Translate

Showing posts with label သူရဲကောင်း. Show all posts
Showing posts with label သူရဲကောင်း. Show all posts

သူရဲကောင်း (ဇာတ်သိမ်း)

မဟာနော်ရထာ ခေါ်သည် ဆိုသဖြင့် လက်ျာဘီလူး လိုက်လာခဲ့ရသည်။ စစ်ကိုင်းမှ အမှုသာ ဖြစ်မည်ဟုလည်း သိနေ၏ ။ အချင်းများကြသည့် နေ့က မည်သည့်တပ်မှ မည်သူမှန်း မသိကြသေးသော်လည်း ဝတ်ထားသည့် တပ်သားသစ်ဝတ်စုံကြောင့် စုံစမ်းကြရင်း နှစ်ရက် လွန်သောအခါ ထိုနေ့က စစ်ကိုင်းသို့ သွားခဲ့သည့် သူ့ကို ခြေရာခံမိခြင်း ဖြစ်ပေလိမ့်မည်။

သူက ခပ်အေးအေးပင် မဟာနော်ရထာ၏ ရုံးတော်အတွင်း ဝင်သွား၏ ။ တပ်မင်းကြီးသည် ဗိုလ်မှူးတစ်ဦးနှင့် ဆွေးနွေးနေရာမှ ထိုင်ခုံတစ်လုံးဆီ လက်ညှိုးညွှန်ပြ၍ သူ့အား ထိုင်စေ၏ ။ သူက ထိုင်စာင့်ရင်း ဗိုလ်မင်းနှစ်ဦး ဆွေးနွေးနေကြသည်ကို ကြည့်နေလိုက်သည်။
"အင်အား နည်းတာတော့ အမှန်ပဲ။ ရှမ်းပြည်ထောင်ကို ဆင့်ခေါ်ဖို့ကလည်း တကယ်တမ်း ယုံကြည်ရတာက ကျိုင်းတုံစော်ဘွားလောက်ပဲ ရှိတယ်။ ဒီတော့ အခြားနယ်တွေက စော်ဘွားစော်ခံတွေကိုပဲ သိမ်းရုံးပြီး အခြေနေ ရှုပ်ထွေးနေတဲ့ နယ်စပ်ဒေသအတွက် ကျိုင်းတုံတပ်တွေကို အစောင့်အနေ ထားခဲ့ဖို့ မောင်မင်းက အမတ်ကြီးကို တင်ပြလိုက်ပါ"
ဗိုလ်မှူးထွက်သွားမှ မဟာနော်ရထာက လက်ျီာလူးကို လက်ယပ်ခေါ်ပြီးလျင်
"မင့်သတင်းတွေကတော့ ကြီးနေပြန်ပြီ။ ကျုပ်တပ်သားတစ်ဦး စစ်ကိုင်းမှာ ရုတ်ရုတ်သဲသဲ လုပ်ခဲ့တယ် ဆိုတာနဲ့ ကျုပ်တော့ မင့်ပဲ ပြေးမြင်မိတာပ"
"ဟုတ်ပါတယ် မင်းကြီး၊ ကျွန်တော်လုပ်မိတာပါ"
"အိမ်း.. မင်း လိမ်ညာမပြောဘူးလို့ ယုံပါတယ်။ ဆိုစမ်းပါဦး၊ ဘယ်လိုက ဘယ်လို ဖြစ်ကုန်ကြတာလဲ"
လက်ျာဘီလူးက အဖြစ်အပျက် အသေးစိတ်ကို လျှောက်တင်ရာ မဟာနော်ရထာ နားထောင်ပြီး ငြိမ်သက် တွေးတောနေ၏ ။
"သူတို့ဘက်က တိုင်တာတော့ အဲဒီလို မဟုတ်ဘူး"
"တောသား အရိုင်းအစိုင်း တပ်သား အသစ်တစ်ဦးက မင်းမှုထမ်းနေသည့် ရဲမက်တော်တို့ကို ရန်စ၍ ထိုးကြိတ်သွားတယ် တဲ့လား"
လက်ျာဘီလူးက ပြုံး၍ ပြောရာ မဟာနော်ရထာက ရယ်လျက်
"အဲဒါဆို မင်းကို ဘယ်ခေါ်တော့မလဲကွာ၊ ငါ့ဘာသာ ရှင်းလိုက်မှာပေါ့ ငစံငယ်ရဲ့။ ခု သူတို့ တိုင်လိုက်တာက အဲဒီထက် အများကြီး ဆိုးတာပေါ့။ ရော့.. မင်းကိုယ်တိုင်သာ ဖတ်ကြည့်ပေတော့"
မဟာနော်ရထာ စားပွဲပေါ် ပစ်တင် လှိမ့်ပေးလိုက်သည့် စာပုလွေ ယွန်းဘူးကို လက်ျာဘီလူးက ဖမ်းယူလိုက်ပြီး အဖုံးဖွင့်ကာ စာထုတ်ဖတ်၏ ။
"သူပုန်တပ်သားဟောင်းတစ်ဦး.. ဆိုပါလား"
"အဲဒါကြောင့် ပေါ့ကွ၊ အမှုက ပိုကြီးသွားတာ"
"စစ်ကိုင်း၌ လူစုနေပုံရပါသည်.. တဲ့။ အင်း.. မရှင်းနိုင်ရင်တော့ အကွပ်ခံရမယ့် ကိန်းပဲ"
"တိုင်စာထဲမှာ ယုတ္တိယုတ္တာ ကင်းမဲ့တာတွေ ပါနေပေမယ့် ဟိုရဲမက်တွေမှာ အတော်ခံလိုက်ရတာရယ်၊ တင်ကျည်းစွမ်း ပြသွားတာရယ်ကြောင့် မောင့်လက်စွမ်းကို သူပုန်တပ်ကလို့ ယူဆစရာ ဖြစ်နေတယ်။ သူပုန်ဆိုပေမယ့် တပယင်းမင်းကတော့ ငတွန့်ကို အလွန်သမြှောတာကလား။ အညံ့မခံလို့သာ လိုက်ဖမ်းရပေမယ့် ငတွန်သေတော့ သုရှင်မှာ ဆောက်တည်ရာမရ ဖြစ်သွားသေးတယ်။ အေး.. ဒါပေမယ့် သူ့ညီတော်ကတော့ သူလို မဟုတ်ဘူး။ မင့်ကို မိရင် အမေးအမြန်းမရှိ ကွပ်မှာပဲ"
လက်ျာဘီလူး ငြိမ်သက်စဉ်းစားရမည့် အလှည့် ရောက်လာပြန်သည်။ မဟာနော်ရထာက အဖန်အိုးကို လက်ဖက်ခြောက်ခပ်ရင်း အကဲခတ်နေ၏ ။ နောက်မှ
"ခုထိတော့ တိုင်တာရော သတင်းတွေရော ရွှေနန်းရှင်ထံ မရောက်သေးဘူး။ ကျုပ်တို့ ဗိုလ်မင်း မှူးမတ် ဝန်ကြီးများ အလျင် ညှိကြရမယ့် အရေးဖြစ်တယ်လို့ ယူဆလို့ မဟာစည်သူထံ စာပို့ထားတယ်။ တရားခံကို အပို့လွှတ်လိုက်ပါမယ် ပေါ့"
လက်ျာဘီလူးသည် စာကို တစ်ခေါက် ပြန်ကြည့်၏ ။ ထို့နောက်
"ဘယ်လို စပြီး အချင်းများကြတယ်လို့တော့ ဖော်ပြမထားပါလား။ ကျွန်တော်ကပဲ မင်းချင်းတွေကို မုန်းတီးစိတ်နဲ့ အကြောင်းမဲ့ ဝင်ရိုက်နှက်တဲ့ သဏ္ဍာန် ဖန်တီးထားတယ်"
"ဟုတ်ပ မောင်၊ အတော် အရှက်မရှိ ပြောဆိုရဲပါပေတယ်။ ယောက်ျားပါးစပ်မဟုတ်၊ ထမီဆို့ထားရမယ့် သူတွေပဲကွဲ့"
ရုတ်တရက် ငကံကို သတိရမိသည်။ ငကံ နှင့် သူ အဖြစ်ချင်း တူနေပါပေါ့လား ဟု တွေးကာ ပြုံးမိမလို ရှိသော်လည်း မင်းကြီးရှေ့တွင်ဖြစ်၍ ဣနြ္ဒဆေည်လိုက်၏ ။ သစ္စာကြီးလှသည့် ငကံသည် ယခုအထိ အမှုထမ်းနေဆဲ ဖြစ်မည်။ ငကံကို ရအောင်ရှာ၍ သူ့ထံ ပြန်ခေါ်ရန် တွေးမိလာသည်။ မဟုတ်လျင် ရိုးအ စကားနည်းသော ငကံသည် အနိုင်အထက် ပြုကျင့်ခံရလိမ့်ဦးမည် မလွဲ။ ယခု မြေဒူးမင်းလက်ထက် မင်းစေများမှာ ပို၍ပင် ဆိုးနေကြသည် မဟုတ်ပါလား။
"မင်းကြီး မဟာစည်သူ ဆိုတာ ဦးနှောင်း မဟုတ်လား"
"ဟုတ်တယ်.. မင်း သိတယ် မဟုတ်လား"
"ဟုတ်ကဲ့၊ သိကျွမ်းပါတယ်။ ကျွန်တော်.."
လက်ျာဘီလူးက ဆက်ပြောသင့် မပြောသင့် ချင့်ချိန်နေ၏ ။ သူလို ဘာမှ မဟုတ်တော့သော တပ်သားလေးတစ်ဦး၏ အရေးအရာမဟုတ်၊ ဗိုလ်မင်းကြီးများ အချင်းချင်းသာ ဖြေရှင်းရမည့် အရေးလောဟု စဉ်းစားနေခြင်း ဖြစ်သည်။
"ဘာလဲ၊ ငနှောင်းကို သွားတွေ့ချင်လို့လား"
သူခေါင်းညိတ်၏ ။ မဟာနော်ရထာ ပြုံးသည်။
"မင်းကိုယ်တိုင် ရှင်းတော့ ပိုကောင်းတာပေါ့ကွာ။ ကျုပ် မင့်ကို ယုံပါတယ်။ မင်းကြီး မဟာစည်သူလည်း ယုံလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီအတွက်ကို ကျုပ် စီစဉ်ပေးမယ်။ တခြား ဘာများ လိုအပ်တာ ရှိသေးလဲ ငစံ"
"အပန်းမကြီးရင် ကျွန်တော် လူတစ်ယောက်ကို ရှာချင်ပါတယ်။ ကျွန်တော့် တပ်သားဟောင်း တစ်ဦးပါ"
"ရသလေကွယ်၊ ဘာများ ခက်လို့လဲ။ ရှေ့ဝင်းတော်မှူး တပ်သားဟောင်း ဘယ်သူဆိုပြီး တပ်တွေမှာ ရှာခိုင်းလိုက်လို့ ရပါရဲ့။ အမည် နဲ့ ရာထူးသာ ပြောကွဲ့"
"အကြပ် ငကံ ပါ မင်းကြီး"
"အိမ်း အိမ်း၊ ကျုပ် မင်းချင်းလွှတ်လိုက်မယ်။ နက်ဖြန်နံနက် မဟာစည်သူထံ သွားဖို့သာ ပြင်ထားပေတော့။ ကျုပ်မှာ အခြားအရေးများ ရှိသေးလို့ သွားရဦးမယ် မောင်စံ"
သူက ကျေးဇူးစကားဆို၍ ကန်တော့လိုက်၏ ။ မဟာနော်ရထာ ခေါင်းညိတ်လျက် ထွက်သွားလေသည်။
မိုးသောက်လျင် ဗိုလ် ရွှေတောင်ကြံသိုင်း ရောက်လာ၍ လက်ျာဘီလူးအား ခေါ်သွားသည်။ နန်းတော်ရာ မြောက်ရပ်ရှိ တပ်တစ်တပ်သို့ ရောက်သော် လူအများ ထွက်ကြည့်နေကြသည်ကို တွေ့ရလေ၏ ။
"တို့တပ်သားတွေကို ရိုက်သွားတဲ့ သူပုန်ကောင် ဖမ်းလာပြီ ဆိုပါ့လား"
"သင်းကိုများ လူ ၂၀ လောက်က မနိုင်ဘူးတဲ့လား။ ခုနေ ဝိုင်းတွယ်လိုက်ရရင်ဖြင့်ကွာ.."
"မင်းခေါင်နော်ရထာကြီးလူ ဖြစ်နေဦးမယ်နော်၊ အစွမ်းက မသေးလှဘူး ဆိုပဲ"
"နင့်လူ သည်နေ့ကို မလွန်တော့ပါဘူးကွာ"
သူတို့ကို ကြည့်၍ ပြောဆိုနေကြသည့် ရဲမက်များကို တည်ငြိမ်စွာ ဖြတ်သန်းလာကြပြီးလျင် ခမ်းနားသည့် အိမ်မည်းကြီးထက်သို့ တက်ခဲ့ကြသည်။ မတက်မီ သူနှင့် အချင်းများခဲ့သည့်ဗိုလ် ရောက်လာပြီး အိမ်အောက်မှ ပြောလိုက်သံကို ကြားဖြစ်အောင် ကြားလိုက်ရသေးသည်။
"ကောင်းကောင်း တောင်းလို့ မပေးတတ်တဲ့ သူပုန်ကောင်၊ အရိုအသေတန်ပြီး စော်ကား မိုက်မှားတာ ခုတော့ သင်း သေရတော့မယ်။ မင်းတို့ ကြည့်ထား၊ ငါ့ကို လွန်ဆန်ကျင့်ရင် ဘာဖြစ်တတ်သလဲ ဆိုတာ"
သူ၏ လူများက သူ့အား အထင်ကြီး ကြောက်ရွံ့စွာ ကြည့်လိုက်ကြသလို လက်ျာဘီလူးနှင့် ရွှေတောင်ကြံသိုင်း တို့ကလည်း လှေကားမှ လည်ပြန် ကြည့်သွားကြ၏ ။ လက်ျာဘီလူးက ပြုံးလိုက်သလို ရွှေတောင်ကြံသိုင်းကလည်း စိတ်အတွင်းမှ
"သူပုန်လား သူရဲကောင်းလား မကြာခင် အဖြေသိရတော့မှာပေါ့ ငမိုက်သားရယ်"
ဟု ကြုံးဝါးသွား၏ ။ သူသည် မင်းကြီးမဟာနော်ရထာ၏ တပ်တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သဖြင့် တပ်မှူး လက်ျာဘီလူးအကြောင်း ကြားခဲ့ဖူးသလို ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာကိုလည်း အလွန်လေးစားခဲ့သူ ဖြစ်သည်။ ထို့ကြောင့် မင်းကြီး မဟာနော်ရထာက မဟာစည်သူထံသို့ လက်ျာဘီလူးကို ပို့လျင် လမ်းတွင် လူအများ မြင်သာအောင် ကြိုးတုပ်သွားပါ ဟု မှာလိုက်သော်လည်း တည်ကြည်သော လက်ျာဘီလူးကို တွေ့သောအခါ ကြိုးတုပ်ရန်အမိန့်ကို သွေဖီလျက် 'ထွက်ပြေးမည့်သူ မဟုတ်ပါ' ဟု အကြောင်းပြရန် စဉ်းစားပြီး ဖြစ်၏ ။
အိမ်ပေါ်တွင် တအောင့်တနားမျှ စောင့်နေရပြီးမှ မဟာစည်သူ ထွက်လာသည်။ တရားခံ လာပို့တာပါ ဟု ဆိုသော်လည်း တရားခံ မတွေ့သောကြောင့် မေးမည်ပြုစဉ် ရွှေတောင်ကြံသိုင်း ဘေးမှ စစ်သည်ကို သတိပြုမိသွားသည်။
ဦးနှောင်းသည် ထိုင်ခုံမှ ထလာပြီး ကိုယ်ကို ကိုင်းကား မျက်နှာကို မော့လျက်၊ မျက်မှောင်ကြီး ကျုံ့လျက် သေသေချာချာ ကြည့်နေရင်းက
"ဟယ်"
ဟု ဆိုလိုက်သည်။
အိမ်အောက်ဝယ် ပွဲခံနေကြသော လူတစ်စုသည် သူပုန်လူငယ်အား မင်းကြီးက မည်သို့ ကွပ်မည်ကို အလောင်းအစား ပြုနေကြသလို အချို့ကမူ မသေမီ နှိပ်စက်လိုက်ဦးမည်ဟု ဆိုကြသည်။ တစ်ဦးက မြင်းရည်တက် သွေးသောက်ကြီးများအကြောင်း မေးကြည့်ဦးမည် ပြောလိုက်ရာ 'မင့်ကောင်က ဖြေနိုင်မှာတဲ့လား' ဟုဆို၍ ဝါးခနဲ ရယ်လိုက်ကြ၏ ။
ထိုအခိုက် အိမ်ပေါ်မှ ရွှေတောင်ကြံသိုင်း၊ လက်ျာဘီလူးနှင့် မဟာစည်သူ၏ လက်ရုံးဗိုလ် ဗိုလ်ဥတ္တမတို့ ဆင်းလာကြသည်။ သူတို့သည် ကျေနပ်အားရစွာ ဝိုင်းလာကြစဉ် ဗိုလ်ဥတ္တမက
"ဗိုလ်မင်းဘုရား အမိန့်တော်အရ အပြစ်သားကို ဒဏ်ထားရန် ဆားတစ်အိတ် ထုတ်ခဲ့ပါ။ ငါ့လူများ အသင့်"
ဟု ဆိုလိုက်ရာ လောင်းထားသူများက အချင်းချင်း လက်တို့လျက်
"ငါမပြောလား၊ အသားကို မျှင်းပြီး နေလှန်း ဆားသိပ် ကြပ်တင်မှာပါဆို"
"အဲဒီလောက်ကြီး မလုပ်လောက်ဘူး ထင်တာကွာ၊ ဒါပေမယ့် ဆားတစ်အိတ်တောင် ဆိုတော့ မများလွန်းဘူးလား"
"မှတ်လောက်သားလောက်အောင် ဆုံးမပြီး အများ မြင်သာအောင် ပြထားမလို့ နေမှာပေါ့ကွဲ့"
ဗိုလ်ဥတ္တမကပင် ဆက်၍
"စစ်ကိုင်းမှာ အချင်းဖြစ်တဲ့ သူတွေနဲ့ တိုင်စာရေးတဲ့သူတွေ ရှေ့ထွက် တန်းစီပါ"
အချင်းများခဲ့သော ဗိုလ်နှင့် အပေါင်းအပါများ ထွက်လာကြသည်။ ဗိုလ်ဥတ္တမက လက်ျာဘီလူးကို ကြည့်၏ ။ လက်ျာဘီလူးက ရွှေတောင်ကြံသိုင်းကို ခေါင်းဆတ်ပြလျက် သူ့နောက် လိုက်ခဲ့ရန် အချက်ပြလိုက်သည်။ ထို့နောက် လိမ်လည်၍ တိုင်တန်းခဲ့သော ဗိုလ်၏ အနောက်ဘက်သို့ လျှောက်သွားလေ၏ ။ ရွှေတောင်ကြံသိုင်း ကိုင်လာခဲ့သော သူ၏ ဓားနက်ကြီးကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပြီး
"ဘာတဲ့.. သူပုန်တပ်သားဟောင်း တဲ့၊ ဟုတ်စ"
ဒူးခေါက်ခွက်ကို နင်းကာ သျှောင်ကို ဆွဲ၍ လှန်ခြင်း ခံလိုက်ရသဖြင့် ဒူးထောက် ခေါင်းမော့သွားသော ဗိုလ်သည် အံ့သြနာကျင်စွာဖြင့်
"အ..."
ဟု အာမေဋိတ် ပြုမိသည်။ ချက်ချင်းပင် အနက်ရောင်ရှိသော ဓားသွားတစ်စင်းက ပွင့်ဟနေသည့် သူ၏ နှုတ်ခမ်းထောင့်စွန်း နှစ်ဘက်ပေါ် ရောက်ရှိလာသည်ကို ခံစားလိုက်ရလေသည်။
.
*ပြီးပါပြီ*


