ရှေ့တန်း စစ်မျက်နှာ ယာယီတဲနန်းတော်သို့ အလောင်းမင်းတရား ရောက်ရှိလာပြီး နောက်တစ်နေ့တွင် ဗိုလ်မှူး မင်းထင်နော်ရထာ အခစားဝင်စေဟု အမိန့်တော် ထုတ်လွှတ်သဖြင့် ရံတပ် စောင့်နေသော လက်ျာဘီလူး အဆောတလျင် ပြန်ခဲ့ရသည်။
"မောင်မင်း အလုပ်အကြံ မည်သို့ရှိသနည်း"
"အမှုတော်ကို ဦးလည်မသုန် ထမ်းရွက်နေပါသည်"
"အနှောင့်အယှက် တစ်စုံတစ်ရာ ရှိသလော"
"မရှိပါဘုရား၊ ဘုန်းတော်ကြောင့် ပြေလည်ပြီးရောက်သည်ချည်းသာ"
"စိတ်မူမမှန်၊ မသင့်တင့်သည်တို့ ကြံမိတာ ရှိရဲ့လား"
"ကျွန်တော်မျိုးတွင် မသင့်တင့်သည်ဟူ၍ ကိလေသာစိတ်သာ ရှိပါသည်ဘုရား"
တီးတိုး ရယ်သံများ ထွက်လာသည်။ ရှင်မိဖုရားခေါင်ကြီးသည်ပင် ပြုံးရုံ ပြုံးရာမှ လက်ဝါးကာ၍ ရယ်ခိုးတော်မူ၏ ။ အလောင်းမင်းတရားလည်း ပြုံးယောင်ပြုသည်။ သို့သော် ရာဇဣနြေ္ဒကို ထိန်း၍
"မောင်မင်း အမြင့်ကို လိုသော် ပြောဟဲ့"
လက်ျာဘီလူးက အံ့သြစွာ မော်ကြည့်လျက်
"အမြင့်မှာ ဝေးပါသည်။ အမြင့်မြို့စား မင်းသားနှင့်လည်း ချစ်ကြည်ရင်း ဖြစ်သည်။ အရှင် သနားတော်မူလိုသော် စစ်မျက်နှာ ဖြန့်ထားသော စစ်သည်ဗိုလ်ပါကို ပေးတော်မူပါ"
တီးတိုးသံများ ထွက်နေပြီ။ မင်းတရားက ငြိမ်သက်စေလိုက်ပြီး
"မင်း အတိုင်ခံရသည်ကို သိသလား"
"လာစဉ်က မသိ၊ ယခု သိပါပြီ"
"ဘာ့ကြောင့် အတိုင်ခံရသလဲရော သိသလား ငစံ"
"မှန်လှပါ၊ မင်းလိုလိုက် မင်းကြိုက်ဆောင်၍ မင်းမြှောင်ကပ်ပါး မနေခြင်းလည်း တစ်ကြောင်း၊ တိုင်သူထက် စွမ်းဆောင်နိုင်၍ မနာလို ဝန်တိုခံရခြင်းကြောင့်လည်း တစ်ကြောင်း၊..."
"တန်ဟဲ့ မောင်မင်း၊ တန်တော့"
အလောင်းမင်းတရားက ခစားနေသော ဝန်ကြီး မှူးမတ် စစ်သူကြီး မင်းညီမင်းသားများအား ကြည့်ကာ
"သင်းအကြောင်း ငါသိပြီးဖြစ်သည်။ ငါသိသကဲ့သို့ မင်းတို့လည်း သိစေလို၍ ခေါ်ယူ စစ်မေးခြင်း ဖြစ်၏ ။ သင်္ကာမကင်း ယုံမှားခြင်းကြောင့် မဟုတ်။ သည်လို ခေါ်မေး၍လည်း အရှင်သခင်အပေါ် သင်း စိတ်ကွက်ရကောင်းမှန်း မသိ။ မင်းတို့သာ ငစံငယ်လို ကျင့်စေလိုသည်။ ငါ့ကို ကြောက်ခြင်းထက် သည်လို ချစ်ခြင်းမျိုးကိုသာ ငါလိုသည် မောင်တို့"
မှူးမတ်များက ပျဝပ်စွာ ဦးညွှတ်လိုက်ကြသည်။ ငစံငယ် တစ်ဦးတည်းသာ သူ့အရှင်ကို မော်ကြည့်နေလေသည်။
Written by သင်္ခရာဇာ
End date: December 26, 2020