Translate

သူရိယ ဒေဝ (ဇာတ်သိမ်း)

"သူရိယ ဒေဝ"
လက်ျာဘီလူး မည်ကဲ့သို့ ကြံမည်နည်းဟု သိလို၍ သူက မစဘဲ ကြို၍သာ နေလိုက်သည်။ လက်ျာဘီလူးက မြင်းချင်းဖြတ်စဉ် မိုးခုတ်သည်။ သူက အလွယ်တကူ ကာပေးလိုက်၏ ။ ပြန်လှည့်လာပြီး တစ်ချက်ပိုင်း၍ တစ်ချက် တွက်လိုက်ပြန်သည်။ သူရိန် ပယ်ထုတ်ရင်း စဉ်းစားရပြီ။ တပ်မှူး အဘယ့်ကြောင့် ရိုးရှင်းစွာ တိုက်ခိုက်နေသနည်း။ အဘယ့်ကြောင့် ပရိယာယ်မပြု နည်းဥပါယ် မသုံးသနည်း။ သူ့အား ငဲ့ညှာနေခြင်းလော။
နောက်တစ်ကြိမ် ဝင်လာသည်ကိုလည်း သတိထား၍ ပက်ထုတ်ပစ်လိုက်၏ ။ ဤအတိုင်းဆိုလျင် တပ်မှူး သူ့ကို ထိရှရန်ပင် တတ်နိုင်မည်မဟုတ်။ အားပြင်းပြင်းနှင့် နောက်ကြိမ် စလွယ်ခုတ်သည်ကိုလည်း ငုံ့ရှောင်ပေးလိုက်သည်။ တပ်မှူး သူ့ကို အလျှော့ပေးနေသည်မှာ သေချာ...၊
သူ့အတွေးမဆုံးခင် မှားသွားကြောင်း သိရတော့သည်။ ရန်သူကို ဘယ်တော့မှ အထင်မသေးနှင့် ဟူသော တပ်မှူး၏ ဆုံးမစကားကို အထိတ်တလန့် သတိရ နောင်တ ဖြစ်မိချိန်၌ မြင်းချင်း အလွန်တွင် တပ်မှူးက တိမ်ပျံကို လည်ပင်းပုတ်လျက် 'သားကြီး.. ကန်' ဟု ဆိုလိုက်သောကြောင့် ဖြစ်သည်။ တိမ်ပျံ၏ နောက်ခြေအစုံ လှစ်ခနဲ ထွက်လာပြီး သူရိန်၏ မတ်ခါစ ကျောမှာ ပူထူသွား၏ ။ သူရိန် မြင်းပေါ်မှ လွင့်စင်ထွက်သွားသည်။ နောက်တစ်ချက်အကန်၌ သူ့မြင်း သတ္တရုရန်အောင်လည်း ဘုန်းဘုန်းလဲလေသည်။
လက်စသတ်တော့ တပ်မှူးက အကယ်ပင် မြင်းနှင့် တိုက်သွားတာပါလား။ ပြန်မထနိုင်သော သူရိန်ကို တပ်မှူးက စိုက်ကြည့်ပြီး စောင့်နေသေးသည်။ နောက်မှ ဓားသိမ်းလျက် ထွက်သွားသည်။ ငကံ နောက်က လိုက်သွား၏ ။ သူ့တပ်သားတစ်ဦး မပါသည်ကို ထောက်သော် သမိန်အဲနရဲ ရှင်းပစ်ခဲ့ပြီ ထင်သည်။
လက်ျာဘီလူးနှင့် ငကံသည် ရွာမပြန်တော့ဘဲ တိမ်ကြားမင်းခေါင် တပ်ချရပ်နေမည့် အရပ်ကိုသာ စုံစမ်း သွားကြသည်။ သူတို့နောက် မည်သူမှ လိုက်မလာရဲကြ။ သူရိန် တစ်ယောက်တော့ လိုက်ရဲပေလိမ့်မည်။ သူ့အားလည်း အပြစ်မဆိုသာ။ အမိန့်တော်အတိုင်း လုပ်ရသည် ဖြစ်မည်။ သူရိန် မိမိအား မည်မျှ သံယောဇဉ်ရှိကြောင်း လက်ျာဘီလူး သိနေသဖြင့် မသတ်ရက်။ သူ လုပ်ကြံနိုင်မူကား ရှိစေတော့။ မိမိအား မလိုသူ ပေါများလှကြောင်း သိပြီးဖြစ်သဖြင့် တစ်ချိန်ချိန်၌ ဤသို့ အသက်ဘေး ကြုံရမည်ကို မြော်တွေးထားပြီး ဖြစ်သည်။
