စကားတပြောပြော ရှိ၏ ။ ကမ်းပေါ်တက်၍ မွန် မြန်မာ အရောရော အထွေးထွေး စားကြသောအခါ၌လည်း အချင်းချင်း မိတ်ဆက်ကြ၊ ခေါင်းညိတ် ပြုံးပြ နေရာပေးကြဖြင့် ချစ်ချစ်ခင်ခင် နေကြလေသည်။ မတူသည့် အမူအကျင့်များကို သည်းခံ ခွင့်လွှတ်ကြရန် နှစ်ဖက်ဗိုလ်များက မှာထားကြသောကြောင့် အချင်းများခြင်း မဖြစ်။
လက်ျာဘီလူးက သူသိလိုသည့် မွန်တို့ ချီလာသည့် အင်အား၊ တပ်ချရာအရပ်၊ မည်သူ့တပ်၊ မည်သို့ ချရပ်သည် ဆိုသည်တို့ကို မေးသလို မွန်ဗိုလ် မေးသမျှကိုလည်း မှန်ကန်စွာ ဖြေသည်။ မည်သည့်နေ့ မည်သည့်နေရာသို့ ရောက်နိုင်သည်၊ ရေကြောင်းက မည်မျှ၊ ကြည်းကြောင်း မည်သည့်လမ်းက စစ်သည်မည်မျှ စသည်တို့ကို ဖြေကြားခဲ့ရ၏ ။
ထို့နောက် တပ်နှစ်တပ်သည် အချင်းချင်း နှုတ်ဆက်ကြလျက်၊ ရိက္ခာများကို ခွဲဝေယူကြလျက် လှည့်ကြည့်လှည့်ကြည့်နှင့် တပ်ခေါက် ပြန်ခဲ့ကြသည်။ ရန်သူကို တွေ့သော်လည်း မတိုက်သည့်အပြင် အတူရှာ အတူစားခဲ့သော အဖြစ်ကို နှစ်ဖက်ရဲမက်များ သက်ဆုံးတိုင် မေ့နိုင်ကြမည်မထင်။

           သို့သော် ထို မွန်ကင်းထောက်တပ်သည် မင်းလှမင်းခေါင်၏ မုဆိုးခြုံတပ်နှင့် တွေ့သွားလေသလား၊ သို့တည်းမဟုတ် အောက်ပြည်ရွာ မုတ္တမ တနင်္သာရီကို ထိပါးသည့် ယိုးဒယားတို့နှင့် စစ်ဆိုင်ရန် ထွက်သွားရလေသလား မသိ။ ထိုနေ့နောက်ပိုင်း သူတို့တပ်နှင့် တစ်ကြိမ်တစ်ခါမျှပင် ပြန်လည် ဆုံတွေ့ကြရခြင်း မရှိတော့ပါပေ။

 Written by သင်္ခရာဇာ

End date: January 23,2022 

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...