Written by သင်္ခရာဇာ

End date: December 3, 2020


သူရဲကောင်း (၇)

ကျဲကျဲတောက် ပူနေသည့် နေရောင်အောက်တွင် လမ်းမထက်၌ တံလျှပ်များ တလွန့်လွန့် ထနေ၏ ။ မြို့တွင်းဘက် ဝင်လာပြီ ဖြစ်သောကြောင့် တဲအိမ်စုတ်စုတ်များကို ကျော်လွန်ခဲ့၍ အိမ်ကြီးအိမ်ကောင်းများကို တွေ့လာရသည်။ ရှေးဟောင်းဘုရား ပုထိုးများသည်လည်း ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ယိုယွင်းစ ပြုနေပြီး အချို့မှာ ထုံးဖြူပင် မရှိတော့ဘဲ မြက်ပင် ညောင်ပင်များ ပေါက်နေပေပြီ။

သူက ကွေ့ကောက်သော လမ်းရိုးကြီးအတိုင်း မြင်းကို ဆွဲလျက် လျှောက်လာရင်း လမ်းဆုံလမ်းခွ မရောက်မီ တစ်နေရာတွင် ရပ်တန့် ငေးမောနေလေသည်။ ဤ အရပ်တွင် လွန်ခဲ့သည့် နှစ်နှစ်နီးပါးခန့်က ဆရာတော်တစ်ပါးနှင့် စတင် ဆုံစည်းခဲ့ရသည်။ ဤနေရာ၌ မိမိက လမ်းဘေးဆင်း၍ ရှိခိုးဦးချသည်ကို ဆရာတော်က ငဲ့စောင်း ကြည့်သွားခဲ့၏ ။ ယခုအခါ မိမိက ကန်တော့လိုပါသော်လည်း ခံယူမည့်ပုဂ္ဂိုလ် မရှိတော့သလို မိမိအား ကြည့်မည့်သူလည်း မရှိပြီ။
သူသည် ခေတ္တမျှ ရပ်တန့်လျက် အတိတ်ကို အောက်မေ့နေပြီး လမ်းဆုံအနီးရှိ စေတီဟောင်းငယ် တစ်ဆူရှိရာသို့ ဦးတည်လာခဲ့သည်။ မြင်းကို အရိပ်ရသော သစ်ပင် နှစ်ပင်အကြား ချည်ခဲ့ကာ ရင်ပြင်ပေါ်သို့ တက်၍ ပူလောင်လှသည့် အုတ်များပေါ်၌ပင် ဝပ်တွားကန်တော့လိုက်သည်။ မညီညာသည့် အုတ်နီကြီးများအကြားမှ တိုးထွက်လာသော မြက်ပင်ကလေး အချို့ကြောင့်သာ အပူဒဏ် သက်သာရာ ရတော့သည်။
ဤမြို့ကြီးသည် ရှေးယခင်က မင်းနေပြည်တော် ဖြစ်ခဲ့၏ ။ မြို့ရိုး ပြအိုးများနှင့် အလွန်ခိုင်မာ တောင့်တင်းခဲ့ဖူးသည်။ သို့သော် ယခုအခါ နန်းတော် မြို့ရိုးတို့ကို မမြင်ရတော့ဘဲ မြို့၏ အလယ်တစ်ဝိုက်တွင်သာ အိမ်ကြီးရခိုင်များကို တွေ့နိုင်ပြီး အခြားအရပ်အကွက်များတွင်မူ ဆင်းရဲသားတို့၏ သရုပ်သကန်တို့သာ ပေါ်လွင်ထင်ရှားနေတော့ပြီ။ ဤစေတီငယ်သ်ာလည်း ရှေးက စည်ကားသပ္ပါယ်ခဲ့လိမ့်မည် မှန်သော်လည်း ယခုတော့ ဖူးမြော်မည့်သူပင် မရှိ ဖြစ်နေခဲ့သည်။
စေတီပရဝုဏ် အုတ်တံတိုင်းအတွင်းမှ ရပ်ရင်း လမ်းပေါ် မျှော်ကြည့်လိုက်ရာ မြင်းတစ်စီးနှင့် လူတစ်စုသည် စစ်ကိုင်းတောင်ရိုးလမ်းအတိုင်း တက်သွားကြသည်ကို မြင်ရ၏ ။ မြင်းပေါ်မှ လူက သူရှိရာဘက် အနည်းငယ် လှည့်လိုက်ချိန်တွင် သူ မမျှော်လင့်ဘဲ ဝမ်းသာသွားရ၏ ။
"သူရိန်.. ငသူရိန်ပါလား"
သူရိန်ကတော့ သူ့ကို မမြင်ချေ။ မြင်းလွန်နေပြီ ဖြစ်ရာ မကြာမီ ကျောခိုင်းသွားပေတော့မည်။ အနီလက်ရှည်၊ ဝတ်စုံ အစိမ်းနှင့် ခန့်ညားလှသော အသွင်ပြင်ကို မြင်ရသဖြင့် သူ ကြည်နူးနေမိသည်။
"ငသူရိန်တောင် ပခုံး နှစ်ထပ်နဲ့ တပ်ပေါင်းဗိုလ်ကြီး ဖြစ်နေပါလား"
သူသည် အတန်ကြာသည်အထိ ဘုရားဖူး တက်သွားကြသည့် လူစုကို ပြုံးပြုံးကြီး ငေးကြည့်နေ၏ ။ သူရိန်ကိုမူ လိုက်မခေါ်မိ။ နှုတ်ဆက်ချင်သော်လည်း မသင့်သောကြောင့် ဖြစ်သည်။ သူ့ကို မြင်လျင် သူရိန်သည်လည်း အလွန်ဝမ်းသာလိမ့်မည် မုချ၊ ထို့နောက် မေးမြန်းစုံစမ်း၍ မဟာနော်ရထာထံ ရောက်လာလိမ့်မည်။ သူ့အား တောင်းရန်လည်း ကြိုးစားပေလိမ့်မည်။ မဟာနော်ရထာက မည်သို့မျှ ခွင့်ပြုမည်မဟုတ်။
အကယ်၍ ခွင့်ပြုခဲ့သည် ဆိုလျင်လည်း သူသည် သူရိန်၏ လက်အောက်၌ ပြန်၍ အမှုထမ်းရပေလိမ့်မည်။ ယင်းသို့ တွေးမိသောအခါ သူ ပြုံးလိုက်မိပြန်၏ ။ ကံတရားသည် ဆန်းကြယ်ပေစွ၊ ဖခင်လက်ထက်တွင် မိမိက တပ်မှူး၊ သူက တပ်သား ဖြစ်ခဲ့ပြီး သားတော်လက်ထက် အခါ၌ သူက မိမိ၏ အကြီးအကဲ ပြန်ဖြစ်လာနိုင်သည် မဟုတ်ပါလား။
သို့သော် ယခုတော့ သူသည် မဟာနော်ရထာ၏ တပ်တော်သို့ ဝင်ပြီးခဲ့ပြီ။ ငသူရိန်မှာ သူ မျှော်လင့်ချက် ထားခဲ့သည့်အတိုင်း မိမိထက် ကြီးသူ ဖြစ်လာ၍ ကျေနပ်ဝမ်းမြောက်မိပါသည်။ သူ့ကိုမြင်လျင် စိတ်မကောင်းဖြစ်၍ သူ့ကို မရသောအခါတွင်လည်း စိတ်အခန့်မသင့် ရှိလေတော့မည်။ အခြေအနေအရ ငသူရိန်အား အဝေးမှသာ လှမ်းမျှော်ကြည့်ရင်း ကျန်ရစ်ခဲ့ရ၏ ။
မြင်းဟီသံ ကြားသဖြင့် စေတီကို ပတ်၍ တိမ်ပျံရှိရာ လျှောက်သွားသောအခါ တိမ်ပျံ၏ အနီးတွင် လူ ဆယ်ယောက်ကျော်ကို တွေ့လိုက်ရသည်။ ရဲမက်များ၍ ပင်နီလက်ရိုးအင်္ကျီ ဝတ်ဆင်ထားသူ သုံးဦးခန့်လည်း ပါ၏ ။ အပေါ်ပိုင်း ဗလာနှင့် နှစ်ဦးသည်လည်း မလှမ်းမကမ်းမှ ကြည့်နေကြ၏ ။ တစ်ဖွဲ့တည်း ဖြစ်ဟန်တူသည်။
တိမ်ပျံ၏ ဇက်ကြိုးကို ကိုင်ထားသော ဗိုလ်ကလေးက ကြိုးကို ဖြည်မည့်ဟန် ပြုနေသောကြောင့် သူက လှမ်းမေးလိုက်သည်။
"ရောင်းရင်းတို့ ဘာလုပ်ကြမလို့ပါလဲ"
ဗိုလ်ဖြစ်သူ၏ လက်မှာ ရပ်တန့်သွားပြီး
"မြင်းကို သဘောကျလို့ကွ၊ မင့် မြင်းလား"
"ဟုတ်ပါတယ်၊ ကျွန်တော့်မြင်းပါ"
"အောင်မယ်.. တပ်သားသစ်ကလေးက မလေးမခန့် ရှိလိုက်လေ၊ ကိုယ့်ထက် ရာထူးဂုဏ်သိန် ကြီးသူကို ဘုရားထူးရတယ် ဆိုတာ နားမလည်ဘူးလား"
"ကျွန်တော်မျိုး မပြောတတ်သေးလို့ ခွင့်လွှတ်ပါ"
"ဘယ်က အရိုင်းအစိုင်းလေးလဲ။ မင်းလို ကောင်နဲ့ သည်လို မြင်းချောမြင်းခန့်ကြီး ဘာမှ မဆိုင်ဘူး။ သည်တော့ မင့်မြင်းကို ငါ သိမ်းယူရလိမ့်မယ်ကွဲ့"
နောက်လိုက်များက ရယ်လိုက်ကြ၏ ။ ဗိုလ်က ပြုံးပြီး ကြိုးကို ဖြည်နေသည်။ သူက
"ကျွန်တော့်မြင်းကို မပေးန်ိုင်ကြောင်းပါ"
ခပ်တည်တည်နှင့် ပြောလိုက်သဖြင့် ဗိုလ်ဖြစ်သူ မျက်နှာပျက်သွားသည်။ ထို့နောက် မဲ့ပြုံး ပြုံးလိုက်ကာ
"ဒီကောင် မလိမ်မိုး မလိမ်မာနဲ့ နာချင်ပြီ ထင်တယ်။ ဘုရင့်စစ်သည်တော်တွေကို ကလန်ကဆန် လုပ်ရင် ဘာပြစ်မှု မြောက်သလဲ မသိသေးဘူး.. ဟုတ်စ"
သူ မျက်နှာပျက်ယွင်းစ ပြုပြီ။ မျက်လုံးများ မှေး၍ မျက်ခုံးများ ထောင်လာ၏ ။ အိမ်ရှေ့မင်း၊ မြေဒူးမင်းတို့ကဲ့သို့ မင်းညီမင်းသားများကိုပင် မပေးခဲ့သော တိမ်ပျံအား ဤဗိုလ်က အဓမ္မ လိုချင်နေ၏ ။ အမြင့်မင်းသား သားတော်ကပင် ပြန်ပေးခဲ့သော သူ့မြင်းကို ဘာမဟုတ်သည့် လူတစ်ယောက်က အလွယ်လုယူချင်သည်သာမက သူ့အား ခြိမ်းခြောက်နေလိုက်သေးသည်။ သူသည် စိတ်ကို ထိန်း၍
"ကျွန်တော်လည်း ဘုရင့်တပ်တော်သားပါပဲ။ စစ်သည် အချင်းချင်း မပြောနဲ့၊ ရဲမက်က အရပ်သား ကုန်သည် လယ်လုပ် ကူလီတွေကိုတောင် အနိုင်အထက် ပြုကျင့်ခွင့် မရှိပါဘူး။ သူတစ်ပါးမြင်းကို ခုလို လုယူခွင့် ရှိတယ်လို့ ဘယ်ဥပဒေ ကျင့်ထုံးမှာမှ မရှိဘူး ထင်ပါတယ်။ ကျွန်တော့်မြင်းကို ပေးလည်း မပေးဘူး၊ ရောင်းလည်း မရောင်းနိုင်ပါဘူး"
ဗိုလ်သည် တိမ်ပျံကို လွှတ်ကာ သူ့ဘက် လှည့်လာ၏ ။ အခြားသူများလည်း နောက်မှ ပါလာကြသည်။
"မပေးလည်း ယူမယ်။ ငါက လိုချင်လာရင် ရအောင် ယူရမှ၊ မင်းလို တပ်သားသစ် မပြောနဲ့၊ သူဌေးသူကြွယ်ကြီး စီးလာတဲ့ မြင်းဖြစ်နေရင်လည်း ရအောင်ယူပြမယ်ကွ.. ကြည့်ထား"
ပြောရင်း ဆောင်ဓားကို ဆွဲထုတ်လိုက်သည်။ နောက်မှ ဓားလွတ်စွဲ တပ်သားများကလည်း လူဖြန့်လာ၏ ။ သူက ပခုံးပေါ် မှီထားသော ဓားကို အိမ်မှ မချွတ်ဘဲ မြေပေါ် ထောက်လိုက်ပြီး အနောက်ဆုံးမှ တင်ကျည်းတုတ်ရှည် ကိုင်ထားသူကိုသာ ကြည့်သည်။ ရဲမက်များက သူ့ထံ လျှောက်လာသလို သူကလည်း ရဲမက်များထံ လျှောက်သွား၏ ။ ကြောက်၍ နောက်ဆုတ်သွားရမည့်အစား ဓားပင် မချွတ်ဘဲ ရဲရဲတင်းတင်း တိုးဝင်လာသည့်အတွက် နောက်လိုက်များ အမ်းနေစဉ် ဓားကို မြှောက်လိုက်သော ဗိုလ်ထံ လျင်မြန်စွာ တိုးဝင်သွားပြီး ဆောင့်တွန်းပစ်လိုက်၏ ။
မခုတ်လိုက်ရဘဲ ဖင်ထိုင် လဲကျသွားသော ဗိုလ်ဖြစ်သူအား တပ်သားများက ဝိုင်းကြည့်နေပြီး သူတို့ကြားမှ ခပ်မြန်မြန် ဖြတ်လျှောက်သွားသော လက်ျာဘီလူးကို မည်သူမျှ မတိုက်ခိုက်ဘဲ ဓားများ ကိုင်ထားပြီး ကြည့်နေကြလေသည်။ လက်ျာဘီလူးက နောက်ဆုံးမှလူ ကိုင်ထားသော တင်ကျည်းကို ဆုပ်၍ လှည့်လျက် ဆောင့်ဆွဲလိုက်ရာ ထိုသူ လက်လိမ်ပြီး တုတ်က သူ့ထံ ပါလာ၏ ။
"ဘာလုပ်နေကြတာလဲကွ၊ ခုတ်ကြပါတော့လား။ အသေသတ်ကွာ အဲဒီတောသား အရိုင်းကောင်ကို"
ဗိုလ်က လူးလဲထပြီး အော်လိုက်သည်။ မင်းဧကရာဇ် မဟုတ်လျင် အသက်ကို စီရင်ခွင့် မရှိသောကြောင့် မခုတ်ရဲကြသည့် ရဲမက်များက ဗိုလ်ဖြစ်သူ အမိန့်ပေးနေသဖြင့် မလုပ်လျင် မဖြစ်တော့ဘဲ သူ့ဆီ ချည်းကပ်လာကြတော့သည်။ သူကတော့ လှည့်ပင်မကြည့်ဘဲ ဓားကို မြင်းတွင် ချိတ်လိုက်ပြီးမှ တင်ကျည်းကို ဝှေ့ရမ်းပြီး ဝင်လာသူ သုံးဦးကို တစ်ပြိုင်တည်း ဆက်၍ ရိုက်ချလိုက်သည်။
လူသုံးဦးလုံး ထိသွားသည်ကို မြင်ရာ ဗိုလ်နှင့် အခြားသူများ ပြေးဝင်လာပြီး ဝိုင်းခုတ်ကြတော့၏ ။ ထိုစဉ် အခြားရဲမက်များ ပြေးလာကြပြီး သူတို့အနီး ရောက်လာသည်၌
"ဟေ့.. ရပ်ကြည့်မနေကြနဲ့။ သည်ကောင့်ကို ဝိုင်းဖမ်းစမ်း။ သေရင် သေပစေ ခုတ်သာ ခုတ်"
ဗိုလ်က အော်ဟစ်ရင်း တိုက်ခိုက်နေသည်။ လက်ျာဘီလူးက တိမ်ပျံကို အခြေပြုလျက် ဝင်လာသမျှကို ဆီးရိုက်ပစ်၏ ။ သူ့အား ဝိုင်းဝန်း တိုက်ခိုက်နေသူများမှာ လူပေါင်း ၂၅ ယောက်ခန့်ပင် ရှိလာသည်။ အနောက်ကတော့ တိုက်မရ၊ တိမ်ပျံနှင့် အပင် နှစ်ပင်က အကာအကွယ်သဖွယ် ဖြစ်နေ၏ ။ ရှေ့မှ ဝင်လာသမျှကိုသာ ခတ်ထုတ်၍ ကျွံလာသူတို့ကို ရိုက်ပုတ်ကန်ကျောက်ရလေသည်။
လမ်းဆုံလမ်းခြွဖစ်သဖြင့် ကြည့်ရှုသူများရောက်လာကြသည်။ တိုက်ခိုက်သံကြောင့် အိမ်များထဲမှ အရပ်သားများပါ ထွက်ပေါ်လာသည်။ သို့သော် ရဲမက်ချင်း အချင်းများနေသည့်အပြင် တစ်ယောက်နှင့်အများ တိုက်ခိုက်နေကြသည်ဖြစ်၍ အဝေးမှသာ ကြည့်ရှု အော်ဟစ်နေကြ၏ ။ လက်ျာဘီလူးက အခြား စစ်သည်များ ထပ်ရောက်မလာမီ သူ့အား ဝိုင်းထားသည့် လူ နှစ်ဆယ်ကျော်တို့ကို အတိုက်စောင့်မနေတော့ဘဲ ဝင်တိုက်တော့၏ ။
သူ၏ လက်နှစ်ဘက်မှာ ပူးချည် ခွာချည်၊ အရင်းမှ အဖျား၊ ဘယ်ညာပြောင်းလျက်၊ အရိုက် အပင့် အရစ် အဝိုက် အပိုင်း အကာ တစ်ဆက်တည်း၊ ခြေလှမ်း အဆုတ်အတက်တို့ကလည်း ၁၂ ကွက် ပတ်လည်မှသည် ၂၄ကွက်၊ ထို့နောက် ၃၆ ကွက်အထိ ကျယ်ပြန့် ရှုပ်ထွေးသွားပြီးနောက်တွင် လျင်မြန်လှသော တပ်သားသစ်ကလေးသည် မယုံနိုင်ဖွယ်ရာကောင်းစွာပင် တပ်စုတစ်စုစာ စစ်သည်တော်တို့ကို တစ်ယောက်မှ ရပ်တည်မနေနိုင်အောင် လုပ်လိုက်ပြီ။
ဒဏ်ရာ အနာတရဖြင့် ဖူးရောင်နေသော ဗိုလ်က လဲနေရင်းမှ ကြိမ်းဝါးနေသေး၏ ။
"မင်းကို အရှင်မထားဘူးကွ..။ ငါတို့က မင်းကြီး မဟာစည်သူ တပ်က ရွှေတပ်တော်သားတွေ။ မင်း သည်လို ပြုကျင့်သွားတယ် ဆိုတာ တိုင်ပြီး ဖမ်းခိုင်းမယ်။ ပြီးရင် လူရော မြင်းပါ သတ်ပစ်မယ်.. ကြည့်ထား"
လက်ျာဘီလူးက တင်ကျည်းတုတ်ကို မြေတွင် ထိုးစိုက်ခဲ့ပြီး ဖုတ်ဖက်ခါ၍ တိမ်ပျံကို ကြိုးဖြည်ရင်း
"တိုင်လိုက်လေ၊ ရှင်ဘုရင့်နားထိ ပေါက်ကြားအောင်သာ တိုင်။ ပြီးရင် အတူတူ သေကြတာပေါ့"
ပြောပြောဆိုဆို တိမ်ပျံပေါ် တက်လိုက်၏ ။ ဗိုလ်က ထ လာပြီး ရှေ့မှ ပိတ်ရပ်ဟန် ပြင်ရာ တိမ်ပျံက ရပ်၍ ပေါက်မည့်အဟန် ပြသဖြင့် ပြန်လဲကျသွားသည်။ လက်ျာဘီလူးက တိမ်ပျံကို ရှေ့ခြေနောက်ခြေ မြှောက်လျက် နှစ်ကြိမ်သုံးကြိမ် ကန်ကျောက် ပေါက်ဟန် ပြုစေပြီးမှ
"အလကားကောင်တွေ၊ ငါ့မြင်းနဲ့တောင် အဖက် မတန်တဲ့ အချည်းနှီးစစ်သားတွေ"
ဟု ပြောဆိုပြီး ထွက်သွားလေသည်။




ritten by သင်္ခရာဇာ

End date: December 3, 2020

သူရဲကောင်း (၆)