သို့သော် သူတို့ ထင်မှတ်ထားသလို သူရိယဒေဝနှင့် သူ့တပ်သည် ခရီးစဉ်တစ်ခုလုံး၌ ပေါ်မလာခဲ့။ ရုတ်တရက် ပေါ်လာသည်က မော်တုံမော်ကယ်စားတပ်များနှင့် ပူးပေါင်း၍ ယူနန်မှ ချီလာသော တရုတ်ဘုရင်ခံတပ်ကြီး တစ်တပ် ဖြစ်နေသည်။ သူတို့နှစ်ဦး ချောင်းဘေး၌ ရေသောက်နေကြစဉ် ရေခပ်ရန်လာသည့် တရုတ် ၃ ဦးနှင့် တွေ့သဖြင့် မြန်မာစစ်သည်များဖြစ်ကြောင်း ရိပ်မိသွားရာ တရုတ်တို့က စူးစူးဝါးဝါး အော်ဟစ်ကြသည်။
သူတို့ကလည်း အမြန် ရှောင်သွားမည် ပြုသည်။ တရုတ် စစ်သားများ တဖွဲဖွဲ ရောက်ရှိလာပြီး ဝိုင်းလာ၍ မလွှဲမရှောင်သာ တိုက်ခိုက်ရတော့သည်။ နှစ်ဦးတည်း ဖြစ်၍ ငကံကို သူ စိတ်မချ။ သူကတော့ မြင်းနှင့်ဖြစ်ရာ တရုတ်တို့ကို မွှေနှောက် ထိုးခုတ်နေနိုင်သည်။ တရုတ်တို့ကလည်း ရုတ်ရုတ်သဲသဲ ပြေးလွှား ဝိုင်းရံရင်း လက်ရဖမ်းရန် အားထုတ်နေကြ၏ ။
သူတို့ ရွေ့လျားရင်း တရုတ်တို့ ထွက်ပေါ်လာကြသည့်ဘက်မှ ဝေးရာသို့ ဦးတည်လာခဲ့သည်။ သည်တစ်ကြိမ် လက်ျာဘီလူး တွက်ကိန်းမှားသွားခဲ့ပြီ။ တောတွင်းမှ ထွက်လာသူများမှာ တပ်တည်လုပ်ရန် သစ်ရှာ ဝါးရှာကြသူများ ဖြစ်နေပြီး သူတို့ ဦးတည်လာရာ အရပ်၌ အလွန်ကြီးမားသော သစ်တပ်ကြီးတစ်တပ်ကို ဘွားခနဲ တွေ့လိုက်ရတော့သည်။
လုပ်ရေးကြံရေးကား ခက်ချေပြီ။ ကိုယ်လွတ်ရုန်းပြေးက ရသော်လည်း ငကံ ကျန်ရစ်မည်။ ထို့ကြောင့် သူက ပူးတုံခွာတုံပြုလျက် ငကံကို ဝိုင်းရံနေသူများအား ရှင်းလင်းပေး၏ ။ သို့သော် တရုတ်တို့ ပို၍ ထူထပ်စွာ ရောက်ရှိ ပိတ်ဆို့လာသည်။ ကြာလျင် အရေးခက်တော့မည်။
တိမ်ပျံကလည်း စစ်မြင်းပီသစွာ ကိုက်ပါသည်။ ပေါက်ပါသည်။ ကန်ကျောက်နေပါသည်။ သို့ရာတွင် သူ့၌လည်း ဓားချက်များ မနည်းတော့။ လက်ျာဘီလူးလည်း လူအများအလယ်၌ ချာချာလည်နေပြီ။ ထိုးခုတ်၍ မနိုင်။ ငကံကား အရေးနိမ့်တော့မယောင် သွေးရူးသွေးတမ်း လှံကို လွှဲယမ်းနေသည်။ ထိုစဉ် မထင်မှတ်သော အရပ်မှ မြင်းတပ်တစ်တပ် အလုံးအရင်းနှင့် တိုက်ပွဲထဲ ပြေးဝင်လာ၏ ။ ဗိုလ်မင်းကား သူရိယဒေဝ၊ ငသူရိန်။
မြင်းများကို မြင်၍ တရုတ်တို့ အမ်းလျက်ရှိစဉ် လက်ျာဘီလူးတို့ ဖောက်ထွက်သွားသည်။ လွတ်ရာရောက်မှ အမောဖြေရင်း ကပ်လာသူတို့ကို ပြန်တိုက်ရ၏ ။ ငသူရိန်တို့ကား ထပ်မံဖြည့်တင်းလာသည့် မြင်းသည်အများဖြင့် တရုတ်တပ်ကြီး ပြင်ပဝယ် လူးလားခေါက်တုံ့ သွားလာ ထိုးခုတ်နေကြသည်။ အမောပြေသော် ငကံကို စောင့်နေစေ၍ လက်ျာဘီလူးက တိုက်ပွဲထဲ ဝင်သွားပြန်သည်။ ငကံကတော့ အဝေးမှသာ နေရင်း အဝိုင်းမခံတော့ဘဲ ရှောင်ရှားနေလေ၏ ။
သူရိန် မြင်းပေါ်မှ ဆင်းသွားသည်ကို မြင်၏ ။ ဓားနှစ်လက်ကို ဆွဲ၍ လွှဲကာ လွှဲကာ ခုတ်နေသည်မှာ သူ အယုဒ္ဓယ၌ တိုက်ခဲ့သည့်အတိုင်း ဖြစ်သည်။ အကာနှင့် အခုတ် တစ်ပြိုင်တည်း၊ အပယ်နှင့် အပင့် တစ်ချက်တည်း၊ အရှောင်နှင့် အတိုက် တစ်ဆက်တည်း ဖြစ်နေသည်။ အကြိမ်တစ်ထောင် ကျင့်ထားသော ဇာတ်ကို ကနေသည်နှင့်ပင် တူသေးသည်။ သူ့ကိုယ်သူ ပြန်မြင်နေရသလို ဖြစ်နေသည်။ လက်ျာဘီလူးလည်း မြင်းပေါ်မှ ဆင်းလျက် တိုက်ခိုက်လာရာ ပုံစံတူ လူနှစ်ဦး၏ တိုက်ခိုက်ပုံများကို မြင်သမျှ တရုတ်မြန်မာတို့ အံ့သြမင်သက်ကြကုန်၏ ။
သူတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြစဉ်တွင် တရုတ် သေနတ်တပ် တစ်တပ် ရောက်လာပြီး တန်းစီ နေရာယူ ထိုင်ချလိုက်သည်ကို မြင်သည်နှင့် လက်ျာဘီလူးက တိမ်ပျံကို ခေါ်၍ လျင်မြန်စွာ တက်သွားပြီး ကဆုန်ဆိုင်းလိုက်သဖြင့် ဝိုင်းဝန်း ပစ်ခတ်လိုက်သော ကျည်ဆံများမှ သီသီကလေး လွတ်သွားသည်။ ဗိုလ်ပုံအလယ် ဝံ့ကြွားစွာနှင့် ရန်သူကို မဲတိုက်နေသည့် သူရိယ ဒေဝကတော့ ကျည်စေ့အများ သင့်လျက် ပုံကျသွား၏ ။
သူရိန်က ချက်ချင်း လူးလဲထပြီး သူရှိရာ မော်ကြည့်သည်။ ဝေဒနာကို သိဟန်မတူ။ မတ်မတ် ရပ်လိုက်သည်။ ဓားနှစ်လက်ကို မြှောက်၍ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး..