ဗိုလ်ချုပ်ကြီး မဟာနော်ရထာ၏ စစ်သည်များ စည်းကြပ်လက်ခံရာ ရုံးသို့ ပေရေစုတ်ပြတ်နေသော လူတစ်ဦး ဝင်လာလျက် တာဝန်ရှိ အကြပ်ရဲမက်အား

"ကျွန်တော် စစ်မှုထမ်းချင်လို့ပါ"
ဟူ၍ လျှောက်တင်လာ၏ ။ အကြပ်က
"မင့်ပုံစံက ချည့်နဲ့နေတယ်။ မကျန်းမာရင် ဆေးဝါးကုသပြီးမှ လာခဲ့ပါ"
ဟု ပြောသော်လည်း ထိုသူက ကျန်းမာပါသည်၊ မည်သည့်ရောဂါ ဝေဒနာမှ မရှိပါ။ အစားအသောက် ကောင်းစွာ မစားခဲ့ရသဖြင့် အင်အားနည်းပါးနေခြင်းသာ ဖြစ်ပါသောကြောင့် သူ့အား လက်ခံရန်သာ အရေးဆိုနေ၏ ။
ထိုသူ၏ ပုံစံကို ကြည့်၍ ကရုဏာသက်မိသော အကြပ်က အစာရေစာများ ပေး၍ စားသောက်စေပြီး ဘေးမှ ထိုင်ကြည့်နေရင်း လိုအပ်သည်တို့ကို မေးမြန်း စာရင်းသွင်းလေသည်။
"အမိ အဘ၊ နေရပ် ပြောပါ"
"ဦးထွန်းညို ဒေါ်မြိုင်၊ တကောင်းမလည်ရွာ"
"ဆွေမျိုးသားချင်းများ ရှိသေးသလား"
"မရှိတော့ပါဘူး"
"မိမိသဘောနဲ့ အမှုထမ်းလိုခြင်း ဟုတ်သလား"
"ဟုတ်ပါသည်"
"အရင်ကရော မင်းမှုထမ်းခဲ့ဖူးသလား"
စားသောက်နေရာမှ မော့ကြည့်၏ ။ ပြီးမှ
"ဟုတ်ကဲ့"
"ဘာတာဝန်၊ ဘယ်အစုမှာလဲ"
ခေတ္တမျှ စဉ်းစားနေသည်။
"တင်ကျည်းတပ်မှာ၊ တပ်မှူးပါ"
"အလို"
အကြပ်က ကိုင်ထားသော ကညစ်ကို ချလိုက်ပြီး စားပွဲမှ ထလာကာ သူ့ရှေ့ ဒူးထောက်လျက် ကြည့်သည်။
"ဘွဲ့မည်တွေ ဘာတွေ ရခဲ့သေးလား"
"ဟုတ်ကဲ့"
မေးသံက ကျယ်ကျယ်၊ ဖြေသံမှာ တိုးတိုး။
"ဘယ်တုန်းကလဲ၊ ဘာအမည်နဲ့လဲ"
"ကြာပါပြီ၊ အလောင်းမင်းတရားကြီး ရှိစဉ်အခါက၊ လက်ျာဘီလူး ပါ"
ဆုတ်ဆိုင်းဆိုင်း ဖြေသံ ကြားသောအခါ အကြပ်က သူ့ကို သေချာ ငုံ့ကြည့်ပြီး
"မင်းက ငါ့ထက်တောင် ဝါရင့်နေပါသေးလား။ တကယ်ပဲ အလောင်းမင်းတရား လက်ထက်တော်ကို မီလိုက်သလားဟ"
"ဟုတ်ကဲ့"
"ဘယ်နှနှစ်များ မီလိုက်သလဲကွ"
"ရှစ်နှစ်လောက်ပါ"
အကြပ် မျက်လုံး ပြုးသွားသည်။
"ဟာ.. အစအဆုံးပါလား၊ ဒါဆိုရင်တော့ သာမညောင်ည မဟုတ်လောက်ဘူး။ အင်မတန် သတ္တိပြောင်ခဲ့တဲ့ အထဲ ပါလိမ့်မယ် ထင်တယ်။ နေဦး.. မင်း သည်မှာ ခဏနေခဲ့ဦး"
အကြပ်က သူ့အား အစောင့် နှစ်ဦးနှင့် ထားခဲ့၍ ထွက်သွားသည်။ သူသည် ဆာဆာနှင့် ကျွေးလာသမျှကို အားပါးတရ စားနေ၏ ။ အတန်ကြာမှ အကြပ်နှင့်အတူ လူတစ်ဦး ဝင်လာကြသည်။
"သူပဲ ဆရာ၊ လက်ျာဘီလူး တဲ့"
ဝင်လာသည့် ဗိုလ်က သူ့အား အကဲခတ်နေပြီး မေးခွန်းများ မေးလာပြန်သည်။ တကယ်ပဲ ခမည်းတော် မင်းကြီးထံ အမှုထမ်းခဲ့သလား၊ ပြည်ထောင်ဘက် သွေးသောက်ကြီးများကို သိသလား၊ စစ်ပွဲများ တိုက်ခဲ့ရသလား၊ ဟံသာဝတီကို ရောက်သလား၊ ယိုးဒယားချီတော့ရော ပါသလား စသည့် မေးခွန်းများ အားလုံးကို သူက ဟုတ်ကဲ့ချည်း ဖြေပစ်လိုက်၏ ။
ထိုဗိုလ်ကလည်း ဇဝေဇဝါနှင့် 'ငါနှင့်လိုက်ခဲ့' ဟု ဆိုကာ ခေါ်သွားပြန်သည်။ ခမ်းနား ကျယ်ဝန်းသော ရုံးတော်ကြီးတစ်ခုသို့ ရောက်၍ ဝင်ခွင့်တောင်းကာ ဝင်ခဲ့ကြသည်။ အဝင်တွင် သူ၏ ဓားကို အပ်ခဲ့ပြီး လက်နက်ကိုင်အစောင့်များစွာကို ဖြတ်လာလျက် ဗိုလ်မင်းကြီးတစ်ဦးရှိရာ ရောက်လာခဲ့သည်။ ဗိုလ်ချုပ် မဟာနော်ရထာတည်း။
"မှန်ပါ၊ ဗိုလ်မင်း ရောက်ခိုက် သည်မှာ ဘဝရှင် အလောင်းမင်းကြီး လက်ထက်တော်က မင်းမှုထမ်းတစ်ဦး ရောက်လာပါ၍.."
မဟာနော်ရထာ သူတို့ကို ကြည့်နေရင်းမှ
"ဟာ.. မင်း၊ လက်ျာဘီလူး မဟုတ်လား။ ငစံငယ်.."
"ဟုတ်ပါတယ် ဗိုလ်မင်း"
"ကျုပ်ကို မှတ်မိရဲ့လား၊ မင်းလှသီရိလေ"
"မှတ်မိပါတယ် ဗိုလ်မင်း"
မဟာနော်ရထာက လိုက်ပါပို့ဆောင်သူ ဗိုလ်အား ခေါင်းဆတ်၍
"သူ့ကို ထားခဲ့၊ ငါတို့ သိဟောင်းကျွမ်းဟောင်းတွေပဲ။ မင်း သူ့ကို မသိဘူးလား"
"မသိပါဘုရား"
"အိမ်း.. အိမ်း၊ ကောင်းပြီ။ သွားတော့"
ရပ်၍ ကျန်ခဲ့သော လက်ျာဘီလူးကိုလည်း
"ငစံငယ်.. ထိုင်လေ။ ဘယ်လိုဖြစ်လို့ ပြန်ရောက်လာတာလဲ"
သူက ဖြစ်စဉ်ကို အတိုချုံး ပြောလိုက်ပြီး
"ရွာမှာ နေလို့ မဖြစ်တော့လို့ မင်းမှုပြန်ထမ်းဖို့ ထွက်လာလိုက်တာပါ ဗိုလ်မင်း"
"အေးကွာ.. မင်းအကြောင်း ကြားရတာလည်း စိတ်မကောင်းစရာပဲ။ ကျုပ် သုရှင်ကို သံတော်ဦးတင်ပေးပါ့မယ်။ မင်းထင်နော်ရထာ ပြန်ရောက်လာတယ် ကြားရင် ဆင်ဖြူရှင်လည်း သိပ်ဝမ်းသာမှာပဲ။ မင်းဂုဏ် အရည်အသွားနဲ့ဆို တဖြည်းဖြည်းနဲ့ စစ်သူကြီးလောက်တော့ မကြာခင် ဖြစ်လာမှာ"
လက်ျာဘီလူးသည် ခေါင်းငုံ့ထားလျက်မှ
"မလျှောက်တင်ပါနဲ့တော့ မင်းကြီး"
"ဟေလကွာ"
"ကျွန်တော် တာဝန်ကြီးတွေ ထမ်းရွက်ဖို့ သိပ်ပင်ပန်းနေပါပြီ"
မဟာနော်ရထာ မျက်လုံးကို ပင့်လျက် ကြည့်နေသည်။ လက်ျာဘီလူးက ခေါင်းမော့မလာ။
"ကျွန်တော် မတိုက်ချင်လှတဲ့ စစ်ပွဲတွေကိုလည်း ဦးဆောင်ပြီး မတိုက်ချင်တော့ဘူး။ လူပေါင်းစုံ များစွာကိုလည်း မထိန်းကွပ်လိုတော့ဘူး။ မတည်ငြိမ် မယုံစားရတဲ့ ရာထူးရာခံတွေလည်း အလိုမရှိပါဘူး"
သူ့အကြောင်း သိခဲ့သည့် မဟာနော်ရထာက ငေးကြည့်နေရုံမှတစ်ပါး ပြန်ပြောစရာ မရှိချေ။ သူ၏ အလိုကိုလည်း ဆန့်ကျင်လိုခြင်း မရှိ၊ သူကိုယ်တိုင်က မလုပ်လိုသည်မို့ ထားရတော့၏ ။
"အေးကွာ၊ မင်းပြောတာလည်း အမှန်ပါပဲ။ အခု သားတော်လတ် လက်ထက်မှာ ပိုပြီး မတည်မြဲမှုတွေ၊ အတက်အကျတွေ များနေတယ်။ ကျုပ်လည်း တိုက်ချင်လွန်းလှလို့ မဟုတ်ပါဘူး။ သစ္စာခံထားလို့ စွဲမြဲနေရတာပါပဲ.. အင်း"
ငြိမ်သက်နေသော လက်ျာဘီလူးရှေ့တွင် ဝင်ထိုင်လိုက်ကာ
"ဒါပေမယ့် မင့်ဦးဆောင်မှုအောက်မှာ ရဲခဲ့ကြတဲ့ အချိန်တွေကို ပြန်သတိရမိတယ်။ မင်း အုပ်ချုပ်ပုံကို သိပ် သဘောမတွေ့လှပေမယ့်..၊ တပ်တွေကို ဦးဆောင် တိုက်ခိုက်တဲ့ နေရာမှာတော့ မင်းကို ဗိုလ်ကောင်းတို့ ဗိုလ်တွန်တို့ထက်ကို သဘောကျသေး"
"............."
"ဒါဆို မင်းကို ခေါ်လာတဲ့ ဗိုလ်လေးဆီပဲ ပြန်အပ်ထားမယ်။ သင့်တော်တဲ့ တစ်နေရာ စီစဉ်ပေးမယ်၊ ဘွဲ့ကိုလည်း အထွေအထူး မပေးတော့ဘူး၊ လက်ျာဘီလူးပဲပေါ့။ ကျုပ်မှာ တိုင်ပင်စရာ ရှိလာရင်တော့ ခေါ်ရလိမ့်မယ်၊ ဒီလိုဆို ကျေနပ်မလား မောင်မင်း"
"အလွန် ကျေနပ် ဝမ်းမြောက်ပါတယ် မင်းကြီး"
"တို့လည်း မကြာခင် ယိုးဒယားကို စစ်ချီရတော့မှာ။ ရေမြေ့ရှင်က အမိန့်တော် မှတ်လိုက်ပြီ။ အခု တပ်သားသစ်တွေ လက်ခံနေတာလည်း အဲဒီအတွက်ပဲ။ မင်းရောက်လာတော့ ကျုပ်အဖို့ တစ်အား ဖြစ်တာပေါ့.. ငစံရယ်၊ အားဖြည့်ထား။ မြင်း ယာဉ် သေနတ် လိုရင်လည်း ပြောပေါ့"
"ဟုတ်ကဲ့၊ မြင်းကတော့ စစ်ကိုင်းမှာ ကျန်ခဲ့ပါတယ်။ လှံတို လှံရှည်နဲ့ တင်ကျည်းတုတ်ပဲ စွဲလိုပါတယ်။ သေနတ်ကို ကျွမ်းကျင်စွာ မပစ်တတ်ပါဘူး"
မဟာနော်ရထာ ပြုံး၏ ။ သည်လူငယ်လေးအား စရောက်စဉ်ကပင် သူ သိခဲ့သည်။ သို့သော် မည်သို့မျှ မထင်မှတ်ဖွယ် သူတို့ လူကြီးများ၊ ဆွေတော်မျိုးတော်များကို ကျော်၍ ဗိုလ်မင်းကြီး ဖြစ်လာခဲ့ဖူးသူ ဖြစ်သည်။ ယခုတော့လည်း သူကိုယ်တိုင်က ဗိုလ်မလုပ်လိုပါဟု ဆိုနေပြန်လေပြီ။ ထူးခြားသော အကျင့်စရိုက်ကြောင့် ထင်ရှား၍ ယခုထိလည်း ထူးခြားနေသေးသည့် သူငယ်အား မဟာနော်ရထာ ကျေနပ်စွာ ပြုံးကြည့်နေမိသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရတနာပူရ ရောက်၍ ဆယ်ရက်ကျော်အကြာတွင် လက်ျာဘီလူးသည် တစ်ဘက်ကမ်းသို့ ကူးလျက် စစ်ကိုင်းမြို့ပေါ်သို့ တက်ခဲ့၏ ။ စစ်ကိုင်းတွင်လည်း စစ်သည်ရဲမက် အသစ် အဟောင်း ပေါင်းစုံ ရောထွေးယှက်တင် သွားလာနေကြသည်။ မကြာမီ ပြန်စတင်တော့မည့် စစ်ကြီးအတွက် လှုပ်လှုပ်ရှားရှား ရှိနေကြ၏ ။ သူသည်လည်း တပ်သားသစ်ပုံစံ မိန်ညိုအစိမ်းကို ဆင်ယင်ထားရာ အနီ အပြာဝတ်များ၊ သွေးသောက် အကြပ် ဗိုလ်များအကြား မထင်မရှားအသွင်နှင့် ဖြစ်နေသည်။
တိမ်ပျံကို အပ်ခဲ့သော မြင်းမွေးမြူရေးခြံကြီးသို့ ရောက်သောအခါ ဦးရာကျော်ကို မတွေ့ရ။ အပြင်သွားနေသည် ဆို၏ ။ တိမ်ပျံကတော့ မြူးထူးလျက် ခေါင်းနှင့် တိုးဝှေ့နေတော့သည်။ သူက ခေတ္တ စီး၍ ရပါမည်လား မေးရာ မြင်းထိန်းက ရသည် ဆိုသည်နှင့် လွှားတက်ကာ ဇက်ကြိုးကိုင်လိုက်လျင် တိမ်ပျံသည် ပြင်းစွာဟီလျက် ပတပ် ရပ်၏ ။ ထို့နောက် ခုန်ပေါက် ထွက်သွားသည်။ ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားသဖြင့် အလုပ်သမားများနှင့် အိမ်သားအချို့ ထွက်ကြည့်ကြရာ ခြံထဲ လှည့်ပတ်သောင်းကျန်း၍ စည်းရိုးကို ခုန်ထွက်သွားသော မြင်းနှင့် လူကို တွေ့လိုက်ရလေသည်။
မြင်းခြံမှာ မြို့စွန်တွင် ရှိ၍သာ တော်တော့၏ ။ တိမ်ပျံမှာ ထိန်းမနိုင် သိမ်းမရ မြင်းရိုင်းကို စီးရသကဲ့သို့ ဖြစ်နေသည်။ လက်ျာဘီလူးလည်း မြင်းပေါ်တွင် ချာချာလည်ရင်း ပါသွားလေသည်။ အနီးတွင် တွေ့သမျှ ကန်ပေါက်ကာ အစွမ်းပြသွားသော တိမ်ပျံကို သူကလည်း မထိန်းအုပ်ဘဲ လွှတ်ပေးထားရာ ဖုန်တလုံးလုံးနှင့် မြင်းတစ်စီး လူတစ်ယောက်မှာ ခဏချင်းပင် ကြည့်နေသူများ မြင်ကွင်းမှ ပျောက်သွားတော့၏ ။
ဦးရာကျော် ပြန်လာသောအခါ ခြံဝတွင် ရပ်နေသည့် အလုပ်သမားအချို့ကို စိုးရိမ်ပန်သည့် မျက်နှာများဖြင့် တွေ့လိုက်ရသဖြင့် မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။
"ဘာထွက်မျှော်နေကြတာလဲ ဟေ"
မြင်းထိန်းတစ်ဦးက
"ဟို.. မြင်းနီကြီးကို ရဲမက်တော်တစ်ယောက် စီးသွားတာ ပြန်မလာလို့"
"ဘယ်က ရဲမက်လဲကွ၊ မြင်းလာကြည့်တာလား"
"ဟုတ်မယ်၊ လူသစ်ပဲ။ ဦးကြီးကို အရင်မေးတယ်။ မရှိဘူးဆိုတော့ မြင်းနီကြီးကို စီးကြည့်လို့ ရမလား ဆိုပြီး.."
"တယ်ပေါ့တာကိုးကွ။ လူသစ်က မြင်းကောင်းကောင်း မစီးတတ်ရင် ဘယ်လိုလုပ်မလဲ။ မြင်းကလည်း တကယ့်မြင်း၊ ပြန်မလာလို့ကတော့ မင်း လျော်နိုင်မှာ မဟုတ်ဘူး ဖိုးအေး"
မြင်းထိန်းမှာ မျက်နှာပျက်နေ၏ ။ မြင်းသည် လိမ္မာပါလျက် ထိုစစ်သည် တက်လိုက်မှ အရိုင်းကဲ့သို့ ဖြစ်သွားသည့်အပြင် ထိုလူကလည်း မြင်းကို မထိန်းဘဲ လိုက်သွားသည့်အတွက် ဘယ်အထိ ပေါက်ရောက်သွားသည် မသိ။ အသံပင် မကြားရတော့ချေ။ ထိုမြင်းဖိုးသာ လျော်ရပါလျင် သူ့တစ်သက် ကျွန်ခံရမည် ထင်၏ ။
တော်ပါသေးသည်။ အဝေးမှ လေးဘက်ကျ နင်းလာသည့် မြင်းကို မြင်ကာ စိတ်သက်သာရာ ရသွားသည်။ အနီးရောက်လျင် မကျေမနပ်နှင့် မြင်းဇက်ကြိုး ဆွဲလိုက်သည်ကို စစ်သည်က ပြုံးကြည့်နေ၏ ။ မြင်းကြီးကလည်း ခေါင်းခါခါ လည်ခါခါဖြင့် နှာမှုတ် ခွာရှပ်နေသည်။ စစ်သည်က မေးတွင် သိုင်းချည်ထားသော ကြိုးကို ဖြေ၍ မောက်တိုကို ချွတ်လိုက်သည်။ ထိုအခါမှ ဦးရာကျော် မှတ်မိသွားလေ၏ ။
"အို.. မောင်ရင် ရောက်လာပါပြီကော"
"ဟုတ်ကဲ့ ဦးရီး.. ကျန်းမာပါရဲ့နော်"
"မာပါ့၊ အခုနကပဲ အပြင်က ပြန်ရောက်တယ်။ မောင် ရောက်နေတာကို မသိဘူး။ ဒီ့ပြင်လူ စီးသွားတယ် ထင်လို့ လူတွေကို မာန်မဲနေသေးတာ"
လက်ျာဘီလူးက ပြုံးရင်း အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်လိုက်၏ ။
"သည်တစ်ခါတော့ လက်စွပ် မဟုတ်ပါဘူး။ နန်းတွင်းရတနာလည်း မဟုတ်ဘူး။ ကျွန်တော်မျိုး ပန်ဖို့ဆိုပြီး ပေးတဲ့ နားတောင်းပါ။ အဖိုး မနည်းဘူး ထင်ပါရဲ့ဗျာ"
"မှန်းစမ်း၊ ဘယ်နည်းမလဲ။ ရောင်းရင် အတော်ရမှာပေါ့။ မြင်းဖိုး ကုန်ကျစရိတ်ထက် အများကြီး ပိုဦးမယ်"
"ဦးကြီးပဲ ရောင်းယူလိုက်ပါတော့၊ မြင်းကို စိတ်တိုင်းကျနီးပါး လေ့ကျင့်ပေးထားတာ ကျေးဇူးတင်လို့ မဆုံးပါဘူး"
ဦးရာကျော်သည် သူပေးသည့် နားတောင်းတစ်စုံကို လက်ဖဝါး၌ တင်ထားရင်း တစ်နှစ်ခွဲသာသာ ကျင့်ထားရသည်ကိုပင် အပြည့်အဝ စိတ်တိုင်းမကျသေးပါဟု ဆိုလိုပုံရသော လက်ျာဘီလူး၏ စကားကို စဉ်းစားနေလေ၏ ။

(ဆက်ရန်...)   သူရဲကောင်း (7)


ritten by သင်္ခရာဇာ

End date: December 3, 2020

သူရဲကောင်း (၅)

ငပေါက်တူး အလွန်ဒေါသထွက်နေသည်။ သူ့လူတွေကိုရော ငညိုသူတို့ အဖွဲ့ကိုရော တစ်ခုခု လုပ်ပစ်ချင်လှ၏ ။ သူတို့ရွာမှ ငမှတ်၊ ငအောင်ရွေး၊ ငဖောင်း တို့အပြင် အခြားရွာ နှစ်ရွာမှ သူ့လူများဖြစ်ကြသည့် ငပျင်း၊ ငကျော်သာရွှေ၊ ငချင်း တို့သည် သူနှင့် ဆိုးဖော်ဆိုးဖက်၊ တိုက်ဖက် မိုက်ဖက်သားများ ဖြစ်ကြ၏ ။ အများစုမှာ လုပ်ဖော်ကိုင်ဖက် မုဆိုးလည်းလုပ် တံငါလည်း လုပ်ကြသည်။

လူတွင်ကျယ် လုပ်လွန်းသော ငညိုသူအား ငယ်စဉ် ငစံဘဝကပင် ကြည့်မရခဲ့။ ငစံ ကိုရင်ဝတ်သွားသောအခါ တစ်ရန်အေးပြီ ဟူ၍ စိတ်ချမ်းသာခဲ့သည်။ သို့သော် မကြာ၊ လူပြန်ထွက်လာ၏ ။ ငညိုသူ အမည်နှင့် သူလို ဘုန်းကြီးကျောင်းသား ခေါင်းဆောင်ပင် ဖြစ်လာလိုက်သေးသည်။ ထို့နောက် ရွာမှ ပျောက်သွားသည်။ သူ့ကြောင့် ခမ်းနားကြီးကျယ်လှသော မင်းကျောင်းကြီး မီးလောင်ခဲ့ရသည် ဟု မကျေမနပ် ဖြစ်ခဲ့ရသည်။
ယခုအခါ သင်းသည် ရွာပြန်လာပြီး လူများကလည်း အမှတ်မရှိ သူ့အား ဗိုလ်မင်းကြီး ဖြစ်ခဲ့သည် ဆိုကာ အရေးပေး ဆက်ဆံနေကြပြန်သည်။ ငညိုသူသည် သူတို့ကဲ့သို့ တောအလုပ်များကို တပင်တပန်း မလုပ်ဘဲ ဘုန်းကြီးကျောင်း၌ ကပ်စားနေကာ အများအမြင်တွင် ချီးကျူးနိုင်မည့် အမှုတို့ကိုသာ လုပ်ပြနေသောကြောင့် ရွာသားများ၏ လေးစားခြင်းကို ခံနေရ၏ ။
သူ့မှာမူ တောလည်ခြင်း၊ ပိုက်ချခြင်း၊ ကွန်ပစ် ငါးလုပ်ခြင်း၊ ညွှတ်ကွင်းထောင်ခြင်း စသည်တို့ကို ဆယ့်နှစ်ရာသီပတ်လုံး ခက်ခဲဆင်းရဲစွာ လုပ်ကိုင်၍ အသက်မွေးပါသော်လည်း မည်သူကမှ အထူးတလည် ငဲ့ညှာသနားခြင်း မရှိ။ ထို့အပြင် နှိမ်လိုက်ချင်ကြသေးသည်။ သူ့ကိုမြင်လျင် နှာခေါင်းရှုံ့ချင်ကြသည်။ မယားကအစ ပင်ပန်းသဖြင့် သောက်မိသော သေရည်ကို ရိုးမယ်ဖွဲ့ချင်သည်။
ထိုမကျေနပ်ချက်များကြောင့် ငညိုသူတို့အား ရှင်းပစ်ရန် သူ့လူများနှင့် တိုင်ပင်ရာ အားရစရာ မရှိလှ။ ရွာခံအပေါင်းအသင်းများမှာ စိတ်မပါသလို အခြားရွာမှ ငချင်းတို့ကလည်း ကူပါမည် အာမခံသော်လည်း အကျိုးအမြတ် မရှိသဖြင့် စိတ်မဝင်စားမှန်း သိနေ၏ ။ ငဖောင်းဆိုလျင် 'ဘီလူးဝင်စားတဲ့ ဘုရင့်စစ်သည်တော်ကို ကြံစည်လို့ မလွယ်ပါဘူး၊ ဝေးဝေးနေစမ်းပါ' ဟု ဆိုကာ ကြောက်ရွံ့နေလိုက်သေးသည်။
တကယ်တမ်း လုပ်ကြံကြမည် ဆိုသောအခါ ငဖောင်းတို့ စကားများကြောင့် အခြားသူများပါ ကြောက်လန့်လာပြီးလျင် သူနှင့် ငချင်း နှစ်ဦးသာ အမာခံ ကျန်တော့သည်။ ရှောင်ထွက်သွားသူများသလို သူ့ကိုသာ ဖျောင်းဖျနေကြလေ၏ ။ ယင်းသို့ ရှောင်ဖယ်ကြလေ ငပေါက်တူး စိတ်ထွက်လေ ဖြစ်သည်။ ဘုရင်ကိုယ်တိုင် ဖြစ်သော်လည်း ရအောင် လုပ်ကြံမည်ဟု ကြုံးဝါးထားလိုက်၏ ။
ဖေသရာသည် သီချင်းတအေးအေးနှင့် တောလည်လာရင်းမှ ရုတ်တရက် ရပ်တန့်သွားကာ အံ့အားသင့်နေသည်။ သူ ထောင်ခဲ့သော သုတ်ကိုင်းများသည် ပြုတ်လျက် ကြိုးတန်းလန်းသာ လေထဲ တွဲလောင်း ဖြစ်နေသည်။ သားကောင်မှာ မရှိ၊ မမိလိုက်ဟု ဆိုရအောင်လည်း ကြိုးမှာ ပြတ်နေသည်။ အောက်၌ သွေးစက်အချို့ကို တွေ့ရ၏ ။ အတော်အတန် ကြီးမားသော ခွေးအ၊ ကြောင်ကြီး တစ်မျိုးမျိုး၊ သို့မဟုတ် တောဝက်အား တစ်စုံတစ်ယောက်က မိနေစဉ် ပစ်ခတ်၍ ယူသွားပုံ ရ၏ ။
ဤသို့ ဖြစ်လေ့မရှိသဖြင့် သူ စဉ်းစားရ ကြပ်နေသည်။ မုဆိုးများမှာ စည်းစောင့်ကြသူများသာ ဖြစ်ပြီး အခြားသူတစ်ဦး ထောင်ခဲ့သည့် ထောင်ချောက် ကျော့ကွင်းတို့ကို ဖြုတ်ယူလေ့မရှိ၊ လိုက်ရှာလေ့ မရှိ၊ တွေ့လျင်လည်း ရှောင်ကွင်း၍ မိမိ ထောင်ချောက်ဆီသို့သာ သွားမြဲဖြစ်သည်။ ဦးလူကလေး၏ ကြံခင်းသို့ ရောက်သောအခါလည်း အံ့သြရပြန်၏ ။ တောဝက်ထောင်ခဲ့သော ထောင်ချောက်မှာ ပြုတ်နေပြန်ပြီး သားကောင်မတွေ့ရ။
ထို အခင်းမှာ တောဝက် သောင်းကျန်းလွန်း၍ ဦးလူကလေးကိုယ်တိုင် မိမိအား အပ်ထားသော ကြံစိုက်ခင်းဖြစ်သည်။ တောဝက်သည် ကြံအလွန်ကြိုက်ပြီး စားရုံသာမက နှုတ်သီးဖြင့် ထိုးဆွ ဖျက်ဆီးသွားတတ်၍ သူသည် တောဝက် ဝင်လမ်း ထွက်လမ်းများကို ကြည့်ရှုစစ်ဆေးကာ သေသေချာချာ ထောင်ထားခဲ့ခြင်း ဖြစ်ရာ ယခုအခါ တောဝက်မှာ အခင်းမဝင်လိုက်ရဘဲ ပျောက်ဆုံးနေပြန်သည်။
သူ၏ ထောင်ချောက်များမှ ယုန်တစ်ကောင်နှင့် ကြွက်သုံးကောင်သာ ရခဲ့ပြီး မကျေမနပ်နှင့် အိမ်ပြန်ခဲ့ရ၏ ။ ရွာလျောက်လျင် ချက်ချင်း ပြန်ထွက်ကာ ရွာထဲ လှည့်ပတ် စနည်းနာလေသည်။ ထိုနေ့က ရွာခံမုဆိုးထဲတွင် အမဲ ကြီးကြီးမားမား ရသူဟူ၍ ငပေါက်တူးသာ ဆတ်တစ်ကောင် ပစ်ခတ် ရလာသည် ဟူ၏ ။ တောဝက်သား ရောင်းသူလည်း မရှိ၊ အနီးအနားတစ်ဝိုက်၌ တောဝက်ရသည့် မုဆိုးလည်း မတွေ့ရချေ။
နောက်တစ်နေ့ ရွာစဉ်လှည့် စုံစမ်းရန် ပြင်နေစဉ် ငမဲလုံး၏ သတင်း ကြားရလေသည်။ ရုတ်တရက် အပြင်းဖျား၍ ကယောင်ကတမ်း ဖြစ်နေပြီ ဟူ၏ ။ သူ ရောက်သွားသောအခါ မဲလုံးမှာ အခြေအနေ မကောင်းလှ၊ အဆိပ်မိသည်ဟု ယူဆ၍ တပင်ရွှေထီးပင်အား ရှာကာ မိတုတ်မထံ ပေးခဲ့ပြီး ထုထောင်း တိုက်ကျွေးထားစေကာ သူက မူလအစီအစဉ်ကို ဖျက်၍ တောထဲ ဆေးမြစ်ရှာ ထွက်ခဲ့သည်။
သူပြန်ရောက်သောအခါ ငမဲလုံးမှာ ထူထူထောင်ထောင် ဖြစ်နေလေပြီ။ ငသိန်းဆောင်နှင့် ငစံ လာသွားပြီး ဆေးရွက်ခြောက်အချို့ ပေးသွားသည်ဟု မိတုတ်က ဆိုသည်။ ငစံပေးသော ဆေးရွက်သည် ချက်ချင်း အဖျားကျစေသတဲ့။ ဖေသရာက တောင်းယူ ကြည့်ရှုသော်လည်း မသိသဖြင့် ပြန်ပေးလိုက်သည်။ မဲလုံး ထန်းရည်လှောင်သော စဉ့်အိုးထဲသို့ ဖားပြုတ်တစ်ကောင် ကျပြီး သေနေသတဲ့။ ဖားပြုတ်ခြောက်သည်ပင် ထန်းရည်ကို အလွန်မူးစေသည်ဖြစ်ရာ မသေမီ ကျောမှ အဆိပ်ထွက်၍ အန္တရာယ် ဖြစ်စေခဲ့ဟန် တူသည်။
နောက် နှစ်ရက်ကြာလျင် သတင်းတစ်ခု ကြားရပြန်သည်။ ငစံ အိပ်နေသော ဇရပ်၌ တောကြီးမြွေဟောက်တစ်ကောင် တွေ့ရသည့် သတင်းထူး ဖြစ်သည်။ ကျောပေးပြီး အိပ်နေသည့် ငစံအား မြွေဟောက်ကြီးက ပါးပျဉ်းထောင်လျက် ပေါက်မည်တကဲကဲ ပြင်နေသည်ကို ကျောင်းသားငယ်တစ်ဦးက တွေ့ရှိ လန့်အော်ရာ ဆရာတော် ဆင်းလာပြီး မေတ္တာပို့မှ ထွက်ခွာသွားသည် ဆိုကြသည်။
ငစံ နိုးလာသော်လည်း မလှုပ်ရဲဘဲ လှဲနေရင်းကပင် မြွေဟောက်ကြီးကို စောင့်ကြည့်နေရသတဲ့။ ပါးပျဉ်းကြီးမှာ ဘယ်ညာ ယိမ်းနွဲ့လျက် ဆတ်ခနဲ ရှေ့ငိုက်လာတတ်ရာ သတိကြီးစွာ ထားခဲ့ရသည်ဟု ငစံက သူတို့အား ပြန်ပြောကြသည်။ ကျောင်းထဲသို့ ထိုမျှ ကြီးမားသော မြွေဟောက်ကြီး ရောက်နေသည်ကို သူတို့ အံ့သြနေကြသော်လည်း ငပေါက်တူးကတော့ တက် တခေါက်ခေါက်။
"မင်းကို ငါ ပြောပါတယ်၊ ခု ကြည့်စမ်း။ တောဘုရင် ဆိုတဲ့ ငန်းပုပ်ကြီးတောင် သူ့ကို မပေါက်ရဲဘူး။ အိတ်ထဲက ဖြည်လွှတ်လိုက်တုန်းကတော့ ဒေါသတကြီး ပြေးသွားတာပဲကွ။ အမောက်ကြီး ထောင်ပြီး ပေါက်ချလိုက်ပြီး မှတ်တာ ဆန့်ငင် ဆန့်ငင် ဖြစ်နေတယ်။ နောက်ကနေ ဝါးလုံးနဲ့ ထိုးလည်း မပေါက်ဘူး။ ငါလည်း ကြာရှည် မနေရဲတာနဲ့ ပြန်ပြေးလာတာပဲ"
ငဖောင်းစကားကို ငပေါက်တူးက အရေးမစိုက်။
"အသုံးမကျလိုက်တာကွာ၊ အလကား မြွေဖိုး ဆုံးတာပဲ ရှိတယ်"
"အဲဒီကောင်နဲ့ ကင်းအောင် နေစမ်းပါ ပေါက်တူးရာ၊ အချိန်တန် ရွှေဘိုပြန်သွားပါလိမ့်မယ်ဟ"
"မပြန်ဘူးကွ၊ ငါ ရွာထဲ မေးမြန်းကြည့်ပြီးပြီ။ မပြန်တော့ဘူး ပြောတယ် တဲ့"
"ခက်တာပဲ"
×××××××××××××××××××××××××××××××
အလှူကြီးနေ့ ဖြစ်၏ ။ သူ မမြင်လိုသော မြင်ကွင်း ဖြစ်သော်လည်း သူနေထိုင်ရာ ကျောင်းဝန်းအတွင်း လုပ်နေခြင်း ဖြစ်သဖြင့် မည်သို့မျှ မတတ်နိုင်။ အလှူအတွက် လာရောက်ကူညီသူများမှာ တောင်ပိုင်းနှင့် မြောက်ပိုင်း နှစ်ခြမ်းကွဲနေသည်။ မည်သို့မှ စေ့စပ်မရ၊ ညှိနှိုင်းမရ၊ တစ်ဘက်နှင့် တစ်ဘက်လည်း ရွဲ့စောင်း ထေ့ငေါ့နေလိုက်ကြသေး၏ ။
သူတို့ ငယ်စဉ်က ထိုသို့မဟုတ်၊ ရွာ၌ မင်းကျောင်းနှင့် ပွဲကျောင်း ဟူ၍ ဘုန်းကြီးကျောင်း ၂ ကျောင်း ရှိသော်လည်း ဆရာတော်ကြီးများမှာ ချစ်ခင်စွာ နေကြသလို ရွာသူရွာသားများလည်း ဆရာ ဒကာ အစွဲမကြီးကြသေး။ ယခုအခါ ထိုစဉ်က မတည့်လှသည့် ဦးပဉ္စင်းများမှာ ကျောင်းထိုင်ဖြစ်လာကြပြီး ရွာသည်လည်း ကျောင်းအလိုက် ကွဲကြလေပြီ။
တစ်ရွာလုံး စုပေါင်းလုပ်သော ရဟန်းခံ ရှင်ပြုပွဲမို့သာ မြောက်ကျောင်းတွင် လုပ်ကြသော်လည်း တောင်ပိုင်းသားများမှာ မကျေနပ်ကြ။ တောင်ကျောင်းဆရာတော်လည်း မကြွ၊ တောင်ကျောင်းသား အများစုလည်း မကူကြ။ မြောက်ပိုင်းဒါယိကာ အင်အားများသည့် ပွဲဖြစ်နေသည်။ ငစံက မမြင်လိုသည့် မြင်ကွင်းများမှ ဖယ်ကြဉ်လျက် အနောက်ဘက် ချောင်းထဲ ဆင်းကာ ချမ်းအေးလှသည့် နတ်တော်လကြီးတွင် ရေခပ်နေလိုက်သည်။
ချောင်းထဲတွင် လူသူမရှိ၊ ရေလည်း နည်းပါးလှသဖြင့် လက်ယက်ကျင်းမှ စောင့်ခပ်ရ၏ ။ သူက သံရေပုံး နှစ်ပုံး ဆွဲလျက် ဆင်းလာစဉ် အနောက်မှ လူတစ်ယောက်က ထင်းချောင်းကြီးတစ်ချောင်း ဆွဲလျက် ကပ်လာသည်ကို မသိလိုက်။ ခြေသံကြားမိသ်ာလည်း သာမန် အနောက်ပိုင်းကူသူ ဟုသာ ထင်နေသည်။ နောက်စေ့ကို ပြင်းထန်စွာ အရိုက်ခံရမှ လဲကျသွားပြီး စောင်းငဲ့ ကြည့်နိုင်သည်။
မျက်နှာကို ပုဆိုးဖြင့် စည်းထားသူတစ်ဦး။ ထိုသူက အဆက်မပြတ်ရိုက်၏ ။ ငစံသည် လဲနေရာမှ ခြေလက်တို့ဖြင့် ကာသည်။ ဖိရိုက်နေသဖြင့် မထနိုင်၊ လန့်အော်လိုက်သံ ကြားရသည်။
"အမလေး.. လာကြပါဦး၊ ရိုက်ကုန်ကြပြီတော့"
မိန်းမတစ်ယောက် အော်နေသည့်တိုင် ထိုသူမှာ အငြိုးတကြီး ရိုက်နှက်နေဆဲ။ ပထမဆုံး တစ်ချက်တည်းနှင့်ပင် မူးဝေပြာမိုက်ကာ မြင်တစ်ချက် မမြင်တစ်ချက် ဖြစ်နေသည့် ငစံမှာ ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာထားလျက် ခြေနှင့် ကန်သော်လည်း မထိရောက်။ ရွာသားတစ်ဦးနှင့် ငသိန်းဆောင် ပြေးလာသည်။ သိန်းဆောင်က ခုန်ဝင်ပြီး တိုက်ခိုက်သည်ကို ထိုသူက ဆီးရိုက်၏ ။
နှစ်ယောက်တစ်ယောက် ဖြစ်သော်လည်း သိန်းဆောင်တို့ မကပ်နိုင်ချေ။ ထိုသူမှာ ထင်းချောင်းကို ကျင်လည်စွာ လှည့်ပတ်ကစားပြီး ရိုက်သွားသဖြင့် သူတို့သာ ခံလိုက်ကြရသည်။ နောက်မှလူ ကန်ကျောက်သည်ကိုလည်း မမှုဘဲ သိန်းဆောင်ကို မဲ၍ တိုက်ခိုက်သွားပြီး လူများ ရောက်လာမှ ချောင်းဘက် ဆင်းကာ ထွက်ပြေးသွားသည်။ အချို့က ဆင်းလိုက်ကြသော်လည်း ချောင်းတစ်ဘက်မှ လူနီစ်ဦးက လေးခွ၊ ဒူးလေးတို့ဖြင့် ဆီးကြို ပစ်ခတ်ပြီး ပြေးသွားရာ မလိုက်ရဲကြတော့။
ငစံမှာ ခြေလက်တို့ စုတ်ပြဲ ဖူးရောင်လျက် မျက်နှာ နောက်စေ့တို့တွင်လည်း ဒဏ်ရာဒဏ်ချက်များနှင့် ဖြစ်သည်။ သိန်းဆောင်နှင့် လူတစ်ဦးက တွဲ၍ ကျောင်းပေါ် ပို့ရ၏ ။ ယင်းကိစ္စဖြင့် တောင်ပိုင်းသားများနှင့် မြောက်ကျောင်းသားအချို့ စကားများကြပြန်သည်။ သိန်းဆောင် အပါအဝင် အများက ပွဲကျောင်းသား ဖြစ်ရမည်ဟု ယူဆကြသည်ကို ပွဲကျောင်းသားများက မကျေနပ်။ သက်သေပြနိုင်ရင် သူတို့ကိုယ်တိုင် ဖမ်း၍ ထုတ်ပေးမည်၊ မပြနိုင်ဘဲ မစွပ်စွဲနှင့် ဟု ဆိုကြ၏ ။
မည်သို့ဆိုစေ ငစံမှာ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရသည်။ တစ်ကိုယ်လုံး အဝတ်ပုဆိုးစများ ကြပ်စည်းထားရ၏ ။ အသေသတ်ပုံ ရသည်ဟု ငယ်သူငယ်ချင်းများ ထင်ကြသဖြင့် ငပေါက်တူးကို စောင့်ကြည့် အကဲခတ်နေကြသည်။ ငပေါက်တူးမှာ ဟန်မပျက်၊ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက် ရှိနေ၏ ။ ဖေသရာကလည်း သူ့သားကောင်များ ပျောက်နေခြင်းအတွက် ငပေါက်တူးကို မသင်္ကာ ဖြစ်မိသော်လည်း ဖမ်း၍ မမိ။ သူပျောက်ဆုံးသည့် အကောင်များအား ငပေါက်တူးထံတွင် မတွေ့ရပေ။
အလှူပွဲ ပြီးသည့်နောက်တွင် ရွာ၏ အပိုင်း နှစ်ပိုင်း ဆက်ဆံရေးမှာ အလွန်အေးစက်သွား၏ ။ အခေါ်အပြောပင် သိပ်မလုပ်ကြတော့သလို။ ငစံသည်လည်း ကျောင်းပေါ်မှ မဆင်းရတော့။ ဘုန်းတော်ကြီးနှင့်တကွ ကျောင်းသား ဒကာများက ဝိုင်းဝန်းစောင့်ရှောက်ပေးကြ၏ ။ ငသိန်းဆောင်တို့က သူ့အား မပြောပေမင့် လက်စားချေရန် ကြံနေသည်ကိုလည်း ရိပ်မိသည်။ ငပေါက်တူးနှင့် အခြားရွာမှ အပေါင်းအပါတစ်စု လက်ချက်မှန်းလည်း သဘောပေါက်၏ ။
သူမရှိစဉ်က အခြေအနေနှင့် သူရောက်လာပြီး နောက်ပိုင်း၊ ထို့နောက် ရွာ၏ အနာဂတ် အရေးများကို သေသေချာချာ စဉ်းစားတွေးတောနေရပြီ။ ထူးခြားသည့် သတင်းတစ်ခု ကြားနေရသည်လည်း ရှိသည်။ မင်းပြောင်းမင်းလွဲ ဖြစ်သည် ဟူသည့် ကောလာဟလတစ်ခု ပျံ့နေ၏ ။
ဒဏ်ရာများ သက်သာစ ပြုလာသည့် တစ်ရက်တွင် ရွာသူ ရွာသားများသည် သူတို့ရွာကို ဂုဏ်ဆောင်ကာ ဗိုလ်ချုပ်ကြီးအထိ ဖြစ်ခဲ့သည် ဆိုသော၊ ငယ်ရွယ်သည်နှင့်အမျှ ထက်မြက်၍ ကြောက်မက်ဖွယ် ကောင်းသည်ဟု ကြားခဲ့ရဖူးသော၊ အလောင်းမင်းတရားကြီးကိုယ်တော်တိုင် လာရောက် ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့် သူတို့ရွာ၏ သူရဲကောင်း ဆိုသော ရှင်ညိုသူအား (မည်သည့်အခါမျှ ပြန်လည်၍) မတွေ့ကြရတော့ပေ။