"ဟေး... ငါ့နာမည် သူရိယ ဒေဝ။ နေနတ်မျိုးနွယ်ကွ။
မြန်မာပြည်သားကွ"
မိုးခြိမ်းသံနှင့်တူစွာ ကြုံးဝါး သံယံ၍ သေနတ်သားများရှိရာ ပြေးသွားတော့သည်။ ဓားတစ်ချက် ပြက်လိုက်တိုင်း သုံးလေးယောက် လဲကျကုန်၏ ။ ဓားနှစ်လက်ကို သိမ်းပင့်လိုက်လျင် တထွေးကြီး မြောက်တက်သွားကြသည်။ အသက်ကျန်၍ တိုက်နေသည် မဟုတ်၊ စိတ်ဓာတ်ခွန်အားဖြင့် လှုပ်ရှားနေသည့် သူရဲကောင်းတစ်ဦးအား လက်ျာဘီလူး ငေးကြည့်နေမိသည်။
သူ့တပ်ကလည်း ဗိုလ်မင်း ထိသွားသည်နှင့် စိတ်ဓာတ်ပျက်ပြား၍ ပြေးရမည့်အစား သူ့အားကြည့်ကာ ပိုမိုတက်ကြွလာသည် ထင်၏ ။ သူတို့ ဗိုလ်မင်းနှင့်တကွ တရုတ်တပ်ကြီးအတွင်းသို့ ညာသံပေးလျက် အားလုံး ကြွေးကြော်ဝင်သွားကြတော့သည်။
လက်ျာဘီလူးနှင့် ငကံက ပြင်တပ်များကိုသာ တိုက်ခိုက်ပြီး တရုတ်တို့ မထွက်ဝံ့သည်၌ တိမ်ကြားမင်းခေါင်တပ်သို့ ဆက်လက်ထွက်ခွာသွားကြသည်။ သူရိန်တို့ မည်သို့မျှ ရှင်ကျန်နိုင်မည် မဟုတ်မှန်း သူတို့ နားလည်နေကြ၏ ။ ယခုအချိန် သူတို့ပါ မိုက်ရူးရဲ လိုက်ဝင်မိပါက အချည်းနှီးသာ ဖြစ်မည်။ တရုတ်တပ်ကြီးသည် အင်အားများလွန်း၏ ။ ပြောင်းသေနတ် လူသူ စေ့စေ့ညပ်ညပ်ရှိသည်။ သူရိန်နှင့် သူ့လူများကား သေမည်မုချ သိလျက်နှင့် ရဲစွမ်းပြသွားကြပြီ။
ဗိုလ်မင်း သူရိယဒေဝ၏ အားထုတ်မှုမှာ အချည်းနှီး မဖြစ်ပါ။ တရုတ်တို့သည် မြန်မာတို့၏ လက်စွမ်းနှင့် ထက်သန်ပြင်းပြသည့် စိတ်ထားအား သိရှိသွားကြပြီ။ မြန်မာတစ်ယောက်ကို လူဆယ်ယောက် မနိုင်ဟု သဘောပေါက်သွားကြသည်။ သူရိန်၏ ကျဆုံးမှုမှ ရရှိလာသော ထိုအထောက်အပံ့ကို အားပြု၍ နောင်အခါ တရုတ်စစ်ကို ကောင်းစွာ ရင်ဆိုင်နိုင်မည်ဖြစ်ကြောင်း လက်ျာဘီလူး ဝမ်းနည်းဂုဏ်ယူလျက် မှတ်သားထားလိုက်လေတော့သည်။

*ပြီးပါပြီ*

Written by သင်္ခရာဇာ

End date: October 11, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...