(ဆက်ရန်...)   သူရဲကောင်း (၆)

သူရဲကောင်း (၄)

ရွာရောက်၍ တစ်လကျော် ကြာသောအခါ ငစံသည် ရွာထဲသို့ သိပ်မလာတော့ဘဲ ဘုန်းကြီး ကျောင်းနှင့် ရွာပြင်တွင်သာ အနေများတော့သည်။ သူ၏ သူငယ်ချင်းနှစ်ဦးမှာလည်း ရွာ၏ အစွန်အဖျားများတွင် နေကြသဖြင့် သူတို့ ၃ ယောက်သည် ရွာနှင့် ကင်းကွာနေကြသကဲ့သို့ ရှိ၏ ။ ငစံသည် နေ့လယ်အချိန်များ၌ ရွာကို ပတ်၍ တောင်ဘက် လှည်းလမ်းကြောင်းကို ပြုပြင်နေလေ့ ရှိသည်။

လှည်းလမ်းမှာ လူများ သွားလာရန် ခက်ခဲလျက် သံပြားပတ် လှည်းဘီးရာနှစ်ခုသာ ခွက်ဝင်နေပြီး အလယ်တွင် မညီမညာ မို့မောက်နေ၏ ။ ထို့ကြောင့် အခြားရွာများနှင့် ကူးသန်းရောင်းဝယ်မှု ပြုကြသူများသည် လှည်းလမ်းမှ ပူးချည်ခွာချည် ရှိသော ကဇာခင်တန်း အရိပ်များအောက်မှ  လျှောက်သာရုံ လမ်းကလေးအတိုင်း သွားလာကြရသည်။ သူတို့ ငယ်စဉ်ကမူ လှည်းလမ်းသည် ညီညာပြန့်ပြူးကာ လူအများ သွားလာနိုင်အောင် ဖြောင့်ဖြူးခဲ့၏ ။
ထိုလမ်းအတိုင်း သူ လာခဲ့စဉ်က ခရီးသွားများ၏ အန္တရာယ်ကို သတိပြုမိခဲ့သဖြင့် ပိုးမွှားသားကောင် ခိုအောင်းနေတတ်သည့် ကဇာများကို အားမပြုဘဲ လှည်းလမ်းအတိုင်းသာ သွားလာနိုင်ကြစေရန် ပေါက်ပြားတစ်လက်၊ တောခုတ်ဓားတစ်ချောင်းဖြင့် နေ့စဉ် လာရောက် ပြုပြင်နေခဲ့သည်။ လှည်းဘီးရာနှစ်ခု အလယ်မှ မို့မောက်နေသော မြေသားများကို ပေါက်၍ နွားများ ရုန်းရလေ့ရှိသည့် နွံအိုင်တွင်းသို့ ချရန်ကိုမူ တစ်ခါတစ်ရံ ဖေသရာက လာရောက်ကူညီတတ်လေသည်။ မဲလုံးကတော့ မအားလပ်ဟု ဆို၍ လာလေ့မရှိ။
အလွန်ဆိုးဝါး တိမ်းစောင်းနေသည့် နေရာအချို့၌ မြေကလည်း မာသောကြောင့် တစ်ရက်လျင် လေးငါးဆယ်လှမ်းစာမျှပင် မပြီးချင်။ ရွာထဲမှလည်း မည်သူမျှ ကူညီလာခြင်း မရှိဘဲ အပိုအလုပ်ဟုသာ မြင်ကြ၏ ။ သူတို့ နှစ်ဦးသည် ရွာ ၂ ရွာကြားရှိ အလွန်ရှည်လျားသော လှည်းလမ်းကြောင်းကြီးကို ဖြူးနေသော လမ်းမကြီး ဖြစ်လာသည်အထိ တစ်နှစ်ကျော်ကြာ ပြုပြင်ခဲ့ရသည်။ ရွာသို့ သိန်းဆောင် ပြန်မရောက်မီအထိ ဖြစ်၏ ။ လှည်းနှင့် နေ့တစ်ဝက်ခရီး မောင်းရသော လမ်းသည် ယခုအခါ ပြေပြစ်ညီညာစွာ ရှိလာပြီး မိုးအခါ နွားများ ဆင်းရုန်းရတတ်သည့် ရွှံ့အိုင်သည်လည်း ရေထွက်ပေါက်ချန်လျက် မြေဖို့ထားသည့်လမ်း ဖြစ်နေခဲ့ပြီ။
တစ်ရက်တွင် သူရှိနေရာသို့ ငသိန်းဆောင် အပြေးအလွှား ရောက်လာသည်။ ရောက်ရောက်ချင်း သူ့ကို တအံ့တသြ ကြည့်နေ၏ ။ သူက ဘာဖြစ်လာသလဲ သိန်းဆောင်၊ ဘယ်တုန်းက ပြန်ရောက်လဲ ဟု မေးသော်လည်း မဖြေဘဲ စိန်းစိန်း စိုက်ကြည့်နေပြီးမှ လက်မောင်းကို ဆွဲငင်ကာ ကုန်းကမူထက်ရှိ သစ်ပင်ရိပ်အောက် ခေါ်သွားသည်။
"မင်း ဒါတွေ လုပ်စရာလားကွ ငစံ"
သိန်းဆောင်ဆီမှ ဦးဆုံးကြားရသည့်စကား။
"ဘာဖြစ်လို့လဲကွ၊ ဘာလို့ မလုပ်ရမှာလဲ"
"မင်းလိုလူက ဘာအတွက် ဒီအလုပ်တွေ လုပ်နေရမှာလဲ။ တခြားသူတွေ ခိုင်းပါလား"
သည်တော့မှ သူ သဘောပေါက်ကာ ရယ်မိသည်။
"မင်းက ငါ့ကို စစ်ဗိုလ်ကြီး ထင်နေတုန်းလား။ ငါက ဘုန်းကြီးကျောင်းသား ငစံ ပြန်ဖြစ်နေပါပြီကွ"
သိန်းဆောင် သူ့ကို မကျေမချမ်း ကြည့်သည်။ ရွာဘက်သို့လည်း ပြန်ကြည့်လျက် သူ့ဘာသာ ရေရွတ်နေပြန်သည်။
"မင်းအကြောင်းတွေ ငါကြားတယ်ကွ ငစံ၊ ဘယ်လို ဖြစ်ရတာလဲကွာ"
×××××××××××××××××××××××××××××××××
"အဖြစ်ကတော့ အဲလိုပဲ ငသိန်းရေ..၊ ခွေးလေးတွေ ဖအေမပေါ်တဲ့ ကိစ္စကို အရှက်ရပြီး သူနဲ့မဆိုင်ကြောင်း၊ သူ့မှာ ရှိကြောင်း ပြဖို့ မိပြားကို အတင်းခိုးပြေးတာပဲ။ ဖြစ်ချင်တော့ မိပြားကလည်း သားပေါက်ကောင်းလိုက်တာမှ တစ်နှစ် တစ်ယောက် ပုံမှန်ကျပဲ ဟေ့ကောင်ရေ"
"ခွေးမသား ငမဲလုံး၊ ရူးပေါပေါနဲ့ မဆိုင်တာ ဆွဲမထည့်နဲ့"
ဖေသရာက အုန်းမှုတ်ခွက်ကို ပစ်ချလိုက်ရာ သိန်းဆောင်က ကောက်ယူ၍ သုတ်လိုက်ပြီး မြူအိုးထဲ နှစ်ခပ်လိုက်၏ ။ ထို့နောက် အမြုပ်တစီစီရှိသော ဦးရည်ကို အရသာခံ သောက်ရင်း ပြုံးနေသည်။ ငစံက
"မဲလုံး ပြောတာတော့ ခွေးမက အနက်မ၊ ခွေးလေးတွေက ညိုညို တောင့်တောင့်လေးတွေချည်းပဲဆို"
သိန်းဆောင် ထန်းရည်သီးသွားသည်။ ဖေသရာ၏ ပုံစံမှာလည်း ညိုထွားကြီး ဖြစ်နေသောကြောင့်ပင်။
"မင်း အဲလို လျှောက်ပြောမှာ သိလို့ အဲဒီခွေးတွေကို ရွာထဲက လူတွေ မပေးဘဲ တခြားရွာသားတွေ သတ်စားစားဆိုပြီး တမင်လိုက်ပေးပစ်တာပဲ။ ရွာထဲ မြင်နေရရင် ငဖေ့သားကြီး လာပါဦးကွ.. အို့ အို့ လုပ်နေမယ့်ကောင်"
ငစံက သူ့အတွက် ဖယ်ထားသည့် ထန်းရည်ချိုကို တစ်ငုံ ငုံလိုက်ပြီး ပဲကြီးလှော်တစ်စေ့ ပါးစပ်ထဲ ပစ်ထည့်ရင်း
"ဖေသရာကလည်း မင်းအကြောင်းတွေ ပြောပါတယ်။ ကြက်သွားခိုးတာ မိတုတ်မ ပါလာတဲ့အကြောင်း"
"ခွေးကောင် ဖေသရာ၊ မဟုတ်မဟတ်တွေ လျှောက်ပြောထားတယ် မဟုတ်လား"
"ငါက မဟုတ်တာ ဘာမှမပြောဘူးမောင်၊ မိတုတ်မက သူ့လူမှတ်လို့ ချိန်းထားတဲ့အတိုင်း ဆင်းလာတာကို မင်းက လည်လိမ်ထားတဲ့ကြက် ပစ်ခဲ့ပြီး လူ မ သွားလို့ ငါတို့ ဘူးသီးဟင်းရည်ချည်း သောက်ခဲ့ရပါရောလား"
"ဟားဟားဟား"
သိန်းဆောင်က ယစ်သော မျက်နှာဖြင့် ထ ရယ်၏ ။ ထိုစဉ် တစ်ဖက်ဝိုင်းမှ ခွမ်းခနဲ အသံကြားရပြီး
"ဆူတယ်ကွာ.. တောက်"
လူတစ်ယောက်သည် ထန်းရည်မြူအိုးများကို ကန်၍ ဒယိမ်းဒယိုင် ထသွားပြီး မိတုတ်မကို ခေါ်ကာ
"နားအေးပါးအေး သောက်ချင်လို့ လာပါတယ်ဆို နားကို ညီးနေတာပဲ။ နောက် နင်တို့ ထန်းတောဘက် ခြေဦးကို မလှည့်ဘူး"
သူတို့ လေးဦးသား ငေးကြောင်၍ ကျန်ခဲ့သည်။ ထိုသူ ထွက်သွားပြီးမှ
"အဲဒါ တောင်ကျောင်းက ကောင် မဟုတ်လား"
"ဟုတ်တယ်၊ တံငါမုဆိုး လုပ်တဲ့ ငပေါက်တူး။ ငယ်ငယ်တုန်းကတော့ ပွဲကျောင်းသား ခေါင်းဆောင်ပဲ၊ နောက် သူတို့ကျောင်းကို ကိုရင်ကြီး ရေဝတ ရောက်လာတော့ နေရာဖယ်ပေးလိုက်ရပြီး အခုလို ဆိုးပေနေတာ ကြာပြီ"
ငစံသည် လေးနက်စွာနှင့်
"ဒီကောင် ငါ့ကို မကျေမနပ်ဖြစ်နေတာ ကြာပြီ"
ကျန်သုံးဦး မျက်နှာများ လည်လာကြ၏ ။
"ဘာလို့တုန်းကွ"
"မင်းနဲ့ ရန်စ ရှိဖူးလို့လား"
"ဘုန်းကြီးကျောင်းသား ခေါင်းဆောင်ချင်း စောင်နေတာ နေမှာပေါ့။ ငယ်ငယ်ကတော့ သူတို့နဲ့ လောက်စာလုံးစစ်ပွဲ နွှဲခဲ့ရသေးတယ်လေ။ ငစံ.. မင်းမှတ်မိလား၊ တို့ကျောင်းက ခွေးတွေကို ဒီကောင်တွေ လာပစ်ကြလို့ စစ်ခင်းရတာ"
"အဲဒါကြောင့် မဟုတ်ဘူးကွ။ ဝန်တို မစ္ဆရိယကြောင့် ဖြစ်မယ် ထင်တာပဲ။ ငါ ရောက်ခါစက သူကြီးအိမ်မှာ အတက်အဆင်း ဆုံဖူးတယ်။ ငါပြန်ဆင်းတော့ ဖိနပ်ကို ကန်သွားတာ ငါ့ဖိနပ် သီးသန့်ကိုပဲ။ တခြားသူလည်း မဟုတ်လောက်ဘူး"
မဲလုံးက သတိပေးလာသည်။
"ပေါက်တူးက ဓားပြတိုက် လုယက်တာမျိုး လုပ်ချင်တယ်နော်။ တစ်ခါတစ်ခါ သူတို့ လူစုပြီး တိုင်ပင်နေတာ တွေ့ရတယ်။ မင်းကို အန္တရာယ် ပြုနေဦးမယ်"
"ရန်မများအောင်တော့ ရှောင်ရမှာပေါ့ မဲလုံးရာ"
သူက ရှောင်ချင်သော်လည်း ပေါက်တူးက မရှောင်လိုလှပါ။ သူ့တစ်ယောက်တည်း ရှိစဉ်က မျက်မုန်းကျိုးရုံသာ ဖြစ်သော်လည်း မင်းကျောင်းသားနှင့် ငယ်ပေါင်းများ စည်းစည်းလုံးလုံး ရှိနေသည်ကို မြင်သောအခါ၌မူ ရန်သူ ပြိုင်ဘက် အနှောင့်အယှက်သဖွယ် မြင်လာလေပြီ။ မိမိတို့ လုပ်ငန်းများကို ဖျက်ဆီးလာနိုင်သည့် အင်အားစုဟု ရှုမြင်လာသည်။ ရွာသူရွာသားများ၏ ပစားပေးမှုကြောင့် ဖြစ်ပေါ်လာသော အမုန်းတရားသည် ဒေါသအဖြစ် ကူးပြောင်းလာပြီး သူနှင့် ထိပ်တိုက်တွေ့ရန်သာ ကြံနေတော့သည်။
(ဆက်ရန်...)  သူရဲကောင်း (၄)

Written by သင်္ခရာဇာ

End date: December 3, 2020


သူရဲကောင်း (၃)

လဆန်းရက်မို့ ညဦးကပင် လသာနေသည်။ အဘသာဂေါင်၏ တစ်ဘက်နိမ့်ကွပ်ပျစ်ကြီးပေါ်ဝယ် လူစုံနေလေပြီ။ နိမ့်နေသော တိုင်ဘက်မှ ကလေး လူငယ်များ တက်ကြလျက် အမြင့်ဆုံးထိပ်တွင် အဘသာဂေါင်တို့ သက်ကြီးဝါကြီးများက နေရာယူထားကြသည်။ ထို တခြမ်းစောင်းကွပ်ပျစ်ကြီးသည် စုဝေးစကားစမည် ဆိုတတ်ကြသော ရွာ၏ ဓလေ့ထုံးစံကိုသာမက ကြီးရာမှ ငယ်ရာသို့ အစဉ်အတိုင်း ဂါရဝထားတတ်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကိုပါ ဖော်ဆောင်ရာ နေရာကြီး ဖြစ်နေသည်။

သို့သော် ယခုတော့ ထိုသို့ မဟုတ်ပြီ။ လူကြီးများ၏ အကြား အားလုံး မြင်ရသော အလယ်အလတ် နေရာ၌ အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်အား နေရာပေးထားကြသည်။ ယခင်က သက်ကြီးစကား သက်ငယ်ကြားရစမြဲ ဖြစ်သော်လည်း ယခုအခါ ငယ်သူ့စကားများကို သက်ကြီးရွယ်အိုတို့ကပင် တောင်းပန် ငံ့လင့်နေကြသည်။ သူမလာလျှင် မျှော်ကြ၍ တကူးတကပင် သွားခေါ်ကြ၏ ။
သူ ဆိုသည်မှာ လက်ျာဘီလူး ဖြစ်သည်။ ဇာတိရပ်ရွာသို့ ပြန်ရောက်သော်လည်း မိဘဆွေမျိုးများအိမ် မနေဘဲ ရွာမြောက်ဖျားရှိ မင်းကျောင်းသစ် ဇရပ်၌ နေထိုင်၍ ဘုန်းကြီးကျောင်း ဝေယျာဝစ္စများ လုပ်ကိုင်နေသူ ငစံ ဖြစ်၏ ။ သူက အကြောင်းမရှိလျင် ရွာထဲသို့ မလာလို၊ သို့သော် နေ့တိုင်း မသွားမဖြစ် သွားနေရ၏ ။ နံနက်စာကို ဘုန်းကြီးဝိုင်းကျ စားရပြီး ညနေတွင် ရွာထဲက ဖိတ်ကျွေးကြသောကြောင့် ဖြစ်သည်။
ဖိတ်သည့်အိမ်မှ ပြန်လာလျင်လည်း ရွာလယ်ကွပ်ပျစ်ကြီးသို့ မသွားမဖြစ် သွားရပြန်၏ ။ သူရှိရာသို့ လူလွှတ်၍တစ်မျိုး၊ စောင့်၍ တစ်ဖုံ ခေါ်ကြသည်။ ထို့နောက် သူ၏ ၈ နှစ်တာ အတွေ့အကြုံများမှ သိလိုရာတို့ကို တစ်မျိုးပြီးတစ်မျိုး မေးမြန်းကြတော့၏ ။ ရွာသားများ မေးကြသည်မှာ အကြောင်းအရာ စုံလှပါဘိ။ စစ်ပွဲများ၊ သူရဲကြီးများ အကြောင်းလည်း ပါသည်၊ ယိုးဒယားသူမကလေးများ မချောလား လည်း ပါ၏ ။ မွန်မလေးတစ်ယောက်လောက် ဘောက်မဲ့ကြောင့် မယူခဲ့သတုန်း ဆိုတာမျိုးက မကြာခဏ။
သူက အချို့ အမေးများကို မကြားဟန် ပြု၍ အချို့ကိုမူ ရယ်နေလိုက်သည်။ စစ်ပွဲအတွေ့အကြုံနှင့် သူရဲကျော်များ၊ တိုက်ပွဲများကိုမူ သေသေချာချာ ပြောပြ၏ ။ လက်ရုံးရည် ထက်မြက်ကာ ရန်သူကို ထီမထင်တတ်သော စစ်သည်တော်တို့၏ ဖြစ်ရပ်များမှာ ရွာသူရွာသားများအတွက် အိပ်ရာဝင်ပုံပြင်များသဖွယ် နားထောင်၍ အားမရနိုင်အောင် ရှိနေကြလေသည်။
ဘကြီးငမိုး။ ။ ဒါနဲ့ တူမောင်တို့ စစ်ချီသွားရတဲ့ ရပ်ရွာများမှာ တို့ရွာလို ဧည့်ဝတ်ကျေကြရဲ့လား။ စည်ပင်ရဲ့လား။ ဖော်ရွေကြသလား။ သဘော သက္ကာရရော ပြည့်ဝကြရဲ့လား။
ငစံ။ ။ မြန်မာပြည်ထဲက ရွာတွေကတော့ အကုန် အတူတူလိုပါပဲ။ မရှိ ရှိတာ ချကျွေးမယ့်သူတွေ များပါတယ်။ တစ်နှစ်စာ စုထားတဲ့ ဆန်စပါးတွေ၊ ဆီအိုးတွေ စစ်အတွက် သိမ်းခံရတဲ့တိုင်အောင် ဧည့်သည်ကိုတော့ မငြိုမငြင် ကျွေးမွေးကြတုန်းပဲ။
ဦးထွန်းရင်။ ။ ဟေ.. ဟုတ်ကဲ့လား။ စိတ်ရင်းစေတနာ တယ်ကောင်းကြပါလားကွဲ့။
ကိုဗျော။ ။ ရွာသူလေးတွေကရော ဘယ်လို ဧည့်ခံကြသတုန်း ဟကောင်ရ။ ခွဲရမယ်ဆို တို့ မယ်မြိုင်တို့လို မျက်ရည်လေး တစမ်းစမ်း မနေဘူးလား။
ငစံ။ ။ ကိုကြီးဗျောကတော့ ပြောရော့မယ်။ ရွာသူရွာသားတွေက ကျွန်တော့်အနား သိပ်မကပ်ရဲကြဘူးဗျ။ ရွာတိုင်းလိုလိုမှာ နှုတ်ဆက်ပုံ တူတာ တစ်ခုတော့ ရှိတယ်။
ဖိုးကြင်။ ။ ဘယ်လိုများပါလိမ့်။
ငစံ။ ။ သူတို့က ရင်ထဲကသာ ခင်နေတာ ရဲမက်တွေအနားတော့ သိပ် မကပ်ရဲကြဘူး မဟုတ်လား။ ဒီတော့ သွားကြတော့မယ်လို့ ရွာကျောင်း ဆရာတော်ကို အဖူးဝင်ရင် သူတို့က ကျောင်းက စောင့်နေကြပြီး ငြိမ်ငြိမ်လေး ထိုင်ကြည့်နေကြတာပဲ။ ဒါ သူတို့ နှုတ်ဆက်ပုံပဲ။ စစ်ချီတော့မယ့် နေ့တွေမှာ ဘာမှ မပြောဘဲ ဧည့်သည်တွေအနား နေပေးကြတဲ့ နည်းနဲ့ နှုတ်ဆက်တတ်ကြတယ်။
ဘကောင်း။ ။ (ခေါင်းညိတ်လျက်) တို့ရွာဆိုလည်း ဒီလိုပဲ နေမှာပဲကွ။
မောင်နီတာ။ ။ ကိုရင်ငစံက ဗိုလ်ကြီး ဖြစ်ခဲ့သေးတယ်ဆို။ စစ်ထဲလိုက်သွားသူတွေ ပြန်လာတာ့ ကြားလိုက်ရသေးတယ်။ အခုကျ ဘာလို့ ဗ်ိုလ် မလုပ်တော့တာလဲ။
သူ ပြုံးနေလိုက်သည်။
မဲလုံး။ ။ ဟုတ်သားပဲကွ။ ငါလည်း မေးမယ် မေးမယ်နဲ့ မင်း မကြိုက်ဘူး ထင်လို့ မမေးတာ၊ ခု ကလေးက မေးမှပဲ သိရတော့မယ်။ ဘာလို့ နေပြည်တော်ကို မပြန်တာလဲ။ ပြန်ရင် ဗိုလ်မှူးလောက် ပြန်ဖြစ်မှာ မဟုတ်လား။
ငစံ။ ။ စစ်ပွဲမှာ ဗိုလ်ချုပ် ဖြစ်ဖြစ်၊ စစ်ဘုရင်ပဲ ဖြစ်ဖြစ် အဲဒါ ဘဝမှ မဟုတ်ဘဲ။
သူ့စကားကို နားမရှင်းကြဟန် ရှိသဖြင့်
"ငါနေချင်တဲ့ ဘဝကို ငါ ပြန်လာတာပေါ့ကွာ။ ဒါပါပဲ"
×××××××××××××××××××××××××××××××
ငယ်ပေါင်းကြီးဖော်ဖြစ်သော မဲလုံးမှာ ရွာသို့ သူပြန်ရောက်နေပြီ ဟူသည့် သတင်း ကြားကြားချင်း ထန်းပင်ပေါ်မှ လျှောဆင်း ခုန်ချကာ ဘုန်းကြီးကျောင်းသို့ မနားတမ်း ပြေးလာခဲ့သူ ဖြစ်သည်။ ကျောင်းပေါ်ပြေးတက်၍ မတွေ့သောအခါ သူအိပ်နေရာ ကျောင်းနောက် ဇရပ်သို့ မေးမြန်း၍ ရောက်လာပြီး ခရီးပန်း၍ အိပ်ပျော်နေသော သူ့အား နှိုး၏ ။ အခြားသူများ တားချိန် မရလိုက်။ မဲလုံးသည် စိတ်ထင်ရာ လုပ်မြဲ၊ ပြောမြဲ ဖြစ်သည်။
"ဟေ့ကောင်.. ငစံ၊ ဟေ့ကောင် ထပါဦးကွ။ မင်း ငါ့မှတ်မိလား၊ ကြည့်စမ်း အသားတွေ ညိုပြီး သန်မာလာလိုက်တာ"
သူက ရီဝေဝေဖြင့် ပိန်လှီမည်းနက်လှသော သူငယ်ချင်းဖြစ်သူကို ကြည့်သည်။
"မဲလုံးရာ၊ မင်း လုပ်လိုက်ရင် အလန့်တကြားနဲ့"
"အမယ်.. မှတ်မိသားပဲ။ ဘယ်ဆိုးလို့လဲ"
"မှတ်မိပါတယ်၊ မင်း ဘာလုပ်နေသလဲ"
"ငါ ထန်းတက်နေတယ်ကွ။ အနောက်ပိုင်းက ဦးလေးငပိန့် ထန်းတောလေကွာ။ ညနေကျ လာခဲ့၊ မင်းကိုငါ အလကားတိုက်မယ်"
"ငါ မသောက်ဘူးကွ မဲလုံးရ၊ အရက်သေစာ ဘိန်းဘင်းကစော် မူးယစ်စေတတ်တဲ့ အရာများ မသောက်မစားရ ဆိုတဲ့ အမိန့် ထုတ်ပြန်ထားတာ မင်း မသိဘူးလား"
"သိသားပဲ၊ အဲဒါ ကြာလှပြီပဲဟ။ ခု မင်းပြောင်းမင်းလဲ ဖြစ်သွားတော့ လူတိုင်း ပြန်သောက်နေကြပြီ"
"သြော်"
"မသောက်လည်း လာခဲ့ကွာ၊ ငါက မင်းကို သေပြီတောင် ထင်တာ"
သူ ရယ်လိုက်သော်လည်း သူ့အား လာကြည့်ကြသည့် လူများထဲမှ မိန်းမကြီးတစ်ဦးက
"ဟဲ့.. ငမဲကောင်၊ ဘယ်လို ပြောလိုက်တာလဲ"
မဲလုံးကတော့ ဂရုမစိုက်ပါ။ သူပြောချင်ရာကိုသာ ဆက်ပြော၏ ။
"မင်းနဲ့အတူ ရွာက ထွက်သွားတဲ့ ကျောင်းသားတွေတော့ သေကြပြီတဲ့ကွ။ တချို့လည်း မသေဘဲ အောက်ပြည်မှာ အခြေချနေသလိုလို ပြောကြတယ်။ ဟိုကောင်တွေ.. ငရွှန်း၊ ငလင်း၊ ငအောင်ကျော်တို့၊ ငတောတို့ မှတ်မိတယ် မဟုတ်လား"
"မှတ်မိတာပေါ့"
"အေး.. ဒီကောင်တွေ အကုန် သေကုန်ပြီကွ"
သူပြောနေပုံမှာ ဝမ်းသာအားရ ရှိလှသဖြင့် ငစံကပင် အခြားသူများကို အားနာလာရသည်။ စစ်ပွဲ၌ လင်နှင့်သား ဆုံးရှုံးသွားသော ဒေါ်လုံး ဆိုသည့် မိန်းမကြီးတစ်ဦးက သွားတိုင်သဖြင့် ဆရာတော်က ခေါ်ယူ ကြိမ်းမောင်းရ၏ ။ ထိုနေ့မှ စ၍ မဲလုံးသည် ညနေ အလုပ်ပြီးလျင် ငစံရှိရာသို့ ရောက်လာပြီး အိပ်ချိန်မှသာ ပြန်တော့သည်။
ငစံတို့၏ ဆရာတော်ကြီးမှာမူ မရှိတော့။ လွန်ခဲ့သော နှစ်နှစ်က ပျံလွန်တော်မူခဲ့လေပြီ။ သူတို့ရှိစဉ်က ဦးပဉ္စင်းကြီးတစ်ပါး ဖြစ်သော ဦးခင်သည် မလည် မြောက်ကျောင်း၏ ကျောင်းထိုင်ဖြစ်လာ၏ ။ သို့သော် သူတို့ မြောက်ကျောင်းမှာ ငစံ မျှော်လင့်ထားသလို တိုင်တစ်ရာကျောင်းကြီး မဟုတ်တော့ဘဲ သာမန် ကျောင်းငယ်ကလေး ဖြစ်နေသည်ကို တွေ့ရ၏ ။
ခင်ကြီးခင်ကတော့ ရှင်းပြပါသည်။ ကျောင်းဆောက်ရန် သူ ပို့လိုက်သည်တို့ကို ဆရာတော်ဘုရားက ကျောင်းငယ်သာ ဆောက်၍ ပိုသမျှအား ဇရပ်၊ တန်ဆောင်း၊ စေတီ၊ ရေကန်များ ဖြစ်စေခဲ့သည် ဟူ၏ ။ သူကလည်း ပို၍ အကျိုးများသည့်အတွက် ကျေနပ် လက်ခံပါသည်။ သို့သော် သူ့ကြောင့် မီးလောင်ခဲ့သည့် မင်းကျောင်းကြီး နေရာတွင် သာမန်ကျောင်းကလေးကိုသာ မြင်တွေ့ရသည်မှာ စိတ်မကောင်းစရာ။
အခြား သူငယ်ချင်းတစ်ဦးဖြစ်သူ ဖေသရာမှာ ယခုအခါ ရွာမုဆိုးကျော် ဖေသရာ ဖြစ်နေပြီ။ ညိုမောင်းထွားကျိုင်း၍ ရှက်တတ်လှသော ဖေသရာသည် မုဆိုး ဖြစ်နေရသည်ကို အပြစ်မကင်းသကဲ့သို့ ငစံအား ရှောင်ဖယ်ဖယ် လုပ်နေ၏ ။ သူ့ထံသွားလျင်လည်း ရှက်ရွံ့နေဟန် ပေါ်သည်။ ထန်းသမား မဲလုံးကတော့ နည်းနည်းမှ မရှက်ချေ။ ဖေသရာကဲ့သို့ ထိုးကွင်းမင်ကြောင်များ မရှိသည်ကိုပင် ရယ်ကျဲကျဲနှင့်
"ဟ.. ငါ့အသားကို မင်ကြောင်ထိုးတော့ ဘာမြင်ရမှာလဲဟ။ ဖေသရာသာ နံငယ်ပိုင်းကို ဖင်ပြောင်အောင် ကျိုက်ထားရတဲ့ ကောင်ဆိုတော့ ခါးအထိ မင်သေ့ထိုးတာပေါ့။ သူက အသားညိုတော့ ဆေးနီ ဆေးစိမ်းတွေလည်း ပေါ်တယ်လေ"
ဟု ဆိုသည်။ ဖေသရာက ပြန်ပက်၏ ။
"မင်း ထန်းတက်တော့ ခါးတောင်းမြှောင်အောင် မကျိုက်လို့လား"
"ငါ ထန်းတက်နေရင် ဘယ်သူမှ အောက်က လာပြီး မော့မကြည့်ဘူးဟ။ မင်းသာ အမဲရလာရင် ရွာစဉ်လှည့်ရောင်းရတော့ ပေါင်လှဖို့ လိုတာ"
"ငါက အလှထိုးထားတာ မဟုတ်ဘူး။ အစွမ်းထက်အောင် ထိုးထားတာ ငမဲလုံးရဲ့"
"ဘာလဲ၊ ယုန်တွေ ကြွက်တွေ ခွေးကိုက်ထားတာကို ပြေးကောက်ဖို့လားကွ။ ငစံကို ကြည့်စမ်း၊ ဘာထိုးကွင်းမှ မရှိဘူး။ ဒါပေမယ့် မင်းထက်စွမ်းတယ်"
ဖေသရာ ငြိမ်သွားသည်။ မဲလုံးနှင့် တုဖက် မပြောလိုတော့၍ ဖြစ်သလို ငစံကို အားနာခြင်းကြောင့်လည်း ဖြစ်မည်။ သူ ရလာသည့် အထဲမှ ယုန်တစ်ကောင်ကို ထုတ်၍
"ရော့.. ငစံ၊ ညကျ အဖန်ရည်နဲ့ မြည်းဖို့"
"ဟာ.. ငါက ကျောင်းမှာ နေတာ၊ ဘယ်လိုလုပ် ကြော်ချက်စားလို့ ရမှာလဲ"
မဲလုံးက ဝင်၍
"ပေး.. ပေး၊ သူမယူရင် ငါ ထန်းရည်နဲ့ တဲလိုက်မယ်"
ဖေသရာက ယုန်ကို ဆတ်ခနဲ ရုတ်၍
"မင်းလိုကောင်တော့ မပေးသေးဘူး၊ ငါ့တုန်းက ထန်းရည်လေး ငါးမြူလောက် အသားရောင်းပြီးရင် ပေးပါ့မယ် ဆိုတော့ ဘာပြောခဲ့လဲ။ အဲဒီငါးမြူရအောင် တပင်တပန်းနဲ့ လက်ငင်းတက်ထားရတာ ဆို၊ ထန်းနို့လှီးချိန်က စတွက်ရင် တစ်ရာသီလောက် ရင်းနှီးမြှပ်နှံထားရတာ ဆိုလား"
"အေးလေ၊ မင်းယုန်ရော ငါက ထန်းတက်ပြီး ပြန်ပေးပါ့မယ် ပြောနေလို့လား။ အလကား ပေးနေလို့ အလကားမဖြစ်အောင် တောင်းတာကို။ ငါလည်း မင်းသူငယ်ချင်းပဲဟာ"
"မတူဘူးကွ၊ ငစံက သူဖမ်းမိတဲ့ စွန်ကို ငါ့ကို ပေးခဲ့တာ မှတ်မိလား။ အရိုက်ခံပြီးကို ပို့ပေးလိုက်တာ ငါ ဘယ်တော့မှ မမေ့ဘူး။ အဲဒီလိုပဲ အရိုက်ခံရမယ်ဆိုတော့ မင်း ရှေ့က ပြေးတာကိုလည်း မှတ်ထားတယ်။ သြော်.. ဒါနဲ့ ငစံ၊ မင်း မြား ၃ ဆင့် ထောင်တာ ဘယ်လို လုပ်တာလဲ ငါ့ကို ပြန်ပြပါဦး"
"မသိတော့ဘူးကွ။ အဲဒီတုန်းက မင်းပဲ ငါ့ကို သင်ပေးတာ မဟုတ်လား"
"ဒါပေမယ့် မင်းလို ၃ ဆင့်ရအောင် ဘယ်လို ထောင်ရမယ်မှန်း ခုထိ မသိသေးဘူး။ အုပ်နဲ့ နေတဲ့ ကောင်တွေဆို ပတ်လည်ထောင်ချောက်တွေ အများကြီး လုပ်ပြီး ပတ်ထောင်နေရတယ်။ မင်းသာရှိရင် ထောင်ချောက်တစ်ခုတည်းနဲ့ ပြီးအောင် လုပ်မှာပဲ လို့ ငါအမြဲ တွေးမိတယ်ကွ"
"မင်းအဖေက သင်မပေးခဲ့ဘူးလား"
"သူကတောင် အဲဒီစွန်ကို ဘယ်လိုထောင်လာတာလဲ မေးလို့ ငါက မသိဘူး ဆိုတော့ တော်တော်ညံ့တဲ့ကောင်ပဲ၊ မှတ်ထားတာမဟုတ်ဘူးလို့ ပြောသေးတယ်"
"ငါလည်း မမှတ်မိတော့ဘူး၊ မင်း မြား ၃ ချောင်းနဲ့ ကြိုးတွေ ယူလာလို့ တစ်ဆက်တည်း ပြုတ်အောင် လုပ်ခဲ့တာပဲ သိတော့တယ်။ အခု ဘုန်းကြီးကျောင်းမှာ ကပ်နေပြီး အကုသိုလ်အလုပ်တွေ မလုပ်ချင်တော့ဘူး ငဖေသရာ"
ထိုစဉ် ဖေသရာ၏ မယား မိပြား ထမီရင်လျားနှင့် ထွက်လာပြီး
"ကိုရင်ငစံတို့ ထမင်းစားသွားမလား၊ သူရလာတာတွေ ချက်လိုက်မယ်လေ"
"မစားတော့ဘူး အမိ၊ ညနေ ဦးကျော့မောင်တို့က ထမင်းစားဖိတ်ထားလို့"
"ချက်လိုက်လေ၊ ပြီးရင် ဖေသရာကို ငါ့ထန်းတောထဲ လာပို့ခိုင်းလိုက်။ နင့်ယောက်ျားကို တစ်အိုးလောက် တိုက်လွှတ်လိုက်မယ်"
"ငါ့ကို ဖေဖေလို့ ခေါ်လိုက်လေ၊ လာပို့မယ်"
"ဟာ.. မင်းတို့ တော်ကြပါတော့"
အမြဲတမ်း ငစံက ဝင်ထိန်းမှ ရပ်ကြသည်။ အမှန်မှာ မဲလုံးနှင့် ဖေသရာသည် အရပ်ထဲမှ အပေါင်းအသင်းများ ဖြစ်ပြီး ငစံတို့ ဘုန်းကြီးကျောင်းသားများထက် ပိုရင်းနှီး၏ ။ မယားကိုယ်စီ ရပြီးသော အခါမှ အစေးမကပ်လှတော့ဘဲ တွေ့သည်နှင့် ထေ့ငေါ့ ပြောတတ်လာခြင်း ဖြစ်၏ ။ အဘယ့်ကြောင့် ထိုသို့ မတည့်ကြသနည်းဟု အပြန်တွင် ငစံက မေးရာ မဲလုံးက
"အလကားပါကွာ၊ ဘာမှ မဟုတ်ပါဘူး။ တစ်ခါ ဒီကောင် ထန်းရည် လာသောက်ပြီး သူ့မယားက ပိုကျန်းမာတယ်၊ ငါ့ မိတုတ်မထက် ကလေးပိုမွေးနိုင်တယ် ငြင်းကြရင်း အပြိုင်အဆိုင် ဖြစ်လာတာ"
"ဟေ.. မင်းတို့ဟာကလည်း၊ ခုရော ဘယ်နှယောက်စီ ရှိကြပြီလဲကွ။ မင်းကတော့ ၄ ယောက်လားပဲ မြင်တယ်။ ဖေသရာ့ဆီမှာလည်း ကိုယ်တုံးလုံးလေးတွေနဲ့ မျောက်လောင်းတွေ မနည်းဘူး"
"ဒီကောင် ငါ့ထက် တစ်ယောက်ပဲ ပိုသေးတာပါ။ ငါက မင်းထွက်သွားပြီးကတည်းက မကြာဘူး၊ အိမ်ထောင်ကျတာ ဆိုတော့ အင်း.. ဘယ်လောက်ရှိသွားပါလိမ့်"
"ငါထွက်သွားတာ ၉ နှစ် ရှိပြီ၊ မင်းတို့က ၇ နှစ် ၈ နှစ် ရှိပြီလား"
"မကဘူး ထင်တယ်ကွ၊ ငါ မိတုတ်နဲ့ ရတော့ ဆယ့်ခြောက်၊ ခု ၂၀ ကျော် ၃၀ လောက် ဆိုတော့.."
ငစံက အရွယ်ထက် ပိုမိုရင့်ရော်နေသော သူငယ်ချင်းဖြစ်သူကို မသက်မသာ ကြည့်လျက်
"မင်း အဲဒီလောက် မရှိသေးပါဘူး။ ငါ့ထက် ၁ နှစ် ၂ နှစ်လောက် ကြီးတာ၊ ရှိလှ ၂၅ ပေါ့"
"အဲတော့ ငါ့အိမ်ထောင်သက် ဘယ်လောက် ဖြစ်သွားတုန်းကွ ငစံ"
မဲလုံးသည် စာမတတ်၊ ငစံကပင်
"လွန်ရော ကျွံရော ၉ နှစ်ကွာ"
"ဒါ့ကြောင့် ဟိုကောင်က ငါ့က်ို နှိမ်နေတာကိုး။ ၉ နှစ်မှာ လေးယောက် ဆိုတော့ နည်းနေတာ အမှန်ပဲ။ မိတုတ်မ အသုံးမကျတာပါကွာ။ ဒင်း ဘာအလုပ်မှ မရှိဘဲနဲ့"
"ဖေသရာရော မိပြားနဲ့ ရတာ ဘယ်လောက်ကြာပြီလဲ"
"သိပ် မကြာသေးဘူး ထင်တယ်ကွ၊ သူတို့ မညားခင်က ဒီကောင့်အိမ်က ခွေးမ ခွေးလေး ၆ ကောင် ပေါက်တော့တောင် ငါက ၃ ယောက် ဖြစ်နေပြီ"
"မင်းက သူ့ခွေးမ ခွေးခြောက်ကောင် ပေါက်တာကျ မှတ်မိတယ်ပေါ့"
"သူ့ကို အဲဒါနဲ့ စ နေရတာလေ၊ သူ့အိမ်နားမှာ ခွေးထီးမရှိဘဲ ခွေးလေး ၆ ကောင် ဘယ်လို ပေါက်လာသလဲ လို့။ စပါများတော့ ဒီကောင် စိတ်ဆိုးပြီး မိပြားကို ခိုးပြေးသွားရော"
"မင်းတို့ နှစ်ကောင်ကတော့ ဖြစ်ရမယ်"
"ငါ စတာ မလွန်ဘူးကွ။ ခုလည်း သူ့မယားက ကလေး ၅ ကောင် ပေါက်နေပြီလေ။ မလွန်ဘူးလား ဒီကောင်"
"ဟာ.. မဲလုံး၊ မင်းပြောပုံအရဆို.."
"ဒါပေါ့၊ ငါမလွန်ဘူးကွ။ ဖေသရာ လွန်တာ"
သူတို့ အော်ရယ်လိုက်ကြလေ၏ ။

(ဆက်ရန်...)  သူရဲကောင်း (၃)

Written by သင်္ခရာဇာ

End date: December 2, 2020


သူရဲကောင်း (၂)

 စစ်ကိုင်းမြို့စွန်ရပ်ရှိ ကျယ်ဝန်းလှသော ခြံကြီးတစ်ခုအတွင်း၌ လူများ မြင်းများစွာ ပြန့်ကျဲ ရှုပ်ထွေးနေကြသည်။ တန်းစီနေသော မြင်းဇောင်းများ၊ ထိုအထဲမှ မြင်းကောင်းများ၊ မြင်းများကို ပြုစုနေကြသူ မြင်းထိန်းများ၊ အလုပ်သမားများစွာတို့သည် အိမ်ကြီးနှင့် မြင်းဇောင်းအကြား ရပ်နေသော လူကြီးက ညွှန်ကြားနေသည့်အတိုင်း သွားလာလှုပ်ရှားလျက် ရှိနေကြ၏ ။

ဦးစွန်းဖုတ်ဆံပင်နှင့် အဝတ်မပါ ကိုယ်ဗလာ ကလေးငယ် ၃ ယောက်က မြေသြဇာပြုရန် ပုံထားသည့် မြင်းချေးပုံအနီး၌ မည်းတူးညစ်ပတ်စွာ ဆော့ကစားနေကြသလို အင်္ကျီအစုတ်အပြဲများသာ ဝတ်ထားသော ကြက်တောင်စည်းနှင့် ဆံရစ်ဝိုင်းကလေး တချို့သည်လည်း ကလေးတို့ဘာဝ ပြေးလွှားနေကြလေသည်။ ထိုးကွင်းမင်ကြောင်နှင့် မည်းနက်သော အသားအရေ၊ ကျစ်လျစ်သန်မာပုံရသော လူပိန်ပိန်ကပ်ကပ်များ မြင်းချေးတောင်းထမ်းလာပြီး ပုံလိုက်လျင် သူတို့အတွက် ကစားစရာ ရလေပြီ။
ထိုခြံဝသို့ မြင်းတစ်စီးနှင့် လူတစ်ယောက် ရပ်လာသည်ကို မြင်လျင် ခြံကြီးတစ်ခုလုံးသည် တဒင်္ဂမျှ ရပ်တန့်သွားကြ၏ ။ အုပ်လုံးသိမ်းစ ဆံတောက်မလေး နှစ်ဦးက သိမ်းဆည်းရှင်းလင်းနေသည့် အမှိုက်များကို မေ့ပြီး ခြံဝသို့ ငေးကြည့်နေကြသလို သူတို့အား ကြီးကြပ်နေသည့် ဗျာပါဆံချ မိန်းမပျိုပင် လုပ်လက်စအလုပ်ကို ရပ်လျက် ဝင်လာသူကို ကြည့်နေမိ၏ ။
သူတို့သည် နေ့စဥ်လိုလို မြင်းချောကြီးများ စီးနင်းလာကြသည့် ဧည့်သည်စောင်သည် ကုန်သည်အရပ်သား ဗိုလ်မင်းကြီးများစွာကို မြင်ဖူးကြသော်လည်း ယခုကဲ့သို့ ကြာကြာ ရပ်ကြည့်မိခြင်းကား မရှိခဲ့။ မြင်းဖြူကြီး လှလိုက်တာ၊ မြင်းညိုကြီး ချောလိုက်တာ ဟုသာ မှတ်ချက်ပြု၍ လျစ်လျူရှုလိုက်ကြမြဲ။ ယခု ဝင်လာသူကမူ သူတို့ ချက်ချင်း မျက်နှာမလွှဲနိုင်အောင် ဆွဲဆောင်ထား၏ ။
သူဆွဲလာသည့် မြင်းကြီးမှာ ခရီးပန်း နွမ်းလျဟန် ပေါက်နေသော်လည်း နှစ်များစွာ ကြာမှ တစ်ခါတစ်ရံသာ မြင်တွေ့ရတတ်သော မြင်းမျိုး ဖြစ်သည်။ ဖုန်အလိမ်းလိမ်းကြားမှပင် ကြက်သွေးရောင် ပြောင်နေသေးသည်။ ထွားကျိုင်းသည့် ပြိုင်မြင်းကြီးမျိုးလည်း မဟုတ်၊ သေးသွယ်သည့် သာမန်မြင်းမျိုးလည်း မဟုတ်ဘဲ အလုံးအရပ် ကျော့မော့ခန့်ညားလိုက်သည်မှာ သူ၏ သခင်နှင့် တွဲမြင်လိုက်သောအခါ လိုက်ဖက်လှပါပေသည်ဟု အလိုလို မှတ်ချက်ချမိကြရ၏ ။
ထူးခြားသည့် သွင်ပြင်ရှိသော လုလင်ကလည်း နီမြန်းသော အသားအရောင်၊ ကျစ်လျစ်သန်မာပုံ ရသည့် ကိုယ်ဟန်နှင့် နုနယ်ပျိုမြစ်သေးသော မျက်နှာတွင် စူးရဲသော မျက်လုံးတို့ ပေါင်းစပ်ထား၏ ။ သူက ခြံကြီးကို ဝေ့ကြည့်လိုက်ပြီး ပိုင်ရှင်ဖြစ်ဟန်တူသည့် ဦးထိပ်တွင် ဆံထုံး ထုံးထားသော နှုတ်ခမ်းမွေးကားကား လူကြီးထံ လျှောက်လာသည်။ သူ လှမ်းဝင်လာပုံမှာ မြင်းမွေးမြူရေး ခြံကြီးအတွင်းသို့ လာနေကျ ဧည့်သည်များလို မဟုတ်ဘဲ ရန်သူ့တပ်မကြီးအတွင်း ဝင်လာသည့် စစ်သူကြီးတစ်ဦး၏ ဟန်ပန်မျိုး ပေါက်နေသည်။
"ဦးကြီးက ဦးရာကျော်ပါလား ခင်ဗျာ"
အပြောအဆို ယဥ်ကျေးသိမ်မွေ့သော်လည်း တည်ကြည်ပြတ်သားဟန် ရှိသည့် လုလင်အား လူကြီးက အကဲခတ်လျက်မှ
"ဟုတ်ပါတယ် ငါ့တူ၊ အကြောင်းကိစ္စရှိပါသလား"
"မြင်းများကို ပြုစုပျိုးထောင်ရာမှာ သည်ခြံက နာမည်အကျော်ဆုံးမို့ လာခဲ့တာပါ ဦးကြီး"
"ကောင်းပြီမောင်၊ အိမ်ပေါ်ကြွပါဦး"
လူကြီးက ဦးဆောင် ခေါ်သွားလျင် လူငယ်သည် နောက်မှ လိုက်တက်လာ၏ ။ နောက်လှည့်ကြည့်စဥ် သူ၏ မြင်းကို မချည်ခဲ့ဘဲ နေရာတွင်သာ ထားခဲ့သည်ကို ဦးရာကျော် သတိပြုမိသည်။ မြင်းကောင်းလက္ခဏာအပြင် ကျင့်သားပြည့်နေသော မြင်းလိမ္မာဖြစ်ရမည်ဟု ကောက်ချက်ချလိုက်၏ ။
အိမ်သူအိမ်သားများမှ ​ရေနွေးကြမ်း၊ ကွမ်းအစ်နှင့် လက်ဖက်အုပ်များ ဧည့်ဝတ်ပြုပြီးသောအခါ လူရွယ်က
"ကျွန်တော့်မြင်းကို ကျွန်တော် လိုချင်တဲ့ပုံစံအတိုင်း သည်မှာ ကျင့်ပေးနိုင်ပါသလား သိပါရစေ"
ဦးရာကျော်က မျက်ခုံးပင့်၍
"ရပါတယ် မောင်ရင်၊ ဘယ်လိုများ ဖြစ်စေချင်လို့လဲ"
"ကျွန်တော် လိုချင်တာကတော့ အခြားမြင်းတွေ ကျင့်ရတာနဲ့ တူမှာ မဟုတ်ပါဘူး။ မြင်းကို လိမ္မာအောင် သင်ဖို့ထက် ရှူးတိုက်လျင် ကိုက်တတ်အောင်၊ အချက်ပေးလျင် ကန်တတ် ပေါက်တတ်အောင်၊ တစ်ကိုယ်လုံးကို အသုံးပြုပြီး မရပ်မနား တိုက်ခိုက်တတ်အောင် သင်ပေးစေချင်တာပါ"
ဦးရာကျော် ရေနွေးခွက်ကို ဆက်မမှုတ်နိုင်တော့ဘဲ ချထားလိုက်ပြီး
"မောင့်ဟာက အဆန်းပါလား၊ ဒီလောက်ကောင်းတဲ့ မြင်းကို ရိုင်းစေချင်တာလား"
"မြင်းက မရိုင်းဘဲ အမိန့်ပေးရင် မြင်းရိုင်းတစ်ကောင်လို ဖြစ်သွားစေချင်တာခင်ဗျ"
"အင်း.. ဒါမျိုးတော့ တစ်ကြိမ်မှ မသင်ဖူးဘူး။ သို့သော် အခက်ကြီးတော့လည်း မဟုတ်ပါဘူး။ သင်မယ်ဆို ရနိုင်ပါတယ်။ ဒါနဲ့ မောင် အဘယ်အရပ်က လာခဲ့သလဲကွဲ့"
"ရှမ်းပြည်ဘက်က လာပါတယ်"
ဦးရာကျော်က ခေါင်းတဆတ်ဆတ် ညိတ်၍
"စစ်ကိုင်းကို လာတော့ မြစ်ကူးခဲ့ရမှာပေါ့"
"ဟုတ်ကဲ့၊ လှေကြီးနဲ့ ကူးခဲ့ပါတယ်"
"မြင်းကို လှေတင်ရတာ အဆင်ပြေရဲ့လား"
လုလင် သဘောပေါက်သွား၏ ။
"ကျွန်တာ့်မြင်းက မကြောက်တတ်ပါဘူး။ လှေပေါ်ကို ဆွဲလာတဲ့အတိုင်း အသာတကြည် တက်ပါတယ်။ ခက်ခက်ခဲခဲ တင်ရတာမျိုး မရှိပါဘူး"
လူကြီးသည် လူငယ်ကို သဘောကျစွာ ကြည့်လျက် ပြုံးလိုက်ပြီး
"အဲဒါဆိုရင်တော့ မောင်ရင် လိုချင်တဲ့အတိုင်း ရဖို့ အခြားမြင်းတွေထက် ၂ ဆ ပိုကြာလိမ့်မယ်ကွဲ့"
"ခင်ဗျာ"
"အေးလေကွယ်၊ မောင်လိုချင်တာတွေကလည်း သာမန်မဟုတ်၊ မောင့်မြင်းကလည်း သာမညမဟုတ်၊ အကြောက်အလန့် မရှိတဲ့ မြင်းကို ကျင့်ရတာက ရိုက်လို့ ကြောက်မယ့် မြင်းထက် အများကြီး ပိုခဲကပ်တာကလား မောင်ရဲ့"
"သြော.. ဟုတ်ပါရဲ့"
လူငယ်က နားလည်သွားဟန်ဖြင့် စဥ်းစားနေ၏ ။
"ရှင်ဘုရင့် တပ်တော်သားလားကွဲ့"
"ခင်ဗျာ.. မဟုတ်ပါဘူး"
"​သြော်.. ​သြော်"
ဟု ဆို၍ ရေနွေးခွက်ကို မ လိုက်ပြီးမှ
"မောင့်ပုံပန်းဟန်ပန်က ဘယ်လိုကြည့်ကြည့် ဗိုလ်မင်းတပ်မင်း ဖြစ်မှာပဲလို့ ထင်စရာကွဲ့။ ရွှေနန်းရှင်ရဲ့ အောင်တပ်မတော်က မဟုတ်ရင်..."
ဦးရာကျော်က သူ့အနားသို့ ကိုယ်ကို ကိုင်းလျက် လေသံကို နှိမ့်လိုက်ကာ
"အင်းဝ သူပုန်များလား မောင်"
လူငယ် ဖျတ်ခနဲ မော့ကြည့်သည်။
"မင်းခေါင်နော်ရထာ တပ်သားလို့ ပြောတာလား"
"ဆိုပါတော့၊ အဲဒီလို ထင်စရာမို့ပါ။ စိတ်မရှိပါနဲ့"
လူငယ် သက်ပြင်းချသည်။
"မဟုတ်ပါဘူး။ ကျွန်တော် အခုမှ သည်အရပ်ကို ရောက်တာပါ။ သည်ရောက်မှ နောင်တော်ကြီးမင်းနဲ့ မင်းခေါင်နော်ရထာတို့ အရေးတွေကို ကြားသိရတာ"
"အင်း.. သူပုန်ဆိုရင်တောင် သည်အချိန်မှတော့ မဖမ်းတော့ပါဘူး။ အခြေနေတွေ အေးချမ်းသွားပါပြီ။ မင်းပြစ်ကြောက်လို့ မေးတာ မဟုတ်ပါဘူး။ မောင့်ကို ကြည့်ရတာ ထူးခြားနေလို့ပါ"
"ဟုတ်ကဲ့"
ဦးရာကျော် ကွမ်းအစ်ကို ဆွဲယူလျက် ကွမ်းယာနေစဥ် လုလင်က
"ကျွန်တော့်မြင်းကို ကျင့်ရမယ့် ကြာချိန်နဲ့ ကျသင့်မယ့် အဖိုးအခကို သိပါရစေ"
လူကြီးသည် အတန်ကြာအထိ စကားမပြန်ဘဲ ကွမ်းကိုသာ အာရုံစိုက် ထည့်နေ၏ ။ ယာပြီး၍ ပါးစောင်တွင် ငုံပြီးသောအခါ၌လည်း စကားမဆိုသေးဘဲ အိမ်အောက်ရှိ မြင်းနီကြီးကို ငေးကြည့်နေသေးသည်။ ပြီးမှ
"တစ်နှစ်ကျော်တော့ ကြာလိမ့်မယ်လို့ တွက်ဆရတယ်။ မောင့်မြင်းက ဘာလုပ်လုပ် အနည်းဆုံး ၂ ဆ ဖြစ်မှာပဲ"
အဖိုးအခလည်း အနည်းဆုံး ၂ ဆ ပေးရမည်ဟု ဆိုလိုရင်းဖြစ်ကြောင်း လူငယ်က သဘောပေါက်၏ ။ အထုပ်ထဲမှ တစ်စုံတစ်ခုကို နှိုက်ယူလိုက်ပြီး ဦးရာကျော်ကို ကမ်းပေးလာ၏ ။
"ဒါကို အဖိုးဖြတ်ကြည့်ပါ ဦးမင်း"
"အလို"
ဦးရာကျော်သည် ပျားရည်ကဲ့သို့ အရည်လဲ့နေသည့် ပတ္တမြားလက်စွပ်ကို လက်ထဲမှ လွှတ်ချလိုက်မိမတတ် ဖြစ်သွားသည်။
"ဒါ.. ဒါက၊ ရိုးရိုးလက်စွပ်မှ မဟုတ်ဘဲ"
"ဟုတ်ပါတယ်၊ နန်းတွင်းပစ္စည်းပါ"
"မောင်ရင် စစ်သည် ရဲမက် မဟုတ်ဘူးလည်း ဆိုတယ်၊ နန်းစဥ်သုံးလက်စွပ်လည်း ရထားတယ်။ ဓားပြတိုက်လာသလား မောင်"
လူရွယ် ပြုံးတော့မလို ဖြစ်သွား၏ ။
"ကျွန်တော့်ကို ဘဝရှင် အလောင်းမင်းတရားကြီး ကိုယ်တော်တိုင် ချီးမြှင့်တော်မူခဲ့တာပါ။ မင်းပြစ်မင်းဒဏ် ကင်းကြောင်း အာမခံပါတယ်"
လူကြီးသည် ထူးခြားသော မျက်လုံးများဖြင့် လူငယ်ကို ကြည့်နေရင်း ကုန်းရမလို ထရမလို ဖြစ်လာ၏ ။ လက်စွပ်ကိုလည်း ကိုင်ထားရမလို ကမ်းလိုက်တော့မလို ရှိနေသည်။ ထို့နောက် ပြန်ပေးလိုက်ပြီး တုန်လှုပ်စွာဖြင့်
"ဘုရင့်ပစ္စည်းကို ကျုပ် မကိုင်ဝံ့ဘူး မောင်၊ မောင်ရင် မည်သို့ ရသည်ဖြစ်စေ၊ မည်သူဖြစ်သည် ဖြစ်စေ ကျုပ်တော့ အေးအေးချမ်းချမ်းပဲ နေလိုလှပါတယ်"
"ဦးမင်း အထင်မှားနေတာပါ။ သည်လက်စွပ် ကျွန်တော့်ကို ပေးခဲ့တာ ကြာပါပြီ။ ကျွန်တော် ကိုယ်မှာ မထားလိုလို့ မြေမြှပ်သိမ်းဆည်းခဲ့တာ၊ ယခုမှ မြင်းအတွက် လိုလို့ ထုတ်ယူလာတာပါ။ အရှင့်လက်စွပ်တော်မို့ နှမြောပေမယ့် ကျွန်တော့်အတွက် သည်ပစ္စည်းတွေက အသုံးမဝင်ပါဘူး။ ဦးကြီးသာ လက်ခံမယ်ဆိုရင်.."
"နေ.. နေ၊ မောင်ရင်။ လက်မခံပါရစေနဲ့။ အဲဒီပတ္တမြားကို စျေးဖြတ်ယူနိုင်လောက်အောင်လည်း ကျုပ်တို့ဆီမှာ တတ်နိုင်တဲ့သူ မရှိဘူး။ ဒီလောက် ကြီးလေးတဲ့ ပစ္စည်း လက်ခံထားမိရင် ကျုပ် အသက်တိုလိမ့်မယ်။ လက်စွပ်လုပ်ထားတဲ့ လက်ရာကို မြင်တာနဲ့ မင်းသုံးဘဏ္ဍာမှန်း သိကြမှာပဲ"
"ကျွန်တော့်မှာ အခြား ပေးစရာလည်း ပါမလာဘူး။ အမှန်တိုင်း ပြောရရင် သုရှင် ချီးမြှင့်တဲ့ ပစ္စည်းတွေနဲ့ ဆုတော်လာဘ်တော်တွေကို ၃ နေရာခွဲပြီး မြှပ်ခဲ့တာ ဒဂုံနဲ့ မောပြည်ကို သွားယူဖို့က မလွယ်လို့ အင်းဝက ဒီပစ္စည်းပဲ ယူလာတာပါ"
"အောင်မယ်လေး.. မောင်မင်းကြီးသား၊ စောစောက ပြောပါတော့လား။ မရိုမသေ မခန့်မညား နေထိုင်ပြောဆိုမိတာကို ခွင့်လွှတ်တော်မူပါ။ ခမည်းတော်မင်းမြတ်ရဲ့ ဗိုလ်မင်းကြီးမှန်း မသိလို့ ကျွန်တော်မျိုး.."
"ဟာ.. မဟုတ်ပါဘူး ဦးကြီးရယ်၊ ကျွန်တော် မင်းမှုထမ်း မဟုတ်တော့ပါဘူး။ အခုမှ အယုဒ္ဓယက ပြန်လာတာပါ။ ကျွန်တော့်မြင်း သိပ်ပင်ပန်းနေပြီး တစ်လလောက် နားမှ ရမှာမို့ ကျွန်တော်လည်း ရွာကို ပြန်မလို့ မြင်းကို ဦးကြီးခြံမှာ အပ်ခဲ့ပြီး ကျင့်ထားဖို့ ကြံတာပါ"
"မြင်းကို လက်ခံဆို လက်ခံကျွေးမွေးထားပါ့မယ်မောင်၊ မောင်လိုတဲ့အတိုင်းလည်း ဖြစ်ရပါစေမယ်။ မောင့်ပစ္စည်းတွေတော့ မထားခဲ့ပါနဲ့"
"ဒါဆို ကျွန်တော်က အဖိုးအခကို ဘယ်လို ပေးရမလဲ"
"ပေးချင်လည်းပေး၊ မပေးလည်း နေပါကွယ်။ မင်းမှုထမ်းများ လာရင် သူတို့မြင်းတွေကို ရောပြီး ထိန်းသိမ်း ပျိုးထောင်ပေးနေရတာပါပဲ။ ဒါ ကျုပ်အလုပ်ပါပဲ။ အဲ.. မောင့်မြင်းတော့ ကောင်းမှန်းလည်း သိပါရဲ့။ စစ်မြင်းဖြစ်မှန်းလည်း အကဲခတ်မိပါရဲ့။ သို့ပေမယ့် မောင့်အရွယ်ကို ကြည့်ပြီး သာမန် ဗိုလ်လောက် ထင်ခဲ့မိတာ"
"ကျွန်တော်က သာမန်ဗိုလ်တောင် မဟုတ်တော့ပါဘူး။ ရိုးရိုးတပ်မှူးတစ်ယောက် အဖြစ်နဲ့ အခု မင်းမှုလည်း ပြန်မထမ်းတော့ဘူး။ မြင်းကို ကျင့်တာလည်း လိုရမည်ရ တွေးမိထားတာ ရှိလို့ ကျင့်ထားချင်တာ။ ဘာပဲဖြစ်ဖြစ် ဒီလက်စွပ်ကိုတော့ လက်ခံပေးပါ။ နောက်မှ အဖိုးအခကို လဲပေးပါ့မယ်"
"ရှင်ဘုရင်က ဝတ်တော်မူတဲ့ လက်စွပ် ချွတ်ပြီး ဆုချီးမြှင့်တာ သာမန်ဗိုလ် ဟုတ်ရိုးလားကွဲ့။ ဘုရင်တွေက သူ့အတော်ဆုံး ဝန်ကြီး အမတ်ကိုမှ ပေးတတ်တာ။ အဲလို ချွတ်ပေးခံရတဲ့ သူဆိုတာလည်း ရာဇဝင်မှာ လက်ချိုးရေလို့ ရတယ်။ မောင့်ကိုလည်း မြင်စဥ်ကတည်းက သာမန်လူတော့ မဟုတ်ဘူး ထင်မိသား။ အဖိုးအခလည်း မဆိုပါနဲ့တော့၊ မောင့် အမည်ကိုသာ ပြောပါတော့"
"အဖိုးအခ မပေးဘဲတော့ ဘယ်ဖြစ်မလဲ ဦးကြီး"
"ဒါဖြင့်ရင် မောင် ရခဲ့တဲ့ ဘွဲ့ကို လိုက်ပြီး အဖိုးစားနား သတ်မှတ်တာပ။ အလောင်းမင်းတရားကြီး လက်ထက်တော်က လူကို ကျုပ်က ပုံမှန်အတိုင်း မယူဝံ့ပါဘူး။ ချင့်ယူပါ့မယ်။ ဘာအမည်နဲ့ အမှုတော် ထမ်းခဲ့ပါသလဲ"
"အမည်ကို လိုက်ပြီး သတ်မှတ်ဖို့ မလိုပါဘူး။ ထုံးစံအတိုင်းသာ ယူပါ ဦးကြီး"
"မဟုတ်ဘူး၊ ဘယ်သူ ဘယ်ဝါရဲ့ မြင်းကို ကျုပ်တို့ လေ့ကျင့်ပေးလိုက်ရတယ် ဆိုတဲ့ ဂုဏ်လည်း ရှိသေးတာပ။ ကျုပ်အတွက် အဲဒါက ပိုအဖိုးတန်တယ်"
လူငယ်က တွေဝေ စဥ်းစားနေ၏ ။ ဦးရာကျော်၏ အာမေဋိတ်သံကြောင့် စိတ်ဝင်စားခဲ့ကြ၍ အိမ်အောက်မှ နားစွင့်နေကြသူအချို့နှင့် လှေကားထိပ်မှ ချောင်းနေသော ကောင်လေးတစ်ဦးကို သူတို့ သတိမထားမိ။ လူငယ်၏ နှုတ်မှ အသံထွက်လာသည်။
"လက်ျာဘီလူး ပါ.. ကျွန်တော့် ဘွဲ့အမည်"
"လက်ျာဘီလူး"
"လက်ျာဘီလူး တဲ့"
ဦးရာကျော်၏ သံယောင်လိုက်သံနှင့်အတူ လှေကားဆီမှ အသံနှင့် အိမ်အောက်မှ ရေရွတ်သံတို့က တပြိုင်တည်း ထွက်လာသဖြင့် လူငယ် ဆတ်ခနဲ ဖြစ်သွားပြီး လှည့်ကြည့်သည်။ သူ့အား မျက်လုံးပြူးလျက် ကြည့်နေသော သူငယ်ကလေးတစ်ဦး။ ထိုသူငယ်က ပြူးပြူးပြာပြာ မေးလာ၏ ။
"သူရဲကောင်း လက်ျာဘီလူး လား"
အိမ်အောက်မှ တီးတိုးအသံများလည်း ကြားနေရသည်။
"ဟဲ့.. အဲဒါ လက်ျာဘီလူး တဲ့တော့"
"သူရဲတော် လက်ျာဘီလူး တဲ့ကွ၊ ဟုတ်ပါ့မလား"
"ဟိတ်.. တကယ် လက်ျာဘီလူး လား"
"အဲဒီလက်ျာဘီလူး ဆိုတာ ဘယ်သူလဲ"
သူတို့ မည်ကဲ့သို့ ကြားထားကြသည် မသိ။ လက်စွပ်ကို ဦးရာကျော်လက်သို့ အတင်းအပ်လျက် ထားခဲ့သော လူရွယ် အိမ်ပေါ်မှ ဆင်းလာသောအခါ တစ်ခြံလုံးရှိ လူများသည် ရောက်ရာနေရာတွင် ရပ်လျက် သူ့အား ဝိုင်းကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။

(ဆက်ရန်...)သူရဲကောင်း (၃) 


Written by သင်္ခရာဇာ

End date: December 2, 2020

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...